သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှု တစ်ခု

ဇေယျာဦး | Click here to read this article in English.

Cite as: 
ဇေယျာဦး၊ (၂၀၂၃)၊ ‌သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှု တစ်ခု၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4413

စာတမ်းအကျဥ်း

ဤဆောင်းပါးမှာ ထူးခြားသော စိတ်ဝင်စားဖွယ်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) ကာလတွင် ပထမဆုံးနှင့် နောက်ဆုံး စစ်ကောလိပ်ကျောင်းဟုဆိုရမည့် တပ်မတော်နည်းပညာကောလိပ် (Military Technological College) ၌ ဖြစ်ပျက်ခဲ့သော ကျောင်းသားလှုပ်ရှားမှု အကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ထားသည့် ဆောင်းပါးဖြစ်သည်။ စစ်ကောလိပ်ကျောင်းတစ်ကျောင်း၌ ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှု ဖြစ်သဖြင့် အများပြည်သူတို့အနေဖြင့် သတင်းသဲ့သဲ့သာကြားခဲ့ရပြီး ထိုခေတ် က အများပြည်သူ လက်လှမ်းမီနိုင်ခဲ့သည့် သတင်းမီဒီယာများတွင်လည်း မဖော်ပြနိုင်ခဲ့ပေ။ ဤဆောင်းပါးတွင် ယင်းကျောင်းသားလှုပ်ရှားမှု ဖြစ်စဥ်ကို အသေးစိတ်ဖော်ပြထားရာ ထိုစဥ်က အသက်ငယ်ရွယ်သော စစ်ကောလိပ် ကျောင်းသားတစ်‌ဦး၏ စိတ်အခြေအနေကိုပါ မြင်တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းကို စီမံကွပ်ကဲခဲ့သော စစ်အရာရှိများ၏ စီမံခန့်ခွဲမှု အလွဲအမှားများနှင့် အထက်အောက် တင်းကျပ်သော အမိန့်ဆိုသည်ထက် ထိုအရာရှိတို့၏ စိတ် အခြေအနေ အာဃာတများကိုပါ ထင်ဟပ်ပေါ်လွင်စေသည့် ဆောင်းပါး ဖြစ်သည်။

Video 1

နိဒါန်း

မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများတွင် ကျောင်းသားတို့၏ ပါဝင်မှုသည် အမြဲတမ်းနီးပါး တက်ကြွသော အခန်း ကဏ္ဍမှ ရှိနေခဲ့သည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ရာမှ ပေါ်ထွက် လာခဲ့သော ကျောင်းသားလှုပ်ရှားမှုသည် ပညာရေးနှင့် ပတ်သက်လျှင် တရား မျှတမှုမရှိပါက ဆန့်ကျင်တတ်ကြသည့် ကျောင်းသားထု၏ အစဥ်အလာ တစ်ရပ်အဖြစ် နောင်မျိုးဆက် ကျောင်းသားတို့၏ ခံယူချက်ကို များစွာ လွှမ်းမိုးခဲ့သည်။ ကျောင်းသားတို့သည် ပညာရေးနှင့်ဆက်နွယ်၍ ထိုကဲ့သို့ ဆန့်ကျင်မှုများ ပြုလုပ်ကြသည်ဆိုသော်လည်း ၎င်းတို့၏ လှုပ်ရှားမှုများသည် နောက်ဆုံးတွင် နိုင်ငံရေးနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေတတ် ကြသည်။ အထူးသဖြင့် အာဏာရှင်အစိုးရတို့က ပြဋ္ဌာန်းထားသော စနစ်များ သည် တရားမျှတမှုကင်းမဲ့သည့်အလျောက် ကတိကဝတ်ချိုးဖောက်သည်များ လည်း ပါဝင်တတ်ကြသည်ဖြစ်ရာ ထိုအခြေအနေမျိုးကို ကျောင်းသားထုက အမြဲတမ်း ဆန့်ကျင်ခဲ့ကြသည်ချည်း ဖြစ်သည်။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများကို အကြောင်း အရင်း ဇာစ်မြစ် ရှာကြည့်မည်ဆိုလျှင် အဓိကအကြောင်းအရင်းနှစ်ခုကို တွေ့ရလေ့ ရှိသည်။ ပထမတစ်ခုမှာ အာဏာရှင်အစိုးရတို့သည် ၎င်းတို့ အာဏာအတွက် အထောက်အကူဖြစ်စေမည့် စည်းမျဉ်းများ၊ ဥပဒေများကို ပညာရေးတွင် သွတ်သွင်းလာလေ့ရှိခြင်းနှင့် ဒုတိယအချက်မှာ ကျောင်းသားနှင့် အစိုးရကြား ထားရှိသော ကတိကဝတ်တို့ကို အစိုးရတို့ဘက်မှ တစ်ဖက်သတ် ချိုးဖောက် ခြင်းတို့ ဖြစ်သည်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးဦးဆောင်သူများက ပြုစု မှတ်တမ်းတင်ခဲ့ကြသည့် စာအုပ်စာတမ်းမျိုးစုံရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့ မှတ်တမ်းတင်ပြုစုခဲ့သော ကျောင်းသားလှုပ်ရှားမှုများသည် အရပ်ဘက် တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများကိုသာ အဓိကမှတ်တမ်းတင်ခဲ့ ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတွင် လူမသိသူမသိနှင့် သတင်းအမှောင်ချမှုအောက် တွင် ဖြိုခွင်းခံလိုက်ရပြီး နောက်ပိုင်းစာမျက်နှာများတွင်လည်း နေရာပေးခြင်း မခံခဲ့ရသော ထူးခြားသည့် ကျောင်းသားလှုပ်ရှားမှုတစ်ရပ် ရှိခဲ့ဖူးပါသည်။ ထို လှုပ်ရှားမှု၏ ထူးခြားချက်မှာ ပါဝင်ခဲ့ကြသော ကျောင်းသားများသည် ပြင်ပ အရပ်ဘက်တက္ကသိုလ်ကောလိပ်များမှ မဟုတ်ဘဲ တပ်မတော်က ဦးစီးဖွင့်လှစ် တည်ထောင်ထားသည့် ကောလိပ်တစ်ခုမှ ကျောင်းသားများ ဖြစ်ကြသည်။ ထိုထက်ပို၍ ထူးခြားသည်မှာ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ကျောင်းသား တို့ တောင်းဆိုခဲ့သော အချက် (၂) ချက်ထဲမှ တစ်ချက်ကို ထိုစဥ်က တပ်မတော် ခေါင်းဆောင်ပိုင်းများက လိုက်လျောပေးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ကောလိပ် သည် လှုပ်ရှားမှုပေါ်ပေါက်ပြီး နောက်ပိုင်းမှစ၍ တပ်မတော်တွင် အပြီးတိုင် ဖျက်သိမ်းလိုက်ရသည့် တစ်ခုတည်းသော ကျောင်းလည်း ဖြစ်သည်။ ထိုစဥ်က အဆိုပါကျောင်းသားများ လှုပ်ရှားမှုကို ဖြေရှင်းရန် လာရောက်ခဲ့သော တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း၏ စကားကို ပြန်လည် ကိုးကားရလျှင် “မင်းတို့ ကျောင်းသားတွေရဲ့လုပ်ရပ်ဟာ မြန်မာ့တပ်မတော့် သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လုပ်ရပ်ပဲ။ နောက်နောင်လည်း ဘယ်တော့မှ ရှိမလာစေရဘူး။ မင်းတို့စိတ်ဓာတ်တွေ ငါတို့တပ်မတော်ကို ဘယ်တော့မှ အကူးစက်မခံနိုင်ဘူး” ဟု အတည်အလင်း ပြောဆိုခြင်းခံခဲ့ရသော လှုပ်ရှားမှုမျိုးလည်း ဖြစ်သည်။ ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့် တပ်မတော်ခေါင်းဆောင်ပိုင်းကမှ လူသိရှင်ကြား တရားဝင်ထုတ်ဖော် ရှင်းလင်း ခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထို့အပြင် တစ်ကျောင်းလုံးမှ ကျောင်းသားအားလုံးကို ကျောင်းထုတ်ပစ်ခြင်း၊ ဦးဆောင်မှုကဏ္ဍမှ ပါဝင်ခဲ့သော ကျောင်းသားများကို ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းများ ပြုလုပ်ခဲ့ရုံသာမက ထိုကျောင်း၏ ဖြစ်စဥ်သမိုင်းအမှန်ကို ဖုံးကွယ်ကာ မဟုတ်မမှန်သောသတင်းများသာ ပျံ့နှံ့စေခဲ့သည်။

ဤဆောင်းပါးတွင် တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက် ၍ အပိုင်း (၄) ပိုင်းခွဲပြီး တင်ပြပါမည်။ ပထမပိုင်းသည် တပ်မတော်နည်းပညာ ကောလိပ် ဖြစ်ပွားပေါ်ပေါက်လာပုံ၊ ဒုတိယပိုင်းသည် ကျောင်းသားများ အုံကြွ လှုပ်ရှားမှုမဖြစ်မီ တပ်မတော်နည်းပညာ ကောလိပ်တွင် ရှိနေခဲ့သော နောက်ခံ အခြေအနေ၊ တတိယပိုင်းသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသား လှုပ်ရှားမှုဖြစ်ပွားပုံနှင့် နောက်ဆုံးပိုင်းသည် တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်နှင့် ပတ်သက်၍ သတင်းများပျံ့နှံ့ခဲ့ပုံနှင့် တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားတို့၏ အမှတ်အသားသရုပ် အကျပ်အတည်းတို့ ဖြစ်သည်။

တပ်မတော်နည်းပညာကောလိပ် ပေါ်ပေါက်လာပုံ

မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်မှုဖြင့် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှစ၍ စစ်အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိသွားခဲ့သည်မှာ ၂၀၁၀ အထွေအထွေ ရွေးကောက်ပွဲပြီးသည့်အချိန်ထိ နှစ်ပေါင်း (၄၈) နှစ် ကြာမြင့်ခဲ့သည်။ ထိုကာလ အတွင်း တပ်မတော်သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်ရေးအလွှာ တစ်ခုအဖြစ် အမြဲတမ်းရှိနေခဲ့သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းကို စစ်တပ်ပုံစံ ဖြင့် အုပ်ချုပ်ခဲ့သည်။ ထိုသို့ စစ်ပုံသွင်းသည့် ဖြစ်စဥ်သည် ဗိုလ်ချုပ်နေဝင်း လက်ထက်ကထက် ပို၍သိသာလာသည်မှာ ၁၉၉၀ အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် စစ်အစိုးရများလက်ထက်တွင်ဖြစ်သည်။ အရပ်ဘက် ဝန်ကြီးဌာန အများစုကို စစ်ဗိုလ်ချုပ်ကြီးများက တာဝန်ယူဦးဆောင်ကြသကဲ့ သို့ အရပ်ဘက်ဝန်ကြီးဌာနအများစုရှိ ဗျူရိုကရေစီယန္တရားများ၏ ထိပ်တန်း ရာထူးများတွင်လည်း စစ်ဘက်မှလာသော အရာရှိကြီးများကိုသာ ခန့်အပ်ခြင်း မှာ ထင်ရှားသော သာဓကဖြစ်သည်။ နိုင်ငံ၏ အထွေထွေအုပ်ချုပ်ရေးတွင် သာမက ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတို့တွင် လည်း တပ်မတော်က ချုပ်ကိုင်လာခဲ့သည်။ ထိုသို့ ချုပ်ကိုင်မှုကို ပိုမိုခိုင်မာ တောင့်တင်းစေရန်အတွက် တပ်မတော်ကိုလည်း အဘက်ဘက်မှ အင်အား ပြည့်စုံစေရန် တပ်မတော်ခေါင်းဆောင်များက စီမံဆောင်ရွက်လာခဲ့ကြသည်။ ယခုတင်ပြမည့် တပ်မတော်နည်းပညာကောလိပ်သည်လည်း အဆိုပါ အင်အား တိုးချဲ့မှုဖြစ်စဥ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ခဲ့သည်။

၁၉၉၀ တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့ သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) လက်ထက်တွင် တပ်မတော်သည် မျိုးဆက်သစ် စစ်သည်များ လေ့ကျင့် မွေးထုတ်ရန် စစ်တက္ကသိုလ်တစ်ခုတည်း ဖွင့်လှစ် သင်ကြားပေးရုံ မဟုတ် တော့ပဲ အခြားသော ဆရာဝန်၊ အင်ဂျင်နီယာ၊ သူနာပြု၊ ဆေးဘက်ပညာသည် များကိုပါ တပ်မတော်က သီးခြားမွေးထုတ်ရန် စတင်ဆောင်ရွက်လာခဲ့သည်။ ယခင်က တပ်မတော်တွင် အင်ဂျင်နီယာနှင့် ဆရာဝန်များကို အပြင်အရပ်ဘက် မှ ဆရာဝန်၊ အင်ဂျင်နီယာ ဘွဲ့ရပြီးလူငယ်များကို စုဆောင်းခေါ်ယူခဲ့ခြင်းများ ရှိခဲ့သော်လည်း ၁၉၈၈ အရေးအခင်းအတွင်း တပ်မတော်၏ ဆောင်ရွက်ခဲ့မှုများ ကြောင့် နောက်ပိုင်းတွင် အရပ်ဘက်မှ လူငယ်များကို ခေါ်ယူရန် အခက်အခဲရှိ လာသည်။ ထို့အပြင် ထိုအချိန်က အရပ်ဘက်တက္ကသိုလ် ကျောင်းသားများ အပေါ် စစ်အစိုးရဘက်က ယုံကြည်မှုမရှိသကဲ့သို့ တက္ကသိုလ်၊ ကောလိပ် အများစုမှာလည်း ပိတ်ထားခံခဲ့ရသည်။ တပ်မတော်ခေါင်းဆောင်များသည် အဆိုပါပညာရှင်များကို အရပ်ဘက်က ခေါ်ယူရာတွင် အခက်အခဲများစွာ တွေ့လာရသည်က တစ်ကြောင်း၊ မိမိကိုယ်ပိုင်အရင်းအမြစ် မွေးထုတ်ခြင်းဖြင့် စိတ်ချလက်ချရှိလိုခြင်းက တစ်ကြောင်း၊ ထိုအကြောင်းတို့ကြောင့် မိမိကိုယ်ပိုင် ပညာရှင်များ မွေးထုတ်မည့် တက္ကသိုလ်၊ ကောလိပ်များကို စတင်ဖွင့်လှစ်လာ သည်။

ဤသို့ဖြင့် တပ်မတော်နည်းပညာတက္ကသိုလ်ကို ၁၉၉၄ ခုနှစ် တွင် လည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်တွင် လည်းကောင်း စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း(အေဂျီတီအိုင်)ကို ဖွင့်လှစ်ပြီး1 ၂၀၀၀ ခုနှစ်တွင် တပ်မတော်နည်းပညာကောလိပ်နှင့် တပ်မတော်သူနာပြုတက္ကသိုလ်တို့ကို စတင်ဖွင့်လှစ်ခဲ့သည်။2 ၎င်းတို့ ဖွင့်လှစ်ခဲ့သော စစ်ကျောင်းကြီးများထဲမှ တပ်မတော်နည်းပညာကောလိပ်သည် စစ်အစိုးရ၏ ကတိကဝတ်ချိုးဖောက်မှု ကို ပထမဆုံး ဆန့်ကျင်ခဲ့သည့် တစ်ခုတည်းသော တပ်မတော်ကျောင်းကြီး တစ်ကျောင်း ဖြစ်ခဲ့သည်။

တပ်မတော်နည်းပညာကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့စဥ်က တပ်မတော် နည်းပညာကောလိပ် အမည်ဖြင့်မဟုတ်ဘဲ တပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်း (အေဂျီတီအိုင်) အမည်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်လျှစ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ကျောင်းကို ၁၉၉၈ ခုနှစ်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုစဥ်က နိုင်ငံပိုင် သတင်းစာတစ်ခုဖြစ်သော မြန်မာ့အလင်းသတင်းစာတွင် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းတက်လိုသော ကျောင်းသားများကို ဤသို့ခေါ်ယူခဲ့သည်။

ပုံ – ၁
၁၀.၈.၁၉၉၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ကောက်နှုတ်ချက်။ တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းသင်တန်းခေါ်စာ။

ယင်းခေါ်စာဖြင့် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်း အပတ်စဥ် (၁) ကို ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာ (၁၈) တွင် သင်တန်းသား (၄၀၇) ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။3 အဆိုပါခေါ်စာအရ သင်တန်းသားများသည် သင်တန်းကာလ (၂) နှစ်ပြီးဆုံးပါက အေဂျီတီအိုင် ဒီပလိုမာလက်မှတ် ရရှိမည် ဖြစ်ပြီး ထူးချွန်စွာ အောင်မြင်သူများသည် စက်မှုတက္ကသိုလ်တစ်ခုခုတွင် ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ ၎င်းသည် တစ်နည်းအားဖြင့် တပ်မတော်အစိုးရနှင့် ကျောင်းသားတို့ကြား ရရှိခဲ့သော သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး အဆိုပါသဘောတူညီချက် ပဋိဉာဉ်ကို အခြေခံ၍ အစိုးရဘက်မှ ဖွင့်လှစ်သင်ကြားသကဲ့သို့ ကျောင်းသားများဘက်မှလည်း ယုံကြည်စွာ တက်ရောက်ခဲ့ကြသည်။ သို့သော် သင်တန်းတက်ရောက်၍ (၁၆) လ အကြာတွင် အစိုးရဘက်မှ ကျောင်း၏ နာမည်နှင့် သတ်မှတ်ချက်များကို ပြောင်းလိုက်ကြတော့သည်။ ကျောင်းနာမည်ကို တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်းမှ တပ်မတော်နည်းပညာကောလိပ်အဖြစ်သို့ ပြောင်းလဲ လိုက်ပြီး သင်တန်းဆိုင်ရာ သတ်မှတ်ချက်များကိုလည်း အောက်ပါ သင်တန်း ခေါ်စာအတိုင်း ပြောင်းလဲလိုက်သည်။4

ပုံ – ၂
တပ်မတော်နည်းပညာကောလိပ်သင်တန်းခေါ်စာ။

အထက်ပါခေါ်စာနှစ်ခုတွင် ကွဲလွဲချက်အနည်းငယ် ရှိသည်။ ပထမခေါ်စာအရ သင်တန်းကာလ (၂) နှစ်ပြီးဆုံးလျှင် အေဂျီတီအိုင် ဒီပလိုမာလက်မှတ် ပေးမည်ဖြစ်ပြီး ထူးချွန်စွာ အောင်မြင်သူများကို စက်မှုတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နိုင်စေမည် ဖြစ်သည်။ ဒုတိယခေါ်စာတွင်မူ သင်တန်းကာလ (၂) နှစ်ပြီးဆုံးပါက အေဂျီတီအိုင် ဒီပလိုမာလက်မှတ်ပေးအပ်ကာ ထူးချွန်စွာ အောင်မြင်သူများအနေဖြင့် တတိယနှစ်နှင့် စတုတ္ထနှစ်ကို ယခုကျောင်းတွင်ပင် ဆက်လက် တက်ရောက်ရမည်ဖြစ်ပြီး စတုတ္ထနှစ်ပြီးဆုံးပါက နည်းပညာဘွဲ့ (B.Tech) ကို ပေးမည်။ စတုတ္တနှစ်ကို ထူးချွန်စွာ အောင်မြင်လျှင် ပဉ္စမနှစ်ကို ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး B.E ဘွဲ့ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ နာမည်နှင့် စနစ်ကို ပြောင်းလဲရာတွင် ယခင်ခေါ်စာဖြင့် ကျောင်းတက်နေခဲ့ သော ကျောင်းသားများကို ခေါ်ယူဆွေးနွေးတိုင်ပင်ခြင်း အလျဉ်းမရှိခဲ့ပေ။ ထို့အပြင် တပ်မတော်နည်းပညာကောလိပ် အပတ်စဥ်ကို ယခင်သင်တန်းမှစ၍ သတ်မှတ်မည်လား၊ ကျောင်း နာမည်ပြောင်းပြီးမှ ခေါ်ယူမည့် သင်တန်းမှစ၍ သတ်မှတ်မည်လား ဆိုသည်မှာလည်း အငြင်းပွားစရာ ဖြစ်လာသည်။

ပထမခေါ်ယူထားသော ကျောင်းသားများသည် အသစ်ပြောင်းလိုက်သော ကောလိပ်တွင် မည်သို့ဆက်လက်ပါဝင်ရမည်ကို မသိရှိဘဲ ဖြစ်ခဲ့ရသည်။ ထို့ပြင် အသစ်ရောက်လာသော ကျောင်းသားများနှင့် မူလကျောင်းသားဟောင်းများ ကြား ဆက်ဆံရေးကိုလည်း မည်သို့ထားရှိရမည်ကို ကျောင်းအာဏာပိုင်များ ကိုယ်တိုင် ထိုစဥ်က မရှင်းမလင်း ရှိခဲ့ပုံပေါ်သည်။

သို့ဖြင့် ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်နည်းပညာကောလိပ် အမည်ဖြင့် နောက်ထပ်သင်တန်းသား (၄၃၅) ဦးကို ဆက်လက်စုဆောင်း ခေါ်ယူခဲ့သည်။ ထိုစဥ်က အဆိုပါကျောင်းကို က.က.လျှပ်ဟု‌ခေါ်သော

ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးက စီမံကွပ်ကဲပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှ၏ လက်အောက်တွင် ထားရှိသည်။ တပ်မတော်နည်းပညာကောလိပ် အား အဆင့်ဆင့်ကွပ်ကဲပုံကို ကျောင်း၏ ကျောက်စာတိုင် ကမ္ပည်းမော်ကွန်း တွင်တော့ ဤသို့မှတ်တမ်းတင်ထားသည်။


တပ်မတော်နည်းပညာကောလိပ်ဖွင့်ပွဲကို ဒုတိယဗိုလ်ချုပ်ကြီး တင်လှ ကိုယ်တိုင် တက်ရောက်ကာ နိုင်ငံပိုင်မီဒီယာ (မြဝတီ) ကိုခေါ်၍ ကျင်းပခဲ့သည်။ ဖွင့်ပွဲမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီးတင်လှက ကျောင်းနာမည်ပြောင်းပြီးမှ ခေါ်ယူခဲ့သော သင်တန်းသားများကို ရည်ညွှန်းကာ တပ်မတော်နည်းပညာ ကောလိပ် အပတ်စဥ် (၁) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာသွားသည်။ ထို့နောက် မီဒီယာနှင့် တွေ့ဆုံအင်တာဗျူး လုပ်ကြရာတွင်လည်း အသစ် ရောက်လာသော သင်တန်းသားများကိုသာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်စေခဲ့ သည်။

အဆိုပါလုပ်ရပ်က တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း အမည်ဖြင့် ပထမဆုံးခေါ်ယူခဲ့သော သင်တန်းသားများကို အမှတ်အသားသရုပ် အကျပ်အတည်း (identity crisis) ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့ကိုယ်သူတို့ မည်သည့်ကျောင်းသားများဖြစ်ကြောင်း သတ်မှတ်ဖို့ အခက်အခဲဖြစ်လာသည်။ ဤသို့ဖြင့် ထိုကျောင်းသားများ၏ ရင်ထဲတွင် ပထမဆုံး ဆူးတစ်ချောင်း နစ်ဝင် လာခဲ့သည်။ အဆိုပါကိစ္စက ပထမအပတ်စဥ် ကျောင်းသားများကြားတွင် လှုပ်လှုပ်ရွရွဖြစ်လာကာ အသံများ ကျယ်လောင်လာသည်။ ထိုကျယ်လောင် လာမှုက ကျောင်း၏ သက်ဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် တာဝန်ရှိ ဗိုလ်ချုပ်ကြီးများထံ ရောက်ရှိသွားရာ ထိုစဥ်က ကကလျှပ်ဒါရိုက်တာ ဗိုလ်မှူးချုပ် အောင်လှိုင်ကိုယ်တိုင် မန္တလေးပြန်ရောက်နေခါမှ ပြင်ဦးလွင်သို့ ပြန်လှည့်လာကာ ပထမအပတ်စဥ် ကျောင်းသားများကို ကျောင်း အစည်းအဝေးခန်းမထဲသို့ ခေါ်ယူ၍ ရှင်းလင်းပြောဆိုပေးခဲ့ရသည်။ တရားဝင် ဖွင့်ပွဲမှာ မည်သို့ပင် ပြောဆိုခဲ့စေကာမူ ယခုအသစ်ရောက်လာသော ကျောင်းသားများသည် အပတ်စဥ် (၂) သာဖြစ်ကြောင်း၊ ပထမကျောင်းသား များသည် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်းသား အမည်ဖြင့် ခေါ်ယူခဲ့သည့်တိုင် တပ်မတော်နည်းပညာကောလိပ်၏ အပတ်စဥ် (၁) သင်တန်းသားများသာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ထို့နောက် အမှတ်စဥ် (၃) ကို ခေါ်ယူသည့်အခါ သင်တန်းသားလောင်း များအား ဖြန့်ဝေသော လက်ကမ်းစာစောင်တွင် တပ်မတော်နည်းပညာ ကောလိပ်သမိုင်းအကျဉ်းကို ဤသို့ရေးသားခဲ့သည်။

ဤနည်းဖြင့် မူလက တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းအမည်ဖြင့် ခေါ်ယူခဲ့သော သင်တန်းသားများမှာ ထပ်မံပြင်ဆင် ပြောင်းလဲလိုက်သော တပ်မတော်နည်းပညာကောလိပ်၏ အမှတ်စဥ်(၁) သင်တန်းသားများအဖြစ်သို့ တရားဝင်ရောက်ရှိလာခဲ့သည်။

ကျောင်းသားများအုံကြွလှုပ်ရှားမှုမဖြစ်မီ တပ်မတော်နည်းပညာ ကောလိပ်တွင် ရှိနေခဲ့သော နောက်ခံအခြေအနေ

တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ (အေဂျီတီအိုင် ဒီပလိုမာ) သင်တန်းစတင်ချိန်မှစ၍ ရေတွက်မည်ဆိုလျှင်ပင် သက်တမ်းအားဖြင့် (၃) နှစ်ခွဲဝန်းကျင်သာ တည်ရှိခဲ့သော တပ်မတော်နည်းပညာကောလိပ်သည် ရှေ့နောက်မညီညွတ်မှု၊ ကတိကဝတ်ချိုးဖောက်မှုဖြင့် နိဒါန်းစပျိုးခဲ့ကြသည်။ ကျောင်းသားများနှင့် အစိုးရကြား မူလက သဘောတူထားခဲ့သော သတ်မှတ်ချက်တို့ကို ကျောင်းသားများ၏ ဆန္ဒမပါဘဲ အစိုးရသဘော တစ်ခု တည်းဖြင့် ပြင်ဆင်ပြောင်းလဲခြင်း၊ တစ်နည်းအားဖြင့်ဆိုသော် ပဋိဉာဉ်တစ်ခုကို အစိုးရဘက်က ချိုးဖောက်ခြင်းဖြင့် နိဒါန်းစခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စဖြစ်ပြီး နောက်ပိုင်းမှစ၍ သင်တန်းအပတ်စဥ်နှစ်ခုကို ပေါင်းကာ တပ်မတော် နည်းပညာကောလိပ် အမည်အောက်တွင် စီနီယာ-ဂျူနီယာ ဆက်ဆံရေးပုံစံကို ကျောင်းအာဏာပိုင်များက စတင် အသက်သွင်းပေးလာခဲ့သည်။ အဆိုပါ ချိုးဖောက်မှုသည် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် ကျောင်းသား လှုပ်ရှားမှုအတွက် စတင်ရိုက်နှက်ပေး လိုက်သော ပန္နက်တစ်ခုပင် ဖြစ်သည်။

ထိုစဥ်က ကျောင်း၏ကံကြမ္မာကို ကြိုတင်နိမိတ်ပြနေသည့် လက္ခဏာ တစ်ခု မှတ်မှတ်ရရ ပေါ်ပေါက်ခဲ့သေးသည်။ တပ်မတော်နည်းပညာကောလိပ် ဖွင့်ပွဲအတွက် စစ်ရေးပြကွင်းတွင် တန်းပေါင်းစီ အလေးပြုပွဲကျင်းပစဥ် စစ်ရေး ပြကွင်းရှေ့ အလံတိုင်တွင် လွှင့်ထူထားသော နိုင်ငံတော်အလံကို အလေးပြုနေ စဥ်အတွင်း အလံမှာ သူ့အလိုလို အလံတိုင်မှ ပြုတ်ကျခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ ထိုစဥ်က သင်တန်း နည်းပြဆရာကြီးများ၏ ပြောစကားအရ တပ်တွင် ထိုကဲ့သို့ ဖွင့်ပွဲနေ့လိုမျိုး မင်္ဂလာယူသောနေ့တွင် အလံတိုင်မှ အလံပြုတ်ကျခြင်းမျိုး ဖြစ်ပွားပါက သက်ဆိုင်ရာတပ်တစ်တပ်လုံး အကြောင်းတစ်ခုမဟုတ် တစ်ခုဖြင့် ပြိုပျက်လေ့ရှိသည်ဟု အယူရှိကြောင်း သိခဲ့ရသည်။

ထိုသို့ တရားဝင်ဖွင့်ပွဲပြုလုပ်ပြီး နောက်ပိုင်းတွင် ကျောင်းကို တာဝန်ယူ ဖွင့်လှစ်ခဲ့သော စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှသည် တပ်မတော် နည်းပညာကောလိပ်သို့ အခါအားလျော်စွာ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။ ထိုသို့ လာရောက်ရာတွင်လည်း ကျောင်းသားများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။ တစ်ကြိမ်တွင် ကျောင်းသို့ စစ်ထောက်ချုပ် လာရောက် မည်ဆို၍ ကျောင်းသားများနှင့် ကျောင်းအာဏာပိုင်များက အခမ်းအနားများ ပြင်ဆင်ကာ စောင့်နေကြစဥ် စစ်ထောက်ချုပ် မလာဖြစ်တော့ကြောင်း နောက် မှသိရသည်။ အကြောင်းမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော် အတွင်း ပြဿနာအချို့ကြောင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှ သည် ထိုစဥ်က နိုင်ငံတော်အတွင်းရေးမှူး-၃ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် နှင့် အတူ အနားပေးခံလိုက်ရသောကြောင့် ဖြစ်သည်။5

တပ်မတော်နည်းပညာကောလိပ်သည် ထိုစဥ်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌလည်းဖြစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်ဖြင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှက ဦးဆောင်တာဝန်ခံကာ ကကလျှပ်၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ဖွင့်လှစ်တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်နည်းပညာကောလိပ် ကမ္ပည်းကျောက်စာတိုင်တွင် ရေးထိုးထား သည်။ ထိုစဥ်က တပ်မတော်အတွင်း ပြဿနာအချို့ကြောင့် အဆိုပါ ထိပ်တန်း အရာရှိအချို့ကို အနားပေးလိုက်ချိန်တွင် တပ်မတော်နည်းပညာကောလိပ်၏ တာဝန်ခံ စစ်ထောက်ချုပ်လည်း ပါသွားခဲ့ရာ တပ်မတော်နည်းပညာကောလိပ် ကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၏ တာဝန်ယူ ကွပ်ကဲမှုအောက်သို့ ပို့လိုက်ကြသည်။

