စိန်ခေါ်မှုများအကြား ရှင်သန်ရန်ကြိုးစားရုန်းကန်နေရသည့် လွတ်လပ်သည့်သတင်းမီဒီယာများ

ကျော်စွာ | Click here to read this article in English.

Cite as: 
ကျော်စွာ ၊ (၂၀၂၃)၊ စိန်ခေါ်မှုများအကြား ရှင်သန်ရန်ကြိုးစားရုန်းကန်နေရသည့် လွတ်လပ်သည့်သတင်းမီဒီယာများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4026

စာတမ်းအကျဥ်း

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီအထိ မြန်မာနိုင်ငံတွင် အမှီအခိုကင်းသော သတင်းမီဒီယာများသည် အသင့်အတင့်ရှိခဲ့သော သတင်းလွတ်လပ်ခွင့်ကြောင့် ၁၀ နှစ်တာအကျိုးရလဒ်များ ခံစားခဲ့ကြရပါသည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်မှ သတင်းထောက်များအား ပစ်မှတ်ထားကာ ဖမ်းဆီးနှိပ်စက်  သတ်ဖြတ်လာမှုများဆောင်ရွက်ကာ  ဖိနှိပ်မှုများ လျှင်မြန်စွာတိုးတက်လာခဲ့သည်နှင့်တပြေးညီ ထိုမီဒီယာအေဂျင်စီများသည် ဆန္ဒထုတ်ဖော်ရေးလှုပ်ရှားမှုများအကြောင်း  တတ်စွမ်းသမျှ တင်ပြခဲ့ကြပါသည်။  မြန်မာနိုင်ငံရှိ  မီဒီယာအေဂျင်စီများစွာသည် ဆက်လက်လည်ပတ်နိုင်ရန်အလို့ငှာ  ပြည်ပသို့  ပြောင်းရွှေ့အခြေချခြင်း သို့မဟုတ်  စစ်တပ်ထိန်းချုပ်မှုမရှိသော  အခြားနေရာများသို့ ပြောင်းရွှေ့အခြေချခြင်းများ ဆောင်ရွက်ခဲ့ကြရပါသည်။ ဤဆောင်းပါးသည် မြန်မာနိုင်ငံအတွင်းရော ပြည်ပတွင်ပါရှိနေသည့် သတင်းထောက်များရင်ဆိုင် နေရသည့် ကြီးမားသောလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို လျှော့ချရန် နိုင်ငံတကာမှ သတင်းမီဒီယာအဖွဲ့အစည်းများကို ပံ့ပိုးပေးမှုများ မလုံလောက်မှုအပါအဝင်  မြန်မာနိုင်ငံရှိ  အမှီအခိုကင်းသော သတင်းမီဒီယာများအနေဖြင့် လက်ရှိသတင်းများတင်ပြရာတွင် တွေ့ကြုံနေရသော အခက်အခဲအချို့ကို တင်ပြဆွေးနွေးထားပါသည်။ ဤဆောင်းပါးအား နိုင်ငံတကာမီဒီယာထောက်ပံ့ရေး အဖွဲ့အစည်းများအတွက် အကြံပြုချက်များဖြင့်  အဆုံးသတ်ထားပါသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအနေဖြင့် အမှန်တရားကို သိရှိနိုင်ရန် လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် စိတ်ဝင်စားမှုပိုမိုမြှင့်တက်လာသည်။  ၂၀၂၁  ခုနှစ်  ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ တပ်မတော်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သည့် သတင်းမီဒီယာများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်လာခဲ့သည်။

