မျိုးသော်တာ1 | Click here to read this article in English.
Cite as: မျိုးသော်တာ၊ (၂၀၂၃)၊ အမှောင်ခေတ်သို့ ပြန်လည်တွန်းပို့ခံရခြင်း -စစ်အာဏာသိမ်းပြီးနောက်ပိုင်းသတင်းမီဒီယာများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ (၂)။ https://ijbs.online/?page_id=4115
စာတမ်းအကျဥ်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ချက်ချင်း ဆိုသလိုပင် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက် ဖိနှိပ်မှုများဆီသို့ ဦးတည်သွားစေခဲ့သည်။ ဤဆောင်းပါးသည် သတင်းဌာနများနှင့် သတင်းထောက်များအား အဓိကအလေးပေးကာ မြန်မာစစ်တပ်က အမိန့်များထုတ်ပြန်ခြင်း၊ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း၊ မီဒီယာလိုင်စင်များပိတ်သိမ်းခြင်း၊ သတင်းဌာနများ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခြင်းနှင့် သတင်းထောက်များကို ခြိမ်းခြောက် ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ပြီး သတင်းမီဒီယာကဏ္ဍကို ဖိနှိပ်မှုအောက်သို့ စနစ်တကျ သွတ်သွင်းရန် ကြိုးပမ်းခဲ့ပုံများကို ဥပမာများဖြင့် အသေးစိတ်ဖော်ပြထားသည်။ ဤဆောင်းပါးကို မြန်မာသတင်းဌာန ၁၇ခုနှင့် သတင်းထောက် ၁၈ ဦးတို့ကို မေးမြန်းမှုများ၊ ဆက်စပ်ဥပဒေများ၊ ထုတ်ပြန်ချက်များနှင့် အခြားတဆင့်ခံသတင်း အရင်းအမြစ်များအပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာကဏ္ဍအပေါ် တောက်ပသည့်အနာဂတ်ကို ပြန်လည် ဆောင်ကြဥ်းပေးနိုင်ရန် အထောက်အကူဖြစ်စေရေးအတွက် မြန်မာစစ်တပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများကို ရည်ညွှန်းထားသည့် အကြံပြုချက်အများအပြားကို ဤဆောင်းပါးထဲတွင် ထည့်သွင်းဖော်ပြထားပါသည်။
မိတ်ဆက်
ဤဆောင်းပါးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် တစ်လျှောက်လုံး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းနှင့် သတင်းထောက်များ၏ အခွင့်အရေးများ ချိုးဖောက်ခြင်းတို့ကို ဥပမာများဖြင့် အသေးစိတ်ဖော်ပြထားကာ သတင်းမီဒီယာများနှင့်သတင်းထောက်များရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို စာရင်းဇယားများပြုစုဖော်ပြထားသည်။ ဤဆောင်းပါးသည် တိုက်ရိုက်သတင်းအရင်းအမြစ်များနှင့် တစ်ဆင့်ခံသတင်းအရင်းအမြစ်များ အပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ တိုက်ရိုက်သတင်းအရင်းအမြစ်များသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာသတင်းဌာန ၁၇ ခု၊ သတင်းထောက် ၁၈ ဦး နှင့် ဥပဒေပညာရှင် အများအပြားကို မေးမြန်းခြင်းဖြင့် စုဆောင်းထားခြင်းဖြစ်သည်။ မေးမြန်းမှုအားလုံးသည် တယ်လီဂရမ် (Telegram) ၊ ဆစ်ဂနယ် (Signal) နှင့် လုံခြုံစိတ်ချရသည့် အီးမေးလ်တို့ကို အသုံးပြုကာ မေးမြန်းထားခြင်းဖြစ်သည်။ လုံခြုံရေးအခြေအနေများကြောင့် ဖြေဆိုသူများ၏အမည်များအားလုံးကို ချန်လှပ်ထားခဲ့ပါသည်။ တဆင့်ခံသတင်းအရင်းအမြစ်များသည် ပညာရှင်များ၊ သတင်းမီဒီယာများနှင့် သုတေသနအစီရင်ခံစာ အမျိုးမျိုးမှ ရယူထားခြင်းဖြစ်ကာ စာရေးသူများကို စစ်အာဏာပိုင်များက ခြိမ်းခြောက်သည့်အခါ လုံခြုံရေးအရ ရေးသားထားသည်များကို ပယ်ဖျက်ရန် လိုအပ်လာသောကြောင့် အများစုမှာ တိုက်ရိုက် အကိုးအကားပြုထားခြင်း မဟုတ်ပါ။
သမိုင်းတလျှောက်တွင် စစ်အစိုးရတစ်ရပ်ချင်းစီက သတင်းထောက်များကို စိတ်ထင်သလို ဖမ်းဆီးကာ ယုတ္တိမတန်သော ဥပဒေများဖြင့် တရားစွဲဆိုမှုများဆောင်ရွက်ခဲ့သောကြောင့် စစ်အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုအကြာ ၁၉၅၈ ခုနှစ်၌ ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဆုံးစစ်အုပ်ချုပ်ရေးကို အစပြုလာခဲ့ပြီး ထိုစစ်အုပ်ချုပ်ရေးသည် ၁၉၆၀ မတိုင်ခင်ကာလအထိ ကြာမြင့်ခဲ့သည်။ နှစ်နှစ် ကြာပြီးနောက်တွင် စစ်တပ်က အာဏာထပ်မံရယူခဲ့ကာ ၁၉၆၂ ခုနှစ်မှ စတင်ပြီး နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးကို ဦးတည်စေခဲ့သည်။ ထိုစဥ်က လူထုသတင်းစာနှင့် ကြေးမုံသတင်းစာအပါအဝင် ၄၀ ကျော် ရှိခဲ့သည့် ပုဂ္ဂလိကပိုင် သတင်းစာများကို ဆိုရှယ်လစ် စစ်အစိုးရက ပိတ်ပင်ခဲ့ပြီး သတင်းထောက်အများအပြားကိုလည်း ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ကာ ကပ္ပလီပင်လယ်ထဲရှိ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်။ အမှန်တရားကို ဖော်ထုတ်ရေးသားရန်ကြိုးပမ်းသူ သတင်းထောက်များနှင့် အခြားသူများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူဟုမှတ်ယူထားသူများနည်းတူ စစ်တပ်က ပုံမှန်ပစ်မှတ်ထားကာ ထောင်သွင်း အကျဥ်းချလေ့ရှိသည်။ ၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော အရေးပါသည့် လူထုအုံကြွမှု များတွင်သတင်းရယူကြသော သတင်းထောက် အများအပြားမှာ ထိခိုက်ခံစား ခဲ့ကြရသည်။
အထွေထွေရွေးကောက်ပွဲ နှစ်ခုအပါအဝင် ၂၀၁၀ / ၂၀၁၂ ခုနှစ်များ မှစပြီး ၁၀နှစ်ကြာရှိခဲ့သည့် အရပ်ဖက်-စစ်ဖက် နှစ်မျိုးစပ်အုပ်ချုပ်ရေး ပြီးနောက်တွင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့၌ အာဏာသိမ်းခဲ့ကာ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို ပြောင်းပြန်လှန်ပစ်ပြီး ပုဂ္ဂလိကပိုင်သတင်းဌာနများနှင့် သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်မှုများ ပြန်လည်စတင်ခဲ့သည်။ စစ်အာဏာသိမ်းပြီး နောက်တစ်ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီသစ်က သတင်း မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်သွားမည်ဟု ဗြောင်ကျကျပင် ကြေညာ ခဲ့သည်။ ထို့နောက် စစ်ကောင်စီက သတင်းဌာန ကိုးခုကို ပိတ်ပင်ပြီး ထို သတင်းဌာနများ၏ ရုံးခန်းများကို စီးနင်းဝင်ရောက်ကာ ဖျက်ဆီးခဲ့သည်။ ၄င်းတို့၏ စီနီယာအရာရှိဝန်ထမ်းများကို ဦးစွာ ဖမ်းဆီးပြီး ပိတ်ပင်ထားသည့် ဌာနများနှင့် ပတ်သက်ဆက်နွယ်နေသူအားလုံးကိုလည်း ဖမ်းဆီးခဲ့သည်။ ၂၀၂၁ ခုနှစ် တစ်လျှောက်လုံးတွင် သတင်းထောက်ပေါင်း ရာနှင့်ချီ ဖမ်းဆီးခံ ခဲ့ရကာ အများအပြားမှာ ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင် နေရသည်။ ဖမ်းဆီးခံထားရသည့် အချို့သတင်းထောက်များကို ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲဆိုထားပြီး အချို့မှာ စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် နှိပ်စက်မှုများနှင့် ခြိမ်းခြောက်မှုများပါဝင်သော ရှည်ကြာလှသည့် စစ်ဆေးမေးမြန်းခြင်းများကို ကြုံတွေ့ခံစားကြရသည်။ သတင်းထောက်များကို နှောင့်ယှက်ခြိမ်းခြောက်မှုများနှင့် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်ပူပန်ရမှုများကြောင့် ဖိနှိပ်ချုပ်ချယ်ခြင်းကို ကြောက်ရွံ့မနေရန်မလိုဘဲ သတင်းများကို ဆက်လက်တင်ပြနိုင်ရန်အတွက် ပုန်းအောင်းနေရခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာဒေသများသို့ ရွှေ့ပြောင်းအခြေချရခြင်း သို့မဟုတ် ပြည်ပသို့ တိမ်းရှောင်ရခြင်း စသည့်အခြေအနေများသို့ မဖြစ်မနေ ရောက်ရှိခဲ့ရသည်။
အာဏာသိမ်းမှုအလွန် သတင်းထောက်များကို နှောင့်ယှက် ခြိမ်းခြောက်မှုများသည် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည့် နည်းဗျုဟာတစ်ခုဖြစ်သည်။ သတင်းမီဒီယာကုမ္ပဏီများနှင့် သတင်းထောက် များကို ဖိနှိပ်ချုပ်ချယ်သောကြောင့် ၎င်းတို့အနေဖြင့် ပုန်းလျှိုးကွယ်လျှိုးနေထိုင်ကာ သတင်းများ ရေးသားတင်ဆက်ရခြင်းတို့က စစ်အစိုးရမှ ကျုးလွန်နေသည့် ရာဇဝတ်မှုများအား ဖုံးကွယ်ထားနိုင်ပြီး ပြည်သူများ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်တို့ကို ချိုးဖောက်မှုအား ဖြစ်ပေါ်စေသည်။ စစ်ကောင်စီက သတင်းမီဒီယာလိုင်စင်များ ပိတ်သိမ်းခြင်း၊ ရုပ်သံလိုင်းများကို ပယ်ဖျက်ခြင်း၊ သတင်းထောက်များကို ဖမ်းဆီးနှိပ်စက် တရားစွဲဆိုခြင်း၊ ရုံးခန်းများကို စီးနင်းဖျက်ဆီးခြင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေများကျင့်သုံးခြင်း၊ သတင်းထောက်များနှင့် သတင်းဌာနများအပေါ် သက်ရောက်မှုရှိစေမည့် ဥပဒေများပြင်ဆင် ရေးဆွဲခြင်း စသည့် ကိုင်တွယ်ချဥ်းကပ်မှုအမျိုးမျိုးကို အသုံးပြုနေသည်။ သတင်းထောက်များနှင့် သတင်းမီဒီယာ၏အခန်းကဏ္ဍကို ဖိနှိပ်ရန်အတွက် ဥပဒေများပြင်ဆင်ရေးဆွဲသည့်အပြင် စစ်ကောင်စီသည် ဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်အတွက် သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များကို လျစ်လျူရှုကာ အချို့သတင်းထောက်များကို ရာဇသတ်ကြီးဥပဒေဖြင့်ပါ တရားစွဲဆိုခဲ့သည်။ ထိုဖမ်းဆီးထိန်းသိမ်းမှုများထဲတွင် အများစုမှာ ၄င်းတို့ ခြိမ်းခြောက်နှိပ်စက်မှုများခံခဲ့ရသည့် စစ်ကြောရေးစခန်းများမှ ရဲစခန်းများသို့ လွှဲပြောင်းမှုအပြီးတွင် တရားစီရင်မှုများကို ရင်ဆိုင်ကြရသည်။
စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် သတင်းထောက်များ၏ မိသားစုဝင်များ ဘေးကင်းလုံခြုံရေးမှာလည်း ဘေးအန္တာရာယ် ကျရောက်လျက်ရှိသည်။ အလိုရှိနေသည့် သတင်းထောက်မှာ ဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားသည့်အခါ မိသားစုဝင်များက ဖမ်းဆီးခံရလေ့ရှိသည်။ စစ်ကောင်စီက သတင်းမီဒီယာ နယ်ပယ်ထဲတွင် လုပ်ကိုင်ခြင်းမရှိတော့သည့် သတင်းထောက်ဟောင်းများကို ဖမ်းဆီးကာ ၄င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလကုန်အထိ သတင်းထောက် ၁၄၁ ဦး (အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၂၆ ဦး) ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၁၃ ဦး (အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦး) မှာ ရာဇဝတ်ပုဒ်မများဖြင့် ထောင်သွင်းအကျဥ်းချခံခဲ့ရသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့တွင် စစ်ကောင်စီ က သတင်းထောက် ၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အောက်တိုဘာလ၁၈ – ၂၀ ရက်နေ့များတွင် နောက်ထပ် သတင်းထောက် ၁၈ ဦးကို ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်ထဲတွင် စုစုပေါင်းသတင်းထောက် ၉၃ ဦးကို လွှတ်ပေးခဲ့ပြီး ၄င်းတို့ထဲမှ ၆၁ ဦးကို စစ်ကောင်စီ က ရက်အနည်းငယ်သာ ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ထို အချိန်အတောအတွင်း အမျိုးသား သတင်းထောက် ၃၀ ဦးနှင့် အမျိုးသမီး သတင်းထောက် ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားကာ ၂၇ ဦးမှာ အထူးတရားရုံး များတွင် တရားရင်ဆိုင်နေကြရသည်။ ဇယား – ၁ တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းထိ သတင်းထောက်များ ဖမ်းဆီးခံရမှု စာရင်းဇယားများကို ဖော်ပြ ထားသည်။
ပုံ – ၁
တိုက်ရိုက််သတင်းအရင်းအမြစ်များနှင့် တဆင့်ခံ သတင်းအရင်းအမြစ်များကို အခြေခံပြီး ပြုစုထားသည့် ၂၀၂၁နှစ်ကုန်ပိုင်းထိ ဖမ်းဆီးခံ သတင်းထောက်များ စာရင်း။
သတင်းမီဒီယာများနှင့် သတင်းထောက်များ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို စစ်ကောင်စီမှ ဖိနှိပ်ထားပုံ
စစ်အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ယခုအခါ စစ်ကောင်စီ မှ ထိန်းချုပ်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၁ ကို ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်ထဲတွင် “လူမှုကွန်ယက် စာမျက်နှာများ၌ ကောလာဟလများ မထုတ်ပြန်ရန် သို့မဟုတ် ဆူပူမှု ဖြစ်ပေါ်အောင် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မငြိမ်မသက်မှု ဖြစ်စေမည့် ကြေညာချက်များမထုတ်ပြန်ရန်” ဟု ဖော်ပြထားပြီး သတင်း အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ကြေညာခဲ့သည်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို “ကောလာဟလများဖြန့်ဝေခြင်း” နှင့် ပြောင်ပြောင်တင်းတင်းတန်းတူထား ဖော်ပြခဲ့ခြင်းဖြင့် စစ်ကောင်စီ က ၄င်း၏ ရည်ရွယ်ချက်အတွက် ပထမဆုံး ခြေလှမ်းကို စလှမ်းခဲ့သည်။ နောက်တစ်ဆင့်မှာ စစ်ကောင်စီအသစ်နှင့် ပတ်သက်ပြီး ဖော်ပြရာတွင် မီဒီယာများက အသုံးပြုသည့် ဝေါဟာရများကို ကန့်သတ်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက စစ်ကောင်စီ အကြောင်း ရေးသားဖော်ပြရာတွင် “စစ်အစိုးရ” သို့မဟုတ် “အာဏာသိမ်းစစ်တပ်” စသည့်ဝေါဟာရများ အသုံးပြုခြင်းအား ချက်ချင်းရပ်တန့်ရန် ညွှန်ကြားချက် တစ်စောင်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ပေးပို့ခဲ့သည်။ ထိုညွှန်ကြားချက်တွင် သတင်းထောက်များနှင့် သတင်းဌာနများအနေဖြင့် တည်ဆဲဥပဒေများ – အထူးသဖြင့် သတင်းမီဒီယာ ဥပဒေ အခန်း ၄၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အခန်း ၄၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ (ခ) တို့နှင့်အညီ ရေးသားဖော်ပြရမည်ဟုဆိုထားသည်။ ဇယား – ၂တွင် ဖော်ပြထားသည့် ထိုသတိပေးစာသည် သတင်းထောက်များ၏ အခွင့်အရေးများမှာ ချိုးဖောက်ခံခဲ့ရကြောင်း ထင်ရှားစွာပင် မြင်သာနိုင်သည်။ စစ်ကောင်စီက တည်ဆဲသတင်းမီဒီယာဥပဒေတွင် ထည့်သွင်းပြဌာန်း ထားသည့် အခွင့်အရေးနှင့်် လွတ်လပ်ခွင့်များကို လျစ်လျူရှုခဲ့သည်။
ပုံ – ၂
စစ်ကောင်စီ၏သတိပေးစာ။
အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့က ကျင်းပခဲ့သည့် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးတွင် “ပြည်တွင်း၊ နိုင်ငံတကာနှင့် အွန်လိုင်း သတင်းမီဒီယာ များသည် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ယိုယွင်းစေသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က သတင်းမီဒီယာကို ထိန်းချုပ်ရမည်” ဟု ဆိုခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ လက်အောက်ခံဌာနများထံသို့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ညွှန်ကြားချက် တစ်စောင်ကို ဖြန့်ဝေခဲ့သည်။
ပုံ – ၃
ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းမီဒီယာလိုင်စင်များကို ရုပ်သိမ်းသည့် အမိန့်။
သတင်းမီဒီယာလိုင်စင်များကို ရုပ်သိမ်းခြင်း
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန နှင့် သဘောတူညီချက်မှတဆင့် Free-to-Air စနစ််ဖြင့် ထုတ််လွှင့်နေသော မဇ္ဈိမနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) တို့ကို ထုတ်လွှင့်ခွင့်ပိတ်သိမ်းခဲ့သည်။ မဇ္ဈိမမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာတွင် ၄င်းက ရုပ်သံလိုင်းများကို ထုတ်လွှင့်ခွင့်ပိတ်သိမ်းခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို လျော့ကျစေသည်သာမကဘဲ ရုပ်သံလွှင့် လုပ်ငန်းစာချုပ်များကို ချိုးဖောက်ရာရောက်သည်ဟု မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းပြီး တစ်လကျော်အကြာ မတ်လ ၈ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက DVB ၊ Myanmar Now ၊ မဇ္ဈိမ၊ 7 Days နှင့် ခေတ်သစ်သတင်းဌာနတို့၏ သတင်းမီဒီယာလိုင်စင်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုသတင်းဌာနများမှာ မည်သည့် ဥပဒေကိုမှ ချိုးဖောက်၍ မဟုတ်ဘဲ စစ်တပ်က အာဏာကိုတိုက်ရိုက် အလွဲသုံးစားပြုခဲ့ခြင်းသာ ဖြစ်သည်။ ထို့နောက် စစ်ကောင်စီ သည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ တွင် တာချီလိတ်သတင်းဌာန၊ ဧပြီလ ၂၉ရက်နေ့တွင် မြစ်ကြီးနားသတင်း ဂျာနယ်နှင့် 74 Media ၊ အောက်တိုဘာလ ၄ ရက်နေ့တွင် Delta News Agency တို့ကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိပါးစေသည့် အကြောင်းအရာများ ထုတ်ဝေခြင်းနှင့် သက်ဆိုင်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အပိုဒ် ၈ ကို ချိုးဖောက်သည်ဟုဆိုကာ ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သည်။ စစ်ကောင်စီက ကြေညာသည့် သတင်းမီဒီယာလိုင်စင်ပိတ်သိမ်းကြောင်း ထုတ်ပြန်ချက်ထဲတွင် ပိတ်သိမ်းခံရသည့် သတင်းဌာနများသည် မီဒီယာ အမျိုးအစားတစ်ခုခုကိုအသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေ ရေးသားထုတ်ဝေခြင်းမပြုရန် တားမြစ်ထားသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းဌာန ကိုးခုမှာ ပိတ်သိမ်းခံခဲ့ရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကလည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် ဟိုတယ် လုပ်ငန်းများထံသို့ DVB ၊ Myanmar Now ၊ မဇ္ဈိမ၊ 7 Days နှင့် ခေတ်သစ်သတင်းဌာနတို့၏ ထုတ်လွှင့်ချက်များကို ပြသခြင်းမပြုရန် သတိပေးစာပေးပို့ခဲ့သည်။
ဖမ်းဝရမ်းထုတ်ခံထားရသည့် သတင်းထောက်များနှင့် သတင်းဌာနများကို ဝင်ရောက်စီးနင်းမှုများ
စစ်အာဏာသိမ်းပြီးစဥ်ကတည်းကသတင်းဌာနအများအပြား၏ ရုံးခန်းများနှင့် သတင်းဌာနများမှစီနီယာဝန်ထမ်းများ၏ နေအိမ်များကို မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များက တရားမဝင် ဝင်ရောက်စီးနင်းကာ ပစ္စည်းများကို ခိုးယူဖျက်ဆီးခဲ့ကြသည်။ မတ်လ ၈ရက်နေ့တွင် သတင်းဆုများရရှိထားသည့် Myanmar Now သတင်းဌာန၏ ရုံးခန်းကို စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးပိုင် ပစ္စည်းများနှင့် ကွန်ပျူတာများကို သိမ်းယူသွားခဲ့သည်။ အလားတူပင် နောက်တစ်ရက်၌ မဇ္ဈိမနှင့် ကမာရွတ်သတင်းဌာနများ၏ ရုံးခန်းများမှာလည်း ဝင်ရောက်စီးနင်းခံခဲ့ရသည်။ အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ် သတင်း ဌာန၏ အယ်ဒီတာချုပ် ကိုနေသန်မောင် နှင့် ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်း တို့ ဖမ်းဆီးခံခဲ့ရသည်။ မတ်လ ၉ရက်နေ့တွင်လည်း ချင်းပြည်နယ်၏ မြို့တော်ရှိ ဟားခါးပိုစ့်သတင်းဌာန၏ ရုံးခန်းမှာ ဝင်ရောက် စီးနင်းခံခဲ့ရကာ ရုံးပိုင်ပစ္စည်းများ ခိုးယူခံခဲ့ရသည်။ ဧပြီလ ၂၁ရက်နေ့တွင် တာချီလိတ်သတင်းဌာန နှင့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ပုံနှိပ်ခြင်းကို ဆိုင်းငံ့ခဲ့ပြီး အွန်လိုင်းမှသာ သတင်းများထုတ်ဝေနေသည့် မုံရွာဂေဇက် သတင်းဌာနတို့၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့သည်။ မြေလတ်အသံ သတင်းဌာန၏ ရုံးခန်းမှာ မတ်လ ၅ရက်နေ့နှင့် သြဂုတ်လ ၂၆ရက်နေ့ များတွင်လည်းကောင်း၊ လားရှိုးအခြေစိုက် ရွှေဖီမြေ သတင်းဌာနမှာ မေလ ၅ရက်နေ့တွင်လည်းကောင်း ဝင်ရောက်စီးနင်းခံခဲ့ရသည်။ ဇွန်လ ၂၅ရက်နေ့၌ ရဲများနှင့်စစ်သားများက သံလွင်တိုင်းမ်သတင်းဌာန၏ မော်လမြိုင်ရုံးခန်းကို စီးနင်းခဲ့ပြီး ရုံးနေရာကို မည်သူက ငှားရမ်းကြောင်း အိမ်ရှင်အား စစ်ဆေး မေးမြန်းခဲ့သည်။ အောက်တိုဘာ ၁၄ရက်နှင့် ၁၅ရက်နေ့များတွင်လည်း စစ်ကောင်စီ က ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန၏ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
အချို့သတင်းဌာနများမှာ ဝင်ရောက်စီးနင်းခြင်း မခံခဲ့ရသည့် တိုင်အောင် တူညီသည့်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ကြရသည်။ စစ်ကောင်စီ က ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းမ်သတင်းဌာန၏ ရုံခန်းနေရာကို ရှာဖွေနေခဲ့ကြ သော်လည်း အယ်ဒီတာနှစ်ယောက်မှာ ဝင်ရောက်စီးနင်းခြင်းမခံရမီ ရုံးခန်းကို ပိတ်ပြီး နေရာရွှေ့နိုင်ခဲ့သည်။ ရခိုင်ပြည်နယ်မှ Western News သတင်းဌာနမှ ၄င်းတို့၏ ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ တစ်ရက်တည်းမှာပင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်အား ကိုယ်ထိလက်ရောက်ကျုးလွန် ခဲ့ကြသည်။
