ဒန်နီ ဖန်စထရ် | Click here to read this article in English.
Cite as: ဒန်နီ ဖန်စထရ်၊ (၂၀၂၃)၊ သံတိုင်များနောက်ကွယ်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၂)။ https://ijbs.online/?page_id=4051
စာတမ်းအကျဥ်း
၂၀၂၁ ခုနှစ် ၊ မေလ ၂၄ ရက်နေ့တွင် ဘန်ကောက်မြို့သို့သွားရန် လေယာဥ် စောင့်ဆိုင်းနေစဥ် မြန်မာစစ်တပ်က ဒံနီ ဖန်စထရ် ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ခြောက်လခန့် အကျဥ်းချထားခဲ့သည်။ ၎င်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု တို့ဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ သော်လည်း သုံးရက်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ဤဆောင်းပါးထဲတွင် ဒံနီ ဖန်စထရ် က အင်းစိန်အကျဥ်းထောင်အတွင်း နေထိုင်ခဲ့စဥ်က အချိန်များ၊ ၎င်း၏ နေ့စဥ်လုပ်ငန်းများ၊ ထောင်တွင်းရှိ အတူနေအကျဥ်းသားများ၊ အစောင့်များနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံရမှု များကို ရေးသားထားသည်။ ယခုဆောင်းပါးသည် ၎င်း ထောင်ထဲတွင် နေခဲ့ရသော အချိန်များအကြောင်း ရေးသားနေဆဲဖြစ်သည့် အကြောင်းအရာမှ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူရေးသားထားခြင်းဖြစ်သည်။
~
အင်းစိန်ထောင် အဆောင် ၅ ၏ သီးသန့် တံတိုင်းခတ်ထားသော နေရာရှိ အိုဟောင်းကျဥ်းမြောင်းသည့် အကျဥ်းခန်းတန်းလျားနှစ်တန်း၏အရှေ့တွင် အစောင့်ရုံးခန်းရှိသည်ဟု အကျဥ်းသားတစ်ယောက်ကပြောခဲ့ဖူးသည်။ သို့သော် ထိုရုံးခန်းဆိုသည့်နေရာမှာ သွပ်မိုးဖြင့် နံရံကိုလေးပေခန့်အမြင့် လေးဖက်လေးတန်ကာထားပြီး ကြွေပြားခင်းထားကာ ပလတ်စတစ်ခုံအချို့နှင့် သစ်သားပြားများချခင်းထားသည့် အဆောင်ငယ်တစ်ခုမျှသာဖြစ်၍ ထိုအဆောင်ငယ်၏ မြောက်ဘက် နံရံဘက်တွင်ကပ်ထားသော ခနော်နီခနော်နဲ့ သစ်သားစားပွဲပေါ်တွင် တရုတ်လုပ် ဖလက်တီဗီကြီးတစ်ခုကို တင်ထားသည်။ စစ်တပ်က အာဏာ ပြန်ရလာပြီးနောက် မီးက တောက်လျှောက်ပျက်နေလေ့ရှိပြီး မီးပျက်နေသည့် အချိန်များ၌ပင် တီဗီရှိသည့် ထိုအခန်းတွင် လူများက သူ့အလိုလို စုလာတတ်ကြပုံပေါ်သည်။ ကျွန်တော်တို့၏ ဗဟိုဌာနသဖွယ်ဖြစ်သော ထိုနေရာလေးကို ကျွန်တော်တို့အကျဥ်းသားများအပြင် သွပ်ဆူးကြိုးများခတ်ပြီး ကာရံထားသည့် အုတ်တံတိုင်း နီနီများနောက်၌ ကျွန်တော်တို့ကဲ့သို့ပင် နေ့စဥ် ပိတ်လှောင်ထားခံရသည့် အကျဥ်းထောင်စောင့်များကလည်း လာရောက်လေ့ ရှိကြသည်။ အဆောင် ၅ ရှိရာဘက်တွင် ထိုသွပ်မိုးက တစ်ခုတည်းသော အရိပ်ရသည့်နေရာ ဖြစ်သည်။ အစောင့်များက ၎င်းတို့၏ တာဝန်ချိန်များကို ခေါက်ရိုးကျိုးနေပြီး ချွေးစိုနေသည့် ကာကီရောင်ယူနီဖောင်းများ ဝတ်ဆင်လျှက် စတင်လေ့ရှိကြသည်။ အစပိုင်းက တာဝန်ချိန်မှာ ၁၂ နာရီ အလှည့်ကျဖြစ်သော်လည်း နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် တာဝန်ချိန်ကို ၂၄ နာရီသို့ ပြောင်းခဲ့သည်။ တာဝန်ချိန်ပြီးချိန်၌ ၎င်းတို့က အဆောင်ငယ်၏ ဖိနပ်ချွတ်တွင် ဖိနပ်များကို ချွတ်ပစ်ခဲ့ပြီး အရိပ်ထဲသို့ ဝင်လာကာ အဝတ်အစားများ လဲလှယ်ကြသည်။ တာဝန်လဲမည့် အစောင့်က အဝတ်အစားပြန်ဝတ်ရန် ထလာသည့်အခါ တာဝန်အနားရသည့် အစောင့်က အောက်ခံဘောင်းဘီတိုနှင့် ချွေးများနစ်ပြီး အသားနှင့်ကပ်နေသော ချည်ထည်စွပ်ကျယ်လက်ပြတ်သာ ကျန်သည်အထိ အဝတ်ကို ချွတ်လိုက်ပြီး ခုံပေါ်သို့ ပစ်ထိုင်ချလိုက်ကာ အပူသက်သာအောင် ယပ်ခတ်နေတတ်သည်။ စကားပြောစက်မှ အမိန့်များ တစ်ခါတစ်ရံ ထွက်လာသည့်အခါတွင် ၎င်းတို့က ခုံမှအသာထပြီး ထူထဲကာ ခေါက်ရိုးကျိုး နေသည့် ကာကီရောင်ယူနီဖောင်းကို အင်တင်တင်ဖြင့် ဝတ်ဆင်၍ ကျွန်တော်တို့ကို နိုင်ငံပိုင်သတင်း ထုတ်လွှင့် ပြသနေသည့်တီဗီဖွင့်ပေးလျှက် ထားခဲ့ပြီး အဆောင်ထဲမှ မထွက်ချင် ထွက်ချင်ဖြင့် ထွက်သွားသည်။ သတင်းထဲတွင်မူ စပါးများအထွက်မှာ အမြဲတိုးနေကြောင်းနှင့် စစ်ဗိုလ်ချုပ် တစ်ယောက်က ဖရဲသီးစိုက်ခင်းကိုလှည့်လည်ကြည့်ရှုစစ်ဆေး ပြီးကြောင်းကို ပြသနေသည်။ ခွင့်ပြုထားသည့် ဖျော်ဖြေရေးအစီအစဥ်များမှာ ပြိုင်ကားတစ်စီးနှင့် တစ်စီးယှဥ်မောင်းနေသည့် တရုတ်အက်ရှင်ကားများ သို့မဟုတ် အလွန်အကြူး သရုပ်ဆောင်လွန်းသည့် ဘောလိဝုဒ်သီချင်းဇာတ်လမ်းများသာဖြစ်သည်။ အကျဥ်းသားများသည် လွန်ခဲ့သည့် လအနည်းငယ်က ဘီဘီစီနှင့် Discovery ရုပ်သံလိုင်းများ ကြည့်ခွင့်ရခဲ့သည့် ရက်များကို ထပ်မရနိုင်တော့ဟုလည်း ကြားခဲ့ရသည်။
