ထိုင်းနိုင်ငံမှာ သုညဘ၀က စခဲ့ရတဲ့ သတင်းသမား

ရွှေရည်ဦး | Click here to read this article in English.

Cite as: 
ရွှေရည်ဦး ၊ (၂၀၂၃)၊ စိန်ခေါ်မှုများအကြား ရှင်သန်ရန်ကြိုးစားရုန်းကန်နေရသည့် လွတ်လပ်သည့်သတင်းမီဒီယာများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4034

စာတမ်းအကျဉ်း

ဤကိုယ်တွေ့မှတ်တမ်းထဲတွင် သတင်းထောက် မရွှေရည်ဦးသည် ၎င်းအနေဖြင့် သတင်းထောက်တစ်ဦး မည်ကဲ့သို့ဖြစ်လာခဲ့ပုံ၊ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအား မည်သို့မည်ပုံ ဆန့်ကျင်ခဲ့ပုံနှင့် ၂၀၂၁ ခုနှစ် သြဂုတ်လ ကိုဗစ်-၁၉ Delta အမျိုးအစား ကူးစက်ပြန့်ပွားမှုမြင့်တက်နေသည့် အချိန်တွင် ကရင်ပြည်နယ်သို့ တိမ်းရှောင်ကာ ထိုင်းနိုင်ငံနယ်စပ်နားရှိ သတင်းမီဒီယာအဖွဲ့အစည်းတစ်ခုနှင့် အလုပ်လုပ်ရန် မည်သို့သွားရောက်ခဲ့ရပုံတို့ကို ဖော်ပြထားပါသည်။ မရွှေရည်ဦးသည် လက်ရှိအချိန်အထိ သူမအနေဖြင့် နေထိုင်ကာ အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသို့ တရားမဝင်ဖြတ်ကျော်ခြင်း မပြုမီ ထိုမီဒီယာအဖွဲ့အစည်းနှင့် လနှင့်ချီ အလုပ်လုပ်ခဲ့ပါသည်။ ဤကိုယ်တွေ့မှတ်တမ်းသည် စစ်တပ်၏အုပ်ချုပ်မှုအား ဆန့်ကျင်တော်လှန်မှု အောင်မြင်မည်ဟူသော သူမ၏ပြတ်သားခိုင်မာသောခံယူချက်ဖြင့် နိဂုံးချုပ်ထားပါသည်။  

သတင်းသမားဘ၀ဆီသို့

ဘဝကို သုညက စရတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီးတဲ့နောက် နဖူးတွေ့ ဒူးတွေ့ သိခဲ့ရတယ်။ အလုပ်လည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ နယ်စပ်ကနေ ခိုးဝင်လာတဲ့သူတစ်ယောက်ဖြစ်လို့ နိုင်ငံမဲ့တစ်ယောက်ဖြစ်နေတယ်။ အဲဒီအပြင် လက်ထဲ ရှိရှိသမျှ ပိုက်ဆံတွေ အကုန်ခိုးခံလိုက်ရတယ်။

တကယ်ကို သုညပဲ။ ကျွန်မအကြောင်း ပြောပြရရင် ကျွန်မနာမည်က ရွှေရည်ဦး။ ကျွန်မက သတင်းသမား တစ်ယောက်လည်းဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်

တော်လှန်သူတစ်ယောက်လည်းဖြစ်တယ်။ ငယ်ငယ်ကတော့ အရမ်းကြောက်တတ်တဲ့သူ၊ လူတွေရှေ့မှာ စကားမပြောရဲတဲ့သူ။ အတန်းရှေ့မှာ စာဆိုခိုင်းရင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေရင်းက ပါးစပ်သာ လှုပ်ပြီး အသံထွက်မလာတဲ့သူ။ ဒီလို ကောင်မလေး တစ်ယောက်က သတင်းထောက်ဖြစ်လာတော့ ပတ်ဝန်းကျင်က အံ့ဩကြတယ်။ သတင်းထောက်ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ သတ္တိတွေ တဖြည်းဖြည်း ရှိလာတယ်။ မှန်တာကို ပြောရဲရမယ် ဆိုတာ နားလည်လာတယ်။ မှန်တဲ့ဘက်က ရပ်တည်ရဲရမယ် ဆိုတာ သိလာခဲ့တယ်။

၂၀၁၀ ခုနှစ် တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲဖြေအပြီးမှာ သတင်းလောကထဲ စဝင်ခဲ့တယ်။ ကျွန်မသတင်းထောက်

တစ်ယောက်ဖြစ်လာပုံကတော့ ရိုးရှင်းပါတယ်။ စာမေးပွဲဖြေအပြီး အားလပ်နေတဲ့အချိန် ဂျာနယ်ထဲမှာ အလုပ်သင်သတင်းထောက် ခေါ်စာတွေ့တော့ ဝင်လျှောက်ခဲ့တယ်။ နှစ်ပတ်ကြာတော့ ကုမုဒြာဂျာနယ်မှာ အလုပ်ဝင်ခွင့်ရတယ်။ ဒီလိုနဲ့ ဂျာနယ်တိုက်ကပေးတဲ့သုံးလသင်တန်းကို တက်ဖြစ်ခဲ့တယ်။ သတင်းဆိုတာ ဘာလဲ၊ သတင်းသမား တစ်ယောက်အတွက် ကျင့်ဝတ်တွေက ဘယ်လိုတွေဆိုတဲ့ အခြေခံတွေကစလို့ အငယ်တန်းသတင်းထောက်တစ်ယောက်အဖြစ် အယ်ဒီတာကြီးတွေက သင်ကြားပေးခဲ့တယ်။ အဲဒီကနေ သတင်းထောက်၊ အယ်ဒီတာ အဖြစ်နဲ့ ဂျာနယ်၊ အွန်လိုင်း၊ သတင်းစာ၊ ရုပ်သံဌာနတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး တိုင်းရင်း သားအရေး၊ မြေယာအရေး၊ နိုင်ငံရေးဆိုင်ရာ သတင်းတွေ ရေးသားခဲ့တယ်။ အဲဒီအတောအတွင်း ဆရာဦးရဲနိုင်မိုး၊ မန္တလေးက ဆရာကျော်ရင်မြင့်တို့နဲ့ ဆုံခွင့်ရခဲ့တယ်။

