Click here for the English language version of this article.
Cite as: သူဇာလွင်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3517

ကျွန်မနာမည်က သူဇာလွင်လို့ခေါ်ပြီး ကျွန်မအသက်က ၃၈ နှစ်ပါ။ ကျွန်မကိုယ်တိုင်ကတော့ စစ်သားမဟုတ်ပေမယ့် စစ်သားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ကျွန်မက မော်လမြိုင်ဇာတိဖြစ်ပြီး အမျိုးသားကတော့ အဖျောက်မြို့၊ တိုက်ကြီးမြို့နယ်ကပါ။ ကျွန်မအဖေကလည်း တပ်ထဲကပါ။ မော်လမြိုင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကဆိုတော့ ကျွန်မလည်း ငယ်ငယ်တုန်းက စစ်တပ်ထဲမှာ ကြီးပြင်းလာတာပါ။ ဘုရားသုံးဆူဂိတ်လိုတိုက်ပွဲတွေမှာ ကျွန်မအဖေက စစ်တပ်အတွက် သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ပါတယ်။ အဖေက ဆိုးဆိုးဝါးဝါးဒဏ်ရာရ၊ ကျိုးပဲ့ပြီး စစ်တပ်အတွက် အသုံးမဝင်တော့တဲ့အခါမှာ သူထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သူက စစ်တပ်နဲ့ပတ်သက်လာရင် ခါးခါးသီးသီး မုန်းတီးနာကျည်းသွားခဲ့ပြီး စစ်သားဆိုတဲ့စကားလုံးကိုတောင်မှ မကြားချင်တော့ပါဘူး။ ဒါပေမဲ့ သူထင်သလိုမဖြစ်ခဲ့ဘဲ သူ့သား၊ ကျွန်မအစ်ကိုက စစ်တပ်အရာရှိတစ်ယောက် ဖြစ်လာပါတယ်။
ကျွန်မ ကြီးလာတော့ ကျွန်မအမျိုးသားနဲ့မတွေ့ခင် ရန်ကုန်မှာ ပညာသင်တာအပါအဝင် နေရာအရွှေ့အပြောင်း နည်းနည်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူက စစ်တပ်ထဲက ဗိုလ်ကြီးပါ။ ကျွန်မတို့ ၂၀၁၁ မှာ လက်ထပ်ကြတော့ အဖေက ကျွန်မကို စကားမပြောတော့ပါဘူး။ ကျွန်မအမျိုးသားကို တွေ့တောင် မတွေ့လိုက်ရဘဲ သိပ်မကြာခင်မှာ အဖေ ဆုံးသွားပါတယ်။ သူနောက်ပိုင်းမှာ ပြောနေကျစကားတစ်ခု ရှိပါတယ်။ “မင်း ဖြည်းဖြည်းချင်း ဆင်းရဲချင်ရင် သားကို စစ်သားလုပ်ခိုင်းပြီး မြန်မြန်ဆင်းရဲချင်ရင်တော့ သမီးကို စစ်သားနဲ့ပေးစားလိုက်ပါ” ဆိုတာပါ။ အဖေ့ရဲ့စစ်သားဘဝတစ်လျှောက်က သူ့ရဲ့ဘဝနဲ့ သူ့ရဲ့ခါးသီးတဲ့သေဆုံးမှုကို အဓိပ္ပာယ်ဖွင့်ပေးခဲ့ပါတယ်။ ကျွန်မ အဖေ့ကို လေးစားခဲ့ပေမယ့် ကျွန်မအနာဂတ်အမျိုးသားအပေါ်ထားခဲ့တဲ့ သူ့ရဲ့အမြင်ကိုတော့ အရေးမထားခဲ့ပါဘူး။
ကျွန်မကိုယ်ပိုင်လမ်းဖောက်ခဲ့ပြီး ကိုယ်ဖောက်တဲ့လမ်းပေါ် ကိုယ်လျှောက်ခဲ့ပါတယ်။
