သန့်စင် | Click here to read this article in English.
Cite as: သန့်စင်၊ (၂၀၂၃)၊ သတင်းစာပညာအကြောင်း အထူးထုတ်စာစောင် - အာဏာသိမ်းပြီးနောက် အတွင်းသတင်းဦး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၂)။ https://ijbs.online/?page_id=4040
စာတမ်းအကျဥ်း
ဤအထူးထုတ်စာစောင်ပေါ်ပေါက်လာစေရန် စေ့ဆော်ပေးခဲ့သော အလုပ်ရုံဆွေးနွေးပွဲနှင့် စာစောင်တည်ရှိနေရခြင်း၏ အကြောင်းပြချက်များကို ရှင်းပြထားခြင်းဖြင့် ယခုဆောင်းပါးသည် ဤအထူးထုတ်စာစောင်ကို မိတ်ဆက်ထားပါသည်။ ဤစာစောင်ထဲတွင် ကိုယ်တွေ့ဖြစ်ရပ်များမှသည် မီဒီယာဘာသာရပ်အထိ အမျိုးအစားအမျိုးမျိုးကွဲပြားသော ဆောင်းပါးခုနှစ်ပုဒ်ပါဝင်ပါသည်။ အကြောင်းအရာများတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးနောက် ပရော်ဖယ်ရှင်နယ်သတင်းထောက်များ၏ လုပ်အားကို သရုပ်ဖော်ထားမှု၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ နိုင်ငံခြားသားသင်တန်းနည်းပြများနှင့် မြန်မာပြည်မှ သတင်းထောက်များ အကြား ထိတွေ့ ဆက်ဆံမှုများနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု လုပ်ကြံစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသော နိုင်ငံခြားသားသတင်းအယ်ဒီတာ တစ်ဦးအနေဖြင့် အင်းစိန်ထောင်ထဲတွင် နေ့စဥ်ဖြတ်သန်းခဲ့ရပုံတို့ ပါဝင်ပါသည်။ အာဏာသိမ်းမှုနှင့် စစ်တပ်နှင့်၎င်း၏ကိုယ်စားလှယ်များက သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်မှုတို့မှ သတင်းမီဒီယာအသိုင်းအဝိုင်း တစ်ခုလုံးအပေါ်တွင်ရှိခဲ့သော အကြီးမားဆုံးသက်ရောက်မှုမှာ ပြည်တွင်း / ပြည်ပ နှစ်ပိုင်းအဖြစ် ခွဲထွက်သွားသော ကူးလူးဆက်ဆံမှုတစ်ရပ်ကို ပြန်လည်တည်ဆောက်ရမှုဖြစ်ပြီး ၎င်းမှဖြစ်ပေါ်လာနိုင်သော ရေရှည်သက်ရောက်မှုများမှာမူ မြင်တွေ့ရရန် လိုပါသေးသည်။
မိတ်ဆက်
ဤအထူးထုတ်စာစောင်ထဲတွင် မြန်မာနှင့်နိုင်ငံခြားသား သတင်းထောက်များ နှင့် အယ်ဒီတာများ၊ သတင်းထောက်သင်တန်းနည်းပြတစ်ဦး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်အတွက် တက်ကြွလှုပ်ရှားသူများ၊ သတင်းစာပညာကို လိုက်စားသောပညာရှင်များနှင့် မီဒီယာတည်ထောင်သူများ ထံမှ မြန်မာနိုင်ငံ၏သတင်းစာပညာနှင့် မီဒီယာလုပ်ငန်းအပေါ် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၏အကျိုးဆက်များကို ကြားသိခဲ့ရပါသည်။ ယခု အကျဥ်းချုပ်ဆောင်းပါးသည် ဤအထူးထုတ်စာစောင်ထဲတွင် ပါဝင်ထားသော မူရင်းဆောင်းပါး ခုနှစ်ပုဒ်ကို မိတ်ဆက်ကာ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အကျဥ်းဖော်ပြထားပြီး မြန်မာနိုင်ငံသတင်းစာပညာရပ်ဝန်း၏အနာဂတ်အပေါ် သုံးသပ်ချက်များဖြင့် အဆုံးသတ်ထားပါသည်။
ဤအထူးထုတ်စာစောင်သည် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ် (Independent Journal of Burmese Scholarship) မှ ကြီးမှုးကျင်းပခဲ့ကာ ချင်းမိုင်တက္ကသိုလ် Regional Center for Social Science and Sustainable Development (RCSD) နှင့် သြစတေးလျအမျိုးသားတက္ကသိုလ် Myanmar Research Center (MRC) တို့မှ ပံ့ပိုးပေးခဲ့သည့် Myanmar Media Update အလုပ်ရုံဆွေးနွေးပွဲ၏ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မှတ်တမ်းရုပ်ရှင်တို သုံးပုဒ်အပြင် တက်ရောက်သူပုဂ္ဂိုလ် နှစ်ဆယ်ဦးမှ လူကိုယ်တိုင်နှင့် အွန်လိုင်းမှ တဆင့်တက်ရောက်ကြသော ပရိတ်သတ်များရှေ့မောက်တွင် တစ်နေ့တာကြာ အဖွဲ့လိုက်ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရှင်များ၊ မီဒီယာသမားများနှင့် အခြားသော သက်ဆိုင်သည့်အင်အားစုများသည် ကိုဗစ်-၁၉ စည်းမျဥ်းများကြောင့် ရှိနေသည့် စိန်ခေါ်မှုများကြားကပင် တက်ရောက်ခဲ့ကြပါသည်။ အချို့သောတက်ရောက်မည့်သူများသည် ရောက်ရှိလာချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသောကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ထိုအချက်အပါအဝင် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် ထိုအလုပ်ရုံဆွေးနွေးပွဲကို လူထုကြားသို့ ပိုမိုသိရှိစေရန်ဖြန့်ဝေမှုပြုရာတွင် အကန့်အသတ်များရှိခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲမှ တင်ပြချက်များအားလုံး စာစောင်ထဲသို့ မပါလာခဲ့သော်လည်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည့် အချို့သောစိတ်ဝင်စားသည့်အင်အားစုများမှ မူရင်းပါဝင်ရေးသားမှုများကို တင်ပြခဲ့ပါသည်။ အားလုံးပေါင်းလျှင် စာစောင်ထဲတွင်ပါဝင်သော ဆောင်းပါးခုနှစ်ပုဒ်ထဲမှ ငါးပုဒ်သည် အလုပ်ရုံဆွေးနွေးပွဲမှ အဖွဲ့များ၏ရလဒ်များဖြစ်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေသော ကာလအတွင်းနှင့် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ကျော်သာကြာသေးသည့် အချိန်အတွင်းတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု လက်ခံကျင်းပရခြင်းသည် စိန်ခေါ်မှုများ ရှိခဲ့သော်လည်း Myanmar Media Update အလုပ်ရုံဆွေးနွေးပွဲသည် အရေးကြီးသော ရည်မှန်းချက်နှစ်ခု ဆောင်ကျဥ်းပေးခဲ့ပါသည်။ ပထမဦးစွာ ထိုအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာပြည်တွင်းမှ အွန်လိုင်းက တဆင့်တက်ရောက်နေသော မီဒီယာသမားများနှင့် ထိုင်းနိုင်ငံသို့ လတ်တလောမှ ရောက်ရှိလာသောသူများအတွက် အချင်းချင်းချိတ်ဆက် ကြရန်နှင့် အာဏာသိမ်းမှုနှင့် ယင်းနောက်ပိုင်းဖြစ်ရပ်များအပေါ် ၎င်းတို့၏အတွေ့အကြုံများနှင့် ရှုထောင့်များကို ဝေမျှပြောဆိုနိုင်ရန် လုံခြုံသောနေရာတစ်ခုကို ဖန်တီးပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သူများအားလုံးသည် အာဏာသိမ်းမှုပြီးကတည်းက အနည်းဆုံးတော့ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှု ပုံစံတစ်မျိုးမျိုးနှင့် ကိုယ် / စိတ်ဒဏ်ရာများခံစားခဲ့ကြရပါသည်။ အဆိုးဝါးဆုံးသော ဥပမာများတွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်များ၊ အိမ်များဆုံးရှုံးခဲ့ကြရပြီး၊ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များသည် မိမိအလုပ်ကိုလုပ်ကိုင်နေရင်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံ၊ နှိပ်စက်ခံခဲ့ရကာ တချို့ဆိုလျှင် ထောင်သွင်းအကျဥ်းချ ခြင်းပါခံခဲ့ရသော ဖြစ်ရပ်များရှိခဲ့ပါသည်။
ဒုတိယအချက်အနေဖြင့် ထိုအလုပ်ရုံဆွေးနွေးပွဲသည် မီဒီယာသမားများ အနေဖြင့် မြန်မာနိုင်ငံရှိ သတင်းစာပညာကို အထောက်အပံ့ပေးနေသော နိုင်ငံခြားသား သင်တန်းနည်းပြများ၊ အလှူရှင်များနှင့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စကားပြောဆိုနိုင်ရန် ဆုံမှတ်တစ်ရပ်ကို ဖန်တီးပေးခဲ့ပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ သတင်းမီဒီယာကဏ္ဍကို ဖိနှိပ်ချုပ်ချယ်လိုက်မှုသည် ၎င်းတို့အနေဖြင့် ဘဏ္ဍာရေးအမှီအခိုကင်းမှု အတွက် ရုန်းကန်နေဆဲအချိန်တွင် ကစဥ့်ကလျားဖြစ်စေခဲ့ပါသည်။ မီဒီယာအဖွဲ့အစည်းများသည် ဒီဂျစ်တယ်နည်းပညာ၏ ကြားဖြတ်နှောက်ယှက်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးဆက်များ1 အကြားတွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် ၎င်းတို့၏ဝင်ငွေရရှိမှုပုံစံကို နိုင်ငံတကာအလှူရှင်များ၏ထောက်ပံ့မှုများနှင့် ကြော်ငြာများမှ အခြားပုံစံများသို့ ပြောင်းလဲရန် ကြိုးစားနေခဲ့ကြပြီးဖြစ်ပါသည်။ သို့သော် ရုတ်ချည်းဆိုသလိုပင် မီဒီယာအဖွဲ့အစည်းအများစုမှာ တရားမဝင်ကြောင်း ကြေညာခံခဲ့ကြရပြီး ကန့်သတ်ချုပ်တည်းမှုပိုပိုတိုးလာနေသော ပတ်ဝန်းကျင်တွင် ဆက်လက်ရပ်တည်လည်ပတ်နိုင်ခြင်းမရှိတော့သည့် အခြေအနေသို့ ကျရောက်ခဲ့ကြရပါသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် မီဒီယာအဖွဲ့အစည်းအားလုံးနီးပါး ၎င်းတို့၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လည်ပတ်ပုံများ၊ ဝန်ထမ်းခန့်ထားခြင်းများနှင့် နည်းလမ်းများကို ပြောင်းလဲခဲ့ကြရပြီး ယင်းအချက်များကြောင့် ၎င်းတို့၏ကုန်ကျစရိတ်များနှင့် ဝင်ငွေများအပေါ် သိသာစွာသက်ရောက်မှုများရှိခဲ့ပါသည်။ အလှူရှင်များမှထောက်ပံ့မှုများသည် အဖွဲ့အစည်းများစွာ၏ တည်တံ့မှုကို မဆိုထားနှင့် လက်ငင်းအခြေအနေတွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက်ပင် ပဓာနဖြစ်လာခဲ့ပါသည်။
သတင်းစာပညာအကြောင်းအထူးထုတ်စာစောင်အတွင်းတွင် ပါဝင်သော အကြောင်းအရာများ
စစ်တပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးနောက်ပိုင်းနှင့် လွှတ်တော်အတွင်း အရပ်သားများပါဝင်လာမှုကို ပြန်လည်ဖော်ဆောင်ခဲ့သည့် နှစ်များနောက်ပိုင်းတွင် မြန်မာမီဒီယာအခန်းကဏ္ဍ၏ လွတ်လပ်လာမှုသည် စစ်တပ်မှကျူးလွန်နေသော ရာဇဝတ်မှုများအားမြင်တွေ့နိုင်မှုကို ပိုမိုမြှင့်တင်ပေးခဲ့ပြီး ကာလရှည်ကြာစွာ ဖိနှိပ်ခံထားခဲ့ရပြီး ရှုပ်ထွေးနေခဲ့သော အရေးကြီးသည့် အတိတ်ကဖြစ်ရပ်များနှင့် လက်ရှိဖြစ်ရပ်များအပေါ် လူထုအနေဖြင့် ပါဝင်ဆွေးနွေးနိုင်စေခဲ့ပါသည်။ ထိခိုက်လွယ်သော ပြဿနာများဖြစ်ကြသည့် မညီမျှမှု၊ လူ့အသိုင်းအဝိုင်းအချင်းချင်းကြားနှင့် တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသော ပဋိပက္ခများနှင့် မြေယာသိမ်းဆည်းခံရမှုများသည် ပြည်ပရောက်သတင်းမီဒီယာများနှင့် တဟုန်ထိုးတိုးပွားလာနေခဲ့သော ဂျာနယ်များနှင့် သတင်းစာများ၏ မျက်နှာဖုံးစာမျက်နှာများနှင့် ထုတ်လွှင့်မှုများတွင် မကြာခဏဆိုသလို နေရာယူဖော်ပြခြင်းခံလာခဲ့ရပါသည်။2 ထိုအပြောင်းအလဲများမတိုင်မီတွင် ဆယ်စုနှစ်ချီ စစ်တပ်မှဆင်ဆာဖြတ်တောက်မှုသည် သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် လွတ်လပ်သောမီဒီယာများအနေဖြင့် ဗမာ့နိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်စွမ်းကို ခက်ခဲကြပ်တည်းစေခဲ့ပါသည်။ ပိုမိုလွတ်လပ်ခွင့်ရှိသော သတင်းတင်ပြနိုင်သည့်အနေအထားသည် ဒီမိုကရေစီကို တည်ထောင်ပြဌာန်း နိုင်သည့် အလားအလာနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏တရားဝင်ဖြစ်မှုနှင့် အခြေတည်ခိုင်မာလာမှုတို့အတွက် အထောက်အကူဖြစ်စေခဲ့ကာ3 ပြည်သူလူထုအများစုသည် အရေးကြီးသော သတင်းအချက်အလက်များကို ရယူရာတွင် သွယ်ဝိုက်ဖော်ပြထားသောအချက်အလက်များအား အဆက်မပြတ် အဓိပ္ပါယ်ဖွင့်ဆိုနေရန်မလိုအပ်တော့ဘဲ4 ၎င်းတို့နေထိုင်သော မြို့များနှင့် နယ်မြေများမှတိုက်ရိုက် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။5 သတင်းစာပညာအတွက် စိန်ခေါ်မှုများစွာကျန်ရှိနေသေးခဲ့သော်လည်း6 ၂၀၁၁ – ၂၀၂၁ ဆယ်စုနှစ်သည် အများစုအတွက် ယခင်ဆယ်စုနှစ်များနှင့်ယှဥ်လျှင် များစွာပိုမိုလွတ်လပ်သော ဆယ်စုနှစ်တစ်ခုဖြစ်ခဲ့ပါသည်။
