ကျောင်းသားသမဂ္ဂများ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ

ဖြိုးဖြိုးအောင် | Click here to read this article in English.

Cite as: 
ဖြိုးဖြိုးအောင်၊ (၂၀၂၃)၊ ကျောင်းသားသမဂ္ဂများ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4380

စာတမ်းအကျဥ်း

၂၀၁၆ ခုနှစ်က ရေးသားခဲ့သော ဤဆောင်းပါးသည် ၂၀၀၇ ခုနှစ်တွင် ဗကသကို စုပေါင်းလျှို့ဝှက်၍ ပြန်လည်ဖွဲ့စည်းခဲ့ရသည့် အခြေအနေမှ ၂၀၁၂ခုနှစ်တွင် လှုပ်ရှားခွင့် ပိုမိုရရှိလာသည့်အခါ ဗကသများအဖွဲ့ချုပ်နှင့် အခြားတက္ကသိုလ် သမဂ္ဂများကြားရှိ ဆက်ဆံရေးနှင့် ဆောင်ရွက်ပုံ၊ ပြည်သူများအကြား ကျောင်းသားသမဂ္ဂ၏ ပုံရိပ် ပျောက်ကွယ် မသွားရအောင် ကြိုးပမ်းအားထုတ် ကြပုံ၊ ကျောင်းသားသမဂ္ဂ အစစ်နှင့် ကျောင်းအာဏာပိုင်တို့အလိုကျ ဖွဲ့စည်း ထားသောသမဂ္ဂ (proxy) ကြားရှိ အနေအထားအပြင် အစိုးရနှင့် သမဂ္ဂကြားရှိ တင်းမာမှုများနှင့် အခြေအနေများကိုပါ ဖော်ပြထားသည်။

မိတ်ဆက်

၂၀၁၆ နိုဝင်ဘာလ (၁၉) ရက် Orchid Hotel မှာ Myanmar Institute of Democracy (MID) က ဦးစီးကျင်းပခဲ့တဲ့ Student Activism in Burma: Inspiration, Aspiration and Representation Workshop (ခေတ်အဆက် ဆက် ကျောင်းသားလှုပ်ရှားမှု – မျှော်လင့်ချက်၊ မျှော်မှန်းချက်နှင့် ကိုယ်စားပြုမှု ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ) မှာ ကျွန်မ တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာ များအပေါ် အခြေခံပြီးယခုဆောင်းပါး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ လေးစားရတဲ့ ဘဘဦးလှရွှေ၊ ဒေါက်တာမင်းသိမ်း၊ ဦးတင်အေးကြူ၊ ကိုသက်ထွန်း၊ ကိုစိုင်းကျော်ညွန့်၊ မလေးလေးမွန်၊ ကိုဇေယျာဦးတို့က ကျွန်မ ရှေ့ကနေ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို ခေါင်းစဥ် အလိုက် သမိုင်းနဲ့ချီပြီး တန်ဖိုးရှိလှစွာ တင်ပြဆွေးနွေးခဲ့ကြပြီးတော့ တက်ရောက်လာတဲ့ ကျောင်းသားမျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များရဲ့ မေးခွန်းများ ပြန်လည်ဆွေးနွေးမှုများနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ အစီအစဥ် နောက်ပိုင်းမှာလည်း လက်ရှိသမဂ္ဂအသီးသီးက ကျောင်းသားသမဂ္ဂမျိုးဆက် တွေရဲ့ ပကတိအခြေအနေကို တင်ပြဆွေးနွေးခြင်းက စိတ်ပါဝင်စားစရာ၊ ကျေနပ်အားရစရာ ကောင်းလှတဲ့အတွက် အထူးအောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီလို တက်ကြွတဲ့ စိတ်ဓာတ်တွေနဲ့ ထက်မြက်တဲ့ သမိုင်းတွေကြောင့် ကျောင်းသားသမဂ္ဂဆိုတဲ့ သန့်စင်ခိုင်မာအားကောင်းတဲ့ သမိုင်းဝိညာဉ်ဟာ ကျွန်မတို့မျိုးဆက်အသီးသီးကို ရစ်ပတ်တွယ်နှောင်ထားပြီး နောင်ခေတ် အဆက်ဆက်တိုင် တည်မြဲခိုင်မာသွားဦးမယ်ဆိုတာကို ကျွန်မ အမြဲယုံကြည်ခဲ့ တာပါ။

ကျွန်မဆွေးနွေးခဲ့တဲ့ သမဂ္ဂတွေရဲ့အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ခုဆောင်းပါးမှာ အပိုင်း (၈) ပိုင်းနဲ့ တင်ပြချင်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ သမဂ္ဂအတွင်းပိုင်းကို ခေါင်းစဥ် လေးခု ခွဲထား ပါတယ်။