ဒီဆရာတွေရဲ့ သင်ကြားပို့ချမှုတွေက အရင်က ကျွန်မ တစ်ခါမှ မသိဖူး မကြားဖူးတာတွေချည်းပဲ။ ဒီဆရာသမားတွေနဲ့ သူတို့စကားတွေကို အချိန် ၅ မိနစ်ပဲ နားထောင်ရရင်တောင် တန်ဖိုးရှိတယ် ဆိုတာကိုလည်း တဖြည်းဖြည်း နားလည်ခဲ့တယ်။ သတင်းစာပညာရဲ့ တန်ဖိုးတွေ၊ သတင်းသမားတွေရဲ့ အရေးပါပုံတွေ၊ သတင်းရေးသား တင်ဆက်မှုအပိုင်းတွေကို ဆရာဦးရဲနိုင်မိုးက ပြည်တွင်းပြည်ပ  ဥပမာတွေနဲ့  နှိုင်းယှဉ်ပို့ချလေ့ရှိတယ်။                       

ဆရာကျော်ရင်မြင့်ဆီကလည်း  လူတွေအကြောင်း၊ သရုပ်ဖော်တွေအကြောင်း သင်ကြားခဲ့ရတယ်။ အဲဒီအချိန်ကနေ ၁၀ နှစ် ကျော်ကာလအတွင်း ပြည်တွင်းရောပြည်ပသင်တန်းတွေပါ တက်ခွင့်ရပြီး ဆရာသမားကောင်းတွေ တွေ့ခဲ့ရတယ်ဆိုပေမဲ့ ဒီဆရာနှစ်ဦးကတော့ သတင်းစာပညာနဲ့ ပတ်သက်ရင် ကျွန်မရဲ့ လက်ဦးဆရာတွေပဲ ဖြစ်တယ်။ သတင်းထောက်ဘဝမှာ တော့ အမှတ်ရစရာတွေများခဲ့တယ်။ သတင်းထောက်မဖြစ်ခင်အထိ အိမ်နဲ့ ကျောင်းပဲ သွားတတ်တဲ့ ကျွန်မက သတင်းထောက်ဖြစ်တော့ မြန်မာနိုင်ငံ အနှံ့ကို သွားခွင့်ရတဲ့အပြင် ပြည်ပနိုင်ငံအချို့ကိုပါ သွားပြီး သတင်းစာပညာနဲ့ ပတ်သက်ပြီး လေ့လာခွင့်ရခဲ့တယ်။

သတင်းထောက်အလုပ်ကို  စလုပ်တော့  ကျွန်မအဖေက အရမ်း စိတ်ဆိုးခဲ့သေးတာ ကျွန်မမှတ်မိတယ်။ ဖေဖေ့ သဘောကတော့ ကျောင်းပြီးတာ လပိုင်းပဲရှိသေးတယ်။ အနားယူစေချင်တယ်။ ကွန်ပျူတာနဲ့ ဘာသာစကားသင်တန်း တွေ တက်စေချင်တယ်။ အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့ ကျွန်မကို မိဘက အလုပ်ထွက်လုပ်ခိုင်းတယ်လို့ လူတွေ မထင်စေချင်ဘူး။ ပထမဆုံးလစာနဲ့ ကန်တော့တုန်းကလည်း သိတတ်တယ်ဆိုပြီး အသိအမှတ်ပြုပေမဲ့ သိပ်မရွှင်လန်းခဲ့ဘူး။

ဒါပေမဲ့ ကျွန်မတို့ရဲ့ သင်တန်းအပြီး ပထမဆုံးထွက်တဲ့ ဂျာနယ် အတွဲ (၁)၊ အမှတ်(၁) မှာ ကျွန်မကလောင်နာမည်နဲ့ သတင်းက ဒုတိယစာမျက်နှာမှာ တစ်ဝက်တိတိပါတဲ့ အချိန်တုန်းက ကျွန်မအဖေ အရမ်းကို ပျော်နေခဲ့တာလည်း ကျွန်မမှတ်မိတယ်။ အမြဲခပ်အေးအေးနေတတ်တဲ့ အတွက် ကျွန်မအဖေ ပြုံးတာ ပျော်တာကို ကျွန်မတို့ တွေ့ရခဲတယ်။ အဲဒီနေ့ကတော့ ဖေဖေ ပြုံးနေခဲ့တယ်။ အဲဒီကစပြီး ကျွန်မမိဘတွေက  ကျွန်မအလုပ်နဲ့ပတ်သက်ပြီး ဘာမှ မကန့်ကွက်တော့ဘူး။ အလုပ်မလုပ်ခင် အချိန်ထိ ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းပဲ သွားခွင့်ရခဲ့တဲ့ ကျွန်မက သတင်းထောက်ဖြစ်ပြီးချိန်မှာတော့ နိုင်ငံအနှံ့ ခရီးထွက် တာကိုလည်း ဖေဖေရော၊ မေမေပါ ဂုဏ်ယူတတ်နေခဲ့တယ်။

အဲဒီ အချက်တွေကပဲ ကျွန်မကို သတင်းသမားတစ်ယောက် အဖြစ် ဆက်ပြီးရှိနေဖို့ တွန်းအားတွေဆိုရင်လည်းမှားမယ် မထင်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးပြန်ဝင်လာတဲ့ ပြည်ပမီဒီယာတစ်ခုမှာ ကျွန်မ အလုပ်ရခဲ့တယ်။ အဲဒီကစပြီး ကျွန်မအတွက် တိုးတက်မှုတွေ စတင်ခဲ့တယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ စပြီး ရေးခွင့်ရခဲ့တယ်။