နောက်ပိုင်း ဆက်လက်တာဝန်ယူသော အရာရှိကြီးများက ကောလိပ်၏ ဖြစ်စဥ်နှင့် သတ်မှတ်ချက်ကို ကောင်းစွာနားလည် ကျေညက်ခဲ့ဟန် မတူပေ။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများလှုပ်ရှားမှုကို ဖြေရှင်းရန် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း ရောက်ရှိလာပြီး စတုတ္ထနှစ် ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးစဥ် ကျောင်းသားများက တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသင်တန်းကျောင်းခေါ်စာနှင့် တပ်မတော်နည်းပညာကောလိပ် ခေါ်စာတို့ကြား ကွာခြားသွားပုံ၊ အဆိုပါ ပြင်ဆင်ပြောင်းလဲမှုတွင် ကျောင်းသားများ၏ သဘောဆန္ဒ မပါဘဲ တစ်ဖက်သတ် ပြောင်းလဲခဲ့ပုံနှင့် ကျောင်းသားတို့ နစ်နာသွားခဲ့ပုံတို့ကို ဆွေးနွေးရာတွင် ထိုအကြောင်းများကို သူ့အနေဖြင့် လုံးဝသိရှိထားခြင်း မရှိကြောင်း ဖွင့်ဟဝန်ခံပြောဆိုသွားခြင်းက အထက်ပါအချက်ကို သက်သေခံ နေပါသည်။

၂၀၀၀ ခုနှစ်တွင် (၁၀) တန်းအောင်စလူငယ်များကို စုဆောင်းရန် တပ်မတော်နည်းပညာကောလိပ်နှင့်အတူ တစ်ပြိုင်နက်တည်းတွင် ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့သော တပ်မတော်သင်တန်းကျောင်းကြီး တစ်ခုရှိသေးသည်။ ၎င်းမှာ ရန်ကုန်၊ မင်္ဂလာဒုံရှိ တပ်မတော်သူနာပြုတက္ကသိုလ် ဖြစ်သည်။ ယခုအခါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ ထိုစဥ်က မြန်မာနိုင်ငံရှိ တက္ကသိုလ်အများစုမှာ နိုင်ငံရေးစိုးရိမ်ချက်များကြောင့် အပိတ်ခံထားကြရပြီး တစ်ပြိုင်နက်တည်းတွင် တပ်မတော်ကျောင်းကြီးများကို တိုးချဲ့ ဖွင့်လှစ်လာကြရာ ၉၈-၉၉ ခုနှစ် (၁၀) တန်းအောင်လူငယ်များအနေဖြင့် နောက်ထပ် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားရန် ရွေးစရာလမ်းမှာ တပ်မတော်ကျောင်းကြီးများသာ ရှိနေသည်။ ဤသို့ဖြင့် ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာတွင်လည်း တပ်မတော် နည်းပညာကောလိပ်သို့ နောက်ထပ်သင်တန်းသား (၂၁၈၃) ဦး ထပ်မံ ရောက်ရှိ လာသည်။ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီတွင် သင်တန်းသား (၁၀၀၀) ကျော် ထပ်မံ စုဆောင်းခဲ့သည်။

တပ်မတော်နည်းပညာကောလိပ်နှင့်အတူ ထိုစဥ်က တပ်မတော်တွင် ရှိနေသော အဓိကစစ်ကျောင်းကြီးများအကြောင်းကို ဦးစွာတင်ပြလိုသည်။ တပ်မတော်တွင် သက်တမ်းအားဖြင့် အရှည်ကြာဆုံးနှင့် တပ်မတော်ထိပ်ပိုင်း အရာရှိများ မွေးထုတ်ရန်အတွက် အားကိုးအားထား အပြုဆုံးသော ကျောင်းမှာ စစ်တက္ကသိုလ် (Defense Service Academy) ဖြစ်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တည်ရှိသည်။ ၎င်းကို ၁၉၅၅ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်စ အသက် (၁၈) နှစ်နှင့် (၁၆) နှစ်ကြား လူငယ်များကို ခေါ်ယူခြင်း ဖြစ်သည်။ ယခင်က (၄) နှစ် တက်ရသော်လည်း ၂၀၀၀ ခုနှစ်မှစ၍ (၃) နှစ်တက်ရသည်။ အရပ်ဘက်တက္ကသိုလ်များကဲ့သို့ ဝိဇ္ဇာ နှင့် သိပ္ပံဘွဲ့များအပြင် ၂၀၀၀ ခုနှစ်မှစ၍ ကွန်ပျူတာဘွဲ့ကိုလည်းပေးသည်။ ကျောင်းဆင်းလျှင် ဒုဗိုလ်အဆင့်ဖြင့် ပြန်တမ်းဝင်အရာရှိအဖြစ် ကြည်းရေလေ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်။6

နောက်ထပ် ပြင်ဦးလွင်တွင် တည်ရှိသော ကျောင်းတစ်ကျောင်းမှာ တပ်မတော်နည်းပညာတက္ကသိုလ် (Defense Service Technology Academy) ဖြစ်သည်။ ၎င်းကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်များကို ခေါ်ယူခြင်း ဖြစ်သည်။ စုစုပေါင်း (၅) နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ (B.E.) နှင့်အတူ ဗိုလ်အဆင့် (နှစ်ပွင့်) ခန့်အပ်ကာ တပ်မတော် ကြည်းရေလေ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်။7

ထို့အပြင် ရန်ကုန်မင်္ဂလာဒုံတွင်လည်း တက္ကသိုလ်ဝင်တန်းအောင်စ လူငယ် များကို တိုက်ရိုက်ခေါ်ယူသည့် အဓိကတပ်မတော်ကျောင်းကြီး နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် (Defense Service Medical Academy) ဖြစ်ပြီး (၁၀) တန်း အောင်စ အသက် (၁၆) နှင့် (၁၈) နှစ်ကြား လူငယ်များကို ခေါ်ယူကာ စုစုပေါင်း (၆) နှစ်တက်ရောက်ရသည့် ကျောင်းဖြစ်သည်။ ကျောင်းဆင်းလျှင် ဗိုလ်အဆင့် တိုက်ရိုက်ခန့်အပ်ကာ တပ်မတော် ကြည်း၊ ရေ၊ လေ တွင် တာဝန်ထမ်းဆောင် ရသည်။8

နောက်ထပ် ကျောင်းကြီးတစ်ခုမှာ ၂၀၀၀ ခုနှစ်တွင် တပ်မတော် နည်းပညာကောလိပ်နှင့် တစ်ပြိုင်နက်တည်း စတင်တည်ထောင်လိုက်သော တပ်မတော်သူနာပြုတက္ကသိုလ် ဖြစ်သည်။ ၎င်းက စုစုပေါင်း (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းဆင်းပါက သူနာပြုသိပ္ပံ (B.N.Sc) ဘွဲ့ နှင့်အတူ ဒုအရာခံဗိုလ်အဆင့်ဖြင့် တပ်မတော်ဆေးတပ်ရင်းများတွင် တာဝန် ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားသည်။ ယခုအခါ ၎င်းကို တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသည်တက္ကသိုလ် (Defense Service Institute of Nursing and Paramedical Science) အဖြစ် တိုးချဲ့ဖွင့်လှစ်ထားပြီး ကျောင်းဆင်းလျှင်ရရှိမည့် တပ်မတော်ရာထူးကိုလည်း ယခင်ထက် တိုးမြှင့် သတ်မှတ်ထားပြီး ဖြစ်သည်။9

အဆိုပါကျောင်းများနှင့်အပြိုင် ဖွင့်လှစ်ထူထောင်လိုက်သော တပ်မတော် နည်းပညာကောလိပ်သည် အခြားကျောင်းများနှင့်မတူသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။ ပထမတစ်ခုမှာ မူလ တပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာသင်တန်းကျောင်းကို တပ်မတော် နည်းပညာကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ရာတွင် အစိုးရဘက်မှ ပဋိဉာဉ်ချိုးဖောက်မှု ဖြစ်ပေါ်ခဲ့သည်။ ဒုတိယတစ်ခုမှာ ကျောင်းကို တာဝန်ခံသော စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်လှ အနားပေးခံလိုက်ရခြင်း ဖြစ်သည်။ ထိုနည်းဖြင့် အစပျိုး ခဲ့သော တပ်မတော် နည်းပညာကောလိပ်သည် ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ သင်တန်း အပတ်စဥ် (၂) ခု၊ သင်တန်းသား (၈၄၂) ဦးဖြင့် ဆက်လက်လည်ပတ် လာခဲ့သည်။

တပ်မတော်နည်းပညာကောလိပ်၏ ကျောင်းအုပ်ကြီးအဖြစ် စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်မှူးကြီးဘိုးအောင်က တာဝန်ယူသည်။ သူ့လက်အောက်တွင် စာပေဌာနနှင့် လေ့ကျင့်ရေးဌာနဟူ၍ ထားရှိသည်။ စာပေဌာနတွင် စာပေညွှန်မှူးတစ်ယောက်ထားရှိ၍ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ဌာနခွဲများ ထပ်မံထားရှိသည်။ အပတ်စဥ် (၂) သင်တန်းသားများ ကျောင်းစတက်ချိန်တွင် တပ်မတော်နည်းပညာ ကောလိပ်၌ အထူးပြု ဘာသာရပ်ပေါင်း (၇) ခုရှိသည်။ ကွန်ပျူတာ အင်ဂျင်နီယာ (Computer Engineering)၊ မြို့ပြအင်ဂျင်နီယာ(Civil Engineering)၊ လျှပ်စစ်အင်ဂျင်နီယာ (Electrical Power Engineering)၊ အီလက်ထရောနစ် အင်ဂျင်နီယာ (Electronic Engineering)၊ စက်မှုစွမ်းအားအင်ဂျင်နီယာ (Mechanical Power)၊ စက်မှုပုံစံပြု အင်ဂျင်နီယာ (Machine Tools and Design)၊ စက်မှု အီလက်ထရောနစ် အင်ဂျင်နီယာ (Mechatronic Engineering) တို့ဖြစ်သည်။ သို့သော် ပထမအပတ်စဥ် (၁) သင်တန်းစဖွင့်ခဲ့ချိန်တွင် ကွန်ပျူတာ အင်ဂျင်နီယာ ဘာသာရပ်နှင့် စက်မှုအီလက်ထရောနစ်ဘာသာရပ်မှာ မရှိသေး ပေ။ အပတ်စဥ် (၂) သင်တန်း စတင်ချိန်မှသာ အဆိုပါဘာသာရပ် နှစ်ခုကို စတင်မိတ်ဆက်ခြင်း ဖြစ်သည်။

အဆိုပါဌာနအသီးသီး၏ တာဝန်ခံဌာနမှူးများမှာ အင်ဂျင်နီယာဘွဲ့ရ တပ်မတော်အရာရှိများဖြစ်ပြီး ဘာသာရပ်ဆိုင်ရာများ သင်ကြားနိုင်ရန် အရပ်ဘက်မှ တက္ကသိုလ်ဆရာအချို့ကိုလည်း ခေါ်ယူထားသည်။ ဆရာ၊ ဆရာမ အချို့သည် ရန်ကုန်တက္ကသိုလ်များမှ ပြောင်းလာကြသူများဖြစ်ပြီး အချို့မှာ တပ်မတော်နည်းပညာတက္ကသိုလ်မှလည်းကောင်း၊ မန္တလေး နည်းပညာတက္ကသိုလ်မှလည်းကောင်း၊ ထိုစဥ်က ပြင်ဦးလွင်၌ ဖွင့်လှစ် ထားသော စံပြဂျီတီအိုင်ကျောင်းမှလည်းကောင်း ခေါ်ယူသင်ကြားစေသည်။ လေ့ကျင့်ရေးဌာနကိုမူ ညှိနှိုင်းဗိုလ်မှူးတစ်ဦး၊ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် တပ်ခွဲအလိုက် တာဝန်ယူသော အရာရှိများဖြင့် ဖွဲ့စည်းထားသည်။ လေ့ကျင့်ရေးဌာန အရာရှိအများစုမှာ စစ်တက္ကသိုလ် ကျောင်းဆင်းများ ဖြစ်သည်။ ဤနေရာတွင် တပ်မတော်နည်းပညာကောလိပ်နှင့်ပတ်သက်၍ နောက်ထပ်လွဲနေသည့် အချက်တစ်ခုမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူသူ ဖြစ်သည်။ အင်ဂျင်နီယာကျောင်းကို အုပ်ချုပ်မည့် အကြီးဆုံးပုဂ္ဂိုလ်မှာ အင်ဂျင်နီယာဘွဲ့ရ မဟုတ်ဘဲ သာမန်စစ်တက္ကသိုလ်ကျောင်းဆင်း BSc (DSA) ဘွဲ့ရ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်နေခြင်းပင်။

ထို့အပြင် တပ်မတော်နည်းပညာကောလိပ်သည် အင်ဂျင်နီယာကျောင်း ဟု အမည်ခံထားသော်လည်း လက်တွေ့တွင် အင်ဂျင်နီယာ ပညာရပ်နှင့် ပတ်သက်၍ အလေးပေးဆောင်ရွက်မှုမရှိဘဲ လေ့ကျင့်ရေးကိုသာ အလေးပိုပေး နေသည်။ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှ လက်အောက်တွင် ရှိစဥ်က အင်ဂျင်နီယာဘာသာရပ်ပိုင်းတွင် အလေးထားမှု အတော်အသင့်ရှိခဲ့ သည်။ ကောလိပ်အတွက် ကွန်ပျူတာနှင့် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ မာလ်တီမီဒီယာစနစ်ဖြင့် သင်ကြားရန်ပစ္စည်းများ စီစဥ်ထားရှိပေးခဲ့သည်။ သို့သော် ကောလိပ်ကို တရားဝင်ဖွင့်လှစ်ပြီး မကြာခင် ၎င်းလည်း အနားပေးခံလိုက်ရသည်ဖြစ်ရာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်လက်အောက်သို့ ရောက်ချိန်မှစ၍ ကောလိပ်၏ စာပေပိုင်းသည် ကျောင်းအာဏာပိုင်တို့၏ အလေးပေးမှု မရရှိတော့ပေ။ စစ်ထောက်ချုပ် စီစဥ်ပေးခဲ့သော သင်ထောက်ကူပစ္စည်းများ ကိုလည်း ကျောင်းသားများ အသုံးပြုခွင့် မရကြပေ။ စာပေဌာနသည် ဆရာ၊ ဆရာမ မလုံလောက်မှု၊ ဘာသာရပ်ဆိုင်ရာသင်ရိုးများ အဆင်သင့် ပြင်ဆင်ပြုစုထားခြင်း မရှိမှုများ ဖြစ်ပေါ်နေခဲ့သည်။ အရည်အသွေးမီ ဆရာ၊ ဆရာမ အင်အားမလုံ လောက်မှုကြောင့် နီးစပ်ရာ ဂျီတီအိုင်ကျောင်းဆင်း တပ်ကြပ်ကြီးများ၊ အရာခံဗိုလ်များနှင့် အရပ်ဘက်မှ ဂျီတီအိုင် ကျောင်းဆင်းခါစ လူငယ်များကို နည်းပြဆရာများအဖြစ် ခေါ်ယူသင်ကြားစေခြင်းများ ရှိခဲ့သည်။

ကျောင်းသားများက မေးမြန်းရာတွင် စာပေဌာနကို ပံ့ပိုးအားဖြည့်ပေးရေး နှင့်ပတ်သက်၍ ကျောင်းအုပ်ကြီးနှင့် ကျောင်းတာဝန်ရှိသူများက စိတ်ဝင်စားမှု မရှိကြောင်း သက်ဆိုင်ရာဌာနမှူးများက အရိပ်အမြွက် ပြောကြသည်။ ဥပမာ မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာမနှစ်ဦးသည် ၎င်းတို့ အချိန်ဇယား အတိုင်း ကျောင်းသို့ အပတ်စဥ် လာရောက် သင်ကြားပေးသည်။ ပထမ (၂) လ လောက်တွင် ပုံမှန်လာရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝပေါ်မလာ တော့ချေ။ နောက်ပိုင်းမှ ပြန်သိရသည်မှာ အဆိုပါ ဆရာမနှစ်ဦးသည် ကျောင်းရှိ EC ဌာနမှူး၏ ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ပြီး ကျောင်းတွင် ဘာသာရပ်ဆိုင်ရာ ဆရာအင်အား မလုံလောက်မှုကြောင့် ဌာနမှူးက အလွတ်တန်း အကူအညီတောင်းခံသဖြင့် လာရောက်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ထိုသို့လာရောက်ခြင်းအတွက် ကျောင်းက မည်သည့် အခကြေးငွေမှ မပေးကြောင်း၊ ၎င်းတို့ လာရောက်သည့်အခါ စီးလာသည့် ကားအတွက် ဆီဖြည့်ပေးရန်ပင် ကျောင်းက တာဝန်ယူပေးမှု မရှိခြင်း တို့ကြောင့် နောက်ပိုင်းတွင် လုံးဝမလာတော့ခြင်း ဖြစ်ကြောင်းကို သိရသည်။ အလားတူပြဿနာသည် စာပေဌာန၏ ဘာသာရပ် ဌာနတိုင်းတွင် ကြုံတွေ့နေ

ရသည်။ EP နှင့် EC ကျောင်းသားများအတွက် အချို့အင်ဂျင်နီယာဘာသာရပ် ဆိုင်ရာ Module များသည် သင်မည့်ဆရာများမရှိဘဲ စာမေးပွဲဖြေခဲ့ရသည်များ လည်း ရှိခဲ့သည်။ စာမေးပွဲနီး၍ ကျောင်းသားများအား အချိန်ပိုခေါ်ယူ သင်ကြားရေးအတွက်လည်း စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့ကြား အကြိတ်အနယ် ငြင်းခုံပဋိပက္ခများ ဖြစ်ကြရသည်။

တစ်ချိန်တည်းတွင် လေ့ကျင့်ရေးဌာနသည် ကျောင်းသားများကို ပြင်းထန်သော လေ့ကျင့်မှုများဖြင့် အစွမ်းကုန် မောင်းနှင်ပေးလျက်ရှိသည်။ ကျောင်းသားများ၏ အချိန်အများစုသည် လေ့ကျင့်ရေးအတွက် ကုန်ဆုံးနေရ သည်က များသည်။ စစ်တက္ကသိုလ်ကျောင်းဆင်းများပီပီ လေ့ကျင့်ရေးအရာရှိ များသည် ကျောင်းသားများကို စစ်တက္ကသိုလ် လေ့ကျင့်မှုပုံစံများအတိုင်း အပြင်းအထန် လေ့ကျင့်စေသည်။ ကျောင်း၏ တစ်နှစ်တာကာလကို ခွင့်ပြန်ချိန်တစ်လ၊ စာပေ (အင်ဂျင်နီယာဘာသာရပ်) သင်ယူမှုအပိုင်း (၈) လ၊ စစ်ပညာသင်ယူမှုအပိုင်း (၃) လ သင်ယူရသည် ဖြစ်ရာ စစ်ပညာအပိုင်း (၃) လ ကို လေ့ကျင့်ရေးဌာန အရာရှိများက တာဝန်ယူသင်ကြားပေးသည်။ အခြေခံ စစ်ပညာမှ တပ်စုမှူးအဆင့် သိသင့်သည့် စစ်ပညာတို့ကို လက်တွေ့၊ စာတွေ့ သင်ကြားပေးပုံတို့မှာ အင်ဂျင်နီယာပညာရပ်အပိုင်းတွင် သင်ကြားပေးပုံများ ထက် စနစ်ကျသလို အလေးပေးမှုလည်း ပိုရှိကြသည်။ လက်တွေ့မိုင်ရှည် ချီတက်ပွဲများတွင် ဒုတိယကျောင်းအုပ်ကြီးကိုယ်တိုင် လိုက်ပါသည်များပင် ရှိသည်။ တကယ်တမ်းတွင် စာသင်နှစ်တစ်နှစ်အတွက် အခြေခံစစ်ပညာ အပိုင်းကို (၃) လ သတ်မှတ်ထားသော်လည်း စာသင်ချိန်ပြင်ပ အချိန်များတွင် လည်း လေ့ကျင့်ရေးနှင့် လုပ်အားပေးများ (fatigue) က အမြဲရှိနေသည်။ တစ်ခါ တစ်ရံ စာသင်ချိန်များပင် ဖျက်၍ လေ့ကျင့်ရေးနှင့် လုပ်အားပေး ဝင်ရမှုများ ရှိခဲ့သည်။

စာပေနှင့် လေ့ကျင့်ရေးဌာနနှစ်ခုကြားတွင် လေ့ကျင့်ရေးဘက်ကို ပိုအလေးထားနေသော တပ်မတော်နည်းပညာကောလိပ်၏ ဖြစ်စဥ်ကို ကျောင်းသားများက အချိန်ကြာလာသည်နှင့်အမျှ သံသယဝင်လာတော့သည်။ “တိုက်ခိုက်ရေးစစ်သည်များ မွေးထုတ်ချင်တာလား၊ အင်ဂျင်နီယာပညာသည် စစ်သည်များ မွေးထုတ်ချင်တာလား” ဆိုသည်ကို ကျောင်းသားအချို့ကြားတွင် မေးခွန်းထုတ်လာကြသည်။

ကျောင်းပြင်ပတွင်လည်း ကျောင်းသားများကြုံရသည့် ပြဿနာများ ရှိသေးသည်။ တပ်မတော်နည်းပညာကောလိပ်သည် သတင်းစာခေါ်စာအရ အဆင့် (၃) ခုကို ဖြတ်သန်းရမည် ဖြစ်သည်။ ပထမအဆင့်မှာ (၂) နှစ် သင်တန်း ပြီးဆုံးသည့်နောက် ပညာအရည်အချင်းအားဖြင့် AGTI လက်မှတ်ပေးအပ်ကာ တပ်မတော်ရာထူးအဆင့်အားဖြင့် တပ်ကြပ်ကြီး အဆင့်ပေးမည်ဖြစ်သည်။ ဒုတိယအဆင့်ကို ဂုဏ်ထူးဖြင့် အောင်မြင်သည့် ထူးချွန်သော ကျောင်းသား တိုင်းသည် တတိယနှစ်နှင့် စတုတ္ထနှစ်ကို ဆက်လက် တက်ရောက်နိုင်ပြီး နည်းပညာဘွဲ့ B.Tech ဘွဲ့ရရှိကာ ဒုအရာခံဗိုလ်ရာထူး ခန့်အပ်ခံရမည် ဖြစ်သည်။ စတုတ္ထနှစ်ကို ထူးချွန်စွာ အောင်မြင်သူများက ပဉ္စမနှစ်ကို ဆက်လက်တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါက အင်ဂျင်နီယာဘွဲ့ B.E. ဘွဲ့ နှင့်အတူ အရာခံဗိုလ် ရာထူးခန့်အပ်ခံရမည် ဖြစ်သည်။

ပြင်ဦးလွင်မြို့တွင် တပ်မတော်နည်းပညာကောလိပ်နှင့်အတူ အခြား တပ်မတော်ကျောင်းကြီး နှစ်ကျောင်းလည်း တည်ရှိသည်ဖြစ်ရာ အဆိုပါ ကျောင်းမှ ကျောင်းသားများနှင့် တပ်မတော်နည်းပညာကောလိပ်မှ ကျောင်းသားများသည် ကျောင်းပိတ်ရက် ပြင်ပသို့ ထွက်ကြရာတွင် တစ်နည်း မဟုတ်တစ်နည်း ဆက်ဆံမှုရှိလာကြသည်။ တပ်မတော်တွင် အရာရှိအဆင့်နှင့် အခြားအဆင့်တို့ကြား လူမှုအခြေအနေ (social status) ကွာဟမှု များစွာ ရှိကြသည်ဖြစ်ရာ ၎င်းနောက်ခံဓလေ့က အဆိုပါ ကျောင်းသားတို့ကြား ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိခဲ့သည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် အခြားကျောင်းများမှ ကျောင်းသားများနှင့် ဆက်ဆံကြ ရာတွင် အခြားကျောင်း ကြီးနှစ်ကျောင်းမှ ကျောင်းသားများမှာ ကျောင်းဆင်း လျှင် အရာရှိတန်းဖြစ် မည့်သူများဖြစ်ပြီး နည်းပညာကောလိပ် ကျောင်းသား များမှာ တပ်မတော်ရာထူးအားဖြင့် နိမ့်ကျနေမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများ၏ ပုံစံအမျိုးမျိုးဖြင့် လှောင်ပြောင်အထင်သေး ဆက်ဆံမှု များကို ခံကြရသည်။ ထိုအယူအဆက အဆိုပါကျောင်းသားများတွင်သာမက ပြင်ဦးလွင်မြို့ပေါ်ရှိ အရပ်ဘက်ပြည်သူအချို့တွင်ပါ ကူးစက်လာသည်။ ထို့ကြောင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ခွဲခြား ဆက်ဆံမှုကို နေရာတိုင်းတွင် ခံစားလာကြရသည်။ ထို့အပြင် ကျောင်းတွင်း၌ လည်း လေ့ကျင့်ရေးဌာနမှ အရာရှိအချို့က ဆူပူကြိမ်းမောင်းရာတွင် အဆိုပါ ခွဲခြားဆက်ဆံသည့် သဘောများ အခါအားလျော်စွာ ထည့်သွင်းပြောကြားလေ့ ရှိသည်။ ထိုအချက်ကလည်း ကျောင်းသားများအနေဖြင့် မိမိကျောင်းအပေါ် ယုံကြည်ကိုးစားမှုကို တစ်စတစ်စ ကျဆင်းလာစေခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သကဲ့သို့ တပ်မတော်နည်းပညာကောလိပ်သည် အဆင့် (၃) ဆင့်ဖြင့် စုစုပေါင်း (၅) နှစ် တက်ရောက်နိုင်သည်ဖြစ်ရာ အဆင့် တစ်ခုချင်းစီတွင် ပေးမည့်ဘွဲ့နှင့် တပ်မတော်ရာထူးများ ရှိထားသော်လည်း ကျောင်းသားအများစုသည် ရည်မှန်းချက်ထားသည်မှာ ကျောင်းကပေးမည့် တပ်မတော်ရာထူးကိုမဟုတ်ဘဲ B.E. ဘွဲ့ကိုသာ ဖြစ်သည်။ B.E. ဘွဲ့ ရရှိရေး ဆိုသည့် ရည်မှန်းချက်ကို ရင်ဝယ်ပိုက်ကာ ကျောင်းတွင် ကြုံတွေ့ရသည့် ပင်ပန်းမှုနှင့် အဆင်မပြေမှုများကို သည်းခံဖြတ်သန်းကြသည်။ သို့သော် ကျောင်းသားတို့မျှော်မှန်းသော အချက်နှင့် ကျောင်းအာဏာပိုင်တို့ မျှော်မှန်း သော အချက်တို့ကြား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်းကို အရိပ် အမြွက်မျှ စတင်သိလာရသော အချိန်ကား အပတ်စဥ် (၁) သင်တန်းသားများ ပထမ (၂) နှစ်ပြီးဆုံး၍ သင်တန်းဆင်း ဘွဲ့လက်မှတ် ပေးအပ်ချိန်နှင့် တတိယ နှစ်ဆက်တက်နိုင်သူများ ရွေးချယ်သည့်ပုံစံကို သိလိုက်ရချိန်တွင် ဖြစ်သည်။

ကျောင်းဆင်းပွဲကို ကျောင်းသားများက များစွာမျှော်လင့်ထားကြသည်။ အထူးသဖြင့် တတိယနှစ် ဆက်လက်တက်ရောက်ခွင့် မရတော့သူများအတွက် ဒီတစ်ကြိမ်သာ ကျောင်းဆင်းဘွဲ့လက်မှတ်ပေးပွဲကို ကြုံရမည်ဖြစ်ရာ မိသားစု စုံလင်စွာဖြင့် ခမ်းခမ်းနားနား ဖြစ်စေချင်သည်။ သို့သော် တကယ်တမ်း ဒီပလိုမာလက်မှတ်ပေးသောအခါ ကျောင်းသားများကို အလုပ်ရုံခန်းမကြီးထဲ တွင် သီးသန့်ခေါ်သွင်းကာ ကျောင်းသား တပ်ခွဲမှူးများကိုသာ ကျောင်းသားများ ကိုယ်စား AGTI ဒီပလိုမာ လက်မှတ်ပေးအပ်ပြီး ၎င်းတို့မှတစ်ဆင့် ကျန်သော ကျောင်းသားများကို ဘွဲ့လက်မှတ်များ ပြန်လည်ဝေပေးစေသည်။ မိဘဆွေမျိုး များလည်း တက်ရောက်ခွင့်မရ။ ကျောင်းဆင်းပွဲကိုလည်း အဆင့်မြင့် တပ်မတော်အရာရှိ တစ်ဦးတလေမျှ တက်ရောက်ခြင်းမရှိဘဲ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်၏ ဦးဆောင်မှုဖြင့်သာ ကျင်းပလိုက်ကြသည်။

ထိုစဥ်က တပ်မတော်စစ်ကျောင်းကြီးများ ကျောင်းဆင်းပွဲတွင် ကျောင်းသားမိဘအစုံအလင်ကို တခမ်းတနား ဖိတ်ကြားကာ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တက်ရောက်ဆင်းပေးနေမြဲဖြစ်သည်။ ယခု တပ်မတော်နည်းပညာကောလိပ် ကျောင်းဆင်းပွဲတွင်မူ ကျောင်းအရေးကိစ္စကို ကွပ်ကဲစီမံရေး တာဝန်ယူ ထားသော ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးပင် ရောက်မလာခဲ့ပေ။ ကျောင်းသားမိဘများ ကိုလည်း မဖိတ်ကြားရုံသာမက ကိုယ့်အစီအစဥ်ဖြင့် ရောက်လာသော ကျောင်းသားမိဘအချို့ပင် ကျောင်းသားများ ဘွဲ့ပေးပွဲအခမ်းအနားသို့ တက်ရောက်ခွင့်မရကြပေ။ အဘယ်ကြောင့် လူမသိသူမသိ ကျောင်းဆင်းပွဲ လုပ်ရသလဲဆိုသည့် မေးခွန်းက ကျောင်းသားများ၏ စိတ်ထဲ ထပ်ခါတလဲလဲ ဝင်လာကြတော့သည်။

