လူငယ့်ခေတ် – ရေဆန်လမ်းကို ကူးခတ်ခြင်း

ဆုထက် | Click here to read this article in English.

Cite as: 
ဆုထက်၊  (၂၀၂၃)၊ လူငယ့်ခေတ် - ရေဆန်လမ်းကို ကူးခတ်ခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4104

စာတမ်းအကျဥ်း

မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု သည် သတင်းမီဒီယာ အဖွဲ့အစည်းများကို  ဖိနှိပ်ချုပ်ချယ်ရန်  ပစ်မှတ်ထားခြင်း၊ သတင်းခန်းများ ဝင်ရောက်စီးနင်းခြင်း၊​ သတင်းမီဒီယာလိုင်စင် ပိတ်သိမ်းခြင်းနှင့် သတင်းထောက်များ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ ဖြစ်စေခဲ့သည်။

သတင်းအဖွဲ့အစည်းအများအပြားမှာ ထိုကဲ့သို့ ပစ်မှတ်ထား ဖိနှိပ်ခြင်းကို မကျော်လွှားနိုင်ခဲ့ကြဘဲ အချို့မှာ နိုင်ငံပြင်ပသို့ မဖြစ်မနေ ရွှေ့ ပြောင်းခဲ့ ကြရသည်။ အဆိုပါရေစီးကြောင်းကို ကြံ့ကြံ့ခံ တုန့်ပြန်နိုင်ရန် သတင်းမီဒီယာ ၏အခန်းကဏ္ဍကို တန်ဖိုးထား ကာကွယ်လို သည့် အစုဖွဲ့တစ်စုသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်၊  သတင်း အချက်အလက် ရယူပိုင်ခွင့်နှင့်  လူ့အခွင့်အရေးတို့အတွက်  တိုက်ပွဲဝင်ရန် သတင်းမီဒီယာဌာနသစ်တစ်ခုကို စတင်တည်ထောင်ခဲ့ကြသည်။

လူငယ့်ခေတ်သည် မြန်မာလူငယ်ထုထံ သတင်းအချက်အလက်များ ပေးပို့နိုင်ရန်နှင့် ၁၉၉၀ ခုနှစ်၊ ၂၀၀၀ ခုနှစ် ကာလများကဲ့သို့ စစ်တပ်၏ ဝါဒဖြန့်မှုများ၊ သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းများ လွှမ်းမိုးနေသည့်  သတင်းအမှောင်ခေတ်အောက်တွင်  ငယ်ဘဝ၊ ဆယ်ကျော်သက် နှင့် လူလားမြောက် ကြီးပြင်းလာရသည့် မိမိတို့ကဲ့သို့ အဖြစ်မျိုး မကြုံကြိုက်စေရန်၊ အကာကွယ်ပေး နိုင်ရန် အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

လူငယ့်ခေတ်၏ သတင်းထောက်များနှင့် လူထုသတင်းသမားများသည် အန္တရာယ်အလွန်ကြီးမားသည့် အနေအထားတွင် အလုပ်လုပ်ကိုင်နေရပြီး လူငယ့်ခေတ်အနေဖြင့်လည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း စတင် တည်ထောင်သည့် ၂၀၂၁ ခုနှစ်မှစပြီး ဖြေးဖြေးမှန်မှန် တိုးတက်ကြီးထွားလာသကဲ့သို့၊ အောင်မြင်မှုများလည်း ရှိခဲ့သည်။

မိတ်ဆက်

မြန်မာ့သတင်းမီဒီယာနှင့် နိုင်ငံအာဏာပိုင်များ၏ ဆက်ဆံရေးမှာ အမြဲ လိုလိုပင် အဖုအထစ်များရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ တိုင်းပြည်၏ နိုင်ငံရေး လှုပ်ရှားမှု များတွင် ၏ ပါဝင်ခဲ့သည့် မီဒီယာများ၏အခန်းကဏ္ဍနှင့် အသွင်သဏ္ဍန်နှင့် ဆက်စပ်နေနိုင်သည်။ ကိုလိုနီခေတ်အတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းတွင် ကိုလိုနီဆန့်ကျင်ရေး ဆောင်းပါးရေးသားခဲ့သည့် ဆောင်းပါးရှင် ညိုမြကို ဖော်ထုတ်ပေးရန် ငြင်းဆန်ခဲ့မှုကြောင့် မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းကို ဗြိတိသျှအာဏာပိုင်များက ရန်ကုန်တက္ကသိုလ်မှ ထုတ်ပယ်ခဲ့သည့် ဖြစ်ရပ်သည် မြန်မာနိုင်ငံမှ တက်သစ်စသတင်းထောက်များအတွက် လေးစားအားကျ အတုယူဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထိုဖြစ်ရပ်မှသည် တက္ကသိုလ် ကျောင်းသားများ၊ အလုပ်သမားများနှင့် လယ်သမား သပိတ်များပေါ်ပေါက်လာပြီး၊ ထိုမှတဆင့် ဗြိတိသျှအုပ်ချုပ်မှု2 အောက်မှ လွတ်လပ်ရေး ရယူရန် လက်နက်ကိုင် တော်လှန်မရေး ဆီသို့ ဦးတည်သွားခဲ့သည်။ မြန်မာလူထုသည် လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်သည့် ၁၉၄၈ ခုနှစ်မှ စစ်အာဏာသိမ်းခဲ့ပြီး အာဏာပိုင်များက သတင်းမီဒီယာကို တိုင်းပြည်၏ ရန်သူအဖြစ် မှတ်ယူခဲ့သည့် ၁၉၆၂ ခုနှစ် အထိ သတင်းလွတ်လပ်ခွင့်ကို မြင်တွေ့ခံစားခဲ့ရသည်။3 ၁၉၆၂ အာဏာသိမ်း စစ်တပ်၏ ဗမာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီသည် ပုဂ္ဂလိက သတင်းမီဒီယာများကို ပိတ်ပင်ခဲ့ခြင်း၊​ သတင်းစာတိုက်များကို ပိတ်သိမ်းခြင်း သို့မဟုတ် ပြည်သူပိုင် သိမ်းခြင်း၊ ဆင်ဆာစနစ်ကို စတင်ကျင့်သုံးခြင်း၊ သတင်းထောက်များကို ဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် ကျန်ရှိနေသည့် နိုင်ငံပိုင်သတင်းဌာနများကို ဝါဒဖြန့်မှုများသာဖော်ပြစေခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံရှိ သတင်းမီဒီယာကဏ္ဍသည် ဖိနှိပ်ချုပ်ချယ်မှုများအောက်တွင် လူထုကို သတင်းတင်ဆက်နိုင်ရန် နှစ်ပေါင်း ၅၀ နီးပါးကြာသည့်တိုင်အောင် ရုန်းကန်ခဲ့ရသည်။ စစ်အစိုးရ အဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ်သော သတင်းမီဒီယာ ဆိုင်ရာ မူဝါဒသည် လူထု၏ နေ့စဥ်ဘဝကို ပိုမို ခက်ခဲစေခဲ့သည်သာမက  သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများဖြစ်ပွားနေချိန်တွင် အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။   ဥပမာအားဖြင့် – လူထုအနေဖြင့် သတင်းအချက်အလက်မှန်များကို အချိန်မီ လက်လှမ်းမီ မရရှိခဲ့ခြင်း နှင့် သတင်းထောက်များအနေဖြင့် သတင်းအချက်လက်မှန်များကို ရယူဖော်ပြခွင့် မရှိခဲ့ခြင်းက ၂၀၀၈ ခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ဖြင့် လူပေါင်း ၁၀၀,၀၀၀ ခန့် သေကြေပျက်စီးစေခဲ့သော အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်သည်။4

စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်အပြီး နိုင်ငံရေးပြောင်းလဲမှုများစတင်ဖြစ်ပေါ်လာသည့် ၂၀၁၀ ခုနှစ်မှတွင် ရွေးကောက်ပများ ကျင်းပလာခြင်း၊​ နိုင်ငံရေးတွင် အရပ်သားများပါဝင်လာခြင်းနှင့် ဆင်ဆာဖြတ်တောက်မှုကို ဖယ်ရှားခြင်းတို့ ရှိလာသည့်တိုင် ထိုအရာများက သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊​ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ခြင်းတို့ကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။5 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအုပ်ချုပ်သည့် ကာလ (၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အုပ်ချုပ်ခဲ့သည့် (၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ) ကာလများတွင် သတင်းမီဒီယာများနှင့် သတင်းထောက်များသည် အဂတိလိုက်စားမှု၊​ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို သတင်းရေးသား ဖော်ပြသည့်အတွက် ဖိနှိပ်ချုပ်ချယ်မှုများကို တောက်လျှောက်ရင်ဆိုင်ခဲ့ကြရသည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက်အချို့မှာ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရကာ ထောင်သွင်းအကျဥ်းချခံခဲ့ရသည်။6 အချို့မှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရခြင်း သို့မဟုတ် အာဏာပိုင်များ၏ သတ်ဖြတ်ခြင်း ကိုပင် ခံကြရသည်။7

