ဝါရင့်တော်လှန်ရေးသမားနှင့် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေနှင့်တွေ့ဆုံမေးမြန်းခြင်း

လင်းငြိမ်းအိမ် | Click here to read this article in English.

Cite as: 
လင်းငြိမ်းအိမ်၊ (၂၀၂၃)၊ ‌ဝါရင့်တော်လှန်ရေးသမားနှင့် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေနှင့်တွေ့ဆုံမေးမြန်းခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4431

စာတမ်းအကျဥ်း

ဤအင်တာဗျူးသည် ၁၉၅၀ မှ ၁၉၆၀ ဆယ်စုနှစ်တစ်လျှောက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ဆောင်ရွက်ခဲ့ပုံများကို အသေးစိတ် မှတ်တမ်းရယူထားခြင်း ဖြစ်သည်။ ထိုကာလရှိ ကျောင်းသား သမဂ္ဂ၏ ကျောင်းသားကို ကိုယ်စားပြုမှု၊ ကျောင်းပရဝုဏ်တွင်းနှင့် ပြည်တွင်း ပြည်ပ စုစည်းလှုပ်ရှားမှု အမျိုးမျိုးတို့အကြောင်းကို လေ့လာခွင့်ရပြီး ကျောင်းသားမျိုးဆက်တို့တွင် သမဂ္ဂစိတ် (ခေါ်) တရားမျှတမှုနှင့် ကျင့်ဝတ် စောင့်ထိန်းမှုဆိုင်ရာ နမူနာများကို ကျောင်းသားအချင်းချင်းကြား လက်ဆင့် ကမ်း သယ်ဆောင်ကြပုံကိုလည်း မှတ်သားဖွယ်တွေ့ရသည်။

မေးခွန်း။ မြန်မာနိုင်ငံခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေ ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ ကိုယ်စားပြုမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ပြောပြပေးပါခင်ဗျာ။

ဟိုတုန်းက ကျောင်းသားသမဂ္ဂက ဘယ်နှစ်ခုရှိလဲ အရင်ပြောရမှာပေါ့။ ကျောင်းသားသမဂ္ဂတစ်ခုကတော့ ဗကသပေါ့။ ဗကသ ဆိုတာ All Burma Federation of Student Unions (ABFSU) ပေါ့။ ဗကသကတော့ ဗမာပြည် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ သမဂ္ဂပေါ့။ ဗကသက ဘယ်အချိန်မှာ ပေါ်လာသလဲ ဆိုတော့ ၁၉၃၆ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်ကို ဖွဲ့စည်းတာပေါ့။ ဟိုတုန်း ကတော့ All Burma Student Union (ABSU) နာမည်နဲ့ပဲ ဖွဲ့ကြတယ်။ သခင်ဗဟိန်းတို့ ဒေါက်တာလှရွှေတို့ ကိုအေးကျော်တို့ ကိုသိန်းအောင်တို့ ဆိုတဲ့ ကျောင်းသားခေါင်းဆောင်တွေ လက်ထက်တုန်းကပေါ့။ ဗမာနိုင်ငံ ကျောင်းသားများသမဂ္ဂဆိုတာပဲ သုံးတယ်။ လွတ်လပ်ရေးလည်း ရလာတယ် ဆိုတော့ ဘာပဲပြောပြော ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ကိုင်လို့ ရလာတဲ့ အနေ အထားရှိတာပေါ့။ နောက်တော့ ဗကသက တစ်ပြည်လုံးနဲ့ ပတ်သက်တာ ဆိုတော့ ကျန်တဲ့ကျောင်းသားသမဂ္ဂတွေထက် ပိုအလုပ်လုပ်နိုင်တာပေါ့။ ဥပမာဆိုကြပါစို့ မြန်မာပြည်မှာ ပြည်တွင်းစစ်ရပ်စဲ ရေးနဲ့ပတ်သက်လို့ ပြောကြ တယ်ဆိုရင် ဟိုခေတ်ကာလက ကျောင်းသားတွေရဲ့ အာဘော်က အင်မတန် အရေးကြီးတယ်။ လူထုက ဘယ်လိုပဲဖြစ်ဖြစ်၊ ကျောင်းသားတွေပေါ်မှာ အပြင် မှာရှိတဲ့ နိုင်ငံရေး ပါတီကြီးတွေပဲဖြစ်ဖြစ် အာဏာရတဲ့ပါတီပဲဖြစ်ဖြစ် အတိုက်ခံ ပါတီပဲဖြစ်ဖြစ် ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်လို့တော့ ဖဆပလအစိုးရ လက်ထက်မှာ ငါတို့နဲ့ နည်းနည်းပါးပါး ငြိတာတွေရှိပေမယ့် ယေဘုယျတော့ လုပ်လို့ကိုင်လို့ မရလောက်အောင် မငြိပါဘူး။ အစိုးရနဲ့ တို့နဲ့က အခု ဒီဘက်ခေတ်ကလိုတော့ မဟုတ်ဘူး။

ပထမဦးဆုံး ဘာပြောဖို့လိုသလဲဆိုတော့ ကျောင်းသားသမဂ္ဂက သုံးခု ရှိ တယ်။ ငါတို့ခေတ်ကို ရောက်လာပြီဆိုတော့ ငါတို့ခေတ်ဆိုတာ ၁၉၅၁ ခုနှစ် ကနေစတာပေါ့။ ငါတို့ကျောင်းသားလှုပ်ရှားမှုထဲ စပါတဲ့ အချိန်က စပြောမယ် ဆိုရင်ပေါ့။ ကျောင်းသားအဖွဲ့အစည်းဆိုတာ ဘာရှိသလဲဆိုတော့ ဗကသများ အဖွဲ့ချုပ် ABFSU ပေါ့။ ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ မှာ စဖွဲ့တာ။ အဲဒီတုန်းကတော့ ဗကသများအဖွဲ့ချုပ်လို့ မခေါ်သေးဘူး။ ကိုအောင်ဆန်းတို့ သခင်နုတို့လက်ထက်မှာ ABSU လို့ပဲ ဒီလိုအသုံးအနှုန်းနဲ့ပဲ သုံးတယ်။ အဲဒီ တုန်းက လွတ်လပ်ရေးလည်း မရသေးတဲ့အခါကျတော့ ဗကသရဲ့ဖွဲ့စည်းပုံက နည်းနည်းကျဉ်းတာပေါ့။ ဒုတိယက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပေါ့။ ဟိုတုန်းကဆိုရင် တက္ကသိုလ်သမဂ္ဂလို့ပဲ ခေါ်တယ်။ ဒီဘက်ခေတ်ကျမှ တို့ရှေ့က ကျောင်းသားခေါင်းဆောင် လုပ်ခဲ့တဲ့သူတွေ ဥပမာ-ဒေါက်တာ သန်းထွန်းတို့လိုလူတွေ၊ ဒေါက်တာမောင်မောင်ကျော်တို့ ဦးစိုးသိန်းတို့လို ဒီလူ တွေနဲ့ ပြန်ညှိပြီးတော့ ကျောင်းသားသမဂ္ဂတွေရဲ့ လက်ရှိရှိနေတဲ့ အရပ်ရပ် စည်းရုံးရေး၊ နိုင်ငံရေးအနေအထားနဲ့ ကိုယ့်တိုင်းပြည်နိုင်ငံရေးနဲ့ ဒီအဖွဲ့အစည်း တွေ လုပ်ရမယ့် ခွင်အကျဉ်းအကျယ်နဲ့ တို့ရှေ့က ကျောင်းသားခေါင်းဆောင် ဟောင်းကြီးတွေပေါ့၊ ဒေါက်တာသန်းထွန်းဆိုရင် အစက ကျောင်းသား ခေါင်းဆောင်ဟောင်းပဲ။ တို့ရှေ့မှာရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက သက်ရှိထင်ရှားရှိပြီးတော့ လောလောဆယ်ဆယ်လည်း လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့သူတွေနဲ့ တို့က ဒါတွေကို ပြန်ကြည့်ရတယ်။ ၁၉၃၆ ခုနှစ်တုန်းက ဆိုရင် ဗကသများအဖွဲ့ချုပ်ရှိတယ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ Rangoon University Student Union (RUSU) ရှိတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ပထမဆုံး စဖွဲ့တယ်။ အဲဒီတော့ အင်္ဂလိပ်ခေတ်မှာတော့ ယေဘုယျပြောမယ်ဆိုရင် ကျောင်းသားသမဂ္ဂလို့ ပြောရင် (၂) ခုပေါ့။ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကျောင်းသားသမဂ္ဂ RUSU ပေါ့။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂပေါ့။ ဒါကတော့ ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲမှာ လုပ်တာ။ ရန်ကုန်တက္ကသိုလ်နဲ့ ဆိုင်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ပတ်သက်တဲ့အရပ်ရပ်၊ ပညာရေးနဲ့ ပတ်သက်တာ၊ ကျောင်းသားအခွင့်အရေးနဲ့ ပတ်သက်တာ။ ဒီအပြင် ပြင်ပ အပြင်နိုင်ငံရေးက ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေ ပတ်သက်ပြီး တက္ကသိုလ်သမဂ္ဂက လုပ်တာ။

ဒါပေမဲ့တက္ကသိုလ်သမဂ္ဂကအမှန်အားဖြင့် ပြောရမယ်ဆိုရင်တော့ဒီဘက်ခေတ်လွတ်လပ်ရေးခေတ်ရောက်လာတဲ့အခါကျတော့၊တို့ကတော့တို့ကျောင်းသားခေါင်းဆောင်ဖြစ်လာတဲ့ အခါကျတော့၁၉၅၃ခုနှစ်ကနေ၁၉၆၃ ခုနှစ်အထိ(၁၀) နှစ်ပေါ့။၅၃ ကတော့(၇) တန်း ကျောင်းသားလောက်ပဲရှိသေးတယ်။ဘိုကလေးမြို့နယ်ကျောင်းသားသမဂ္ဂကနေစပါတာပေါ့။ နောင်ကျတော့အဲဒီကနေပြီးတော့ဗကသများအဖွဲ့ချုပ် ညီလာခံတွေ ရှိတယ်။ ဗကသများအဖွဲ့ချုပ်ညီလာခံက(၄) နှစ် တစ်ခါ လုပ်တယ်။နောက်တစ်ခါ အရေးပေါ်ညီလာခံတွေ ရှိတယ်။ဥပမာလက်ပံတန်းကျောင်းသားလှုပ်ရှားမှုလို မျိုး ဖြစ်ပေါ်ပြီဆိုရင်နည်းနည်း အရေးကြီးတဲ့အတွက်ဒါမျိုးကျရင်ဗကသများ အဖွဲ့ချုပ်ကနေပြီးတော့အရေးပေါ်အစည်းအဝေး ခေါ်လို့ရတယ်။အရေးကြီး တဲ့issue ဖြစ်နေပြီဆိုရင်ဗဟိုသမဂ္ဂကသူတို့ချည်းပဲသတ်သတ်မလုပ်ဘူး။အနည်းဆုံး ခရိုင်သမဂ္ဂတွေ၊တက္ကသိုလ်ကောလိပ်သမဂ္ဂတွေကိုခေါ်ယူပြီးညှိနှိုင်းတိုင်ပင်တာတွေ လုပ်တယ်။ဒီဘက်ခေတ် လွတ်လပ်ရေးရပြီး အခါကျ တော့ဒီသမဂ္ဂတွေနဂိုအတိုင်းရှိတယ်။နောက်ပိုင်းဘာပြဿနာ ရှိလာသလဲ ဆိုတော့ဗကသက(၄) နှစ်တစ်ကြိမ်ကွန်ဂရက်နဲ့အမှုဆောင်အဖွဲ့ကိုဖြုတ်တာ၊ တပ်တာ လုပ်လာတယ်။(၄) နှစ်တစ်ကြိမ်ဆိုတော့အကြာကြီးအချိန်ရတယ်။ပြင်ချိန်ဆင်ချိန်ရတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျတော့ဖွဲ့စည်းပုံအရတစ်နှစ်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ရတယ်။နှစ်တိုင်း ကျင်းပရတယ်။ဘယ်သူနိုင်နိုင်ဘယ်သူရှုံးရှုံး။အဲဒီတော့ရွေးကောက်ပွဲကိုဘယ်လိုကျင်းပရမလဲဆိုတာဖွဲ့စည်းပုံထဲမှာပါပြီးသား။ဆိုတော့ပညာသင် နှစ်တစ်နှစ်ရောက်လာပြီဆိုရင်တို့တုန်းကဇွန်လ တစ်ရက်နေ့ကိုတက္ကသိုလ် ဖွင့်တယ်။

ပထမဆုံး အရေးကြီးဆုံးကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့စည်းဖို့က အရေးကြီးတယ်။ တစ်နှစ်တစ်ခါ ဖွဲ့ရတယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံက ကျောင်းဖွင့်ပြီ ဆိုကတည်းက ပြီးခဲ့တဲ့နှစ်က သမဂ္ဂမှာ တာဝန်ယူခဲ့တဲ့ သူတွေက သူတို့လုပ်ရမယ့်တာဝန်က ဘာလဲဆိုတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို အသစ်ဘယ်လို ပြန်ရွေးကောက်မလဲဆိုတာ သူတို့အလုပ်ပဲ။ အဲဒီတော့ ရွေးကောက်ပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက အမှုဆောင်အဖွဲ့ (၁၁) ယောက်ရှိတယ်။ ပထမ first election မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး တို့ကို အရင်ရွေးရတယ်။ ဥက္ကဋ္ဌတို့ ဒုဥက္ကဋ္ဌတို့က ဘွဲ့တွေဘာတွေ ရစရာ မလို ဘူး။ တက္ကသိုလ်ကျောင်းသား ဖြစ်ဖို့ပဲ လိုတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးမှူးကျတော့ ဘွဲ့ရပြီးတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လေးပါတယ်။ အဲလို ရွေးကောက်ပွဲမလုပ်ခင် ကုန်ခဲ့တဲ့ ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်သမဂ္ဂက ဖွဲ့စည်းပုံနဲ့အညီ သူတို့ဘာတွေလုပ်ကိုင် ဆောင်ရွက်ခဲ့သလဲဆိုတာကို သမဂ္ဂ ဖွဲ့စည်းပုံမှာ business meeting ဆိုတာရှိတယ်။ အလုပ်အစည်းအဝေးလို့ ခေါ်တယ်။ ဒါက ရန်ကုန်တက္ကသိုလ်သမဂ္ဂရဲ့ နောက်ဆုံးအစည်းအဝေးလို့ ပြောနိုင်တယ်။ Business meeting ဆိုတာ ဘာလဲဆိုတော့ တက္ကသိုလ် တစ်ခုလုံးက ကျောင်းသားတွေတက်တဲ့ အစည်းအဝေးပေါ့။ အဲဒါ တက္ကသိုလ် ဖွင့်ပြီ ဆိုတာနဲ့ ဒီအလုပ်က အရင်စလုပ်ရတယ်။ အဲဒီတော့ အဲဒီခေတ်ကတော့ ဘယ်လို ပြဿနာမျိုးရှိသလဲဆိုတော့ တကယ်လို့ ပြိုင်တဲ့လူရှိတယ် ဆိုရင် တော့ ဝင်ပြိုင်ပေါ့။

ရွေးကောက်ပွဲကပထမရွေးကောက်ပွဲ၊ဒုတိယရွေးကောက်ပွဲအဲဒါလုပ်ရ တယ်။ပြိုင်မယ့်သူမရှိဘူးဆိုရင်လည်းရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲထုတ်ပြန်ရတာတို့၊ကြေညာတာတို့ဘယ်သူ့ကိုရွေးကောက်တယ်၊ဘယ်သူ့ကိုမရွေးကောက်ဘူးဆိုတာလုပ်ရတယ်၊သဘောကသူ့ ဖွဲ့စည်းပုံနဲ့ အညီလုပ်ရတယ်။ ထူးခြားချက်က တက္ကသိုလ်မှာသမဂ္ဂအဖွဲ့ဝင်ခိုင်းတာသီးသန့်မရှိဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်လာပြီဆိုရင် အလိုလို သူကသမဂ္ဂအဖွဲ့ဝင်ဖြစ်လာတာပဲ။တက္ကသိုလ်တက်ပြီဆိုတာနဲ့တက္ကသိုလ် သမဂ္ဂဖောင်ဖြည့်ရတာဖြစ်တဲ့အတွက်မဲပေးချင်ပေးသို့မဟုတ်အရွေးခံချင်အရွေးခံလို့ရတယ်။ သမဂ္ဂအနေနဲ့ တစ်နှစ်တာအတွင်းဖွဲ့စည်းပုံနဲ့အညီဘယ်လောက်လုပ်ခဲ့သလဲဆိုတာကိုကျောင်းသားထုအတွင်းကိုပြန်အစီရင်ခံ ရတယ်။အဲဒီအစည်းအဝေးကိုတော့ဘယ်သူမဆိုလာတက်လို့ရတယ်မတက် ချင်လည်းနေ။ဒါပေမဲ့တော်တော်များများတက်ကြတယ်။

ကျောင်းသားထောင်ချီ ရှိပေမယ့် သေသေချာချာ စိတ်ဝင်စားတဲ့သူက သုံးယောက်မှာ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်တော့ရှိမယ်။ သုံးပုံ နှစ်ပုံလောက်က စိတ်ဝင်စားတယ်။ ကျောင်းသားတစ်သောင်းကျော်လောက် ရှိတယ်ဆိုတော့ ခြောက်ထောင်၊ ခုနစ်ထောင်လောက်တော့ စိတ်ဝင်စားတယ်။ ဘယ်နေ့ ဘယ်ရက်မှာ တကသရဲ့ business meeting ရှိတယ်ဆိုတာကို အစည်းအဝေးမတိုင်ခင် နှစ်ပတ်အတွင်း ရန်ကုန်တက္ကသိုလ် တစ်ခုလုံးကို လိုက်ကပ်ရတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ထီးတန်း ကောလိပ်နဲ့ ရန်ကင်းကောလိပ် တို့မှာလည်း သွားကပ်ရတယ်။ မိန်းထဲမှာ ဆိုရင်လည်း အဆောင်တိုင်း၊ အဆောင်တိုင်းကို လိုက်ကပ်ရတယ်။

Business meeting လုပ်တဲ့အခါ သတ်မှတ်ထားတဲ့ နေ့ရက်ကျရင် ကျောင်းသားတွေက လာတက်ကြတယ်။ ပထမဦးဆုံး လုပ်ရတာက ပြီးခဲ့တဲ့ နှစ်က သမဂ္ဂရဲ့ လုပ်ဆောင်ခဲ့တဲ့ အစီရင်ခံကို ဖတ်ပြတယ်။ လက်ရှိ တက်လာ တဲ့ ကျောင်းသားထုက သဘောတူလားမတူလား အရင်မေးရတယ်။ သဘော မတူဘူး ဆိုရင်သဘောတူတဲ့သူနဲ့ မတူတဲ့သူကို မဲခွဲရတယ်။ အများစုက သဘောတူတယ်ဆိုရင် ဘာမှလုပ်စရာ မလိုတော့ဘူး။ တကယ်လို့ အများစု သဘောမတူဘူးဆိုရင် အဲဒီ business meeting မှာကုန်ခဲ့တဲ့ တစ်နှစ်လုံး လုပ်လာတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဟာ အလိုလိုပြုတ်သွားနိုင် တယ်။ ပြုတ်သွားတယ်ဆိုရင် နောက်ထပ် ရွေးကောက်ပွဲအတွက် ဘယ်သူက တာဝန်ခံရမလဲဆိုတဲ့ ကိစ္စရှိတယ်။ ပြုတ်သွားဦးတော့ အဲဒီအမှုဆောင်အဖွဲ့ထဲ ကပဲ Election Officer လို့ခေါ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးတဲ့အဖွဲ့ကပဲ ဒီ ဖွဲ့စည်းပုံထဲကပဲ ရွေးကောက်ပွဲ လုပ်ပေးရတယ်။ အများအားဖြင့် ပြုတ်တာ ကတော့ တို့တက္ကသိုလ် သမဂ္ဂခေါင်းဆောင်တွေ လုပ်ခဲ့တဲ့ကာလမှာတော့ မရှိ ပါဘူး။ တို့ကလည်း တတ်နိုင်သလောက် ကောင်းကောင်းမွန်မွန် လုပ်ကြတဲ့ အခါကျတော့ တို့ကို ဖြုတ်ချမယ့်သူ မရှိပါဘူး။ Business meeting ဆိုပြီး တက်လာပြီး သူတို့မေးချင်တာလေးတွေ မေးတယ်။ အလုပ်ကိစ္စလေးတွေပေါ့။ ထောက်တာလေးတွေ ရှိတယ်။ ဒါကတော့ ဘာလို့ လုပ်တာလဲ၊ ဘာလို့ မလုပ် တာလဲ စသဖြင့်ပေါ့။ သမဂ္ဂအပြည့်တက်တာပဲ။ ကျောင်းသားကလည်း တက်ရောက်ပြီးတော့ ထူးထူးထွေထွေ အော်ဟစ်နေတာမျိုး မလုပ်ဘူးး။ အဲဒါ ကလည်း သူ့ဟာသူ အလေ့အကျင့် ဖြစ်နေတာပေါ့။ အဲဒီ အလုပ်အစည်းအဝေး မှာ တကယ်လို့ အများစုက မကြိုက်လို့ အမှုဆောင်အဖွဲ့ပြုတ်တယ်ဆိုရင် သူက ဘာဆုံးရှုံးသွားသလဲဆိုတော့ ဒီနှစ်အတွက် ဆက်အရွေးခံလို့ မရတော့ဘူး။ Election Officer အုပ်စုကို သတ်သတ်ရွေးရတယ်။ အဲဒီ business meeting မှာပဲ အားလုံးပေါင်း (၇) ယောက်လောက် ရွေးရတယ်။ မူလ EC ဟောင်းက တာဝန်ခံပြီး လုပ်ပေးရတယ်။ တကယ်လို့ ဒီ business meeting မှာ ငြင်းတာခုံတာတွေ၊ ကန့်ကွက်တာတွေ ဘာမှမရှိဘူးဆိုရင်တော့ ရွေးကောက်ပွဲ ကြေညာဖို့ပဲ။ ဒီတက္ကသိုလ် သမဂ္ဂအမှုဆောင် အဖွဲ့ကပဲ ရွေးကောက်ပွဲ လုပ်ပေး ဖို့ပဲ။ ဒီလူဒီလူတွေက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတာကို ဖောင်ဖြည့်ကြရ တယ်။ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ပေးရတယ်။ ပထမ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရယ်၊ ငွေထိန်းရယ်ကို အရင်ရွေးရတယ်။ ပြီးရင် နှစ်ပတ်အကြာမှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ လုပ်ရတယ်။ ဒုတိယ ရွေးကောက်ပွဲမှာတော့ ဌာန (၆) ခုအတွက် အမှုဆောင် (၆) ယောက် ရွေးပေး ရတယ်။ တကယ်လို့ ပြိုင်ဘက်မရှိဘူးဆိုရင် ပြိုင်ဘက်မရှိကြောင်း ကြေညာ ပေးရတယ်။ ပြိုင်မယ့်သူမရှိရင် မူလသမဂ္ဂက တင်ပြတဲ့ အမှုဆောင် (၆) ယောက်က တရားဝင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေဖြစ်ကြောင်း ကြေညာပေးရတယ်။ ပထမနဲ့ ဒုတိယ ရွေးကောက်ပွဲပြီးသွားတော့ အမှုဆောင် (၉) ယောက်ရတယ်။ နောက်ထပ် အမှုဆောင် (၂) ယောက် ကျန်သေးတယ်။ တတိယရွေးကောက်ပွဲပေါ့။ အဲဒါကျတော့ ဘယ်သူတွေကို ရွေးရသလဲဆိုတော့ ကျောင်းသားတွေက မဲပေးစရာမလိုတော့ဘူး။ အမှုဆောင် (၉) ယောက်ကနေ နောက်ထပ် အမှုဆောင် (၂) ယောက်ကို ပထမအကြိမ် အစည်းအဝေးထိုင်ပြီး ရွေးရတယ်။ တစ်ယောက်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာပေါ့။ တစ်ယောက်က တက္ကသိုလ်သမဂ္ဂ စာကြည့်တိုက်မှူးကို ရွေးရတယ်။ သမဂ္ဂအမှုဆောင် (၁၁) ယောက် စုံသွားပြီ ဆိုရင်တော့ ပထမအကြိမ် အမှုဆောင်စုံညီအစည်းအဝေး လုပ်ရတယ်။ လုပ်ပြီး ဒီနှစ်ဘာတွေလုပ်မလဲဆိုတာကို တိုင်ပင်ကြတယ်။ ဒါဆို လုပ်ထုံးနဲ့အညီ သမဂ္ဂအမှုဆောင် ရွေးကောက်ခြင်း ပြီးပြီးပေါ့။