ဘုန်းကြီးတစ်ပါးက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစဥ်က အကြောင်းကိုထောင်ထဲတွင် ကျွန်တော်တို့အားပြောပြသည်။ မြန်မာ စစ်တပ်က လွှတ်တော်ဝင်းအတွင်းသို့ တင့်ကားများဖြင့် ဝင်ရောက်လာကာ ၂၀ ရာစုနှစ်ကဲ့သို့ ခေတ်ဟောင်းပုံစံဖြင့် အာဏာသိမ်းယူခဲ့သည်။ ထိုနေ့ မနက်က အမူးလွန်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျွန်တော့်ကို ငွေမှင်ရောင်ဆံပင်၊ အသားဖြူဖျော့ဖျော့၊ အရပ်မြင့်မြင့်နှင့် အင်္ဂလန်နိုင်ငံသား အခန်းဖော်က အတွင်းခံဘောင်းဘီလေးသာဝတ်ထားပြီး ကျွန်တော့် အိပ်ရာပေါ်က မိုးကြည့်နေကာ အကြမ်းပတမ်းလှုပ်နှိုးနေခဲ့သည်။ “ဟေ့ကောင် ထစမ်း။ မင်းထမှဖြစ်မယ်။ ဒီမှာ စစ်တပ်က အာဏာသိမ်းသွားပြီ ထင်တယ်” ဟုလည်း အော်ဟစ်ပြောဆိုနေသည်။ ထိုစဥ်က ကျွန်တော်သည် ပြည်တွင်း မဂ္ဂဇင်းတစ်စောင်တွင် သတင်းခန်းအယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်နေပြီး နောက်ပိုင်းရက်များတွင် လူဆယ်ဂဏန်းခန့် ထို့နောက် လူပေါင်းသိန်းချီ လမ်းမများထက်ထွက်ကာ မြို့ပြဒေသရော နယ်ဖက်ကျေးလက်ဒေသများပါ မကျန် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ကြပြီး လူထုထဲသို့သေနတ်ဖြင့် ပစ်ခတ်နေသည့်ပုံများ၊ အကြမ်းဖက်ဖြိုခွင်း နေသည့်ပုံများ၊ တစတစ ကြီးထွား လာသည့် ပြည်တွင်းစစ်၊ သတင်းဌာနများ လိုင်စင်ပိတ်သိမ်းခံရခြင်း၊ သတင်းထောက်များ၊ အယ်ဒီတာများ ဖမ်းဆီး ခံရခြင်းစသည့် သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများက ကျွန်တော်တို့ သတင်းခန်းထဲနှင့် ဝက်ဘ်ဆိုဒ် စာမျက်နှာများပေါ်ရောက်လာပြီး ထိုရက်များအတွင်း ဖြစ်ပျက်သမျှတို့ကို လိုက်မီနိုင်ရန်အတွက် နေ့တာများကလည်း ချက်ချင်းဆိုသလိုပင် ရှည်လျားလာသည်ဟု ထင်ရသည်။ မေလထဲတွင် ကျွန်တော်အဖမ်းခံရသည့်အချိန်က နိုင်ငံခြား သတင်းထောက် အများစုမှာ တိုင်းပြည်အတွင်းမှ ထွက်သွားပြီး ဖြစ်သည်။ ထိုအချိန်မှစ၍ သတင်းခန်းများကိုလည်း နယ်စပ်ဒေသများနှင့် ရေခြားမြေခြား ဒေသများသို့ ရွှေ့ပြောင်းတည်ထောင်ခဲ့ရသည်။
အာဏာသိမ်းသည့်နေ့က ထောင်ထဲတွင်ရှိသည့် လူတိုင်းလိုလိုပင် နိုင်ငံရေး အပြောင်းအလဲတစ်ခုခုဖြစ်သည်ကို သိခဲ့ကြသည်ဟု ထိုဘုန်းကြီးက ဆိုသည်။ ကျွန်တော်တို့ အဆောင်ရှိ အကျဥ်းသားအများစုမှာ စစ်တပ် ဘက်နှင့် ဆက်နွယ်နေသည့် အစိုးရဝန်ထမ်းများဖြစ်ကြပြီး ပြည်ခိုင်ဖြိုး အစိုးရ1 လက်ထက်၌ တာဝန်ထမ်းခဲ့ကြကာ NLD2 အစိုးရ လက်ထက်တွင် တံဆိပ်တုံးနှင့် လက်မှတ်အတွက် ငွေ တစ်သိန်း၊ နှစ်သိန်းခန့် လာဘ်ယူမှု၊ ပါဆယ်ပေးရန်အတွက် စီးကရက်တစ်ဘူးယူမှု စသည့် မပြောပလောက်သော အဂတိလိုက်စားမှု အသေးအဖွဲလေးများဖြင့် ထောင်ချခံခဲ့ရသူများဖြစ်သည်။ ထောင်ထဲ၌ မီးလာနေသည့် အချိန်တွင် တီဗီဖွင့်၍ရသော်လည်း လိုင်းများမှာ လုံးဝ ပြတ်တောက်နေခဲ့သည်။ အစောင့်များပုံစံမှာ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ရှုစစ်ဆေးနေခဲ့ပြီး ၎င်းတို့၏ စကားပြောစက်များမှာ ကောလာဟလများ၊ ဝရုန်းသုန်းကား အသံများဖြင့် တဂျစ်ဂျစ်မြည်နေခဲ့သည်။ လိုင်းပြန်ရသည့် အခါ နိုင်ငံခြားရုပ်သံလိုင်းများနှင့် အင်္ဂလိပ်ဘာသာအစီအစဥ်များအားလုံး ဖြတ်တောက်ခံထားရပြီး လွန်ခဲ့သည့် နှစ် ၂၀ ကျော် အတိတ်ကာလသို့ ပြန်ရောက်သွားသလိုပင် ကျန်နေသည့် ရုပ်သံလိုင်းများမှာ ဝါဒဖြန့် လိုင်းများသာဖြစ်သည်။ စစ်တပ်ဘက်တွင် တာဝန်ထမ်းခဲ့သည့် ဆံပင်ဖြူစ ပြုနေသော ထို သက်လတ်ပိုင်းအရွယ် အကျဥ်းသားများက ထိုအခါမှ အတိတ် ကာလကို သတိရမိပြီး ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခမောင်း ခတ်ကုန် ကြသည်ဟု ထိုဘုန်းကြီးက ပြောသည်။
၎င်းတို့အထဲတွင် ထိပ်ပြောင်ပြောင်နှင့် ညိုညိုတုတ်တုတ် လက်ချောင်းများရှိရာ လက်များမှ အစ တင်းပုတ်လေးများသဖွယ် ခြေချောင်းများရှိရာ ခြေထောက်များအဆုံး အမွှေးအမျှင် ထူလွန်းသည့် ဦးသက်သည်လည်း ယခင်စစ်အစိုးရလက်ထက်က ဝန်ထမ်းတစ်ဦးဖြစ်သည်။ သို့သော် ၎င်းသည် နိုင်ငံရေး အတွေးအမြင် သို့မဟုတ် စိတ်ဒေါသ ကင်းမဲ့သူ တစ်ဦးဖြစ်သည်၊ ၎င်း ကိုကြည့်လိုက်လျှင် မွေးကတည်းက လောကဓံကဖြစ်ပျက်သမျှတွေနှင့် ကြုံရာအခွင့်အရေးတွေကို အဆင်ပြေလျှင်ပြေသလိုခိုစီးခဲ့သည့်ပုံသာပေါ်သည်။ ၎င်းက စွပ်ကျယ်လက်ပြတ် သို့မဟုတ် ထောင်အင်္ကျီပါးကို လည်ပင်းတွင် ကြယ်သီးသုံးလုံးတပ်၍ အားကစားဘောင်းဘီတိုပွပွနှင့်တွဲကာ နေ့တိုင်းဝတ်လေ့ရှိသည်။ ၎င်း၏ပုံစံမှာဖိုသီဖတ်သီဖြစ်နေပြီး