ခေ မစတန်ဘရွတ်ခ် | Click here to read this article in English.
Cite as: ခေ မစတန်ဘရွတ်ခ်၊ (၂၀၂၃)၊ အနောက်တိုင်းနိုင်ငံများက မြန်မာနိုင်ငံ၏ ရုပ်မြင်သံကြားသတင်းလောကကို မည်သို့မည်ပုံကူညီခဲ့ပုံနှင့် / ကူညီရန် ပျက်ကွက်ခဲ့ပုံ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၂)။ https://ijbs.online/?page_id=4060
စာတမ်းအကျဉ်း
ဤဆောင်းပါးသည် မြန်မာနိုင်ငံအတွင်းရှိမျိုးဆက်သစ်သတင်းသမားများနှင့် ၎င်းတို့ကို ၂၀၁၂ ခုနှစ်မှစတင်ကာ ငွေကြေးထောက်ပံ့ခဲ့ပြီး သင်တန်းပို့ချပေးခဲ့သည့် ဥရောပ၊ ဩစတေးလျနှင့် မြောက်အမေရိကတို့မှ ပါဝင်ဆောင်ရွက်သူများနှင့် ထောက်ပံ့သူများအကြားရှိ ဆက်ဆံရေးကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤဆောင်းပါးထဲတွင် လွတ်လပ်သောသတင်းမီဒီယာကို ဆုံးရှုံးခဲ့သည့်နိုင်ငံတစ်နိုင်ငံတွင် ကြီးပြင်းလာခဲ့ကြသည့် သတင်းထောက်များသည် ၂၀၁၂ ခုနှစ်မှစတင်ပြီး မြန်မာတပ်မတော်က ဒီမိုကရေစီအပေါ် ၎င်းတို့၏ စမ်းသပ်မှုကိုအဆုံးသတ်ကာ ဒီမိုကရေစီ (နှင့် သတင်းလွတ်လပ်ခွင့်) သည် ၎င်းတို့၏အကျိုးအတွက်အသုံးဝင်မှုမရှိတော့ဟု ဆုံးဖြတ်လိုက်ချိန်အထိ သတင်းလွတ်လပ်ခွင့်အသစ်ကို ကိုင်တွယ်ရန်မည်သို့မည်ပုံလေ့လာခဲ့ကြပုံကို ဖော်ပြထားပါသည်။ အနောက်တိုင်း သင်တန်းဆရာများနှင့် နည်းပြများအနေဖြင့် သတင်းပညာအစဥ်အလာအသစ်တစ်ရပ်ကို ဖော်ဆောင်ရန် မည်သို့မည်ပုံကူညီခဲ့ကြပုံနှင့် ထိုအကူအညီသည် မည်သို့မည်ပုံအောင်မြင်ခဲ့ကာ မည်သို့မည်ပုံကျရှုံးခဲ့သည်ကို ဤဆောင်းပါးထဲတွင် ဖော်ပြထားပါသည်။ စာရေးသူကိုယ်တိုင် ဒတ်ချ် မီဒီယာဒါရိုက်တာနှင့် ထုတ်လုပ်သူတစ်ဦးဖြစ်နေသည်နှင့်အညီ ဤဆောင်းပါးကို စာပေပညာရှင်တစ်ဦး၏ ရှုထောင့်အစား တစ်ကယ်လက်တွေ့ဆောင်ရွက်နေသူတစ်ဦး၏ ရှုထောင့်မှနေ၍ ရှုမြင်ရေးသားထားပါသည်။
ကျွန်ုပ်သည် မြန်မာနိုင်ငံရှိ သတင်းထောက်များနှင့် နှစ်ပေါင်း တစ်ဆယ့်နှစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ဖူးပါသည်။ ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးရေး သတင်းမှတ်တမ်းရုပ်ရှင်များကို လူသန်းပေါင်းများစွာကကြည့်ရှုခြင်းကြောင့် ကျွန်ုပ်တို့အတူတကွ အောင်မြင်မှုများရရှိခဲ့သလို အခြားအခြေအနေများတွင်ကျွန်ုပ်တို့အတူတကွ မအောင်မြင်ခဲ့ခြင်းများလည်း ရှိခဲ့ပါသည်။
အနောက်တိုင်းသတင်းလောကအတွင်း စာရေးသူ၏ နောက်ကြောင်းရာဇဝင်
၁၉၈၀ ခုနှစ်များတွင် ဆက်သွယ်ရေးသိပ္ပံအပေါ် Adorno နှင့် Horkheimer တို့ နှင့် “culture industry” တို့၏1 အတွေးအခေါ် များက လွှမ်းမိုးထားခဲ့ဆဲဖြစ်ပါသည်။ ယင်းအတွေးအခေါ်များ၏ အဓိကသဘောတရားမှာ လူထုကို ကျိုးနွံသောနိုင်ငံသားများ ဖြစ်လာ စေရန် ထိပ်တန်းလူတန်းစားတစ်ရပ်က ယေဘုယျမီဒီယာများအား အသုံးပြုသည်ဟူသောအချက်ဖြစ်ပါသည်။ ထိုရှုမြင်ချက်အရ မီဒီယာ သည် အစိုးရများနှင့် စီးပွားရေးကော်ပိုရေးရှင်းများအတွက် လူမှုနိုင်ငံ ရေးကိရိယာတစ်ခုပင်ဖြစ်ပါသည်။ ၁၉၈၀ခုနှစ်များအလယ်၌ စာရေးသူ University of Amsterdam တွင်ပညာသင်ကြားခဲ့စဥ်က ကျွန်ုပ်၏ သင်ခန်းစာပို့ချသူများသည် ၁၉၆၀ ခုနှစ်များအတွင်းရှိ တက်ကြွလှုပ်ရှားမှုများအတွင်း လုပ်ကိုင်ကျွမ်းကျင်တတ်မြောက်လာခဲ့သူများ ဖြစ်ကြကာ ၎င်းတို့သည် အာဏာပိုင်များအပေါ် သံသယရှိကြသူများဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ကျောင်းသားများမှာမူ အရှိတရားဖက်ကို ပိုမိုအားသာခဲ့ကြပါသည်။ ၁၉၈၀ ခုနှစ်မှစတင်ကာ နယ်သာလန်နိုင်ငံသည် စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့နေခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့်လည်း ကျွန်ုပ်တို့၏အသက်မွေးလုပ်ငန်းများကို ကျွန်ုပ်တို့ယုံကြည်သောသဘောတရားဆိုင်ရာ အယူအဆများထက်ပိုပြီး ဦးစားပေးခဲ့ကြပါသည်။ ထိုကာလတွင် မီဒီယာအသစ်ကို ဖန်တီးတည်ဆောက်ထားမှုသည် အကြီးအကျယ်ဖွံ့ဖြိုးတော့မည့် အချိန်ဖြစ်သကဲ့သို့ တီထွင်ဖန်တီးမှုနှင့် စီးပွားရေးအခွင့်အလမ်းများလည်း ပိုမိုတိုးပွားလာနေခဲ့ပါသည်။ ကျွန်ုပ်၏ မဟာဘွဲ့အပြီး နောက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ရယူရန်ဆုံးဖြတ်ခဲ့သော်လည်း ကျွန်ုပ်သင်ယူထားခဲ့သောအတတ်ပညာ၏လွှမ်းမိုးမှုကိုခံရကာ ပုဂ္ဂလိကပိုင်နှင့် နိုင်ငံပိုင် မီဒီယာအဖွဲ့အစည်းကြီးများအပေါ်တွင် အခြေခံအားဖြင့်မယုံကြည်မှုသည် အမြဲတစေရှိနေခဲ့ပါသည်။
နှစ်နှစ်ကြာသောအခါ ကျွန်ုပ်သည် တက္ကသိုလ်မှ ထွက်ခွာခဲ့ပြီး RTL-Veronique ၏သတင်းဌာနတွင် ရုပ်မြင်သံကြားသတင်းထောက်တစ်ဦးအဖြစ် ကျွန်ုပ်အတွက် ပထမဆုံး အလုပ်ကို စတင်ရရှိခဲ့ပါသည်။2 ၎င်းသည် နယ်သာလန်နိုင်ငံတွင် ပထမဆုံးသော စီးပွားဖြစ်ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်သောကြောင့် ကျွန်ုပ်အနေဖြင့် ဤအပိုင်းကို ပုဂ္ဂလိက ကြော်ငြာရှင်များမှ မည်သို့မည်ပုံလွှမ်းမိုးသွားမည်ဆိုသည်ကို တွေ့ကြုံရမှာ စိုးရိမ်နေခဲ့ပါသည်။ သို့သော် ရုပ်မြင်သံကြားသတင်းသည် အစိုးရများ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးအဖွဲ့အစည်းကြီးများ၏ တားဆီးမှုမျိုးကိုသိပ်မခံခဲ့ရဘဲ သတင်းသမားများနှင့် ၎င်းတို့လုပ်ကိုင်ခွင့်ရသည့် ငွေကြေးအသုံးစရိတ်ပမာဏက တားဆီးထားခြင်း ပိုမိုခံခဲ့ရကြောင်း တွေ့ရှိခဲ့ရပါသည်။ အပျံသင်ခါစသတင်းအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေခဲ့သည့် သတင်းထောက်အသစ်တစ်ဦးအနေဖြင့် ကျွန်ုပ်သည် အမျိုးမျိုးသော အမှားများကိုမြင်တွေ့ခဲ့ရသလို တစ်ခါတစ်ရံတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုများက သတင်းများကို မည်သို့မည်ပုံ လွှမ်းမိုးမှုရှိခဲ့ သည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။
သတင်းထောက်တစ်ဦးသည် သူ့အနေဖြင့် အလုပ်မှအနားယူချိန်တချို့ရသင့်ကြောင်းပြောဆိုကာ ပရာ့ဂ်မြို့မှ သူ၏ ဟိုတယ်ခန်းထဲရှိ ရေချိုးကန်ထဲမှထွက်လာရန် ငြင်းဆန်ခဲ့သည်မျိုး တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးပါသည်။ ထိုသို့ပြုလုပ်သောကြောင့် သူသည် Václav Havel ၏ Wenceslas ရင်ပြင်တွင်ပြောကြားခဲ့သည့် ချက်ကိုစလိုဗားကီးယားနိုင်ငံတွင် ကွန်မြူနစ်ဝါဒကို အဆုံးစေသတ်ခဲ့သည့် နာမည်ကျော်မိန့်ခွန်းနှင့် လွဲချော်ခဲ့ရပါသည်။3 ပိုမိုဆိုးဝါးသည့်အချက်မှာ သူရှိရာ ဟိုတယ်သည် ထိုမိန့်ခွန်းပြောကြားမှုပြုလုပ်ခဲ့သည့် Wenceslas ရင်ပြင်တွင်တည်ရှိခြင်းဖြစ်ပါသည်။ အခြားသော ဥပမာတစ်ခုမှာ ပို၍
ပုဂ္ဂိုလ်ရေးဆန်ပါသည်။ အင်တာနက်ကို ယခုလို ကျယ်ပြန့်စွာ မရရှိခဲ့သေးခင် ကာလတစ်ခုတွင် ကျွန်ုပ်သည် နေ့စဉ် သတင်းထုတ်လွှင့်မှုတွင် ဗီဒီယိုမှတ်တမ်းအမှားတစ်ပုဒ်ကို ဖွင့်ခဲ့မိပါသည်။ ကျွန်ုပ်သည် ဘူလ်ဂေးရီးယားနိုင်ငံမှ ဆန္ဒထုတ်ဖော် မှုများအကြောင်းတင်ပြနေချိန်တွင် ဆားဘီးယားနိုင်ငံက ဆန္ဒထုတ်ဖော်မှုမှ ရုပ်ပုံများကို မှားယွင်းထုတ်လွှင့်ပြသမိခဲ့ပါသည်။ နှစ်နိုင်ငံလုံးသည် Cyrillic အက္ခရာများကိုအသုံးပြုသောကြောင့် ကျွန်ုပ်အနေဖြင့် မခွဲခြားနိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်ုပ်နိုင်ငံတွင် ကြည့်ရှုနေကြသည့် ဆားဘီးယားနှင့် ဘူလ်ဂေးရီးယား ပရိသတ်များ သည် ထိုမှားယွင်းမှုကို ခွဲခြားနိုင်ခဲ့ကြပြီး ကျွန်ုပ်၏ အယ်ဒီတာများထံ ဆက်သွယ်ကာ တိုင်ကြားမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ သတင်းအစီအစဉ် တစ်ခုကို စတင်ခြင်းနှင့် လူထု၏ယုံကြည်မှုကို ကြိုးစားတည်ဆောက် ရခြင်း၏ အဓိပ္ပာယ်ကို စာရေးသူအနေဖြင့် ခက်ခက်ခဲခဲ သင်ယူခဲ့ရပါ သည်။
