အောင်မျိုးသန့်

Click here for the English language version of this article.

Cite as: 
အောင်မျိုးသန့်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3562

ကျွန်တော်က အောင်မျိုးသန့်ပါ။ ရေဖြူမြို့နယ်၊ မောရဝတီရေတပ် စခန်းဌာနချုပ် အမှတ် ၄၅ ရေတပ် စက်မှုလက်မှုတပ်က စစ်ရေးစစ်ထောက်တာဝန်ခံ ဒု-တပ်ကြပ် ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ မွေးတော့ အသက် ၃၅ နှစ်ပေါ့။ ကလေး ၄ ယောက် ရှိပါတယ်။ ခရစ်ယာန်တစ်ယောက်ပါ။ ကျွန်တော်က အသက် ၂၂ နှစ်ကတည်းက တပ်ထဲဝင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့သူပါ။ ကျွန်တော်က အရင်က စားသောက်ဆိုင်မှာ အကြော်ဆရာပါ။ ၁ လကို ၁၆၀,၀၀၀ ကျပ် ဝင်တာမို့ မဆိုးဘူးလို့ ပြောရမှာပေါ့။ တပ်ထဲဝင်ဝင်ချင်း ပထမနှစ်မှာ ၁ လမှ ၂၁,၀၀၀ ပဲ ရတော့ စိတ်ပျက်တာပေါ့ဗျာ။ ဝန်ခံရရင် ကျွန်တော်က တပ်မတော်ရဲ့ ထောင်ချောက်ဆင်ခံခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော့်ကလေးတွေကို ကျွန်တော့်လိုမျိုး တခြားသူကို လွယ်လွယ်နဲ့ မယုံကြည်ကြစေချင်ပါဘူး။ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါ့မယ်။

၂၀၀၈ ခုနှစ်မှာ ကျွန်တော် စားဖိုမှူးအလုပ်က ပြုတ်သွားခဲ့တယ်။ ဒီလိုနဲ့ လက်မှုလုပ်ငန်းတစ်ခုမှာ အလုပ်တစ်ခုရမယ်ဆိုပြီး ရန်ကုန်ကို ရောက်လာခဲ့ရင်း တပ်ထဲဝင်ဖို့ ဆွယ်တဲ့သူနဲ့ တွေ့တာပဲ။ ဒါနဲ့ မိန်းမဖြစ်သူကို တိုင်ပင်တော့ သူက ကျွန်တော်ကောင်းသလို စီစဉ်ပါလို့ပဲ ပြောတယ်။ ကျွန်တော်က အရင်ကလည်း စစ်သားဖြစ်ချင်ခဲ့တာမျိုး၊ မျှော်လင့်ထားခဲ့တာမျိုး မဟုတ်တော့ နည်းနည်းတွေဝေနေခဲ့ပါတယ်။ တကယ်တော့ တပ်က တပ်သားသစ်ကိုပဲ လိုချင်နေခဲ့တာပါ။ ကျွန်တော်တို့ကို တကယ်စေတနာရှိလို့ ၊ ခေါ်ချင်လို့ မဟုတ်ပါဘူး။ မေတ္တာတရား ခေါင်းပါးတယ်။ ကျွန်တော် တော်တော်ခံစားရပြီး လမ်းပျောက်သလို ဖြစ်ခဲ့ပေမယ့် ဆေးစစ် ဘာညာလုပ်ပြီး ဝင်ဖြစ် သွားတယ်ဆိုပါတော့။ ဆေးစစ်တော့ ကျွန်တော့်မိန်းမကို အိမ်ထောင်သည်လိုင်းခန်းမှာ ခဏထားခဲ့တယ်။ ကျွန်တော်ပြန်လာတဲ့အချိန်မှာ မိန်းမက အခြေအနေမကောင်းဘူးလို့ ပြောတာနဲ့ ကျွန်တော်လည်း သူတို့အရာရှိကို တပ်ထဲကို မဝင်ချင်တော့ဘူး၊ စစ်သားလုပ်ဖို့ စိတ်မပါတော့ဘူးလို့ ပြောခဲ့တယ်။ သူတို့က ကျွန်တော့်ကို နောက်အခန်းတစ်ခုကို ခေါ်သွားပါတယ်။

အဲ့ဒီလက်မောင်းအရစ်ရှိတဲ့တစ်ယောက်ကို ကျွန်တော်မှတ်မိတယ်။ တပ်ကြပ်ကြီး စိုးပေါ့။ သူက မင်းအတွက် ငါတို့ ပေးဆပ်ထားရတာ အများကြီး၊ စိတ်ပြောင်းလို့ ဘယ်ရမလဲဆိုပြီး ထိုးကြရောဗျ။ ပါးတွေရိုက်၊ ဗိုက်ကိုထိုး လုပ်ကြတာ။ လူက တအားကို ကြောက်သွားတာ။ မိန်းမက ကျွန်တော့်နားမှာတော့ မရှိဘူး။

