Click here for the English language version of this article.
Cite as: ထက်နိုင်အောင်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3608

ကျွန်တော့်နာမည်ကထက်နိုင်အောင်ဖြစ်ပြီးတော့အသက်က ၂၉ နှစ်ပါ။ ကျွန်တော် CDM မှာ ပါဝင်ခဲ့လို့ ကျွန်တော့်ရဲ့ မင်္ဂလာစေ့စပ်ပွဲပျက်သွားပေမယ့် ကျွန်တော် ဆက်ပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် အတည်ရည်ရွယ်ထားခဲ့ကြတာပါ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော် တပ်ကနေထွက်ပြီး CDM လုပ်ချင်တယ်ပြောတော့ သူကမလုပ်ဖို့ ကျွန်တော့်ကို တောင်းပန်ခဲ့ပါတယ်။ နိုင်ငံရေးဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကို သူက အဝေးမသွားစေချင်ခဲ့တာပါ။ ဒါပေမဲ့လည်း ကျွန်တော်ထွက်ခဲ့တာပါပဲ။ အနာဂတ်မှာ ကျွန်တော့်ရဲ့ကလေးတွေကို သူတို့ရဲ့အဖေက အမှန်တရားဖက်မှာ ရပ်တည်ခဲ့တဲ့ စစ်သားတစ်ယောက်ဆိုပြီးတော့မှ ဂုဏ်ယူစေချင်တယ်။ ကျွန်တော်ထွက်ပြီး ၁ လ အကြာမှာပဲ ကျွန်တော်တို့ လမ်းခွဲလိုက်ကြပါတယ်။
ကျွန်တော် CDM လုပ်တော့ ကျွန်တော့်မိသားစုက တော်တော်လေး မကြိုက်ခဲ့ကြပါဘူး။ စစ်တပ်ထဲဝင်ဖို့ တွန်းအားပေးခဲ့တာက ကျွန်တော့်မိဘတွေပါ။ သူတို့က ကျွန်တော် ၁၀ တန်းပဲရှိသေးချိန်မှာ Defense Services Academy ဖြေဖို့ ဖိအားပေးခဲ့ကြပြီးတော့ စာမေးပွဲစစ်သူတွေကို ကျွန်တော့်ကို အအောင်ပေးအောင် လာဘ်ထိုးထားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုကိုလိမ်ပြီး ကျွန်တော်ကျတယ်လို့ ပြောခဲ့ပါတယ်။ သူတို့က ကျွန်တော်နဲ့ပတ်သက်ပြီး သိပ်မကျေနပ်ကြပေမယ့် ကျွန်တော်တို့ နားလည်မှုတစ်ခုတော့ ရခဲ့ပါတယ်။ ကျွန်တော် ပညာရေးပြီးဆုံးရင် စစ်တပ်ကိုဝင်မယ်၊ သူတို့အနေနဲ့ ကျွန်တော့်ကို ကျောင်းဆက်တက်ပြီး တက္ကသိုလ်အရင်ပေးသွားဖို့ကို သဘောတူခဲ့ပါတယ်။ အဲ့ဒီလိုပြောထားတဲ့အတိုင်း ကျွန်တော် သင်္ချာအထူးပြုနဲ့ဘွဲ့ရပြီး ချက်ချင်းပဲ ၂၀၁၂ နိုဝင်ဘာ ၁၄ ရက်မှာ စစ်တပ်ကိုဝင်ခဲ့ပါတယ်။
၂၀၁၃ ကနေ ၂၀၁၅ အထိ ကျွန်တော် လေယာဉ်တွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ လောက်ကိုင်မှာ ကျွန်တော် အချိန်အတော်ကြာခဲ့တယ်။ ကျွန်တော် အဲ့ဒီမှာရှိတုန်းက လက်နက်ကြီးအပစ်ခံရတဲ့ အတွေ့အကြုံရခဲ့ပါတယ်။ အဲ့ဒီမှာ တော်တော်လေးကြမ်းတမ်းခဲ့တယ်။ လောက်ကိုင်က မြို့ပျက်ကြီးလိုပါပဲ။ ကျွန်တော့်အလုပ်မှာလည်း မပျော်ခဲ့ဘဲ မကောင်းတာကို ပါဝင်ဆောင်ရွက်နေရတယ်လို့ ခံစားခဲ့ရပါတယ်။ လူတွေကို တိုက်ရိုက်သတ်နေတဲ့အပိုင်းမှာ အလုပ်မလုပ်ရတော့အောင် ကျွန်တော် အလုပ်တာဝန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗထူးမှာ ၂ နှစ် သင်တန်းတက်ခဲ့ပြီး မြစ်ကြီးနားက စစ်တပ်ရုံးမှာ ကွန်ပျူတာစာရေး ဖြစ်လာခဲ့တယ်။ အဲ့ဒီအလုပ်က ပိုကောင်းပါတယ်။ ကျွန်တော် ၁ လကို ၂၂၀,၀၀၀ လောက်ရဖို့ မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော့်အလုပ်က အစားအသောက်၊ စက်ဆီ၊ အသုံးအဆောင်ပစ္စည်းစာရင်းတွေ အပါအဝင် စိုက်ပျိုးရေးစာရင်းဇယားတွေလည်း ပြုစုခဲ့ရပါတယ်။ တစ်ခါတလေ အပြင်ထွက်ပြီး စစ်တပ်သစ်ပင်စိုက်ပွဲလိုမျိုးဟာတွေကို ဓာတ်ပုံရိုက်ပြီး ကျွန်တော့်အထက်အရာရှိတွေကို သက်သေအထောက်အထားအနေနဲ့ ပို့ပေးခဲ့ရပါတယ်။ အာဏာသိမ်းမှုဖြစ်တဲ့အချိန် ကျွန်တော်က အဲ့ဒီလိုမျိုးတွေလုပ်နေတဲ့ ဒုတိယတန်းစား တပ်ကြပ်ကြီးရာထူးမှာပါ။
ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ အာဏာသိမ်းတာကို သိလိုက်ရတဲ့အချိန်မှာ စပြီး တိုးတိုးတိတ်တိတ် ပြောကြပါတယ်။ ကျွန်တော်တို့တပ်ခွဲမှာ ကျွန်တော့်လိုမျိုး တခြားလူတွေလည်း ရှိတယ်။ နိုင်ငံက ပိုပြီး အခြေအနေဆိုးလာမယ်။ ၁၉၈၈ ထက်တောင်မှ ပိုဆိုးသွားနိုင်တယ်လို့ သဘောတူ ပြောဆိုခဲ့ကြပါတယ်။ ကျွန်တော် အဲ့ဒီတုန်းက စိတ်ထဲ နေလို့မကောင်းခဲ့ဘူး။ ရဲက အူဇီသေနတ်နဲ့ ခေါင်းကိုပစ်လို့ ပထမဆုံးသေသွားရတဲ့ ဆန္ဒပြသူ မြသွဲ့သွဲ့ခိုင်ရဲ့ ဗွီဒီယိုကို ကျွန်တော် ကြည့်ခဲ့ရပါတယ်။ ကျွန်တော် တပ်ထဲမှာ တာဝန်ထမ်းဆောင်နေသေးပေမယ့် မတ်လမှာပဲ CDM အတွက် စာရင်းသွင်းခဲ့ပါတယ်။ ကျွန်တော်က မြစ်ကြီးနားကနေ ကရင်ပြည်နယ်အထိဆင်းရမှာမို့ သေချာအကွက်ချ စီစဉ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဖမ်းခံရရင် ကျွန်တော် ဒုက္ခရောက်နိုင်တာကိုး။ ကံကောင်းချင်တော့ ဧပြီလမှာပဲ ကျွန်တော့်ကို မိတ္ထီလာကနေတစ်ဆင့် ပြင်ဦးလွင်ကိုခေါ်သွားပေးမယ့် စစ်တပ်လေ ယာဉ် ရှိနေခဲ့ပါတယ်။ မိတ္ထီလာမှာပဲ ကျွန်တော် လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်ကနေ ထွက်လာခဲ့လိုက်ရင်း အဲ့ဒီလိုနဲ့ ကျွန်တော် လွတ်လပ်ခဲ့ပါတယ်။
ကျွန်တော် ထွက်ပြေးဖို့ စီစဉ်ခဲ့တုန်းမှာ ခရီးသွား စာရွက်စာတမ်းလို စာရွက်စာတမ်းအတု အများကြီး လုပ်ခဲ့ရတယ်။ ကျွန်တော်က ရုံးမှာ အလုပ်လုပ်တာဆိုတော့ ပြဿနာတော့ မရှိခဲ့ပါဘူး။ အဲ့ဒီစာရွက်စာတမ်းတွေကြောင့်ပဲ ကျွန်တော် မိတ္ထီလာမှာ နေနေနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကို ကူညီပြီး ခေါ်သွင်းပေးမယ်လို့ သဘောတူတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိတဲ့အချိန်မတိုင်ခင်အထိ ၂ ပတ် စောင့်ခဲ့ရပါတယ်။ အဆက်အသွယ်ကို ကျွန်တော့်ထက်အရင် တပ်ထဲကထွက်သွားတဲ့ စာရေးဆီကနေတစ်ဆင့် ရခဲ့တာပါ။ ကျွန်တော် မန္တလေးနဲ့ ပြင်ဦးလွင်ကိုသွားမယ်လို့ ရေးထားတဲ့ လက်မှတ်အတုတွေလုပ်ခဲ့ပြီး တကယ်တော့ မော်လမြိုင်ကို ထွက်လာခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော့်ရဲ့ စာရွက်စာတမ်းတွေနဲ့ ဆင်ခြေတွေက အလုပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော် မော်လမြိုင်က