ထို့အပြင် တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရသော ကျောင်းသား များ ရွေးချယ်မှုဖြစ်စဥ်အပေါ်၌လည်း ကျောင်းသားအများစုက မကျေမနပ် ရှိလာကြသည်။ သတင်းစာခေါ်စာအရ ထူးချွန်စွာ အောင်မြင်သော ကျောင်းသားတိုင်းသည် တတိယနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရမည် ဆိုထားသော်လည်း တကယ်တမ်း လက်တွေ့တွင် ကျောင်းသားများကို အရည်အချင်း ဂုဏ်ထူးမှတ်ဖြင့် သတ်မှတ်ရွေးချယ်သည်မဟုတ်ဘဲ ရာခိုင်နှုန်း ဖြင့် အရေအတွက်ဖြတ်ချသည့် ပုံစံကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သတ်မှတ်ထားသော ဂုဏ်ထူးမှတ်ပြည့်မီသည့် ကျောင်းသားတိုင်းကို တတိယနှစ် ဆက်လက်တက်ရောက်ခွင့်အတွက် ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းအာဏာပိုင်များက လိုချင်သော ရာခိုင်နှုန်းအတိုင်း ကျောင်းသား အရေအတွက်ကို ဖြတ်ချသည့်သဘော ဖြစ်သည်။ ထိပ်ဆုံးမှ ရေတွက်သော် (၂၅) ရာခိုင်နှုန်းအထိကိုသာ တတိယနှစ်သင်တန်းသို့ ဆက်လက်တက်ရောက် ခွင့်ပေးပြီး ကျန်သူများကို AGTI လက်မှတ်ပေးကာ တပ်ကြပ်ကြီးရာထူးဖြင့် ကျောင်းဆင်းပေးလိုက် ကြခြင်းဖြစ်ရာ ကျောင်းဆက်တက်ခွင့်ရသော ကျောင်းသားနှင့် ကျောင်းဆင်းသွားရသော ကျောင်းသားတို့ကြား အမှတ် ကွာဟမှုမှာ မဆိုသလောက်သော အခြေအနေမျိုးသာ ရှိနေသည်။ ကျောင်း၏ စာမေးပွဲအောင်မှတ် သတ်မှတ်ရာတွင် လေ့ကျင့်ရေးအမှတ်နှင့် စာပေအမှတ် ဟူ၍ နှစ်မျိုးရှိသည်။ ဤနေရာတွင်လည်း ထူးဆန်းနေသည့်အချက်မှာ တတိယနှစ်သင်တန်းသို့ ဆက်လက်တက် ရောက်ခွင့်မရဘဲ ဂျီတီအိုင်ဖြင့် ကျောင်းဆင်းသွားရသော ကျောင်းသား အများစုမှာ စာပေအမှတ်တွင် ထူးထူး ချွန်ချွန် ရရှိနေသူများဖြစ်နေပြီး လေ့ကျင့်ရေးအမှတ်ဖြင့် ကျသည့်သူက များနေသည်။ လေ့ကျင့်ရေးအမှတ်ကို မည်သို့သတ်မှတ်သည် ဆိုသည်ကိုမူ ကျောင်းသားများကို မည်သည့်အခါကမျှ ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ခြင်းများ မရှိခဲ့ရာ ကျောင်းသားများ၏ လေ့ကျင့်ရေးအမှတ် ကောင်း၊ မကောင်းမှာ လေ့ကျင့်ရေးဌာနအပေါ် မူတည်နေသည်။ သည့်ထက်ပိုပြောရသော် ကျောင်းသားများအနေဖြင့် တတိယနှစ်သို့ ဆက်လက်တက်ရောက်ခွင့် ရ၊ မရ မှာ လေ့ကျင့်ရေးဌာန၏ သတ်မှတ်ချက်အပေါ် များစွာမူတည်နေလေသည်‌။

ကျောင်းတွင် ဒုတိယနှစ်ပြီးသည်အထိ စာသင်နှစ်ကို အပိုင်း (၄) ပိုင်း (first semester, second semester, third semester, fourth semester) သတ်မှတ်ထားသည်ဖြစ်ရာ ကျောင်းသားများအနေဖြင့် မိမိအခြေအနေကို စာပေပိုင်း၌သာ သိခွင့်ရသည်။ စာသင်နှစ်အပိုင်း အလိုက် ကျောင်းသားများကို အဆင့်များ သတ်မှတ်ပေးထားသည်ဖြစ်ရာ မိမိအနေဖြင့် ကြိုးစားရန် မည်မျှ လိုအပ်နေသည်ဆိုသည်ကို မိမိရထားသော အဆင့်ပေါ် မူတည်၍ အကဲဖြတ် ပြင်ဆင်နိုင်သည်။ ထိုသို့ လုပ်နိုင်သည်မှာလည်း စာပေအပိုင်း၌သာ ဖြစ်သည်။ လေ့ကျင့်ရေး အပိုင်းတွင်မူ မိမိအခြေအနေ မည်မျှရှိနေသည်ကို မည်သည့် အခါမျှ ခေါ်ယူရှင်းပြခြင်းမျိုး မရှိခဲ့ချေ။

ထိုအခြေအနေကို စောင့်ကြည့်နေသူများက နောက်ထပ်ရောက်လာသော အပတ်စဥ် (၂) သင်တန်းသားများ ဖြစ်သည်။ စမ်းသပ်မှုအနေဖြင့် ဖွင့်လှစ်ခဲ့ သော ကျောင်းတွင် လက်တွေ့ဖြစ်ပေါ်နေသော ကျင့်သုံးမှုများသည် ကြေညာ ချက်ပါ အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့်နေခြင်း ဖြစ်သည်။ အထက်ပါကဲ့သို့ တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရသော ကျောင်းသားများကို ရွေးချယ်သည့်ဖြစ်စဥ်က နောက်လူများကို မှားယွင်းသော အတွေးအခေါ်များ ရရှိစေခဲ့သည်။ ဥပမာဖြစ်စဥ်တစ်ခုမှာ ဒုတိယအကြိမ် ကျောင်းဆင်းခါနီးကာလ၊ အပတ်စဥ် (၂) သင်တန်းသားများကို တတိယနှစ် ဆက်လက်တက်ရောက်ခွင့်အတွက် ရွေးချယ်သည့် ကာလများတွင် တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရရေးအတွက် သက်ဆိုင်ရာ အရာရှိ များထံသို့ လက်ဆောင်အမျိုးမျိုး လာဘ်ထိုးသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။

ထိုအခြေအနေအောက်တွင် ကျောင်းသားအချို့သည် မိမိတို့ အနာဂတ်နှင့် ပတ်သက်၍ လမ်းပျောက်ကာ စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်လာသည်။ စိတ်ဓာတ်ကျ၍ ကျောင်းကို ဆက်မတက်ချင်ကြတော့ဘဲ ထွက်ပြေးသူများမှာ အဆမတန် များပြားလာသည်။ ပထမပိုင်းတွင် ထွက်ပြေးသူများကို သာမန် အားဖြင့်သာ အရေးယူသော်လည်း ထွက်ပြေးသော ကျောင်းသားဦးရေ များပြား လွန်းလာသည့်အခါ အရေးယူမှုစနစ်ကို တစ်ဆင့်တက်၍ တင်းကျပ်စွာ ကျင့်သုံး လာသည်။ ထိုသို့ ထွက်ပြေးသည်ဆိုလျှင် သေချာစီမံချက်ချ၍ အိမ်တိုင်ရာ ရောက် လိုက်လံဖမ်းဆီးကာ တပ်တွင်းအချုပ်သို့ အရင်ထည့်သည်။ ထို့နောက် တစ်ကျောင်းလုံးမှ ကျောင်းသားအားလုံးကို ကျောင်း၏ စစ်ရေးပြကွင်းကြီးထဲ တွင် စုံညီစုဝေးစေကာ ကျောင်းသားအားလုံး၏ ရှေ့မှောက်သို့ ထွက်ပြေးသူ တရားခံကျောင်းသားအား လက်ထိပ်ခတ်၍ ခေါ်ဆောင်လာကာ တပ်ထုတ်ပွဲကို တခမ်းတနားကျင်းပပြီး အရပ်ဘက်အကျဉ်းထောင်တွင် ပြစ်ဒဏ်အနည်းဆုံး တစ်နှစ်ကျခံစေကြောင်း အမိန့်ချမှတ်လေ့ရှိသည်။။ တပ်ထုတ်ပွဲဆိုသည်မှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သော တပ်မတော်သားတစ်ဦးအား တပ်မတော် တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီတော့သဖြင့် တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း အခမ်းအနားဖြင့် ကျင်းပ ကြေညာကာ ပြစ်ဒဏ်ချမှတ်သော ပွဲမျိုးဖြစ်သည်။ ထွက်ပြေးသူ တရားခံ ကျောင်းသားသည် မိမိသူငယ်ချင်းကျောင်းသားများ၏ ရှေ့မှောက်တွင် လက်ထိပ်တန်းလန်းနှင့် ရောက်လာရသည့်အပေါ် များစွာရှက်ရွံ့မိသလို မြင်ရ သော သူငယ်ချင်းကျောင်းသားများအနေဖြင့်လည်း များစွာ စိတ်မကောင်း ဖြစ်မိကြသည်။

အနာဂတ်အတွက် အားတက်ဖွယ်ရာမရှိတော့သည့် အခြေအနေမှ ရုန်းထွက်ရန် ထွက်ပေါက်မရှိသော ကျောင်းသားတစ်ယောက်အတွက် ယခု ကဲ့သို့ ထွက်ပြေးသည်မှာ ပျော့ညံ့ရာကျသော်လည်း ကျောင်းက ထွက်ပြေး သော အမှုအတွက် ငယ်ရွယ်နုပျိုသော ကျောင်းသားလူငယ် တစ်ဦးကို ဤမျှ အပြစ်ဒဏ်မျိုးချမှတ်ရန် ထိုက်တန်ရဲ့လားဆိုသည်ကို ကျောင်းသားများရင်ထဲ တွင် ထပ်ခါတလဲလဲ တွေးမိလာကြသည်။ ကျောင်းလေ့ကျင့်ရေးအရာရှိများ၏ ပြောကြားချက်အရ ထိုသို့ တပ်ထုတ်ပွဲလုပ်ရခြင်းမှာ နောက်ထပ်ကျောင်းသား များ ထွက်မပြေးဝံ့စေရန် စံပြလုပ်သည့်သဘောလည်းပါသည်ဟု ပြောကြ သည်။ ထိုသို့ ပြစ်ဒဏ်ချမှတ်ရာတွင် ၎င်းတို့ညွှန်းဆိုသုံးစွဲသော ပုဒ်မမှာ တပ်မတော် အက်ဥပဒေ ၃၈ (က) ခွင့်မဲ့ပျက်ကွက်မှုဆိုင်ရာ ပြဋ္ဌာန်းချက် ဖြစ်သည်။ ဤနေရာတွင် ထွက်ပြေးသော ကျောင်းသားကို တပ်မတော် အက်ဥပဒေဖြင့် အရေးယူသည် မှန်သော်လည်း ရွယ်တူကျောင်းသားအားလုံး ရှေ့မှောက်တွင် တပ်ထုတ်ပွဲကဲ့သို့ လူ့ဂုဏ်သိက္ခာမဲ့စေသော လုပ်ရပ် (dehumanize) မျိုးဆန်သည့် အခမ်းအနားမျိုး လုပ်သင့်သည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ ထို့အပြင် အဆိုပါကျောင်းသားများ ထိုသို့ စိတ်ဓာတ်ကျကာ ထွက်ပြေးစေရန် တွန်းပို့သည့် နောက်ခံ အကြောင်းအရင်း များကို ကျောင်းတာဝန်ရှိသူများ အနေဖြင့်လည်း စဥ်းစားမိခဲ့ကြပုံ မပေါ်ပေ။

၂၀၀၁ ခုနှစ်၊ အောက်တိုဘာတွင် တပ်မတော်နည်းပညာကောလိပ် သင်တန်းအပတ်စဥ် (၃) သင်တန်းသားများ ထပ်မံရောက်ရှိလာသည်။ အပတ်စဥ် (၃) ခေါ်ယူသည့်အခါ ထူးခြားသည့်အချက်က သင်တန်းသားဦးရေ ဖြစ်သည်။ ရှေ့အပတ်စဥ်များတွင် သင်တန်းသား (၄၀၀) ဝန်းကျင်သာ ခေါ်ယူ လာခဲ့သော်လည်း အပတ်စဥ် (၃) ကို သင်တန်းသား (၂၀၀၀) ကျော် ခေါ်ယူ လိုက်ခြင်း ဖြစ်သည်။ အပတ်စဥ် (၃) ကျောင်းသားများ ရောက်လာချိန်တွင် ကျောင်း၏ စနစ်လည်ပတ်မှုများမှာ အတော်အသင့် နေသားကျနေပြီ ဖြစ်သည်။ ထိုကာလတွင် ကျောင်းတွင် ပြဿနာနှစ်ခု ပေါ်ပေါက်ခဲ့သည်။

ပထမပြဿနာမှာ အပတ်စဥ် (၂) သင်တန်းသားများနှင့် သက်ဆိုင်သည်။ ၎င်းတို့ဖြစ်သော ပြဿနာမှာ တပ်မတော်စစ်ကျောင်းကြီးများတွင် ကျင့်သုံး နေသော စီနီယာ-ဂျူနီယာ ဆက်ဆံရေးစနစ် ဖြစ်သည်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္တနှစ် စသဖြင့် အတန်းကြီးသူများက အတန်းငယ်သူများ အပေါ် တစ်သွေးတစ်သံတစ်မိန့်ဖြင့် ဆင့်ကဲအုပ်ချုပ်သည့်စနစ် ဖြစ်သည်။ ဂျူနီယာကျောင်းသားများ၏ သွားလာလှုပ်ရှားမှု၊ စားမှု၊ နေမှု အစစအရာရာကို စီနီယာများက အချိန်ပြည့်နီးပါး လိုက်လံကြပ်မတ်နေပြီး လိုအပ်လျှင် လိုအပ် သလို အပြစ်ပေးပိုင်ခွင့်ရှိသည်။ ဂျူနီယာကျောင်းသားများက မနာခံဘဲ အာခံမှု လုပ်လာလျှင် အာဏာဖီဆန်မှုဖြင့် အရေးယူနိုင်သည်။ အတန်းငယ်လျှင် ငယ်သလောက် တစ်ကိုယ်ရည်လွတ်လပ်မှု ဆုံးရှုံးသည့် စနစ်လည်း ဖြစ်သည်။ အဆိုပါစနစ်သည် ကျောင်းသားအားလုံး နောက်ဆုံးနှစ်အထိ တူညီစွာ တက်ခွင့်ရသော စစ်တက္ကသိုလ်ကဲ့သို့ အခြားကျောင်းကြီးများတွင် ကျင့်သုံးရန် အဆင်ပြေသော်လည်း နှစ်နှစ်လျှင် တစ်ကြိမ် သင်တန်းဆင်းပေးနေပြီး ရွေးချယ်ခံရသူများသာ တတိယနှစ်သို့ ဆက်တက်ခွင့်ရသော တပ်မတော် နည်းပညာကောလိပ် ကဲ့သို့သော ကျောင်းမျိုးတွင် အဆင်မပြေ ဖြစ်လာသည်။ (၅) နှစ်တက်ခွင့်ရရေးနှင့် အင်ဂျင်နီယာဘွဲ့(B.E.)ဘွဲ့မှာ ကျောင်းသားအားလုံး ၏ မျှော်မှန်းချက်ဖြစ်သော်လည်း (၂) နှစ်လျှင်တစ်ကြိမ် ဆင်းမည့် (၄) ပုံ (၃) ပုံသော ကျောင်းသားများထဲတွင် မိမိလည်း ပါသွားနိုင်သည်ဖြစ်ရာ (၂) နှစ် သင်တန်းတက်၍ AGTI ဖြင့် ဆင်းမည့်သူများအတွက် စီနီယာ-ဂျူနီယာ ဆက်ဆံရေးစနစ်ကို လက်ခံကျင့်သုံးရန် လိုအပ်ပါသေးသလားဆိုသည့် မေးခွန်းက အပတ်စဥ် (၂) ကျောင်းသားများကြားတွင် ဝင်လာတော့သည်။ ၎င်း အယူအဆအပေါ် အခြေခံ၍ ဂျူနီယာအချို့သည်လည်း သတ်မှတ်စည်းမျဥ်း အချို့ကို တမင်ချိုးဖောက်ပြကာ စီနီယာကျောင်းသားများအပေါ် အာခံမှုအချို့ လုပ်လာကြတော့သည်။ သက်ဆိုင်ရာ လေ့ကျင့်ရေးအရာရှိ များကလည်း ၎င်းတို့ပုံသွင်းလိုသော စီနီယာ-ဂျူနီယာ ဆက်ဆံရေးပုံစံကို အတင်းသွတ်သွင်း ကာ အာခံမှုများကို ပြင်းပြင်းထန်ထန် အပြစ်ပေးကြသည်။ ၎င်းပြဿနာနှင့် ပတ်သက်၍ မှတ်မှတ်ရ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုစဥ်က ဒုတိယနှစ်ပြီးခါနီး အပတ်စဥ် (၂) ကျောင်းသားများသည် ကျောင်းဆင်းတော့မည့်တိုင် အထက်တွင် အပတ်စဥ် (၁) သင်တန်းသားများ ရှိနေသည့်အတွက် စီနီယာအခွင့်အရေး အပြည့်အဝ မရကြပေ။ အပတ်စဥ် (၁) ကျောင်းသားကြီးများသည် တိုက်ပုံဝတ်သည့်အခါ စီနီယာအခွင့်အရေးအရ တိုက်ပုံအနက်ဝတ်ခွင့်ရှိသလို ကြယ်သီးကိုလည်း မတပ်ဘဲ ဝတ်ခွင့်ရှိသည်။ အပတ်စဥ် (၂) သင်တန်းသားများမှာ တိုက်ပုံအနက် ဝတ်ခွင့်မရသေးသလို ကြယ်သီးအကုန်ဖြုတ်၍ ဝတ်ခွင့်လည်း ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။ ကံမကောင်းလျှင် ဒုတိယနှစ်ဖြင့် ဆင်းရမည်ဖြစ်ရာ နောက်ဆုံးအနေနှင့် စီနီယာအခွင့်အရေးကို ရအောင် ယူမည်ဟု ပိုင်းဖြတ်၍ ကျောင်းသား အများစုက တိုက်ပုံအနက်များ ဝယ်ကာ ကြယ်သီးမတပ်ဘဲ ဝတ်ကြသည်။ သို့သော် စီနီယာအချို့နှင့် လေ့ကျင့်ရေးအရာရှိများက အမိန့်ထုတ်၍ ပိတ်ပင် လာကြရာ အပတ်စဥ် (၂) သင်တန်းသားများက ထိုကိစ္စအပေါ် မကျေနပ်၍ တစ်ပတ်စဥ်လုံး ညှိကာ ပင်နီတိုက်ပုံဆင်တူ တစ်ပြိုင်နက်တည်းဝတ်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ ထိုအကြောင်းကို ကျောင်းအာဏာပိုင်များသိရှိသွားပြီး တာဝန်ရှိသော အရာရှိအချို့ကို အရေးယူကာ အပတ်စဥ် (၂) သင်တန်းသားများ လိုချင်သော တိုက်ပုံအနက်ဝတ်ခွင့်၊ ကြယ်သီးဖြုတ်ဝတ်ခွင့်တို့ကို ခွင့်ပြုပေးခဲ့ ရသည်။ တကယ်တမ်း ထိုပြဿနာသည် ကျောင်းသားများ၏ စိတ်ဓာတ်ကျမှု ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဓိကတရားခံမှာ စီနီယာ-ဂျူနီယာစနစ် မဟုတ်ဘဲ ကျောင်း၏ စနစ် ရှေ့နောက်မညီညွတ်မှု၊ ကျောင်းသားများအပေါ် တပ်မတော်အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုတို့ကြောင့် ဖြစ်ရသည် ဆိုသည် ကို မည်သည့်အရာရှိမှ မတွေးမိခဲ့ကြချေ။

ဒုတိယပြဿနာမှာ အပတ်စဥ် (၃) သင်တန်းသားများနှင့်ဖြစ်သော ပြဿနာဖြစ်သည်။ တပ်မတော်နည်းပညာကောလိပ် သင်တန်းအပတ်စဥ် (၃) ခေါ်ယူသည့်အခါ ယခင်နှစ်များနှင့်မတူ ပိုမိုထူးခြားစွာ ကျောင်း လက်ကမ်း စာစောင်များကို သင်တန်းသားလောင်းလူငယ်များကြား ဝေငှခဲ့သည်။ အဆိုပါ စာစောင်က တပ်မတော်နည်းပညာကောလိပ်တွင် အောက်ပါအင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးမည်ဟု ကြေညာထားသည်။

  • မြို့ပြအင်ဂျင်နီယာ (Civil Engineering)
  • အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering)
  • လျှပ်စစ်အင်ဂျင်နီယာ (Electrical Power Engineering)
  • စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
    • (၁) စက်မှုစွမ်းအား (Mechanical Power)
    • (၂) စက်မှုပုံစံပြု (Machine Tools and Design)
  • ဓာတုအင်ဂျင်နီယာ (Chemical Engineering)
  • ဗိသုကာအင်ဂျင်နီယာ (Architectural Engineering)
  • စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ (Mechatronic Engineering)
  • လေကြောင်းနှင့်အာကာသအင်ဂျင်နီယာ (Aeronautical and Aerospace Engineering)
  • နျူကလီးယားနည်းပညာ (Nuclear Engineering)
  • သုတနည်းပညာအင်ဂျင်နီယာ (Information Technology)
  • ဇီဝသိပ္ပံ (Biotechnology)
  • ကွန်ပျူတာအင်ဂျင်နီယာ (Computer Engineering)
  • စက်မှုလုပ်ငန်းအင်ဂျင်နီယာ (Industrial Management)
  • သတ္ထုဗေဒအင်ဂျင်နီယာ (Metallurgical Engineering)
  • ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအင်ဂျင်နီယာ (Defense Industrial Engineering)
  • ရေကြောင်းအင်ဂျင်နီယာ (Marine Engineering)

တရားဝင်ကြေညာစာတွင် အထက်ပါမေဂျာ (၁၆) ခုကို သင်ကြားပေးမည် ဆိုထားသော်လည်း တကယ်တမ်း ကျောင်းသို့ရောက်၍ ကျောင်းသားများ မေဂျာရွေးရသည့်အခါ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ စက်မှုစွမ်းအားအင်ဂျင်နီယာ၊ စက်မှုပုံစံပြု အင်ဂျင်နီယာ၊ စက်မှု အီလက်ထရောနစ်အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာဟူ၍ မေဂျာ (၆) ခု ထဲမှသာ ရွေးချယ်ခွင့်ရကြသည်။ အပတ်စဥ် (၂) တုန်းကကဲ့သို့ မြို့ပြ အင်ဂျင်နီယာပင် မပါတော့ပေ။ ထိုကဲ့သို့ အပြောတခြား၊ အလုပ်တခြား ဖြစ်ခဲ့သည့် အပေါ်တွင်လည်း အပတ်စဥ် (၃) ကျောင်းသားများက များစွာ မကျေမနပ် ဖြစ်ခဲ့ကြသည်။

ဤသို့ဖြင့် လည်ပတ်လာခဲ့သော တပ်မတော်နည်းပညာကောလိပ်သို့ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီတွင် အပတ်စဥ် (၄) သင်တန်းသား (၁၀၀၀) ကျော် ထပ်မံရောက်ရှိလာခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် အပတ်စဥ် (၂) သင်တန်းသားများလည်း သင်တန်းကာလ (၂) နှစ်ပြည့်မြောက်ပြီဖြစ်၍ ၎င်းတို့ အတွက် အေဂျီတီအိုင်သင်တန်းဆင်းပွဲနှင့် တတိယနှစ် ဆက်လက် တက်ရောက်ခွင့် ရွေးချယ်မှုများလည်း နီးကပ်လာပြီဖြစ်သည်။ ယခင်က ဖြစ်ပျက်ခဲ့မှုများကို အပတ်စဥ် (၁) နှင့် (၂) သင်တန်းသား နောင်တော်ကြီးများ၏ ပြန်လည်ပြောပြမှုကြောင့် တစ်စွန်းတစ်စသိနေခဲ့သော အပတ်စဥ် (၃) သင်တန်းသားများသည် ထိုအချိန်တွင် ၎င်းတို့ ကိုယ်တိုင်လည်း သင်တန်းကာလတစ်နှစ်ပြီးမြောက်၍ ဒုတိယနှစ်သို့ စတင်တက်ရောက်ရတော့ မည်ဖြစ်ရာ ၎င်းတို့တစ်ဆင့်စကားဖြင့် ကြားသိခဲ့ရသော အေဂျီတီအိုင် သင်တန်းဆင်းပွဲကိစ္စနှင့် တတိယနှစ်သင်တန်း ဆက်တက်ခွင့်ရွေးချယ်စိစစ်မှု ပုံစံများကို လက်တွေ့မြင်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြ သည်။ တစ်ချိန်တည်းတွင် အသစ်ရောက်လာသော သင်တန်းသားအသစ်များ နှင့် ၎င်းတို့မိဘများကို တက်နေဆဲကျောင်းသားကြီးများက တပ်မတော် နည်းပညာကောလိပ်တွင် မတက်ရန်သာ နီးစပ်ရာအလိုက် တိုက်တွန်းနေကြ သည်။ ထိုအချိန်က ကျောင်းသားမိဘအများစုနှင့် သင်တန်းသားအသစ်များမှာ ထိုကဲ့သို့ တိုက်တွန်းမှုများအပေါ် နားမလည်နိုင်ပင် ဖြစ်ခဲ့ကြသည်။

၂၀၀၂ ခုနှစ်၊ မတ်လတွင် အပတ်စဥ် (၂) သင်တန်းသားများအတွက် အောင်စာရင်းထွက်လာသည်။ အပတ်စဥ် (၁) တုန်းက ရွေးချယ်သကဲ့သို့ပင် သင်တန်းသား (၄၃၅) ဦးထဲမှ (၁၁၅) ဦးကိုသာ တတိယနှစ် ဆက်တက်ခွင့် အတွက် ရွေးချယ်ခဲ့သည်။ တစ်နည်းအားဖြင့် (၂၅) ရာခိုင်နှုန်းသာ တတိယနှစ် ကို ဆက်တက်ခွင့်ပေးပြီး (၇၅) ရာခိုင်နှုန်းကို အေဂျီတီအိုင်လက်မှတ်ပေးကာ တပ်ကြပ်ကြီးအဆင့်ဖြင့် ကျောင်းဆင်းပေးမည့် သဘောဖြစ်သည်။ ယခင်အပတ်စဥ် (၁) မှာကဲ့သို့ပင် B.Tech ပြုတ်သွားသော ကျောင်းသား အများစုသည် စာပေအမှတ်ထက်၊ လေ့ကျင့်ရေးအမှတ် မပြည့်မီ၍သာ ပြုတ် သွားကြခြင်းဖြစ်ကြောင်း သိရပြန်သည်။ အောင်စာရင်းမထွက်မီ ကာလများ တွင် B.Tech ဆက်တက် ခွင့်ရရေးအတွက် သက်ဆိုင်ရာအရာရှိများကို လက်ဆောင်ပေးခြင်း၊ လာဘ်ထိုးခြင်းများလည်းဖြစ်ပေါ်ခဲ့သည်။ အောင်စာရင်း ထွက်သည့် ညတွင် တတိယနှစ် ဆက်တက်ခွင့်မရသော ကျောင်းသားများက သူငယ်ချင်းအချင်းချင်း ဖက်ငိုကြသလို၊ နောင်တော်ကျောင်းသားကြီး များထံတွင် ရင်ဖွင့်ငိုကြွေးကြသည်။ အထူးသဖြင့် စာပေပိုင်းတွင် ထူးချွန် ပါလျက် တတိယနှစ်ကို ဆက်တက်ခွင့်မရခဲ့သော ကျောင်းသားများဖြစ်သည်။ တကယ်တမ်းပြောရလျှင် ကျောင်းသားအများစုသည် ကျောင်းတွင် ကြုံတွေ့ နေရသော ခွဲခြားဆက်ဆံမှုများကြောင့် ဒုတိယနှစ်ဖြင့် သင်တန်းမဆင်းလိုဘဲ (၅) နှစ်လုံးတက်ကာ အင်ဂျင်နီယာဘွဲ့ B.E. ကိုသာ ရအောင်ယူလိုကြခြင်း ဖြစ်သည်။ ထိုအတွက် လေ့ကျင့်ရေးတွင် မည်မျှပင်ပန်းနေစေကာမူ စာပေ အပိုင်းတွင် နောက်ကျမနေအောင် အစွမ်းကုန်ကြိုးစားကြသည်။ သို့သော် စာပေပိုင်းတွင် ထူးချွန်သော်လည်း မည်သို့သတ်မှတ်သည်မှန်းမသိသော လေ့ကျင့်ရေးအမှတ်ဖြင့် B.Tech ဆက်တက်ခွင့်မရသည့်အပေါ် များစွာ ခံပြင်း ကြေကွဲကြသည်။ ဥပမာ ဒုတိယနှစ် ပထမစာသင်နှစ်ဝက်အထိ မိမိမေဂျာတွင် Roll No.1 Top 10 တွင် တစ်လျှောက်လုံး နေရာယူလာနိုင်ခဲ့သော ကျောင်းသားအချို့သည် တတိယနှစ်ဆက်တက်ခွင့်ကို လေ့ကျင့်ရေးအမှတ် မပြည့်မီမှုဟူသော အကြောင်းပြချက်ဖြင့် ဆုံးရှုံးခဲ့ရခြင်းမျိုး ဖြစ်သည်။

ထို့နောက် အပတ်စဥ် (၂) သင်တန်းသားများ AGTI သင်တန်းဆင်းပွဲနှင့် ဒီပလိုမာလက်မှတ်ပေးအပ်ပွဲ ကျင်းပကြသည်။ ယခုတစ်ကြိမ် သင်တန်းဆင်းပွဲ က ပထမအကြိမ်အပတ်စဥ် (၁) သင်တန်း ဆင်းပွဲထက် များစွာအကျည်းတန် အရုပ်ဆိုးခဲ့သည်။ ကျောင်းသားမိဘများလည်း မပါ၊ သက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများလည်းမပါဘဲ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်မှူးကြီး ဘိုးအောင် သာတက်ရောက် ဆင်းပေးခြင်းကို လက်မခံနိုင်သည့် ကျောင်းသား အချို့က ကျောင်းဆင်းပွဲကို မတက်ရောက်ကြတော့ဘဲ မိမိသက်ဆိုင်ရာ အိပ်ဆောင်များတွင်သာ နေလိုက်ကြသည်။ ကျောင်းဆင်းပွဲတွင် အပတ်စဥ် (၂) ကျောင်းသား စုစုပေါင်း (၃) ပုံ (၂) ပုံခန့်သာ တက်ရောက်ခဲ့ကြသည်။ ကျောင်းဆင်း ချီတက်ပွဲ ကျင်းပပြီးနောက် ကျောင်းသားများကို အလုပ်ရုံ ခန်းမကြီးထဲ ခေါ်သွင်းကာ AGTI လက်မှတ်ကို ကျောင်းသားတပ်ခွဲအလိုက် အိပ်ဆောင်မှူးများကို ပေးလိုက်ကြပြီး ၎င်းတို့ကမှတစ်ဆင့် ကျန်သော ကျောင်းသားများကို အိပ်ဆောင်အလိုက် လိုက်ဝေပေးခဲ့သည်။ အဆိုပါ အဖြစ်အပျက်အားလုံးကို အပတ်စဥ် (၃) ကျောင်းသားများက ယခုအခါ လက်တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ မိမိတို့အလှည့်ကျလျှင်လည်း ဤသို့ပင် ကြုံရဦးမည်ဟုတွေး၍ စိတ်ဓာတ်ကျသူက ကျလာသည်။

သင်တန်းနှစ်ကြိမ်ဆင်းပြီးချိန်တွင် ကျောင်းသားများ သတိထားမိ လာသော နောက်ထပ်အချက်တစ်ခုမှာ အေဂျီတီအိုင်ဒီပလိုမာလက်မှတ်ကို အတည်ပြုပေးသော ကျောင်းအုပ်ကြီးကိစ္စ ဖြစ်သည်။ အင်ဂျင်နီယာဘာသာရပ် ကို ဒီပလိုမာအဆင့် ပညာရေးပြီးဆုံးကြောင်း အတည်ပြုလက်မှတ်ရေးထိုး ပေးသူမှာ အင်ဂျင်နီယာပညာဖြင့် ဘွဲ့ရထားသူ မဟုတ်ဘဲ စစ်တက္ကသိုလ် ကျောင်းဆင်း BSc(DSA) ဘွဲ့ရထားသော တပ်မတော်နည်းပညာ ကောလိပ်ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဘိုးအောင် ဖြစ်နေသည့်အချက် ဖြစ်သည်။ ထိုအချက်ကြောင့် ကျောင်းသားအချို့သည် ကျောင်းမှပေးအပ်သော ဒီပလိုမာအပေါ် ယုံကြည်မှု အနည်းငယ် ကျလာခဲ့သည်။