လမ်းလျှောက်လျှင် ခြေဖျားထောက်၍ လျှောက်လေ့ရှိသည်။ စက်တင်ဘာလ ထဲရောက်လာသည့် အခါ ထောင်လူဦးရေလည်းပါးလာပြီး ပစ္စည်းများလည်း လျော့လာသည့်အခါ ကျွန်တော်တို့က ရိက္ခာများကို စုပေါင်းစပ်ပေါင်း လုပ်ကြရပြီး ဦးသက်က ကျွန်တော်နှင့် ဘုန်းကြီးအတွက် ချက်ပြုတ် ပေးတတ်သည်။ ဟင်းအိုးအနားတွင် ချွေးသံတရွှဲရွှဲနှင့်ထိုင်ပြီး အကျဥ်းထောင် ဝတ်စုံကို ချွတ်၍ ပုဝါသဖွယ်ခေါက်ကာ မျက်နှာကို အရင်သုတ်ပြီးနောက် ထိုအင်္ကျီဖြင့်ပင် ဒယ်အိုးလက်ကိုင်ကို ပတ်ထားလေ့ရှိသည်။ ဦးသက် စကားပြောရာတွင် ၎င်းလာသည့် နယ်စပ်ဒေသများတွင် ပြောလေ့ရှိသော တောမကျမြို့မကျ ဗမာစကားကို အင်္ဂလိပ်ဗန်းစကားများ ညှပ်ညှပ် ပြောတတ်သည်။ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဘားများသို့ လာရောက်တတ်သော နိုင်ငံခြားခရီးသွားများဆီမှ “How are you?” ၊ “I am fine” ၊ “Such a pretty lady” စသည့် စကားများကို အတုယူခဲ့သည်ဟု ကျွန်တော့်ကို ပြောသည်။ အကောက်ခွန် ဝန်ထမ်းဖြစ်ခဲ့ဖူးသည့် ဦးသက်က ဘုန်းကြီးကို ဘာသာပြန်အဖြစ်ထားပြီး တစ်ခေတ်တစ်ခါက သာမန်ကျင့်ရိုးကျင့်စဥ်သာ ဖြစ်ခဲ့သော်လည်း ရုတ်ချည်းဆိုသလို ရာဇဝတ်မှုအသွင်ပြောင်းသွားခဲ့သည့် ဗီဇာတံဆိပ်တုံးများအတွက် ဝီစကီပုလင်းများကို လက်ခံခဲ့ပုံများအား ဂုဏ်ယူဝင့်ကြွားစွာပြောပြသည်။ “ဂျော်နီဝေါ်ကာတို့၊ ဘလက်ခ် လေဘယ်လ်တို့ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ဖလက် တီဗီအနောက်ဘက်တွင် USB ပေါက်ရှိသည်ကို ကျွန်တော့်အား ပထမဆုံး ပြခဲ့သည်မှာလည်း ဦးသက်ပင်ဖြစ်သည်။ မြန်မာကျပ်ငွေ ၅၀၀၀ သို့မဟုတ် ကွမ်းထုပ်များပေးလိုက်လျှင် အစောင့်အများစုက ညဖက် အိမ်ပြန်သည့်အခါ ဗမာနောက်ခံစကားပြော အမေရိကန်အပြာ ဇာတ်လမ်းများ၊ ယူကျုဘ့် မှ ဟာသဗီဒီယို အတိုများ၊ တစ်တော့ခ်မှ အရှေ့ အာရှသူ မိန်းကလေးငယ်များ၏ ပေါ့ပ်သီချင်းများနှင့် ကနေသော ဗီဒီယိုများ၊ တေလာဆွဖ်၏ဗီဒီယိုများကို မန်မိုရီစတစ်ခ် နှင့် အပြည့်ထည့်လာပြီး တီဗီ တွင် ထပ်ခါတလဲလဲ မုန်းလောက်အောင်ဖွင့်ကြမည်ဖြစ်သည်။
ကျွန်တော်က အာရုံ အပြောင်းအလွဲဖြစ်အောင် အဆောင်ဝန်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အင်္ဂလိပ်စကားပြောသံများကြားခဲ့ရသည့် အချိန်တွင်မှ မန်မိုရီစတစ်ခ် များနှင့် တရားမဝင် ဖျော်ဖြေရေး ရုပ်ရှင် ဗီဒီယိုများအကြောင်းကို သိရှိခဲ့ခြင်းဖြစ်သည်။ သွပ်မိုးအောက်ကို ချောင်းကြည့်လိုက်သည့်အခါ အရိပ်အောက်တွင်ရှိသည့် သစ်သားပြား တစ်ခုပေါ်တွင် တင်ပလ္လင်ခွေထိုင်လျှက် တီဗီကို မျက်တောင်မခတ် ကြည့်နေသည့် ဦးသက်ကို မြင်ခဲ့ရသည်။ ဗီဒီယိုထဲတွင်မူ သစ်လုံးအိမ်ထဲ၌ လူနှစ်ဦးရှိကာ ငွေရောင်ဆံပင်တု ဝတ်ထားသည့် အမျိုးသမီး၏ ဂါဝန်မှာ ဆုတ်ဖြဲခံထားရပြီး အမျိုးသားတစ်ဦးနှင့်အတူ လိင်ဆက်ဆံလျှက်ရှိကာ ကျယ်လောင်စွာ အော်ဟစ်နေသည်။ ဦးသက်ကြည့်နေသည်မှာ ကိုလိုနီခေတ် အနေအထားဖြင့် ဇာတ်အိမ်တည်ထားသည့် အမေရိကန်အပြာကားဖြစ်ပြီး အမျိုးသားသရုပ်ဆောင်မှာ မြင်းစီးဘောင်းဘီကို ဒူးထိရောက်အောင် ချွတ်ထားကာ အမျိုးသမီးသရုပ်ဆောင်၏ ရင်ခံဘော်လီအင်္ကျီကိုမူ ဆွဲဆုတ် ထားလျှက် မြင်ရသည်။
ကျွန်တော်က ဦးသက်ကို ပြန်ကြည့်မိသည့်အခါ တီဗီဖန်သားပြင်မှ အကြည့်ကိုခွာပြီး ကျွန်တော့်တုန့်ပြန်ပုံကို ခန့်မှန်းနေသည်ကို တွေ့ရသည်။ နှုတ်ခမ်းများမှာဟလာပြီး သွားများပေါ်အောင်ပြုံးဖြဲဖြဲလုပ်ကာ ကျွန်တော့်အား ကြည့်နေရင်းမှပင် ၎င်း၏ ညိုညိုတုတ်တုတ် လက်မ တစ်ချောင်းကို ထောင်ပြသည်။
“How are you?” ဟု ဦးသက်က ခပ်ရွှင်ရွှင်လှမ်းမေးသည်။
~
နိုင်ငံခြားထောင်ထဲတွင် ဘာသာစကားသည် သော့ခတ်ပိတ်ထားသည့် နောက်ထပ်ဂိတ်တံခါးတစ်ခုပင်ဖြစ်ပြီး ထိုတံခါးကို ဖွင့်ရန်သော့မှာ အသိပညာ ဗဟုသုတပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ် နှစ်ကြာနေလာပြီး စျေးကြီးသည့် ဘာသာစကားသင်တန်းတစ်ခုပြီးသည့်အခါတွင်တော့ တက်စီ ငှားသည့်အခါ ခဏလေးစောင့်ပါဟု ပြောနိုင်လာခဲ့သည်။ ထောင်ထဲတွင်မူ ကျွန်တော့်မှာ စကားဝိုင်းတွင် ဝင်ချင်ပါလျှက် နှုတ်ဆိတ်နေခဲ့ရပြီး အင်္ဂလိပ်စကား ပြောနိုင် သူများက ၎င်းတို့စိတ်ကူးပေါက်သည့်အချိန်တွင် ဖိတ်မန္တကပြုမှသာ ပြောခွင့် ရခဲ့သည်။ သို့သော်လည်း ထိုသို့ မပြောနိုင်ခဲ့သည်မှာ ကောင်းကွက်ကလေးများတော့ ရှိသည်။ ဥပမာ – ကြံ့ခိုင်ရေးမှ လူများထဲတွင် အင်္ဂလိပ်စကားကို အသင့်အတင့်မျှပင် ပြောနိုင်သူတစ်ယောက်မှ မပါပေ။ သို့သော် ထိုဂိတ်တံခါး၏ ကျွန်တော့်ဘက်အခြမ်းတွင်မူ မယားခိုးမှုဖြင့်ထောင်ထဲရောက်လာသည့် တစ်ယောက်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တစ်ယောက်၊ လက်နက် ခိုးသွင်းမှုဖြင့် တစ်ယောက်၊ အကြမ်းဖက်မှုဖြင့်တစ်ယောက် စသဖြင့် ကျွန်တော်အပါအဝင် ငါးယောက်ရှိပြီး အုတ်တံတိုင်းပတ်ပတ်လည် ကာထားသည့် ဤ ခြံဝင်းထဲတွင် နေ့စဥ်နှင့်အမျှပိတ်မိနေကာ အချိန်ကုန်အောင်မနည်းကြိုးစားခဲ့ရသည်။