ကျွန်ုပ်တို့အတွက်တော့ RTL-Veronique တွင် သတင်းထောက်အသစ်များဖြစ်နေခြင်းသည် ကောင်းကွက်များလည်းရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် လျင်မြန်သွက်လက်ခဲ့ကြပါသည်။ ပါရှန်းပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀-၁၉၉၁) အတွင်းတွင် အီရတ်သမ္မတဆာဒမ်ဟူစိန်သည် ညနေခင်း ၇ နာရီတိုင်းတွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောသော အလေ့အကျင့်တစ်ခုရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏နေ့စဥ်သတင်းအစီအစဉ်သည် ညနေ ၇:၃၀ တွင်စခဲ့ပါသည်။ ကျွန်ုပ်တို့အား လူကြီးများက ထိုမိန့်ခွန်းများနှင့်ပတ်သက်ပြီး မည်သည်တို့ကို ထုတ်ပြန်ရမည်ဆိုသည့်အပေါ် အချိန်အနည်းငယ်သာ ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုမိန့်ခွန်းကို (အာရပ်ဘာသာစကားဖြင့်) အရင်ဆုံးနားထောင်ပြီး မည်သည့်ပြောဆိုချက်သည် သတင်းအဖြစ် ထုတ်ပြန်ဖို့ အသင့်တော်ဆုံးဖြစ်သည်ကို ဆုံးဖြတ်ကာ ထိုပြောဆိုချက်ကို ဘာသာပြန်ထံသို့ပို့ဆောင်ပြီး ဘာသာပြန်ဆိုချက်များထည့်သွင်းတည်းဖြတ် ထားပြီးဖြစ်သည်။ အများအားဖြင့် ၎င်းသတင်းသည် ကျွန်ုပ်တို့ သတင်းအစီအစဉ်၏ အဖွင့်သတင်းဖြစ်သောကြောင့် သတင်းမစတင်ခင် ထိုဗီဒီယိုတိတ်ခွေသည် အောက်ထပ်စတူဒီယိုခန်းထဲတွင်အဆင်သင့် ဖြစ်နေစေရန် သေချာအောင်ဆောင်ရွက်ထားရပါသည်။
နယ်သာလန်နိုင်ငံပိုင် သတင်းအစီအစဉ်သည် ၎င်းတို့၏သတင်းများကို ညနေ ၈နာရီအချိန်တွင် ထုတ်လွှင့်သောကြောင့် ကျွန်ုပ်တို့ထက်အချိန်ပိုရသော်လည်း ၎င်းတို့အနေဖြင့် စကားပြောဆိုချက်များကို စာတမ်းထိုးတည်းဖြတ်ခြင်းမျိုး မဆောင်ရွက်နိုင်ခဲ့ပါ။ တစ်ချိန်က ၎င်းတို့၏သတင်းအစီအစဉ်ကို ကျွန်ုပ် ကြည့်ရှုစဉ်တွင် သတင်းတင်ဆက်သူသည် သတင်းများတင်ပြမှုနောက်ဆုံးတွင်မှ “ယခုလေးတင်မှ ရရှိလာသောသတင်းဖြစ်ပါတယ်၊ ဆာဒမ်ဟူစိန်မှ ကမ္ဘာကြီးအား…ဟုဆိုခဲ့ပါသည်” ဟုစာရွက်တစ်ရွက်ထဲက စာကို ဖတ်ပြလေ့ရှိပါသည်။ ၎င်းသည် ည ၈-၃၀ အချိန်တွင်ဖြစ်ပြီး ကျွန်ုပ်တို့သတင်းဌာနမှ လွန်ခဲ့သောတစ်နာရီကတည်းက ထိုပြောဆိုချက်ကိုပဲ ဘာသာပြန်ကာ ကျွန်ုပ်တို့သတင်းလွှာ၏ အဖွင့်အဖြစ်သာမက တင်ပြမှုကိုလည်း စာတမ်းထိုးစက်ထဲတွင် အပြည့်အဝပြင်ဆင်ထားနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့ ချန်နယ်ထက် နှစ် ပေါင်းလေးဆယ် ပိုမို သက်တမ်းရင့်သော ပြည်သူပိုင်သတင်းဌာနသည် ကျွန်ုပ်တို့အတွက်မူ ဗျူရိုကရက်တစ်ဆန်ကာ၊ နှေးကွေးပြီး မောက်မာသည်ဟုထင်ခဲ့ရပါသည်။
စာရေးသူအနေဖြင့် ထိုစီးပွားဖြစ်ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွင် အလုပ်လုပ်ခဲ့သော သုံးနှစ်တာကာလအတွင်း ပိုင်ရှင်များ၊ အစိုးရ သို့မဟုတ် ဩဇာအာဏာကြီးသော ကြော်ငြာကုမ္ပဏီများထံမှ မည်ကဲ့သို့သော လွှမ်းမိုးမှုမျိုးမှ မကြုံတွေ့ခဲ့ရဖူးပါ။ ၎င်းနှင့်ပြောင်းပြန်ဖြစ်ကာ သတင်း များမှာ ရုပ်မြင်သံကြားအစီအစဉ်တိုင်း၏ နှလုံးသည်းခြေ နေရာတွင်ရှိကြောင်း ဥရောပတစ်ခွင် တည်ထောင်ခါစဖြစ်သော စီးပွားဖြစ် ရုပ်မြင်သံကြား ထုတ်လွှင့်ရုံများစွာတို့သည် သိရှိနားလည်ခဲ့ကြပါသည်။ ယင်းအချက်သည် သံမဏိကန့်လန့်ကာ (Iron Curtain) ပြိုကျခြင်း၊ ပါရှန်းပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခြင်း၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း နှင့် ယခင်ယူဂိုဆလားဗီးယားနိုင်ငံတွင်စစ်ပွဲပေါ်ပေါက်ခဲ့ခြင်း (၎င်းအဖြစ်အပျက်များအားလုံးသည် ငါးနှစ်ထက်မကြာသောအချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်) တို့ဖြစ်ပွားခဲ့သည့် ၁၉၉၀ အစောပိုင်းနှစ်များတွင် အမှန်ကန်ဆုံးဖြစ်ခဲ့ ပါသည်။ စီးပွားဖြစ်ရုပ်မြင်သံကြားအဖွဲ့အစည်းများက အလုပ်အမှု ဆောင်များသည် သူတို့၏ သတင်းအစီအစဉ်များအတွက် လုံလောက် သော အသုံးစရိတ်များဖန်တီးခဲ့ကြပြီး ချန်နယ်တစ်ခု၏ သတင်းများ သည် မှန်ကန်မှုမရှိပါက ယင်းချန်နယ်၏ ယေဘုယျအမှတ်တံဆိပ်ကို တည်ဆောက်ရာတွင် ပြဿနာကြီးတစ်ခုရှိလာမှာဖြစ်ကြောင်း သဘော ပေါက်ခဲ့ကြပါသည်။
သတင်းလုပ်ငန်းထဲသို့ အသစ်ဝင်ရောက်လာသူများအပေါ် များစွာ သက်ရောက်ခဲ့သည့်အချက်မှာ လိုအပ်သော သမိုင်းနောက်ခံ ဗဟုသုတ မရှိကြသည့် သတင်းထောက်များ (ကျွန်ုပ်ကဲ့သို့)၊ ရုံးထိုင်အယ်ဒီတာ များနှင့် ညံ့ဖျဉ်းသော ညွှန်ကြားချက်များပေးလေ့ရှိကြသည့် အလုပ်အမှု ဆောင်အယ်ဒီတာများစသည့် အရည်အချင်းမပြည့်မီသောသူများက သပ်ရပ်မှုမရှိသောအလုပ်များ လုပ်နေခဲ့ခြင်းဖြစ်ပါသည်။ ထိုအတွေ့အကြုံမှ ကောင်းမွန်သောရုပ်မြင်သံကြားသတင်းဆိုသည်မှာ သတင်းများကို နားလည်သဘောပေါက်သလို အခြေအနေကိုလည်း နားလည်သဘောပေါက်ကာ သတင်းထုတ်လုပ်ရေး၏ဖန်တီးမှုနှင့် နည်းပညာဆိုင်ရာဖြစ်နိုင်ချေများနှင့် ကန့်သတ်ချက်များကိုလည်း သဘောပေါက်သည့်အယ်ဒီတာများ၊ အတွေ့အကြုံရှိစီနီယာများအောက်တွင် အလုပ်လုပ်သောသတင်းထောက်များထံမှလာခြင်းဖြစ်သည်ကို ဆိုလိုကြောင်း ကျွန်ုပ်သဘောပေါက်ခဲ့ပါသည်။ ကျွန်ုပ်အနေဖြင့် လမ်းညွှန်ပြသမှု၏အရေးပါပုံကို လေ့လာခဲ့ရပါသည်။
မြန်မာနိုင်ငံဆီသို့
ထိုအချက်သည် မြန််မာနိုင်ငံ၏ဇာတ်ကြောင်းနှင့် ဒီမိုကရေစီအသွင်းကူပြောင်းရေးလမ်းစဉ် စတင်ခဲ့ပြီးနောက်ပိုင်းတွင် သတင်းထောက်ဖြစ်လိုခဲ့ကြသော လူငယ်အမျိုးသားများ၊ အမျိုးသမီးများအားလုံးနှင့် ဆက်စပ်မှုရှိပါသည်။ သူတို့ နိုင်ငံ၏ သမိုင်းကြောင်းကြောင့် သူတို့တွင် စီနီယာသတင်းထောက်များထံမှ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားသော လမ်းညွှန်ချက်များမရှိခဲ့သလို ပညာရပ်ကိုလေ့လာရန်လိုအပ်သည့် အကြံဉာဏ်မျိုးလည်း မရှိခဲ့ပါ။ လမ်းညွှန်ပြသမှုသည် အရေးတကြီးလိုအပ်နေခဲ့ပါသည်။ ထိုကဲ့သို့ ခံစားခွင့်များဆုံးရှုံးနေသောအခြေအနေတွင် အနောက်တိုင်းနိုင်ငံများမှ မြင်းစီးစစ်သည်ဖြူများသည် ယင်းတို့ စုဆောင်းထားသောအတွေ့အကြုံများနှင့် ထိုအခြေအနေကိုကယ်တင်ရန်လာရောက်ခဲ့ကြပါသည်။ သို့သော် သူတို့တကယ်ရောကယ်တင်ခဲ့ကြပါသလား။
ယူဂိုဆလားဗီးယားနိုင်ငံစစ်ပွဲ၏ သတင်းထောက်အဖြစ် ဆောင်ရွက်ခြင်းအပါအဝင် သတင်းထုတ်လုပ်ရေး၏ ရှထောင့်အများစုကို တွေ့မြင်ကြုံတွေ့ပြီးနောက်ပိုင်းတွင် စာရးသူသည် ရုပ်မြင်သံကြားသတင်းလောကတွင်ရှိသော ဘက်လိုက်မှုများအကြောင်းကို ပါရဂူဘွဲ့အဖြစ်လေ့လာရန် တက္ကသိုလ်သို့ ပြန်သွားဖို့ စဉ်းစားခဲ့ပါသည်။ သို့သော် ရေရှည်ခံမည့် သတင်းမှတ်တမ်းရုပ်ရှင်များဖန်တီးရန် ဆွဲဆောင်မှုက ပိုမိုကြီးမားနေခဲ့ပါသည်။ ထို့ကြောင့် ဆယ်စုနှစ်နှစ်စုကြာ သတင်းမှတ်တမ်းရုပ်ရှင်အလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။
၂၀၀၉ ခုနှစ်တွင် စာရေးသူသည် ထိခိုက်လွယ်သောနိုင်ငံများရှိ သတင်းလွတ်လပ်ခွင့်အကြောင်း မှတ်တမ်းဇာတ်လမ်းတွဲတစ်ပုဒ်ရိုက်ကူးခဲ့ရာမှာ ၎င်းတို့ထဲမှ အပိုင်းတစ်ပိုင်းမှာ ဒီမိုကရက်တစ်မြန့်မာ့အသံ (DVB)4 ၏အကြောင်းဖြစ်ပါသည်။ DVB သည် ထိုအချိန်က ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်တွင်အခြေစိုက်သည့် မြန်မာနိုင်ငံပြင်ပတွင်လှုပ်ရှားဆောင်ရွက်နေသော မြန်မာနိုင်ငံ၏အကြီးဆုံးသတင်းမီဒီယာအဖွဲ့အစည်း ဖြစ်ပါသည်။ ထိုအချိန်မှစတင်ကာ ကျွန်ုပ်သည် ဒတ်ချ်နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် နိုင်ငံတကာ ထုတ်လုပ်ရေးများအတွက် မှတ်တမ်းရုပ်ရှင်များ ဖန်တီးခြင်းနှင့် အခြားသော ဗမာပြည် သတင်းအေဂျင်စီများအတွက် စီမံကိန်းများစွာကို မြန်မာသတင်းထောက်များနှင့် အတူတကွဆောင်ရွက်ခဲ့ပါသည်။
ရုပ်မြင်သံကြားစာနယ်ဇင်းသတင်းပညာသည် ရှုပ်ထွေးပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်ငန်းတွင် ကင်မရာလုပ်ဆောင်ချက်၊ တည်းဖြတ်ခြင်း၊ အမြင်ပိုင်းဆိုင်ရာဇာတ်ကြောင်းများ အစရှိသည်တို့ပါဝင်ကာ ထိုအရာအားလုံးကို အကြောင်းအရာတစ်ခုထဲသို့ ပေါင်းစည်းထားသောကြောင့်ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကမူ ရုပ်မြင်သံကြားသတင်းပညာသည် ထိပ်တန်းစီးပွားရေးတစ်ရပ်ဖြစ်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် ကျွုန်ုပ်၏အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင်ခဲ့စဥ်က အကြောင်းအရာတစ်ခုကို ဖန်တီးရန်လိုအပ်သည့် ကိရိယာပစ္စည်းများ (ကင်မရာ၊ အသံ၊ တည်းဖြတ်ခြင်း စသည်) တို့၏ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်ရှိခဲ့ပါသည်။ ယခုတွင် ထိုပစ္စည်းကိရိယာအကုန်လုံး (4K စံနှုန်းအတိုင်း) ကို ဒေါ်လာ ငါးထောင်ဖြင့် ဝယ်ယူနိုင်ပါသည်။ ဤအချက်သည် ဒေါ်လာ၏ တန်ဖိုးအတက်အကျကိုထည့်မတွက်ထားသည့်တိုင် ကုန်ကျစရိတ် ၉၉ ရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် ကလေး များသည် အံ့သြဖွယ်ကောင်းသော TikTok ဗီဒီယိုများကို သူတို့၏ ဖုန်းများဖြင့် ရိုက်ကူးဖန်တီးနေကြပါသည်။ TikTok ဗီဒီယိုအများစုမှာ အရည်အသွေးပြည့်ဝသော သတင်းပညာအတွက် ထိပ်တန်းဥပမာများ မဟုတ်ဟူသောအချက်မှာ မှန်ကန်သော်လည်း အနာဂတ်တွင် ပေါ်ပေါက်လာမည့် သတင်းများ၏ အမြင်ပိုင်းဆိုင်ရာ ဘာသာစကား အပေါ် မတူညီသော အရည်အချင်းများပြည့်ဝနေသည့် သတင်းထောက် အသစ်များက လွှမ်းမိုးသွားမည့်အချက်မှာ ရှောင်လွှဲ၍မရနိုင်ပါ။