တိုင်းရင်းသားဒေသတွေကို ခရီးထွက်ခွင့်ရခဲ့တယ်။ ပြည်ပသင်တန်းတွေ တက်ခွင့်ရခဲ့တယ်။ ကျွန်မရေးသားခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာတော့ တိုင်းရင်းသားဒေသတွေကို ခရီးထွက်ပြီး နေရပ် မပြန်နိုင်တဲ့ ဒုက္ခသည်တွေ အကြောင်း၊ မငြိမ်းချမ်းတဲ့ဒေသက ဘဝတွေအကြောင်း ရေးသားရတာ ကျွန်မပိုနှစ်သက်တယ်။ အဲဒီဒေသတွေဆီ မကြာခဏဆိုသလို အခွင့်အရေးရတိုင်း ကျွန်မသွားဖို့ ကြိုးစားတယ်။ သူတို့နဲ့ စကားပြောရတာ၊ သူတို့နဲ့ သိကျွမ်းခင်မင်ရတာ ကျွန်မ သဘောကျတယ်။

၂၀၁၇ ခုနှစ်မှာတော့ သတင်းသမားသမားဘဝကနေ သတင်းလောကနဲ့ အနီးဆုံးဖြစ်ပြီး  သတင်းစာပညာသင်တန်းတွေ၊ သတင်းသမားဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်တဲ့ INGO ဘက်ကို ပြောင်းရွှေ့ပြီး အလုပ်လုပ်ခဲ့တယ်။

မတူတဲ့ လုပ်ငန်းသဘာ၀ တစ်ခုဆိုပေမဲ့ သတင်းလောကထဲမှာပဲ ဆက်ရှိနေတဲ့အတွက် ကိုယ့်ကိုကိုယ် journalist လို့ပဲ ဆက်ပြီး ခံယူခဲ့တယ်။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊  ဧပြီလအထိ မီဒီယာဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်တဲ့ INGO မှာ ကျွန်မ အလုပ်လုပ်နေခဲ့တယ်။ အာဏာသိမ်းတော့ သတင်းမီဒီယာနဲ့ပတ်သက်သမျှ လုပ်ငန်းတွေ ဖျက်သိမ်းရတာ၊ တိမ်းရှောင်ရတာတွေ ဖြစ်လာတော့ ကျွန်မတို့လည်း အလုပ်လက်မဲ့ဘဝကို နေ့ချင်းညချင်း ရောက်ခဲ့ရတော့တယ်။

စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ခြင်း

အာဏာသိမ်းစနေ့တွေမှာတော့ အာဏာရှင်ကို ပြည်သူ တစ်ယောက်အနေနဲ့ အခြားသူတွေနည်းတူပဲ ဆန္ဒပြတာ၊ သံပုံးတီးတာတွေနဲ့ နေ့ညမပြတ် တော်လှန်ခဲ့တယ်။ ရန်ကုန်မှာ ဆန္ဒတွေပြကြတဲ့ အချိန်အတောအတွင်း အမှတ်ရစရာတစ်ခုကတော့ အဲဒီနေ့က သာကေတ မြင်တော်သာ သပိတ်ကို စစ်ကောင်စီက ဖြိုခွင်းတဲ့နေ့။ ဆန္ဒပြလူငယ်တွေလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ ကျည်ထိမှန်ကြတယ်။ ဒါကို မကျေနပ်နိုင်သေးတဲ့ စစ်ကောင်စီတပ်သားတွေက ရပ်ကွက်တွေထဲအထိ လိုက်ပြီး ပစ်ခတ်တယ်။ ရပ်ကွက်ထဲမှာလည်း ကျည်ထိမှန်သေဆုံးကြတဲ့ သူတွေရှိတယ်။ အဲဒီနေ့က ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေ လည်း မြင်တော်သာသပိတ်မှာ ရှိနေတယ်။ သေနတ်သံတွေ ကြားတော့ နီးစပ်ရာလမ်းကြားတွေထဲ ဝင်ပြေးကြတယ်။ ရပ်ကွက်ထဲက ပြည်သူတချို့က နေအိမ်တံခါးတွေ ဖွင့်ပေး တယ်။ ကျွန်မတို့ တွေ ပြေးကြ ပုန်းကြတယ်။ ပြီးရင် ပြန်ထွက် ကြတယ်။ ဆန္ဒဆက်ပြကြတယ်။ ဒီလိုနဲ့ ညနေဘက်ရောက် သွားတော့ အဲဒီရပ်ကွက်ထဲက အသိတစ်ယောက်အိမ်မှာ လူစုပြီး စကားပြောရင်းနဲ့ ကာဖျူးချိန်ကျော်သွားတော့တယ်။ ဒီတစ်ညတော့ ဒီမှာပဲ အိပ်ကြမယ်ဆိုပြီး မပြန်ကြတော့ဘူး။

ည ၈ နာရီထိုးတော့ ထုံးစံအတိုင်း သံပုံးတွေတီးကြတယ်။ ပြီးတော့ စကားပြောကြ၊ သတင်းတွေကြည့်ကြနဲ့ ည ၁၀ နာရီလောက်မှာ ဇာတ်လမ်းက စတာပဲ။ ကျွန်မတို့ ရှိနေတဲ့ ရပ်ကွက်ထဲ စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကွက်လူကြီးတွေက ဧည့်စာရင်းလိုက်စစ်တော့တာ။

ကျွန်မမိတ်ဆွေခမျာလည်း ဧည့်စာရင်းစစ်မယ့်နေ့မှာ ဆန္ဒလာပြတဲ့ သူငယ်ချင်းတွေကို ခေါ်သိပ်မိလေတော့ သူတို့ ဇနီးမောင်နှံလည်း ကြောက်၊ ကျွန်မတို့ တစ်စုလည်း ငါတို့တိုက်ပေါ် ဧည့်စာရင်းလာစစ်ရင် ဘယ်အပေါက်က ပြေးကြမလဲ ဆိုပြီး ခေါင်းကို အလုပ်ပေး၊ နောက်ဖေးလှေကားတွေ ပြေးကြည့်၊ ထွက်ပေါက်တွေရှာကြရတော့တယ်။

ကံကောင်းချင်တဲ့ အဲနေ့ညက ကျွန်မတို့ရှိတဲ့ လမ်းထဲကို ဧည့်စာရင်းစစ်တဲ့သူတွေ ဝင်မလာကြပါဘူး။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့ INGO မှာ ကျွန်မ အလုပ်လုပ်နေခဲ့တယ်။ အာဏာသိမ်းတော့ သတင်းမီဒီယာနဲ့ ပတ်သက်သမျှ လုပ်ငန်းတွေ ဖျက်သိမ်းရတာ၊ တိမ်းရှောင်ရတာ တွေဖြစ်လာတော့ ကျွန်မတို့လည်း အလုပ် လက်မဲ့ဘဝကို နေ့ချင်းညချင်း ရောက်ခဲ့ရတော့တယ်။

