Click here for the English language version of this article.
Cite as: ယဉ်လဲ့လဲ့ထွန်း၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3500

ကျွန်မနာမည် ယဉ်လဲ့လဲ့ထွန်းပါ။ ဗုဒ္ဓဘာသာဖြစ်ပြီးတော့ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကျွန်မအသက် ၁၈ နှစ်အရွယ် ၂၀၁၆ ခုနှစ်ကတည်းက တပ်ထဲဝင်ခဲ့တာပါ။ ကျွန်မမိဘနှစ်ပါးကတော့ အဲ့ဒီအချိန်ကတည်းက ဆုံးသွားပါပြီ။ ကျွန်မအဘိုးနဲ့ ဦးလေးနှစ်ယောက်က စစ်သားတွေပါ။ ကျွန်မတပ်ထဲဝင်ခဲ့တာက တပ်ထဲဝင်ချင်လို့ရယ်လို့မဟုတ်ဘဲ မိသားစုက တပ်မိသားစုဖြစ်နေ လို့ပါ။ မဝင်ဘဲ တော်တော်ကြာကြာ တင်းခံနေခဲ့ပေမယ့် တပ်ကနေပြီး ကွန်ပျူတာဒီပလိုမာပေးမယ်ဆိုပြီး စာရေးတွေ စုဆောင်းတဲ့အခါမှာ ကျွန်မလည်း ဝင်ခဲ့ပါတယ်။
ကျွန်မ အဲ့ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် အဘွားက တော်တော်လေး ဝမ်းသာခဲ့ပါတယ်။ ကျွန်မက မိဘမဲ့ဖြစ်ပြီး အဘွားကလည်း အသက်တော်တော်လေးကြီးနေပြီမို့ သူ မရှိတော့ရင် ကျွန်မအနေနဲ့ တပ်ထဲမှာရှိနေတာက ပိုကောင်းမယ်လို့ သူက ယူဆခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ တပ်ထဲမဝင်ဖြစ်ခဲ့ရင်လည်း စက်ရုံတစ်ခုမှာ အလုပ်လုပ်ပြီး တက္ကသိုလ်ဆက်တက်ဖြစ်ခဲ့လိမ့်မယ် ထင်တာပဲ။ ကျွန်မက ကိန်းဂဏန်းတွေနဲ့ စာရင်းအင်းတွက်ချက်ရတာ ကို သဘောကျတော့ တက္ကသိုလ်ကနေ အရပ်သားအနေနဲ့ ကျောင်းပြီးခဲ့မယ်ဆိုရင် အဲ့ဒီအလုပ်အကိုင်မျိုးကို ရွေးချယ်ဖြစ်လိမ့် မယ်ထင်တယ်။
ဒါပေမဲ့ လောကဓံက ကျွန်မအတွက် တခြားအစီအစဉ်တွေ ရှိနေခဲ့ပါတယ်။
ကျွန်မအမျိုးသားနဲ့ လွန်ခဲ့တဲ့၂ နှစ်၊ ရှစ်မိုင်နားက မရမ်းကုန်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ အလုပ်အတူတူလုပ်ရင်း တွေ့ခဲ့ကြတာပါ။ သူက လေတပ်ကဖြစ်ပြီးတော့ ကျွန်မက ကြည်းတပ်ကပါ။ အဲ့ဒီတုန်းက မှတ်တမ်းဌာနခွဲမှာ ကျွန်မက တပ်ကြပ်အနေနဲ့ အလုပ်လုပ်ခဲ့ပြီးတော့ တပ်ထဲက ပညာအရည်အချင်းစာရင်း၊ စစ်အင်အားစာရင်းတို့လိုမျိုး လူ့စွမ်းအားအရင်းအမြစ်နဲ့ဆိုင်တဲ့အလုပ်တွေ လုပ်ခဲ့ရပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ စစ်တပ်အတွက် အလုပ်လုပ်ပေး ရတာက အတက်အကျရောနေတာပါ။ အမျိုးသားစစ်သည်တွေနဲ့ ယှဉ်ရင်အမျိုးသမီးတွေက အခွင့်အရေးတွေနဲ့ ဦးစားပေးတာတွေ ပိုရနေပေမယ့် တချို့အပိုင်းတွေကျတော့ ပိုပြီးခက်ခဲပါတယ်။ ဥပမာ – စခန်းအပြင်ဖက်ကိုသွားဖို့ ခွင့်တင်တာမျိုးဆိုရင် အမျိုးသမီးတွေ အတွက်က ခွင့်ကျဖို့ ပိုခက်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း ကျွန်မတို့တွေက ရှေ့တန်းကိုသွားပြီး လူသတ်ရတာမျိုး လုံးဝလုပ်စရာမလိုပါဘူး။ အဲ့ဒါကြောင့်မို့လို့ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးစစ်သည်တွေက သူတို့ရဲ့ စခန်းထဲက ဘဝလေးပေါ်မှာပဲ အာရုံစိုက်နေပြီး စခန်းအပြင်ဘက်မှာ ဖြစ်ပျက်နေတာတွေက သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ကြတာပါ။
အမျိုးသမီးစစ်သည်တွေအနေနဲ့ ကျွန်မတို့ဟာ ဆံပင်တိုထားခွင့်၊ အတိုအပြတ်တွေ ဝတ်ခွင့်မရှိပါဘူး။ အဆောင်မှာ သီချင်းဖွင့်ဖို့ ကိုလည်း တားမြစ်ထားပါတယ်။ တစ်ခါတလေ အမျိုးသမီးအရာရှိက အမျိုးသားစစ်သည်ကို အမိန့်ပေးတဲ့အခါ မလိုက်နာဘဲ လစ်လျူရှုခံရတာမျိုးတွေလည်း ရှိပါတယ်။ ယေဘုယျအားဖြင့် ကျွန်မတို့က ဖိနှိပ်ခံရပါတယ်။ အဲ့ဒါအပြင်ကို စစ်တပ်ထဲ တရားဝင် ရာထူးတက်တာမျိုးတွေမှာလည်း ခွဲခြားဆက်ဆံတာမျိုးတွေ ခံရပါသေးတယ်။ အမျိုးသမီးစစ်သည်တွေက ဆေးတပ်ကမဟုတ်ရင် ဗိုလ်ကြီးရာထူးအထိဘဲ တက်နိုင်ပြီး ဆေးတပ်ကဆိုရင်တော့ ဗိုလ်မှူးကြီးရာထူးအထိ တက်နိုင်ပါတယ်။
တစ်ခါတလေ အမျိုးသမီးစစ်သည်တွေအတွက် အရာရှိလျှောက်လို့ရတဲ့ပုံစံ အစီအစဉ်တွေ ရှိတတ်ပေမယ့် တကယ်လျှောက်ရင် ဘယ်တော့မှမရပါဘူး။ ကျွန်မကိုဆိုရင် အမျိုးသားအရာရှိတစ်ယောက်က “စာရေးလိုလို့ နင်တို့ကိုခေါ်တာ ဘာလို့အရာရှိဖြေခိုင်းမှာလဲ” လို့ ပြောဖူးတယ်။ စာရေးတွေက ခွဲခြားဆက်ဆံခံရပြီး များသောအားဖြင့် စစ်သည်အရာရှိတွေရဲ့ အနိုင်ကျင့်တာကို ခံရလေ့ရှိပါတယ်။ စာရေးတွေက စစ်သည်အရာရှိတွေနဲ့ယှဉ်ရင် ပညာပိုတတ်လေ့ရှိတဲ့အတွက် အရာရှိတွေက စာရေးတွေကို ကြောက်ကြပါတယ်။ စာရေးတွေ အရာရှိဖြစ်လာရင် သူတို့ထက်သာသွားပြီး သူတို့ကိုညံ့တယ်လို့ မြင်ခံရမှာ ကြောက်ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မအမျိုးသားနဲ့ စစ်တပ်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာတွေကို ပြောဖြစ်ခဲ့ပါတယ်။ အစပိုင်းမှာ လူတွေက ဖေ့စ်ဘုတ်ခ် ပရိုဖိုင်းပြောင်းကြတော့ ဂျူနီယာညီမ ၂ ယောက်ရယ်၊ ကျွန်မရယ်က လိုက်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်တာနက်က အဲ့ဒီအချိန်တုန်းက လာလိုက်ပြတ်လိုက်နဲ့မို့ ကျွန်မအိပ်ပျော်နေတုန်း သူတို့နှစ်ယောက် ပရိုဖိုင်းပြောင်းပြီးချိန် ကျွန်မလိုက်ပြောင်းဖို့ အချိန်မရလိုက်ဘူး။ အဲ့ဒီလိုပြောင်းလိုက် တဲ့အတွက် သူတို့ တော်တော်လေး အဆူခံခဲ့ရပါတယ်။ လူတိုင်းက ခေါ်ဆူနေတာ တော်တော်လေး စိတ်ညစ်ဖို့ကောင်းတယ်။