ဤအထူးထုတ်စာစောင်ထဲတွင်ပါဝင်သည့် ပထမဆုံးဆောင်းပါးဖြစ်သော မျိုးသော်တာ၏ဆောင်းပါးသည် ထိုအပြောင်းအလဲဖြစ်ပျက်နေစဥ်ကာလ၏ အလယ်တွင် မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ်၌ အာဏာသိမ်းလိုက်သောအခါ မည်သည်တို့ဖြစ်သွားခဲ့သည်နှင့် မီဒီယာအသိုင်းအဝိုင်း၏ပြောင်းလဲလာမှု၊ ပြည်ပရောက်မီဒီယာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်ရောက် နေခဲ့ပြီးဖြစ်ကာ အခြေကျနေခဲ့မှု၊ မျိုးဆက်သစ်သတင်းထောက်များအနေဖြင့် တိုက်ရိုက်ဆင်ဆာဖြတ်မှုအောက်တွင် သတင်းတင်ပြခဲ့ဖူးသည့် အတွေ့အကြုံမရှိမှု၊ မီဒီယာသမားများအနေဖြင့် မတရားမှုများကို အတိုင်းအတာတစ်ခုအထိလုံခြုံသည့် အခြေအနေတစ်ရပ်အောက်တွင် (စစ်တပ်နှင့် အာဏာရအရပ်သားအစိုးရ၏ ခွင့်ပြုကန့်သတ်ချက်များအောက် တွင် ရှိနေခဲ့သေးသော်လည်း) ဒီဂျစ်တယ်နည်းပညာ၏ကျေးဇူးကြောင့် အချိန်နှင့်တပြေးညီတင်ပြနိုင်မှုနှင့် အွန်လိုင်းမှတဆင့်တင်ပြနိုင်မှုတို့အကြောင်း ကို ရှင်းရှင်းဘွင်းဘွင်း ထောက်ပြထားပါသည်။ ထိုဆောင်းပါးသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ မီဒီယာကဏ္ဍအပေါ် အမိန့်များထုတ်ပြန်ခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ လိုင်စင်များပိတ်သိမ်းခြင်း၊ မီဒီယာရုံးခန်းများကို ဝင်ရောက်စီးနင်းခြင်းနှင့် သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အထိဆောင်ရွက်ကာ မည်သို့မည်ပုံပစ်မှတ်ထားပြီး အညံ့ခံရသည့်အခြေအနေသို့ရောက်စေရန် စနစ်တကျတွန်းပို့ခဲ့သည့် ဥပမာများကို အသေးစိတ်ဖော်ပြထားပါသည်။ မျိုးသော်တာ၏ အာဏာသိမ်းမှုအပြီး ပထမနှစ်အား ထဲထဲဝင်ဆန်းစစ်အကဲ ဖြတ်ထားမှုသည် စစ်တပ်အပါအဝင် နိုင်ငံတကာနှင့် အခြားသော သက်ဆိုင်သည့်အင်အားစုများအတွက် မြန်မာနိုင်ငံရှိဒေသတွင်းမီဒီယာများ အနေဖြင့် တည်တံ့သောအခြေအနေသို့ ပြန်လည်ရောက်ရှိလာစေနိုင်ရန် အကြံပြုချက်များဖြင့် အဆုံးသတ်ထားပါသည်။
သတင်းထောက်များအပေါ် စစ်တပ်မှကျူးလွန်နေသည့် ရာဇဝတ်မှုများ အကြောင်း သူမကောက်ယူထားသော ဆိုးဝါးစိတ်ပျက်ဖွယ်ကောင်းသည့် စစ်တမ်းများသည် စစ်တပ်အနေဖြင့် တိုင်းပြည်၏ နယ်မြေများ၊ လူထုနှင့် အရင်းအမြစ်များကို ထိန်းချုပ်ရန် တိုက်ခိုက်နေသည်နှင့်အမျှ တစ်ဖက်တွင်လည်း မီဒီယာနှင့် မည်ကဲ့သို့သောဆက်ဆံရေးမျိုးရှိလိုသည်ကို တိတိကျကျဖော်ပြနေပါသည်။ မျိုးသော်တာသည် စစ်တပ်မှ မီဒီယာသမားတစ်ဦးချင်းစီအပေါ် အရှက်တကွဲဖြစ်စေခြင်းနှင့် မီဒီယာသမားများကို ဖိနှိပ်ချုပ်ခြယ်ခြင်းများစွာကို မီးမောင်းထိုးပြခဲ့ရုံတင်မကဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေဖြင့် ဆောင်ရွက်ပုံဖော်နေသည့် တရားရေးရာကဏ္ဍနှင့် ဥပဒေများနှင့် အက်ဥပဒေများကို နိုင်ငံရေးဆိုင်ရာ တရားစွဲဆိုမှုများနှင့် သတင်းဌာနများကို ပိတ်သိမ်းရာတွင် ၎င်းတို့အလိုကျအသုံးချနေပုံတို့ကိုလည်း ခြုံငုံဖော်ပြထားပါသည်။ ဤကျယ်ပြန့်စွာခြုံငုံထားသော တင်ပြချက်သည် နှစ်ဆယ့်တစ်ရာစုတွင်မြန်မာနိုင်ငံရှိ သတင်းထောက်များအတွက် အခက်ခဲဆုံးနှစ်ကို မှတ်တမ်းတင်ရာတွင် အသေးစိတ်တိကျစွာ ချဥ်းကပ်ထားပုံကြောင့် များစွာတန်ဖိုးရှိပါသည်။
မီဒီယာလေ့လာသူပညာရှင်များဖြစ်ကြသည့် လီဆာ ဘရူထန် နှင့် ဂျိန်း မဒလင် မကဲလ်ဟုန် တို့မှရေးသားခဲ့သည့် ဒုတိယဆောင်းပါးသည် လူငယ်သတင်းထောက်များနှင့် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးတစ်ဆယ့်ရှစ်လအတွင်း ထိုသတင်းထောက်များ၏ အတွေ့အကြုံများပေါ်တွင် အလေးပေးရေးသားထားပါသည်။ ဆောင်းပါးရှင်နှစ်ဦးလုံးသည် ၂၀၁၉ ခုနှစ် စာစောင်ဖြစ်သည့် အသွင်းပြောင်းလဲနေသော မြန်မာ့မီဒီယာ – သမိုင်းအမွေအနှစ်များ၊ စိန်ခေါ်မှုများနှင့် အပြောင်းအလဲကို တည်းဖြတ်ရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြပါသည်။ ထိုစာစောင်သည် အာဏာသိမ်းမှုမတိုင်မီဆယ်စုနှစ် အတွင်း မီဒီယာကိုထိခိုက်စေသည့် လွတ်လပ်ခွင့်ကို ကန့်သတ်ရပ်တန့်စေခြင်းများနှင့် ခြိမ်းခြောက်မှုများအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အရေးပါသော စာစောင်တစ်ခုဖြစ်လာခဲ့ပါသည်။7 ဤစာစောင်ထဲတွင်ပါဝင်သော ၎င်းတို့၏ဆောင်းပါးထဲတွင်မူ ဘရူထန် နှင့် မကဲလ်ဟုန် တို့သည် မြန်မာနိုင်ငံမှ အမျိုးသမီးသတင်းထောက်အချို့နှင့် အတူတကွ မြန်မာနိုင်ငံရှိ အမှီအခိုကင်းသော ပရော်ဖက်ရှင်နယ် မီဒီယာသမားများသည် ကျွမ်းကျင်မှုနှင့် တော်လှန်ရေးပေါင်းစပ်ထားသည့် အများနှင့်မတူဆန်းသစ်သော တီထွင်ဖန်တီးမှုရှိသည့်လုပ်အားပုံစံဖြင့် ဆောင်ရွက်နေကြရကာ မရေရာမှုအဆင့်အမျိုးမျိုးကို ကြုံတွေ့နေရသည့်အန္တရာယ်ရှိနေကြောင်း ဖော်ပြထားပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆောင်းပါးရှင်များသည် အခြားသော ပဋိပက္ခများကြောင့် ထိခိုက်မှုရှိခဲ့သော နေရာများဖြစ်သည့် ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင်ရှိသည့် သတင်းထောက်များ၏ အတွေ့အကြုံများကို ဆွေးနွေးထားသည့် အခြားသောစာရေးသူများ၏ နှိုင်းယှဥ်လို့ရသော ဆောင်ရွက်ချက်များကို ဆွဲယူဖော်ပြထားကာ ၁၉၈၈ အရေးအခင်းနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် မီဒီယာလုပ်သားများနှင့် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သော