ဒီလိုနဲ့တစ်ဖက်မှာ ဆန္ဒထွက်ပြလိုက်၊ တစ်ဖက်မှာလည်း မီဒီယာသမားတစ်ယောက်အနေနဲ့ ဆန္ဒပြပွဲသတင်း ယူတဲ့ မီဒီယာတွေကို လုံခြုံရေးအကာအကွယ်တွေ ဝေမျှတာတွေ လုပ်ခဲ့တယ်။ နောက်ပိုင်း လူငယ်တွေ လက်နက်ကိုင်ကြ၊ လွတ်မြောက်နယ်မြေ ထွက်ခွာကြတော့ ထောက်ပို့ အလုပ်တွေ ဆက်လုပ်ဖြစ်တယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ငါဘာမှ မလုပ်နိုင်သေးဘူး။ ရန်ကုန်မှာ ထိုင်နေလို့ရော ဘာဖြစ်မှာလဲ။ ဒီကာလကြီးက ဘယ်လောက်ကြာဦးမှာလဲ ဆိုတာပဲ နေ့တိုင်း စဉ်းစားဖြစ်တယ်။ မေးခွန်းထုတ်တယ်။ အဖြေက မရဘူး။ ညတွေ တစ်ညမှ အိပ်မပျော်ခဲ့ဘူး။ အာဏာ သိမ်းပြီးတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခု တစ်နှစ်ခွဲ ကျော်ကြာလာတဲ့အထိ ကောင်းကောင်းအိပ်ပျော်တဲ့နေ့ဆိုတာ ခပ်ရှားရှားပါပဲ။ ရန်ကုန်မှာရှိတဲ့ ကာလမှာတုန်းကလည်း အိမ်ရှေ့ ကားဖြတ်သံကြားတိုင်း ထကြည့်ရတာ ငါ့ကို လာဖမ်း တာများလားဆိုတဲ့စိတ်နဲ့ မိုးလင်းရတာပဲ။ တစ်ဖက်မှာလည်း တောထဲရောက်နေတဲ့ သတင်းမီဒီယာ တစ်ခုအတွက် အချိန်ပိုင်းအယ်ဒီတာ လုပ်ပေးတယ်။ မီဒီယာသမားတွေကို အကူအညီပေးတဲ့ အဖွဲ့တစ်ခုမှာ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ပေးပြီး အကူအညီလိုအပ်သူတွေကို ချိတ်ဆက်ပေးဖြစ်တယ်။

ကရင်ပြည်နယ်သို့

ဇူလိုင်လကုန်မှာတော့ အခြားလူငယ်တွေလိုပဲ လွတ်မြောက် နယ်မြေတစ်ခုကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်ပိုင်း အယ်ဒီတာအဖြစ် လုပ်နေတဲ့ မီဒီယာတိုက်ရှိရာ နေရာကို သွားဖို့ ရွေးချယ်လိုက်တာပါ။ အဲဒီအချိန် မွန်၊ ကရင်ဘက်ကို သွားတဲ့လမ်းကြောင်းမှာ အစစ်အဆေးတွေ များနေပြီ။ ရန်ကုန် အထွက်ကစလို့ လမ်းမှာ တောက်လျှောက် စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ဖြတ်ကျော်ရတယ်။ အဲဒီ အချိန် ဘာကို စိုးရိမ်လဲဆိုရင် ခရီးဆောင်အိတ်အောက်ထဲမှာ ဝှက်ပြီးယူသွားတဲ့ မှတ်ပုံတင်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်မ မှတ်ပုံတင်ပေါ်မှာ အလုပ်အကိုင်က သတင်းထောက်ဖြစ်နေတာ ကိုး။ အာဏာသိမ်းစစ်ကောင်စီက သတင်းသမားဆိုတာနဲ့ အစစ်အဆေးမရှိ ဖမ်းနေချိန်မှာ သတင်းထောက်တစ်ယောက်၊ မှတ်ပုံတင်ပေါ်မှာလည်း သတင်းသမားပါလို့ အတိအကျ ရေးထားတဲ့သူတစ်ယောက် အနေနဲ့ ခံစားချက်က တကယ်ကို မတွေးချင်လောက်အောင်ပါပဲ။ ကိုယ်တစ်လျှောက်လုံး ချစ်မြတ်နိုးခဲ့တဲ့ အလုပ်ကို ထုတ်ပြောဖို့ စိုးရွံ့ရတဲ့ အချိန်တွေပါပဲ။

ဒီလိုနဲ့ ၂၀၂၁ ဩဂုတ်လ ရှစ်ရက်နေ့ နိုင်ငံတစ်ဝှမ်း ရှစ်လေးလုံး အထိမ်းအမှတ်ပွဲတွေ လုပ်နေကြတဲ့အချိန် ဩဂုတ်လ ရှစ်ရက် ညနေ ခြောက်နာရီမှာ KNU နယ်မြေထဲကို ခြေချခဲ့တယ်။ အဲဒီကို အာဏာရှင်ကိုတော်လှန်ရင်း သတင်းဌာနတစ်ခုမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက်နဲ့ ရောက်ခဲ့တာဖြစ်တယ်။