သတင်းထုတ်လုပ်ရေးသည် လွန်စွာ ကုန်ကျစရိတ်များခဲ့သော ကြောင့် လျင်မြန်စွာ တိုးတက်ရန်အတွက် ဖိအားလွန်စွာကြီးမားခဲ့ပါ သည်။ စာရေးသူက RTL သတင်းအစီအစဉ်အတွက် အလုပ်လုပ်ခဲ့ ချိန်တွင် ပထမဆုံးနှစ်နှစ်အတွင်းမှာပင် လျင်မြန်စွာ ကျွမ်းကျင်လာမှုကို တွေ့မြင်ခဲ့ရပါသည်။ အကျင့်စာရိတ္တမကောင်းသောသူများသည် ထုတ်ပယ်ခံခဲ့ရပြီး နိုင်ငံပိုင်ရုပ်သံထုတ်လွှင့်ရေးဌာနမှ အယ်ဒီတာအချို့ကိုလည်း အတွေ့အကြုံမရှိသောသူများနေရာတွင်အစားထိုး ရန် မက်လုံးပေးဆွဲဆောင်ခဲ့ရပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ စာရေးသူအနေဖြင့် အပေါ်တွင်ဖော်ပြခဲ့သည့်အတိုင်း ထိုကာလတွင် သတင်းများတစ်ဟုန်ထိုး တိုးပွားလာမှု၏ ဖိအားကြောင့်ဖြစ်သော်လည်း စာရေးသူအနေဖြင့် ၂၀၀၉ ခုနှစ်တွင် မြန်မာအဖွဲ့အစည်းများနှင့် စတင်အလုပ်လုပ်ခဲ့သောအခါ တွေးမိခဲ့သောအချက်တစ်ချက်မှာ “ဥရောပက သေးငယ်တဲ့ စီးပွားဖြစ် ရုပ်မြင်သံကြားထုတ်လွှင့်ရုံလေးတောင်မှ ပိုမိုကောင်းမွန်လာဖို့ ပြောင်း လဲနိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့အဝေးရောက် သတင်းမီဒီယာအဖွဲ့ အစည်းတွေက အရည်အသွေးပြည့်ဝတဲ့ ရုပ်မြင်သံကြားသတင်းတွေ ဖန်တီးဖို့ ဘာလို့ဒီလောက်ကြာနေရတာလဲ” ဟူသောအချက်ဖြစ် ပါသည်။
စာရေးသူ၏အမြင်အရ မြန်မာနိုင်ငံ၏ အဝေးရောက်သတင်းမီဒီယာ အတွက် ရုပ်မြင်သံကြားထုတ်လုပ်မှုသည် အစောပိုင်းတွင် အဘယ် ကြောင့် ကြီးမားသောအတားအဆီးတစ်ရပ်ဖြစ်နေခဲ့သည် ဆိုသည့် အပေါ် အကြောင်းပြချက်များစွာ ရှိပါသည်။ ပထမဦးဆုံးအချက် သတင်းထောက်များနေဖြင့် အပြိုင်အဆိုင်များ ရှိဖို့ လိုအပ်ပါသည်။ သတင်းထောက်တစ်ဦး၏အလုပ်တွင် သတင်းဦးတင်ပြနိုင်ခြင်းသည် အမြင့်ဆုံးသောဂုဏ်ဖြစ်ပါသည်။ သို့သော် ဖန်တီးမှုနှင့်သက်ဆိုင်သော အရာများဖြစ်သည့် ကင်မရာလုပ်ဆောင်ချက်၊ အကာအကွယ်ယူကာ ရုပ်သံရိုက်ကူးခြင်းနှင့် အကြောင်းအရာတစ်ခုအပေါ်မူရင်းဖြစ်သော အမြင်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုများသည်လည်း မိမိနှင့်အလုပ်တူပုဂ္ဂိုလ်များ၏ လေးမှုကို ခံရနိုင်သည့်အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရအောက်၌ ပုဂ္ဂလိကနှင့် ပြည်သူပိုင် သတင်းအေဂျင်စီများအကြား သဘာဝကျသောယှဉ်ပြိုင်မှု မရှိသလောက်နည်းပါးပါသည်။ အဝေးရောက်မီဒီယာအဖွဲ့အစည်းသုံးခုအကြားတွင်မူ ယှဉ်ပြိုင်မှု ရှိခဲ့သည့်ဟုဆိုနိုင်ပြီး5 ယင်းသည် ကတုတ်ကျင်းထဲမှ ယှဉ်ပြိုင် တိုက်ခိုက်သည့်ပုံစံနှင့် ပိုမိုဆင်တူသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံ တွင် သူတို့အကြား မည်သူကထောက်ပံ့သူထံမှ ပိုက်ဆံပိုရခြင်းက ဆန်းသစ်တီထွင်မှုရှိသောသတင်းများနှင့် သတင်းဦးများရရှိခြင်းထက်ပိုမိုအရေးပါသော အဓိကရည်ရွယ်ချက် ဖြစ်နေခဲ့လေ့ရှိပါသည်။
ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ ရုပ်-သံ ရိုးရာအစဥ်အလာ (ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား) သည် ၁၉၅၀ ခုနှစ်များကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးမရခင်တွင် မြန်မာနိုင်ငံ၏မီဒီယာသည် ကိုလိုနီအုပ်ချုပ်ရေး၏ညွှန်ကြားချက်အရ တင်းကျပ်ထားခံခဲ့ရပါသည်။ အထူးသဖြင့် ၁၉၈၀ ခုနှစ်များနှောင်းပိုင်း တွင် ကမ္ဘာပေါ်ရှိ နေရာအများစုသည် မီဒီယာဖြင့် ကြီးမားစွာ လွှမ်းမိုးမှုခံခဲ့ရချိန်၌ မြန်မာနိုင်ငံက ပြည်သူများသည် အသင့်အတင့် ရှိသော ရုပ်-သံ သီးခြားဖြစ်နေမှုထဲတွင် နေထိုင်ခဲ့ကြရပါသည်။ မြန်မာ နိုင်ငံမှ အဝေးရောက် မီဒီယာသတင်းသမားအများစုသည် လှုပ်ရှား ထကြွမှုရှိသော ရုပ်မြင်သံကြားလုပ်ငန်းရှိသည့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော်လည်း သူတို့သည် ထိုင်းနိုင်ငံရှိ သတင်းမီဒီယာ ပတ်ဝန်းကျင်ကို လျစ်လျူရှထားခဲ့ကြပုံပေါ်ပါသည်။ ထိုသူတို့ထဲမှ အများအပြားသည် ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီဖြစ်သော်လည်း ထိုင်းစကား အနည်းငယ်ထက် ပိုမိုပြောဆိုနိုင်သော မြန်မာအမျိုးသား သတင်းထောက်များကို ကျွန်ုပ်အနေဖြင့် မတွေ့ခဲ့ဖူးပါ။ အထူးသဖြင့် ထိုင်းဇာတ်လမ်းတွဲများ သည် မြန်မာပရိသတ်များအကြား ရေပန်းစားလာခဲ့ချိန် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အမျိုးသမီးများသည် ထိုင်းစကားပြောတတ်နိုင်ချေ ပိုမို များလာခဲ့ပါသည်။
တတိယအချက်အနေဖြင့် မြန်မာမီဒီယာအဖွဲ့အစည်းအများစုသည် ‘အာရှပုံစံ’ (ပိုမိုကောင်းမွန်သော ဖော်ပြချက်မရှိသောကြောင့်) အထက် – အောက် စီမံခန့်ခွဲမှုမျိုးလုပ်လေ့လုပ်ထရှိခဲ့ပါသည်။ အထက်အောက် ရာထူးအဆင့်ဆင့်ပုံစံသည် သတင်းလုပ်ငန်းခွင်ရှိ အခြားသောကဏ္ဍ များတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အယ်ဒီတာများသည် သူတို့၏ ဝန်ထမ်းများအား ပုံမှန်အားဖြင့် ယင်းတို့၏ ကိုယ်ပိုင် လက်ဦး လှုပ်ရှားမှုများကို ထုတ်ဖော်ပြသရန်လည်း တွန်းအားပေးလေ့ရှိပါ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုအား ပွင့်လင်းစွာ ဝေဖန်ခြင်းသည် စော်ကားရာ မလေးစားရာကျပါသည်။ အလုပ်ချိန်ပြီးနောက် အရက်ဆိုင်ထဲတွင် စောဒကတက်မှုများ အများအပြားရှိသော်လည်း အလုပ်ခွင်ထဲတွင်မူ မည်သည်တို့ကိမျှ ပြောလေ့မရှိကြပါ။
ဤအကြောင်းပြချက်သုံးခုမှာ နားလည်သဘောပေါက်ရန် မခက်ပါ။သို့သော် လေးခုမြောက်အကြောင်းပြချက်မှာ အနည်းငယ် သိမ်မွေ့ပါသည်။ အာရှဇာတ်ကြောင်းများသည် လက်ရှိခေတ် အကြောင်းအရာတစ်ခုကိုပုံဖော်ပြောဆိုသည့်ပုံစံ (Anglo-Saxon ပုံစံအပါအဝင်ဖြစ်နိုင်ပါသည်) နှင့် ကိုက်ညီမှုမရှိပါ။ ရုပ်မြင်သံကြားအစီအစဉ်များသည် မည်သူ့ကိုအနှောက်အယှက်ဖြစ်စေနိုင်သည်ကို ကြောက်လန့်နေခြင်းမရှိဘဲ တည့်တိုးဖြစ်သော၊ မိမိကိုယ်ကိုယုံကြည်သော၊ ရှင်းလင်းသော ဇာတ်ကြောင်းပြောဆိုတင်ပြမှုပုံစံကို အသုံးပြုလေ့ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ချက်များသည် အာရှတွင်ရှိသောရိုးရာယဉ်ကျေးမှုများနှင့် မကြာခဏဆိုသလို ငြိစွန်း လေ့ရှိပါသည်။ (သို့သော် ရှင်းလင်းစေလိုသည့်အချက်တစ်ချက်မှာ စာရေးသူထက်များစွာသာလွန်သော ထိပ်တန်း သတင်းထောက်များစွာသည် သတ္တိ၊ ဇွဲ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပညာတတ်ကာ လွန်စွာတက်ကြွမှုရှိသော သတင်းထောက်များက စီမံခန့်ခွဲနေသည့် အဝေးရောက်မီဒီယာအဖွဲ့အစည်းများအတွက် အလုပ်လုပ်ပေးခဲ့ / လုပ်နေဆဲဖြစ်ပါသည်)။
၂၀၁၀ ခုနှစ်တွင် စစ်ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှလွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။6 ထိုသတင်းအကြောင်း ပထမဆုံးပုံများကို စာရေးသူသည် ကချင်ပြည်နယ်၏ တရုတ်နိုင်ငံနယ်စပ်တစ်နေရာရှိ ဘားတစ်ခုထဲတွင် စပီ7 သောက်နေရင်း တွေ့ရှိခဲ့ပါသည်။
ကျွန်ုပ်နှင့် ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များသည် ထိုညတွင် အသောက်များသွားခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုအဖြစ်အပျက်မှ သတင်းပညာအပါအဝင် နိုင်ငံအတွက်အရာအားလုံးကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်များသည် နောက်ဆုံးမှာတော့ ဒီမိုကရေစီကို အတည်မှတ်ယူတော့မည်ဟု ထင်ခဲ့ပါသည်။ DVB မှ ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ်တွင် နေပြည်တော်သို့ ပထမဆုံးအကြိမ်သွားရောက်ကာ မြန်မာနိုင်ငံအတွက် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သူတို့အနေဖြင့် မြန်မာနိုင်ငံသို့ပြန်လည်အခြေချနိုင်ချေအတွက် ဆွေးနွေးခဲ့စဥ်တွင် သူ တို့အား လက်ခံဆက်ဆံခဲ့ပုံအပေါ် များစွာအံ့ဩခဲ့ကြပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန8 တွင် သူတို့အား “ဘာလိုချင်ပါသလဲ၊ ကျွန်ုပ်တို့ ဘယ်လိုကူညီပေးရမလဲ” ဟုမေးမြန်းခံခဲ့ရပါသည်။ DVB မှကိုယ်စားလှယ်များသည်ထိုညနေခင်းမှာပင် နေပြည်တော်မှပြန်လာကြသည်ကို ကျွန်ုပ်တွေ့ခဲ့ပြီး သူတို့သည် သူတို့ ကြုံတွေ့ခဲ့ရသည့််အဖြစ်အပျက်အပေါ် လွန်စွာဝမ်းမြောက်နေခဲ့ကြကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြပါသည်။