နောက်ကျတော့ ရန်ကုန်မှာ ကိုယ်ဝန်သည်ဆရာမတစ်ယောက် ပစ်သတ်ခံရတော့ ကျွန်မတို့ရဲ့ ကိုယ်ဝန်သည်လုပ်ဖော်ကိုင်ဖက် တစ်ယောက်က CDM ဝင်ဖို့ တိတ်တိတ်လေး ထွက်သွားခဲ့ပါတယ်။ အပစ်သတ်ခံလိုက်ရတဲ့ အမျိုးသမီးကို သူကိုယ်တိုင် လူချင်းမသိခဲ့ပေမယ့် အဲ့ဒီအဖြစ်အပျက်ကြီးက သူ့အတွက် စိတ်ထိခိုက်စရာ ဖြစ်သွားတော့ သူတိတ်တိတ်လေးပဲထွက်သွားခဲ့ပြီး လူရှေ့လည်း ထွက်မလာခဲ့ပါဘူး။ အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ ကျွန်မကိုယ်တိုင်လည်း ထွက်လာရမလား၊ ဆက်နေရမလား မသဲကွဲခဲ့ဘူး။ တစ်အိမ်လုံးမှာ ညီမအငယ်နှစ်ယောက်နဲ့ အဘွားပဲရှိတဲ့ ကျွန်မမိသားစုအတွက် စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရက်စက်မှုတွေ ပိုပြီးအရှိန်ရလာတဲ့အခါ မြသွဲ့သွဲ့ခိုင်တို့ ၊ ညီညီအောင်ထက်နိုင်တို့ အသတ်ခံရပြီးနောက်ပိုင်း ကျွန်မ တပ်ထဲမှာ ဆက်မနေချင်တော့ဘဲ ဘာဖြစ်ဖြစ် ရအောင်ထွက်မယ်ဆိုတာ သေချာသွားပါတယ်။
အဲ့ဒီအချိန်မှာပဲ ကျွန်မခင်ပွန်းလောင်းကလည်း ပိုပိုပြီး နားလည် သဘောပေါက်လာတယ်။ တစ်ရက်ကျတော့ သူက ကျွန်မကို “တော်ပြီ ငါ CDM လုပ်တော့မယ်၊ လိုက်မှာလား” လို့ တည့်တည့်မေးလာတာနဲ့ ကျွန်မလည်း လိုက်မယ်လို့ပြောပြီး ထွက်မယ့်လမ်းကြောင်းကို အစီအစဉ်ချပြီးတော့ ဧပြီလ ၃ ရက်နေ့မှာ ထွက်လာနိုင်ခဲ့ကြတယ်။ အဲ့ဒီနောက်မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြပါတယ်။
စစ်တပ်က ဆန္ဒပြသူတွေကို ပစ်သတ်နေခဲ့တုန်းက တပ်ထဲမှာနေခဲ့ရတာ တော်တော်လေးခက်ခဲခဲ့ပါတယ်။ ညီညီအောင်ထက်နိုင် လှည်းတန်းလမ်းဆုံမှာ အပစ်ခံရတာကို ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ပြလိုက်တော့ သူက “သေပါစေ၊ သူတို့ကို အပြင်မထွက်ဖို့ ပြောထားသားပဲ” လို့ ပြောပါတယ်။ အဲ့ဒီကတည်းက ကျွန်မအမျိုးသားကလွဲရင် ဘယ်သူ့ကိုမှ ဘာမှမပြောဖြစ်တော့ဘူး။ စစ်သားတွေက အပယ်ခံတွေဖြစ်လာနေပြီး social punishment တွေလည်း လုပ်လာကြပါတယ်။ ကျွန်မက စစ်တပ်နဲ့ပတ်သက်နေရတာကို ရွံလာပြီးတော့ အဲ့ဒါကြောင့် social punish လုပ်ခံရမှာကိုလည်း ကြောက်ခဲ့ပါတယ်။
အဲ့ဒီအချိန် တောက်လျှောက် ကိုဗစ်-၁၉ ကြောင့်ဆိုပြီး ကျွန်မတို့ကို စခန်းအပြင် ပေးမထွက်ခဲ့ပါဘူး။ ကျွန်မတို့ စစ်တပ်ကနေထွက်ဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတွေကို တောက်လျှောက် စဉ်းစားပါတော့တယ်။ ကျွန်မခင်ပွန်းလောင်းနဲ့ ကျွန်မနဲ့ သပ်သပ်စီထွက်မယ်။ သူက သူ့ရဲ့ ညကင်းစောင့်တာဝန်ကျတဲ့အချိန် သူ့အစီအစဉ်ကို အကောင်အထည် ဖော်မယ်။ ကျွန်မထွက်ဖို့အတွက်ကိုတော့ အစီအစဉ်တစ်ခုမက ဆွဲထားပါတယ်။ အဲ့ဒီ အစီအစဉ်တွေ တစ်ခုမှအလုပ်မဖြစ်ရင်တော့ ခြံစည်းရိုးကျော်ပြီး ထွက်ပြေးမယ်အထိပါ စဉ်းစားထားခဲ့ပါတယ်။
ကျွန်မတို့ ထွက်ဖို့စီစဉ်ရတာနဲ့ ဖိအားတွေအရမ်းများပြီး အိပ်ရေးတွေ တော်တော်ပျက်သွားခဲ့ပါတယ်။ တစ်ရက်ကဆို မူးပါလဲတယ်။ အဲ့ဒီ မူးလဲတာကပဲ ရုပ်ဖျက်ဖို့ အစီစဉ်ကောင်းတစ်ခု ဖြစ်လာပါတယ်။ ကျွန်မရဲ့ “ကျန်းမာရေး” ပြဿနာအသစ်ကြောင့် ခွင့်တစ်ရက်ပေးဖို့ တောင်းတာမှာ၊ နေ့တစ်ပိုင်း ခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုအားလပ်ရက် တွေမှာ အမျိုးသမီးတွေအနေနဲ့ ကံကောင်းရင် စခန်းကနေ ခဏခဏ ထွက်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ အဲ့ဒီမနက်မှာ ကျွန်မက စခန်းဂိတ်ကိုသွားပြီး ဂိတ်စောင့်နေတဲ့သူကို “ကျွန်မမိတ်ကပ်သွားပြင် ဦးမယ်” လို့ ပြောလိုက်တယ်။ အလှပြင်ဆိုင်က ဂိတ်ကနေကြည့်ရင် မြင်ရတဲ့ အကွာအဝေးမှာရှိနေပေမယ့် ဂိတ်စောင့်တပ်ကြပ်ကြီးက ကျွန်မကို ပေးမသွားပါဘူး။ အဲ့ဒီနေ့က အပြင်ထွက်ဖို့ခွင့်တင်ထားတဲ့ စာရင်းထဲမှာ မိတ်ကပ်သွားပြင်ဖို့ တခြား ၃ ယောက်လည်း ရှိနေတာမို့လို့ ကျွန်မ သူတို့ကိုစောင့်ပြီး အတူထွက်လာလိုက်ပြီးတော့ အလှပြင်ဆိုင်ရောက် တာနဲ့ အကြောင်းပြချက်တစ်ခုပေးပြီး အသာလေး ထွက်ခဲ့လိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်မလွတ်လပ်သွားပါတယ်။
မရမ်းကုန်းကိုဖြတ်ပြီး ကျွန်မအမျိုးသားလောင်းနဲ့တွေ့ဖို့ ချိန်းထားတဲ့နေရာကို သွားတယ်။ သူ့အတွက် ကျွန်မ အရမ်းစိုးရိမ်နေခဲ့ပေမယ့် သူလည်း အစောင့်တွေကို လှည့်ဖျားပြီး ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့နှစ်ယောက် အရပ်သားတွေအဖြစ်နဲ့ ပြန်ဆုံနိုင်ခဲ့ပါတယ်။ လုံခြုံတဲ့နေရာကို ကျွန်မတို့သွားနိုင်ခဲ့ပြီး စစ်ဆေးရေးပွိုင့်တချို့ကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်မတို့ ကားထဲမှာ ဘုန်းကြီးတစ်ပါးပါလာတာနဲ့ စစ်တပ်က