အာဏာသိမ်းစတွင် သတင်းမီဒီယာများနှင့် သတင်းထောက်များကို ဖမ်းဆီးသည့်အခါ ၂၄ နာရီအတွင်း ပြန်လွတ်ပေးလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် မတ်လဆန်းမှစတင်ကာ ဖမ်းဆီးရမိသည့် သတင်းထောက်များကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးတရားစွဲဆိုတော့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က မြန်မာနောင်းသတင်းဌာန၏ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းသတင်းတိုက်ပါပြင် Mizzima ၊ 7 Day ၊ DVB နှင့် Khit Thit Media  တို့ကို  ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။ အာဏာသိမ်းမှုတစ်နှစ်ကျော်အကြာ  စစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းခြင်းနှင့် သတင်းမီဒီယာအေဂျင်စီလိုင်စင်ပိတ်သိမ်းခဲ့သည့် သတင်းဌာနစုစုပေါင်း ၁၂ ခုရှိပြီဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် သတင်းထောက် (၁၁၅) ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ (၄၀) ခန့် ထောင်သွင်းအကျဉ်းချခံထားရဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ စတင်ကာ သတင်းထောက်နှင့် ဓာတ်ပုံဆရာ (၄) ဦးထက်မနည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး  မြန်မာနိုင်ငံသည်  Press Freedom Index (တစ်ကမ္ဘာလုံးဆိုင်ရာသတင်းမီဒီယာလွတ်လပ်ခွင့်စာရင်း)  တွင် သုံးနှစ်ဆက်တိုက် အဆင့်ကျသွားခဲ့ပြီး နိုင်ငံပေါင်း ၁၇၆ တွင် မြန်မာသည် ၂၀၂၂ ခုနှစ်တွင်  အဆင့်  ၁၈၀  တွင်  ရပ်တည်လျက်ရှိသည်။ ထောင်သွင်းအကျဉ်းချခံရသည့်  အချို့သတင်းထောက်များမှာ ပြစ်ဒဏ်ကျခံရသည့် ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာသူ အနည်းအကျဉ်းရှိသော်လည်း လက်ချိုးရေလို့ရနိုင်သည့် အရေအတွက်သာ ဖြစ်သည်။

စစ်ကောင်စီအနေဖြင့်  သတင်းထောက်များကို ဘက်ပေါင်းစုံမှဖိနှိပ်ခဲ့သဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်း  သတင်းထောက်များကို  ဖမ်းဆီးအကျဉ်းချမှု ဒုတိယအဆိုးဝါးဆုံးနိုင်ငံဖြစ်လာသည်ဟု  CPJ (သတင်းထောက်များအကာအကွယ်ပေးရေးကော်မတီ) က ထုတ်ပြန်ခဲ့သည်။ ၂၀၂၂  ခုနှစ်  အောက်တိုဘာလ  ၁၇  ရက်နေ့တွင် အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိထောင်များမှ အကျဉ်းသား ၆၀၀၀ ခန့်ကို စစ်ကောင်စီက အမှုပိတ်သိမ်းခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သော်လည်း ထောင်သွင်းအကျဉ်းချခံထားရ သည့် သတင်းထောက်များ အနည်းငယ်သာ ပါဝင်သည်။

အာဏာသိမ်းစကာလများတွင် မြန်မာနိုင်ငံတဝှမ်းရှိသတင်းထောက်များ သည်  ဆန္ဒပြပွဲများအတွင်း  ဖိုင်ဘာဦးထုပ်ခေါင်းကာ သတင်းထောက်လှမ်းနိုင်သော်လည်း  လက်ရှိအချိန်တွင် သတင်းထောက်အဖြစ် ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ပြည်တွင်းတွင် သတင်းထောက်အဖြစ် သတင်းထောက်လှမ်းနေပါက ဖမ်းဆီးသတ်ဖြတ်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသဖြင့်  သတင်းထောက်အများစုက မြေအောက်သတင်းထောက်များအဖြစ်  တိုးတိုးတိတ်တိတ် သတင်းထောက်လှမ်းနေကြရပြီး  သတင်းဌာနအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ  ထိန်းချုပ်သည့်ဒေသ  သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့  ပြောင်းရွှေ့သွားကြရပြီဖြစ်သည်။