ဤဆောင်းပါးအတွက် သုတေသနများလုပ်ရာတွင် စစ်တပ်က တိုက်ခိုက်သောကြောင့် ဒဏ်ရာရရှိခဲ့သည့် သတင်းထောက်အများအပြား ရှိကြောင်း ပေါ်ပေါက်လာခဲ့သည်။ DVB သတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်သည် စစ်ကောင်စီက ၄င်း၏ အိမ်သို့လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသောကြောင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့သည်။ ၄င်းက ထိုစီးနင်းမှုကို DVB သတင်းဌာန၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ဒဏ်ရာရရှိကာ ဖမ်းဆီးခံရပြီးနောက် ကိုအောင်ကျော်ကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ ထိန်းသိမ်းခံထားရစဥ် စစ်ကောင်စီက ရှစ်လကြာသည်အထိ ၄င်းကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးခဲ့ဘဲ မျက်နှာကို ကန်ကျောက်ခြင်း၊ မျက်နှာနှင့်လက်များကို ဆေးလိပ်မီးဖြင့်တို့ခြင်း၊ လက်သည်းများကို ဆွဲခွာခြင်းနှင့် ခေါင်းကို ပလတ်စတစ်အိတ်များဖြင့် ရစ်ပတ်ခြင်း စသည်နည်းလမ်းများဖြင့် ပုံမှန်နှိပ်စက်ညှင်းပန်းခဲ့သည်။ ကိုအောင်ကျော်မှာ ထိုးကြိတ်ကန်ကျောက်ခံရပြီး တုတ်များဖြင့် တရစပ်ရိုက်နှက်ခံရသောကြောင့် မျက်လုံးတစ်လုံးမှာ ယောင်ကိုင်းပြီးပိတ်သွားခဲ့ကာ နှာခေါင်းရိုးလည်း ကျိုးသွားခဲ့သည်။ ရရှိသည့် ဒဏ်ရာများကြောင့် မကြာခဏသတိလစ်မေ့မြော ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ ၄င်းမှာ စစ်တပ်၏ နှိပ်စက်ညှင်းပန်းမှုများကြောင့် ရရှိလာသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှ ပြန်လည်သက်သာလာရန် ခက်ခဲကြောင်း ဆိုပါသည်။
မတ်လ ၃ရက်နေ့တွင် ရဲနှင့်စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို သတင်းယူနေသည့် ဗီဒီယိုသတင်းထောက်အား ပစ်မှတ်ထားပြီး “အဲ့ဒီကောင်ကို သတ်” ဟု အော်ဟစ်ကာ လိုက်လံဖမ်းဆီးခဲ့သည်။ ထို သတင်းထောက်သည် လမ်းပေါ်တွင် ကန်ကျောက်ရိုက်နှက်ခံရပြီး ဦးခေါင်းတွင် သွေးအများအပြားထွက်ကာ ဖမ်းဆီးခံခဲ့ရသည်။ ၄င်းသည် အစာရေစာမရရှိခဲ့ဘဲ နှစ်ရက်ဆက်တိုက်စစ်ဆေးမေးမြန်းခံခဲ့ရပြီး ကျော၊ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခြေထောက်များတွင် အညိုအမည်းစွဲ ဒဏ်ရာများရရှိခဲ့သည်။
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ကမာရွတ်သတင်းဌာနမှ ကိုနေသန်မောင်နှင့် ကိုဟန်သာငြိမ်းတို့ကို ၄င်းတို့၏ ရုံးခန်းတွင် မတ်လ ၉ရက်နေ့က ဖမ်းဆီးခဲ့သည်။ ၄င်းတို့အား စစ်ကြောရေး၌ မျက်စိကိုပိတ်ပြီး ကြမ်းပြင်တစ်လျှောက်အခန်းတစ်ခုထဲသို့ ကြမ်းတမ်းစွာ တရွတ်တိုက်ဆွဲခေါ် ခဲ့သည်။ ကိုဟန်သာငြိမ်းကို လက်ထိပ်ခတ်ထားပြီး ရိုက်နှက်ကန်ကျောက် ခဲ့သည်။ ကိုနေသန်မောင်ကို သုံးရက်ကြာ မအိပ်မနေစစ်မေးခဲ့ပြီး ဆက်တိုက် ထိုးကြိတ်ခံခဲ့ရသည်။ စစ်မေးသူများက ၄င်းမှာ အမေရိကန်နိုင်ငံသားဖြစ်မှန်း သိရှိသွားသည့်တိုင်အောင် ဆက်လက်နှိပ်စက်ခဲ့ကြသည်။ စစ်ကြောရေး လေးရက်မြောက်သည်အထိ ၄င်းတို့ကို အစာနှင့်ရေကို မပေးဘဲထားခဲ့ ကြကာ နှစ်ဦးစလုံးကို စုစုပေါင်း ၁၅ရက်ကြာ စစ်ဆေးမေးမြန်းခဲ့သည်။ နောက်ဆုံးတွင် ဇွန်လ ၁၄ရက်နေ့၌ ကိုနေသန်မောင်ကို ပြည်နှင်ဒဏ်ပေးပြီး အမေရိကန်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်။
မတ်လ ၂၇ရက်နေ့တွင် Voice of Thanbyuzayat သတင်းဌာနမှ သတင်းထောက် ကိုထက်မြတ်သူမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သတင်းရယူနေစဥ် ခြေထောက်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့သည်။ တစ်ရက်တည်းမှာပင် မန္တလေးမှ သတင်းထောက် ကိုစည်သူလွင်မှာ ညာဖက်လက်ကို ကျည်ထိမှန်ခဲ့သည်။ ဧပြီလ ၂၁ရက်နေ့တွင် ထားဝယ် အခြေစိုက် Dakkhina Insight သတင်းဌာနမှ သတင်းထောက် ကိုနိုင်ထွန်းလင်းမှာ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲကို သတင်းယူနေစဥ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာလ ၁၄ရက်နေ့ မနက် ၁၂နာရီခန့်တွင် ဒါဇင်နှင့်ချီသော ရဲနှင့်စစ်သားများက မကွေးတိုင်းရှိ ဒေသခံ သတင်းထောက်အိမ်ကို ဝိုင်းရံပိတ်ဆို့ထားခဲ့ကြပြီး ၄င်းကို နေအိမ်အပြင်သို့ ဆွဲထုတ်ကာ ခြိမ်းခြောက်ခဲ့သည်။ ကတ္တရာလမ်းပေါ်တွင် ဒူးထောက်ခိုင်းပြီး လက်ထိပ်ခတ်ထားခဲ့ကာ ၄င်း၏ဇနီးဖြစ်သူရင်ဝကို သေနတ်ပြောင်းဝဖြင့်ထိုး ပြီး ထိုသတင်းထောက်၏ ကွန်ပျူတာကိုပေးရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ၄င်းကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ မနက်ငါးနာရီ အထိ နှိပ်စက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်ထဲ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံခြားသတင်းထောက် လေးဦး အနက် ကမာရွတ်သတင်းဌာနမှ ကိုနေသန်မောင်နှင့် Frontier သတင်းဌာနမှ ဒန်နီ ဖန်စထရ် တို့မှာ အမေရိကန်နိုင်ငံသားများဖြစ်ကြသည်။ အခြားသူ နှစ်ဦးမှာ ပိုလန်မှ Robert Bociaga နှင့် ဂျပန်မှ Yuki Kitazumi တို့ ဖြစ်ကြသည်။ Bociaga မှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ စာရေးသူ၏ စစ်တမ်းအရ အနည်းဆုံး သတင်းထောက် ၂၁ ဦးမှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းရေးသားမှုများကြောင့် တိုက်ရိုက် အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်ဟု သိရသည်။ ဝင်ရောက် စီးနင်းမှုများ၊ ဖမ်းဆီးမှုများနှင့် ခြိမ်းခြောက်မှုများက တိုင်းပြည်၏ သတင်း မီဒီယာကဏ္ဍအပေါ်တွင် ကပ်ဘေးအသွင်ဆိုးဝါးသော သက်ရောက်မှုများရှိလာစေကာ ရလဒ်အနေဖြင့် အချို့ သတင်းထောက်များက ၄င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း စာရေးသူအားရှင်းပြကြသည်။
ပုံ – ၄
သတင်းထောက်များ ရွှေ့ပြောင်းအခြေချရခြင်း
စစ်တပ်က သတင်းထောက်များကို ပစ်မှတ်ထားကာ ခြိမ်းခြောက်မှု၊ စစ်ဆေး မေးမြန်းမှု၊ နှိပ်စက်မှုများနှင့် ဖမ်းဆီးမှုများကိုလုပ်နေသည့် ဗျူဟာကြောင့် သတင်းထောက်အများအပြားသည် မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်နေကြရသည်။ ဖေဖော်ဝါရီလကုန်ပိုင်း၌ မွန်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုမှ အယ်ဒီတာချုပ်၏ နေအိမ်သည် ဝင်ရောက်စီးနင်းခံရပြီး ရဲများက သတင်းဌာနဝန်ထမ်းများကို ပစ်မှတ်ထားလာသောကြောင့် ထိုဌာနမှ သတင်းထောက်များ၊ အယ်ဒီတာများနှင့် ၄င်းတို့၏ မိသားစုဝင်များသည် စစ်ကောင်စီထိန်းချုပ်မှုမှ လွတ်ကင်းရာနေရာများသို့ အလျင်အမြန်ရွှေ့ပြောင်း ကြရသည်။ ထိုပုံစံမျိုးကို နိုင်ငံအနှံ့တွင် လုပ်ဆောင်နေပြီး မတ်လထဲတွင် ဧရာဝတီတိုင်း အခြေစိုက် သတင်းဌာနတစ်ခုမှ အယ်ဒီတာ နှစ်ဦးအား စစ်တပ်က ဖမ်းဆီးရန်ကြိုးပမ်းခဲ့သောကြောင့် သတင်းထောက်များမှာ ၄င်းတို့ နေအိမ်များမှ တိမ်းရှောင်ကြရပြီး ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် နယ်စပ်ဒေသများသို့ ထွက်ပြေးကြရသည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် အခြေစိုက်သည့် သတင်းဌာန အများအပြားမှ သတင်းထောက်များမှာလည်း လုံခြုံသည့် နယ်စပ်ဒေသများ သို့မဟုတ် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ကြရသည်။ ဇယား ၅ တွင် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များက ၄င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများနှင့် စပ်လျဥ်း၍ဆုံးဖြတ်ကြပုံကို ဖော်ပြ ထားသည်။
ပုံ – ၅
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံသားများနှင့် သတင်းထောက်များကို အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်နေသည့် အပေါ် သတင်းထောက်များ၏ တုန့်ပြန်မှုများ။ ယခုဆောင်းပါးအတွက် သတင်းထောက် ၈၀ ဦးကို တွေ့ဆုံထားသည့် စစ်တမ်းများအား အခြေခံ ထားသည်။
သတင်းထောက်များ၏ သေဆုံးမှုများ
လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်နှင့်ကိုဇော်ထွန်းတို့သည် ပြည်လုံးကျွတ် အသံတိတ်သပိတ်ဆင်နွှဲနေပုံကို ဓာတ်ပုံရိုက်ယူနေစဥ် ဖမ်းဆီးခံခဲ့ရသည်။ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် စစ်ကြောရေး၌ နှိပ်စက်ခံရမှုကြောင့် ကိုစိုးနိုင် မှာ သေဆုံးခဲ့ရသည်။ ၄င်း၏ သေဆုံးမှုသည် အာဏာသိမ်းမှုအပြီး ၁၀လ အကြာတွင် ပထမဆုံး သတင်းထောက်သေဆုံးမှုဖြစ်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဖက်ဒရယ်ဂျာနယ်၏အယ်ဒီတာ အေစိုင်းကေ ခေါ် ကိုစိုင်းဝင်းအောင်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
သတင်းထောက်များ၏ မိသားစုဝင်များကို ပစ်မှတ်ထားခြင်း
သတင်းထောက်များမှာ ဖမ်းဆီးခံရချိန်နှင့် ထိန်းသိမ်းခံရချိန်များတွင် ၄င်းတို့ကိုယ်တိုင် နှိပ်စက်ညှင်းပန်းခံရမှုများကြုံတွေ့နေရသလို ၄င်းတို့၏ မိသားစုဝင်များမှာလည်း အန္တရာယ်ကျရောက်နေသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စစ်ကောင်စီကအလိုရှိနေသည့် သတင်းထောက်များမှာ နေအိမ်တွင်မရှိဘဲ ရှောင်တိမ်းနေသည့်အခါ ၄င်းတို့၏ မိသားစုဝင်များမှာ ကိုယ်စားဖမ်းဆီးခံကြရသည်။ ဥပမာ – Chin Land Post သတင်းဌာန အယ်ဒီတာချုပ်၏ ယောက်ဖဖြစ်သူ၊ အလွတ်သတင်းထောက် မသူဇာ၏ အမျိုးသား၊ ပြည်အခြေစိုက် မြေလတ်အသံသတင်းဌာန သတင်းထောက် ကိုပြည့်ဖုန်းပိုင်၏ ဖခင်ဖြစ်သူနှင့်အဖိုးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုးဖြစ်သည်။ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုမှ သတင်းထောက်တစ်ဦး၏ ဖခင်ဖြစ်သူကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ကာ ပြန်လွှတ် ပေးစေလိုလျှင်ပုန်းအောင်းနေရာမှ ရဲစခန်းသို့လာရောက်ပြီး အလုပ်ထွက်မည်ဟု ခံဝန်ထိုးရမည်ဖြစ်ကြောင်း ဖိအားပေးစေခိုင်းခဲ့သည်။ သံလွင်တိုင်းမ်သတင်းဌာနမှ သတင်းထောက်များ၏ မိသားစုဝင်အများအပြားမှာလည်း ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများကို ကြုံတွေ့ကြရသည်။
စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများမှတဆင့် ခြိမ်းခြောက်ခြင်း
စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ပထမဆုံး သတင်းစာရှင်းလင်းပွဲကိုကျင်းပခဲ့သည်။ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင််းစာရှင်းလင်းပွဲကိုဦးဆောင်ပြီး သက်ဆွေက ဒု-ဥက္ကဌအဖြစ် ပါဝင်ခဲ့သည်။ ထိုပထမဆုံးသတင်းစာရှင်းလင်းပွဲ တွင် ဇော်မင်းထွန်းက သတင်းမီဒီယာများကို လူသိရှင်ကြား ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ၄င်းက “သတင်းထောက်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမမခံ နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာတွေက ‘စစ်အစိုးရ’ နဲ့ ‘အာဏာသိမ်းစစ်တပ်’ ဆိုတဲ့ တားမြစ်ထားတဲ့ ဝေါဟာရတွေ သုံးတဲ့အခါ အရေးယူရပါမယ်။ လိုင်စင်တွေကို ပိတ်သိမ်းရမယ်” ဟု ဆိုခဲ့သည်။ ထိုပြောဆိုချက်သည် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများတွင် သတင်းမီဒီယာကို ပုံမှန်ခြိမ်းခြောက်ပြောဆိုမှုများ၏ အစသာဖြစ်ခဲ့ပြီး ၄င်းသတင်းစာရှင်းလင်းပွဲများသည် စစ်ကောင်စီက ကြိုတင်အတည်ပြုထားဖွယ်ရှိသည့် လမ်းပြမေးခွန်းများကို စစ်တပ်နှင့် ပလဲနံပသင့်သော သတင်းထောက်များမှ မေးသည့် ဇာတ်တိုက်ထားသော သတင်းစာရှင်းလင်းပွဲများအဖြစ်သို့ အလျင်အမြန် ကျဆင်းသွားခဲ့သည်။
စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဇော်မင်းထွန်းက ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက် ၂ / ၂၀၂၁ထဲတွင် စစ်ကောင်စီမှ မတရားအသင်း အဖြစ် ကြေညာထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်ပတ်သက်ပြီးသတင်းရေးသားခြင်းမပြုရန်သတိပေးခဲ့သည်။ မည်သည့် နည်းလမ်းဖြင့်ဖြစ်စေ CRPH ကို ထောက်ခံအားပေးခြင်းသည် မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ကို ချိုးဖောက်ခြင်းဖြစ်ကာ လက်သင့်ခံမည် မဟုတ်ကြောင်း ဖြည့်စွက်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲများအတွင်း သတင်းမီဒီယာများသည် သွေးထိုးလှုံ့ဆော်ပြီး ဘက်လိုက်မှုရှိကာ သတင်းမှား များ တင်ဆက်နေသည်ဟု အမြဲလိုလိုမှားယွင်းစွာ စွပ်စွဲခံခဲ့ရသည်။ ထို့အပြင် သတင်းစာရှင်းလင်းပွဲများတွင် မီဒီယာများသည် လူငယ်များနှင့် လူနည်းစုများကို လွှမ်းမိုးနိုင်ခြေရှိသောကြောင့် လူထုအတွက် အန္တရာယ်ဖြစ်စေသည်ဟု အခိုင်အမာပြောဆိုမှုများ ထပ်ခါတလဲလဲ ပါဝင်နေသည်။ စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက သတင်းထောက်များ ဖမ်းဆီးခံရခြင်းမှာ ၄င်းတို့ကသတင်းစာကျင့်ဝတ်များကို ချိုးဖောက်သောကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။
ဖိနှိပ်ချုပ်ချယ်မှုများကို တိုးမြှင့်ရန်အတွက် ဥပဒေများကို ပြင်ဆင် ရေးဆွဲခြင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ဥပဒေ ၂၈ ခုကို ပြင်ဆင်ကာ သတင်းဌာနများနှင့် သတင်းထောက်များကို ရာဇသတ်ကြီး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့သည်။ စစ်ကောင်စီက သတင်းထောက်များ၏ အခွင့်အရေးများကို ကာကွယ်ထားသည့် သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များကို လျစ်လျူရှု ထားသည်။ ဤဆောင်းပါးကို ရေးသားနေသည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် နိုင်ငံအနှံ့အပြားရှိ အကျဥ်းထောင်များ၏ အထူးတရားရုံးများ၌ တရားရင်ဆိုင် နေရသောသတင်းထောက်ပေါင်း ၅၀ နီးပါးရှိနေသည်။ အများစုမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံနေရပြီး အချို့မှာ ပိုမိုကြီးလေးသည့် ပုဒ်မများဖြစ်သည့် ပေါက်ကွဲ စေတတ်သောပစ္စည်းများ ဥပဒေ၊ မတရားအသင်းအက်ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အက်ဥပဒေများဖြင့် တရားရင်ဆိုင်နေကြ ရသည်။
စစ်အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် ဆိုက်ဘာ လုံခြုံရေးဥပဒေကြမ်းကို ပြင်ဆင်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး သတင်း ဌာနများနှင့် သတင်းထောက်များအတွက် သတင်းလွတ်လပ်ခွင့်များ ပို၍ပင် ဆုံးရှုံးသည့် အနေအထားဖြစ်လာခဲ့သည်။ ပြင်ဆင်ချက်မူကြမ်းများက ဒီမိုကရေစီစံနှုန်းများနှင့် သတင်းမီဒီယာဥပဒေက ကာကွယ်ပေးထားသည့် သတင်းတင်ပြရာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို အဟန့်အတား ဖြစ်စေသည်။ ၄င်းတို့တွင် အွန်လိုင်းသတင်းဌာနများအတွက် ကန့်သတ်ချက်များနှင့် ၄င်းတို့၏ သတင်းအချက်အလက်များကို လွတ်လပ်စွာ ထုတ်လွှင့်တင်ဆက်ရေးသားခွင့်များကို ကန့်သတ်မှုများပါဝင်နေသည်။ ပြင်ဆင်ချက်မူကြမ်းများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်း အချက်အလက်ရယူပိုင်ခွင့်နှင့် သတင်းထောက်များ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ပေးထားသည့် သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်ကို ထိပါးစေသည်။ ထိုပြင်ဆင်ချက်များသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ ကိုလည်း ချိုးဖောက် နေပြီး သတင်းမီဒီယာအဖွဲ့အစည်းအများအပြားနှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို အားပေးထောက်ခံသူများက ပြင်းထန်စွာရှုတ်ချခဲ့ကြသည်။
ရာဇသတ်ကြီးဥပဒေပါ ပုဒ်မများကို ပြင်ဆင်ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၄ (က နှင့် ခ) ၊ ၅၀၅ (က မှ ဃ) အထိကို ပြင်ဆင်ခဲ့သည်။ ပုဒ်မ ၁၂၄ ကိုလည်း ပုဒ်မခွဲ (ဂ) နှင့် (ဃ) ၊ ပုဒ်မ၅၀၅ (က) ကို ပုဒ်မခွဲ အသစ် သုံးခု ဖြည့်စွက်ခဲ့သည်။ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၂၄ (က)ကို ပြင်ဆင်ခြင်းသည် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် သတင်းထောက် များကို တရားစွဲဆိုရာ၌ ထိုပြင်ဆင်ချက်များကို မည်ကဲ့သို့ အသုံးချပုံအား ညွှန်ပြနေသည်။ မူလပြဌာန်းချက်သည် “အစိုးရကို မုန်းထားအောင် သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလုပ်လျှင် သို့မဟုတ် အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင်လှုံ့ဆော်လျှင် သို့မဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်” ဟု ပါရှိပြီး ပြင်ဆင်ချက်တွင် “တပ်မတော် သို့မဟုတ် တပ်မတော်အမှုထမ်းများ” ဟု ထည့်သွင်းဖော်ပြ ထားသည်။ ထို့အပြင် ပြစ်ဒဏ်မှာလည်း “အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ် အထိချမှတ်နိုင်သည်” ဟု ဆိုရာမှ “နှစ် ၂၀အထိ” ဟု ပြောင်းလဲခဲ့သည်။ ဝါရင့် သတင်းထောက် ကိုစည်သူအောင်မြင့်သည် ထိုပြင်ဆင်ထားသည့် ပုဒ်မ ၁၂၄ (က) ဖြင့် တရားရင်ဆိုင်နေရသည်။
ဥပဒေလေ့လာသုံးသပ်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြင်ဆင်ချက်များနှင့် ပုဒ်မများ၊ ပုဒ်မခွဲများ အသစ်ဖြည့်စွက်ချက်များကို သတင်းမီဒီယာများအပေါ်အသုံးချရန်ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဤဆောင်းပါးကိုရေးသားနေသည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ အနှံ့အပြားရှိ အကျဥ်းထောင်များ၏ အထူးတရားရုံးများတွင် သတင်းထောက် ၅၀ နီးပါး၏ သုံးပုံတစ်ပုံသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရကာ ၃၃ ဦးမှာ ဖမ်းဝရမ်းထုတ်ခံထားရသည်။ အာဏာသိမ်းပြီးစဥ်ကတည်းက ဖမ်းဆီးခံထားရသည့် သတင်းထောက် အားလုံး၏ သုံးပုံတစ်ပုံ (အချို့မှာ နောက်ပိုင်းတွင် လွတ်မြောက်လာသည်) မှာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ရက်နေ့တွင်လည်း မြန်မာရဲတပ်ဖွဲ့က ဧရာဝတီသတင်းဌာနကို ပုဒ်မ ၅၀၅ (က) ကို ချိုးဖောက်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့ကြောင်း ထိုသတင်းဌာန၏ ဆောင်းပါးတစ်ခုအရ သိရသည်။
ပုံ – ၆
၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ တရားစွဲဆိုခံထားရသည့် သတင်းထောက်များစာရင်းကို ၄င်းတို့ စွဲဆိုခံထားရသည့် ဥပဒေများနှင့်တကွ စုဆောင်းထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ခြင်း
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ချက်များသည် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့များတွင်ပါဝင်ခြင်း၊ ကွယ်ဝှက်ထားပေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ထားပေးခြင်း၊ လွတ်မြောက်အောင်ကူညီပေးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ကူညီထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ခြင်းသည် ပြစ်မှုမြောက်သည်ဟု ပြဌာန်းထားသည်။ သတင်းထောက်များသည် ရံဖန်ရံခါတွင် ထိုဥပဒေ၏ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခံကြရသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ခ) ၏ ပုဒ်မခွဲငယ် (၁၅) မှ (၁၈) အထိကို ပြင်ဆင်ခဲ့သည်။ ဥပမာ – Channel Mandalay သတင်းထောက် ကိုဝင်းနိုင်ဦးကို ကနဦးက တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အစား ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့သည်။ ဇေယျာတိုင်းမ်သတင်းထောက်များဖြစ်ကြသည့် ကိုဒီမြတ်ငြိမ်းနှင့် ကိုပြည့်ဖြိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့်ပါ တရားစွဲဆို ထားသည်။
