အောင်ဇေယျ

Click here for the English language version of this article.

Cite as: 
အောင်ဇေယျ၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3531

ကျွန်တော့်နာမည် အောင်ဇေယျပါ။ အာဏာသိမ်းပြီး သိပ်မကြာခင် မတ်လ ၂၀၂၁ ခုနှစ်မှာ တပ်ကနေ ထွက်လာခဲ့တာပါ။ တပ်ကြပ်ကြီးစာရေးအနေနဲ့ ရုံးလုပ်ငန်းပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ လေတပ်မှတ်တမ်းဌာနခွဲမှာပါ။ တပ်ထဲမှာ စုစုပေါင်း ၈ နှစ်နီးပါး ကြာခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် စစ်တပ်ကို အရမ်းမုန်းတာ။ စစ်သားကတော့ နဂိုတည်းက အစိမ်းရောင်မြင်ရင် ကြည့်မရဘူး။

တပ်ထဲမဝင်ခင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့တယ်။ ၁၀ တန်း ဖြေခဲ့တယ်။ ကျွန်တော်တို့စက်ရုံက လှုပ်ရှားမှုတွေများတဲ့ စက်ရုံပါ။ စက်ရုံမှာ ဆန္ဒပြတာတွေ ကျွန်တော်ပါခဲ့တယ်။ အလုပ်သမားအရေးတွေ ဦးဆောင်ပြီးတော့ကို လုပ်ခဲ့တာပေါ့။ အစာငတ်ခံဆန္ဒပြတာမျိုးတွေအထိ အတော်လေး လှုပ်ရှားခဲ့တာ။ အခြေအနေကဆိုးတော့ အမေက ကျွန်တော့်ကို စိတ်ပူတယ်။ အဲ့ဒီဘက်ကနေ ထွက်နိုင်အောင် သူက နည်းလမ်းရှာနေခဲ့တာ။

အဲ့ဒီမှာ အမေက လေတပ်က ဌာနချုပ်မှူးကတော်တစ်ယောက်နဲ့ တပ်ထဲကတစ်နေရာမှာ ဥပုသ်စောင့်ရင်း အသိတွေဖြစ်လာခဲ့တယ်။ သူ့ယောက်ျား ဗိုလ်မှူးကြီးက ရာထူးတစ်ဆင့်တက်ဖို့ လူအသစ် ဘယ်နှယောက် စုပေးရမယ်ဆိုတဲ့အကြောင်းကို သူက အမေ့ကို ရှင်းပြတယ်။

အမေက ကျွန်တော့်ကို စက်ရုံက အခြေအနေမကောင်းလာမှာကို တွက်ပြတယ်။ တကယ်တော့ လွှတ်တော်က ကျွန်တော်တို့အလုပ်သမားတွေဘက်ကနေ ဆုံးဖြတ်ပေးပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနက အဲ့ဒီအတိုင်း မလိုက်နာခဲ့ဘူး။ ကျွန်တော်ကလည်း အဲ့ဒါတွေကို ပြီးတဲ့အထိလုပ်နိုင်ဖို့ ဗဟုသုတ မရှိခဲ့တာကြောင့် အမေ့စကားနားထောင်ပြီးတော့ပဲ စက်ရုံကထွက်ပြီး တပ်ထဲဝင်ခဲ့တယ်။ အသက်ကလည်း ၂၀ လောက် ရှိသေးတာကိုး။

ဖောင်ကြီးစစ်သင်တန်းကျောင်းမှာ အခြေခံစစ်သင်တန်းကို ၄ လခွဲ တက်ခဲ့ရတယ်။ အဲ့ဒီနောက် မိတ္ထီလာမှာ သင်တန်းဆက်တက်ပြီး ရေဒါအော်ပရေတာ လုပ်ရတယ်။ ပြီးတော့ မှော်ဘီကိုသွားပြီး ပထမဆုံး အလုပ်စတာပေါ့။ အဲ့ဒါလည်း အမေကပဲ အဲဒီနေရာ ရာထူးကျအောင် အရာရှိကို ပြောပေးခဲ့တာပါ။ နောက်ပြီး ကျွန်တော်က စက်ရုံမှာတုန်းက တခြားစာတွေဖတ်နေလို့ မအောင်ခဲ့တဲ့ ဆယ်တန်းကို ပြန်ဖြေချင်ခဲ့တာလေ။