ဟိုတုန်းကတော့ ကျောင်းသားတိုင်းက ကျောင်းကို ပေးရမယ့် ဓာတ်ခွဲခန်း ကြေး၊ စာကြည့်တိုက်ကြေးတို့ ဘာကြေးညာကြေးတို့အပြင် တက္ကသိုလ်သမဂ္ဂ ဝင်ကြေး တစ်ကျပ်ပေးရတယ်။ ကျောင်းသားတိုင်း သမဂ္ဂ မဖြစ်မနေ ဝင်ကြရ တယ်။ သမဂ္ဂဝင်ကြေးကတော့ ကျောင်းသား တစ်သောင်းခွဲရှိရင် ငွေ တစ်သောင်းခွဲရမှာပေါ့။ အဲဒါကို တက္ကသိုလ် ငွေစာရင်းဌာနနဲ့ တို့ကျောင်းသား သမဂ္ဂဘဏ္ဍာရေးမှူးနဲ့ ငွေဘယ်လိုထုတ်ရမလဲ၊ ဘယ်လိုတောင်းရလဲ၊ စာရင်း ဘယ်လိုရှင်းရလဲ ဆိုတာတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ကြရတယ်။ ငွေထုတ်ရမယ့်ဖောင်တွေ ရှိတယ်။ တက္ကသိုလ်ဝင်နံပါတ်၊ အဆောင်နာမည်။ သမဂ္ဂအမှုဆောင်မှာ ဘာတာဝန်ယူထားသလဲ အစရှိသဖြင့်ပေါ့။ ငွေစာရင်းကိုင် ဆီမှာ ကျောင်းသားတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ သာရေးနာရေးကိစ္စတွေ ဆောင်ရွက်ဖို့ လိုအပ်သလို ငွေထုတ်ယူကြရတယ်။ ထုတ်ယူမယ်ဆိုရင် ငွေသွင်းငွေထုတ်စာအုပ်နဲ့ ထုတ်ယူရတယ်။ ဥက္ကဋ္ဌ လက်မှတ်ထိုး၊ ဘဏ္ဍာရေးမှူး လက်မှတ်ထိုးကြရတယ်။ သူတို့ဘက်ကလည်း ငွေစာရင်းစာရင်းကိုင်ထိုး၊ အဆင့်ဆင့်စာရင်းကိုင်တွေ လက်မှတ်ထိုးကြရ တယ်။ ဒါသမဂ္ဂနဲ့ဆိုင်တဲ့ အကြမ်းဖျင်းကိစ္စပေါ့။ Business meeting လုပ်ပေးရ မယ်။ ရွေးကောက်ပွဲကို တာဝန်ခံပြီး လုပ်ပေးရမယ်။

ငွေရေးကြေးရေးကိစ္စကိုလည်း ခုနကလို procedure အရ လုပ်ရတယ်။ ကျန်တဲ့ကိစ္စတွေ လုပ်ချင်ရင်တော့ ကိုယ့်ဘာသာရန်ပုံငွေက ရှာရတယ်။ သမဂ္ဂအဖွဲ့ဝင်ကြေးနဲ့တော့ မလုံလောက်ဘူး။ သမဂ္ဂအလုပ်ကိစ္စတွေကလည်း များတယ်။ အဲဒီတော့ အပြင်ကနေ ရန်ပုံငွေကို ရှာရတယ်။ ရန်ပုံငွေကို ဘယ်လိုရှာရသလဲဆိုတော့ individual collection ပေါ့။ တစ်ဦးချင်းဆီက လိုက်အလှူခံရတာပေါ့။ ဥပမာ ဦးပွင့်ကောင်း ပေါ့။ ပွင့်ကောင်းငပိငံပြာရည် ပိုင်ရှင်ပေါ့။ တို့က သမဂ္ဂအမှုဆောင်ထဲက ယောကျ်ားလေးသုံးယောက် လောက်နဲ့ မိန်းကလေးနှစ်ယောက်လောက်ပါတယ်။ တို့ရှေ့ကလည်း ဒီလိုပဲ လုပ်ခဲ့တာပေါ့။ များသောအားဖြင့် ဘဏ္ဍာရေးမှူးကို မိန်းကလေးခန့်တာ များ တယ်။ မိန်းကလေးဆိုတော့ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း ရှိတာပေါ့။ အဲဒီတော့ ဘဏ္ဍာရေးမှူးလုပ်တဲ့ ကျောင်းသူအမျိုးသမီးပါမယ်၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးပါမယ်။ လေးငါးယောက်လောက်ပေါ့။ ကုမ္ပဏီကြီးတွေ ဘာတွေ ရှိတယ်။ အဲဒီကုမ္ပဏီကြီးတွေဆီ သွားပြီးတော့ မန်နေဂျာဆိုလည်း မန်နေဂျာ၊ ဥက္ကဋ္ဌဆိုလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုလည်း အတွင်းရေးမှူးပေါ့။ သူတို့နဲ့ ဝင်တွေ့ ကျွန်တော်တို့ ဘာကိစ္စရှိလို့ပါ။ ကျောင်းသားသမဂ္ဂက ရတယ်။ ဥပမာ ကိုမြတ်လေး တို့ဆိုရင် သူတို့ အဆိုတော်တွေပေါ့။ Individual collection ဆိုတာ တစ်ယောက်ချင်းပဲ ကောက်ရမယ်လို့ မဆိုလိုပါဘူး။ အဲဒါတွေ အကုန်လုံးကို တို့ကောက်နိုင်သလောက် ကောက်ရတယ်။ ဘယ်လောက်ရရ ပေါ့။ တစ်နှစ်ခြား ကျောင်းသားပွဲတော်လုပ်တာရှိတယ်။ အဲနှစ် ကျောင်းသား ပွဲတော် လုပ်တယ်ဆိုရင် ပိုက်ဆံပိုရှာရတယ်။ တကယ်လို့ ကျောင်းသားပွဲတော် မရှိဘူးဆိုရင်တော့ ကျန်တာတော့ ထူးထူးခြားခြား ကုန်စရာမရှိဘူးပေါ့ကွာ။

ရွေးကောက်ပွဲပြိုင်ရရင်သာ ပြိုင်တဲ့အဖွဲ့ ကိုယ့်ပိုက်ဆံကိုယ် ရှာရတာ။ ကိုယ်က တပ်ဦးဆိုရင် ကိုယ့်ပိုက်ဆံကိုယ်ရှာရတယ်။ မူလသမဂ္ဂမှာရှိတဲ့ သမဂ္ဂ ရန်ပုံငွေနဲ့ မဆိုင်ဘူး။ အဲဒါ ကုန်ခဲ့တဲ့နှစ်က ကျောင်းသားတွေ ပေးထားတဲ့ ငွေ ပေါ့။ ကျန်နေရင်တော့ စာရင်းတွေ ဘာတွေရှင်းပြ၊ ငွေစာရင်းကပ်ရတယ်။ ငွေ စာရင်းကို အစိုးရအသိမှတ်ပြု RA ပေါ့။ Registered Accountant (မှတ်ပုံတင် စာရင်းကိုင်) နှစ်ယောက်က လက်မှတ်ထိုးရတယ်။ ငွေစာရင်းကို ဒီလိုလေး ကော်နဲ့ ကပ်ရုံတင်မရဘူး တက္ကသိုလ်သမဂ္ဂ ငွေစာရင်းဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို မှန်မှန်ကန်ကန် လိုက်နာပါတယ်။ အလျှော့ အတင်းမရှိဘူး။ မှန်မှန်ကန်ကန် သုံးစွဲတယ်ပေါ့။ Registered Accountant နှစ်ယောက်ဆီကို တို့ငွေစာရင်းကို ပို့ရတယ်။ သူတို့လက်မှတ်ထိုးပေးမှ၊ တကယ်လို့ သူတို့ လက်မှတ်မထိုးပေးဘူး ဆိုရင် business meeting မှာ အဲဒီအမှုဆောင်အဖွဲ့ ပြုတ်ရော။ ဒါကတော့ business meeting လုပ်တဲ့ အချိန်မှာ ရှင်းရတဲ့ကိစ္စပေါ့။ တို့ခေတ်တွေမှာ ကိုအောင်ဆန်းတို့ခေတ်ထက် ရန်ပုံငွေက ပိုရတယ်။ လွတ်လပ်ရေး ရလာပြီဆိုတော့ ကိုယ့်လူနဲ့ကိုယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ရလာတာပေါ့။ အဲဒါက တက္ကသိုလ်သမဂ္ဂရဲ့ ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေး။ တက္ကသိုလ်သမဂ္ဂမှာ ဘာရှိသလဲဆိုတော့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာရှိတယ်။ စာကြည့်တိုက်ရှိတယ်။ စာကြည့်တိုက်က စာကြည့်တိုက် ကော်မတီ ဖွဲ့ရတယ်။ စာကြည့်တိုက်မှူးက ဦးဆောင်ပြီး ဖွဲ့ရတယ်။ အမှုဆောင် အဖွဲ့ကို တရားဝင်တင်ပြရတယ်။ အတည်ပြုပြီးရင် ထုတ်ကြေညာရတယ်။ ဘုတ်တွေရှိတယ်။ မှတ်တမ်းအဖြစ် ဘယ်သူက အိုးဝေအယ်ဒီတာအဖြစ် လုပ် တယ်။ ဘယ်သူက စာကြည့်တိုက်မှူး။ အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ ဆိုတာ ကပ်ရတယ်။ အကုန်လုပ်ရတယ်။ အစိုးရလိုပဲ။ ဒါကို အင်္ဂလိပ်က မတော်တဆ လုပ်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံနဲ့ နေတဲ့ထိုင်တဲ့၊ လုပ်တဲ့ကိုင်တဲ့ အလေ့အကျင့်နဲ့ စည်းစနစ်တကျဖြစ်အောင် လုပ်ပေးထားတာ။ ငွေစာရင်းဆိုလည်း ကိုယ့် ဘာသာ လုပ်လို့မရဘူး။ “ကျွန်တော် မခိုးပါဘူး” လုပ်လို့မရဘူး။ တက္ကသိုလ်က ရမှာက ငွေတစ်သောင်းခွဲရှိတယ်။ ကျန်တဲ့ ရှာလို့ဖွေလို့ ရတာကိုလည်း ငွေစာရင်း သွင်းထားရတယ်။ ဘာသုံးတယ် ဆိုတာတွေလည်း ဘောင်ချာတွေနဲ့ ထားရတယ်။ စနစ်တကျ လုပ်ရတယ်။ ဆိုလိုတာက ငါတို့က အများနဲ့ဆိုင်တဲ့ အလုပ်တွေ လုပ်တဲ့အခါမှာ ဒီလို စည်းစနစ်တကျ၊ ဥပဒေတွေနဲ့အညီ လုပ်ရ မယ်ဆိုတာ အင်္ဂလိပ်က message လုပ်တာပဲ။ အဲဒီလိုရှိတယ်။ တကယ်တော့ သမဂ္ဂလုပ်ငန်းစဥ်ဆိုတာ ပါလီမန်အသေးစားလေးပဲ။ အပြင်ရောက်တဲ့အခါ နိုင်ငံရေးပါတီလုပ်တဲ့အခါ တွေ့ရမှာပဲလေ။ မဆိုးဘူး။ အင်္ဂလိပ်က ဘာပဲပြော ပြော။ တော်တော်ကို စည်းစနစ်ရှိတယ်။ ငါတို့လည်း နေတတ်ထိုင်တတ် သွား တယ်။ တို့ဟာတို့ ကိုယ့်မြို့ကိုယ်ရွာမှာလုပ်ရင်လည်း လုပ်တတ်ကိုင်တတ် သွားတာပေါ့။

မေးခွန်း။ ရန်ကုန်တက္ကသိုလ်မှာ ဗကသရယ် တကသရယ်ရှိတော့ နယ်တွေမှာပဲဖြစ်ဖြစ် သမဂ္ဂအချင်းချင်း ချိတ်ဆက်လှုပ်ရှားမှုတွေ ကရော ဘယ်လိုများရှိပါသလဲ။

ဗကသမှာတော့ သူတို့နဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံစည်းမျဉ်းရှိတယ်လေ။ အဲဒီမှာ တက္ကသိုလ်နှင့် ကောလိပ်များဆိုတဲ့ အပိုဒ်တစ်ပိုဒ် ရှိတယ်။ မန္တလေး တက္ကသိုလ်က ဗကသကို လာဝင်ရမယ်။ ဟိုအဝေးကနေပြီး လှမ်းဝင်လို့မရဘူး။ သူတို့အမှုဆောင်အဖွဲ့က ဗကသများဗဟိုအတွက် လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းနဲ့အညီ၊ ငွေရေးကြေးရေးကအစ သမဂ္ဂဝင်အဖြစ်နဲ့ လာဝင်ထားရ တယ်။ ရန်ကုန်တက္ကသိုလ်သမဂ္ဂကလည်း ဗကသကို သမဂ္ဂအဖွဲ့ဝင် ထားရ တယ်၊ မကွေးကောလိပ်ကလည်း အဲလို ဝင်ထားရတယ်။ အဲဒါမှ ညီလာခံ လုပ်ပြီဆိုမှ ညီလာခံမှာ သူတို့ရရမယ့် အခွင့်အရေးကို ရမယ်။ ဖွဲ့စည်းပုံချင်း ချိတ်ထားတာ။ ဗကသဖွဲ့စည်းပုံကျတော့ နယ်သမဂ္ဂတစ်ခုချင်း၊ ခရိုင်သမဂ္ဂ တစ်ခုချင်း၊ ကောလိပ်သမဂ္ဂ တစ်ခုချင်းက member လုပ်ရမယ်။ ကမ္ဘာ့ ကျောင်းသားသမဂ္ဂ ကျတော့လည်း တို့က မြန်မာပြည်အနေနဲ့ သွားဝင်ထား ရတာ။ IUS ရှိတယ်။ International Union of Students ပေါ့။ ချက်နိုင်ငံမှာ ဌာနချုပ်ရှိတယ်။ ဗကသများအဖွဲ့ချုပ်ညီလာခံက အောက်တိုဘာ ကျောင်း ပိတ်ရက်မှာ လုပ်တယ်။ နှစ်တိုင်းမရှိဘူး။ လေးနှစ်တစ်ခါ ရှိတယ်။ အရေးကြီး အကြောင်းရှိရင် အမှုဆောင်အဖွဲ့ ဆုံးဖြတ်ပြီးရင် အရေးကြီးအစည်းအဝေး တွေကို နယ်တွေကို ဖိတ်ရတယ်။ ဟိုးတုန်းက တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲဆိုတာရှိတယ်။ ပုသိမ်၊ မြစ်ကြီးနား၊ မော်လမြိုင်တက်မယ်။ ရန်ကုန် တက္ကသိုလ်သမဂ္ဂနဲ့ မန္တလေးတက္ကသိုလ် သမဂ္ဂတွေပေါင်းပြီးတော့ တကယ့် သမဂ္ဂကြီးတွေအားလုံးရဲ့ ကွန်ဖရင့်ပေါ့။ အဲဒါ သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံထဲမှာ ရှိတယ်။

မေးခွန်း။ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေရဲ့ မျှော်လင့် ချက်၊ မျှော်မှန်းချက်၊ ကိုယ်စားပြုမှုတွေမှာ ဘယ်အချက်တွေက ပိုပေါ် လွင်နေသလဲ။

အဲဒါကတော့ time scale နဲ့ပြောရမယ်။ ကျောင်းသားသမဂ္ဂတွေဟာ ဘာတွေလိုအပ်နေသလဲ။ ဘာတွေတောင်းဆိုနေသလဲ။ ဘာတွေ တိုက်ပွဲ ဝင်မလဲဆိုတာ တစ်နှစ်တစ်နှစ်တော့ မတူဘူးပေါ့။ ဥပမာ ဘာတွေလုပ်ရသလဲ ဆိုတော့ အခု အောက်တိုဘာကျောင်းတစ်လပိတ် အရေးတော်ပုံဆိုရင် …. ဒီနေရာမှာ နည်းနည်းပြောချင်တာက ယူနီဘာစီတီကောင်စီဆိုတာ ရှိတယ်၊ ရန်ကုန်တက္ကသိုလ် ကောင်စီဆိုတာ ရှိတယ်။ အဲဒီမှာ ပရော်ဖက်ဆာအားလုံး တက်ရတယ်။ ပရော်ဖက်ဆာအားလုံးဟာ ကောင်စီရဲ့ မန်ဘာတွေဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်သမဂ္ဂက ကိုယ်စားလှယ် နှစ်ယောက်ရှိတယ်။ ရန်ကုန် တက္ကသိုလ်သမဂ္ဂက အမည်စာရင်းပေးထားတဲ့ လူကြီးနှစ်ယောက်ရှိတယ်။ ဒေါက်တာမောင်မောင်ကျော်ရယ် မစ္စတာတီကိုဟောင်း ဆိုတာ နာမည်ကြီး ရှေ့နေကြီးတွေပေါ့။ အစိုးရအသိမှတ်ပြု ရှေ့နေတွေပေါ့။ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ယူနီဘာစီတီကောင်စီမှာ တစ်ခုခု ပြောမယ်ဆိုမယ်၊ ငြင်းမယ်ခုံမယ်ဆိုရင် တို့ဘက်က ဒီကျောင်းသားကိုယ်စားလှယ်တွေက ခုခံတာ။ ရပ်ခံတာ။ မရှင်းလင်းလို့ မေးတာမြန်းတာရှိမယ်။ နောက် တက္ကသိုလ် မှာ ရှိသမျှဘာသာရပ်ဆိုင်ရာ ပရော်ဖက်ဆာတွေပါမယ်။ တို့နဲ့တင်မက ဥပမာ physics ကျောင်းသားဆိုရင် သူနဲ့ဆိုင်တဲ့ ဘာသာရပ်ကိစ္စတွေမှာ အကြောင်းကြီးငယ်ရှိရင် သူ့သက်ဆိုင်ရာ ပရော်ဖက်ဆာက တာဝန်ခံရမှာ။ စာမေးပွဲ ကျတာ။ ဂုဏ်ထူးတန်းတက်မယ်။ အထူးဆုပေးမယ်။ ပညာတော်သင် လွှတ်မယ်ဆိုရင် ဘာသာရပ်ဆိုင်ရာ ပရော်ဖက်ဆာက ပြောခွင့်ရှိတယ်။ ကောင်စီမှာ သူတင်ပြရတာတွေ ရှိတယ်။ ယူနီဘာစီတီ ကောင်စီမှာဆိုရင် ဝန်ကြီးချုပ်သည် ကောင်စီရဲ့ Chairman ဖြစ်တယ်။ ဒဗျူတီ ချယ်ယာမင်က ရန်ကုန်တက္ကသိုလ်ပါချုပ် ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်သည် သီးခြား လွတ်လပ်ခွင့်တွေ ပေးထားသည့်တိုင်အောင် ကောင်စီမှာ အစိုးရနဲ့ လာချိတ် ထားတယ်။ ဝန်ကြီးချုပ်ကလည်း သူအမြဲတမ်း မထိုင်နိုင်တော့ သူ့ ကိုယ်စားလှယ်တစ်ယောက်ကို ထားထားရတယ်။

နောက်တစ်ခုက ဟိုးတုန်းက အထက်လွှတ်တော်၊ အောက်လွှတ်တော် ဆိုတာရှိတယ်။ အောက်လွှတ်တော်က ကိုယ်စားလှယ် နှစ်ယောက် ကောင်စီကို လာရတယ်။ အထက်လွှတ်တော်ကလည်း ကိုယ်စားလှယ် နှစ်ယောက် လာရ တယ်။ ဒါဘာကြောင့်လဲဆိုတော့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ တချို့ဥပဒေတွေ ပြဋ္ဌာန်းမယ်ဆိုရင်၊ ဘဏ္ဍာရေးတွေ ပြဋ္ဌာန်းမယ်ဆိုရင် university council က လွှတ်တော်ကို တင်ရတယ်။ လွှတ်တော်က လိုအပ်တဲ့ဟာ စဥ်းစားပြီး သဘောတူမှ university council က ဒီငွေကို သုံးခွင့်ရှိတာ။ ဆိုလိုတာက တက္ကသိုလ်ရဲ့ငွေပဲ၊ ကျောင်းသားတွေ ပေးထားတဲ့ငွေပဲ။ ဒါပေမဲ့ ဒီငွေကို ဘာကိစ္စအတွက် သုံးချင်သလဲ ဆိုလို့ရှိရင် university council ရှိတဲ့အတွက် university council အုပ်ချုပ်ရေးအဖွဲ့ကိုတင်။ ကိစ္စတိုင်းတော့ တင်ရတာ မဟုတ်ဘူး။ university council မှာ မလွဲမရှောင်သာ သုံးရမယ့် Amount (ပမာဏ)တွေရှိတယ်။ ငွေဘယ်လောက်ကို သုံးရမလဲ။ ကျောင်းသား တစ်ယောက်ကို ကျောင်းထုတ်မယ်၊ မထုတ်ဘူး။ university council မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သမဂ္ဂရဲ့အောက်မှာ သဟာယနဲ့ စာဖတ်အသင်းဆိုတာ ရှိတယ်။ အဆောင်ကော်မတီတွေ ရှိတယ်။ Warden တစ်ယောက် ရှိတာပေါ့။ အဆောင်မှူးရှိတယ်။ အဆောင်ရဲ့ သာမှုနာမှုတွေကို လုပ်တဲ့အဖွဲ့ သဟာယနှင့် စာဖတ်အသင်း S&R (The Social and Reading Club) ဆိုတာ အဆောင် တိုင်းမှာ ရှိတယ်။ ညစာစားပွဲ လုပ်မယ်။ မိတ်ဆက်ပွဲလုပ်မယ်။ ရန်ပုံငွေရှာမယ်။ အထူးညစာစားပွဲ။ နှစ်ပတ်လည် ညစာစားပွဲလုပ်တာတို့ လုပ်ရတယ်။ ယူနီ ဗာစီတီကောင်စီက ဘာသာရပ်ဆိုင်ရာ ပရော်ဖက်ဆာတွေပါမယ်။ လွှတ်တော် နှစ်ရပ်က ကိုယ်စားလှယ်တွေပါမယ်။ ဥပမာ 7 July လိုမျိုးဖြစ်တယ်ဆိုရင် ယူနီဗာစီတီကောင်စီမှာ ဆွေးနွေးရမယ်။ အဲတော့ ဘာလုပ်ပစ်လိုက်သလဲ ဆိုတော့ ဗိုလ်နေဝင်းခေတ်ရောက်တော့ ယူနီဗာစီတီကောင်စီမှာရှိတဲ့ တို့ရဲ့ ကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ကို ထုတ်ပစ်လိုက်တယ်။ အဲဒီတော့ ကျောင်းသားတွေအတွက် ပြောပေးနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးတာပေါ့။ ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်မယ်ဆိုရင် အဆောင်မှူးရဲ့ report ပါရမယ်။ အဆောင်သာမှုနာမှုလုပ်နေတဲ့ သဟာယနှင့် စာဖတ်အသင်းရဲ့ မှတ်ချက်လိုမယ်။ တချို့စည်းကမ်းပျက်တဲ့ ကျောင်းသားတွေရှိတယ်။ အဆောင်တိုင်းတော့ မဟုတ်ဘူး။ Warden က သိသွားလို့ ရီပို့တင်ရင် အဆောင်ကော်မတီက တန်းထုတ်ပစ်လိုက်မှာ။ ကျောင်းသားတစ်ယောက်က ကျောင်းထုတ်ရမယ့် အပြစ်မျိုး၊ ပြစ်ဒဏ်မျိုး ကျူးလွန်တယ်ဆိုရင် ယူနီဗာစီတီကောင်စီကပဲ ထုတ်ခွင့်ရှိတယ်။ အခြားထုတ်ခွင့်မရှိဘူး။ ဘာလို့လဲ ဆိုတော့ ကျောင်းသားက ပိုနစ်နာသွားမှာ စိုးလို့ပါပဲ။ ယူနီဗာစီတီကောင်စီမှာ ကျောင်းသားကိုယ်စားလှယ်လည်း ရှိတယ်ဆိုတော့ သူကလည်း ကျောင်းသား ကို ကာကွယ်ပေးရမှာ ရှိတယ်။

မေးခွန်း။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ အနေ နဲ့ ကျောင်းသားဆိုတဲ့ စုပေါင်းအမှတ်လက္ခဏာနှင့် ကျောင်းသား သမဂ္ဂတွေရဲ့ အခန်းကဏ္ဍကို ဘယ်လို ရှုမြင်သုံးသပ်ပါသလဲ။

အမှန်က ကျောင်းသားသမဂ္ဂက တကမ္ဘာလုံးမှာရှိတာပေါ့။ ယူနီဘာစီတီ ကောလိပ်ဆိုရင် နောက်ပိုင်း တို့ဆီကို တရုတ်က လာတယ်။ ဂျပန် ကလာ တယ်။ ဂျာမနီက၊ ချက်ကလာတယ်။ အများကြီးလာတာပေါ့။ အနိုင်နိုင်ငံမှာကို ဒီကျောင်းသားသမဂ္ဂက ရှိတယ်။ တခြားနိုင်ငံတွေနဲ့ တို့နဲ့ တူရင်လည်းတူမယ်။ မတူချင်လည်း မတူဘူး။ တို့နဲ့တော့ သိပ်မကွာဘူးလို့ ထင်တယ်။ တို့ဆီကို တစ်ယောက်လာဖူးတယ်။ အီရတ်ကနေ ဘန်ဟန်ပတ်ဆိုတာ လာဖူးတယ်။ ဒါနဲ့ တို့အမှုဆောင်အဖွဲ့နဲ့ တွေ့ကြတဲ့ အခါကျတော့ တို့ကွန်စတီကျူး ရှင်းပြလိုက်တယ်။ သူကလည်း ပြတယ်။ တို့နဲ့က သိပ်ထူးထူးခြားခြား မကွာဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့ဆီက ကွန်စတီကျူးရှင်း ဆိုတာကလည်း တကယ့် အင်္ဂလိပ်ပရော်ဖက်ဆာတွေ၊ တို့ဆီက ပညာတတ်တွေနဲ့ လုပ်ထား တာ။ သူတို့ကလည်း နိုင်ငံတကာ ဟိုရောက်ဒီရောက်ဆိုတော့ ဟိုမှာ ဒီလိုလုပ် တာတွေ့တော့ ကိုယ့်ဆီယူလာပြီး ဒီမှာပြန်မိတ်ဆက်။ ဗမာပြည်နဲ့ သင့်တာယူ၊ မသင့်တာဖယ် ဒီလိုလုပ်ရတာပေါ့။ တကသနဲ့ ဆိုင်တာဆိုပေမယ့် ဗကသနဲ့ လည်း ဆိုင်တာလည်း ဒါပါပဲ။ ကျောင်းသားလှုပ်ရှားမှုဆိုတာလည်း ဒီသဘော ပဲ။ ဗကသက ဒီမှာဘယ်လို ပါနေသလဲဆိုတာပဲ ပြောရမယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ဆိုင်တဲ့ ကိစ္စအရပ်ရပ်အားလုံးကို ရန်ကုန် တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့က လုပ်တာပဲ။ သို့သော် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် ဗကသများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် တက္ကသိုလ်သမဂ္ဂ ဖြစ်တယ်။ နှစ်နှစ်တစ်ခါလုပ်တဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲ ဆိုတာ အင်္ဂလိပ်ခေတ်က မရှိဘူး။ တို့ ခေတ်ကျမှ လုပ်တယ်။