 နောက်ဆုံးတစ်ကြိမ် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ အပြီးတွင် သတင်းမီဒီယာလောကသည် အကြမ်းဖက်နှိပ်ကွပ်ခြင်း နှင့် အပြင်းအထန် ဖိနှိပ်ခြင်းတို့ကို ရင်ဆိုင်ခံစားကြရတော့မည်ကို သတင်းထောက်များ ကြိုတင်တွေးဆ သိရှိခဲ့ပြီးဖြစ်သည်။ ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရာတွင် သတင်းမီဒီယာ၏ အရေးပါသည့် အခန်းကဏ္ဍကို သိရှိထားပြီးဖြစ်သော အာဏာသိမ်းစစ်ခေါင်းဆောင်များသည် အတိတ်ကာလတွင် သုံးခဲ့သည့် နည်းလမ်းဟောင်းများကိုပင် အသုံးပြုကာ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ကို ဖိနှိပ်ရန် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။8 စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသစ်သည် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား သတင်းရေးသားဖော်ပြကြသည့် သတင်းထောက်များနှင့် သတင်း ထုတ်လုပ်သူ များကို ပစ်မှတ်ထားခဲ့ပြီး ဒေသအခြေစိုက်သတင်းဌာနများနှင့် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သည့် သတင်းဌာန ပေါင်း ၁၃ ခု၏ လိုင်စင်များကို ပိတ်သိမ်းခဲ့သည်။ တစ်ခါတစ်ရံတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုများနှင့် မတရား အကြမ်းဖက်မှုများကို ဖုံးကွယ်ရန်အတွက် မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် အင်တာနက်ဖြတ်တောက်ခြင်းများကို အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီသည် အိမ်သုံးဂြိုလ်တု စလောင်းများကို ပိတ်ပင်ခြင်း၊ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများတွင် ထောက်လှမ်းရေး ဆော့ဖ်ဝဲလ်များတပ်ဆင်ခြင်း၊ စစ်တပ်၏ အကြမ်းဖက်မှုများ၊ နှိပ်စက်ညှင်းပန်းခြင်းများနှင့် အရပ်သားများ သတ်ဖြတ်ခြင်းတို့ကို သတင်းရယူရေးသားသည့်၊ စစ်အာဏာသိမ်းမှုကို ဝေဖန်ရေးသားကြသည့် သတင်းသမားများ နှင့် သတင်းဌာနများကို ပစ်မှတ်ထားတိုက်ခိုက်ကာ သတင်းအချက်အလက် လက်လှမ်းမီရယူနိုင်ခွင့်အား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။

အာဏာသိမ်းပြီးစဥ်မှစ၍ ယခုဆောင်းပါးကို ရေးသားနေသည့်အချိန်အတွင် သတင်းထောက်ပေါင်း ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးမှာ အကျဥ်းကျခံနေရဆဲဖြစ်သည်။​9 စစ်ကြောရေးကာလအတွင်း အနည်းဆုံး သတင်းထောက်တစ်ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။ ချင်းပြည်နယ် အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ဦးပူတွိးဒင်းသည် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသတွင် ဖမ်းဆီးခံခဲ့ရကာ အခြား အရပ်သားများနှင့်အတူ သတ်ဖြတ်ခံခဲ့ရသည်။​ ဖက်ဒရယ် ဂျာနယ်၏ အယ်ဒီတာ အေစိုင်းကေမှာ ပဋိပက္ခဒေသအတွင်း သတင်းရယူနေစဥ် စစ်တပ်၏ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့ရသည်။

စစ်အစိုးရသည် သတင်းသမားများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မိသားစုဝင်များကို ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာသတင်းထောက်များမှာ ယခုအခါတွင် လူမှုကွန်ယက် ပေါ်ရှိ စစ်တပ်ထောက်ခံသည့် အဖွဲ့များနှင့်အကောင့်များ၏ သွေးထိုးလှုံ့ဆော်မှုများမှတဆင့် အသက် အန္တရာယ် ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှုများနှင့်ဖမ်းဆီးမှုများကိုရင်ဆိုင်နေကြရသည့်အပြင် သတင်းသမား ရာနှင့်ချီမှာ ၎င်းတို့၏ သတင်းနှင့်ပတ်သက်သောအလုပ်ကိုင် အသက်မွေးဝမ်းကျောင်းမှု များကို ဆုံးရှုံးခဲ့ကြရသည်။ အချို့သတင်းမီဒီယာအဖွဲ့အစည်းများမှာ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဝန်ထမ်းများကို စစ်တပ်ထိန်းချုပ်မှု ကင်းလွတ်ရာနယ်မြေများသို့ ရွှေ့ပြောင်းစီမံနိုင်ခဲ့သော်လည်း 7 Day သတင်းဂျာနယ် နှင့် The Voice Daily သတင်းဌာနတို့မှာ အပြီးတိုင် ပိတ်သိမ်းခဲ့ရသည်။ မြန်မာနိုင်ငံသည် ယခုဆိုလျှင် “သတင်းစာမရှိသည့် တိုင်းပြည်တစ်ခု” ဖြစ်လာခဲ့သည်။10 ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင် လွတ်လပ်သည့် ပုံနှိပ်သတင်းစာ ထုတ်ဝေမှု တစ်ခုမှမရှိတော့သောကြောင့်ဖြစ်သည်။11 နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ဝေသည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်သည် အာဏာသိမ်းပြီး နောက်တစ်နှစ်တွင် သိသိသာသာ နိမ့်ကျလာခဲ့ကာ နိုင်ငံပေါင်း ၁၈၀ နိုင်ငံအနက် အဆင့် ၁၇၆ ၌ ရှိနေပြီး မြန်မာနိုင်ငံ၏ နောက်တွင် မြောက်ကိုရီးယားနှင့် အီရန်တို့ သာ ကျန်တော့သည်ကို တွေ့ရသည်။12 မြန်မာနိုင်ငံတွင် အစဥ်တစိုက် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် သတင်းလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်ရယူပိုင်ခွင့်တို့မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အလုံးစုံ ပျက်သုန်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လူငယ့်ခေတ်ကို စတင်ခြင်း – အသစ်မဟုတ်သည့် သတင်းဌာနသစ်

လူငယ့်ခေတ်ကို တည်ထောင်ခဲ့သူများနှင့် အယ်ဒီတာများသည် ယခင် စစ်အစိုးအရလက်ထက် ၁၉၈၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များတွင် ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ ထိုကာလများတွင် လွတ်လပ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များ ရရှိရန်မှာ ခက်ခဲခဲ့သော်လည်း စစ်တပ်၏ ဝါဒဖြန့်မှုများကိုမူ လက်လှမ်းမီ အလွယ်တကူ ရရှိခဲ့သည်။13 ထိုစဉ်က လူငယ်တို့၏ ကြီးပြင်းဖွံ့ဖြိုးမှုကို ပြင်းထန်သည့် အမျိုးသားရေး ဝါဒဖြန့်မှုများ အပါအဝင် စစ်တပ်၏သတင်းမှားများ၊ လုပ်ကြံသတင်းများက ပုံသွင်းခဲ့သည်။ ဥပမာအားဖြင့် သတင်းစာများ၏ နောက်ကျောတွင် ဖော်ပြထားသည့် “VOA လိမ်နေသည်၊ BBC ညာနေသည်၊ RFA ရန်တိုက် ပေးနေသည်” ဟူသည့် စာသားများကို ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ ထိုအဖွဲ့အစည်းများ က မည်သို့သော အဖွဲ့စည်းများ ဖြစ်သည်ကို  အမှန်တကယ် မသိရှိသည့် တိုင် စာသားများကိုမှု ရင်းနှီးနေခဲ့သည်။ တီဗီသတင်းများနှင့် စစ်ရေးပြအခမ်းအနားများကို ကြည့်ပြီးကြီးပြင်းခဲ့ရသည့်အတွက် ထိုစဉ်က စစ်တပ်သည် လူထုကိုကာကွယ်နေသည်ဟု ကျွန်ုပ်တို့ ထင်မှတ်မှားခဲ့ကြသည်။ ပြည်သူလူထု ချစ်ခင်ကြသည့် သရုပ်ဆောင်များ ပါဝင်ကြ သည့် ဝါဒဖြန့်စစ်ကားများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် တည်ငြိမ်မှုကို ပျက်ပြားစေ သည့် သူပုန်များနှင့် အဖျက်အမှောင့်သမားများအဖြစ် ပုံဖော်ထားခြင်းက ကျွန်ုပ်တို့၏ ထင်မှတ်မှားမှုများကို ပို၍ပင် ခိုင်မာစေခဲ့သည်။ ဝယ်ယူရနိုင်ရန်ပင် အလွန်ရှားပါးပြီး အရည်အသွေးလည်းနိမ့်သည့် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကိုသာ သုံးရန် စစ်အစိုးရ၏ သိမ်းသွင်းခံခဲ့ရသော်လည်း ထိုမူဝါဒကို ဆော်သြ နေခြင်း၏ နောက်ကွယ်မှ အမှန်တကယ် အကြောင်းရင်းများကို မသိခဲ့ကြရပေ။ သတင်းများက မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သောကြောင့် အီသီယိုးပီးယားကဲ့သို့ ငတ်၍သေသည့်သူများ တိုင်းပြည်တွင် မရှိဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တော်တော်များများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် တွန်းအားဖြစ်လာပြီး ကျွန်ုပ်တို့၏ ခက်ခဲကြမ်းတမ်းမှုများကို မေ့ပျောက်ရန် သို့မဟုတ် နှလုံးသွင်းရန် ကြိုးပမ်းကြသည်။ လုပ်ကြံဖန်တီးထားသည့် သတင်းများကလည်း လူမှုအသိုင်းအဝိုင်းကို လွှမ်းမိုးခဲ့ကာ မဟုတ်မမှန် သွေးထိုး လှုံ့ဆော်မှုများနှင့် တရားခံရှာပြီး အပြစ်ပုံချတတ်သည့် စစ်တပ်၏ ဝါဒဖြန့်မှုများကြောင့် မူဆလင်များကို ဖိနှိပ်ခွဲခြားခြင်းသည် အမြစ်တွယ်ခဲ့သည်။

