‌ဒေါင်းအိုးတ‌ဝေဝေ (၇၄၊ ၇၅ ၊၇၆ ကျောင်းသားလှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်)

တင်အေးကြူ | Click here to read this article in English.

Cite as: 
တင်အေးကြူ၊ (၂၀၂၃)၊ ‌ဒေါင်းအိုးတ‌ဝေဝေ (၇၄၊ ၇၅ ၊၇၆ ကျောင်းသားလှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4394

စာတမ်းအကျဥ်း

ဤဆောင်းပါးတွင် အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုများအကြောင်းကို လည်းကောင်း၊ ၁၉၇၀ပြည့်လွန်ကာလ ကျောင်းသားလှုပ်ရှားမှုများအကြောင်း ကိုလည်းကောင်း ဖော်ပြထားပြီး အဘယ်ကြောင့် ယင်းလှုပ်ရှားမှုများ ပေါ်ပေါက်ရကြောင်းကိုလည်း ယင်းခေတ်၏ နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး အခြေအနေများနှင့် ယှဥ်ထိုးသုံးသပ်တင်ပြထားသည်။

တိုးတက်မှုကို တပ်မက်တဲ့လူနည်းစုက သယ်ဆောင်တယ်။
– ဒဂုန်တာရာ

တိုးတက်မှုဆိုတာဘာလဲ။ မရှိရာက ရှိလာတာ။ မလွတ်လပ်ရာက လွတ်လပ် လာတာ။ တစ်ပါးကျွန်ဘဝက ကိုယ့်မင်းကိုယ့်ချင်း ဖြစ်လာတာ။ ဗမာပြည် သမိုင်းကို ပြန်ပြောင်းကြည့်ရင် အင်္ဂလိပ်နယ်ချဲ့ရဲ့ ကိုလိုနီဘဝကနေ လွတ်လပ် တဲ့ နိုင်ငံဖြစ်လာတာဟာ တိုးတက်မှုပဲ။ ဖက်ဆစ်ကျွန်ဘဝကနေ ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်မြောက်ရေး စိတ်ဓာတ်အခြေခံနဲ့ တော်လှန်တိုက်ပွဲ ဝင်လို့ အောင်ပွဲခံအနိုင်ယူခဲ့တာဟာလည်း တိုးတက်မှုပဲ။

အဲဒီလို မှောင်ရာက လင်းလာတာ။ တစ်ပါတီအာဏာရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းလဲလာရတာ၊ ဒီမိုကရေစီမရှိရာက ဒီမိုကရေစီ ရှိလာ တာ၊ လူ့အခွင့်အရေးမရှိရာကနေ လူ့အခွင့်အရေး အပြည့်အဝရလာတာ၊ ငြိမ်းချမ်းရေးကင်းမဲ့လို့ ပြည်တွင်းစစ်ဖြစ်နေရာက ပြည်တွင်းငြိမ်းချမ်းရေး ရလာတာ၊ ဝါးအစည်းပြေသလို တစ်မျိုးသားလုံး သွေးကွဲ၊ စိတ်ဝမ်းကွဲ မညီမညွတ်ဖြစ်နေရာက အမျိုးသားသွေးစည်း ညီညွတ်ရေးရလာတာတွေဟာ တိုးတက်မှုတွေပါပဲ။

အဲဒီတိုးတက်မှုတွေကို သမိုင်းတစ်လျှောက်တပ်တပ်မက်မက်၊ ခုံခုံမင်မင် သွေးနဲ့အသက်နဲ့ရင်းပြီး သယ်ဆောင်ခဲ့ကြတဲ့၊ သယ်ဆောင်နေကြတဲ့ လူနည်းစု ဟာ ဘယ်သူတွေပါလဲ။ ကျောင်းသားတွေပါပဲ။ ဒါ့ကြောင့် ဗမာပြည်ရဲ့ သမိုင်း ဟာ ကျောင်းသားသမဂ္ဂသမိုင်းသာ ဖြစ်တယ်။

ကိုလိုနီခေတ်၊ ဖက်ဆစ်တော်လှန်ရေးကာလ၊ အမျိုးသား လွတ်မြောက် ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဥ်များရဲ့ ဦးဆောင်တပ်ဦးအဖွဲ့အစည်း များကို ပြန်လည်လေ့လာရင် တပ်မက်တဲ့ လူနည်းစုဖြစ်သူ ကျောင်းသားများ ကသာ ခေါင်းဆောင်ဖွဲ့စည်းခဲ့ကြောင်း အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ကျောင်းသားများက စတင်ဖွဲ့စည်းလိုက်တဲ့ ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း (Rangoon College Buddhist Association) ရဲ့ တိုက်တွန်းဆော်ဩမှုကြောင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (Young Men Buddhist Association) ဆိုတဲ့ ပထမဆုံးအသင်းဖွဲ့ စတင်ပေါ်ပေါက်ခဲ့ရတယ်။

ကျောင်းသားတွေကပဲ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ “ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ်” ကို အခြေပြုပြီး အဲဒီလူငယ်ကျောင်းသားတွေကပဲ “တို့ဗမာ အစည်းအရုံး” ဆိုတဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းရဲ့ အထင်ကရ အသင်းကြီးကို ဦးဆောင်ဖွဲ့စည်းခဲ့ကြတယ်။ လွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့ အဖွဲ့အစည်းကြီးဖြစ်ခဲ့တယ်။

ကုန်းဘောင်မင်းဆက်ပြတ်ပြီး နယ်ချဲ့တို့ စတင်အုပ်ချုပ်ခဲ့တဲ့ ကာလ ကတည်းက ကိုယ်ပိုင်တပ်မတော်ရယ်လို့ ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ပါ ဘူး။ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာမှ “တို့ဗမာရဲတပ်” ဆိုပြီး လက်နက်မဲ့ တပ်တွေ စစ်ချီတက်ဖို့သက်သက် ပေါ်လာပါတယ်။ ကျောင်းသားသမဂ္ဂ ကလည်း သံမဏိတပ်ဆိုပြီး ဖွဲ့ပါတယ်။ ဒီတပ်တွေဟာ ဗမာ့တပ်မတော်ရဲ့ အမြုတေတွေပါ။ အဲဒီကမှ ဗမာ့လက်ရုံးတပ်၊ ဗမာ့ကာကွယ်ရေးတပ်၊ ဗမာ့ မျိုးချစ်တပ်မတော်၊ ဗမာ့တပ်မတော်၊ ပြည်သူ့တပ်မတော်ရယ်လို့ ဖြစ်လာရ တာ။ ဒါ့ကြောင့်တပ်မတော်အစ ကျောင်းသားကပါ။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားကြီးတွေကပဲ ကိုယ်ကျိုးအတွက် စီးပွားမရှာ၊ အများအကျိုး နိုင်ငံ့အကျိုးအတွက် အနစ်နာခံစွန့်စားခဲ့ကြတယ်။ တိုးတက်တဲ့ အယူဝါဒတွေ ပြန့်ပွားဖို့ “နဂါးနီစာအုပ်အသင်း” ထူထောင်ခဲ့ကြတယ်။ သမိုင်းမှာ အညီညွတ်ဆုံးတစ်ခုတည်းဖြစ်တဲ့ တပ်ပေါင်းစု “ဖ.ဆ.ပ.လ” ကို ဖွဲ့နိုင်၊ စုစည်း နိုင်ခဲ့တယ်။ သမဂ္ဂရဲ့သားတွေကပဲ ရဲဘော်သုံးကျိပ်၊ လေထီးတပ်သားတွေ အဖြစ် ရဲဝံ့စွန့်စားပြီး နောက်ဆုံးဗမာပြည်ကြီး လွတ်လပ်ရေးရတဲ့အထိ စွမ်းဆောင်ပေးခဲ့ကြတယ်။

အဲဒါတွေကြောင့် ကျောင်းသားဆိုတာ လက်ရှိကျောင်းမှာ ပညာသင်ယူ နေဆဲဖြစ်ပြီး တိုးတက်မှုကို လက်ဆင့်ကမ်းသယ်ယူနေကြတဲ့ လူစုလို့ပဲ သတ်မှတ်ချင်ပါတယ်။

ဒါ့ကြောင့် ဗမာနိုင်ငံမှာ သမိုင်းအစဥ်အလာကြီးမားတဲ့ ကျောင်းသားထု၊ ဂုဏ်ပြောင်ဝင်းလက်ခဲ့တဲ့ သမဂ္ဂကို ပြည်သူတစ်ရပ်လုံးက လေးစားတန်ဖိုးထား ခဲ့ကြတယ်။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်။ ကျောင်းသား သမဂ္ဂရှိရင် ကျောင်းသားသမဂ္ဂအဆောက်အဦး ရှိရမယ်။ ကျောင်းသားသမဂ္ဂ ဘာကြောင့်ဖွဲ့စည်းဖို့ လိုအပ်သလဲ။