အဲဒီဆွေးနွေးပွဲကို ဗကသက ဦးစီးပြီး လုပ်တာ။ ရှိရှိသမျှ တက္ကသိုလ် ကောလိပ် သမဂ္ဂတွေဟာ ဗကသများအဖွဲ့ချုပ်ကို လာပြီး ဆက်သွယ်ရမယ်။ ဗကသက လေးနှစ်တစ်ခါ ညီလာခံလုပ်တဲ့အခါမှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ကျောက်ဖြူ တက္ကသိုလ်၊ ကောလိပ် အားလုံး ကိုယ်စားလှယ်တွေ လာတက်တယ်။ ဗကသနဲ့ တစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်တွေက လာချိတ်ဆက်ထားတာ။ အခုဆို တက္ကသိုလ်၊ ကောလိပ်သမဂ္ဂတွေ အားလုံး စုလိုက်၊ ကွန်ဖရင့်တစ်ခုခေါ်ပြီး တက္ကသိုလ်၊ ကောလိပ်အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သမဂ္ဂတစ်ခုရှိဖို့ လိုတာပေါ့။ တို့တုန်း ကလည်း ဗကသရှိတယ်။ ဒီမှာလည်း တကယ်တမ်းကျ ဗကသပဲ လုပ်ရမှာပါ။ ABFSU ပေါ့။ တက္ကသိုလ်တစ်ရာရှိရှိ နှစ်ရာရှိရှိ ဗကသနဲ့ ဆက်ရတယ်။ ဟိုမှာတော့ နိုင်ငံတကာကျောင်းသားသမဂ္ဂ (IUS) ဆိုတာ ရှိတယ်။ အနိုင်နိုင်ငံ မှာရှိတဲ့ သမဂ္ဂတွေက IUS နဲ့ ဆက်သွယ်ရတယ် ။ ဗမာပြည်ဟာ IUS ရဲ့မန်ဘာ။ ဂျပန်ဟာ IUS ရဲ့မန်ဘာ။ တရုတ်ဟာ IUS ရဲ့ မန်ဘာ ဖြစ်တယ်။ သူက တစ်ခါ တစ်ခါဆိုရင် တိုက်ကြီးအလိုက် ညီလာခံတွေ လုပ်တယ်။ ဟိုဘက်ကတစ်ခါ အာဖရိကမှာ ကမ္ဘာ့ကျောင်းသားသမဂ္ဂညီလာခံ လုပ်မယ်ဆိုရင် တို့ကိုဖိတ်လို့ တို့က သွားတက်နိုင်ရင်ရတယ်။ လုပ်မှာကတော့ အာဖရိကတစ်နေရာပေါ့။ တောင်အာဖရိကလည်း ဖြစ်ချင်ဖြစ်မှာပဲ။ တစ်ခါ ၁၉၅၈ မှာဆိုရင် တရုတ်မှာ လုပ်တော့ တို့ဆီက ကိုယ်စားလှယ် (၆၀-၇၀) လောက် လွှတ်လို့ရတယ်။ ဟိုတုန်းကဆို ဦးနုတို့က ခွင့်ပြုတယ်။ တိုင်းရင်းသားတွေလည်း ပါအောင် ခေါ်တယ်။ ရှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ တစ်ဖွဲ့ကို နှစ်ယောက်လောက်ပေါ့။

မေးခွန်း။ အဲဒီအချိန်တုန်းထဲက တိုင်းရင်းသားတွေနဲ့ဆက်စပ်တဲ့ သမဂ္ဂ တွေ ရှိနေပါပြီလား ခင်ဗျ။

အဲဒီတုန်းက ရန်ကုန်တက္ကသိုလ် မွန်ကျောင်းသူကျောင်းသားများအသင်း ဆိုတာမျိုးပဲ ရှိသေးတယ်။ နောက်ပိုင်း ၁၉၆၂ 7 July ဖြစ်ပြီးပြီးချင်းမှာ ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားအဖွဲ့ချုပ်ဆိုတာ လုပ်ရမယ်ဆိုတာ သိတော့ သူတို့ကို အကုန်ခေါ်တယ်။ သူတို့ အဲ့အချိန်တုန်းက သမဂ္ဂနာမည် မခံဘူး။ ချင်းပြည်နယ်ကျောင်းသူကျောင်းသားအသင်း၊ မွန်ပြည်နယ် ကျောင်းသူကျောင်းသားများအသင်း အစရှိသဖြင့် အဲဒီလိုမျိုးရှိနေတယ်။ လူမျိုးစုတွေက သူ့ဟာသူ အစုအဖွဲ့လေးတွေ လုပ်ထားတယ်။ ရန်ကုန် တက္ကသိုလ် ပအိုဝ်းကျောင်းသူကျောင်းသားများအသင်း၊ မွန်ကျောင်းသူ ကျောင်းသားများအသင်း၊ ရှမ်းကျောင်းသူကျောင်းသားများအသင်း အဲဒါတွေ ရှိတယ်။ အဲဒီအဖွဲ့လေးတွေကို တို့က တစ်ဖွဲ့ နှစ်ယောက်လောက် ဖိတ်ပြီး လူမျိုးစုကျောင်းသားအဖွဲ့ချုပ်လုပ်ကြဖို့ တိုက်တွန်းတယ်။ အကြောင်းကြီးငယ် ရှိရင် အားလုံးစုပေါင်းတိုင်ပင် လုပ်ကိုင်လို့ရအောင်ပေါ့။

၁၉၆၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသား အဖွဲ့ချုပ် ဆိုတာ တို့တကသမှာရော ဗကသမှာ အီးစီဖြစ်တဲ့နှစ်မှာ အပြင်မှာရှိတဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့လည်း တိုင်ပင်ပြီး ဒေါက်တာ မောင်မောင်ကျော်တို့ ဘာတို့ပေါ့။ သူတို့ကလည်း “ဆရာတို့လည်း သဘောတူပါတယ်၊ လုပ်တာ ကောင်းပါတယ်”လို့ ဆိုတယ်။ အဲဒီတော့ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားအဖွဲ့ချုပ်ဆိုတာ ရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ 7 July တို့ ဖြစ်လာပြီးဆိုရင် အဲဒီလိုပလက်ဖောင်း မရှိဘဲ လိုက်ခဲ့ပါလို့ လုပ်လို့မရဘူးပေါ့။ နောက်ကျတော့ ချိတ်မိတာလေးတစ်ခု ပြောပြမယ်။ တို့ ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်တွေ ခန့်တဲ့အခါကျတော့ ဟိုးတုန်းကတော့ သူ့ဟာသူ တက်ကြွတဲ့ ဥပမာဆိုရင် မန္တလေးဆောင်မှာနေတဲ့ ကိုအောင်ဝင်း၊ ရှမ်းပေါ့။ ငါနဲ့ ထီးတန်းကောလိပ် အတူတက်ခဲ့တော့၊ ထီးတန်းမှာ သူဥက္ကဋ္ဌလုပ်၊ ငါ အတွင်းရေးမှူးလုပ်ပေါ့။ မိန်းရောက်လာတဲ့အခါကျတော့ ဒီမှာလည်း မန္တလေး ဆောင်ရောက်လာတော့ သူက ဥက္ကဋ္ဌလုပ်၊ ငါက အတွင်းရေးမှူးလုပ်တာပေါ့။ ဒါတွေက တို့ဟာတို့ နားလည်မှုနဲ့ လုပ်တာ။ နောက်ပိုင်းကျတော့ လူမျိုးစုတွေ ရဲ့ သူတို့ရဲ့ politically significant ရှိတယ်။ မျိုးနွယ်စုတွေဟာ အရေးပါတယ်။ ဒါကြောင့် သူတို့သက်ဆိုင်ရာ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ လူမျိုးစုကျောင်းသား အသင်းတွေ စုပြီး လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ်ဆိုတာ တို့က ဖွဲ့ပေးထား တယ်။ တို့က ကိစ္စရှိရင် အဲဒီရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားအဖွဲ့ချုပ် ကို အကျိုးအကြောင်း သွားပြော။ ဒီနေ့ဒီလိုရှိတယ်၊ ဒီနေ့ဆန္ဒပြပွဲလုပ်မလို့ ခင်ဗျားတို့ အမှုဆောင်အဖွဲ့မှာ တင်ပြဆွေးနွေးပေးပါ။ သူတို့အမှုဆောင်အဖွဲ့ကို လည်း စာတို စာရှည်၊ ကြေညာချက်တွေနဲ့လည်း အသိပေးရတာပေါ့။ တို့ တုန်းကတော့ 7 July ဖြစ်တဲ့အထိတော့ လူမျိူးစု ကျောင်းသားအဖွဲ့ချုပ် ဆိုတာ မပေါ်သေးဘူး။ အခုတော့ မပြောနိုင်ဘူး။ အဲလိုဟာတွေ ဖြစ်ချင်လည်း ဖြစ်လာ နိုင်တယ်။ တို့တုန်းကတော့ လူမျိုးစုကျောင်းသားများအဖွဲ့ချုပ်ကိုပဲ လုပ်ဖို့ တိုက်တွန်းတယ်။ ရန်ကုန်တက္ကသိုလ် မွန်ကျောင်းသူကျောင်းသားများအသင်း၊ ပအိုဝ်းကျောင်းသူကျောင်းသားများအသင်း။ ပထမတော့ အသင်းပေါ့။ ပထမ တော့ သူတို့ စိတ်ကူးတည့်သလို လုပ်ကြတာပေါ့။ နောက်ပိုင်းကျတော့ တို့ ကလည်း သတ်သတ် လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ်နဲ့ ဗကသ၊ တကသ တို့နဲ့ တွေ့ဆုံပွဲဆိုတာ လုပ်ရတယ်။ အဲဒါမှ သူတို့တချို့ ပြောစရာတွေရှိမယ်။ ရှမ်းဆိုလည်း သူတို့ကျောင်းသားတွေအတွက် ဘာပြောချင်လဲ။ မွန်ဆိုလည်း မွန်ကျောင်းသားတွေအတွက် ဘာပြောချင်လဲ။

နောက် တို့တုန်းက ခရိုင်အသင်း၊ မြို့နယ်အသင်းတွေရှိတယ်။ ဖျာပုံခရိုင် အသင်းတို့ ဘိုကလေးမြို့နယ်အသင်းတို့ တောင်ငူခရိုင်အသင်းတို့ ပုသိမ်ခရိုင် အသင်းတို့ ရှိတယ်။ သူတို့ လူမျိုးစုကျောင်းသားတွေထဲက ထင်ရှားတဲ့၊ ဩဇာ ရှိမယ့်သူတွေပါခေါ်ပြီး လူမျိုးစုကျောင်းသားများအဖွဲ့ ဖွဲ့ထားဖို့ ပြောတယ်။ ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ လွယ်အောင်၊ ခင်ဗျားတို့လည်း အကြောင်းထူးငယ်ရှိရင် လူမျိုးစုကျောင်းသားများ ဘက်လည်း ပြောလို့ရ အောင်၊ ကျွန်တော်တို့ ဗကသ၊ တကသများ ဘက်ကလည်း လုပ်လို့လွယ် အောင် ဖွဲ့ထားဖို့ ပြောတယ်။ ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ် ဖွဲ့တဲ့အထိ ကူညီပေးခဲ့တယ်။ အဲဒီလို အသင်းအဖွဲ့ ဖွဲ့ထားလိုက်တဲ့ အခါကျတော့ အကြောင်းကြီးငယ်ရှိရင် ဥပမာ ပင်လုံစာချုပ်ကိစ္စလို ဆွေးနွေး ချင် ဆွေးနွေးလို့ရအောင် နိုင်ငံရေးအရ ချိတ်ထားလိုက်တာပေါ့။ နောက်တစ်ခု က လူမျိုးနွယ်စုအလိုက် ကိုယ်စားပြုမှုနဲ့ လူမျိုးအလိုက် ကိုယ်စားပြုမှုကျတော့ မျိုးနွယ်စုနဲ့ဆိုင်တဲ့ issue တွေပေါ်လာမှ လုပ်လို့ရမှာ။ နောက်ပိုင်းကတော့ ရှိတာတွေလည်း ရှိတယ်။ မရှိတာတွေလည်း မရှိဘူးပေါ့။

မေးခွန်း။ ဘယ်လိုအခြေအနေမျိုးမှာ ကျောင်းသားတွေဟာ အခြားသော လူထုလူတန်းစားများ၊ အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လှုပ်ရှားမှုများနဲ့ ဘယ်လိုမျိုး ပူးပေါင်းပါဝင် ဆောင်ရွက်ပါသလဲ။

အဲဒါတော့ ရိုးရိုးပါပဲ ။ ဥပမာ – ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပေါ့။ ကျောင်းမှာက ပြည်တွင်းငြိမ်းချမ်းရေးအသင်းဆိုတာ ရှိမှ မရှိပဲ။ သို့သော် သမဂ္ဂအနေနဲ့ ကျတော့ နိုင်ငံရေးလည်းကိုင်နေတော့ လူမျိုးရေးကိစ္စတွေ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဒါမျိုးတွေကျတော့ ဟိုတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဥက္ကဋ္ဌလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ရှိတယ်။ တစ်ခါတလေကျတော့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ လူမျိုးစု ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ချင်တယ်ဆိုရင် တို့က ကမကထလုပ်ပြီး တွေ့ပေးရ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုရင် common issue ဖြစ်နေတော့ ရှမ်းတွေနဲ့ ချည်းဆိုင်တာ မဟုတ်ဘူးလေ။ ရှမ်းပြည်နယ်ကျောင်းသားကျောင်းသူများ အသင်းဆိုရင် ရှမ်းပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေပါပါနေတော့ တစ်ခုတည်းနဲ့ စုစည်း တွေ့နိုင်တာပေါ့။ ခုချိန်ဆိုရင် တချို့လည်း အဲလိုအသင်းဖွဲ့တွေ လုပ်ချင် တာပေါ့။ ဒါပေမဲ့ ဘာငဲ့ရသလဲဆိုတော့ တချို့ လူမျိုးငယ်တွေ၊ ပလောင်တို့ ဘာတို့ဆိုရင် လူနည်းတာဆိုတော့ အလုပ် မဖြစ်တာမျိုး ဖြစ်နိုင်တာပေါ့။ လူဦးရေနဲ့ နည်းနည်းဆိုင်တာပေါ့။

တက္ကသိုလ်မှာ သမဂ္ဂရွေးကောက်ပွဲရှိတော့ ရွေးကောက်ပွဲပြိုင်တဲ့ အဖွဲ့ တွေ သတ်သတ်ရှိတယ်။ သီးခြားအင်အားစုရှိတယ်။ ဟိုတုန်းကတော့ force လို့ ခေါ်တယ်။ တို့ဆိုရင် ကျောင်းသားညီညွတ်ရေးတပ်ဦးဆိုတာ ဖွဲ့ထားတယ်။ ၁၉၅၅ ခုနှစ်မှာထဲက ဖွဲ့ထားတယ်။ အဲဒီမတိုင်ခင်တုန်းက လွတ်လပ်ရေးမရခင် တုန်းကဆို ရန်ကုန်တက္ကသိုလ် တိုးတက်သော ကျောင်းသားများအင်အားစု (the Student Progressive Force) ပေါ့။ အဲဒါကတော့ ကျောင်းသားတိုင်းနဲ့ တော့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တိုးတက်တယ်လို့ နိုင်ငံရေးအရယူဆရင် သွားပါ။ နိုင်ငံရေးအရ Grouping လုပ်တာပေါ့။ နိုင်ငံရေးကို စုတာ။ လက်ဝဲ နိုင်ငံရေးလိုလားသူအစုလို့ မပြောချင်လို့ပေါ့။ ၁၉၅၃ ခုနှစ်မှာ အောက်တိုဘာ ကျောင်းတစ်လပိတ် အရေးဖြစ်တဲ့အခါကျတော့ အစိုးရဘက်က Democratic Students Organization (DSO) ကျောင်းသားများ အင်အားစုဆိုပြီး ဖွဲ့တယ်။ ဦးကျော်ငြိမ်းကိုယ်တိုင် တာဝန်ခံပြီးဖွဲ့တယ်။ တို့ဘက်ကတော့ The Rangoon University Students Progressive Force။ ရန်ကုန်တက္ကသိုလ် တိုးတက် သော ကျောင်းသားများအင်အားစု။ တို့မတိုင်ခင်ကပေါ့။ ဖွဲ့တယ်ဆိုတာ မာ့စ်ဝါဒ လေ့လာရေးလုပ်ချင်လို့။ progressive ဆိုတဲ့စကားလုံးကို ယူတာကို က မာ့စ်ဝါဒ၊ လီနင်ဝါဒကို လေ့လာချင်လို့ ဖွဲ့တာပဲ။ ဒါက ကျောင်းသားသမဂ္ဂ တွေနဲ့ မဆိုင်ဘူး။ အောက်တိုဘာကျောင်းတစ်လပိတ် အရေးတော်ပုံဖြစ်တော့ ကျောင်းထုတ်ခံရတာလည်း အများကြီး၊ အဖမ်းခံရတာ၊ ထောင်ကျတာတွေ လည်း အများကြီးပေါ့။

အောက်တိုဘာ ကျောင်းတစ်လပိတ် အရေးတော်ပုံဆိုတာ အင်္ဂလိပ်က ကျောင်းသားတွေ တစ်နှစ်ကို အားလပ်ရက် ကျောင်းတစ်လပိတ်ဖို့ ယူနီဘာစီတီကောင်စီမှာ ပြဋ္ဌာန်းပြီးသား။ နွေရာသီအားလပ်ရက် ပေးထား တာ။ အဲဒါကို ၁၉၅၃ ခုနှစ်ကျတော့ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ဘာဖြစ်လာသလဲဆိုတော့ စာသင်ချိန်နည်းတယ်တဲ့။ ဆိုကြပါစို့ နှစ်တစ်နှစ်မှာ စာ (၁၅) ရက်လောက် တိုးသင်တော့ရော ဘာဖြစ်မှာ မို့လို့လဲ။ အဲဒီအထဲက အစိုးရရဲ့ intention က မကောင်းဘူး ဖြစ်နေတယ်။ အဲတော့ အဲမှာ ပွဲတစ်ပွဲ ဖြစ်တာပေါ့။ တိုးတက်သော ကျောင်းသားအင်အားစုဆိုတာက လက်ဝဲလိုလား သော ကျောင်းသားတွေက grouping လုပ်ထားတာပေါ့။ သမဂ္ဂနဲ့လည်း မဆိုင်ဘူးပေါ့။ ရန်ကုန်တက္ကသိုလ် မာ့စ်ဝါဒ လေ့လာရေးအဖွဲ့ပေါ့။ သဟာယနှင့် စာဖတ်အသင်းနဲ့လည်း မဆိုင်ဘူး။ သဟာယနှင့် စာဖတ်အသင်းက လူ ကလည်း မာ့စ်ဝါဒ လေ့လာချင်ရင် သွားပါလို့ရတယ်။ ငါတို့တုန်းက ဒီမိုကရေစီ အခြေအနေက ပွင့်ပွင့်လင်းလင်း၊ ပေါ့ပေါ့ပါးပါး၊ ပျော့ပျော့ပျောင်းပျောင်း ရှိတယ်။ အောက်တိုဘာ ကျောင်းတစ်လပိတ်တာကို အစိုးရကျောင်းသားတွေ DSO က ထောက်ခံတယ်။ (၁၅) ရက်လျှော့တာကို ထောက်ခံတယ်။ ဒီဘက်က တိုးတက်သော ကျောင်းသားများအင်အားစုတွေက လက်မခံဘူး။ တိုးတက် သော ကျောင်းသားတွေဆိုတာကတော့ ဒီဘက်မှာကျတော့ တကသတို့ ဗကသ တို့မှာ အမှုဆောင်ဖြစ်နေတယ်။ အဆောင်မှာလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လုပ်တာတွေဆိုတော့ သူတို့က ပိုပြီး အင်အားကြီးတာပေါ့ ။

အဲနေ့ကျတော့ ဆန္ဒပြသပိတ်တားတော့၊ ပစ်တာခတ်တာ၊ မျက်ရည်ယိုဗုံး နဲ့ပစ်တာ၊ တော်တော်လေးပြင်းတဲ့ပွဲပေါ့။ လွတ်လပ်ရေးခေတ်ဦးမှာ အစောဆုံး ဖြစ်တဲ့ပွဲပေါ့။ ငါတို့တောင် (၇) တန်း (၈) တန်း လောက်ပဲ ရှိသေးတယ်။ ကိုဝင်းမောင်သန်းဆိုတာ မန္တလေးတက္ကသိုလ် သမဂ္ဂရဲ့ ခေါင်းဆောင်ပေါ့။ နောင်ကျတော့ ငါတို့လည်း အရွယ်ရောက်လာ သူတို့လည်း ဟိုဘက်မှာ မန္တလေးတက္ကသိုလ် ခေါင်းဆောင်ဖြစ်လာ၊ ငါတို့လည်း ဒီဘက်မှာ ခေါင်းဆောင် ဖြစ်လာတာပေါ့။ ပုဂ္ဂိုလ်အရ ကိုဝင်းမောင်သန်းက အလံနီ၊ ဆရာကြီးသခင်စိုး ကို ယုံကြည်တဲ့ သူတွေပေါ့။ ဟိုတုန်းက ကျောင်းမှာ ဒါမျိုးလေးတွေ ရှိတယ် လေ။ ကိုယ့်ဘာသာ စိတ်ဝင်စားရာ အစုအဖွဲ့အလိုက်လေးတွေလည်း ရှိတယ်။ မာ့စ်ဝါဒဖတ်တဲ့ကိစ္စကို အစိုးရက မာ့စ်ဝါဒဖတ်ပါလို့လည်း မပြောဘူး၊ မဖတ်ပါ နဲ့လို့လည်း မပြောဘူး၊ မာ့စ်ဝါဒစာအုပ် မထုတ်ရဆိုတာလည်း မပြောဘူး။ ထုတ်ပါလို့လည်း မပြောဘူး။ မဖြန့်ချိရဘူးလို့လည်း မပြောဘူး။ ဆိုလိုတာက ဒီမိုကရေစီက ယေဘုယျရှိနေတာပေါ့။

ငါတို့ တက္ကသိုလ်ရောက်လာတဲ့အခါကျတော့ ၁၉၅၉-၆၀ လောက် ရောက်လာတဲ့အခါကျတော့ တို့ဒီဘက်က ဘာရှိသလဲဆိုတော့ ကျောင်းသား ညီညွတ်ရေး တပ်ဦးဆိုတာ ရှိတယ်။ တိုးတက်သော အင်အားစုနဲ့ မဆိုင်ဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး တပ်ဦးဆိုတာကတော့ ကျောင်းသားညီညွတ်ရေးကို ဦးတည်ပြီး ဖွဲ့ထားတာ။ အဲတော့ တို့နဲ့ပြိုင်ဖို့ အစိုးရက ဘာလုပ်သလဲဆိုတော့ အစကတော့ ရဲခေါင်ကျောင်းသားတွေ ရှိတာပေါ့။ ဂျပန်တိုက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို စုထားတာ။ ဂျပန်ခေတ်မှာ ပေါ်ခဲ့တာပေါ့။ တက္ကသိုလ်နဲ့တော့ ဘာမှမဆိုင်ဘူးပေါ့။ ဒီဘက်ခေတ်ရောက်လာတော့ တို့က ကျောင်းသားညီညွတ်ရေးတပ်ဦးဆိုတာ လုပ်လိုက်တဲ့အခါကျတော့ တို့နဲ့ပြိုင်ဖို့ ဦးကျော်ငြိမ်းလုပ်တာပေါ့။ ရဲခေါင် ကျောင်းသားများ အင်အားစုဆိုပြီး ဟိုတုန်းကလည်းရှိခဲ့တော့ အဲဒါကိုယူပြီး ရဲခေါင်ကျောင်းသားများအင်အားစု ဆိုပြီး ဖွဲ့လိုက်တာပေါ့။ အဲတော့ သူတို့က အစိုးရကို ထောက်ခံသော ကျောင်းသားတွေ ဖြစ်လာတာပေါ့။