ယနေ့ခတ်လူငယ်များအပေါ် ကျွန်ုပ်တို့ကြီးပြင်းလာခဲ့ရသည့် မယုံသင်္ကာမှုများ၊ သွေးခွဲမှုများ၊ လွှမ်းမိုးနေသည့် အမှောင်ခေတ်မျိုး တစ်ကျော့ပြန်အုပ်စိုးလာမည်ကို စိုးရိမ်ပူပန်မိသည်။ အဆင့်မြင့်လာသည့် နည်းပညာများက ကျွန်ုပ်တို့အား ဒစ်ဂျစ်တယ်ခေတ်ထဲသို့ တွန်းပို့ပေးခဲ့သော်လည်း အင်တာနက် အခြေပြုသတင်းတင်ဆက်မှုများမှာ ယခုအခါတွင် လုပ်ကြံဖန်တီးထားသောသတင်းများ နှင့် သတင်းမှားများ များပြားလာခြင်း၏ သက်ရောက်မှုကိုရင်ဆိုင်နေရသည်။ လုပ်ကြံဖန်တီးထားသည့် သတင်းများမှာ စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ရန် နှင့် ဝါဒဖြန့်ရန် ရည်ရွယ်၍ စနစ်တကျကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ သတင်းမှားများပေါ်လာခြင်းမှာ သတင်းများကို အတည်ပြုရန် ခက်ခဲသော ကြောင့် အမှတ်မထင် မှားယွင်းခြင်းနှင့် တစ်ခါတစ်ရံတွင် ခိုင်မာသည့် သတင်းခန်း မူဝါဒ မရှိသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှန်ကန်ပြီး မျှတသည့် သတင်းအချက်အလက်များကို ရရှိရန်မှာ ယခင် အချိန်များ ထက် ပိုပြီးအတိမ်းအစောင်း မခံသည့် အနေအထားတွင်ရှိနေသည့်တိုင်အောင် မြေပြင်တွင် သတင်းရယူနိုင်သည့် လွတ်လပ်သော သတင်းမီဒီယာများမှာ အားနည်းလျော့ပါးလာကြသည်။

လူငယ့်ခေတ်အဖွဲ့ သားများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။ အခြေအနေများက အလျင်အမြန်ယိုယွင်းလာသည့်အခါ ဆက်လက်ကြံ့ကြံ့ခိုင်နေရန်နှင့် သတင်းစာပညာလုပ်ငန်းကို မည်သည့်အကြောင်းနှင့်မှ လက်မလျှော့ရန်ဆုံးဖြတ်ခဲ့ကြပြီး လူငယ့်ခေတ် သတင်းဌာနကို စတင်တည်ထောင်ခဲ့ကြသည်။ အရေးပါသည့် သတင်းများကို ဘက်မလိုက်ဘဲ တင်ဆက်ခြင်း နှင့် လူထုအား ပါဝင်ဆွေးနွေးခွင့်ပေးခြင်းတို့သည် ကျွန်ုပ်တို့၏ တရားမမျှတမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပုံ ဖြစ်သည်။ စစ်အာဏာသိမ်းမှု ပြာပုံထဲမှ ရုန်းကန်ပေါက်ဖွားလာသည့် လူငယ့်ခေတ် သတင်းဌာနသည် ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူလူထု၏ အခွင့်အရေးများအတွက် အင်အားတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

လူငယ့်ခေတ်သတင်းဌာနကို ရည်မှန်းချက် သုံးခုဖြင့်တည်ထောင်ခဲ့သည်။ ပထမတစ်ခုမှာ အာဏာ သိမ်းပြီး စဥ်ကတည်းက လွတ်လပ်သည့်သတင်းမီဒီယာလောကထဲတွင် ပေါက်ဖွားလာသည့် သတင်းမှား များကို ပြန်လည်ချေဖျက်ရန်ဖြစ်သည်။ လူမှုကွန်ယက် အထူးသဖြင့် ဖေ့စ်ဘွတ်ခ်သည် အာဏာ မသိမ်းမီ အချိန်တော်တော်ကြာကြာကပင် ရခိုင်ပြည်နယ်တွင်းရှိ လူမျိုးစုပဋိပက္ခများ မြင့်တက်လာရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။14 ထို့ပြင် စစ်ကောင်စီက လူထုကို ဖိနှိပ်ခြင်းအား တုန့်ပြန်သည့် အနေဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာသစ်မြောက်များစွာ တစ်ဟုန်ထိုးပေါ်ထွက်လာခဲ့သည်။ အချို့က အာဏာပိုင်များနှင့် အခြားအဖွဲ့အစည်းများကို သရော်သည့်ပုံစံဖြင့် သတင်းများကိုတင်ဆက်ကြသည်။ အချို့က အတည်မပြုရသေးသည့် သတင်းများကို သူများထက်ဦးအောင် အရည်အသွေးထက် မြန်ဆန်မှုကို ဦးစားပေး၍ ပြီးစလွယ်တင်ကြသည်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာသစ် တော်တော်များများက လူကြိုက်များအောင် သတင်းများကို တာဝန်ယူမှုအနည်းငယ်မျှဖြင့်သာ ဖြန့်ဝေနေကြခြင်းက လွတ်လပ်သော သတင်းမီဒီယာများ၏ အရည်အသွေးကို ထိခိုက်ကျဆင်းစေပြီး လူထု၏ယုံကြည်မှုကိုလည်း ပျက်ပြားစေ သည့် အပြင် ပြည်သူလူထု၏ သတင်းမှန်များ သိရှိပိုင်ခွင့်ကိုပါ အလွဲသုံးစားလုပ်ရာကျသည်။

ပထမရည်မှန်းချက်၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုမှာ စစ်တပ်နှင့် အခြားအဖွဲ့အစည်းများက လုပ်ကြံဖန်တီးထားသောသတင်းများကို တန်ပြန်ချေဖျက်ရန်ဖြစ်သည်။ ၎င်းတို့က နိုင်ငံပိုင် မြဝတီ ရုပ်သံလိုင်းနှင့် လူမှုကွန်ယက်များဖြစ်သည့် ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်ကဲ့သို့သော နေရာများမှတဆင့် စနစ်တကျဝါဒဖြန့်မှုများကို လုပ်ဆောင်နေကြသည်။ စစ်တပ်၏ ဝါဒဖြန့်မှုတစ်ခုမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို ထောက်ခံ နေသေးသည့် လူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။ စစ်အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် စပ်လျဥ်း၍ အချို့အဖွဲ့အစည်းများနှင့် အစိုးရများသည် အကြမ်းဖက်မှုများ (စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စစ်တပ်ကသုံးသည့် အသုံးအနှုန်း) ကို ထောက်ခံနေသည်ဟု စွပ်စွဲထားသည့် လုပ်ကြံသတင်းများကိုလည်းဖြန့်ဝေနေသည်။ ထို အထဲတွင် သတင်းတုများ ဖြန့်ချိခြင်း၊ လူမှုကွန်ယက် အကောင့်တုများ ဖန်တီးကာ အွန်လိုင်းပေါ်မှ ဆွေးနွေးမှုများတွင် လွှမ်းမိုးအောင်လုပ်ဆောင်ခြင်း၊ ပြည်သူများ၏ အကောင့်များကို ခိုးယူခြင်း စသဖြင့် နည်းလမ်း ပေါင်းစုံပါဝင်သည်။

ဒုတိယရည်မှန်းချက်မှာ လူငယ်ထုအတွက် အံဝင်ခွင်ကျဖြစ်ကာ အကျိုးရှိသည့် သတင်းများကို တင်ဆက်ပေးရန်ဖြစ်သည်။ လူငယ့်ခေတ်အနေဖြင့် မြန်မာလူငယ်များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ရမည့် နေရာတစ်ခုအဖြစ် ရပ်တည်ပေးရန် ရည်ရွယ်ထားသည်။ ယနေ့ခေတ်လူငယ်များသည် မနက်ဖြန် အတွက် ခေါင်းဆောင်များဖြစ်သော်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ၎င်းတို့က ထက်သန် တက်ကြွစွာ ပါဝင်ခဲ့သောကြောင့် စစ်တပ်၏ ဖိနှိပ်မှုကို အများဆုံးခံရသူများလည်းဖြစ်သည်။ လူငယ်များသည် စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏ ပညာရေး၊ အလုပ်အကိုင်များနှင့် နိုင်ငံရေးအရ ရပိုင်ခွင့်များကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့အနေဖြင့် စစ်အုပ်ချုပ်ရေးအောက်တွင် ရင်ဆိုင်ရသည့် ဘဝအခက်အခဲများကို ကိုင်တွယ်ရန်၊ ဆွေးနွေးရန် နှင့် မျှဝေရန် နေရာတစ်ခုကို ရသင့်သည်။