(၁) သမဂ္ဂများ၏ ကျောင်းတွင်း ကျောင်းသားထုကို ကိုယ်စားပြုနိုင်မှု
(၂) အဖွဲ့အစည်းပုံစံ စနစ်တကျ တာဝန်ခွဲဝေမှုများနဲ့ ဖွဲ့စည်းနိုင်မှု
(၃) သမဂ္ဂဝင်အချင်းချင်း ယုံကြည်နားလည်မှု
(၄) ညီညွတ်ရေး ကျောင်းသားသမဂ္ဂတွေအပေါ် ပြင်ပရဲ့စိန်ခေါ်မှုတွေကို လည်း အပိုင်းလေးပိုင်း ခွဲထားပါတယ်
(၅) မတူညီတဲ့ နိုင်ငံရေးနောက်ခံခေတ်အခြေအနေ
(၆) ပြည်သူအကြား သမဂ္ဂ၏ ရေပန်းစားမှု
(၇) သမဂ္ဂ၏ တရားဝင်ရပ်တည်နိုင်မှု
(၈) အာဏာပိုင်အဖွဲ့အစည်းများ၏ သမဂ္ဂအပေါ် သဘောထားအမြင်များ

ဒီခေါင်းစဥ် (၈) ခုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ကွင်းဆက်သဏ္ဌာန် ချိတ်ဆက်နေတာကို တွေ့ရပြီး အဲဒီအချက် တစ်ခုချင်းစီနဲ့ ပတ်သက်လို့ ကျွန်မရဲ့ သီးခြားအမြင်တွေကို ဖော်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

(၁) သမဂ္ဂများ၏ ကျောင်းတွင်း ကျောင်းသားထုကို ကိုယ်စားပြုနိုင်မှု

လက်ရှိ ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားထုကို အမှန်တကယ် ကိုယ်စားပြုနိုင်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ကျွန်မတို့တွေ အမေးခံခဲ့ကြရတယ်၊ အမေးခံနေကြရဆဲပါ။ ၁၉၆၂ နောက်ပိုင်း စစ်အစိုးရအဆက်ဆက်ရဲ့ သမဂ္ဂ အပေါ် ဖိနှိပ်၊ ဖြိုခွဲမှုတွေနဲ့ အကြောက်တရား ကြီးစိုးခဲ့တဲ့ တိုင်းပြည်မှာ ဥပဒေပြု ဖိနှိပ်မှုတွေကြောင့် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေး လှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု ဆိုတာတွေကို ဝေးဝေးရှောင်ခဲ့ကြတာ ခု ၂၀၁၅ ရွေးကောက်ပွဲတွေ ကျင်းပပြီး အရပ်သားအစိုးရ အာဏာရချိန်ထိပါပဲ။ ခုထိ အဲ့ဒီ အကြောက်တရားကို ကျောင်းသားတွေသာမက ဆရာ၊ ဆရာမတွေ၊ ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေနဲ့ ပညာရေးဝန်ထမ်းတွေက ဆက်လက် သယ်ဆောင်နေရတဲ့အပြင် စနစ်တကျ ဖျက်ဆီးဖျောက်ဖျက်ထားတဲ့ သမိုင်းနဲ့ ကျောင်းတွင်း လွတ်လပ်စွာ စည်းရုံး၊ ဖွဲ့စည်း၊ လှုပ်ရှားခွင့်ဟာ ကျောင်းအာဏာ ပိုင်တွေရဲ့ ထိန်းချုပ်ခြင်းခံထားရတဲ့အတွက် သမဂ္ဂဟာ ကျောင်းသားတွေ အတွက် အလှမ်းကွာဝေးတဲ့ အန္တရာယ်ရှိ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သလို သမဂ္ဂတွေရဲ့ ကျောင်းတွင်းစည်းရုံးရေး အကြီးအကျယ် အားနည်းခဲ့ရပါတယ်။ လက်ရှိချိန်ထိ ကျောင်းတွင်း ရွေးကောက်ပွဲလုပ်ပြီး ကျောင်းသားထုရဲ့ ကိုယ်စားပြုမှုကို ရယူနိုင်တဲ့ ကျောင်းသားသမဂ္ဂဆိုတာ လက်ချိုးရေလို့ ရလောက်အောင် နည်းပါးတဲ့အပြင် အဲ့ဒီရွေးကောက်ပွဲတွေမှာတောင် ကျောင်းတွင်းကျောင်းသား အများစုရဲ့ စိတ်ဝင်စားပူးပေါင်းပါဝင်မှု ရ၊ မရ ဆိုတာကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကျောင်းသားထုနဲ့ သမဂ္ဂအကြား သွေးခွဲခံခဲ့ရမှုရဲ့ရလဒ်ပါ။ သမိုင်းအဖျောက်ခံ ထားရတဲ့ တိုင်းပြည်မှာ သမဂ္ဂရဲ့အဓိပ္ပာယ်နဲ့ တန်ဖိုးကို မသိနားမလည်ကြတာ ဟာ ကြောက်စရာ အန္တရာယ်ရှိ အဖွဲ့အစည်းတစ်ခုအဖြစ် မြင်တာထက် ပိုလာပါ တယ်။ သမဂ္ဂဟာ ကျောင်းသားထုကို ကိုယ်စားမပြု၊ ကျောင်းသားထုနဲ့မဆိုင်တဲ့ သီးခြားနိုင်ငံရေးအဖွဲ့တစ်ခုလိုလို ကျောင်းသားအများစု ကိုယ်တိုင်မြင်လာ တာကို ခြေဖျက်နိုင်ဖို့ လက်ရှိသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်များက တာဝန်ယူပြီး ကျောင်းသားထုနဲ့သမဂ္ဂ တစ်သားတည်းဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အထူးလိုအပ်ပါတယ်။