ကားကို အရမ်းကြီးစစ်ဆေးတာမျိုး မလုပ်ခဲ့ပါဘူး။ ဘုန်းကြီးက ကျွန်မတို့ကို ကယ်ခဲ့တာပါ။ တချို့တွေ စစ်တပ်ကနေ ထွက်ပြေးဖို့ကြံတာ မိပြီး ထောင် ၇ နှစ်လိုမျိုး ပြစ်ဒဏ်ကြီးတွေ ပေးခံရတယ်ဆိုတာတွေ ကျွန်မတို့ကြားရပါတယ်။ ကျွန်မတို့သာ အဖမ်းခံခဲ့ရရင် ကျွန်မအမျိုးသားကိုပဲ သူတို့က ၂ ယောက်စာ အပြစ်ပုံချကြမှာပါ။ သူတို့က “သူထွက်သွားတာ မင်းကြောင့်” လို့ ပြောကြမှာ။
ကျွန်မအပြင်ရောက်လာနိုင်ခဲ့တော့ ကျွန်မရဲ့ အခန်းဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မတို့ အပတ်စဉ်တစ်ဖွဲ့လုံး အဆူခံရပါတယ်။ စစ်တပ်က ကျွန်မကို နာမည်ဖျက်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ကျွန်မ ကိုယ်ဝန်ရှိနေခဲ့တယ်၊ ဆေးစွဲနေခဲ့တယ် ဆိုတာမျိုး မဟုတ်တမ်းတရားတွေ သတင်းဖြန့်ပြီး ကျွန်မရဲ့ အိမ်လိပ်စာအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကိုလည်း အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ သူတို့ ကျွန်မကို နာမည်ဖျက်တာ မအောင်မြင်ခဲ့ပါဘူး။ ကျွန်မ တခြားစစ်သားတွေနဲ့ အဆက်အသွယ် ရှိနေတုန်းပဲ။ ကျွန်မ အခု ပြည်သူ့စစ်သားနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့တွေမှာ ဝင်ရောက်ပြီး တခြား စစ်သားတွေထွက်လာနိုင်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေပါတယ်။
လူတွေကို စစ်တပ်ကထွက်လာအောင် စည်းရုံးရတာ ခက်ပါတယ်။ အထူးသဖြင့် ကျွန်မလိုမျိုး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ပုံမှန်အလုပ်လေးရှိနေပြီး၊ လစာလေးနဲ့ သက်တောင့်သက်သာ ဖြစ်နေတဲ့ ဘဝမျိုးတွေဆိုရင် သူတို့မှာ ပြဿနာတစ်ခုခုဖြစ်မှသာလျှင် ကျွန်မဆီကို အွန်လိုင်းကနေ လာပြောကြတယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသေးတဲ့လူတွေ နားလည်ဖို့လိုတာက အခု သာယာနေတဲ့ဘဝဆိုတာ ခဏပါပဲ။ သူတို့က သမိုင်းတရားခံတွေ ဖြစ်လာကြမှာ။ စစ်တပ်ရဲ့ဝါဒဖြန့်တာတွေနဲ့ သတင်းမှားတွေကို ယုံနေတာ ရပ်လိုက်သင့်ပြီ။ တိုင်းပြည်က ပြည်သူတွေခံစားနေရ တာတွေကို သဘောပေါက်နားလည်ဖို့ လိုနေပြီ။ ကျွန်မအမျိုးသားနဲ့ ကျွန်မကတော့ မြန်မာနိုင်ငံအတွက် ပိုပြီးကောင်းလာမယ့် အနာဂတ်တစ်ခုခုကို မျှော်လင့်နေပါတယ်။
ကျွန်မတို့ သေနတ်ပြန်မကိုင်ချင်တော့ဘူး။ ကျွန်မတို့ဘဝတွေကို အစကနေ ပြန်စဖို့အတွက် ဆိုင်သေးသေးလေး အတူတူဖွင့်ချင်ပါတယ်။