ပထမဆုံးအကြိမ်အဖြစ် သတင်းလွတ်လပ်ခွင့်ရရှိခဲ့သော်လည်း ယင်းအချက်သည် ကျွမ်းကျင်မှုဆိုင်ရာပြဿနာကိုမူ မဖြေရှင်းပေး နိုင်ခဲ့သလို တစ်ဟုန်ထိုးတိုးပွားလာတော့မည့် မီဒီယာအား ကြီးကြပ်ရန် အတွေ့အကြုံရှိသော ခေါင်းဆောင်များမရှိသော အချက်ကိုလည်း မဖြေရှင်းပေးနိုင်ခဲ့ပါ။ ကံကောင်းစွာပင် မြန်မာနိုင်ငံ၏ အဝေးရောက် မီဒီယာများအား နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့သည့် အနောက်တိုင်း နိုင်ငံများမှ ထောက်ပံ့သူများသည် ထိုပြဿနာကို ကြိုမြင်ခဲ့ကြပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလစတင်ပြီး နှစ်နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် အဝေးရောက်မီဒီယာများသည် ရန်ကုန်တွင်အခြေချကာ မရေတွက်နိုင်အောင်များပြားသော သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ထောက်ပံ့ငွေများရရှိခဲ့ပါသည်။ မိမိကိုယ်ကိုလေးစားကာ မီဒီယာကိုအတည်တကျထောက်ပံ့လိုသူတိုင်း မီဒီယာသင်တန်းအတွက် ထောက်ပံ့ငွေများထားရှိပေးခဲ့ပါသည်။ မြန်မာနိုင်ငံမှ ထောင်နှင့်ချီသော လူငယ်များမှာလည်း သတင်းလောကထဲသို့ဝင်ရောက်လိုခဲ့ကြပါသည်။
မြန်မာသတင်းပညာသိပ္ပံ (MJI)9 အတွက် ကျွန်ုပ်သည်စုံစမ်းစစ်ဆေးရေးသတင်းပညာဘာသာရပ်နှင့် သက်ဆိုင်သည့် လေ့ကျင့်ရေးအစီအစဉ်အများအပြားနှင့် အပတ်စဉ်သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ ပြဿနာမှာထောက်ပံ့သူအများအပြားသည် တစ်ဦးနှင့်တစ်ဦးအကြား သတင်းထောက်မျိုးဆက်သစ်များအတွက် ရည်ရွယ်သည့် လွန်စွာဆင်တူသော လေ့ကျင့်ရေးအစီအစဉ်များ ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်၏အနှစ်သက်ဆုံး စီစဉ်သူလည်းဖြစ်သလို ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦးလည်းဖြစ်သူမှ ရက်တစ်ရက်အတွက် မည်သည့်သတင်းပညာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ရမည်ကို ကျင်းပနေသော ဟိုတယ်ကိုကြည့်ပြီး ဆုံးဖြတ်သည်ဟု ဆိုခဲ့ဖူးပါသည်။ ဟိုတယ်တိုင်းသည် မတူညီသော အကျွေးအမွေးအစီအစဉ်ရှိကာ သူသည် အကောင်းဆုံး နေ့လယ်စာကို စားချင်သောကြောင့်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် နေ့လယ် စာစားချိန်ပြီး ပါက သူသည် နေ့လယ်ခင်းအစီအစဉ်များ (နေ့လယ်စာနောက်ပိုင်း) ကို တက်ရောက်ခြင်းမရှိသောကြောင့် ကျွန်ုပ်နှင့်အလုပ်လုပ်ရန် အားလပ်လေ့ရှိပါသည်။
အဆိုပါလေ့ကျင့်သင်ကြားမှုအခွင့်အရေးများသည် Anglo-Saxon သတင်းပညာအစဥ်အလာမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ UK နှင့် US မှ Anglo-Saxon မီဒီယာသည် သတင်းပညာကိုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လွှမ်းမိုးထားပြီး သတင်းဖြစ်စဉ်များနှင့် ရုပ်မြင်သံကြား မှတ်တမ်းရုပ်ရှင်များသည် Anglo-Saxon ၏ အကြောင်းအရာများကို ပြောကြားတင်ပြခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာလေ့ရှိပါသည်။ ရုပ်-သံဆိုင်ရာ အစဉ်အလာကြီးမားသော ဂျာမနီ၊ အီတလီနှင့် ပြင်သစ်ကဲ့သို့ အခြား ဥရောပနိုင်ငံများသည် သူတို့ကိုယ်ပိုင် ရုပ်မြင်သံကြားထုတ် လုပ်ရေးပုံစံ ရှိသည်ဟု ဆိုကြပါသည်။ သို့သော် သင့်အနေဖြင့် သူတို့၏ နိုင်ငံတကာရုပ်သံလိုင်းများ10 ကိုကြည့်ရှုပါက သူတို့သည် သူတို့၏ Anglo-Saxon ခေတ်ပြိုင်များအပေါ် ကြီးမားစွာ မှီခိုပုံဖော်ထားကြ ကြောင်း တွေ့နိုင်ပါသည်။ တရုတ်နှင့် ရုရှားသတင်းဌာနများအတွက် လည်း ထို့နည်းတူစွာပင်ဖြစ်သော်လည်း သူတို့သည် ပုံမှန်အားဖြင့် ဇာတ်ကြောင်းများကိုပြောဆိုရာတွင် ဆွဲဆောင်သည့် နည်းဗျူဟာ များကိုအသုံးပြုကာ ပွင့်လင်းမှုနှင့် မှန်ကန်မှုတို့အပေါ် လေးစားလိုက်နာမှု လျော့နည်းပါသည်။
Anglo-Saxon သတင်းပညာသည် လေးစားဖွယ်ကောင်းသော အစဉ်အလာတစ်ရပ်ဖြစ်သော်လည်း ယင်းသည် ဒေသတွင်း အစဉ်အလာများကိုဖယ်ထုတ်ထားသည့် ဘဝင်မြင့်စိတ်စွဲတစ်ခုကို ကိုယ်စားပြုပုံဖော်ထားပါသည်။ ထိုအချက်အပေါ် တုံ့ပြန်မှုများကို MJI တွင်သင်တန်းပေးခဲ့သော လူငယ်သတင်းထောက်များကြားတွင် ကျွန်ုပ်ခံစားခဲ့ရပါသည်။ သူတို့သည် သင်ခန်းစာများကို နားထောင်လို သော်လည်း တစ်ချိန်တည်းမှာပင် သင်တန်းနည်းပြများအနေဖြင့် သူ တို့၏ တိုင်းပြည်အား နားလည်ဖို့ကြိုးစားရန် ပျက်ကွက်ခဲ့သည်ဟု ခံစားခဲ့ကြရပါသည်။ ထိုကဲ့သို့ သံသယဝင်မှုများသည် ခိုင်လုံမှုရှိခဲ့ပါ သည်။ ထိုအချိန်က ကျွန်ုပ်တွေ့ခဲ့သောသူများမှာ သူတို့ အာရှတွင် နေထိုင်စဉ် ကုန်ကျစရိတ်များကို ပေးချေရန် ပိုက်ဆံလိုအပ်နေသော အလွတ်တန်းသမားများသာ ဖြစ်လေ့ရှိပါသည်။ အချို့သောနိုင်ငံခြားသား နည်းပြများသည် မြန်မာနိုင်ငံအခြေစိုက် အလုပ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားခြင်းခံခဲ့ရပြီး သူတို့ အခြေစိုက်ရုံးများမှ အတွေ့အကြုံများအပေါ် စိတ်မပျော်ရွှင်နေခဲ့သူများဖြစ်ခဲ့ကြပါသည်။ သူတို့သည် သူတို့၏ စိတ်အခြေအနေကို သင်တန်းသားများထံ စောဒကတက်ခဲ့ကြပါသည်။ ဤသင်တန်းနည်းပြအုပ်စုထဲမှ ကောင်းသောသူများမှာ မြန်မာနိုင်ငံ အကြောင်း နားလည်သဘောပေါက်ရန် ကြိုးစားကာ မြန်မာနိုင်ငံ အတွက် သူတို့၏ စိတ်နှလုံးကို ဖွင့်လှစ်ပေးခဲ့သူများဖြစ်ကြပါသည်။ ဤအဖွဲ့ထဲမှ လူများသည် မြန်မာနိုင်ငံသားတစ်ဦးနှင့် သမီးရည်းစား ဆက်ဆံရေးများရှိခဲ့ကြခြင်းသည်လည်း ရှားပါးသည့် အဖြစ်မျိုးတော့ မဟုတ်ပေ။ ထိုအချက်သည် ကွဲပြားမှုတစ်ခုဖြစ်စေပါသည်။ လူငယ် သတင်းထောက်များနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံရန် အသုံးပြုသည့် ကျွန်ုပ်၏ ကိုယ်ပိုင်နည်းလမ်းမှာ ကျွန်ုပ်၏အတန်းထဲတွင် ဗမာစကား အချို့ ထည့်သုံးခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပါက ချက်ချင်းဆို သလိုပင် အတန်းထဲရှိ အနေအထားသည် ပြောင်းလဲသွားပါသည်။ “ဒီလူက ငါတို့နိုင်ငံကို တကယ်စိတ်ဝင်စားတာ၊ ဒီနိုင်ငံမှာ သူလာနေ တာ ရက်ရောတဲ့ နေ့စဉ် ထောက်ပံ့ကြေး ရနေလို့ကြောင့်ချည်းပဲ မဟုတ်ဘူး” ဟူသော အထင်ရောက်စေပါသည်။
ကျွန်ုပ် အထက်တွင် ဖော်ပြခဲ့သောပြဿနာများရှိသော်ငြားလည်း သင်တန်းကာလတစ်လျှောက် အချိန်ကြာလာသည်နှင့်အမျှ လူငယ် သတင်းထောက် အများအပြားသည် ပိုမိုအသိပညာရှိလာကြပါသည်။ သတင်းဌာနများပိုမိုပေါ်ထွက်လာသောကြောင့် သူတို့အတွက် အလုပ်အကိုင်လည်းများစွာရှိခဲ့ကာ ထိုနည်းဖြင့် သူတို့၏ သင်ခန်းစာများကို လက်တွေ့အဖြစ် ချက်ချင်းအသုံးချလာနိုင်ခဲ့ပြီး ကျွမ်းကျင်သူများအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ကြပါသည်။ သို့သော် ကျွန်ုပ်အတွက်တော့ ထိုမျှဖြင့် မလုံလောက်ခဲ့ပါ။ အနောက်တိုင်းမှ သင်တန်းနည်းပြများ၏ ပြောဆိုချက်များနှင့် မီဒီယာများတွင် တွေ့ရသော ဖြစ်ရပ်များအကြား ကြီးမားသောကွာဟချက်တစ်ခုကို ကျွန်ုပ်တွေ့ရှိခဲ့ပါသည်။ ရုပ်မြင်သံကြားသတင်း၏ တိုးတက်မှုသည် လွန်စွာနှေးကွေးနေခဲ့ပါသည်။ ကျွန်ုပ်၏အထူးပြုနယ်ပယ်ဖြစ်သော စုံစမ်းစစ်ဆေးရေးသတင်းပညာဆိုလျှင် ပြောစရာပင်မလိုပါ။ ထို့ကြောင့် ကျွန်ုပ်သည် လမ်းကြောင်းပြောင်းကာ – တရားမမျှတမှုနှင့် အကျင့်ပျက်ခြစားမှုတို့၏ နက်ရှိုင်းသောအလွှာများကို ထုတ်ဖော်ပြသ သည့် စုံစမ်းစစ်ဆေးရေး မှတ်တမ်းရုပ်ရှင်များကိုဖန်တီးရန် ပါရမီပါ သောသတင်းထောက်အဖွဲ့ငယ်တစ်ဖွဲ့ကို လမ်းညွှန်ပြသခြင်းဖြင့် လက်တွေ့သင်ကြားပြသမှုနည်းစနစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