အဲဒီတော့ ၁၉၆၀ ရွေးကောက်ပွဲမှာ ငါတို့နဲ့ပြိုင်ကြတယ်။ ရဲခေါင် ကျောင်းသားတွေနဲ့ တပ်ဦးကျောင်းသားတွေ ပြိုင်ကြတာပေါ့။ အဲလို ပြိုင်တော့ သူတို့ရဲခေါင်တွေ ရှုံးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကသရွေးကောက်ပွဲ လုပ်တော့ ဘယ်သူမဆို ပြိုင်ချင်တဲ့သူပြိုင်လို့ရတယ်။ သူ့ဟာသူ grouping နာမည်နဲ့ ပြိုင်ချင်လည်း လုပ်ထား။ ဒါပေမဲ့ သူ့ကို grouping အနေနဲ့ ထည့်ပေးမှာ မဟုတ်ဘူး ။ ရွေးကောက်ပွဲ ပြိုင်မယ့်သူ (၁၉) ယောက်ရှိတယ်ဆို အဲဒီအတိုင်းပဲ ကြေညာလိုက်မှာ။ သူက တပ်ဦး၊ သူက ရဲခေါင်ဆိုပြီးတော့ ထည့်ပေးမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲလာတင်မယ်ဆို အမည်၊ ဘယ် ဘာသာရပ်ယူလဲ၊ ဘယ် အဆောင်မှာနေလဲ။ ထီးတန်းမှာ နေတယ်။ ရန်ကင်းမှာ နေတယ်။ ဒါပဲ။ ပြီးရင် ရွေးကောက်ပွဲဝင်မယ့်ဖောင်ကို ဖြည့်ရတယ်။ အဲဒီမှာလဲ grouping အနေနဲ့ ပြိုင်မယ်ဆို ပြိုင်လို့ရတယ်။ ငါတို့က ရဲခေါင်၊ တပ်ဦး၊ ရှေ့သို့ အစရှိသလို ပြိုင်လို့ရတယ်။ သို့သော် ရွေးကောက်ပွဲ မဲပေးပြီ ဆိုတော့ ဒီ ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် (၆) နေရာဆိုတော့ အဖွဲ့သုံးဖွဲ့ ပြိုင်ရင် (၁၈) ယောက်ပြိုင်ရတာပေါ့။ ဒါပေမဲ့လို့ ကတ်တစ်ခုပေါ့။ ကတ်ထူပြားပေါ့။ ကျောင်းသား (၁၈) ယောက်ရှိတယ်ဆိုရင် ရွေးကောက်ပွဲ ပြိုင်ဖို့ ပထမဆုံး စာရင်းလာပေးမယ့်သူက နံပါတ် (၁) ရတယ်။ နောက် နံပါတ် (၂)၊ (၃)၊ (၅)၊ (၆) ပေါ့။ အယောက် (၃၀) ပြိုင်မယ်ဆို နောက်ဆုံးလူက (၃၀) ပေါ့။ မဲပုံးက ရန်ကုန်တက္ကသိုလ်မှာဆိုရင် ဂျပ်ဆင်မှာပေးရတယ်။ မဲပြား ထုတ်ပေးတာ၊ မဲရုံ ကြီးကြပ်တာ၊ မဲပေးမယ့် လူစာရင်းလုပ်တာက ဆရာ၊ ဆရာမတွေက လုပ်ပေးတာ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ကျောင်းဝင်စာရင်းရှိတယ်။ ကျောင်းသားမှာ identity card ရှိတယ်။ မဲပေးမယ်ဆို ဘယ်သူ့ပေးပေး။ ဆရာမ ကျွန်တော်မဲပေးမယ်။ တပ်ဦး ပေးပေး၊ တိုးတက်ပေးပေး၊ ပေးချင်တာပေး။ ဒါပေမဲ့ တက္ကသိုလ်ဝင်နံပါတ် ဆိုပါစို့။ (၅၆၇၈၉) ဆိုရင် စာရွက်လေးတစ်ရွက်ပေးလိုက်မယ်။ မဲပေးမယ်ဆို အဲဒီ စာရွက်ကတ်ပြားလေး နဲ့ မဲပေးပေါ့။ ပြိုင်မယ့်သူ (၂၀) ပါတယ်ဆိုရင် (၂၀) လုံး ကတ်ထဲမှာ ရေးပေး ထားတယ်။ စာမေးပွဲဖြေသလိုပဲ ခုံတွေချထားပေးတယ်။

မဲပုံးကဂျပ်ဆင်အပေါ်ထပ်စတိတ်ပေါ်မှာရှိတယ်။ဆရာမ တစ်ယောက် စောင့်တယ်။မဲပြားထုတ်ပေးတဲ့အခါမှာလည်းဆရာမနှစ်ယောက်က ပေးတယ်။တက္ကသိုလ်ဝင်နံပါတ်နဲ့တိုက်စစ်မယ်။ဖိုင်ထဲမှာကြည့်မယ်။နာမည် ပါတယ်ဆိုရင်မဲပြားထုတ်ပေးလိုက်မယ်။အဲ့မဲပြားထဲမှာလူနှစ်ဆယ် ပြိုင်မယ်ဆိုလူ (၂၀) စာရင်းအကုန်ပါမယ်။မဲပေးပြီဆိုတဲ့ အခါကျရင်ကိုယ် မကြိုက်တဲ့သူတွေကိုခြစ်ပစ်ခဲ့ရတယ်။တပ်ဦးကျောင်းသား ဆိုရင်လည်းအဲဒီ အထဲမှာမရေးထားဘူး။အပြင်မှာ ကိုယ့်ဘာသာကိုယ်ကမ်ပိန်းလုပ်ပဲ။ဒီမိုကရက်တစ်ဖြစ်တယ်။ဆရာတွေလုပ်ပေးထားတာ။မကြိုက်တဲ့သူကိုခြစ်ပစ်ခဲ့။ကြိုက်တဲ့သူတွေထားပစ်ခဲ့။ဒါပဲ။ပြီးရင်မဲပုံးထဲထည့်။ညကျတော့ဘယ်မှာမဲရေသလဲဆိုတော့အခု ကွန်ဗိုကေးရှင်း အတွင်းမှာစားပွဲတွေ ချထား တာပေါ့။ အပြင်မှာဘလက်ဘုတ် နှစ်ခုရှိမယ်။မဲရေတဲ့ဆရာ၊ဆရာမတွေကသတ်သတ်ရှိတယ်။အကုန်လုံးလာ၊မဲပြားတွေသွန်ချလိုက်၊ဘလက်ဘုတ်မှာပြိုင်တဲ့သူ(၁၀) ယောက်ရှိရင်(၁၀) ယောက် နာမည်တွေ အကုန်ရေးထား တယ်။မဲပုံးထဲကမဲပြားတစ်ခုထုတ်လိုက်ပြီးရင်ဆရာမတစ်ယောက်ကမဲပြား မှာပါတဲ့နာမည်ကိုဘလက်ဘုတ်မှာ ရေးထားတဲ့ နာမည်တွေမှာအရေ အတွက်အလိုက်မှတ်တယ်။မဲပြားတွေ လာသလောက် မှတ်လိုက်တာပေါ့။(၁၀) ယောက်ပြည့်ရင်နောက်ထပ် ဘုတ်တစ်ခုရှိတယ်၊အဲဒီမှာ(၁၀) ယောက်ကိုတာလီတစ်ခြစ်ခြစ်တာပေါ့။

အဲတော့ ဘာလုပ်သလဲဆိုတော့ ကွန်ဗိုကေးရှင်းရှေ့က မီးတိုင် တစ်တိုင် မှာ တော်တော်ရှည်တဲ့ ကြိုးတစ်ချောင်းကို ချည်ပေါ့။ အဲဒီကနေ ဒီဘက်က စစ်ကိုင်းတို့၊ ပင်းယတို့၊ သထုံဘက်တို့ကနေ သမဂ္ဂရှေ့လောက် ရောက်လာပြီး သစ်ပင်တစ်ပင်မှာ ချည်ထားရတယ်။ ဟိုဘက်က ရဲခေါင်တွေ၊ ဒီဘက်က တပ်ဦးတွေ။ ပျော်ဖို့ကောင်းတယ်။ ရန်တွေ ဘာတွေတော့ မဖြစ်ဘူး။ မဆိုးဘူး။ တပ်ဦးက နိုင်ပြီဆိုလည်း တပ်ဦးဘက်က ကျောင်းသားတွေက ထခုန်ရယ်၊ ကရယ်ပေါ့။ မဲရလဒ်က ညတွင်းချင်း သိရတယ်။ တို့ကလည်း ဂျစ်ကားတွေ ငှားထားတာပေါ့။ ဝီလီဂျစ်တွေပေါ့။ သုံးစီးလို သုံးစီးပေါ့။ တစ်ရက်မှ ငှားခ (၂၀) လောက် ရှိတယ်။ အက်ဂျီတေးရှင်းလုပ်ဖို့ ရန်ကင်းကို သွားဖို့ ကားတစ်စီး၊ ထီးတန်းကိုသွားဖို့ ကားတစ်စီး၊ ဆေးသိပ္ပံသွားဖို့ ကားတစ်စီး၊ အင်ဂျင်နီယာ သွားဖို့လည်း ကားတစ်စီးငှားရတာပေါ့။ မိန်းထဲကျတော့ အဆောင်တွေကို အော်ပေးရတယ်။ မဲပေးဖို့ နှိုးဆော်ရတာပေါ့။ သွားနှိုး ရတာပေါ့။ ငါတို့က ကျောင်းသားညီညွတ်ရေးတပ်ဦးပေါ့။ ဟိုဘက်က ရဲခေါင်ကျောင်းသားများပေါ့။ 7 July မဖြစ်ခင်မှာ တိုးတက်တို့၊ တပ်ဦး တို့ဆိုတာ ငါတို့ဘက်ကပေါ်တာ။ DSO၊ ရဲခေါင်ကျောင်းသားများ အင်အားစုဆိုတာ အစိုးရဘက်ကပေါ်တာ။ အဲတော့ တို့နဲ့ တကယ် လာပြိုင်တယ်ဆို ကျောင်းသားက ဘယ်သူမှ မပြိုင်ဘူး။ အစိုးရက သူ့လိုအပ်ချက်နဲ့ သူရှိလို့သာ သူတို့ပေါ်လစီအရ၊ အစိုးရကို ဆဲမယ့်သူ တွေပဲ ဖြစ်နေမှာစိုးလို့ သူတို့ဘက်ကနေ ဆဲပေးမယ့်သူလေးများ ရှိအောင်လို့ လုပ်တာပဲ။ အဲဒါက ၅၉-၆၀ ခုနှစ်က နောက်ဆုံးပဲ။ အဲဒီနောက်ပိုင်းကစပြီး ဘာရွေးကောက်ပွဲမှ မရှိတော့ဘူး။ ၅၆ ရွေးကောက်ပွဲမီတယ်၊ ၅၇ ရွေးကောက်ပွဲမီတယ်။ ရွေးကောက်ပွဲ သုံးခု မီတာပေါ့။ အဲဒီမှာ ရဲခေါင် ဘက်ကနေ မယ်ဗမာနံပါတ် (၄) ရတဲ့ မစိန်အေးနဲ့ မခင်နှင်းရီဆိုတဲ့ မိန်းကလေး နှစ်ယောက် ဝင်ပြိုင်တယ်။ တို့က ကျောင်းသားတွေ သူတို့ကို သဘောကျပြီး မဲပေးမယ်ထင်တာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မဲအနည်းဆုံးရတယ်။ ကျောင်းသားတွေက တို့ထင်သလို မဟုတ်ဘူးပေါ့။ သူတို့အရွေးခံရတယ်ဆိုရင် အဖွဲ့က နှစ်ဖွဲ့ဖြစ်နေပြီး သူတို့နှစ်ယောက်၊ တို့က (၄) ယောက်ဆိုတော့ (၆) ယောက်က အစည်းအဝေးထိုင်ပြီး ရန်တွေ ဖြစ်နေရဦးမှာ။ တို့က သူတို့ မဲအများဆုံး ရမယ်ထင်တာ။ သူတို့က တော်တော်ချောတာကိုး။

မေးခွန်း။ ကျောင်းသားသမဂ္ဂအနေနဲ့ တခြားသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တွေ ရှိပါလား။

အဲဒါ ဘာတွေရှိမလဲဆိုတော့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲတွေ နှစ်နှစ်တစ်ခါ လုပ်တယ်။ ဗကသများအဖွဲ့ချုပ်က တာဝန်ခံပြီး လုပ်တာပေါ့။ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံက ကိုယ်စားလှယ်တွေပဲ တက်တာ။ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေက တချို့ပြဿနာတွေ မတူဘူး။ ဒီမှာ အဆောင်ကိစ္စတွေ ရှိတယ်။ စာမေးပွဲစနစ်တွေရှိတယ်။ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းမှုတွေမှာ မညီညွတ်တာတွေ ရှိတယ်ဆိုတော့ တက္ကသိုလ်ကျောင်းသား က ပိုရှုပ်တယ်။ ပြဿနာမျိုးစုံပေါ်တယ်။ ကျောင်းဆောင်မလုံလောက်တာ၊ ဆရာတွေ မလုံလောက်တာ။ ကျောင်းသုံးစာအုပ်ကို အချိန်မီရိုက်တာ၊ မလုပ် နိုင်တာတွေ ရှိတယ်။ ဗကသနဲ့ နယ်သမဂ္ဂတွေ၊ တက္ကသိုလ်၊ ကောလိပ် သမဂ္ဂ တွေက ဆက်သွယ်ထားရတယ်။ တက္ကသိုလ်ကောလိပ် ဆွေးနွေးပွဲတွေကို မန္တလေးမှာလုပ်မယ်ဆို မန္တလေးပေါ့။ နောက်နှစ်မကွေးဆို မကွေးပေါ့။ ပုသိမ် ဆို ပုသိမ်ပေါ့။ အလှည့်နဲ့ လုပ်တာပေါ့။ အဲဒီ ဆွေးနွေးပွဲတွေက အရေးကြီး တယ်။ အစိုးရရဲ့ ပညာရေးပေါ်လစီနဲ့ ပတ်သက်ပြီး ဝေဖန်တာတို့၊ ပညာရေး ဘတ်ဂျက်နည်းတာများတာနဲ့ ပတ်သက်ပြီး ဝေဖန်တာတို့၊ အစိုးရက အောင် စာရင်းထုတ်ပေးတာမှာ ပေါပေါလောလော ဖြစ်နေတာတို့၊ ရှားရှားပါးပါး ဖြစ် နေတာတို့၊ လူ တစ်ရာမှာ တစ်ယောက်မှ မအောင်တာတို့။ တက္ကသိုလ် ကောလိပ်တွေမှာ တွေ့ကြုံနေရတာတွေ၊ ပညာရေးနဲ့ပတ်သက်တာတွေ၊ ကျောင်းသားအခွင့်အရေး ဆုံးရှုံးနေရတာတွေကို ပိုပြီးတော့ပြောရတယ်။ ဗကသက ပေါ်လစီကို တာဝန်ခံပြီး လုပ်ရတယ်။ တို့လည်း စာဖတ်ရတာပေါ့။ တို့က အဲလိုလုပ်တော့မယ်ဆိုတော့ တို့ချည်းလုပ်လို့မရဘူး။ ပမညတ အမတ် တွေ ရှိမယ်၊ သူတို့ဆီက ပညာရေးနဲ့ပတ်သက်တဲ့ လူကြီးတွေကို သတ်သတ် သွားတွေ့ပြီး လာရောက်ဆွေးနွေးပေးဖို့ ဖိတ်ကြားရတယ်။ သူတို့ (ပမညတ) တွေက ဆရာတွေများပါတယ်။

ဥပမာ (၁၀) တန်းမှာ အင်္ဂလိပ်စာဖြုတ်မယ် လုပ်နေတာ၊ အဲလိုဆို ရှေ့မှာ further studies ဆက်လုပ်လို့ မရတော့ဘူး။ အဲဒါတွေကို အဲဒီမှာ ဆွေးနွေး မယ်။ နောက်တခါ ဗကသကလုပ်တဲ့ ပညာရေး ဆွေးနွေးပွဲကြီးတွေကို လေးနှစ် တစ်ခါလုပ်တာ ရှိတယ်။ အဲဒါကတော့ အထက်တန်းကျောင်းသားတွေနဲ့ ဆိုင်တဲ့ကိစ္စတွေကို လုပ်တာ။ ဘာတွေ ပါမလဲဆိုတော့ ပညာရေးအသုံးစရိတ် နည်းတာ များတာပါမယ်။ ကျောင်းသားသမဂ္ဂကို လွတ်လွတ်လပ်လပ် ဖွဲ့ခွင့် မပေးတာ။ ကျောင်းသားတွေကို ဖမ်းတာဆီးတာတွေနဲ့ ပတ်သက်မယ်။ ကျောင်းအဆောက်အဦ မလုံလောက်တာ၊ ဆရာတွေမလုံလောက်တာ၊ စာမေးပွဲစနစ်တွေက ခေတ်မမီတာ၊ ပြဋ္ဌာန်းစာအုပ်တွေက ခေတ်မမီတာ စသည်ဖြင့်ပေါ့။ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲမှာတော့ တက္ကသိုလ် ပညာကို ဆွေးနွေးတာပေါ့။ တက္ကသိုလ်မှာ သမဂ္ဂဆိုတာ ဖွဲ့သင့်လား၊ မဖွဲ့သင့် ဘူးလား။ ဘာသာရပ်တွေမှာ အကုန်လုံး အင်္ဂလိပ်လိုသင်မလား၊ မသင်ဘူး လား။ တချို့ဆရာတွေက မြန်မာလိုသင်တာကို ကြိုက်တယ်။ တချို့က အင်္ဂလိပ်လိုသင်တာကို ကြိုက်တယ်။ အင်္ဂလိပ်လိုသင်တာက တကယ်တော့ ပိုကောင်းတာ။

ကျန်တဲ့ အင်္ဂလိပ်လိုသင်ရတဲ့ ကိစ္စတွေကျတော့ ငါတို့နယ်က လူတွေဆို အင်္ဂလိပ်လို မကောင်းတော့ ဒုက္ခတွေ့ရော။ တစ်ခါတလေ ဗကသညီလာခံ လုပ်တဲ့နှစ်နဲ့ တိုက်နေတော့ ဗကသညီလာခံမှာ ပြောရဆိုရဆွေးနွေးရ ကိစ္စ တွေကို သီးခြားအစီအစဥ်တစ်ခုနဲ့ ဆွေးနွေးလိုက်တာပေါ့။ ဗကသညီလာခံက ပုံမှန် (၅) ရက်လုပ်တယ်ဆို (၅) ရက် လုပ်လိုက်တာပေါ့။ နောက်တစ်ရက် ထပ်တိုးချဲ့ပေါ့။ ဥပမာ တန်းခွဲတန်းချ ဖြစ်နေတယ်။ (၉) တန်း (၁၀) တန်း ခွဲထားတယ်။ ဒီနှစ် (၁၀) တန်း မအောင်ဘူးဆိုရင် အဲကျောင်းသားက (၉) တန်း ပြန်ဆင်းရတယ်။ ကျောင်းသားအတွက် နစ်နာတာပေါ့။ တက္ကသိုလ်ကောလိပ် ဆွေးနွေးပွဲမှာ တက္ကသိုလ်နဲ့ဆိုင်တဲ့ ဘတ်ဂျက်ပြဿနာတို့၊ ပညာရေးစရိတ် နည်းတာတို့၊ စာမေးပွဲစနစ်တွေက ခေတ်မမီတော့တာတို့၊ သင်ရိုးညွန်းတမ်း တွေ ခေတ်မမီတာတို့၊ ဟိုက်ယားအက်ဂျူကေးရှင်းကျတော့ လုပ်ရတယ်။ တို့တောင် သိပ်မသိဘူး။ အဲကျတော့ တို့နဲ့ပတ်သက်တဲ့ လူကြီးတွေပေါ့။ ဒေါက်တာမောင်မောင်ကျော်တို့ မစ္စတာတီကိုဟောင်းတို့လို တက္ကသိုလ်က ဆရာကြီးတွေ ပင်စင်စားတွေ၊ သူတို့ဆီကို သွားမေးရတယ်။ တို့က ဘွဲ့မှ မရ သေးတာ။ ဟိုမှာကျတော့ ဘွဲ့ရတွေနဲ့ ပတ်သက်တာကျတော့ ဆရာကြီးတွေကို သွားမေးရတာပေါ့။

တက္ကသိုလ်နဲ့ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲဆိုတော့ အများအားဖြင့် တက္ကသိုလ်ကျောင်းသားဖြစ်တဲ့သူတွေ ဆွေးနွေးတာပေါ့။ နည်းနည်း မြင့်တာပေါ့။ စာတမ်းတွေဘာတွေ အင်္ဂလိပ်လို ဖတ်ရတာပေါ့။ ၁၉၅၈ ခုနှစ်မှာ ပထမအကြိမ် ကျောင်းသားများပညာရေးနှီးနှောဖလှယ်ပွဲ လုပ်တယ်။ ကွန်ဗိုကေးရှင်းမှာ လုပ်တယ်။ ကွန်ဗိုကေးရှင်းတစ်ခုလုံးကို သေချာလှ နေအောင် ပြင်ထားပြီးတော့၊ ကုလသမဂ္ဂလို ခုံတွေကို ဂငယ်ပုံ ဝိုင်းနေအောင် စီထားတယ်။ အဲဒါက တစ်ပြည်လုံးမှာရှိတဲ့ ဟိုက်စကူး ပညာရေးနှီးနှော ဖလှယ်ပွဲကို လုပ်တာ။ ပြဿနာတွေက အများကြီး။ စာမေးပွဲစနစ်၊ ပြဋ္ဌာန်း စာအုပ်၊ ကျောင်းသားသမဂ္ဂဖွဲ့မဖွဲ့၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေရဲ့ ဟောပြောပွဲတွေပါမယ်။ အထက်တန်း ကျောင်းသားတွေချည်းပဲ လုပ်တာ။ (၈) တန်း၊ (၉) တန်း၊ (၁၀) တန်းတွေ ချည်းပဲ လုပ်တာ။ ဗကသများအဖွဲ့ချုပ်ရဲ့ (၄) နှစ်တစ်ခါလုပ်တဲ့ ညီလာခံကတော့ အကုန်တက်တာ။ အထက်တန်းကလည်း တက်မယ်၊ ရှိသမျှ တက္ကသိုလ်ကောလိပ်၊ ဆရာအတတ်သင်ကျောင်း၊ အသက်မွေးဝမ်းကျောင်းတွေလည်း အကုန်တက်မယ်။ တက္ကသိုလ်နဲ့ ကောလိပ် ပေါင်းစုံ ဆွေးနွေးပွဲဆိုရင်သာ သူတို့နဲ့ ဆိုင်တာတွေ တက်တာ။ ဗကသ ညီလာခံကျတော့ တက္ကသိုလ်ပေါင်းစုံကိုလည်း ဖိတ်တယ်။ ဗကသ မြို့နယ် သမဂ္ဂဆိုရင် ကိုယ်စားလှယ်တစ်ယောက်၊ လေ့လာသူတစ်ယောက်ပဲ တက်ရ တယ်။ ခရိုင်သမဂ္ဂဆိုရင် ကိုယ်စားလှယ် နှစ်ယောက်၊ လေ့လာသူနှစ်ယောက် ပေးတယ်။ တက္ကသိုလ်ကောလိပ်ကျတော့ သူတို့နဲ့ ညှိလိုက်ပြီးတော့ သူတို့ လိုအပ်သလောက် တက်ကြတယ်။ သိပ်များနေရင်လည်း ကျွေးဖို့၊ အိပ်ဖို့ ပြဿနာတွေ ရှိတယ်လေ။ ပစ္စည်းတွေကတော့ ပေါတယ်။ ပိုက်ဆံကလည်း ရှားတယ်။ တို့ဆိုရင် တော်တော်ကို လုပ်ရတယ်။ ဗကသအဖွဲ့ချုပ်က ခေါင်းဆောင်တွေဆိုရင် ငွေရေးကြေးရေးနဲ့ပတ်သက်ရင် အကုန်လုံး ဗကသက လုပ်ရတယ်။ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံဆွေးနွေးပွဲကျရင်တော့ နယ်တွေ ကို တို့က လွှဲထားတာ။ ခင်ဗျားတို့ တာဝန်ယူကြဗျာပေါ့။ မန္တလေးမှာ ဆွေးနွေးပွဲ လုပ်ရင် မန္တလေးနားကပေါ့။ မကွေးက လာမယ်၊ တောင်ကြီးက လာမယ်၊ လားရှိုးက လာမယ်ဆိုတော့ တို့က နည်းနည်းသက်သာတာပေါ့။ တို့ဗကသ ကလည်း ထည့်ပါတယ်။ ဗကသက ရန်ပုံငွေမှ မရှိတဲ့အဖွဲ့အစည်းကိုး။ ငွေ ရအောင်လုပ်နိုင်တဲ့ အလုပ်မှ မရှိတာ။ တစ်နှစ်တစ်နှစ် သွားလာနေရတာ။

မေးခွန်း။ အာဏာရနေတဲ့ အစိုးရရဲ့ ဖိနှိပ်မှု၊ လိုက်လျောနေမှုနှင့် လွှမ်းမိုး နေတဲ့ နိုင်ငံရေးစနစ်ကိုလိုက်ပြီး ကျောင်းသားလှုပ်ရှားမှုများရဲ့ နယ်ပယ် နှင့် အသွင်သဏ္ဌာန်ကို ပြောင်းလဲနေပါသလား။