အဆောင်တွင် ဆရာဝန်က ဘုန်းကြီးနှင့် တစ်ခန်းထဲနေရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မွေးဖွားခဲ့သည့် အသက် ၃၀ မရှိတရှိ ဆရာဝန်က ၎င်း၏ အသက်မွေးလုပ်ငန်းဖြင့် မိဘများကို အလွန်ဂုဏ်ယူအောင် လုပ်နိုင် ခဲ့သည်။ သို့သော်လည်း နာမကျန်းဖြစ်နေသူများနှင့် တီဘီ ဝေဒနာသည် များကို ပြုစုကုသရခြင်းမှာ ဗုဒ္ဓဘာသာမျက်စိဖြင့် ကြည့်လျှင် ကုသိုလ်ထူး ရသော်လည်း ဝင်ငွေအရမူ အတော်လေးနည်းပါးခဲ့သည်။ ထောင်မှလွတ်လျှင် ရှေ့ဆက်မည့် အစီအစဥ်များကို ၎င်းက စဥ်းစားထားသည်။ ထိုဆရာဝန်၏ အိပ်ရာဘေးတွင် အပုံလိုက်ရှိနေသည်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စီးပွားရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်များဖြစ်သည်။ ဘုန်းကြီးက အပတ်စဥ် အင်္ဂါနေ့ နှင့် ကြာသာပတေးနေ့တိုင်း၌ ကျွန်တော်တို့ ခြံဝင်း တစ်ဖက်ရှိ ထောင်သားများကို အင်္ဂလိပ်စာသင်ပေးပြီး နှစ်ပတ်လျှင် တစ်ကြိမ် ရန်ကုန်မှ ၎င်း၏ ဒါယိကာ၊ ဒါယိကာမများက အသီးများ၊ အချိုတည်းစရာများ လှူဒါန်းကြသည်။ ဘုန်းကြီးက ကျွန်တော်တို့အားလုံး ဘဝတွင် ကြုံတွေ့ ရတတ်သည့် အကျပ်အတည်း ပြဿနာများကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်သည်။ ၎င်း အမှုရင်ဆိုင်ခဲ့ရစဥ်က နောက်ဆုံး သက်သေဖြစ်သည့် မလေးရှားနိုင်ငံမှ တရားလိုက တရားစွဲဆိုပြီး သုံးနှစ်ကြာသည့်တိုင်အောင် မြန်မာနိုင်ငံသို့ တစ်ကြိမ်မှပြန်မလာခဲ့ပေ။ နှစ်ပတ်လျှင်တစ်ကြိမ် ထောင်ဘူးဝရှိ ရုံးခန်းသို့ သွားရပြီး မြို့နယ်တရားသူကြီးနှင့်အတူ လိုင်းပြတ်တောင်းပြတ်တောင်း ဖြစ်နေတတ်သည့် ဗီဒီယိုတရားခွင်ကို တက်ရသည်။ “သက်သေ တက်ရောက်လား”၊ “မတက်ရောက်ပါဘူး”၊ “သူတို့ဆီက ဘာကြား ရသေးလဲ”၊ “ဒါဖြင့်လည်း ထောင်ခန်းထဲပြန်လို့ရပါပြီ။ နောက် နှစ်ပတ် ကျရင်ပြန်ခေါ်ပ့ါမယ်”။ ၎င်းမှာနှစ်ပတ်လျှင်တစ်ကြိမ်ကျ တစ်သက်တစ်ကျွန်း အချခံနေရသလိုပင် ဖြစ်နေသည်။
“အတော်လေး ရယ်ရတယ်” ဟု ရုံးထုတ်ပုံတစ်ခုလုံးကို တစ်ခါက ကျွန်တော့်ကို ပြောပြရင်း ဘုန်းကြီးကဆိုသည်။ “ဒါပေမယ့် ကိုယ်တော်တို့ လုပ်နိုင်တာလည်း ဘာမှ မရှိဘူးလေ” ဟုပြောခဲ့သည်။
ကိုအောင်သက်က ၂၀၁၅ ခုနှစ်လောက်ကတည်းက စ၍ တိုင်းပြည်၏ အနောက်ဘက်ဒေသတွင် မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် ရက္ခိုင့် တပ်တော် (AA) အတွက် လက်နက်များဝယ်ပေးခဲ့သူဖြစ်သည်။ ကို မောင်မောင်က ရက်ရက်စက်စက်ဖိနှိပ်ခံနေရသည့် လူနည်းစု တစ်ခုမှ လာသူ ဖြစ်ပြီး ကျွန်တော်တို့ အားလုံးထဲတွင် ထောင်သက်အရှည်ဆုံးသူ တစ်ဦး ဖြစ်သည်။ ၎င်း၏အသားအရေမှာ ရေတိုက်စားခံထားရသည့် သစ်ခြောက်တုံး တစ်တုံးနှင့်တူပြီး အလွန်စကားဖောင်ကာ ကွမ်းသွေးတရဲရဲဖြင့် ပါးစပ်က လတ်လတ်ဆတ်ဆတ်အနာတစ်ခုနှင့်ပင် တူနေသေးသည်။ ကိုမောင်မောင်က ၎င်းကို အကြမ်းဖက်မှုဖြင့် စွဲဆိုချက်အားလုံးမှာ ၎င်း၏ တိုင်းရင်းသားဖြစ်မှု တစ်ခုတည်းကြောင့်သာဖြစ်သည်ဟု ကျွန်တော့်ကို တစ်ခါပြောဖူးသည်။ သို့သော် နောက်တစ်ခေါက်တွင် ကျွန်တော်က မည်ကဲ့သို့ အဖမ်းခံခဲ့ရသနည်း ဟု မေးသည့်အခါတွင်မူ ၎င်းက “ကျွန်တော်က ကားမောင်းလာတာ သူတို့က လမ်းဘေးချရပ်ခိုင်းပြီး ကျွန်တော့်ကို အကြမ်းဖက်သမားလို့ခေါ်တယ်။ ကျွန်တော့်မှာ ဗုံးပါလာတယ်လို့လည်း ပြောသေးတယ်။ ကားထဲမှာ ဗုံးတွေ ပါလာလို့လားဆိုတော့ ကျွန်တော့်မှာ ဂိုဒေါင်တစ်ခုစာလောက်ကိုပါလာတာ။ ဒီ မအေလိုး တွေကို တစ်ယောက်မကျန်ကို သတ်ပစ်မှာ” ဟု တတွတ်တွတ် ပြောပြတတ်သည်။