စာရေးသူသည် အဝေးရောက် မီဒီယာအဖွဲ့အစည်းတစ်ခုဖြင့် အလုပ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လူတိုင်းကို နေ့စဉ် ပိုက်ဆံပေးနေ သည့် အမှီအခိုကင်းသောအလွတ်တန်းသမား တစ်ဦးအဖြစ်မှ မီဒီယာအဖွဲ့အစည်းတစ်ခု၏ဆောင်ရွက်ပုံနှင့် နေသားကျလာစေရန်ပြုမူ ခဲ့ရပါသည်။ ထိုသူတို့သည် မိမိ၏နောက်လာမည့်အလုပ်အပေါ်တွင်မှီခို နေရကာ သူတို့၏ ယာယီအလုပ်ရှင်ကို စိတ်ချမ်းသာအောင်ပြုမူရလေ့ရှိသည့် အလွတ်တန်းသမားများနှင့် တစ်ခါတစ်ရံတွင် မတူညီသော လုပ်ငန်းဆိုင်ရာကျင့်ဝတ်များရှိပါသည်။ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်အသစ်များစွာသည် အလုပ်လုပ်ရာတွင် အချို့သော နေရာများကို လျှော့ချရန် ဝန်မလေးကြဘဲ သူတို့ ဆောင်ရွက်ပြီးသား အရာတစ်ခုကို ပိုမိုပြည့်စုံစေဖို့ ထပ်မံပြုလုပ်ရန်ပြောဆိုခြင်းကို လွန်စွာ စိတ်ပျက်လေ့ရှိကြပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး talk-show ဖြစ် သည့် ကင်မရာများစွာ အသုံးပြုထားသည့် DVB Debate11 ၏ နိုင်ငံခြားသားထုတ်လုပ်သူတစ်ဦးသည် ပထမဆုံးရှိုးအတွက် ရိုက်ကူး ရေးအသင်းသားများကို ခေါ်ဆိုထားချိန်မှာ စနေနေ့တစ်နေ့ မနက် ၉ နာရီအချိန်တွင်ဖြစ်ကြောင်း ကျွန်ုပ်ကိုပြောပြခဲ့ပါသည်။ ရိုက်ကူးရေး အသင်းသားများသည် မနက် ၁၀ နာရီဝန်းကျင်တွင်မှ စိတ်မပါစွာ ရောက်လာခဲ့ကြပြီး အများစုမှာ အရက်နာကျနေခဲ့ကြသည်ဟု သူက ဆက်လက်ပြောပြခဲ့ပါသည်။ သူက “လိုအပ်တဲ့ပစ္စည်းတွေ ဘယ်မှာလဲ” ဟု မေးလိုက်သောအခါ “ကင်မရာတွေ ယူလာခဲ့ဖို့မှ မပြောလိုက်တာ” ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ အထက်ပါဖြစ်ရပ်သည် တစ်ကြိမ်တစ်ခါတည်းသာဖြစ်ခဲ့သည်ဟု ထင်ရနိုင်သော်လည်း ထိုကဲ့သို့ ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ပါသည်။ DVB Debate သည် လွန်စွာအောင်မြင်သွားခဲ့ပြီး လအနည်းငယ်အကြာတွင် ရိုက်ကူးရေး အသင်းသားများသည် ကောင်းမွန်စွာ လည်ပတ်နေသော စက်တစ်စက် ကဲ့သို့ အလုပ်လုပ်နိုင်ခဲ့ကြပါသည်။ သို့သော် ထိုဖြစ်ရပ်သည် နိုင်ငံခြား သား ထုတ်လုပ်သူများအပေါ် ကောင်းမွန်သည့် အတိုက်အခံအချို့ကို ပြသခဲ့ပါသည်။ နိုင်ငံခြားသား မီဒီယာကျွမ်းကျင်သူတစ်ဦးအနေဖြင့် သင်သည် သင့်နည်းလမ်းမှာ ကြိုးစားကြည့်ရန် ထိုက်တန်ကြောင်း သက်သေပြနိုင်ဖို့ ဆောင်ရွက်ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် မျှတမှုရှိသော သတင်းပညာယဉ်ကျေးမှု တစ်ရပ်ကို ဖော်ဆောင်ရာ၌ ကြီးမားသော အတားအဆီးတစ်ခုမှာ အနောက်တိုင်းသတင်းထောက်များအတွက် အခြေခံဖြစ်သည့် ဖြစ်ရပ်တစ်ခုမှာ ဘက် နှစ်ဖက်စလုံးက ပြောပြနိုင်ရန် ကြိုးစားရ သည့် သဘောတရားဖြစ်ပါသည်။ ၎င်းအချက်သည် မြန်မာ သတင်းထောက်များ၏ တပ်မတော်ကိုယ်စားပြုသူများနှင့် ယင်းတို့ ၏ အဆက်အနွယ်များကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခြင်းများ မဆောင်ရွက်လိုမှုဖြင့် မကြာခဏဆိုသလိုပင် ပေါ်လာလေ့ရှိပါ သည်။ ထိုသို့ဖြစ်ရခြင်းအတွက် အကြောင်းရင်းနှစ်ခုရှိပုံ ပေါ်ပါ သည်။ ပထမတစ်ချက်မှာ “သူတို့ကိုယ် သူတို့သာ ကြွယ်ဝအောင် လုပ်ပြီး လူတွေကို ဆင်းရဲဒုက္ခရောက်စေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လိမ်နေတဲ့သူတွေကို ဘာကြောင့် တွေ့ဆုံ မေးမြန်း မှုပြုမှာလဲ” ဟူသောအချက် ဖြစ်ပါသည်။ နောက်ထပ် ပိုမိုပြီး တွေ့မြင်ရလေ့ရှိသော အကြောင်းပြချက်မှာ အကျိုးဆက်များကို ကြောက်လန့်မှုကြောင့်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ကျွန်ုပ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲအစည်းအဝေးပွဲများအကြောင်း ရိုက်ကူးနေခဲ့ပါသည်။ ကျွန်ုပ်သည် ခရီးသွားရန်နှင့် ရိုက်ကူးရေး အတွက် ဒေသခံသတင်း ထောက်တစ်ဦးကို အသုံးပြုခဲ့ပါသည်။ ကျွန်ုပ်က ရိုက်ကူးရေး လုပ်နိုင်မည့် နေရာတစ်ခုကို လူအုပ်ထဲ တိုးဝှေ့ပြီး ရှာဖွေနေစဉ်တွင် ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်သည် သူ နိုင်ငံရေးအကျဉ်းသားဘဝတွင် သူ့ကို စစ်ကြောရေးလုပ်ခဲ့သောသူ တစ်ဦးကို တွေ့ရှိခဲ့ပါသည်။ ထိုသတင်းထောက်သည် သူတို့၏ အလိုရှိသော စာရင်းထဲတွင် မပါဝင်ခဲ့သော်လည်း ကြောက်လန့် သွားခဲ့ပြီး ထိုနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့ပါသည်။ သူက နောက်ပိုင်းတွင် ဖုန်းဆက်ကာ သူ၏ အပြုအမူအတွက် ပြန်လည် တောင်းပန်ခဲ့ပြီး ကျွန်ုပ်က ဖြစ်ပျက်သွားသည့် ကိစ္စအတွက် နားလည်ကြောင်း ပြန်လည်ပြောခဲ့သော်လည်း ကျွန်ုပ်အနေဖြင့် သူ ၏ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို နားလည်ရန် ခက်ခဲခဲ့သောကြောင့် ထိုပြောဆိုချက်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် လိမ်လည်ခဲ့ ခြင်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့နှစ်ဦးသည် အရင်ကတည်းက အလုပ်အတူတူလုပ်ခဲ့ဖူးကြသော်လည်း တစ်ဦးအကြောင်းတစ်ဦး ပိုမိုလေ့လာရန် လိုအပ်နေခဲ့ဆဲဖြစ်ပါသည်။ လူငယ်သတင်း ထောက်များသည် မျိုးဆက်ဟောင်းများထက် အာဏာပိုင်များနှင့် ပတ်သက်လာလျှင် ယုံကြည်မှု ပိုရှိကြသော်လည်း အတိတ်က အရိပ်ဆိုးများသည် နေရာတိုင်းတွင် ရှိနေဆဲဖြစ်ပါသည်။ သူတို့ သည် စစ်အာဏာရှင်များက ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့မှုကြောင့် ထိခိုက်ခဲ့ခြင်းမရှိပါ။
ကျူးလွန်သူ တရားခံများကို ထည့်သွင်းထားသော မှတ်တမ်း ရုပ်ရှင်များသည် တက်ကြွလှုပ်ရှားသူများက ပုံဖော် ရှင်းပြထားသော မှတ်တမ်းရုပ်ရှင်များထက် ပိုမို အသိအမှတ်ပြုခံခဲ့ရပါသည်။ မိမိနှင့် သဘောတူနေပြီးသားသူများ ကို ထပ်မံဆွဲဆောင်ခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ရုပ်သံသတင်းမျိုး မဖြစ်နိုင်ပေ။
ထိုမှတ်တမ်းရုပ်ရှင်များအတွက် ကျွန်ုပ်နှင့် အတူတူအလုပ်လုပ်ခဲ့သော အကောင်းဆုံး သတင်းထောက်များထဲမှ တစ်ဦးသည် ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရပါသည်။ ကောင်းမွန်သောသတင်းအတွက် ဓမ္မဓိဌာန်ကျသော ချဉ်းကပ်မှုသည် တက်ကြွလှုပ်ရှားသူတစ်ဦး၏ ချဉ်းကပ်မှုထက် ပိုအရေးကြီးကြောင်း သူ့ အနေဖြင့် လက်ခံနိုင်ရန် ကျွန်ုပ်တို့ရက်ပေါင်းများစွာအတူတကွ အလုပ်လုပ်ခဲ့ရပါသည်။ သူ့အနေဖြင့် တပ်မတော်အပေါ် အခဲမကြေမှု ရှိနေသေးကြောင်း ကျွန်ုပ်အနေဖြင့် နားလည်နိုင်သော်လည်း အဆုံးတွင်မူ ဓမ္မဓိဌာန်ကျမှုသည် သူ့အတွက် အသန်မာဆုံး လက်နက်ဖြစ်လာခဲ့ပါသည်။ မြန်မာတပ်မတော်က ရာထူးအဆင့်နိမ့်သော စစ်သားဟောင်းများကို ဆက်ဆံပုံအကြောင်း ယခင် ဦးသန်းရွှေ ခေတ်မှ အနည်းဆုံး ထိပ်တန်းဗိုလ်ချုပ်နှစ်ဦးနှင့် ထိပ်ပိုင်း ဦးဆောင်သူ နှစ်ဦးတို့ကို ၂၀၁၉ ခုနှစ်တွင် တွေ့ဆုံမေးမြန်းထားသည့် မှတ်တမ်း ရုပ်ရှင်တစ်ပုဒ်ကို ကျွန်ုပ်တို့ ဖန်တီးခဲ့ပါသည်။ ထို မှတ်တမ်းရုပ်ရှင်သည် Facebook နှင့် YouTube ပေါ်တွင် ကြည့်ရှုသူ ငါးသန်းကျော်ဖြင့် ကျွန်ုပ်တို့ ဖန်တီးခဲ့သမျှထဲတွင် အအောင်မြင်ဆုံး ဖြစ်လာခဲ့ပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းစဉ်ကာလအတွင်းတွင် အတိတ် အကြောင်းမပြောရန် သဘောတူညီမှုတစ်ရပ် လျှို့ဝှက်စွာ ချမှတ်ထားခဲ့ ခြင်းကြောင့် မြန်မာလူမျိုးများသည် သူတို့၏ ကြမ်းတမ်းခဲ့သော အတိတ်ကာလများထက် လက်ရှိကာလများအကြောင်း အဖြစ်အပျက်များကို ပိုမိုလိုလားတောင်းဆိုလာခဲ့ကြပါ သည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခများနှင့် မတရားမှုများ၏ အတိုင်းအတာကို ငြင်းဆန်မှုသည် မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် စစ်အာဏာရှင်လက် အောက်သို့ ပြောင်ပြောင်တင်းတင်း ပြန်လည်ကျရောက်နေရသည့် အကြောင်းအချက်များထဲမှ တစ်ခုပင်ဖြစ်ပါသည်။ သင့်အနေဖြင့် လူ့ အခွင့်အရေးများကို ကြီးမားစွာ လျစ်လျူရှုပါက လူ့အခွင့်အရေး ချိုးဖောက်မှုအသစ်များအတွက် အုတ်မြစ်ချပေးခြင်းကို ပြုလုပ်နေခြင်း ပင် ဖြစ်ပါသည်။