တတိယရည်မှန်းချက်မှာ စစ်ကောင်စီ၏ မီဒီယာမူဝါဒနှင့် ဝါဒဖြန့်မှုများကြောင့် ဖုံးကွယ် ခံထားရသည့် သတင်းများ၊ ဖြစ်ရပ်များကို သက်စွန့်ဆံဖျား သတင်းရယူပေးနေသော မြန်မာပြည် အနှံ့အပြားမှ လူထု သတင်းသမား (CJ) များကို ပံ့ပိုးမှုများပေးရန်ဖြစ်သည်။ များသောအားဖြင့် လူငယ်ပိုင်းထဲမှဖြစ်သည့် လူထု သတင်းသမားများသည် ၎င်းတို့၏ လုပ်ကိုင်နေသည့် လုပ်ငန်းခွင် နှင့် ကိုယ်ပိုင်ဘဝများတွင် မရေမတွက် နိုင်သည့် အခက်အခဲပေါင်း မြောက်များစွာကို ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံတွင်း သတင်းရယူရသည့် အခြေအနေသည် အန္တရာယ်များပြီး မလုံခြုံမှုများ မြင့်တက်လာသည့်အတွက် နိုင်ငံတွင်းနှင့် ပြည်ပရှိ သတင်းအဖွဲ့အစည်းများသည် ၎င်းတို့အပေါ် ယခင်အချိန်များထက်ပို၍ မှီခိုအားထားနေရသည်။ နည်းပညာမြင့် မိုဘိုင်းဖုန်းများ မပေါ်လာသေးသည့်ကာလဖြစ်သော ၂၀၀၇ နိုင်ငံရေးအုံကြွမှုတွင်ပင် လူထုသတင်းသမားများ၏ ကဏ္ဍသည် အလွန်အရေးပါခဲ့သည်။15 လူငယ့်ခေတ်တည်ထောင်သူများက ၎င်းတို့၏ ကျွမ်းကျင်မှုဖြင့် လူထုသတင်းသမားများကို လေ့ကျင့်သင်ကြားပေးခြင်း၊ သတင်းထုတ်လုပ်ရေး အတွက် လိုအပ်သည့် အထောက်အပံ့များပေးခြင်းနှင့် အခြားပံ့ပိုးမှုများကို လုပ်ဆောင်ပေးရန် ရည်ရွယ်သည်။

ဤသည်ကို နှလုံးသွင်း၍ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများမှတဆင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြသည်။ လူငယ့်ခေတ်သည် သတင်းတင်ဆက်မှုများကို စောင့်ကြည့်ပြီး ပြည်သူလုထု၏ အကျိုးစီးပွားကို ဦးစားပေးထားရှိကြသည်။ အခွင့်အရေးချိုးဖောက်ခံရမှုများကို ရေးသားဖော်ထုတ်သည် သာမက လူငယ့်ခေတ်၏ လုပ်ငန်းခွင်ထဲတွင်လည်း ထိုအခွင့်အရေးများကို လေးစားလိုက်နာပြီး ကျင့်သုံးကြသည်။ လူငယ့်ခေတ်သည် သတင်းခိုးယူကူးချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများနှင့် ခွဲခြားဆက်ဆံမှုများကို လုံးဝ လက်သင့်မခံပေ။ လူငယ့်ခေတ်၏ သတင်းထောက်အများစုမှာ လူငယ့်ခေတ်၏ စာဖတ်ပရိတ်သတ်များကဲ့သို့ပင် လူငယ်များဖြစ်ကြကာ၊ လူငယ်အမျိုးသမီးများက ဦးဆောင်မောင်းနှင်နေကြခြင်းဖြစ်သည်။

လက်တွေ့ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ

စစ်အာဏာသိမ်းမှုကို တိုက်ရိုက်တုန့်ပြန်ရန်ပင်မဆိုထားနှင့် သတင်းအဖွဲ့အစည်းတစ်ခုကို စတင် တည်ထောင်ရာ တွင်ပင် အခက်အခဲများကို အချိန်ပြည့်ရင်ဆိုင်နေရသည်။ စစ်တပ်က မီဒီယာကို ဖိနှိပ်ခြင်းအား ထည့်သွင်းမစဥ်းစားသည့်တိုင်အောင် စစ်အစိုးရ၏ ယုတ္တိမကျသော စီးပွားရေး မူဝါဒများ ကြောင့် ပြည်တွင်းကျပ်ငွေတန်ဖိုး အလွန်အမင်း ထိုးကျသွားကာ ငွေသုံးစွဲမှုနှင့် ရင်းနှီးမြုပ်နှံမှုများမှာလည်း အကြီးအကျယ်ကျဆင်းခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို အပြင်းအထန်ခံခဲ့ရပြီးဖြစ်သည့် သတင်းဌာနကြီးများ၏ လုပ်ငန်းလည်ပတ်မှုပုံစံများမှာ ယခုအခါ လုံးဝရပ်နားသွားသည်။ ပြည်သူများ၏ ထောက်ပံ့မှုများ၊ လစဥ်ကြေးများ၊ ကြော်ငြာများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် လည်ပတ်နေသော သတင်းဌာနကြီးများပင်လျှင် ရုန်းကန်နေကြရသည်။ လူငယ့်ခေတ်အနေဖြင့် အခြေခိုင်ရန် ဆက်လက် ကြိုးပမ်းနေစဥ်မှာပင် ရုံးတွင်း၌သာမက လုပ်ငန်းခွင်ထဲတွင်ပါ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

လူငယ့်ခေတ်၏ လုပ်ငန်းခွင်စိန်ခေါ်မှုများမှာ စစ်တပ်က သတင်းမီဒီယာများနှင့် သတင်းထောက်များကို ဖိနှိပ်မှုများဖြင့် ဆက်နွယ်နေသည်။ လူငယ့်ခေတ်သည်မှတ်ပုံတင်ထားခြင်းမရှိဘဲ မြေအောက် သတင်းဌာန တစ်ခု အဖြစ်ဆောင်ရွက်နေပြီး စစ်တပ်က ကျွန်ုပ်တို့အတွက်လုပ်ကိုင်ပေးနေသူများကို မသိရှိသည့် တိုင်အောင် ယခင်က သတင်းဌာနများတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် မှတ်တမ်းများကြောင့် ကျွန်ုပ်တို့၏ သတင်းထောက်များမှာ လုံခြုံရေးအရစိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ စစ်တပ်၏ မီဒီယာမူဝါဒကို လိုက်နာကျင့်သုံးရန် သဘောတူထားသည့် သတင်းဌာနအချို့ကလည်း ၎င်းတို့၏ ဝန်ထမ်းများထဲမှ မည်သူက CDM လှုပ်ရှားမှုတွင် ပါဝင်ရန် အလုပ်ထွက်သည်ဟူသည့် အချက်အလက်များကို စစ်တပ်ထံ ပေးနေသောကြောင့် ထို စိန်ခေါ်မှုများမှာ ပို၍ပင် အခက်ကြုံလာရသည်။ မြန်မာသတင်းထောက်များမှာ လက်ရှိအချိန်တွင် ၎င်းတို့ လုပ်ကိုင်နေသည့် အလုပ်များကြောင့်သာမက ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်များကြောင့်ပါ ပစ်မှတ်ထားဖမ်းဆီးခြင်းကို ကြုံတွေ့နေကြရသည်။ သိသာသည့် ဥပမာတစ်ခုမှာ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာ (ယခု အထူးထုတ်စာစောင်တွင်လည်း ပါဝင်ရေးသားထားသူ) သည် စစ်အာဏာသိမ်းသည့်အချိန်က အခြားသတင်းဌာနတစ်ခုတွင် လုပ်ကိုင်နေသော်လည်း ယခင်က Myanmar Now သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူး သောကြောင့်ဟုဆိုကာ မြန်မာစစ်အစိုးရက ရန်ကုန်လေဆိပ်၌ဖမ်းဆီးထိန်းသိမ်းခဲ့သော ဖြစ်ရပ်ဖြစ်သည်။16 ၎င်းမှာ အကျဥ်းထောင်ထဲတွင် ခြောက်လကြာ နေထိုင်ခဲ့ရသည်။

အချို့ဖြစ်ရပ်များတွင် သတင်းထောက်များသည် စစ်အာဏာမသိမ်းမီက အာဏာပိုင်များကို ပေးခဲ့ရ သည့် အချက်အလက်များကြောင့် နောက်ကြောင်းပြန်လိုက်ခြင်းကို ရင်ဆိုင်ကြရသည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရွေးကောက်ပွဲသတင်းများနှင့် လွှတ်တော်သတင်းများ ရယူကြသော သတင်းထောက်များသည် သတင်းရယူနိုင်ရန်အတွက် နေရပ်လိပ်စာများအပါအဝင် ၎င်းတို့၏ အသေးစိတ် အချက်အလက်များကို ဌာနဆိုင်ရာများသို့ ပေးကြရသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ၎င်းတို့၏ ထောက်ခံသူများသည် ထိုအချက်အလက်များကို အသုံးချကာ သတင်းထောက်များကို ပစ်မှတ်ထား လာခဲ့သည်။ လူငယ့်ခေတ် သတင်းထောက်တစ်ဦးမှာ စစ်တပ်ထောက်ခံသည့် ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်မှ ၎င်း၏ အိမ်လိပ်စာနှင့် ယခင်က Al Jazeera သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် မှတ်တမ်းများကို တင်လိုက်သဖြင့် နေအိမ်မှ တိမ်းရှောင် ခဲ့ရသည်။17 ကျွန်ုပ်တို့၏ သတင်းထောက်အများအပြားမှာ လုံခြုံရေး အခြေအနေကို စိုးရိမ်ရသောကြောင့် နေအိမ်များမှ စွန့်ခွာခဲ့ကြရပြီး လူငယ့်ခေတ်တွင် ပါဝင်လုပ်ကိုင် နေသည်ကိုပင် လူသိမခံဘဲ ဖုံးကွယ်နေရသည်။ အချို့မှာ မကြာခဏနေရာရွှေ့ပြောင်းရပြီး ထိုသို့ လုပ်ဆောင်ရခြင်းသည် အန္တရာယ်များကာ ငွေကုန်ကြေးကျလည်း များသည်။ အချို့မှာ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းတွင် အလုပ်အကိုင်ကို သတင်းထောက်ဟု ထည့်သွင်းထားသောကြောင့် အိမ်ငှားခြင်း၊ လေယာဥ်ဖြင့်ခရီးသွားခြင်း၊ ဘဏ်အကောင့်ဖွင့်ခြင်းစသည့် အသေးအဖွဲ ကိစ္စလေးများလုပ်လျှင်ပင် ၎င်းတို့၏ လုံခြုံရေးကို အထိအခိုက်ခံကာ အချက်အလက်များ မပေါက်ကြားစေဘဲနှင့် ဆောင်ရွက်၍မရပေ။