အဲ့ဒီလိုနဲ့ အမေ့ကြောင့် အဲ့ဒီဗိုလ်ချုပ်က ကျွန်တော့်ကို မင်္ဂလာဒုံ လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲမှုဌာနမှာ နေရာချပေးလိုက် တယ်။ ကျွန်တော် သိပ်အဆင်ပြေခဲ့တယ်။ အရမ်းကံကောင်းလို့ အဲ့ဒီတပ်ကိုကျတာ။ အဲ့ဒီမှာ စာကြည့်တိုက် အကြီးကြီး ရှိတယ်။ မှီခိုသားသမီးတွေအတွက် ဖွင့်ပေးတဲ့ ကျူရှင်လည်းရှိတယ်။ ကျွန်တော်က စာကြိုးစားတော့ သမိုင်းဂုဏ်ထူးနဲ့ အောင်တယ်။ တောင်ငူမှာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ဆုပေးတယ်။ ရန်ကုန်တိုင်းမှူးကလည်း ပေးတယ်။ နေပြည်တော်မှာလည်း ဆုယူရတယ်။ ရွှေတစ်ကျပ်သားတောင် ဆုရတယ်။ အဲ့ဒီမှာနေရတာ ပျော်ပါတယ်။ ဒါပေမဲ့ တခြားလူတွေက ဒီနေရာဟာ တက်လမ်းမရှိဘူးလို့ မြင်ကြတယ်။

အထက်ကဆရာတွေက ဒီတိုင်းမနေနဲ့ နေရာပြောင်းဆိုပြီး ပြောတယ်။ တခြားနေရာတွေမှာက အပတ်စဉ်ကြေးလိုဟာမျိုး ရတယ်။ တရားမဝင်ပေါ့။ လေယာဉ်ဆီကို ခိုးရောင်းပြီး အုပ်မှူးကစပြီး အောက်ခြေဝန်ထမ်းထိ ခွဲတမ်းနဲ့ ခွဲဝေယူကြတာမျိုးလေ။ ကျွန်တော်က အဲ့ဒီလိုမျိုး ဝါသနာမပါဘူး။ အိမ်ကလည်း မကြိုက်ဘူး။ ပိုက်ဆံလိုရင် အားလပ်ချိန်မှာ တခြားတပ်သားရဲ့ ဂျူတီစောင့်ပြီး ပိုက်ဆံရှာတယ်။

ကျွန်တော်က စာရေးသင်တန်းတက်ဖို့လျှောက်တော့ ရသွားပြီး ၂၀၁၆ ခုနှစ်မှာ ၁၈ လကြာ တက်ရတယ်။ သွားတက်တုန်းက ဒုတပ်ကြပ်ရာထူးနဲ့ ကျောင်းဆင်းတော့ တပ်ကြပ်ကြီးနဲ့ ကျောင်းဆင်းတယ်။ မင်္ဂလာဒုံကိုပဲ ပြန်ကျပေမယ့် ဌာနကတော့ ပြောင်းသွားတယ်။ ဌာနချုပ်မှာ တာဝန်ကျပြီး စည်းကော်ဆိုတဲ့ ဆန်ရောင်း၊ ဆီရောင်း၊ ကြက်ဥရောင်းပြီး အဲ့ဒီဟာတွေကို ဓာတ်ပုံရိုက်၊ ဝါဒဖြန့်ရတဲ့ အလုပ်ပေါ့။ ကျွန်တော်က အဲ့ဒီလိုလုပ်ရတာကို မုန်းတယ်။

အဲ့ဒီမှာ ရန်ကုန် မော်ကွန်းတိုက်မှာလုပ်နေတဲ့တစ်ယောက်က အလုပ်လုပ်ရတာ အဆင်မ‌ပြေလို့ လူချင်းလဲပေးပါဆိုပြီးပြောတော့ အဲ့ဒီကို ပြောင်းရတယ်။ ကျွန်တော်တို့လေတပ်ကလူတွေက ကြည်းတပ်တို့ ဘာတို့နဲ့ အတူလုပ်ရရင် အဆင်မပြေဘူး။ ဌာနတွင်း ယဉ်ကျေးမှုပုံစံ မတူကြလို့။ လေတပ်မှာက အထက်အောက်ခွဲခြားဆက်ဆံမှု သိပ်မရှိဘူး။ လေတပ်မှာ ပညာသည်တွေ များတာကိုး။ ဒီ ၂၀၂၁ အာဏာသိမ်းတာကို မကြိုက်တဲ့၊ မကျေနပ်တဲ့သူက ကြည်းတပ်ထက် လေတပ်ထဲမှာ ပိုများတယ်။