သမဂ္ဂဆိုတာ ဒီမိုကရေစီရဲ့ မရှိမဖြစ်လိုအပ်တဲ့ လက္ခ္ခဏာတစ်ရပ်ပါ။ လူထုလူတန်းစားအလွှာအသီးသီး သမဂ္ဂဖြစ်တည်ဖွဲ့စည်းဖို့ အထူးပဲ လိုအပ်လှ ပါတယ်။ ဒီမိုကရေစီသဘောအရ အရပ်ဘက်အဖွဲ့အစည်းများဟာ အစိုးရကို တည့်မတ်ကျားကန်ပေးတဲ့ အင်အားစုတွေပါ။ သမဂ္ဂကနေ လေ့ကျင့်ပျိုးထောင် ပေးလိုက်တဲ့ လူတော်လူကောင်းတွေဟာ နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေမွေးဖို့ Oxford တက္ကသိုလ်ကျောင်းသားသမဂ္ဂက လေ့ကျင့်ပျိုးထောင်နေပုံတွေကို သိပ္ပံမောင်ဝရဲ့ မှတ်တမ်းမှာ အထင်အရှား တွေ့နိုင်ပါတယ်။1

ကနေ့ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်တန်းပြောဆိုခွင့်ရ ပုဂ္ဂိုလ်ထူးများ မြွက်ကြားတဲ့ ရှက်ဖွယ်လိလိစကားတွေဟာ ကာတွန်းလောကသားများ လက်ရည်တက်စေပါတယ်။ ကျောင်းသားသမဂ္ဂဟာ အဲဒါကြောင့်လည်း လိုအပ်တာပါ။

“ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ် ရှိသော သူတိုင်း၏ တာဝန်ပေတည်း။” ဒါဟာကို အောင်ဆန်း ကျောင်းသား သမဂ္ဂဥက္ကဋ္ဌဘဝက ပြောခဲ့တဲ့စကားပါ။ အခုအချိန်ထိ လတ်ဆတ်နုပျို အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာမှာ ညီညွတ်ဖို့၊ လုပ်တတ်ကိုင်တတ်ဖို့၊ ပြောမှားဆိုမှား ပြက်လုံးစကားမထွက်ဖို့ ကျောင်းသားသမဂ္ဂဟာ မရှိမဖြစ် လိုအပ်လှပါတယ်။ ၁၉၈၉၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောကြား ခဲ့ပါတယ် –

“ကျောင်းသားသမဂ္ဂဆိုတာ နိုင်ငံရေးပါတီ အရှိန်အဝါနဲ့လည်း ကင်းရမယ်။ ပါတီဩဇာနဲ့လည်း ကင်းဝေးရမည်။ ကျောင်းသား သမဂ္ဂတစ်ခု ထူထောင်ပေးပြီးတော့ နိုင်ငံရေးမလုပ်ရဘူး ဆိုတာ စစ်မှန်တဲ့ သမဂ္ဂတစ်ခု ဖြစ်မှာမဟုတ်ဘူး”

နောက် ဒေါ်အောင်ဆန်းစုကြည်ကပဲ “လူငယ်တွေ နိုင်ငံရေး မလုပ်ရဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီထွန်းကားမှာ မဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ ပါတယ်။

ဒါ့ကြောင့် ဒီမိုကရေစီထွန်းကားဖို့ လူငယ်တွေ နိုင်ငံရေးလုပ်ရမယ်။ လူငယ်တွေ နိုင်ငံရေးလုပ်နိုင်ဖို့ စစ်မှန်တဲ့ ကျောင်းသားသမဂ္ဂ ထူထောင်ပေးရ မယ်။ ကျောင်းသားသမဂ္ဂဟာ ဒီမိုကရေစီရဲ့ မရှိမဖြစ် လိုအပ်တဲ့ အမှတ် လက္ခဏာ ဖြစ်ပါတယ်။

ကျောင်းသားဆိုတာဟာ တသီးတခြားထူးကဲတဲ့ လူတန်းစားတစ်ရပ် မဟုတ်ပါ ဘူး။ ပြည်သူလူထုရဲ့ သားသမီးများပါ။ ရေကို ပိုင်းခြားလို့ အကြားမထင်သလို ဆက်စပ်မှုရှိပါတယ်။ ငါးနဲ့ရေ ဥပမာပြရင် ပိုပြီးဆီလျော်ပါလိမ့်မယ်။ ရေရှိမှ ငါးရဲ့ဘဝ အသက်ရှင်နိုင်သလို မိဘတွေရဲ့ ထောက်ပံ့မှုနဲ့သာ ကျောင်းသားဘဝ ရှင်သန်ခွင့်ရရတာပါ။ မိဘတွေ စီးပွားရေးကျပ်တည်း ငွေကြေးအဆင်မပြေကြ လို့ ပညာသင်စရိတ် မထောက်ပံ့နိုင်ရင် ကျောင်းသားဘဝတစ်ပိုင်းတစ်စနဲ့ ရပ်တန့်ကြရပါတော့တယ်။

ဒါတွေကြောင့် မိဘပြည်သူများ ဘက်ပေါင်းစုံ အထွေထွေအကျပ် အတည်းဖြစ်လို့ အုံကြွပေါက်ကွဲလာကြရင် ကျောင်းသားထုကလည်း မကင်း တရားအရ ပူးပေါင်းပါဝင်တစ်သားတည်း လှုပ်ရှားတတ်ကြတယ်။ ဒီလိုပါပဲ ကျောင်းသားလှုပ်ရှားမှုတိုင်းကိုလည်း လူထုကြီးက ထောက်ခံအားပေး ပါဝင် ကူညီကြပါတယ်။ တိုက်ပွဲစကားနဲ့ပြောရရင် လှံနဲ့လှံရိုးပါ။ ခွဲခြားကွဲပြားပြီး တိုက်ပွဲဝင်လို့ကတော့ မထိရောက်နိုင်ပါဘူး။ အရိုးထိပ်မှာ အသွားတပ်ပါမှ ပစ်မှတ်မလွဲ တိုက်ခိုက်နိုင်တာပါ။

၁၉၂၀ ပထမကျောင်းသားသပိတ်ကစလို့ ၁၉၃၆၊ ၁၉၃၈၊ ၁၉၆၂၊ ၁၉၇၄-၇၅-၇၆၊ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ၊ ၂၀၁၀ ပညာရေးသပိတ် ခရီးရှည်ချီတက်ပွဲအထိ ပြည်သူလူထုကြီးရဲ့ ထောက်ခံအားပေးမှုဟာ ကြောက်ခမန်းလိလိပါ။ ရန်ကုန်မှာ သိမ်ကြီးဈေး၊ မန္တလေးက ဈေးချိုတော်၊ သပိတ်စခန်းကျောင်းသားထုအတွက် လိုလေသေး မရှိစေရ။ ဆန်အိတ်လိုက်၊ ဆီပုံးလိုက်၊ မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်ကအစ အားပေးထောက်ခံခဲ့ ကြတယ်။

၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းကာလကများဆိုရင် လူထုကြီးက စစ်အာဏာရှင်များကို မုန်းတီးစိတ်၊ ဦးသန့်အပေါ်လေးစားစိတ်၊ ကျောင်းသား ထုကို ချစ်စိတ်ကြီးမားစွာနဲ့ ကိုယ်ပေါ်မှာဝတ်ဆင်လာတဲ့ ရွှေထည် လက်ဝတ် လက်စားတွေကိုတောင် ချွတ်ပြီး သပိတ်အားပေး ထောက်ခံလှူဒါန်းဖူးကြ တယ်။ မြင်တဲ့သူတိုင်း ကြက်သီးမွေးညင်းထကြရတယ်။

ကျောင်းသားလှုပ်ရှားမှုကို အဲဒီလိုလူထုကြီးက ထောက်ခံအားပေးတဲ့ အတိုင်း လူထုကြီးရဲ့လှုပ်ရှားမှု ဒါမှမဟုတ် လူထုကြီး အခက်အခဲ အကျပ် အတည်းကြုံကြတိုင်း ကျောင်းသားများကလည်း ပါဝင်ကူညီအားဖြည့်ကြဖို့ လက်မနှေးသွေးမကြောင်ခဲ့ကြပါဘူး။

သမိုင်းအတင်ခံရပြီး အထင်ရှားဆုံးကြီးကတော့ ရေနံမြေသပိတ်နဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပါပဲ။ ရေနံမြေအလုပ်သမားများရဲ့ ကျွဲလို နွားလိုကုန်းရုန်းပြီး အလုပ်လုပ်နေရပေမယ့် လူလိုမနေရ၊ လူလို မစားရတဲ့ဘဝ။ လုပ်အားကို ခေါင်းပုံဖြတ်ခံနေရတဲ့ဘဝ။ လူမှုဖူလုံရေး ဘဝအာမခံချက် ကင်းပ နေတဲ့ အခြေအနေ။ အဲဒီနစ်နာချက်တွေကို သက်ဆိုင်ရာဆီ တင်ပြတော့လည်း ဖြေရှင်းမပေး။ ချွေးသိပ်လွှတ်နေတာပဲ ခံနေကြရတယ်။ ဒါနဲ့ပဲ သခင်ဖိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေသပိတ်ကြီးဟာ ရန်ကုန်နေပြည်တော်အရောက် ချီတက်ဆန္ဒပြကြရတော့တယ်။ သပိတ်ချီတက်ရာ လမ်းဘေးဝဲယာက တောင်သူလယ်သမား ဆင်းရဲသားနင်းပြားများကလည်း ရေနံမြေအလုပ်သမား များနဲ့အတူ ပူးပေါင်းပါဝင်ချီတက် အားဖြည့်ကူညီခဲ့ကြတယ်။