“ကျွန်တော် ဘာမှားလို့လဲ။ ကျွန်တော် တပ်ထဲကို မဝင်ချင်ဘူးလို့ပဲ ပြောတာလေ။ ဒီလိုမျိုး မလုပ်ပါနဲ့။ ကျွန်တော့်မှာ မိန်းမလည်း ရှိတယ်လေ” လို့ပဲ ပြန်ပြောပြီး ငိုမိတယ်။ ဒါမျိုး မဖြစ်ခင်တုန်းက တပ်ထဲသာ မဝင်ချင်တာ၊ တပ်ဟာ ကောင်းတယ်လို့ပဲ အခြေခံအားဖြင့် နားလည်ထားတာ။

အဲ့ဒီအချိန်က ကျွန်တော်တို့က ဖုန်းတွေဘာတွေလည်း သိပ်ပြီး မဆက်သွယ်တတ်သေးဘူး။ ဒါနဲ့ပဲ တပ်ထဲဝင်မယ်လို့ လက်လျှော့လိုက်မိတာ။ မတရားတော့ မတရားဘူးပေါ့ဗျာ။ ကျွန်တော် ဆက်ပြီး အခြေအတင် ငြင်းခုန်ရန်ဖြစ်နေခဲ့တုန်း ရေတပ်ကတစ်ယောက်က ကျွန်တော်တို့ကို လက်ဖက်ရည်ဆိုင်ကို ခေါ်ထုတ်သွားတယ်။ ကျွန်တော် ကြောက်သွားတာက ဒီလိုသာ ဆက်လုပ်နေရင် အန္တရာယ်က အရမ်းကြီးလာမယ်ပေါ့။ ရေတပ်ကဆရာကလည်း ရေတပ်မှာဆို စစ်မတိုက်ရဘူး ဘာညာဆိုပြီးပြောတော့ ရေတပ်ထဲတော့ ဝင်လိုက်မယ်ဆိုပြီး ဖြစ်ခဲ့တာ။ ရေတပ်က ဘယ်တော့ ဘာပေးမလဲ မသိတာနဲ့ မိန်းမဆီက ငွေ ၂၀,၀၀၀ တောင်းခဲ့လိုက်တယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ ဖောင်ကြီးကနေ သင်တန်းဆင်းခဲ့တယ်။

တကယ်တော့ ၂၀၀၈-၂၀၀၉ ခုနှစ်တွေက တပ်သားစုဆောင်းရေးကာလတွေပေါ့။ လူတိုင်းကို တပ်ထဲ ဆွဲသွင်းနေတဲ့ အချိန်လေ။ ဘာအရည်အချင်း၊ ဘာအတတ်ပညာမှ ရှိစရာမလိုဘူး။ အင်အားရှိရင်ပြီးရော စုဆောင်းနေခဲ့တာ။ တပ်မတော်ဟာ ခုထိလည်း ဒီအတိုင်းပဲလေ။ အရေအတွက်ပဲရှိတယ်။ ဘာအရည်အချင်းမှ၊ ဘာအဆင့်မှကို မရှိတာ။

၂၀၀၉ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ တာဝန်စထမ်းဆောင်ခဲ့တာ။ ရုံးစာရေးပေါ့။ ရာထူးတိုးပေးတဲ့စနစ် ရှိတယ်လို့တော့ ပြောတယ်။ ၃ နှစ်ကြာရင် ဒု-တပ်ကြပ်၊ နောက် ၃ နှစ်ထပ်ကြာရင် တပ်ကြပ်၊ နောက် ၄ နှစ်ဆို အုပ်ခွဲတပ်ကြပ်ကြီး အဲ့ဒီလိုမျိုးပေါ့။ တကယ်တမ်းတော့ အဲ့ဒီလိုလည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော်ဆို ဒု-တပ်ကြပ်ဖြစ်ဖို့ ၉ နှစ်တောင် ကြာသွားတယ်။ စစ်ရာထူးချုပ်ခန့်ရုံးကနေပြီး သက်ဆိုင်ရာလူတွေကိုပဲ ရာထူးတွေ တိုးပေးနေကြတာ။ ကျွန်တော့် နောက်ဆုံးတာဝန်၊ ရုံးအုပ်ဘဝကို မော်လမြိုင်က ဟိန်းဆဲဒေသရုံးမှာ ၆ လ လုပ်ခဲ့တယ်။