ဖော်ရွေတဲ့ တည်းခိုခန်းတစ်ခုကနေလည်း အကူအညီတွေရခဲ့ပါတယ်။ ပိုင်ရှင်က ကောင်တာနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ထားထားတာကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော် ကျောင်းသားဘဝကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့တာပါ။ တည်းခိုခန်းပိုင်ရှင်တွေကို ကျွန်တော့်ရဲ့ အစီအစဉ်ကို ပြောပြလိုက်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေ သူတို့ရဲ့တည်းခိုခန်းကို လာစစ်တဲ့အခါမှာ ကျွန်တော့်ကို သူတို့အိမ်ထဲမှာ ဖွက်ထားပေးခဲ့ပါတယ်။ မြို့ထဲကနေထွက်ပြီး ကရင်ပြည်နယ်ထဲကိုသွားဖို့လည်း သူတို့ကပဲ ကူညီပေးခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီကိုရောက်တဲ့အထိ ဂရုစိုက်ပြီး ဖုန်းတောင်မသုံးခဲ့ပါဘူး။
ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ပြန်ရတဲ့အခါမှာ သူတို့က တော်တော်လေးဝမ်းသာခဲ့ပေမယ့် ကျွန်တော့်အတွက် စိုးရိမ်နေခဲ့ပါတယ်။ စစ်တပ်က ရက်စက်ယုတ်မာတာတွေ တစ်ခုလုပ်တိုင်း ကျွန်တော့်ညီမက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ငိုပါတယ်။ သူက ဆရာမပါ၊ သူလည်း CDM လုပ်ချင်ပေမယ့် ကျွန်တော်တို့မိသားစုနဲ့ မိဘတွေကို တစ်ယောက်ကတော့ စောင့်ရှောက်ဖို့ လိုတယ်လေ။ သူက ကျွန်တော်က စစ်သားဖြစ်နေတဲ့အတွက် သူ့ထက် ကျွန်တော် CDM လုပ်တာက ပိုပြီး အကျိုးသက်ရောက်မှုရှိလို့ သူကတော့ မိသားစုကိုထောက်ပံ့ဖို့ အလုပ်ဆက်လုပ်နေသင့်တယ်လို့ ပြောခဲ့ပါတယ်။ သူက ကျွန်တော့်အပေါ် အမြဲကောင်းခဲ့ပါတယ်။ မိသားစုကို စစ်တပ်က အန္တရာယ်ပေးမှာ ကျွန်တော် စိုးရိမ်ခဲ့ရပါတယ်။ ကျွန်တော်ထွက်လာတုန်းက စာတစ်စောင် ချန်ထားပေးခဲ့ပြီး စာထဲမှာ ကျွန်တော့်မိသားစုကိုထိရင် တပ်အပြင်မှာနေတဲ့ သူတို့မိသားစုဝင်တွေကိုလည်း သူတို့လုပ်တဲ့အတိုင်း ပြန်လုပ်မယ်လို့ ခြိမ်းခြောက်ရေးထားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီခြိမ်းခြောက်မှုက ဘာမှမဟုတ်ပါဘူး။
ကျွန်တော် အခု စစ်တပ်ထဲကနေထွက်လာပြီးတော့ အပြင်ကနေ ပြန်ပြီး ဆန်းစစ်ကြည့်နိုင်ပါပြီ။ စစ်တပ်ထဲမှာရှိတဲ့ အပေါ်ကလူတွေက အာဏာရူးတွေပါပဲ။ National League for Democracy အရပ်သားအစိုးရက အဆင်ပြေနေခဲ့တာပါ။ ရွေးကောက်ပွဲတွေမှာ ကျွန်တော် အဲ့ဒီလိုမျိုး စစ်မှန်တဲ့ အရပ်သားပါတီတွေကိုပဲ မဲပေးခဲ့တာပါ။ အရပ်သားအုပ်ချုပ်ရေးအောက်မှာ ပို့ဆောင်ဆက်သွယ်ရေးတွေလည်း တိုးတက်လာတယ်၊ နေထိုင်မှုအဆင့်အတန်းတွေလည်း မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အလုပ်ခွင်အနေအထားတွေလည်း ပိုပြီး တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့လိုလူမျိုးတွေ အရင်က စစ်တပ်ထဲဝင်ခဲ့တယ်ဆိုတာ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံက အဲ့ဒီလိုမျိုး တိုးတက်မှုတွေကနေ အကျိုးရလဒ် မခံစားခဲ့ရသေးလို့ပါ။ အဲ့ဒီအချိန်တွေတုန်းက အခွင့်အလမ်းတွေက တော်တော်လေး နည်းပါးခဲ့ပါတယ်။
