ဆောင်းပါးရှင်များနှင့် အင်တာဗျူးဖြေဆိုသူများအကြောင်း (အတွဲ ၃၊ ၂၀၂၃)

ဘိုးသိမ်း
အမည်အရင်းမှာ ဒေါက်တာမင်းသိမ်းဖြစ်သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၌ ဒုဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သူဖြစ် သည်။ ၁၉၆၂ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့ သဖြင့် ဖမ်းဆီးခံရပြီး ၁၉၆၃ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၁၉၆၄ တွင် ဆရာဝန်ဘွဲ့ရရှိသည်။ ၂၀၁၄ တွင် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲမှုကွန်ရက် (NNER) တွင် ပါဝင်ခဲ့ပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေးလှုပ်ရှားမှုများတွင် NNER ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျန်းမာရေးဆိုင်ရာစာအုပ်များ၊ ကျောင်းသားသမဂ္ဂ သမိုင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ စာအုပ်များကို ရေးသားခဲ့သည်။

လေးလေးမွန်
၁၉၇၈၊ ဇူလိုင် (၁၂)ရက်၊ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အသက်(၁၈)နှစ်ကျော် တက္ကသိုလ်ကျောင်းသူဘဝမှ နိုင်ငံရေးအကျဉ်းသူအဖြစ် ပြစ်ဒဏ် (၂) ကြိမ် ကျခံခဲ့ရဖူးသည်။ အကျဉ်းထောင် (၄) ခုတွင် (၁၂) နှစ်ကြာနေထိုင်ခဲ့ရသည်။ ၁၉၉၆ ဒီဇင်ဘာ (၉) ရက် ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြလှုပ်ရှားမှု ဦးဆောင်လှုပ်ရှားခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ဒီဗွီဘီ ရုပ်သံ မီဒီယာတွင် ရုပ်သံသတင်းထောက်အဖြစ် တာဝန်ယူ၍ ရန်ကုန်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တို့တွင် (၆) နှစ် လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်း စာရေးဆရာမ မသီတာ စီစဥ်ထုတ်ဝေခဲ့သည့် Teen မဂ္ဂဇင်းတွင်လည်း လေးလေးမွန်အမည်ဖြင့် (၁) နှစ်ကျော် စာရေးသားလုပ်ကိုင်ခဲ့သည်။ ကျောင်းသားမျိုးဆက်ဟောင်းတစ်ယောက်အနေဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှု ကို အာခံဆန့်ကျင်သည့်ဘက်မှ ရပ်တည်လျှက်ရှိပါသည်။

ဖြိုးဖြိုးအောင်
မဖြိုးဖြိုးအောင်(ခေါ်)နှင်းပွင့်ဝေသည် ၁၉၈၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဒေါက်တာနေဝင်း၏ သမီးဖြစ်သည်။ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကျောင်းသူတစ်ဦးဖြစ်သူ သူမသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ကို တစ်ကျော့ပြန်ထူထောင်လှုပ်ရှားခဲ့ရာတွင် ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

၂၀၀၇ရွှေဝါရောင်တော်လှန်ရေးအပြီး ဗကသ ခေါင်းဆောင်များကို လိုက်လံ ဖမ်းဆီးခဲ့သည့်အချိန်တွင် ရှောင်တိမ်းနေခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်း ကူညီ ကယ်ဆယ်ရေးခရီးစဥ်တစ်ခုတွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရကာ ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရသည်။ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော ဗကသတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်သည့် ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းတွင် အခြားကျောင်းသားများနှင့် အတူဖြိုခွင်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေးကို ယခု အချိန်ထိ ဆောင်ရွက်နေဆဲဖြစ်သည်။ မဖြိုးဖြိုးအောင်သည် ပြည်သူ့ဂုဏ်ရည် ဆု (၂၀၁၅) နှင့် နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု (၂၀၂၁) တို့ကို ရရှိ ထားသူဖြစ်သည်။