အလုပ်သမားနှစ်ထောင်ကျော်နဲ့ လယ်သမားနှစ်သောင်းကျော် ပါဝင်တဲ့ သပိတ်တပ်ကြီးဟာ မကွေးမြို့ကိုလည်းရောက်ရော နယ်ချဲ့အစိုးရရဲ့ ဖိနှိပ်မှု တွေကို ခါးစည်းခံရပါတော့တယ်။ ပုဒ်မ (၁၄၄) ထုတ်လား ထုတ်ရဲ့၊ ခေါင်းဆောင်တွေကို ဖမ်းလားဖမ်းရဲ့။ အဲဒီလိုရေနံမြေ သပိတ်တပ်ကြီး မကွေးမြို့မှ ခရီးမဆက်နိုင် အီခံနေတဲ့အချိန်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သပိတ်ကြီးကို ကူညီနိုင်ဖို့ ကျောင်းသား ခေါင်းဆောင် ကိုဗဆွေနဲ့ ကိုဗဟိန်းကို လွှတ်လိုက်ပါတယ်။ တို့ဗမာ အစည်းအရုံးကလည်း ကိုယ်စားလှယ်တွေ လွှတ်ပေးကြပါတယ်။

အဲဒီလို အလုပ်သမားလယ်သမားတို့ရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်းသား သမဂ္ဂက ပါဝင်ပူးပေါင်းလှုပ်ရှားခဲ့ရာက ကျောင်းသား ခေါင်းဆောင်ကိုဗဟိန်းရဲ့ ရဲရဲတောက်မိန့်ခွန်းဖြစ်တဲ့ “မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်” ဆိုတဲ့ အဆိုအမိန့်ဟာ ဗမာ့သမိုင်းမှာ ဥဒါန်းတွင် ကျန်ခဲ့ပါတော့တယ်။2

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အာဏာရှင်တစ်စုက လက်နက် အားကိုးနဲ့ တိုင်းပြည်ကို သိမ်းပိုက်လိုက်ပါတယ်။ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင်၊ ၁၉၇၄ ဖွဲ့စည်းပုံနဲ့ အတည်ပြုဖို့ ကြိုးစားလာပါတယ်။ လူထုကြီးကလည်း ဆန္ဒခံယူပွဲ မအောင်မြင် ဖို့၊ ဖွဲ့စည်းပုံအတည်မပြုနိုင်ဖို့ နည်းမျိုးစုံ ကန့်ကွက်ခဲ့ကြပေမယ့် စစ်အုပ်စု ကတော့ အလိမ်အညာ မဲအဖြူများနဲ့ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

စစ်တပ်နည်းစစ်တပ်ဟန် ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်တည်ဆောက် လိုက်တာ ဆယ်စုနှစ်တစ်စုအတွင်း ပြည်သူလူထု တစ်ရပ်လုံး ဖွတ်ကျောပြာစု စားဝတ်နေရေး ကျပ်တည်းကုန်ပါတော့တယ်။ အလုပ်သမားထုကြီးမှာလည်း ဒုက္ခကို ခါးစည်းမခံနိုင်တဲ့အဆုံး ငတ်ရင်းအသေမခံ တိုက်ရင်းအသေခံမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ သပိတ်တိုက်ပွဲ စတင်ဆင်နွှဲကြရပါတော့တယ်။ ၁၉၇၄ မတ်လမှာ ပုလိပ် ချည်မျှင်နဲ့အချောကိုင်စက်ရုံက စတင်တောက်လောင် လိုက်တဲ့ သပိတ် တောမီးဟာ တစ်ပြည်လုံးကို ပျံ့နှံ့၊ ဧရာဝတီကိုစုန်ဆင်းပြီး သပိတ် မီးတောက်ကြီး ဖြစ်လာပါတော့တယ်။

သမဂ္ဂအဆောက်အဦး အဖျက်ဆီးခံခဲ့ရပေမယ့် ရင်ထဲနှလုံးသားထဲမှာ သမဂ္ဂစိတ်ဓာတ်ကိန်းဝပ်နေတဲ့ ကျောင်းသားထုကလည်း လက်သည်းဆိတ် တော့ လက်ထိပ်နာဆိုတဲ့အတိုင်း အလုပ်သမားသပိတ်ကြီးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ပူးပေါင်းကူညီခဲ့ကြ ပါတယ်။ စက်ရုံကို သိမ်းပိုက်၊ ဝင်းတံခါးပိတ်ပြီး ဆန္ဒပြနေကြတဲ့ အလုပ်သမားများအတွက် စက်ရုံ တစ်ခုနဲ့တစ်ခု ဆက်သွယ်ရေး၊ သတင်းဖလှယ်ရေးတွေကို ကျောင်းသားများက ကူညီပေးကြပါတယ်။ စက်ရုံသပိတ်စခန်းများအတွက် လိုအပ်တဲ့စားနပ်ရိက္ခာ၊ ဆေးဝါးများကိုလည်း ကျောင်းသားများက ပြည်သူလူထုထံ အလှူခံပြီး ပေးပို့ ထောက်ခံခဲ့ကြပါတယ်။

တက္ကသိုလ်ဝန်းကျင်ညများရဲ့ မိန်းခလေးများအဆောင်ရှေ့က ဂစ်တာဝိုင်း များကလည်း နီးစပ်ရာ စက်ရုံသပိတ်စခန်းရှေ့သွားပြီး စိတ်ဓာတ်ခွန်အားဖြည့် ဂီတတေးသီချင်းများ သီဆိုအားပေးကြပါတယ်။ ပြဿနာတစ်ခုဖြစ်ရင် ရင်းမြစ် ကိုရှာပြီး ပြေလည်အောင်ဖြေရှင်းမပေးတတ်တဲ့ စစ်အာဏာရှင်တို့ရဲ့ သန္ဓေပါ ဥာဉ်အတိုင်း တစ်ပြည်လုံး အုံကြွနေတဲ့ အလုပ်သမားသပိတ်ကြီးကို လက်ဝဲ လက်ယာအဖျက်သမားများရဲ့ နှောင့်ယှက်မှုပယောဂဆိုပြီး နာမည်ဖျက် သိက္ခာချပြန်ပါတယ်။ အလုပ်သမားများကလည်း ဘဝအရ၊ လူတန်းစားအရ ပြတ်သားစွာ ပြန်လည်ချေပပြီး “ဟုတ်ပါတယ်၊ ပယောဂဆိုရင်လည်း ထမင်း မဝတဲ့ ပယောဂဗျ”တဲ့။

အလုပ်သမားတွေတောင်းဆိုတဲ့ “ဆီဆန်” အစား စစ်အာဏာရှင် များပေးတာက ကျည်ဆံတွေပါ။ ဇွန် (၆) သမိုင်းရင်ပြင်နီမှာ (ကျွန်တော် မှတ်မိ သလောက်) ကိုဝင်းအောင် (ဥပဒေကျောင်းသား)ဟာ စစ်အုပ်စုရဲ့ သေနတ် ကျည်ဆံကြောင့် ကတ္တရာလမ်းမပေါ်မှာ ကျဆုံးခဲ့ရပါတယ်။ ကိုစိုးဝင်း (ဆေး-၂ ကျောင်းသား)၊ ကိုဝင်းစိန် (RIT ကျောင်းသား)၊ ကိုခင်မောင်အေး (ခ) အောင်ထူး (ရန်ကုန်၊ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသား) တို့ သေနတ်ကျည်ဆံမှန် ဒဏ်ရာရ ပြီး အဖမ်းဆီးခံကြရပါတယ်။ စစ်အာဏာရှင်များရဲ့ အလုပ်သမားသပိတ်အပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရန်ကုန်တစ်မြို့တည်းမှာ အလုပ်သမား၊ ကျောင်းသားပြည်သူ ကျဆုံးခဲ့တာ (၄၆) ယောက် ရှိပါတယ်။ (၁၂၃) ယောက် ဒဏ်ရာရခဲ့ရပါတယ်။

လောင်စာတွေ မွနေတဲ့ကာလမှာ မီးပွားတစ်စကျရင်ကို မီးထတောက် တတ်တဲ့ သဘာဝအရ ၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၇၅ ဇွန် အလုပ်သမားသပိတ်နှစ်ပတ်လည် (ရွှေတိဂုံဘုရားအရေးအခင်း)၊ ၇၆ မတ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်းများ ဆက်တိုက်ဆိုသလို အုံကြွပေါက်ကွဲလာကြပါတော့တယ်။

ဥပဒေမဲ့အာဏာသိမ်းမှုကို ၁၉၇၄ အခြေခံဥပဒေနဲ့ တရားဝင်ဖြစ်အောင် ကြိုးစားလာတဲ့ စစ်အာဏာရှင်တွေဟာ ၁၉၄၇ အခြေခံဥပဒေက အတည်ပြု ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သီချင်းကို လိုသလို ပုံဖျက်လိုက်ကြတယ်။ လောက ပါလတရားကိုအခြေခံတဲ့ သီချင်းရဲ့ ခြေဆင်းကို ဖြုတ်ပစ်လိုက်တယ်။ “ကမ္ဘာ မကြေ” ဆိုတဲ့စာသားနဲ့ ကာရံမိမိ မမိမိ “ဗမာပြေ” နေရာမှာ “မြန်မာပြေ” လို့ ပြောင်းလိုက်တယ်။ “ဗ” နဲ့ “မ” ပြဿနာ။ “ဗ.က.သ” “မ.က.သ”။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို မြင်းသမားဉာဏ် အကောက်ကြံဖြိုခွဲ သွားတာပါ။