အတိတ်ဆိုးကို စုပေါင်းစီမံကိုင်တွယ်ဆောင်ရွက်ရာတွင် သတင်း မီဒီယာများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်ုပ်တို့ ဖန်တီးထုတ်လုပ်ခဲ့သော ၁၉၉၀ နှစ်လည်များအတွင်း ကယားပြည်နယ် တွင်းရှိ အတင်းအဓ္ဓမစေခိုင်းခံရမှုများအကြောင်း မှတ်တမ်းရုပ်ရှင် ထဲတွင် ကျွန်ုပ်တို့သည် ထိုအတင်းအဓ္ဓမစေခိုင်းသူများအား သတ်ဖြတ် မှုများအတွက် တာဝန်ရှိသည့် တပ်မတော်အရာရှိများသာမက ကရင်နီ ရွာသားများအများစုဖြစ်ကြသည့် နစ်နာသူများကိုလည်း တွေ့ဆုံမေး မြန်းခြင်းများပြုလုပ်ခဲ့ပါသည်။ အတင်းအဓ္ဓမခိုင်းစေခံခဲ့ရသော လုပ်သားတစ်ဦးက သူ၏အဖြစ်အပျက်ကို – သူ့အနေဖြင့် မည်ကဲ့သို့ လွတ်မြောက်ရန်ကြိုးစားခဲ့ပုံ၊ သူ၏သူငယ်ချင်းများ သူ့မျက်စိရှေ့တွင် သေဆုံးခဲ့ပုံ၊ သူခံခဲ့ရသောပြစ်ဒဏ်ပေးမှုများ – ပြောပြခဲ့ပါသည်။ သူ၏ နောက်ဆုံးပြောဆိုချက်ထဲတွင် သူသည်နှစ်ပေါင်း ၂၅ နှစ်အကြာတွင် သူ၏အဖြစ်အပျက်ကို မျှဝေခွင့်ပေးသော မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူများအား မျက်ရည်များဖြင့် ကျေးဇူးတင်စကားပြော ကြားခဲ့ပါသည်။ သင့်အနေဖြင့် နာကျင်မှုကို ကိုယ်တိုင်ခံစားရချိန်၊ အဖြစ်အပျက်တစ်ခုသည် သင့်နှလုံးသားကို အမှန်တကယ်ထိတွေ့ချိန်သည် မီဒီယာက အတိတ်ကို စီမံကိုင်တွယ်ဆောင်ရွက်ခြင်း အား လုပ်ဆောင်နိုင်သည့်အချိန်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ သန်းနှင့်ချီသောလူများအတွက် အထူးသဖြင့် ယခု တပ်မတော်က နိုင်ငံ၏ သမိုင်းထဲတွင် ပိုမိုသွေးမြေကျမှုများသော၊ ပိုမိုစိတ်ဆင်းရဲဖွယ်ကောင်းသော နောက်ထပ် အခန်းကဏ္ဍတစ်ခု ကို ထည့်သွင်းလိုက်သောကြောင့် စိတ်ဒဏ်ရာကို စီမံကိုင်တွယ်ဆောင်ရွက် ခြင်းသည် မည်မျှအရေးကြီးကြောင်း ကျွန်ုပ် အလေးပေး ပြော၍ လုံ လောက်နိုင်မည်မထင်ပါ။ အခွင့်အရေးရတိုင်းမှာ နိုင်ငံရေးသမားများ၊ ထောက်ပံ့သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများတို့သည် အတိတ်မှ ကူးပြောင်းကျော်လွန်ကာ ‘ပြန်လည်စတင်ခြင်း (reset) ခလုတ်ကို နှိပ် ပြီး’ ပိုကောင်းမွန်သော နိုင်ငံတစ်နိုင်ငံကို တည်ဆောက်လိုကြပါသည်။ သို့သော် အတိတ်ကိုငြင်းဆန်ကာ ခံစားခဲ့ရသူများအတွက် ထိုသူတို့၏ ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသထွက်မှုများကိုဖော်ထုတ်နိုင်မည့် ကြားခံလမ်း ကြောင်းတစ်ခု ပေးအပ်ရန် ငြင်းဆန်ခြင်းသည် တိုင်းပြည် ၏ လက်ရှိအခြေအနေ၌ ရောက်ရှိနေရသည့် အကြောင်းပြချက်များကို သင့်အနေဖြင့် စီမံကိုင်တွယ်ဆောင်ရွက်လိုခြင်းမရှိဟု အဓိပ္ပာယ်သက် ရောက်ပါသည်။
အထူးသဖြင့် သင့်တိုင်းပြည်သည် လူမှုရေးနှင့် စီးပွားရေးဖွဲ့စည်းပုံဆိုင်ရာ ဆိုးဆိုးဝါးဝါးမညီမျှမှု ဖြစ်နေချိန်တွင် ဤချက်သည် ပို၍ပင်မှန်ကန်နေပါသည်။
ကျွန်ုပ်သည် Anglo-Saxon သတင်းပညာကို ဒတ်ချ်လူမျိုးတို့၏ လှည့်ကွက်တစ်ကွက်ဖြင့် လေ့ကျင့်သင်ကြားထားခဲ့ပါသည်။ ကျွန်ုပ် လုပ်နိုင်သည့်အရာမှာ ဒေသတွင်းရှိ ယဉ်ကျေးမှုများနှင့် အလေ့အထ များကိုလေးစားကာ အခြားသူများကိုလည်း ထိုနည်းအတိုင်း လေ့ကျင့်ပေးခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်နှင့် ကျွန်ုပ်၏အဖွဲ့သားများမှ ဖန်တီးခဲ့သော မှတ်တမ်းရုပ်ရှင်များမှာ မြန်မာနိုင်ငံသား ကြည့်ရှုသူများ အတွက်သာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သောကြောင့် နိုင်ငံတကာမှ ကြည့်ရှုသူတိုင်းသည် ကျွန်ုပ်တို့အတွက် အပိုဆုသဖွယ်ဖြစ်ခဲ့ပြီး ကျွန်ုပ်အနေဖြင့်လည်း ကျွန်ုပ်လုပ်ဖော်ကိုင်ဖက်များ၏ သတင်းထောက်ဗီဇဓာတ်ခံကို ယုံကြည်ရန်လိုအပ်ခဲ့ပါသည်။ အနောက်တိုင်းမှလူ့အန္ဓတစ်ဦးသာလျှင် ၎င်းသည် ထိုနိုင်ငံအကြောင်း ထိုနိုင်ငံအတွင်း နေထိုင်နေသောသူများထက် ပိုနားလည်သဘောပေါက် သည်ဟု ထင်ပါလိမ့်မည်။ ကျွန်ုပ်အနေဖြင့် မည်သည့်အဖြစ်အပျက် များသည် ဖော်ပြမှုအလိုအပ်ဆုံးဖြစ်သည်ကို ကျွန်ုပ်၏အသိစိတ်ထဲတွင် ခံစားနေရဆဲဖြစ်ပါသည် (ထိုခံစားချက်ကို အလုပ်လုပ်နေခဲ့သော နှစ်များအတွင်း လေ့လာခဲ့မိသည်မျိုးလည်းဖြစ်နိုင်ပါသည်)။ ကျွန်ုပ် အနေဖြင့် အုပ်စုလိုက်သတင်းလိုက်ခြင်း (herd-journalism) (မီဒီယာ များအားလုံးသည် အကြောင်းအရာတစ်ခုကိုတစ်ချိန်တည်းတွင် ဖော်ပြပြောဆိုကြခြင်း)၏ လွှမ်းမိုးမှုကိုမခံရခြင်းဖြင့် အများထက် သာသော အချက်တစ်ချက်ရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် အပြင်ပန်းအား ဖြင့် စုံစမ်းစစ်ဆေးရေးမှတ်တမ်းရုပ်ရှင်ကားအရှည်များ ဖန်တီးရာတွင် အာရုံစိုက်ထားခဲ့သော်လည်း တစ်ခါတစ်ရံတွင် ကျွန်ုပ်၏အဖွဲ့သားများသည် လူတိုင်း၏အာရုံစိုက်မှု အလယ်တွင်ရောက်ရှိနေသည့် အကြောင်းအရာအသစ်တိုင်းဆီသို့ ခုန်ကူးရန်သည့်စိတ်ဖြစ်လာကာ ထိုလမ်းကြောင်းဘက် သွားချင်ခဲ့ကြပါသည်။ အုပ်စုကြီးအနေဖြင့် အခြားသောအကြောင်းအရာအသစ်ဆီသို့ ကူးပြောင်းသွားပြီး နောက်မှသာလျှင် ကျွန်ုပ်တို့အနေဖြင့် ကနဦး အကြောင်းအရာအပေါ်သို့ စိတ်ဝင်စားလာသင့်ကြောင်း ကျွန်ုပ်၏အသင်းသားများကို ရှင်းပြခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးမှတ်တမ်းတမ်းရုပ်ရှင်များသည် အချိန်လိုအပ်ပါသည်၊ လူများအနေဖြင့် ကနဦးအကြောင်းအရာအပေါ် ပြန်လည်ဆန်းစစ်ပြီးပြောဆိုမှုများပြုလုပ်ရန်လိုအပ်ပါသည်၊ ထို့အပြင် ထိုအကြောင်းအရာအပေါ် မီဒီယာမုန်တိုင်းငြိမ်သက်သွားသည့် အချိန်မှ သာ ပြန်လည်ဆန်းစစ်ပြောဆိုမှုများ ဖြစ်လေ့ရှိပါသည်။
မြန်မာနှင့် အနောက်တိုင်းသတင်းထောက်များအကြား ပူးပေါင်း ဆောင်ရွက်မှုသည် မကြာခဏဆိုသလိုပင် ဘာသာစကား အတား အဆီးများကြောင့် နှောင့်နှေးမှုများရှိခဲ့ပါသည်။ စစ်အစိုးရအောက်တွင် အရည်အသွေးမကောင်းသောပညာရေးကြောင့် အနည်းငယ်သော သတင်းထောက်များသာလျှင် အင်္ဂလိပ်စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြပါသည်။ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်ကောင်းများစွာ သည် အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အခက်အခဲများရှိ သော်လည်း အင်္ဂလိပ်ဘာသာစကားကို ကိုယ်ထူကိုယ်ထ သင်ယူခဲ့ ကြခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားကိုသင်ယူရန်ငြင်းဆန်သော သတင်းထောက် အုပ်စုတစ်စု (ထူးဆန်းသည်မှာ အများစုသည် အမျိုးသားများဖြစ် နေခြင်း) ရှိခဲ့ပါသည်။ ကျွန်ုပ်၏ဆောင်ပုဒ်မှာ အမြဲတမ်း – မြန်မာ သတင်းထောက်ကောင်းတစ်ဦးဖြစ်ပါက အင်္ဂလိပ်ဘာသာစကား ကိုလည်း တတ်ရပါမည်၊ အဘယ်ကြောင့်ဆိုသော် သူ/သူမသည် နိုင်ငံခြားသားများနှင့် အမြဲတမ်းပြောဆိုဆက်ဆံနိုင်ရန် လိုအပ်သော ကြောင့်ဖြစ်ပြီး အာရှအပါအဝင် နိုင်ငံတကာသတင်းပညာတွင် အင်္ဂလိပ် ဘာသာစကားသည် အများသုံးဘာသာစကားဖြစ်ပါသည်။
မှတ်တမ်းရုပ်ရှင်များအတွက် နောက်ခံစကားပြောများ ရေးသားရာ တွင်လည်း ဘာသာစကားသည် ပြဿနာတစ်ရပ်ဖြစ်ခဲ့ပါသည်။ ပုံမှန် အားဖြင့် ကျွန်ုပ်တို့သည် ဗမာလိုဇာတ်ကြောင်းဖြင့်စလေ့ရှိပြီး ၎င်းအား အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ တည်းဖြတ်ပြီး ဗမာဘာသာသို့ ပြန်လည် ပြန်ဆိုလေ့ရှိပါသည်။
အင်္ဂလိပ်နောက်ခံစကားပြောဖြင့် ၂၇ မိနစ်ရှိသောမှတ်တမ်းရုပ်ရှင် တစ်ပုဒ်သည် ဗမာနောက်ခံစကားပြောထည့်သွင်းပါက မိနစ် ၃၀ ကြာ သောမှတ်တမ်းရုပ်ရှင်တစ်ပုဒ်ဖြစ်လာပါသည်။ အစောပိုင်းတွင် ကျွန်ုပ်သည် ထိုအချက်မှာ ဗမာသဒ္ဒါ၏ ရှိရင်းစွဲကြောင့်ဟု ထင်ခဲ့ သော်လည်း နောက်ပိုင်းတွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များမှာ သပ်ရပ်လှပသောအရေးအသားမျိုးကို သဘောကျသောကြောင့်ဖြစ် ကြောင်း သိခဲ့ရပါသည်။ တစ်ခါတစ်ရံတွင် ကြည့်ရှုသူများမှ “ဇာတ် ကြောင်းရေးထားတာ အရမ်းကောင်းတယ်” ဟု မှတ်ချက်ပေး ခဲ့ကြပါသည်။ ဇာတ်ကြောင်းများအား ဆိုးဝါးစွာရေးသားရမည်ဟု မဆိုလိုသော်လည်း ဇာတ်ကြောင်းရေးသားရာတွင် လိုရင်းတိုရှင်း ဖြစ်မှုကို ဦးစားပေးသင့်ပါသည်။ ကျွန်ုပ်တို့၏ အလုပ်သဘောသဘာဝ အရ သင့်အနေဖြင့် မြန်မာနိုင်ငံရှိ ဖြစ်နိုင်ချေရှိသော ပရိသတ်တိုင်းဆီသို့ ရောက်ရှိဆက်သွယ်နိုင်ရန်လိုအပ်ပြီး ဆိုလိုသည်မှာ အတန်းပညာ များစွာမရှိထားသော သူများထံကို ရောက်ရှိစေလိုခြင်းဖြစ်ပါသည်။ သင့် အနေဖြင့် စာပေအနုပညာဖန်တီးလိုပါက စုံစမ်းစစ်ဆေးရေး မှတ်တမ်းရုပ်ရှင်များ ဖန်တီးရာတွင် မပါဝင်သင့်ပါ။ ကျွန်ုပ်သည် ကျွန်ုပ် ၏အဖွဲ့သားများကို ပြတ်သားရှင်းလင်းသော နောက်ခံစကားပြောများ ရေးသားရန် နားချခဲ့သော်လည်း သိပ်ပြီးခရီးမတွင်ခဲ့ပါ။ တစ်ခါတစ်ရံ တွင်တော့လည်း သင်ရောက်ရှိနေတဲ့နေရာကို လက်ခံရမည် မဟုတ်ပါ လား။