ထိုသို့ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် နောက်ထပ်ကောလာဟလ သတင်း တစ်ခုက ကျောင်းသားများကြား ပျံ့နှံ့ဝင်ရောက်လာသည်။ အပတ်စဥ် (၂) သင်တန်းသားများ ကျောင်းဆင်းပွဲကျင်းပပြီးနောက် တတိယနှစ်သို့ ဆက်လက်တက်ရောက်နေချိန်တွင် အပတ်စဥ် (၁) သင်တန်းသားများ မှာလည်း စတုတ္ထနှစ်သို့ စတင်တက်ရောက်နေပြီ ဖြစ်သည်။ အပတ်စဥ် (၁) သင်တန်းသားများသည် ကျောင်း၏ ခေါ်စာ သတ်မှတ်ချက်အရ စတုတ္ထနှစ် ပြီးဆုံးလျှင် B.Tech ဘွဲ့ရရှိကြတော့မည် ဖြစ်သည်။ စတုတ္ထနှစ်ကို ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသားများကို နောက်ဆုံးနှစ် (ပဉ္စမနှစ်) သို့ ဆက်တက် ခွင့်ရကာ အင်ဂျင်နီယာဘွဲ့ B.E. ဘွဲ့ပေးရမည် ဖြစ်သည်။ သို့သော် အဆိုပါ ဘွဲ့များကို မည်သို့ပေးအပ်မည် ဆိုသည်နှင့်ပတ်သက်၍ ကျောင်းတွင် မည်သည့်အစီအစဥ်မှ ရှိပုံမပေါ်သေးချေ။ ဘွဲ့ကို တပ်မတော်နည်းပညာ ကောလိပ်မှာပင် ပေးမည်လား၊ အခြားတက္ကသိုလ်တစ်ခုခုနှင့် တွဲဖက်၍ ပေးမည်လား ဆိုသည်ကို ကျောင်းသားများက စိတ်ဝင်စားနေသည်။ ပညာရေး ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များအရ ကောလိပ်သည် ဘွဲ့နှင်းသဘင်ကျင်းပ၍ ဘွဲ့ပေးအပ်ခွင့်မရှိဆိုသည်ကို ထိုစဥ်က တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလူငယ်များ မသိရှိခဲ့ကြပေ။ ထိုကြောင့် ကောလိပ်မှာပင် ဘွဲ့နှင်းသဘင်ခန်းမဆောက်၍ ပေးမည်လား ဆိုသည်ကိုလည်း မျှော်လင့် နေကြသည်။ ထိုအချိန်တွင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ ကို B.Tech ဘွဲ့နှင့် B.E. ဘွဲ့များပေးရန် အစီအစဥ် မရှိကြောင်း ကောလာဟလ သတင်းတစ်ခုက ဘယ်ကဝင်လာမှန်းမသိဘဲ ကျောင်းသားများကြား ပျံ့နှံ့လာ သည်။

နဂိုကတည်းက မယုံကြည်စိတ်၊ သံသယစိတ်များဖြင့် ပြည့်နှက်နေသော ကျောင်းသားများကြားကို ဤကောလာဟလသတင်းက သံသယစိတ်များကို မီးထိုးပေးသလို ဖြစ်လာသည်။ ထို့ကြောင့် စတုတ္ထနှစ် ကျောင်းသားကြီးများက သက်ဆိုင်ရာ အရာရှိကြီးများထံသွားရောက်၍ အဆိုပါကိစ္စအား ဖြေရှင်းပေးရန် တောင်းဆိုကြသည်။ အရာရှိကြီးများ ကိုယ်တိုင်လည်း ဘွဲ့ပေးရန် အစီအစဥ်ရှိ၊ မရှိကို ကောင်းစွာသိရှိထားပုံမပေါ်ဘဲ ကျောင်းသားများကို “မင်းတို့အရာ မပါဘူး၊ လူကြီးတွေ စီစဥ်လိမ့်မယ် ငြိမ်ငြိမ်နေကြ”ဟုသာ ဆူပူမာန်မဲ လွှတ်လိုက်ကြသည်။ ထိုကိစ္စအတွက် ကျောင်းသားများကြား လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို သတိပြုမိသော ညှိနှိုင်းရေးဗိုလ်မှူးကိုယ်တိုင်ကလည်း ကျောင်းသားများ တန်းပေါင်းစီသော စစ်ရေးပြကွင်းတွင် “မင်းတို့ကောင်တွေ ဘဝင်မမြင့်ကြနဲ့၊ မင်းတို့ဘာသာ ဘာဘွဲ့ရရ၊ အခြားအဆင့်က အခြားအဆင့်ပဲ၊ အရာရှိ ဖြစ်မလာဘူး၊ ကိုယ့်အဆင့် ကိုယ်သိကြ” ဟုဆိုကာ ပြဿနာကို ဖြေရှင်းမပေး သည့်အပြင် ကျောင်းသားများ၏ သံသယကို ပိုမိုကြီးထွားစေသော နှိမ့်ချ ဆက်ဆံသည့် စကားအသုံးအနှုန်းများကို သုံးနှုန်းပြောဆိုသွားသည်။ အဆိုပါ ကောလာဟလကို သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များ၊ အရာရှိများ သိနေကြ သော်လည်း ကျောင်းသားများကို နားလည်အောင် မည်သည့်အရာရှိမျှ အကျေ အလည် ရှင်းပြပြောဆိုခြင်းများ မရှိခဲ့ကြချေ။

ဆိုခဲ့ပါ အခြေအနေအားလုံးသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှု ပေါ်ပေါက်လာစေရန် ကာလရှည်ကြာစွာ တွန်းပို့လာ နေသော နောက်ခံအကြောင်းအရင်းများပင် ဖြစ်သည်။ ကျောင်းသားများသည် ထိုအခြေအနေများအပေါ် မကျေနပ်၍ ထွက်ပေါက်ရှာရာတွင်လည်း ကျောင်းမှ ထွက်ပြေးခြင်းမှတစ်ပါး အခြားမရှိပေ။ ထွက်ပြေးလျှင်လည်း လူ့ဂုဏ်သိက္ခာမဲ့ စွာ သူငယ်ချင်းကျောင်းသားများ၏ ရှေ့မှောက်တွင် လက်ထိပ်တန်းလန်းနှင့် တပ်ထုတ်ပွဲလုပ်၍ အရပ်ဘက်အကျဉ်းထောင်တွင် အနည်းဆုံးထောင်ဒဏ် (၁) နှစ်ကျခံရကာ ထောင်ထွက်ဘဝဖြင့် အဆုံးသတ်ရမည် ဖြစ်သည်။ ဤ အခြေအနေအောက်တွင် ခံပြင်းမှု၊ မကျေနပ်မှု၊ ထွက်ပေါက်မဲ့မှု၊ အထက် တာဝန်ရှိသူများအပေါ် မယုံကြည်မှု၊ စိတ်ဓာတ်ကျဆင်းမှုတို့ ပြည့်နှက်လာနေ သော တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကို အတည့်အလင်း လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရန် စေ့ဆော်ပေးလိုက်သော ဖြစ်ရပ်တစ်ခုက မမျှော်လင့်ပဲ ပေါ်ပေါက်လာခဲ့သည်။

၂၀၀၂ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသားဦးရေကို (၃၅၀၀) စတင်ခေါ်ယူခဲ့သည်။ ယခင်က (၅၀၀) ဝန်းကျင်သာခေါ်ယူခဲ့ရာမှ ထိုကဲ့သို့ တိုးမြှင့်ခေါ်ယူလိုက်ရာ စစ်တက္ကသိုလ်သင်တန်း (၃) နှစ် ပြီးဆုံးမည့် ၂၀၀၅ ခုနှစ်တွင် ကျောင်းဆင်းချီတက်ပွဲလျှောက်မည့် သင်တန်းသားဦးရေမှာ (၁၁၅၀၀) ဝန်းကျင်ရှိနေမည် ဖြစ်သည်။ ထိုပွဲအတွက် စစ်ရေးပြကွင်း အနေအထားနှင့် အခြားလိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်စေရန် အဆိုပါပမာဏရှိသည့် သင်တန်းသားအရေအတွက်ဖြင့် အစမ်းလေ့ကျင့် ချီတက်မှုများ ပြုလုပ်ရန် စီစဥ်ကြသည်။ ထိုပမာဏအတိုင်း ဖြစ်စေရန်မှာ စစ်တက္ကသိုလ်ကျောင်းရှိ သင်တန်းသားများနှင့်သာ မလုံလောက်တော့ဘဲ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသော တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နှင့် တပ်မတော်နည်းပညာကောလိပ်တို့မှ ကျောင်းသားများကိုပါ ခေါ်ယူ၍ အင်အားဖြည့် လေ့ကျင့်ရသည်။ အဆိုပါကျောင်းသားများအားလုံး စစ်တက္ကသိုလ်ဝင်းအတွင်းရှိ စစ်ရေးပြကွင်းသို့ သွားရောက်စုဝေးကြရသည်။ တပ်မတော်နည်းပညာကောလိပ်မှ အပတ်စဥ် (၃) ခုပေါင်း သင်တန်းသားဦးရေ (၃၃၀၀) ဝန်းကျင်က အားဖြည့်လေ့ကျင့်ပေးရသည်။ အဆိုပါလေ့ကျင့်မှုကို ထိုအချိန်က ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး လည်းဖြစ်သော ဗိုလ်မှူးချုပ်တစ်ဦးက ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့သည်။ စစ်ရေးပြကွင်းအတွင်း တပ်ခွဲ၊ တပ်ရင်းအလိုက် ကျောင်းသားများကို စုဝေးစေပြီး သက်ဆိုင်ရာ ကျောင်းသား တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ တပ်စုမှူးများ ခန့်အပ်ကြသည်။ အခြားသော တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းသား များတွင် မိမိကျောင်းသားနှင့် မိမိတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးများ လုပ်ခွင့်ရကြသော်လည်း တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ အတွက်မူ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများကသာ နည်းပညာကောလိပ်ကျောင်းသား တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများကို အမိန့်ပေးကွပ်ကဲရမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားလိုက်သည်။ အကြောင်းပြချက်က နည်းပညာကောလိပ် ကျောင်းသားများသည် အရာရှိလောင်းများ မဟုတ်သည့်အတွက် ထိုကဲ့သို့ ဦးစီးကွပ်ကဲခွင့်မရှိခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤကိစ္စကို တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများက လက်မခံနိုင်ကြချေ။ မိမိ ကျောင်းသားများကို မိမိတို့ တပ်မတော်နည်းပညာကောလိပ်ကျောင်းသား တပ်ရင်း၊ တပ်ခွဲ၊ တပ်စုမှူးများကသာ ဦးစီးကွပ်ကဲအမိန့်ပေးခွင့်ရစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ နည်းမျိုးစုံဖြင့် တောင်းဆိုကြသော်လည်း အရာရှိများက လက်မခံပယ်ချကြသည်။

ကျောင်းသားများယူဆသည်မှာ ယခုကိစ္စသည် တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားထု၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ သက်ဆိုင်ရာ အရာရှိများက ကျောင်းပေါင်းစုံ ကျောင်းသားများအလယ်တွင် သက်သက် ခွဲခြားဆက်ဆံ၍ အရှက်ခွဲခြင်းဖြစ်သည်ဟူ၍ မှတ်ယူကြသည်။ ဤကိစ္စအပေါ် လက်မခံအဖြစ်ဆုံးသူများမှာ စတုတ္ထနှစ်ကျောင်းသားကြီးများ ဖြစ်သည်။ စစ်တပ်တွင် စီနီယာ-ဂျူနီယာ ဆက်ဆံရေးပုံစံရှိသည်ဖြစ်ရာ ကိုယ့်ထက် တစ်တန်းကြီးသူကို ဂျူနီယာများက လေးစားဂါရဝထားကြရသည်မှာ ထိုစနစ် ၏ အဓိကအချက်ဖြစ်သည်။ ထိုစနစ်၏ ခံယူချက်များကိုလည်း လေ့ကျင့်ရေး အရာရှိများက တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများထံ လေ့ကျင့် ရိုက်သွင်းထားခဲ့ရာ ယခုအခါ စီနီယာမာန်က အဆိုပါစတုတ္ထနှစ် ကျောင်းသား ကြီးများကို စေ့ဆော်လာသည်။

အကြောင်းမှာ စစ်တက္ကသိုလ်သည် ထိုအချိန်က စုစုပေါင်း (၃) နှစ်သာ တက်ရောက်ရပြီး ၎င်းတို့ကျောင်း၏ နောက်ဆုံးနှစ်ကျောင်းသား (အကြီးဆုံး ကျောင်းသား) မှာ တတိယနှစ်သာ ဖြစ်ပြီး စစ်တပ်စကားနှင့် ပြောရလျှင် လက်မောင်းတွင် အတုံး (၃) တုံး (ရောက်ရှိသည့် စာသင်နှစ်ကို ပြသသော အဖြူစင်းကြောင်း (၃) ကြောင်း) သာရှိသည်။ တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားကြီးများမှာ စတုတ္ထနှစ် (လက်မောင်းတွင် လေးတုံး) ရှိနေသည်။ မိမိအောက် အတန်းငယ်သော၊ ဂျူနီယာကျသော ကျောင်းသား များ၏ အမိန့်ပေးကွပ်ကဲမှုကို နာခံရမည်ဆိုသည်မှာ အဆိုပါ ကျောင်းသားကြီး များအတွက် ခံပြင်းစရာကောင်းနေသည်။ ထိုကြောင့် နောက်ဆုံးအနေဖြင့် ကျန်သောကျောင်းသားများကို ချီတက်လေ့ကျင့်မှုတွင် ထည့်သွင်းပါ၊ စတုတ္ထနှစ်များကို ချန်ထားပေးပါဟူသော တောင်းဆိုမှု ထပ်မံပြုလုပ်ရာတွင် လည်း သက်ဆိုင်ရာအရာရှိများ၏ထပ်မံ ပယ်ချခြင်းကို ခံရပြန်သည်။

ဤသို့ဖြင့် မကျေမနပ်စိတ်ဖြင့် ၎င်းတို့ညွှန်ကြားသည့်အတိုင်း သက်ဆိုင်ရာတပ်ခွဲများတွင် ဝင်ရောက်တန်းစီကာ စစ်တက္ကသိုလ် ဗိုလ်လောင်း များ၏ အမိန့်ပေးစေခိုင်းမှုအတိုင်း တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ နာခံလုပ်ဆောင်ကြရတော့သည်။

ထိုအချိန်တွင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ တပ်ခွဲ တစ်ခုကို ဦးစီးအမိန့်ပေးနေသူ ဗိုလ်လောင်းတစ်ဦးက တပ်ခွဲထဲရှိ နည်းပညာ ကောလိပ် ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းမှုများ လုပ်လာသည်။ ကျောင်းသားအချင်းချင်းဆုံလျှင် ပြောနေကျ နှိမ့်ချ ဆက်ဆံသည့် အသုံးအနှုန်းများကို မောက်မာစွာ သုံးနှုန်းပြောဆိုလာသည်။ ထိုအချိန်တွင် မခံမရပ်နိုင်ဖြစ်သွားသော နည်းပညာကောလိပ် ကျောင်းသားအချို့က ချီတက်စဥ် ကိုင်ဆောင်လာသော စစ်ရေးပြသေနတ်မှ လှံစွပ်ဖြင့် ထိုးရန်ပြင်ကြရာမှ တပ်ခွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။ တစ်ချိန် တည်းတွင် အခြားတပ်ခွဲများအတွင်း၌လည်း ချီတက်နေစဥ်အတွင်းမှာပင် ကျောင်းသားချင်း ခွဲခြားနှိမ့်ချ ပြောဆိုမှုကြောင့် တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းသားအချို့နှင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားအချို့ကြား အချင်းများ၍ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ အ‌လေးပြုခံစင်မြင့်ပေါ်မှနေ၍ စစ်ကြောင်းများကို စောင့်ကြည့်နေသော ပြင်ဦးလွင် တပ်နယ်မှူးနှင့် အရာရှိများက ထိုအခြေအနေကို လှမ်းမြင်၍ အသံချဲ့စက်ဖြင့် လှမ်းအော်အမိန့်ပေးကာ အလျင်အမြန် ထိန်းသိမ်းလိုက်နိုင် ခြင်းကြောင့်သာ ကျောင်းသားအဓိကရုဏ်း ပေါ်ပေါက်မလာခဲ့ခြင်း ဖြစ်သည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ပြင်ဦးလွင် ကျောင်းသားထုအလယ်တွင် တမင်ခွဲခြားချိုးနှိမ်ခံခဲ့ရမှုအပေါ် မကျေနပ်မှု ကြောင့် အထက်ပါ ရုန်းရင်းဆန်ခတ်များဖြစ်ပြီး စစ်ကြောင်း နားချိန်များတွင် စစ်ရေးပြကွင်းထဲမှ တန်းဖြုတ်ပြီး ထွက်ခွာချိန်နှင့် တန်းပြန်စီချိန်များတွင် တပ်စုလိုက် သေနတ်ထမ်း၍ စနစ်တကျ ထွက်ခွာခြင်း၊ ပြန်ဝင်လာခြင်းများ မလုပ်တော့ဘဲ မျက်လုံး ဒေါက်ထောက်ကြည့်နေကြသော တပ်မတော် အကြီးတန်း အရာရှိကြီးများရှေ့မှောက်တွင် တစ်ယောက်တစ်ပေါက်စီ ထွက်ခွာခြင်း၊ ပြန်ဝင်ခြင်း၊ သေနတ်များကို တရွတ်တိုက်ဆွဲ၍ ကိုင်ဆောင်ပြ ခြင်းများ တမင်လုပ်ပြကာ “၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြသ ခဲ့ရာ နောက်ဆုံး မြင်မကောင်းတော့သည့်အဆုံး တပ်နယ်မှူးကိုယ်တိုင် “တနကကျောင်းသားများ စစ်စည်းကမ်းလိုက်နာပေးကြပါ” ဟူ၍ အသံချဲ့စက် ဖြင့် အော်ဟစ်သတိပေးရသည့်အဆင့်ထိ အကျည်းတန်ခဲ့ရသည်။

အစမ်းလေ့ကျင့်ချီတက်ပွဲ ပြီးဆုံးသွားခဲ့သည့်တိုင် တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားများအဖို့ အဆိုပါပြဿနာက အဆိုပါ နေရာတွင်ပင် ပြီး မသွားခဲ့ပေ။ ကျောင်းပြန်ရောက်၍ ကျောင်းသားအချင်းချင်း ရင်ဖွင့်ပေါက်ကွဲ ကြပြန်သည်။ တပ်မတော်အရာရှိများက မိမိတို့ကျောင်းသားများအပေါ် ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် MTC ကျောင်းသားထုတစ်ရပ်လုံးအပေါ် စော်ကားခြင်း ဖြစ်ကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံခံရသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်း ကြရမည် ဖြစ်ကြောင်း၊ နောက်ရောက်လာမည့် မျိုးဆက်သစ်လူငယ်များကို ဒီလို မွန်းကျပ်မှုတွေ၊ ဂုဏ်သိက္ခာမဲ့မှုတွေ ဆက်လက်မဖြစ်စေဖို့အတွက် ငါတို့ ကျောင်းသားများအနေဖြင့် တစ်ခုခုလုပ်ဆောင်သင့်ကြောင်း ရင်ဖွင့်ပေါက်ကွဲ ရင်း တိုင်ပင်ဖြစ်သွားကြသည်။

ပုံ – ၃
တပ်မတော်နည်းပညာကောလိပ်ကျောင်းမုခ်ဝ။

ပုံ – ၄


တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများ စာသင်ခန်းသို့ တပ်ခွဲအလိုက် ချီတက်သွားနေပုံ။

ပုံ – ၅
တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများ စစ်ရေးပြလေ့ကျင့်နေပုံ။

ပုံ – ၆
တပ်မတော်နည်းပညာကောလိပ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်။

ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားပေါ်ပေါက်ပုံ

တပ်မတော်နည်းပညာကောလိပ်တွင် တစ်လျှောက်လုံးဖြစ်ပျက်နေခဲ့သော အခြေအနေအရပ်ရပ်ကို ပြန်လည်ထောက်ရှုမည်ဆိုပါက မတရားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အရင်ဆုံး ကျောင်းသားနှင့် အစိုးရတို့ကြား ထားရှိခဲ့သော ပဋိဉာဉ်ကို အစိုးရဘက်မှ တစ်ဖက်သတ် ချိုးဖောက်ခဲ့ပြီး တစ်ဦးတည်း သဘောဖြင့် ပြင်ဆင်ပြောင်းလဲခဲ့ခြင်း၊ ကျောင်း၏ ခေါ်စာအရ သာမက ကျောင်းအာဏာပိုင်တို့၏ အထပ်ထပ်အခါခါ ပြောကြားချက်များအရ ထူးချွန်စွာ အောင်မြင်သော ကျောင်းသားတိုင်းကို B.Tech ဆက်တက်ခွင့်ပေး မည်ဆိုသော ကတိကဝတ်ကို လက်တွေ့တွင် ချိုးဖောက်ကာ B.Tech ဆက် တက်ခွင့်ရ ကျောင်းသားများကို အရည်အချင်းဖြင့်မဟုတ်ဘဲ အရေအတွက်ဖြင့် ဖြတ်ချနေခြင်း၊ အင်ဂျင်နီယာကျောင်းဟု အမည်ခံထားသော်လည်း လက်တွေ့ တွင် ကျောင်းအာဏာပိုင်များဘက်မှ အင်ဂျင်နီယာပညာရပ်ကို အလေးမထား ဘဲ တိုက်ခိုက်ရေးလေ့ကျင့်မှုဘက်သို့သာ ပို၍ အလေးထားလုပ်ဆောင်နေခြင်း၊ အင်ဂျင်နီယာကောလိပ်တစ်ခုကို အင်ဂျင်နီယာပညာရပ်အကြောင်း လုံးဝမသိ သော တိုက်ခိုက်ရေးဘက်မှ လာသည့် ဗိုလ်မှူးကြီးတစ်ဦးက ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူနေခြင်း၊ အင်ဂျင်နီယာဒီပလိုမာလက်မှတ် (အေဂျီတီအိုင် လက်မှတ်) ကို အင်ဂျင်နီယာပညာရှင်မဟုတ်သော B.Sc (DSA) ဘွဲ့ရ ဗိုလ်မှူးကြီးတစ်ဦးက အတည်ပြုလက်မှတ်ရေးထိုးပေးခြင်း၊ ကျောင်းမတက် ချင်၍ အိမ်ပြန်သော ကျောင်းသားများကို လူငယ်တစ်ဦးအတွက် ဂုဏ်သိက္ခာမဲ့ စေသော တပ်ထုတ်ပွဲကျင်းပကာ အရပ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ချမှတ်စေခြင်းဖြင့် ပြစ်ဒဏ်နှင့်ပြစ်မှုကို မတန်တဆသတ်မှတ်ကာ ဖိနှိပ် နေခြင်း၊ ကျောင်းဆင်းပွဲ၊ ဘွဲ့လက်မှတ်ပေးအပ်ပွဲတို့ကို မလေးမစား လုပ်ဆောင်နေခြင်း၊ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသော တပ်မတော်သင်တန်း ကျောင်းကြီးများမှ ကျောင်းသားများနှင့်ယှဥ်၍ ခွဲခြားဆက်ဆံခံနေရခြင်း၊ နောက်ဆုံးတွင် ဘွဲ့ပေးမည့် အစီအစဥ်နှင့် ပတ်သက်၍ ကျောင်းသားများက ဖြေရှင်းပေးရန် တောင်းဆိုမှုကိုပင် မလေးမစားဆက်ဆံကာ လျစ်လျူရှုထားခဲ့ ခြင်း စသော အခြေအနေတို့သည် နောက်ဆုံးတွင် ကျောင်းသားများခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာစေတော့သည်။ ၎င်းမှာ “ငါတို့လူငယ်တွေကို အင်ဂျင်နီယာဘွဲ့နဲ့ မျှားပြီး စစ်သားအင်အား စုဆောင်းနေခြင်းလော” ဆိုသည့် အတွေးဖြစ်သည်။ ထိုအခြေအနေကို ယခုကျောင်းဖွင့်ခါစ အရင်ဆုံး တက်နေ သော ကျောင်းသားကြီးများက စောစီးစွာ ဖြေရှင်းမထားလျှင် နောက်နှစ်၊ နောက်နှစ် များတွင်လည်း (၁၀) တန်းအောင်စ လူငယ်များကို ယခုကဲ့သို့ပင် ဆက်လက်စုဆောင်းနေကြဦးမည် ဆိုသည့် ခံယူချက်ဖြင့် စတုတ္ထနှစ် ကျောင်းသားများက သက်ဆိုင်ရာလူကြီးများထံ အကျိုးအကြောင်းကို စာရေးတင်ပြရန် ဆုံးဖြတ်လိုက်ကြသည်။

ပထမအကြိမ်တွင် အခြားသော ဂျူနီယာကျောင်းသားများကို အသိမပေး တော့ဘဲ စီနီယာကျောင်းသားကြီးများသာ စုပေါင်းလက်မှတ်ထိုး၍ ကျောင်းအုပ်ကြီးထံသို့ တင်ပြကြသည်။ ဂျူနီယာကျောင်းသားများကို အသိမပေးရခြင်းမှာ အထူးသဖြင့် အပတ်စဥ် (၃) သင်တန်းသားများသည် လူအင်အား (၂၀၀၀) ကျော်ရှိပြီး လူငယ်များဖြစ်သည့် အားလျော်စွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှု များရှိလာလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ် ခြင်း၊ စတုတ္တနှစ် ကျောင်းသားများ တောင်းဆိုသောအချက်များ ရရှိလျှင် စတုတ္ထနှစ် ကျောင်းသားများသာမက ကျန်သော ကျောင်းသားအားလုံးလည်း အခွင့်အရေးခံစားရမည်သာဖြစ်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ထိုစဥ်က စတုတ္ထနှစ် ကျောင်းသားကြီးများ တောင်းဆိုခဲ့သော အချက်များမှာ –

(၁) တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း အေဂျီတီအိုင် (ဒီပလိုမာ) သင်တန်းအမည်ဖြင့် ခေါ်ယူခဲ့စဥ်က ပေးထားခဲ့သည့် “ဒုတိယ နှစ်သင်တန်းကို ထူးချွန်စွာ အောင်မြင်လျှင် စက်မှုတက္ကသိုလ်တစ်ခုခုတွင် ဆက်လက်တက်ရောက်ခွင့်ရှိသည်” ဟူသော ကတိကဝတ်ကို ဖြည့်ဆည်း ပေးရန်။
(၂) တတိယနှစ်ဆက်တက်ခွင့်ကို ရွေးချယ်ရာတွင် အရေအတွက် (ရာခိုင်နှုန်း ဖြင့်) မဟုတ်ဘဲ ခေါ်စာပါ ကတိကဝတ်အတိုင်း ထူးချွန်စွာ အောင်မြင်သူ တိုင်းကို တက်ခွင့်ပေးရန်။
(၃) အင်ဂျင်နီယာကျောင်းကို အုပ်ချုပ်နေသောကျောင်းအုပ်ကြီးသည် အနည်း ဆုံး Ph.D. (Engineering) အဆင့် ပညာအရည်အချင်းရှိသူ တစ်ဦးကိုသာ ခန့်ထားပေးရန်။
(၄) တပ်မတော်နည်းပညာကောလိပ်သည် နည်းပညာ (အင်ဂျင်နီယာ) ကျောင်း ဖြစ်သည့်အတွက် အင်ဂျင်နီယာဘာသာရပ်ကို အလေးပေး ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန်နှင့် နည်းပညာ (အင်ဂျင်နီယာ) ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ အင်အားကို လုံလောက်စွာ စီစဥ် ပေးရန်။
(၅) နည်းပညာဘွဲ့ (B. Tech) ကို အချိန်ကာလအားဖြင့် (၄) နှစ် တက်ရောက် ရပြီး၊ အင်ဂျင်နီယာဘွဲ့ (B.E.) ကို အချိန်ကာလအားဖြင့် (၅) နှစ် တက်ရောက်ခဲ့ရသည် ဖြစ်သောကြောင့် ၎င်းဘွဲ့ကို ရရှိပြီးသော ကျောင်းသားများအား ဘွဲ့များနှင့်လျော်ညီသော ရာထူးတစ်ခုခုကို သတ်မှတ်ပေးရန်။
(၆) အေဂျီတီအိုင်ဒီပလိုမာလက်မှတ်နှင့် နောင်တွင်ရရှိလာမည့် ဘွဲ့လက်မှတ် များကို လက်ရှိကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဘိုးအောင်က လက်မှတ်ထိုး သည်မျိုးမဟုတ်ဘဲ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော အဆင့်မြင့်အင်ဂျင်နီယာဘွဲ့ရ ပညာရှင်တစ်ဦးဦးကသာ လက်မှတ်ရေးထိုး ပေးရန်… တို့ဖြစ်သည်။

အဆိုပါအချက်တို့ကို ပထမအဆင့်အနေဖြင့် ကျောင်းအုပ်ကြီးရုံးသို့ တင်ပြကာ အကြောင်းပြန်မှုကို စောင့်နေခဲ့သည်။ တစ်ပတ်ခန့်ကြာသည့်အထိ စောင့်၍ အကြောင်းမပြန်သည့်အခါ ဒုတိယအကြိမ် ထပ်တင်ကြပြန်သည်။ ဒုတိယ အကြိမ် တင်ပြမှုကိုလည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသည့်အခါတွင်တော့ စတုတ္ထနှစ်ကျောင်းသားကြီးများသည် နောက်တစ်ဆင့်တက်၍ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့အတွက် အပတ်စဥ် (၂) သင်တန်း (ထိုစဥ်က တတိယနှစ်) ကျောင်းသားများနှင့် တွေ့ဆုံ၍ ၎င်းတို့လုပ်ဆောင်နေမှု အခြေ အနေနှင့် ရည်ရွယ်ချက်တို့ကို ရှင်းပြကာ နောက်တစ်ဆင့်အနေဖြင့် အဆင့်မြင့် တာဝန်ရှိသူများထံသို့ တိုက်ရိုက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရှင်းပြ သည်။ ယခုကိစ္စသည် ပညာရေးနှင့် ပတ်သက်သည့်အတွက် အရင်ဆုံး ပညာရေးကော်မတီ ဥက္ကဋ္ဌ (ထိုစဥ်က ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်)၊ ကျောင်း ကို တိုက်ရိုက်ကွပ်ကဲနေသော လေ့ကျင့်ရေးအရာရှိချုပ်ရုံး (ထိုစဥ်က ဗိုလ်ချုပ် ကျော်ဝင်း)၊ တပ်မတော်နည်းပညာကောလိပ် တည်ရှိရာ ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းအတွင်း၌ ရှိနေသောကြောင့် ထိုစဥ်က အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ် ရဲမြင့်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်အေးတို့ထံ မိတ္တူပို့ကာ မူရင်းကို ထိုစဥ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လိပ်မူ၍ ကျောင်းတွင် ဖြစ်ပျက်နေသော အခြေအနေနှင့် ကျောင်းသားတို့ လိုလားသော ပြုပြင် ပြောင်းလဲမှုများကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း စတုတ္ထနှစ် ကျောင်းသားများက တတိယနှစ်ကျောင်းသားများကို ရှင်းပြသည်။ ထို့နောက် အဆိုပါ အဆင့်မြင့်အရာရှိများ၊ ရုံးများထံသို့ စာပို့ရန်အတွက် အဆက်အသွယ် ရှိသူများရှိပါက ယခုကိစ္စကို ကူညီရန်လည်းပြောသည်။ တတိယနှစ် ကျောင်းသားများအနေဖြင့်လည်း စီနီယာများလုပ်ဆောင်မှုကို သဘောတူ ကြောင်းနှင့် အဆက်အသွယ်ရှိသူများကို စုံစမ်းရှာဖွေပေးမည်ဖြစ်ကြောင်း ပြော၍ပြန်ခဲ့ကြသည်။ ထို့နောက် ရရှိသော အဆက်အသွယ်များဖြင့် အဆိုပါ ရုံးများသို့ စီစဥ်ထားသည့်အတိုင်း တင်ပြစာများ ပို့ဖြစ်ခဲ့ကြသည်။ သို့သော် ၎င်းစာများပို့ပြီးနောက် တစ်လခန့်ကြာသည်အထိ မည်သည့်အကြောင်းပြန်မှု မျှ မရရှိခဲ့ပေ။