၇၄ ဖွဲ့စည်းပုံကို အတည်ပြုချင်လွန်းပြီး အဲဒီကာလတွေက ဗမာပြည် အကျဉ်းထောင်အသီးသီးမှာ မနက်အိပ်ရာထရင် နိုင်ငံတော် သီချင်းဆိုကြရ ပါတယ်။ ၇၄-၇၅-၇၆ မှာ စစ်အာဏာရှင်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြတဲ့ သပိတ် လေးလုံးဟာ လတ်တလောမီးပွားစအမျိုးမျိုး ခြားနားပြီး သပိတ်မှောက်ခဲ့ကြ ပေမယ့် အဓိကမီးတောက်ကြီးကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ၇၄ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးပါ။ ဒါ့ကြောင့် သပိတ်လေးလုံးနဲ့ အကျဉ်းကျနေကြ ပေမယ့် ကျောင်းသား၊ အလုပ်သမားတွေဟာ ဦးခေါင်းမှာ သွေးအချင်းချင်း နီလင့်ကစား ဒူးမညွှတ်ကြပါဘူး။ ထောင်ထဲမှာလည်း ၇၄ ဖွဲ့စည်းပုံကို ကန့်ကွက်၊ ဖွဲ့စည်းပုံလာနိုင်ငံတော်သီချင်းကို ငြင်းဆန်ကြတယ်။ နိုင်ငံတော် သီချင်း မဆိုမှုနဲ့ လူမဆန်စွာ ရိုက်နှက်အကျဉ်းတိုက်ပိတ်ပြစ်ဒဏ်ကို ပျော်ပျော် ပါးပါးကြီး ခံယူခဲ့ကြပါတယ်။

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်ဖြစ်တဲ့ ပြည်တွင်းစစ်မီးကြီး ပြည်မမြေပြန့် အထိ သည်းသန်ပြင်းထန်နေချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးစီးပြီး ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေး ချီတက်ဆန္ဒပြ လှုပ်ရှားမှုကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါတယ်။ “ပြည်သူနဲ့ လက်တွဲလို့သာချီ x ပြည်သူကို ငါတို့အမြဲယုံကြည် x ပြည်သူအတွက် အလုပ်အကျွေးပြုပါမည် x ဗ.က.သ သွေး သမိုင်း ထာဝစဥ်နီ x” ဆိုတဲ့ သမဂ္ဂသီချင်းအတိုင်း ကျောင်းသားများက စိတ် ရောကိုယ်ပါ ထောက်ခံအားပေး၊ ပူးပေါင်းလှုပ်ရှားခဲ့ကြတယ်။ ငြိမ်းချမ်းရေး စစ်ကြောင်းများကို ကြိုဆိုဧည့်ခံခဲ့တယ်။ သမဂ္ဂအသံ ကေသီပန်တီးဝိုင်းနဲ့ ငြိမ်းချမ်းရေးတေးသံ တစ်ပြည်လုံးကို ချိုးဖြူတောင်ပံခတ်ခဲ့ကြတယ်။

သဘာဝဘေးအန္တရာယ် နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခပရိဝေဒ ရောက်နေချိန်၊ တာဝန်ရှိတဲ့အစိုးရရဲ့ တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့နေတဲ့ အချိန် လူမြင်မကောင်းအောင် ယင်တလောင်းလောင်းနဲ့ ပုပ်ပွနံစော်နေတဲ့ အလောင်းပေါင်းမြောက်မြားစွာကို မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ရတာလည်း ကျောင်းသားတွေပါပဲ။

ပွင့်လင်းမြင်သာမှုမရှိတဲ့ လျှို့ဝှက်စာချုပ်နဲ့ ပြည်သူ့သယံဇာတတွေကို အမွေဆိုင်ပစ္စည်းလိုသဘောထား လက်သိပ်ထိုးရောင်းစား တိုင်းပြည်ဘဏ္ဍာ ကနည်းနည်း ပွဲခများများယူထားတဲ့ ဦးပိုင်-ဝမ်ပေါင် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်ပြီး လက်ပံတောင်းတောင်တစ်ဝိုက်မှာ ခွပ်ဒေါင်းအလံစိုက်ခဲ့တာ လည်း ကျောင်းသားတွေပါပဲ။

ကျောင်းသားတွေဟာ ဆင်းရဲသားတွေအတွက် ပညာဒါနကျောင်းတွေ ဖွင့်ပေးတယ်။ စစ်ဘေးဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာ အဝတ်အထည်နဲ့ မေတ္တာတရား၊ ကိုယ်ချင်းစာတရားတွေ ကိုယ်တိုင်ကိုယ်ကျ သွားပေးတယ်။ အလုပ်သမား၊ လယ်သမားပြဿနာကအစ ကျူးကျော်အိမ်ယာ၊ လမ်းဘေး ပန်းရောင်းတဲ့ ကလေးကိစ္စအထိ ကျောင်းသားတွေဟာ ပါဝင်ကူညီပြီး ပြည်သူ ကို အလုပ်အကျွေးပြုကြပါတယ်။

ကျောင်းသားတွေဟာ သူတို့ဖြတ်သန်းနေတဲ့သမိုင်းက သူတို့ ပခုံးပေါ် တင်ပေး လိုက်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရင်း အခြားလူထုလူတန်း စားတွေရဲ့ လှုပ်ရှားမှု၊ လိုအပ်မှုတွေကို အခြေအနေအချိန်အခါမရွေး အားတက် သရော တက်ကြွလှုပ်ရှားကြတဲ့ ပြည်သူနဲ့ တစ်သားတည်းကျသူတွေပါ။

အင်္ဂလိပ်နယ်ချဲ့အစိုးရဟာ ကျွန်ပညာရေးကို သင်ပေးတယ်ပဲထားဦး သူ သင်ပေးတဲ့ပညာကို တန်ဖိုးထားတယ်။ ကျောင်းသားတွေကို တန်ဖိုးထား တယ်။ တက္ကသိုလ်ကို တန်ဖိုးထားသလို ကျောင်းသားသမဂ္ဂကိုလည်း တန်ဖိုး ထားတယ်။ လွတ်လပ်စွာ လှည့်လည်ရန်အတွက် နေရာရှိတယ်။ ကျောင်းသား လှုပ်ရှားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ ကျောင်းထုတ်တာပဲရှိခဲ့တယ်။ တက္ကသိုလ်အရေး၊ ကျောင်းသားကိစ္စကို အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မပြုဘူး။

လွတ်လပ်ရေးရအပြီး ကိုယ့်တိုင်းရင်းသားချင်း အုပ်ချုပ်ခါမှ တက္ကသိုလ် နယ်မြေမှာ မီးသတ်ပိုက်နဲ့ ထိုးတဲ့အသံ၊ မျက်ရည်ယိုဗုံး၊ မီးခိုးငွေ့၊ သေနတ်သံ တွေ ဆူညံကြတော့တယ်။ ဖောက်ပြန်တဲ့ အစိုးရအဆက်ဆက်က သမဂ္ဂကို ဖြိုခွင်းဖို့ ကျောင်းသားထုကို ဦးညွှတ်ဒူးထောက်စေဖို့ အခါမလတ် လုံးပမ်းကြ ပါတော့တယ်။ ၁၉၅၃ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး၊ အင်းဝတံခါး အရေးအခင်းက စလို့ တက္ကသိုလ်ကံ့ကော်တန်းဟာ သွေးစွန်းခဲ့ရပါပြီ။ ၁၉၅၆ ခုနှစ် ပညာရေးဝန်ကြီးက ကျောင်းသားသမဂ္ဂကို ကျောင်းသားကောင်စီနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပါသေးတယ်။ နောက် အစိုးရဒေါက်တိုင် ကျောင်းသား အဖွဲ့တွေ ဖွဲ့ပေးပြီး ကျောင်းသားညီညွတ်ရေးကို ဖြိုခွဲကြတယ်။ ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ ဗိုလ်နေဝင်းတို့ စစ်အာဏာရှင်တစ်စုက တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူပြီးနောက် မေ (၂၉) ရက်မှာ ဥပဒေ (၂)ရပ်ကို ရုပ်သိမ်းခဲ့တယ်။

တော်လှန်ရေးကောင်စီရဲ့ ဥပဒေအမှတ် (၂) နဲ့ အမှတ် (၃) ပါ စစ်အုပ်စု တက်တက်ချင်းပဲ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ရဲ့ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (၂)ရပ် ပြဋ္ဌာန်း ပါတော့တယ်။ မကြာပါဘူး တက္ကသိုလ်ဝင်းထဲကို စစ်တပ်နဲ့ကျူးကျော် ကျောင်းသားတစ်ရာကျော်ကို ပစ်သတ်၊ သမဂ္ဂအဆောက်အဦးကို ဗုံးခွဲ ဖြိုချပစ်လိုက်ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ကျောင်းသားတွေကို လိုက်ဖမ်း၊ ထောင်ချ၊ ကိုကိုးကျွန်းပို့။ ကျောင်းသားကို ဖမ်းလို့မမိရင် မိဘတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲတတ်ကြ ပါတယ်။ ဒါကြောင့် မြို့ပေါ်မြေပေါ်မှာ နေလို့မရတော့တဲ့ ကျောင်းသားတွေဟာ လက်နက်ကိုင်တော်လှန်ရေးရှိရာ လွတ်မြောက်ဒေသကို သွားရောက် ခိုလှုံပြီး စစ်အုပ်စုကို ဆက်လက်ဆန့်ကျင် တိုက်ခိုက်ကြရပြန်ပါတယ်။

အလားတူပါပဲ ၇၄-၇၅-၇၆ သပိတ်လေးလုံးမှာ ကျောင်းသားတွေကို သတ်၊ ဖမ်းဆီး၊ ထောင်ချနဲ့ လက်ယဥ်နေတဲ့ စစ်အာဏာရှင်ဟာ ထင်တိုင်းကြဲ ဖိနှိပ်ခဲ့ ပါတယ်။ ဇူလိုင် (၇) ရက်အရေးတော်ပုံလို ဖောက်ဖျက် မရတဲ့ ရာဇဝတ်ပြစ်မှု ကြီးကို ထပ်မံကျူးလွန်လိုက်ပြန်ပါတယ်။ အဲဒါကတော့ လူမသတ်၊ မုဒိမ်း မကျင့်၊ ဓားပြမတိုက်တဲ့ အပ်တိုတစ်ချောင်းမျှ မပါဘဲ ဆန္ဒပြမှုသက်သက်နဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် တင်မောင်ဦးကို သေဒဏ် အမိန့် ချ ကြိုးပေးသတ်လိုက်ခြင်းပါပဲ။ ဖိနှိပ်မှုကို မခံရပ်နိုင်တဲ့အဆုံး ကျောင်းသား များဟာ သပိတ်အပြီးမှာ တစ်သုတ်၊ အဖမ်းဆီးခံကျောင်းသားများကလည်း ထောင်က လွတ်ပြီး တစ်သုတ်၊ လွတ်မြောက်ဒေသတွေဆီ အရောက်သွားလို့ တောခိုကြပြီး လက်နက်ကိုင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ကြပါတော့တယ်။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးရဲ့ လူထုလက်ထဲက အာဏာကို စစ်အာဏာရှင်များက လက်နက်အားကိုးနဲ့ တစ်ကျော့ပြန် သိမ်းပိုက်ခဲ့ပါတယ်။ တစ်ပြည်လုံးက လမ်းမတိုင်းမှာ သွေးအိုင်ထွန်းအောင် စစ်အုပ်စုက လက်စွမ်းပြ မိုက်ရိုင်းထွားကျိုင်းကြတယ်။ ကျောင်းသားအုပ်စုမှာလည်း သေသူသေ၊ ထောင် ကျသူကျ၊ ပြေးသူပြေး ရနဲ့ပါပဲ။ ဖိနှိပ်မှုကို မခံနိုင်တဲ့အဆုံး နီးစပ်ပတ်သက်ရာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆီ သွားရောက်ပူးပေါင်းပြီး စစ်အာဏာ ရှင်စနစ်ကို စစ်တလင်းမှာ ဖြေရှင်းရင်ဆိုင် တိုက်ခိုက်ခဲ့ပါတော့တယ်။

စစ်အားမကောင်းရင် ဂျစ်ကားတောင်မမောင်းနိုင်တဲ့ စစ်အုပ်စုဟာ စစ်တပ်တန်ခိုးထွားအောင် ပြည်တွင်းစစ်ကို ပိုးမွေးသလို မွေးထားပြီး ဟန်ပြ ငြိမ်းချမ်းရေးအတုနဲ့ အသက်ဆက်နေကြတာပါ။ ပြည်တွင်းစစ် နှစ် (၇၀) နီးပါး မှာ တော်လှန်ရေးမလုပ်ဖူးတဲ့၊ လက်နက်မကိုင်ဖူးတဲ့ တိုင်းရင်းသားအဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။

ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံ၊ စစ်အာဏာရှင် အုပ်စိုးမှု သက်တမ်းအရှည်ဆုံးတိုင်းပြည်မို့ ကမ္ဘာမှာ မရှိဘူးသေးတဲ့ ကျောင်းသား လက်နက်ကိုင်တပ်မတော်တစ်ရပ် ပေါ်ပေါက်ခဲ့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုယန္တရားကြောင့် ကျောင်းသားထုဟာ မြေပေါ် သပိတ်တိုက်ပွဲ၊ မြေအောက်လှုပ်ရှားမှု နောက်ဆုံးလက်နက်ကိုင် တော်လှန်ရေးထိ နည်းသဏ္ဌာန်မျိုးစုံနဲ့ တိုက်ခိုက်လှုပ်ရှားကြရပါတယ်။ အာဏာရအစိုးရရဲ့ ဖိနှိပ်လိုက်လျော လွှမ်းမိုးနေတဲ့ နိုင်ငံရေးစနစ် ပေါ်လိုက်ပြီး ကျောင်းသား လှုပ်ရှားမှုရဲ့ နယ်ပယ်အသွင်သဏ္ဌာန် ပြောင်းလဲကြပါတယ်။

နိုင်ငံတကာအခြေအနေမှာ ဒုတိယကမ္ဘာစစ်မဖြစ်မီကတည်းက မာက်စ်ဝါဒ ဟာ ပညာတတ်အလွှာမှာ ခေတ်စားလာခဲ့ပါတယ်။ အဲဒီကာလကို နိုင်ငံရေး သုတေသီများက “ပန်းနုရောင်နှစ်ကာလများ (Pink Age)” လို့ သတ်မှတ်ကြရဲ့။ ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှုမှာလည်း အဲဒီဂယက်ရိုက်ခတ်ခဲ့ပါတယ်။ ကိုအောင်ဆန်းဟာ B.A ဘွဲ့ပဲယူပြီး B.L ကို ဆက်မတက်တော့ပဲ တို့ဗမာ အစည်းအရုံးကိုဝင်ကာ သခင်ဘွဲ့ခံယူလို့ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါ တယ်။ ကိုအောင်ဆန်းတို့ ကျောင်းသားလူငယ်တစ်သိုက် “တို့ဗမာအစည်း အရုံး” ထဲလည်းရောက်ရော အစည်းအရုံးရဲ့အလံဖြစ်တဲ့ သုံးရောင်ခြယ် ကဒေါင်းဟာ သုံးရောင်ခြယ် တူတံစဥ်အလံ ဖြစ်သွားပါတော့တယ်။

၁၉၃၆ အလွန် တက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ စာစောင် မဂ္ဂဇင်းတွေမှာ လက်ဝဲဝါဒကို အထင်အရှား အခိုင်အမာတွေ့ရပါတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ရဲ့ ပဉ္စမအကြိမ် ညီလာခံအပြီးမှာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)နဲ့ ကိုကို တို့က ဦးစီးပြီး အရေးတော်ပုံ လက်ရေးသတင်းစာ ထုတ်ဝေကြပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံ သတင်းစာရဲ့ လိုဂို (အမှတ်တံဆိပ်)ဟာ တူတံစဥ်ပုံနဲ့ပါ။

၁၉၃၈ (၁၃၀၀ ပြည့်အရေးတော်ပုံ) အပြီး ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှဖေ (ဗိုလ်လက်ျာ) တို့ဟာ ကွန်မြူနစ်ပါတီ တည်ထောင်တဲ့အထိ နိုင်ငံတကာဂယက် ရိုက်ခတ်ခဲ့ပါတယ်။

၁၉၅၀ ဝန်းကျင်ကာလများ။ ကမ္ဘာကြီးမှာ ကိုရီးယားစစ်ပွဲ၊ ကျူးဘား ပြဿနာတို့နဲ့ တတိယကမ္ဘာစစ်အန္တရာယ်က အခြိမ်းခြောက်ခံ နေရပါတယ်။ အဲလိုအချိန်မှာ ကမ္ဘာ့နာမည်ကြီးစာပေ၊ ဂီတအနုပညာရှင်များ၊ သိပ္ပံပညာရှင်၊ တတ်သိပညာရှင်စုစည်းကာ “ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်” ကို ထူထောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ အနုမြူဗုံးပိတ်ပင်ရေးအတွက် လှုပ်ရှားတောင်းဆိုကြပါ တယ်။ အဲဒီကာလက ကမ္ဘာ့ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌက ကိုဋ္ဌေးမြိုင် (ဒဂုန်တာရာ) ဖြစ်ပြီး ရ.သ.က ဥက္ကဋ္ဌ ကိုစိုးသိန်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါ တယ်။ ကျောင်းသားသမဂ္ဂက ဦးစီးပြီး နိုင်ငံတကာဖြစ်စဥ် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အနုမြူဗုံးပိတ်ပင်ရေး ဆန္ဒပြလက်မှတ်များ ကောက်ခံခဲ့ကြပါတယ်။

၁၉၅၀ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား စစ်ဖြစ်ကြတယ်။ မြောက်ကိုရီးယားက ကျူးကျော်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဗမာအစိုးရက ထောက်ခံခဲ့တယ်။ အဲဒီအချိန်က တ.က.သကို အစိုးရလက်ဝေခံ ကျောင်းသားများက အုပ်စီးထားလို့ တ.က.သ အာဘော် ဘာမှ မထုတ်ပြန်ခဲ့ ဘူး။ ဒါပေမဲ့ တိုးတက်တဲ့ ကျောင်းသားတွေစုစည်းပြီး ကိုရီးယားစစ်ပွဲနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတယ်။ ၁၉၅၀ ခုနှစ် နောက်ပိုင်းတွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) ဟာ ကမ္ဘာ့ကျောင်းသားသမဂ္ဂ International Union of Students (IUS) မှာ အဖွဲ့ဝင်ဖြစ်သွားပြီး နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုနဲ့ ဟန်ချက်ညီ လှုပ်ရှားခဲ့ကြတယ်။ ဒါကြောင့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပတဲ့ နျူးကလီးယားဗုံး ဆန့်ကျင်ရေးညီလာခံကိုလည်း တက်ရောက်ခဲ့ တယ်။