ကျွန်မအမျိုးသားက လူကောင်းတစ်ယောက်ပါ။ ရခိုင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သူဒဏ်ရာရခဲ့ပြီး ခြေထောက်တွေထဲမှာ စတီးချောင်းထည့်ထားရပါတယ်။ ခြေထောက်တွေက ကောင်းကောင်းမသန်တော့ဘူးပေါ့။ ခွဲစိတ်မှုပြီးသွားတော့ သူ တစ်သက်လုံး ခြေထောက်မသန်တော့ဘူးဆိုတာ သိလိုက်တဲ့အချိန်မှာ အငြိမ်းစားယူဖို့တင်ပေမယ့် အငြင်းခံရတယ်။ အဲ့ဒါကို သူလက်ခံခဲ့ရပြီးနောက်ပိုင်း ဗိုလ်မှူးအဆင့်အထိ သူရာထူးတက်သွား ပါတယ်။ ကျွန်မတို့မှာ မွေးကင်းစ သမီးလေးတစ်ယောက်ရယ်၊ အသက်၉ နှစ်အရွယ် သားတစ်ယောက်ရယ်ရှိပြီးတော့ လတ်တလောနေခဲ့တာက ကလောတပ်ရင်းမှာပါ။
စစ်တပ်လိုင်းခန်းတွေမှာနေရတာက ခက်ခဲနိုင်ပေမယ့် ကျွန်မက စစ်တပ်စခန်းတွေထဲမှာ ကြီးလာခဲ့တဲ့လူဆိုတော့ အကျင့်ဖြစ်နေပါပြီ။ စစ်တပ်ထဲမှာ ရာထူးကြီးတဲ့လူက ရာထူးငယ်တဲ့လူကို အနိုင်ကျင့်တာမျိုး အမြဲတမ်းဖြစ်နေလေ့ရှိပါတယ်။ ဥပမာ -စစ်သားတစ်ယောက်က တကယ်ကိုဖျားနေလို့ အနားယူဖို့ လိုတယ်ဆိုရင်တောင်မှ အထက်အရာရှိက ကိုယ်ထိလက်ရောက် ဖိအားပေးပြီး အလုပ်လုပ်ခိုင်းပါတယ်။ အဲ့ဒီလိုမျိုးအဖြစ်အပျက်တွေ အမြဲတမ်းတွေ့နေရတယ်။ အမျိုးသားက ရာထူးကြီးတော့ ကျွန်မရဲ့နောက်ပိုင်းဘဝက သူများတွေထက်စာရင် ပိုကောင်းခဲ့ပါတယ်။
အခုတော်လှန်ရေးကာလမှာ တပ်အပြင်ဘက်မှာနေရတော့ ကျွန်မသားက တူဘယ်လိုသုံးရမလဲဆိုတာတောင် မေ့သွားပြီ။ ကျွန်မသားက တစ်လောကပဲ ကျွန်မကို မေးခဲ့သေးတယ်။ ကျွန်မတို့ ဆင်းရဲသွားလို့လားတဲ့။ စစ်တပ်အပြင်ဘက်က ကျွန်မတို့နေထိုင်ရတဲ့ အခြေအနေတွေကြောင့်ပေါ့လေ။ ကျွန်မတို့က အာဏာကို စစ်တပ်ဆီကနေ ပြန်ယူနိုင်ဖို့နဲ့ မတရားမှုကို ပပျောက်အောင် ကြိုးစားနေကြတာဆိုတာ ကျွန်မ သူ့ကိုရှင်းပြခဲ့ပါတယ်။ ကျွန်မက သားကို သူကျောင်းတက်နေနိုင်သေးတဲ့အတွက် မဆင်းရဲသေးဘူးလို့ ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းကနေပြီး ကျွန်မ တဖြည်းဖြည်း စိတ်ပိုတိုလာတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သွားတာကို အကုန်သိပါတယ်။ တော်တော်လေး သိသာခဲ့ပြီး၊ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ပါတီအရောင်အနီတွေချည်းပဲ။ ဗိုလ်ချုပ်တွေက ဘယ်လိုတောင်လုပ်နိုင်ရတာလဲ။ စစ်တပ်ဆိုတာ ပြည်သူကျွေးတာစားနေရတာ၊ ပြည်သူကိုကာကွယ်ဖို့ ပြည်သူကထောက်ပံ့ပေးထားတာ။ စစ်တပ်က ပြည်သူကို စော်ကားချင်တိုင်း စော်ကား၊ သတ်ချင်တိုင်း သတ်ပြီး ရန်သူလို ဆက်ဆံလို့မရဘူး။ ဒါကို လက်ခံနိုင်စရာအကြောင်း လုံးဝမရှိဘူး။ စစ်တပ်ထဲကလူတချို့က အာဏာသိမ်းတာကို အခွင့်အရေးယူပြီး ပြည်သူတွေဆီက ခိုးနိုင်ကြတာကို ဘယ်လိုမှနားမလည်နိုင်ဘူး။