ကျွန်တော် အခုချိန်အထိ အတူတူအလုပ်လုပ်ခဲ့တဲ့ စစ်တပ်ထဲကလူတွေက အမှားနဲ့အမှန်ကိုသိကြပေမယ့် အထူးသဖြင့် လေတပ်မှာနေရတာက သက်တောင့်သက်သာရှိပြီး ပိုက်ဆံအများကြီး ရကြပါတယ်။ သူတို့ရဲ့ ဝင်ငွေတွေကို အဆုံးရှုံးမခံနိုင်ကြဘူး။ မင်းအောင်လှိုင်ကနေ အနိမ့်ဆုံးရာထူးအထိ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ သူတို့ကို တားဆီးနေတဲ့စိတ်ဓာတ်တစ်ခု ရှိနေပါတယ်။ သူတို့က အာဏာရူးကြပါတယ်။ တချို့ဆိုရင် အခုဆို စစ်တပ်က ပိုပြီး သာယာဝပြောလာတော့မှာမို့ အာဏာသိမ်းတာက ကောင်းတယ်လို့ ကျွန်တော့်ကိုပြောတဲ့လူတွေတောင် ရှိပါတယ်။ သူတို့အနေနဲ့ ပိုက်ဆံလည်း ပိုဝင်လာပြီး အာဏာလည်း ပြန်ရလာတော့မှာမို့ သူတို့ရဲ့ဘဝတွေနဲ့ အလုပ်အကိုင်အတွက် အာဏာသိမ်းတာက ကောင်းတယ်လို့ ပြောကြပါတယ်။
အာဏာသိမ်းမှုကို အတည်ဖြစ်ဖို့ စစ်တပ်က ပြည်သူတွေကို ရန်သူလိုဆက်ဆံပြီး ခေါင်းကိုပစ်ပါတယ်။ ဒီနိုင်ငံမှာ ဥပဒေတွေရှိနေပေမယ့် စစ်သားတွေက ဘာဥပဒေမှမရှိသလို ပြုမူနေကြပါတယ်။ စစ်သားတွေနဲ့ ပြည်သူတွေကို သွေးခွဲဖို့ သတင်းအမှားတွေ လွှင့်ကြတယ်။ ဥပမာ – ဗိုလ်ချုပ်တွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကနေတစ်ဆင့်ဆန္ဒပြသူတွေက စစ်သားတွေအတွက် ရေငတ်ရင်သောက်ဖို့ပေးတဲ့ရေက အဆိပ်ခတ်ထားတယ်လို့ တပ်သားအားလုံးကို ပြောခိုင်းပါတယ်။ အဲ့ဒီလိုမျိုး သတင်းအမှားတွေ လွှင့်ထားတာတွေက စစ်သားတွေကို စစ်တပ်ထဲကနေ ထွက်လာဖို့အတွက် ခက်ခဲစေပါတယ်။
စစ်တပ်က သူ့စစ်သားတွေအပေါ်မှာ ထိန်းချုပ်မှု အများကြီးရှိနေပါတယ်။ နိုင်ငံရေးအကြောင်း ကျွန်တော့်လေတပ်က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ အခုအချိန်ထိ ငြင်းခုန်နေရတုန်းပါပဲ။ သူတို့က သူတို့မိသားစုတွေအတွက် စိုးရိမ်တော့ တပ်ထဲကထွက်ဖို့ ဖျောင်းဖျရတာခက်တဲ့ အလုပ်တစ်ခုပါ။ သူတို့က အကြောက်တရားကိုပဲ နားလည်တော့ ကျွန်တော်က CDM ကိုဝင်ဖို့ တံခါးကပိတ်တော့မယ်လို့ ပြောရပါတယ်။ ကျွန်တော့်ရဲ့အတွေ့ အကြုံတွေအရ စစ်တပ်ကို ပြန်လည်ပြုပြင်ဖွဲ့စည်းမယ့်အစား လုံးဝဖျက်သိမ်းပစ်တာက ပိုကောင်းမယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်တပ်ကို မြေပြင်မှာ တကယ်တိုက်ခိုက်ကြတဲ့အခါ မတိုက်ခင် စစ်သားတွေရဲ့ နိမ့်ပါးတဲ့ ကျင့်ဝတ်စိတ်ဓာတ်နဲ့ သူတို့ရဲ့အကြောက်တရားကို အသုံးချနိုင်အောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးကောင်းတစ်ခု ကြိုပြီး ဆင်နွှဲထားချင်ပါတယ်။
သူတို့ရဲ့စိတ်ဓာတ်တွေကို အရင်မဖျက်ဆီးဘဲ ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော်တို့ ရှုံးပါလိမ့်မယ်။