ရုံးတွင်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှာ မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ်သတင်းများ တင်ဆက်ရာတွင် ကန့်သတ်နေသောနည်းပညာပိုင်းဆိုင်ရာ အခြေအနေများနှင့် အဖွဲ့သားများ၏ စိတ်ကျန်းမာရေး အခြေအနေများ ဖြစ်သည်။ လူငယ့်ခေတ်သည် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် နှင့် ယူကျု့ဘ် အစရှိသည့် အင်တာနက် စာမျက်နှာများ ထက်တွင် ရေးသားတင်ဆက်နေသည့် အွန်လိုင်းအခြေပြု ဒစ်ဂျစ်တယ်သတင်းဌာနဖြစ်သည်။ သို့သော်လည်း စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံတွင် လူပေါင်း ၂၈ သန်းကျော်သည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်အား သတင်းများ ဖတ်ရှုရန်အတွက် အဓိက သုံးစွဲကြသောကြောင့် ၎င်းသည် ပြည်တွင်း၌အရေးအပါဆုံး အင်တာနက်စာမျက်နှာဖြစ်နေသည်။ ထိုပမာဏသည် မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းရှိပြီး18 အင်တာနက်ဖြတ်တောက်ခြင်းများနှင့် ကန့်သတ်မှုများ ရှိနေသည့်တိုင်အောင် လူဦးရေ၏ ၂၉.၁ ရာခိုင်နှုန်းသည် ဖေ့စ်ဘွတ်ခ်ကို ဆက်လက်၍ အသုံးပြုနေဆဲဖြစ်သည်။19 ဖေ့စ်ဘွတ်ခ်သည် ကျွန်ုပ်တို့၏ သတင်းများကို တင်ပြရန်အတွက် အရေးအပါဆုံး နေရာတစ်ခုဖြစ်ကာ အကျိုးဆက်အနေဖြင့် ၎င်း၏ ကန့်သတ်ချက်များကလည်း လူငယ့်ခေတ် သတင်းဌာန၏ လုပ်ငန်းဆောင်တာ အများစုကို ပုံဖော်သွားသည်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူများထံ ရောက်ရှိရန်မှာလည်း သတင်းအရည်အသွေး၊ သတင်းတန်ဖိုးရှိမှု သို့မဟုတ် သတင်းတစ်ပုဒ်၏ လူထုအပေါ်အကျိုးသက်ရောက်မှုတို့ထက် ဖေ့စ်ဘွတ်ခ်၏ အယ်လ်ဂိုရစ်သမ် များနှင့် သတင်းပို့စ်များကို လူအများမြင်ရန် သုံးစွဲသည့် ငွေကြေးပမာဏအပေါ်မူတည်သည်။ ကျွန်ုပ်တို့က ပဋိပက္ခ၊ နှိပ်စက်ညှင်းပန်းမှုများ၊ မီးလောင်တိုက်သွင်းမှုများနှင့် သတ်ဖြတ်ခြင်းများ စသည့် နိုင်ငံရေး အကြမ်းဖက်မှုများကို ရေးသားဖော်ပြသည့်အခါ တစ်ခါတစ်ရံတွင် ထိုသတင်းများကို ဖြုတ်ချခြင်း ခံရတတ် သည်။ ဖေ့စ်ဘွတ်ခ် အယ်လ်ဂိုရစ်သမ်များက တစ်ခါတလေ၌ လူငယ့်ခေတ်သတင်းဌာန၏ စာမျက်နှာအား ၎င်းတို့၏ သုံးစွဲသူဆိုင်ရာ စံချိန်စံနှုန်းများကို ချိုးဖောက်သည်ဟုဆိုကာ သတိပေးလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ဖေ့စ်ဘွတ်ခ်တွင် သတင်းတင်ဆက်သည့်အခါ သတင်းအကြောင်းအရာများကို အတန်အသင့် မျှသာတင်ပြရသည့် အနေအထားသို့ ရောက်သွားကာ သတင်းနှင့်အချက်အလက်များ၏ လွတ်လပ်ခွင့်မှာ ဖေ့စ်ဘွတ်ခ်တွင် ရှိနိုင်ပါမည်လားဟူသည့်အချက်သည် မေးခွန်းထုတ်စရာဖြစ်လာသည်။ ဖေ့စ်ဘွတ်ခ်က ကုမ္ပဏီအကျိုးအမြတ်ကို ဦးစားပေးပြီး သတင်း အချက်အလက်များ၏ အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုတို့ကို လျှော့ချလာပုံပေါ်သည်။ ဤပြဿနာသည် ယခုမှ ဖြစ်လာခြင်းမဟုတ်ဘဲ အထူးသဖြင့် ပြီးခဲ့သည့် နှစ်များတာ ကာလအတွင်းတွင် လူများက သတင်းများကို ဖေ့စ်ဘွတ်ခ်မှတဆင့် ဖတ်ရှုလာကြသည်နှင့်အမျှ ဒေသခံ သတင်းဌာနများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖော်ပြသည့် အခြား ဒစ်ဂျစ်တယ် သတင်းဌာနများအားလုံးက အလားတူ စိုးရိမ်ပူပန်လာကြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ထဲတွင် သတင်းမီဒီယာအဖွဲ့အစည်း ၄၅ ခုက ဖေ့စ်ဘွတ်ခ်အနေဖြင့် မြန်မာနိုင်ငံမှ အသုံးပြုသူများ၏ သတင်းစာမျက်နှာများပေါ်၌ အများပြည်သူအရေးအရာနှင့်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြခြင်းအား လျှော့ချမည့်မူဝါဒကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့ပြီး – မြန်မာနိုင်ငံ၏ အခြေအနေ အတွက်ဆိုလျှင် ထိုလုပ်ဆောင်ချက်သည် အသုံးပြုသူများထံသို့ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် သတင်းများ မရောက်ရှိစေရန် ထိန်းချုပ်ဖိနှိပ်ခြင်းလုပ်မည်ဟု စကားအလိမ္မာသုံး၍ဆိုခြင်း ပင်ဖြစ်သည်။20 ဤဆောင်းပါးကို ရေးသားနေသည့်အချိန်တွင် လူငယ်ခေတ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် follower ပေါင်း ၃၀၀,၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှ သတင်းများကို ရေးသားတင်ပြရာတွင် သုံးစွဲသူ ဆိုင်ရာ စံချိန်စံနှုန်းများကို အကြိမ်ကြိမ် ချိုးဖောက်သည်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်မှ သတိပေးနေပြီး ဖြုတ်ချခံရမည့်ဆဲဆဲအနေအထားတွင်ရှိနေသည်။