အမှန်တော့ ဒီမှာဘာပြောရမလဲဆိုတော့ ငါတို့ခေတ်နဲ့ ဆက်နွယ်နေတာက မင်းက မာ့စ်ဝါဒယုံကြည်တယ်။ ဒါက မင်း အင်တီဗစ်ကျူရယ်ကိစ္စပဲ။ ဆိုလို တာက မတူတဲ့နိုင်ငံရေးအမြင် အယူအဆနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ ရွေးချယ်မှုပဲလေ။ မင်းဟာမင်း အောင်ဆန်းစုကြည်ပဲ ထောက်ခံ ထောက်ခံ၊ ဦးနုပဲ ထောက်ခံထောက်ခံ။ ငါတို့က အဲဒါနဲ့ပတ်သက်လို့ ဘယ်သူ့ကို ထောက်ခံပါ။ ကန့်ကွက်ပါလို့ မပြောဘူး။ ဆိုတာက အဖွဲ့အစည်းအနေနဲ့ ပြောတာ။ ဒါပေမဲ့ ပညာရေးပေါ်လစီနဲ့ ပတ်သက်ရင်တော့ ငါတို့က ပြောမယ်။ အခုဆိုရင် ဒေါ်စုနဲ့ပတ်သက်ရင် ဒေါ်စုကိုနိုင်ငံရေးအရ ထောက်ခံတာ၊ ကန့်ကွက်တာ ကျောင်းသားခေါင်းဆောင် တစ်ယောက်ချင်းနဲ့ ဘာမှ မဆိုင်ဘူး။ သူ့ဟာသူ ထောက်ခံရင် ထောက်ခံမယ် ကန့်ကွက်ရင် ကန့်ကွက်မယ်။ အဲဒါကို အပေါ်မှာရှိတဲ့ ဗကသအဖွဲ့ချုပ်က ဘာမှ ထင်မြင်ယူဆချက်ပေးမှာမဟုတ်ဘူး။ ပညာရေးပေါ်လစီနဲ့ ပတ်သက်ရင်တော့ ဘယ်လိုမြင်သလဲဆိုတာ ပြောကြ မယ်။ ငါတို့ဒီလိုမြင်တယ်။ မင်းတို့ ဘယ်လို မြင်သလဲ။ တက္ကသိုလ်နဲ့ ကောလိပ် ပေါင်းစုံ ဆွေးနွေးပွဲကျတော့ ပညာရေးစနစ် တစ်ခုလုံးနဲ့ ပတ်သက်တာကို တို့ ပြောလေ့ဆိုထရှိတယ်။ အစိုးရတွေရဲ့ ဒီမိုကရက်တစ်ဖြစ်မဖြစ်ပေါ့။ ဒီမိုကရေစီ ကျတဲ့ အစိုးရ ဟုတ်မဟုတ်ဆိုတာ ပြောလေ့ပြောထရှိတယ်။ အစိုးရတွေရဲ့ ပညာရေးပေါ်လစီ အဆိုးအကောင်းနဲ့ ပတ်သက်လို့ ပြောလေ့ပြောထရှိတယ်။ နောက်တစ်ခုက အစိုးရတွေရဲ့ ပညာရေးအသုံးစရိတ် ဘတ်ဂျက်နှင့် ပတ်သက်လို့ ပြောလေ့ပြောထရှိတယ်။ အဲလိုရှိတယ်။ အဲဒါ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံမှာ လုပ်တဲ့အဆင့်ပေ့ါ။ ကျောင်းသားကြီးတွေပေါ့။

နိုင်ငံရေးနဲ့ ပတ်သက်တာကတော့ အထက်တန်းကျောင်းကလည်း လုပ်လို့ရတယ်။ အဲဒီတော့ တက္ကသိုလ်ကောလိပ်လယ်ဗယ် ရောက်လာပြီ ဆိုတော့ အဲဒါအရေးကြီးတယ်။ တို့တုန်းကတော့ ကျောင်းသားသမဂ္ဂကို ကျောင်းထဲ မရှိရဘူးဆိုတာကို ဦးနုလုပ်ခဲ့ဖူးတယ်။ သူကိုယ်တိုင်လည်း သမဂ္ဂ ခေါင်းဆောင် လုပ်ခဲ့တာပဲလေ။ နောက်တော့ တို့သူနဲ့သွားတွေ့ပြီးတော့ သူ့ကို ငါတို့ဖြဲကြတာပေါ့။ အတင်းငြင်းကြခုံကြ လုပ်ကြတာပေါ့။ နောက်တော့ သူနောက်ဆုတ်ပေးလိုက်တာပေါ့။ ဒီနေ့ကျတော့ သမဂ္ဂဖွဲ့ဖို့ မဖွဲ့ဖို့ကိစ္စတွေကို ဒေါ်စုက သူဝင်ပြောဖို့ မကောင်းဘူး။ သူဝင်ပြောရင် မလွဲသာမရှောင်သာ ငါတို့ ကလည်း ဝင်ပြောရမှာ။ တကယ်တမ်းကျတော့ ငါတို့လည်း မပြောချင်ဘူး။ ဥပမာ – ကျောင်းသား သမဂ္ဂရုံးဖွင့်ချင်တယ်ဆိုရင် ဖွင့်ချင်တဲ့သူတွေကို ဖွင့်ခွင့် ပေးလိုက်ပေါ့ကွာ။ အဲဒါမှလည်း သူ ဒီမိုကရက်တစ် ဖြစ်မှာပေါ့။ နောက် တစ်ခုက ကျောင်းသားသမဂ္ဂဆိုတာလည်း သူ့ထောက်ခံတဲ့ ကျောင်းသား သမဂ္ဂမှ သူခွင့်ပြုမယ်ဆိုရင် သူကိုယ်တိုင် နိုဗယ်ဆုကို ပြန်ရုပ်သိမ်းပေးလိုက်။ သူဘာဖြစ်လို့ ငြင်းမလဲ။ သူ့ဘာသာသူ မာ့စ်ဝါဒ ယုံကြည်တဲ့ ကျောင်းသား ခေါင်းဆောင် ဖြစ်ချင်ဖြစ်မယ်။ သူ့ဘာသာ သူယုံကြည်တယ်ကွာ။ အဲဒီ ကျောင်းသား ခေါင်းဆောင် မလုပ်ရဘူးလား။ သူဘယ်လို ပြောမလဲ။ သူ့ ဘာသာ ယုံကြည်ချင်တာ ယုံကြည်ပေါ့။ အခုဆို ဥပမာ ပြီးတာ ပြီးပါစေတော့။ Let bygone, be bygone။ 7 July အကြောင်း ပြောမနေနဲ့။ 7 July အကြောင်းပြောလို့ စစ်တပ်မကြိုက်ဘူး၊ စစ်တပ်က မကြိုက်မှာစိုးလို့ ပြီးတာ ပြီးပါစေလို့ ပြောတယ်။ ဒါဖြင့် ပြီးတာ ပြီးပါစေဆိုရင် အာဇာနည်နေ့ နောက် မလုပ်နဲ့လို့ပြောရင် သူဘာပြောမလဲ။ ငါတို့ကလည်း Lady အကြောင်း ရေးတယ်ဆိုရင် သူနဲ့ပတ်သက်လို့ တစ်ကွက်တစ်ကွင်း ကြည့်လို့မရဘူး။ တစ်ခု လုံးကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီးတော့မှ ပြောမှကောင်းမှာ။ သူက နိုင်ငံရေး ခေါင်းဆောင်လည်း ဖြစ်နေတယ်။ တစ်ပြည်လုံးရဲ့ခေါင်းဆောင်လည်း ဖြစ်နေ တော့ သူနဲ့ပတ်သက်တဲ့ ကိစ္စကို ကိုယ်က စိတ်ဆာပြီးတော့ ပြောလို့လည်း မကောင်းဘူး။ ဒါပေမဲ့ သူ ဒီလိုပြောဖို့လည်း မကောင်းဘူးလေ။

မေးခွန်း။ နိုင်ငံတကာဖြစ်စဥ်တွေနဲ့ ကမ္ဘာ့ကျောင်းသားလှုပ်ရှားမှု တွေဟာ မြန်မာနိုင်ငံတက်ကြွလှုပ်ရှားသူများအပေါ် စေ့ဆော်အကျိုး သက်ရောက်မှု ရှိစေပါသလား။

တို့တုန်းက ကမ္ဘာ့ကျောင်းသားသမဂ္ဂက ရှိတယ်။ ဗကသများအဖွဲ့ချုပ်သည် ကမ္ဘာ့ကျောင်းသားသမဂ္ဂရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ ချက်မှာ ဌာနချုပ်ရှိတယ်။ IUS ပေါ့။ အဲဒီမှာ ငါတို့ကိုယ်စားလှယ်ထားတယ်။ ဟိုရောက်နေတဲ့ ဗမာ တစ်ယောက်ကို ငါတို့ကိုယ်စားလှယ်အဖြစ်နဲ့ ထားတယ်။ သူ့ကို တို့ ပြောစရာ ရှိရင် လမ်းကြောင်းတွေ အများကြီးက ပြောရတာပေါ့ကွာ။ တစ်ခါတလေ တရုတ်သံရုံးကတစ်ဆင့် ပြောရတယ်။ တစ်ခါတလေ အင်္ဂလန်သံရုံးကနေ ပြောရတယ်။ လုပ်ပေးတဲ့ သူတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ကျောင်းသား သမဂ္ဂကလည်း နှစ်ခုရှိတယ်။ တစ်ဖက်က လက်ဝဲနွယ်တဲ့ ကျောင်းသားသမဂ္ဂ လည်း ရှိတယ်။ တစ်ဖက်က အမေရိကန်ဘက်ကိုလိုက်တဲ့ ကျောင်းသားသမဂ္ဂ လည်း ရှိတယ်။ ဒီဘက်က IUS၊ ဟိုဘက်က IUS COSEC။ IUS COSEC ဆိုတာ အမေရိကန်ကို မဆန့်ကျင့်တဲ့ ကျောင်းသားသမဂ္ဂ။ အမေရိကန်ရဲ့ ဂလိုဘယ် ပေါ်လစီကို ထောက်ခံတဲ့ ကျောင်းသားသမဂ္ဂ။ ဒီဘက်က IUS ကျတော့ နယ်ချဲ့ ဆန်ကျင်ရေး၊ ဘာရေးညာရေးပေါ့။ တကယ်တော့ IUS က ကျောင်းသား ခေါင်းဆောင်တွေဆိုတာ ကွန်မြူနစ်တွေ။ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကွန်မြူနစ်ပါတီဝင်တွေ။ ငါတို့ကလည်း ငါတို့သက်ဆိုင်ရာ ဒေသမှာ မာ့စ်ဝါဒလိုလားတဲ့ ကျောင်းသားခေါင်းဆောင်တွေ။ ဂျပန်ဆိုလည်း ရှိတယ်။ Zengakuren တွေ။1 ငါတို့ထက် ကြမ်းတမ်းတယ်။ တစ်ခါလာတယ်။ ငါတို့နဲ့ တွေ့တယ်။ ငါတို့ကိုမေးတယ်။ “မင်းတို့ ကြောက်လားကွ”တဲ့။ အဲလိုတော့ မမေးပါနဲ့ သူငယ်ချင်းရာပေါ့။ တို့လည်း ကြောက်တော့ ဘယ်ကြောက်မလဲပေါ့။ ဒါပေမဲ့ လူထုလှုပ်ရှားမှုဆိုတာ တကယ်တမ်းကျတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ရ မှာပေါ့။ ဒီမိုကရက်တစ် ဖြစ်ရမှာပေါ့။ ငါတို့ကလည်း မင်းတို့က နည်းနည်းတော့ ကဲတယ်ကွာလို့။ ဟုတ်တယ်ကွတဲ့။ စကားပြန်နဲ့ ပြောရတာပေါ့။ ဂျပန်တွေက နည်းနည်းတော့ ကဲတယ်။ နည်းနည်းဟော့တယ်။ လူမျိုးတစ်မျိုးမှာ လူမျိုး အလိုက် သူ့ဟာသူ ထူးခြားတဲ့ဉာဉ်လေးတွေ ရှိတတ်တာပေါ့။

ကမ္ဘာ့ကျောင်းသားသမဂ္ဂမှာ ဟိုးတုန်းထဲက လက်ဝဲလက်ယာရှိတယ်။ တရုတ်မှာလည်း လက်ဝဲနိုင်ငံဖြစ်နေလို့ တရုတ်ဖြူကျောင်းသားသမဂ္ဂ မရှိဘူး မဟုတ်ဘူး။ တချို့တစ်ခါတလေ လက်ဝဲသာပြောတာ လက်ယာဘက်မှာလည်း အနီကို ခွင့်ပြုထားတဲ့ နိုင်ငံတွေရှိတာပဲ။ အဲဒါ ဘာနဲ့သွားဆိုင်သလဲဆိုတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ politically၊ socially mature ဖြစ်၊ မဖြစ်နဲ့ သွားဆိုင် တာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးအရ ဘယ်လောက် ရင့်ကျက်သလဲ ဆိုတာနဲ့ သွားဆိုင်တာပေါ့။ တို့ လွတ်လပ်စနိုင်ငံတွေက တကယ်တမ်းကျတော့ မရင့် ကျက်ဘူး။ တို့ဆီက အစိုးရတွေကလည်း မရင့်ကျက်ဘူး။ ဘကြီးနုကို တစ်ခါ ပြောတော့ ဘကြီးနုက ငါတို့ကို ရယ်တယ်။ ငါတို့တစ်ခါ ဘကြီးနုကို သွားတွေ့ တော့၊ အဲဒါ ငါတို့သုံးယောက်သွားတယ်။ ဦးနုက အင်မတန်ကို ဒီမိုကရက်တစ် ဖြစ်တာ။ ဒါနဲ့ ငါတို့သွားတဲ့အခါကျတော့ သူ့စာရေးသောက်ရေးကို လုပ်ပေးနေ တဲ့ အဘိုးကြီးတစ်ယောက်က ဝန်ကြီးချုပ် ထမင်းစားနေလို့ ခဏစောင့်ပါတဲ့။ အဲဒါနဲ့ ဦးနုက ထွက်လာတယ်။ “မောင်လှရွှေတို့၊ မောင်သက်တို့ ခဏလေး စောင့်ဦးကွာ။ အန်ကယ် ထမင်းစားလိုက်ဦးမယ်” တဲ့။ ဆိုတော့ ဦးနုလိုလူက ငါတို့ကို ခဏစောင့်ပါလို့ ပြောစရာ မလိုဘူးလေ။ သူထွက်လာမှပဲ ငါတို့က စကားပြောရမှာလေ ဟုတ်လား။ အဲတော့ တို့က အားနာသွားတာပေါ့။ ဘဘ စားပါ။ ကျွန်တော်တို့က အေးဆေးနေလို့ ထိုင်လို့ရပါတယ်ပေါ့။ ဦးနုက တို့ကို အဲလိုဆက်ဆံတာ။ တို့က ဦးနုကို ဘာပဲပြောပြော တို့က နိုင်ငံရေးကိုသာ ပြောရင်ပြောမယ်။ ပုဂ္ဂိုလ်ရေးအရတော့ သောက်မြင်မကတ်ဘူးပေါ့ကွာ။ ဦးကျော်ငြိမ်းကတော့ တို့ကို ဘယ်တုန်းကမှ တံခါးဖွင့်ပေးတာမရှိဘူး။ တစ်သက်လုံး။ ရှင်းတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးကို ငါတို့ကျောင်းသားတွေ အထိကို လုပ်တာ။

ငါတို့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကလည်း အကုန်လုံးလည်း မဟုတ်ပါဘူးကွာ။ ဘယ်သူက ဘာလဲဆိုတာ သိကြပါတယ်။ အမေရိကန် သံရုံးတောင် ငါတို့ကို အဲဒီလိုမလုပ်ဘူး။ ငါတို့ကို Red Flag တွေလားပေါ့။ အမေရိကန်သံရုံးတို့က အရမ်းကာချာဖြစ်တယ်။ အရမ်းယဥ်ကျေးတယ်။ အနီ တွေလားပေါ့။ ငါတို့ကလည်း အနီလည်း မဟုတ်ပါဘူး၊ အပြာလည်း မဟုတ် ပါဘူးဆိုတော့။ ရယ်တယ်။ အရမ်းဒီပလိုမက်တစ်ဖြစ်တယ်။ တစ်ခါတစ်ခါ သူတို့က နောက်တာနော်၊ ခင်ဗျားတို့ ဘယ်လိုမှ သဘောမထားနဲ့နော်။ ခင်ဗျားတို့က အနီတွေလားပေါ့။ ဟာ…မဟုတ်ပါဘူး ဆိုတော့ ဗမာလို ပြောတယ်။ ရပါတယ်။ နီရင်လည်း ရပါတယ်။ ဖြူရင်လည်း ရပါတယ်။ အဲဒီ တုန်းက လူ့အခွင့်အရေးဆိုတာ ကြားကို မကြားဖူးဘူး။ အမေရိကန်ကို မကြိုက်လည်း ရပါတယ်။ ကျုပ်တို့က ခင်ဗျားတို့ကို မကြိုက်လည်း ရပါတယ် ပေါ့။ အဲဒါ ဒီခေတ်ပြောနေတဲ့ လူ့အခွင့်အရေးကို ပြောတာပဲပေါ့။ အဲတော့ ပြောချင်တာက ဦးကျော်ငြိမ်းကတော့ ငါတို့ကို အဖက်ကို မလုပ်ဘူး။ သူက အဲလိုလုပ်ပေမယ့် ငါတို့ကတော့ ကိုယ့်တိုင်းပြည်ရဲ့ အကြီးအကဲတစ်ယောက်၊ ပြည်ထဲရေးဝန်ကြီး ဆိုတော့ သူ့သွားပြီး ငါတို့က မထော်မနန်းတွေ သွားပြော လို့ ဘယ်ဖြစ်မလဲ။ ဟိုနားဒီနားတွေ့လည်း မလုပ်ဘူး။ လူကြီးတွေကလည်း မလုပ်ရဘူး ပြောထားတယ်။

နောက်တစ်ခါ ၁၉၆၀ ခုနှစ်က တန်းခွဲတန်းချတိုက်ပွဲဆိုတာ ဖြစ်တယ်။ သဘောက ဒီနှစ် (၁၀) တန်းအောင်စာရင်းထုတ်လိုက်တယ်။ အဲဒီတုန်းက (၁၀) တန်းအောင်ဖို့ အတော်ခက်တယ်။ နယ်က ဆရာတွေက တို့ကို (၁၀) တန်း အောင် အောင် သင်မပေးနိုင်ဘူး။ အင်္ဂလိပ်စာ အောင် အောင် သင်မပေးနိုင်ဘူး။ ဂျီဩမေတြီတို့ အယ်ဂျီဘရာတို့ကို သင်မပေးနိုင်ဘူး။ နယ်တွေမှာက ဆရာကောင်းတွေ ရှားတယ်။ အင်္ဂလိပ်စာ အရမ်းခက်တယ်။ အဲဒီနှစ်က အောင်စာရင်းထုတ်လိုက်တော့ (၂ ဒသမ ၁) ရာခိုင်နှုန်း လားပဲ အောင်တယ်။ အဲတော့ ဒီနှစ် (၁၀) တန်းကျတဲ့သူဟာ နောင်နှစ် (၉) တန်း ပြန်ဖြေရမယ်။ တို့တုန်းက (၉) တန်းမရှိဘူး။ (၈) တန်းပြီးရင် (၁၀) တန်း တန်းဖြေပဲ။ (၈) တန်း ကို ပရီမက်ထရစ်လို့ ခေါ်တယ်။ အဲတော့ အလိုလိုနေရင်း (၁၀) တန်းကျတဲ့ သူက ဘာမှမလုပ်ရပဲ တစ်တန်းကျသွားတာပေါ့။ အဲဒါနဲ့ တစ်ပြည်လုံးဆန္ဒပြပွဲ တွေ အကြီးအကျယ် ဖြစ်တာပေါ့။ ငါတို့ ဗကသအီးစီတွေလည်း အားကို မနေရ ဘူး၊ အကုန်ပြေးလွှားနေရတယ်။ တစ်ခရိုင်ပြီး တစ်ခရိုင်။ ကောလိပ်တစ်ခုပြီး တစ်ခု။ အကြီးအကျယ် တိုက်ရတယ်။ တိုက်တာတောင် ဦးနုက ပြင်မပေးတော့ ဘူး။ ဘာလုပ်သလဲဆိုတော့ နောက်ထပ် ဆပ်ပလီအောင်စာရင်းတစ်ခု ထုတ် ပေးတယ်။ အောင်မှတ်နဲ့ တော်တော်နီးနေတဲ့သူတွေပေါ့။ အဲတော့ ဦးနုနဲ့ သွားတွေ့တော့ ပြောပြတာပေါ့။ ကျွန်တော်တို့ ကျောင်းသားတွေက အလကား နေရင်း တစ်နှစ်ဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့က ဆင်းရဲသား သားသမီး တွေ များတယ်။ အဲတော့ သူကလည်း နောက်ထပ် ကျောင်းသားတချို့ကို အမှတ်ကြည့်ပြီးတော့ အောင်စာရင်းထပ်ထုတ် ပေးမယ်ပေါ့။ သူက ငါ ဒီထက် တော့ မလိုက်လျောနိုင်ဘူးပေါ့။ ဘာကြောင့်လည်းဆိုတော့ သားသမီးချင်း လည်း ကိုယ်ချင်းစာတယ်။ အဲလိုလုပ်ပြန်ရင်လည်း ငါတို့ပညာရေးကို ဘယ်သူ က အထင်ကြီးတော့မလဲပေါ့ကွာ။ အဲတော့ ဆပ်ပလီနဲ့ အောင်တဲ့အခါကျတော့ တချို့ဆရာတွေက မဆင်ခြင်ဘဲ ပြောတာဆိုတာတွေလည်း ရှိတာပေါ့။ တချို့ဆို ဆရာနဲ့ကျောင်းသား ထိုးကြိတ်ကြတာတောင် ရှိတယ်။ ကျောင်းသားကလည်း သူ့ဂုဏ်သိက္ခာနဲ့ ဆိုင်တာပေါ့။ အဲဒါနဲ့ ငါတို့လည်း ရှိသမျှ ကျောင်းသားခေါင်းဆောင် အကုန်ထွက်ပေါ့။ အခု ထရိတ်ဒါးရဲ့ ဒီဘက် ဆူးလေစကွဲ ထိပ်မှာပေါ့။ ငါတို့ လူစုလိုက်တဲ့ အခါကျတော့ လူတစ်ရာကျော် လောက်ပါတယ်။ ထီးတန်းတို့ ရန်ကင်းတို့ကလည်း ပါကြတယ်။ (၇၂) နာရီပေါ့။ ငါတို့ အစာငတ်ခံ ဆန္ဒပြကြတယ်။

မေးခွန်း။ ကျောင်းသားသမဂ္ဂတွေ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍ အနေအထားတွေ ဘယ်လိုရှိပါသလဲ။

တို့ နှစ်ခုရှိတယ်ကွာ။ ကျောင်းသားသမဂ္ဂတွေက အလုပ်လုပ်ဖို့ လိုတယ်။ အဓိကတော့ အလုပ်နှစ်ခုလုပ်တယ်။ အလုပ်တစ်ခုက ဘာလဲဆိုတော့ တို့ တုန်းကဆိုလျှင် တို့ အဓိကထားပြီး လုပ်တာက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ။ ဒါ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်တာဆိုလို့၊ ဒါတော့ common issue ဖြစ်တယ်။ ငါတို့ ချည်းပဲ ပါဝင်ပတ်သက်တာလည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ကိစ္စ။ ပြည်တွင်းစစ် ဆန့်ကျင့်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စ။ ငါတို့ ကျောင်းသားသမဂ္ဂတွေက တော်တော်လေး ဂရုစိုက်ပြီးတော့ ငါတို့ လုပ်ခဲ့ တယ်။ အနယ်နယ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗဟိုမှာရှိတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ။ အတွင်းရေးမှူးက ဦးထွန်းတင်။ ရှေ့နေကြီး။ အခုတော့ သေသွားပြီ။ အဲတော့ တို့ကလည်း ဘာပဲပြောပြော ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့လည်း ရှိတဲ့အခါကျတော့ တို့က နောက်ထပ် ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ပညာရေးစနစ်ကို ခေတ်မီတဲ့ ပညာရေးစနစ်နဲ့ ပြောင်းလဲပေးဖို့။ တို့က ဘာပညာရေးစနစ်၊ ညာပညာရေးစနစ်လို့ တောင်းရ အောင်တို့လည်း အတွေ့အကြုံမရှိဘူး။ တို့လည်း သိပ်နားမလည်ဘူးပေါ့။ သို့သော် ဘာလုပ်ရမလဲဆိုတာ ပညာရေးက လူတစ်ယောက်ရဲ့ သူ့ပုဂ္ဂိုလ်ဘဝ ကိုတော့ တစ်စုံတစ်ရာအကာကွယ်ပေးနိုင်တဲ့ အလုပ်တော့ ဖြစ်ဖို့လိုတယ်။ နို့မို့ဆိုရင် (၁) တန်းကနေပြီး (၁၀) တန်းထိ (၁၀) နှစ်နေတယ်။ တက္ကသိုလ်မှာ (၄) နှစ် နေတယ်။ (၁၄) နှစ်နေတယ်။ (၁၄) နှစ်နေ၊ ဘွဲ့လည်းရရော ကိုယ့် မိန်းမကိုတောင် ကိုယ်ရှာကျွေးလို့မရတော့ ဆိုတော့ မကိုက်တော့ဘူး။