မတရားအသင်း အက်ဥပဒေ
စစ်ကောင်စီက သတင်းထောက်အများအပြားကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ / ၁ နှင့် ၁၇ / ၂ များဖြင့် တရားစွဲဆိုထားသည်။ ပုဒ်မ ၁၇ / ၁ သည် စစ်ကောင်စီက မတရားအသင်းအဖြစ်ကြေညာထားသည့် မည်သည့်အဖွဲ့အစည်းတွင်မဆို အဖွဲ့ဝင်ဖြစ်လျှင် သို့မဟုတ် အစည်းအဝေး များ၌ပါဝင်ဆောင်ရွက်လျှင် သို့မဟုတ် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့မဟုတ် အလုပ်အကိုင်များကူညီဆောင်ရွက်လျှင် ပြစ်မှုမြောက်သည်ဟု ပြဌာန်းထားသည်။ ပုဒ်မ ၁၇/၁ သည် ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။ BBC Media Action မှ အစီအစဥ်တင်ဆက်သူ မထက်ထက်ခိုင်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ အပြင် ပုဒ်မ ၁၇/၁ ဖြင့်လည်း တရားရင်ဆိုင်နေရသည်။ မဇ္ဈိမ သတင်းဌာန၏ ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ဂျိမ်းစ်ပူထောင်းတို့သည်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မလွတ်မြောက်မီ ပုဒ်မ ၁၇ / ၁ ဖြင့်တရားစွဲဆို ခံခဲ့ရသည်။ မြေလတ်အသံသတင်းဌာန တည်ထောင်သူကလည်း ၄င်းတို့ သတင်းဌာနကို အလားတူ ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည်ဟု အတည်ပြု ခဲ့သည်။
ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေ
၂၀၂၁ ခုနှစ်ထဲတွင် သတင်းထောက်နှစ်ဦးကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုပုဒ်မသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၅နှစ်မှ ၁၄နှစ်အထိ ဖြစ်စေချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ Thingangyun Post သတင်းဌာနမှ အယ်ဒီတာ မထက်ထက်အောင်နှင့် သတင်းထောက် ကိုဝေလင်းတို့ကို ထို ပုဒ်မဖြင့်တရားစွဲဆိုထားသည့်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်လည်း တရားစွဲဆိုထားသည်။ ၂၀၂၁ ခုနှစ် အကုန်ပိုင်းတွင် အခြားသတင်းထောက်နှစ်ဦးမှာလည်း ထို ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆို ခံခဲ့ရသည်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ခဲ့ခြင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ထပ်မံပြင်ဆင်ချက်များ ဖြည့်စွက် ခဲ့သည်။ ပုဒ်မ ၂ (က) တွင် “မည်သည့် နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေထုတ်လွှင့်ခြင်း” ဟူသည့် စကားရပ်ကို ဖြည့်စွက်ခဲ့သည်။ ထို့အပြင် ပုဒ်မ ၉၆ မှ ၉၉ အထိကို ထောင်ဒဏ်နှင့် ငွေဒဏ်များ တိုးမြှင့်ပြင်ဆင်ခဲ့သည်။ ပုဒ်မ ၉၉ (က) ကို “ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းရမည်” ဟု ဖြည့်စွက်ခဲ့ပြီး ပုဒ်မ ၁၀၅ (က) ကို “ပြစ်မှုများအား ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်မည်” ဟု ပြင်ဆင်ခဲ့သည်။ ထိုပုဒ်မ ၁၀၅ (က) ကို ပြင်ဆင်ခြင်းသည် ရဲတပ်ဖွဲ့အနေဖြင့် သတင်းထောက်များနှင့် သတင်းဌာနများကို တရားရုံးမှ ထုတ်ပေးသည့် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးပိုင်ခွင့်ရှိသည်ဟုဆိုလိုကြောင်း ဥပဒေပညာရှင်များ၏အဆိုအရ သိရသည်။ ၄င်းတို့က ထိုဥပဒေကို ပြင်ဆင်မှုများသည် ယေဘုယျအားဖြင့် အွန်လိုင်းသတင်းဌာနများကို စစ်ကောင်စီ၏ ကန့်သတ်ချုပ်ချယ်မှုများအား တိုးမြှင့်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်ဟုမှတ်ချက်ပြုခဲ့သည်။ ပြင်ဆင်ခဲ့သည့်ဥပဒေသည် ထုတ်လွှင့်ခွင့် လိုင်စင်များကို ပိတ်ပင်ခဲ့သော်လည်း အွန်လိုင်းမှတဆင့် ဆက်လက်ထုတ်လွှင့် နေသေးသည့် သတင်းဌာနများကို ဖိနှိပ်ရန် အထူးသဖြင့် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သတင်းထောက်များကို ရာဇဝတ်ပြစ်မှုများဖြင့် ထောင်သွင်းအကျဥ်းချခြင်း
ဖော်ပြခဲ့ပြီးသည့်အတိုင်း သတင်းထောက်အများအပြားမှာ စစ်ကောင်စီက ဖမ်းဆီးပြီး ကြီးလေးသည့်ရာဇဝတ်မှုများဖြင့် ထောင်သွင်းအကျဥ်းချခြင်းကို ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်အကုန်ပိုင်းအထိ စစ်အာဏာသိမ်းမှုကာလ ၁၁ လ အတွင်း သတင်းထောက် ၁၃ ဦးကို တရားရုံးအသီးသီးတွင် တံခါးပိတ် ကြားနာမှုများဆောင်ရွက်ပြီး ထောင်ဒဏ်များချမှတ်ခဲ့သည်။ ထိုကြားနာမှုများကို ရဲ အစောင့်အကြပ်များ၊ စစ်ထောက်လှမ်းရေးများ၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှဝန်ထမ်းများနှင့် တင်းကြပ်စွာဆောင်ရွက်ပြီး နိုင်ငံရေးအရင်းခံအကြောင်းများပါဝင်နေကာ တရားစီရင်ရေးမှာလည်း ယိုယွင်းပျက်စီးနေသည်။ သတင်းထောက်ဦးရေ ၅၀ အောက်မှာ အကျဥ်းထောင် အသီးသီးတွင် ဖမ်းဆီးခံထားရပြီး ရာဇဝတ်ပြစ်မှုများဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ အောက်ပါအပိုင်းမှာ ထိုကဲ့သို့ တွေ့ကြုံခံစားခဲ့ရ သူအချို့၏ စာရင်းများ ဖြစ်သည်။
မတ်လ ၁ရက်နေ့တွင် မြိတ်မြို့မှ DVB သတင်းထောက် ကိုအောင်ကျော်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရကာ အောက်တိုဘာလ ၁၈ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်မြောက်လာခဲ့သည်။ မတ်လ ၃ရက်နေ့တွင် ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမိုးညိုမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး မေလ ၁၂ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။ ထို DVB သတင်းထောက် နှစ်ဦးလုံးမှာ အောက်တိုဘာလ ၁၈ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။
မတ်လ ၁၆ ရက်နေ့တွင် အုက္ကံမြို့အခြေစိုက် DVB သတင်းထောက် မမေသွယ်အောင်မှာ ခင်ပွန်းဖြစ်သူ သတင်းထောက်နှင့်အတူ သတင်းရယူ နေစဥ် ဖမ်းဆီးခံခဲ့ရသည်။ ၄င်းကို ညမထွက်ရအမိန့်ကို ချိုးဖောက်သည် ဟုဆိုကာ ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လချမှတ်ခဲ့သည်။ မတ်လ ၂၄ရက်နေ့တွင် တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာ ဒေါ်နန်းနန်းတီ၊ သတင်းထောက် မနန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော် နှင့် သန့်ရှင်းရေးဝန်ထမ်း ကိုစိုင်းစည်သူ (သတင်းထောက်ဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသူ) တို့မှာ ဟိုပုံးမြို့၌ ပုန်းခိုနေစဥ် ဖမ်းဆီးခံခဲ့ရသည်။ ၄င်းတို့ကို ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။ အလားတူပင် ဧပြီလ ၅ရက်နေ့တွင် မင်းလှမြို့မှ သတင်းထောက် ကိုသက်နိုင်ဝင်းကို ဖမ်းဆီးပြီး ဇွန်လ ၁၆ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ်၊ မြိတ်မြို့မှ မဇ္ဈိမ သတင်းထောက် ကိုဇော်ဇော်ကို ဧပြီလ ၇ရက်နေ့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဇွန်လ ၂ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ် အသီးသီးချမှတ်ခဲ့သည်။ ၄င်းတို့နှစ်ဦးစလုံး အောက်တိုဘာလ ၁၈ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုသက်ထွန်းအောင် (မောင်ထူးဆန်း) ကို ဖမ်းဆီးပြီး ဇွန်လ ၃ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။ ဧပြီလ ၂၀ရက်နေ့တွင် ကန့်ဘလူမြို့နယ် အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုအောင်မျိုးထက်ကို ဖမ်းဆီးကာ နိုဝင်ဘာလ ၃၀ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ မေလ ၁၄ရက်နေ့တွင် Bago Weekly Journal မှ သတင်းထောက် ကိုငြိမ်းချမ်းဝေကို ဖမ်းဆီးပြီး ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နှင့် ပုဒ်မ ၁၂၄ (က) တို့ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။ ဇူလိုင်လ ၂၀ရက်နေ့တွင် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံကို တောင်ကြီးမြို့နယ်တွင် ၄င်း၏ သမီးနှစ်ဦး နှင့်အတူဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။
မေလ ၄ရက်နေ့တွင် Frontier သတင်းဌာနမှ အယ်ဒီတာ ဒန်နီ ဖန်စထရ် ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နှင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ / ၁ တို့ဖြင့် တရားစွဲဆိုခဲ့သည်။ နောက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ / ၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) တို့ဖြင့်ပါ ထပ်မံတရားစွဲဆိုခဲ့သည်။ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရပြီးနောက် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပြည်နှင်ဒဏ်ပေးခဲ့သည်။
သတင်းမီဒီယာဥပဒေအောက်က သတင်းထောက် အခွင့်အရေးများ
စစ်အစိုးရက သတင်းထောက်များနှင့် နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးထားသည့် မဖြစ်စလောက် တရားဥပဒေအကာအကွယ်များကို ဖယ်ရှားပစ်နေပြီး ထိုအခွင့်အရေးများမှာလည်း အမြဲဆိုသလို ချိုးဖောက်ခံ နေရပြီးသားဖြစ်သည်။ ဤဆောင်းပါးသည် သတင်းထောက်များအနေဖြင့် ၄င်းတို့၏ အခွင့်အရေးများနှင့် အကာအကွယ်များအား မည်ကဲ့သို့ ဆုံးရှုံးနေရသည်ကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ထားပြီး တည်ဆဲဥပဒေဆိုင်ရာ ပြဌာန်းချက်အချို့၏ ဆွေးနွေးမှုများနှင့် ကျိုးကြောင်း ဆီလျော်အောင်ရှင်းပြထားသည်။
သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်များ
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်းလွတ်လပ်စွာ ရေးသားထုတ်ဝေဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများဖြစ်ပေါ်စေရန်။
(ခ) သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ်ပီပြင်စွာ ရပ်တည်နိုင်ရန်။