(၂) အဖွဲ့အစည်းပုံစံစနစ်တကျ တာဝန်ခွဲဝေမှုများနဲ့ ဖွဲ့စည်းနိုင်မှု

ကျွန်မတို့တိုင်းပြည်မှာ ခုချိန်ထိ အဖွဲ့အစည်းတော်တော်များများဟာ တာဝန် ယူတာဝန်ခံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲနိုင်ခြင်းနဲ့ ရေးဆွဲထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာနိုင်ခြင်းတွေ အားနည်းနေ သေးတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအရ တာဝန်သတ်မှတ် ထားပေမယ့် အဲ့ဒီတာဝန်အတိုင်း တာဝန်ယူမှု တာဝန်ခွဲဝေမှုမျိုး မရှိကြတာ၊ မဖွဲ့စည်းနိုင်သေးတာကို လက်ရှိ ကျောင်းသားသမဂ္ဂ အတော်များများမှာ တွေ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်း မြေအောက်လှုပ်ရှားမှုပုံစံတွေနဲ့သာ ကျွမ်းဝင်ခဲ့ရတဲ့ သမဂ္ဂဟာ ခုချိန်ထိ ကြုံတဲ့တက်နဲ့ အဆင်ပြေသလို လှော်နေ ခြင်းများက ရေရှည်မှာ သမဂ္ဂရဲ့စည်းရုံးရေး၊ လည်ပတ်မှုနဲ့ အချင်းချင်းကြား ယုံကြည်နားလည်မှုတွေကို ကျဆင်းစေပြီး ဆင့်ကဲပြဿနာတွေ ဖြေရှင်းရင်း ရှေ့မရောက်တဲ့ အဖြစ်တွေကို ကြုံခဲ့ရ၊ ကြုံနေကြရမှာပါ။ လုံခြုံရေးအရ လျှို့ဝှက်သင့်တာမျိုးကလွဲလို့ ဖွဲ့စည်းပုံကျ ဆွေးနွေးတိုင်ပင်တဲ့ အစည်းအဝေး တွေ၊ သဘောတူဆုံးဖြတ်တဲ့ ပုံစံတွေနဲ့ တာဝန်ယူလုပ်ဆောင်မှုတွေဟာ အလုပ် မတိုင်ခင်ရော အလုပ်ပြီးချိန်မှာပါ ရှင်းလင်းကျေလည်နေဖို့ သိပ်အရေးကြီး ပါတယ်။ အဖွဲ့အစည်းတွင်း ရှုပ်ထွေးနေမှုတွေကိုပဲ ဖြေရှင်းဖို့ ရုန်းကန်နေရင်းနဲ့ သမဂ္ဂရဲ့ မဖြစ်မနေသွားရမယ့် လုပ်ငန်းစဥ်တွေအတွက် နှောင့်နှေးကြန့်ကြာမှု တွေ ပေါ်ပေါက်လာပြီး ဆင့်ပွားပြဿနာတွေကြောင့် မလိုလားအပ်ဘဲ အချိန် တွေ၊ ငွေတွေ၊ တန်ဖိုးရှိလှတဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားနိုင်ပါတယ်။ မူလ ဇာစ်မြစ်အကြောင်းခံဖြစ်တဲ့ အဖွဲ့အစည်းပုံစံကျဖို့ အရေးကို အလျင်အမြန် ဖြေရှင်းနိုင်ရင် အထက်ပါ ပြဿနာတွေ ကင်းဝေးပြီး ပိုအောင်မြင်၊ ခိုင်မာ၊ အားကောင်းတဲ့ သမဂ္ဂကို မြင်ရမှာမလွဲပါဘူး။