တကယ်ကတော့ အဲတုန်းကတော့ ဗမာပြည်ပညာရေးစနစ်က အဲ့လိုဖြစ် နေတယ်။ ငါတို့ဆိုလည်း ပညာရေးနဲ့ပတ်သက်လို့ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့တာ မရှိဘူး။ ဆိုလိုတာက ကိုယ်တတ်ထားတဲ့ အတန်းပညာနဲ့ ငါတို့ လုပ်စားလို့ မရဘူး။ ကျောင်းဆရာလုပ်ရတာ၊ private ကျောင်းတွေမှာ သွားပြီး တော့ တို့စာသင်တာ စိတ်ဝင်စားတဲ့သူတွေကို တချို့ private ကျောင်းတွေက ဆရာလစာတွေ ပေးပြီးတော့ ငါတို့ကို ခန့်တယ်။ (၄၀၀) လောက် ပေးတာပေါ့။ အထက်တန်းပြဆရာဆိုရင် (၃၀၀) တောင် မပြည့်ချင်ဘူး။ (၄၀၀) လောက် ပေး တယ်ဆိုတော့ ငါတို့အတွက် အတော် ဟုတ်နေပြီ။ အဲတုန်းက ရွှေ (၁) ကျပ်သား (၃၀၀) ဆိုတော့ ဟိုတုန်းက ပေးတဲ့ လစာက သိပ်တော့မနည်းဘူး။ အထက်တန်း ဆရာရဲ့လစာက (၃၀၀) နဲ့ နောက်ဘက်က ဂဏန်းလေးတွေ ပါ သေးတယ်။ ဒါဆိုလို့ရှိရင် ရွှေ (၁) ကျပ်သား (၃၀၀) ခေတ်ဆိုတော့ ဆရာတွေရဲ့ အနည်းဆုံးလစာ (၃၀၀) ဆိုတော့ သိပ်မဆိုးဘူး။ အခုဆို ဘယ်လို လုပ်မလဲ။ အခုဆို ရွှေ (၁) ကျပ်သား သိန်းဆယ်နဲ့ ချီရှိနေတာ။ အဲတော့ တို့က ဟိုတုန်းက ဘာလုပ်ပေးခဲ့လည်း ဆိုတဲ့အခါကျတော့။ တစ်ခုက ခုနကလို့ပေါ့။ တန်းခွဲ တန်းကျတွေစနစ်မျိုး နောက်မလုပ်ဖို့။ ဒါပညာရေးနဲ့ ပတ်သက်လို့ ဒီ အထက်တန်းကျောင်းသားတွေအတွက် ဒါအရေးကြီးဆုံးပဲ။ essential အဖြစ် ဆုံးပဲ။ ဒါကို ငါတို့ကိုယ်တိုင် ထွက်ရပ်ပေးတယ်။

ကျောင်းသားသမဂ္ဂက ငါတို့ကိုယ်တိုင် hunger strike တွေ ဝင်လုပ် ဘာလုပ်ညာလုပ်။ ဟိုလူနဲ့တွေ့၊ ဦးနုသွားတွေ့၊ ပညာရေးဝန်ကြီးတွေ့ ရန်တွေ ဖြစ်ပေါ့ကွာ၊ ငြင်းရခုံရလုပ်တာပေါ့။ အဲတော့ နောင်ဒီလိုမဖြစ်ဖို့ တန်းခွဲ တန်းကျတိုက်ပွဲလို အဖြစ်အပျက်မျိုးပေါ့။ ဆိုလိုတာက အင်္ဂလိပ်က ဘာပြော ပြော (၇) တန်းအောင်တယ်ဆို မင်းစေခန့်တာ။ ဗမာပြည်မှာ (၇) တန်း အောင် တဲ့သူ မင်းစေမခန့်ချင်ဘူး။ ငါတို့ခေတ်က။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စာ ကို မတတ်ဘူး။ (၇) တန်းအောင်က။ သူတို့ခေတ်မှာ မင်းစေဆို အင်္ဂလိပ်စာ တတ်နေပြီ။ ဟုတ်တယ်မဟုတ်လား။ တို့ခေတ်မှာ မင်းစေဆိုတဲ့ ကောင်က (၇) တန်းအောင်ရင် မင်းစေ။ (၈) တန်းဆိုရင် မင်းစေ ခန့်လိုက်တာပေါ့ကွာ။ ဟိုခေတ်က အဲ့လိုအလုပ်လေးတွေ ရတတ်သေးတယ်။ တို့ (၁၀) တန်း လောက် ဆို ကျောင်းသားက ဒီလောက် မများလောက်သေးဘူး။ ငါတို့ အခုခေတ်လိုပေါ့။ ဘွဲ့ရတွေ အများကြီး ဖြစ်လာပြီးတော့ ဘာလုပ်ရမယ်ဆိုတာ မဖြစ်သေးဘူး ပေါ့။ ငါဆို တကယ်တမ်းပြောတဲ့ အခါကျတော့ ငါက ငါ့အိမ်က မိဘတွေက ဆင်းရဲတဲ့အခါကျတော့ ငါ (၁၀) တန်းအောင်ပြီး တက္ကသိုလ် ရောက်ပြီဆိုတော့ အခု တို့ ကမာရွတ်ဂတ်တဲနဲ့ မျက်စောင်းထိုးမှာ စာရေးဆရာ မင်းကျော်တို့ မင်းလှညွန့်ကြူးတို့က Private ကျောင်းလေး တစ်ကျောင်း ဖွင့်ထားတယ်။ ဒါပေမဲ့ ငါကလည်း အဲလို ဖြစ်နေတဲ့အခါကျတော့ သူတို့လည်း ငါတို့ ကျောင်းသားခေါင်းဆောင်တွေပေါ့။ ငါတို့အရှေ့က ခေါင်းဆောင်တွေပေါ့။ ကိုဗဆွေလေးတို့၊ ကိုသက်တို့၊ ကိုတင်ထွန်းတို့ ဘာတို့၊ ကိုမင်းကျော်တို့၊ မင်းလှညွန့််ကြူးတို့။ အဲတုန်းက ဗကသ၊ တကသ ခေါင်းဆောင်တွေပေါ့။ အဲဒါနဲ့ ဒီလိုလုပ်ကွာ မောင်လှရွှေ။ ပထမတော့ ဗကသက တာဝန်ခံပေးနေတာပေါ့။ ငါ့ကျောင်းစရိတ်လေး ထုတ်ပေးနေတာပေါ့၊။

နောက် ဆယ်တန်းအောင်လာတဲ့အခါကျတော့ ဒီမှာက ငါ့ကို private ကျောင်း အဲ့မှာ (၇) တန်းကို ဝင်သင်ဆိုတော့။ တစ်လကို လခ (၁၅၀) ရတယ်။ လခ (၁၅၀) ဆိုရင် ငါ့အိမ်ကဆို (၉၀) လောက်ပေးတာ။ အဲ့လို ငါဒီမှာ (၁၅၀) ရတယ်ဆိုတော့ အတော်ကို အိုကေ နေတာ။ ဒါနဲ့ ငါက ကျောင်းဆရာအလုပ်ကို လုပ်ရင်းလုပ်ရင်းနဲ့ နောက်ကျတော့ ငါက အလယ်တန်းသမိုင်းဆရာ၊ (၈) တန်း သမိုင်းဆရာ၊ (၁၀) တန်း သမိုင်းဆရာ အဲ့လိုဖြစ်လာတယ်။ ငါယူတဲ့ ကျောင်းဘာသာတွေကလည်း သမိုင်းတွေချည်းပဲ။ ဟိုတုန်းက Triple History ဆိုတာ ရှိတယ်၊ အဲဒါ ဘာလဲဆိုတော့ Asian History Western History Burmese History သမိုင်းဘာသာရပ် သုံးခုရှိတယ်။ ဘာသာရပ်ဆိုင်ရာ စိတ်ဝင်စားတဲ့ ကျောင်းသားတွေက အဲဒီလိုယူကြတယ်။ ငါတို့လို နိုင်ငံရေးနဲ့ နည်းနည်းနွယ်နေတာကြောင့် Triple History ယူကြတယ်။ Triple History ဆိုတာ မြန်မာနိုင်ငံသမိုင်း၊ ဂျပန်သမိုင်း၊ တရုတ်သမိုင်း ဒီသမိုင်းသုံးခု ယူရတယ်။ သမိုင်းသုံးခုမှာ second paper ရှိတယ်။ မေးခွန်းက သုံးခုပဲ မေး တယ်။ သုံးခုကို တစ်ပုဒ်ရေးရတယ် (၄၅) မိနစ်ကို။ စာမေးပွဲဖြေတာ တစ်နာရီ ပဲလေ။ တစ်နာရီမှာ မေးခွန်းသုံးခုပဲ ပေးတယ်။ ဂျပန်ခေတ်မီ ပြုပြင် ပြောင်းလဲရေး၊ တရုတ်ဘာပေါ့။ ခေါင်းစီးလောက်ပဲပေါ့။ သုံးပုဒ်ကို တစ်ပုဒ်ပဲ ရေးရတယ်။ တစ်ပုဒ်ရေးဆို (၃) နာရီမေးခွန်း။ သုံးနာရီလောက် ထိုင်ရေးရတာ။ တော်တန်ရုံက စာမဖတ်ဘဲနဲ့ မရေးနိုင်ဘူး။ ငါတို့ကတော့ သမိုင်းကတော့ နိုင်ငံရေးနဲ့ နွယ်တဲ့အခါကျတော့ အဲ့သမိုင်းတွေယူ။ အောင်ပါတယ်။

စာမေးပွဲအောင်တဲ့အခါကျတော့ အဲ့ကျောင်းမှာ ဆရာလေးဝင်လုပ်၊ နောက်ကျတော့ ဆရာဦးဝင်းမောင်ဆိုတာ ကျားကျောင်းဆိုတာ ရှိတယ်။ တို့ ကမာရွတ်ဘူတာရုံလမ်းထဲ ဝင်သွားပြီးဆိုရင် ထိပ်မှာ ကျောင်းတစ်ကျောင်း ရှိတယ်။ အခုတော့ ကမာရွတ် (၂) လား မသိဘူး။ ငါကျောင်းအုပ်လုပ်ခဲ့တဲ့ ကျောင်းပဲ။ အဲတော့ အဲဒီက ဘုန်းကြီးက ဆရာတော်ရှင်ညာဏိသရဆိုတာ ဘုန်းကြီးပရဟိတလုပ်ငန်း လုပ်နေတာ။ အဲ့တုန်းက ပရဟိတလုပ်ငန်းတွေက အခုလောက် ခေတ်မစားသေးဘူး။ ကျားပရဟိတလုပ်ငန်း လုပ်နေတာ။ ဆရာတော်က ငါ့ကို ခေါ်တွေ့ပြီးတော့ ဒကာကြီး ဘုန်းကြီးကျောင်းမှာ ကျောင်းအုပ်လုပ်မယ်ဆို လုပ်နိုင်မလား။ ကျုပ် ဒကာကြီးကို လစာလည်း တိုး ပေးမယ်။ ငါတော့ ပွင့်ပွင့်လင်းလင်းပေါ့၊ တပည့်တော် လစာတိုးပေးရင် လုပ်ချင်ပါတယ် ဘုရားလို့။ တပည့်တော်က အိုးနဲ့အိမ်နဲ့ဖြစ်နေပြီး ကလေး တစ်ယောက် ရနေပြီ၊ တပည့်တော်တို့ လင်မယားနှစ်ယောက်လုံး အကြီးတန်း လက်ထောက်ဆရာ(SAT) လုပ်နေတာပါ။ သားနဲ့ သမီးနဲ့ဆိုတော့ ပေးတဲ့လစာ နဲ့က မလောက်ဘူး။ ဒီကျောင်းမှာ တပည့်တော်လုပ်ရမယ်ဆို လုပ်ချင်ပါတယ် ဘုရား၊ တပည့်တော် ဒီကျောင်းကနေပြီး ဆရာဖြစ်သွားတာပါ။ ဒီကျားကျောင်း ကနေ ဖြစ်သွားတာပါ။ ကျားကျောင်း ပထမကျောင်းဆရာမျိုးဆက်မှာ ငါပါ တယ်။ ငါ့မိန်းမပါတယ်။ ငါ့ယောက်ဖ ပါတယ်။ အဲဒီကနေပြီးတော့ နောက်တော့ ပရိုက်ပေ့ဆရာတွေကို အစိုးရဆရာတွေအဖြစ်နဲ့ ပေးလိုက်တော့ ဆရာတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ ပို့လိုက်တာ။ ရာထူးတိုးနယ်ပြောင်း ဒါမျိုး လုပ်လိုက်တာ။ ငါ့မိန်းမကတော့ ကမာရွတ် (၁) ဟိုဘက်မှာ ဘူတာရုံဘက်မှာ။ ရထားလမ်းနဲ့ နီးနီးဘက်မှာ အထက်တန်းကျောင်းရှိတယ်။ ငါကျတော့ အဲဒီမှာ ငါ့ကို ကျောင်းအုပ်ပေးထားတာပေါ့။ အစတုန်းကတော့ ပုဂ္ဂလိကပိုင်ကျောင်း ဆိုတော့ ကျောင်းလခ (၄၀၀) လောက်ရတယ်။ ဒါဆို မဆိုးဘူး။ နောက်ကျ တော့ အဲ့ကျောင်းတွေကို အစိုးရက ရှိသမျှပုဂ္ဂလိကပိုင် ကျောင်းတွေကို ဗိုလ်နေဝင်းအစိုးရက အကုန်သိမ်းလိုက်တယ်။ သိမ်းလိုက်ပြီးတော့ တစ်ခုတော့ လုပ်ပေးတယ်။ ငါတို့ ဆရာပြန်ခန့်တယ် SAT ဆို SAT ပြန်ခန့်တယ်။ ကျောင်းအုပ်ဆို ကျောင်းအုပ်ပြန်ခန့်တယ်။ အဲတော့ ငါကတော့ ပညာရေးဘွဲ့ မရှိတဲ့အတွက် SAT တော့ပေးတယ်။ ကျောင်းအုပ် မပေးဘူး။ ကျောင်းအုပ်က ကျောင်းအုပ်ရာထူးပေးတဲ့ လူတွေက အနည်းဆုံး ပညာရေးတက္ကသိုလ်မှာ တစ်နှစ်တက်ရမယ်။ Diploma DJ တစ်နှစ် တက်ရတယ်။

အဲဒါလည်း နောက်တော့က ဘုန်းကြီးက ကိစ္စမရှိဘူးတဲ့၊ “ဒကာကြီး DJ တက်နေတဲ့ကာလမှာ ဒကာကြီးကို ကျုပ်ထောက်ပံ့ပေးမယ်။ ကျောင်းမှာ ရန်ပုံငွေရှိတယ်။” ဆရာတော်ဦးဉာဏိသရက ပြောတာ။ “ကောင်းပါတယ် ဘုရား၊ တပည့်တော် ဝမ်းသာပါတယ်ဘုရား။” “ဒကာကြီး ရတယ်၊ ဟိုဒင်း မဖြစ်နဲ့” ကျားကျောင်းရဲ့ ဂေါပကဆရာတော်ပေါ့။ ဒါနဲ့ ငါတို့ လင်မယား နှစ်ယောက်က ငါက ကျောင်းအုပ် SAT ရတယ်။ ငါ့မိန်းမက အထက်တန်း ဆရာရတယ်။ ငါ့ယောက်ဖလည်း အလယ်တန်း ဆရာလေး ရတော့ ဘာပဲ ပြောပြော ငါတို့မိသားစုက နည်းနည်းပါးပါး နေလို့ထိုင်လို့ အဆင်ပြေလာတာ ပေါ့ကွာ။ နောက်ကျတော့ တို့အကုန်လုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ပျက်တော့ ဖမ်းကြဆီးကြတော့မယ်။ တို့ကလည်း အလုပ်တွေတစ်ဖက် ရှိနေ သေးတာပေါ့။ သမဂ္ဂ၊ ဗကသ တာဝန်။ တကသ တာဝန်တွေ အများကြီး ပေါ့ကွာ။ ငါတို့ အဲလိုရှိနေတယ်။ တို့ကလည်း ရွေးစရာ (၂) ခုရှိနေတယ်။ သူပုန် ထမလား၊ ထောက်လှမ်းရေးနဲ့ တင်ဦး ဆီသွားမလား။ အကြောင်းကြောင်း ရွေးစရာ အဲလိုဖြစ်လာတာ။ သူပုန်ထမယ်ဆိုလည်း ဒီမှာ ထားခဲ့ရမှာပဲ။ သား သမီး၊ သားမယား တောက်လျှောက်ထားခဲ့ရမှာပဲ။ အဲလို မထားခဲ့ပြန်ရင်လည်း အထဲကျရင်လည်း အခန့်မသင့်လို့ရှိရင်လည်း MI တင်ဦးကလည်း ဒီအချိန်မှာ သတ်နေတာတွေပေါ့။ အဲလိုဆိုတော့လည်း တို့ကလည်း ရွေးစရာမရှိဘူး။ ဖြစ်ခါမှဖြစ်ပေါ့ဆိုပြီးတော့ ငါတို့လဲ အကုန်လုံး ငါတို့ကျောင်းသား ခေါင်းဆောင် ထဲက First Line-up ပေါ့၊ ဥက္ကဋ္ဌတို့ ဒုဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ပေါ့ကွာ၊ အဖွဲ့အစည်းခေါင်းဆောင်လုပ်တဲ့သူတွေ အားလုံးဆိုရင် တစ်ပြည်လုံးဆိုရင် ရှိသမျှပေါ့။ မော်လမြိုင်ကောလိပ်၊ ကျောက်ဖြူကောလိပ်၊ ပုသိမ်ကောလိပ်၊ မကွေး၊ မန္တလေး၊ အကုန်လုံးပေါ့။ ငါတို့ လူ (၇၀) ကျော်လောက် ရှိတယ်။ အကုန်လုံး တောခိုလိုက်တယ်။ တောထဲ ရောက်သွားပြီးတော့ သူပုန်ဖြစ်ကုန် တာပေါ့။ သူပုန်ဖြစ်ကုန်တော့ တချို့လည်း ပဲခူးရိုးမမှာ ကျတဲ့သူ ကျတယ်။ တချို့ကျတော့ ရှမ်းပြည်ဘက် ရောက်သွားပြီးတော့ ရှမ်းပြည်မှာကျတဲ့ ကျောင်းသားခေါင်းဆောင် ရဲဘော်တွေရှိတယ်။ ရခိုင်ရောက်သွားပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ ကျတဲ့ ရဲဘော်တွေ ရှိတယ်။ ငါဆိုရင်လည်း မြစ်ဝကျွန်းပေါ် ရွှေလင်းယုန်နဲ့ ရွှေလဝင်းစစ်ဆင်ရေးနှစ်ခုရှိတယ်။ အဲ့စစ်ဆင်ရေးနှစ်ခုက ဒုတိယ ရွှေလဝင်း စစ်ဆင်ရေးမှာတိုက်ပွဲမှာမိပေါ့။ မြောင်းမြထောက်လှမ်းရေး (၄) ပေါ့။ မြစ်ဝကျွန်းပေါ် ထောက်လှမ်းရေး (၄) ကို ပို့ခဲ့တယ်။

အဲဒီမှာစစ်ရယ်၊ရိုက်ရယ် လုပ်ပေါ့။အဲတော့ တို့ကရန်ကုန်UG က သွားကြတဲ့ ကောင်တွေဆိုတော့။လှရွှေ (ခေါ်)အောင်သာရန်ကုန် ယူဂျီက သွားတာ၊ဒါကြောင့်မို့လိုရန်ကုန်ကိုပို့ပေးပါ။ထောက်လှမ်းရေး(၄)ကမြစ်ကြီးနားမှာ ရှိတာကို။မြစ်ကြီးနားမှာရိုက်နှက်ပြီးတော့မှအခုဘောင်ဒရီထဲ မှာ ရှိတယ်။ထောက်လှမ်းရေး(၆)ကအမ်မိုင် တင်ဦးပေါ့ကွာ။ သူ့လက်ထက် တော့အင်မတန် လက်ယဥ်နေတဲ့ကာလပေါ့။ အဲဒီရောက်တော့ ငါတို့က တိုက်ပွဲကရတဲ့ လူတွေဆိုတော့ပြင်းပြင်းထန်ထန် သိပ်ပြီးတော့မလုပ်ဘူးပေါ့။ဒါပေမဲ့ငါ့ကိုဘာပြောလဲဆိုတော့သတင်းစာရှင်းလင်းပွဲလုပ်ရမယ်။စဥ်းစား ထားပါ။ဒါနဲ့ငါကလည်း“ကျွန်တော်သတင်းစာရှင်းလင်းပွဲမလုပ်နိုင်ဘူးလို့။လွှတ်ချင်လည်း လွှတ်၊မလွှတ်ချင်နေ၊ထောင်ကျရင်လည်းကျ၊မတတ် နိုင်ဘူး”လို့။ကျွန်တော်တို့ကစစ်မြေပြင်ကမိလာတဲ့ လူတွေပဲလို့။ တကယ်တမ်းကျတော့သေလူပဲလို့။မသေခဲ့တာအတွက်လည်းကိုယ့်ဘာသာ ကိုယ်နောင်တရသလိုဖြစ်နေတယ်လို့။ အခု ခင်ဗျားတို့ လက်ထဲရောက်မှခင်ဗျားတို့ သတ်ချင်လည်းသတ်၊မသတ်ရင်လည်းနေကျွန်တော်ကတော့သတင်းစာရှင်းလင်းပွဲမလုပ်နိုင်ဘူး။ဘယ်သူ မကောင်းဘူး၊ဘယ်ဟာ ကောင်းတယ်၊ဘာဖြစ်တယ်လို့ကျွန်တော် မပြောနိုင်ဘူး။ဒါနဲ့ငါကတော့ငြင်းလိုက်တာပေါ့။သတင်းစာရှင်းလင်းပွဲဆိုတာကိုယ်လုပ်ခဲ့တဲ့အဖွဲ့အစည်း ကွန်မြူနစ်ပါတီမကောင်းကြောင်းပြောရမှာလေ။ထောက်လှမ်းရေးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဆိုတာအဲလိုမကောင်းကြောင်း မပြောရင်လည်းမလုပ်ဘူးလေ။ဘယ်လိုလုပ်မလဲ။တို့ကဟိုးတုန်းကတစ်ယောက်နဲ့ တစ်ယောက်အသက်ပေးပြီးကာကွယ်လာကြတဲ့ ရဲဘော်တွေပေါ့။စိတ်ထဲ ကတော့တစ်ခါတစ်ခါဒါက သစ္စာရှိရှိ ပြောတာကွာ။သြော် ငါ့နှယ်သေခဲ့ဖို့ကောင်းတာပဲပေါ့။

ငါ့မိန်းမတောင် ပြောပါတယ်။ ငါ့မိန်းမလည်း ရေကြည်အိုင် ရောက်သွား တော့။ အေးဟာ… နင်ပြောတာလည်း ဟုတ်ပါတယ်။ သေခဲ့ဖို့ ကောင်းပါတယ် လို့။ တကယ်တမ်း ကျွန်တော်တို့က သေခဲ့ရမှာလို့။ ခင်ဗျားတို့ ဒီလိုပဲ သဘောထားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ရန်ကုန်ကို ကျွန်တော့်ကို ခေါ်ထဲက သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲတော့ ခင်မာအေးတို့ ပအိုဝ်းအသင်းက၊ ငါ့မိန်းမက ပအိုဝ်းအသင်းက တွဲဖက် အတွင်းရေးမှူး၊ ကိုခွန်သက်လွင် ဆိုတဲ့သူက ရန်ကုန်တက္ကသိုလ် ပအိုဝ်းအသင်း ရဲ့ အတွင်းရေးမှူး။ ငါ့မိန်းမက တွဲဖက်အတွင်းရေးမှူး။ သူတို့က ပအိုဝ်းတွေ ပေါ့။ အဲဒါနဲ့ ဗိုလ်ကြီး တင်အောင်ဆိုတာက မနက်ဆို ငါ့မိန်းမ၊ ငါ့ သားနှစ်ကောင် အဲ့ကောင်က ငယ်သေးတာပေါ့ကွာ။ (၅) နှစ် (၆) နှစ်လောက်ပဲ ရှိသေးတာ။ သူ့တွေ့ရင် ဗိုလ်ကြီးတင်အောင်က ခေါ်ခေါ်ပြီး ပြောတာပေါ့။ ဆရာမရေ ကျွန်တော်တို့ဘက်က လိုက်လျောနိုင်တာ လိုက်လျောပြီးပြီ၊ ဆရာမ ယောက်ျားဘက်က ဘာမှလိုက်လျောတာ မရှိဘူး။ အဲလိုပြောပေါ့ကွာ၊ ငါ့မိန်းမ ကတော့ အဲလိုပြောတော့ သဘောပေါက်မှာ။ အဲလို ငါတို့ဆီက တချို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ လက်နက်ချသွားတဲ့ ကျောင်းသား ခေါင်းဆောင် တစ်ယောက်တန်သည် နှစ်ယောက်တန်သည် ထွက်လာတယ်။ အဲလိုမဖြစ်ခင်ထဲက ငါက သတင်းစာတွေ ဖတ်နေရတာ။ ကိုယ့်လူတွေပေါ့ ကိုယ်နဲ့ရင်းနှီးတဲ့ လူတွေပေါ့။ အဲဒါနဲ့ နောက်တော့ တင်ဦးက၊ တင်ဦးတော့ မဟုတ်ဘူး။ ဘိုနီပေါ့။ ဘိုနီက တင်ဦး အောက်ပေါ့၊ Deputy Chief ပေါ့၊ ထောက်လှမ်းရေးမှာ။ ဒါနဲ့ ငါပြောပါတယ် ဗိုလ်မှူးကြီး ကျွန်တော် မလုပ်နိုင်ဘူး။ အဲဒါအတွက် ဗိုလ်မှူးကြီးတို့ဘက်က ဘာလုပ်လုပ် ကျွန်တော် ရင်ဆိုင်ဖို့ပါပဲလို့။ သတင်းစာရှင်းလင်းပွဲလုပ်ဆိုလည်း လုပ်မယ်။ ကျွန်တော် ပြောနိုင်တာတော့ ပြောမယ်။ ကျွန်တော်မပြောနိုင်တာ မပြောဘူး။ တစ်ခါတည်း ပြောမယ် ကျွန်တော့်ကို ဘယ်သူဘာဖြစ်တယ်၊ ညာဖြစ်တယ် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မပြောနိုင်ဘူး။ အဲဒါတော့ တပ်မှူးကြီးတို့ ယုံကြည်လို့ ကျွန်တော့်ကို သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းရင်လည်း လုပ်ခိုင်း။ အဲတော့ တပ်မှူးကြီးနဲ့ ညှိတုန်းကတစ်မျိုး။ အပြင်ကျတစ်မျိုး ကျွန်တော် မလုပ်ချင်ဘူး။

