Click here for the English language version of this article.
Cite as: အောင်ကိုကို၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3556

ကျွန်တော့်နာမည်က အောင်ကိုကိုပါ။ အသက်က ၂၉ နှစ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှာ မိတ္ထီလာလေကြောင်းအတတ်သင် လေတပ်စခန်းကနေ ထွက်ပြေးလာပြီး ခုတော့ ပြည်သူလူထုနဲ့အတူ ရပ်တည်နေပါတယ်။
တပ်ထဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်မှာဝင်ခဲ့ပြီး အဲ့ဒီမတိုင်ခင်ကတော့ လူတွေကို ဟိုကနေ ဒီကိုလိုက်ပို့ပေးရတဲ့ ကားမောင်းသမားပေါ့။
တပ်ထဲဝင်ဖြစ်တာကတော့ ကျွန်တော့်တစ်မိသားစုလုံးကလည်း တပ်ကဆိုတော့ တပ်နဲ့ သိပ်ကိုနီးစပ်နေခဲ့တာကိုး။ ကျွန်တော့်အစ်ကိုကလည်း စစ်သား။ ကျွန်တော်ငယ်ငယ်ကဆို သူ့ကို တပ်ယူနီဖောင်း သေသေသပ်သပ်နဲ ့တွေ့တဲ့အခါတိုင်း သိပ်အားကျခဲ့ရတာ။ သူ့ကို တအားလည်း လေးစားခဲ့တာပေါ့။ ကျွန်တော့်သူငယ်ချင်းတချို့ တပ်ထဲဝင်တော့လည်း မနာလိုဖြစ်မိတာပဲ။ ကျွန်တော်မှတ်မိတာက အရင်ကဆို လူတွေက တပ်မတော်သားတွေကို လေးစားကြတယ်၊ ကြိုဆိုကြတယ်။ ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို တပ်ထဲဝင်ဖို့ ဖိအားပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ကလည်း လက်ခံခဲ့ပါတယ်။ ကျွန်တော်က စစ်သားတွေ ကြီးပွားလာတာကို အားကျတယ်။ နောက်ပိုင်း ကားမောင်းသမားအဖြစ် အလုပ်လုပ်ပြီး ဝင်ငွေတွေဘာတွေ ရလာတာတောင် အဲ့ဒီလိုအနေအထားကို သိပ်အားကျပါတယ်။
ကျွန်တော့်ဆွေမျိုးသားချင်းတွေက တပ်မတော်ထဲမှာပေမယ့် လေတပ်မှာတော့ တစ်ယောက်မှမရှိသေးဘူး။ အဲ့ဒါနဲ့ပဲ ထူးခြားကွဲပြားသွားအောင် လေတပ်ထဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တာ မှန်သွားခဲ့တယ်ပြောရမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက လေတပ်ဟာ ကြည်းတပ်ထက် ပိုအဆင်ပြေနေခဲ့တာကိုး။ တန်းစီစောင့်တာမျိုးတွေလည်း မရှိခဲ့ဘူးလေ။ ကျွန်တော်လည်း ပျော်နေခဲ့တာပေါ့။ ရှေ့တန်းလည်း ဘယ်တုန်းကမှ မထွက်ခဲ့ရဘူး။ ဘားတိုက်ထဲမှာလည်း ရဲဘော်ရဲဘက်စိတ်ပဲ ရှိကြတယ်။ ဒါပေမဲ့ စိတ်ပျက်စရာဆိုတာကတော့ ရှိတာပါပဲ။ အစားအစာတွေလည်း လုံလုံလောက်လောက် မရဘူး။ လခကို ဟိုဟာဖြတ်၊ ဒီဟာဖြတ်တာတွေလည်း ခံရတယ်။ ခွဲခြားဆက်ဆံခံရတာလည်း
ရှိတာပေါ့။ သေချာတာကတော့ အပြန်အလှန်လေးစားမှုဆိုတာ မရှိပါဘူး။
