မျိုးသော်တာ (ကလောင်) သည် မီဒီယာနယ်ပယ်တွင် အလုပ်အတွေ့အကြုံ ဆယ်စုနှစ် နှစ်ခုနီးပါးရှိသည့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်ဆန်းပိုင်းတွင် သူမသည် ဒေသတွင်းမီဒီယာအဖွဲ့အစည်းတစ်ခုတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ထိုမှတဆင့် အယ်ဒီတာ၊ မီဒီယာသင်တန်းနည်းပြနှင့် သုတေသနပညာရှင်တစ်ဦးဖြစ်လာခဲ့ပါသည်။ သူမသည် မီဒီယာလွတ်လပ်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအမျိုးမျိုးနှင့်တွဲဖက်၍ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သူမသည် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်အပေါ် အဓိကအလေးပေးဆောင်ရွက်သော သုတေသနအခြေပြု တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းတစ်ခုဖြစ်သည့် အသံ (Athan) တွင်အလုပ်လုပ်ခဲ့ပါသည်။
လီဆာ ဘရူထန် သည် ကာဘွန်ဒေးလ်မြို့ တောင်ပိုင်း အီလီနွိုင်းလ်တက္ကသိုလ် အနုပညာနှင့် မီဒီယာကောလိပ်မှ မီဒီယာပညာရပ် တွဲဖက်ပါမောက္ခဖြစ်ပါ သည်။ သူမ၏ သုတေသနများသည် အမေရိကန်နိုင်ငံနှင့် အရှေ့တောင်အာရှရှိ မီဒီယာ၊ မီဒီယာအပေါ် ဖိနှိပ်မှုနှင့် ပြန်လည်ခုခံမှုတို့ကို ယေဘုယျအားဖြင့် အလေးပေးထားပါသည်။ သူမသည် ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော အသွင်ပြောင်းလဲနေသာ မြန်မာ့မီဒီယာ – သမိုင်းအမွေအနှစ်များ၊ စိန်ခေါ်မှုများနှင့် အပြောင်းအလဲ စာအုပ်ကို ဂျိန်း မကဲလ်ဟုန်၊ ဂရာသရီ ဗန်ခိသစွာရန် တို့နှင့် တွဲဖက်တည်းဖြတ်ခဲ့ပါသည်။
ဂျိန်း မဒလင် မကဲလ်ဟုန် သည် ကနေဒီယန်း-ဗြိတိသျှ သတင်းထောက်တစ်ဦး ဖြစ်ပြီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ မဟာဗျူဟာကျ စီမံကိန်းဖန်တီးရေးဆွဲခြင်းနှင့် အကဲဖြတ်စစ်ဆေးခြင်း၊ လူ့အခွင့်အရေးနှင့် ပြောင်းရွှေ့ခြင်းတို့တွင် အထူးပြုသော အလွတ်တန်းအတိုင်ပင်ခံတစ်ဦးလည်း ဖြစ်ပါသည်။ သူမသည် ဗမာ / မြန်မာတွင် မီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (MDIF) ၊ PEN America, Open Society Foundations, ယူနက်စကို နှင့် Internews တို့အပါအဝင် အဖွဲ့အစည်းများနှင့်ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ခဲ့ဖူးပါသည်။ သူမသည် ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ‘အသွင်ပြောင်းလဲနေသာ မြန်မာ့မီဒီယာ – သမိုင်းအမွေအနှစ်များ၊ စိန်ခေါ်မှုများနှင့် အပြောင်းအလဲ’ စာအုပ်ကို လီဆာ ဘရူထန်၊ ဂရာသရီ ဗန်ခိသစွာရန် တို့နှင့် တွဲဖက်တည်းဖြတ်ခဲ့ပါသည်။ အခြားသော ထုတ်ဝေမှုများမှာ ‘အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်မီဒီယာစီးပွားရေး’၊ ငါးနိုင်ငံမီဒီယာပြုပြင်ပြောင်းလဲ ရေးနှင့် နိုင်ငံရေးအုံကြွမှု စာစောင်အတွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ‘ဗမာပြည်၏ ပြုပြင်ပြောင်းလဲရေးဆယ်စုနှစ်အတွင်း မီဒီယာအပေါ် ပံ့ပိုးမှု – ဗမာပြည်၏စစ်တပ်အာဏာသိမ်းမှုမှ သင်ခန်းစာများ’ တို့ဖြစ်ပါသည်။
ကျော်စွာ (ကလောင်) သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သော သတင်းအေဂျင်စီတစ်ခု၏ တည်ထောင်သူဖြစ်ပါသည်။ ထိုမတိုင်မီက သူသည် ကျောင်းသားခေါင်းဆောင်တစ်ဦး၊ သုတေသနပညာရှင်တစ်ဦးနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများအတွက် မူဝါဒရေးရာ အတိုင်ပင်ခံတစ်ဦး ဖြစ်ခဲ့ပါသည်။