(၃) သမဂ္ဂဝင်အချင်းချင်း ယုံကြည်နားလည်မှု

အဖွဲ့အစည်းပုံပေါ် စနစ်တကျ ဖွဲ့စည်းနိုင်တဲ့ အဆင့်အထိရောက်လာရင် အချင်းချင်းမယုံကြည်တဲ့ ပြဿနာဟာ ရာခိုင်နှုန်းတစ်ခုအထိ ပြေလည်ပြီး သား ဖြစ်မှာပါ။ မူအပေါ် အမှန်တကယ် နားလည်စွဲမြဲပြီး သမဂ္ဂအလုပ်ထဲ ပါဝင်လာတဲ့သူတွေထက် ပုဂ္ဂိုလ်စွဲ ဒါမှမဟုတ် အခွင့်အရေးတစ်ခုလို အသုံးချ ချင်သူတွေ များလာရင်တော့ လုပ်နည်းလုပ်ဟန် အမှားတွေကြားမှာ သမဂ္ဂဝင် အချင်းချင်းကြား မပြေလည်ခြင်းသံသရာ လည်နေပါလိမ့်မယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂ ဘာကြောင့်လိုအပ်တာလဲ၊ ဘယ်လိုမူဝါဒတွေနဲ့ သွားမှာလဲ၊ ဘာနည်းနာတွေ သုံးမှာလဲ ဆိုတာတွေကို ကျောင်းသားထုကြား အထူးသဖြင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကြားမှာ ရှင်းလင်းနားလည်နေဖို့ လိုအပ်ပါ တယ်။ ၂၀၀၇ ဗကသကို စာဖတ်ဝိုင်းက စာဖတ်ဝါသနာပါတဲ့ ကျောင်းသားတွေ စုပေါင်းလျှို့ဝှက်ဖွဲ့စည်းပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့စဥ်က အခုလို ဖုန်း၊ အင်တာနက်ဆက်သွယ်ရေး အားကောင်းခြင်း မရှိခဲ့ပေမယ့် ကျွန်မတို့တွေဟာ ရဲဘော်ရဲဘက်အချင်းချင်း ယုံကြည်မှုကို ရှေ့တန်းတင်ပြီး အဆင်ပြေ ချောမွေ့အောင် ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်နိုင်ကြတာကြောင့် နားလည်မှု လွဲမှားတဲ့ ပြဿနာကြုံရတာမျိုး နည်းပါးပါတယ်။ အချိန်ကာလကလည်း လုံခြုံရေးကျိုးပေါက်တာနဲ့ ဖမ်းဆီးအရေးယူ ခံရမယ်ဆိုတဲ့အသိ ကျွန်မတို့ အားလုံးမှာ ရှိကြချိန်ဖြစ်တာမို့ ကျွန်မတို့တွေက စုဖွဲ့မှုလျှို့ဝှက်စွာ စုစည်း၊ ကျစ်လစ်ကြပါတယ်။ ခုအချိန်ဟာ လုံခြုံရေးအပြည့်အဝ စိတ်မချရသေးပေမဲ့ အတိုင်းအတာတခုအထိ ဖွဲ့စည်းလှုပ်ရှားနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် သမဂ္ဂဝင်တွေဟာ ယခင်မြေအောက်ကာလကလို ကျစ်လျစ်လို့ မရနိုင်ပါဘူး။ အဖွဲ့အစည်းအတွင်း အလွန်အကျွံ လျှို့ဝှက်လွန်းတာကလည်း မယုံကြည်မှု ပြဿနာကို ကြီးမားစေမှာမို့ အများသဘောတူ ကြိုတင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကျ ဖွဲ့စည်းတာဝန်ခွဲဝေမှုမျိုးနဲ့ အတိုင်းအတာတစ်ခုအထိ ရှင်းလင်း မြင်သာစေမှုမျိုးတို့ဟာ အဖွဲ့အစည်းအတွင်း မဖြစ်မနေလိုအပ်ကြောင်း တင်ပြ လိုပါတယ်။

(၄) ညီညွတ်ရေး

သမဂ္ဂတွေရဲ့ ညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြောကြရင် ညီလာခံက အဖြေပဲလို့ အများစုယူဆကြပါတယ်။ ညီလာခံမှာ စည်းမျဉ်းစည်းကမ်းတွေ၊ ရွေးကောက်ပွဲ တွေ၊ နောက်တစ်ချိန်ညီလာခံ မကျင်းပမီအထိ လုပ်ငန်းစဥ်တွေကို ဆွေးနွေး ချမှတ်တာတွေဟာ ဟိုးအရင်ကတည်းက တည်ရှိခဲ့တဲ့ အစဥ်အလာတွေပါ။ ခုချိန်မှာ အဲ့ဒီအစဥ်အလာကောင်းကို သွားချင်ပါလျက် ခက်ခဲနေဆဲ အခြေအနေတွေ၊ သမဂ္ဂရပ်တည်ရေး၊ ညီညွတ်ရေးပြိုကွဲနေမှု၊ စည်းရုံးရေး ကျဆင်းမှုစတဲ့ ပြဿနာတွေကို ဗကသကအစ အခြားသမဂ္ဂတွေပါ ကြုံနေရ ပါတယ်။ ညီညွတ်ရေးဆိုတဲ့ နေရာမှာလည်း ညီညွတ်ရင်ပြီးစတမ်း (ကျွန်မတို့ အခေါ် မူမဲ့ညီညွတ်ရေး) မျိုး မဖြစ်ဖို့ လိုပါတယ်။ မူဝါဒမပါဘဲ လူပုဂ္ဂိုလ် အပေါ်မှာပဲ အခြေခံတဲ့ ညီညွတ်ရေးဟာ ရေရှည်မှာခိုင်မာဖို့ မလွယ်ပါဘူး။ အဖွဲ့အစည်းပုံစံကျဖို့ လိုအပ်သလိုပဲ မူဝါဒအပေါ်အခြေခံတဲ့၊ စနစ်တကျ ဆွေးနွေးညှိနှိုင်းတဲ့ ညီညွတ်ရေးမျိုးကသာ အောင်မြင်တဲ့ ညီလာခံတစ်ခုကို ခေါ်ဆောင်နိုင်မှာပါ။ နှစ်ပေါင်းများစွာ ညီလာခံနဲ့ ဝေးကွာနေခဲ့ရတဲ့ ကျွန်မတို့ သမဂ္ဂမျိုးဆက်သစ်တွေရဲ့ ညီလာခံဟာ ပြီးပြည့်စုံနိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု အားကောင်းကောင်းနဲ့ ကျောင်းသားထုရဲ့ အင်အား ကို ပြန်လည်စုစည်းနိုင်ပြီး သမဂ္ဂရဲ့ဝိညာဉ်အပြည့်နဲ့ ညီညွတ်ခြင်း အားမာန်ကို ပြန်လည်ပြသ နိုင်တယ်ဆိုရင်ပဲ သမိုင်းသစ်ကို ဖွင့်လှစ်နိုင်မှာ အသေအချာပါပဲ။