အာဏာသိမ်းပြီးတော့ တပ်ကနေ ထွက်ခဲ့ရတာအကြောင်းတွေ ရှိတာပေါ့။ မဲစာရင်းအမှားဆိုတာက ပထမဆုံးအကြောင်းပေါ့။ ကျွန်တော်က ရုံးအုပ်ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တချို့စစ်သားတွေရဲ့ မဲတွေကို ကိုင်တွယ်ခဲ့ရတယ်။ တပ်မှာက ကြိုတင်မဲရော ပုံမှန်မဲပါ ရှိတယ်လေ။ ကျွန်တော်တို့တပ်ရင်းမှာဆိုရင် ခွင့်မဲ့အင်အားက ၁၀ ယောက်ရှိတာ ကြိုတင်မဲထဲကို ထည့်ခိုင်းတယ်။ ဒါပေမဲ့ အထက်ကညွှန်ကြားလာတာက တပ်ရင်းရဲ့ သုံးပုံနှစ်ပုံကို ကြိုတင်မဲ ပေးခိုင်းပြီး ကျန်လူကိုပဲ ပုံမှန်ပေးခိုင်းတာ။ အဲ့ဒီမှာ ခွင့်မဲ့မဲတွေအတွက် ကျွန်တော်ကိုယ်တိုင်ကပဲ မဲပေးပေးခဲ့ရတာ။ ကျွန်တော့်ကို အဲ့ဒီလို လုပ်ခိုင်းခဲ့တာ။ ဒီ မအလ မင်းအောင်လှိုင်က အမေစုက မဲခိုးပါတယ်လို့ ပြောသေးတယ်ဗျာ။ အဲ့ဒါဆိုရင် သူကရော မဲမခိုးလို့လား။ အာဏာလည်း သိမ်းပြီးရော ရွေးကောက်ပွဲစိစစ်ရေးကော်မရှင် ပြန်ဖွဲ့တယ်။ ကျွန်တော်တို့ကို ဘယ်သူတွေ မဲစာရင်းမှာ အပိုပါနေလဲလို့ စိစစ်ခိုင်းတယ်။ ကျွန်တော့်ကိုဆို ရေဖြူမြို့နယ်တစ်မြို့နယ်လုံးကဟာကို စိစစ်ခိုင်းတယ်။ ပျှမ်းမျှ တွက်ကြည့်ရအောင်။ ဌာနချုပ်တစ်ခုမှာ တပ် ၁၀ တပ် ရှိတယ်။ ရေတပ်မှာဆို ဌာနချုပ်က ၈ ခု၊ ဗျူဟာတပ်က ၄ ခု။ အဲ့ဒီ ၁၂ ခုမှာ တပ်တစ်တပ်ကို ခွင့်မဲ့ ၁၀ ယောက်နဲ့ပဲ တွက်ဦး၊ မဲခိုးတဲ့အရေအတွက်က ဘယ်လောက်ဖြစ်နေပြီလဲ။ ဒါ ရေတပ်ပဲ ရှိသေးတယ်။ လေတပ်တို့ ကြည်းတပ်တို့ မပါသေးဘူး။ ကြည်းတပ်ဆို ပိုဆိုးတယ်။ အင်အားအများဆုံး အင်အားစုလေ။ ကြည်းတပ်မှာက ခွင့်မဲ့ဆိုတာ တပ်ရင်းတစ်ရင်းကို အနည်းဆုံး ၁၅-၁၆ ယောက် ရှိတာလေ။ သူတို့အတွက် မဲတွေ ခိုးထည့်ခဲ့တာပဲ။

တပ်ကထွက်ခဲ့ရတဲ့အကြောင်းရင်း နောက်တစ်ခုကတော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရန်ကုန်ကို ပြိုင်ပွဲတစ်ခုအတွက် သွားရတယ်။ ပုဇွန်တောင်မြို့နယ်ကို စရောက်တဲ့အချိန်မှာ ဘာစတွေ့လဲဆိုတော့ ပြည်သူတွေက စစ်ကားကိုမြင်ရင် တအားကြောက်နေတာ။ သူတို့ရဲ့မျက်လုံးတွေထဲမှာ အကြောက်တရားတွေပဲ တွေ့နေရတယ်။ ကျွန်တော်တို့ရဲ့ ရေတပ်ယူနီဖောင်းကိုမြင်တော့ စစ်ခွေးတွေလို့ ပြောကြတယ်။

