Click here for the English language version of this article.
Cite as: ရေခဲ၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3479

ကျွန်တော့်နာမည် မောင်ရေခဲပါ။ ဗုဒ္ဓဘာသာဗမာလူမျိုး၊ လူပျိုပါ။၂၀၁၆ ခုနှစ်မှာ ၁၀ တန်းအောင်ပြီးတော့ တပ်ထဲဝင်ခဲ့ပါတယ်။ တပ်မတော်နည်းပညာတက္ကသိုလ်မှာ ၃ နှစ်တက်ခဲ့ပြီး နည်းပညာဌာနတချို့မှာ လုပ်ခဲ့ရာက နောက်တော့ မန္တလေးနန်းတွင်းထဲကို ရောက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှာတော့ ပြည်သူနဲ့အတူရပ်တည်ဖို့ တပ်ထဲကနေ ထွက်လာခဲ့ပါတယ်။ တကယ်တော့ ဧပြီလကတည်းက CDM လုပ်ဖို့ တွေးခဲ့ပေမယ့် အဲ့ဒီအချိန်မှာ အမေရယ်၊ အဘွားရယ်၊ အဘိုးနဲ့ ဦးလေးရယ် ဆုံးတယ်။ အဲဒီတော့ ၄ လ အတွင်းမှာ မိသားစုဝင် ၄ ယောက် ဆုံးရှုံးခဲ့ရတယ်။ သူတို့အသက်ရှင်နိုင်သေးရဲ့နဲ့ ဖြစ်ခဲ့ရတာလေ။ အဲဒီလို ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ရှုပ်ထွေးနေတော့ ၉ လပိုင်းမှ CDM လုပ်ဖြစ်ခဲ့တာ။
အမေက အရင်ဆုံး သေသွားခဲ့တယ်။ ကျွန်တော်က အမေ့ကို သေချာကိုမှတ်မိနေတာ။ ကျွန်တော်တို့ငယ်ငယ်က ရမည်းသင်းမြို့နယ်ထဲက မိုးထိမိုးမိလို့ခေါ်တဲ့နေရာ ကရွှေတွင်းမှာလုပ်ကြတော့ အမေ့ကို ကူညီခဲ့ရတာ။ အမေနဲ့ ကျွန်တော် အချိန်တွေအကြာကြီး ရွှေကို အတူတူ ရှာခဲ့ကြတယ်။ အစပိုင်းတော့ လုပ်ရတာကောင်းပါတယ်။ နောက်တော့ တပ်က ရွှေတွင်းတွေဆီ ရောက်လာတယ်။ ကျွန်တော်တို့လို ရွှေရှာတဲ့သူတွေဆီက အခွန်သဘော လိုက်ကောက်တယ်။ သိပ်အတောင်းကြမ်းတယ်။ မပေးရင် အဲ့ဒီလူရဲ့တဲကို မီးရှို့ပစ်တာပဲ။ ကျွန်တော်တို့ဆို ကတုတ်ကျင်းလေးတွေတူးထားပြီး ရှာတွေ့တဲ့ ရွှေတွေကို ဖွက်ထား၊ မြှုပ်ထားရတယ်။ တဲခေါင်မိုးတွေကိုလည်း ဖြုတ်ထားရတယ်။ သူတို့မရိပ်မိအောင်ပေါ့။ လူလူချင်း ဦးထုပ်ချွတ်ပြီး အလေးပြုပေးနေရတယ်။ လေးစားလို့တော့ မဟုတ်ဘူး။
အမေနဲ့ ကျွန်တော် ရွှေရှာတာရပ်လိုက်ရပြီးနောက်ပိုင်းမှာ ရမည်းသင်းမှာရှိတဲ့ ဒေသခံတွေက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဆိုတဲ့ ခရိုနီပိုင်ကုမ္ပဏီတစ်ခုမှာလုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်။ ခေါင်းပုံဖြတ်တာပေါ့။ အလုပ်ချိန်က နှစ်ဆလောက်လုပ်ရပြီး လုပ်ခကျတော့ တစ်ဝက်လောက်ပဲ ရတော့တယ်။ ဒါပေမဲ့ ဒေသခံတွေအတွက်တော့ ဘာမှရွေးစရာမှမရှိတာ။ သိပ်မကြာပါဘူး။ တပ်မတော်က အဲဒီနေရာကြီးတစ်ခုလုံးကို သိမ်းလိုက်ပြီး ဒေသခံတွေကို မောင်းထုတ်လိုက်တယ်။ ရှိသမျှခရိုနီတွေနဲ့ တပ်က အရာရှိကြီးတွေက အဲ့ဒီနေရာကို ရောက်လာပြီး အပြိုင်အဆိုင် လုပ်ကြတာပေါ့။ သူရဦးရွှေမန်းတို့လည်းပါတယ်။ ၂၀၁၁-၁၂ မှာတုန်းက ရွှေတောကနေ ရမည်းသင်းထိ လမ်းလျှောက်ချီတက် ဆန္ဒပြတာတွေ ဖြစ်ခဲ့သေးတယ်။ တခြားကလူတွေတော့ သိပ်မသိခဲ့ကြပါဘူး။ အဲ့ဒီတုန်းကတည်းက ဒီကောင်တွေဟာ တကယ့်စစ်သားတွေ မဟုတ်ဘူး။ ငါသာ စစ်သားဖြစ်ရင် လူထုကိုတော့ ဒီလိုမျိုးမလုပ်ဘူး၊ ရွှေလည်းမခိုးဘူးလို့ တွေးခဲ့တာပဲ။
အမေက ကျွန်တော့်ကို သိပ်ဂရုစိုက်တယ်။ ၂၀၁၉ ဒီဇင်ဘာမှာ အသည်းကင်ဆာလို့သိရပြီး ဆေးရုံတက်ရတယ်။ ခွဲစိတ်ကုသတာအောင်မြင်လို့ ဆေးရုံက ဆင်းခဲ့ရတယ်။ ဆေးကတော့ ၃လ တစ်ခါ သွင်းရတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ။ ကိုဗစ်ဖြစ်လာတော့ ကျွန်တော်တို့မိသားစုကလည်း အမေ့ကို ဆေးရုံခေါ်မသွားဖြစ်တော့ဘူး။ နောက်၂၀၂၁ မှာ အာဏာသိမ်းပြီးတော့ ဆေးရုံတွေမှာလည်း ဆရာဝန်တွေက မရှိတော့ဘူး။ CDM လုပ်ကြတာကိုး။ အမေ့ကို မပြနိုင်တော့ဘူး။ ဆရာဝန်တွေကိုတော့ ကျွန်တော် အပြစ်မပြောချင်ပါဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော်တာဝန်ကျတာက မန္တလေးနန်းတွင်းထဲမှာ၊ မိသားစုအိမ်ကလည်း မန္တလေးမှာပဲ။ အမေက ကျွန်တော့်ကို သိပ်တွေ့ချင်နေခဲ့တာ။ နောက် အာဏာသိမ်းပြီးဖြစ်လာတာတွေ ကိုလည်း သူက စိတ်ပူတာပေါ့။ ကျွန်တော် ၁ နာရီလောက်ပဲ ခိုးထွက်ပြီး အမေ့ကို သွားတွေ့ခဲ့တုန်းကဆို သူက သိပ်ကိုဝမ်းသာနေခဲ့တာ။ နေလည်းပြန်ကောင်းလာတယ်။ အစားလည်း ပြန်စားတယ်။ ဆေးလည်း ပုံမှန်ပြန်သောက်လာတယ်။ ပတ်ဝန်းကျင်ကလူတွေ ကတောင် ပြောတယ်။ သူ့သားပြန်လာတာ သိကြားမင်း ဆင်းကုလိုက်သလိုပဲတဲ့။ အဲ့ဒါကြောင့် ကျွန်တော်က ပြန်ချင်တယ်ဆိုပြီး စနစ်တကျနဲ့ ခွင့်တင်တယ်။
ကျွန်တော်တို့က တစ်နှစ်မှာ ၄၅ ရက် ခွင့်ယူလို့ရတယ်။ ဒီတော့ အထက်အရာရှိကို အမေ့ရဲ့ဆေးကုသမှုစာရွက်စာတမ်းတွေပြပြီး ခွင့်တင်တယ်။ နောက်ဆုံးအချိန်မို့လို့ ပြန်ပါရစေပေါ့။ အမေ့နားမှာ သွားပြုစုချင်လို့ပါလို့ပြောတယ်။ ဒါပေမဲ့ ခွင့်မပေးခဲ့ဘူး။ ကျွန်တော်လည်း စိတ်ထဲမကောင်းပေမယ့် ငါက စစ်သားဆိုတော့ ငါ့ဘဝ ငါမပိုင်ဘူး ဆိုပြီး နေခဲ့တာ။ နောက်ပိုင်း အမေက ပြန်ပြီးဖောက်သွားတာပဲ။
ကျွန်တော် အရမ်းကို စိတ်ထိခိုက် ဒေါသဖြစ်ရတယ်။
ခွင့်တင်တာအငြင်းခံရပြီး သိပ်မကြာခင်မှာ ကျွန်တော် တာဝန်နဲ့ တပ်အပြင်ကို သွားရတယ်။ ကာဖျုးချိန် ညဘက်ကြီးပေါ့။ ညနက်ပိုင်းမှာ ကျွန်တော်တို့အစောင့်ဂိတ်ကိုဖြတ်တဲ့ကားထဲက ဗိုလ်မှူး တစ်ယောက်က သူ့အမေနေမကောင်းလို့ ရန်ကုန်ကိုသွားမယ်ဆိုပြီး ပြောသွားတယ်။ သူတို့ကျတော့ အမေဖျားရုံလောက်နဲ့ ရန်ကုန်ထိ ခွင့်သွားတယ်။ ငါ့အမေကျတော့ နောက်ဆုံးအချိန်ပါ ဆိုတာကို ခွင့်မပေးဘူးလို့ပြောတယ်။ ၅ မိနစ် ၁၀ မိနစ်တောင်မကြာတဲ့ခရီးကို ငါ့ကျ ဘာလို့မလွှတ်တာလဲလို့ ကျွန်တော်တွေးပြီး စိတ်ဆိုးလိုက်၊ စိတ်နာလိုက်တာ။ ဒါ ခွဲခြားဆက်ဆံတာပဲလေ။ နောက် ၂ ပတ် ကြာတော့ အမေဆုံးတယ်။ ကျွန်တော်သာ ခွင့်ရခဲ့လို့ အမေ့နောက်ဆုံးအချိန်ကို သူ့ဘေးမှာ နေခွင့်ရခဲ့ရင် အမေက သက်သာလာနိုင်တယ်။ အမေ ရှင်ချင်ရှင်သွားခဲ့မှာ။
အမေဆုံးပြီးတော့ အဘွားဆုံးတယ်။ အသက်ကြီးလို့ လူကြီးရောဂါ ပေါ့။ နောက် သိပ်မကြာဘူး။ အဘိုးပါ ဆုံးသွားပြန်တယ်။ သူက ဆေးသောက်နေရတာမှာ ဆေးကိုဆက်မသောက်ဘူးဆိုပြီး ရပ်ပစ်လိုက် တာ။ အဘိုးနဲ့အဘွားက ရင်ကွဲနာကျပြီး သေတာထင်တာပဲ။ သူတို့က ကျွန်တော့်အမေ၊ သူတို့သမီးကို သိပ်ချစ်တာကိုး။ အဲ့ဒီလိုနဲ့ ကျွန်တော်ချစ်ရတဲ့ အမေရော၊ အဘိုးနဲ့အဘွားပါ ဆုံးသွားခဲ့တာ။ ပြီးတော့ အဲ့ဒီအချိန်မှာပဲ တစ်မြို့လုံးက ကိုဗစ်ဖြစ်တော့ ဦးလေးလည်း ကူးလာခဲ့တယ်။ သူ့ကို အရေးကြီးလူနာခန်းထဲထားပြီး အောက်စီဂျင်ပေးရမှပေမယ့် ဆေးကုသမှုရဖို့က သိပ်ခက်ခဲခဲ့တယ်။ အဲ့ဒီလိုနဲ့ သူလည်း ဆုံးသွားခဲ့တယ်။
ကျွန်တော့် အသက် ၁၇ နှစ်လောက်က လူတွေက ပြောကြတယ်။ ကျွန်တော် တပ်ထဲမဝင်ခင် အလုပ်စလုပ်မယ်ဆိုတုန်းကပေါ့။ တပ်မတော်မှာက ဘဝအာမခံချက်ရှိတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်ချစ်တဲ့သူတွေလည်း ဆုံးကုန်ကြပါပြီ။ အဲ့ဒီတပ်မတော် ကြောင့်ပဲ ဖြစ်ရတာလေ။ ကျွန်တော့်မှာ ခုဆို ပြန်စရာအိမ်လည်း မရှိတော့ဘူး။ တပ်မှာ ကျွန်တော်ငွေစုထားတာရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အမေ့အသုဘအတွက်ပေးဖို့တောင် ထုတ်လို့မရခဲ့ပါဘူး။ အဲ့ဒီစုငွေထုတ်ဖို့ စာရေး ၄ ယောက်ရဲ့ ထောက်ခံစာလိုတယ်လေ။ ကျွန်တော်တောင်းတာက ၃ သိန်းထဲပါ။ ဒါတောင် သူတို့က ခွင့်မပြုခဲ့ကြဘူး။
ကျွန်တော့်လိုစစ်သားတစ်ယောက်ရဲ့ မိသားစုတောင် ဒီလောက် ခံစားရရင် တစ်နိုင်ငံလုံးက တခြားမိသားစုတွေ ဘယ်လောက်များ ဆင်းရဲဒုက္ခရောက်ကြမလဲလို့ တွေးမိတယ်။ ကျွန်တော့်မိသားစုက တခြားနွမ်းပါးတဲ့ မိသားစုတွေနဲ့စာရင် အဆင်ပြေသေးတယ်လေ။ အာဏာသိမ်းလိုက်တော့ အဲ့ဒီဘဝတွေ ဘာတွေဖြစ်သွားခဲ့ပြီလဲ။ စစ်အုပ်ချုပ်ရေးက သူတို့ကို ဘာတွေလုပ်ပေးခဲ့လဲ။ ကျွန်တော် ဒီစနစ် ဘယ်လောက်ဆိုးကြောင်းကို သိပ်သိတာပေါ့။ ကျွန်တော်လေ ကိုယ့်ကိုကိုယ်ရော စစ်သားဘဝကိုပါ စိတ်နာရွံရှာလာခဲ့တယ်။ အမေ့အသုဘအတွက် ကျွန်တော် ဘာများလုပ်ပေးခဲ့နိုင်လဲ။ ကျွန်တော့်မှာ တပ်ကနေခွာဖို့ပဲ စိတ်ထက်သန်နေခဲ့တော့တာ။
ကျွန်တော်တို့နိုင်ငံအရေးဟာ စစ်သားတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ စစ်သားအများစုကသာ ပြည်သူ့ဘက်ကို ပြောင်းလာရင် ပြည်သူတွေ သွေးမြေကျစရာမလိုဘူး။ အထိအခိုက်အနာအဆာကင်းမဲ့စွာနဲ့ အောင်ပွဲရသွားလိမ့်မယ်။ ကျွန်တော်တို့ တပ်မတော်ထဲဝင်ခဲ့တယ်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူအတွက်ဆိုပြီး ဝင်လာခဲ့တာ။ အခုအချိန်မှာ တစ်နိုင်ငံလုံးက ကျွန်တော်တို့ကို လိုအပ်နေတဲ့ အချိန်လေ။ ဒါပေမဲ့ တပ်မတော်ဟာ တာဝန်ကျေနိုင်ငံသားတွေရဲ့ အလုပ်ကို လုပ်မနေဘူး။ ပြည်သူ့ဘက်ကိုမရပ်ရင်၊ ပြည်သူ့ဘက်ကိုမပေးဆပ်ရင် ဒီနိုင်ငံမှာ ဒီယူနီဖောင်းကြီးဝတ်ပြီး ဘာလုပ်နေရတော့မှာလဲ။ ကျွန်တော်တို့ဟာ နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်ရမယ်လေ။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့စိတ်နဲ့ CDM လုပ်ခဲ့တာပါ။
ကျွန်တော်က စက်တင်ဘာမှာ ထွက်ဖို့လုပ်ထားတယ်။ တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ကနေတစ်ဆင့် ပြင်ဆင်ချိတ်ဆက်ပြီးတော့ ထွက်လာဖို့ ရက်တစ်ရက် သတ်မှတ်လိုက်တယ်ပေါ့။ ကျွန်တော်က တကယ်မသွားခင် အပြင်ထွက်ပြတယ်။ ပြီးရင် ပြန်လာတယ်။ အစောင့်တပ်သားတွေ ယုံအောင်လို့ပေါ့။ တကယ်ထွက်မယ့် ရက်ကျတော့ ဒိုဘီသွားအပ်ဦးမယ်ဆိုပြီး ထွက်လာခဲ့တာ။ ထွက်လာပြီးတာနဲ့ ဖုန်းကတ်အသစ်တို့၊ ပါဝါဘန့်တို့ လိုတာလေးတွေ လိုက်ဝယ်တာပေါ့။ ပြီးတော့မှ မန္တလေးဘတ်စ်ကားဂိတ်ကို ရောက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်စီးမယ့်ကားမှာ နယ်ခြားစောင့်တပ်က တပ်သားတစ်ယောက် ပါလာတယ်။ အစက ကျွန်တော်က ဝတ်စားပြင်ဆင်ထားတာပေါ့။ အဲ့ဒီလို တပ်သားလည်းပါတယ်ဆိုရော အကုန်ပြန်ပြောင်းရတာ။