ငယ်ရွယ်သည့် အမှီအခိုကင်းသော မီဒီယာသမားများ အကြားက ပရော်ဖက်ရှင်နယ်အရ ကွာခြားမှုများကို ဖော်ထုတ်ပြသထားပါ သည်။ ၎င်းတို့အတွက်မူ မြန်မာမီဒီယာလုပ်သားအသစ်များ၏ လုပ်အားသည် မရေရာမသေချာဘဲ မိမိကိုယ်တိုင်ရှင်သန်နေထိုင်နေရသော အလုပ်ဖြစ်ပြီး ဆောင်ရွက်နေသူများမှာလည်း ပဋိပက္ခကြောင့် ထိခိုက်မှုရှိသော လူအသိုင်းအဝိုင်းထဲမှပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ထိုလုပ်အားသည် တိုင်းပြည်အသစ်တည်ဆောက်ရာတွင် ပထမဆုံးခြေလှမ်းဖြစ်သည့် ၎င်းတို့နိုင်ငံအတွက် ဖြစ်နိုင်ချေအသစ်များကို ပုံဖော်ရာတွင် ကြီးမားစွာပံ့ပိုးကူညီနေပါသည်။ ဘရူထန် နှင့် မကဲလ်ဟုန် မှ မြန်မာမီဒီယာလုပ်သားများ၏ ကိုယ်တိုင်ရှင်သန်ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများနှင့် ၎င်းတို့၏အကြမ်းဖက်မှုနှင့် အလွန်နီးကပ်စွာရှိနေမှုတို့ သည် သတင်းစာပညာနှင့် ပဋိပက္ခတို့နှင့် ပတ်သက်သည့် စာပေအများစုအကြား လွှမ်းမိုးထားသော ဖန်တရာတေနေပြီဖြစ်သည့် အဝေးမှတင်ပြထားမှုတို့ကို ကျော်လွန်သော နားလည်သဘောပေါက်မှုမျိုးကို ပေးကြောင်း ဆိုထားပါသည်။
၂၀၂၂ ခုနှစ်တွင်ကျင်းပခဲ့သော Myanmar Media Update အလုပ်ရုံဆွေးနွေးပွဲတွင် အမှီအခိုကင်းသော မီဒီယာလုပ်သား အမျိုးသမီးငါးဦးကို အဖွဲ့တစ်ဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်စေနိုင်မှု၊ မီဒီယာလုပ်သားများ၏ တီထွင်ဖန်တီးမှုရှိသော လုပ်အားအပေါ် သဘောတရားနိယာမအသစ်တစ်ခု ပေါ်ပေါက်လာစေရန် တွန်းအားပေးရန်နှင့် ထိုလုပ်အားသည် တော်လှန်ရေးကို မည်သည့်နေရာသို့ ဆွဲခေါ်သွားနိုင်သည်တို့အပေါ် အားထုတ်ဆောင်ရွက်မှုတို့ကြောင့် ဤဆောင်းပါးသည် ၎င်း၏ အလွန်အထင်ကြီးစရာကောင်းသော ပါဝင်စေမှုနည်းလမ်းအတွက် မှတ်သားအသိမှတ်ပြုဖွယ်ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးပြီးသားဖြစ်သော သတင်းစာပညာနှင့် တက်ကြွလှုပ်ရှားမှုအကြားရှိ တင်းမာမှုများကို ဖော်ပြထားပြီး မြန်မာနိုင်ငံရှိ ရှုပ်ထွေးသောအခြေအနေ အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုကိုလည်း တင်ပြထားပါသည်။ ဆောင်းပါးရှင်များ၏ “အခြေအနေဒေသဆိုင်ရာ ဓမ္မဓိဌာန်ကျမှု” လိုအပ်ခြင်းအပေါ် စိတ်အားထက်သန်မှုသည် ပဋိပက္ခဖြစ်ပွားနေသော ပတ်ဝန်းကျင်များတွင် မီဒီယာအလုပ်လုပ်နေသည့် ပညာရှင်များနှင့် မြန်မာ့လုပ်အားအကြောင်း လေ့လာနေသည့် ပညာရှင်များအတွက် အရေးပါသော ဖတ်ရှုသင့်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
ဤအထူးထုတ်စာစောင်ထဲတွင်ပါဝင်သော တတိယဆောင်းပါးသည် အာဏာသိမ်းမှုနောက်ပိုင်း မီဒီယာသမားများနှင့် မီဒီယာအဖွဲ့အစည်းများ ရင်ဆိုင်တွေ့ကြုံရသော အခက်အခဲများကို စာဖတ်သူများအား အသိပေးခြင်း ဖြစ်ပါသည်။ ကျော်စွာသည် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများကို တိုက်ရိုက်ပစ်မှတ်ထားပြီး ၎င်းတို့၏ ငွေကြေးပေးဝေမှုလုပ်ထုံးများနှင့် အရည်အသွေးပြည့်ဝသော မီဒီယာအဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်း အဘယ်ကြောင့် ဘဏ္ဏာရေးအထောက်အပံ့ရရှိရန် ရုန်းကန်နေခဲ့ရကြောင်းတို့အပေါ် မေးခွန်းထုတ်ထားပါသည်။ မြန်မာနိုင်ငံအတွင်းတွင် ကျန်ရှိနေခဲ့သော မြန်မာသတင်းထောက်များ အနေဖြင့် အာဏာသိမ်းမှုကတည်းက လစာထက်ဝက် သို့မဟုတ် ထိုထက်မကသော ပမာဏများ ဖြတ်တောက်ခံခဲ့ရသည် သို့မဟုတ် လစာလုံးဝမရရှိကြသည် ဆိုသောအချက်မှာ မြန်မာမီဒီယာအသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိထားပြီးဖြစ်ကာ ကျော်စွာ၏ဆောင်းပါးသည် ထိုသတင်းထောက်များဖက်မှ မားမားမတ်မတ်ရပ်တည်နေပါသည်။ မြန်မာနိုင်ငံမှထွက်ခွာပြီး ကံကောင်းထောက်မစွာ ဝင်ငွေတစ်ခုခုကို ရယူထားနိုင်သည့်သူများအနေဖြင့်လည်း နယ်စပ်ဒေသများ သို့မဟုတ် အခြာနိုင်ငံများသို့ ကုန်းကြောင်းဖြင့် သွားခဲ့ကြရကာ ငွေကုန်ကြေးကျများပြီး အန္တရာယ်များကို အထောက်အပံ့လုံးဝမရရှိဘဲ သို့မဟုတ် အထောက်အပံ့ အနည်းငယ်ဖြင့် ရင်ဆိုင်ခဲ့ကြရပါသည်။
ကျော်စွာသည်မျိုးသော်တာနည်းတူအရေးပေါ် ဖြစ်နေသည့်အချက်များကို ဖော်ပြထားပြီး အမှီအခိုကင်းသော မြန်မာမီဒီယာများ ရှေ့သို့ဆက်လက်လျှောက်လှမ်းရာတွင် ပိုမိုကောင်းမွန်စွာထောက်ပံ့နိုင်ရန် ပြည်တွင်းပြည်ပ သက်ဆိုင်သူအင်အားစုများအတွက် အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားပါသည်။ ၎င်းသည် နည်းပညာ၏အရေးပါမှုနှင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ စိုးရိမ်စရာများကို မီးမောင်းထိုးပြထားသလို သတင်းများကိုဘက်လိုက်မှုမရှိဘဲ မည်သို့မည်ပုံတင်ပြရမည့်အပေါ် သင်တန်းများပိုမိုပို့ချရန်လည်း တိုက်တွန်းထားပါသည်။ အာဏာသိမ်းမှု မတိုင်မီတွင် အမှီအခိုကင်းသော သတင်းမီဒီယာတစ်ခု၏ တည်ထောင်သူလည်းဖြစ်သလို ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် သုတေသနပညာရှင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ကျော်စွာ၏ ရှုထောင့်သည် မီဒီယာအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် မည်သို့မည်ပုံ တွေ့ဆုံထိစပ်မှုရှိသည်ကို ပြည့်စုံကျယ်ပြန့်သော အမြင်မှ အားဖြည့်ပေးထားပြီး ၎င်းသည် ဖယ်ဒရယ်ဒီမိုကရေစီရရှိနိုင်ရန်အတွက် အင်အားတစ်ရပ်ဖြစ်နိုင်ပါသည်။