ထောင်ထဲတွင် မည်သည့် ရဲ၊ အစောင့်၊ ထောင်ဝါဒါ၊ အရာရှိ တစ်ဦးတလေကမှ အင်္ဂလိပ်စကားကို မပြောတတ်ကြသည့်အတွက် အထက်ပါ အဆောင်တူ အကျဥ်းသားများကသာ ကျွန်တော့်ကို ထောင်အကြောင်း ဖြည်းဖြည်းချင်းစီ သင်ပေးခဲ့ကြသူများဖြစ်သည်။ ထောင်ဝင်စာပို့သည့်အခါ စာအုပ်ဘယ်နှစ်အုပ်၊ စာ ဘယ်နှစ်စောင် ခွင့်ပြုသည် – နှစ်ပတ်လျှင်တစ်ကြိမ် စာအစောင်ရေအကန့်အသတ်မရှိ နှင့် စာအုပ် သုံးအုပ် မှ ငါးအုပ်အထိ ရနိုင်ပြီး ထောင်အရာရှိများကို လာဘ်ထိုး နိုင်လျှင် ပိုရတတ်သည်ဆိုတာမျိုး ပြောပြကြသည်။ ထောင်စောင့်ကို လျှပ်စစ်ပန်ကာ၊ စာကြည့်မီး သို့မဟုတ် နာရီ စသဖြင့် သွင်းခွင့်ရရန် အတွက် လာဘ်ထိုးနိုင်လျှင်ခွင့်ပြုတတ်ပြီး သို့မဟုတ်ပါက လျှပ်စစ်ပစ္စည်းတစ်ခုမှ သွင်းခွင့်ရမည်မဟုတ်ပေ။ ထို့ပြင် အပြင်လောကသို့ဆက်သွယ်၍ ရနိုင်သည့် ဖုန်းကဒ်နှင့် ဖုန်းလိုင်းကလွဲလျှင် အပြာကားများအပြည့်ပါသည့် မန်မိုရီစတစ်ခ် သို့မဟုတ် တေလာဆွဖ်ဗီဒီယိုများအထိ လိုချင်သမျှ အားလုံးကို ရနိုင်သည်။ မည်သည့်အစားအသောက်ကိုမှ ကန့်သတ်မထားဘဲ ထောင်တွင်း သက်သာဆိုင်တွင်ရောင်းချသလို စည်သွပ်ဘူးများလည်း ဝယ်ယူ၍ ရနိုင်သည်။ သံဗူး အဖုံးများကိုမူ အချောသတ်လျှက်၊ ကွေးထားလျှက် သို့မဟုတ် ချွန်ထားလျှက်ဖြင့် ပစ္စည်းကိရိယာအမျိုးမျိုးလုပ်၍ သိမ်းထားကြသည်ကို ထောင်ခန်းတိုင်းတွင် တွေ့နိုင်သည်။ ၎င်းတို့ကပဲ ထောင်ထဲတွင် မည်သည့် စည်းမျဥ်းမှမရှိကြောင်းနှင့် လုပ်လိုက်သည့် အရာတစ်ခုခုနှင့် နောက်ဆက်တွဲ အကျိုးဆက်မှာလည်း တစ်ခါတရံတွင် တခြားစီဖြစ် သွားတတ်ကာ တရားမျှတမှုဆိုသည်မှာ ပါးစပ်ထဲတွင်သာ ရှိသည်ဆိုခြင်းကို သင်ပေးခဲ့ကြသည်။ ကျွန်တော်တို့က မနက်တိုင်း အစောင့်ရုံးခန်းတွင် စုကြပြီး စစ်တပ်သတင်းကြေငြာသည်များကို ကြည့်ကာ အဆောင်ဝင်းထဲ လမ်းလျှောက်သည်။ အခန်းတံခါးကို နေ့စဥ် မနက် ခုနစ်နာရီတွင် ဖွင့်ပေးပြီး တစ်နာရီခန့် အကြာတွင် အင်္ကျီ အပြာရင့်ရောင် ဝတ်ထားသည့် အားကောင်း မောင်းသန် ပြစ်ဒဏ်ကျ အကျဥ်းသားနှစ်ဦးက ပဲနီလေး ဟင်းရည်အိုးကြီး တစ်အိုးကို သယ်လာကြသည်။ ပဲနီလေး ဟင်းရည်ဟုဆိုသည့်တိုင်အောင် တကယ်တမ်းက ဆားငန်ရေနွေးနွေးထဲတွင် လက်တစ်ဆုပ်စာသာသာပဲများ ပေါလောမျောနေသည့် ဟင်းရည်သာဖြစ်ပြီး အရင်ဦးဆုံးတန်းစီးနိုင်သည့် အကျဥ်းသား၏ ဟင်းရည်ထဲတွင်သာ ပဲပါတတ်သည်။ နောက်ထပ် တစ်နာရီခန့် ကြာသည့်အခါ ပို၍ ခြေကုန်လက်ပန်းကျနေပုံပေါ်သည့် အင်္ကျီပြာဝတ် ပြစ်ဒဏ်ကျ အကျဥ်းသားနှစ်ဦးကပင် စတီးရေနွေးအိုးကြီးတစ်အိုးကို လက်ကိုင်တွင် သစ်သားတန်းလျှိုပြီး ပုခုံးတွင် တစ်ဖက်တစ်ချက်စီ ထမ်း၍ သယ်လာ ကြသည်။ ၎င်းတို့က ထိုအိုးကြီးကို အစောင့်ရုံးခန်းဘေးတွင် ချလိုက်ပြီး ရေနွေးအိုးမှ အငွေ့ တထောင်းထောင်းထနေပုံနှင့် ၎င်းတို့ လက်ဖက်ရည် လုပ်နေသည်ကို ကျွန်တော်တို့ တသိုက်က ဘေးတွင်ရပ်လျှက် ကြည့်ကြသည်။ ထို့နောက် အဆောင်ဝင်းထဲတွင် လမ်းလျှောက်သူက လျှောက်၊ အလေးမသူကမ၊ အလုပ်မရှိ အလုပ်ရှာ တီဗီကြည့်၊ လမ်းထပ်လျှောက်၊ ခေါင်းပေါ်ဖြတ်ပျံသွားသည့် စစ်တပ်လေယာဥ်များကို ထိုင်ရေရင်း အချိန်ကုန် ရသည်။
နေ့လည် နှစ် နာရီခန့်တွင် တီဗီသတင်းထက် ပို၍ ငြီးငွေ့ဖွယ်ကောင်းကာ သတင်းလည်း ပိုနည်းသော နိုင်ငံပိုင်သတင်းစာ နှစ်စောင်ဖြစ်သည့် မြဝတီ နှင့် ကြေးမုံတို့ရောက်လာသည့်အခါ ဆရာဝန်နှင့် ဘုန်းကြီးက သတင်းခေါင်းစဥ် များကို ကျွန်တော့်အတွက် ဘာသာပြန်ပေးကြသည်။ ညနေ သုံးနာရီတွင် ရောက်လာသည့် ညစာမှာ တစ်ခါတလေတွင် ကြက်သားတုံးလေးတစ်တုံး သို့မဟုတ် ငါးဖြစ်တတ်သော်လည်း များသောအားဖြင့် ပဲဟင်းရည်နှင့် ထမင်းဖြူ တစ်ခွက်သာရတတ်သည်။ အခန်းတံခါးများကို စနေ၊တနင်္ဂနွေတွင် ညနေ ငါးနာရီခွဲ၌ ပိတ်ပြီး ကြားရက်များတွင် ငါးနာရီ လေးဆယ့်ငါးမိနစ်၌ ပိတ်သည်။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ အမြဲတမ်း တီဗီကြည့် နေတတ်သည်။ ဘုန်းကြီးနှင့်ဆရာဝန်ကသာ ကျွန်တော့်ကဲ့သို့ပင် တီဗီ အစီအစဥ်အများစုကို စိတ်မဝင်စားသည့်ပုံပေါ်သည်။ ဦးသက် အပြာကား ကြည့်နေသည်ကို မြင်ခဲ့သည့်နေ့က ကျွန်တော့်မှာ အံ့သြတကြီးဖြစ်ကာ ရယ်ချင်စိတ်တစ်ဝက်ဖြင့် ၎င်းတို့၏ အခန်းသို့ ပြေးသွားပြီး ပြောပြရသည်။ “ဘယ်လိုကြီးတုန်း။ အဲ့ဒါတွေ ဘယ်ကရတာလဲ ကျွန်တော်သိချင်လို့ ပြောပါဦး။ ပြီးတော့ ဘာလို့ သစ်လုံးအိမ်နဲ့ ငွေရောင်ဆံပင်တုကြီးတွေနဲ့ အပြာကားလဲ”။
“အေး ဟုတ်တယ်။ တချို့က အဲ့ဒါကို တော်တော် ကြိုက်ကြတယ်” ဟု ဘုန်းကြီးက ဆိုသည်။
ဒါပေမယ့် ဘယ်နားကြည့်ကြည့် ယောကျ်ားတွေချည်းပဲရှိတဲ့ ထောင်မှာလေ တော်တော်များများကလဲ သူတို့ရဲ့အခန်းဖော်တွေကို။
“ဟုတ်ပ။ ဘာလို့ဆို အဲ့ဒါနဲ့လည်း တခြားဘာမှလုပ်စရာမရှိဘူး မဟုတ်လား” ဟု ဆိုကာ ဆရာဝန်က လက်သီးကို တင်းတင်းဆုပ်ပြသည်။
“တော်တော်တော့ ရယ်ရတယ် သိလား” ဟု ဘုန်းကြီးက ပြောသည်။