တောထဲမှာနေရတဲ့ နေ့ရက်တွေကတော့ ကျွန်မအတွက်  အတွေ့အကြုံအသစ်တွေ သင်ယူစရာအသစ်တွေ ရတယ်လို့ပဲ ဆိုရမယ်။ ဘဝအတွေ့အကြုံအသစ်တွေပေါ့။ လွတ်မြောက် နယ်မြေ စရောက်တော့ ကျွန်မတို့ အတူလာသူ အမျိုးသမီး သတင်းသမားလေးဦးစလုံး ကိုဗစ်ကာလလည်း ဖြစ်တာမို့ KNU က စီစဉ်ပေးတဲ့နေရာမှာ ကွာရန်တင်း ဝင်ရတယ်။ ကျွန်မတို့ရောက်တဲ့ရက်မှာ လူသစ်လာတဲ့သူမရှိတော့ ကွာရန်တင်းစင်တာဝန်းတစ်ခုလုံး ကျွန်မတို့ လေးယောက်ပဲ ရှိတယ်။ ကိုယ့်အထုတ်တွေကိုယ်ချ၊ ကိုယ့်နေရာကိုယ် စီစဉ်ရတယ်။ KNU က ခြင်ထောင်တစ်လုံးစီ၊ စောင် တစ်ထည်စီ၊ ခေါင်းအုံးတစ်လုံးစီနဲ့ ဖျာတစ်ချပ်စီပေးတယ်။ နေရတဲ့အဆောင်က သွပ်မိုးပြီး အပြာရောင်မိုးကာစတွေ ကာထားတယ်။ ဆိုလာနဲ့ပေးတဲ့ မီးလုံး သုံးလုံးရှိတယ်။ ရန်ကုန်သူတွေဖြစ်တဲ့ ကျွန်မတို့ လေးယောက်မှာ နေရာ

အသစ်ကို ရောက်ခါစလည်းဖြစ်၊ အလုပ်အတူလုပ်ရမယ့်သူတွေ လည်း မတွေ့ရသေးတဲ့အပြင် မနေ့က နေခဲ့ရတဲ့ အခြေအနေနဲ့ လုံးဝ မတူတော့တဲ့ နေရာတစ်ခုကို ညဘက်ကြီးရောက်သွားကြ တော့ အမှန်အတိုင်းပြောရရင် ကြောက်နေကြတယ်။

ဆိုလာမီးနဲ့လင်းနေတဲ့ မီးလုံး သုံးလုံး ဘယ်အချိန်ပိတ်သွားမလဲ ဆိုတာကို ပထမ ကြောက်တယ်။ တမံတလင်းခင်းထားတဲ့ အဆောင်မှာ လျှောက်သွားနေတဲ့ ခူယားကောင်တွေ၊ ရထားကောင်တွေကိုလည်း ကြောက်တယ်။ လူလည်းကြောက်တယ်။ မမြင်ရတဲ့ သရဲကိုလည်း ကြောက် တယ်။ အဲဒီညကတော့ လေးယောက်သား ခြင်ထောင်

နှစ်လုံးထောင်ပြီး မိုးလင်းခါနီးအထိ ကြောက်ကြောက်နဲ့ စကားထိုင် ပြောနေဖြစ်ကြတယ်။ နောက်နေ့ မနက်ရောက်တော့မှ ပတ်ဝန်းကျင် အခြေအနေကို လှည့်ပတ် အကဲခတ်ကြတယ်။ အဆောင် နောက်ဘက်ကနေ အောက်ဆင်းသွားရင် တွေ့ရတဲ့ သောင်ရင်းမြစ်ဆိပ်မှာ ထိုင်ပြီး ဟိုဘက်ခြမ်းကို လှမ်းကြည့် ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ တစ်နေ့မှာ ဒီမြစ်ကြီးကို ဖြတ်ပြီး ဟိုဘက်နိုင်ငံကို တရားမဝင် သွားဖြစ်မယ်ဆိုတာ မသိသေးတဲ့အချိန်ပေါ့။

ကွာရန်တင်းစင်တာမှာ နှစ်ပတ်ခန့်နေပြီး ဒီရေ၊ ဒီမြေနဲ့ နေသားကျချိန်မှာတော့ အဲဒီရွာထဲမှာပဲ နေအိမ်နဲ့ ရုံး တွဲလျက်ရှိတဲ့ ကျွန်မတို့ တာဝန်ထမ်းဆောင်ရမယ့် သတင်းဌာန ကို က်ခဲ့ကြတယ်။ ကိုယ့်မိသားစု မဟုတ်တဲ့သူတွေနဲ့ တစ်မိုးအောက်တည်းနေပြီး သံယောဇဉ်အသစ်တွေ စတင်ကြ တယ်။ ကျွန်မတို့တွေ အိမ်တစ်လုံးမှာ စုနေပြီး မိုးလင်းမိုးချုပ်ပြည်သူတွေအတွက် သတင်းတွေကို တင်ဆက်ကြတယ်။