အထက်ပါဆောင်းပါးနှင့်နည်းတူ ဆုထက်၏ဆောင်းပါးသည်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း မီဒီယာအဖွဲ့အစည်းသစ်တစ်ခု တည်ထောင်ရသည့် အကြောင်းပြချက်များနှင့် ထိုသို့တည်ထောင်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို အသေးစိတ်ထဲထဲဝင်ဝင်တင်ပြထားပါသည်။ အဖွဲ့အစည်းအသစ်ဖြစ်သော လူငယ့်ခေတ်သည် လူငယ်စာဖတ်ပရိသတ်ကို ဦးတည်ပစ်မှတ်ထားကာ ပုံမှန်သတင်းတင်ဆက်မှုများအပြင် ပေါ့ဒ်ကတ်စ် (podcast) များ၊ talkback ရေဒီယိုများနှင့် အခြားသော အစီအစဥ်များကိုပါ တင်ဆက်ပေးလျက်ရှိပါသည်။ ဆုထက်မှ အဖွဲ့အစည်း၏ အဓိက ရည်ရွယ်ချက်များကို အနှစ်ချုပ်ဖော်ပြထားကာ တည်ထောင်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်သည်ပင်လျှင် စစ်တပ်အုပ်ချုပ်မှုအောက်တွင် အင်တာနက် သို့မဟုတ် စမတ်ဖုန်းများမရှိဘဲ ကြီးပြင်းလာခဲ့ကြကာ သတင်းအချက်အလက်ရရှိနိုင်မှုသည် ပို၍ပင်ကန့်သတ်မှုများရှိခဲ့ပြီး စစ်တပ်၏ဝါဒဖြန့်မှုမှာ နေရာတကာတွင်ရှိနေခဲ့သောကြောင့် စစ်တပ်၏ လုပ်ကြံသတင်းများနှင့် များပြားလှသည့်သတင်းမှားများကို တန်ပြန်တုန့်ပြန်ရန် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားကြကြောင်း ရှင်းပြထားပါသည်။8 ကျယ်ပြန့်စွာဆောင်ရွက်ထားသော လတ်တလော စစ်တမ်းတစ်ခုမှ “( မြန်မာ ) နိုင်ငံသား အင်တာနက်အသုံးပြုအများစုသည် စစ်တပ်၏ ဝါဒဖြန့်မှုကို ယုံကြည်မှုမရှိသလို ထောက်ခံမှုလည်းမရှိ”9 ကြောင်းဆိုထားသော်လည်း လက်ရှိစစ်တပ်အစိုးရမှ လူထုအပေါ် ၎င်းတို့၏ ဝါဒဖြန့်မှုများနှင့် သတင်းအချက်အလက် စစ်ပွဲကို ဆက်လက်ဆင်နွှဲမှု ကြာလာသည်နှင့်အမျှ လူငယ့်ခေတ်ကဲ့သို့ လူငယ်မျိုးဆက်သစ်များကို ဦးတည်ပစ်မှတ်ထားသည့် အခြားသတင်းမီဒီယာများသည် ပိုမိုအရေးပါလာ မည်ဖြစ်ပါသည်။
အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် သတင်းခန်းတစ်ခုကို လည်ပတ်ရန်ရုန်းကန်နေရသည့် မီဒီယာတည်ထောင်သူတစ်ဦးဖြစ်သူ ဆုထက်၏ အရေးပါသော ထည့်ဝင်မှုတစ်ခုမှာ ဖေ့စ်ဘုတ်၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် အယ်လ်ဂိုရစ်သမ်များမှာလည်း စစ်တပ်၏ စနစ်တကျဖိနှိပ်မှုနီးပါး သတင်းလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံတွင် သတင်းအချက်အလက်ရယူနိုင်ခွင့်အတွက် ဖျက်လိုဖျက်ဆီးနှင့် ပြဿနာတစ်ရပ်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားချက်ဖြစ်ပါသည်။ သူမသည် အာဏာသိမ်းမှု မတိုင်မီနှင့် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ မီဒီယာပရိသတ်များအတွက် ဖေ့စ်ဘုတ်၏ အရေးပါမှုကို မှတ်ချက်ပြုဖော်ပြ ထားကာ လူငယ့်ခေတ်အနေဖြင့် ယင်းပလက်ဖောင်းပေါ်တွင် ၎င်းတို့၏ မတည်မြဲပြောင်းလဲနေမှုများကို လက်ခံအားထားနေရသည့်အပေါ် စိတ်အနှောက်အယှက်ဖြစ်ရမှုများကိုလည်း ဖော်ပြပြောဆိုထားပါသည်။ ဒေါ်လာဘီလီယံချီတန် ဖေ့စ်ဘုတ် (ယခုတွင် ၎င်း၏မိခင်ကုမ္ပဏီ မက်တာ Meta အောက်တွင် ရှိသည့်) ၏ မြန်မာမှသုံးစွဲသူများနှင့် အသိုင်းအဝိုင်းအများအတွက် ပြဿနာဖြစ်နေသော ထိတွေ့မှုနှင့် ထိတွေ့မှုမရှိမှုတို့အပေါ် မီဒီယာလေ့လာသူပညာရှင်များမှ အရေးတကြီး လေ့လာနေလျက်ရှိသော်လည်း10 ထိုသုတေသနသည် လွန်စွာကြီးမားပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင်လွှမ်းမိုးမှုရှိသည့် ကုမ္ပဏီကိုယ်တိုင် ၏ လျစ်လျူရှုမှုကို ခံနေရပါသည်။11
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များကို သင်တန်းများပို့ချခြင်း၊ ပံ့ပိုးပေးခြင်းနှင့် အတူတကွအလုပ်လုပ်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒတ်ချ်လူမျိုး နို င်ငံခြားသားတစ်ဦး၏ ရှုမြင်ချက်ဆီသို့ ပြောင်းရွှေ့ကြည့်ရင်း နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ ခေ မစတန်ဘရွတ်ခ် ၏ မြန်မာသတင်းထောက်များအနေဖြင့် အာဏာသိမ်းမှုမတိုင်မီ ဆယ်စုနှစ်တစ်ခုအတွင်းရှိခဲ့သည့် သတင်းလွတ်လပ်ခွင့်များနှင့် အသားကျခဲ့မှုနှင့် အနောက်တိုင်း မီဒီယာသင်တန်းနည်းပြများအနေဖြင့် မြန်မာ့သတင်းစာပညာ၏ လားရာလမ်းကြောင်းကို လွှမ်းမိုးရာတွင် အောင်မြင်ခဲ့သလို ကျရှုံးမှုလည်းရှိခဲ့သည့်အပေါ် ပုဂ္ဂိုလ်ရေးအမြင်တစ်ခုအဖြစ် ဖော်ပြထားချက်ဖြစ်ပါသည်။ မှတ်တမ်းရုပ်ရှင်နှင့် ထုတ်လွှင့်သော မီဒီယာကို အဓိကထားသည့် မီဒီယာသမားတစ်ဦးအနေဖြင့် သူသည် မြန်မာနိုင်ငံ၏ ထုတ်လွှင့်သော သတင်းစာပညာကိုဗဟိုပြုကာ အပြိုင်အဆိုင်မရှိမှု၊ နိုင်ငံခြားမှ တိုးတက်လာနေသော ရုပ်သံစံချိန်စံနှုန်းများမှ ကာလရှည်ကြာစွာခွဲထုတ်ထား ခံရမှု၊ အထက်အောက်စီမံခန့်ခွဲမှုပုံစံများနှင့် Anglo-Saxon ဇာတ်ကြောင်း ပြောနည်းလမ်းများနှင့် လွဲချော်နေမှုတို့သည် ထိုအချိန်ကာလအတွင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လွှင့်သောမီဒီယာမှ မည်သို့မည်ပုံ အခြေတည်နေခဲ့မှု အတွက် အရေးပါသောအချက်များအဖြစ် မီးမောင်းထိုးပြထားပါသည်။ ထိုဆောင်းပါးသည် ခုနှစ်အထိ အာဏာရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရ (၂၀၁၆-၂၀၂၁) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (၂၀၂၁- လက်ရှိ) တို့၏ ချို့ယွင်းချက်များကိုလည်း ဖော်ထုတ်ရေးသားထားပါသည်။ သတင်းစာပညာသည် စစ်အုပ်ချုပ်ရေးအား အင်အားချိနဲ့စေရန် လုပ်ဆောင်ရာတွင် အရေးပါးသော ကိရိယာတစ်ခုဖြစ်သကဲ့သို့ ပုံမှန်အခြေအနေမျိုးတွင် အရပ်သားနိုင်ငံရေးသမားများကို စောင့်ကြည့်အကဲဖြတ်သောကြောင့် ဒီမိုကရေစီကိုဖော်ဆောင်ရာတွင်လည်း အရေးကြီးကြောင်း ဆိုထားပါသည်။
နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ ပြည်ပရောက်သတင်းထောက်တစ်ဦး ဖြစ်သူ ရွှေရည်ဦးရေးသားထားသည့်ဆောင်းပါးဖြစ်ကာ ၎င်းသည် နေရပ်စွန့်ခွာရွေ့ပြောင်းရခြင်းနှင့် မကျေနပ်ချက်များကို အတွင်းကျသော ကိုယ်ရေးဖြစ်ရပ်တစ်ခုပုံစံဖြင့် တင်ပြထားပါသည်။ ထိုဆောင်းပါးထဲတွင် သူမအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရလွတ်လပ်လာသော ကာလအစတွင် ခေ မစတန်ဘရွတ်ခ် ဖော်ပြခဲ့သည့် သင်တန်းများကို တက်ရောက်ခဲ့ပြီး မည်သို့မည်ပုံ သတင်းထောက်တစ်ဦးဖြစ်လာခဲ့သည် ဆိုသော ဇာတ်လမ်းကို ပြောပြထားပါသည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ သတင်းထောက်တစ်ဦးအဖြစ်၊ အယ်ဒီတာတစ်ဦးအဖြစ်နှင့် မီဒီယာကိုပံ့ပိုးသည့် အဖွဲ့အစည်းများတွင် အခြားသောရာထူးများဖြင့် အလုပ်လုပ်ခဲ့ပြီးနောက် ရွှေရည်ဦးသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို တက်ကြွစွာဆန့်ကျင်ခဲ့ပါသည်။ ကျည်အစစ်များနှင့် မျက်ရည်ယိုဗုံးများကို လက်နက်မဲ့ဆန္ဒပြသူများထံဦးတည်ပစ်ခတ်ခဲ့သည့် ဆန္ဒပြပွဲများတွင် သူမပါဝင်ခဲ့ပုံကို အသေးစိတ်ဖော်ပြထားပါသည်။ ခြောက်လကျော်ကြာပြီး နောက် စစ်တပ်၏ ဖိနှိပ်မှုတိုးလာသည်နှင့်အမျှ ဆန္ဒပြဖို့ပင်မဆိုထားနှင့် ဆန္ဒပြမှုသတင်းများတင်ဆက်ခြင်းသည်ပင်လျှင် သူမအတွက် အသက်အန္တရာယ်ရှိလာခဲ့ပြီး သူမအနေဖြင့် ကြောက်လန့်နေစရာမလိုဘဲ သတင်းများကို ဆက်လက်တင်ဆက်နိုင်မည့် ကရင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေတစ်ခုကို ပြောင်းရွှေ့ရန် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချခဲ့ရပါသည်။ ထို့နောက် ယင်းနေရာတွင် နေထိုင်ရခြင်းနှင့် ပြည်ပရောက်သတင်းဌာနတစ်ခုအတွက်အလုပ်လုပ်ခဲ့သည့် အကြောင်းကို ဆက်လက်ရေးသားခဲ့ကာ ကရင်အမျိုးသားအစည်းအရုံးမှ ပံ့ပိုးပေးခဲ့သည့် ထောက်ပံ့မှုနှင့် ဒေသခံများ၏ ရက်ရောမှုများကို မှတ်ချက်ပြုခဲ့သလို ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများတွင် အလုပ်လုပ်ရာ၌ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း မီးမောင်းထိုးပြထားခဲ့ပါသည်။ နောက်ဆုံးတွင် သူမအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ကာ ထိုမှတဆင့် အလုပ်လုပ်ရန် ခက်ခဲသောဆုံးဖြတ်ချက်ကို ဝန်လေးစွာဖြင့် ချခဲ့ရပါသည်။
ထိုကိုယ်တွေ့ဖြစ်ရပ်သည် အာဏာသိမ်းမှုနောက်ပိုင်း အခြားတစ်နိုင်ငံသို့ပြောင်းရွှေ့အခြေချရန် တွန်းပို့ခံခဲ့ရသည့် မီဒီယာသမားမျိုးဆက်တစ်ဆက်လုံးကို ကိုယ်စားပြုပြီး လွှမ်းမိုးချုပ်ကိုင်မှုများ နှင့် အခြားနိုင်ငံသို့ပြောင်းရွှေ့အခြေချရသည့်အဖြစ်အပျက်များစွာကို ပေါင်းစပ်ဖော်ပြထားသည့် မျိုးသော်တာ၏ အဖွင့်ဆောင်းပါးအတွက် ပြီးပြည့်စုံသော မိတ်ဖက်ဆောင်းပါးဖြစ်ပါသည်။ မီဒီယာကျွမ်းကျင်လုပ်သား တစ်ဦး၏ ဤဖြစ်ရပ်တစ်ခုတည်းမှနေပြီး ကျွန်ုပ်တို့သည် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ အရပ်သားတစ်ပိုင်း-စစ်တပ်အစိုးရအောက်တွင် ချမှတ်ခဲ့သည့် မူဝါဒများမှ ဖန်တီးပေးခဲ့သည့် အခွင့်အလမ်းများနှင့် ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုအရာများအားလုံးပြိုလဲပျက်စီးသွားခဲ့ပုံများကို မြင်တွေ့ရပါသည်။ ရွှေရည်ဦးသည် သူမ၏အနေဖြင့် အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်ရာတွင် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကာ စာဖတ်သူများကိုလည်းစစ်တပ်နှင့် မည့်သည့်အခါမှ ညှိနှိုင်းမှုမပြုလုပ်ရန်နှိုးဆော်ထားသလို ပြည်သူ့တော်လှန်ရေးအတွင်းတွင် ညီညွတ်မှုရှိရန်နှင့် စစ်တပ်မှ မလွဲမသွေကျရှုံးသည့်အခါ ပေါ်ပေါက်လာမည့် တိုင်းပြည်တည်ဆောက်ရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖို့ရာ ပြင်ဆင်ထားရန်လည်း တိုက်တွန်းထားပါသည်။
ဤအထူးထုတ်စာစောင်၏အပိတ်ဖြစ်သည့် နောက်ဆုံးဆောင်းပါးမှာလည်း ကိုယ်တွေ့ဖြစ်ရပ်နောက်တစ်ပုဒ်ဖြစ်ပြီး ဤဆောင်းပါးမှာ အခြားနိုင်ငံသို့ ကုန်းကြောင်းဖြင့် နယ်စပ်မှတရား မဝင်ကူးခြင်းမဟုတ်ဘဲ တရားဝင်နည်းလမ်းများဖြင့် ရန်ကုန်လေဆိပ်မှ လေယာဥ်ဖြင့်ထွက်ခွာရန်ကြိုးပမ်းခဲ့သူတစ်ဦးမှ ရေးသားထားခြင်းဖြစ်ပါသည်။ Myanmar Now မှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် Frontier Myanmar ၌ အယ်ဒီတာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဒန်နီ ဖန်စထရ် သည် ၎င်း ၁၇၆ ရက်ကြာ ချုပ်နှောင်ခံခဲ့ရသည့် အင်းစိန်ထောင်အတွင်းက အတွေ့အကြုံများအကြောင်းကို ရေးသားထားခြင်းဖြစ်ပါသည်။ ဒန်နီ သည် ၂၀၂၁ ခုနှစ် မေလ၌ အမေရိကန်ပြည်ထောင်စုရှိ ၎င်း၏အိမ်သို့ပြန်မည့် လေယာဥ်ထွက်ခွာခါနီးအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် မတရားအသင်းဆက်သွယ်မှုပြစ်မှုတို့ဖြင့် လုပ်ကြံထားသောတရားခွင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးနောက်မှသာလျှင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။12