အဲ့ဒီ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းကို ကျွန်မ အမြဲတမ်း မှတ်မိနေမှာပါ။ ကျွန်မအမျိုးသား ကျွန်မကိုကြည့်ပြီး လေးလေးပင်ပင်နဲ့ ပြောခဲ့တယ် “မဖြစ်သင့်တာတစ်ခုခုတော့ ဖြစ်သွားပြီ” ဆိုပြီးတော့။ နောက်ရက်ကျတော့ လမ်းပေါ်ဆန္ဒပြတာတွေကို စီမံခန့်ခွဲဖို့ လုံခြုံရေးအစီအ စဉ်တစ်ခုမှာ တာဝန်ချထားပေးခံရတယ်။ ကျွန်မတို့တိုင်ပင်ခဲ့ကြပြီး ကျွန်မအနေနဲ့ စစ်တပ်လိုင်းခန်းကနေ ထွက်သွားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ဖေဖော်ဝါရီ ၃ ရက်ရောက်တော့ လူမသိအောင်နေဖို့ ကလေးတွေကိုခေါ်ပြီး ကျွန်မရဲ့ဇာတိရွာကို ပြန်လာခဲ့တယ်။ ကျွန်မအမျိုးသားက သူ့အလုပ်သူဆက်လုပ်နေခဲ့ပြီး အဲ့ဒီအတောအတွင်းမှာလည်း ကျွန်မတို့ စကားတွေ ဆက်ပြောနေခဲ့ပါတယ်။ တစ်ပတ်ကြာတော့ သူ ကျွန်မဆီ ဖုန်းဆက်လာတယ် “ဒီတစ်ပတ်ကတော့ အဆင်ပြေပါတယ်။ နောက်တစ်ပတ်ကျရင်တော့ အထက်ကနေပြီး ကိုယ့်အောက်က တပ်သားတွေကို ဆန္ဒပြသူတွေကို ပစ်မိန့်ပေးဖို့ ပြောလာလိမ့်မယ်၊ ကိုယ်တိုင် အဲ့ဒီလိုတော့မလုပ်နိုင်ဘူး” ဆိုပြီး ပြောခဲ့ပါတယ်။
ကျွန်မအမျိုးသားက စစ်တပ်ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထွက်လာခဲ့တယ်။ ကျွန်မတို့ဆီ ၁၁ ရက်နေ့မှာ ရောက်လာခဲ့ပြီး၁၂ ရက်နေ့မှာ ပြန်ထွက်သွားပြန်တယ်။ ကျွန်မ သူ့ဆီက ၂ လလောက် ဘာမှမကြားခဲ့ရဘူး။ ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၂ ရောက်တော့ သူ့ရဲ့ တပ်ထဲကလွတ်မြောက်မှုက မီဒီယာမှာပါလာပြီး အကုန်သိသွား ပါတယ်။ အဲ့ဒီတုန်းက တော်တော်လေး ခက်ခဲခဲ့ပါတယ်။ သူဘယ်မှာရှိပြီး ဘာတွေလုပ်နေခဲ့လဲဆိုတာကို ကျွန်မတို့လုံခြုံရေး အတွက် သူမပြောပြခဲ့ပါဘူး။ ဒါပေမဲ့ သူထွက်သွားတာကို စစ်တပ်ထဲမှာ အတည်ပြုလိုက်တာနဲ့ ကျွန်မတို့ အန္တရာယ်ရှိနေပြီး သူ့ဆီသွားပေါင်းဖို့လိုလာပြီဆိုတာကို သူသဘောပေါက်သွားခဲ့ပါတယ်။ သူ့အသံကြားရတာ ကျွန်မ တော်တော်လေး စိတ်သက်သာရာရသွားခဲ့ပါတယ်။ သူသေသွားပြီလို့ ထင်နေခဲ့တာလေ။