စိုင်းကျော်ညွန့်
စိုင်းကျော်ညွန့်သည် ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ၁၉၉၅ တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး ၁၉၉၆ ကျောင်းသားလှုပ်ရှား မှုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၉၈ တွင် ရန်ကုန် စက်မှုတက္ကသိုလ်၏ ကျောင်းသားဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံရသည်။ ၂၀၀၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက် ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၁၉၉၆-၁၉၉၈ မျိုးဆက်ကျောင်းသားများဖြင့် စုဖွဲ့ထားသည့် မြန်မာ့ဒီမိုကရေစီအင်စတီကျု တွင် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသို့ ဝင်ရောက်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ဇွန်လတွင် ပြုလုပ်သော SNLD ပါတီ၏ ညီလာခံတွင် တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခြင်း ခံရပြီး ပါတီတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဦးတင်အေးကြူ
ရန်ကုန်စက်မှုတက္ကသိုလ်တက်ရောက်နေစဥ် ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသား လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် (၉) နှစ် ချမှတ်ခံရသည်။ ၁၉၈၀ တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ အပြီး ပေါ်ပေါက်လာသော အထက်ဗမာပြည်ဗဟိုပြု နိုင်ငံရေးပါတီတစ်ခုဖြစ် သည့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) တွင် အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ၎င်းဦးဆောင်သော မနတကို ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ဆက်နွယ်သည်ဟု စစ်အစိုးရက စွပ်စွဲပြီး ၁၉၈၉ မှ ၂၀၀၅ ခုနှစ်အထိ ဖမ်းဆီးထောင်ချခဲ့သည်။ မောင်မှိုင်းလွင် (အင်းဝ) ကလောင်အမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများရေးသားခဲ့သည့် ဦးတင်အေးကြူသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၂၀)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခု၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဇေယျာဦး
စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ၂၀ဝ၂ ခုနှစ်တွင် မြန်မာစစ်တပ်ယန္တရား အတွင်းမှပင် အန်တုစိန်ခေါ်ခဲ့သောကြောင့် အပြီးအပိုင် ပိတ်သိမ်းခြင်းခံခဲ့ရ သည့် ပထမဆုံးသမိုင်းဝင် စစ်ကျောင်းတခုဖြစ်သော တပ်မတော်နည်းပညာ ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ၏ ကျောင်းသားလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ သောကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၀ တွင် အမေရိကန် ပြည်ထောင်စုရှိ University of Louisville တွင် နိုင်ငံရေးသိပ္ပံပညာကို Fulbright ပညာသင်ဆု အထောက်အပံ့ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရယူခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ သုတေသနဌာနတွင် ၂၀၁၄ ခုနှစ်မှ စ၍ လုပ်ကိုင်ခဲ့သည်။ ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျုတွင်လည်း နိုင်ငံရေး အတိုင်ပင်ခံအဖြစ် တာဝန်ယူကာ ပြည်သူ့နီတိသင်ကြားရေး၊ ဖက်ဒရယ် လေ့လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရေးများနှင့် ပတ်သက်ပြီး မိတ်ဖက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များစွာတို့နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည်။

ဦးလှရွှေ
ဗိုလ်ကလေးမြို့ဇာတိဖြစ်ပြီး ၁၉၅၃ မှစ၍ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကာ ဗကသများအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံမှ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂတွင် ဝါဒဖြန့်ချိရေးတာဝန်ခံနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ကိုးနှစ်ခန့် ပါဝင်ခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း တည်ထောင်သည့် ပြည်သူ့တိုးတက်ရေးပါတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဦးလှရွှေသည် နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၎င်းဘဝတစ်လျှောက်လုံး၏ နှစ်နှစ်ဆယ် နီးပါးခန့်ကို အကျဥ်းထောင်အတွင်း၌ ဖြတ်သန်းခဲ့ရသည်။ အောင်သာ (ပီသုံးလုံး) ကလောင်အမည်ဖြင့် နိုင်ငံရေးစာပေများ ရေးသားခဲ့သည်။ ၂၀၂၁၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် ကိုဗစ် (၁၉) ရောဂါ ခံစားနေရစဥ် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