အဲတော့ အကြောင်းကြောင်းကြောင့် အသက်စွန့်သွားသူတွေ မနည်းပါ ဘူး။ ငါတို့ခေါင်းဆောင်တွေ ကိုတင်ထွန်းတို့၊ ကိုသက်တို့၊ ကိုသက်ကလည်း ပဲခူးရိုးမမှာ ကျတယ်။ ကိုတင်ထွန်းကလည်း ပဲခူးရိုးမမှာ ကျတယ်။ အဲတော့ ဒီလူတွေဆိုတာ ကျွန်တော့်အစ်ကိုတွေဆိုလည်း ဟုတ်တယ်။ ကျွန်တော့် ခေါင်းဆောင်တွေလည်း ဟုတ်တယ်။ သူတို့လည်း သေသွားကြတော့ သေပြီး တဲ့ သူတွေအပေါ်မှာ အပြစ်တင်တဲ့ စကားမျိုးတွေ ပြောမထွက်ဘူး။ အဲတော့ ကျွန်တော့်ကို လွှတ်ချင်လည်း လွှတ်။ မလွှတ်ချင်လည်း ထောင်ချမယ်ဆိုလည်း ထောင်ချ။ ကြိုက်သလောက်ချ။ သေဒဏ်ချချပေါ့။ အဲဒါနဲ့ ငါ့ကို ညစ်ထားတာ ပေါ့။ အဲဒါနဲ့ (၆) လလောက် နေပြီးတော့မှ ခွန်သက်လွင်ခေါ်ပေးတယ်။ ခွန်သက်လွင်နဲ့ တွေ့တော့ မင်းထွက်သွားဆိုပြီး ငါဆဲလွှတ်တာ။ မင်းကို စကား မပြောချင်ဘူးလို့၊ ထွက်သွားလို့။ မင်းမျက်နှာ ငါမကြည့်ချင်ဘူးကွာလို့။ အပြင် မှာတော့ ခင်မာအေးကို လာပြောပြီး ကိုလှရွှေက ငါ့ကိုဆဲလွှတ်လိုက်တယ်။ ဆဲမှာပဲ ကိုသက်လွင်ပေါ့။ သူက တိုက်ပွဲက မိထားတဲ့လူ၊ ရှင်က ရှင့်ဘာသာ လက်နက်ချတဲ့လူပဲ။ သူ ဒီလိုပဲ ရပ်မှာပေါ့။ ကျွန်မအနေနဲ့ လင်သားအဖြစ်နဲ့ တွေ့ချင်တယ်။ မြင်ချင်တယ်။ ကျွန်မယောက်ျား လက်နက်ချအညံ့ခံပြီး ထွက်လာရင် ကျွန်မ ဘယ်နည်းနဲ့မှ ကြိုဆိုမှာ မဟုတ်ဘူး။ ကျွန်မ ဗိုလ်ကြီး တင်အောင်ကို ပြောလိုက်ပြီးပြီးပေါ့။ အဲတော့ ဗိုလ်ကြီးတင်အောင်ကတော့ ငါ့ဘယ်ပြောမလဲ။ ဒါကတော့ ငါကတော့ ငါ့ရပ်တည်မှုနဲ့ နေရတာပေါ့။ အဲလို ဟာတွေက အများကြီး။ ဘာပဲပြောပြော မင်းသားလေးတွေ တွေ့တယ်ဗျာ။ နှဲ့တာပေါ့ကွာ။ ဒါနဲ့ပဲ ငါပြောတယ်။ ဗိုလ်ကြီးတင်အောင် နှဲ့ မနေနဲ့ဗျာ၊ ကျွန်တော်တို့ စစ်မြေပြင်မှာ ပွဲတချို့ တိုက်ခဲ့တာပါ။ ဗိုလ်ကြီးတင်အောင် စစ်ဘယ်နှပွဲ တိုက်ခဲ့လဲလို့ ကျွန်တော်မသိဘူးလို့။ ကျွန်တော်ဟာ အရည် အသွေး တချို့၊ လူရှေ့ချပြောလို့ရတဲ့ ကိန်းဂဏန်းရှိတဲ့ တိုက်ပွဲတချို့ ကျွန်တော် တိုက်လာတဲ့ ကောင်ပါလို့။ ဘက်နက်ဖိုက်တင် (၂) ပွဲလောက် ထိုးလာတဲ့ ကောင်ပါ။ ဗိုလ်ကြီးတင်အောင်လည်း စစ်သားပဲ။ အဲဒါဆို စစ်သားတစ်ယောက် ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိမလဲဆိုတာ ဗိုလ်ကြီးတင်အောင်လည်း သိမှာ ပေါ့။

အဲတော့ ထမင်းတွေ ဘာတွေကတော့ အရာရှိကျွေးတဲ့ ခွက်ကလေးနဲ့ လေ။ အရာရှိအစားအသောက်ကျွေးပါတယ်။ အရန်ဟင်းလေးနဲ့ အသားလေး ဘာလေးနဲ့ပေါ့ ကျွေးတာပါ။ အဲလိုဖြစ်တယ်။ အဲဒါ သုံးလလောက် နေရတယ်။ မလွတ်ဘူး။ မလွတ်ချင်လည်းနေ။ ငါကတော့ ဘာမှ ဟိုဒင်းမပြုဘူး ဆိုတော့မှ။ နောက်မှ သူတို့ဘာသူတို့ ဘာစိတ်ကူး ပေါက်မှန်း မသိဘူး။ ညကျတော့မှ ကိုလှရွှေ ပစ္စည်းသိမ်း၊ ပစ္စည်းသိမ်း။ အဲတော့မှ ပစ္စည်းသိမ်းတော့လည်း ပစ္စည်းသိမ်းတဲ့အထိ ငါက အိမ်ပြန်ဖို့ မျှော်လင့်လို့ မရသေးဘူး။ ငါ့အိမ်လည်း ဘယ်မှာရှိမှန်း သိတာမဟုတ်ဘူး။ ငါရှိတုန်းက လှည်းတန်း ရှောက်ပင်ခြံထဲမှာ နေတာ။ ငါတို့ လက်ထပ်ခါစဆို အခုဘွယ်ကြီးတို့အိမ်နဲ့ ငါတို့နဲ့က ကျောချင်း ကပ်လျက်။ ကိုမင်းကျော့်သား အံ့ဘွယ်ကျော်တို့နဲ့ ငါတို့ ကျောချင်းကပ်လျက် ပေါ့။ အစတုန်းက ဦးချစ်လက်ဖက်ရည်ဆိုင်ဆိုတာ လှည်းတန်းဈေးလေး ထိပ်မှာ ရှိတာ။ ညညကျရင် ငါတို့ အဲဒီမှာထိုင်တာ။ ငါကတော့ အငယ်ပေါ့ကွာ။ သူတို့နဲ့ဆိုတော့ ပညာရပါတယ်။ ဒါပေမဲ့ ငါက နောက်ဆုံးတော့ ဖြစ်ပါဘူး။ မပြောနိုင်ဘူး။ လွတ်ချင်လည်း လွတ်၊ မလွတ်ချင်လည်း နေ။ ဘာမှတော့ မထူးဘူး။ အခုလည်း ကိုယ်က ခပ်တည်ကြီးနဲ့ ဦးလေးပြောပါဦးလို့ ပြောပြီး တော့ ဟိုပြောဒီပြော ပြီးတော့ တော်ကြာတော့ ကိုယ့်မျက်နှာကိုယ် မှန်ထဲ ပြန်မကြည့်ရဲဖြစ်မှာပေါ့။ ဘယ်လုပ်လို့ဖြစ်ပါ့မလဲ။ နောက် ငါနဲ့အတူ လုပ်ခဲ့ သူတွေ အများကြီး သေသွားတာ။ ကိုကိုးကျွန်းမှာ ငါနဲ့ပတ်သက်တဲ့ ကောင်တွေ အများကြီး။ ငါ့ရဲဘော်တစ်ယောက် ငါနဲ့အတူမိပြီးတော့၊ တိုက်ပွဲမှာ မိပြီးတော့ ကိုကိုးကျွန်းပါသွားတာ။ ဟိုမှာ အတူလုပ်ခဲ့တဲ့ကောင်တွေ ငါ့မှာ ကိုယ်နဲ့အတူ ပြေးခဲ့တဲ့ကောင်၊ ကိုယ်နဲ့အတူခုခံလာတဲ့ကောင်တွေ အခုကျမှ ကိုယ့်လုပ်ရပ်ကို ပြောရမယ်။ ဒါက မပြောချင်လည်း မပြောဘဲ နေရမှာပဲ။ ပြောချင်ရင်လည်း မပြောပဲ နေရမှာပဲ။ လက်နက်ချတဲ့ ဘဝဆိုတာ ငါတို့က ပိုသိတာပေါ့။ တို့နဲ့ ပတ်သက်သူတွေ အများကြီးပဲ။ တစ်ယောက် တစ်ယောက် အဝင်ထွက်တောင် မရှိဘူး။ ငါ ဒီနားရောက်တယ်ဆိုရင် တော်ရုံတန်ရုံလူတွေ မလာတော့ဘူး။ အဲလိုတွေ ရှိတယ်။ မကောင်းပါဘူး။ ဒါတောင် ငါတို့က ရိုးရိုး မိလာတဲ့သူတွေ။

မေးခွန်း။ လာမယ့်အနာဂတ်မှာ ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အမြင်လေးပြောပေးပါဦး။

ဒါက ဒီလိုရှိတယ်ကွ။ ငါတို့ကျောင်းသားသမဂ္ဂတွေရဲ့ အဓိက လုပ်ငန်းတွေပေါ့။ ငါတို့မေဂျာ task တွေပေါ့။ တို့ကျောင်းသား ခေါင်းဆောင်ဘဝမှာ ငါတို့ ဘာလုပ်ခဲ့လဲဆိုတော့ (၁) အချက်က နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ပတ်သက်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ်ကျော်ဇောတို့ နောက်ကို လိုက်ပြီးတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ စစ်ဆန့်ကျင်ရေးနဲ့ပတ်သက်လို့ ငါတို့ကျောင်းသားခေါင်းဆောင်တွေ ငါတို့ လုပ်ကြတယ်။ အဲဒီအချိန်မှာ မြန်မာပြည် ပညာရေးစနစ်က တကယ် ပညာတတ်တွေကို ဘာမှ အာမခံချက်မပေးဘူး။ ဘွဲ့ရပြီး အလုပ်လုပ်စရာ နေရာမရှိဘူး။ ဒါနဲ့ ဆက်နွယ်ပြီး ၅၉ မှာ ငါတို့ ကျောင်းသားခေါင်းဆောင်တွေ ပေါ့။ ပညာရေးနှီးနှောဖလှယ်ပွဲလုပ်ခဲ့တယ်။ ငါတို့ပညာရေးနှီးနှောဖလှယ်ပွဲ လုပ်ခဲ့တာဖြစ်တဲ့အတွက် လက်ရှိပညာရေးက ပညာတတ်တွေနဲ့ ပတ်သက်ပြီး ဘဝလုံခြုံမှုမရှိဘူး။ ဒါကြောင့်မို့လို့ ဗမာပြည်ပညာရေးစနစ်ကို ပြင်ပေးပါ။ ပြင်ပေးဖို့ လိုတယ်။ ဒီတစ်ခု ငါပြောတယ်။ တို့ကျောင်းသားခေါင်းဆောင်တွေ စုပြောတဲ့ ပွဲတစ်ပွဲရှိတယ်။ အဲဒီပွဲမှာ ငါပြောတယ်။ ဒါလုပ်ပေးပါ။ ပညာရေး ပြုပြင်ပြောင်းလဲရေးပေါ့ကွာ။ ဗမာပြည် ပညာရေးစနစ် ခေတ်မမီဘူး။ ပြုပြင် ပြောင်းလဲပါ။ အခုထိ ပြောနေရတုန်းပဲ။ အဲတော့ ကိုယ့်မိဘ ကျောထောက် နောက်ခံလေး ရှိတဲ့သူ၊ အင်္ဂလိပ်စာလေးတတ်သူက ဆယ်တန်းအောင်ဖို့ တက္ကသိုလ်တက်ဖို့က မခက်ဘူး။ ငါတို့လို မိဘဆင်းရဲတဲ့ လူတွေက ဆယ်တန်း အောင်ဖို့က အရမ်းပြဿနာရှိတယ်။ အဲလိုရှိတယ်။

နံပါတ် (၂) က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အလုပ် တစ်ခုအဖြစ်နဲ့ လုပ်ခဲ့တယ်။ နောက်တစ်ခါ နယ်ချဲ့ဆန့်ကျင်ရေးက ဘာပဲ ပြောပြော မြန်မာပြည်ကလည်း အဲချိန်က တရုတ်ဖြူ ကျူးကျော်မှုတို့ ဘာတို့ ညာတို့ ဖြစ်နေတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ပတ်သက်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ကျော်ဇောတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တို့ သမဂ္ဂခေါင်းဆောင်တွေရော၊ သမဂ္ဂအဖွဲ့စည်းလိုက်ဖြစ်ဖြစ် ပုဂ္ဂိုလ်လိုက် ဖြစ်ဖြစ် နယ်ချဲ့ဆန့်ကျင်ရေးကို ပူးပေါင်းဆောင်ရွက်ပြီး လုပ်တယ်။ နောက် ကျောင်းသားတွေရဲ့ ဘဝအာမခံချက်ရှိဖို့ ပညာရေးစနစ် ပြောင်းလဲပေးဖို့။ ဒါ ငါတို့ တင်လာတာ။ နောက်ပိုင်းကျမှ ငါတို့မရှိမှ ဒီဘက်ပိုင်း ဖြစ်လာတာ။ Education Reform ဆိုတာ။ ၅၉ ခုနှစ် ပညာရေး နှီးနှောဖလှယ်ပွဲတွေ လုပ်တာ။ အဲဒါ တင်တာ၊ ကိုယ်စားလှယ် (၇၀၀) လောက် တက်တာ။ ဒါကြောင့်မို့လို့ ဗမာပြည်ပညာရေးစနစ်ဟာ ကျွန်တော်တို့အတွက် ဘာ အာမခံချက် မရှိဘူး။ နောက် ဘဝအာမခံချက်ရှိတဲ့ ပညာရေးစနစ် လုပ်ပေးဖို့ ငါတို့တောင်းထားတဲ့ ဒုတိယအချက်ပေါ့။

နံပါတ် (၃) အချက်ကတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဘာပဲပြောပြော ကျောင်းသား တွေဟာ တစ်သက်လုံး MPC နောက်ကလိုက်လာပြီး ကျွန်တော်တို့ တောင်းဆိုခဲ့တာ။ ဒါတောင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ပေးမှ။ ငါဆို သူပုန်လုပ်လာတဲ့အကောင်။ တောထဲမှာ လူတွေ ဘယ်လောက်ဒုက္ခရောက်လဲဆိုတာ ဒီပြင်လူထက် ငါက ပိုသိတယ်။ ငါတို့ ကိုယ်တိုင် သူပုန် (၁၀) နှစ်လောက် နေလာတာ။ တောထဲမှာ လယ်သမား အိမ်တွေမှာ နေလာတာ။ ကိုယ့်ကို ငါးပိရည်နဲ့ ကျွေးနိုင်တဲ့ အိမ်ဆို ဒီအိမ်က အတော်အဆင်ပြေတဲ့အိမ်။ ကိုယ့်ကိုနော် ငါးပိရည်လေးမှာ ငရုတ်သီးလေး ထည့်ကျွေးနိုင်တဲ့ အိမ်ဆို တော်တော်ကို အဆင်ပြေတဲ့အိမ်။ ငါတို့ တို့စရာနဲ့ ငါးပိရည်အဖြူထည်နဲ့ ဒါမှမဟုတ် တို့စရာနဲ့ ငရုတ်သီးစိမ်းထောင်းလေးနဲ့၊ တို့စရာနဲ့ အဲလိုဆိုတော့ အိမ် သုံးအိမ်လောက်ရှိတယ်။ အဲ့ဒီအိမ်တွေက ထမင်းပဲ ကျွေးနိုင်တယ်။ ငါတို့သူပုန်ဘဝမှာထဲက ဒီလိုတွေ့ကြုံလာတဲ့အခါ ကျတော့ ဘာပဲပြောပြော၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ ငါတို့အတွက် မဖြစ်မနေ ငါတို့ကျောင်းသားသမဂ္ဂ လုပ်ရမယ့်အလုပ်ပဲ။ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဥ်တွေမှာ ဒီအတိုင်းပါလာတယ်။ ဗကသ ဖွဲ့စည်းပုံ မှာလည်း ဒီအတိုင်းပါတာပဲ။ အဲတော့ တကယ်တမ်းကျ အဓိက ငါတို့ ကျောင်းသားခေါင်းဆောင်မျိုးဆက်တွေက အဓိက ငါတို့လုပ်ခဲ့တဲ့ အလုပ် တွေက သုံးခုက ဒါပဲ။

တစ်ခုကတော့ လွတ်လပ်ရေးထိန်းသိမ်းတယ်။ နယ်ချဲ့ဆန့်ကျင်ရေးပေါ့။ အဲတုန်းက အမေရိကန်ကလည်း သောင်းကျန်းနေတယ်လေ အရှေ့တောင် အာရှမှာ။ ဒီအင်ဒိုချိုင်းနားမှာဆို အမေရိကန်နဲ့ တရုတ်နဲ့ အကြီးအကျယ် ပြဿနာတက်နေတာ။ နယ်ချဲ့ဆန့်ကျင်ရေးပေါ့ကွာ။ ဒါငါတို့ငယ်ငယ်က ဗိုလ်အောင်ဆန်းတို့ ကိုအောင်ကျော်တို့ လက်ထက်တည်းက နယ်ချဲ့ဆန့်ကျင် ရေး လုပ်ခဲ့တာပဲ။ ဒါကြောင့်မို့ နယ်ချဲ့ ဆန့်ကျင်ရေးဟာ ငါတို့ ကျောင်းသား ခေါင်းဆောင်တွေ အရေးကြီးတဲ့ နိုင်ငံရေးတစ်ခုအဖြစ် လုပ်တယ်။ နောက် တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း ငါတို့လုပ်တဲ့ အဓိက လုပ်ငန်းကြီးတစ်ခု ဖြစ်တယ်။ နောက်တစ်ခုကတော့ ဒီမိုကရက်တိုက်ဇေးရှင်း ပေါ့။ ဒီမိုကရေစီရေးပေါ့။ ဒီမိုကရေစီအခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ငါတို့ အဓိကအလုပ်အနေနဲ့ တောင်းဆိုတိုက်ပွဲဝင်တာ လုပ်တယ်။

နောက်တစ်ခု ပညာရေးစနစ်ခေတ်မီဖို့ အခုဗမာပြည်ပညာရေးစနစ်က ဘွဲ့ရဘာလုပ်ရမှန်း မသိဘူး။ ဗမာပြည်ပညာရေးစနစ်က ကျောင်းသားတွေရဲ့ ပညာရေးဘဝမှာ လုံးဝအာမခံချက်မရှိဘူး။ နောက် ဒီပညာရေးကို reform လုပ်ပါဆိုပြီးတော့ ၅၉ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ဖရင့် တစ်ခု လုပ်တယ်။ အခုပညာရေးတက္ကသိုလ်နဲ့ ကပ်လျက်မှာ ခြံကြီး တစ်ခြံရှိတယ်။ အဲဒီခြံကြီးက အစတုန်းက ဦးနုရဲ့ ဝန်ကြီးချုပ်ရုံး။ အဲဒီ ပညာရေး နှီးနှောဖလှယ်ပွဲတက်ကြတဲ့ ကျောင်းသားကိုယ်စားလှယ် (၇၀၀) လောက်ကို ဦးနုက ခေါ်ပြီးတော့ တို့ကို ဘူဖေး ညစာစားပွဲတစ်ခု လုပ်ပေးတယ်။ အဲဒီ လုပ်ပေးတဲ့အခမ်းအနားမှာ ငါတို့က ၅၉ ခုနှစ်မှာ ငါတို့လုပ်ခဲ့တဲ့ ပညာရေး နှီးနှောဖလှယ်ပွဲမှာ ငါတို့ တင်ပြခဲ့တဲ့ စာတမ်းတွေ thesis တွေပေါ့။ Thesis (၁၄) ခုကို ဖိုင်အနေနဲ့ တွဲထားတယ်။ အဲဒီအခမ်းအနားမှာ ဗကသ ဥက္ကဋ္ဌ ကိုကျော်ဝင်း စကားပြောတယ်။ တက္ကသိုလ်ဥက္ကဋ္ဌနဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုစိုးသိန်းစကားပြောတယ်။ ပထမဆုံးကတော့ ဝန်ကြီးချုပ် ပြောတာပေါ့။ ငါက အဲဒီမှာ ကျောင်းသားတွေရဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ လုပ်ခဲ့တဲ့ စာတမ်း (၂၃) ခုကို ဝန်ကြီးချုပ်ကိုရော ပညာရေးဝန်ကြီးကိုရော ပညာရေးနှီးနှောဖလှယ်ပွဲမှာ ငါတို့တင်ပြခဲ့တဲ့ စစ်တမ်းတွေကို တရားဝင် လွှဲပါတယ်ဆိုပြီး လွှဲတယ်။ အဲဒီစစ်တမ်းတွေကို ငါတို့ရေးထားတာ မဟုတ်ဘူး။ အပြင်မှာရှိတဲ့ စကော်လာတွေ၊ ပညာရှင်တွေ၊ ဆရာတွေပေါ့၊ ဟိုဆရာတွေ၊ ဒီဆရာတွေပေါ့။ မမှတ်မိတော့ဘူး။ တချို့လူကြီးတွေပေါ့ကွာ။ တချို့ဆို သခင် ခင်အောင်တို့လို အဲလိုဝါရင့်တွေ ရေးပေးတဲ့စာတမ်းတွေပေါ့။ ဗမာပြည် ပညာရေးက ဒီလိုဖြစ်သင့်ပါတယ်ပေါ့။ အဲဒီမှာ မူကြိုကလွဲရင် အကုန်ပါတယ်။ မူလတန်းပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နောက် တစ်ခုက တက္ကသိုလ်ပညာရေး၊ တက္ကသိုလ်ပညာရေးဆိုလည်း သိပ္ပံပညာရေး၊ ဝိဇ္ဇာပညာရေး အများကြီးပဲ။ ငါတို့လုပ်ပေးထားတာ။ အဲဒီဖိုင်က အထူကြီး။ စာတမ်းပေါင်း (၂၃) ခုပါတယ်။ အဲတော့ ဝန်ကြီးချုပ်လက်ထဲကိုထည့်၊ ကျွန်တော်တို့ လွှဲပါတယ်။ အဲဖိုင်တွေကို ငါအပ်တယ်။ အဲသလိုလုပ်ပြီး ဦးနုက တို့နဲ့ သူနဲ့စကားပြောကြ၊ စကားပြောစရာတွေ ပြောပြီးဆိုတော့။ ကဲကွာ မင်းတို့နဲ့ ငါတို့လည်း တစ်သက်လုံးပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်လာ။ ကန့်ကွက်လာ။ ငါလည်း ဝန်ကြီးချုပ်အဖြစ်နဲ့ ဖမ်းဟယ် ဆီးဟယ်၊ လွတ်တဲ့ကောင်လွတ်၊ ဖမ်းတဲ့ကောင်ဖမ်းတယ်။ အခုလိုတွေ့ရတာ ဝမ်းသာတယ်ပေါ့။ ဦးနုက ငါတောင်မှတဲ့ ငါကျောင်းသားခေါင်းဆောင် ဖြစ်လာ တဲ့ ဘဝကို အခုမင်းတို့နဲ့တွေ့တော့ စိတ်က အဲဒီကို ပြန်ရောက်ပါတယ်ကွာ။ ဦးနုက ငိုမလိုပဲပြောတယ်။ အဲကျမှ ကဲမင်းတို့ ဘာများတောင်းဆိုချင်တာရှိလဲ။ ဝန်ကြီးချုပ် ဘာမှတောင်းဆိုစရာ မရှိဘူး။ ကျွန်တော်တို့ ကျောင်းသားတွေ သွားဖို့အတွက် ခရီးစရိတ်၊ ကျွန်တော်တို့က ဒီလို အလုပ်တွေနဲ့ဆိုတော့ ခရီးစရိတ်မရှာနိုင်ဘူးပေါ့။ ဝန်ကြီးချုုပ် ကျွန်တော်တို့ ကျောင်းသား ခေါင်းဆောင်ကိုယ်စားလှယ် (၇၂၃) ယောက် ရှိတယ်။ အဲတာ ကျွန်တော်တို့ကို ခရီးစရိတ်ကူညီပါ။ ဝန်ကြီးချုပ်ထောက်ပံ့ပါ။ အပြင်မှာလည်း ထွက်ပြီး ရန်ပုံငွေ ရှာနိုင်၊ ကောက်နိုင်တာလည်း မရှိတော့ဘူး။ အဲဒါ တည့်တည့်ပဲ။ တို့ဆီက လူလည်း တက်တယ်။ တခြား သူနဲ့ပတ်သက်တဲ့ လူတွေလည်း တက်တယ်ပေါ့။ သြော် အေး လုပ်ပေးလိုက်မယ်။ တခြား ဘာရှိသေးလဲ။ ကျွန်တော်တို့ ကျန်တဲ့ကိစ္စမရှိပါဘူး။ ဒီ ပညာရေး နှီးနှောဖလှယ်ပွဲမှာပါတဲ့ ကျွန်တော်တို့ စာတမ်း (၂၃) ခုပါ။ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ၊ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ သဘောထားရော၊ ကျောင်းသားထုရဲ့ သဘောရော ပါပြီးသားပဲ။ အဲတာတွေ အကုန်လုံးဟာ ဘဘတို့ တချို့ကိစ္စတွေ ဗမာပြည်ပညာရေးတိုးတက်အောင် လုပ်တဲ့အခါမှာ ကျွန်တော်တို့ အခု တင်ပြ ခဲ့တဲ့ စာတမ်း (၂၃) ခုဟာ ဘဘတို့ တစ်စုံတစ်ခု အကူအညီရမယ်လို့ ထင်ပါ တယ်။ အဲဒါလေးကို တရားဝင်ပေါ့။ ဒီလူထုအခမ်းအနားကြီးမှာ ဒီကျောင်းသား ထုရှေ့မှာ အပ်ပါတယ်ဆိုပြီး ငါတို့ အပ်လိုက်တယ်။ အဲဒါ ငါတို့လုပ်ခဲ့တယ်။