ကျွန်တော်တို့ လုပ်နေတဲ့လုပ်ရပ်ဟာ မှားနေပါလားလို့ အတွေးတွေ နက်လာခဲ့တယ်။ ဘာတွေ မှားနေလဲပေါ့။ တပ်မတော်ဟာ ကျဆုံးနေပြီလို့ သဘောပေါက်လိုက်တယ်။ အလိမ်အညာတွေပဲ ပြောနေခဲ့တယ်။ ကျွန်တော် အလုပ်ကို ကောင်းကောင်းမလုပ်တော့ဘူး။ တာဝန်ပေးတာတွေကို တတ်နိုင်သလောက် ရှောင်ခဲ့တယ်။

ဒါပေမဲ့ အလုပ်ကတော့ မထွက်သေးဘူးပေါ့။

နောက်တော့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မြိတ်ကို စစ်ရေးပြအတွက်ရောက်သွားတော့ ကမ်းနားလမ်းဘက်မှာ ဆန္ဒပြနေတာကို တွေ့ရတယ်။ ကျွန်တော်က ဆိုင်တစ်ဆိုင်မှာထိုင်ပြီး ကြည့်နေမိတယ်။ သူတို့က အေးအေးချမ်းချမ်းပဲ ဆန္ဒပြနေကြတာ။ တုတ်တစ်ချောင်းတောင် မပါကြပါဘူး။ အဲ့ဒီအချိန်မှာ ရဲကရောက်လာပြီး မီးခိုးဗုံး စပစ်တယ်။ အသံဗုံး ပစ်တယ်။ တအောင့်နေတော့ ရဲ ၁၀ ယောက်တန်းတစ်ဖွဲ့ ရောက်လာပြီး တဒုန်းဒုန်းနဲ့ ပိတ်ပစ်လိုက်တာ လူ ၄-၅ ယောက် သေသွားရော။ ကျသွားတဲ့ကလေးက ကျွန်တော့်သမီး အကြီးမအရွယ်၊ ၁၁ နှစ်-၁၂ နှစ်လောက်လေးဗျာ။ အဲ့ဒီကတည်းက အသည်းနာခဲ့တာ။

အလုပ်ထဲပြန်ရောက်တော့ ကိုယ့်ရဲဘော်တစ်ယောက်ဖြစ်တဲ့ မာစတာဘလက်ခ် ဆိုတဲ့တစ်ယောက်နဲ့ပဲ တိုင်ပင်တယ်။ အခြေအနေပေးရင် တပ်က ထွက်ကြမယ်ပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ၊ တပ်မတော်ကြီးက ကိုယ့်ချွေးနည်းစာ၊ ကိုယ့်သွေးနဲ့ရင်းပြီး ဝယ်ထားရတဲ့ ဖုန်းကိုတောင် ကိုယ်စိတ်တိုင်းကျမှ သုံးခွင့်မပေးခဲ့တာ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလကျမှ ထွက်လာနိုင်ခဲ့တယ်။ ကျွန်တော့် မိသားစုကိုလည်း ထားခဲ့လိုက်တယ်။ မိသားစုကိုငဲ့နေရင် ပြည်သူကို ဦးစားပေးလို့ရမှာ မဟုတ်ဘူးလေ။ မိသားစုကိုလည်း ပြောထားတယ်။ ကျွန်တော်သေရင်တောင် ဝမ်းနည်းပူဆွေးစရာ မလိုဘူးလို့။

မာစတာဘလက်ခ်နဲ့ ကျွန်တော်က တောလမ်းအတိုင်း ထွက်လာခဲ့တာ။ ညတိုင်း လှည့်ကင်းပတ်နေတဲ့ကားတွေရှိတော့ လမ်းမကြီးတွေကို သုံးလို့မရဘူးလေ။ တောင်ကုန်းတစ်ခုကို တက်ခဲ့ပြီး လျှိုထဲပြန်ဆင်း၊ ရာဘာတောအုပ်ဟောင်းတစ်ခုအတိုင်း ထွက်လာခဲ့ရတာ။ မာစတာဘလက်ခ်ကတော့ တော်တော်ခံလိုက် ရတယ်။ ဖိနပ်က ပြတ်သွားပြီး သစ်ကိုင်းတစ်ခုနဲ့ တိုးချိန်မှာ အောက်မျက်ခွံကို ဆူးကိုင်းရှသွားတယ်။ သွေးတွေ ပန်းထွက်လာတာပေါ့။