သတင်းမှန်တင်ပြရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သည့်သတင်းမီဒီယာဌာနများ အနေဖြင့် မတူကွဲပြားသည့် အခက်အခဲများကို ရင်ဆိုင်ကြရသည်မှာ အားလုံးသိပြီးသား အခြေအနေဖြစ်သည်။ သတင်းဌာနအများစုရင်ဆိုင်ရသည့် အခက်အခဲများတွင် သတင်းထောက်လှမ်းခြင်းနှင့် စိစစ်အတည်ပြုခြင်းစသည့် သတင်းပိုင်းဆိုင်ရာအခက်အခဲများ၊ သတင်းတိုက်ဆက်လက်လည်ပတ်နိုင်ရန် ငွေကြေးနှင့် နည်းပညာအခက်အခဲများအပြင် သတင်းထောက်များ၏ လုံခြုံရေးနှင့်အကာအကွယ်ပေးရေး စသည့် စိန်ခေါ်မှုများ ပါဝင်သည်။

သတင်းတိုက်အများစုသည် မြေပြင်တွင်သတင်းထောက်လှမ်းနိုင်မှု လုံးဝနီးပါးလျော့နည်းသွားပြီး နိုင်ငံသားသတင်းထောက် (citizen journalist, CJ) များကို အဓိကအားပြု သတင်းထောက်လှမ်းရသည်ဖြစ်ရာ သတင်းမှန်ရရှိနိုင်မှုနှင့် သတင်းစိစစ်အတည်ပြုရန် အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။

သတင်းဌာနကို သတင်းပေးပို့သည့် စာဖတ်ပရိတ်သတ်များနှင့် သတင်းတိုက်ကအသုံးပြုသည့် CJ များက ပေးပို့သည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် ရုပ်သံများကို အသုံးပြုရာတွင် အချိန်နှင့်တပြေးညီ အခြားသတင်းတိုက်များနှင့် ယှဉ်ပြိုင်ကာ သတင်းဦးရန် ကြိုးပမ်းကြရသဖြင့် သတင်းတိကျမှုနှင့် သတင်းမှန်ရရှိနိုင်ရန် ခက်ခဲရခြင်းဖြစ်သည်။ ဖော်ပြပါအခက်အခဲများအပြင် သတင်းတင်ဆက်ရာတွင် ပြည်သူဘက်ရပ်တည်သည့် သတင်းဌာနအဖြစ် ရပ်တည်ကြရာဝယ် အမှန်တရားကို တိကျစွာတင်ဆက်ခြင်းဆိုသည့် အခြေခံမူများကို တိတိကျကျစောင့်ထိန်းနိုင်ရန်လည်း ခက်ခဲနေသည်ကို တွေ့ရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ပြည်တွင်းသတင်းဌာနကြီးများနှင့် ဒေသတွင်းသတင်းဌာနများက ပြင်တွင်သတင်းထောက်လှမ်းနိုင်မှုမရှိတော့ဘဲ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသဖြင့် လိုအပ်နေသည့် သတင်းအချက်အလက်ရယူထောက်ပံ့နိုင်မှုကို ဆက်လက်လုပ်ဆောင်နိုင်ရန်  CJ  များက  သွေးသစ်လောင်း ဝင်ရောက်လာကြသည်။  အဆိုပါ  CJ  များတွင် သတင်းထောက်လှမ်းသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် စနစ်တကျလေ့လာလုပ်ဆောင်လိုသူများ ပါဝင်သလို တော်လှန်ရေးတွင် သတင်းအချက်အလက်က မရှိမဖြစ်အရေးပါသဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို တင်ပြနိုင်ရန် တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် CJ အဖြစ်လုပ်ကိုင်နေသူများလည်း အများအပြားပါဝင်နေပါသည်။ မြေပြင်တွင်နေထိုင်ကြသည့် CJ များကို ရက်တိုသင်တန်းများပေးပြီး သတင်းထောက်လှမ်းရန် အားထားနေကြရသဖြင့် စွမ်းရည်ပြည့်ဝမှုအပိုင်းတွင် စိုးရိမ်စရာရှိသလို ပြည့်စုံသည့်အမှန်တရားကို တင်ပြနိုင်မှုသည်လည်း မေးခွန်းထုတ်စရာဖြစ်နေပါသည်။

လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များတွင် အသက်နှင့်ရင်းပြီး သတင်းထောက်လှမ်းကြရသည့်  CJ  များက တော်လှန်ရေးတွင်တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေကြရသည်ဖြစ်ရာ ‘သတင်းထောက်များသည် တက်ကြွလှုပ်ရှားသူများမဟုတ်ရပါ’ ဟုဆိုသည့် အခြေခံစံသတ်မှတ်ချက်ကို တင်းပြည့်ကြပ်ပြည့်လိုက်နာရန် ခက်ခဲနေပါသည်။ ထိုစိန်ခေါ်မှုက အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပြီးပြည့်စုံသည့်အမှန်တရားကို  ဖော်ထုတ်ရေးသားရန် ကန့်သတ်ချက်များဖြစ်လာပါသည်။  အချို့သတင်းဌာနများက တော်လှန်ရေးသတင်းဌာနများအဖြစ်  တရားဝင်ကြေညာပြီး သတင်းတင်ဆက်ကြရာတွင်  သတင်းမြန်သော်လည်း သတင်းမှန်ဖြစ်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်နေသည်။ တော်လှန်ရေးအင်အားစုများကျူးလွန်သည့်  လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မှားယွင်းသည့်  ထောက်လှမ်းရေးအချက်အလက်ပေါ်အခြေခံပြီး သာမန်ပြည်သူများကို သတ်ဖြတ်မှုများ၊  လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့်  စစ်ရာဇဝတ်မှုများကို  သတင်းဌာနအများစုက နှုတ်ဆိတ်နေတတ်ကြသည်။  အဆိုပါသတင်းများကို တင်ဆက်ပါက မှန်ပင်မှန်သော်ငြားလည်း  ပြည်သူလူထုက  ဝေဖန်တိုက်ခိုက် ဆဲဆိုလာနိုင်သဖြင့်  မတင်ဆက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ သတင်းဌာနများအနေဖြင့်  သတင်းတင်ဆက်ရာတွင် ဖော်ပြပါအခက်အခဲများကို  ရင်ဆိုင်နေကြရသလို သတင်းဌာနရှင်သန်ရပ်တည်ရန် ရုန်းကန်နေရသည့် သတင်းဌာနများလည်း ရှိနေသည်။

သတင်းမီဒီယာများဆိုင်ရာ နိုင်ငံတကာထောက်ပံ့မှုစီးဆင်းမှုဆိုင်ရာ အရှိတရားများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာနများအနေဖြင့် ကြော်ညာများမှ ဝင်ငွေလုံးဝမရှိတော့ဘဲ နိုင်ငံတကာမှ  ရန်ပုံငွေအထောက်အပံ့များကို အလုံးစုံမှီခိုလာကြရသည်။ ပြည်တွင်းအခြေစိုက်သတင်းဌာနများက စစ်ကောင်စီ၏ဆိုးဝါးသည့်ဖိနှိပ်မှုများကို  ရှောင်ရှားနိုင်ရန် ထိုင်း-မြန်မာနယ်စပ်နှင့်  တရုတ်မြန်မာနယ်စပ်ဒေသများသို့ အရေးပေါ်ပြောင်းရွှေ့လာကြရပြီး  ထိုသို့  ပြောင်းရွှေ့နိုင်ရန်လည်း နိုင်ငံတကာရန်ပုံငွေများက  များစွာအထောက်အကူဖြစ်စေခဲ့သည်။ အဆိုပါနိုင်ငံတကာရန်ပုံငွေများက  သတင်းဌာနများကို ထောက်ပံ့ရာတွင် နည်းစနစ်နှင့် ရွေးချယ်မှုလိုအပ်ချက်များကြောင့်  သတင်းမှန်များကို အမှန်တကယ်ကြိုးစားတင်ဆက်နေသော်လည်း  ရန်ပုံငွေလုံးဝမရရှိခြင်း သို့မဟုတ်  အနည်းငယ်သာရရှိခြင်းများဖြစ်နေသည်ကလည်း မြေပြင်အရှိတရားဖြစ်သည်။