၁၉၅၈၊ ပီကင်းကမ္ဘာ့ကျောင်းသားများသမဂ္ဂညီလာခံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (၁၀) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုလည်း တက်ရောက်ခဲ့ကြ တယ်။ တခြားနိုင်ငံတွေမှာ အထူးသဖြင့် ခရီးဝေးကွာတဲ့ ဥရောပနိုင်ငံတွေမှာ ကျင်းပတဲ့ ကမ္ဘာ့ကျောင်းသားများသမဂ္ဂညီလာခံတွေ ကိုတော့ ဗမာပြည်ကနေ သွားမတက်နိုင်တော့ဘူး။ ဒါပေမဲ့ ကျင်းပတဲ့နိုင်ငံမှာ အစိုးရပညာတော်သင် အဖြစ် ရောက်နေတဲ့ ကျောင်းသားကို အကြောင်းကြားပြီး လျှို့လျှို့ဝှက်ဝှက် (အစိုးရမသိအောင်) တက်ခိုင်းကြရတယ်။

ဟင်းခတ်အမွှေးအကြိုင်ပေါများရာ အိန္ဒိယတိုက်ကိုရှာရင်း ကိုလံဘတ် သွားတွေ့မိတဲ့ မြောက်အမေရိကတိုက်မှာ ဒေသခံ ရက်အင်ဒီးယန်းတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျပြီး နိုင်ငံတည်ထောင်ခဲ့တဲ့ အမေရိကန်ဟာ ၁၉၆၀ ခုနှစ် ကာလတွေမှာ “ကမ္ဘာ့ပုလိပ်ကြီး” ဆိုပြီး နိုင်ငံတကာဖြစ်စဥ်မှာ နာမည်ပျက် နေပါတော့တယ်။ အာရှအာဖရိက လက်တင်အမေရိကနိုင်ငံတွေကို ကူညီရေး အရောင်ပြ၊ စီအိုင်အေ လက်ထောက်ချလို့ ပြည်တွင်းရေးတိုင်းကို ဝင်ရောက် စွက်ဖက်နေပါတော့တယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂက အစည်းအဝေး ဆုံးဖြတ်ချက်ချပြီး အမေရိကန်ကျူးကျော်မှုဆန္ဒပြပွဲကို ရန်ကုန်ရှိ အမေရိကန် သံရုံးရှေ့မှာ ကျင်းပခဲ့ကြပါတယ်။

ဗမာပြည်ရဲ့ ၇၄-၇၅-၇၆ သပိတ်ကာလဝန်းကျင်မှာ တောင်ကိုရီးယား ဆိုးလ်တက္ကသိုလ်၊ ထိုင်း သမ်မာဆပ်တက္ကသိုလ်တို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများဟာလည်း တိုင်ပင်ထားသလား ထင်ရအောင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အားပေးစေ့ဆော်နေသလိုပါပဲ။

ချက်နိုင်ငံရဲ့ သွေးစည်းခိုင်မာရေးအလုပ်သမားသပိတ်၊ တိန်အန်မင် တရုတ်အရေးအခင်းများဟာလည်း ဗမာပြည်ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့ အပြန်အလှန် အားပေးလမ်းပြ စိတ်ဓာတ် ခွန်အားပေးကြ ပါတယ်။

၁၉၃၀ ကစတင်ခဲ့တဲ့ တ.က.သ၊ ၁၉၃၆ ကစတင်ဖွဲ့စည်းခဲ့တဲ့ ဗ.က.သ၊ အဲဒီကျောင်းသားသမဂ္ဂတွေရဲ့ ဦးဆောင်လှုပ်ရှားနေကြတဲ့ ကျောင်းသား ခေါင်းဆောင်များဟာ သူ့ခေတ်သူ့အခါအလိုက် တိုးတက်တဲ့ အမြင်ကို ကိုင်စွဲ လာကြသူချည်းပါပဲ။ ဗ.က.သဖွဲ့စည်းပြီးတဲ့ နောက်ပိုင်း ကျောင်းသား ခေါင်းဆောင် မျိုးဆက်များရာစုကတော့ ပြည်ချစ်ဝါဒသာမက နိုင်ငံတကာဝါဒ ကို ကိုင်စွဲလာတာကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ ဒါကြောင့် နိုင်ငံတကာဖြစ်စဥ်ကိုလည်း မျက်ခြည်မပြတ် နိုင်ငံတကာကျောင်းသား လှုပ်ရှားမှုနဲ့လည်း မကင်းကွာပဲ ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှုနဲ့ ပေါင်းစပ် ဝတ်မှုန်ကူးနိုင်ခဲ့ ကြပါတယ်။

ဗမာပြည်မှာ စာသင်ကျောင်းရယ်လို့ စတင်ပေါ်ပေါက်လာ ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ထွန်းလာတာပါပဲ။ နယ်ချဲ့ကိုလိုနီခေတ်က စလို့ ကနေ့ကာလအထိ ကျောင်းသားလှုပ်ရှားမှုတွေကို ပြန်လည်သုံးသပ်ရရင် ခေတ်အဆက်ဆက်အစိုးရတွေရဲ့ ခေတ်မမီ အကျိုးမပြုတဲ့ ပညာရေးစနစ် ကြောင့်ရယ်၊ ကျောင်းသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ စည်းကမ်း၊ အမိန့်၊ ဥပဒေတွေ ပြဋ္ဌာန်းတာကြောင့်ရယ်၊ ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက် လှုပ်ရှားကြရတာကို တွေ့ရပါတယ်။

အင်္ဂလိပ်နယ်ချဲ့တို့က ဗမာပြည်ကို သိမ်းပိုက်အပြီး လက်နက်အားကိုးနဲ့ မလှန်နိုင်အောင် ဖိနှိပ်ထားတဲ့အပြင် လူမျိုးရဲ့ ဇာတိသွေး ဇာတိမာန်ကိုပါ ချိုးနှိမ်ဖို့ ကြိုးစားလုံးပန်းခဲ့ကြတယ်။ ပုဂံစိတ်ဓာတ် ပျက်ပြားအောင် ညောင်ဦး ကို ရုံးစိုက်မြို့အဖြစ်သတ်မှတ်ပြီး ပုဂံကို တောဖုံးအောင် ကြံဆောင်ခဲ့တယ်။ အဲဒီလိုပဲ အင်းဝဇာတိမာန်တိမ်ကော ပပျောက်အောင် တံတားဦးမှာ ရုံးစိုက်ခဲ့ ပြန်တယ်။ ရခိုင်တန်ဆောင် မြောက်ဦးတိမ်ကောစေဖို့ စစ်တွေကို မြို့လုပ်ခဲ့ တယ်။ ပဲခူးဟံသာဝတီနဲ့ စစ်ကိုင်းမှာကျတော့ နန်းတော်နေရာမှာ မြို့ကွက်ရိုက် တည်ပေးပြီး မြို့ရိုးပေါ်မှာ ကားလမ်းဖောက်ကြတယ်။ မန္တလေးနဲ့ အမရပူရမှာ နန်းတွင်းထဲကို စစ်တပ်တပ်စွဲထားပြီး အပြင်လူမဝင်ရဆိုတဲ့ ကန့်သတ်နယ်မြေ လုပ်ပစ်ကြပြန်တယ်။

အင်္ဂလိပ်နယ်ချဲ့ဟာ သူတို့ကို “သခင်ကြီး” ခေါ်ခိုင်းပြီး တိုင်းရင်းသား တွေကို “ဘုရား” ထူးစေခဲ့တယ်။ အဲဒီလိုပဲ ဆရာနဲ့ ပညာရေးဌာန အကြီးအကဲ အင်္ဂလိပ်တွေလာရင် ရှိခိုးနှုတ်ဆက်ဂါရဝပြုဖို့ အမိန့်ထုတ်ပြန် ခဲ့တယ်။ အဲဒီလိုဖောက်ပြန်တဲ့ အစိုးရရဲ့ မလျော်ကန်တဲ့ အမိန့်အာဏာကို ကျောင်းသား တွေက ဖီဆန်အာခံတော်လှန်အနိုင်ယူခဲ့တယ်။ ဒါဟာ ၁၉၀၃ ခုနှစ်က ကနဦး ကျောင်းသားသပိတ်ရဲ့ ရှိခိုးပြဿနာ အောင်ပွဲပါ။

၁၉၂၀ မှာ နယ်ချဲ့အစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားလာပါတယ်။ အဲဒီဥပဒေဟာ ဗမာပြည်ရဲ့ ပကတိဘဝနဲ့ မကိုက်ညီ ကြောင်း မိဘပြည်သူများနဲ့ ကျောင်းသားများက အတန်တန် ကန့်ကွက်နေတဲ့ ကြားမှ နယ်ချဲ့အစိုးရက ဇွတ်ပြဋ္ဌာန်းဖို့ လုံးပန်းလာကြတယ်။ အင်္ဂလိပ်ရဲ့ တက္ကသိုလ်အက်ဥပဒေကြောင့် ပထမကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ရတာ ပါ။