နောက်ထပ် ရုံးတွင်းစိန်ခေါ်မှုတစ်ခုမှာ သတင်းအဖွဲ့သားများ၏ စိတ်ကျန်းမာရေး အခြေအနေ ကောင်းမွန် နေအောင် ထိန်းသိမ်းပံ့ပိုးပေးရခြင်းပင်ဖြစ်သည်။ စစ်တပ်က ကျုးလွန်နေသည့် စက်ဆုပ် တုန်လှုပ်ဖွယ် ဖြစ်ရပ်များကို နေ့စဥ်သတင်းရေးသားဖော်ပြနေရစဥ်မှာပင် မလုံခြုံမှုများကြောင့် စိတ်ဖိစီးမှုများ ရင်ဆိုင် နေရခြင်း၊ စီးပွားရေးကျဆင်းနေသည့်အတွက် နေထိုင်မှုများခက်ခဲခြင်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘဝထဲတွင် တွေ့မြင်နေရသည့် စိတ်ဒဏ်ရာရဖွယ်နှင့် အကြမ်းဖက်ဖြစ်ရပ်များအား ကိုင်တွယ်ဖြေရှင်းနေရခြင်း စသည်တို့မှာ ကျွန်ုပ်တို့၏ ပုံမှန်အခြေအနေတစ်ခုဖြစ်နေသည်။21 လုပ်ငန်းတာဝန်များကို ဖြစ်ဖြစ်မြောက် မြောက် ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့၏ စိတ်ဒဏ်ရာများကို ဖိနှိပ် ချုပ်ထိန်း ထားရလေ့ရှိသည်။ ကျွန်ုပ်တို့၏ သတင်းထောက်များသည် စိုးရိမ်ပူပန်ဖွယ် စိတ်ကျန်းမာရေး အခြေအနေများ ဖြစ်လာနိုင်သည့် အနေအထား၌ရှိနေသည်။ သတင်းထောက် တစ်ဦးဦးကို သိသည့် သတင်းရင်းမြစ်တစ်ခုအဖမ်းခံရတိုင်း ၎င်းတို့ အနေဖြင့် စစ်ကြောရေး၌ စကားတစ်ခွန်းမဟသည့်တိုင်အောင် ထိုသတင်းထောက်မှာ နေရာရွှေ့ပြောင်းရခြင်းနှင့် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများ နှင့် တည်နေရာများမှာ အတိုင်းအတာတစ်ခုအထိ လုံခြုံမှုရှိသည်ဟု စိတ်မချရမချင်း ပုန်းအောင်းရခြင်း စသဖြင့် တစ်ခုမဟုတ်တစ်ခု လုပ်ဆောင်ရသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများအနက် သတင်းထောက်များမှာ ကိုယ်တိုင်သတင်းရေးသားခြင်း သို့မဟုတ် အချက် အလက်များစိစစ်ခြင်း တစ်ခုခုကို လုပ်ဆောင်ရင်းမှ စိတ်မချမ်းမြေ့ဖွယ် ပုံရိပ်များနှင့် ထိုထက်ဆိုးရွားသည့် အရာများကို ကိုင်တွယ်ကာ အချိန်အများစုကို ကုန်ဆုံးနေရသည်။ သတင်းထောက်များက ထိုတာဝန်များအားလုံးကို သမာသမတ်ကျကျနှင့် စိတ်ခံစားမှု ကင်းကင်း ဆောင်ရွက်ရန် ကြိုးပမ်းနေရသည့်အတွက် ၎င်းတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာအရ အထိအခိုက် မရှိဘဲ လုပ်ဆောင်ရန်မှာ ခက်ခဲလှပြီး၊ အလုပ်နားချိန်တွင်လည်း ၎င်းတို့မှာ စိုးတထိတ်ထိတ်ဖြင့် အိပ်စက်ကြရ သည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ သတင်းထောက်များက သတင်းရင်းမြစ်များကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသည့် အခါမျိုးတွင် ထိုသတင်းရင်းမြစ်က ပုန်းအောင်းနေရခြင်း သို့မဟုတ် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု နှင့် အခြား ခြိမ်းခြောက်နှောင့်ယှက်မှုများထံမှ ထွက်ပြေးတိမ်းရှောင် နေရသည့် အခြေအနေမျိုးနှင့် ကြုံရသည့်အခါတွင် စိတ်ခံစားမှုကင်းကင်းဖြင့်နေရန်မှာ မဖြစ်နိုင်ပေ။

တစ်ခါတစ်ရံတွင် ထိုကဲ့သို့သော ရုံးတွင်းနှင့်လုပ်ငန်းခွင်တွင်း ရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှာ ရောယှက် ပေါင်းစည်းသွားတတ်သည်။ လူငယ့်ခေတ်သတင်းအဖွဲ့က မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ အွန်လိုင်းမှတဆင့် နေရာအနှံ့မှလုပ်ဆောင်နေခြင်းက လုံခြုံရေးအရပူပန်မှုများကို လျော့ပါးသက်သာ စေသော်လည်း သတင်း ရယူသည့်နေရာတွင် စိန်ခေါ်မှုများ ဖြစ်ပေါ်လာသည်။ သတင်းထောက်များအနေဖြင့် ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြရာတွင် သတိထားရကာ သတင်းရင်းမြစ်များနှင့် ယုံကြည်မှု တည်ဆောက်ရာတွင် အခြားနည်းလမ်းများကို အသုံးပြုရသည်။ စစ်တပ်က လူ့အဖွဲ့အစည်းကို ဖိနှိပ် ချုပ်ချယ်မှုများ တင်းကြပ်လာသည့်အခါ အချို့လူများက ကြောက်ရွံ့ကြသဖြင့် သတင်းထောက်များကို လက်ခံစကားပြောဆိုရန် ငြင်းဆန်ကြသည်။ ကျွန်ုပ်တို့၏ သတင်းထောက်များက သတင်းမေးမြန်းမှုမပြုမီ ယုံကြည်မှုကို လုံလောက်အောင်မတည်ဆောက်ဘဲ ထိရှလွယ်သည့် မေးခွန်းများမေးမိပါက ၎င်းတို့က စစ်တပ်သတင်းပေးများဟု သံသယဝင်သွားတတ်ကြသည်။ ကျွန်ုပ်တို့က မှတ်ပုံတင်မထားသောကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဘက်အား သတင်းများကို တုန့်ပြန်ရန်နှင့် အတည်ပြုခွင့်ပေးရန်အတွက် တိုက်ရိုက် ဆက်သွယ်၍လည်း မရဘဲဖြစ်နေသည်။ သို့သော်လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း လက်ရှိအနေအထား အရ ထိုသို့ ဆက်သွယ်ပါက လူငယ့်ခေတ်ကို စစ်တပ်မှ အတိအကျ ပစ်မှတ်ထား၍ ဖိနှိပ်ခြင်းကို ဦးတည်သွားနိုင်ကာ ထိုမှတဆင့် ကျွန်ုပ်တို့၏ သတင်းထောက်များကို ဖမ်းဆီး နှိပ်စက်ခြင်းသို့လည်း ရောက်ရှိသွားနိုင်သည်။

ထို စိန်ခေါ်မှုများအားလုံးသည် ရည်မှန်းချက်များပြည့်မှီရန်အတွက် လူငယ့်ခေတ် လက်ရှိ လုပ်ဆောင် နေသော လုပ်ငန်းတာဝန်များကို သက်ရောက်မှုရှိစေသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လူငယ့်ခေတ်၏ ပထမသက်တမ်းတစ်နှစ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့သည်။ လူငယ့်ခေတ် အနေဖြင့် အရေးပါသည့် သတင်းများစွာကို ရေးသားတင်ဆက်နိုင်ခဲ့ပြီး အမာခံ စာဖတ်ပရိတ်သတ်များလည်း ရရှိခဲ့သည်။ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုက လူငယ့်ခေတ်၏ အောင်မြင်မှုနှင့် စိန်ခေါ်မှု နှစ်ခုစလုံးကို မှတ်မှတ်ထင်ထင် ဖြစ်နေစေသည်။ ပုံ-၁ မှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် တွင် ပြုလုပ်ခဲ့သော လူငယ်များ၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ခုအတွင်း လူငယ့်ခေတ် သတင်းထောက် တစ်ဦးက ရိုက်ယူထားသည့် ဓာတ်ပုံဖြစ်သည်။22 ပုံထဲတွင်အဖြူရောင်ကားတစ်စီးက ဆန္ဒပြသူတစ်ဦးကို နောက်မှအရှိန်ဖြင့် ဝင်တိုက်သွားသည်ကို တွေ့နိုင်ပြီး ဆက်မောင်းလာသည့် ထိုကားသည် လူငယ့်ခေတ် သတင်းထောက် ကို တိုက်မိလုနီးပါးဖြစ်ခဲ့သည်။ ကိုယ်ပိုင်ယာဥ်ဟုထင်ရသည့် ထိုကားမှာ အမှန်တကယ်တွင် လူထုကို အကြမ်းဖက်ရန်နှင့် ဆန္ဒပြသူများကို ခြိမ်းခြောက်ရန် မည်သည့်နည်းလမ်းကိုမဆိုအသုံးပြုမည့် စစ်သားများက မောင်းလာခဲ့ခြင်းဖြစ်သည်။23 ဆန္ဒပြသူများထံပြေးလာပြီးနောက် စစ်သားများက ကားထဲမှနေ၍ သေနတ်နှစ်ချက် ဖောက်ကာ အသံဗုံးတစ်လုံးကို ပစ်ခွဲခဲ့သည်။ လူငယ်ခေတ် သတင်းထောက်နှင့် ကားတိုက်ခံရသော လူငယ်မှာ လွတ်မြောက်လာခဲ့သော်လည်း အခြားဆန္ဒပြလူငယ် ငါးဦးမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ပုံ – ၁
အရပ်သားများစီးနင်းသည့်ကားကိုမောင်းနှင်လာသော စစ်သားများက ဆန္ဒပြသူများကို အရှိန်ဖြင့် ဝင်တိုက်စဥ်။

လူငယ့်ခေတ် သတင်းထောက်များမှာ လူထုကြားထဲသွားလာနေထိုင်၍ ၎င်းတို့၏ လူမှုအသိုက်အဝန်းကို တတ်နိုင်သည့်အားဖြင့် အကောင်းဆုံးပံ့ပိုးပေးနေနိုင်ခြင်းကို ဂုဏ်ယူကြသည်။ လူငယ့်ခေတ်သည် လူငယ်များနှင့် တက်ကြွလှုပ်ရှားသူကျောင်းသားများက ဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲအများအပြားကို သတင်းရယူ ဖော်ပြခဲ့ပြီး ထို ဓာတ်ပုံများကို ကောက်နုတ်၍ ပုံ-၂ တွင်ဖော်ပြထားသည်။ လူငယ့်ခေတ်၏ သတင်းရယူမှုအားလုံးမှာ အကျိုးအမြတ်တစ်စုံတစ်ရာမရဘဲ လူငယ့်ခေတ် ရယူထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တစ်ခါတစ်ရံတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ရယူအသုံးပြုကြသည်။