(၅) မတူညီတဲ့ နိုင်ငံရေးနောက်ခံ ခေတ်အခြေအနေ

၁၉၆၂ ရှေ့ပိုင်း သမဂ္ဂရဲ့ ကျောင်းထဲမှာ တရားဝင်ရပ်တည်နိုင်ခဲ့တဲ့ ရွှေရောင်ခေတ်တွေကလွဲလို့ ဆဲဗင်းဇူလိုင်နောက်ပိုင်း သမဂ္ဂကို နိုင်ငံရေးအရ ကျောင်းတွင်းဖိနှိပ်ခံရမှုတွေ၊ ၁၉၇၄-၇၅-၇၆ ကျောင်းသား လှုပ်ရှားမှုတွေ ရှိပေမဲ့ သမဂ္ဂအမည်မခံနိုင်ခဲ့တဲ့ ကာလတွေ၊ ရှစ်လေးလုံး အရေးတော်ပုံနဲ့အတူ လူထုကြား၊ ကျောင်းသားထုကြားမှာ သမဂ္ဂ ပြန်လည်မွေးဖွားလာခဲ့တဲ့ကာလ၊ သမဂ္ဂတရားဝင်ဖွဲ့စည်းနိုင်ရေးအပြင် နိုင်ငံရေးတောင်းဆိုမှုတွေနဲ့ ပေါ်ပေါက်ခဲ့ တဲ့ ၁၉၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုကာလ၊ ၂၀၀၃ ဗကသ ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားတဲ့ကာလ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ မတိုင်ခင်လေး အချိန်ကိုက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချူပ်တို့မှာ အများစုဟာ မြေအောက်လျှို့ဝှက်စုဖွဲ့ လှုပ်ရှားမှုပုံစံဖြစ်ခဲ့ပြီး ၂၀၁၂ ဖွဲ့စည်းပုံကျ ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ကစပြီး ယခုတည်ရှိ ဖွဲ့စည်းနေကြတဲ့ ဗကသများအဖွဲ့ချုပ် အပါအဝင် တက္ကသိုလ်သမဂ္ဂများ၊ လူမျိုးစုသမဂ္ဂများ၊ မြို့နယ်/ခရိုင်သမဂ္ဂများ၊ အခြေခံပညာသမဂ္ဂများ စသဖြင့် ပေါ်ပေါက်ဖွဲ့စည်းလာခဲ့ကြတဲ့ သမဂ္ဂတွေ ကတော့ ဖွဲ့စည်းမှုပုံစံ တရားဝင် လူသိရှင်ကြားထုတ်ဖော်ပေမယ့် လှုပ်ရှားမှု နည်းနာနဲ့ ဆက်သွယ်ဆောင်ရွက်မှု ပုံစံတွေကတော့ လျှို့ဝှက်ပုံစံတွေ၊ အဖွဲ့အစည်း ပုံစံမကျမှုတွေနဲ့ ရောထွေးနေပါတယ်။ ဒါဟာ မတည်ငြိမ်တဲ့ နိုင်ငံရေး နောက်ခံ အခြေအနေအပေါ်မှာ မူတည်ပြီး ဖြစ်လာခဲ့ရတာပါ။ အပြည့်အဝယုံကြည်ဖို့ ခက်ခဲနေဆဲ နိုင်ငံရေးအခြေအနေဟာ ကျောင်းသား သမဂ္ဂလို နိုင်ငံရေးတက်ကြွတဲ့ အဖွဲ့အစည်းတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားပါတယ်။ ဒီလို စပ်ကူးမတ်ကူးကြားကာလမျိုးဟာ သမဂ္ဂတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သလို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ အန္တရာယ် အဖြစ်လည်း ရှိနေပါတယ်။ ယခင် စစ်အာဏာရှင်အစိုးရကာလမှာ ကျွန်မတို့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာနဲ့ လှုပ်ရှားမှု ပြုလုပ်သည်ဖြစ်စေ၊ မလုပ်ဘူး ဖြစ်စေ ဖမ်းဆီးထိန်းသိမ်း ခံကြရတာကြောင့် လျှို့ဝှက်ဖွဲ့စည်း၊ လှုပ်ရှားတဲ့ ပုံစံဟာ ကျွန်မတို့အတွက် အထူးသင့်တော်ခဲ့ပါတယ်။ ၂၀၁၂ ဇန်နဝါရီမှာ ကျွန်မ တို့ ၂၀၀၇-၂၀၀၈ ဗကသတွေအပြင် ၂၀၀၃ ဗကသတွေနဲ့ ပူးပေါင်းပြီး ဗကသ များအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီကို တရားဝင်ဖွဲ့စည်းပုံ တာဝန်ခွဲဝေမှု နဲ့အတူ ထုတ်ပြန်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ့စပ်ကြားအစိုးရ (ကျွန်မတို့အခေါ် စစ်တစ်ပိုင်းအစိုးရ) ကာလမှာတော့ ခြိမ်းခြောက်၊ တားဆီးမှုတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ရှိပေမဲ့ ဖွဲ့စည်းရုံနဲ့ ဖမ်းဆီးတာမျိုး မရှိခဲ့ပါဘူး။ ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဟန့်တားနှောင့်ယှက်ဖို့ ကြိုးစားခဲ့တာကတော့ ဆဲဗင်းဇူလိုင် နှစ်ငါးဆယ်ပြည့် အခမ်းအနားမတိုင်ခင် တစ်နိုင်ငံလုံးအနှံ့ သမဂ္ဂ ကျောင်းသား အနည်းဆုံး တစ်ဒါဇင်ခန့်ကို (၂၄) နာရီ ထိန်းသိမ်းခဲ့တာရယ်၊ ၂၀၁၄-၁၅ ပညာရေးဥပဒေ သပိတ်မှောက်သမဂ္ဂကျောင်းသားနဲ့ ဝန်းရံသူများ ရာနဲ့ချီကို ထောင်သွင်းအကျဉ်းချခဲ့တာတွေကို တွေ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း သမဂ္ဂကို ဖွင့်ထုတ်ဖွဲ့စည်းကြပေမယ့် အချို့ အပိုင်းတွေကိုတော့ လုံခြုံရေးစည်းမပေါက်ရလေအောင် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး ရတာမျိုး မဖြစ်ရလေအောင် ဆက်ပြီးလျှို့ဝှက်ကြရပါတယ်။ ယခု NLD အစိုးရ လက်ထက်ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို မကျော်လွှားနိုင်သေးတဲ့ အခြေအနေမှာ သမဂ္ဂတွေဟာ ပြည်ထဲရေးရဲ့ နံပါတ် (၁) ရန်သူအဖြစ် ဆက်ရှိ နေသေးတယ်ဆိုတာ မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ နယ်လုံဝန်ကြီးက ကျောင်းသားသမဂ္ဂတွေရဲ့လှုပ်ရှားမှုကို အခြားရာဇဝတ်မှုတွေနည်းတူ အစီရင် ခံစာတင်သွင်းခဲ့တာကို ကြည့်ခြင်းအားဖြင့်် သိနိုင်ပါတယ်။ နိုင်ငံရေး တစ်စုံတစ်ရာ ပွင့်လင်းလာပြီလို့ အများစုယုံကြည်ကြတဲ့၊ နိုင်ငံရေးနိုးကြားမှု လှုပ်ရှားမှုတွေ ပြန်လည်များပြားလာတဲ့ ဒီနေ့အခြေအနေမှာ ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်ခြင်းတွေဟာ စည်းရုံးရေးသဘော တရားအရ ယခင်ထက် ပိုကျယ်ပြန့်စွာ ကျောင်းသားထုကြားနဲ့ ပြည်သူကြားကို ထိုးဖောက်နိုင်ဖို့ လိုအပ်လာပါတယ်။ အလုံးစုံ စိတ်ချလို့မရတဲ့ အခြေအနေမှာ လုံခြုံရေးသတိကလည်း မေ့ဖျောက်ထားလို့ မရပါဘူး။ စပ်ကူးမတ်ကူး အချိန် အခါမို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကူးအပြောင်းတွေကို မျက်ခြည်မပြတ် သုံးသပ်လိုက်ပါရင်း မူရင်းသမဂ္ဂရဲ့ သမိုင်းပေးတာဝန်တွေကိုလည်း ဆက်လက် ထမ်းဆောင်သွားကြရမှာပါ။