အခု သင်တန်းပုံစံတွေလည်း ပြောင်းလာတယ်။ နောက်ပိုင်းဝင်တဲ့ လေတပ်သားတွေက ကြည်းတပ်သားတွေနဲ့ သင်တန်းအတူ တွဲသင်ရတယ်။ အရင်ကလူတွေဆို သီးသန့်သင်ရတာ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတော့ လေကြောင်းရန်ကာကွယ်ရေးဌာနကို ကြည်းတပ်ကိုပြောင်းပြီး လေတပ်ကို ထိန်းချုပ်ဖို့လုပ်တယ်။ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းက လက်မခံခဲ့လို့။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်နေဝင်းတို့ကတည်းက ကြည်းကို ရေနဲ့ လေအပေါ်မှာ ချုပ်ထားခဲ့တာပဲ။ တကယ်တော့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ကာချုပ်ရေနဲ့ ကာချုပ်လေရဲ့ အထက်မှာရှိတယ်လို့ လုပ်ထားပေမယ့် လေတပ်ဟာ ကြည်းတပ်ကပြောတိုင်း လုပ်ချင်မှလုပ်တတ်တာမျိုးတွေ ကမ္ဘာမှာရှိတယ်ဆိုတာ သူတို့သိတယ်လေ။ ၁၉၅၆မှာ ဗင်နီဇွဲလားမှာ အာဏာသိမ်းတယ်။ ကြည်းတပ်က သိမ်းတာကို လေတပ်ကနေ တန်ပြန်ဗုံးသွားကြဲတယ်တဲ့။

ကျွန်တော်တို့လေတပ်မှာလည်း အရင်က တိုက်ခိုက်ရေးအဖွဲ့ ရှိတယ်။ အဲ့ဒါကို ဗိုလ်ချုပ်နေဝင်းက ဖျက်သိမ်းပစ်ခဲ့တာ။ လေတပ်ဆိုရင် ဘယ်တော့မှ လက်နက်ကောင်းကောင်း တပ်ဆင်မပေးခဲ့ဘူး။ မြန်မာပြည်မှာလည်း ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရမတိုင်ခင်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ရှိခဲ့တယ်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း လက်ထက် ၁၉၅၆ ခုနှစ်မှာ ကြည်းတပ်က အာဏာသိမ်းဖို့ ကြံတာပေါ့။ ဘယ်လိုပျက်သွားလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အနေနီးတဲ့ လေတပ်က တပ်ကြပ်ကြီးတစ်ယောက်က အဲ့ဒီသတင်းကိုသိပြီး သူ့အစ်မကို ပြန်ရင်ဖွင့်လိုက်မိတယ်။ သူ့အစ်မက ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ သူငယ်ချင်းဆိုတော့ သတင်းပြန်ပေးလိုက်တယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကုန်လက်နက်အပြည့်နဲ့ အစိုးရရုံးကို နေရာယူထားပေးတာ။ အဲ့ဒီအချိန်မှာ ကြည်းတပ်က တက်လာပြီဆိုပေမယ့် သတင်းကြိုပေါက်တာကို သိသွားလို့ နောက်ပြန်ဆုတ်သွားတာ။ အဲ့ဒီကတည်းက ကြည်းတပ်က လေတပ်ကို အပေါ်စီးယူခဲ့တာပဲ။

အာဏာသိမ်းပြီးတော့ ကျွန်တော့်လို ရေတပ်က စာရေးအလုပ် လုပ်ရတဲ့သူကိုတောင် ရဲဝတ်စုံ ဝတ်ခိုင်းပြီး လမ်းပေါ်က ဆန္ဒပြသူတွေကို ရင်ဆိုင်ခိုင်းလာတယ်။ တပ်ကလည်း လူတွေကို သတ်တာတွေ များလာပြီ။ ကျွန်တော်လည်း နေလို့ကိုမကောင်းတော့ဘူး။ ရွာကအိမ်ကို ဖုန်းဆက်တော့လည်း သူတို့က ငိုကြီးချက်မတွေ ဖြစ်ကြတယ်။ ကျွန်တော် တပ်ထဲကထွက်ဖို့က၃ လပိုင်း ၁၇ ရက် ကတည်းက ပြင်ခဲ့ပေမယ့် တကယ်ထွက်ခဲ့တာတော့ ၄ လပိုင်း ၃ ရက်နေ့မှ ထွက်လာဖြစ်တာ။ ကျွန်တော့်ရှေ့မှာ ထွက်သွားတဲ့ လေတပ်က ညီလေးတစ်ယောက်နဲ့ ချိတ်ဆက်ပြီး လာခဲ့တာ။ အဲ့ဒီတုန်းက National Unity Government တောင် မရှိသေးဘူး။ ကျွန်တော်တို့လိုလူတွေအတွက် ဘာအထောက်အကူမှ မရသေးတဲ့အချိန်ပေါ့။