သူက စစ်တပ်ကနေထွက်လာတဲ့ ပထမဆုံးစစ်သားဖြစ်ပြီးတော့ ဒီကာလအတွင်းမှာ ဒီလိုလုပ်တဲ့ တစ်ဦးတည်းသောဗိုလ်မှူးဆိုတာကို သိလိုက်ရပါတယ်။ အခုထိတော့ တော်လှန်ရေးနဲ့ပူးပေါင်းလာတဲ့ ဗိုလ်မှူးက စုစုပေါင်း၃ ယောက်ပဲ ရှိပါသေးတယ်။ CDM လုပ်တဲ့ စစ်သားများစွာရဲ့ အိမ်ဖြစ်လာမယ့် လွတ်မြောက်နယ်မြေတွေကို သူက ၂၀၂၁ မှာ ပထမဆုံးရောက်ခဲ့တဲ့သူပါ။ ကျွန်မတို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နှုတ်ဆက်ပြီးတော့ အဝေးကြီးကို သူ ခရီးထွက်သွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီကို တိုက်ရိုက်သွားပြီး “ကျွန်တော်က ဒီတပ်ရင်းကဗိုလ်မှူးပါ။ ကျွန်တော် အာဏာသိမ်းတာကို လက်မခံနိုင်လို့ ဒီမှာခိုလှုံပါရစေ” လို့ သွားပြောခဲ့ပါတယ်။ အစပိုင်းတော့ သူ့ကို မယုံခဲ့ကြဘူး။ အမြဲတမ်း စောင့်ကြည့်နေခဲ့ကြပါတယ်။
ဧပြီ ၂၂ နောက်ပိုင်းမှာ “လူသတ်တဲ့ ဗိုလ်မှူးရဲ့မိသားစုပါ” ဆိုပြီး စစ်ကောင်စီက ကျွန်မတို့မိသားစုရဲ့ပုံတွေကို နေရာတကာ ဖြန့်ဝေခဲ့ပါတယ်။ ကျွန်မတို့အတွက် အန္တရာယ်ရှိနေတာကြောင့် ကလေးတွေကိုခေါ်ပြီး ကျွန်မအမျိုးသားစောင့်နေတဲ့ လွတ်မြောက်နယ်မြေကိုသွားဖို့ ဘတ်စ်ကားပေါ် တက်ခဲ့ပါတယ်။ ကျွန်မတို့ကို တစ်လမ်းလုံး သံသယတွေနဲ့ အမေးမြန်းခံခဲ့ရပြီး ကျွန်မ တောက်လျှောက်လိမ်ခဲ့ရပါတယ်။ တပ်သားတစ်ယောက်က ကျွန်မတို့ကို စစ်တပ်မိသားစုမှန်း ရိပ်စားမိသွားတာကြောင့် ကျွန်မအမျိုးသားက တောထဲမှာ ကုန်ကားမောင်းတာဖြစ်ကြောင်း ပြောပြခဲ့ရပါတယ်။
ကျွန်မတို့ တော်တော်ဝေးဝေးရောက်တဲ့အခါ ကျွန်မအမျိုးသား စီစဉ်ထားပေးတဲ့ လက်နက်ကိုင်အကြီးအကဲတွေနဲ့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ဗုံးသီးတွေ တောက်လျှောက်အကြဲခံခဲ့ရတာက ဘယ်တော့မှ မပြီးတော့မလို ခံစားခဲ့ရပါတယ်။ စစ်သားတွေက ကျွန်မကိုရော ကလေးတွေကိုပါ မကြောက်ဖို့ပြောခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျွန် မတော်တော်ကြောက်နေခဲ့တာ။ ကျွန်မရဲ့စစ်တပ်ထဲက ဘဝမှာတုန်းက ဒီလူတွေကို သူပုန်အဖြစ် သတ်မှတ်ထားခဲ့တာပါ။ ကျွန်မကို သူတို့က ကာကွယ်ထားပေးပေယ့် ကျွန်မစိတ်ထဲမှာ ငါကတော့ “သူပုန်တွေ” ရဲ့ ဖမ်းထားတာ ခံလိုက်ရပြီလို့ပဲ တွေးမိနေခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ဧရိယာထဲကနေ ၅ နာရီ၊ ၆ နာရီလောက် ဖြတ်သွားခဲ့ရတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ နီးတဲ့နေရာတွေဆိုလို့ရှိရင် ကျွန်မတို့ ပြေးခဲ့ကြရပါတယ်။ အဲ့ဒါတွေအကုန်လုံးကျော်ဖြတ်ပြီးသွားတော့ ကျွန်မတို့ကို ပို့ခဲ့တဲ့စခန်းမှာ ကျွန်မအမျိုးသားက ရှိမနေပါဘူး။ သူက တောထဲမှာ စစ်ဆင်ရေးတစ်ခု သွားလုပ်နေတာပါ။