(၆) ပြည်သူအကြား သမဂ္ဂ၏ ရေပန်းစားမှု

စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ရည်ရွယ်ချက်ရှိရှိ သမိုင်းဖျောက်ခဲ့တဲ့ ရလဒ်က အစဥ်အလာကြီးမားခဲ့တဲ့ သမဂ္ဂကို လွှတ်တော်တွင်း အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ သမဂ္ဂကိုယ်စားလှယ်ဆိုတဲ့ စကားလုံး အစား ကျောင်းသားကိုယ်စားလှယ်အဖြစ် ပြောင်းလဲခဲ့ပြီး သာရေးနာရေး ကျောင်းသားအဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။ ကျောင်းသားထုတွင်းရော ပြင်ပမှာပါ ဗကသဆိုတာ နိုင်ငံရေး လှုပ်ရှားတဲ့ သာမန်ကျောင်းသားအဖွဲ့အစည်းတစ်ခု အဖြစ်သာ မြင်နေကြတာ ကိုလည်း ဝမ်းနည်းစရာ တွေ့မြင်နေရပါတယ်။ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေရဲ့ အခွင့်အရေးဆိုင်ရာတိုက်ပွဲတွေမှာ ပြည်သူတွေဖက်က ရပ်တည်ပြီး ပါဝင်ကူညီခဲ့ကြတာ၊ ၂၀၁၄-၁၅ ပညာရေးသပိတ်လို ကျောင်းသား အခွင့်အရေးတိုက်ပွဲကို ဦးဆောင်နိုင်ခဲ့တာတွေက ကျောင်းသားသမဂ္ဂအပေါ် ပြည်သူလူထုအကြား စိတ်ဝင်စားမှုပိုပြီး မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၅ အစိုးရ သစ်တက်ပြီးနောက်ပိုင်း သမဂ္ဂအပေါ် အဆိုးမြင်ဝါဒ ဖြန့်ချိခံရမှုတွေ၊ သမဂ္ဂ ကိုယ်တိုင်က မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ လုံးထွေးရင်း လုပ်ငန်းစဥ်တွေ အကောင်အထည် မဖော်နိုင်တာတွေ၊ အဖွဲ့အစည်းတွင်း ပြဿနာတွေနဲ့ အကွဲအပြဲ သတင်းတွေကြောင့် ပြည်သူရဲ့စိတ်ဝင်စားမှုလျော့ကျပြီး မေ့လျော့ခံ အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ တစ်ချိန်က သမိုင်းကြီးခဲ့တဲ့ သမဂ္ဂဟာ ဗကသ မူ (၅) ချက်နဲ့အညီ ပြည်သူလူထုအကြား ဂုဏ်သတင်း ကောင်းတွေနဲ့ ပြန်လည်ထွက်ပေါ်နိုင်ဖို့ ပြည်သူလူထုနဲ့ နီးကပ်နေဖို့ လိုအပ် သလို တစ်ချိန်တည်းမှာပဲ အခြေခံအင်အားဖြစ်တဲ့ ကျောင်းသားထုနဲ့လည်း လုံးဝကင်းကွာလို့ မရပါဘူး။ ကျောင်းသားထုနဲ့ ကင်းကွာခဲ့ရင် ကျောင်းသား သမဂ္ဂ မဟုတ်တော့တာကိုလည်း သတိချပ်စေလိုပါတယ်။