ဤအချိန်အတောအတွင်း၌ ကျောင်းသားလှုပ်ရှားမှုတို့၏ သဘော သဘာဝအတိုင်း ကျောင်းသားချင်း သဘောထားကွဲလွဲမှုအချို့ ပေါ်ပေါက်လာ သည်။ ကျောင်း၏ ပြဿနာကို သက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုရေးကိစ္စ ဆွေးနွေးတိုင်ပင်ကြရာတွင် ဒုတိယနှစ်ကျောင်းသား (အပတ်စဥ် ၃) များနှင့် ပထမနှစ် ကျောင်းသား (အပတ်စဥ် ၄) များကို ချန်ထားခဲ့ခြင်းအပေါ် ဒုတိယနှစ်ကျောင်းသားများက မကျေမနပ် ဖြစ်လာကြ သည်။ ဤနေရာတွင် ပထမနှစ်ကျောင်းသားများမှာ ကျောင်းသို့ရောက်ခါစ သက်တမ်းအားဖြင့် (၂) လခန့်သာ ရှိသေးသည့်အတွက် ကျောင်း၏ အခြေအနေ ကို ကောင်းစွာမသိရှိသေးပေ။ ထို့ကြောင့် ကျောင်း၏ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရာတွင် ၎င်းတို့အား ချန်လှပ်ထားခြင်းမှာ သဘာဝကျပါသည်။ သို့သော် သက်တမ်းအားဖြင့် တစ်နှစ်ကျော်လာပြီဖြစ်သလို ကျောင်းတွင် စီနီယာနေရာ သို့လည်း ရောက်ရှိလာပြီဖြစ်သည့် ဒုတိယနှစ်ကျောင်းသားများကို ကျောင်း ကိစ္စ တိုင်ပင်ဆွေးနွေးရာတွင် ချန်လှပ်ထားခဲ့ခြင်းမှာ စီနီယာကျောင်းသားကြီး များ အနေဖြင့် မရိုးသားမှု တစ်ခုခု ရှိနေခြင်းကြောင့်သာ ဖြစ်မည်ဟု ဒုတိယနှစ်ကျောင်းသားများက ထင်မြင်ယူဆကြသည်။ ကျောင်းတွင် ဖြစ်ပျက် သမျှ မတရားမှုနှင့် အခက်အခဲများကို အတူတကွ ရင်ဆိုင်နေရချိန်မှာပင် ကျောင်းသားအချင်းချင်း ထိုသို့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။

အေဂျီတီအိုင် သင်တန်းသည် (၂) နှစ်ဖြင့် ဆင်းရမည်ဖြစ်ပြီး တတိယနှစ် (B.Tech) ဆက်တက်ခွင့်ရသူများသည် အေဂျီတီအိုင် ကျောင်းဆင်းများနှင့် အဆင့်အတန်းများစွာ ကွာခြားသွားလိမ့်မည်ဟု ထိုစဥ်က ကျောင်းသား အများစုက လက်ခံယုံကြည်ထားကြသည်။ ထို့ကြောင့် တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသားများသည် ကျောင်းသားအများစု စိုးရိမ်နေသော အေဂျီတီအိုင်လက်မှတ်ယူ၍ တပ်ကြပ်ကြီးရာထူးဖြင့် ကျောင်းဆင်းရမည့် အဖြစ်ကို ကျော်လွှားပြီးသူများဖြစ်သည့် အားလျော်စွာ ၎င်းတို့နှင့် မသက်ဆိုင် တော့သည့် ဒုတိယနှစ်ကျောင်းဆင်းရမည့်ကိစ္စကို ထည့်သွင်းစဥ်းစားကြလိမ့် မည် မဟုတ်ဟု ဒုတိယနှစ်ကျောင်းသားများက ယူဆကြသည်။ ကျောင်း၏ ရှေ့နောက်မညီညွတ်သောစနစ်၏ အပြစ်ဟုသာ ဆိုရပေမည်။ ဤအယူအဆ ကို အခြေခံကာ ဒုတိယနှစ်ကျောင်းသားများကလည်း မိမိတို့အနေဖြင့် သီးခြား တင်ပြတောင်းဆိုမှုများ ပြုလုပ်ရတော့မည်ဖြစ်ကြောင်း ဆွေးနွေးတိုင်ပင်ကြ တော့သည်။ ဤသို့ဖြင့် ဒုတိယနှစ် ကျောင်းသားများ၏ သီးခြားလှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက်လာတော့သည်။

ဒုတိယနှစ်ကျောင်းသား အချင်းချင်းကြား ဟောပြောစည်းရုံးမှုများကို ညစဥ် ညဉ့်နက်ချိန်များ၌ ကျောင်းနောက်ဘက် ချောင်ကျသော စာသင်ဆောင် များတွင် စုဝေးဟောပြောစည်းရုံးမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် ဒုတိယနှစ် ကျောင်းသားအားလုံး လက်မှတ်ရေးထိုး တောင်းဆိုထားသည့် တောင်းဆိုလွှာ ကို ပညာရေးကော်မတီဥက္ကဋ္ဌရုံး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ဆီသို့ လိပ်မူပို့ရန် စီစဥ်ခဲ့ကြသည်။ သို့သော် ကျောင်းသားအချို့က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ ပို့ပါက တောင်းဆိုချက်ရနိုင်မည် မဟုတ်ဘဲ ကြိုတင်နှိမ်နင်းခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်ဟု ပြော၍ ကန့်ကွက် လာကြရာ နောက်ဆုံးတွင် ပညာရေးကော်မတီဥက္ကဋ္ဌ (ထိုစဥ်က နိုင်ငံတော် အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့််) ထံသို့သာ ပို့ရန် စီစဥ်ခဲ့ကြသည်။ ဒုတိယနှစ်ကျောင်းသားများ၏ တောင်းဆိုချက်မှာ အနည်းငယ် ပြင်းထန်သွား ခဲ့သည်။ သို့သော် အကြောင်းမဲ့ ပြင်းထန်ခဲ့သည်တော့ မဟုတ်ပေ။ အပတ်စဥ် (၃) သင်တန်းသားများ ကျောင်းသို့ရောက်ရှိပြီး မကြာခင် ကာကွယ်ရေးဝန်ကြီး ဌာန တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်လှိုင်နှင့် တွေ့ဆုံစဥ်ကလည်း သင်တန်းသားအင်အား (၂၀၀၀) ကျော်ကို ခေါ်ယူနိုင်ခဲ့ခြင်းအပေါ် အားရကျေနပ်မှုရှိခဲ့ပြီး သင်တန်းသားများကို အားပေး နှစ်သိမ့်သည့်အနေဖြင့် အပတ်စဥ် (၃) မှစ၍ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားအားလုံးကို တတိယနှစ် (B.Tech) ဆက်တက်ခွင့်ပေးရန် အစီ အစဥ်ရှိကြောင်း ပြောကြားသွားခဲ့သည့် သာဓကလည်း ရှိခဲ့ဖူးသည်။ ထိုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများက လတ်တလော အဆင်ပြေရေးအတွက် ရှေးရှု ကာ တာဝန်မဲ့စွာ မျှော်လင့်ချက်များ၊ ကတိကဝတ်များပေးခဲ့ခြင်း၊ အထက်တွင် ဖော်ပြခဲ့သလို သင်တန်းခေါ်စာပါ သတ်မှတ်ချက်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမှုမရှိဘဲ တတိယနှစ် B.Tech ဆက်တက်ခွင့်ကို အရေအတွက် ဖြင့် သတ်မှတ်နေခြင်းတို့ကြောင့် ကျောင်းသားများဘက်မှ မိမိတို့အနေအထား ကို ပြန်လည်ကာကွယ်သည့် သဘောလည်း ပါသည်။ ၎င်းတို့တောင်းဆိုခဲ့သော အချက်များမှာ –

(၁) (က) အေဂျီတီအိုင်နှင့် B.Tech ကြား မည်သည့်အဆင့်မျှ ခံမနေဘဲ ကျောင်းသား အားလုံးကို B. Tech တက်ခွင့်ပေးရန်
(ခ) လေ့ကျင့်ရေးနှင့် စာပေတွင် စာပေပိုင်းက အားနည်းနေသည့်အတွက် စာပေပိုင်းအား ယခုထက် ပိုမိုစနစ်ကျစေရန်၊ ဆရာ၊ ဆရာမအင်အား လုံလောက်မှု ရှိစေရန် နှင့် ကျောင်းသားများ အမှန်တကယ် အသုံးပြုနိုင် စေမည့် သင်ထောက်ကူပစ္စည်းများစီစဥ်ဆောင်ရွက်ပေးရန်၊ ကျောင်းသား အားလုံး ကွန်ပျူတာအခြေခံကိုတတ်ကျွမ်းနိုင်စေရန်အတွက် စီစဥ်ပေးရန်
(ဂ) အေဂျီတီအိုင်ဒီပလိုမာအား နိုင်ငံတကာက အသိအမှတ်ပြုနိုင်မည့် အဆင့်မျိုး ဖြစ်စေရန်အတွက် ဒီပလိုမာကို လက်မှတ်ထိုးအတည်ပြုသော ပုဂ္ဂိုလ်သည် ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့် အဆင့်မြင့် အင်ဂျင်နီယာပညာရှင်တစ်ဦးဦးသာ ဖြစ်စေရန်
(၂) အထက်ပါတောင်းဆိုချက်များကို မလိုက်လျောနိုင်ပါက ကျောင်းသားများ ကို ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ပြုရန်။

၎င်းတို့တောင်းဆိုချက်များမှာ အနည်းငယ် ပြင်းထန်သော်လည်း အဆိုပါ တောင်းဆိုချက်များ မရပါက လုပ်ဆောင်မည့် နောက်ထပ် အစီအစဥ်၊ တစ်နည်းအားဖြင့် Plan B ကို ဒုတိယနှစ်ကျောင်းသားများက စဥ်းစားထားပြီး ဖြစ်သည်။ ထိုအချက်က စတုတ္ထနှစ် ကျောင်းသားများနှင့် အဓိကကွာခြားသည့် အချက်ဖြစ်သည်။ စတုတ္ထနှစ် ကျောင်းသားများက ၎င်းတို့တောင်းဆိုသော အချက်များကို ပြန်လည်တုံ့ပြန်မှုများ မရရှိသည့်အခါ မည်သို့ဆက်လုပ်ရမည် ကို ကြိုတင်စဥ်းစားထားခြင်းများ မရှိခဲ့သည့်အတွက် ထိုင်စောင့်နေရုံမှတစ်ပါး အခြားလမ်းရွေးစရာ မရှိသော်လည်း ဒုတိယနှစ်ကျောင်းသားများက ဒုတိယ လမ်းကို ရွေးထားပြီး ဖြစ်သည်။ ၎င်းမှာ ၎င်းတို့တောင်းဆိုချက်များ မရပါက ဤကျောင်းကို ဆက်မတက်ဘဲ မိမိသဘောနှင့်မိမိ အိမ်ပြန်ရေးဖြစ်သည်။

ထိုအစီအစဥ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒုတိယနှစ်ကျောင်းသားများသည် ၎င်းတို့ကြား တာဝန်ခွဲဝေမှုကို စနစ်တကျ သတ်မှတ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ထိုစဥ်က ကျောင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များကို ကျောင်းသို့ စတင်ရောက်ချိန် မှစ၍ ကျောင်းအာဏာပိုင်များက သိမ်းယူထားရာ ကျောင်းသားများအနေဖြင့် မိမိတို့သဘောဖြင့် မိမိတို့ အိမ်ပြန်မည်ဆိုပါက မှတ်ပုံတင်ရှိရန် လိုအပ်လာပြီ ဖြစ်ရာ အဆိုပါမှတ်ပုံတင်များကို ကျောင်းလေ့ကျင့်ရေးဌာနမှ မရ၊ ရသည့် နည်းဖြင့် ပြန်ယူ၍ ကျောင်းသားများလက်ထဲသို့ ပြန်ဝေပေးနိုင်ရေးတာဝန်၊ လက်ရှိ လုပ်ဆောင်မည့် လုပ်ငန်းများအား ကျောင်းသားအချင်းချင်းကြား အကျေအလည် နားလည်လက်ခံလာစေရန် ရှင်းလင်းစည်းရုံးရေးတာဝန်၊ အဆင့်မြင့်တာဝန်ရှိသူများထံသို့ တောင်းဆိုလွှာရောက်ရှိ တင်ပြနိုင်ရန် စီစဥ် ဆောင်ရွက်ရေးတာဝန်၊ လုပ်ငန်းစီမံချက်များရေးဆွဲရေးတာဝန်၊ အစည်းအဝေး မှတ်တမ်းများ ထိန်းသိမ်းရေးတာဝန် စသဖြင့် လုပ်ငန်းတာဝန်အသီးသီးကို မိမိတို့ စွမ်းဆောင်နိုင်မှုအလျောက် အဖွဲ့လိုက်ခွဲဝေယူခဲ့ကြသည်။

ဤတွင် အပတ်စဥ် (၂) သင်တန်းသားများ တစ်နည်းအားဖြင့် ထိုစဥ်က တတိယနှစ်ကျောင်းသားများမှာ အထက်ပါ သီးခြားလှုပ်ရှားမှု နှစ်ခုကြားတွင် မည်သည့်ဘက်သို့ ရပ်တည်ရမည်ကို စဥ်းစားလာရတော့သည်။ အပတ်စဥ် (၁) သင်တန်းသား(စတုတ္ထနှစ်)များက ၎င်းတို့ လုပ်ဆောင်နေမှု အခြေအနေများကို ခေါ်ယူရှင်းပြခဲ့စဥ်က တတိယနှစ် ကျောင်းသားအများစုက လက်ခံသဘောတူခဲ့ ပြီးဖြစ်၍ မိမိတို့အနေဖြင့် သီးခြားတောင်းဆိုမှု ပြုလုပ်စရာ မလိုတော့ဟု နားလည်ထားခဲ့သော်လည်း ဒုတိယနှစ်ကျောင်းသားများက အထက်ပါကဲ့သို့ သီးခြားတောင်းဆိုမှုများ လုပ်ဆောင်လာသည့်အခါ တတိယနှစ်ကျောင်းသား အချင်းချင်းကြား ဆွေးနွေးတိုင်ပင်မှုများ လုပ်လာရတော့သည်။ အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ညဘက် စာသင်ခန်းဝင်ချိန် (night study) အပြီးတွင် ကျောင်းနောက်ဘက် ချောင်ကျသော စာသင်ခန်း တစ်ခန်းဖြစ်သည့် drawing room တွင် ပထမဆုံး အစည်းအဝေးခေါ်ယူခဲ့ကြ သည်။

တတိယနှစ်ကျောင်းသားများသည် ဒုတိယနှစ်ကျောင်းသားများ လုပ်ဆောင်သကဲ့သို့ ကျောင်းသားများအား တစ်ခန်းဝင်၊ တစ်ခန်းထွက် လိုက်လံစည်းရုံးမှုများ မပြုလုပ်ဘဲ ကျောင်းအရေးကို စိတ်ပါဝင်စားသူများသာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ခေါ်ယူခဲ့သဖြင့် တက်ကြွသူ၊ စိတ်ပါဝင်စားသူအချို့သာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ သို့သော် ကျောင်းသားတို့ ထုံးစံအတိုင်း အစည်းအဝေးတွင် သဘောထားကွဲလွဲ မှုများ ပေါ်ပေါက်ခဲ့သည်။ အဓိကအားဖြင့် အုပ်စုနှစ်စု ကွဲခဲ့သည်။ ပထမတစ်စု က စတုတ္ထနှစ် ကျောင်းသားများ တောင်းဆိုမှုကို ထောက်ခံပြီး ဒုတိယနှစ် ကျောင်းသားများ၏ တောင်းဆိုမှုအပေါ် လိုလိုလားလား မရှိကြသလို မိမိတို့ တတိယနှစ်များအနေဖြင့် ကြားနေစောင့်ကြည့်နေရုံ အနေအထားဖြင့်သာ ရပ်တည်သင့်ကြောင်း ပြောလာကြသည်။ ၎င်းကို ဒုတိယအုပ်စုက သဘော မတူပေ။ မိမိတို့ တတိယနှစ်ကျောင်းသားများအနေဖြင့် သီးခြား တောင်းဆိုမှု များ မပြုလုပ်သော်လည်း တောင်းဆိုမှုပြုလုပ်နေကြသော ကျောင်းသား အပတ်စဥ် နှစ်ခုစလုံးနှင့် လိုအပ်သည်များ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက် သင့်ကြောင်း၊ လိုအပ်ပါက တစ်စည်းတစ်လုံးတည်း ရပ်တည်သင့်ကြောင်း ထောက်ပြပြောဆိုကြသည်။ ဤသို့ဖြင့် ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲကြရင်း မည်သည့်အဖြေမှ မထွက်ဘဲ အစည်းအဝေး ပြီးဆုံးခဲ့သည်။ သို့သော် တက်ကြွသော တတိယနှစ် ကျောင်းသားအချို့က ဒုတိယနှစ် ကျောင်းသားများနှင့် တွေ့ဆုံကာ ညှိနှိုင်းတိုင်ပင်မှုများ ဆက်လုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသား လှုပ်ရှားမှုဖြစ်စဥ်အတွက် တတိယနှစ် (အပတ်စဥ် ၂) ကျောင်းသားများကြား ဆွေးနွေးတိုင်ပင်ခဲ့သော ပထမဆုံးနှင့် နောက်ဆုံးစည်းဝေးပွဲဖြစ်သည်။

ဤသို့ဖြင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကြား တိတ်တဆိတ် အစည်းအဝေးများ၊ ဆွေးနွေးတိုင်ပင်မှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။ စတုတ္ထနှစ်ကျောင်းသားကြီးများကလည်း တောင်းဆိုလွှာကို ဆက်တိုက်တင်နေတော့သည်။ ဒုတိယနှစ် ကျောင်းသားများကလည်း အပြိုင် တင်ကြသည်။ အဆိုပါတောင်းဆိုလွှာများကို မန္တလေးတိုင်းမှူးအဆင့်မှစ၍ အဆင့်ဆင့်သော လူကြီးများက သိရှိနေပြီဖြစ်ကြောင်း သတင်းအချို့လည်း ပြန်ကြားလာရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ့တပ်မတော် စစ်စခန်းအချို့အား ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဝင်ရောက်တိုက်ခိုက်ရာတွင် ထိုင်းစစ်တပ်များပါဝင်နေသည်ဟု မြန်မာအစိုးရဘက်မှ ပြောဆိုမှုကြောင့် ထိုင်း-မြန်မာနယ်စပ် စစ်ရေးတင်းမာနေ ပြီး မြန်မာ့တပ်မတော်အတွင်း တန်းပြည့်စစ်မှုထမ်းချိန်ကာလ သတ်မှတ်ထား ချိန်လည်း ဖြစ်သည်။10 အဆိုပါကိစ္စကြောင့် တပ်မတော်ခေါင်းဆောင်များ အလုပ်ရှုပ်နေကြကြောင်းကိုလည်း တစ်စွန်းတစ်စ ကြားသိရသည်။

ထိုအတောအတွင်း တောင်းဆိုချက်များမရလျှင် မိမိတို့သဘောနှင့် မိမိတို့ အိမ်ပြန်မည်ဟူသော ဒုတိယနှစ်ကျောင်းသားများ အစဖော်လိုက်သည့်ကိစ္စက ဒုတိယနှစ်ကျောင်းသားများကြား၌သာမက ကျန်သော ကျောင်းသားများကြား ၌လည်း တက်တက်ကြွကြွ ဆွေးနွေးလာကြသည်။ ဤတွင်လည်း သဘော ထားကွဲလွဲမှုများ ရှိလာကြပြန်သည်။ ကျောင်းသားအချို့က ပြင်ဦးလွင်မြို့မှ မန္တလေးအထိ ခြေလျင်ချီတက် လမ်းလျှောက်သွားပြီး မန္တလေးရောက်မှ လူစုခွဲ၍ အိမ်ပြန်ကြမည်ဟု ဆိုကြသလို အချို့ကလည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်တစ်ရက်ရက်တွင် out pass နှင့်ရောထွက်ပြီး မိမိအစီအစဥ်ဖြင့် အိမ်ပြန်သင့်သည်ဟု ဆိုကြသည်။ အိမ်ပြန်ရန် ဦးတည်ချက်ချင်း တူညီနေ ကြသော်လည်း ပြန်ရန် ရွေးသောလမ်းမှာ မတူနိုင်ဘဲ ဖြစ်နေသည်။ အိမ်ပြန် ရောက်လျှင် မည်သို့ဆက်လုပ်မည်ကိုကား ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်။

ဤအတောအတွင်း အဆိုပါ အိမ်ပြန်ရတော့မည်ဆိုသော သတင်းက ကျောင်းသို့ရောက်ခါစ ပထမနှစ်ကျောင်းသားများ (အပတ်စဥ် (၄) သင်တန်း သားများ) ကြားတွင်လည်း ပျံ့နှံ့လာရာ အကျိုးအကြောင်းဖြစ်စဥ်ကို ကောင်းစွာ နားမလည်သေးသော ပထမနှစ်ကျောင်းသားအချို့က ၎င်းတို့မိဘများထံ ဖုန်း ဆက်ရာတွင်လည်းကောင်း၊ မိသားစုများနှင့် ဧည့်တွေ့ရာတွင်လည်းကောင်း မကြာခင် ကျောင်းမှ ကျောင်းသားအားလုံး အိမ်ပြန်ရတော့မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားလာတော့သည်။ အဆိုပါဖြစ်စဥ်ကို အရာရှိအချို့လည်း ရိပ်မိနေပုံပေါ်သည်။ ကျောင်းသားများကလည်း ကျောင်း၏ နေ့စဥ်လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်မှုများမှ တစ်စတစ်စ နောက်ဆုတ်လာခဲ့ကြသည်။ မနက် PT ပြေးချိန်များတွင် လူမစုံတော့သလို၊ တပ်တွင်း လုပ်အားပေး (fatigue) လုပ်ချိန်များ၊ night study ဝင်ချိန်များတွင်လည်း လူမစုံတော့ပေ။ သို့သော် အရာရှိများသည် ကျောင်းသားများ ထိုသို့ပြုမူလာမှုအပေါ် ခါတိုင်း ကဲ့သို့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမှုများ သိပ်မလုပ်ကြတော့ပေ။

အဆိုပါကာလများက တတိယနှစ် ကျောင်းသားများသည် တတိယနှစ် စစ်ပညာသင်တန်းကာလ ဖြစ်သည့်အတွက် ကျောင်းပြင်ပသို့ အချိန်ပြည့်နီးပါး ထွက်နေရသည်ဖြစ်ရာ ကျောင်းနှင့် ပူးတုံခွာတုံ ဖြစ်နေသည်။ ထို့နောက် စစ်ပညာသင်တန်း၏အပိတ် မိုင်ရှည်ချီတက်ပွဲနှင့် စခန်းကုန်းတိုက်ပွဲ လေ့ကျင့်ရေးအတွက် ကျောင်းအနောက်ဘက် ရွာများနှင့် တောစခန်းများဆီသို့ ထွက်ခွာသွားသည်။

ထိုအချိန်တွင် ကျောင်းသားများသည် နောက်ဆုံးတောင်းဆိုလွှာကို တင်ပြီး တစ်လတိတိ စောင့်ကြည့်ကာ မည်သည့်တုံ့ပြန်မှုမျှမရပါက အိမ်ပြန် ရန် စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မည်ဟု ပိုင်းဖြတ်ထားကြ သည်။ ထိုအတောအတွင်း ကျောင်းသားအားလုံး အိမ်ပြန်တော့မည်ဟူသော သတင်းကို ပထမနှစ်ကျောင်းသားများက မိသားစုများနှင့် ပြောဆိုရာမှတစ်ဆင့် မန္တလေးစစ်ထောက်လှမ်းရေးဆီသို့ သတင်းရောက်ရှိသွားခဲ့သည်။ သတင်းအရ တပ်မတော် ထောက်လှမ်းရေးများက ကျောင်းအုပ်ကြီးဆီသို့ လာရောက် တွေ့ဆုံ အကြောင်းကြားတော့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်၊ မေလ (၃၁) ရက် နေ့ မနက်တွင် ကျောင်းသားများကို တန်းပေါင်းစီကွင်းတွင် အရေးပေါ် ခရာမှုတ်၍ တန်းစီခိုင်းကာ ကျောင်းသားအဆောင်များအတွင်းသို့ ရုတ်တရက် ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကြသည်။ လှုပ်ရှားမှု နှင့်ပတ်သက်သော စာရွက်စာတမ်းအချို့ကို ကျောင်းသားများ သေတ္တာထဲမှ တွေ့ရှိသွားကြသည်။ ထို့နောက် ကျောင်းသားများတန်းပေါင်းစီသော စစ်ရေးပြကွင်းအတွင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင် ကိုယ်တိုင်ဦးစီးကာ ကျောင်းသား တစ်ဦးချင်းစီကို ခေါ်ယူစစ်ဆေးတော့သည်။

နာမည်ထွက်သော ကျောင်းသားများကို ကျောင်းသားအားလုံး ရှေ့တွင် ထိုးကြိတ်ရိုက်နှက်မှုများ ပြုလုပ်ကာ ကျောင်းအချုပ်ခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားကြသည်။ ထိုအချိန်က ကျောင်းတွင်ရှိနေသော ကျောင်းသားများမှာ စတုတ္ထနှစ်၊ ဒုတိယနှစ်နှင့် ပထမနှစ် ကျောင်းသားများဖြစ်ပြီး ထိုးကြိတ် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများမှာ ဒုတိယနှစ်ကျောင်းသား များ ဖြစ်နေသည်။ တစ်ချိန်တည်းတွင် အခြားအရာရှိများက စတုတ္ထနှစ် ကျောင်းသားအချို့ကိုလည်း တန်းစီရာမှ ခေါ်ထုတ်ကာ စစ်ဆေးမေးမြန်းနေ သည်။ ထို့နောက် နာမည်ထွက်သော ကျောင်းသားအချို့ကို ဆက်လက် မေးမြန်းစရာများ ရှိသေးသည်ဟုဆိုကာ ကားပေါ်သို့ တင်ခေါ်သွားကြတော့ သည်။ တကယ်တမ်း အဆိုပါ ကျောင်းသားကြီးများကို ကျောင်းပြင်ပရှိ အခြား တပ်ရင်းအချုပ်များသို့ တစ်ခါတည်း ပို့လိုက်ကြခြင်း ဖြစ်သည်။

ထို့နောက် စတုတ္ထနှစ်ကျောင်းသားများကို သီးခြားခေါ်ထုတ်ကာ ထိုစဥ်က ကျောင်းတွင် အခမ်းအနားရှိတိုင်း သုံးနေကျဖြစ်သော အလုပ်ရုံခန်းမကြီးထဲသို့ ပို့လိုက်ကြသည်။ တစ်ပြိုင်နက်တည်းတွင် ဒုတိယနှစ်နှင့် ပထမနှစ် ကျောင်းသားများကိုလည်း လက်တွေ့အလုပ်ခန်းကြီးထဲသို့ပို့ကာ အပြင်မှ သော့ခတ်ထားလိုက်ကြသည်။ ထိုသို့ ပိတ်လှောင်လိုက်သည်မှာ မနက်ပိုင်း တန်းစီကွင်းတွင် တန်းစီပြီးချိန် (၁၀) နာရီလောက်မှစ၍ ညနေ (၃) နာရီ ထိုးချိန် အထိ ပိတ်လှောင်ထားဆဲဖြစ်သည်။ ရာသီဥတုက ပူပြင်းနေချိန်တွင် အခန်း တွင်း ပိတ်လှောင်ခံထားရခြင်း၊ နေ့လယ်စာထမင်းလည်း မစားရသေးခြင်းတို့ ကြောင့် ထိုသို့ပိတ်လှောင်ထားမှု အချိန်ကြာလာသောအခါ ကျောင်းသားများ မခံမရပ်နိုင်ဖြစ်လာသည်။ တန်းစီကွင်းအတွင်း ၎င်းတို့မျက်စိရှေ့တွင် သူငယ်ချင်း ကျောင်းသားများ ထိုးကြိတ်ရိုက်နှက်ခံရပုံများကို မြင်ရကတည်းက မခံမရပ်နိုင်ဖြစ်နေခဲ့သော ကျောင်းသားများသည် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားမှုကို ခံလိုက်ရသောအခါ ပို၍ဒေါသဖြစ်လာကြတော့သည်။ ထို့နောက် အခန်းထဲမှနေ၍ တံခါးများကို ဆူညံစွာထုရင်း တံခါးဖွင့်ပေးရန် ပြိုင်တူအော်ဟစ်တောင်းဆိုကြတော့သည်။ အင်အား (၃၀၀၀) ဝန်းကျင် ရှိသော ကျောင်းသားများ၏ ထိုသို့ဆူညံစွာ အော်ဟစ်နေမှုကို ကျောင်း အာဏာပိုင်များက ကြာကြာလျစ်လျူရှုမနေဝံ့တော့ပေ။

ထိုအချိန်တွင် ကျောင်းသို့ ပြင်ဦးလွင် တပ်နယ်မှူးနှင့်အတူ အခြား တာဝန်ရှိသူများ ရောက်ရှိနေကာ ကျောင်းသားအရေးအတွက် ခေါင်းချင်းဆိုင် ဆွေးနွေးနေကြချိန် ဖြစ်သည်။ ကျောင်းသားများ၏ အော်ဟစ်ဆူညံနေမှုကို ထိန်းမရတော့သည့်အဆုံး ကျောင်းအာဏာပိုင်များက အခန်းတံခါးကို ဖွင့်ပေး လိုက်ကြသည်။ တံခါးဖွင့်ဖွင့်ချင်း ကျောင်းသားများက တန်းစီကွင်းတွင် ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခေါ် ဆောင်သွားသော သူငယ်ချင်းကျောင်းသား များကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ ကျောင်းအာဏာပိုင် များက ပြန်မလွှတ်ပေးနိုင်ကြောင်း ပြောဆိုသည့်အခါ ကျောင်းသားများက မိမိတို့ကိုယ်တိုင် အချုပ်ခန်းတံခါး ဆွဲဖွင့်မည်ဆိုကာ ဖမ်းဆီးခံကျောင်းသား များကို ထားရှိသည်ဟု ထင်ရသော ဗဟိုကင်းကို သွားဝိုင်းရန် ပြင်ကြတော့ သည်။ ထိုလုပ်ရပ်က များစွာအန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သည်။ တပ် တစ် တပ်တွင် ဗဟိုကင်းသည် တပ်၏ ပြယုဂ်နေရာလည်းဖြစ်သလို လက်နက်များ သိမ်းဆည်းထားရှိရာ နေရာလည်းဖြစ်သည့်အတွက် အချက်အချာကျသည်။ ထို နေရာသို့ သွားဝိုင်းရန် အားထုတ်ခြင်းသည် တပ်ကို စီးနင်းရန် ကြိုးစားခြင်းပင် ဖြစ်သည်။