“ဦးသက်က သမိုင်းကို တော်တော်လိုက်စားတာတော့ ခင်ဗျား နားလည်ဖို့လိုတယ်” ဟု ဆရာဝန်က ဆိုသည့်အခါ ဘုန်းကြီးမှာ တခွိခွိ ရယ်လျှက်ရှိသည်။
~
မြန်မာထောင်တွင်း အတွေ့အကြုံကို ရေးသည့်အခါ ဗုဒ္ဓဘာသာနည်းလမ်းဖြင့် တရားထိုင်ခြင်းအကြောင်း အနည်းဆုံး စာပိုဒ် တစ်ပိုဒ်လောက်မျှ မပါလျှင် ထို စာသည် ထောင်အတွေ့အကြုံမှတ်တမ်းပီသသည်ဟု ဆိုနိုင်ပါမည်လား။ တကယ်တမ်း ကျွန်တော့်ဘဝကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်မည့် ဘုန်းကြီး၏ အကြောင်းကို ထပ်ပြီး ပြောပြလိုပါသေးသည်။
အဝတ်အစားကို ရိုးရိုးရှင်းရှင်းဝတ်တတ်ကာ နူးညံ့သိမ်မွေ့သည့် အမူအရာဖြင့် တည်ငြိမ်ပြီး ဖာသိဖာသာနေတတ်သည့် ဘုန်းကြီးသည် အမြဲတစေလိုပင် ဘုန်းတော်ကြီးတစ်ပါး၏ ကြန်အင်လက္ခဏာတို့ဖြင့် ပြည့်စုံ နေသူဖြစ်သည်။ မည်သည့်အခါတွင်မှ အပြစ်ရှိသည်ဟု အမိန့်ချ၍ရမည် မဟုတ်သည့် အမှုဖြင့် တရားရင်ဆိုင်နေရပြီး အချုပ်ကျနေသည်မှာ သုံးနှစ်ထဲ ရောက်လာပြီဖြစ်သည့် ဘုန်းကြီးသည် အမြဲပြုံးနေပြီး ဘယ်တော့မှ မျက်နှာထားသုန်မှုန်နေလေ့မရှိပေ။ လမ်းလျှောက်လျှင်လည်း ညင်သာစွာ လျှောက်ပြီး စကားပြောလျှင် အလေးအနက်ပြောတတ်သလို စားသောက်ရာတွင်လည်း နောက်ဆုံးမှ စားတတ်ကာ အမြဲတမ်း သူတစ်ပါး ကို မျှဝေပေးတတ်သူဖြစ်သည်။ ၎င်းမှာ လူဝတ်ကြောင်ဘဝဖြင့် နေရသည့် ဘုန်းကြီးတစ်ပါးပင်ဖြစ်နေသည်။ မယားခိုးမှု၊ ဆေးမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ အဂတိမှုဖြင့် ရောက်လာသည့် အစိုးရဝန်ထမ်းများနှင့် လက်နက်ရောင်းသူများ၊ လူသတ်မှုဖြင့်ရောက်လာသူများပါမကျန် အကျဥ်းသားအားလုံးက ဘုန်းကြီးအနားရောက်လျှင် ခေါင်းငုံ့ပြီး ရိုရိုသေသေဖြင့် လက်ပိုက်ထားလေ့ရှိသည်။ အကျဥ်းသားများနှင့် အစောင့်များထံမှ လေးစားမှုကို ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုန်းကြီးသည် ကျွန်တော်တို့ အဆောင်ရှိ အကျဥ်းသားအားလုံးထဲတွင် လျှပ်စစ်ရေနွေးအိုးကို အသုံးပြုခွင့်ရသည့် လူနည်းစုထဲတွင်ပါပြီး တစ်ခါတစ်ရံတွင် ၎င်း တစ်ဦးတည်းသာ အသုံးပြုခွင့်ရသည်။ ထို ရေနွေးအိုး ဖြင့်ပင် ဘုန်းကြီးက မနက်တိုင်းတွင် အဆောင်ရှိလူအားလုံးအတွက် ရေနွေး တစ်အိုးပြီးတစ်အိုးတည်ကာ အရောင်ပြယ်စပြုနေသည့် ရွှေရောင် ပန်းခက် ပန်းနွယ်များခြယ်သထားသော ဓာတ်ဘူးအစိမ်းဖျော့များထဲ ထည့်၍ သူ့ ရေချိုးကန်အစွန်တွင် တင်ပေးထားတတ်သည်။ မနက်တိုင်းလိုပင် အခန်းတံခါးများဖွင့်သည့်အခါ ကျွန်တော်တို့က ထိုဓာတ်ဘူးများရှေ့တွင် ပလတ်စတစ်ခွက်ကိုယ်စီကိုင်ကာ အသင့်ဖျော်ကော်ဖီတစ်ထုပ်စီနှင့် ခေါင်းများကိုမူ ငုံ့ပြီး အရိုအသေပေးလျှက် တန်းစီကြလေ့ရှိသည်။ နေ့လည်ခင်း ၂ နာရီနောက်ပိုင်း အခန်းထဲ နေရချိန်တွင်လည်း ဘုန်းကြီးက ရေနွေးတည်ပြီး ဓာတ်ဘူးစိမ်းများကို ဖြည့်ကာ လက်ဖက်ရည် သောက်ချင်သူတိုင်းအတွက် ဓာတ်ဘူးကို နေ့တိုင်းအပြင်ဘက် ထုတ်ထားပေးလေ့ရှိသည်။ ကျွန်တော့် အခန်းက သူ့အခန်းနှင့်ကပ်လျှက်ရှိသည်မှာ ကျွန်တော်ရခဲ့သည့် ကံကောင်းမှု အနည်းငယ်ထဲမှ တစ်ခုဟု မှတ်ယူရသည်။ အနည်းဆုံး တစ်နေ့လျှင် နှစ်ကြိမ်ခန့် ကျွန်တော့် အခန်းနားတွင် လူများက လာစုတတ်ပြီး ၎င်းတို့ထဲမှ အများစုနှင့် စကားပြောရန် ဘာသာစကားအခက်အခဲရှိနေသည့် တိုင်အောင် ကျွန်တော်က ခေါင်းညိတ်ပြုံးပြလေ့ရှိပြီး အနည်းဆုံးတော့ အခြား လူများနှင့် ဆက်နွယ်မှုလေး အနည်းငယ်ရှိနေသည်ကို စကားမပြောဘဲ စိတ်ထဲကဆက်သွယ်မှုဖြင့် ခံစားသိနေသည် – “ဟေ့လူ ကော်ဖီလာယူတာလား၊ ခင်ဗျားလည်း ဘလက်ခ်ကော်ဖီပဲလား၊ ဟုတ်ပါပြီ ကျုပ်ကတော့ ဒီနားလေးမှာပဲ ဆက်နေနေလိုက်မယ်။”
ဆရာဝန်က အာမခံဖြင့်မလွတ်မြောက်မီနှင့် ကိုအောင်သက်ကို အခြား အဆောင်သို့ မခေါ်သွားမီ နေ့ခင်းတိုင်းတွင် လူ လေး ငါး ယောက်က ခေါင်းများငုံ့ကာ လက်များပိုက်လျှက် ဆရာဝန်နှင့်ဘုန်းကြီးအခန်းထဲသို့ မဝင်မီ ၎င်းတို့၏ ခြေညှပ်များကို အပြင်တွင်ချွတ်ထားခဲ့ကြသည်။ ထို အခါတွင် ကျွန်တော်က အပြင်တွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေပြီး အထဲသို့ ချောင်းကြည့်ရန်ကြိုးစားနေခဲ့သည်။ ၎င်းတို့က ခြေဗလာဖြင့် တင်ပလ္လင်ခွေထိုင်နေကြပြီး အရှေ့သို့ ကိုင်းကာ အာရုံစူးစိုက်ပြီး နားထောင် နေကြသည်။ ဘုန်းကြီးက ၎င်းတို့အား စိတ်တွင် တွယ်ငြိခံစားရခြင်းနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ဘဝသံသရာနှင့် ထူးဆန်းထွေပြားသည့် စကြဝဠာအကြောင်းစသဖြင့် သင်ကြားပို့ချလေ့ရှိသည်ဟု ဆရာဝန်က ပြောပြပြီး ကျွန်တော်ကတော့ဘာသာစကားအတားအဆီးကြောင့် လက်လှမ်း မမီနိုင်ဘဲရှိနေသည်။