ဆုထက် (စုပေါင်းကလောင်အမည်) သည် မြန်မာနိုင်ငံအတွင်းတွင် အခြေစိုက်သော လူငယ့်ခေတ် မီဒီယာအဖွဲ့အစည်း၏ တည်ထောင်သူများနှင့် အယ်ဒီတာများကို ရည်ညွှန်းပါသည်။ ၎င်းတို့အဖွဲ့ဝင်အားလုံးသည် အသက် ၃၀ ဝန်းကျင်ရှိကြပြီး သတင်းစာပညာနှင့် သုတေသနနောက်ခံ ရှိသူများဖြစ်ကြပါသည်။ ၎င်းတို့သည် အတူတကွ လူငယ်ခေတ်နှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်သောမီဒီယာကို ပံ့ပိုးပေးနေပါသည်။
ခေ မစတန်ဘရွတ်ခ် သည် အမ်စတာဒမ် တက္ကသိုလ်တွင် ပေါင်းသင်းဆက်ဆံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပြီး ကိုယ်ပိုင် မှတ်တမ်းရုပ်ရှင်ကုမ္ပဏီတည်ထောင်ခြင်းမပြုမီ ဒတ်ချ်ပြည်သူပိုင်ရုပ်မြင်သံကြားဌာနတွင် သတင်းများနှင့် နေ့စဥ်အကြောင်းအရာအစီအစဥ်များအတွက် ငါးနှစ်ကြာလုပ်ကိုင်ခဲ့ပါသည်။ သူသည် မှတ်တမ်းရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ရိုက်ကူးထုတ်လုပ်ခဲ့ပြီး အများစုမှာ အာဖရိကနှင့် အာရှတွင်ဖြစ်ပါသည်။ သူသည် ကလေးများအတွက် ရုပ်ရှင်တို ခြောက်ပုဒ်ကိုလဲ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေသခံလူငယ်သရုပ်ဆောင်များအသုံးပြု၍ ရိုက်ကူးခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သူသည် မြန်မာနိုင်ငံတွင် လူငယ်ရုပ်သံရိုက်ကူးရေးသမားများကို သင်တန်းပို့ချခဲ့ပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက သူသည် ဇာတ်ညွှန်းရေးသားခြင်း ပေါ်တွင် အဓိကအာရုံစိုက်နေခဲ့ပါသည်။
ရွှေရည်ဦး (ကလောင်) သည် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ဘွဲ့ရထားသည့် မီဒီယာကဏ္ဍတွင် အတွေ့အကြုံ ၁၂ နှစ်ရှိသော ရန်ကုန်မှ သတင်းထောက်တစ်ဦးဖြစ်ပါသည်။ သူမသည် အလုပ်သင်သတင်းထောက်တစ်ဦးအဖြစ် ၂၀၁၀ တွင်စတင်ခဲ့ပြီးနောက် မဇ္ဈိမသတင်းဌာနတွင် သတင်းထောက်၊ လက်ထောက်အယ်ဒီတာနှင့် ထို့နောက်တွင်အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်သည့်အချိန်တွင် သူမသည် INGO တစ်ခုတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်နေခဲ့ပြီး ထို့နောက်တွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ပြောင်းရွှေ့ကာ ထိုမှတဆင့် သတင်းများကို ပြန်လည်တင်ဆက်ခဲ့ပါသည်။ လက်ရှိတွင် သူမသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေပြီး မြန်မာနိုင်ငံမှ အမျိုးသမီးသတင်းထောက်များကို စေတနာဖြင့်အချိန်ပေးကူညီလျက် ရှိပါသည်။
ဒန်နီ ဖန်စထရ် သည် ၂၀၂၁ အာဏာသိမ်းမှုဖြစ်သည့်အချိန်တွင် Frontier Myanmar သတင်းဌာနတွင် စီမံခန့်ခွဲရေးအယ်ဒီတာအဖြစ်လုပ်ကိုင်နေခဲ့ သည့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ သူသည် လက်ရှိတွင် ၎င်းတို့၏ အယ်ဒီတာဖြစ်ပြီး ဟားဗက်တက္ကသိုလ်မှ သတင်းစာပညာအတွက် နေးမန်းဖောင်ဒေးရှင်း (Nieman Foundation) ၏ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ဒန်နီသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် မတရားအသင်းဆက်သွယ်မှုတို့အပါအဝင် အခြားသောနိုင်ငံရေးပုဒ်မများစွာဖြင့် တရားစွဲဆိုခံခဲ့ရကာ ပြန်လည်မလွတ်မြောက်မီ ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ခြောက်လကြာ ချုပ်နှောင်ခံခဲ့ရပါသည်။