ကျွန်တော့်ချစ်သူ၊ အခုတော့ အမျိုးသမီးက ကျွန်တော့်ထက် ထွက်ရတာ ခက်ခဲတာပေါ့။ တပ်မှာ မိသားစုဝင်တွေကို တပ်ထဲ တမင်နေခိုင်းထားတာက အဲ့ဒီလို ထိန်းချုပ်ထားချင်လို့လေ။ တပ်တွင်းအရာရှိတွေကလည်း ယောက်ျားလေးတစ်ယောက်ကို မတွေ့တော့ရင် သိပ်ဂရုမထားမိပေမယ့် သူတို့ရဲ့ အမျိုးသမီးလိုမျိုးက ပျောက်သွားပြီဆိုရင်တော့ ချက်ချင်းသတိထားမိပြီး ရှာကြတာကြောင့် ကျွန်တော့်အမျိုးသမီးက ထွက်မရတာနဲ့ သူ့ကိုစောင့်ရင်း ၂ ပတ်လောက် အချိန်ယူသွားတာ။ ကျွန်တော်က မနက်ပိုင်း ၈ မိုင်မှာ ထမင်းထွက်စားရင်း ရန်ကုန်က ထွက်လာခဲ့တာပါ။ အဲ့ဒီအချိန်က မြို့ထဲ ပြန်အဝင်ကိုသာ သေချာစစ်တာမို့ အထွက်မှာ သိပ်အခက်အခဲမရှိဘဲ ထွက်ခဲ့လိုက်နိုင်တယ်။

တော်လှန်ရေး အောင်မြင်သွားရင် ပုံမှန်အခြေအနေကို ပြန်ရောက်စေချင်တာပဲ ရှိတယ်။ အချိန်တန်ရင်တော့ သူ့ဘာသာ အဆင်ပြေသွားမယ်လို့ မျှော်လင့်တယ်။ တော်လှန်ရေးအတွက်ကတော့ တတ်နိုင်သလောက် အကုန်လုပ်မယ်။ လက်ရှိမှာတော့ တပ်ထဲက သတင်းပေးချင်တဲ့သူဆီက သတင်းအချက်အလက်တွေကို စုဆောင်းပြီး တာဝန်ရှိသူတွေဆီ ပို့ပေးတယ်။ အမှန်အတိုင်းပြောရရင် လူသတ်ရတဲ့အလုပ်ကို မလုပ်ချင်ပေမယ့် နောက်ဆုံးအဆင့် လိုအပ်လာရင် လုပ်သင့်လုပ်ရမယ်။ နှစ်ပေါင်းများစွာ အမြစ်စွဲပြီး ကင်ဆာလိုဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်မှရမယ်။ မဟုတ်ရင် မြောက်ကိုရီးယားလိုဖြစ်မှာ။ သူတို့က ပြည်သူတွေရော၊ တပ်ထဲက ရဲဘော်တွေကိုပါ သူတို့ကို အလုပ်အကျွေးပြုနေတဲ့ ကျွန်လို သဘောထားကြတာ။

ဒီလိုပြောနိုင်တာက ကျွန်တော့်အတွေ့အကြုံအရပါ။ ရန်ကုန်တိုင်းမှာ အလုပ်ကြောင့် ရောက်သွားတော့ တပ်ချုပ်က ခဏခဏလာတယ်။ လူကြီးဧည့်ခံဆိုပြီး တောက်လျှောက်ဧည့်ခံရတော့ သူတို့အတွေးအမြင်တွေကို လေ့လာနားထောင်ခွင့်ရခဲ့တယ်။ တပ်ဟာ သူ့နေရာသူ မသိဘူး။ သူ့အလုပ် သူ မလုပ်ဘူး။ နေရာတကာမှာ ပါချင်တယ်။ အဲ့ဒီလိုလုပ်လို့ တိုင်းပြည်က ပျက်စီးသွားတာပဲ။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ချော့ပေါင်းတာကို မကြိုက်တာ။ ဒီကောင်တွေက ချော့ပေါင်းလို့မရဘူးဆိုတာ အစတည်းက မြင်တယ်။ သူ့နည်းနဲ့ပဲ သူ့ကိုပြန်ချမှ ပြည်သူတွေ လွတ်လပ်မှာ။ ဒီတော်လှန်ရေး အောင်မှဖြစ်မှာ။ အောင်မှသာ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှုတွေကိုရမှာ။