Click here for the English language version of this article.
Cite as: လှမင်းကျော်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3521

ကျွန်တော့်နာမည်က လှမင်းကျော်ဖြစ်ပြီးတော့ ဇာတိကယောနယ် ကပါ။ ကျွန်တော့်မှာ အိမ်ထောင်မရှိပါဘူး။ တပ်ထဲမှာ တာဝန်ထမ်း ဆောင်ခဲ့တာကတော့၁၃ နှစ် ရှိပါပြီ။ ကျွန်တော် အခု အသက် ၃၀ စွန်းစွန်းပါ။ ကျွန်တော်၁၀တန်းပြီးတဲ့အချိန်မှာ အလုပ်ပတ်ရှာခဲ့ပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘာမှသိပ်ပြီးမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့ အဓိကဝါသနာက အင်ဂျင်နီယာကျောင်းတက်ပြီး အဲ့ဒီနယ်ပယ်မှာပဲ အလုပ်လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အခွင့်အလမ်းတွေက ရှားပါးလွန်းတော့ တပ်မတော်ကွန်ပျူတာသိပ္ပံနှင့် နည်းပညာစာမေးပွဲ ဖြေခဲ့ပြီး အလွယ်တကူပဲ အောင်မြင်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၃ နှစ်တာ အတောအတွင်းမှာ ကျွန်တော် တာဝန်အမျိုးမျိုး ယူခဲ့ဖူးပါတယ်။ နောက်ဆုံးကတော့ ဧရာဝတီရေတပ်အခြေစိုက်စခန်းမှာ တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျွန်တော် အဲ့ဒီမှာ တော်တော်လေး အဆင်ပြေခဲ့တယ်။ ကျွန်တော့်လစာက တစ်လ ၂၄၀,၀၀၀ ကျပ် ရပေမယ့် တပ်က “အာမခံ” အနေနဲ့ ၁၀,၀၀၀ ကျပ် နှုတ်ပြီး အဲ့ဒါက ဦးပိုင်ထဲကို တိုက်ရိုက်ရောက်တဲ့ ပိုက်ဆံပေါ့ဗျာ။ တစ်ခါတလေ သူတို့ရဲ့တွက်ချက်ပုံတွေပေါ် မူတည်ပြီး ပိုယူတာတောင် ရှိပါသေးတယ်။ တပ်ကြပ်မဖြစ်ခင်က ကျွန်တော် သင်္ဘောဆောက်လုပ်ရေးမှာ အလုပ်လုပ်ခဲ့ပါတယ်။ ရေတပ်က သင်္ဘောတစ်စီးဆိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ ထိန်းသိမ်းပြုပြင်ရေးတွေ လုပ်ခဲ့ရပါတယ်။ အဲ့ဒီလိုမျိုးအချိန်တွေဆို အလုပ်များလွန်းလို့ တစ်နေ့လုံးမှ ထမင်းတစ်နပ်ပဲ စားရတယ်။ အဲ့ဒီပြုပြင်ထိန်းသိမ်းရေး အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ရတာကို ကျွန်တော် ဂုဏ်ယူခဲ့တယ်။ ကျွန်တော် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့ပြီး၊ ဝိရိယစိုက်ပြီးလုပ်ခဲ့ပေမယ့်မတော်တဆမှုတစ်ခုဖြစ်ပြီးတော့ ခေါင်းထိပြီး ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆေးရုံက ကျွန်တော့်ကို ဝါဒဖြန့်တဲ့အလုပ်တွေနဲ့ စစ်တပ်မှတ်တမ်းတွေလိုမျိုး သက်သာတဲ့ အလုပ်တွေကိုသာပေးဖို့ စီနီယာတွေကို ညွှန်ကြားခဲ့ပါတယ်။ ကျွန်တော့်နေရာကနေ ထွက်ခွာခဲ့ပြီး ပြည်သူတွေဖက်ကို ပူးပေါင်းခဲ့တာ စက်တင်ဘာလမှာပါ။ အဲ့ဒီလိုလုပ်ဖို့ဆုံးဖြတ်ရတဲ့အကြောင်းရင်း အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းပြချက်တွေထဲက တစ်ခုကတော့ အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော်က ဆိုရှယ်မီဒီယာကို ခိုးသုံးနေခဲ့တော့ အကုန်မြင်ခဲ့ရပြီး အဲ့ဒီအဖြစ်အပျက်တွေကို လက်မခံနိုင်ခဲ့ဘူး။ နေ့တိုင်း ကျွန်တော့်ခေါင်းထဲမှာ အဲ့ဒါကိုပဲ တွေးနေမိခဲ့တယ်။ ကျွန်တော်ပြောရင် ယုံချင်စရာတောင် မရှိဘူး။ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ဌာနအားလုံးအတွက် တာဝန်ရှိတဲ့ခေါင်းဆောင်က မြသွဲ့သွဲ့ခိုင်တို့၊ ကြယ်စင်တို့လို ဆန္ဒပြတဲ့ မိန်းကလေးငယ်တွေ အပစ်သတ်ခံရတာက ဘာလို့ ပြဿနာ မဟုတ်ရသလဲဆိုတာ ရှင်းပြဖို့ ရေတပ်အခြေစိုက်စခန်းမှာ ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ လူသေမှုတွေအပေါ် ဆိုရှယ်မီဒီယာတွေက စိတ်ဝင်စားမှု မြင့်တက်နေတာမို့လို့ လူတွေအနေနဲ့ အဲ့ဒီသေမှုသေခင်းတွေကို သူတို့ အကောင့်တွေမှာ follower များလာအောင် လိုက်ဖွနေတာကြောင့်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒါတွေက ရက်စက်ယုတ်မာမှုတွေပဲဆိုတာကို ကျွန်တော်ကတော့ ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။
ကျွန်တော်ထွက်လာရတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခု ကတော့ အာဏာသိမ်းမှုအတွက် အကြောင်းပြချင်လို့ ဇာတ်လမ်းဆင်ထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှုကြောင့်ပါ။ အဲ့ဒါက အဓိပ္ပာယ်မရှိဘဲ အရေခြုံ ဇာတ်လမ်းတစ်ခုပဲဆိုတာ ကျွန်တော်သိပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာတုန်းက ကျွန်တော် တပ်ထဲကနေ မဲပေးဖူး ပါတယ်။ ၂၀၁၀ မှာတုန်းက ကျွန်တော်တို့ မဲရုံထဲမဝင်ခင် ကျွန်တော်တို့ရဲ့တပ်ရင်းမှူးက မိန့်ခွန်းတစ်ခုပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို “စစ်တပ်နဲ့အနီးစပ်ဆုံးပါတီ” (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆိုလိုပါသည်) ကို မဲပေးဖို့ အတိအလင်းပြောခဲ့တာ ပါ။ သူက “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်” ဆိုတဲ့စကားပုံကို သုံးခဲ့ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကြောင့် အာဏာတချို့ကို ပြည်သူလက်ထဲ လွှဲပေးရမှာဖြစ်ပေမယ့် စစ်တပ်ကိုမဲပေးမယ်ဆိုရင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လုပ်နိုင်မယ်လို့ ဆိုလိုတာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်က ကလေးပဲရှိသေးတော့ သူပြောတဲ့အတိုင်း USDP ကို မဲထည့်ခဲ့ပါတယ်။ အဲ့ဒါ ခြိမ်းခြောက်တာ မဟုတ်ဘူးလား။ အဲ့ဒါ ရွေးကောက်ပွဲမဲလိမ်တာ မဟုတ်ဘူးလား။
ပြီးတော့ ၂၀၁၅ မှာ ကျွန်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်ပွဲတွေကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး အွန်လိုင်းပေါ်မှာ စတစ်ကာတွေ၊ ပုံတွေ တင်ခဲ့ပါတယ်။ ကျွန်တော့်အကောင့်က အရမ်းကို NLD ဖက် ရောက်လွန်းတော့ စစ်တပ်ထဲက တစ်ယောက်ယောက်က တိုင်လိုက်တာ ဖြုတ်ချခံလိုက်ရပါတယ်။ NLD နဲ့ ကျွန်တော် တန်ဖိုးထားတဲ့အရာတွေချင်းတူညီပြီး သူတို့အနေနဲ့ နိုင်ငံကို ပိုတိုးတက်ပြီး သာယာဝပြောအောင်လုပ်ချင်တယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော် ၂၀၁၅ မှာလွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့တဲ့အချိန် NLD အတွက် ပျော်ပျော်ရွှင်ရွှင်ပဲ မဲပေးခဲ့ပါတယ်။
ကျွန်တော် ၂၀၂၀ မှာ ဘာလို့မဲမပေးနိုင်ခဲ့သလဲဆိုတော့ စစ်တပ်က ကျွန်တော့်အတွက် မဲထည့်ခဲ့လို့ပါ။ ကျွန်တော့်ရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ အလုပ်လုပ်ပုံက ဒီလိုပါ။ ရွေးကောက်ပွဲနေ့မှာ စခန်းမှာမရှိနိုင်တဲ့သူတွေအတွက် စီစဉ်ထားပေးတဲ့ကြိုတင်မဲ ဆိုတာ ရှိတယ်။ ကျွန်တော်တို့တပ်ရင်းမှာ လူ ၁၀၀ ကျော် ရှိပေမယ့် အဲ့ဒီနေ့မှာ ကျွန်တော်တို့ထဲက ၁၅ ယောက်ပဲ မဲပေးခွင့်ရှိခဲ့တယ်။ စစ်ဦးစီးချုပ်လိုမျိုး စီနီယာတွေပါပဲ။ ကျွန်တော်တို့အားလုံး မဲပေးဖို့ အဆင်သင့် ပြင်ထားခဲ့ကြပေ မယ့် ကျွန်တော်တို့အတွက် ကြိုတင်မဲတွေ ထည့်ပြီးသွားပြီဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒါက မဲလိမ်တာမဟုတ်ဘူးလား။ ပြည်သူတွေရဲ့ဆန္ဒကိုကြောက်တဲ့ စစ်တပ်က ကျွန်တော်တို့ကို ဖယ်ထုတ်ထားခဲ့ပါတယ်။ အဲ့ဒီအကြောင်းပြချက်တွေကြောင့် ကျွန်တော် ပြတ်ပြတ်သားသား မြင်လာခဲ့ပြီး ကျွန်တော့်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF က တစ်ယောက်ယောက်နဲ့ အဆက်အသွယ်လုပ်ပေးနိုင်မယ့် မိသားစုဝင်တစ်ယောက်ကို ဆက်သွယ်ခဲ့ပါတယ်။ အဲ့ဒီလူကနေတစ်ဆင့် ကျွန်တော့်ကို လွတ်မြောက်နယ်မြေကလူတွေနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော့်နားက စစ်သားတွေကို ယုံလို့မရခဲ့ပါဘူး။ တာဝန်ခွဲပေးတဲ့အခါမှာ မတူတဲ့အဖွဲ့တွေကို စုထားပေးတာကြောင့် အာဏာသိမ်းပြီးကတည်းက ဘယ်သူက အပြင်ရောက်ပြီးပြီ၊ ဘယ်သူက မရောက်သေးဘူးဆိုတာသိဖို့ ခက်ခဲခဲ့ပါတယ်။ စစ်တပ်ကနေလည်း တပ်ပြေးတွေကိုဖမ်းမိပြီး စစ်ဆေးနေတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။ အဲ့ဒါတွေထဲမှာ အမှန်တရားဘယ်လောက်ပါလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ထွက်လိုက်ရင် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအပေါ် ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကိုတော့ တွေးပူမိခဲ့တာအမှန်ပါပဲ။ စစ်တပ်ထဲမှာ ၁၃ နှစ် နေခဲ့ဖူးတဲ့ စစ်သားတစ်ယောက်ကို ပြည်သူတွေက လက်ခံနိုင်မလား ဆိုတာကိုလည်း စိုးရိမ်မိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ထွက်ဖို့ အစီအစဉ်ဆွဲနေပေမယ့် ဘာမှ ရေရေရာရာမပြင်ဆင်ရသေးခင်မှာ ယောမှာရှိတဲ့ ကျွန်တော့်ဇာတိရွာကို စစ်တပ်က တိုက်ခိုက်ခဲ့ပါတယ်။ သူတို့အရပ်သား ၁၈ ယောက်ကိုသတ်ပြီး အိမ်အများစုကို မီးရှို့ခဲ့တယ်။ လူကြီးတွေရော၊ လူငယ်တွေရော ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ လုံးဝ မခံရပ်နိုင်အောင်ဖြစ်ပြီး ကျွန်တော် ငိုခဲ့ရတယ်။ အဲ့ဒီလိုမျိုး ရက်စက်ယုတ်မာမှုတွေကို ဘယ်လိုလူမျိုးက လက်ခံနိုင်တာလဲ။ လူသားချင်း စာနာစိတ်ကလေးနည်းနည်းရှိနေတဲ့ လူမျိုးတောင် အဲ့ဒီလို အပြုအမူတွေကို လက်ခံမှာမဟုတ်ဘူး။
ကျွန်တော့်လက်ထဲမှာ ပိုက်ဆံအများကြီးမရှိခဲ့ပေမယ့် ကျွန်တော်ထွက်ပြေးတာကိုကူညီဖို့အတွက် စက်တင်ဘာလမှာ ပြည်သူ့စစ်သားအဖွဲ့က ပိုက်ဆံပို့ပေးခဲ့ပါတယ်။ ရေတပ်စခန်းကနေ ထွက်ဖို့ စခန်းနဲ့စည်းခြားထားတဲ့ ချောင်းတစ်ခုကို ဖြတ်ဖို့လိုပါတယ်။ ကျွန်တော် အများကြီးတွေးခဲ့တယ်။ ငါ ဒီမြစ်ကိုဖြတ်ဖို့ပဲလိုတာ၊ အဲ့ဒါပြီးရင် အပြင်မှာ ဘာအခက်အခဲပဲလာလာ ငါရင်ဆိုင်မယ်ဆိုပြီးတော့။ ကျွန်တော့်အနေနဲ့ မတရားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့အကျိုးအတွက် အလုပ်လုပ်ပေးမယ့်အစား ကျွန်တော်အလုပ်လုပ်ပေးနေတဲ့ ပြည်သူတွေအတွက် အသက်ပေးနိုင်တယ်ဆိုတာကို သိလိုက်ရတဲ့ အတွက် အဲ့ဒီအန္တရာယ်ကို ရင်ဆိုင်ရဲခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှ သတ်ဖြတ်ခြင်း ဒါမှမဟုတ် နှိပ်စက်ခြင်းမလုပ်ပါဘူးလို့ သစ္စာဆိုခဲ့ပါတယ်။ အဲ့ဒီလိုသစ္စာဆိုခဲ့ပြီး သစ္စာမှန်ရင် ကျွန်တော် အောင်အောင်မြင်မြင် လွတ်မြောက်နိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
လှေ အသေးလေးတစ်စင်းကို ငှားဖို့ ကျွန်တော် တိတ်တိတ်လေး စီ စဉ်နိုင်ခဲ့ပြီး မိုးရွာနေတဲ့ညတစ်ညမှာ ကမ်းနားကနေ စောင့်နေ ခဲ့ပါတယ်။ အဲ့ဒီဧရိယာတစ်ခုလုံးက စစ်တပ်နယ်မြေဖြစ်တဲ့အတွက် ကန့်သတ်ထားတာမို့ လှေက လာ၊ မလာ ကျွန်တော်မသိခဲ့ဘူး။၄၅ မိနစ်လောက် စောင့်ပြီးသွားတော့ လှေနဲ့ လှေသူကြီးက အကွေ့လေးကနေ ပေါ်လာတာကို မိုးရေတွေကြားထဲကနေ တွေ့ခဲ့ရတဲ့အချိန်မှပဲ အသက် ရှူနိုင်တော့တယ်။ သူက ကျွန်တော့်ကို ဘာမှမပြောဘဲ မြစ်ရဲ့တစ်ဖက်ကမ်းကို ခေါ်သွားပေးခဲ့ပါတယ်။ အဲ့ဒါပြီးတော့ တက္ကစီရှာရမယ့်အချိန် ရောက်လာပါတယ်။ သိပ်မရှာလိုက်ရပါဘူး။ ကားထဲရောက်တာနဲ့ ကျွန်တော့်စိုရွှဲနေတဲ့ အဝတ်တွေကို လဲပြီး ကားဆရာကို အနီးနားက မြို့ငယ်တစ်ခုဆီကိုမောင်းဖို့ ပြောလိုက်ပါတယ်။
အဲ့ဒီမြို့ကိုရောက်တော့ မနက်စာစားပြီး အိပ်လို့ရနိုင်မယ့် လုံခြုံတဲ့နေရာတစ်ခုကို တွေ့ခဲ့တယ်။ ကျွန်တော် Wave app ကို သုံးပြီး ပိုက်ဆံနည်းနည်းထုတ်ပြီးတော့ ကျွန်တော့်ဆင်းမ်ကဒ်ကို ထုတ်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကားတစ်စီးငှားပြီး ကျွန်တော် ခရီးဆက်ပါတယ်။ ကားထဲမှာက ကျွန်တော်ရယ်၊ ကားဆရာနဲ့ သူ့အမျိုးသမီး ရယ်ပါတယ်။ သူတို့က ကိုယ်ချင်းစာပေးပြီး ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိပေမယ့် ကျွန်တော့်မှာပြစရာဆိုလို့ ကျောင်းသားကတ်ပဲရှိတော့ ကားဆရာက ကျွန်တော့်ကို အခေါက်တိုင်း ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်အိတ်ကိုတောင် သူ့အမျိုးသမီးအိတ်လို့ ပြောပေးခဲ့လို့ ဘယ်သူမှ အဲ့ဒီအိတ်ကို ဖွင့်မစစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရှေ့မှာပဲ စစ်သားတွေက တခြားကားတွေက ကုန်သေတ္တာတွေနဲ့ အိတ်တွေကို ဖွင့်ဖောက်စစ်ဆေးနေတာ တွေ့ခဲ့ရပါတယ်။
လွတ်မြောက်နယ်မြေကိုရောက်တဲ့အခါမှာတော့ ကျွန်တော်နဲ့ ယုံကြည်ချက်ခြင်းတူတဲ့လူတွေကို တွေ့ခဲ့ရပြီး ကျွန်တော်တို့ ဒီမတရားမှုတွေနဲ့ စကစကို တိုက်ခိုက်ဖို့ အတူတူအလုပ်လုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ပြည်သူတွေဆီက အာဏာကို မတရားခိုးယူသွားတဲ့လူတွေအောက်မှာ တာဝန်မထမ်းသင့်ပါဘူး။ ကျွန်တော် အခုတော်လှန်ရေးအတွက် ကူညီဖို့ရှိနေပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ ပထမဦးစားပေးပါ။ ကျွန်တော့်အသက်ကိုတောင် ပေးဖို့အသင့်ရှိပါတယ်။ တော်လှန်ရေး အောင်မြင်သွားရင် ကျွန်တော် အရပ်သားတစ်ယောက်အနေနဲ့ပဲ နိုင်ငံ့တာဝန်ဆက်ထမ်းမှာပါ။ မြန်မာနိုင်ငံမှာ ပညာရေး၊ လူမှုရေးနဲ့ ကျန်းမာရေး ကောင်းကောင်းမွန်မွန်မရှိတဲ့နေရာတွေ အများကြီးပါ။ လျှပ်စစ်မီးတောင်မရှိတဲ့နေရာတွေ ရှိပါတယ်။ စစ်တပ်ကြောင့် ရွာပေါင်းများစွာ ခံစားခဲ့ရပြီးပါပြီ။
ပြည်သူတွေအာဏာပြန်ရတဲ့အခါ ကျွန်တော် အဲ့ဒီလိုနေရာတွေဆီ သွားပြီး စိတ်ကျန်းမာရေး အသိပေးအစီအစ စဉ်တွေနဲ့ စီးပွားရေးတိုးတက်ဖို့ အစီအစ စဉ်တွေ စပြီးလုပ်ပါမယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။