အလှည့်ကျ ချက်ပြုတ်ကြတယ်။ အလှည့်ကျ သန့်ရှင်းရေးလုပ်ကြတယ်။ တစ်အိမ်ထဲမှာ လူ ၂၀ လောက် နေရတဲ့ ကျွန်မတို့ အဖွဲအတွက် ရေပြဿနာက ကြီးမားလှ တယ်။ မနက်ဆို နှစ်လုံးတည်းသော အိမ်သာကို တန်းစီကြတယ်။ မိုးနဲ့ဆောင်းမှာ  ရွာထဲက  ရေတွင်းကို  တန်းစီလမ်းလျောက်ပြီး ရေသွားချိုးကြတယ်။  ရေရှားပါးတဲ့နွေမှာတော့ သောင်ရင်း မြစ်ကြီးထဲ ကျွန်မတို့ ရေစိမ်ကြတယ်။ သောင်ရင်းမြစ်ဟာ ကျွန်မတို့ ရွာအတွက်တော့ သဘာဝက ပေးတဲ့ရေကူးကန်ကြီးပေါ့။ အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ အလုပ်တွေ လုပ်ကြ၊ အတူ ချက်ပြုတ်ကြ။ တစ်ခါတလေလည်း လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ သဘောထားမတိုက်ဆိုင်တာတွေ ရှိတဲ့အခါ စိတ်ဆိုးလိုက်ကြနဲ့ အိမ်လွမ်းစိတ်ကို ကျွန်မတို့ မျိုသိပ်ထားကြတယ်။ ရယ်တစ်လှည့် ငိုတစ်ခါနဲ့ အချင်းချင်း ဖေးမကြတယ်။  အခုလို အွန်လိုင်းခေတ်မှာ ဘယ်နေရာကနေ ဖြစ်ဖြစ် အလုပ်လုပ်လို့ရနိုင်တယ်။ သတင်းတွေ ရေးသား တင်ဆက်လို့ ရနိုင်တယ် ဆိုပေမဲ့ တောထဲကနေ သတင်း တင်ဆက်သူတွေအဖို့တော့ ထင်သလောက် မလွယ်ကြရှာပါဘူး။ အထူးသဖြင့် သတင်းတင်ဆက်သူတွေပေါ့။ ရန်ကုန်မှာလို မိုးလုံလေလုံ အဆောက်  အအုံကောင်းထဲမှာ  အသံလုံတဲ့  စတူဒီယိုထဲမှာ သတင်းတင်ဆက်လာကြတဲ့ ကျွန်မတို့ သတင်းကြေညာသူတွေဟာ လွတ်မြောက်နယ်မြေရောက်တဲ့ အချိန်မှာတော့ သွပ်မိုး၊ အုတ်တစ်ဝက်၊ တာလပတ်တစ်ဝက် ကာထားပြီး ရုံးခန်းလို့ မဆိုသာတဲ့ ရုံးခန်းထဲမှာ သတင်းတွေ တင်ဆက်ကြရတယ်။ မနက်အစော ကြားကြရတဲ့ ကြက်တွန်သံ တွေ၊ ခွေးဟောင်သံတွေ၊ မိုးရွာချိန်မှာ မိုးသံတွေကို ကျော်လွန် အောင် အသံကုန်ဟစ်ကြရတယ်။ နေ့လယ်ဘက် သတင်းချိန် တွေဆိုရင်လည်း နေပူပူမှာ အဲကွန်းမရှိ ပန်ကာမရှိတဲ့ အဲဒီ စတူဒီယိုကြီးမှာပဲ ချွေးတပြိုက်ပြိုက်နဲ့ မီးစလိုက်ဒဏ်၊ နေပူဒဏ်ကို အန်တုရင်း သတင်းတွေ ဖတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို အခြေအနေတွေမှာ မရရတဲ့နည်းနဲ့ မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်လေး တွေကို ကြည့်ရင်းပဲ ကျွန်မတို့လည်း အချင်းချင်း သင်ယူကြရတယ်။ ဖေးမကြရတယ်။ အခက်အခဲ အတားအဆီးတွေကနေ အနာဂတ်မျှော်လင့်ချက် အလင်းရောင်ကို မျှော်ကြည့်ဖြစ်ကြ တယ်။ ညတွေကျရင် လရောင်အောက်မှာ ဝိုင်းဖွဲ့ စကားပြော၊ သီချင်းဆိုရင်း အိမ်လွမ်းစိတ်တွေကို မောင်းထုတ်ကြတယ်။

ကရင်နယ်စပ်မှာ နေခဲ့တဲ့အချိန်တုန်းက ရန်ကုန်က ထွက်လာ တာ မှန်ကန်တယ် ကျွန်မ ရွေးချယ်တဲ့လမ်းက မှန်ကန်တယ် လို့ပဲ ကျွန်မထင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ သတင်းဌာနမှာဆိုရင်လည်း အများစုက ကျွန်မထက် ငယ်ရွယ်တဲ့ လူငယ်တွေ သူတို့ဟာ သူတို့လူငယ်ဘဝကို စွန့်ပြီး တောထဲကို ရောက်လာခဲ့ကြတယ်။ တော်လှန်ရေးအတွက် တတ်အား သရွေ့ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတယ်။ အလားတူပဲ ကျွန်မတို့နေတဲ့ နေရာမှာ အနုပညာရှင်တွေ၊ စီဒီအမ်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းဆီကို ခိုလှုံပြီး လက်နက်နဲ့တိုက်ပွဲဝင်ဖို့ ရောက်လာတဲ့ လူငယ်တွေကိုလည်း ဆုံတွေ့ခဲ့ရတယ်။ သူတို့အားလုံးကို ကျွန်မ လေးစားအားကျခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တောထဲရောက်နေတဲ့ သူတွေ ချင်း အတူတူ ကျွန်မက အဆောက်အအုံကောင်း (သူတို့ထက်တော့ ပိုကောင်းတယ်လို့ ထင်မိလို့ပါ) တစ်ခုမှာ ကွန်ပျူတာနဲ့ အလုပ်လုပ်နေနိုင်ခဲ့တယ်။ ဒါကြောင့်  သူတို့ရဲ့ ဘဝတွေ၊ အလုပ်တွေကို စွန့်၊ တောထဲလာ၊ စစ်သင်တန်းတွေ တက်၊ သစ်ပင်နှစ်ခုကြားမှာ ပုခတ်ကြိုးချည်အိပ်၊ ဗိုက်ဝရုံ စားပြီး တော်လှန်ရေးအတွက် ပါဝင်ပေးနေတဲ့ သူတို့တွေကို ကျွန်မ စိတ်ရင်းနဲ့ လေးစားအားကျခဲ့တယ်။

ကရင်ပြည်နယ်မှာ ရှိနေတဲ့တစ်လျောက်မှာ ဒေသခံတွေက ကျွန်မတို့ကို အစစအရာရာ စောင့်ရှောက်ကြတယ်။ ရိုးသား ပွင့်လင်းတဲ့ ကရင်လူမျိုးတွေဆီက အပြုံးတွေနဲ့ အားပေး စကားတွေက အိမ်ဝေးတဲ့ ကျွန်မတို့ကို အားတက်စေခဲ့တယ်။ ရွာထိပ်ဈေးဆိုင်က အနော်၊ ရွာထဲက ကွေ့တီယိုဆိုင်က အန်တီဝါတို့က ကျွန်မတို့ရဲ့ ဒုတိယမိခင်တွေပဲ။ ရွာက ထွက်လာတဲ့အထိ သူတို့ဆီက အားပေးမှုတွေ ဖေးမမှုတွေ ရခဲ့တယ်။