သို့သော်လည်း သိတဲ့အတိုင်းပဲ ဘာမှမဖြစ်ဘူး ဟုတ်လား။ ၇ ဇူလိုင် ဖြစ်သွားပြီးတော့ ငါတို့အကုန်လုံး သူပုန်ဖြစ်၊ ငါတို့လည်း ရွေးစရာလမ်း မရှိဘူး လေ။ ရေကြည်အိုင်မှာ သေမလား၊ တောထဲမှာ သေမှာလား၊ ထောင်ထဲမှာ သေမလား။ ရွေးစရာဒါပဲရှိတယ်။ အဲတော့ ငါတို့ အတော်များများဟာ ကျကုန် တာပေါ့။ အသက်စွန့််သွားကြတာပဲပေါ့။ အစတုန်းက ငါပြောခဲ့တယ်။ ဒီလို ကိစ္စတွေနဲ့ပတ်သက်ပြီး သတိရလို့ပေါ့ကွာ။ ကျန်တဲ့လူတွေ ငါတို့ တကယ် ခေါင်းဆောင်လုပ်ခဲ့တဲ့ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌကိုသက်၊ ဗကသ အထွေထွေအတွင်းရေးမှူး ကိုတင်ထွန်း၊ နောက် တခြားပေါ့၊ ကျောင်းသား ညီညွတ်ရေးတပ်ဦးက အမှုဆောင်တွေ။ ငါတို့နဲ့ ရွယ်တူပေါ့။ ငါတို့က အဲတုန်းက (၂၀) လောက်တွေပဲ ရှိသေးတာ။ အဲဒီမှာ ပဲခူးရိုးမမှာဖြစ်တဲ့ ပါတီတွင်းအဖြစ်အပျက်တွေမှာ အသတ်ခံရတဲ့ လူ (၁၀) ယောက်လောက်က ငါတို့နှင့်အတူ ငါတို့ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ တတိယတန်းစား ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ လုပ်ကိုင်လာပြီးတော့ ပါတီတွင်းမှာ ဟိုမှာ ဂိုဏ်းတွေကွဲကြတဲ့ အခါကျတော့ များတဲ့ကောင်က နည်းတဲ့ကောင် သတ်ပေါ့။

ငါနဲ့အတူ နေခဲ့ထိုင်ခဲ့လုပ်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်ထဲကဆိုရင် ဟိုရောက်နေတဲ့ ဖိုးသံချောင်းအစ်ကို စိုးဝင်းပါတယ်။ စိုးဝင်းဆို ငါတို့နဲ့ ကျောင်းနေဖက်သူငယ်ချင်းပဲ။ ငါတို့နဲ့အတူ သမဂ္ဂလုပ်တဲ့ သိန်းထွန်းရယ်၊ ငါရယ်၊ စိုးမြင့်ရယ်၊ စိုးဝင်းရယ်၊ အောင်သိန်းနိုင်။ အဲဒီ ငါတို့ငါးယောက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ကျော်ဇောတို့၊ ဦးထွန်းတင့်တို့ အဲလိုပေါ့။ ငါတို့သမဂ္ဂလုပ်ငန်းနဲ့ပတ်သက်တဲ့ အပြင်က လူကြီးတွေနဲ့ ဆက်ဆံဖို့ ကိစ္စကျ တော့ ငါတို့က အဲလူကြီးတွေဆီ လွှတ်နေတဲ့ထဲမှာ ငါတို့ (၅) ယောက်။ အဲဒါ အကုန်လုံး ငါတစ်ယောက်ပဲ ကျန်ခဲ့ပြီးတော့ စိုးဝင်းလည်း အသတ်ခံရတဲ့ထဲ ပါတယ်။ စိုးဝင်း၊ အောင်သိန်းနိုင်၊ ကျော်ခင်ပါတယ်။ သိန်းထွန်းပါတယ်။ အဲ (၄) ယောက်ပေါ့။ အဲထဲမှာ ငါတို့ (၅) ယောက်အတူတူပေါ့၊ အထူးသဖြင့် သမဂ္ဂနဲ့ ပတ်သက်တဲ့ ပြန်ကြားရေးလုပ်ငန်းတွေဆို ငါတို့ (၅) ယောက်က အမာခံပဲ။ ပိုစတာရေးတာ ငါပဲ။ ငါဆိုရင် သူတို့နဲ့ပတ်သက်တဲ့ ကိစ္စတွေ ဟိုကနေ သိတာပေါ့။ တောထဲကနေ သိရတာပေါ့ကွာ။ သိရတော့ စိတ်မကောင်းဘူး ပေါ့ကွာ။ တချို့ကိစ္စတွေကျတော့ ပြီးတော့ ဖိုးသံချောင်းဆို ဟိုရောက်နေတာ။ ဖိုးသံချောင်းက စိုးဝင်းရဲ့ ညီ၊ သူတို့ညီအစ်ကိုထဲမှာ စိုးဝင်းက အသက် အကြီးဆုံး။ ညီပုလေးက အငယ်ဆုံး။ ဦးလှတို့ ဒေါ်အမာတို့သားတွေက တော်တယ်။ စိုးဝင်းဆို ဘာသာစုံဂုဏ်ထူးတန်းဆိုတာ ရန်ကုန်မှာပဲရှိတာ။ ရန်ကုန်မှာပဲ ဂုဏ်ထူးတန်းလာတက်ရတာ။ အဲလိုတက်ရင် အဲ့ကောင်သေမှာ မဟုတ်ဘူး၊ အသတ်ခံထဲ ပါမှာ မဟုတ်ဘူး။ သို့သော် တို့က ငယ်လည်း ငယ်ကြ တဲ့ အခါကျတော့ ဂိုဏ်းက နှစ်ဂိုဏ်းကွဲသွားတာပေါ့ကွာ။ CPB ဌာနချုပ်မှာ ဟိုဘက်က တစ်ဂိုဏ်း၊ ဒီဘက်က တစ်ဂိုဏ်းဆိုတော့။ အဲတော့ နည်းတဲ့ ဂိုဏ်းကို များတဲ့ဂိုဏ်းက သတ်တာပေါ့၊ ဒီမိုကရေစီကျတာ၊ မကျတာတော့။ ဒါကတော့ ကွန်မြူနစ်ပါတီရဲ့ ကံကြမ္မာ၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေရဲ့ ကံကြမ္မာ၊ အခုထိ တချို့ပြောတုန်းဆိုတုန်းပဲ။ အဲဒါ နောက်တော့ ငါက နောက်ဆုံး အခုတစ်ခေါက် အောင်ထွန်းလုပ်တဲ့ ကျောင်းသားလှုပ်ရှားမှု စာအုပ် ပေါ့။ ငါတို့ (၂၃) ယောက် ထောင်ကျတယ်။ ယဥ်ထွန်းနဲ့ ငါနဲ့က သရက် ရောက်သွားတာပေါ့ကွာ။

မေးခွန်း။ ကျောင်းသားလှုပ်ရှားမှုများနဲ့ အယူအဆယုံကြည်ချက်များ ဘယ်လိုဆက်နွယ်နေပါသလဲ။

အဓိကကတော့ ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တကယ်ပြောတဲ့အခါ ကျတော့ တူတူတန်တန် ဘာမှအလုပ်မဖြစ်သေးဘူးပေါ့။ NLD နဲ့ ပတ်သက်တဲ့ ကျောင်းသားတွေပဲဖြစ်ဖြစ်၊ မပတ်သက်တဲ့ ကျောင်းသားတွေပဲ ဖြစ်ဖြစ်၊ ယေဘုယျအားဖြင့် ပြောမယ်ဆိုလို့ရှိရင် တို့လိုလည်း ဒီမိုကရေစီရှိတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာမဟုတ်ဘူး။ ကိုယ်ဟာကို ကျောင်းသားခေါင်းဆောင် ဖြစ်ဖို့ လည်း တည်ဆောက်လို့လည်း ရတာမဟုတ်ဘူး။ တို့တုန်းကဆိုရင် ကိုဗဆွေလေးဆိုတာ တကသ ဥက္ကဋ္ဌ။ ငါတို့နဲ့ တစ်မြို့ထဲသား။ ခုဆို နည်းနည်း ပွင့်လင်းလာတာတော့ ရှိတာပေါ့။ အခုခါကျတော့ ကျောင်းသားတွေက grouping တွေ ဖြစ်နေတာပေါ့။ ဒါဟာ တကယ်တမ်းကျတော့ ရေရှည် အလုပ်လုပ်ဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။ နောက်တစ်ခါ မင်းက မာ့စ်ဝါဒ ယုံကြည်လို့၊ ငါက မာ့စ်ဝါဒ မယုံကြည်လို့ ဖြစ်နေရင်လည်း ကျောင်းသား လှုပ်ရှားမှုလုပ်လို့ မရဘူး။ ငါတို့ခေတ်တုန်း ကျောင်းသားလိုင်းထဲမှာ နိုင်ငံရေး အယူအဆ အင်အားစု သုံးစုရှိတယ်။ အဲတော့ CPB နဲ့ပတ်သက်တဲ့ အုပ်စု၊ အလံနီနဲ့ ပတ်သက်တဲ့အုပ်စု၊ ပြည်သူ့ရဲဘော်နဲ့ပတ်သက်တဲ့ အုပ်စု ရှိတယ်။ ဒါတွေက ငါတို့ တစ်ယောက်ချင်းနဲ့ ဆိုင်တဲ့ကိစ္စပဲ။ ကိုယ်ဟာ ကိုယ် ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ကိစ္စပဲ။ ကျောင်းသားသမဂ္ဂနဲ့တော့ ဆိုင်တာမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂက ဖွဲ့စည်းပုံနဲ့အညီ အလုပ်လုပ်ဖို့ပဲ။ သီးခြားမတူတဲ့ ယုံကြည်မှုတွေရှိတာနဲ့ ပတ်သက်လို့ ဒီကျောင်းသားခေါင်းဆောင် လုပ်နေတဲ့ သူက ကျောင်းသားလှုပ်ရှားမှုထဲမှာ သူ ဘာမှပြောစရာဆိုစရာ တာဝန်မရှိဘူး။ ဆိုလိုတာက တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရနေလို့ အဲဒီက ကျောင်းသားခေါင်းဆောင်က ကွန်မြူနစ်ဝါဒအကြောင်း ပြောရင်လည်း ပြောမယ်၊ စည်းရုံးချင်လည်း စည်းရုံးမယ်။ ငါတို့ဆီမှာ ဒီအခြေအနေမရှိဘူး ဟုတ်လား။ ဒီအခြေအနေမရှိလို့လည်း ငါတို့လည်း ဘာမှမလုပ်ဘူး။ ငါတို့ တာဝန်ယူလုပ်ကိုင်နေတဲ့ သမဂ္ဂ အဖွဲ့အစည်းထဲမှာ ဟေ့ကောင် မာ့စ်ဝါဒ ယုံကြည်၊ မယုံကြည်နဲ့ ဆိုတာကို ငါတို့ ပြောကိုမပြောခဲ့ဘူး။ ဒါက တို့နဲ့ ပတ်သက်တဲ့ သူတွေကလည်း ငါတို့ကို သေချာလေ့ကျင့်ပေးထားတာ။ နားလည်အောင်ပြောထားတာ။ ဒီလိုနေရမယ်၊ ဒီလိုထိုင်ရမယ်၊ ဒီလိုပြောရမယ်၊ ဒီလိုမပြောရဘူး၊ ဒီလိုနေရင် ဒီလိုဖြစ်တယ် ပြောထားတယ်။ ကျောင်းသား သမဂ္ဂလုပ်တဲ့အခါမှာ ဘာပြဿနာမှ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တို့ခေါင်းဆောင်တဲ့သူတွေကလည်း စီနီယာတွေလည်း များတယ်။ တို့ကို နားလည်အောင်လည်း ပြောဆိုထားတယ်။

အခုလည်း အဲလိုရှိချင်လည်းရှိမယ်၊ မရှိချင်လည်း မရှိဘူး။ ငါ သေချာ မပြောနိုင်ဘူး။ ကလေးတွေနဲ့ တွေ့တဲ့အုပ်စုတွေလည်း ရှိပါတယ်။ ရှိပေမယ့် ဒါကတော့ လူမှာ မင်းက ဘာယုံကြည်တယ်။ ညာယုံကြည်လဲဆိုတာ ပြောရိုး ထုံးစံမရှိဘူး။ သတိထားပြီးတော့လည်း နေတယ်။ သို့သော် တကယ်လို့ အကြောင်းကြောင်းကြောင့် သူက မာ့စ်ဝါဒယုံကြည်တယ်။ သူက လစ်ဘရယ် ဒီမိုကရေစီ ယုံကြည်တယ်။ ဒါ သူ့ လွတ်လပ်ခွင့်ပဲ။ ကျောင်းသားသမဂ္ဂထဲကို မာ့စ်ဝါဒတို့ လစ်ဘရယ်ဒီမိုကရေစီတို့ကို ဆွဲထည့်မလာနဲ့။ ကျောင်းသားသမဂ္ဂ ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဥ်တွေ၊ သူ့ဖွဲ့စည်းပုံနဲ့အညီ နေထိုင်လုပ်ကိုင်ရ တယ်။ သူ ကျောင်းသားသမဂ္ဂ လုပ်ကိုင်တဲ့အခါမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံ အတိုင်း သူရပ်ရမယ်။ ဟိုလူ ဒီလူနဲ့ စကားပြောချင်ရင် သီးခြားပြော။ ဒီ ဖွဲ့စည်းပုံထဲမှာ အလုပ်လာမရှုပ်နဲ့။ ဒါ ငါတို့ခေတ်တုန်းထဲက ရှိတာ။ ငါတို့ ခေတ်တုန်းကတော့ ဘာမှ မဖြစ်ကြဘူး ပေါ့ကွာ။ အခုတော့ ဒီဘက်ခေတ် မှာက မာ့စ်ဝါဒယုံကြည်တဲ့သူကလည်း ဘာမှသိတာမဟုတ်ဘူး။ မယုံကြည်ဘူး ဆိုတဲ့သူကလည်း ဘာမှသိတာ မဟုတ်ဘူး။ အဲဒီလိုရှိတယ်။ နောက်တစ်ခုက ဗမာပြည်မှာ ကျောင်းသား ညီညွတ်ရေးကို ဖြိုခွဲတာ ခေတ်အဆက်ဆက်မှာ အာဏာရပါတီနဲ့ အာဏာရအစိုးရပဲ။ ဘာကြောင့်လဲဆိုတော့ ဦးနုဆို တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်ပဲ။ ဦးကျော်ငြိမ်းဆို တက္ကသိုလ်သမဂ္ဂ အမှုဆောင်ပဲ။ တကယ်တော့ ဖဆပလအစိုးရပဲဖြစ်ဖြစ်၊ မဆလအစိုးရပဲ ဖြစ်ဖြစ် အကုန်လုံးက ကွန်မြူနစ်ဆန့်ကျင့်ရေးအစိုးရတွေပဲ။ ငါတို့ကို ပုဂ္ဂိုလ်ရေးအရ အရေးယူတာပင်လျှင် လှရွှေကျောင်းသားခေါင်းဆောင်၊ ဘယ်က ဥက္ကဋ္ဌ၊ ညာက ဥက္ကဋ္ဌဆိုတာထက် လှရွှေ ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တယ်ဆိုတာနဲ့ အရေးယူတာ။ ငါတို့ရှိနေတဲ့ ကျောင်းသားသမဂ္ဂ အဆင့်အတန်းနဲ့ အရေးယူတာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အစိုးရဘက်က ဒီလိုပဲ သဘောထားတာ။ ဒါ သဘာဝကျပါတယ်။ သူတို့ကလည်း ကွန်မြူနစ်ကို ရန်သူလို့ သတ်မှတ်ထားတော့ ကွန်မြူနစ်တစ်ယောက် မိလာရင် သူက ပစ် မသတ်တာပဲ တော်လှပြီ။ အဲဒီလိုရှိတယ်။

ဟိုစဥ်တုန်းထဲက တစ်သက်လုံးအတွေ့အကြုံအရပြောရင် ဦးနု ဖဆပလ ခေါင်းဆောင် ဖြစ်စဥ်တုန်းကလည်း ဦးနုကြောင့်ပဲ ကျောင်းသားတွေ ကြား ထဲမှာ ညီညွတ်ရေးပြိုကွဲမှုဖြစ်တယ်။ တစ်ခါ ဒုတိယနှစ်ပိုင်း ရောက်လာတော့ ဦးကျော်ငြိမ်းကြောင့် ကျောင်းသားသမဂ္ဂတွေ ညီညွတ်ရေး ပြိုကွဲတာ ဖြစ်တယ်။ ပထမဆုံးအောက်တိုဘာ Strike မှာဆိုရင် ကျောင်းသားတွေ ဘက်က တိုးတက်သော အင်အားစုဖြစ်တယ်။ ဟိုဘက်က DSO ဖြစ်တယ်။ အောက်တိုဘာ Strike ဆိုရင် အဆိုးဆုံးပဲ။ ညဘက်ဆိုရင် အဲတုန်းက သပိတ် ဌာနချုပ်က အင်းဝပေါ့။ မစ္စတာ ရာရှစ်က ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌလုပ်ခဲ့တာ။ မစ္စတာရာရှစ်နဲ့ တစ်ယောက် ပါသေးတယ်။ သူတို့ သုံးယောက်က သူတို့ကိုယ်တိုင် မနက်(၄) နာရီလောက်မှာ ရဲကားအပြည့်အစုံနဲ့ ခေါ်လာပြီးတော့ အဲဒီအင်းဝဆောင်တံခါးကို နောက်ကနေ ဆွဲတံခါးကို လော်လီကားလိုနဲ့ ဆွဲဖွင့်ပြီးတော့ အင်းဝဆောင်ထဲကို အကုန်လုံး မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ မီးသတ်ပိုက်တွေနဲ့ပတ်၊ အတင်းဝင်ပြီးတော့ နံပါတ်တုတ်နဲ့ရိုက်။ အဲလိုဖြိုခွဲပစ်တာ။ အဲဒါ မစ္စတာရာရှစ်က တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌလုပ်ခဲ့တဲ့သူ။ အဲဒီလိုရှိတယ်။ အဲဒီလို တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ လုပ်ခဲ့တဲ့သူတွေက ငါတို့ကို အဲဒီလိုလုပ်ခဲ့တယ်။ အင်းဝဆောင် တစ်ဆောင်လုံး မှာရှိတဲ့ ကျောင်းသား (၄၀) လောက်ကို အကုန်လုံး ဆေးရုံရောက်အောင် လုပ်ခဲ့တယ်။ အဲဒါ မစ္စတာရာရှစ် လုပ်ခဲ့တာပဲ။ မစ္စတာ ရာရှစ်နဲ့ ဗိုလ်ခင်မောင်လေး နှစ်ယောက်လာတယ်။ ဗိုလ်ခင်မောင်လေးက ပြည်ထဲရေးဝန်ကြီး။ မစ္စတာရာရှစ်က ဒုဝန်ကြီးချုပ် လုပ်ခဲ့တာ။ အဲဒီတော့ ရှေ့က သမိုင်းတွေကို ကိုယ်နဲ့မပတ်သက်ဘူးလို့ လုပ်လို့ မရဘူး။ တစ်စုံတစ်ရာရပ်ခံပြီး ပြောရမယ်။ အဖြစ်မှန်ကိုတော့ ပြောရမယ်။ ငါတို့ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ လုပ်ခဲ့ပြီးတော့ မလုပ်ဘဲ ကျန်တာ ဆိုလို့ မသေခဲ့တာဘဲ ရှိတယ်။ သေရမယ့် နေရာတွေ ရောက်ပြီးတော့ သေရမယ့် အလုပ်တွေကို လုပ်ခဲ့တာ။ မသေဖြစ်ခဲ့ဘူး။ 7 July တုန်းကတောင် ငါတို့က အရင်အဖမ်းခံရပြီးမှ ပစ်တာခတ်တာ လုပ်လို့ မသေခဲ့တာပဲ။ ငါက ရှိနေတဲ့ အခါမှာ ဘာပဲပြောပြော နိုင်ငံရေးကွင်းကြီးတစ်ခုလုံး ငါ့ကို ဘယ်သူမှ တာဝန် ပေးထားတာတော့ မရှိပါဘူး။ သို့သော်လည်း ဒီလက်ရှိပစ္စက္ခနိုင်ငံရေးနဲ့ ပတ်သက်နေတဲ့ လူတစ်ယောက်အနေနဲ့ မပြောသင့်တာ မပြောဖြစ်အောင်၊ ပြောသင့်တာ ပြောဖြစ်အောင် ငါ့မှာ ဒီတာဝန်ရှိတယ်လို့။ ငါ့ကျတော့ ငါ့ဟာငါ စိတ်သန့်မှာ မဟုတ်ဘူး။ ငါက တချို့ကိစ္စတွေ တက်မပြောဘဲ နေချင်တာ ပေါ့ကွာ။ နောက်တစ်ခုက သိပ်ပြီးတော့ ကိုယ့်ဟာကိုယ် လိုအပ်တာ ထက်ပိုပြီး အထင်ကြီးပြီး စွတ်ပြောရင်လည်း မကောင်းဘူး။ တချို့ ကိစ္စတွေမှာ ကိုယ် တစ်ယောက်တည်း သိတယ်လို့ မထင်ပါနဲ့။ နိုင်ငံရေးသမားဟာ ခိုင်မာတဲ့ ယုံကြည်မှုရှိဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့်် သိမြင်နားလည်ဖို့လိုတယ်။ far-sighted ဖြစ်ဖို့ လိုတယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

အဆုံးမှတ်စုများ

1 Zengakuren ခေါ် Zengaku kyōtō kaigi သည် ၁၉၆၈-၁၉၆၉ ခုနှစ် ဝန်းကျင်တွင် ဖွဲ့စည်းခဲ့သောဂျပန် တက္ကသိုလ်ပေါင်းစုံအခြေပြု လက်ဝဲဝါဒီဂျပန်ကျောင်းသားအဖွဲ့ များဖြစ်သည်။ Zengakuren အကြောင်းအသေးစိတ်သိရှိလိုပါက Stuart J Dowsey ရေးသားသည့် Zengakuren: Japan’s Revolutionary Students (2012) စာအုပ်နှင့် နှင့် မြန်မာဘာသာဖြင့်အကျဉ်းချုပ် ပြန်လည်ရေးသားထားသောဆောင်းပါးကို အောက်ပါ link တွင်ဖတ်ရှုနိုင်ပါသည် (Wa Kha Mount, 2022)။

ကိုးကားချက်များ

Dowsey, S. J. (Ed.). (2012). Zengakuren: Japan’s Revolutionary Students. Ishi Press.

Wa Kha Mount. (2012, December 12). Zenkyōtō (全共闘) (အရှည် Zengaku kyōtō kaigi (全学共闘会議) သည် တက္ကသိုလ်ပေါင်းစုံ တော်လှန်ရေးလှုပ်ရှားမှုကော်မတီ (All-Campus Joint Struggle Committees) သည် အစိုးရနှင့် ဂျပန်ကွန်မြူနစ်ပါတီ (JCP) တို့ကို ဆန့်ကျင်သော ဝါဒအစွဲမရှိသည့် တော်လှန်သော လက်ဝဲဝါဒီ ဂျပန် ကျောင်းသားအဖွဲ့များဖြစ်သည် [Facebook post]. Facebook. https://www.facebook.com/permalink.php?story_fbid=pfbid02vCRB1bDKwbQAUkHEykLCFQDYrokn8TVsvZoWFK67BVBHfL9UiR8UHD4WLdWyQL68l&id=100080931002802