လှုပ်ရှားတက်ကြွကျောင်းသားနိုင်ငံရေးမှသည်ငြိမ်းချမ်းရေးညှိနှိုင်းဆွေး‌‌နွေးရေးဆီသို့

စိုင်းကျော်ညွန့် | Click here to read this article in English.

Cite as: 
စိုင်းကျော်ညွန့် (၂၀၂၃)၊ လှုပ်ရှားတက်ကြွကျောင်းသားနိုင်ငံရေးမှသည်ငြိမ်းချမ်းရေးညှိနှိုင်းဆွေး‌‌နွေးရေးဆီသို့၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4388

စာတမ်းအကျဥ်း

၂၀၁၆ ခုနှစ်တွင် ရေးသားခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြည်ထောင်စု တစ်ရပ်ကို တည်ဆောက်ရာတွင် ထည့်သွင်းပါဝင်ရန် ရည်ရွယ်ထားခဲ့သည့် ဤကိုယ်ရေးအတ္ထုပ္ပတ္တိသည် စိုင်းကျော်ညွန့်၏ ဘဝဖြတ်သန်းမှုထဲမှ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စတင်တက်ရောက်ခြင်းမှစပြီး ၂၀၁၆ ခုနှစ်တွင် ‘ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ’ ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်အထိ ပါဝင်ပါသည်။ ကျောင်းသားနိုင်ငံရေးများ တွင် ပါဝင်ပြီးနောက်ပိုင်း စိုင်းကျော်ညွန့်သည် တရားစွဲဆိုခြင်းခံခဲ့ရကာ ၁၉၉၈ ခုနှစ်တွင် ထောင်သွင်းအကျဥ်းချခံခဲ့ရပါသည်။ ၎င်းသည် အကျဥ်းထောင် များစွာတွင် အခြားသော နိုင်ငံရေးအကျဥ်းသားများနှင့် တွေ့ဆုံခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်ပြီးနောက်ပိုင်းတွင် Myanmar Institute of Democracy ၏ ထည်ထောင်သူ ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ကာ ထိုမှထွက်ခွာပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်၍ ‘ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ’ ၏ အတွင်းရေးမှူးတစ်ဦးအဖြစ် (၂၁) ရာစု ပင်လုံညီလာခံကို စည်းဝေးကျင်းပရာတွင် ကူညီခဲ့ပါသည်။

မိတ်ဆက်

“ပြည်ထောင်စုမှာ ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်ဆိုရင် ကဒူးကို လည်း တစ်ကျပ်ပေးရပါမယ်။”

“လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းပေးရပါမယ်။”

“ရှမ်းနီပြည်နယ်ကို တည်ထောင်ဖွဲ့စည်းပေးရပါမယ်။”

“ပအိုဝ်းအမျိုးသားပြည်နယ်ပေါ်ထွန်းရေး။”

“ပလောင်ပြည်နယ်ပေါ်ထွန်းရေး။”

“ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် မိမိတို့ အာခါလူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပြန့်ကျဲ နေထိုင်လျက်ရှိသော အာခါလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်နိုင်ရန် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်များ ၌ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးများတွင် ပါဝင်နိုင်ရေးသည် အာခါလူမျိုးများ၏ ဆန္ဒဖြစ်ကြောင်း။”

“ပြည်ထောင်စုအသစ် တည်ဆောက်ရေးမူဝါဒကို ဆွေးနွေးရန် ‘ဝ’ ပြည်နယ်အနေဖြင့် ဆန္ဒရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသော တိုင်းရင်းသားဒေသသည် ဒေသအချုပ်အခြာအာဏာ ဖြင့် ဗမာလူမျိုးနှင့် တန်းတူညီမျှစွာ နိုင်ငံတော်အာဏာထဲသို့ ပါဝင်ရမည်။”

“ဖက်ဒရယ်ပြည်ထောင်စု၏ အမည်ကို ‘ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ’ ဟု ဆက်လက်ခေါ်တွင်ခြင်း မပြု သင့်ပေ။ မြန်မာနိုင်ငံဟူ၍ ဖြစ်စေ၊ ဗမာနိုင်ငံဟူ၍ ဖြစ်စေ၊ အင်္ဂလိပ်ဘာသာစကားဖြင့် Burma သို့မဟုတ် Myanmar ဟူ၍ဖြစ်စေ ခေါ်တွင်ခြင်းသည် ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင်လာခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် မြန်မာအမျိုးသားများကိုသာ ရည်ညွှန်းနေသည်။ သို့ဖြစ်ပါ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ တန်းတူ ညီမျှမှုကို ဖေါ်ဆောင်နိုင်ရန် ထိုတိုင်းရင်းသားလူမျိုးများ အားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမ အသစ်တစ်ခု သတ်မှတ်ခေါ်တွင်ရပေမည်။”

“လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။”

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး (သို့) အသစ် ရေးဆွဲရေး။”

“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။”

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုတည်တံ့ခိုင်မြဲ ရေး မပျက်ယွင်းစေသော ချဉ်းကပ်မှုမျိုးဖြင့် သုံးသင့်ပြီး အာဏာသုံးရပ်ခွဲဝေရေးကို ဥပဒေများနှင့်အညီ ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေး ကူညီဆောင်ရွက် ပေးရပါမည်။”

“အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက်ကို အလေးအနက်ထား တင်ပြအပ် ပါသည်။”

“နအဖ အစိုးရက ပြည်သူလူထုအား အာဏာဖြင့် အတင်း အကျပ် အတည်ပြုစေခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ပြင်ဆင်ရန် အလွန့်အလွန်ခက်ခဲသည့် ဥပဒေဖြစ်သလို တိုင်းရင်းသားပြဿနာကို ပိုမိုရှုပ်ထွေးစေသည့် အခြေခံဥပဒေ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်ကို အထူးအခွင့်အရေး ပေးထားသလို တပ်မတော်ကလည်း ၂၀၀၈ အခြေခံဥပဒေအား ကာကွယ်နေသည့် အခြေအနေအောက် တွင် တိုင်းရင်းသားတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးမှာ လက်နက်ကိုင်တပ်ဖွဲ့၏ လွှမ်းမိုးမှုခံရ လျက် ရှိပါသည်။”

“ပြည်ထောင်စုမြန်မာနိုင်ငံ၌ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ပဋိပက္ခပြဿနာ အမြစ်တွယ်နေရခြင်းမှာ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက် ခြင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်း ခွင့်မရသည့် အကျိုးဆက်ကြောင့် ဖြစ်သည်။”

~

အာခါ၊ လီဆူအပါအဝင်လူမျိုးစုငယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး အရေးဆိုမှုများ၊ ပအိုဝ်း၊ ပလောင်နှင့် ရှမ်းနီ အပါအဝင် တိုင်းရင်းသား လူမျိုး များ၏ ပြည်နယ်ရရှိရေး အရေးဆိုမှုများ၊ လူနည်းစု အခွင့်အရေးရရှိရေး အရေးဆိုမှုများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်သာ ရရှိထားသော်လည်း ပြည်နယ်အဖြစ် သုံးနှုန်းနေမှုများ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ပြဿနာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ အသစ်ရေး ဆွဲရန် အကြံပြုဆွေးနွေးမှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် ဆွေးနွေးနေမှုများ စသည်ဖြင့် အနှစ် (၇၀) နီးပါးရှိခဲ့သည့် ပြည်တွင်းပဋိပက္ခ များကို ထင်ဟပ်စေသော ဆွေးနွေးမှုများကို တစ်နိုင်ငံလုံး လူသိရှင်ကြား ထုတ်လွှင့်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) မှ ကောက်နှုတ်ချက်အချို့ ဖြစ်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျွန်တော်စိုင်းကျော်ညွန့်၏ ညီလာခံ ဆွေးနွေးချက်များမှ ကောက်နှုတ်ချက်အချို့ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းသော ဤငြိမ်းချမ်းရေးညီလာခံတွင် ပါဝင် ပတ်သက်ခဲ့ရသည့် ကျွန်တော်၏ နောက်ကြောင်းကို ပြန်လည် လှမ်းမျှော် ကြည့်ရပါလျှင်…

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားလေးကျွန်တော်

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရှမ်းပြည်နယ်၊ လားရှိုးသား ကျွန်တော် BPI မှတ်တိုင်ရှေ့တွင် လိုင်းကားပေါ်မှဆင်းကာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း ဝင်းထဲသို့ ခြေချလိုက်သည်။ ပင်မကျောင်းဆောင်ရှိ (၁၈) တိုင်နား ရောက်သော အခါ သိမ်ငယ်မှုကို ခံစားရသည်။ ဤကျောင်းတော်ကြီးသည် များစွာမှပင် ခံ့ညားသည့်အပြင် ဟိတ်ဟန်လည်း ကြီးလွန်းလှပေသည်။ “ငါ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပြီကွ”ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးလိုက် သည်။