(ဂ) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်။
(ဃ) သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဥ်များကို ဆိုင်ရာ လုပ်ငန်း၊ အဖွဲ့အစည်းများ အတွင်း သတ်မှတ်ရေးဆွဲရန်။
(င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်။
(စ) သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နှင့်စပ်လျဥ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ကြေအေးပြေငြိမ်းစေရန်။2
ဥပဒေ၏ ပုဒ်မ ၇ တွင်
သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာနေရာတို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းကသတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် – (က) လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်။ (ခ) လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများရှိပါက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည် ဟု ဖော်ပြထားသည်။3
ထိုဥပဒေပါအခွင့်အရေးများအပြင် ပုဒ်မ ၄ မှ ၆ နှင့် ပုဒ်မ ၈ မှ ၉ တို့တွင်လည်း သတင်းထောက်များ အကာအကွယ်ရရှိရေး သေချာစေရန် ပြဌာန်းထားသည်။ သို့သော်လည်း စစ်ကောင်စီက ထို တရားဥပဒေအရ အကာအကွယ်ပေးထားမှုများကို လျစ်လျူရှုထားသည်။ ဤဆောင်းပါးအတွက် မေးမြန်းခဲ့သော ဥပဒေပညာရှင်တစ်ဦးက “တချို့ ဥပဒေတွေ၊ စည်းမျဥ်းတွေနဲ့သာ သတင်းထောက်တွေကို ဖမ်းဆီးတရားစွဲဆိုနေတာမျိုး၊ သတင်းထောက်တွေကို ကာကွယ်ပေးထားဖို့ တည်ဆဲဥပဒေပါ ပြဌာန်းချက်တွေကို လျစ်လျူရှုတာမျိုးက လိုအပ်နေချိန်မှာ အကာအကွယ် ကင်းမဲ့နေပြီး အန္တရာယ်ရင်ဆိုင်နေရတဲ့ သတင်းထောက်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
သတင်းမီဒီယာအလုပ်နှင့် အသက်မွေးဝမ်းကျောင်းမှုများအပေါ် အခြား ခြိမ်းခြောက်မှုများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ သတင်းမီဒီယာ လုပ်ငန်းကို ခြိမ်းခြောက်နေသည့် အခြားသော အဓိက စိန်ခေါ်မှုများလည်း ရှိသည်။ ၄င်းတို့ထဲတွင် လုပ်ငန်းပိတ်သိမ်းခံရခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သတင်းရင်းမြစ်များ ကန့်သတ်ခံရခြင်း၊ ဆက်သွယ်ရေး ကွန်ယက်များ ဖြတ်တောက်ခံရခြင်း စသည်တို့ပါဝင်သည်။ ဤအပိုင်းတွင် အသေးစိတ်အချက်များကို ဖော်ပြထားသည်။
သတင်းဌာနများ တားမြစ်ပိတ်သိမ်းခံရခြင်းနှင့် အသစ်ပြန်လည် စတင်ခြင်း
စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲတွင် သတင်းဌာနအများအပြားမှာ တရားဝင်ထုတ်ဝေခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။ ၄င်းတို့အထဲတွင် ရန်ကုန် အခြေစိုက်သတင်းဌာနများဖြစ်ကြသည့် 7 Day Media က ၄င်းတို့၏ နေ့စဥ်သတင်းစာ၊ အပတ်စဥ်ဂျာနယ်၊ အွန်လိုင်းဗီဒီယိုနှင့် သတင်း တင်ဆက်မှုများ၊ မြန်မာတိုင်းမ်မှ နေ့စဥ်သတင်းစာ၊ အပတ်စဥ်ဂျာနယ် နှင့် အွန်လိုင်းသတင်း တင်ဆက်မှုများ၊ The Voice Daily မှ နေ့စဥ်သတင်းစာ၊ အပတ်စဥ်ဂျာနယ် နှင့် အွန်လိုင်းသတင်းတင်ဆက်မှုများ စသည်တို့ကို ရပ်တန့်ခဲ့ကြသည်။ အခြားဒေသတွင်းသတင်းဌာနများဖြစ်သည့် မကွေးဂျာနယ်၊ မြစ်ကြီးနားသတင်းဂျာနယ်၊ မုံရွာဂေဇက်ဂျာနယ် နှင့် အွန်လိုင်းသတင်း၊ ကမ္ဘောဇတိုင်းမ်၊ မကွေးပို့စ်အွန်လိုင်း နှင့် တနင်္သာရီဂျာနယ်တို့လည်း ပိတ်သိမ်းခဲ့ကြသည်။ ၂၀၂၁ ခုနှစ်အကုန်ပိုင်းတွင် ထုတ်ဝေနေသေးသည့် တစ်ခုတည်းသော ပုဂ္ဂလိကပိုင်သတင်းစာများမှာ စံတော်ချိန်နှင့် Daily Eleven တို့ ဖြစ်ကြသည်။ ၄င်းတို့ပင်လျှင် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အထိ ထုတ်ဝေမှုကို ရပ်ဆိုင်းခဲ့ကြသည်။
မီဒီယာလိုင်စင်များရုပ်သိမ်းခံခဲ့ရသော်လည်း ဆက်လက်၍ သတင်း တင်ပြနိုင်ရန် ကြိုးပမ်းနေကြသည့် သတင်းဌာနအများအပြားရှိသည်။ ၄င်းတို့ထဲတွင် DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ်သတင်းဌာန၊ တာချီလိတ်သတင်းဌာန၊ Delta News Agency၊ သံလွင်တိုင်းမ် နှင့် Delta News Agency တို့ပါဝင်ကြသည်။ သို့သော်လည်း သတင်းထောက်များက စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငယ်ခေတ်ကဲ့သို့သော လွှမ်းမိုးမှုရှိသည့် သတင်းဌာနအပါအဝင် အနည်းဆုံးအွန်လိုင်းသတင်းဌာနသစ်ကိုးခုကို စုစည်း တည်ထောင်နိုင်ခဲ့ကြသည်။ အတွေ့အကြုံရှိသောသတင်းထောက်များက ၄င်းတို့ လုပ်ကိုင်ခဲ့ဖူးသည့် သတင်းဌာနဟောင်းများ ပိတ်သိမ်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများဖြစ်သည့်အခါ ထိုကဲ့သို့သော သတင်းဌာနသစ်များသို့ ဝင်ရောက်လုပ်ကိုင်ကြသည်။
ပုံ – ၇
အောက်ပါသတင်းဌာနအသစ်များကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တည်ထောင်ခဲ့ကြသည်။
ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရေရှည်တည်တံ့မှု စိန်ခေါ်ချက်များ
စစ်တပ်က အာဏာသိမ်းသည့်အချိန်၌ သတင်းဌာနများသည် လူချင်းတွေ့ဆုံ သတင်းရယူခြင်းနှင့် ဘဏ္ဍာရေးအခက်အခဲများအပါအဝင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ရုန်းကန်နေရဆဲအချိန် ဖြစ်သည်။ သတင်းဌာန ၁၇ ခုကို မေးမြန်းထားသည့် စစ်တမ်းအရ ဝင်ငွေကျဆင်းလာခြင်းသည် ၄င်းတို့၏ အလုပ်များကို ဆက်လက်လုပ်ကိုင်ရန် အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ််နေသေးသည်ဟု သိရသည်။ ကြော်ငြာများမှဝင်ငွေရရှိမှုရပ်တန့်သွားသည့်အပြင် အမှီအခိုကင်းသည့် သတင်းမီဒီယာများကို ထောက်ပံ့ပေးနေသည့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ၄င်းတို့၏ မီဒီယာဖွံ့ဖြိုးမှုအစီအစဥ်များကို ဆိုင်းငံ့ခဲ့သည်။ ထိုအခြေအနေက သတင်းဌာနများ၏ ရေရှည်ရပ်တည်နိုင်မှုအပေါ် သိသိသာသာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ မေးမြန်းသည့်အခါ ပြည်တွင်း သတင်းဌာနတစ်ခု၏ တည်ထောင်သူက “အာဏာသိမ်းပြီးကတည်းက ဝင်ငွေကရပ်တန့်သွားတယ်။ မီဒီယာဖွံ့ဖြိုးမှုအစီအစဥ်ကလည်း အကန့်အသတ်တွေ ရှိလာတဲ့အခါ ဆက်ပြီးတော့ ရပ်တည်နေဖို့က ခက်ခဲလာတယ်။ သတင်းထောက်တွေကို လစာ ကောင်းကောင်းပေးတဲ့အစား ဖုန်းဘေလ်နဲ့ အင်တာနက်ဖိုးပေးတာလောက်ပဲ တတ်နိုင်တော့တယ်။ အဲ့ဒါတောင်မှ ရေရှည်လုပ်သွားဖို့ ခက်ခဲနေတယ်” ဟု ဆိုသည်။ ရန်ကုန်အခြေစိုက်သတင်းဌာန တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ဆက်သွားဖို့အတွက် ကြော်ငြာက ရတဲ့ဝင်ငွေတွေမရှိတော့ဘူး” ဟု တဲ့တိုးပြောသည်။
သတင်းဌာနအများစုမှာ လက်ရှိအချိန်တွင် ဝင်ငွေမရှိဘဲ သတင်းထောက်များမှာလည်း လုပ်ခလစာများမရရှိကြပေ။ မည်သို့ပင်ဆိုစေ ၄င်းတို့မှာ သတင်းအချက်အလက်အမှန်များကို ပြည်သူများအား တင်ပြနိုင်ရေးအတွက် အကောင်းဆုံးလုပ်ကိုင်နေကြဆဲဖြစ်သည်။ ဤဆောင်းပါးအတွက် မေးမြန်းခဲ့သော သတင်းဌာန ၁၇ခုထဲမှ ၁ခုကသာ ၄င်းတို့၏ သတင်းနှင့်ဆောင်းပါးများအတွက် ထောက်ပံ့မှုပမာဏအနည်းငယ် ကို ရရှိနေသည်။ သတင်းထောက် ၈၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာတွင် ခန့်မှန်းချေ ၅၅ရာခိုင်နှုန်းခန့်က မိသားစုဝင်များနှင့်မိတ်ဆွေများ၏ ထောက်ပံ့မှုများအပေါ်မှီခိုနေရပြီး ၁၅ရာခိုင်နှုန်းမှာ လစာ၏ တစ်စိတ်တစ်ပိုင်းမျှသာရရှိကာ ၁၅ရာခိုင်နှုန်းမှာ သတင်းလုပ်ငန်းနှင့် မဆိုင်သည့် ပြင်ပအလုပ်များ ဥပမာ -အွန်လိုင်းတွင်စျေးရောင်းခြင်းကဲ့သို့သော အလုပ်များလုပ်ကိုင်နေရသည်။ ၅ရာခိုင်နှုန်းမှာ အလုပ်ရှင်ထံမှ လခအစား ဖုန်းဘေလ်နှင့် အင်တာနက်ကြေးသာ ရရှိကြသည်။ ၂၀၂၁ ခုနှစ် အကုန်ပိုင်းတွင် သတင်းထောက် ၁၀ရာခိုင်နှုန်းကသာ ၄င်းတို့၏ သတင်းဌာန များထံမှ လစာအပြည့်ရရှိကြသည်။ သတင်းထောက် ၉၀ရာခိုင်နှုန်းကျော်က ဝင်ငွေ၊ အသက်မွေးဝမ်းကျောင်းမှု နှင့် လုံခြုံရေးကိစ္စရပ်များ အထူးသဖြင့် နေအိမ်များမှ မဖြစ်မနေရှောင်တိမ်းနေရခြင်းစသည်တို့မှာ ၎င်းတို့အတွက် အဓိက စိန်ခေါ်မှုများဖြစ်သည်ဟု ဆိုသည်။ ပုန်းခိုနေရစဥ် နေထိုင်စရိတ်နှင့် ကုန်စျေးနှုန်းများမြင့်တက်နေခြင်းတို့က ထွက်ပြေးတိမ်းရှောင်နေရသည့် သတင်းထောက်များ၏ ဘဝအခြေအနေများကို ပို၍ပင်ခက်ခဲစေသည်။
သတင်းအရင်းအမြစ်များနှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့ အကန့်အသတ်ရှိလာခြင်း
စစ်တမ်းများထဲမှ သတင်းဌာန ၁၇ခုက စစ်အာဏာသိမ်းမှုအလွန် အခြေအနေများတွင် သတင်းများကို အမှီအခိုကင်းကင်းနှင့် ဓမ္မဓိဌာန်ကျကျ ရေးသားဖော်ပြရာ၌ စိန်ခေါ်မှုများရှိသည်ဟု ဝန်ခံပြောဆိုကြသည်။ စစ်ကောင်စီက ဝေဖန်ထောက်ပြမှုများကို လက်သင့်မခံခြင်း၊ အခြေခံ မေးခွန်းများကိုတုန့်ပြန်ဖြေဆိုမှုမရှိခြင်းတို့အပါအဝင် သတင်းဌာနများနှင့် သတင်းထောက်များ၏ လုံခြုံရေးစိုးရိမ်ရမှုများနှင့် တော်လှန်ရေးပဋိပက္ခများမှ ထွက်ပေါ်လာသည့် သတင်းများကို အတည်ပြုရန်အခက်အခဲများရှိခြင်း တို့က သတင်းထောက်များအတွက် အဓိက ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများဖြစ်လာစေသည်။ သတင်းဌာန ခြောက်ခုက သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ယုတ်လျော့လာသည့်အခါ သတင်းမီဒီယာ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ စံချိန် စံနှုန်းများမှာလည်း အားနည်းလာသည်ဟု ဆိုကြသည်။ အခြား သတင်းဌာန နှစ်ခုက သတင်းမီဒီယာကျင့်ဝတ် အားနည်းခြင်းက စာဖတ်ပရိတ်သတ်များ၏ လေ့လာသုံးသပ်နိုင်စွမ်းများကို သက်ရောက်မှုရှိသည်ဟု မှတ်ချက်ပြုသည်။ အခြား သတင်းဌာန လေးခုက တစ်ဖက်တည်းမှ သတင်းတင်ပြရခြင်းက ကျင့်ဝတ်ပိုင်းဆိုင်ရာ စံချိန်စံနှုန်းများကို ယိုယွင်းစေသည်ဟု ဆိုသည်။ သတင်းဌာနတစ်ခုတည်းကသာ ၄င်းတို့၏ ကျင့်ဝတ်စည်းမျဥ်းများကို မချိုးဖောက်ဘဲ မီဒီယာမူဝါဒအတိုင်းလိုက်နာစောင့်ထိန်းသည်ဟု ဆိုသည်။ သတင်းဌာနအများစုက ကျင့်ဝတ်စည်းမျဥ်းများကို စောင့်ထိန်းလိုက်နာ လိုသော်လည်း ထိုသို့လုပ်ဆောင်ရန်မှာ စစ်ကောင်စီနှင့် ၄င်းတို့၏ သတင်းထောက်များနှင့် သတင်းဌာနများအပေါ် ဆက်လက်ကျုးလွန်နေသည့် လုပ်ရပ်များအပေါ်တွင် လုံးလုံးလျားလျားမူတည်နေသည်ဟု ဖြေဆိုကြသည်။
အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ယက်များ ဖြတ်တောက်ခံရခြင်း
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ရှိ မြို့ပေါင်း ၃၀ ကျော်တွင် စစ်တပ်မှ အင်တာနက် ဖြတ်တောက်ခြင်းများမကြာခဏဖြစ်ပေါ်နေပြီး ထိုသို့ပြုလုပ်ခြင်းနှင့်အတူ ရံဖန်ရံခါတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများနှင့် ကျေးရွာများကို မီးရှို့ခြင်းက တွဲပါလာတတ်သည်။ အင်တာနက်ပြတ်တောက်နေသည့် ဒေသများမှ သတင်းပေးပို့ရန်နှင့် သတင်းများကို အတည်ပြုရန်မှာ သတင်းဌာနများ အတွက် ခက်ခဲနေသည်။ သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးလာပြီး အချက်အလက်များအတည်ပြုခြင်းက ရှုပ်ထွေးလာကာ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရယူရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်ဟု သတင်းထောက်များက ဆိုကြသည်။ သတင်းထောက်များက အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် သို့မဟုတ် မျက်မြင် ကြုံတွေ့ခဲ့ရသည့် ဒေသခံသတင်းအရင်းအမြစ်များနှင့် ဆက်သွယ်ခြင်းကိုသာ မှီခိုနေကြရသည်။
သတင်းမီဒီယာကောင်စီသစ်၏ အန္တရာယ်ရှိသည့် သက်ရောက်မှုများ
စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာတွင် သတင်းမီဒီယာဥပဒေ နှင့်အညီ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် အများစု က နှုတ်ထွက်ရန်ရွေးချယ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကျင်းပသည့် ကောင်စီအစည်းအဝေး၌ ကောင်စီဝင် ၁၇ ဦးက တပြိုင်နက် နှုတ်ထွက်ခဲ့ကြကာ အခြားသူများက နောက်ပိုင်းတွင် အဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ခဲ့သည်။ သို့သော်လည်း ယာယီဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့က ကောင်စီဝင်အဖြစ် ဆက်လက်ရှိနေခဲ့ကြသည်။ စစ်ကောင်စီက မတ်လ ၄ရက်နေ့တွင် ထို ကောင်စီဝင် ၂၃ ဦးနှင့် စပ်လျဥ်းသည့် ထုတ်ပယ်စာကို အတည်ပြုထုတ်ပြန်ခဲ့သည်။
မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယသက်တမ်းအတွက် ရွေးချယ် ခံထားရသည့် ကောင်စီဝင်များနှုတ်ထွက်ခဲ့မှုကြောင့် ဧပြီလ ၃၀ရက်နေ့တွင် စစ်ကောင်စီက လစ်လပ်နေရာများအတွက် ရွေးကောက်ပွဲလုပ်ကာ အဖွဲ့ဝင် အသစ်များအစားထိုးခဲ့သည်။ သတင်းမီဒီယာကောင်စီက ချက်ချင်း ဆိုသလိုပင် သတင်းထောက်များနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ၏ လွတ်လပ်ခွင့်နှင့်အခွင့်အရေးများကို ဖိနှိပ်ပြီး ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ချက်များကို တောက်လျှောက်ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ သတင်းမီဒီယာကောင်စီသည် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့် စစ်ကောင်စီ၏ ရှုထောင့်များကို သံယောင်လိုက်သည့် ထုတ်ပြန်စာ ခြောက်စောင်ကို ထုတ်ပြန်ခဲ့သည်။ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များနှင့် ရည်ရွယ်ချက်များကို လျစ်လျူရှုကာ မီဒီယာလိုင်စင်ပိတ်သိမ်းခံထားရသည့် သတင်းဌာနများကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့သည်။ ဇွန်လ ၂၅ရက်နေ့က ၄င်းတို့ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် အမှတ် ၅ / ၂၀၂၁ တွင်
သတင်းဌာနအချို့သည် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များကို ချိုးဖောက်လျက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန်လုပ်ဆောင်နေကြသဖြင့် နိုင်ငံတော်မှ ယင်းသတင်းဌာနများကို လိုင်စင်ပိတ်သိမ်းကာ တရားမဝင်သတင်းဌာနများအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သတင်းမီဒီယာသမားများသည် အဆိုပါလိုင်စင်ပိတ်သိမ်းခံထားသည့် တရားမဝင်သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် တည်ဆဲဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာ အငြင်းပွားမှုများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် တာဝန်ခံညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည် ဟု ဖော်ပြထားသည်။
အလားတူပင် ဇွန်လ ၂၁ ရက်နေ့ထုတ် ကြေညာချက်အမှတ် ၄ / ၂၀၂၁ တွင် စစ်ကောင်စီက ကျုးလွန်ခဲ့သည့် မီးလောင်မှုဖြစ်စဥ်တစ်ခုနှင့် စပ်လျဥ်းပြီး သတင်းအဖြစ်ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ခြင်းကို
ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဥ်နှင့် စပ်လျဥ်း၍ လိုင်စင်ပိတ်သိမ်းခံထားရသည့် ပြည်တွင်းသတင်း မီဒီယာအချို့၊ နိုင်ငံတကာသတင်းဌာနအချို့နှင့် သံရုံးအချို့တို့သည် ဖြစ်ရပ်မှန် နှင့် ဆန့်ကျင်သော သတင်းအချက်အလက်မှားများထုတ်လွှင့်ဖော်ပြခဲ့ကြသည်ကို (ကောင်စီ) မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည် ဟု ဖော်ပြထားသည်။
သတင်းထောက်များ၏ အခွင့်အရေးများကို ကာကွယ်ရမည့် သတင်းမီဒီယာကောင်စီသစ်က လက်တွေ့တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့် စစ်ကောင်စီ၏ မူဝါဒများကိုသာထင်ဟပ်နေသည်။ မေးမြန်းခဲ့သည့် သတင်းထောက်တစ်ဦးက “မီဒီယာကောင်စီက စစ်အစိုးရရဲ့ ရုပ်သေးရုပ်ဖြစ်လာတယ်။ သတင်းထောက်တွေအတွက် အဖွဲ့အစည်းမျိုး လုံးဝမဟုတ်တော့ဘူး” ဟု မှတ်ချက်ပြုသည်။ နိုဝင်ဘာလ ၂၄ရက်နေ့တွင် မီဒီယာကောင်စီ၏ တတိယအကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပ ခဲ့သည်။ စစ်အာဏာသိမ်းမှုသည် မီဒီယာကောင်စီ၏ မူလရည်ရွယ်ချက်များ ဖြစ်သည့်သတင်းလွတ်လပ်ခွင့်နှင့်သတင်းထောက်များ၏ အခွင့်အရေးများကို ထောက်ပံ့ပေးရန်၊ သတင်းမီဒီယာ၏ အခန်းကဏ္ဍအတွက် အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စသည်တို့ကို ပြောင်းပြန်လှန်ပစ် ခဲ့သည်။ မီဒီယာကောင်စီက ယခုအခါတွင် သတင်းမီဒီယာကို ဖိနှိပ်ကာ သတင်းထောက်များ၏ အခွင့်အရေးများနှင့် ရသင့်ရထိုက်သည့် သတင်းမီဒီယာလွတ်လပ်ခွင့်များအတွက် နှုတ်ဆိတ်နေနေသည်။
သတင်းဌာနများနှင့် အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာချက်များ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမလအနည်းငယ်အတွင်း သတင်းအဖွဲ့အစည်းများက သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်မှုများ၊ သတင်းထောက်များ၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးအတွက် တောင်းဆိုသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ကြေညာခဲ့ကြသည်။ ထို ထုတ်ပြန်ချက်များကို စစ်ကောင်စီက တောက်လျှောက်လျစ်လျူရှုခဲ့ကာ သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်ခြင်းများ တိုးမြှင့်လာသည်နှင့်အမျှ သတင်းမီဒီယာအဖွဲ့အစည်းများထံမှ ထုတ်ပြန်ချက်များမှာလည်း လျော့နည်းလာခဲ့သည်။ ယခုအပိုင်း၌ စစ်အာဏာသိမ်းပြီးနောက် အစောပိုင်းလများတွင်ထုတ်ပြန်ခဲ့သည့် အချို့သောထုတ်ပြန်ချက်များကို စာရင်းပြုစုထားသည်။
တိုင်းရင်းသား သတင်းဌာနများ စုပေါင်းဖွဲ့စည်းထားသည့် Burma News International (BNI) မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်သည့် စာထဲ၌ မျက်မှောက်ခေတ်နိုင်ငံရေး မတည်ငြိမ်မှုများနှင့် တိုင်းပြည်တစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများမှာ သတင်းမှန်ကိုရရှိရန် လိုအပ်သည့်အချိန်တွင် စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်များရယူပိုင်ခွင့်တို့ကို လျော့ပါးအောင် ဖိနှိပ်ချုပ်ချယ်််မှုများအား ရပ်တန့်ရန် တောင်းဆိုထားသည်။ သတင်းထောက်များအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်လည်း တောင်းဆိုထားကာ သတင်းလွတ်လပ်ခွင့်၊ ပြည်သူများ၏ သတင်းအချက်အလက်ရပိုင်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေးတို့ကို သေချာစေရေးအတွက် ပြည်တွင်းပြည်ပသတင်းဌာနများ၊ ငွေကြေးထောက်ပံ့သူများနှင့် လက်တွဲလုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ထို့နောက် မတ်လ ၁၀ရက်နေ့တွင် BNI က သတင်းဌာနငါးခုကို ရုပ်သံထုတ်လွှင့်ခွင့်ပိတ်သိမ်းခြင်းနှင့် သတင်းဌာနနှစ်ခု၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းကာ ပစ္စည်းများ ခိုးယူ သွားခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ထပ်မံထုတ်ပြန် ခဲ့သည်။
ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် သတင်းဌာနနှင့် သတင်းအဖွဲ့အစည်း စုစုပေါင်း ၂၈ခုက စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြင်ဆင်သည့် မူကြမ်းကို ရှုတ်ချခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၃ရက်နေ့ နှင့် ၂၃ရက်နေ့ များတွင် ပြန်ကြားရေးဝန်ကြီးဌာနပေးပို့ခဲ့သည့် စာရေးသူများနှင့် ထုတ်ဝေသူများကို “အာဏာသိမ်းစစ်တပ်၊ စစ်အစိုးရ၊ စစ်ကောင်စီ” စသည့် ဝေါဟာရများ အသုံးမပြုရန်ညွှန်ကြားသောသတိပေးစာများကို တုန့်ပြန်သည့်အနေဖြင့် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် သတင်းဌာန ၃၀ ခုက ဝန်ကြီးဌာန၏ သတိပေးချက်သည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးသောကြောင့် အမှီအခိုကင်းသည့် သတင်းဌာနများအနေဖြင့် ၄င်းတို့၏ တည်းဖြတ်မှုစံချိန်စံနှုန်းများ၊ မီဒီယာကျင့်ဝတ်များအောက်မှ ဆက်လက်ရေးသားထုတ်ဝေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