(၇) သမဂ္ဂ၏ တရားဝင်ရပ်တည်နိုင်မှု

၁၉၆၂ နောက်ပိုင်း ကျောင်းသားသမဂ္ဂတွေဖွဲ့စည်း လှုပ်ရှားမှုမျိုးတွေကို နိုင်ငံရေးပြစ်မှုအဖြစ် ဖမ်းဆီးအရေးယူခဲ့တာဟာ ၂၀၀၇ ဗကသများအဖွဲ့ချုပ် အထိ ဖြစ်ပါတယ်။ ၂၀၁၂ ကစပြီး သမဂ္ဂဖွဲ့လို့ ဖမ်းဆီးတာမျိုး မရှိတော့ပေမယ့် ကျောင်းတွင်းအာဏာပိုင်၊ အစိုးရအုပ်ချုပ်ရေး (ပြည်ထဲရေးလက်အောက်မှ ထောက်လှမ်းရေးကဲ့သို့) အဖွဲ့အစည်းတွေက နည်းမျိုးစုံနဲ့ ခြိမ်းခြောက်၊ စစ်ဆေးသတင်းယူထောက်လှမ်း၊ နှောင့်ယှက်တာမျိုးတွေက ယနေ့အထိ ရှိနေ ဆဲပါ။ ဒါကြောင့် အမျိုးသား ပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို အာမခံချက်ပေးဖို့ ဒီမိုကရေစီပညာရေး သပိတ်မှောက် သမဂ္ဂ ကျောင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။ ပြင်ဆင်တဲ့ ဥပဒေမှာတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို တက္ကသိုလ်ပဋိညာဉ်အောက်မှာ ပြဋ္ဌာန်းဖို့ ရေးခဲ့ပေမယ့် တက္ကသိုလ်အက်ဥပဒေတွေကို ပွင့်လင်းမှုကင်းမဲ့စွာ လျှို့ဝှက် ရေးဆွဲနေခဲ့တာက ရှိရင်းစွဲသမဂ္ဂတွေအပေါ် အသိအမှတ်ပြုမှု ကင်းမဲ့နေသလို တင်းကျပ်ချုပ်ချယ်တဲ့ သမဂ္ဂဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေသာ ထွက်ပေါ် လာနိုင်ခြေ အပြည့်ရှိပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ မိခင်ဥပဒေမှာ အာမခံချက်မပေးခဲ့ခြင်းဟာ အကြောက်တရားကြီးစိုးတဲ့ အုပ်ချုပ်သူ ကျောင်းအာဏာပိုင်တွေက သမဂ္ဂကို အပြည့်အဝ ချုပ်ကိုင်ခွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ဖွဲ့စည်းပြီးကျောင်းသားသမဂ္ဂတွေဟာ အခြားကျောင်းသားအဖွဲ့အစည်းတွေနဲ့အတူ တရားဝင်ခွင့်ပြုထားခြင်း မရှိပေမဲ့ ရပ်တည်နေကြပါတယ်။ ဥပဒေအာမခံချက်မရှိတဲ့ လက်ရှိသမဂ္ဂတွေဟာ သူတို့ရဲ့ ကျောင်းတွင်းတည်ရှိမှု၊ စည်းရုံးရေးနဲ့ လှုပ်ရှားမှုတွေကို သူတို့ ကျောင်း အာဏာပိုင်တွေ နှုတ်အားဖြင့်ခွင့်ပြုတဲ့ ကျဉ်းမြောင်းတဲ့ ဘောင်အတွင်းမှာ ပြုလုပ်ပြီး ဒါမှမဟုတ် အခြေအတင် အတိုက်အခံဖြစ်ပြီး ကျောင်းတွင်း တိုက်ပွဲတွေ ပြုလုပ်ပြီးနဲ့သာ ရင်ဆိုင်နေရပါတယ်။ သမဂ္ဂအတွက် ကြီးမားတဲ့ အနှောင့်အယှက် နောက်တစ်ခုက ကျောင်းသားသမဂ္ဂနေရာမှာ အစားထိုးဖို့ အတွက် ဖန်တီးထားတဲ့ ကျောင်းအာဏာပိုင်များက ဖွဲ့စည်းပေးတဲ့ ကျောင်းသားယူနီယံလို proxy ကျောင်းသား အဖွဲ့အစည်းတွေ ပေါ်ပေါက် လာခဲ့တာပါ။ သန္ဓေမမှန်တဲ့ အဖွဲ့အစည်းတွေဟာ ရေရှည်မခံခဲ့ပေမဲ့ ကျောင်းသားထုကို သွေးခွဲဖို့နဲ့ သမဂ္ဂရဲ့ သမိုင်းနဲ့ အစဥ်အလာကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ရင်းဖြစ်တဲ့အတွက် သတိကြီးကြီးထားရမယ့် အခြေအနေတော့ ရှိပါတယ်။

