မိုးညို

Click here for the English language version of this article.

Cite as: 
မိုးညို၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3447

ကျွန်တော့်နာမည် မိုးညိုပါ။ ကျွန်တော် စစ်တပ်ကနေ နိုဝင်ဘာလ (၁၆) ရက် ၂၀၂၁ က ထွက်လာတဲ့အချိန်မှာ ရာထူးက ဒုအရာခံဗိုလ်ပါ။ အသက်ကတော့ ၄၆ နှစ်ရှိပါပြီ။ စစ်တပ်ထဲဝင်ပြီး စစ်သားဘဝနဲ့နေခဲ့ပေမယ့် တကယ်တမ်း ကျွန်တော်က ‌‌ရော့ခ်ကာတစ်ယောက်ပါ။ ကျွန်တော်က ရော့ခ်ဂီတခေတ်မှာ ကြီးပြင်းလာတာလေ။ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ဟယ်ရီလင်းတို့ဆိုတာ ကျွန်တော့်ဟီးရိုးတွေပေါ့။ Guns ‘n’ Roses က Axl Rose ကိုလည်း ကျွန်တော် သဘောကျပါတယ်။ စဉ်းစားကြည့်လိုက်တော့ စစ်တပ်ထဲကိုဝင်ခဲ့တာ ကျွန်တော့်မှာ အကြောင်းပြချက်မယ်မယ်ရရ မရှိဘူးဗျ။ ကျွန်တော့်အဖေကလည်း လေတပ်ကဆိုတော့ ကျွန်တော့်အတွက် လွယ်ခဲ့တာပေါ့။ ကျွန်တော့်အမေကလည်း စစ်သူနာပြုတစ်ယောက်လေ။ အမေဆုံးသွားတော့ အဖေက ကျွန်တော်စိတ်ဓာတ်မကျအောင် တပ်ထဲဝင်သင့်တယ်လို့ ပြောခဲ့ပါ တယ်။ သူက ကျွန်တော့်စိတ်ကို အတွေးမများစေချင်ဘဲ အခြေတကျရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

အဲ့ဒီတုန်းက ၁၉၉၆ ပတ်ဝန်းကျင်ဆိုတော့ ဘာအလုပ်မှလည်း မယ်မယ်ရရ မရှိခဲ့ပါဘူး။ လန်ဒန်စီးကရက်စက်ရုံမှာလုပ်ဖို့တော့ ကျွန်တော်စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အဲ့ဒီမှာ အလုပ်ဝင်ပြီး စီးကရက်တွေ၊ ဆေးပြင်းလိပ်တွေ လုပ်နေကြပြီ။ အဲ့ဒီတုန်းက အဲ့ဒီစက်ရုံက အလုပ်လုပ်လို့ကောင်းတဲ့ ထိပ်ပိုင်းစက်ရုံတွေထဲမှာပါတယ်လေ၊ ယူနီဖောင်းသန့်သန့်နဲ့ လစာကောင်းကောင်းလည်း ပေးတယ်ဆိုတော့။ ကျွန်တော်သာ အဖေ့စကား နားမထောင်ခဲ့ဘူးဆိုရင် အဲ့ဒီစက်ရုံမှာဝင်လုပ်ပြီး တခြားဘဝပုံစံတစ်ခုနဲ့ နေနေလောက်ပြီ။ ကျွန်တော်စစ်တပ်က မထွက်ခင်မှာ ၁လ ၂၄၀,၀၀၀ ကျပ်နဲ့ လစာက အဆင်ပြေခဲ့ပါတယ်။ ကျွန်‌တော်က တာဝန်အများကြီးယူထားရတဲ့ ရုံးမန်နေဂျာပါ။ ဌာနတွေနဲ့ ဒေသဆိုင်ရာတွေ ကြားမှာ ညှိနှိုင်းမှုတွေအများကြီး လုပ်ခဲ့ရပါတယ်။ ကျွန်တော့်အထက်အရာရှိက ဗိုလ်မှူးကြီးပါ။ ဘဝက အမြဲတော့လွယ်မနေခဲ့ပေမယ့် ကျွန်တော်ကတော့ လေတပ်အရာ ရှိကောင်းတစ်ယောက်ဖြစ်အောင်နေခဲ့ပြီး နိုင်ထက်စီးနင်းလုပ်တာတွေ လည်း အများကြီးခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်တာ ၂၁ နှစ်ကြာပြီးနောက်မှာ‌တော့ ကျွန်တော့်ကို စစ်မှုထမ်းကောင်းဆုတံဆိပ် ချီးမြှင့်တာခံခဲ့ရပါတယ်။