ကျွန်ုပ်တို့၏ စီမံကိန်းသည် မြန်မာနိုင်ငံရှိ သတင်းပညာကို ကျွမ်း ကျင်ပညာရပ်နယ်ပယ်တစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ခြင်းအတွက် အစိတ်အပိုင်းငယ်လေးတစ်ခုသာ ဖြစ်ပါသည်။ လွတ်လပ်သော သတင်းပညာသည် လုံးလုံးမတည်ရှိနေရာမှသည် အထူးသဖြင့် ၂၀၁၀ ခုနှစ်များအစောပိုင်း၌ ပုံနှိပ်ထုတ်ဝေမှုများတွင် ရွေးချယ်ရန် မီဒီယာများစွာရှိလာသည်အထိ တိုးပွားလာခဲ့ပါသည်။ သို့သော် ထို ပျော်ရွှင်မှုသည် ရေရှည်မခံခဲ့ပါ။ ထိုကဲ့သို့ မီဒီယာများပြန့်ကြဲ နေခြင်းသည် မည်ကဲ့သို့သော စီးပွားရေးအခြေခံအကြောင်းရင်းမျှ မရှိသည်ကို အချိန်ခဏအတွင်း သက်သေပြလာနိုင်ခဲ့ကာ သတင်း ထောက်များသည်လည်း ၎င်းတို့၏ အထက်လူကြီးများထံမှ အမှတ်ရရန် အတွက်သာ အတင်းတွန်းပို့ခဲ့သောကြောင့် သူတို့၏ သတင်းများကို အဖက်ဖက်မှပြည့်စုံအောင် တင်ပြနိုင်ခြင်းမရှိသည့်အတွက် ပြဿနာ များဖြစ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ထောက်ပံ့သူများသည်လည်း မြန်မာနိုင်ငံရှိမီဒီယာများအတွက် သူတို့၏ ထည့်ဝင်မှုများကို လျှော့ချ လာခဲ့ပါသည်။ ထိုအချက်သည် သူတို့ပြုလုပ်ခဲ့သည့် အကြီးမားဆုံး အမှား ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း ထောက်ပံ့သူများ အနေဖြင့် ထိုသို့လုပ်ခဲ့ရခြင်းအတွက် အကြောင်းပြချက်ကောင်းတစ်ခု ရှိနေပြန်ပါသည်။ ထောက်ပံ့မှုများသည် မီဒီယာအဖွဲ့အစည်းများ အတွက် စွဲလန်းဖွယ်ဖြစ်ခဲ့သလို ပြိုင်ဆိုင်မှုများကိုလည်း ယိုယွင်းစေခဲ့ပါ သည်။ သို့သော် ယခုမှ စတင်သော သတင်းအဖွဲ့အစည်းတစ်ခုအတွက် ဝင်ငွေဖန်တီးနိုင်ချေသည် လွန်စွာ ကျဉ်းမြောင်းကာ အတည်တကျ ရုပ်သံသတင်းအစီအစဉ်တစ်ခုကို ထုတ်လွှင့်ရာတွင် သင့်ကို ကျောထောက်နောက်ခံပေးထားသော (နိုင်ငံတကာ) ကုမ္ပဏီကြီးတစ်ခု မရှိပါက (မြန်မာနိုင်ငံတွင် အတည်တကျ သတင်းနယ်ပယ်အတွက် ထိုကဲ့သို့သော ကုမ္ပဏီများမရှိပါ – ၎င်းတို့သည် ဘောလုံးပွဲများနှင့် The Voice12 ကဲ့သို့ နိုင်ငံတကာ အစီအစဉ်များအတွက်သာရှိခဲ့ကြပါသည်) အထောက်အပံ့လိုကြောင်း ထိုထောက်ပံ့သူများအတွက် အလုပ်လုပ်ပေး နေခဲ့သည့် ပညာတတ်ပုဂ္ဂိုလ်များအနေဖြင့် သိရှိခဲ့သင့်ပါသည်။ အရှေ့ တောင်အာရှ၏ အခြားသော အစိတ်အပိုင်းများတွင်လည်း ဓမ္မဓိဌာန် ကျပြီး လွတ်လပ်သော ရုပ်သံသတင်းများသည် ဦးစားပေး စာရင်းထိပ်တွင် ရှိမနေပါ။ Mediacorp13 သည် မြန်မာနိုင်ငံရှိ ယင်းတို့၏ စီမံကိန်းများအား ပါတီပွဲကြီးကျဉ်းပပြီး စတင်ခဲ့ချိန်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်ချန်နယ်ဖြစ်သည့် Channel News Asia ၏ တာဝန်ရှိသူနှင့် သူမ၏ အသင်းသားများကိုဖိတ်ခေါ်ရန် မေ့လျော့ သွားခဲ့ပါသည်။ ထိုအချက်သည် Mediacorp အနေဖြင့် သူတို့၏ သတင်းချန်နယ်အား မည်မျှအလေးထားကြောင်း ပြသနေပါသည်။
ထောက်ပံ့သူများအနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော ရုပ်သံသတင်းများသည် သူတို့ကိုယ်တိုင် ထောက်ပံ့ကာ ရပ်တည် နိုင်မည်မဟုတ်ကြောင်း သဘောပေါက်ခဲ့သင့်ပါသည်။ မြန်မာ နိုင်ငံတွင်သာမကဘဲ အခြားမည်သည့်ဖွံ့ဖြိုးဆဲ နိုင်ငံတွင်မှာမှ ထို အချက်သည် လက်တွေ့မဖြစ်နိုင်ပါ။ အနောက်တိုင်းအစိုးရများသည် လေးနက်တည်ကြည်သောသတင်းပညာ အထူးသဖြင့် မှတ်တမ်းရုပ်ရှင် များနှင့် စုံစမ်းစစ်ဆေးရေးသတင်းပညာကို ထောက်ပံ့ကြသော်လည်း မြန်မာနိုင်ငံတွင် လွတ်လပ်သောသတင်းမီဒီယာ အသစ်များသည် ထောက်ပံ့သူကို မှီခိုမှုအားလျှော့ချနိုင်ရေးအတွက် ကိုယ်ပိုင်ဝင်ငွေကို ကိုယ်တိုင်ရှာဖွေကြရပါသည်။ ထိုသို့ထောက်ပံ့သူများကိုမှီခိုသော အခြေအနေကိုလည်း ထောက်ပံ့သူ များကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။
ထောက်ပံ့သူအများစု ကြိုမမြင်ခဲ့သည့် အချက်တစ်ချက်မှာ မင်းအောင်လှိုင်၏ အာဏာသိမ်းမှုဖြစ်ပါသည်။ ကျွန်ုပ်သည် ငွေကြေး အမြောက်အမြားရရှိသည့် နိုင်ငံရေးအကြံပေးသူတစ်ဦးမဟုတ်သော်လည်း ဒီမီုကရေစီအုပ်ချုပ်ရေး ကာလတစ်ရပ်နောက်တွင် စစ်တပ်အာဏာသိမ်းမှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနိုင်ပါသည်။ ထိုအချက်သည် ယုတ္တိရှိပြီး မြန်မာနှင့် အခြားသော ဆင်တူသည့်နိုင်ငံများအတွက် အစဉ်အလာ တစ်ရပ်ဖြစ်ပါသည်။ အာဏာသိမ်းမှုမတိုင်မီညတွင် စစ်တပ်အာဏာ သိမ်းခြင်းဟူသော ခြိမ်းခြောက်မှုတစ်ရပ်သည် ဆက်လက်မတည် ရှိတော့ ဟူသောအချက်အား ရည်ညွှန်းသည့်အနေဖြင့် ကျွန်ုပ်သည် ဝါရင့်သတင်းထောက်တစ်ဦးနှင့် ရန်ကုန်တွင် ဝိုင်သောက်ခဲ့ပါသည်။ ထိုရက် မတိုင်မီတွင် မင်းအောင်လှိုင်သည် အာဏာသိမ်းမှုဖြစ်လာနိုင် စရာ မရှိကြောင်းပြောဆိုခဲ့ (ရုရှားမှ ယူကရိန်းအား မကျူးကျော်ဘူးဟု ဆိုခဲ့သလို)ပါသည်။ ကျွန်ုပ်တို့အားလုံး မှားသွားခဲ့ပါသည်။ သို့သော် အထူးသဖြင့် အတိုင်ပင်ခံများနှင့် ထောက်ပံ့သူများသည် ထိုအချက်အား သိရှိထားခဲ့သင့်ပြီး အနည်းဆုံး ဖြစ်နိုင်ချေတစ်ရပ်ဟု သတ်မှတ်ထားခဲ့ သင့်ပါသည်။
ထိုကဲ့သို့ ယူဆချက်မှားယွင်းမှုသည် ထောက်ပံ့သူများ၏ ပြုလုပ်မှုကြောင့်သာမကဘဲ မြန်မာမီဒီယာ၏ ပြုလုပ်မှုကြောင့်လည်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကျွန်ုပ်သည် DVB ၏ စီမံအုပ်ချုပ် ရေးအား အကယ်၍ စစ်တပ်က အာဏာသိမ်းမှုထပ်မံပြုလုပ်ပါက နိုင်ငံ ပြင်ပသို့ ထွက်ခွာနိုင်ရန် လမ်းကြောင်းရှာထားသင့်ကြောင်း အကြံပြုခဲ့ စဉ်တွင် ဝိုင်းရယ်ခြင်းခံခဲ့ရပါသည်။ ထောက်ပံ့သူများသည် ၎င်းတို့၏ လွှမ်းမိုးမှုကိုအသုံးချကာ မီဒီယာအဖွဲ့အစည်းများအား ထိုကဲ့သို့ ထွက်ခွာရန်ဗျူဟာတစ်ရပ် ရေးဆွဲထားဖို့ ဖိအားပေးခဲ့သင့်ပါသည်။ ထိုနည်းလည်းကောင်းပင် မတူညီသောမီဒီယာများ အားလုံးလိုလိုတွင် ရှိနေသည့် ရှေးရိုးစွဲ စီမံအုပ်ချုပ်သည့် ယဉ်ကျေးမှုကိုလည်း ကြားဝင် စွက်ဖက်ခဲ့သင့်ပါသည်။ ထောက်ပံ့သူများမှ “ဒါက တော်တော်လေးလွန်နေပြီ။ ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ ပါတနာတွေ ကို ဘာလုပ်ဖို့မှ ဖိအားပေးလိုမရဘူး” ဟု ပြောကောင်းပြောနိုင်ပါသည်။ ထိုအချက်ကို နားလည်ပေးနိုင်သော်လည်း ကျွန်ုပ်သည် မြန်မာ လုပ်ဖော်ကိုင်ဖက်များနှင့် ဗီဒီယိုတည်းဖြတ်ခြင်း ဆောင်ရွက်နေစဉ်တွင် ဆိုးဝါးသော သို့မဟုတ် အန္တရာယ်ရှိသော အမှားတစ်ခုတွေ့ပါက “ဒီအချက်ကို ပြန်စဉ်းစားကြည့်ချင်သလား” ဟု ကျွန်ုပ်မပြောပါ။ “ဒီလောက်ထိ အန္တရာယ်များတဲ့ အမှားတစ်ခုကို ဘယ်လိုလုပ်လိုက် တာလဲ” ဟု ပြောမည်ဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ လူကြီးများ ထံမှ ထိုကဲ့သို့ သင်ယူကြီးပြင်းခဲ့ရသောကြောင့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း ထိုနည်းအတိုင်းပင် သင်ယူကြီးပြင်း စေပါသည်။ ထိုသို့ပြုလုပ်ခြင်းအား သူတို့ကြိုက်ချင်မှ ကြိုက်ကြပါ လိမ့်မည်၊ သို့သော် ထို့သို့ပြုလုပ်ခြင်းကြောင့်သူတို့အနေဖြင့် ကျွန်ုပ် သည် ပိုမိုကောင်းမွန်သော မှတ်တမ်းရုပ်ရှင်များဖန်တီးရေးကိုသာ အာရုံစိုက်ကြောင်း သိရှိစေပြီး သူတို့လိုလားသည်ဖြစ်စေ၊ မလိုလား သည်ဖြစ်စေ သူတို့၏ အနာဂတ်ခေါင်းဆောင်မှုအတွက် ကျွန်ုပ်အနေ ဖြင့် သူတို့ကို ပြင်ဆင်ပေးလိုပါသည်။ သူတို့အနေဖြင့် မှတ်တမ်းရုပ်ရှင် တစ်ပုဒ်ကို တည်းဖြတ်နေသည့်အကြောင်း အိပ်မက်ဆိုးမက် သောကြောင့် တစ်ခါတစ်ရံတွင် ညလယ်ခေါင်၌ ချွေးစေးများ ပြန်ပြီး လန့်နိုးတတ်ပါက ကျွန်ုပ်အနေဖြင့် “သူတို့၏စိတ်ထဲတွင် ‘ရေရှည်ခံ မည့်’ အပြောင်းအလဲတစ်ခုဖြစ်သွားပြီ” ဟု ဆိုရပါလိမ့်မည်။
နိဂုံး
ဤဆောင်းပါးသည် သင့်အနေဖြင့် ပေတံတစ်ချောင်းဖြင့် တိုင်းတာနိုင်သည့် အကြောင်းအရာတစ်ခုမဟုတ်ပေ။
ဤဆောင်းပါးသည် မြောက်အမေရိက၊ ဥရာပနှင့် ဩစတေးလျမှ ငွေကြေးထောက်ပံ့မှုများနှင့် အားထုတ်မှုများ၏ ကျေးဇူးကြောင့် မြန်မာနိုင်ငံတွင် သတင်းပညာဆိုင်ရာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပွား ခဲ့သည့် ပြီးခဲ့သောနှစ်ပေါင်း တစ်ဆယ့်နှစ်နှစ်အတွင်းက အတွေ့အကြုံ များဖြစ်ပါသည်။ မြန်မာသတင်းထောက်များအနေဖြင့် အံ့ဩဖွယ်ရာ များ ဆောင်ရွက်ခဲ့(တစ်ခါတစ်ရံတွင် မှားယွင်းခဲ့)သည့် ကာလတစ်ခု ဖြစ်ပါသည်။ ခြုံပြီးပြောရလျှင် ကျွန်ုပ်တို့၏ ပိုမိုကောင်းမွန်သော ထင်မြင်ချက်နှင့် ဆန့်ကျင်နေနိုင်သော်လည်း ထာဝရ သတင်းလွတ်လပ်ခွင့်ကို အိပ်မက်မက်ခဲ့သည့် ကာလတစ်ရပ် ဖြစ်ပါသည်။ ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရောက်လာ ခဲ့ပြီး ထိုအိပ်မက်အားလုံး တစ်ပြိုင်နက်တည်း ပြိုကွဲသွားခဲ့ပါသည်။