တစ်ရက်တွင် မည်သူကမှ ဘုန်းကြီးဆီသို့ မလာရောက်ကြသည့်အခါ ကျွန်တော်လည်း ဘယ်လိုမှမနေနိုင်တော့ဘဲ အခန်းဝတွင် ဖိနပ်ချွတ်ပြီး အထဲသို့ ဝင်သွားခဲ့သည်။ သူက ဘုန်းကြီးတွေထိုင်လေ့ရှိတဲ့အတိုင်း တရားထိုင်အခင်းပေါ်တွင် တင်ပလ္လင်ချိတ် ထိုင်နေသည်။ ဘုန်းကြီး၏ ရုပ်သွင်မှာ နူးညံ့ပြီး မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းနှင့် နှာခေါင်းပြားပြားဖြစ်ကာ ဘောင်မပါသည့် ဖိုတိုဂရေးမျက်မှန်ကို တပ်လေ့ ရှိသည်။ အိပ်ရာဘေးတွင်မူ တချို့မှာ အင်္ဂလိပ်ဘာသာဖြင့် တချို့မှာ ဗမာဘာသာဖြင့် ရေးထားသည့်စာအုပ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်စကားစုများ နှင့် ဝတ္ထုတစ်အုပ် နှစ်အုပ်ခန့် စသဖြင့် ဝါကျင့်ကျင့် စာအုပ်များကို သေသေသပ်သပ် စီထားသည်။ မီးပလပ်ပေါက်မှ ဖြစ်သလို သွယ်ထားသော ဝါယာကြိုးမှ တွဲလောင်း ကျနေသည့် မီးသီးက စာအုပ်များ ထက်တွင် လျော့တိလျော့ရဲရှိနေသည်။ ကျွန်တော်က သူ့ရှေ့တွင်ထိုင်ပြီး နောက်ကျောဘက်က နံရံကိုမီလိုက်ကာ မည်ကဲ့သို့ တရားထိုင်ရမည်ကို သင်ကြားပေးရန်တောင်းဆိုခဲ့သည်။
တရားထိုင်ခြင်းသည် သီအိုရီအရ အလွန်ရိုးရှင်းသော်လည်း လက်တွေ့ လေ့ကျင့်သည့်အခါ ခက်ခဲတတ်သည်ဟု သူကရှင်းပြသည်။ မျက်စိကို မှိတ်ပြီး အသက်ရှုတာကိုသာ ခံစားပြီးမှတ်ပါ။ ရှုသွင်းလိုက်တဲ့လေအေးက နှာသီးဖျားကနေဝင်သွားပြီး ပြန်ရှုထုတ်တဲ့အခါ ပိုပြီးနွေးတဲ့လေက ထွက်လာတာကို ခံစားကြည့်ပါ။ တကယ်လို့ ပြောမှရမယ်ဆို ကိုယ့်ကိုယ် ကိုယ်ပြောကြည့် – ဝင်တယ်၊ ထွက်တယ်၊ ဝင်တယ်၊ ထွက်တယ် ဆိုပြီးပေါ့။ နောက်ဆုံးကျရင် ပူတာလား၊ အေးတာလား၊ ဝင်တာလား၊ ထွက်တာလား တွေးချင်တော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို မင်းရဲ့စိတ်ထဲမှာ စိတ်ကူး စိတ်သန်းတွေ၊ အယူအဆတွေကို ဘာတစ်ခုမှမတွေးမိအောင် ရှင်းထုတ်ချင် လိမ့်မယ်။ တစ်စက္ကန့်ချင်းစီမှာပဲ ခံစားနေရတဲ့ ခန္ဓာကိုယ်ရဲ့ ခံစားမှုကိုပဲ စိတ်က မှတ်ထားချင်လိမ့်မယ်။ ရှူသွင်းတာနဲ့ ရှူထုတ်တာရဲ့ ကြားမှာ နှာသီးဖျားကလေးကနေ လေက ထွက်သွားတာ၊ နှုတ်ခမ်းမွှေးကို လေတိုး သွားတဲ့အတွက် နှုတ်ခမ်းမှာ ယားကျိကျိဖြစ်သွားတာမျိုးတွေ။ အကယ်၍ ဒီလို ခံစားမှုတွေက စစချင်းမှာ သတိထားမိဖို့အတွက် နူးညံ့သိမ်မွေ့လွန်းနေတယ် ဆိုရင် ရှုသွင်းတဲ့အခါ ရင်ဘတ် ဒါမှမဟုတ် ဗိုက်က ဖောင်းလာပြီး ပြန်ရှုထုတ်တဲ့အခါ ချပ်သွားတာကို သတိထားမိအောင်လုပ်ပါ။ ထိုသို့ ပြောပြီးနောက် ကျွန်တော့် စိတ်အာရုံထဲတွင် မှောင်မိုက်ပြီးရှုပ်ထွေးနေသည့် ၁၅ မိနစ်ခန့် အချိန်ကာလတွင် ဘုန်းကြီးက တိတ်ဆိတ်နေခဲ့သည်။
အသက်ရှုတဲ့အပေါ်မှာ စိတ်အာရုံကိုစုထားဖို့က ဘယ်လောက် ခက်ခဲကြောင်းကို ပြောပြခဲ့ပြီးပြီ။ အာရုံက ပေါင်တွင်းဘက်မှာ ယားလာတာကို သတိပြုမိတာ၊ ဂနာမငြိမ်ဖြစ်လာတတ်တာ၊ အိပ်ရာပေါ်နဲ့ ကိုယ်ပေါ်ကို တကယ့်ပုရွက်ဆိတ်တွေတက်လာသလိုလို ခံစားရတာမျိုး စသဖြင့် ပြန့်လွင့်နေတတ်တယ်။ နောက်တစ်ခေါက် ထောင်ဝင်စာလာရင် ဘယ်လိုစာအုပ်မျိုးပါလာနိုင်တယ်၊ ကိုယ့်ချစ်သူခင်သူတွေ ဘာများ လုပ်နေမလဲ၊ ငါသူတို့ကို ဘယ်အချိန်မှာ ပြန်တွေ့ရပါ့မလဲဆိုပြီး တွေးမိတာတွေ ဖြစ်လာတတ်တယ်။ ဒီလိုတွေးမိတာတွေက ဒေါသထွက်စရာ ဖြစ်ပြီး အဲ့ဒီလို အာရုံထွေပြားစရာတွေအပေါ် ဒေါသမထွက်မိဖို့ ပြောမိရင်လည်း ပိုဆိုးသွားတတ်တယ်။ အသက်ရှုသွင်းရှုထုတ်တဲ့အပေါ် စိတ်အာရုံက ပြန်ရောက်လာဖို့အတွက် ဒါတွေကို ဝေဖန်ပြစ်တင်တာမျိုး မလုပ်ဘဲ စိတ်ထဲ ရိုးရိုးရှင်းရှင်းပဲ သတိနဲ့မှတ်ခြင်းမျိုး လုပ်သင့်တယ်။ “ဒါကို မနက်တိုင်းကို ၁၅ မိနစ်လုပ်ပါ” ဟု ဘုန်းကြီးက ဆိုသည်။ နောက်ပြီးရင် အနည်းဆုံး နေ့တစ်ပိုင်းလောက်ကို နေ့တိုင်း တစ်နာရီမှာ ငါးမိနစ်လောက် လုပ်ကြည့်ပါ ဟုပြောခဲ့သည်။ ကျွန်တော့်စိတ်ထဲတွင် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ လုံးဝ မရှိအောင် ရှင်းထုတ်နိုင်ခဲ့သည်ဟု မပြောနိုင်ပါ။ အသက်ရှုသည့်အခါ ပါဝင်သည့် ခံစားမှုများကို အာရုံစိုက်ကြည့်သည့်အခါ ပူသည်၊ အေးသည်၊ ယားသည်၊ ဖောင်းလာသည်၊ ပိန်သွားသည် စသဖြင့် စေ့ဆော်သည့်အရာ တစ်ခုချင်းစီကို သတိပြုမိခဲ့သည်။ ကျွန်တော့် စိတ်အာရုံကပြန့်လွင့်နေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်းလျော့နည်းလာသည်။ လများစွာကြာခဲ့သည့် တိုင်အောင် တရားထိုင်ခြင်းက