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးသည် မြန်မာနိုင်ငံ ကျောင်းသားလောကတွင် အထင်ကရဖြစ်သည်။ တစ်နိုင်ငံလုံးမှ အတော်ဆုံး ဟူသော ကျောင်းသားများ စုစည်းထားသည့် ကျောင်းတော်ကြီးလည်း ဖြစ် သည်။ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့သော ကျောင်းသားများ၊ နိုင်ငံရေး သမားများစွာ ပေါ်ထွန်းခဲ့သောကြောင့် သူပုန်ကျောင်းဟု လည်းကောင်း၊ ရဲရဲ တောက်ကျောင်းတော်ကြီးဟူ၍ လည်းကောင်း၊ ကျောင်းနီတော်ကြီးဟူ၍ လည်းကောင်း အမျိုးမျိုး တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ဤမျှ အစဥ်အလာကြီး မားသော ဘူမိနက်သန်နေရာမှန်ကို ကျွန်တော် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း အစောပိုင်းနေ့ရက်များက အလျဉ်းမသိရှိခဲ့ပေ။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ (၆) လသာလျှင် သင်ကြားရသည့် ပညာရေးစနစ်ဖြင့် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့သည်။ ပထမနှစ်တွင် ကျောင်းဆူနိုင်သည့်အတွက် ဖြတ်သန်းခွင့် ပိတ်ထားသော ဩဘာလမ်းကို ဖြတ်လျှောက်ခြင်း၊ တစ်ကျောင်းလုံးရှိ ဆံရှည်ထားသူ ကျောင်းသား (၃) ဦး အနက် တစ်ဦးဖြစ်ခြင်း၊ ထိုစဥ်က အမေရိကန်သမ္မတ၏ နာမည်ဖြစ်သည့် ကလင်တန်ကို မိမိနာမည်‌ပြောင်အဖြစ် သူငယ်ချင်းများက ခေါ်ခြင်း၊ နာမည်ရင်း စိုင်းကျော်ညွန့်ကို မည်သူမျှ မခေါ်ပဲ ရှမ်းကြီး (သို့) ကလင်တန် ဟုသာ ခေါ်ကြခြင်း၊ လူစုစုဆိုလျှင်ပင် အမြဲပါဝင်ခြင်းတို့ကြောင့် မော်ကွန်းထိန်း များနှင့် ဆရာများက အမြဲခေါ်ယူသတိပေးခံရသော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။

ရန်ကုန်စက်မှုတက္ကသိုလ် ဒုတိယနှစ်တက်ရောက်စဥ် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ ညခင်း (၉) နာရီကျော်တွင် စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်၌ ရဲတပ်ဖွဲ့များက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များကို စစ်ဖိနပ်ဖြင့် မတရား ကန်ကျောက် ရိုက်နှက်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအပါအဝင် တက္ကသိုလ်၊ ကောလိပ် အသီးသီးမှ ကျောင်းသားများက အောက်တိုဘာလ (၂၁) ရက်တွင် –

(၁) ကျောင်းသားများကို ဥပဒေမဲ့ရိုက်နှက်ခဲ့သည့် စည်ပင်ရဲများကို ဖမ်းပေးရန်၊
(၂) ပြစ်မှုကျူးလွန်ခဲ့သူများ ကျောင်းသားတို့ရှေ့မှောက် လာရောက် ဝန်ချ တောင်းပန်ရန်၊
(၃) ဤဖြစ်ရပ်အား နောက်ကွယ်မှ စီစဥ်ညွှန်ကြားသူများကို အရေးယူပေး ရန်၊
(၄) ဖြစ်ရပ်ကို အမှန်အတိုင်း သတင်းစာ၊ ရေဒီယိုများမှတစ်ဆင့် ဖော်ပြ ပေးရန် စသည့် တောင်းဆိုချက်များဖြင့် ကမာရွတ်မြို့နယ်၊ လှည်းတန်း လမ်းဆုံရှိ အဝိုင်းနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း အတွင်းတွင် နောက် တစ်နေ့မနက် မိုးလင်းခါနီးအထိ ဆန္ဒပြခဲ့ကြသည်။

တာဝန်ရှိသူများသည် ကျောင်းသားများ၏ တောင်းဆိုမှုများကို အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ပါဝင်လှုပ်ရှားခဲ့သော ဦးဆောင်သူ ကျောင်းသားများကို မိဘနေရပ်ထံပြန်ပို့ခြင်း၊ ထောက်လှမ်းရေးမှ မော်ကွန်းထိန်းရုံးခန်းတွင် မကြာခဏ ခေါ်ယူမေးမြန်းခြင်း စသည့် ဖိနှိပ်မှုပုံသဏ္ဌာန်တို့ဖြင့် တုံ့ပြန်လာသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ဤ အောက်တိုဘာ ကျောင်းသားအရေးအခင်းသည် ကျွန်တော် စိုင်းကျော်ညွန့် ပထမဦးစွာ ကြုံတွေ့ခဲ့ရသော ကျောက်နံရံကို ခေါင်းနှင့် တိုက်ကာ ဖြိုချရန် ကြိုးစားသည်နှင့် အလားသဏ္ဌာန်တူသော စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်ခဲ့သည်။ ပထမအတွေ့အကြုံဖြစ်သဖြင့် ကျောင်းသား ခေါင်းဆောင်များ၏ ဦးဆောင်မှုတွင် နောက်မှသာ တက်ကြွစွာ ပါဝင်ခဲ့ရပေ သည်။

၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် ကျောင်းသားလှုပ်ရှားမှု၌ ပါဝင် ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ၏ နေအိမ်သို့ စာတစ်စောင် ရောက်ရှိလာပါသည်။ ၎င်းစာတွင် “ကျောင်းသားဆိုရင် မိဘပြည်သူတွေ အားလုံးက ချစ်ကြတယ်။ တက္ကသိုလ်ကျောင်းသားဆိုတာနဲ့ အနာဂတ် တိုင်းပြည်အတွက် အားထားရမယ့်သူတွေအဖြစ် မြင်ကြတယ်။ အခုတော့ ကျောင်းသားမြင်ရင် အားလုံးက ရှောင်ကြ၊ ရှားကြ၊ ပြေးပုန်းနေရပြီ။ ဒါ ဘာကြောင့်လဲ။ ငါကျောင်းသားဆိုပြီး ဘတ်စ်ကားကို ကားခမပေးဘဲ စီးတယ်။ ဘတ်စ်ကားစပယ်ယာနဲ့ ရန်ဖြစ်တယ်။ အချိန်မတော် စားသောက်ဆိုင်မှာ ပြဿနာလုပ်ပြီး စားပွဲထိုးနဲ့ ရန်ဖြစ်ပြီးတော့ ကျောင်းသားတွေ မတရား အရိုက်ခံရတဲ့ ပုံစံမျိုး သွေးထိုးလှုံ့ဆော်တယ်။ ပြဿနာကို ပိုမိုကြီးထွားအောင် ဆူပူမှုဖြစ်အောင် လုပ်တယ်။ ပညာတတ်ဉာဏ်နဲ့ စဥ်းစားကြည့်ပါ။ ကားစပယ်ယာ၊ စားပွဲထိုး၊ စည်ပင်သာယာက အလုပ်သမားနဲ့ ရန်ဖြစ်တာ ကျောင်းသား ဂုဏ်သိက္ခာနဲ့ ညီပါသလား။ ဒီနေ့ဒီအချိန်မှာ ပြည်သူများဟာ အေးအေးချမ်းချမ်း ရောင်းဝယ်ဖောက်ကား နေလိုကြတယ်။ ဆူပူလှုံ့ဆော်တာ ဟာ အာဏာပြဿနာဖြစ်တယ်။ ကျောင်းသားတွေဟာ အသုံးချခံ မဖြစ်သင့် ဘူး။ နိုင်ငံရေးသမားတွေဟာ ရောနှောပြီး ကျောင်းသားကို အသုံးချနေတာ ဖြစ်တယ်။ အေးချမ်းစွာ ပညာသင်ကြားလိုသူ ကျောင်းသားများ” ဟူ၍ ဖော်ပြပါရှိခဲ့သည်။

၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ (၉) နာရီခွဲခန့်မှစတင်၍ ရန်ကုန် စက်မှုတက္ကသိုလ် ပင်မဆောင် (၁၈) တိုင်အောက်တွင် ကျောင်းသားများ စုစည်း၍ –