စိုးထွန်း
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ ၁၉၉၇ တွင် နိုင်ငံရေးပုဒ်မ ၅/ည ဖြင့် ဖမ်းဆီးခံရပြီး ထောင် (၇) နှစ် ကျခံခဲ့ရသည်။ ၂၀၀၄ တွင် သာယာဝတီထောင်မှ လွတ်မြောက်လာခဲ့ပြီး ၂၀ဝ၅ တွင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့နှင့်အတူ လက်တွဲပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ တည်ထောင်ပြီး ပူးပေါင်း ပါဝင်ကာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လှုပ်ရှားခဲ့သည်။ ၂၀၁၂ တွင် iSchool-Myanmar ကို တည်ထောင်ပြီး သတင်းနည်းပညာ ချိတ်ဆက် အသုံးပြုမှုကို အခြေခံ၍ လူမှုအဖွဲ့အစည်းများ အားကောင်းရန်နှင့် ငြိမ်းချမ်းရေး အတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် သင်တန်းများနှင့် ဆွေးနွေးပွဲများ စီစဥ်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၂ မှ ၂၀၂၁ ထိ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ တွင် Nyang News Media Group ကို မိတ်ဆွေရဲဘော်များနဲ့အတူ ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၁၈ မှ ၂၀၂၁ ထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးစင်တာ (Healthcare Center For Political Prisoners) အဖွဲ့ကို နိုင်ငံရေးအင်အားစုများနှင့် လက်တွဲတည်ထောင်ခဲ့သည်။

မင်းဟန်ထက်
မင်းဟန်ထက်သည် ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း ထင်ရှားသော ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မွေးဖွားခဲ့ ပြီး ဒဂုံတက္ကသိုလ် ဒဿနိကဗေဒအထူးပြုကျောင်းသားဖြစ်သည်။ ၂၀၁၈ ခုနှစ် မှစ၍ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ တွင် ဥက္ကဌ ဖြစ်လာကာ လက်ရှိအချိန်ထိ တာဝန်ယူလျက်ရှိသည်။ နွေဦးတော်လှန်ရေး ကာလအတွင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ကောလိပ်များကို စုစည်း၍ “ရန်ကုန် အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ” ကို ကွန်ရက်ဖွဲ့ရာတွင် စတင် တည်ထောင်သူတစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ၎င်း၏ မိသားစုပိုင် အိမ်နှင့်ခြံကို စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။

ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်
ဖက်ဒရယ်လေလှိုင်းတက္ကသိုလ် သုတေသနအစီအစဥ်သည် ဒီမိုကရေစီလှုပ်ရှား မှုတွင် ပါဝင်နေသော ကျောင်းသားများ၏ စိတ်ကူးမျှော်မှန်းချက်ဖြစ်သည်။ ထိုအစီအစဥ်သည် အခမဲ့လေ့လာသင်ကြားနိုင်သော နေရာတစ်ခုဖြစ်ပြီး မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအတွက် အရေးတကြီးလိုအပ်သည့် ပညာရေးကို ပေးအပ်ရန် ရည်ရွယ်ထားသော အဝန်းဝိုင်းတစ်ခုဖြစ်သည်။ ထိုအစီစဥ်သည် အရေးတကြီးဖြစ်ပေါ်နေသော လူမှုရေးနှင့် နိုင်ငံရေး စိန်ခေါ်မှုများကို နားလည် ရန်၊ လုံခြုံ၍ သာတူညီမျှမှုရှိသော အနာဂတ်ကို ဖန်တီးရာတွင် လက်တွေ့ကျ သည့် အဖြေများကို မျှဝေရန် ရည်ရွယ်သည့် သုတေသနလေ့လာမှုများနှင့် သုတေသနဒီဇိုင်းများရေးဆွဲနိုင်ရန် ကျောင်းသားများကို ကူညီပေးမည် ဖြစ်သည်။