ဒါပေမဲ့လည်း အာဏာမသိမ်းခင်ကအခြေအနေကတော့ ပိုကောင်းတာ အမှန်ပဲ။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်မှာတော့ ကျွန်တော်တို့ကို မနက် ၃ နာရီခွဲကတည်းက အိပ်ယာကထခိုင်းပြီး ဘောလုံးကွင်းထဲမှာ လူစုခိုင်းထားတယ်။ လက်နက်တွေလည်း ထုတ်ပေးပြီး အဆင်သင့်အနေအထားနဲ့ နေခိုင်းထားတယ်။ ဘာတွေဖြစ်နေလည်း ဆိုတာ မတွေးတတ်ကြဘူး။ တော်တော်လေးကြာမှပဲ အာဏာသိမ်းလိုက်တယ်ဆိုတာ သိကြရတယ်။ ဖေဖော်ဝါရီလ ကုန်လောက်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို ဘယ်လိုဖြေရှင်းတယ်ဆိုတာတွေ ကြားလာရတယ်။ ပစ်ခတ်တယ်၊ ဖမ်းဆီးတယ်၊ နှိပ်စက်အနိုင်ကျင့် သတ်ဖြတ်တယ်ဗျာ။ ကျွန်တော် စိတ်ပျက်သွားပြီး အဲ့ဒီကတည်းက ထွက်ချင်ခဲ့ပေမယ့် အမေက နေမကောင်းဖြစ်နေတယ်။ ကျွန်တော့်ကို မလုပ်ပါနဲ့လို့ တောင်းပန်တာနဲ့ပဲ ကျွန်တော်လည်း ကပ်ကျန်နေခဲ့တော့တယ်။
ကျွန်တော့်မိသားစုက ဦးနှောက်ဆေးခံထားရတာလေ။
ကျွန်တော်ခုလိုပြောနိုင်တာက သူတို့ထက်စာရင် ကျွန်တော်က နည်းနည်းလေး ဗဟုသုတပိုရှိတယ်လေ။ နောက် သူတို့ထက် လူမှုဆက်ဆံရေးအဝန်းအဝိုင်းလည်း ပိုကျယ်ပြန့်တာပေါ့။ ကျွန်တော်က ကားမောင်းခဲ့ဖူးတော့ အပြင်လူတွေရဲ့ဘဝမျိုး ရှိတယ်လေ။ အစ်ကိုက တပ်ထဲမှာရှိနေသေးတာမို့ ကျွန်တော့်ညီမကတော့ နိုင်ငံရေးတွေ မပြောစေချင်ဘူး။ အဲ့ဒီလိုတွေ ရုန်းကန်နေရတာနဲ့ပဲ ထွက်မယ်လို့ဆုံးဖြတ်ပြီး နောက် ၈ လ အကြာမှာမှ တကယ်ထွက်လာဖြစ်ခဲ့တယ်။
အရင်ဆုံး မိတ္ထီလာအခြေစိုက်စခန်းကနေ ထွက်ဖို့ဆုံးဖြတ်တုန်းက လက်နက်ကို အပါယူဖို့ တွေးခဲ့တာ။ နောက်တော့ ပြဿနာတွေပေါ်လာတာနဲ့ပဲ ကျွန်တော့်စက်ဘီးလေးရယ်၊ လက်ပ်တော့ပ်လေးရယ်ကို ဘားတိုက်မှာပဲ ထားခဲ့လိုက်ရတယ်။ ဘာဆိုဘာမှမပါဘဲ ထွက်လာခဲ့ရတာ။ နောက်ဆုံး အဝတ်အစားတောင် ငှားဝတ်ခဲ့ရတာ။ အဲ့ဒီတုန်းက စောင့်ကြည့်တာတွေရော၊ ဖိအားတွေရော တအားများခဲ့တာပေါ့။ တကယ်တော့ စက်တင်ဘာမှာထွက်တာက အစောပိုင်းမှာထွက်တာနဲ့စာရင် ပိုအန္တရာယ်များတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ လုပ်တော့မယ်ပေါ့။
ရန်ကုန်ကိုရောက်လာခဲ့ပြီး ၁ ပတ်လုံး အဲဒီမှာပဲ ပုန်းအောင်းနေခဲ့တယ်။ လက်ထဲမှာ ကငွေ ၇ သိန်းပဲ ရှိနေတာ။ တစ်ခါ တောင်ဒဂုံမှာ စစ်ကောင်စီထောက်လှမ်းရေးတွေက လိုက်တာကို ခံလိုက်ရသေးတယ်။ ကျွန်တော့်ကို တပ်ပြေးမှန်း သိသွားလို့လေ။ ကံကောင်းလို့ လွတ်သွားပြီး မြို့ထဲကအဆောင်တစ်ခုမှာ ခိုလိုက်နိုင်တယ်။ ကျွန်တော်က မိုင်တဲလ်သုံးတော့ ဖုန်းကနေတစ်ဆင့် ခြေရာခံနိုင်သွားတယ် ထင်တာပဲ။ နောက်ပြီး ဝိုင်ဖိုင်သုံးဖို့ မေ့သွားတာ။