မည်သို့မျှ ထိန်းမရတော့သည့် ကျောင်းသားလူအုပ်ကြီးကို ဟန့်တားရန် သက်ဆိုင်ရာ အစောင့်စစ်သားများက သေနတ်ကို မိုးပေါ်ထောင်၍ ဖောက်လိုက်သည်။ သေနတ်သံကြားလိုက်ရသောအခါ ကျောင်းသားများမှာ မကြောက်သည့်အပြင် ပို၍ဒေါသထွက်သွားကြပြီး ထိန်းမနိုင်သိမ်းမရ ပိုဖြစ် သွားကြသည်။ အခြေအနေကို ရိပ်မိလိုက်သော ပြင်ဦးလွင်တပ်နယ်မှူးနှင့် ကျောင်းအုပ်ကြီးက ကျောင်းသားများကို လေသံပျော့ပျောင်းစွာ ဖျောင်းဖျကြ သည်။ ထိုသို့ဖျောင်းဖျမှုကြောင့် ကျောင်းသားများ ငြိမ်သွားကြသော်လည်း ဖမ်းဆီးခံကျောင်းသားများအား ပြန်လွှတ်ပေးရန်ကိုသာ ဆက်လက်တောင်းဆို နေကြသည်။ တပ်နယ်မှူးနှင့် ကျောင်းအုပ်ကြီးက ကျောင်းသားများအား မိမိ အဆောင်အသီးသီးသို့ ပြန်ကြရန် တိုက်တွန်းနေသော်လည်း ကျောင်းသားများ က ဖမ်းဆီးခံသူငယ်ချင်းများ လွှတ်ပေးမှသာ ပြန်မည်ဟုဆို၍ နောက်ဆုံးတွင် ဖမ်းဆီးထားသော ကျောင်းသားများကို အချုပ်ခန်းအတွင်းမှ လွှတ်ပေးလိုက်ရ တော့သည်။

ထိုအချိန် တစ်ပြိုင်နက်တည်းတွင် စတုတ္ထနှစ်ကျောင်းသားများကို အလုပ်ရုံခန်းမကြီးထဲတွင် ဆက်လက်ထားရှိကာ စောင့်နေစေသည်။ ထိုနေ့ ညနေမှာပင် ကျောင်းသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကျော်ဝင်း ရောက်ရှိလာသည်။ သို့သော် ဗိုလ်ချုပ်ကျော်ဝင်း ကိုယ်တိုင်မတွေ့ဘဲ ၎င်း၏လက်အောက် ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ကြည် (နောင်တွင် နေအိမ်အကျယ်ချုပ်ကျနေသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်သွယ်ပြောဆိုမှုများလုပ်ရန် စစ်အစိုးရက ခန့်အပ်ထားသည့် ဆက်ဆံရေးအရာရှိ ဦးအောင်ကြည်) သာ စတုတ္ထနှစ် ကျောင်းသားများနှင့် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် စတုတ္ထနှစ်ကျောင်းသားများ အဓိကထောက်ပြသည်မှာ ၁၉၉၉ ခုနှစ်က တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ(အေဂျီတီအိုင်) ဒီပလိုမာသင်တန်း ခေါ်ယူစဥ်က ကြေညာခဲ့သော သင်တန်းခေါ်စာ ဖြစ်သည်။ ထိုခေါ်စာပါ သတ်မှတ်ချက်များကို ကျောင်းသားများသဘောဆန္ဒမပါဘဲ တစ်ဖက်သတ် ပြင်ဆင်ပြောင်းလဲလိုက်ခြင်းအပေါ် ကျောင်းသားများက မေးခွန်းထုတ်ကြ သည်။ အဆိုပါခေါ်စာသည် ကျောင်းသားနှင့် အစိုးရတို့ကြား ချုပ်ဆိုခဲ့သော ပဋိဉာဉ်တစ်ခုဟုဆိုနိုင်ကြောင်း၊ ပဋိဉာဉ်တစ်ခုကို ပြင်ဆင်ပြောင်းလဲဖို့ ဆိုသည်မှာ နှစ်ဦးနှစ်ဖက်သဘောတူမှသာ ပြုလုပ်နိုင်ကြောင်း၊ ယခုအခါ အစိုးရက မိမိသဘောတစ်ခုတည်းဖြင့် ပြင်ဆင်လိုက်ခြင်းအတွက် ကျောင်းသားများ နစ်နာရကြောင်း စတုတ္ထနှစ် ကျောင်းသားများက ဥပဒေ ရှုထောင့်မှ ပြောဆိုသည်။ ထိုအချိန်တွင် ဗိုလ်မှူးချုပ်အောင်ကြည်ကိုယ်တိုင်က အဆိုပါခေါ်စာအကြောင်း သူ့အနေဖြင့် လုံးဝမသိခဲ့ရကြောင်း ဝန်ခံသွားခဲ့ရပြီး မည်သို့ဖြေရှင်းရမည်မှန်း မသိ ဖြစ်ခဲ့သည်။ ထိုနောက် တပ်မတော်တွင် ၎င်းတို့က မိဘများဖြစ်ပြီး ကျောင်းသားများက သားသမီးများသာဖြစ်ကြောင်း၊ မိဘများသည် သားသမီးများကောင်းစားရေးကိုသာ ရှေးရှုပြီး ဆောင်ရွက်လေ့ ရှိကြောင်း၊ ထိုကြောင့် ကျောင်းသားများအနေဖြင့် လူကြီးမိဘများ၏ ဆောင်ရွက်မှုအတိုင်းသာ နာခံလုပ်ဆောင်ရန် တာဝန်ရှိကြောင်း တပ်မတော် ရှုထောင့်မှနေ၍ ပြောကြားရင်း ဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်။ ၎င်းတို့ ခေါင်းဆောင်ပိုင်းများဘက်မှ ပဋိဉာဉ်ချိုးဖောက်မှုကို တပ်မတော်တွင်း အမိန့် နာခံမှုသဘောတရားဖြင့် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ခြင်းသာဖြစ်သည်။ ထို့နောက် တွင်တော့ စတုတ္ထနှစ်ကျောင်းသားများကို ကားပေါ်သို့တက်ခိုင်းကာ ပြင်ဦးလွင် မြို့ပြင် (၃၁) မိုင်ရှိ ထိုစဥ်က ဗဟိုတပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်သို့ ခေါ်ဆောင်သွားကြတော့သည်။

ထိုအချိန်တွင် တတိယနှစ်ကျောင်းသားများမှာ ပြင်ဦးလွင်မြို့ အနောက် တောင်ဘက် (၇) မိုင်ခန့်အကွာ ဖောင်းတောရွာတွင် စစ်ဗျူဟာလေ့ကျင့်ရေး ဝင်နေရချိန် ဖြစ်သည်။ တကယ်တမ်းတွင် ကျောင်း၌ အခင်းဖြစ်ပွားသည့်နေ့က တတိယနှစ် ကျောင်းသားများအနေဖြင့် စစ်ဗျူဟာလေ့ကျင့်ရေးသတ်မှတ်ရက် ပြီးဆုံးသည့်နေ့ဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ကျောင်းသို့ပြန်ရမည်ဖြစ် သည်။ နောက် တစ်နေ့မနက် ကျောင်းသားများက ကျောင်းပြန်ရန် ပြင်ဆင်နေ ကြချိန်တွင် ဗျူဟာအရာရှိများထံမှ အမိန့်တစ်ခုဝင်လာသည်။ စစ်ဗျူဟာ လေ့ကျင့်ရေးကာလကို နောက်တစ်ပတ် ထပ်တိုးလိုက်ကြောင်းနှင့် အခြား တစ်နေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ပြောလာခြင်းဖြစ်သည်။ ထိုသို့ ပြောပြီး မကြာမီမှာပင် ကျောင်းသားများလက်ထဲတွင် ရှိနေသော လေ့ကျင့်ရေး သုံး ဘီအေ၆၃(G3)သေနတ်များကို လာရောက်သိမ်းယူသွားကြသည်။ အမှန် တကယ်တွင် ကျောင်းအုပ်ကြီးက ကျောင်းတွင် ဖြစ်နေသော အခြေအနေ ကြောင့် ထိုသို့ရက်ထပ်တိုးရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ထိုအခြေအနေကို သံသယဖြစ်သော တတိယနှစ် ကျောင်းသားများက ကျောင်း၏ အခြေအနေကို စုံစမ်းရန် တတိယနှစ် ကျောင်းသား နှစ်ယောက်ကို ကျောင်းသို့ တိတ်တဆိတ် ပြန်လွှတ်၍ စုံစမ်းစေခဲ့သည်။ အဆိုပါ ကျောင်းသား များက ထိုနေ့ (၃၁.၅.၂၀၀၂) ညနေမှာပင် ကျောင်းသို့ရောက်ချိန်တွင် ဖမ်းဆီးခံ ပြီး၍ ပြန်လွတ်လာသော ကျောင်းသားများအပါအဝင် ဒုတိယနှစ် ကျောင်းသား အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကျောင်းတွင် ဖြစ်ပျက်သွားခဲ့သော အခြေအနေများကို ရှင်းပြခဲ့ပြီး စတုတ္ထနှစ်ကျောင်းသားကြီးများအား မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည် မသိကြောင်း၊ ကျောင်းတွင် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ မနက်ဖြန် (၁.၆.၂၀၀၂) တွင် ယခုကိစ္စကို ကျောင်းသားများနှင့် တွေ့ဆုံဖြေရှင်း မည်ဖြစ်ကြောင်း ဒုတိယနှစ် ကျောင်းသားများထံမှ သိရသည်။ လက်ရှိ အခြေ အနေအရ အာဏာပိုင်များသည် ကျောင်းသားများကို အပတ်စဥ် တစ်ခုကို တစ် နေရာစီလူစုခွဲ၍ ပုံစံတစ်မျိုးစီဖြင့် သိမ်းသွင်းကာ ကျောင်းသားများ မူလ ဦးတည်ထားချက်များ ဝေဝါးအားပျော့သွားအောင် အကွက်ချစီမံနေကြောင်း တတိယနှစ် ကျောင်းသားများက သဘောပေါက်လိုက်သည်။ ထို့ကြောင့် တတိယနှစ် ကျောင်းသားများသည် နောက်ထပ်စစ်ဗျူဟာ (၇) ရက် ထပ်ဝင်ရန် လေ့ကျင့်ရေးဌာနမှ အမိန့်ဝင်လာသော်လည်း အဆိုပါ (၇) ရက်ကို ဆက်ဝင် တော့မည် မဟုတ်ဘဲ ဒုတိယနှစ်၊ ပထမနှစ် ကျောင်းသားများနှင့် ကျောင်းတွင် ပြန်လည်စုစည်းကာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့ဆုံ စကား ပြောမည်ဖြစ်ကြောင်း၊ ထိုကြောင့် ယခုညတွင်းချင်းပင် တတိယနှစ် ကျောင်းသားများကို ကျောင်းသို့ ပြန်ခေါ်လာမည်ဖြစ်ကြောင်း၊ ထိုအတော အတွင်း ဒုတိယနှစ်ကျောင်းသားများအနေဖြင့် စိတ်လိုက်မာန်ပါများ မလုပ် ကြရန်နှင့် ပထမနှစ်များကို ထိန်းသိမ်းပေးထားရန် မှာကြားပြီး အဆိုပါ တတိယနှစ်ကျောင်းသားများက စစ်ဗျူဟာလေ့ကျင့်ရေးစခန်းချရာ ဖောင်းတောရွာ ဘုန်းကြီးကျောင်းသို့ ပြန်သွားခဲ့သည်။

ရောက်လျှင် တတိယနှစ် ကျောင်းသားများကို ခရာမှုတ်တန်းစီကာ ကျောင်း၏ အခြေအနေကို ရှင်းပြပြီး ကျောင်းတွင် စီနီယာ ကျောင်းသားကြီး များ မရှိတော့ကြောင်းနှင့် မိမိတို့အနေဖြင့် ကျန်သော ဂျူနီယာကျောင်းသား များကို ထိန်းပေးရန် တာဝန်ရှိကြောင်း၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် နှင့်လည်း တွေ့ဆုံ၍ ကျောင်းကိစ္စကို ကျန်သော ဒုတိယနှစ်ကျောင်းသားများ နှင့် ညှိနှိုင်းပြီးဆွေးနွေးရန်၊ ယခုအချိန်တွင် ကျောင်းသားအားလုံး ကျောင်းတွင် စုစည်း၍ ပြဿနာကို စည်းလုံးညီညွတ်စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထိုအတွက် တတိယနှစ် ကျောင်းသားများအနေဖြင့် ညတွင်းချင်း ကျောင်းသို့ ပြန်ရမည်ဖြစ်ကြောင်း ကျောင်းမှပြန်လာသော တတိယနှစ် ကျောင်းသား များက ပြောဆိုရှင်းပြသည်။ ဤတွင်လည်း တတိယနှစ် ကျောင်းသားများကြား သဘောထားကွဲလွဲမှုအချို့ ပေါ်ပေါက်လာပြန်သည်။ အမိန့်မရဘဲ ထိုသို့ စခန်း စွန့်ခွာခြင်းသည် တပ်မတော်အက်ဥပဒေကို ချိုးဖောက်ရာကျပြီး ကြီးလေး သော ပြစ်ဒဏ်ဖြစ်၍ သေဒဏ်အထိချမှတ်နိုင်ကြောင်းကို စစ်ပညာ (၃) နှစ် အထိ သင်ကြားပြီးဖြစ်သော တတိယနှစ်ကျောင်းသားများ နားလည်ကြပါ သည်။ ထိုအခြေအနေကို အချို့မလိုလားသလို၊ ယခုမှ တတိယနှစ် B.Tech ကို စတက်ခါစ အချိန်ဖြစ်ပြီး ထိုသို့ တက်ခွင့်ရစေရန် ကျားကုတ်ကျားခဲ ကြိုးစား ထားခဲ့ရသည်ဖြစ်ရာ ထိုအခြေအနေကို အဆုံးရှုံးမခံနိုင်ကြသည့် ကျောင်းသား အချို့က ကျောင်းသို့ပြန်မလိုက်နိုင်ကြောင်း ကန့်ကွက်လာကြသည်။ ဤသို့ဖြင့် တတိယနှစ်ကျောင်းသားများကြား ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲမှု များ ပေါ်ပေါက်ကာ ကျောင်းသားအချင်းချင်း ထိုးကြိတ်ပွဲများပင် ဖြစ်ခဲ့ကြ သည်။

နောက်ဆုံးတွင်တော့ ကျောင်းသို့ပြန်မည့်ဘက်က အားသာသွားခဲ့ပြီး ညတွင်းချင်းပင် ပစ္စည်းများသိမ်းကာ ကျောင်းသို့ အပြင်း ချီတက်ခဲ့ကြတော့ သည်။ ညအချိန် တောလမ်းခရီးကို ချီတက်ရခြင်းဖြစ်၍ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ ကျန်းမာရေး မကောင်းသူများကို အလယ်တွင်ထားကာ ရှေ့နှင့်နောက်တွင် အားကောင်းသန်မာသူများ ထားပြီး တုတ်နှင့်ဓာတ်မီးများ ကိုင်ဆောင်ထားကြသည်။ ညအချိန် တောအတွင်းမှ ရန်မူလာသူများရှိပါက ကာကွယ်ရန်အတွက်သာ ပေါက်တူးရိုးများကို တုတ်အဖြစ်ဆောင်ရင်း တတိယနှစ် ကျောင်းသား (၁၀၀) ဝန်းကျင်သည် ကျောင်းသို့ အပြင်း ချီလာခဲ့ သည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုဖြစ်စဥ်တွင် တပ်မတော် အက်ဥပဒေကို သိလျက်နှင့် ပထမဆုံးအတည့်အလင်း ချိုးဖောက် မှုကို အပတ်စဥ် (၂) (တတိယနှစ်) ကျောင်းသားများ စတင်လုပ်ဆောင်လိုက် ခြင်း ဖြစ်သည်။

တတိယနှစ် ကျောင်းသားများ ထိုသို့အာဏာဖီဆန်၍ ကျောင်းသို့ ပြန်လည်ချီတက်သွားကြောင်းကို ချီတက်ရာလမ်းတွင် စစ်ကြောင်းအတွင်းမှ ထွက်ပြေးသွားသော တတိယနှစ် ကျောင်းသားများမှတစ်ဆင့် ဗျူဟာအရာရှိ များ သိရှိသွားချိန်တွင် များစွာစိုးရိမ်သွားကြပြီး တားဆီးရန် ကျောင်းသား စစ်ကြောင်းနောက်မှ လိုက်ခဲ့သေးသည်။ သို့သော် မမီတော့ပေ။ ၎င်းတို့အတွက် တတိယနှစ်ကျောင်းသားများကို ကျောင်းထဲသို့ ပြန်မဝင်စေရန်အတွက် တားဆီးနိုင်မည့် နောက်ဆုံး နည်းလမ်းမှာ ချီတက်ရာလမ်းကြောင်းအဆုံး ကျောင်းနောက်ဘက်အဝတွင် စောင့်ဆိုင်း၍ ပိတ်ဆို့ရန် ဖြစ်သည်။ တတိယနှစ် ကျောင်းသားများ စစ်ကြောင်းသည် တောလမ်းများမှ တစ်စတစ်စ ကျောင်း အနောက်ဘက် အဝသို့ နီးကပ်လာချိန်တွင်တော့ ကျောင်းအနောက်ဘက် တောင်ကြောပေါ်တွင် မီးရောင်များကို လှမ်းမြင်နေရသည်။ ကျောင်းမှ အရာရှိများနှင့် ဗျူဟာအရာရှိများ ပူးပေါင်းကာ ကားများ၊ ဆိုင်ကယ်များ မီးအပြည့် ထိုး၍ ရပ်ထားလျက် တတိယနှစ်ကျောင်းသားများစစ်ကြောင်းကို တားဆီးရန် စောင့်နေကြခြင်း ဖြစ်သည်။ စစ်ကြောင်းနှင့် ဆုံချိန်တွင်တော့ ယခုကဲ့သို့ အမိန့်မရဘဲ သတ်မှတ်စခန်းမှ စစ်ကြောင်းအလိုက် စွန့်ခွာမှုသည် တပ်မတော်အက်ဥပဒေအရ စစ်ပုန်ကန်မှုမြောက်ကြောင်း၊ ထိုပြစ်မှုသည် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း၊ ထိုကြောင့် အချိန်မနှောင်းခင် လာရာစခန်း သို့ ပြန်လှည့်စေလိုကြောင်း၊ ယခုအထိ လုပ်ဆောင်ခဲ့မှုအားလုံးကို ခွင့်လွှတ် ကြောင်း အရာရှိများက ပြောသည်။ တတိယနှစ် ကျောင်းသားများကလည်း ကျောင်းတွင် ကျောင်းသားအားလုံး ပြဿနာဖြစ်နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း၊ စတုတ္ထနှစ် ကျောင်းသားကြီးများလည်း မည်သည့်နေရာသို့ ရောက်ရှိမှန်းမသိရကြောင်း၊ ကျန်သော ညီငယ် ကျောင်းသားများနှင့်အတူ အားလုံးကို အတူတကွ ရင်ဆိုင်ရန် ပြန်လာရခြင်း ဖြစ်ကြောင်း၊ မနက်ဖြန် လေ့ကျင့်ရေးအရာရှိချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ကျောင်းသားများက ပြန်လည်ပြောဆိုသည်။ ဤသို့ အခြေအတင်ပြောဆိုနေကြရင်း ကျောင်းနောက်ဘက် တောင်ကြောပေါ်တွင် တစ်နာရီကျော်ကြာသွားခဲ့သည်။

အချိန်အားဖြင့် ည (၁၁) နာရီကျော်နေပြီ ဖြစ်သည်။ ဖျောင်းဖျ၍ မရသည့် အဆုံးတွင်တော့ ဗျူဟာတာဝန်ခံဗိုလ်မှူးနှင့် ကျန်အရာရှိများက မင်းတို့ ကျောင်းထဲကို ဝင်မယ်ဆိုရင် ငါတို့လည်ပင်းကို တက်နင်းပြီးမှ သွားကြဟု ဆိုကာ အကျပ်ကိုင်လာသည်။ ကျောင်းသားများကလည်း ယခုကိစ္စသည် အထက်လူကြီးများနှင့်သာ ရှင်းရမည့်ကိစ္စဖြစ်၍ ဗိုလ်မှူးတို့၊ ဗိုလ်ကြီးတို့နှင့် မသက်ဆိုင်ကြောင်း၊ ကျောင်းသားများကို ညီအစ်ကိုကဲ့သို့ စာနာသောအားဖြင့် သွားခွင့်ပြုစေလိုကြောင်း ပြန်လည်ပြောဆိုကာ တတိယနှစ်ကျောင်းသား အားလုံး ထိုနေရာမှာပင် ထိုင်ကာ အရာရှိများကို ကန်တော့လိုက်ကြသည်။ ထို့နောက် မိမိတို့ရည်ရွယ်သည့်အတိုင်း စစ်ကြောင်းကို ကျောင်းဆီသို့ ဆက်ချီ တက်ရန်သာ ပြင်နေသဖြင့် အရာရှိများလည်း ကျောင်းသားများ နောက်ဆုတ် တော့မည့်ဟန် မပေါ်တော့ကြောင်း သိမြင်သွားကြသည်။ ကျောင်းတွင် ကာလ ရှည်ကြာ လက်ပွန်းတတီးနေလာခဲ့၍ ကျောင်းသားများနှင့် ညီလို အစ်ကိုလို ဖြစ်နေခဲ့သော အရာရှိများမှာ တတိယနှစ်ကျောင်းသားများ၏ အဆိုပါတုံ့ပြန်မှု အပေါ် မည်သို့မျှမခံစားနိုင်တော့ဘဲ တားဆီးရန် ကြိုးပမ်းမှုကို လက်လျှော့သွား ကာ မိမိသက်ဆိုင်ရာအိပ်ဆောင်များသို့ အေးအေးဆေးဆေး ပြန်နေကြရန်နှင့် သူတို့အနေဖြင့် ဤကိစ္စကို ခေါင်းခံ၍သာ ရှင်းတော့မည်ဟုပြော၍ စိတ်မကောင်းစွာဖြင့်ပင် ပြန်သွားကြတော့သည်။

ခေါင်းဆောင်ပိုင်းများ၏ ပေါ်လစီအမှား၊ စနစ်အမှားတို့ အောက်တွင် အထက်အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သော အဆိုပါအရာရှိများသည် ကျောင်းသားများကဲ့သို့ပင် ထိုစနစ်အမှား၏ သားကောင်ဖြစ်ခဲ့ရပြီး နောက်ပိုင်းတွင် အရေးယူခံခဲ့ရသည်။ ဤသို့ဖြင့် တတိယနှစ်ကျောင်းသားများစစ်ကြောင်းသည် ည (၁၁) နာရီခွဲလောက်တွင် ကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။ ကျောင်းအဝတွင် အသင့်စောင့်နေကြသော ဒုတိယနှစ်ကျောင်းသားအချို့ကလည်း ဝမ်းသာ အားရ လာကြိုကြသည်။

ထိုနေ့ညတွင် တတိယနှစ် ကျောင်းသားအချို့နှင့် ဒုတိယနှစ် ကျောင်းသား များ လျှိုဝှက်တွေ့ဆုံကာ လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့မည့်အချိန်တွင် ပြောဆိုမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။ ယခုဖြစ်စဥ်သည် မျှော်မှန်းထားသည့်အချိန်ထက် စောစွာပေါ်ပေါက်လာသည့် အတွက် မည်သို့ဆက်လုပ်သင့်ကြောင်းကိုလည်း စဥ်းစားမရဖြစ်ခဲ့ကြသည်။ တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံကြရင်း ထိုညက အဖြေမထွက်ကြ သည့်အတွက် နောက်နေ့မနက်တွင် ထပ်မံတွေ့ဆုံညှိနှိုင်းကြသည်။ ဤတွင် အဖြေတစ်ခု ထွက်လာသည်။ မည်သည့်ကျောင်းသားကို မေးမေး၊ အဖြေက တစ်မျိုးတည်း ဖြစ်နေရမည်။ ၎င်းမှာ ယခုတောင်းဆိုခဲ့သော အချက်များ မရရှိ ပါက ကျောင်းသားများ ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရေးဖြစ်သည်။ တစ်ပြိုင်နက် တည်းတွင် အိမ်ပြန်ရောက်ချိန်တွင် မည်သို့ဆက်လုပ်ကြမည်ကိုလည်း ဆွေးနွေးကြသည်။ လူကြီးများက အိမ်ပြန်ခွင့်မပေးခဲ့လျှင်လည်း မိမိတို့ သဘောနှင့် မိမိတို့ အိမ်ပြန်မည်။ အိမ်ပြန်ရောက်လျှင်လည်း ယခုကိစ္စကို လက်လျှော့မသွားဘဲ ဆက်လက်လှုပ်ရှားမည်။ ထိုလှုပ်ရှားမှုတွင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများပင် မဟုတ်တော့ဘဲ ကျန်သော တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားများနှင့် ဆက်လက်ပူးပေါင်းကာ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟူ၍ပင် ဆွေးနွေးခဲ့ကြသည်။

ထိုအချိန်က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများနှင့်လည်း အဆက်အသွယ်ရကာ ၎င်းတို့တွင်လည်း မကျေနပ်ချက်အချို့ ရှိနေကြောင်းကို သိခဲ့ရသည်။ ဤသို့ဖြင့် ကျောင်းမှ အိမ်သို့ပြန်ရောက်ပြီး၍ တစ်လခန့်အကြာမှ စ၍ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့ကို ကျောင်းသားများ အနေဖြင့် ပုံမှန်ဖတ်ရန်၊ သတင်းစာထဲတွင် “တင့်နိုင်ကျော် အမေ စိတ်ပူနေ သည်၊ အမြန်ပြန်လာပါ”ဟူသော ကြော်ငြာပါလာပြီး (၁၀) ရက်မြောက်နေ့တွင် အောက်မြန်မာပြည်မှ ကျောင်းသားများက ရန်ကုန်တွင်လည်းကောင်း၊ အထက်မြန်မာပြည်မှ ကျောင်းသားများက မန္တလေးတွင်လည်းကောင်း စုရုံးကြ ရန်ပင် သဘောတူခဲ့ကြသည်။ “တင့်နိုင်ကျော်” ဆိုသည်မှာ တပ်မတော် နည်းပညာကောလိပ်ကို အတိုကောက်ခေါ်သည့် တ.န.က ဟူသော နာမည် အား စကားဝှက်အဖြစ် သုံးသည့်သဘောဖြစ်သည်။ ထိုအချိန်က လူငယ်များပီပီ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြရင်း ပေါ်လာသော နောက်ဆုံးအစီအစဥ် ဖြစ်သည်။ လက်တွေ့ကျသည်၊ မကျသည်ကို အသက် (၂၀) သာသာမျှသာ ရှိသေးသော လူငယ်များ ထိုစဥ်က မစဥ်းစားနိုင်ခဲ့ကြပေ။

ထိုနေ့မနက်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကျင့်/ချုပ်)နှင့် တွေ့ရမည့်အချိန်ကို ကျောင်းသားများ စောင့်နေကြတော့သည်။ သို့သော် မနက်ပိုင်း တစ်ပိုင်းလုံး ကုန်လွန်သွားသည်အထိ ကျင့်/ချုပ်ထံမှ တွေ့ဆုံပွဲ အတွက် ခေါ်သည့်အမိန့်ရောက်မလာသေး။ ထိုနေ့က ၂၀၀၂ ခုနှစ်၊ ဇွန်လ (၁) ရက်၊ စနေနေ့ဖြစ်ရာ ကျောင်းအပြင်တွင် ဧည့်တွေ့လာသော ကျောင်းသား မိဘအချို့မှာ မနေ့ကတည်းက ရောက်နေကြသည်။ ကျောင်းသားများနှင့် တွေ့ခွင့်မရတော့ပေ။ ကျောင်းကိုလည်း ပြင်ဦးလွင် မြို့ပေါ်ရှိ တပ်များနှင့် နီးစပ်ရာမြို့များမှ တပ်များက ပတ်ပတ်လည်ဝိုင်း၍ ကင်းပုန်းများချထားသည် ဟု သိရသည်။ ပြင်ဦးလွင်မြို့ကိုလည်း မြို့ဝင်မြို့ထွက်များကို တင်းတင်း ကျပ်ကျပ်ပိတ်ဆို့ကာ ဖုန်းလိုင်းများကိုပင် ယာယီဖြတ်တောက်ထားသည်ဟု လည်း သိရသည်။ ဤအခြေအနေအောက်တွင် ကျောင်းသားများသည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့ဆုံနိုင်ရန် နေ့လယ်စာစားပြီး ဆက်စောင့်နေကြပြန်သည်။

ထိုအချိန်တွင် စတုတ္ထနှစ် ကျောင်းသားကြီးများ၏ အိပ်ဆောင်သို့ ကားကြီး များ ရောက်လာကာ ကျောင်းသားများ၏ သေတ္တာနှင့် အသုံးအဆောင်ပစ္စည်း များ လာသိမ်းယူကြောင်း သိရသည်။ ထိုအချိန်က စတုတ္ထနှစ်ကျောင်းသားများ ကို ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် ဗဟိုလျှပ်စစ် နှင့် စက်မှုအင်ဂျင်နီယာတပ်တွင် တစ်ပတ်စဥ်လုံး ထိန်းသိမ်းထားခြင်း ခံနေရချိန်ဖြစ်သည်။ ကျင့်/ချုပ်နှင့် တွေ့ရ မည့်အချိန်ကို စောင့်နေစဥ် ထိုသို့ စီနီယာကျောင်းသားကြီးများ၏ ပစ္စည်းများ ကို လာသယ်ယူသော ကားကြီးများကို တွေ့လိုက်ရသောအခါ ကျောင်းသား အချို့ ဒေါသထွက်ကြတော့သည်။ ထိုသို့ သယ်ယူပြီး တစ်နာရီခွဲခန့်အကြာတွင် တော့ ကျောင်းသားအချို့သည် ထိန်းမရတော့ဘဲ အခုပဲ ကျင့်ချုပ်နှင့် တွေ့ခွင့်ရ ရန် ကျောင်းအိပ်ဆောင်များမှ လူစုပြီး ချီတက်မည်ဟုဆိုကာ ခရာများကို ဆက်တိုက်မှုတ်ကြတော့သည်။ ထိုအချိန်က ကျောင်းသားတပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးများတွင် ခရာတစ်စုံစီရှိကြရာ အဆိုပါခရာများကို ကျောင်းသားများ က ပြိုင်တူမှုတ်၍ အချက်ပေးကာ ချီတက်ရန် လှုံ့ဆော် ကြတော့သည်။ အဆိုပါ ဒုတိယနှစ်ကျောင်းသားအချို့ စမှုတ်လိုက်သော ခရာသံက ကျန် ကျောင်းသား တပ်ခွဲများဆီသို့ ကူးစက်သွားကာ ကျန် တပ်ခွဲများကလည်း ခရာများ ဆက်တိုက်မှုတ်ကာ လူစုကြသည်။ ထိုစဥ်က ကျောင်းသား (၃၀၀၀) ကျော် အင်အားနှင့်အတူ ကျောင်းသား တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အသီးသီးက ပြိုင်တူမှုတ်လိုက်သော ခရာသံများ၊ အော်ဟစ်လှုံ့ဆော်သံများမှာ ကြောက်ခမန်းလိလိ ဖြစ်သွားကာ ကျောင်းသားများလည်း စိတ်ကြွ၍ နီးစပ်ရာ တပ်ခွဲများမှ လမ်းမပေါ်သို့ တက်ကာ လူစုကြတော့သည်။