သောင်းရင်းမြစ်ကို ဖြတ်ခဲ့ပြီ

အခြေအနေအရပ်ရပ်ကြောင့် ကျွန်မ အဲဒီအလုပ်ကနေ ထွက်လိုက်တယ်။ မတ်လ ပထမပတ်မှာတော့ ကျွန်မ ထိုင်းနိုင်ငံဘက်ကို တရားမဝင်လမ်းကြောင်းနဲ့ ထွက်လာခဲ့တယ်။ ကျွန်မနဲ့အတူ ကျွန်မ တောထဲရောက်ချိန်မှာ မွေးထားတဲ့ ကြောင်လေးပါတယ်။ သောင်ရင်းမြစ်ကို ကူးခဲ့တယ်။ တစ်ဖက်ကမ်းက ရွာကတစ်ဆင့် ထိုင်းနိုင်ငံက မြို့လေးတစ်မြို့ဆီ ခရီးနှင်ခဲ့တယ်။ ကျွန်မသွားမယ့် မြို့လေးဆီ မရောက်ခင် လမ်းမှာ နှစ်ညအိပ်ခဲ့ရတယ်။ အဲဒီမှာ ကျွန်မ သိပ်သံယောဇဉ်ကြီးတဲ့ ကြောင်လေးဟာလည်း လမ်းခုလတ်မှာပဲ ကျန်နေခဲ့ရတယ်။ ကျွန်မနဲ့ ဆက်မပါလာနိုင်ခဲ့ဘူး။ သူပျောက်သွားခဲ့တယ်လေ။ သူ့ကို လိုက်ရှာဖို့လည်း အခွင့်မသာခဲ့ဘူး။ သူ့ကို သူစိမ်းတွေကြားမှာ ထားခဲ့ရတဲ့ အတွက် အခုချိန်ထိ စိတ်ထိခိုက်ခဲ့ရတယ်။

ကျွန်မကြောင်လေးမှာ နာမည်ရှိပါတယ်။ ဖိုးချွဲတဲ့။ ကျွန်မပေးထားတာတော့ မဟုတ်ဘူး။ သူ့ကို အဲဒီရွာက ရေတွင်းနားမှာပဲ သူ့ရဲ့ ပထမသခင်က တွေ့ခဲ့တာ။ သူတို့လည်း အကြောင်းအမျိုးမျိုးကြောင့် အဲဒီနေရာကို စွန့်ခွာရမယ့် အချိန်မှာ ကျွန်မဆီမှာ စိတ်ချလက်ချ အပ်ခဲ့လို့ ကျွန်မက ဖိုးချွဲလေးကို မွေးစားခဲ့တာပါ။ ကျွန်မထွက်လာတဲ့အချိန်မှာ သခင်နဲ့ ပထမတစ်ခါခွဲရတဲ့အချိန် သူထိတ်လန့်နေတဲ့ ပုံစံလေးကို ပြန်အမှတ်ရနေတဲ့အတွက် ကျွန်မထွက်မလာခင် တစ်လလောက်တည်းက သူ့ကိုပါ အပါခေါ်ဖို့ စီစဉ်ခဲ့တယ်။ ထိုင်းဘက်ခြမ်းကနေ သူ့ကိုထည့်သွားဖို့ ကျောပိုးအိတ်လေး တစ်လုံးကို အဆင့်ဆင့်မှာခဲ့ရတယ်။

ထိုင်းနိုင်ငံကို ရောက်လာပြီးတော့လည်း တရားမဝင် ဝင်ရောက်လာသူတစ်ယောက်ဖြစ်တဲ့ အတွက် ဘယ်က စတင်ရမလဲ မသိခဲ့ဘူး။  နိုင်ငံပျောက်သလို လမ်းလည်း ပျောက်နေတဲ့ ကျွန်မကို မိတ်ဆွေမိသားစု တစ်ခုက သူတို့အိမ်မှာ တစ်လ ပေးနေဖို့ ကူညီခဲ့တယ်။ ထိုင်းနိုင်ငံရောက်ပြီး နှစ်ပတ်အကြာမှာ ကံကြမ္မာ က ကျွန်မကို ကျီစယ်တယ်။ ခိုလုံခွင့်ရတဲ့ အခန်းလေးထဲ ခိုးဝင်သွားတယ်။ ပါလာသမျှ ပိုက်ဆံမှန်သမျှ ပါသွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ကျွန်မမိတ်ဆွေဟာလည်း ကျွန်မအတွက် စိတ်ထိခိုက်ရပေမဲ့ ရဲကို မခေါ်ဝံ့ဘူး။ အိမ်ရှင်ကိုလည်း မပြောဝံ့ဘူး။ ငွေပျောက်တာကို အသိပေးလိုက်မှ တရားမဝင် လူတစ်ယောက်ကို ခိုလုံခွင့်ပေးတာ သိသွားပြီး ပြဿနာတက်သွားမှာကို စိုးရိမ်တယ်။

ကျွန်မကိုယ်တိုင်လည်း သူတို့ကို ထပ်ပြီး ဒုက္ခမပေးချင်ဘူး။ ဒီလိုနဲ့ ဘဝကို သုညကနေ စဖို့ ဖြစ်လာခဲ့တယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလျှောက်တယ်။ အများစုက တရားဝင် စာရွက် စာတမ်းမရှိတဲ့ ကျွန်မကို မခန့်ရဲကြဘူး။ ရသမျှ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ကိုယ်နဲ့ကိုက်မယ့် အလုပ်တွေ ဆက်ရှာခဲ့တယ်။ အလုပ်လက်မဲ့ဘဝနဲ့ ငါးလကျော်ကြာခဲ့တယ်။ အဲဒီကာလအတွင်း စိတ်ဓာတ်တွေလည်း တက်လိုက်၊ ကျလိုက်။ စိတ်မလုံခြုံမှုတွေ ခံစားရလိုက်။ ငါ ထိုင်းနိုင်ငံကို ထွက်လာမိတာ မှားပြီလားဆိုတာကိုလည်း တွေးမိတယ်။ မိတ်ဆွေတစ်ယောက်က ကျွန်မရဲ့ ကျဆင်းနေတဲ့ စိတ်အခြေအနေကို ကုသနိုင်ဖို့ psychotherapist နဲ့ တွေ့ပေးတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို တက်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒီလိုနဲ့ နှစ်သိမ့်ဆွေးနွေးပေးသူ ပညာရှင်နဲ့ လေး၊ ငါးကြိမ်လောက် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးဖြစ်တယ်။ ကိုယ့်စိတ်မှာ ဘာတွေဖြစ်နေတာလဲ။ ကိုယ်ဘာတွေကို ကြောက်လန့်နေတာလဲ။ ဘာတွေကို စိုးရိမ်နေတာလဲ။ ကိုယ်ဘာတွေ လုပ်နိုင်ခဲ့လဲ။ ကိုယ့်လုပ်နိုင်စွမ်းတွေက ဘာလဲဆိုတာတကို လည်း ပြန်ဆန်းစစ်ဖြစ်တယ်။ အဲဒီနောက်မှာတော့ စိတ်လည်း အနည်းငယ် တည်ငြိမ်မှုရလာသလို အချိန်ပိုင်းအလုပ်တစ်ခု လည်း ရခဲ့တယ်။ သတင်းအလုပ်တွေ ဆက်လုပ်ခဲ့တယ်။ 