ထောင်ထဲတွင်ရောက်နေသည်ကို စိတ်သက်သာရာရအောင် လုပ်ပေးခဲ့သည်ဟု မဆိုနိုင်သော်လည်း တဖြည်းဖြည်းနှင့်တော့ ငြီးငွေ့မှုက နည်းလာခဲ့သည်ဟု ပြောရမည်ဖြစ်သည်။ လမ်းလျှောက်တာနည်းလာပြီး လက်သည်းကိုက်သည့်အကျင့်ပင် ရပ်သွားသည်။ အိပ်ရာထဲတွင်လှဲပြီး မိုးစက်များတဖြောက်ဖြောက်ကျသံကို နားထောင်ရင်း ခဏကြာသည့်အခါ ကျွန်တော့်အခန်းအပြင်ဘက်ရှိ မိုးစက်ကျသံနှင့် အဝေးတစ်နေရာရှိ မိုးစက်များ တပေါက်ပေါက်ကျသံတို့ကို ခွဲခြားလာနိုင်သည်။ ဆက်၍နားထောင်နေပါက ထို အဝေးမှ မိုးစက်များသည် အသံလှိုင်းအစက်အပြောက်လေးများအဖြစ် ပျော်ဝင်ပျောက်ကွယ်သွားပြီး မိုးရေစက်တစ်စက်ချင်းစီ၏ အသံများကို ကြားရနိုင်မည်ဖြစ်ကာ ကျွန်တော်ကတော့ ထိုအသံများမှာ လှပသည်ဟု ထင်မိသည်။ ရူးများ ရူးနေခြင်းလား သို့မဟုတ် နေသားကျသွားခြင်းများလားတော့မသိ။ ဒါမျိုးကို နာရီနှင့်ချီပြီး မလုပ်နိုင်လျှင်တောင် တစ်ချိန်လျှင် ၁၀မိနစ် ၊ ၁၅ မိနစ်ခန့်တော့ ပျင်းရိငြီးငွေ့ပြီး ရူးမသွားဘဲလုပ်နိုင်သည်။ လူများက “ထောင်က ဘယ်လိုလဲ” ဟု ကျွန်တော့်ကို မေးကြသည်။ ထောင်တွင်းရောက်စအချိန်များတွင် မဟုတ်သော်လည်း နောက်ပိုင်းတွင် များသောအားဖြင့် မိုးရွာသံများကို နားထောင်ခြင်း၊ ရင်ဘတ်က နိမ့်လိုက် မြင့်လိုက်ဖြစ်သည်ကို ခံစားခြင်း၊ ပုရွက်ဆိတ်နှစ်ကောင် ခေါင်းချင်းဆိုင် တွေ့သည့်အခါ ဟိုယိမ်းဒီယိမ်း ဖြစ်သွားကြသည်ကို ထိုင်ကြည့်ခြင်း နှင့် ထောင်နံရံပေါ်တွင် ပုရွက်ဆိတ်များ အလျင်စလိုသွားလာနေကြသည်ကို ကြည့်ခြင်းတို့သာလုပ်ဖြစ်သည်။ နံရံတစ်ချပ်လုံးကို အာရုံဖြန့်ကြည့်လိုက်ရင် ရှုပ်ယှက်ခတ်နေသည့် ပုရွက်ဆိတ်များ သပွတ်အူသဖွယ်ကွန်ယက်ထဲ လှုပ်ရှားသွားလာနေပြီး ထောင်နံရံ တစ်ခုလုံးတွင်တရွရွ ဖြန့်ကျက်လာပုံကိုသတိပြုလာမိသည်။ ထိုကွန်ယက်ထဲရှိ ပုံစံများကို သတိပြုလာမိသည့်အခါ ၎င်းတို့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတစ်ခွင်တွင် ချောင်းငယ်လေးများ အနှံ့အပြားရှိနေသလို၊ အဝေးပြေး လမ်းမကြီးများက ကမ္ဘာ့တိုက်ကြီးများတွင် ချိတ်ဆက်နေသလို၊ ထောင်တွင်းသက်သာဆိုင်မှ ဝယ်လာသည့် ဂေါ်ဖီထုပ်အရွက်များပေါ်ရှိ အကြောများလို ဆင်တူနေပုံကို သတိပြုလာမိသည်။ ထိုကဲ့သို့သော အရာများ၏ ဖြစ်နိုင်ချေရှိသော ဆက်နွယ်နေမှုကို တစိမ့်စိမ့်တွေးတော နေမိသည်။ ထို့နောက်တွင် ပျင်း၍လာပြန်သဖြင့် တစ်တော့ခ်လား၊ အပြာကားလား – တီဗီမှာ ဘာများပြနေမလဲဟု သွားကြည့်မိပြန်သည်။ သြဂုတ်လတစ်ရက်တွင် မြန်မာစစ်ဗိုလ်ချုပ်များက ရုရှားမှ ကာကွယ်ရေး အရာရှိများနှင့်တွေ့ဆုံနေသည်ကို နိုင်ငံပိုင်သတင်းက ပြသနေသည်။ နောက်နှစ်ရက်ကြာသည့်အခါ ထို စစ်ဗိုလ်ချုပ်များက မော်စကိုတွင် ဒုံးကျည်စနစ်များအားစနည်းနာနေပုံများကို နိုင်ငံပိုင်သတင်းစာတွင် ဝေဝေဆာဆာဖော်ပြထားသည်ကိုတွေ့ရသည်။ တစ်အောင့်ကြာသည့်အခါ တရုတ်အက်ရှင်ကားများနှင့် ဘောလိဝုဒ် သီချင်းရုပ်ရှင်များနှင့်ယှဥ်ပြီး ရုပ်သံလိုင်းကိုလုမည့် ဇာတ်ကားများမှာ ဝတ်စုံနက်ဝတ်ထားသည့် အသားဖြူ ဖျော့ဖျော့ လူများက အနက်ရောင် ပစ္စတိုသေနတ်များ တစ်ယောက်ကို တစ်ယောက် ချိန်လျှက်ရှိသည့် ဗမာစကားပြောဖြင့် နောက်ခံအသံ ထပ်ထားသော ရုရှားအက်ရှင်ကားများဖြစ်သည်။ ထောင်ထဲတွင် ရုရှား ရုပ်ရှင်ကား တစ်ကားကားကို ကြည့်ဖူးသလားဟု ဘုန်းကြီးကိုမေးသည့်အခါ သူက တစ်ခါမှ မကြည့်ခဲ့ဖူးကြောင်း ဆိုသည်။
အဆုံးမှတ်စုများ
1 ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – စစ်တပ်ကိုယ်စားပြုပါတီဖြစ်ပြီး စစ်သားဟောင်းများ၊ စစ်ဗိုလ်ဟောင်းများ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားသည်။
2 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်စဥ် ကတည်းက ရွေးကောက်ပွဲ ပေါင်းများစွာ အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ သက်တမ်းတစ်ကြိမ်သာ အစိုးရ အဖွဲ့ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၂၀ ပြည်လုံးကျွတ်ရွေးကောက်ပွဲကို သောင်ပြို ကမ်းပြိုအနိုင်ရခဲ့သော်လည်း မကြာလှသောအချိန်အတွင်းမှာပင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထိုစဥ်မှစ၍ NLD ပါတီဝင် ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းနှိပ်စက်သတ်ဖြတ်ခံကြရခြင်း သို့မဟုတ် မြန်မာစစ်တပ်နှင့် အပေါင်းအပါများလက်မှ လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်ခြင်းများ လုပ်ခဲ့ကြရသည်။