“ရှပ်အင်္ကျီနဲ့ စည်းထားလိုက်” လို့ ကျွန်တော် က ပြောတယ်။ မိုးလင်းတော့ ကန်ပေါက်ကို ရောက်သွားကြတယ်။ ကျွန်တော့် Wave money အကောင့်ထဲမှာ မြန်မာငွေ (၃၀,၀၀၀) ကျပ်ပဲ ရှိနေခဲ့တယ်။ ကျွန်တော်တို့ ပထမမှန်းထားတာက ထားဝယ်ကို သွားဖို့ပဲ။ လက်မှတ်ဝယ်ဖို့လုပ်တော့ အထောက်အထားတွေ တောင်းတာနဲ့ပဲ တောလမ်းကနေ လမ်းလျှောက်သွားတော့ဖို့ ဆုံးဖြတ်ခဲ့ရတာ။ အကြာကြီးကို လျှောက်ရတာပေါ့။ တနင်္သာရီကြိုးဝိုင်းကို ဖြတ်ပြီးတော့ ရာဘာစိုက်ခင်းရှည်ကြီးကို ဖြတ်ခဲ့ရတယ်။ ကျားတွေရှိတယ်လို့ နာမည်ကြီးတဲ့နေရာပေါ့။ အရမ်းစိုးရိမ်ခဲ့ရတဲ့ အချိန်ပေါ့ဗျာ။ တောအုပ်ကိုဖြတ်ဖို့ ၃ ရက်တောင် ကြာခဲ့တယ်။ အဲ့ဒီကာလမှာ ထမင်းဆိုတာ ဘာမှန်းကို မသိခဲ့ဘူး။ နောက်တော့ ပြည်သူ့စစ်သားအဖွဲ့နဲ့ ချိတ်လို့ ရသွားတယ်။ ကျွန်တော်တို့ အကြောင်းတွေကို ပြောပြတော့ သူတို့က လှမ်းခေါ်လိုက်တော့တာပဲ။

မိသားစုကို ထားခဲ့ရတာ မလွယ်ပေမယ့် ကျွန်တော့်မိန်းမနဲ့တော့ တယ်လီဂရမ်ကနေ အဆက်အသွယ်ရနေပြီ။ သူတို့ကိုလည်း ဖိအားတွေပေးခံထားရတာလေ။ ကျွန်တော် ထွက်သွားပြီးတော့ ဌာနချုပ်ကို တစ်နေ့ ၂ ကြိမ် သတင်းပေးပြီး နေကြရတယ်။ ကျွန်တော်နဲ့ အဆက်အသွယ် ရှိလားဘာလား မေးတာလည်း ခံရတာပေါ့။ သူတို့က ကျွန်တော်တို့ ၂ ယောက်ကို တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ ပစ်မိန့်တောင် ပေးထားပြီးပြီ။ ကျွန်တော့်မိန်းမက ဆွေမျိုးတွေဆီပြန်မယ်လို့ တင်ပြတော့ တပ်ရင်းမှူးက တွန့်ဆုတ်နေသေးတယ်။ သူတို့က ကျွန်တော့်အလောင်းကိုရမှ သူ့ကို ပေးသွားမယ့်သဘောမျိုးပေါ့။ တပ်မှာကလည်း ယောက်ျားမရှိတော့တဲ့ မိန်းမတစ်ယောက်ကို စော်ကားချင်ကြတယ်။ နောက်ဆုံးတော့ မိန်းမနဲ့ ကလေးတွေလည်း ထွက်လာလို့ရသွားခဲ့ပါတယ်။

အားလုံးပြီးသွားရင် ကျွန်တော့်ညီ မာစတာဘလက်ခ်နဲ့ ထမင်းဆိုင် ဖွင့်မယ်။ စီးပွားဖြစ်ဖို့ထက် လူတွေကို တစ်ခဏတာမှာ သူတို့ မြိန်မြိန်ယှက်ယှက် စားနိုင်အောင် ဖြည့်ဆည်းပေးချင်တယ်။ တပ်ကိုတော့ ဘယ်တော့မှ ပြန်မသွားတော့ဘူး။ ကျွန်တော်က လက်သမားအလုပ်လည်း လုပ်တတ်တော့ အခု စစ်သားဟောင်းတွေနေဖို့ အိမ်ဆောက်ပေးနေတယ်။ လူ ၁၀ ယောက်စာ နေအိမ်တစ်လုံး ဆောက်ပေးပြီးသွားပြီ။ လူ ၂၀ စာ ၈ ခန်းတွဲ အိမ်တစ်လုံး စဆောက်ပေးနေတယ်။ ၄၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ။

အခု အိမ်ဆောက်ပေးနေတယ်ဆိုပေမယ့် တော်လှန်ရေးမှာ တိုက်ပွဲဝင်ဖို့ ပြောလာရင် အသက်ပဲသေသေ ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးသွားမယ်။