ပုံ – ၂
၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်များတွင် လူငယ်ခေတ်သတင်းဌာနမှ သတင်းရယူခဲ့သော ဆန္ဒပြပွဲများမှ ပုံအချို့ကို စုစည်းထားခြင်းဖြစ်ကာ ထိုပုံများကို အခြား သတင်းဌာနများက ရယူသုံးစွဲကြသည်။

ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များ

လူငယ့်ခေတ် ဆက်လက် ရှင်သန်နိုင်ရေးအတွက် နေ့စဥ်ရုန်းကန်နေရချိန်၌ ရေရှည် တည်တံ့နိုင်ရေး ဆိုသည်မှာ အိပ်မက်တစ်ခုမျှသာဖြစ်သည်။ စစ်တပ်၏ ဖိနှိပ်မှုများအောက်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်၊ အလားအလာ ရှိသည့် ဘဏ္ဍာရေးအနေအထား၊ ခန့်မှန်းတွက်ဆနိုင်သည့် ငွေကြေးတန်ဖိုးနှင့် စီးပွားရေး မူဝါဒတို့ မရှိသည့်အတွက် လူငယ့်ခေတ် သတင်းဌာန တစ်ခုတည်းအားဖြင့် ရေရှည်အောင်မြင် ဖြစ်ထွန်းနိုင် ရန် အတွက်မှာလည်း လုံလောက်သည့် အရင်းအမြစ်များကင်းမဲ့နေသည်။ လူငယ့်ခေတ် အနေဖြင့် ရက်ရက် ရောရောရှိသည့် အလှူရှင်များ၏ ထောက်ပံ့မှုကြောင့်သာ ဤမျှခရီးရောက်ခဲ့သော်လည်း သတင်းရယူမှုများ နှင့် အစီအစဥ်များကို ဆက်လက် ဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်နိုင်သည့် အင်အားမရှိဘဲ ဖြစ်နေသေး သည်။ လူငယ့်ခေတ် အနေဖြင့် CJ ကဏ္ဍ၊ အပတ်စဥ် လူငယ့်အသံကဏ္ဍနှင့် ချီးကျူးမှုများ၊ ထောက်ခံမှုများ ရရှိခဲ့သည့် စိတ်ကျန်းမာရေးအထောက်အကူပြု အသံလွှင့်အစီအစဥ် စသဖြင့် အောင်မြင်သည့်ကဏ္ဍများကို ထုတ်လုပ်နိုင်ခဲ့သည်။ လူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားလူနည်းစုများကို အဓိကထားသည့် အကြောင်းအရာများကို တင်ဆက်ခဲ့ပြီး လူအများကလည်း ကျယ်ကျယ်ပြန့်ပြန့်မျှဝေခဲ့ကြသည်။ လူငယ့်ခေတ် အနေဖြင့် မကြာမီကာလအတွင်းတွင်လည်း ရှိနေပြီးသား သတင်းအစီအစဥ်များအပြင် ကျွမ်းကျင် ပညာရှင်များက လူငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ သိကောင်းစရာများ မျှဝေပေးသွားမည့် “လူငယ်များအတွက် သတင်းအချက်အလက်” ကဏ္ဍတစ်ခုကို တင်ဆက် သွားရန်လည်းရှိသည်။ အာဏာသိမ်းပြီး တစ်နှစ်အတွင်းတွင် မီဒီယာများ ရှင်သန်နိုင်ရေး အတွက် အလှုရှင်များထံမှ ပံ့ပိုးမှုတောင်းခံမှုများမှာ နှစ်ဆမြင့်တက်သွားခဲ့ပြီး24 အလှုရှင်တစ်ဦးက “ယခု ရှိနေပြီးသား မိတ်ဖက် အဖွဲ့အစည်းတွေ ရေရှည်တည်တံ့နိုင်ဖို့က ကျွန်ုပ်တို့ရဲ့ လက်ရှိ ဦးစားပေးပါ” ဟု ပွင့်လင်းစွာပင် မှတ်ချက် ပြုခဲ့သည်။25 အထူးသဖြင့် ၁၉၉၀ နှစ်ကာလများကတည်းက မြန်မာနိုင်ငံ ဆိုင်ရာ အကြောင်းအရာများကို ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ ရေးသားဖော်ပြနေသည့် ပြည်ပရောက် သတင်းမီဒီယာ အဖွဲ့အစည်းကြီး သုံးခု ရှိနေချိန်တွင် အလှူရှင်များအနေဖြင့် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ၌ သတင်းဌာနအသစ်တစ်ခုကို ထောက်ပံ့ပေးရေးအတွက် တွန့်ဆုတ် နေကြသည်။

အနာဂတ်တွင် ရေရှည်တည်တံ့နိုင်ရေးမှာ ပူပန်ဖွယ်ရာဖြစ်နေသေးသည့်တိုင်အောင် လူငယ့်ခေတ် သတင်းဌာနသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်တို့အတွက် တိုက်ပွဲဝင်ရသည်ကို ဂုဏ်ယူဝမ်းမြောက်မိသည်။ လူငယ့်ခေတ် အနေဖြင့် လူငယ့်ခေတ်၏ သတင်း အစီအစဥ်များကို နယ်မြေအရရော အကြောင်းအရာအရပါ ဆက်လက်တိုးချဲ့နိုင်ရန် လက်တွေ့အားဖြင့် မျှော်မှန်း၍မရသေးသော်လည်း လူငယ်များအတွက် လွတ်လပ်သည့် သတင်းဌာနတစ်ခုအဖြစ် စာဖတ် ပရိတ်သတ် များက လေးစားပြီး ထောက်ခံအားပေးသော၊ အကျိုးအမြတ်အတွက် သို့မဟုတ် စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်ခံရသော သတင်းဌာနမဟုတ်ဘဲ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်အတွက် လူသိများ ထင်ရှားသော သတင်းဌာနတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်မည်ဟု မျှော်မှန်းထားသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လူငယ့်ခေတ်နှင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာ အဖွဲ့အစည်းများအားလုံး စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုများ၊ ဆင်ဆာ ဖြတ်တောက်ခြင်းများနှင့် ပြဿနာ များလှသော အင်တာနက်စာမျက်နှာများ၏ ထိန်းချုပ်ကန့်သတ်မှုများ မရှိဘဲ လွတ်လပ်စွာ သတင်းရယူဖော်ပြခွင့်ကို ရရှိလာမည်ဖြစ်သည်။