ကိုယ်နဲ့ဘဝတူတွေနဲ့ ဆုံဆည်းဖြစ်ခဲ့တယ်။ သူတို့တွေနဲ့ စကားတွေပြောပြီး ငါတစ်ယောက်တည်း မဟုတ်ပါလား ဆိုပြီး အားတင်းရတယ်။ ဒါပေမဲ့ စိတ်အတက်အကျတွေ၊ အိပ်မက်ဆိုးတွေ၊ မလုံခြုံမှုတွေ ကတော့ ကျွန်မတို့ဆီက အပြီးအပိုင် ထွက်ခွာမသွားသေးဘူး။

ထိုင်းရဲတွေကိုမြင်ရင် ငါ့ကိုဖမ်းတော့မှာလား ဆိုတဲ့ စိုးရိမ်မှုက အခု ခုနှစ်လကျော်တဲ့အထိ ခြောက်လှန့်နေတုန်းပဲ။ နှစ်သိမ့်ဆွေးနွေးသူ ကောင်ဆယ်လာနဲ့လည်း ထပ်မတွေ့ချင်တော့ဘူး။ ကျွန်မထက်ဆိုးတဲ့သူတွေကို အားနာလှတယ်။ ကိစ္စအသေးအဖွဲလေးတွေကအစ ခံစားတတ်လာပြီး စိတ်ပျော့ လာတဲ့ ကိုယ့်ကိုယ်ကို မုန်းလာတယ်။ စိတ်မလုံခြုံမှုတွေနဲ့ ဘယ်နေ့အိမ်ပြန်ရမှန်း မသိတဲ့ ဘဝကို မကျေနပ်ချင်တော့ဘူး။

အနာဂတ်

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကျွန်မ တောင်းချင်တဲ့ ဆုကတော့ ကျွန်မတို့အမြန်ဆုံးနိုင်ချင်တယ်။ ကိုယ့်အိမ်ကိုယ် ပြန်ချင်လှပါပြီ။ အိမ်ပြန်ခွင့်မရခင်တော့ ကျွန်မတို့ ဆက်ပြီး ရှင်သန်ရမယ်။ ဆက်ပြီး တော်လှန်ရမယ်။ သေချာတာ တစ်ခုကတော့ ကျွန်မတို့ နိုင်ငံအနာဂတ် အတွက် ကျွန်မတို့အားလုံး ရောက်ရာအရပ်ကနေ နိုင်ရာတာဝန်ကို ထမ်းပိုးကြရမှာပဲ။ အာဏာရှင်ကို မလိုလားသူတိုင်းကလည်း နိုင်တဲ့ဘက် ကနေ ပါဝင်နေကြတယ်ဆိုတာ ကျွန်မတော့ ယုံကြည်တယ်။ စစ်ကောင်စီဟာ ဒီလိုအခြေအနေဖြစ်အောင် မတော်တဆဖြစ်လာတာ မဟုတ်ပါဘူး။

သူတို့ စီစဉ်ခဲ့တာပါ။ အာဏာသိမ်းပြီးတဲ့အချိန်မှာ သူတို့ထင်သလို မဟုတ်ဘဲ ပြည်သူတွေက ဆန့်ကျင်တဲ့အခါမှာလည်း သူတို့ဟာ ရက်စက်သထက် ရက်စက်၊ ယုတ်မာသထက် ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီးဖြိုခွင်းခဲ့တယ်။ နှိမ်နင်းခဲ့တယ်။ လက်ရှိလည်း ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေတုန်းပဲ။ ဒါကြောင့် ဒီလို စစ်ကောင်စီနဲ့ညှိနှိုင်းနေဖို့တော့ ဘယ်လိုမှ ခရီးရောက်မယ်မထင်သလို ညှိနှိုင်းဖို့လည်း မသင့်ဘူးလို့ ထင်ပါတယ်။ တော်လှန်ရေးနည်းလမ်းနဲ့ပဲ ကျွန်မတို့ ဆက်သွားရမှာပါပဲ။ စစ်ကောင်စီဟာ တဖြည်းဖြည်း အကျဘက်ကို သွားနေပါပြီ။ တစ်နေ့မှာ တော်လှန်ရေး အင်အားစုတွေက အနိုင်ရကို ရရမှာပါ။ ဒါပေမဲ့လည်း အဖက်ဖက်က ပျက်ယွင်းနေတဲ့ နိုင်ငံကို ပြန်လည် ထူထောင်ဖို့ ကတော့ အချိန်လိုအပ်မှာပါ။ စစ်ကောင်စီ ဒီနေ့ ကျဆုံးသွားပြီး မနက်ဖြန် နိုင်ငံက အကောင်းအတိုင်း ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ အဖက်ဖက်က ဆုံးရှုံးရတာတွေ ပျက်စီးတာတွေကို အခု စစ်ကောင်စီကို တော်လှန်သလိုပဲ စည်းစည်းလုံးလုံးနဲ့ တစ်စစီပြန်ကောက်ပြီး ပြန်ပြုပြင်ကြရမယ်လို့ ထင်ပါတယ်။ တော်လှန်ရေးကာလကြီးက ဘယ်လောက်ကြာရှည်မယ်ဆိုတာ မသိနိုင်ပေမဲ့ ကျွန်မတို့အားလုံး အဆုံးထိတော့ ဆက်လျှောက်ကြရမှာပါပဲ။