သို့နှင့် ကျောင်းနောက်ဘက် တောင်ခြေတပ်ရင်းများဘက်မှ ကျောင်းသား များသည် ခရာများပြိုင်တူမှုတ်ရင်း စစ်ရေးပြကွင်းဘက်သို့ သွားသော ကျောင်း လမ်းမကြီးအတိုင်း ချီတက်လာကြသည်။ လမ်းတွင် နီးစပ်ရာတပ်ခွဲများမှ ကျောင်းသားများက လူစု၍ စောင့်နေကြသည်။ မပါဝင်သော ကျောင်းသား အနည်းငယ်ရှိခဲ့ကြသော်လည်း အများစုက ချီတက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြ သောကြောင့် ကျောင်းသားအင်အား (၃၀၀၀) နီးပါးရှိခဲ့သည်။ ထိုအင်အားဖြင့် စစ်ရေးပြကွင်းသို့သွားရာ လမ်းမကြီးအတိုင်း ချီတက်လာကြရာ ကျောင်းသား အချို့က ချီတက်နေရင်းနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် တွေ့ဆုံစကားပြောခွင့်ရချင် ရ၊ မရရင်လည်း အဆိုပါ လမ်းမကြီးအတိုင်း ကျောင်းမုခ်ဝဘက်သို့ ဦးတည်ကာ ကျောင်းအပြင် သို့ ဆက်လက်ချီတက်သွားမည်ဟုပင် ပြောလာသည်များရှိသည်။

ထိုအချိန်တွင် ကျောင်း၌ အုပ်ချုပ်မှုယန္တရားအားလုံး ရပ်ကုန်ပြီ ဖြစ်သည်။ စောစောပိုင်းက အခြေအနေကို ထိန်းပေးရန် ကျောင်းသားအိပ်ဆောင်များ အနီးတွင် တာဝန်ယူစောင့်ကြပ်နေကြသော လေ့ကျင့်ရေးအရာရှိအချို့လည်း ကျောင်းသားများ၏ ထိန်းမရနိုင်တော့မည့် အခြေအနေကို ရိပ်စားမိကာ ဝေးရာသို့ ရှောင်သွားကြတော့သည်။ ကြိုတင်မျှော်မှန်းမထားဘဲ တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများ၏ ချီတက်ဆန္ဒပြမှုကြီး ပေါ်ပေါက်လာ တော့သည်။ စိတ်ခံစားမှုအရှိန်အမြင့်ဆုံးသို့ တက်နေပြီဖြစ်သော ကျောင်းသား ထု၏ အခြေအနေမှာ ဘာမဆိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။ ပါးစပ်မှ လည်း ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် တောင်းဆိုချက်များ ရရှိရန် “တို့အရေး”ကြွေးကြော်သံများ ကြွေးကြော်လာကြသည်။

ထိုအချိန်တွင် ထိုစဥ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်သည် သက်တော်စောင့်စစ်သားများနှင့်အတူ ကျောင်းသား စစ်ကြောင်းနှင့် ပေ (၂၀၀) ခန့်အကွာ လမ်းမကြီးပေါ်တွင် ထိုးရပ်လာကာ ကျောင်းသားများကို နောက်ပြန်ဆုတ်ရန် အမိန့်ပေးသည်။ ကျောင်းသားများက မဆုတ်သောအခါ ခါးကြားကပစ္စတိုကို ထုတ်၍ “မင်းတို့ကောင်တွေ ငါ့ကို ဘာမှတ်နေလဲ၊ မန္တလေးတိုင်းမှူး မင်းတို့ကို အမိန့်ပေးနေတာကွ” သေနတ်ဖြင့် ခြိမ်းခြောက်ပြောဆိုသည်။ သူနှင့်အတူပါလာသော သက်တော်စောင့်စစ်သား များကလည်း သေနတ်များကို ကျောင်းသားများဘက်သို့ အသင့်ချိန်ရွယ်ထား ကြသည်။ သို့သော် သေနတ်နှင့် နိစ္စဓူဝဘဝတွင် ရင်းနှီးနေခဲ့သော စစ်ကျောင်းသားများမှာ ယင်းကဲ့သို့ သေနတ်ပြခြိမ်းခြောက်မှုကို မကြောက်ကြ သည့်အပြင် ပို၍ပင် ဒေါသထွက်သွားကြကာ ကျောင်းသားအချို့က တိုင်းမှူးကို ပြန်လည်အော်ဟစ်ဆဲဆိုကာ စစ်ကြောင်းအတွင်းမှထွက်၍ အုတ်ခဲကောက် ကာ သေနတ်ဖြင့်ပစ်လျှင် ပြန်ထုမည်ဟု ကြုံးဝါးကြသည်။ စိတ်ခံစားမှု အပြင်းထန်ဆုံး ဖြစ်နေသည်မှာ ဒုတိယနှစ်ကျောင်းသားများ ဖြစ်သည်။ အဆိုပါ ကျောင်းသားများကို စီနီယာ တတိယနှစ် ကျောင်းသားများက အော်ဟစ်အမိန့် ပေး၍ ထိန်းလိုက်ရသည်။

စစ်ကြောင်းတွင်ပါလာသော တတိယနှစ် (အပတ်စဥ် ၂) ကျောင်းသားကြီး များက ရှေ့သို့ထွက်ကာ ယခုအချိန်တွင် ကျောင်းယန္တရားများအားလုံး ရပ်တန့် ကုန်ပြီဖြစ်၍ မိမိတို့အား မည်သည့်အရာရှိကမှ အမိန့်ပေးထိန်းချုပ်ဖို့ မဖြစ်နိုင် တော့ကြောင်း၊ သို့သော် ကျောင်းသားများအနေဖြင့် အထိန်းအကွပ်မဲ့၊ စည်းကမ်းမဲ့များဖြစ်လာလျှင် မူလဦးတည်ချက်ပျောက်ဆုံးပြီး နှိမ်နင်းခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် မည်သည့်အရာရှိစကားကိုမျှ နားမထောင်လျှင်ပင် စီနီယာကျောင်းသားကြီးများ၏ စကားကို နားထောင် ရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ယခုအချိန် ပစ်ခတ်နှိမ်နင်းလျှင် မိမိတို့ စီနီယာကျောင်းသားများက ကျောင်းသားအားလုံးရှေ့က အရင်ဆုံး ရင်ဆိုင်၍ အပစ်ခံမည့်သူများ ဖြစ်နေသောကြောင့်ဖြစ်ကြောင်း ပြောကာ စည်းကမ်း တကျတုံ့ပြန်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကျောင်းသားစစ်ကြောင်း ကြီး တစ်ခုလုံး၏ ရှေ့တွင် တတိယနှစ် ကျောင်းသား (၁၅) ယောက်ခန့်က လက်ချင်းတွဲကာ ပိတ်ထားလိုက်ပြီး နောက်မှ ကျောင်းသားများစစ်ကြောင်း ရှေ့သို့ ကျော်တက်ပြီး စည်းမဲ့ကမ်းမဲ့မလုပ်ရန် တားဆီးလိုက်ကြသည်။ တစ်ချိန် တည်းတွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရှေ့သို့ပင် ဆက်လက် ချီတက် လာခဲ့သည်။ တိုင်းမှူးလည်း ၎င်းအနေဖြင့် ထိန်းဖို့ရာ အခြေအနေ မဟန်တော့မှန်း ရိပ်စားမိကာ ကားပေါ်သို့တက်၍ ဆူပူကြိမ်းမောင်းရင်း ပြန်လှည့်သွားတော့သည်။

တိုင်းမှူးပြန်လှည့်သွားပြီး မကြာခင်မှာပင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းသည် ရှေ့နောက်၊ ဘေးဘီ ဝဲယာတွင် လက်နက်ကိုင်စစ်သားများဝန်းရံကာ ယာဉ်တန်းကြီးဖြင့် ကျောင်းသားများ ချီတက်လာရာဆီသို့ ဦးတည်လာနေတော့သည်။ ကျောင်းစစ်ရေးပြကွင်း အစပ် သို့ ရောက်ချိန်တွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရပ်လိုက်သည်။ ကျောင်းသားများ၏ ချီတက်စစ်ကြောင်းကြီးနှင့် ပေ (၁၀၀) ခန့်အကွာတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၏ ယာဉ်တန်းလည်း ရပ်လိုက်သည်။ ထို့နောက် လက်နက်ကိုင်စစ်သည်များက ကျောင်းသားစစ်ကြောင်း၏ ရှေ့နောက် ဝဲယာ တွင် နေရာယူလိုက်ကြပြီး ကျောင်းသားများကို ကျည်အသင့် ထိုးထားသော စက်သေနတ်များဖြင့် အသင့်ချိန်ရွယ်လိုက်ကြသည်။

ဗိုလ်ချုပ်ကျော်ဝင်းသည် နောက်လိုက်အရာရှိများခြံရံလျက် ကျောင်းသား များရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ၎င်းနှင့် အတူ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်၊ အရပ်ဝတ် ကင်မရာသမားများ၊ ထောက်လှမ်းရေးဘက်ကဟု ထင်ရသော အရာရှိများ လည်း ပါလာသည်။ ထို့နောက် ကျောင်းသားများနှင့် ခြေလှမ်း (၁၀) လှမ်းခန့် အကွာတွင် ရပ်ကာ ကျောင်းသားများကို စိုက်ကြည့်နေသည်။ ခဏအကြာ တွင်တော့ –

“ကဲ … အာဂကျောင်းသားကြီးတွေပေါ့လေ။ ငါတို့တွေ တက္ကသိုလ်ကောလိပ်ကျောင်းသား ဆန္ဒပြပွဲမျိုးစုံကို နှိမ်နင်းခဲ့ ဖူးတယ်၊ သေနတ်တစ်ချက်နှစ်ချက်ဖောက်လိုက်ရင် ထိန်းလို့ ရတာချည်းပဲ၊ အခု မင်းတို့ဟာက သေနတ်ဖောက်လည်း ထိန်း မရဘူး၊ မကြောက်ဘူး၊ အေး … ဘယ်ကြောက်ကြမလဲ … မင်းတို့မှာက ငါတို့သင်ပေးထားတဲ့ စစ်ပညာတွေရှိနေမှကိုး။ အခု မင်းတို့ကလည်း ဆန္ဒပြကျောင်းသားတွေ လုပ်လာကြ တယ်ပေါ့။ ဒါပေမဲ့ ရိုးရိုးကျောင်းသားမဟုတ်ဘူး … စစ်အင်ဂျင်နီယာကျောင်းသားတွေ… ဒီတော့ မင်းတို့ကို ရိုးရိုး G3 (ဘီအေ၆၃) သေနတ်လောက် နဲ့ မပစ်ဘူး…အဆင့်မြင့်မြင့် ဟောဒီအတွဲလိုက်ပစ်တဲ့ အဆင့်မြင့် အူစီတွေနဲ့ပဲ ပစ်မယ်။”

ဟု အစချီပြောရင်း ကျောင်းသားစစ်ကြောင်းကို ရှေ့နောက်ဝဲယာမှ လက်နက်ကိုင်စစ်သားများက ကျည်အတွဲလိုက်လွယ်လျက် အသင့်ချိန် ရွယ်ထားသော စက်သေနတ်များကို လက်ညှိုးထိုးပြလိုက်သည်။

“တိုင်းပြည်မှာ ပြဿနာတွေရှုပ်နေတဲ့အချိန် မင်းတို့က တစ်မှောင့်… အခု မင်းတို့ကိစ္စကို အပြီးအပြတ်ဖြေရှင်းဖို့ ငါ့ကို အာဏာကုန် လွှဲအပ်လိုက်တယ်၊ အဲဒီတော့ မင်းတို့အားလုံးကို ငါ ပစ်သတ်လို့ ရတယ်၊ အဲလိုပစ်သတ်လိုက်ရင် ရာဇဝင်မှာကျော်ဝင်းက မင်းတို့ အင်ဂျင်နီယာကျောင်းသားတွေကို ဒီလို နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့ စကားကျန်ခဲ့တာကလွဲလို့ ကျော်ဝင်း ဘာမှမဖြစ်ဘူး … ဒါပေမဲ့ … မင်းတို့ကို ငါ အဲဒီလိုမလုပ်ပါဘူး … အခု မင်းတို့ ဘာဖြစ်ကြတာလဲ။ မင်းတို့နဲ့ ငါ အခုပဲ ဒီနေရာ မှာ ဆွေးနွေးမယ် … ကဲမင်းတို့ ပြောကြ။”

ဟုဆိုကာ ကျောင်းသားများနှင့် ဆွေးနွေးမှုကို စတင်လမ်းဖွင့်ပေးလိုက်သည်။ ထိုအချိန်တွင် ကျောင်းသားစစ်ကြောင်းတစ်ခုလုံးက မတ်တတ်ရပ်လျက် အနေ အထား ဖြစ်နေသည်။ ဆွေးနွေးမှုက အချိန်ကြာမြင့်နိုင်သည် ဖြစ်သောကြောင့် ကျောင်းသားအားလုံးကို ယခုရပ်နေသည့်ပုံစံအတိုင်းပင် ထိုင်နိုင်ကြောင်း ဗိုလ်ချုပ်ကျော်ဝင်းက ပြောသည်။ ကျောင်းသားများလည်း လက်ရှိ ရောက်နေ သော စစ်ရေးပြကွင်းအစပ် ကျောင်းလမ်းမကြီးပေါ်တွင် ထိုင်လိုက်ကြသည်။ တပ်မတော်နည်းပညာကောလိပ် စစ်ရေးပြကွင်းအစပ် လမ်းမကြီးပေါ်တွင် ကျောင်းသားများနှင့် ကျောင်းတာဝန်ခံ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် တို့၏ ကျောင်းကိစ္စ ဆွေးနွေးမှု စတင်နိုင်ခဲ့သည်။ ဤနေရာတွင် အပြန်အလှန် ပြောဆိုချက်များကို အသေးစိတ်မထည့်တော့ဘဲ လိုရင်းအချက်များကိုသာ တင်ပြပါမည်။ လေ့ကျင့်ရေးအရာရှိချုပ်က ကျောင်းသားတစ်ဦးချင်း ဆွေးနွေး ပါ ဆိုလာသည့်အတွက် ကျောင်းသားများထဲမှ ကျောင်းသား (၇) ဦးက အလှည့်ကျမတ်တတ်ထ၍ ဆွေးနွေးတင်ပြကြသည်။

ကျောင်းသားများပို့ခဲ့သော စာများသည် အောက်ခြေတွင်ရှိသော ဝန်ထမ်း များက သက်ဆိုင်ရာလူကြီးများထံမပို့ဘဲ လက်စဖျောက်လိုက် နိုင်သည်လည်း ဖြစ်ရာ ယခုအခြေအနေသည် ကျောင်း၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှင့် ကျောင်းသားတို့ကြား တရားဝင်ဆွေးနွေးခွင့်ရမည်ဖြစ်သလို အခြားသော အရာရှိများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာလည်း အပြန်အလှန် ဆွေးနွေးခွင့်ရမည် ဖြစ်သည်။ ပထမဦးစွာ ကျောင်း၏ ပြဿနာအထွေထွေကို တင်ပြကြသည်။ ၎င်းတင်ပြချက်များထဲတွင် ကျောင်း၌ ဆရာ၊ ဆရာမ မလုံလောက်မှု၊ အင်ဂျင်နီယာဘာသာရပ်အပိုင်း အလေးပေးမှုအားနည်းမှု၊ ကွန်ပျူတာအပါအဝင် ကျောင်းရှိ သင်ထောက်ကူပစ္စည်းများကို ကျောင်းသား များအသုံးပြုခွင့်ရခြင်း နည်းပါးမှု အခြေအနေများလည်း ပါဝင်သည်။ ထို့နောက် ကျောင်းသားများ၏ တောင်းဆိုချက်များအကြောင်းကို တင်ပြသည်။

ကျောင်း၏ ပြဿနာအထွေထွေနှင့် ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်က ဖြေရှင်းပေးလိမ့်မည်ဟုဆိုကာ တောင်းဆိုချက်များ ကိုမူ တပ်မတော်တွင် ယခုကဲ့သို့ လူစုလူဝေးဖြင့် ဆန္ဒပြခြင်းဖြင့် သော်လည်း ကောင်း၊ လူစုလူဝေးဖြင့် လက်မှတ်ထိုးစာတင်၍ သော်လည်းကောင်း တောင်းဆိုမှုများကို လိုက်လျောပေးရိုးထုံးစံမရှိကြောင်း၊ မကျေနပ်ပါက ကျောင်းသားများအား တောခိုလျှင်ခိုနိုင်ကြောင်း ပြောသည်။ ဤတွင် ကျောင်းသားများဘက်မှလည်း တောင်းဆိုချက်များရရှိမှသာ ကျောင်းကို ဆက် တက်နိုင်မည်၊ မရလျှင် ကျောင်းသားများကို (အရေးယူမှု တစ်စုံတစ်ရာ မလုပ်ဘဲ) ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ပြုရန် ထပ်မံတင်ပြ တောင်းဆိုကြသည်။ အဆိုပါ တင်ပြချက်ကို ကြားရသည့်အခါ လေ့ကျင့်ရေးအရာရှိချုပ်လည်း ခေတ္တမျှ ငြိမ်သွားသည်။ သူ မျှော်လင့်မထားသော အချက်ဖြစ်ပုံရသည်။ ထို့အပြင် ကျောင်းသားများ၏ တောင်းဆိုလွှာများမှာလည်း သက်ဆိုင်ရာလူကြီးများထံ မရောက်သည်မှာ သေချာသလောက် ဖြစ်နေသည်။ ရောက်ပါက ထို အချက်များကို ဗိုလ်ချုပ်ကျော်ဝင်း သိရှိပြီး ဖြစ်လိမ့်မည်။

ထို့နောက် အိမ်ပြန်လိုသည့်ကိစ္စကို တစ်ဦးတစ်ယောက်တည်းက ကျောင်းသားအားလုံးကိုယ်စား တောင်းဆို၍မရကြောင်း၊ တပ်မတော်တွင် ကိုယ်စားလှယ်လုပ်ပြီး တောင်းဆို၍ မရကြောင်း၊ ယခုကိစ္စကို ဤနေရာတွင်ပင် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းပြောကာ အိမ်ပြန်လိုသော ကျောင်းသားများအနေဖြင့် စစ်ကြောင်း၏ အပြင်ဘက် စစ်ရေးပြကွင်းဘက် တွင် ထွက်၍ ရပ်ရမည်ဖြစ်ပြီး မပြန်လိုသော ကျောင်းသားများက လက်ရှိ နေရာတွင် ဆက်လက်ထိုင်နေရမည်ဟု ဆိုသည်။ တစ်ဦးနှင့်တစ်ဦး မည်သည့် ပုံစံနှင့်မျှ သွေးဆောင်စည်းရုံးခြင်း မလုပ်ရန်လည်း သတိပေးလိုက်သည်။ ထို စကားကြားသည့်အခါ ကျောင်းသားများလည်း ခေတ္တမျှငြိမ်သွားသည်။ ဘေးဘီ ဝဲယာတွင် ကျည်အသင့်ထိုးထားသော လက်နက်များဖြင့် ချိန်ရွယ်ထားပြီး အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၏ ရှေ့မှောက်တွင် ကျောင်းသား တစ်ဦးချင်းအနေဖြင့် မိမိတို့သဘောဆန္ဒကို အတည့်အလင်း ထုတ်ဖော်ကာ အာခံရမည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုသို့ ထွက်ရပ်မည့် ကျောင်းသားများကို ပစ်သတ်မည်လော၊ အရေးယူမည်လော စသဖြင့် ကျောင်းသားများဘက်မှလည်း တွေးနေကြသည်။ ခဏအကြာတွင်တော့ ကျောင်းသားတစ်စုက စစ်ကြောင်းထဲမှထွက်ကာ လေ့ကျင့်ရေးအရာရှိချုပ် ပြောသော နေရာတွင် ရပ်လိုက်ကြသည်။ ကင်မရာသမားများကလည်း ဓာတ်ပုံ များ အဆက်မပြတ် ရိုက်နေသည်။ ထို့နောက် နောက်ထပ်တစ်စု ထပ်ထွက် သွားပြန်သည်။ ဤသို့ဖြင့် တစ်စုပြီးတစ်စု ထွက်သွားနေရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းအပါအဝင် အရာရှိများအားလုံး မျက်နှာမသာမယာ ဖြစ်ကုန်ကြသည်။ ၎င်းတို့၏ သွေးခွဲရေးစနစ်ကျင့်သုံးမှု divide and rule မှာ ကျောင်းသားများအတွက် အလုပ်မဖြစ်ကြောင်း စတင် ရိပ်မိလာသည်။ တစ်စတစ်စနှင့် အိမ်ပြန်မည့်ဘက်တွင် ထွက်ရပ်လာသည့် ကျောင်းသားဦးရေမှာ သုံးပုံနှစ်ပုံကျော်လာချိန်တွင်တော့ လေ့ကျင့်ရေး အရာရှိချုပ်က လက်ကာပြ၍ တားလိုက်တော့သည်။ ထို့နောက်တွင်တော့ –

“ကောင်းပြီ … မင်းတို့ရဲ့ ရဲရင့်ပြတ်သားမှုကို ကြိုက်တယ် … သိပ်ကို အိမ်ပြန်ချင်နေတဲ့ ကောင်တွေ။ မင်းတို့ကို တပ်မတော် မှာလည်း ဆက်မထားဘူး … အားလုံးပြန်ပို့ပေးမယ် … မင်းတို့ မိဘတွေဆီ အကြောင်းကြားပြီး အားလုံးကို ပြန်ပို့ပေးမယ် … ကျန်တဲ့အင်အားနဲ့ ငါတို့ ဒီကျောင်းကို ဆက်ဖွင့်မယ် … ဒါပေမဲ့ မင်းတို့ တစ်ခုတော့မှတ်ထားကြ… မင်းတို့ကျောင်းသားတွေရဲ့ လုပ်ရပ်ဟာ မြန်မာ့တပ်မတော့်သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ ဖူးတဲ့ လုပ်ရပ်ပဲ။ နောက်နောင်လည်း ဘယ်တော့မှ ရှိမလာစေ ရဘူး… မင်းတို့စိတ်ဓာတ်တွေ ငါတို့တပ်မတော်ကို အကူးစက် မခံနိုင်ဘူး … အဲဒီအတွက် မင်းတို့ ပြန်ချင်သူတွေ ပြန်ရမယ် … မင်းတို့ မိဘတွေ လက်ထဲကို မှဲ့တစ်ပေါက်မစွန်းစေရဘဲ ပြန်ရောက်စေရမယ်… အဲ… ဒါပေမဲ့ ဒီကိစ္စကို လှုံ့ဆော်ဖန်တီး တဲ့ သူတွေကိုတော့ ငါတို့ ခွင့်မလွှတ်ဘူး…”

ဟုဆိုကာ ဆွေးနွေးမှုကို အဆုံးသတ်လိုက်တော့သည်။

ထို့နောက် ကျောင်းအုပ်ကြီးကိုလည်း မှာစရာရှိတာ မှာကြားကာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လည်း ကားပေါ်သို့တက်၍ နေရာမှ ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကလည်း အိမ်ပြန်လိုသော ကျောင်းသားများ မိမိတို့ သက်ဆိုင်ရာတပ်ခွဲအလိုက် နာမည် စာရင်းပေးကြရန် မှာကြားပြီး ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းသား များလည်း မိမိတို့လိုလားသော အချက် (၂) ချက် (စာတင်၍ တောင်းဆို ထားသော အချက်များကို လိုက်လျောလျှင် ဆက်တက်မည်၊ မလိုက်လျောလျှင် ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရမည် ဟူသောအချက်) ထဲမှ တစ်ချက်ကို အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်သည့်အတွက် ဆက်တက်လိုသော ကျောင်းသားအချို့ မှလွဲ၍ ကျောင်းသားအများစုမှာ ကျေနပ်ပျော်ရွှင်သွားကြသည်။ မိမိတို့ဘဝကို မိမိတို့ လွတ်လပ်စွာ ပုံဖော်ခွင့်ရတော့မည်၊ လွတ်လပ်စွာ ပျံသန်းခွင့်ရတော့ မည်။ ထိုနေ့မှစ၍ ကျောင်း၏ နိစ္စဓူဝလုပ်ငန်း လည်ပတ်မှုများ၊ ယန္တရားများကို တရားဝင်ရပ်လိုက်ကြပြီး အိမ်မပြန်မီ ကျောင်းထဲ၌ ကျောင်းသားအားလုံး လွတ်လပ်စွာ နေထိုင်ခွင့်ရသွားကြသည်။

ကျောင်းပတ်ပတ်လည်တွင်တော့ လက်နက်ကိုင်တပ်များက လုံခြုံရေး တင်းကျပ်စွာ ယူနေဆဲဖြစ်သည်။ ကျောင်းပရဝုဏ်မှ ထွက်ပြေးရန် မသင်္ကာ ဖွယ်ရာများ တွေ့လျှင်လည်း နေရာတွင် ပစ်သတ်ရန် အမိန့်ပေးထားသည် ဆိုသော သတင်းများကိုလည်း ကြားသိရသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသား များအနေဖြင့် အိမ်ပြန်ခွင့်ရတော့မည့်နေ့ကိုသာ စောင့်မျှော်နေရုံမှတစ်ပါး လုပ်စရာမရှိတော့ပေ။ ကျောင်းသားများ ပျော်ရွှင်နေကြသည့် တစ်ချိန်တည်း တွင် တစ်ဖက်၌လည်း နာမည်ထွက်သော ကျောင်းသားများကို တစ်ဦးချင်း ခေါ်ယူစစ်ဆေးလျက်ရှိနေရာ အများစုက ပြန်မလာရတော့သည်က များသည်။ ထို့အတူ ညဉ့်အချိန်များတွင် ကျောင်းသားအိပ်ဆောင်များသို့လာကာ နာမည် ထွက်သော အချို့ကျောင်းသားများကို တိတ်တဆိတ် ခေါ်ဆောင်သွားမှုများ လည်း ရှိနေသည်။ မည်သူတွေကို မည်သို့ခေါ်ဆောင်သွားသည်ကို ကျောင်းသားများ မသိကြတော့ပေ။

တစ်ပြိုင်နက်တည်းတွင် ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် တပ်မတော် ဗဟို လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (ဗလစ) တွင် ထိန်းသိမ်းခံထားရသော စတုတ္ထနှစ်ကျောင်းသားများမှာလည်း တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ဆွေးနွေးမှုအဆင်မပြေဖြစ်ကာ မည်သို့ဆက်လုပ်ရမည် မသိ ဖြစ်နေခဲ့သည်။ စတုတ္ထနှစ်ထဲမှ လက်ရှိလှုပ်ရှားမှုနှင့်ပတ်သက်၍ နာမည်ထွက်သော ကျောင်းသားအချို့ကိုလည်း တစ်စတစ်စ ခေါ်ထုတ်စစ်ဆေးရင်း တစ်ခါတည်း ထိန်းသိမ်းထားလိုက်သည်များ ရှိနေသည်။ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသားများကို တပ်မတော် နည်းပညာကောလိပ် ကျောင်းအချုပ်တွင် မထားတော့ဘဲ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသောကျောင်းကြီးများနှင့် တပ်များ တွင် ခွဲ၍ထားရှိကြသည်။ အချို့ကို စစ်တက္ကသိုလ်အချုပ်တွင် လည်းကောင်း၊ အချို့ကို တပ်မတော်နည်းပညာတက္ကသိုလ် အချုပ်တွင်လည်းကောင်း၊ အချို့ ကို တပ်မတော်အုပ်ချုပ်မှုကျောင်း (တအခ) အချုပ်တွင်လည်းကောင်း၊ အချို့ ကို တပ်မတော်လေ့ကျင့်ရေး (၂) တပ်ရင်းအချုပ်တွင်လည်းကောင်း စသဖြင့် အသီးသီးခွဲဖြန့်ထားရှိကာ တစ်နေရာလျှင် အများဆုံး (၃) ရက်သာ ထားရှိပြီး အလှည့်ကျရွှေ့ပြောင်းရင်း စစ်ကြောရေးဝင်လျက်ရှိသည်။ ပထမတွင် ကျောင်းသားအားလုံးကို သေဒဏ်ပေးမည်ဟူသော သတင်းများထွက်ပေါ်လာ သည်။ သေဒဏ်ပေးမည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်ပိုင်းများကြား သဘောထားကွဲလွဲမှုအချို့ ရှိနေသည်ဟုလည်း ကြားသည်။ ထို့နောက် ဖမ်းဆီးခံ ကျောင်းသားများကို ရောက်ရှိတပ်ရင်းအချုပ် များတွင်ပင် စစ်ခုံရုံးတင် စစ်ဆေးကြသည်။

တပ်မတော်နည်းပညာကောလိပ်တွင်မူ ကျောင်းအုပ်ကြီး မှာကြားခဲ့သည့် အတိုင်း အိမ်ပြန်လိုသော ကျောင်းသားများနှင့် ဆက်တက်လိုသော ကျောင်းသားများကို သက်ဆိုင်ရာ တပ်ခွဲအလိုက် နာမည်စာရင်း လိုက်လံ ကောက်ယူလျက်ရှိသည်။ ကျောင်းကို လက်ရှိပုံစံအတိုင်း ဆက်ဖွင့်မည်၊ ဆက်တက်လိုသော ကျောင်းသားများကို ရောက်ရှိစာသင်နှစ်များအတိုင်း ဆက်လက်သင်ကြားပေးသွားမည်ဆိုသည့် သတင်းများလည်း ကြားလာရသည် ဖြစ်ရာ ကျောင်းသားများကြားတွင် နောက်ဆုံး၌ ကျောင်းဆက်မတက်ဘဲ အိမ်ပြန်လိုသည့်ဘက်က ပိုမိုများပြားလာတော့သည်။ အိမ်ပြန်လိုသည့် ကျောင်းသားဦးရေ အဆမတန် များပြားနေကြောင်း တာဝန်ရှိသူများ သိရှိ သွားချိန်တွင် ကျောင်းသားများကြား သတင်းတစ်ခုဝင်လာပြန်သည်။ အိမ်ပြန် မည်ဆိုပါက ကျောင်းသားတစ်ဦးလျှင် ငွေကျပ် (၁၀) သိန်း နိုင်ငံတော်ကို လျော်ကြေးပေးရမည်ဟူ၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသားများ၏ ဆုံးဖြတ်ချက်များကား မပြောင်းလဲကြတော့ပေ။