ကလေးတွေနဲ့ ကျွန်မက ကျွန်မအမျိုးသားကို အခုချိန်ထိ သိပ်ပြီးတွေ့ရလေ့မရှိပါဘူး။ သူက အမြဲလိုလို စစ်ကောင်စီနဲ့တိုက်ပွဲဝင်တဲ့ တပ်တွေကို ဦးဆောင်နေလေ့ ရှိပါတယ်။ သူ ခဏလေးပြန်လာခဲ့တုန်းက ကျွန်မကိုပြောသွားဖူးတဲ့ စစ်တပ်ထဲကပြောနေကျ စကားတစ်ခုရှိတယ် “စစ်တပ်ထဲမှာဆိုရင် မင်းရဲ့အမျိုးသားက သေသေ၊ ရှင်ရှင် မင်းနဲ့ခွဲရလိမ့်မယ်” ဆိုပြီး။ အခု သူက ပြည်သူ့စစ်သားတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်လည်း အဲ့ဒီစကားကတော့ မှန်နေတုန်းပါပဲ။ ဒါပေမဲ့ အခုတော့ မြန်မာစစ်တပ်ယူနီဖောင်းဝတ်ထားရတာမဟုတ်တာမို့ အရင်ကထက်စာရင် အများကြီး ပိုကောင်းသွားပါပြီ။ ကျွန်မတို့အတူမရှိရင်တောင် ကျွန်မတို့စိတ်က သန့်ရှင်းကြည်လင်ပြီး လူတွေက ကျွန်မတို့ကို ချစ်ကြပါတယ်။ ကျွန်မ သူ့ရှေ့မှာ ဘယ်တော့မှ မငိုပါဘူး။
၂၀၂၁ တောက်လျှောက် ကရင်ပြည်နယ်မှာ ကျွန်မတို့ရဲ့ဘဝက မတည်ငြိမ်ခဲ့ဘူး။ KNLA တပ်မဟာ-၁ နယ်မြေမှာရှိတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒါပြီးတော့ လေးကေ့ကော်က ကျွန်မတို့နေရာနားမှာ တိုက်ပွဲတွေ စဖြစ်တာနဲ့ ထပ်ပြေးရပြန်ပါတယ်။ ပြည်သူ့စစ်သားအဖွဲ့နဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ကျွန်မတို့နဲ့ တခြားစစ်တပ်ထဲကထွက်လာတဲ့ မိသားစုတွေကို ကူညီနေတာမို့လို့ အခြေအနေတွေက ပိုတော့ကောင်းလာပေမယ့် ကျွန်မအမျိုးသားအတွက်ကတော့ အဆင်မပြေသေးပါဘူး။ သူက ပြောက်ကျားတိုက်ခိုက်ရေးသမားတစ်ယောက်လို နေနေရတုန်းပါပဲ။
လတ်တလောတိုက်ပွဲတစ်ခုမှာလည်း ဒဏ်ရာရခဲ့သေးတယ်။ မြောင်းထဲပြုတ်ကျပြီး သူ့ခြေထောက် တစ်ခုခုဖြစ်သွားပါတယ်။ ကျိုးတော့မကျိုးပေမယ့် လမ်းကောင်းကောင်းလျှောက်မရတော့ဘူး။ သူက ပိန်လာပြီး အားနည်းလာနေတယ်။ KNLA က ကျွန်မအမျိုးသားကို သူတို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။ အဲ့ဒါကြောင့်မို့လို့ သူက အခုချိန်အထိ တော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ပွဲဝင်ပြီး ဗျူဟာတွေချတုန်းပါပဲ။ တခြားကလေးတွေရဲ့အဖေတွေ က အိမ်မှာရှိနေကြပြီး သူတို့ကို ဂရုစိုက်တာ၊ အတူကစားကြတာတွေ ကို တွေ့တဲ့အခါ ကျွန်မတို့ရဲ့ကလေးတွေက ဝမ်းနည်းကြပါတယ်။ “သူက ပြည်သူအားလုံးအတွက် တိုက်ခိုက်နေတာ၊ သူ့ရဲ့အကျိုးစီးပွားအတွက် မဟုတ်ဘူး”လို့ ကျွန်မ ကိုယ့်ဟာကိုယ် ဖြေရပါတယ်။