ပြည်တွင်းအခြေစိုက်သတင်းဌာနကြီးများဖြစ်ကြသည့် DVB ၊ Mizzima ၊ Myanmar Now ၊ Irrawaddy နှင့် Frontier Myanmar ကဲ့သို့သော သတင်းဌာနများအတွက် နိုင်ငံတကာရန်ပုံငွေအကူအညီများ အလျှံပယ်ရရှိနေသလို Burma News International (BNI) ကဲ့သို့သော ဒေသန္တရအခြေစိုက်သတင်းဌာနများကို စုစည်းထားသည့် အဖွဲ့ကို ရန်ပုံငွေထောက်ပံ့သည့် နိုင်ငံတကာအဖွဲ့များက လွယ်လင့်တကူရွေးချယ်တတ်ကြသည်။ ဖော်ပြပါသတင်းဌာနများက ရန်ပုံငွေထောက်ပံ့မည့်အဖွဲ့အစည်းများကို စိတ်ကြိုက်ရွေးချယ်နိုင်သည်ကို တွေ့ရပြီး  ပြည်ပအခြေစိုက်သည့်သတင်းဌာနများအဖြစ် အသွင်းပြောင်းရာတွင်  ငွေရေးကြေးရေးသည်  ၎င်းတို့အတွက် ကြီးမားသည့်ပြဿနာဖြစ်ဟန်မတူပါ။

တစ်ဖက်တွင်  စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိကျမှန်ကန်သည့်သတင်းများကို အချိန်နှင့်တပြေးညီတင်ဆက်နိုင်သဖြင့် ပြည်သူများ၏  ယုံကြည်မှုကိုရရှိလာသော်လည်း သတင်းဌာနကြီးများနှင့် နှိုင်းယှဉ်ပါက အရွယ်အစားနှင့် ပရိသတ်အရေအတွက်ကွာဟနေသေးသည့် သတင်းဌာနအများအပြားရှိနေသည်။ အဆိုပါသတင်းဌာနများတွင် BNI အဖွဲ့ဝင်မဟုတ်သည့် ဒေသတွင်းအခြေစိုက်သတင်းဌာနအများအပြားရှိနေပြီး နိုင်ငံတကာရန်ပုံငွေအကူအညီရရှိမှုအလွန်နည်းပါးပြီး ဖြစ်သလိုရုန်းကန်နေကြရသူများလည်း အများအပြားပါဝင်သည်။

နိုင်ငံတကာအဖွဲ့အစည်းများသိရှိပြီးသား သတင်းဌာနများနှင့် သတင်းဌာနကွန်ရက်အဖွဲ့အစည်းများအတွက် ရန်ပုံငွေရရှိရန် မခက်ခဲသော်လည်း   အဆိုပါအဖွဲ့အစည်းများနည်းတူ သတင်းမှန်များကိုအချိန်နှင့်တပြေးညီတင်ဆက်နေသည့်  အခြား သတင်းဌာနအများအပြားတွင် ရန်ပုံငွေလိုအပ်ချက်ကြီးမားနေရခြင်းသည် ရန်ပုံငွေထောက်ပံ့သည့်အဖွဲ့အစည်းများ၏ သတင်းဌာနရွေးချယ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာစေသည်။ မီဒီယာအဖွဲ့အစည်းများကို ကူညီရန် နိုင်ငံတကာရန်ပုံငွေများကို စီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၏ သတင်းဌာနများကို ရွေးချယ်ထောက်ပံ့သည့် နည်းစနည်းများသည်လည်း ပွင့်လင်းမြင်သာမှုနည်းပါးပြီး မေးခွန်းထုတ်စရာအခြေအနေများရှိနေသည်။

နိုင်ငံတကာရန်ပုံငွေအဖွဲ့အစည်းများ၏ ရန်ပုံငွေကိုစီမံသည့်အဖွဲ့အစည်းအချို့က ၎င်းတို့ထောက်ပံ့သည့်သတင်းဌာနများကို ရွေးချယ်ရာတွင် ‘လူကိုခင်မှ တရားမြင်တယ်’ ဆိုသည့် ဆိုးရိုးအတိုင်း နီးစပ်မှုရှိသူများကို ဦးစားပေးရွေးချယ်သည်ဟု စွပ်စွဲနေသူများလည်း ရှိနေသည်။

အဆိုပါ စွပ်စွဲမှုများသည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုများ မဟုတ်ပါဟု ငြင်းချက်ထုတ်ရန် ခက်ခဲနေပါသည်။