ဒန်နီ ၏ကိုယ်တွေ့ဖြစ်ရပ်သည် ၎င်း၏အတွေးများကိုအစဥ်တိုင်းချရေးထားသည့်နည်းလမ်းကို အသုံးပြုထားပြီး ၎င်းထိန်းသိမ်းထားခံခဲ့ရသော အဆောင်အတွင်းရှိ ရုပ်ဝတ္ထုပစ္စည်းများနှင့် ၎င်း၏ထောင်တွင်းမှ မိတ်ဆွေများ၏ ထူးခြားသော စရိုက်လက္ခဏာလေးများကို အသေးစိတ်ကျသောမျက်လုံးဖြင့်ကြည့်ရှုကာ ပြည့်စုံကျယ်ပြန့်သော စကားပြေတစ်ပုဒ်အဖြစ် ပြောင်းလဲတင်ဆက်ထား ပါသည်။ ဒန်နီ သည် တရားထိုင်ခြင်းနှင့် ဘာသာစကားနှင့်ပတ်သက်ပြီး ၎င်းရုန်းကန်ခဲ့ရသည်များကို မှတ်တမ်းတင်ထားကာ အင်းစိန်ထောင်ထဲရှိ နားနေမှုပုံစံအနည်းငယ်ကိုလည်း အသားပေးဖော်ပြထားပါသည်။ ၎င်းသည် နိုင်ငံခြားသားတစ်ဦး၏ ရှုထောင့်မှ လက်ရှိခေတ်မြန်မာနိုင်ငံ၏ ထောင်တွင်းဘဝကို ရှားရှားပါးပါးပုံဖော်ထားချက်တစ်ခုပင် ဖြစ်ပါသည်။ ထိုသို့ဖြင့် ဤဆောင်းပါးသည် အခြားသော မြန်မာထောင်တွင်းကိုယ်တွေ့ ဖြစ်ရပ်များနှင့် နှိုင်းယှဥ်ရန်အတွက် အဖိုးတန်သောအခွင့်အလမ်းတစ်ရပ်ကို ကမ်းလှမ်းနေပါသည်။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံရှိ လူဖြူ ဗမာမဟုတ်သော မီဒီယာသမားများ၏ အတိုင်းအတာတစ်ခုအထိရှိသည့် အခွင့်ထူးများနှင့်ပတ်သက်၍လည်း မေးခွန်းများပေါ်ထွက်လာပါသည်။
ဤအထူးထုတ်စာစောင်တွင်ပါဝင်သည့် ဆောင်းပါးအားလုံးသည် ၂၀၂၁ အာဏာသိမ်းမှုပြီးကတည်းက မြန်မာသတင်းစာပညာအသိုင်းအဝိုင်းတွင် ဖြစ်ခဲ့သော အပြောင်းအလဲများနှင့် စိန်ခေါ်မှုများကို ပိုမိုနားလည်သဘောပေါက်လာနိုင်စေရန်အတွက် အရေးပါသောအဆင့်များ ဖြစ်ပါသည်။ ထို့သို့ဆိုထားသော်လည်း ဤစာစောင်တွင် မပြည့်စုံမှုများရှိနေပါသေးသည်။ ဤစာစောင်တွင် စုံလင်ကွဲပြားသော ကျား/မလိင်ကွဲပြားမှုများနှင့် နိုင်ငံမျိုးစုံမှ ရှုထောင့်များအားလုံး ခြုံငုံပါဝင်သော်လည်း မြန်မာစစ်တပ်ကို ဆယ်စုနှစ်နှင့်ချီ တက်ကြွစွာဆန့်ကျင် နေခဲ့ကြသော အရေးပါသည့် တိုင်းရင်းသားမီဒီယာအခန်းကဏ္ဍမှ အသံများအပေါ် အလေးပေးအာရုံစိုက်ရန် ပျက်ကွက်မှုရှိနေပါသည်။ ထို့အပြင် ဆောင်းပါးအများစုသည် တော်လှန်ရေးအတွင်းရှိ သဘောထားမတူသော စကားသံများကို ဝေဖန်ရန် ယေဘုယျအားဖြင့် တွန့်ဆုတ်မှုမျိုးရှိနေခဲ့သည်ကို တွေ့မြင်ရပါသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်မှုသည်အရေးကြီးသည်ဟူသော လူအများတွင်ရှိသည့် ယုံကြည်ချက်ကြောင့်ဖြစ်ပြီး ထိုကဲ့သို့ နှုတ်ဆိတ်နေမှုမျိုးသည် ဤစာစောင်တစ်ခုထဲတွင်သာရှိခြင်းမဟုတ်ပေ။
မဝေးလှသောအနာဂတ်ကာလတွင် လက်နက်ကိုင်ပဋိပက္ခမှတဆင့် စစ်တပ်ကို အနိုင်ယူဖို့နေနေသာသာ မြန်မာစစ်တပ်မှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သို့မဟုတ် ပိုမိုညင်သာသော ဆက်ဆံမှုမျိုး ပြုလုပ်နိုင်ချေရှိသည့် အပြုသဘောဆောင်သောလက္ခဏာများ နည်းနေပါသေးသည်။ ခြေကုန်လက်ပမ်းကျနေကြပြီဖြစ်သော မြန်မာနိုင်ငံအတွင်းမှ ကျွမ်းကျင်သတင်းထောက်များနှင့် အရပ်သားသတင်းထောက်များသည် သတင်းတင်ဆက်ရာတွင် ကြီးမားသော လုံခြုံရေးဆိုင်ရာနှင့် အထောက်အပံ့ဆိုင်ရာစိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေကြရဦးမည်ဖြစ်ပါသည်။ အချိန်မရွေးဖမ်းဆီးထိန်းသိမ်းခံရနိုင်မှု၊ နှိပ်စက်ခံရနိုင်မှု၊ ထောင်သွင်းအကျဥ်းချခံရနိုင်မှု၊ ရင်းမြစ်များမရှိမှု၊ လူထူ၏ယုံကြည်မှုနှင့် ပြည်ပမှ လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်လုပ်ရာတွင်ကြုံတွေ့ရသော အခက်အခဲများမှ သက်ရောက်မှုမှာ တဖြည်းဖြည်း ပိုမိုတိုးလာနေပါသည်။ နိုင်ငံ၏ပြင်ပတွင် ပြည်ပရောက်မီဒီယာအဖွဲ့အစည်းများသည် ပြန်လည်ထည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး တက်ကြွသော ပြည်ပရောက်မီဒီယာအသိုင်းအဝိုင်းသည် ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့များတွင် မီဒီယာကိုအဓိကထားသောပွဲများ၊ မျှဝေအလုပ်လုပ်သောနေရာများနှင့် လက်ဖက်ရည်ဆိုင်များဖြင့် ယုံကြည်မှုများတိုးပွားလာနေပါသည်။ ထိုနေရာတွင် မျိုးဆက်ဟောင်း မီဒီယာသမားများနှင့် တော်လှန်ရေးသမားများသည် အသက်သုံးဆယ်ခန့်ပိုငယ်သော ဂျူနီယာလုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွအလုပ်လုပ်ကြကာ တခါတရံ တင်းမာမှုများရှိသော်ငြားလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများနှင့် ၁၉၈၈ ခုနှစ် အရေးခင်းအတွင်းစတင်ခဲ့သည့် သက်တမ်းရင့်ပြည်ပရောက်မီဒီယာအဖွဲ့ အစည်းများကို အားအင်ပြန်လည်ဖြည့်တင်းပေးခြင်းများ ဖန်တီးလုပ်ဆောင်နေကြပါသည်။ ဤ အတွင်း / အပြင် အသွားအလာသည် အမြစ်တွယ်လာနေပြီး ၎င်းအမြစ်တွယ်မှုသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအပြောင်းအလဲ (မရှိမှု) ပေါ်တွင် မှီတည်နေပါသည်။
ကျွန်ုပ်တို့သည် စာဖတ်သူများအတွက် ဤအထူးထုတ်စာစောင်သည် ‘သတင်းကောင်းများ’ သယ်ဆောင်လာပေးနိုင်ခြင်းမရှိသော်လည်း တန်ဖိုးရှိမည်ဟုမျှော်လင့်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော Myanmar Media Update အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် ပရိသတ်များ၊ ဆောင်းပါးများရေးသားပေးပို့ခဲ့သူများ အပါအဝင် ချင်းမိုင်မှ RCSD နှင့် သြစတေးလျမှ MRC တို့ကို IJBS နှင့် မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် ၎င်းတို့၏ထက်သန်စွာ ပံ့ပိုးပေးခဲ့မှုကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါသည်။ ကိုးကားချက်များ