(၈) အာဏာပိုင်အဖွဲ့အစည်းများ၏ သမဂ္ဂအပေါ်သဘောထားအမြင်များ

စစ်အစိုးရအဆက်ဆက် သမဂ္ဂအပေါ် ရန်သူလို သဘောထားခဲ့တဲ့ အခြေအနေ ဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အစိုးရယန္တရားထဲမှာ အရိုးစွဲ နေခဲ့ပါတယ်။ လက်ရှိအချိန်ထိ သမဂ္ဂကျောင်းသားတွေကို ပုန်ကန်သူတွေ၊ အန္တရာယ်ကောင် တွေအဖြစ် ပုံဖော်ကြောက်ရွံနေကြတာ၊ သမဂ္ဂခေါင်းဆောင်တွေနဲ့ သမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေကို ရာဇဝတ်ဂိုဏ်းတွေအလား အချိန်ပြည့် စောင့်ကြည့်ပုံဖော်နေ ကြတာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေဟာ ဥပဒေက အကာအကွယ် မပေးနိုင်သေးတဲ့ သမဂ္ဂအပေါ် အချိန်မရွေးအန္တရာယ်ပြုနိုင်တဲ့ အခြေအနေ တွေကို ဖော်ပြနေပါတယ်။ NLD အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပိတ်မိနေတဲ့အတွက် ပြည်ထဲရေးရဲ့ အန္တရာယ်ပြုခြင်းခံရတဲ့ သမဂ္ဂတွေကို ကူညီနိုင်ဖို့ အခြေအနေ မရှိတဲ့အပြင် သမဂ္ဂရဲ့အခန်းကဏ္ဍကိုပါ ဥပဒေအရ အာမခံချက်ပေးဖို့ကို လျစ်လျူရှုခဲ့ရပါတယ်။ ဒါကြောင့် အကြောက်တရား ဖုံးလွှမ်းပြီး နိုင်ငံရေးအသိအားနည်းတဲ့ အောက်ခြေအုပ်ချုပ်ရေး ဗျူရိုကရက် တွေနဲ့ သမဂ္ဂအကြား ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နေပြီး (ကျောင်းအာဏာ ပိုင်တွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲထောက်လှမ်းရေး စသဖြင့်) ပြည်ထဲရေး က သမဂ္ဂအပေါ်မှာ ဥပဒေကို အသုံးချ ဖိနှိပ်ခံရမှုတွေကို ဆက်တိုက်ကျူးလွန် နေခဲ့ပါတယ်။ ကျွန်မရဲ့ တင်ပြဆွေးနွေးချက်များဟာ ကျွန်မတစ်ဦးတည်း သဘောထား အမြင်များဖြစ်လို့ လိုအပ်ချက်တွေ အများကြီးရှိတဲ့အပြင် ဘယ်လိုကျော်လွှား နိုင်မလဲဆိုတဲ့ အဖြေထုတ်ဖော်တင်ပြထားမှု မရှိသလောက်ပါပဲ။ လတ်တလော ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေအပြင် အနာဂတ်မှာ ကြုံလာမယ့် စိန်ခေါ်မှု တွေကို တကယ်ရင်ဆိုင်ရမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကိုယ်တိုင် ဆုံးဖြတ်ဖြေရှင်းမှသာ လက်တွေ့နဲ့ နီးစပ်တဲ့ အဖြေကို ရှာဖွေနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ဖြေရှင်းနည်း မှန်တယ်၊ မှားတယ်ဆိုတာ သမိုင်းက ဆုံးဖြတ် ပါလိမ့်မယ်။ ဒါကြောင့် တက်ကြွလန်းဆန်းမှုအပြည့်နဲ့ ကျွန်မတို့ယုံကြည်တဲ့၊ ဖြူစင်ရဲရင့်တဲ့ မျိုးဆက်သစ်တွေရဲ့ ရှေ့ခြေလှမ်းတွေကို ကြိုဆိုလျက်ပါ။ ရှေ့မျိုးဆက်တွေကလည်း ကျွန်မတို့ကို ယုံကြည်ခဲ့တာကြောင့်သာ ကျွန်မတို့ ရှေ့ဆက်နိုင်ခဲ့တာဖြစ်သလို မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာ အနာဂတ်က ရှိနေတဲ့အတွက် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့ကသာ အရေးကြီးကြောင်း တိုက်တွန်းချင်ပါတယ်။