ထိုဆိုးဝါးသည့် နေ့ရက်နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်း များနှင့် စစ်ဗိုလ်ချုပ်များက Pavlovian Reaction အတိုင်း မီဒီယာ အများစုအား တားမြစ်ခဲ့ပုံကို ကျွန်ုပ် ပိုမိုရှင်းပြရန် မလိုအပ်ပါ။ အာဏာ သိမ်းမှုအတွက် အကြောင်းပြချက်ဖြစ်ခဲ့သည်။ ထိုပုဂ္ဂိုလ်တို့ဆိုသော “ရွေးကောက်ပွဲမသမာမှု” သည် မီဒီယာများနှင့် မည်သို့မည်ပုံ သက်ဆိုင် နေခဲ့ပါသလဲ။ ပြောရလျှင် ကျွန်ုပ်တို့၏ သတင်းထောက်တစ်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲ ၏ခနော်နီခနော်နဲ့ ပြင်ဆင်မှုများအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပင် ရိုက်ကူးခဲ့ပါသေးသည်။ ၎င်း ရွေးကောက်ပွဲသည် ကိုဗစ် – ၁၉ ကပ်ရောဂါဖြစ်နေသည့်ကြားကပင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယင်းတို့ အပြတ်အသတ်အနိုင်ရမည်ကို မျှော်လင့်ခဲ့သောကြောင့် ကျင်းပရန် ရှေ့ ဆက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေးသမားတွေပေါ့… သူတို့မရှိရင် ကျွန်ုပ်တို့ ဘယ်လိုများလုပ်ကြမလဲ။
ထောက်ပံ့သူများအနေဖြင့် မြန်မာစာနယ်ဇင်းလောကကို ဆက် လက်ပြီး ပြည့်ပြည့်ဝဝထောက်ပံ့ခြင်းဖြင့် သူတို့ပြုလုပ်ခဲ့သည့် အမှား တချို့အတွက် ပြန်လည်ပေးဆပ်နိုင်သည်သာမက “အာဏာသိမ်းမှုအား ဆန့်ကျင်သူများကို ပွင့်ပွင့်လင်းလင်းထောက်ခံမှုမရှိဘဲ သူတို့ အကြောင်း မည်ကဲ့သို့ စုစည်းတင်ပြမည်နည်း” ဟူသော မေးခွန်းကို လည်း ဖြေရှင်းရာရောက်ပါသည်။ ဝေဖန်မှုနှင့်ပတ်သက်ပြီး ပြဿနာ ကြီးတစ်ရပ်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆောင်ရွက်ချက်များကို မည်ကဲ့သို့ စုစည်းတင်ပြမည်နည်း။ ဤအချက် များသည် ယခု စစ်တပ်က ဖန်တီးလိုက်သည့် ကစဉ့်ကလျား ဖြစ်မှုများ နှင့် ဆင်းရဲဒုက္ခများထဲမှ အရေးကြီးသော ကိစ္စရပ်များဖြစ်ပါသည်။ သတင်းလောကအတွက် ထောက်ပံ့ငွေများလျှော့ချခြင်းနှင့် အဝေး ရောက် မီဒီယာအေဂျင်စီများသည် ထောက်ပံ့ငွေအတွက် အချင်းပွားနေ ကြကြောင်း ကောလာဟလများ ထွက်ပေါ်နေပါသည်။ သတင်းပညာ သည် သွေးမြေမကျဘဲ စစ်အစိုးရကို ထိုးနှက်နိုင်သည့် ထိရောက်မှု ရှိသော လက်နက်တစ်ခုဖြစ်သောကြောင့် အထက်ပါကိစ္စများ ဖြစ်နေ ခြင်းသည် ရှက်ဖွယ်ကောင်းပါသည်။ ထို့အပြင် ပိုမိုအရေးကြီးသည့် အချက်တစ်ချက်ဖြစ်နိုင်သည့် အနာဂတ်ဒီမိုကရေစီကာလအတွင်းတွင် (အကယ်၍ ရောက်ရှိလာခဲ့ပါက) နိုင်ငံရေးသမားများကို ဘက်မလိုက်ဘဲ စောင့်ကြည့်ဝေဖန်နိုင်မည့် ယန္တရားတစ်ခုလည်း ဖြစ်ပါသည်။ NLD မှ ပြုလုပ်ခဲ့သည့် မဟာအမှားမှာ ယင်းတို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် နိုင်ငံသားများကို လုံလောက်စွာ ထည့်သွင်းပါဝင်ခဲ့ခြင်းမရှိမှုဖြစ်ပါသည်။ တပ်မတော်ကဲ့သို့ပင် NLD သည်လည်း ပြည်သူများကို “ငါတို့က မိဘတွေဖြစ်ပြီး မင်းတို့က ငါတို့ရဲ့ သားသမီးတွေဖြစ်တယ်၊ ငါတို့မင်းတို့အတွက် အားလုံးကို စီစဉ် ပေးမယ်” ဟူသောပုံစံမျိုးဖြင့် ဆက်ဆံခဲ့ပါသည်။ ထိုကဲ့သို့သော သဘောထားဖြင့် ချဉ်းကပ်မှုသည် သာမန်ပြည်သူလူထု အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိသော သူများ၏ ခွန်အားကို လျှော့တွက်ရုံသာ မကဘဲ အကျင့်ပျက်ခြစားမှုနှင့် အာဏာရှင်ဝါဒအတွက်လည်း လမ်း ဖောက်ပေးသလိုဖြစ်ခဲ့ပါသည်။ အမှန်တရားနှင့်ပတ်သက်ပြီး ဂရုပြုလေ့ သိပ်မရှိသော စစ်အာဏာရှင်များ၊ အစိုးရများနှင့် အတိုက်အခံ အဖွဲ့များကို ဆန့်ကျင်နေသည့် စွမ်းအားကြီးမားသောလက်နက်မှာ တိကျရိုးသားသော စာနယ်ဇင်းပင်ဖြစ်ပါသည်။ ‘သတင်းတုများ’ ပေါ် ထွက်မှုများနေသည့်ကာလများတွင် ပို၍ပင် အရေးကြီးပါသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိကာလကဲ့သို့ အဆိုးဝါးဆုံးအချိန်မျိုးသည် စိတ်ကူးယဉ်မှုမပါဘဲ အချက်အလက်များ ကိုသာ အတတ်နိုင်ဆုံးဖော်ပြထားသည့် ညီမျှမှုရှိပြီး ဘက်လိုက်မှု မရှိသည့် အကြောင်းအရာများကို လူအများအနေဖြင့် ကြားရ၊ မြင်ရ၊ ဖတ်ရရန် လိုလားသင့်သည့် ထိုက်တန်သည့် အချိန်မျိုးဖြစ်သော ကြောင့် ဖြစ်ပါသည်။
အဆုံးမှတ်စုများ
1 Culture industry (သို့မဟုတ် ဂျာမန်ဘာသာစကားတွင် ‘Kulturindustrie’ အမည်ရှိ) ဟူသောအခေါ်အဝေါ် သည် ၁၉၄၄ ခုနှစ်တွင် Horkheimer နှင့် Adorno တို့မှရေးသားခဲ့သည့် Dialect of Enlightenment (1972, pp. 120-147) ထဲရှိ “The Culture Industry: Enlightenment as Mass Deception” အမည်ရှိ အခန်းတွင်ပထမဆုံးဖော်ပြခြင်းခံခဲ့ရပါသည်။ ၎င်းတို့မှ လူကြိုက်များသောယဥ်ကျေးမှုသည် လူ့ဘောင်အဖွဲ့အစည်းအများစုကိုတက်ကြွလှုပ်ရှားမှုမရှိစေရန်အသုံးပြုသည့် စံသတ်မှတ်ချက်များဖြင့် ထုတ်လုပ်ထားသော ရုပ်ရှင်များ၊ ရေဒီယိုအစီအစဥ်များ၊ မဂ္ဂဇင်းများ အစရှိသည်တို့ဖြစ်ကြောင်း ဆိုခဲ့ပါသည်။
2 RTL-Veronique သည် CLT (Compagnie Luxembourgeoise de Télédiffusion) ၏ ဒတ်ချ်ပိုင်ကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် RTL Group SA ဟုခေါ်ပါသည်။ ၎င်းကုမ္ပဏီသည် ၁၉၅၄ ခုနှစ်ကတည်းက Luxembourg တွင် စီးပွားဖြစ်ရုပ်မြင်သံကြားထုတ်လွှင့်ရုံများ ရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဥရောပသတင်းထုတ်လွှင့်မှုကို လျှော့ပေါ့ပေးလိုက်ချိန်မှစပြီး RTL သည် ၎င်းတို့၏စီမံကိန်းများကို အခြားသော ဥရောပနိုင်ငံများသို့ ချဲ့ထွင်ခဲ့ပါသည်။ ဒတ်ချ် ရုပ်မြင်သံကြားထုတ်လွှင့်ရုံ RTL-Veronique (ယခုတွင် RTL4) သည် ၁၉၈၉ ခုနှစ်တွင်စတင်ခဲ့ပါသည်။
3 ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် Civic Forum ၏ခေါင်းဆောင်ဖြစ်သည့် Havel က ယင်းနိုင်ငံရေးလှုပ်ရှားမှု၏အစီအစဉ်အပေါ် ကြေညာချက်တစ်ခု တင်ပြခဲ့သည့်အချိန်တွင် လူပေါင်း ၃၀၀,၀၀၀ ကျော်သည် Wenceslas ရင်ပြင်တွင်စုဝေးခဲ့ကြပါသည်။ ထိုအချက်သည် Velvet Revolution ၏ အောင်မြင်မှုဆီသို့ ဦးတည်သွားစေခဲ့ပါသည်။ သုံးပတ်ကြာသောအခါ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ (ယခု ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် စလိုဗက်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကွဲထွက်သွားသော) ရှိ ကွန်မြူနစ်အုပ်ချုပ်ရေးသည် အဆုံးသတ်သွားခဲ့ပါသည်။
4 DVB သည် ၁၉၉၂ ခုနှစ်တွင် ရေဒီယိုလှိုင်းတစ်ခုအဖြစ်စတင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ၎င်းတို့အား ဂြိုလ်တုရုပ်သံလှိုင်းတစ်ခုစတင်ရန် ၎င်းတို့၏ထောက်ပံ့သူများမှတွန်းအားပေးခဲ့ပါသည်။
5 စာရေးသူမှရည်ညွှန်းသော အဖွဲ့အစည်းသုံးခုမှာ DVB၊ မဇ္ဇိမ နှင့် ဧရာဝတီ တို့ဖြစ်ပါသည်။
6 ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် လူများစုဝေးနေခဲ့ကြသည့်ပထမဦးဆုံးပုံများကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် DVB မှ ထုတ်လွှင့်ခဲ့ပါသည်။
7 ခရမ်းရောင်ဆန်ဖြင့် ဖောက်ထားသော ကချင်ဘီယာတစ်မျိုး။
8 တွေ့ဆုံဆွေးနွေးမှုသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်တို့နှင့် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးဖြစ်လာပါသည်။
9 အဖွဲ့အစည်းသည် ယခုမှစတင်နေသော သထင်းထောက်များအတွက် အချိန်ပြည့်နှင့် အချိန်ပိုင်း သင်တန်းချိန်များကမ်းလှမ်းခဲ့ပြီး ၎င်းအား နိုင်ငံများစွာတွင် သတင်းထောက်များကို သင်တန်းများပို့ချပေးနေသော ဂျာမန် NGO တစ်ခုဖြစ်သည့် Deutsche Welle Akademie မှပူးတွဲတည်ထောင်ခဲ့ပါသည်။ ၎င်းတို့၏အသုံးစရိတ်သည် ဂျာမနီနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လာခြင်းဖြစ်ပါသည်။
10 ပြင်သစ်နိုင်ငံတကာသတင်းလိုင်းများမှာ France 24နှင့် TV 5 Monde တို့ ဖြစ်ကြပြီး ဂျာမနီနိုင်ငံနိုင်ငံတကာသတင်းလိုင်းမှာ Deutsche Welle news ဖြစ်ပါသည်။
11 DVB Debate ကို DVB သည် ၂၀၁၃ မှ ၂၀၂၀ အထိ ထုတ်လွှင့်ခဲ့ပါသည်။ ၎င်းအား USAID မှ ထောက်ပံ့ပေးခဲ့ပါသည်။
12 The Voice သည် ဒတ်ချ်ကုမ္ပဏီ Talpa မှဖန်တီးခဲ့သည့် နိုင်ငံတကာအစီအစဥ်တစ်ခုဖြစ်ပါသည်။ ၎င်းသည် အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါး၊ တရုတ်နိုင်ငံနှင့် မွန်ဂိုးလီးယားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်တွင် ဖြန့်ကျက်လုပ်ကိုင်လျက်ရှိပါသည်။
13 Mediacorp သည် ၁၉၃၇ ခုနှစ်တွင်တည်ထောင်ခဲ့ကာ စင်ကာပူနိုင်ငံအခြေစိုက် အများပိုင်ရုပ်သံထုတ်လွှင့်သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်းတွင် Channel News Aisa အပါအဝင် ရုပ်သံချန်နယ် ခြောက်ခုရှိပါသည်။
ကိုးကားချက်များ
Horkheimer, M.,& Adorno, T.W. (1972). Dialectic of Enlightenment. Herder and Herder.