ကျောင်းခေါ်ချိန် ပြန်ထူးရာမှာ Sir မပါလို့ အတန်းတက်ခွင့်မရတဲ့ ကျောင်းသား ကိုစိုးမြင့်ကိစ္စ၊ ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ကြေညာချက် စာရွက်ကို ရက်လွန်ပြီအထင်နဲ့ သွားဖြုတ်မိလို့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားကိုအောင်မြင့်ကိစ္စ စတဲ့ မီးပွားကလေးတွေ စုလာပြီး “ငရဲခွေးကြီး လွတ်နေပြီ” ဆောင်းပါးပြဿနာနဲ့ ကိုအောင်ဆန်းကို ကျောင်းထုတ်လိမ့်မယ် ဆိုတဲ့ သေချာတဲ့သတင်း၊ အဲဒီဆောင်းပါးကြောင့်ပဲ တ.က.သ ဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်လိုက်ခြင်းဟာ မီးတောက်ကြီးဖြစ်လာကာ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာ ပါတော့တယ်။ တက္ကသိုလ် အာဏာ ပိုင်နယ်ချဲ့များရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် သပိတ်ဖြစ်လာရတာပါ။

၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးဟာ မကွေးမြို့မှာ တားဆီးခံနေရတော့ တို့ဗမာအစည်းအရုံးမှ သခင်များနဲ့အတူ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်း၊ အတွင်းရေးမှူးကိုဗဆွေတို့က သွားရောက်အားပေးပြီး ရန်ကုန်အရောက် ချီတက်နိုင်ဖို့ ကူညီခဲ့ကြတယ်။ အဲဒီမှာ ကိုဗဟိန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းက နယ်ချဲ့အစိုးရကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲပြီး အဖမ်းခံလိုက်ရတယ်။ ကျောင်းသားထုကြီးကလည်း ကိုယ့် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ဖမ်းဆီးတာဟာ ကျောင်းသားထုတစ်ရပ်လုံးကို စော်ကားတာနဲ့ အတူတူပဲဆိုပြီး သပိတ်မှောက် ကြ၊ ပုဒ်မ (၁၄၄) ကို ဆန့်ကျင်ကာ အတွင်းဝန်ရုံးဝိုင်းကြနဲ့ ဗိုလ်အောင်ကျော် ကျဆုံးရတဲ့ တတိယကျောင်းသားသပိတ်ကြီး ဖြစ်ပွားခဲ့ရပါတယ်။

ကျွန်တော်တို့တွေကတော့ ကိုဗဟိန်းနဲ့ ကိုဗဆွေကိုဖမ်းလို့ တတိယ ကျောင်းသားသပိတ်ဖြစ်ရတယ်လို့ ယေဘုယျနားလည်ထားကြတာပါ။ ဒါပေမဲ့ –

“ကျွန်တော်တို့ကို ဖမ်းလိုက်သောအခါတွင်ကား… အဆင်သင့် ပြင်ဆင်ပြီးဖြစ်သော ကျောင်းသားများကို ဆူပူရန် အခါပေး လိုက်သကဲ့သို့ ဖြစ်သွားလေသည်။ အကယ်တည့် ကျွန်တော် တို့ကို မဖမ်းဘဲနေက ယခုဖြစ်ပျက်ဆဲဖြစ်သော ကျောင်းသား အရေးတော်ပုံသည် ယခုအချိန်တွင်မဖြစ်ဘဲ အချိန်ပြောင်းသွား ချင် ပြောင်းပေလိမ့်မည်။ သို့သော် မဖြစ်ဘဲကားမနေ၊ အနှေး နှင့် အမြန် ဖြစ်ပေါ်ရတော့မည်။ စင်စစ်သော်ကား ကျွန်တော် တို့ကို ဖမ်းလိုက်ခြင်းမှာ ပေါက်ကွဲအံ့ဆဲဆဲဖြစ်သော ယမ်းအိုး ကြီးကို မီးတဖွားဖွားချလိုက်ခြင်းသာ ဖြစ်ပေသည်။ ယခု ကျောင်းသားအရေးတော်ပုံသည် ကျွန်တော်တို့နှစ်ဦးအား ဖမ်းဆီးခြင်း အပေါ်တွင် လုံးဝအရင်းမတည်ကြောင်း”

လို့ အဖမ်းခံရသူ ကျောင်းသားသမဂ္ဂကိုဗဟိန်းကိုယ်တိုင် ၁၃၀၀ ပြည့် သပိတ် သုံးသပ်ချက် “ကျောင်းသားအရေးတော်ပုံ” စာတမ်းမှာ အတိအလင်း ပြောကြားထားပါတယ်။

မှန်ပါတယ်။ ကိုလိုနီခေတ်ဗမာနိုင်ငံရဲ့ ပေါ်ပေါက်ခဲ့သမျှ ကျောင်းသား လှုပ်ရှားမှုတိုင်းဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လက္ခဏာဆောင်နေလို့ပါပဲ။ လတ်တလော အကြောင်းအရာ ဘာကြောင့်ပဲ သပိတ်မှောက်မှောက် နယ်ချဲ့အစိုးရရဲ့ ဖိနှိပ်မှု၊ ကျွန်ပြုမှုနဲ့ မတရားတဲ့ အမိန့် အာဏာမှန်သမျှကို တာဝန်အရ ဖီဆန်ဆန့်ကျင်ကြတာပါ။

၁၉၂၀ ပထမကျောင်းသားသပိတ်ရဲ့ ကြွေးကြော်သံဟာ “ကျွန်ပညာရေး အလိုမရှိ။” ၁၉၃၆ ဒုတိယကျောင်းသားသပိတ်မှာတော့ “ပညာရေးစနစ် အသစ်ပြောင်းပေး။” တတိယကျောင်းသားသပိတ် ၁၉၃၈ ရဲ့ တောင်းဆိုမှုဟာ ပညာရေးစရိတ်တိုးပေး” ရယ်လို့ ဖြစ်ကြပါတယ်။ နယ်ချဲ့သမားရဲ့ ကျွန်ပြုလို ဇောနဲ့ ချမှတ်ခဲ့တဲ့ ဖောက်ပြန်မှားယွင်းတဲ့ ပေါ်လစီ၊ ဥပဒေတွေကြောင့် ကိုလိုနီ ခေတ် ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ပွားပြီး ဂုဏ်ရောင်ပြောင်ခဲ့ကြတာပါ။

လွတ်လပ်ရေးရအပြီး ဖ.ဆ.ပ.လရဲ့(၁၀)နှစ်(၁၀)မိုးခေတ်မှာ ကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်းတွေ အာဏာရလာကြပါတယ်။ သူတို့အာဏာရမှ ကျောင်းသားသမဂ္ဂကို ခါးပိုက်ထဲထည့်ဖို့ ကြိုးစားရင်း ပါတီအပိုင် ကျောင်းသား အဖွဲ့တွေ ဖွဲ့စည်းပေးပြီး ကျောင်းသားထုအတွင်း သပ်လျှိုသွေးခွဲကြပါတော့ တယ်။ အဲဒီကာလတွေက ဗမာနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူမှုစီးပွား အဖွံ့ဖြိုးဆုံး အတိုးတက်ဆုံးနိုင်ငံပါ။ ဒါပေမဲ့ အုပ်စိုးသူအစိုးရက ချမှတ်လိုက်ပြီး ကျောင်းသားထု လက်မခံနိုင်တဲ့ အမိန့်ဥပဒေကြောင့် ၁၉၅၃ အောက်တိုဘာ ကျောင်း (၁) လ ပိတ်ရေးဆိုတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရ ပြန်ပါတယ်။ တစ်ခါက သမဂ္ဂကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် သေနတ်ကိုင် ပစ်သတ်ဖြေရှင်းခဲ့လို့ “အင်းဝဆောင် အုတ်တံတိုင်း၊ သွေးဖြိုင်းဖြိုင်းနီ” ခဲ့ရပါတော့တယ်။

၁၉၅၆ ခုနှစ်မှာ သတ္တမတန်းအစိုးရစစ်စာမေးပွဲကို ကျောင်းသားလေးများ က တစ်နှစ်ပတ်လုံး စာကြိုးစားပြီး အားရပါးရဖြေဆိုနေဆဲ နောက်ဆုံးရက်ကျမှ ဖြေဆိုရမယ့်မေးခွန်းဟာ ဗမာ့ခေတ်သတင်းစာမှာ ပါလာပါတယ်။ အာဏာရ အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ မဖြေရှင်းဘဲ စာမေးပွဲတစ်ခုလုံးကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တော့ တယ်။ အဲဒီခေတ်က သတ္တမတန်းအောင်ရင်ကို အလုပ်ကောင်းရတဲ့ကာလပါ။ ဒါနဲ့ စာမေးပွဲဖျက်သိမ်းလိုက်တာကို မကျေနပ်တဲ့ စာမေးပွဲဖြေဆဲ ကျောင်းသား ငယ်တွေဟာ သတင်းစာတိုက်ကိုသွားဝိုင်းပြီး ဆန္ဒပြတော့ လက်နက် အားကိုးပြီး အစိုးရက ဖြေရှင်းလိုက်တာ ကျောင်းသားလေးဟယ်ရီတန် ကျဆုံး ခဲ့ရပြန်ပါတယ်။