ရန်ပုံငွေထောက်ပံ့ရန် အဖွဲ့များကို ရွေးချယ်ရာတွင် ပရိတ်သတ်ရောက်ရှိမှု (audience reach)၊ သတင်းအရည်အသွေး (news quality)၊ သတင်းထုတ်လုပ်မှု အမျိုးအစား (types of content)၊ စီမံကိန်းစီမံခန့်ခွဲမှုစွမ်းရည် (project management skills) နှင့် ရန်ပုံငွေထောက်ပံ့သည့်အဖွဲ့အစည်းများ၏ မတူကွဲပြားသည့်စည်းကမ်းသတ်မှတ်ချက်များ (differing donor compliance) ပေါ်တွင် အခြေပြုသည်လော သို့မဟုတ် အခြားမည်သည့် စံနှုန်းများကို အခြေခံသည်လောဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရပါ။ သတင်းဌာနဆက်လက်လည်ပတ်နိုင်ရန် ရန်ပုံငွေလိုအပ်ချက်ကို ရင်ဆိုင်ဖြေရှင်းနေကြရသည့် သတင်းဌာနများသည် အချိန်နှင့်တပြေးညီသတင်းတင်ဆက်နိုင်ရန် ဘေးအန္တရာယ်များကို ရရာနည်းလမ်းဖြင့် ဖြေရှင်းနေကြရသည်။

သတင်းမီဒီယာများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများ

စစ်ကောင်စီက သတင်းမီဒီယာများကိုဆိုးဝါးစွာဖိနှိပ်မှုစတင်ခဲ့ချိန်တွင် သတင်းဌာနအများစုသည်  ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသများကို  ဘေးကင်းလုံခြုံမှုကို ရှေးရှုပြီးထွက်ပြေးခဲ့ကြရသည်။

ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးခဲ့ကြရသူများတွင် စစ်ကောင်စီ၏ပြင်းထန်သည့်ထိုးစစ်များကြောင့်  ထိုင်းနိုင်ငံဘက်သို့ ရရာနည်းဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ကြရသည်။ ထိုသို့ရွှေ့ပြောင်းကြရာတွင် ရန်ပုံငွေထောက်ပံ့မှုအချိန်မီရရှိသည့် အဖွဲ့များရှိသလို ရန်ပုံငွေလိုအပ်ချက်ကို လုံလောက်စွာနှင့်စောလျင်စွာမရသည့် သတင်းသမားအများအပြားရှိပြီး တစ်ဘက်နိုင်ငံတွင် ကိုယ်စိတ်မလုံခြုံမှုများဖြင့် သွားရောက်ကြရသည့် သတင်းဌာနနှင့် သတင်းသမား အများအပြားရှိကြသည်။ ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိလာသဖြင့် နိုင်ငံတွင်းဥပဒေများကို နားမလည်ခြင်း၊ ဘာသာစကားခက်ခဲမှုရှိခြင်း၊ ခေတ္တနေထိုင်မည့် နေရာထိုင်ခင်းများ မလုံလောက်ခြင်းနှင့် အခြေခံလိုအပ်ချက်အတွက် သုံးစွဲမည့် ငွေကြေးလိုအပ်ချက်များပြားခြင်းတို့ကို သတင်းတိုက်အများအပြား ကြုံတွေ့ခဲ့ကြရသည်။ ဤဆောင်းပါးကိုရေးသားစဉ်တွင် အချိန်နှင့်တပြေးညီ သတင်းအရည်အသွေးပြည့်မှီစွာ သတင်းတင်ဆက်နေဆဲဖြစ်သည့် သတင်းဌာနအချို့က ၎င်းတို့၏ဝန်ထမ်းများကို လုံလောက်သည့် လုပ်ခလစာပေးရန် ကြပ်တည်းနေသေးသလို၊ အချို့ကလည်း ဝန်ထမ်းများ၏ နေရာထိုင်ခင်းနှင့် တရားဝင်နေထိုင်ရန် လိုအပ်သည့် နေထိုင်ခွင့်ကတ် သို့မဟုတ် ဗီဇာကုန်ကျစရိတ်များကို ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်သည်။ ထိုသို့သော သတင်းဌာနအရေအတွက်မည်မျှရှိသည်ကို ဤဆောင်းပါးတွင် အသေးစိတ်ဖော်ပြနိုင်ခြင်း မရှိသော်လည်း ဖော်ပြပါစိန်ခေါ်မှုများသည် အမှန်တကယ်ရင်ဆိုင်နေရသည့် အခက်အခဲများဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည့် သတင်းဌာနများသည်လည်း မတူကွဲပြားသည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်ပင်။ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးအကြောင်းပြု ပိတ်ပင်တားဆီးမှုအချို့ကို ရင်ဆိုင်ခဲ့ကြရပြီး အချို့မှာ ခြိမ်းခြောက်မှုများကိုပင် ရင်ဆိုင်ကြရသည်။

သတင်းဌာနများသည် နယ်စပ်ဒေသများတွင် စစ်ကောင်စီ၏လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ကြရသလို အဆိုပါစစ်ကောင်စီ၏ ခွဲခြားမှုမရှိသည့် တိုက်ခိုက်မှုများတွင် သတင်းထောက်အချို့အသက်ပေးခဲ့ရပြီးဖြစ်သည်။ ပြည်တွင်းတွင် မြေအောက်သတင်းဌာနများအဖြစ်  လှုပ်ရှားနေသည့် သတင်းထောက်များသည်လည်း စစ်အာဏာရှင်၏ဖမ်းဆီးမှုအန္တရာယ်များကို ရင်ဆိုင်နေရသည့်အပြင် လုံလောက်သည့်ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်တန်းများနှင့် နည်းပညာအထောက်အပံ့များကို မရရှိကြပါ။ ထို့အပြင် သတင်းထောက်အများစုကို သတင်းဌာနများက လုံလောက်သည့် အကာအကွယ်ပေးမှုများ နည်းပါးနေသေးသည်။ ဥပမာ – သတင်းထောက်ဖမ်းဆီးခံရပါက ရှေ့နေနှင့် ထောင်ဝင်စာစရိတ်၊ ဖမ်းဆီးခံရစဉ် လစာနှင့်အခြားခံစားခွင့်များကို လုံလောက်စွာရရှိသည့် သတင်းသမား အနည်းငယ်သာရှိသည်။ သတင်းထောက်များကို လိုက်လံဖမ်းဆီးပါက လိုအပ်သည့် နေရာထိုင်ခင်း သို့မဟုတ် safehouse လုံလောက်စွာမရှိခြင်း၊ ရုပ်သံနှင့်ဓာတ်ပုံများကိုရိုက်ကူးရာတွင် ဖမ်းဆီးခံရမည့်အန္တရာယ်ကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်သည့် ပစ္စည်းကိရိယာများနှင့် သင်တန်းများလုံလောက်စွာ မရရှိခြင်း၊ အန္တရာယ်များကြား သက်စွန့်စံဖျား သတင်းထောက်လှမ်းရသော်လည်း ဖမ်းဆီးခံရပါက အကာအကွယ်ပေးနိုင်မည့် ယန္တရားမရှိခြင်း စသည့်စိန်ခေါ်မှုများသည်လည်း ပြည်တွင်းသတင်းထောက်များနေစဉ်ရင် ဆိုင်ရသည့် အခက်အခဲများဖြစ်ပါသည်။

သတင်းမီဒီယာနှင့်ပတ်သက်ပြီး မူဝါဒဆိုင်ရာအကြံပြုချက်အချို့

သတင်းမီဒီယာထောက်ပံ့သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများကို မူဝါဒဆိုင်ရာ အောက်ပါအချက်အလက်အချို့ကို အကြံပြုလိုပါသည်။