အဆုံးမှတ်စုများ
1 ဥပမာတစ်ခုအား အသေးစိတ်ရှင်းပြထားခြင်းအတွက် Zirulnick, 2020 ကို ရှုပါ။
2 Burrett, 2017.
3 ဤအကြောင်းအရာပေါ်ဆွေးနွေးထားချက် ကို ‘ပေါင်းစပ်ထားသော လူထုစက်ဝန်း’ အဖြစ် Middleton & Tay Zar Myo Win, 2021 တွင်ရှုပါ။
4 Allott, 1994.
5 ဖျက်လိုဖျက်ဆီးလုပ်လိုသော ထုတ်ဝေမှုများ အနည်းငယ်လျေ့ာနည်းသွားကောင်းလျော့နည်းသွားနိုင်ခဲ့သော်လည်း များစွာဆက်လက်ရှိနေခဲ့ (Atkinson, 2020)။
6 Myanmar Musings, 2017; 2018; 2019; 2020; 2021. ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမတိုင်မီဆယ်စုနှစ်အတွင်းဖြစ်ပွားခဲ့သော သတင်းတင်ပြမှုနှင့်ပတ်သက်သည့်စိန်ခေါ်မှုအချို့၏ ပိုမိုသိမ်မွေ့ပြီး ရိုးသားပွင့်လင်းသော ဖော်ပြပြောဆိုချက်များအတွက် Eaint Thiri Thu, 2019 တွင် ရှုပါ။
7 Brooten et al., 2019.
8 ပြည်ပရောက် မီဒီယာအဖွဲ့အစည်းများသည် စစ်တပ်နှင့်အခြားသောဝါဒဖြန့်မှုများနှင့် ယှဥ်ပြိုင်ရန် တတ်စွမ်းသမျှကြိုးစားပြီး မြန်မာနိုင်ငံတွင် မတူညီသော လူထုစက်ဝန်းတစ်ခုကို ပြည်ပမှနေ၍ဖွဲ့စည်းရန် ကြိုးစားခဲ့သော်လည်း (Labbe, 2016)။
9 Ryan & Tran, 2022.
10 လတ်တလောမှ အရေးကြီးသော ဥပမာများ (မြန်မာနိုင်ငံရှိ ဖေ့စ်ဘုတ်အကြောင်း သုတေသနပထမအသုတ်ကို ဖွဲ့စည်းပေးခဲ့သည့် လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအပေါ် ပံ့ပိုးကူညီရာတွင် ဖေ့စ်ဘုတ်၏အခန်းကဏ္ဍအား ခွဲခြမ်းစိတ်ဖြာထားမှုများစွာ၏နောက်ပိုင်းတွင်) တွင် Bächtold, 2022; Myat The-Thitsar, 2022; Whitten-Woodring , 2020; Wittekend & Faxon, 2022 တို့ပါဝင်ပါသည်။
11 သိသာသော ချွင်းချက်များမှာ မြန်မာစစ်တပ်၏ အစိတ်အပိုင်းများနှင့် ကိုယ်စားလှယ်များကို ပလက်ဖောင်းနှင့် ထိတွေ့မှုမှ ကန့်သတ်ရန် ၎င်း၏စိတ်မပါလှသော ကြိုးစားမှုများဖြစ်ပါသည် (Reed, 2021)။
12 Myanmar Musings, 2022.
ကိုးကားချက်များ
Allott, A. (1994). Inked over, ripped out: Burmese storytellers and the censors. Silkworm Books.
Atkinson, C. L. (2020). Public Information and Ultranationalism in Myanmar: A Thematic Analysis of Public and Private Newspaper Coverage. Journal of Muslim Minority Affairs, 40(4), 597–613. https://doi.org/10.1080/13602004.2020.1847780
Bächtold, S. (2022). The smartphone and the coup: How Myanmar’s conflicts are entangled with digital technologies, policies and violence. International Journal of Public Policy, 16(5–6), 293–310.
Brooten, L., McElhone, J. M., & Venkiteswaran, G. (Eds.). (2019). Myanmar Media in Transition: Legacies, Challenges and Change. ISEAS Yusof Ishak Institute.
Burrett, T. (2017). Mixed Signals: Democratization and the Myanmar Media. Politics and Governance, 5(2). https://doi.org/10.17645/pag.v5i2.831
Eaint Thiri Thu. (2019). Covering Rakhine: Journalism, Conflict and Identity. In L. Brooten, J. M. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges and Change (pp. 229-238). ISEAS Yusof Ishak Institute.
Labbe, B. (2016). Towards a Re-discovery of the Public Sphere: Myanmar/Burma’s “Exile” Media’s Counter-Hegemonic Potential and the U.S. News Media’s Re-framing of American Foreign Policy [Unpublished doctoral dissertation]. Bowling Green State University.
Middleton, C. & Tay Zar Myo Win. (2021). The Emergence of a Hybrid Public Sphere in Myanmar: Implications for Democratization. TRaNS: Trans-Regional and -National Studies of Southeast Asia, 9(1), 45–64. https://doi.org/10.1017/ trn.2021.2
Myanmar Musings. (2017). Press Freedom in 2017 [Podcast]. https://myanmarmusings.com/press-freedom-in-2017-part-1
Myanmar Musings. (2018). Press Freedom in 2018 [Podcast]. https://myanmarmusings.com/press-freedom-in-2018
Myanmar Musings. (2019). Press Freedom in 2019 [Podcast]. https://myanmarmusings.com/press-freedom-2019
Myanmar Musings. (2020). Press Freedom 2020 & COVID-19 [Podcast]. https://myanmarmusings.com/press-freedom-2020-covid-19
Myanmar Musings. (2021). Press Freedom After Feb 1, 2021 [Podcast]. https://myanmarmusings.com/press-freedom-after-feb-1-2021
Myanmar Musings. (2022). Danny Fenster Debrief with Ben Dunant [Podcast]. https://myanmarmusings.com/press-freedom-after-feb-1-2021
Myat The-Thitsar. (2022). Empowering or endangering minorities? Facebook, language, and identity in Myanmar. Asian Ethnicity, 23(4), 718–740.
Reed, J. (2021, December 8). Meta removes Myanmar army-linked businesses from Facebook. Financial Times. https://www.ft.com/content/09af7450-7cab-4678-a5de-838935402d68
Ryan, M., & Tran, V. (2022, June 20). Digital contention in post-coup Myanmar. New Mandala. https://www.newmandala.org/digital-contention-in-post-coup-myanmar/
Whitten-Woodring, J., Kleinberg, M. S., Thawnghmung, A., & Myat The-Thitsar. (2020). Poison If You Don’t Know How to Use It: Facebook, Democracy, and Human Rights in Myanmar. The International Journal of Press/Politics, 25(3), 407–425. https://doi.org/10.1177/1940161220919666
Wittekind, C. T., & Faxon, H. O. (2022). Networks of Speculation: Making Land Markets on Myanmar Facebook. Antipode. https://doi.org/10.1111/anti.12896 Zirulnick, A. (2020, September 22). How Frontier brought a membership model to Myanmar. The Membership Guide. https://membershipguide.org/case-study/how-frontier-brought-a-membership-model-to-myanmar