ဟယ်ရီတန်အရေးဟာလည်း အာဏာပိုင်တို့ရဲ့ ချို့ယွင်းချက်ကို လက်နက် နဲ့ ဖြေရှင်းလိုက်တာပါပဲ။ ၁၉၆၁ မန်းတက္ကသိုလ်ရဲ့ စနစ်သစ် အရေးတော်ပုံ မှာလည်း အစိုးရရဲ့ တစ်ဖက်သတ်ချမှတ်ထားတဲ့ အဖြေနဲ့ အသေစွဲကိုင်မှု၊ နောက်ဆုံးအကြမ်းဖက်မှုကို တွေ့ရတယ်။ သင်ကြားမှု မပြည့်စုံတဲ့ စာမေးပွဲ စနစ်တစ်ခုကို အသေချမှတ်ခဲ့တယ်။ ကျောင်းသားများက ပထမဦးစွာ လိုအပ် နေတဲ့ ကျောင်းသုံးပရိဘောဂ၊ သင်ထောက်ကူပစ္စည်းနဲ့ ဆရာများ တိုးခန့်ပါ၊ ဒါတွေမပြည့်စုံသေးခင် စနစ်သစ်ပညာရေးကို ရပ်ဆိုင်းထားပါလို့ တင်ပြခဲ့ကြ တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက မလိုက်လျောဘဲ နောက်ဆုံး စက်တင်ဘာလ မှာ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းလိုက်ပါတော့တယ်။

ဒီသမိုင်းစဥ်တွေကိုကြည့်ရင် အာဏာပိုင်တို့က ကျောင်းသားထုဆန္ဒ ပြည်သူ့အသံနဲ့ မကိုက်ညီတဲ့အမိန့်၊ ဥပဒေ၊ စည်းကမ်းတွေချလို့ ကျောင်းသား လှုပ်ရှားမှုတွေ ပေါ်ပေါက်ကြောင်း၊ ကျောင်းသားများက ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို မြတ်နိုးခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြနည်းနဲ့သာ တောင်းဆို လှုပ်ရှားခြင်းကို အစိုးရဘက်က ကျူးကျော်မှု၊ အကြမ်းဖက်မှုတို့နဲ့သာ ဖြေရှင်း တတ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရပါတယ်။

ထောင်ပိုင်က အကျဉ်းသားတွေကို ဖိနှိပ်သလို၊ ဗိုလ်မှူးကြီးက တပ်သား တွေကို ချုပ်ချယ်သလို ကျောင်းသားတွေရဲ့ လူငယ်သဘာဝ လွတ်လပ်မှုကို ဖိနှိပ်ချုပ်ကိုင်ဖို့ ကြံစည်လာကြတယ်။ အဆောင်စည်းကမ်းတွေကို တပ် စည်းကမ်းတွေလို ထုတ်ပြန်ခဲ့တယ်။ တက္ကသိုလ်ရဲ့ သဘောသဘာဝကိုလည်း မသိ ကျောင်းသားထုရဲ့ ဆန္ဒကိုလည်း ဥပေက္ခာပြုပြီး ထုတ်ပြန်တဲ့အမိန့်ဟာ ပြဿနာစတော့တာပါပဲ။

၁၉၆၂ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး ကတည်းက တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းပစ်တယ်။ ဆရာတွေ၊ ပါမောက္ခ၊ ကျောင်းသားတွေ၊ မိဘတွေနဲ့ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ကောင်စီ ကို ဖျက်သိမ်းပစ်ပြီး စစ်ဗိုလ်မှူးကြီးတွေနဲ့ အသစ် ဖွဲ့စည်းခဲ့တယ်။ အခုလည်း တက္ကသိုလ်ကို အပိုင်စီးလို့ ကျောင်းသားတွေကို အဆောင်စည်ကမ်းနဲ့ ချုပ်ကိုင် ဖို့ ကြံစည်လာပြန်တယ်။ မခံနိုင်လို့ ကျောင်းသားလှုပ်ရှားမှုနဲ့ တန်ပြန်ဆန့်ကျင် တော့ သေနတ်နဲ့ အကြမ်းဖက်ဖြေရှင်းပြီး သမဂ္ဂအဆောက်အဦးကြီးကိုပါ ဗုံးနဲ့ ခွဲလို့ အစဖျောက်လိုက်တယ်။

၁၉၇၄-၇၅ သပိတ် (၃) လုံးဖြစ်အပြီး စစ်အာဏာရှင်များက ရန်ကုန်မြို့ကို မာရှယ်လောကြေညာပြီး အုပ်ချုပ်နေပါတော့တယ်။ အဲဒီလို စစ်အုပ်ချုပ်ရေး ကြီး ကြေညာထားတဲ့ကြားက ၇၆ မတ် မှိုင်းရာပြည့်အရေးအခင်းက ဘာကြောင့်ဖြစ်လာရသလဲ။ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ရယ်၊ လတ်တလောအကြောင်းကတော့ ကျောင်းဆောင်ကြေး (၅၇) ကျပ်ကနေ (၁၂၀) တိုးလိုက်တဲ့ ပြဿနာပါပဲ။ ဝန်ထမ်းအများစုက လစာ (၁၂၆) ကျပ်သာ ရနေတဲ့ခေတ်မှာ တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ အဆောင်ကြေးဟာ (၁၂၀) ကျပ်ဆိုတော့ ဆင်းရဲသားကျောင်းသားအများစုက ဘယ် တောင့်ခံနိုင် တော့မှာလဲ။ ဗမာပြည်မှာ လမ်းပေါ်ထွက်တဲ့နိုင်ငံရေးဟာ ခေတ်မမီတော့ဘူး ရယ်လို့ သင်တန်းတွေ ပို့ချနေတဲ့အချိန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နေတဲ့ ကိုးရီးယားမှာ လမ်းပေါ်က ကြွေးကြော်သံတွေနဲ့ သမ္မတကို ဖြုတ်ချပစ်ခဲ့တယ်။ ဒီမိုကရေစီရဲ့ ဥသျှောင်နိုင်ငံကြီးဆိုတဲ့ အမေရိကန်မှာတောင် ထရမ့် တက်လာ တော့ တစ်ပြည်လုံး လမ်းပေါ်ထွက်ခဲ့ကြတာပဲ။ တိုင်းပြည်တစ်ပြည်မှာ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျောင်းသား လှုပ်ရှားမှုဟာ မပတ်သက်ပဲ အစိုးရရဲ့ ပညာရေးအပေါ်သဘောထား၊ ကျောင်းသားတွေအပေါ်ထားတဲ့ စိတ်ထား၊ ချမှတ်တဲ့စည်းကမ်း၊ အမိန့်ဥပဒေတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။

အထက်က ရေးခဲ့ပြောခဲ့တာတွေကို ပြန်ပြီးနိဂုံးချုပ်ရရင်… ကျောင်းသား ဆိုတာ လက်ရှိစာသင်ကျောင်းတစ်ခုခုမှာ ပညာသင်ကြားနေပြီး တိုးတက်မှုကို လက်ဆင့်ကမ်းသယ်ဆောင်နေကြတဲ့ လူငယ်တစ်စုပါပဲ။ ကျောင်းသားသမဂ္ဂ ဟာ ဒီမိုကရေစီခေတ်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။

အချိန်အခါ အခြေအနေမရွေး အခြားလူထုလူတန်းစားများရဲ့ လှုပ်ရှားမှု တိုင်းမှာ ကျောင်းသားတွေဟာ ထောက်ခံပါဝင် ပူးပေါင်း ကူညီကြပါတယ်။ အာဏာရအစိုးရရဲ့ ဖိနှိပ်လိုက်လျော လွှမ်းမိုးနေတဲ့ နိုင်ငံရေးစနစ်အပေါ်လိုက် ပြီး ကျောင်းသားလှုပ်ရှားမှုရဲ့ နယ်ပယ်အသွင် သဏ္ဌာန်ဟာ ပြောင်းလဲပါတယ်။

ဗမာပြည် ပြည်တွင်းလက်တွေ့ဘဝနဲ့ တူညီနီးစပ်တဲ့ နိုင်ငံတကာဖြစ်စဥ် ကျောင်းသားလှုပ်ရှားမှုတိုင်းဟာ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုအပေါ် စေ့ဆော်အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကျောင်းသားလှုပ်ရှားမှုဟာ တိုင်းပြည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ မပတ်သက်ပဲ အာဏာရအစိုးရရဲ့ စီမံခန့်ခွဲမှု၊ အသိဉာဏ်ကြွယ်ဝမှု၊ ဉာဏ်အမြော်အမြင်နဲ့သာ သက်ဆိုင်ပါတယ်။

၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေး၊ တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ၁၉၇၄ အခြေခံ ဖွဲ့စည်းပုံဥပဒေ ဖျက်သိမ်းရေးတို့ ရည်ရွယ်ပါတယ်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 ဝ၊မောင်၊ သိပ္ပံ၊၂၀၀၇။
2 ဗဟိန်း၊ သခင်၊ ၁၉၃၉။

ကိုးကားချက်များ

ဗဟိန်း၊ သခင်။ (n.d.)။ ကျောင်းသားအရေးတော်ပုံ ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအသင်း။

ဝ၊ မောင်၊ သိပ္ပံ-။ (၂၀၀၇)။ အောက်စဖို့ဒ်တက္ကသိုလ်ခရီးသွားမှတ်တမ်း။ တကောင်းစာအုပ်တိုက်။