ကျောင်းသားအင်အား (၃၀၀၀) ကျော်တွင် ဆက်တက်လိုသည့် အင်အား မှာ (၁၀၀) ဝန်းကျင်သာ ကျန်ရှိတော့သည့်အတွက် နောက်ဆုံးအချိန်အထိ ကျောင်းကို ရှိသလောက်အင်အားနှင့် ဆက်ဖွင့်သွားမည်ဆိုသော တပ်မတော် ခေါင်းဆောင်ပိုင်းများ၏ ဆုံးဖြတ်ထားမှုကို ပြင်လိုက်ရတော့သည်။ နောက်ဆုံး တွင်တော့ ကျောင်းသားအားလုံးကို အိမ်ပြန်ခွင့်ပေးလိုက်သည် ဟူသော အမိန့် ကျလာတော့သည်။ ထိုအမိန့်ကျပြီးနောက် ဇွန်လ (၇) ရက်နှင့် (၈) ရက်များ တွင်တော့ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကို တပ်မတော် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့အထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။ ကျောင်းသားအားလုံးကို ထိုသို့ပြန်ပို့ပေးခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာကောလိပ်ကိုလည်း ဇွန်လ (၁၀) ရက်တွင် တရားဝင် ပိတ်လိုက်ကြတော့သည်။

အိမ်ပြန်ကျောင်းသားများနှင့် မရှေးမနှောင်းမှာပင် ဇွန်လ (၁၀) ရက်နေ့မှ စ၍ ဖမ်းဆီးခံကျောင်းသားများကို မန္တလေးအကျဉ်းထောင်သို့ (၃) သုတ်ခွဲကာ ပို့ခဲ့သည်။ ဖမ်းဆီးခံကျောင်းသားများသည် မန္တလေးထောင်သို့ ရောက်၍ ထောင်အာဏာပိုင်များနှင့် တွေ့ဆုံချိန်မှသာ မိမိတို့ ထောင်ဒဏ်မည်မျှ ကျခံရ ကြောင်းကို သိခွင့်ရကြသည်။ ထို့နောက် မန္တလေး ကြိုးတိုက်နှင့် သေဒဏ် တိုက်ခန်းများတွင် တစ်ခန်းလျှင် (၄) ဦး သို့မဟုတ် (၃) ဦးနှုန်းဖြင့် အသီးသီး ခွဲဖြန့်ထားရှိကြသည်။ မန္တလေးအကျဉ်းထောင်တွင် (၄) ပတ်ကြာမျှ ထားပြီး သည့်အချိန်တွင်တော့ ဖမ်းဆီးခံကျောင်းသားများကို မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များသို့ ခွဲပို့ကြသည်။ ထောင်နေရာချသည့် ပုံစံမှာလည်း ရန်ကုန်၊ ဧရာဝတီကဲ့သို့ မြန်မာပြည် အောက်ပိုင်းတွင်နေသော ကျောင်းသား များကို ဗန်းမော်၊ ကသာ၊ ပူတာအို၊ ခန္တီး၊ ကလေး စသည့် အကျဉ်းထောင်များသို့ လည်းကောင်း၊ မြန်မာပြည် အထက်ပိုင်းတွင်နေသော ကျောင်းသားများကို မော်လမြိုင်၊ ဘားအံ၊ စစ်တွေ စသည့် အကျဉ်းထောင်များသို့လည်းကောင်း ဇာတိဒေသများနှင့် ဝေးကွာသောနေရာများသို့ တမင်ရည်ရွယ်ချက်ရှိရှိ ခွဲဖြန့် ပို့လိုက်ကြခြင်း ဖြစ်သည်။

တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုဖြစ်စဥ်တွင် စတုတ္ထနှစ်ကျောင်းသား (၁၁) ဦး၊ တတိယနှစ်ကျောင်းသား (၁) ဦး၊ ဒုတိယနှစ် ကျောင်းသား (၃၃) ဦး၊ စုစုပေါင်း (၄၅) ဦးမှာ ထောင်ဒဏ် (၅) နှစ် နှင့် (၇) နှစ်တို့ အသီးသီးချမှတ်ခံခဲ့ရသည်။ ထို့အပြင် အဆိုပါဖြစ်စဥ်အတွင်း ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော လေ့ကျင့်ရေးအရာရှိများလည်း အရေးယူခံခဲ့ရ သည်။ ထိုအချိန်က သင်တန်းသွားနေသော အရာရှိများနှင့် အစိုးရသက်သေ လိုက်လံထွက်ဆိုပေးသော အရာရှိများမှလွဲ၍ ကျန်သော လေ့ကျင့်ရေးဌာန အရာရှိများနှင့်အတူ ဗိုလ်မှူးကြီး ဘိုးအောင်လည်း အနားပေးခံခဲ့ရသည်။ ဗိုလ်မှူးကြီးအဆင့် (၁) ဦး၊ ဗိုလ်မှူးအဆင့် (၅) ဦး၊ ဗိုလ်ကြီးအဆင့်(၈) ဦး စုစုပေါင်း အရာရှိ (၁၄) ဦးတာဝန်မှ အနားပေးခံခဲ့ရသည်။ တကယ်တမ်းတွင် အဆိုပါအရာရှိများသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်သာ ရှိပါသည်။ တပ်မတော်တွင် အထက်အမိန့်မရဘဲ မည်သည့်အရာရှိမျှ မိမိသဘောနှင့် လုပ်ဆောင်သည့် အလေ့အထမရှိသည်ဖြစ်ရာ ပေးခဲ့သော အမိန့်များနှင့် ချမှတ် ခဲ့သော မူဝါဒအမှား၊ စနစ်အမှားများကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက် ကို တာဝန်ယူသင့်သည်မှာ အဆိုပါအရာရှိများ မဟုတ်ပေ။ ထိုစနစ်အမှားများ ကို ချမှတ်ခဲ့သော၊ ပေးခဲ့သော ကတိကဝတ်များကို ချိုးဖောက်ခဲ့သော ထိုစဥ်က တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များသာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ အဆိုပါအရာရှိများသည်လည်း ကျောင်းသားများနည်းတူ အထက်ခေါင်းဆောင် များ၏ တာဝန်ခံမှု ကင်းမဲ့ခြင်း၊ မူဝါဒလွဲမှားခြင်းတို့၏ သားကောင် ဖြစ်ခဲ့ရ ပေသည်။

ဤသို့ဖြင့် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသိပ္ပံအမည်ဖြင့် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သော တပ်မတော်နည်းပညာကောလိပ်သည် တည်ရှိမှုသက်တမ်း (၃) နှစ်ခွဲခန့် ရှိသော ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် တရားဝင်ပိတ်သိမ်းလိုက်ရတော့သည်။

မည်သို့ပင်ဆိုစေ ဤလှုပ်ရှားမှုတွင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများအနေဖြင့် မိမိတို့ လိုချင်သော အချက် (၂) ချက်ထဲမှ တစ်ချက် ကို ရရှိခဲ့သည့်အတွက် လှုပ်ရှားမှုအောင်မြင်သည်ဟု ဆိုနိုင်သည်။ အနာဂတ် ပျောက်နေခဲ့သော လူငယ်များအတွက် အနာဂတ်သစ်တွင် မိမိတို့လမ်းကို မိမိတို့စိတ်ကြိုက် ရွေးချယ်လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။ ယခု ဤစာ ရေးသည့်အချိန်တွင် အသက်အရွယ်အားဖြင့် (၃၈-၃၉) နှစ်ဝန်းကျင် ရှိနေကြပြီ ဖြစ်သော အဆိုပါ ကျောင်းသားဟောင်းများသည် မိမိတို့ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အောင်မြင်နေသူများရှိသလို၊ အများစုမှာ ဘဝကို အသင့်အတင့် ရပ်တည်နေနိုင်ကြသူများလည်း ရှိကြသည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းဖြစ်တည်မှုမှာ သမိုင်းစာမျက်နှာတစ်ခုတွင် လျှပ်တစ်ပြက်သာ ပေါ်ထွန်းခဲ့ပြီး ပျောက်ကွယ်သွားခဲ့သော်လည်း အဆိုပါခက်ခဲသော ရုန်းကန်ရမှု တို့ဖြင့် အတူကျော်ဖြတ်ခဲ့ကြသော တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းအများစုသည် ထပ်တိုးမရှိ၊ အလျော့သာရှိသော ၎င်းတို့ ကျောင်းသားဟောင်း အသိုင်းအဝိုင်းများကြား အပြန်အလှန် ဖေးမကူညီ စည်းလုံးမှုများက ယနေ့ထိ ခိုင်မာနေဆဲဖြစ်သည်။

တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက်၍ ပျံ့နှံ့ခဲ့သော သတင်းမှားများနှင့် ကျောင်းသားများကြုံရသော အမှတ်အသားသရုပ် အကျပ်အတည်း

တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ကျောင်းတက်နေစဥ် ကာလအတွင်း၌လည်း အထက်ခေါင်းဆောင်များ၏ မူဝါဒ မရှင်းလင်းမှု၊ ရည်ရွယ်ချက် မရိုးသားမှုတို့ကြောင့် မိမိတို့ကိုယ်ကို မိမိတို့ မည်သို့ သတ်မှတ်ရ မည်ကို အခက်အခဲရှိခဲ့ကြသလို ကျောင်းဖျက်သိမ်းပြီး နောက်ပိုင်း အချိန် ကာလတစ်လျှောက်တွင်လည်း အဆိုပါ အမှတ်အသားသရုပ် အကျပ်အတည်း (identity crisis) ကို နေရာတိုင်း၌ ရင်ဆိုင်ခဲ့ကြရပြန်သည်။ ယနေ့ အချိန်ထိလည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကျောင်းဖြစ်စဥ်ကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသော ကျောင်းသားများနှင့် ကျောင်းထုတ်ခံခဲ့ ကြရသော ကျောင်းသားပေါင်း (၃၀၀၀) ကျော်သည် ယခု ဤစာရေးသည့် အချိန်တွင် အသက်အရွယ်အားဖြင့် (၃၉-၄၀) နှစ်ဝန်းကျင် ရှိနေကြပြီဖြစ်၍ သက်ရှိ ထင်ရှားရှိနေကြဆဲမို့ ထိုအကျပ်အတည်းက ၎င်းတို့အနေဖြင့် တစ်ချိန်က တပ်မတော်နည်းပညာကောလိပ်ကျောင်းသား ဖြစ်ခဲ့ခြင်းအပေါ် ဂုဏ်ငယ်ရ မလို ဖြစ်နေခဲ့ကြရသည်။ အကြောင်းမှာ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်နှင့်ပတ်သက်၍ သတင်းမှားများက တပ်မတော် အသိုင်းအဝိုင်း၊ ထိုစဥ် က ပညာရေးအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတို့တွင် တစ်လျှောက် လုံး ပျံ့နှံ့နေခဲ့သည်။ ၎င်းတို့ အသိုင်းအဝိုင်းကြားတွင် တစ်ဆင့်စကား တစ်ဆင့် နားဖြင့် ပျံ့နှံ့ခဲ့သော သတင်းမှာ တပ်မတော်နည်းပညာကောလိပ် ကျောင်းသား များသည် ကောလိပ်မှ ကျောင်းဆင်းလျှင် တပ်မတော်ရာထူးအနေဖြင့် ဗိုလ် အဆင့် သတ်မှတ်ပေးရန် တောင်းဆိုမှုကြောင့် တပ်မတော်က အရေးယူဖြိုခွင်း ခဲ့ခြင်းဖြစ်သည် ဟူ၍ဖြစ်သည်။ အဆိုပါသတင်းကို ထိုစဥ်က ကျောင်းသား လှုပ်ရှားမှုကို ကိုင်တွယ်ဖြေရှင်းခဲ့သော တာဝန်ရှိခေါင်းဆောင်ပိုင်းများက တမင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပုံပေါ်ပါသည်။ သို့မှသာ ၎င်းတို့၏ စီမံခန့်ခွဲမှု လွဲမှားချက်များ၊ ကျောင်းသားများအပေါ် ကတိကဝတ်ချိုးဖောက်မှုများ၊ စနစ် ၏ မတရားမှုများကို ဖုံးကွယ်နိုင်မည်ဖြစ်သည်။ ၎င်းတို့ အသိမခံဝံ့ဆုံး အရာမှာ တပ်မတော်က တည်ထောင်သော အင်ဂျင်နီယာကျောင်းက တပ်မတော် ခေါင်းဆောင်များအပေါ် မူဝါဒအလွဲများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြန်လည် မေးခွန်းထုတ် တောင်းဆိုမှုများ လုပ်လာခြင်းကို အများပြည်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား အသိမခံဝံ့ခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ်မှာ ထိုစဥ်က တပ်မတော်ခေါင်းဆောင်များအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။ အကြောင်းမှာ ၎င်းတို့ စစ်အင်အားတိုးချဲ့ရေးစီမံကိန်းအတွက် များစွာအနှောင့်အယှက်ဖြစ်ခဲ့သလို ထိုသို့ဖြစ်ပြီးနောက်ပိုင်း ကျောင်းကို အပြီးတိုင် ဖျက်သိမ်းလိုက်ရပြီးနောက်ပိုင်း တပ်မတော်မှ တပ်မတော် ကွန်ပျူတာနှင့် အင်ဂျင်နီယာသိပ္ပံကဲ့သို့ အေဂျီတီအိုင်သင်တန်းကျောင်း အတွက် ကျောင်းသားများခေါ်ယူရာတွင်လည်း လူငယ်များ အထင်အမြင် ရှုပ်ထွေးစေမည့် မစစ်မှန်သော မက်လုံးများပေး၍ မျှားခေါ်ခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သွားခဲ့သည်။

ထို့အပြင် တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူ လူထုကြား သတင်းအမှားများပျံ့နှံ့စေခဲ့သော နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ သတင်းရင်းမြစ်ခိုင်လုံစွာမရရှိဘဲ ဖြစ်စဥ်အကြောင်းကို ဖော်ပြခဲ့သည့် ပြည်ပမီဒီယာများဖြစ်သည်။ ထိုစဥ်က ပြည်ပမီဒီယာများဖြစ်သော Radio Free Asia နှင့် ဧရာဝတီမဂ္ဂဇင်းတို့ ဖြစ်သည်။ ၂၀၀၂ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂ္ဂဇင်း၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သတင်းကဏ္ဍတွင် တပ်မတော် နည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုဖြစ်ရပ်နှင့် ပတ်သက်၍ ဤသို့ဖော်ပြခဲ့သည်။11

Students Sentenced to Death. June 18, 2002—
In response to demonstrations two weeks ago by students at Burma’s “West Point”, the country’s military regime has allegedly sentenced some students to death for their role in the protests, according to sources close to students at the college. The protests occurred at the Military Technology College (MTC) in Maymyo, also known as Pyin Oo Lwin, in Mandalay Division and were in response to the quality of the school’s food as well as a recent regulation that reduced the cadet’s rank upon graduation, according to the Washington DC-based Radio Free Asia (RFA).It remains unclear exactly how many students have been sentenced to death or what the exact charges are, however, sources told The Irrawaddy that the number is between three and 10. The sources also said that an additional 17 students have been sentenced to 20 years in prison and that a total of 72 remain in detention.According to residents of Maymyo, 40 percent of MTC’s 5,000 students have been expelled due to the protests. And that all students have been sent home as the school remains closed since the protests occurred. MTC is also rumored to be moving to Ho Pong in southern Shan State as a result of the protests.Students at the Defense Services Academy (DSA) and the Defense Services Technological Academy (DSTA), both also located in Maymyo, were prohibited from going out last weekend and are also reportedly growing dissatisfied with the government’s treatment of the students at MTC, according to the residents of Maymyo.The source close to the students at MTC also said that the school’s principal, Col Pho Aung, has come under investigation for not properly controlling the students. The source noted that it was doubtful that he played any role in the protests but was being used by the regime as a scapegoat.The DSA was established in 1955 and is the most prestigious military school in the country. After 1988, however, the military junta expanded the DSA to include the Defense Services Medical Academy, the DSTA and the MTC in order to produce more professionals for the military.

ထိုစဥ်က မြန်မာနိုင်ငံသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေ ခဲ့ခြင်းက တစ်ကြောင်း၊ တပ်မတော်နည်းပညာကောလိပ်သည် ပြင်ပ အရပ်ဘက်တက္ကသိုလ်မဟုတ်သည်က တစ်ကြောင်းတို့ကြောင့် ဖြစ်စဥ်နှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူများ၊ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများထံ ဆက်သွယ်မေးမြန်းနိုင်ဖို့ရာ များစွာအခက်အခဲ ရှိနေခဲ့ပုံပေါ်သည်။ ထို့ကြောင့် ရနိုင်သမျှ သတင်းအစအနလေးများအပေါ် အခြေခံ၍ သတင်းကို ရေးသားခဲ့ ကြခြင်း ဖြစ်သည်။ အဆိုပါသတင်းကို ကိုးကား၍ E Miller ရေးသားသော Replacing the Structure သတင်းဆောင်းပါးတွင်လည်း တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ် နှင့်ပတ်သက်၍ ဤသို့ဖော်ပြသွားခဲ့သည်။

In the early part of June, cadets at the Military Technical College, one of the colleges under the Defense Services Academy (the SPDC’s version of West Point) held protests. The issues that the cadets were protesting over were not huge ones. A recent policy change left cadets without the guaranteed rank of 2nd Lieutenant upon graduation, and there were complaints about the quality of the food at the school. The response from the higher ranks of the military government was anything but forgiving or laid back. According to reports from Radio Free Asia and The Irrawaddy magazine the leaders of this revolt were sentenced to death, another 17 were given 20 years in prison, more than 70 are still in detention and 2000 of the 5,000 students were expelled.12

အထက်ပါသတင်းအရ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်သည် ကျောင်းတွင် အစားအသောက်မကောင်းခြင်းနှင့် ကျောင်းသားများက ရာထူး တိုးပေးရန် တောင်းဆိုမှုတို့ကြောင့် ထိုကဲ့သို့ ဆန္ဒပြလှုပ်ရှားမှု ဖြစ်ရသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများ၏ ဂုဏ်သိက္ခာအပေါ် များစွာထိခိုက်စေခဲ့ပါသည်။ အဆိုပါသတင်းကို ဝါရှင်တန် တက္ကသိုလ်၊ Jackson School of International Studies မှ လက်ထောက် ပါမောက္ခ (Assistant Professor) Mary P. Callahan ကလည်း ၎င်း၏ Making Enemies: War and State Building ဟုအမည်ရသော တပ်မတော်အကြောင်း သုတေသနပြုထားသည့်စာအုပ်တွင် ပြန်လည်ရည်ညွှန်းထားသည်ကို တွေ့ရ သည်။13

ထို့အပြင် ကိုရီးယားနိုင်ငံ Inha University တွင် Asian Politics and International Relations ဘာသာရပ်သင်ကြားပေးနေသော နိုင်ငံရေးသိပ္ပံ ပညာရှင် မောင်အောင်မျိုးက မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာနအတွက် ရည်ရွယ်ရေးသားသော Building The Tatmadaw သုတေသနသုံးသပ်ချက် စာတမ်းတွင်လည်း တပ်မတော်နည်းပညာကောလိပ် အကြောင်းကို ဤသို့ဖော်ပြခဲ့သည်။

Established on 26 December 2000 in Pyin Oo Lwin, the MCTI was known as the Military Technological College. The college was renamed as Military Technological Institute on 1 July 2002. The college recruited two intakes of students before being moved to Hopone on 22 October 2002 due to serious fights between its students and cadets from the DSTA. All students were sent back home and the institute was closed down for a year. Meanwhile the institute was reorganized on 28 November 2002 for a fresh start. A new batch of 500 students was recruited and classes began on 3 February 2003. Then on 8 May 2003, the institute was renamed Military Computer and Technological Institute.14

၎င်း၏အဆိုအရ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းသားများကြား ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားမှုကြောင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ ကို ကျောင်းထုတ်ပစ်ပြီး ကျောင်းကိုလည်း ယာယီပိတ်လိုက်ရသည်ဟု ဆိုထား ပြန်သည်။ သည့်ထက်ပိုဆိုးသည်မှာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ (MCTI) ကို တပ်မတော် နည်းပညာကောလိပ် (MTC) နှင့် အတူတူဟု ဖော်ပြထားခြင်းဖြစ်သည်။ တကယ်တမ်းတွင် ရန်ဖြစ်၍ ကျောင်းပိတ်လိုက်ရ ခြင်း မဟုတ်သလို အဆိုပါ ကျောင်းနှစ်ခုမှာလည်း သက်ဆိုင်ရာ ကျောင်းခေါ်စာ နှင့် နာမည်အရကို လုံးဝကွဲပြားခြားနားကြောင်း ထင်ရှားပါသည်။ တပ်မတော် နည်းပညာကောလိပ်သည် အေဂျီတီအိုင် အဆင့် (၂နှစ်)၊ B.Tech အဆင့် (၂နှစ်)၊ B.E အဆင့် (၁နှစ်) စုစုပေါင်း (၅) နှစ် တက်ရောက်ရပြီး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှာ ၎င်း၏ခေါ်စာအရ အေဂျီတီအိုင် (၂) နှစ် သင်တန်းသာ တက်ရောက်ရသည်။

အဆိုပါပညာရှင်များ၏ ဖော်ပြချက်များမှာပင် တစ်ဦးနှင့် တစ်ဦး ကွဲလွဲချက်များရှိနေသည်။ အဆိုပါပညာရှင်များ၏ ဖော်ပြချက်အမှားများ အပြင် အခြားသော ဒီဗွီဘီကဲ့သို့ မီဒီယာကြီးများက ကျောင်းဖြစ်စဥ်အကြောင်း နောက်ပိုင်းဖော်ပြချက်များတွင်လည်း အထက်ပါကဲ့သို့ မပြည့်စုံမှု၊ လွဲမှားမှု များစွာကို တွေ့နေရသည်။15 တကယ်တမ်းတွင် တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ်သည် ထိုစဥ်က တပ်မတော်အရာရှိကြီးများ စွပ်စွဲခဲ့သလို နောက်ကွယ်မှ နိုင်ငံရေးအင်အားစုများ မရှိခဲ့သည့်အတွက်ကြောင့်လည်း မီဒီယာတွင် အကျယ်တဝင့် ဖော်ပြခြင်း မခံခဲ့ရသလို ဖြစ်စဥ်အတွင်း ထောင်ဒဏ်ကျသွားခဲ့ကြသော ကျောင်းသားခေါင်းဆောင်များအတွက်လည်း မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကာအကွယ်ပေးမှုကိုမျှ မရရှိခဲ့ကြ ပေ။ ထို့ကြောင့် ဖြစ်စဥ်နှင့်ပတ်သက်၍ မီဒီယာများမှ အဖြစ်မှန်ကို ဖော်ပြရန် အခွင့်အလမ်း မသာခဲ့သည့်အတွက်လည်း ထိုသို့မှန်းဆသတင်းများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အဖြစ်မှန်ကို သိရှိရန်မှာ အဆိုပါ ပြည်ပသတင်းဌာန မဆိုထားနှင့်၊ ကျောင်းသားများကိုတွေ့ရန် ကျောင်းအတွင်းသို့ ရောက်ရှိ နေသော ကျောင်းသားမိဘများ ကိုယ်တိုင်သည်ပင်လျှင် ကျောင်းထဲ၌ မိမိ သားသမီး မည်သို့ဖြစ်နေသည်ကို သိခွင့်မရခဲ့ကြပေ။ ကျောင်းသားများ မငြိမ်သက်မှု စဖြစ်ဖြစ်ချင်း အချိန်မှာပင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြင်ဦးလွင်မြို့၏ အဝင်အထွက်အားလုံးကို ပိတ်ဆို့ပစ်လိုက်ကြသလို ဖုန်းလိုင်း အဆက်အသွယ်များပင် ယာယီဖြတ် တောက်ထားလိုက်ကြသည်။ ထို့အတွက် ကြောင့် အထက်ပါကဲ့သို့ သတင်းမှားများ ပျံ့နှံ့ခဲ့ရခြင်းမှာလည်း ၎င်းတို့အပြစ် ဟု မဆိုနိုင်ပေ။

အဆိုပါသတင်းမှားများ ပျံ့နှံ့မှု၏ အကျိုးဆက်အနေဖြင့် အဆိုပါ ထောင်ကျကျောင်းသားများသည် တစ်ဖက်တွင် တပ်မတော်ဘက်မှ သစ္စာဖောက်ဟု စွပ်စွဲပြစ်ဒဏ်ချခံခဲ့ရသလို တစ်ဖက်တွင်လည်း ထိုစဥ်က နိုင်ငံရေးအင်အားစုများ၏ မယုံကြည်မှု၊ ရှောင်ဖယ်မှုကို ခံခဲ့ရသည်။ အကျဉ်းထောင်အတွင်းသို့ လာရောက်ကူညီကြသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ အထူးအကျဉ်းသားစာရင်းမှာပင် ထည့်သွင်းခြင်း မခံခဲ့ရသည့်အတွက် ထောင်အတွင်း၌ သာမန်ရာဇဝတ် အကျဉ်းသားများနှင့် အဆင့်တူ သတ်မှတ်ခြင်းခံခဲ့ရ သည်။ ထို့ကြောင့် အကျဉ်းထောင် အသီးသီးတွင် ထောင်ကျကျောင်းသားများနှင့် ထောင်အာဏာပိုင်တို့ကြား ပဋိပက္ခများပင် ဖြစ်ခဲ့ကြသည်။ သာမန်ခိုးဆိုးလုယက် ရာဇဝတ်အကျဉ်းသားများကဲ့သို့ တပ်မတော်နည်းပညာကောလိပ် ထောင်ကျကျောင်းသားများကို ဆက်ဆံလာ သည့်အခါ ပြန်လည်အာခံမှုများဖြစ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ညှဉ်းပန်း နှိပ်စက်မှုများပင် ခံခဲ့ရသည်။ ထောင်ကျနေချိန် ကာလတစ်လျှောက်တွင်လည်း စာဖတ်ခွင့်ရရှိရေး၊ ထမင်းဝဝစားနိုင်ရေးအတွက်လည်း ဆက်လက်တိုက်ယူခဲ့ရ ပြန်သည်။ ထိုအချိန်က မည်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီမှ မရခဲ့သလို အကာအကွယ်လည်း မရရှိခဲ့ပေ။ အဆိုပါ အကျိုးဆက်များက ယနေ့အချိန်အထိ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းများ အပေါ် သက်ရောက်နေဆဲဖြစ်သည်။ ပြန်လည်ဖြေရှင်းခွင့်မရဘဲ သတင်းမှား များ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော တပ်မတော်နည်းပညာကောလိပ် ကျောင်းသား ဟောင်းများသည် ကျောင်းတွင် ဖြစ်ခဲ့သောဖြစ်ရပ်နှင့် ပတ်သက်၍ ဂုဏ်ငယ် စရာကဲ့သို့ ဖြစ်လာခဲ့သည်။ ကျောင်းတက်စဥ်ကပင် ကြုံတွေ့ခဲ့ရသော မိမိတို့ ကိုယ်ကိုယ် မိမိတို့ မည်သို့ သတ်မှတ်ရမည်မှန်း ရှင်းရှင်းလင်းလင်း မသိရ သည့်အဖြစ်၊ တစ်နည်းအားဖြင့် အမှတ်အသားသရုပ် အကျပ်အတည်းက နှစ်ပေါင်း (၂၀) ကျော်ဖြတ်ခဲ့ပြီးသည့် ယနေ့အချိန်အထိတိုင် ရင်ဆိုင်ကြုံတွေ့ နေရဆဲ ဖြစ်သည်။ အကြောင်းမှာ တစ်ယောက်ယောက်က ဘယ်ကျောင်းကလဲ မေးလိုက်သဖြင့် တပ်မတော် နည်းပညာကောလိပ်ကပါ ပြန်ဖြေလိုက်လျှင် “အရာရှိပေးဖို့ ဆန္ဒပြ တောင်းဆိုလို့ ပိတ်လိုက်ရတဲ့ ကျောင်းလား”ဟု ပြန် အမေးခံနေရဆဲ ဖြစ်သည်။ ဖြစ်စဥ်တွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည့် ကျွန်တော်၏ ယခုဆောင်းပါးသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းများ ရင်ဆိုင်နေရသော အဆိုပါအမှတ်အသားသရုပ် အကျပ်အတည်း (Identity Crisis) ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်ပြီး ကျောင်းဖြစ်စဥ်သမိုင်းမှန်ကို မှတ်တမ်းတင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

အဆုံးမှတ်စုများ

1 မြန်မာ့အလင်းသတင်းစာ၊ ၁၉၉၈။
2 မြန်မာ့အလင်းသတင်းစာ၊ ၂၀၀၃။
3 တပ်မတော်နည်းပညာကောလိပ် လက်ကမ်းစာစောင်၊၂၀၀၀။ (နောက်ဆက်တွဲ ၁) စာမျက်နှာအရေအတွက်မဖောင်းပွစေရန်နှင့်ပုံနှိပ်ထုတ်ဝေရေးကုန်ကျစရိတ်ကိုလျှော့ ချရန်အတွက် “တပ်မတော်နည်းပညာကောလိပ်လက်ကမ်းစာစောင်” ကိုဤဆောင်း ပါး၏ အင်္ဂလိပ်ဘာသာပြန်တွင် ဖော်ပြထားခြင်းမရှိပါ။
4 မြန်မာ့အလင်းသတင်းစာ၊ ၂၀၀၀။
5 မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ၊ ၂၀၀၃။
6 Kyi Kyi Hla, 2001.
7 Maung Aung Myoe, 2009.
8 Ibid.
9 Vice-Senior General Maung Aye, 2003.
10 မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ၊ ၂၀၀၃။
11 Kyaw Swa Moe, 2002.
12 Miller, 2002.
13 Callahan, 2003.
14 Maung Aung Myoe, 2009, p. 144.
15 ဒီမိုကရက်တစ်မြန်မာ့အသံ၊ ၂၀၁၁။

ကိုးကားချက်များ

Dateline of Myanmar Politics 1988-2002. (2003). All Burma Student’s Democratic Front’s Research Department.

Callahan, M. P. (2003). Making Enemies: War and State Building in Burma. Cornell University Press.

Engineering students wanted for the Military Technological College. (2000, August 25). The New Light of Myanmar,p. 4.

Kyaw Zwa Moe. (2002, June 18). Students Sentenced to Death. The Irrawaddy. http://rebound88.tripod.com/02/jun/19.html

Kyi Kyi Hla. (2001). Valiant Sons of Myanmar. Myanmar Perspectives. https://archive.ph/uuz0F

Maung Aung Myoe. (2009). Building the Tatmadaw: Myanmar Armed Forces since 1948. ISEAS.

Miller, E. (2002, June). Replacing the Structures. Burma Issues, 12(6). http://www.burmalibrary.org/docs13/BI2002-06-(V12-06).pdf.

Pamphlet of the Recruitment Advertisement of the Military Technological College. (2000).

Trainees wanted for the Diploma Course at the Defense Services Electrical and Mechanical Engineering School (AGTI). (1998, October 10). The New Light of Myanmar.

Vice Senior General Maung Aye attends the graduation ceremony of the 1st Intake of Military Institute of Nursing and Paramedical Science. (2003, December 6). The New Light of Myanmar. https://web.archive.org/web/20050201025131/http://www.myanmar.gov.mm/NLM-2003/enlm/Dec06_h1.html


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)၊ (၂၀၁၁၊ ဇူလိုင်)၊ တပ်မတော်နည်းပညာကောလိပ် အရေးအခင်း (ပ+ဒု) ။ http://burmese.dvb.no/archives/11907


နောက်ဆက်တွဲ (၁)

တပ်မတော်နည်းပညာကောလိပ်လက်ကမ်းစာစောင်။