ကျွန်တော် လေတပ်ကထွက်ခဲ့တာက ဘယ်နိုင်ငံရေးပါတီကို ထောက်ခံအားပေးလို့မဟုတ်ပါဘူး။ ကျွန်တော် နားလည်တာက ဓမ္မနဲ့ အဓမ္မပါပဲ။ တပ်မတော်က ယုတ်မာပြီး မတရားလို့ ကျွန်တော် ဘယ်လိုမှ ဆက်မပါနိုင်တော့တာ။ ကျွန်တော် ထွက်မှကိုဖြစ်မှာ။ သူငယ်ချင်းတချို့လည်း ထွက်ခဲ့ကြပြီ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ သုံးပုံနှစ်ပုံက ကျွန်တော့်လိုပဲ တွေးနေကြတာ ကျွန်တော်သိတယ်။ တချို့လည်း ထွက်ပြေးဖို့ကြံကြတယ်။ တချို့ အဖမ်းခံလိုက်ရတယ်။ တချို့ကတော့ အထဲမှာကျန်နေသေးတုန်းပဲ။ ဒါပေမဲ့ ကျွန်တော့်ကို သတင်းတချို့ ပေးကြတယ်။
လေတပ်အရာရှိတွေတောင် ပင်ပန်းနေကြပြီ။ တပ်ထဲမှာ အာဏာသိမ်းတာဟာ မတရားမှန်းသတိထားမိကြပေမယ့် နှုတ်ဆိတ်နေကြတာတော့ ရှိပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို အပြင်လူတွေထက် ကျွန်တော်တို့လို တပ်ထဲကလူတွေက ပိုသိတယ်ဆိုရမှာပေါ့။ ပြောရရင် အဲ့ဒီနှုတ်ဆိတ်နေကြသူတွေဟာ ဘာဆိုဘာမှလုပ်လို့မရတာမျိုးဖြစ်မယ်။
နောက်ဆုံးတော့ ကျွန်တော် ရန်ကုန်က ထွက်လာနိုင်ခဲ့ပြီး ခုဆို လွတ်မြောက်နယ်မြေကို ရောက်နေပါပြီ။ လူငယ်တွေကို ကျွန်တော်တို့လိုမျိုး မဖြစ်စေချင်လို့ ကျွန်တော် ဒီတော်လှန်ရေးကို ပါမှဖြစ်မယ်။ တော်လှန်ရေးပြီးသွားရင်တော့ ပရဟိတအလုပ်တွေပဲ လုပ်တော့မယ်။ သိတဲ့အတိုင်းပဲလေ ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံတွေထက် သယံဇာတတွေအများကြီး ပိုရှိသလောက် ပညာရေးကျတော့ သူတို့တွေထက် နိမ့်ပါးနေတယ်။ ကျွန်တော့်ရှေ့ကလူတွေက သူတို့အိတ်ကပ်ထဲကို အကုန်သိမ်းကျုံး ထည့်သွားကြတာပဲလေ။ ထိုင်းနိုင်ငံမှာဆို မူကြိုကလေးတွေကိုပဲ နို့တိုက်တော့ သူတို့တွေ ထွားကျိုင်းကြတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အဲ့ဒီလိုမျိုးတွေ ဖြစ်စေချင်တာပေါ့။
တပ်မှာ ကျွန်တော့်အဆက်အသွယ်တွေ ရှိပါသေးတယ်။ သူတို့ဆီက သတင်းအချက်အလက်တွေကို ယူတယ်။ နောက် သူတို့ကို ထွက်လာပြီး လွတ်မြောက်နယ်မြေထဲ လာပူးပေါင်းဖို့ တိုက်တွန်းပါတယ်။ ဒီဆိုးရွားတဲ့ စနစ်ကြီး ကျရှုံးသွားအောင် လုပ်နိုင်သမျှ လုပ်သွားပါမယ်။