အဆုံးမှတ်စုများ

1 ဆုထက်သည် လူငယ့်ခေတ်သတင်းဌာန၏ တည်ထောင်သူတစ်ဦးဖြစ်သည်။ လူငယ့်ခေတ်၏ အဓိပ္ပါယ်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် “လူငယ်များ၏ ခေတ်” ဟု အဓိပ္ပါယ်ရသည်။ 
2 Lintner, 2001.
3 ၁၉၅၀ ခုနှစ်များက မြန်မာနိုင်ငံသည် အာရှတွင် သတင်းလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံဖြစ်ခဲ့သည် (Ohnmar Nyunt, 2018)။ သို့သော် ၁၉၈၈ ခုနှစ်၌ အမေရိကန်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီက “အာရှတွင် သတင်းမီဒီယာ၏ ထိပ်တန်းရန်သူ” အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည်။
4 တရားဝင်စာရင်းများအရ သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေမှာ ၁၃၀,၀၀၀ ကျော်ရှိသော်လည်း အချို့သော ခန့်မှန်း တွက်ချက်မှုများအရ ၃၀၀,၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။
5 Brooten, 2016.
6 ရိုက်တာသတင်းဌာနမှ သတင်းထောက်များဖြစ်ကြသည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးအများအပြားကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များထဲမှတစ်ခုကို ဖော်ထုတ်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ပြစ်ဒဏ်ချခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မလွတ်မြောက်လာမီအချိန်အထိ ရက်ပေါင်း ၅၁၁ ရက်ကြာ အကျဥ်းကျခံခဲ့ရသည် (PEN America, 2019)။
7 ဥပမာ – သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် ၂၀၁၄ ခုနှစ်က မြန်မာ-ထိုင်းနယ်စပ်အနီးတွင် သတင်းရယူ နေစဥ် မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် (Regan & Stout, 2014)။
8 ယေဘုယျအားဖြင့် မြုပ်ချည်ပေါ်ချည် သို့မဟုတ် သိသာထင်ရှားစွာ လွှမ်းမိုးချုပ်ကိုင်တတ်သည့် မြန်မာစစ်တပ်ကဲ့သို့သော အာဏာရှင် အစိုးရများသည် အာဏာကိုထိန်းထားနိုင်ရန်အတွက် သတင်းအချက်အလက်ကို ထိန်းချုပ်လေ့ရှိကြသည်။   ထိုကဲ့သို့သော  ထိန်းချုပ်မှုမျိုးကို ပြည်တွင်းသတင်းဌာနများကို ဖိနှိပ်ခြင်း၊​ ဝါဒဖြန့်ခြင်း၊​ သတင်းဌာနများကို ထိန်းချုပ်ခြင်း၊ လွတ်လပ်သည့် သတင်းဌာနများကို ဆင်ဆာဖြတ်တောက်ခြင်း၊ နည်းပညာကို လက်လှမ်းမီသုံးစွဲနိုင်ခွင့်အား ပိတ်ပင်ခြင်းနှင့် ပြင်ပသို့ မဆက်သွယ်နိုင်ရန် ကန့်သတ်ခြင်း စသည့် နည်းလမ်း ခြောက်ခုဖြင့် ခွဲခြားနိုင်သည် (Ghitis, 2002)။
9 ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နောက်ဆုံးပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် သတင်းထောက်ဦးရေမှာ စုစုပေါင်း ၉၇ ဦးရှိသည်။
10 Myanmar Becomes a Nation, 2021.
11 စစ်တပ်နှင့် သဘောတူညီမှုရယူပြီးနောက် ပြည်တွင်း၌ပင် ဆက်လက်ထုတ်ဝေနေသော စစ်တပ်ပိုင်မဟုတ်သည့် သတင်းဌာနပေါင်း လက်တစ်ဆုပ်စာခန့်ရှိသည်။ BBC မြန်မာပိုင်းသတင်းဌာနက နိုင်ငံတွင်းရှိ ဝန်ထမ်းများနှင့်ဆက်လက်လုပ်ကိုင်နေသည်။ ပုဂ္ဂလိက သတင်းဌာနများဖြစ်သည့် Eleven Media Group နှင့် စံတော်ချိန်သတင်းစာတို့မှာ စစ်အစိုးရ၏ သတင်းမီဒီယာမူဝါဒကို လိုက်နာရန် သဘောတူကြသဖြင့် ဆက်လက်ထုတ်ဝေခွင့်ရနေသည်။
12 Reporters Without Borders, 2022.
13 Lintner, 2021.
14 Whitten-Woodring et al., 2020.
15 ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ဆိုခဲ့ကြသည့် ၂၀၀၇ အရေးအခင်းတွင် လူထုသတင်းသမားများ၊ အင်တာနက်အသုံးပြုသူများနှင့် ဘလော့ဂါများက ဆန္ဒပြသူများအား စစ်တပ်မှ ဖိနှိပ်ညှင်းပန်းမှုများ၏ ဓာတ်ပုံနှင့်ဗီဒီယိုများကို အမည်မဖော်ပြဘဲ ဝေမျှခဲ့ကြသည်။ ၎င်းတို့က နိုင်ငံပြင်ပရှိ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများထံသို့ သတင်းများကို အီးမေးလ်ပို့ခဲ့ကြပြီး ထိုင်း နယ်စပ်ကို ဖြတ်၍ပင် သတင်းအချက်အလက်များကို သယ်ဆောင်ခဲ့ကြသည် (Chowdhury, 2008)။
16 Myanmar Musings, 2022.
17 ဟန်ငြိမ်းဦးချန်နယ်တွင် စစ်တပ်ထောက်ခံသူ အဖွဲ့ဝင်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိသည်။ ၎င်း၏ အဖွဲ့ဝင်များသည် စစ်တပ်​ဝါဒဖြန့်မှုများကို ထောက်ခံအားပေးကြပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ၏ တည်နေရာများ၊ သတင်းအချက်အလက်များနှင့် လုပ်ဆောင်မှုများကို ဖော်ထုတ်ကြသည့်အပြင် ထိုပုဂ္ဂိုလ်များနှင့် ထိုပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖျက်ဆီးရန်လည်း လှုံ့ဆော်စည်းရုံးကြသည် (Soe San Aung, 2023)။
18 NapoleonCat, 2023a.
19 NapoleonCat, 2023b.
20 Free Expression Myanmar, 2022.
21 2019 ခုနှစ်က ခြုံငုံသုံးသပ်ချက်တစ်ခုအရ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ နှင့် ပဋိပက္ခများကို သတင်းရယူကြသည့် နိုင်ငံခြားသတင်းထောက်များ၊ အလွတ်တန်းသတင်းထောက်များအပါအဝင် သတင်းထောက် ၈၀ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်နှင့် ဆက်နွယ်နေသည့် စိတ်ဒဏ်ရာများကို ခံစားကြရပြီး စိတ်ကျန်းမာရေးနှင့် ဆက်နွယ်နေသည့် ပြဿနာများကြီးထွားလာနိုင်သည့် အန္တရာယ်လည်းရှိနေသည်ဟု သိရသည် (Smith et al., 2019)။
22 Han Thit, 2022.
23 စစ်တပ်သည် အာဏာသိမ်းပြီးစဥ်ကတည်းက ပုဂ္ဂလိက နှင့် စစ်တပ်ပိုင် ယာဥ်များကို အသုံးပြုကာ ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်ရန်နှင့် ဒဏ်ရာရစေရန် အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။ ဧရာဝတီသတင်းဌာနက ထိုကဲ့သို့သောဖြစ်ရပ်များကို ၂၀၂၁ ခုနှစ်ထဲတွင် စာရင်းပြုစုခဲ့သည် (A Chronology, 2021)။
24 အမည်မဖော်လိုသည့် အလှုရှင်၊ သီးသန့်ဆက်သွယ်ပြောဆိုခြင်း၊ စက်တင်ဘာ ၁၅၊ ၂၀၂၂။
25 အမည်မဖော်လိုသည့် အလှုရှင်၊ သီးသန့်ဆက်သွယ်ပြောဆိုခြင်း၊ ဇူလိုင် ၂၇၊ ၂၀၂၂။

ကိုးကားချက်များ

A Chronology of the Myanmar Junta’s Vehicle-Ramming Attacks on Peaceful Protesters. (2021, December 8). The Irrawaddy. https://www.irrawaddy.com/news/burma/a-chronology-of-the-myanmar-juntas-vehicle-ramming-attacks-on-peaceful-protesters.html

Brooten, L. (2016). Burmese Media in Transition. International Journal of Communication, 10, 182–199.

Chowdhury, M. (2008). The Role of the Internet in Burma’s Saffron Revolution. Berkman Center for Internet and Society at Harvard University. https://cyber.harvard.edu/sites/cyber.harvard.edu/files/Chowdhury_Role_of_the_Internet_in_Burmas_Saffron_Revolution.pdf_0.pdf

Free Expression Myanmar. (2022, September 21). Facebook’s plan threatens to censor media and encourage disinformation. https://freeexpressionmyanmar.org/facebooks-plan-threatens-to-censor-media-and-encourage-disinformation/

Ghitis, F. (2002). The Media as a Political Tool in the Burmese Conflict [Unpublished master’s dissertation]. University of Northern British Columbia.

Han Thit. (2022, July 8). Car rams into flash mob protesters in Yangon. Myanmar Now. https://myanmar-now.org/en/news/car-rams-into-flash-mob-protesters-in-yangon

Lintner, B. (2001). Access to Information: The Case of Burma. Asia Pacific Media Services. http://www.asiapacificms.com/papers/pdf/burma_access_to_information.pdf

Lintner, B. (2021, August 16). ‘All Lies!’: Myanmar Junta’s Clumsy Propaganda Has a Disturbingly Familiar Ring. The Irrawaddy. https://www.irrawaddy.com/opinion/guest-column/all-lies-myanmar-juntas-clumsy-propaganda-has-a-disturbingly-familiar-ring.html

Myanmar Becomes a Nation Without Newspapers. (2021, March 18). Myanmar Now. https://myanmar-now.org/en/news/myanmar-becomes-a-nation-without-newspapers

Myanmar Musings. (2022, January 29). Danny Fenster Debrief with Ben Dunant [Podcast]. https://myanmarmusings.com/danny-fenster-debrief-with-ben-dunant/p>

NapoleonCat. (2023a). Facebook users in Myanmar: January 2021. https://napoleoncat.com/stats/facebook-users-in-myanmar/2021/01/

NapoleonCat. (2023b). Facebook users in Myanmar: December 2022. https://napoleoncat.com/stats/facebook-users-in-myanmar/2022/12/

Ohnmar Nyunt. (2018). Challenges to Press Freedom of Private News Media in Myanmar. Chiang Mai University Press. https://rcsd.soc.cmu.ac.th/wp-content/uploads/2022/04/CDSSEA09_ChallengesofPressFreedom.pdf

PEN America. (2019, May 7). PEN America Celebrates Reuters Journalists WA Lone and Kyaw Soe Oo’s Amnesty [Press release]. https://pen.org/press-release/pen-america-celebrates-reuters-journalists-amnesty/

Regan, H., & Stout, D. (2014, November 4). A Reporter’s Death Shows Just How Little Burma Has Changed. TIME. https://time.com/3550460/burma-myanmar-military-journalist-killing-aung-kyaw-naing/

Reporters Without Borders. (2022). Press Freedom Index 2022. https://rsf.org/en/index

Smith, R., & Newman, E., Drevo, S., & Slaughter, A. (2019). Covering Trauma: Impact on Journalists. Dart Center for Journalism & Trauma. https://dartcenter.org/content/covering-trauma-impact-on-journalists

Soe San Aung. (2022, March 3). Myanmar junta using social media to track its opponents. Radio Free Asia. https://www.rfa.org/english/news/myanmar/social-media-03032022175020.html

Whitten-Woodring, J., Kleinberg, M. S., Thawnghmung, A., & Myat The-Thitsar. (2020). Poison If You Don’t Know How to Use It: Facebook, Democracy, and Human Rights in Myanmar. The International Journal of Press/Politics, 25(3), 407–425. https://doi.org/10.1177/1940161220919666