မတ်လ ၂ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ယက်၊ လားရှိုး သတင်းထောက်များအဖွဲ့၊ တောင်ကြီးသတင်းထောက်အသင်း၊ မြေလတ် ဂျာနယ်လစ်ကွန်ယက်၊ မြန်မာနိုင်ငံတောင်ပိုင်း ဂျာနယ်လစ်ကွန်ယက်၊ မြန်မာ ဂျာနယ်လစ်ကွန်ယက် (ဧရာဝတီတိုင်း) နှင့် မြန်မာအမျိုးသမီးဂျာနယ်လစ် အသင်းတို့က ပူးပေါင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲတွင် သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရန်၊ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများနှင့် သတင်းထောက်များ၏ နေအိမ်များကို ညဖက်ဝင်ရောက်စီးနင်းမှုများ ဖုန်းနှင့် ကင်မရာကဲ့သို့သော သတင်းရယူရာတွင် အသုံးပြုသည့် ပစ္စည်းများကို အဓမ္မသိမ်းယူခြင်း နှင့် သတင်းထောက်များကို တရားစွဲဆိုခြင်းတို့အား ပြစ်တင်ရှုတ်ချထားသည်။ ထိုအဖွဲ့အစည်းများကပင် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံရသည့် ပြည်မြို့ အခြေစိုက် DVB သတင်းထောက် ကိုမိုးညိုကို ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းအား ပြစ်တင်ရှုတ်ချသည့် ထုတ်ပြန်ချက်ကို မေလ ၁၃ရက်နေ့၌ ထပ်မံထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်းလများတွင် နိုင်ငံတစ်ဝန်းရှိ သတင်းထောက်များကို ကိုယ်စားပြုသည့် ကွန်ယက်များ၊ အသင်းများနှင့် အဖွဲ့အစည်းအများအပြားက စစ်ကောင်စီ၏ သတင်း စစ်ဆင်ရေး နှင့် သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်ခြင်းတို့အား ပြစ်တင် ရှုတ်ချသည့်ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ သတင်းထောက် အများအပြား ဖမ်းဆီးခံရခြင်းနှင့် ပုန်းအောင်းနေရမှုများ မြင့်တက်လာမှုကြောင့် အချိန်ကြာလာသည်နှင့်အမျှ ထို ထုတ်ပြန်ချက်များမှာလည်း ငြိမ်သက်လျော့ပါးလာခဲ့သည်။ မေးမြန်းမှုတစ်ခုထဲတွင် မြန်မာဂျာနယ်လစ် ကွန်ယက်၏ အမှုဆောင်အဖွဲ့ဝင်တစ်ဦးက သတင်းထောက်များစွာမှာ မဖြစ်မနေ ပုန်းအောင်းနေရသောကြောင့် ယခုအခါ သတင်းထောက် အဖွဲ့အစည်း အများအပြားသည် ထုတ်ပြန်ချက်များအား ထိရောက်မှုမရှိသည့် ညှိနှိုင်းချဥ်းကပ်မှုတစ်ခုအဖြစ် ရှုမြင်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ BNI က ၂၀၂၁ ခုနှစ်တစ်လျှောက်လုံးတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ခြင်းအား ပြစ်တင်ရှုတ်ချသည့် ထုတ်ပြန်ချက်များကို ဆက်လက်ထုတ်ပြန်နေခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် BNI ထုတ်ပြန်ချက်ထဲတွင် သတင်းထောက်များကို ဖမ်းဆီးခြင်းများ ဆက်လက်ဖြစ်ပွားနေမှုအား ပြစ်တင်ရှုတ်ချထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့ရှိ မြို့နယ် ၂၅မြို့နယ်တွင် အင်တာနက် ဖြတ်တောက်ထားခြင်းသည် နိုင်ငံသားများ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်း ဖြစ်ကြောင်းကိုပါ ဖြည့်စွက်ထားသည်။ ထိုထုတ်ပြန်ချက်ထဲတွင် ဖမ်းဆီးခံ သတင်းထောက်များကို ချက်ချင်းလွှတ်ပေးရန်၊ အကျဥ်းထောင်များနှင့် စစ်ကြောရေးစခန်းများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပန်းမှုများကို ရပ်တန့်ရန်နှင့် သတင်းထောက်များကို ဖမ်းဝရမ်း ထုတ်ထားခြင်းတို့အား ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။ ထိုတောင်းဆိုချက်များတွင် ပိတ်ပင်ထားသည့် သတင်းဌာနများကို လိုင်စင် ပြန်ပေးရန်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အား အသိအမှတ်ပြုပေးရန်တို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းသတင်းမီဒီယာများ ရေရှည်တည်တံ့ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အကြံပြုချက်များ
မြန်မာနိုင်ငံတွင် စစ်မှန်သည့် သတင်းမီဒီယာပညာနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ သေချာစေရန်
၁။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နှင့်လျော်ညီစွာ အပြည့်အဝ အာမခံချက်ပေးရမည်။ စစ်ကောင်စီအနေဖြင့် ၄င်းတို့၏ ဥပဒေများသည် သတင်းမီဒီယာလွတ်လပ်ခွင့် စံချိန်စံနှုန်းများကို ဆန့်ကျင်နေခြင်း မရှိရန် လုပ်ဆောင်ရမည်။
၂။ စစ်ကောင်စီက သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတင်းထောက်များနှင့် သတင်းမီဒီယာများကို ရာဇသတ်ကြီးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေနှင့် အခြားရာဇဝတ်ဥပဒေများဖြင့် တရားစွဲဆိုခြင်း တို့အား ချက်ချင်းရပ်တန့်ရမည်။
၃။ စစ်ကောင်စီက သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များကို တင်းကြပ်စွာလိုက်နာပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရမည်။
၄။ စစ်ကောင်စီက ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်များပိတ်သိမ်းခြင်း၊ တီဗီရုပ်သံလိုင်းများကို ပိတ်ပင်ခြင်း၊ ဖေ့ဘွတ်ခ်စာမျက်နှာများနှင့် ဝက်ဘ်ဆိုဒ်စာမျက်နှာများကို ပိတ်ပင်ကာ အမည်ပျက်စာရင်းသွင်းခြင်း တို့ကို ပြန်လည်ပယ်ဖျက်သင့်သည်။
၅။ စစ်ကောင်စီလက်အောက်မှ ရုံးဌာနများသည် ကန့်သတ်ချက်များ သို့မဟုတ် တရားစွဲဆိုခံရခြင်းများမရှိဘဲ သတင်းရယူနိုင်ခွင့်ရှိသည့် သတင်းထောက်များနှင့် သတင်းမီဒီယာများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရမည်။
၆။ သတင်းမီဒီယာဖွံ့ဖြိုးရေးကို ရှေးရှုလုပ်ကိုင်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းသတင်းမီဒီယာများ၊ သတင်းထောက်များနှင့်အတူ တစ်သားတည်းရပ်တည်ရန်လိုအပ်ပြီး ပြည့်စုံ လုံလောက်သည့်ထောက်ပံ့မှုများကို စဥ်ဆက်မပြတ်ပေးအပ်ကာ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ အခွင့်အရေးများကို ထိထိရောက်ရောက်တောင်းဆိုရမည်။
၇။ မြန်မာသတင်းထောက်များ၏ အခွင့်အရေးများ အကာအကွယ်ရရန် သေချာစေရေး၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမီစေရေး နှင့် သတင်းမီီဒီယာလွတ်လပ်ခွင့်ကို ပံ့ပိုးပေးသည့် ပတ်ဝန်းကျင်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မူဝါဒများကို ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန်လိုအပ်သည်။
သတင်းထောက်များ၏ အခွင့်အရေးများနှင့်လုံခြုံရေးကို ကာကွယ်ရန်
၁။ သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးကို သတင်းမီဒီယာ ဥပဒေ အခန်းနှစ် နှင့် အခန်းသုံးတို့တွင် ပါရှိသည့် ပြဌာန်းချက်များနှင့်အညီ အပြည့်အဝကာကွယ်ရမည်။ သတင်းထောက်များသည် ဘေးကင်းလုံခြုံရေးကို မဖြစ်မနေရရှိရမည်။
၂။ သတင်းထောက်များနှင့် သတင်းဌာနများအားလုံးသည် စောင့်ကြည့်စုံစမ်းစစ်ဆေးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း တို့မှ ကင်းလွတ်ခွင့်ရှိ ရမည်။ ၄င်းတို့၏ အခွင့်အရေးများနှင့် ဥပဒေပိုင်းဆိုင်ရာ ရပိုင်ခွင့်များကို အပြည့်အဝရရှိရမည်။
၃။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများအနေဖြင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးလုပ်ဆောင်သင့်ပြီး သတင်းထောက်အားလုံးရယူအသုံးပြုနိုင်သည့် အကာအကွယ်ပေးရေး လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
၄။ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ နေရပ်ရွှေ့ပြောင်း ရသည့်အခါ သတင်းထောက်များ၏လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှုများနှင့် သတင်းမီဒီယာများတည်တံ့ရေးတို့ကို သေချာစေမည့် ရေတို၊ ရေရှည် အစီအစဥ်များအား စီမံဆောင်ရွက်ထားရမည်။
၅။ ပြည်တွင်း၌ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ နေရပ်ရွှေ့ပြောင်းရသည့် သတင်းထောက်များ၏ လုံခြုံရေးနှင့် ဘဝနေထိုင်မှုအဆင်ပြေရေးတို့ကို အထောက်အပံ့ဖြစ်စေမည့် အခွင့်အလမ်းများနှင့် အကာအကွယ်များကို လက်လှမ်းမီရယူနိုင်ရန် နိုင်ငံတကာအစိုးရများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက လုပ်ဆောင်ပေးရမည်။
သတင်းမီဒီယာအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးပေးရန်
၁။ သတင်းမီဒီယာ၏ စစ်မှန်သည့် တည်တံ့မှုနှင့် သတင်းမီဒီယာ ဥပဒေ အခန်းနှစ်ပါ ပြဌာန်းချက်များကို ကျင့်သုံးရန်တို့မှာ ဒီမိုကရေစီ နည်းကျကျအုပ်ချုပ်မှုစနစ်ကို လိုအပ်သည်။
၂။ သတင်းမီဒီယာလိုင်စင်များကိုပိတ်သိမ်းခြင်း၊ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် စောင့်ကြည့်မှုများ၊ ခြိမ်းခြောက်မှုများ၊ သတင်းထောက်များကို ဖမ်းဆီးခြင်းနှင့် သတင်းမီဒီယာပညာကို ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်း စသည့် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခုအား ဝင်ရောက်စွက်ဖက်မှု အားလုံးကိုရပ်တန့်ရမည်။
၃။ ဖမ်းဆီးခံသတင်းထောက်များအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမည်။
၄။ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရေတို၊ ရေရှည် အထောက်အပံ့များအား စီမံဆောင်ရွက်ထားရန်လိုအပ်ပြီး သတင်းမီဒီယာ ရေရှည်တည်တံ့ရေးအတွက် ချက်ချင်းဆိုသလို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ ကိုးကားချက်များ
အဆုံးမှတ်စုများ
1 ကလောင်အမည်။
2 News Media Law, 2014.
3 News Media Law, 2014.
ကိုးကားချက်များ
News Media Law of the Republic of the Union of Myanmar, Pyidaungsu Hluttaw Law No. 12/2014. (2014). Unofficial English translation. Burma Library. https://www.burmalibrary.org/sites/burmalibrary.org/files/obl/docs18/2014-Media_Law-en.pdf