အိမ်သာထဲသွားပြီး အဝတ်အစား လဲလိုက်တယ်။ ရေလဲပုဆိုးလေး၊ တီရှပ်အနွမ်းလေး ပြောင်းဝတ်၊ ရှူးဖိနပ်ကြီးလည်း ချွတ်လိုက်ပြီး ဘတ်စ်ကားပေါ် လိုက်ခဲ့လိုက်တယ်။ အဲ့ဒီစစ်သားကလည်း ကျွန်တော့်ကို သတိထားမိပြီး သေချာကြည့်နေတယ်။ ကားပေါ်မှာ ၂ နာရီလောက်လည်း စီးမိရော သူက ကျွန်တော့်ကို မင်း CDM စစ်သားလားလို့ မေးတာနဲ့ ကျွန်တော်လည်း သူ့ကို အကုန်ညာပြောပြီး သနားအောင်လုပ်တယ်။ နောက်တော့ သူက ယုံသွားပြီး ထမင်း ဝယ်ကျွေးတယ်။ ကားရပ်တော့ ခြေညှပ်ဖိနပ်တောင် ဝယ်ပေးလိုက်သေးတယ်။ သူ ကားပေါ်ပါလာတော့ စစ်ဆေးရေးဂိတ်တွေမှာ သိပ်တောင် မရပ်ပေးရတော့ဘူး။ လွတ်လာခဲ့တာပေါ့။ သူက အတော့်ကို အကူအညီရခဲ့ ပါတယ်။
ရန်ကုန်ကိုရောက်ပြီးနောက် ၂ ရက် ထပ်သွားတော့ လွတ်မြောက်နယ်မြေကို ရောက်လာခဲ့တယ်။ လမ်းမှာ ကိုယ့်ကိုသိတဲ့သူနဲ့တိုးမှာကို စိုးရိမ်နေခဲ့တာပေါ့။ တပ်ထဲမှာ ကျွန်တော်နဲ့သိတဲ့သူ အတော်များများကတော့ တပ်ကလုပ်တာတွေ မှားကြောင်း သိကြပါတယ်။ ဒါပေမဲ့ သူတို့က ရုန်းမထွက်နိုင်ကြဘူး။ တချို့ကလည်း သူတို့ကိုကျွေးထားတဲ့ တပ်မတော်ကြီးရဲ့ အကြွေးတွေရှိနေတယ်လို့ ယူဆကြတယ်။ လူတိုင်းလိုလိုကတော့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းပြောတာကိုပဲ ယုံနေကြတာပေါ့။ သတင်းအမှောင်ချခံထားရတာကိုး။
ကျွန်တော်က တပ်ထဲကသူ တော်တော်များများနဲ့ အဆက်အသွယ်ရှိနေသေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန်မှာ ဆန္ဒပြတဲ့သူတွေအများကြီးကို သွေးအေးအေးနဲ့ သတ်ပစ်တာတွေ ဖြစ်ပြီးတဲ့နောက်မှာ သူတို့ကို မေးကြည့်ဖြစ်တယ်။ ဘယ်စစ်သားသူငယ်ချင်းတစ်ယောက်မှ အဲ့ဒီအကြောင်းကို သိမနေကြဘူး။ ကျွန်တော်ပြောပြမှ သူတို့က သိသွားကြတာ။
စစ်သားတွေအနေနဲ့ သူတို့ဦးစားပေးရမယ့်ဟာတွေကို ပြန်စဉ်းစားကြစေချင်တယ်။ သူတို့တပ်ထဲဝင်တာဟာ လူထုကို ကာကွယ်ပေးဖို့လား။ ဘာအတွက်လဲပေါ့။ တကယ်အကာအကွယ် ပေးချင်ရင်တော့ တပ်ကနေထွက်မှပဲ ရမယ်။ လူထုနဲ့ ပူးပေါင်းကြပါ။ နွေးထွေးစွာ ကြိုဆိုနေပါတယ်။ မြန်မြန်လေး လုပ်ကြပါ။ မျက်စိကိုဖွင့်၊ နားကိုစွင့်ထားကြပါ။