သိပ်မကြာသေးခင်က ကျွန်မအမျိုးသားကို တပ်ထဲကနေထွက်ပြီး သူ့ရာထူးကို စွန့်လွှတ်လိုက်ရတာ နောင်တရလားလို့မေးတော့ သူက “ဘာလို့နောင်တရရမှာလဲ။ လမ်းပေါ်က ကလေးတွေတောင် သူတို့ရဲ့ဘဝတွေကို စွန့်လွှတ်နေကြတာ” လို့ ပြန်ဖြေပါတယ်။ ကျွန်မ သူ့အတွက် အရမ်းဂုဏ်ယူပါတယ်။ သူက ဘယ်တော့မှ ထင်ပေါ်ကျော်ကြားမှုကိုမရှာဘဲနဲ့ သီလသမာဓိပြည့်ဝတဲ့သူ တစ်ယောက်ပါ။
ကျွန်မကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ကြိုးစားပြီး ကလေးတွေကို စောင့်ရှောက်ရင်း လက်မှုပညာနဲ့ စက်ချုပ်ပညာကို စိတ်ဝင်စားတဲ့လူတွေကို ပညာသင်ပေးနေပါတယ်။ ကျွန်မအမျိုးသားရဲ့ တော်လှန်ရေးအတွက် လုပ်ဆောင်မှုတွေကြောင့် ကျွန်မတို့ကို KNU က လူကြီးတွေအပါအဝင် အားလုံးလေးစားကြပါတယ်။ ပြည်သူတွေဆီက အထောက်အပံ့တွေကို ဖြန့်ဝေတဲ့နေရာမှာ ကျွန်မက ကူညီပေးပြီးတော့ စစ်တပ်ကနေ ထွက်ခွာလာတဲ့ နောက်ထပ်စစ်သားအသစ်တွေ ရောက်လာရင် နေဖို့ထိုင်ဖို့ စီစဉ်ပေးနေပါတယ်။
စစ်တပ်ထဲမှာ အခုချိန်ထိရှိနေသေးတဲ့လူတွေကို ထွက်ဖို့ ကျွန်မပြောချင်ပါတယ်။ အနာဂတ်က လွယ်ကူမှာမဟုတ်ပါဘူး။ တပ်ထဲကလူတော်တော်များများ စိတ်ဓာတ်ကျနေကြတယ်။ တပ်ထဲကထွက်ပြေးတာတွေကို တားဆီးဖို့ စစ်တပ်က တပ်ရင်းအပြင်ဖက်မှာ မိုင်းတွေထောင်ထားတယ်ဆိုပြီး သတင်းလိုက်ဖြန့်နေတယ်လို့ တချို့က ကျွန်မကိုပြောပါတယ်။ ကျွန်မဘဝက သူတို့ဘဝထက် ပိုလုံခြုံပြီး သူတို့က အပယ်ခံတွေလို၊ ထောင်သားတွေလို ခံစားနေရတယ်ဆိုပြီး ကျွန်မကိုပြောကြတယ်။
အခုဆိုရင် အရာရှိဖြစ်နေပြီဖြစ်တဲ့ ကျွန်မအစ်ကိုနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်။ သူဘယ်မှာရှိမှန်းလည်း ကျွန်မ မသိသလို ပြည်သူဘက်ကို ပေါင်းလာမယ်လို့လည်း မထင်မိဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့နည်းလမ်းကို သူက ပိုသဘောကျတယ်။ ပတ်ပတ်လည်က ရာထူးနိမ့်စစ်သားတွေ ငတ်ပြတ်ပြီး တိုက်ပွဲတွေမှာ အသက်ပေးရင်း စစ်မြေပြင်မှာပဲ ပုပ်ပွသေဆုံးဖို့ ထားခဲ့ခံနေရတဲ့အချိန်မှာ အဲယားကွန်းခန်းထဲထိုင်ပြီး အစားအသောက်ကောင်းတွေကို ရွှေပန်းကန်နဲ့ ထိုင်စားနေနိုင်ကြ သူတွေပေါ့။ စစ်တပ်ထဲမှာ မြေပြင်ကတပ်သားတွေက ဘာမှမရပါဘူး။ အကုန်လုံး အလိမ်အညာတွေချည်းပါပဲ။
စစ်တပ်အုပ်ချုပ်မှု ချုပ်ငြိမ်းပြီး ပိုကောင်းလာမယ့် အနာဂတ်ကို ကျွန်မတို့အားလုံး မျှော်လင့်နေပါတယ်။