(၁) ကျောင်းသားများကို နှိမ့်ချသွေးခွဲသော စာရေးသားပေးပို့သူများကို ထုတ်ဖော်အရေးယူပေးရန်
(၂) ဦးဆောင်ပါဝင်သော ကျောင်းသားများကို ကျောင်း မထုတ်ရန်
(၃) နိုင်ငံရေးကိစ္စမဟုတ်သဖြင့် ကျောင်းလုံးဝမပိတ်ရန်
(၄) သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ အစိုးရက အဖြစ်မှန်ကို ထုတ်ပြန်ကြေညာရန်နှင့် ကျောင်းသားများကို ဝန်ချတောင်းပန်ရန် စသည့် တောင်းဆိုမှုများဖြင့် သက်ဆိုင်ရာအာဏာပိုင်များက လာရောက် ညှိနှိုင်းပေးရန် ဆန္ဒပြခဲ့ကြသည်။ အာဏာပိုင်များက တောင်းဆိုချက်ထဲမှ ကျောင်းမပိတ်ရန်နှင့် ကျောင်းသားခေါင်းဆောင်များကို ကျောင်းမထုတ် ရန်ကိုသာ သဘောတူပြီး ကျန်သည်များကို သဘောမတူခဲ့ပေ။ ကျောင်းသားခေါင်းဆောင်များက လူထု၏ အကူအညီကို ရယူရန် လိုအပ် သည်ဟု အဆိုပြုရာ ကျောင်းသားများ လက်ခံကြ၍ လမ်းပေါ်ထွက် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြသည်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝင်းမှထွက်၍ လှည်းတန်းလမ်းဆုံအထိ စနစ်တကျစီတန်းကာ လမ်းလျှောက်ဆန္ဒပြကြသည်။ လှည်းတန်းလမ်းဆုံတွင် Regional College-2(RC2)နှင့် ရန်ကုန် ပင်မတက္ကသိုလ်မှ ကျောင်းသားများနှင့် ပူးပေါင်းမိသည်။ ညနေပိုင်းသို့ ရောက်လာသောအခါ ကျောင်းသားထု အခွင့် အရေးဆိုင်ရာ ဟောပြောမှုများသာမက ဗကသများအဖွဲ့ချုပ် ကြေညာချက် များ၊ လူ့အခွင့်အရေးဆိုင်ရာများ၊ အစိုးရ၏ အဂတိလိုက်စားမှုများ၊ အများ ပြည်သူ ခံစားနေရသော လူမှုဒုက္ခများ၊ စစ်အစိုးရ၏ ဖိနှိပ်မှုများနှင့် စစ် အာဏာရှင်စနစ် ဆန့်ကျင်သည့်အသံများ ပါဝင်လာသည်။

ကျောင်းသားထုကြီးသည် လှည်းတန်းလမ်းဆုံမှတစ်ဆင့် လှည်းတန်း လမ်းမ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းတစ်လျှောက်မှ ရန်ကုန်မြို့ထဲသို့ ချီတက်ခဲ့ ကြသည်။ မဟာဗန္ဓုလလမ်း၊ သိမ်ကြီးဈေး၊ ဆူးလေစေတီတော်၊ ထိုမှ ကုန်သည် လမ်းရှိ အမေရိကန်သံရုံး၊ ရန်ကုန်ဘူတာကြီး၊ ပန်းဆိုးတန်းလမ်းမှတစ်ဆင့် ရွှေတိဂုံစေတီတော်သို့ သွားရောက်ကာ သပိတ်စခန်းဖွင့်ရန် စီစဥ်ကြသည်။ သို့သော် ဆန္ဒပြသူများထဲမှ အချို့လောက်ကောင်များက ရည်ရွယ်ချက်ရှိရှိ အလံပြဘုရားလမ်းမှတစ်ဆင့် စစ်ရုံးကိုဖြတ်ကာ ဦးထောင်ဘိုအဝိုင်းကိုပတ်၍ ရွှေတိဂုံသို့ သွားသောလမ်းကို ရွေးချယ်ဦးဆောင်ခဲ့သည်။ ဦးထောင်ဘို အဝိုင်းနှင့် ရွှေတိဂုံစေတီတော်အကြားရှိ ရဲဓမ္မာရုံရှေ့တွင် ဆန္ဒပြကျောင်းသား နှင့် ပြည်သူများကို လုံထိန်းများဖြင့် ရှေ့နောက်ပိတ်ဆို့ လိုက်သည်။ ကျောင်းသားများ အခြေအနေကို ရိပ်စားမိသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ အဆုံးစွန်ထိရင်ဆိုင်ရန် ကျောင်းသားသမဂ္ဂသီချင်းများကို သီဆိုကြသည်။ မိမိ ကိုယ်ကို သရဏဂုံတင်ကြသည်။ ဖြစ်ပျက်သမျှကို ရင်ဆိုင်ရန် အသင့်ပြင်သည်။ ဆန္ဒပြသည့်လမ်းတစ်လျှောက် လိုက်ပါခဲ့သော သံတမန်ကားများကို လုံထိန်းမှ စာရွက်တစ်ရွက် သွားပြရာ သံတမန်ကားများ နောက်ဆုတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သံတမန်ကားများ ဆုတ်ခွာသွားပြီး မကြာခင် ကျောင်းသားများကို နံပတ်တုတ်များဖြင့် ရိုက်နှက်ပြီး စတင်ဖြိုခွင်းပါတော့ သည်။ ၎င်းနောက် ဘေးတွင် အရန်သင့်ရပ်ထားသော ကားများပေါ်သို့ တက်ခိုင်းရာ အထိအခိုက်များသည့်အပြင် အမျိုးသမီးများလည်း ပါဝင်နေ သဖြင့် ကားပေါ်တက်ကြရန် ကျောင်းသားခေါင်းဆောင်များက ပြောဆိုရာ အားလုံး ကားပေါ်တက်ကြသည်။ ကျိုက္ကဆံကွင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်ကာ ထောက်လှမ်းရေးက ကျောင်းသားတစ်ဦးချင်းကို စစ်ဆေးမေးမြန်းသည်။ ကျွန်တော်အပါအဝင်ဖြစ်သော ကျောင်းသူကျောင်းသားများသာမက ပြည်သူ များသည်လည်း ဖမ်းဆီးခေါ်ဆောင်ခံရသည့်အထဲတွင် ပါဝင်ခဲ့ပါသည်။

ဖမ်းဆီးထားသော ကျောင်းသားများကို ပြန်လည်လွှတ်မပေးပါက လမ်းပေါ်ထွက်ဆန္ဒပြရန်အတွက် ကျောင်းအသီးသီးက ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် ဒီဇင်ဘာလ (၃) ရက် နေ့လယ်ပိုင်းတွင် ကျောင်းသားများကို သက်ဆိုင်ရာကျောင်းအသီးသီးမှ ပါမောက္ခချုပ်တို့က လာရောက်ခေါ်ဆောင် ကာ ကျောင်းအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်။

၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများသည် ဆရာများ တားဆီးသည့်ကြားကပင် ကျောင်းပြင်ပ လမ်းပေါ်ထွက်ကာ လမ်းလျှောက်ဆန္ဒပြကြရာ သမိုင်းလမ်းဆုံတွင် လုံထိန်း များ၏ တားဆီးခြင်းကိုခံရပြီး ကျောင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ကျွန်တော် စိုင်းကျော်ညွန့်သည် ခွပ်ဒေါင်းအလံကို ရှေ့မှကိုင်စွဲကာ ပါဝင်ခဲ့ပေ သည်။ ကျောင်းသားများသည် လှည်းတန်းတွင် ပြန်လည်စုဝေးကြရန် တီးတိုး တိုင်ပင်ကြပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျောင်းဝင်းအတွင်းမှ ထွက်ခဲ့ကြ သည်။ လှည်းတန်းတွင် ကျောင်းပေါင်းစုံမှ ကျောင်းသားများ စုစည်းဆန္ဒပြ ကြသည်။ ထိုနေ့ည သန်းခေါင်ကျော်လွန်ပြီး မနက် (၃) နာရီခန့်တွင် မီးသတ်ကားများဖြင့် ကျောင်းသားများကို လာရောက်ဖြိုခွင်းကြသည်။ လုံထိန်း များသည် အနီးအနားမှ ဆိုင်ခန်းမှန်များ၊ လမ်းဘေးရပ်ထားသော ကားမှန်များ ကိုပါ ဥပဒေမဲ့ ဖျက်ဆီးခဲ့ကြသည်။ ကျောင်းသားအချို့ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

တက္ကသိုလ်ပေါင်းစုံ ကျောင်းသားဆန္ဒပြပွဲများ၊ နိုင်ငံရေးနိုးကြားမှုများ အားကောင်းလာပြီး ဇန်နဝါရီလ (၉) ရက်နေ့၊ (၁၀) ရက်နေ့၊ (၁၁) ရက်နေ့တွင် အင်းစိန် (GTI)၊ ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် အပါအဝင် အခြား ကျောင်းများ၊ ကောလိပ်များနှင့် နောက်ပိုင်းတွင် မန္တလေးမြို့၊ မော်လမြိုင်မြို့၊ စစ်တွေ စသည့်မြို့ရှိ တက္ကသိုလ်များမှာပါ ကျောင်းသားလှုပ်ရှားဆန္ဒပြမှုများ ကူးစက်ပျံ့နှံ့သွားတော့သည်။ ထို့ကြောင့် စစ်အစိုးရက တက္ကသိုလ်ကျောင်းများ ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တော့သည်။

၁၉၉၈ ခုနှစ်တွင် တက္ကသိုလ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နှစ်ပြည့်ဖွင့်သည့် ပုံစံတော့ မဖြစ်ခဲ့ပေ။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များကို အသုတ်လိုက်ဖွင့်ခဲ့သည်။ ဦးစွာ ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ် ကျောင်းသားများကို နှစ်ပတ်သာ စာသင်ကြားခွင့်ပြုပြီး အတန်းတင်စာမေးပွဲ ကို ဖြေဆိုစေခဲ့သည်။ နောက်ဆုံးနှစ်ကျောင်းသားများမှာ စာမေးပွဲဖြေပြီး ဘွဲ့ရ ကြမည် ဖြစ်သဖြင့် တစ်စုံတစ်ရာ ဆူပူလှုပ်ရှားမှု မဖြစ်ခဲ့ပေ။ စတုတ္ထနှစ်နှင့် ပဉ္စမနှစ်ကျောင်းသားများကိုလည်း နှစ်ပတ်သာ စာသင်ကြားစေပြီး အတန်းတင်စာမေးပွဲ ဖြေဆိုစေခဲ့သည်။ ဆူပူမှုမဖြစ်ခဲ့။ ၎င်းနောက် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများကို စာသင်ချိန် တစ်လပေးကာ စာမေးပွဲဖြေဆိုရန် ကြေညာလိုက်တော့သည်။ ကျောင်းသားများ ကျောင်းတက် ရန် အမြို့မြို့အနယ်နယ်မှ အပြေးအလွှား လာရောက်ကြသည်။

ထိုအချိန်တွင်နိုင်ငံတကာမှ လှူဒါန်းသော အင်ဂျင်နီယာနှင့် သက်ဆိုင် သည့် သင်ထောက်ကူပစ္စည်းများကို ရန်ကုန်စက်မှုတက္ကသိုလ်သို့ မပေးဘဲ တပ်မတော်က ဖွင့်လှစ်ထားသော စစ်စက်မှုတက္ကသိုလ်သို့ ပို့ဆောင်ခဲ့သည်။ အင်ဂျင်နီယာဘာသာရပ်များကို ဤသို့ ကျောင်း နှစ်ပတ်၊ တစ်လ တက်ရုံဖြင့် စာပေးပွဲဖြေဆိုခိုင်းသော ပညာရေးကို ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများက လက်မခံနိုင်ကြဘဲ နှစ်ပြည့်သင်ကြားရသော ကောင်းမွန် သည့် ပညာရေးစနစ်ကို လိုလားကြောင်း ကျောင်းသားများက ရန်ကုန်စက်မှု တက္ကသိုလ် ပါမောက္ခချုပ်ထံတင်ပြပြီး ထိုမှတစ်ဆင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဝန်ကြီးမှ လာရောက်ဖြေရှင်းပေးရန် တောင်းဆိုကြသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဖြစ်သူ ဦးသောင်းမှ လာရောက်ရှင်းလင်းရာ ကျွန်တော် စိုင်းကျော်ညွန့်ကိုယ်တိုင် ဝန်ကြီးနှင့် ငြင်းခုံခဲ့ရသည်။ ၁၉၉၆ ခုနှစ်၊ UN အမှတ်တံဆိပ်ခတ်နှိတ်ထားပြီး UN အဖွဲ့ဝင်နိုင်ငံများ၏ အလံများ ပါဝင်သော တီရှပ်ကို ဝတ်ဆင်ထားသော၊ ဆံပင်ရှည်ထားသော၊ ရှမ်းကြီး (သို့) ကလင်တန်ဟု နာမည်ဆိုးဖြင့် ကျောင်းတွင် ကျော်စောသော ကျွန်တော်၏ သိသာထင်ရှားသော ပုံရိပ်တို့သည် ထောက်လှမ်းရေးသို့ သတင်းပို့နေသော ကျောင်းရှိ အင်ဖော်မာများအတွက် အထွေအထူးမှတ်မိဖို့ ကြိုးစားရန် မလိုအပ် တော့ပေ။ ဝန်ကြီး၏ ဖြေရှင်းပေးမှုများကို မကျေနပ်ကြသဖြင့် ကျောင်းသား များက သပိတ်မှောက်ဆန္ဒပြကြသည်။ အဘက်ဘက်မှ ဝိုင်းရံထားသော ကြောင့် ဤအကြိမ်တွင် ကျောင်းပြင်ပလမ်းမပေါ်သို့ သွားရောက်နိုင်သည့် အခွင့်အရေးမရခဲ့ပေ။

ကျွန်တော်အပါအဝင် ကျောင်းသား (၂၈) ဦးကို ရန်ကုန်စက်မှုတက္ကသိုလ် တွင် စာမေးပွဲဖြေဆိုခွင့်မပေးဘဲ အင်းစိန် GTI ကျောင်းတွင် မိဘအုပ်ထိန်းသူ များ ခေါ်ယူစောင့်ကြည့်စေလျက် စာမေးပွဲဖြေဆိုစေခဲ့သည်။ စာမေးပွဲဖြေဆိုပြီး တစ်လခန့်အကြာတွင် ကျွန်တော်နေထိုင်ရာ အပြင်ဆောင်ဖြစ်သည့် ဇေယျာသီရီလမ်းတွင် ရဲထောက်လှမ်းရေးများက လာရောက်ကာ “ညီလေးရေ ခဏမေးစရာရှိလို့ပါ” ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပါလေတော့သည်။ ထို့နေ့သည်ကား ဆေးပေါင်းခသောညဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၆၀ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ခရစ်သက္ကရာဇ် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ ညပိုင်းဖြစ်သည်။ အင်းစိန်အထူးထောင်သို့ ခေါ်ယူစစ်ဆေးကာ ဥပဒေ အရ ခုခံကာကွယ် ပိုင်ခွင့်မရရှိဘဲ အင်းစိန်အကျဉ်းထောင်ဘေးတွင် အထူးခုံရုံး ဖွဲ့၍ အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅/ညဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ် လိုက်ပေသည်။

၁၉၉၈ ခုနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြသည့် ရက်နှင့် မရှေးမနောင်းတွင် အခြားသော ကျောင်းသား လှုပ်ရှားမှုများ၊ နိုင်ငံရေး လှုပ်ရှားမှုများလည်း ဖြစ်ပွားခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ဖွဲ့စည်းမှုကို ထောက်ခံသော လှုပ်ရှားမှုနှင့် အခြားအခြား သော မြေအောက်လှုပ်ရှားမှု များပါ ဖြစ်ပွားခဲ့သည်။ စစ်အာဏာရှင်အစိုးရသည် ကျောင်းသားများ၊ ပါတီနိုင်ငံရေးသမားများ၊ လှုပ်ရှားတက်ကြွသူ ရာပေါင်းများ စွာကို ၁၉၉၈ တွင် မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များကို အမြစ်ဖြတ်ချေမှုန်းသည့် လုပ်ရပ်ဆိုလျှင် လည်း ဆိုနိုင်သော စစ်အာဏာရှင်တို့၏ လုပ်ရပ်ပင် ဖြစ်ပေတော့သည်။

အင်းစိန်အကျဉ်းထောင်ရောက် စိုင်းကျော်ညွန့်

၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) ညနေခင်း တွင် ထောက်လှမ်းရေးများက ကျွန်တော်နေထိုင်ရာ အဆောင် (အမှတ် ၁၃၊ ဇေယျာသီရိလမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်) သို့ လာရောက်ကာ “ညီလေးရေ မေးစရာရှိလို့ အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ” ဟုပြောဆိုရာ ကျွန်တော်သည်လည်း မည်သည့်မှားယွင်းမှုကိုမျှ ပြုလုပ်ထားခြင်းမရှိဟူ၍ မိမိကိုယ်ကို ယုံကြည်သည့်အလျောက် ထွက်ပြေးငြင်းဆန်ခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ သူတို့နောက် လိုက်ခဲ့ပေသည်။ လှည်းတန်းလမ်းဆုံရှိ ရဲစခန်းသို့ရောက်ရာ အမည်၊ ကိုယ်ရေးအကျဉ်းကို မေးပြီး တာဝန်အရဟုဆိုကာ လည်ပင်းအထိ ခေါင်းစွပ်စွပ်ပြီး ကျွန်တော်အား ကားဖြင့် တင်ခေါ်ကာ တစ်နေရာသို့ ခေါ်ဆောင်သွားတော့သည်။ ခေါင်းစွပ်ထားသဖြင့် မည်သည့်နေရာဒေသသို့ ခေါ်ဆောင်သွားသည် ဆိုသည်ကို ခန့်မှန်းရန် မလွယ်ကူပေ။

အဆုံးတွင် ကားပေါ်မှဆင်းကာ လမ်းအနည်းငယ် လျှောက်ရသည်။ အချို့ နေရာတွင် ခေါင်းငုံခိုင်းသည်။ ထို့နောက် ကျွန်တော်အား ထိုင်ခုံတစ်ခုံတွင် ထိုင်ခိုင်းသည်။ ခေါင်းစွပ်ကိုကား ဖယ်ရှားပေးခြင်း မရှိသေးဘဲ စွပ်မြဲစွပ်ထား သည်။ ကြည့်ရသည်မှာ အိမ်တစ်အိမ်ထဲ ရောက်သွားပုံပေါ်သည်။ ကျွန်တော် ထိုင်ရသော ထိုင်ခုံ၏ ခြေထောက်များသည် ညီညာခြင်းမရှိဘဲ ကိုယ်ကို ယိမ်းလိုက်လျှင် ထိုင်ခုံအနည်းငယ် စောင်းသွားသဖြင့် သတိထားကာ ထိုင်ရ သည်။ သိပ်မကြာလိုက် လူတစ်ဦးရောက်လာပြီး ကိုယ်ရေးရာဇဝင်မေးသည်။ ကျွန်တော် ကျောင်းသားများ ဆန္ဒပြပွဲတွင် မည်သို့ပါဝင်ခဲ့သည်။ အဘယ်ကြောင့် ပါဝင်ခဲ့ရသည်။ စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာကို မေးမြန်းသည်။ လေသံအေးအေးဖြင့် မိတ်ဆွေတစ်ယောက်အား မေးသကဲ့သို့ မေးမြန်းခြင်းဖြစ်သည်။ ထို့နောက် ခဏအသံတိတ်သွားသည်။ ထိုပုဂ္ဂိုလ် ပြန်သွားပုံပေါက်သည်။ သိပ်မကြာလိုက် ငှက်ဆိုးထိုးသံကဲ့သို့သော အသံနှင့်အတူ ကျွန်တော်အား ဆဲရေးတိုင်းထွာခြင်းရော ရိုက်နှက်ခြင်း အပါအဝင် ဇာတ်ကြမ်းခင်းမည့်သူ ဝင်လာတော့သည်။

“ရှမ်းကြီးဆိုတာ မင်းလားကွ” စကားတစ်ခွန်းမှ မဖြေကြားနိုင် သေးခင်ပင် “ဖုန်း၊ တိုင်း၊ ခွပ်” စကာ ပွဲကြမ်းပါတော့သည်။ စစ်ဆေးမေးမြန်း လိုက်၊ နှိပ်စက်လိုက်ဖြင့် လုပ်ချင်သလို လုပ်တော့သည်။ ဖြေလည်း ရိုက်သည်။ ဘာမှမပြောလည်း ရိုက်သည်။ လုပ်ချင်ရာ လုပ်ပြီး ထွက်သွားသည်။ ထို့နောက် လေပြေလေးဖြင့် စစ်ဆေးသူ ရောက်လာပြန်သည်။ ၎င်းနောက် ကြမ်းကြမ်း ကိုင်တွယ်သူ ရောက်လာပြန်သည်။ ဘယ်နှစ်ကြိမ်မှန်း မမှတ်မိတော့ပါ။ အကြောင်းအရာ တစ်ခုတည်းကိုလည်း အကြိမ်ပေါင်းမည်မျှ ဖြေဆိုခဲ့ရသည် ဆိုသည်ကို မမှတ်မိနိုင်တော့ပါ။ နှိပ်စက်နည်းများသည်လည်း စုံလင်လှပေ သည်။ ထမင်းကျွေးသည့်အခါတွင်တော့ ကိုယ့်ဘာသာ ခေါင်းစွပ်ချွတ်ခိုင်း သည်။ ခေါင်းစွပ်ချွတ်ချိန်တွင် မြင်ကွင်း၌ မည်သူမျှမရှိ။ ပတ်ဝန်းကျင်ကို ထမင်းသွက်သွက်စားရင်း စူးစမ်းကြည့်ရာ မြေစိုက်ဘန်ဂလို၏ ရှေ့ခန်းတွင် ရောက်ရှိနေသည်ကို သိရှိရသည်။ (နောင်တွင် သိရှိရသည်မှာ အင်းစိန် ထောင်မကြီးနှင့် တွဲလျက်ရှိသည် အင်းစိန်အထူးထောင်ရှိ အထူးအကျဉ်းသား များကို ထားရှိသည့်နေရာဖြစ်မှန်း သိခဲ့ရသည်။) ဤသို့လျှင် မေးမြန်းလိုက်၊ ခြိမ်းခြောက်လိုက်၊ ရိုက်နှက်လိုက်ဖြင့် (၃) ရက် မြောက်သော ညတွင် ကျွန်တော့်အား ခေါ်ဆောင်သွားပြန်သည်။ ရင်ထဲ၌ကား စိုးရိမ်မှုအပြည့်။ ယခု ထက်ဆိုးသော မည့်သည့်နေရာကို ပို့ပြန်ဦးမည်နည်း။

ကျွန်တော့်အား အခန်းတစ်ခုထဲသို့ ပို့လိုက်ကြသည်။ ခေါင်းစွပ်ကို ချွတ်ပေးသည်။ ကျွန်တော်မြင်ရသည်မှာ အိပ်ရန် သစ်သားကွပ်ပျစ်၊ ဂန်ဖလား တစ်ခု၊ အခန်းဝင်ပေါက် သံတိုင်တံခါးရှေ့တွင် ရေအိုးတစ်လုံး။ စစ်ဆေး မေးမြန်းသူမရှိသည့်အတွက် ကွပ်ပျစ်ပေါ်တွင် လှဲချလိုက်သည်။ ကျွန်တော် စီးသော Walker ဖိနပ်ကိုချွတ်၍ ခေါင်းခုကာအိပ်သည်။ (၃) ရက် လုံးလုံး အိပ်စက်ရသေးခြင်း မရှိသောကြောင့် လက်ရှိဒုက္ခကို ခေတ္တမေ့ကာ နှစ်ခြိုက်စွာ အိပ်စက်လိုက်ပေသည်။

နောက်ရက်တွင် ဘေးအခန်းမှစကားသံ၊ အချင်းချင်းမိတ်ဆက်သံများကို စတင်ကြားရသည်။ အကန့်သတ်ခံရသော လူနေဘဝသို့ စတင်ရောက်ရှိခဲ့ သည်။ ရန်ကုန်စက်မှုတက္ကသိုလ် (YIT) မှ သူငယ်ချင်းများ၊ အင်းစိန် GTI မှ သူငယ်ချင်းသစ်များနှင့် စတင်ရင်းနှီးခဲ့ရသည်။ တစ်ပတ်ခန့်အကြာတွင် ဖမ်းဆီး ထားသော ကျောင်းသားများကို နှစ်အုပ်စု ခွဲလိုက်သည်။ ကျွန်တော်အပါအဝင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် အင်းစိန် GTI ကျောင်းသား (၈) ဦးတို့ကို ချန်လှပ်ကာ ကျန်ကျောင်းသားများကို နေအိမ်သို့ ပြန်ခွင့် ပြုလိုက်သည်။ ၎င်းတို့နှင့် ကျွန်တော်တို့နေရသော ထောင်အခန်းများသည် ကျောချင်းကပ်ထားသဖြင့် မှတ်မှတ်ရရ သူတို့အိမ်ပြန်ခါနီးတွင် နံရံကို အဆက်မပြတ်ထုကာ အသိပေးခဲ့ကြသည်။ ၎င်းတို့ပြန်ပြီး နောက်ရက်တွင် YIT နှင့် GTI ကျောင်းသား (၁၃) ဦးကို အင်းစိန်ထောင်မကြီးသို့ ရွှေ့ပြောင်း လိုက်ကြ သည်။

ထုံးစံအတိုင်း အပြာရောင်ခေါင်းစွပ်ကို စွပ်ကာပြောင်းရွှေ့ခြင်း ဖြစ်သည်။ ထောင်မကြီးသို့ဝင် တိုက်အမှတ် (၂) (ထောင်အခေါ် ရင်ကွဲတိုက်) သို့ရောက်ရာ ကျွန်တော့်ကို ခေါင်းစွပ်ထားသော်လည်း ရင်းနှီးသည့် အသံဖြင့် “ရှမ်းကြီး ရှမ်းကြီး” ဟု ကြိုဆိုကာ အော်ဟစ်နှုတ်ဆက်သံကို ကြားရသည်။ (နောင်တွင် သိရသည်ကား အနှီသူငယ်ချင်းသည် ကျွန်တော်ပါလာသောကြောင့် အားတက် ကာ ဝမ်းမြောက်ခဲ့သည်ဟု ပြန်ပြောင်းပြောပြပါသည်။ ထူးခြားဆန်းကြယ် သော စိတ်ခံစားမှုတစ်ခုဟု ဆိုရပေမည်။)

၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျွန်တော်အပါအဝင် YIT နှင့် GTI ကျောင်းသား (၁၃) ဦးတို့အား အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅/ည ဖြင့် ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်သည်။ အပြင်တရားရုံးတွင် မဟုတ်။ ထောင် အနီးတွင် အထူးခုံရုံးသဘောဖွဲ့ကာ ခုခံချေပပိုင်ခွင့် မရရှိဘဲ ထောင်ဒဏ်ချမှတ် လိုက်ခြင်း ဖြစ်သည်။ ထူးခြားသည်မှာ ကျောင်းသားများသည် မည်သူကမျှ ပြစ်ဒဏ်ကို စိတ်မဝင်စား။ တရားသူကြီးပြောနေသည်များကိုလည်း ဂရုမစိုက်၊ အချင်းချင်း စကားပြောနေကြခြင်း ဖြစ်သည်။ အင်းစိန်ထောင်မကြီးတွင် (၆) လခန့် နေရပြီးနောက် ကျောင်းသားများနှင့် အခြားနိုင်ငံရေးအကျဉ်းသားများ ကို မြို့အသီးသီးသို့ ထောင်ပြောင်းလိုက်ကြသည်။ ထောင်ပြောင်းမည့်သူများ ကို စစ်ခွေးတိုက်သို့ ခေါ်သွားကာ သံခြေကျင်းများ ခတ်လိုက်ကြသည်။ ပြီးလျှင် ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ကြသည်။ ရန်ကုန်မှ မန္တလေးသို့ ဆန်တက်မည့် ရထားပေါ်သို့ ထောင်ပြောင်းများအား အထူးရထားတွဲဖြင့် ပို့ဆောင်သည်။ ၎င်းနေ့ရက်သည်ကား ၁၉၉၉ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ဖြစ်သည်။

မန္တလေးရောက် ရှမ်းတစ်ယောက် (အိုးဘိုထောင်)

၁၉၉၉ ခုနှစ်၊ ဧပြီလ (၇) ရက်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ရောက်သည်။ ကျွန်တော်နှင့် ကျောင်းသားတချို့၊ နိုင်ငံရေးအကျဉ်းသားတချို့ မန္တလေးအိုးဘိုတွင် ဂိတ်ဆုံးသော်လည်း နောက်နေ့တွင် အခြားသူများကို နယ်ထောင်အသီးသီးသို့ ဆက်လက်ပို့ဆောင်လိုက်ကြသည်။ အိုးဘိုထောင် တွင် အဖွဲ့အစည်းအသီးသီးမှ နိုင်ငံရေးအကျဉ်းသားများကို တွေ့ဆုံရသည်။ အိုးဘိုရောက်ခါစတွင် ထောင်တွင်းလွတ်လပ်မှု အနည်းငယ်သာရှိသော်လည်း နိုင်ငံတကာကြက်ခြေနီ ICRC အကျဉ်းထောင်အတွင်း ဝင်ရောက်လေ့လာမှု ရရှိ ပြီး နောက်ပိုင်းနှင့် ထောင်တွင်းတိုက်ပွဲများ ဆင်နွှဲပြီးနောက်ပိုင်း ထောင်တွင်း လွတ်လပ်မှု အတော်အတန် ရရှိခဲ့သည်။ ပိုက်ကျော်ခြင်းလုံးခတ်ခြင်း၊ တိုက် တစ်တိုက်နှင့်တစ်တိုက် ကူးလူးဆက်ဆံခြင်း၊ ယဥ်ကျေးမှုစာပေနှင့် ဘာသာရေးစာပေများ ဖတ်ခွင့်ပြုခြင်း စသည်တို့ဖြစ်သည်။ အိုးဘိုထောင်တွင် ကျောင်းသားအင်အားစုများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ကျောင်းသားတပ်သားများ (ပါဂျောင် အရေးအခင်း ကြုံတွေ့ခဲ့ရသူများ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့‌ သော်လည်း လွှတ်တော်အမတ် မဖြစ်ခဲ့ရသည့် လွှတ်တော်အမတ်များ၊ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ စသည်ဖြင့် အရောင်အသွေးစုံလင်လှသည်။

ထောင်တွင်းတွင် ဂီတသင်ကြားသောအုပ်စု၊ တရုတ်စာ သင်ကြားသော အုပ်စု၊ အင်္ဂလိပ်စာသင်ကြားသောအုပ်စု စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ထောင်တွင်း ဘဝကို ဖြတ်သန်းကြသည်။ အချို့က နိုင်ငံရေးသဘောတရားများကို ရှင်းပြ နိုင်သော ဆရာကြီးများထံမှ နိုင်ငံရေးအတွေ့အကြုံများ သင်ယူကြသည်။ ထောင်တွင်းတိုက်ပွဲများလည်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထောင်တွင်းဖိနှိပ်မှု များကို ဆန့်ကျင်သော တိုက်ပွဲ၊ စာပေများ ဖတ်ရှုလေ့လာခွင့်အတွက်တိုက်ပွဲ၊ ကျောင်းသားများ ကျောင်းစာသင်ကြားနိုင်ရေးတိုက်ပွဲ၊ ထောင်တွင်းလွတ်လပ် စွာ နေထိုင်ရရေး တိုက်ပွဲ၊ ပိုက်ကျော်ခြင်းလုံးအပါအဝင် အားကစားလုပ်ခွင့်ရ ရေး တိုက်ပွဲ စသည်ဖြင့် ထောင်တွင်းတိုက်ပွဲမျိုးစုံ ဆင်နွှဲခဲ့ကြသည်။ ဤသို့လျှင် ထောင်ကျခြင်းဟူသည် နိုင်ငံရေးသမားများအား နိုင်ငံရေး ဘွဲ့လွန်သင်တန်း တက်ရောက်ရသည်နှင့် အလားသဏ္ဌာန်တူနေပေတော့သည်။ အပြင်လောက တွင် နိုင်ငံရေးအကြောင်းဆွေးနွေးလျှင် ထောင်ကျနိုင်သော်လည်း ထောင်ထဲ တွင်မူ နိုင်ငံရေးဆွေးနွေးဆည်းပူးရာ လွတ်လပ်နယ်မြေဟုပင် ဆိုရမည်ဖြစ် သည်။

ဤသို့လျှင် မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက် မြင့်မားလာသည်ကို အဆုံးသတ်လိုသော ထောင်အာဏာပိုင် များ၊ ထောက်လှမ်းရေးများက ကျွန်တော်ထုဆစ်ထားသော ပန်းပုလက်ရာနှင့် အခြားသော ကိစ္စရပ်များကို အကြောင်းပြု၍ ထောင်တွင်းနှိမ်နှင်းမှုကို ပြုလုပ်ကာ ဦးဆောင်ခဲ့သော နိုင်ငံရေး ခေါင်းဆောင်များကို ရိုက်နှက်၍ နယ်အကျဉ်းထောင်အသီးသီးသို့ ပို့လိုက်ကြသည်။ ရာဘာစွပ်ထားသော နံပါတ်တုတ်ဖြင့် ရိုက်ထားသော ဒဏ်ရာများ၊ အညိုအမဲမစွဲစေရန် ရိုက်နှက်ပြီး (၁၅) မိနစ်အတွင်း ဆရာဝန်များဖြင့် ဒဏ်ရာများကို ရေခဲအုပ်ပေးခဲ့သည်။ ကြိုတင်ပြင်ဆင် ထားသည်မှာ သိသာထင်ရှားလှပေသည်။ ထောင်ပြောင်းခံရ သူ (၁၀) ဦး ရှိပါသည်။ ထိုနေ့သည်ကား ၂၀၀၀ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ဖြစ်သည်။

ရာမညမြေ ကျိုက်သံလန်ကို နေ့စဥ်ဖူးမြော်ခြင်း (သို့) မွန်တိုင်းရင်းသား ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း

၂၀၀၀ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျွန်တော်၊ ကိုဝဏ္ဏမောင် (သခင် ဘသောင်းမြေး)၊ ကိုထိန်လင်း၊ မောင်တင်သစ် (ကိုရည်မွန်) ပေါင်း (၄) ဦး အား မန္တလေးလေဆိပ်သို့ ပို့ဆောင်လိုက်သည်။ ကျွန်တော်တို့ (၄) ဦးအား လေယာဉ် ဖြင့် မန္တလေးမှ ရန်ကုန်သို့ ပို့ဆောင်သည်။ ရန်ကုန် လေဆိပ်ပြင်ပတွင် စစ်ကား နှစ်စီးက အသင့်စောင့်ကြိုလျက် ရှိသည်။ ကိုထိန်လင်းနှင့် မောင်တင်သစ် တို့အား မြောင်းမြအကျဉ်းထောင်သို့ပို့မည့် စစ်ကားပေါ်သို့ ခွဲ၍တက်ခိုင်းသည်။ ကျွန်တော်နှင့် ကိုဝဏ္ဏမောင်အား စစ်ကားတစ်စီးဖြင့် မော်လမြိုင် အကျဉ်းထောင်သို့ အသီးသီး ပို့လိုက်ကြသည်။ ဘဝတွင် လေယာဉ်နှင့်ကားကို အစိုးရစရိတ်ဖြင့် အလကားစီးဖူးခြင်း ပထမဦးဆုံးအကြိမ် ဖြစ်သည်။

မန္တလေးအိုးဘိုတွင် ပြသလိုက်သော အစွမ်းကြောင့် မော်လမြိုင် ရောက် ပြီး (၂) လခန့်ကြာသည်အထိ တစ်ကိုယ်လုံးကိုက်ခဲနာကျင်လျက် ရှိသည်။ ကျွန်တော်တို့အား ရောက်ရောက်ချင်းတွင် အခြားသော နိုင်ငံရေးသမားများ ရှိသည့် ဝင်းတွင်မထားဘဲ ထောင်တွင်းပြစ်ဒဏ်ခံရသူနှင့် ကြိုးမိန့်ကျသူများကို သာထားသော ဝင်းတွင် ဦးစွာထားသည်။ ၎င်းဝင်းသည် ညအခါတွင် လွန်စွာမှ သရဲခြောက်သည်ဟု နာမည်ကြီးရာ ဝန်ထမ်းများပင်လျှင် တစ်ဦးထဲ ဝင်း အတွင်း ကင်းမလှည့်ရဲပေ။ ကျွန်တော်တို့ နေစဥ်ကာလအတွင်း ထောင်တွင်း ဆန္ဒပြမှုဖြစ်ပွားရာ ပြစ်ဒဏ်ဝင်းအတွင်းသို့ ရွှေ့ပြောင်းခေါ်ယူရိုက်နှက်ရာတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရိုက်နှက်နေစဥ် ကြားရသော အသံများကြောင့် မိမိကိုပါ လာရောက်ရိုက်နှက်မည်လားဟူသည့် စိုးရိမ်စိတ်ဖြစ်ပေါ်ခဲ့သည်ကို ဝန်ခံရပေမည်။ (၄) လခန့် ၎င်းပြစ်ဒဏ်ဝင်းတွင် နေခဲ့ရသည်။ ထိုဝင်းတွင် နေထိုင်စဥ်ကာလအတွင်း မည်သူနှင့်မျှ စကားပြော ဆိုရခြင်း မရှိပေ။ ထောင်တွင်းခိုင်းစေသော ထမင်းပို့ အကျဉ်းသား စသည်တို့ သာမက ထောင်ဝန်ထမ်းများပင်လျှင် ကျွန်တော်တို့နှင့် စကားမပြောကြပေ။ ကျွန်တော်တို့နှင့် စကားပြောဆိုသည်ကို တွေ့ရှိသည်ဟု တိုင်ကြားသူရှိပါက ထိုသူအား ပြစ်ဒဏ်ပေးမည်ဟု အမိန့်ပေးထားသောကြောင့် ဖြစ်သည်။ မည်သူ နှင့်မျှ စကားမပြောဆိုရဘဲ နေထိုင်ရသည်မှာ လွန်စွာခက်ခဲကြောင်း ကိုယ်တွေ့ ကြုံကြိုက် လိုက်ရသည်။ တစ်နေ့တာကုန်ဆုံးရန်အတွက် မည်သို့နေထိုင် ဖြတ်သန်း ရမည်ဆိုသည်ကို ကိုယ်တိုင်လေ့လာ သင်ကြားရတော့သည်။ သခင် ပေါက်စ ထောင်ခြောက်လဟူ၍ ပြောဆိုခြိမ်းခြောက်ခဲ့သည့် ကိုလိုနီခေတ်မှ နိုင်ငံရေးအကျဉ်းသားများ အဘယ်ကြောင့် အချို့ရူးသွပ်သွားရသည်ဟူသော သဲလွန်စကို နားလည်ခဲ့ရသည်။

ထို့နောက် ကျွန်တော်တို့အား အခြားနိုင်ငံရေးသမားများအား ထားသည့် တိုက်ဝင်းသို့ ပြောင်းရွှေ့ပေးသည်။ ထိုဝင်း၏ထူးခြားမှုမှာ ဝင်းအတွင်းမှနေ၍ တောင်ပေါ်ရှိ ကျိုက်သံလန်ဘုရားကို ဖူးမြော်နိုင်ခြင်း ဖြစ်သည်။ ကျွန်တော့် အတွက် အဖိုးမဖြတ်နိုင်သည်ကား မော်လမြိုင်ထောင်အတွင်း မွန်တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံရခြင်းပင် ဖြစ်သည်။ မွန်တိုင်းရင်းသားခေါင်းဆောင်များသည် ရှမ်းတိုင်းရင်းသားဖြစ်သော ကျွန်တော့်အား တိုင်းရင်းသားနိုင်ငံရေးကို စိတ်ရှည်စွာ ရှင်းပြသည်။ တိုင်းရင်းသားနိုင်ငံရေးသမိုင်းကို ပြောပြသည်။ ပြည်ထောင်စု၏ အရင်းခံ ပြဿနာများအကြောင်းကို ဆွေးနွေးကြသည်။ ပြည်တွင်းစစ်၏ အရင်းခံ အကြောင်းတရားများကို စူးစမ်းလေ့လာရခြင်း ဖြစ်သည်။ မော်လမြိုင်တွင် မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီအင်အားစုများ၊ သက်ကြီး ဝါရင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ကျောင်းသားများ၊ လှုပ်ရှားတက်ကြွသူ လူငယ်များ စသည်ဖြင့် စုံလင်လှပေသည်။ မော်လမြိုင်ထောင်သို့ ရောက်ရှိ ခြင်းသည် နိုင်ငံရေးသမားဘဝကို နောင်တွင် ထဲထဲဝင်ဝင်ဖြတ်သန်းရမည့် ကျွန်တော့်အတွက် အတွေ့အကြုံကောင်း၊ အထောက်အပံ့ကောင်း ဖြစ်လာ မည်ဆိုသည်ကို ထိုစဥ်က မသိရှိနိုင်ခဲ့ပေ။ တိုင်းရင်းသားနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားစေရန်အတွက် တွန်းအားများ ဖြစ်ခဲ့မည်ဆိုသည်ကိုလည်း အလျဉ်းမသိရှိခဲ့ပေ။ မော်လမြိုင်ဘဝတက္ကသိုလ်ကြီးတွင် နှစ်နှစ်ကျော်ကျော် ခန့် နေထိုင်ခဲ့ရပြီးနောက် တင်းမာနေသော နိုင်ငံရေးအခင်းအကျင်းကို ဖြေလျှော့ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို စတင်လွှတ်ပေးရာ ကျောင်းသားနိုင်ငံရေးသီးသန့်ဖြင့် ထောင်ချခဲ့သော YIT နှင့် GTI ကျောင်းသား များကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ထောင် အသီးသီးမှခေါ်ယူ၍ ရန်ကုန် (၉) မိုင်ခွဲရှိ ထောက်လှမ်းရေးဝင်းတွင် စုစည်းစေကာ (၂၈) ရက်နေ့တွင် မိဘများအား အပ်နှံပေးခဲ့သည်။ ကျွန်တော်၏ အိမ်သည် လားရှိုးဖြစ်သဖြင့် ထောက်လှမ်းရေးအဆင့်ဆင့်မှ လက်ဆင့်ကမ်းတာဝန်ယူ၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့သည်။

၁၉၉၆-၉၈ ကျောင်းသားမျိုးဆက်များဆုံဆည်းရာ (သို့) MID

ပြင်ပလောကကို ပြင်လည်ရောက်ရှိလာပြီးနောက် ချက်ချင်း နိုင်ငံရေးလောက တွင် အခြေချရန် အခွင့်မသာခဲ့ပေ။ နိုင်ငံရေးအဝန်းအဝိုင်း မကျယ်ပြန့်သေး သည့်အပြင် ကိုယ်တိုင်လည်း ကျောင်းသားလှုပ်ရှားမှုတွင်သာ ပါဝင်ခဲ့ဖူးပြီး နိုင်ငံရေးအတွေ့အကြုံမရှိဟုဆိုလျှင်လည်း ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘဝရပ်တည်ရေးအတွက် ဝမ်းစာရှာသည့် စီးပွားရေးလုပ်ငန်းကိုသာ ဦးစားပေး နိုင်ခဲ့ပေသည်။ ထောင်တွင်းမှ နိုင်ငံရေးမှုဖြင့် ထွက်လာရသူအများစုသည် အလုပ်အကိုင်ရရန် လွန်စွာမှပင် ခက်ခဲလှသည်။ ကျွန်တော်သည် လုပ်ချင် သော အလုပ်များကို ကြိုးစားပမ်းစား လုပ်ကိုင်နိုင်ခဲ့ပါသည်။

ကျွန်တော်လုပ်ကိုင်ခဲ့ဖူးသော အလုပ်များကို ဖော်ပြရပါလျှင် ဆောက်လုပ် ရေးလုပ်ငန်းတွင် အလုပ်ကြပ် (Work Check)၊ ဆောက်လုပ်ရေးဆိုက်မန်နေဂျာ (Site Manager)၊ အနုစိတ်ဒီဇိုင်းသမား (Detail Designer)၊ စီမံကိန်းမန်နေဂျာ (Project Manager)၊ စီမံကိန်း ဒါရိုက်တာ (Projector Director)၊ လုပ်ငန်း စီမံခန့်ခွဲရေးမှူး (Chief Operating Officer)၊ ဆောက်လုပ်ရေးဆိုင်ရာ အတိုင်ပင်ခံ (Construction Consultant) စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ အလတ်စားနှင့် အသေးစားလုပ်ငန်း (SMEs) လုပ်ငန်းအချို့၊ ကျောက်စိမ်းတူး ဖော် ရောင်းဝယ်ရေးလုပ်ငန်းစသည်ဖြင့် လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေးသမားဟူသည် ဆိုင်းသံဗုံသံ ကြားလျှင်မနေနိုင်သော ဇာတ်သမားများ နည်းတူ ကျွန်တော့်အား နိုင်ငံရေးလောကသို့ ပြန်လည် ရောက်ရှိလာအောင် တီးခတ်လိုက်သော ဗုံသံသည်ကား ၁၉၉၆-၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု တွင် ပါဝင်ခဲ့ကြသည့် ဘဝတက္ကသိုလ်ပြန် ကျောင်းသားများစုစည်း၍ အဖွဲ့အစည်းတစ်ရပ်ထူထောင်မည်ဟူသော အသံဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နှင့် (၆) ရက်နေ့တွင် ၁၉၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားများညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် တက်ရောက်လာကြသော ကျောင်းသားများ ၏ တညီတညွတ်ဆန္ဒမဲဖြင့် မြန်မာ့ဒီမိုကရေစီ အင်စတီကျု့ (Myanmar Institute for Democracy-MID) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ MID ဖွဲ့စည်းပုံ စည်းမျဉ်းကို အတည်ပြုနိုင်ခဲ့သည်။ အဖွဲ့အစည်းကို ဦးဆောင်ရန် ဒါရိုက်တာ (၁၁) ဦးကို ဒီမိုကရေစီနည်းကျ အများစု၏ ဆန္ဒမဲဖြင့် ရွေးချယ်နိုင်ခဲ့သည်။ ရှေ့လုပ်ငန်းစဥ်တို့ကို ဆွေးနွေးနိုင်ခဲ့ကြသည်။ ကျွန်တော်သည်လည်း အများ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာတစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ MID ဒါရိုက်တာ တစ်ဦးအနေဖြင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်။ MID သည် မြန်မာ့နိုင်ငံရေးလောကတွင် တစ်ထောင့်တစ်နေရာမှ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်ခဲ့ပေသည်။ MID သည် မျှော်မှန်းသည့် အဆင့် သို့ မရောက်ရှိနိုင်သေးသော်လည်း နိုင်ငံရေးလောက၏ အသိအမှတ်ပြုမှုကို အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ MID သည် ၁၉၉၆-၉၈ ကျောင်းသားမျိုးဆက်တို့၏ ဆုံစည်းရာနေရာအဖြစ် ယခုထိတိုင် ရပ်တည်နေဆဲဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (သို့) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy-SNLD)၊ ရှမ်းများ အရပ်အခေါ် “ကျားခေါင်းပါတီ” ၏ မယိမ်းမယိုင် သောမူဝါဒ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် မားမားမတ်မတ် ရပ်တည်နေမှု၊ ပါတီခေါင်းဆောင်များ၏ တိုင်းရင်းသားအရေးအပေါ် ဦးဆောင် ပါဝင်နေမှု စသည့်စသည့် ဂုဏ်သတင်းများကို နှစ်ပေါင်းများစွာကပင် နားရည်ဝ ခဲ့ပြီး ဖြစ်သည်။ ဤပါတီသို့ ရောက်ရှိကာ ဦးဆောင်သူများထဲမှ တစ်ဦးအဖြစ် ရောက်ရှိခဲ့မည်ဟူသောအချက်ကို စဥ်းစားမျှော်မှန်းခဲ့ဖူးခြင်း အလျဉ်းမရှိခဲ့ပါ။ ဘဝဟူသည် တိုက်ဆိုင်မှုလော၊ တမင်တကာ ဖန်တီးထားမှုလော စသည်ဖြင့် ဆန်းကြယ်လှပေသည်။

MID ဒါရိုက်တာအဖြစ် တာဝန်ယူနေစဥ်ကာလအတွင်းတွင် မော်လမြိုင် ထောင်တွင် ဆုံတွေ့ရင်းနှီးခဲ့ရသည့် မွန်အမျိုးသားပါတီ၏ အထွေထွေအတွင်း ရေးမှူး ဒေါက်တာမင်းစိုးလင်း ရန်ကုန်သို့ရောက်ခိုက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ စိုင်းညွန့်လွင်နှင့် တွဲ ဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ စိုင်းလိတ်(ခေါ်)စိုင်းလတို့နှင့် ကျွန်တော့် အားတွေ့ဆုံရန် စီစဥ်ခဲ့သည်။ နေရာသည်ကား ရန်ကုန် လေဆိပ်အဝင်လမ်းရှိ မီလီယံကွိုင်စားသောက်ဆိုင် (Million Coin Restaurant) တွင်ဖြစ်သည်။ ခေါင်းဆောင်များက ကျွန်တော့်အား တိုင်းရင်းသားနိုင်ငံရေးတွင် ပါဝင်လုပ်ကိုင် ရန် စည်းရုံးနိုင်ခဲ့သည်ဟု ဆိုရပေ မည်။ MID ဖွဲ့စည်းပုံစည်းမျဉ်း (MID Charter) တွင် ပါရှိသည်ကား MID ဒါရိုက်တာများသည် မည့်သည့်နိုင်ငံရေး ပါတီဝင်မှ မဖြစ်ရဟူ၍ ဖြစ်သည်။ တိုင်းရင်းသားနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ပြီး ဖြစ်သည့်အလျောက် MID ဒါရိုက်တာအဖြစ်မှ နုတ်ထွက်၍ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (United Nationalities Alliance – UNA) နှင့်မိတ်ဖက်များညီလာခံ (၂) ကြိမ်၊ UNA နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) အစည်းအဝေးများတွင် တက်ရောက် ဆွေးနွေးခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာသောအခါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သည် မရှိမဖြစ် လိုအပ်လာသည်ကို သိရှိသည့်အလျောက် SNLD ၏ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်ကို ရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ထို့နောက် UNA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ဦးဆောင်ရေးဆွဲခဲ့သည်။ UNA ၏ မဟာမိတ်ဖြစ်သော UNFC နှင့် တွေ့ဆုံဆွေးနွေးမှုများတွင်လည်း SNLD ၏ ကိုယ်စားလှယ်အဖြစ် ကြိမ်ဖန် များစွာ ပါဝင်ခဲ့ရပေသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ်ရေးထိုးကြသည်။ NCA အရ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee – JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) တို့ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting – JICM) က ဖွဲ့စည်းပေးရ သည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပသော ဒုတိယ အကြိမ်မြောက် UPDJC အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသော ကျွန်တော့်အား UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ကြ သည်။ ဤသို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး၏ အဓိကမောင်းနှင်အားသဖွယ် ဖြစ်လာသည့် UPDJC တွင် အတွင်းရေးမှူးဟူသည့် ဇာတ်ကောင်နေရာ၌ အံဝင်ခွင်ကျအောင် ကြိုးစားဆောင်ရွက်ရန် တာဝန်ရှိလာတော့သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပသော မြို့နယ်ပေါင်းစုံပါတီညီလာခံတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ အဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရ သည်။ ပါတီ၏ လူငယ်များအပေါ် မြေတောင်မြှောက်မှု၊ တာဝန်ပေးရဲမှုအပေါ် တွင် များစွာအံ့ဩဝမ်းသာ ဖြစ်မိပေသည်။ နှစ်အနည်းငယ်အတွင်း ပါတီ၏ တွဲဖက်အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရခြင်းသည် ပါတီ၏ ဒီမိုကရေစီ ရင့်သန်မှုနှင့် လူငယ်များအပေါ် ယုံကြည်မှုဟူသော ပြယုဂ်ကို မြင်တွေ့ရပေ သည်။

ယခုလက်ရှိတွင် ကျွန်တော် စိုင်းကျော်ညွန့်အနေဖြင့် ပါတီတွင် တွဲဖက် အထွေထွေအတွင်းရေးမှူး-၂၊ UNA တွင် နည်းပညာအထောက်အကူပြု အဖွဲ့ဝင်၊ UPDJC တွင် နိုင်ငံရေးပါတီများအစုအဖွဲ့ အတွင်းရေးမှူး၊ UPDJC လုပ်ငန်းကော်မတီတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် စသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ဤစာတမ်းငယ်သည် ကျွန်တော်စိုင်းကျော်ညွန့်၏ နိုင်ငံရေးဘဝ ဖြစ်သော ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဘဝဖြတ်သန်းမှုတချို့၊ ဘဝ ဖြတ်သန်းမှု ကောက်ကြောင်းများ၊ ထောင်တွင်းဖြတ်သန်းမှု အတွေ့အကြုံများ၊ နိုင်ငံရေးပါတီတွင် ပါဝင်ဆောင်ရွက်နေရသော လုပ်ငန်းတချို့၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း စဥ်တွင် ပါဝင်ဆောင်ရွက်နေမှုများကို တတ်စွမ်းသမျှ တင်ပြသရုပ်ဖော်သော ကြိုးပမ်းချက်တစ်ရပ်သာလျှင် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဤစာတမ်း ငယ်သည် အနာဂတ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတော့သည်။