  • သတင်းဌာနများအနေဖြင့် အကြပ်အတည်းကာလတွင် သတင်းခန်းစီမံခန့်ခွဲခြင်း ဆိုင်ရာ စွမ်းရည်မြင့်သင်တန်းများ လုံလောက်စွာ ရရှိနိုင်ရန် ဦးစားပေးလုပ်ဆောင်သင့်ပါသည်။
  • နိုင်ငံသားသတင်းထောက် (CJ) ကို အဓိကအားထားရသည့် ကာလဖြစ်သည့်အတွက် CJ များကို အကာအကွယ်ပေးသည့် ယန္တရားများ သတင်းဌာနတိုင်းတွင်ထားရှိရန် တိုက်တွန်းနှိုးဆော်သင့်ပါသည်။
  • သတင်းဌာနများ၏ လုံခြုံရေးဆိုင်ရာမူဝါဒများထားရှိမှုနှင့် လက်တွေ့ကျင့်သုံးနေမှုကို ရန်ပုံငွေထောက်ပံ့ရာတွင် လိုအပ်သည့် စံသတ်မှတ်ချက်တစ်ခုအနေဖြင့် ထားရှိရန် သတ်မှတ်သင့်ပါသည်။
  • အင်တာနက်မရှိသည့် ဒေသများမှ သတင်းထောက်များအနေဖြင့် ဘေးကင်းလုံခြုံသည့်နည်းဖြင့် သတင်းအချက်အလက်ပေးပို့နိုင်ရန် နည်းပညာအထောက်အပံ့များ ပံ့ပိုးကူညီသင့်ပါသည်။
  • သတင်းဌာနလည်ပတ်နိုင်မှုအတွက် ရန်ပုံငွေထောက်ပံ့ရာတွင် ဘေးကင်းလုံခြုံမှုနှင့် အကာအကွယ်ပေးမှုများအတွက် ရာခိုင်နှုန်းတစ်ခုသတ်မှတ်ကာ ပံ့ပိုးကူညီသင့်ပါသည်။
  • သတင်းမီဒီယာကဏ္ဍအတွက် ငွေကြေးထောက်ပံ့သည့် နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် ၎င်းတို့ထောက်ပံ့သည့်ရန်ပုံငွေစီးဆင်းမှုကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ဦးစားပေး လုပ်ဆောင်သင့်ပါသည်။
  • ပြည်ပနိုင်ငံအခြေပြု   သို့မဟုတ် နယ်စပ်ဒေသအခြေပြုသတင်းဌာနများအတွက် မရှိမဖြစ်လိုအပ်သည့် ဗီဇာ သို့မဟုတ်   နေထိုင်ခွင့်ကတ်ပြားများ၊ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများနှင့် အခြေခံလူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် သတင်းဌာနနှင့် သတင်းသမားများရရှိရန် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ကူညီသင့်သည်။
  • သတင်းဌာနများကို ရန်ပုံငွေထောက်ပံ့ရာတွင် လူထုယုံကြည်သည့် ဒေသန္တရသတင်းဌာနများကို ယခုထက်ပိုမို ထောက်ပံ့ကူညီသင့်ပါသည်။
  • နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေရှိ သတင်းဌာနများအနေဖြင့် လွတ်လပ်စွာသတင်းတင်ပြနိုင်ရန် တိုက်တွန်းနိူးဆော်သင့်ပါသည်။

နိဂုံး

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဒီမိုကရေစီ၏အရသာကို မြည်းစမ်းခဲ့ပြီး လွတ်လပ်သည့်သတင်းဌာနများ တင်ဆက်သည့် ဘက်မလိုက်သည့်အချက်အလက်များကို အချိန်နှင့်တပြေးညီရယူခဲ့သည့် အတွေ့အကြုံရှိခဲ့ပြီးသားဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အဘက်ဘက်မှဆုတ်ယုတ်ခဲ့ရာတွင် သတင်းမီဒီယာကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် သတင်းမီဒီယာကိုနည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် စစ်အာဏာစနစ်တွင် ဘက်မလိုက်သည့်သတင်းဌာနများက အသက်ရှင်သန်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြရသည်။ မည်သည့်အခက်အခဲကိုကြုံတွေ့နေကြရသည်ဖြစ်စေ ပြည်သူလူထု၏ လူနေမှုဘဝကို မီးမောင်းထိုးပြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရန် သတင်းမီဒီယာသည် အရေးအကြီးဆုံးအခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။