ဒါပေမဲ့လည်းတပ်ထဲမှာတော့ မကောင်းတာတွေ အများကြီး ဖြစ်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲ လောလောလတ်လတ် ရှိနေသေးတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြပါ့မယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ ကျွန်တော့်တပ်စုက စစ်သားတချို့က မကွေးမှာရှိတဲ့ လေတပ်စခန်းရဲ့ စီစဉ်မှုနဲ့ အဲ့ဒီကိုသွားရတယ်။ တစ်ညလမ်းပေါ်မှာ သူတို့လုပ်စရာရှိတာတွေပြီးတဲ့အခါမှာ စစ်သားတစ်ယောက်က အရက်မူးပြီး အငြင်းအခုံဖြစ်ပါတယ်။ အဲ့ဒီတပ်သားက အာချောင်တယ်လို့နာမည်ရှိထားပြီး မူးတဲ့အခါ လူတွေကို စော်ကားမော်ကားလုပ်တတ်တဲ့အကျင့်ရှိတယ်။

အဲ့ဒီတစ်ခေါက်ကတော့ အဲ့ဒီမှာတာဝန်ယူထားတဲ့ အရာရှိက ကြိုးတုပ်ပြီး ရိုက်ပါတယ်။ ပထမဆုံး အဲ့ဒီအရာရှိကိုယ်တိုင် ဝင်ရိုက်ပြီးတော့ တခြားစစ်သားတွေကိုပါ ဝင်ရိုက်ဖို့ အမိန့်ပေးပါတယ်။ အဲ့ဒီတပ်သားရဲ့ ညို့သကျီးပေါ်ကို သစ်သားတုံးနဲ့ လှိမ့်တယ်။ သူ့အပေါ် ကျင်ငယ်စွန့်ကြတယ်။ ပြီးတော့ သူ့ကို သေတဲ့အထိ နှိပ်စက်လိုက်ကြပါတယ်။ ကျွန်တော် အဲ့ဒါတွေအကုန်သိနေတာ အမှုတွဲကို ဖတ်လိုက်ရလို့ပါ။ အဆိုးဆုံးက ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်‌ကျော်က နှိပ်စက်ခံရတာနဲ့ သေသွားတာက စစ်တပ်တာဝန်နဲ့ မဆိုင်ပါဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒါက ဘာကိုဆိုလိုလဲသိလား။ အသတ်ခံလိုက်ရတဲ့ သူ့ရဲမိသားစုက ဘာပင်စင်လစာမှမရဘူးလို့ ဆိုလိုတာပါ။ သူ့ရဲဘော်ရဲဘက်တွေရဲ့ နှိပ်စက်ခံ၊ ကျင်ငယ်အစွန့်ခံ၊ အသတ်ခံရတာ ဘာအတွက်လဲ။ အရက်မူးပြီး လျှောက်ဆဲလို့လား။ သူ့မှာလည်း မိန်းမနဲ့ ကလေးတွေနဲ့ဗျ။

ကျွန်တော် အဲ့ဒီအမှုတွဲကို မတော်တဆ ကြည့်ခွင့်ရခဲ့တာပါ။ ကိုယ်တိုင်သုံးလို့ရအောင် ဓာတ်ပုံရိုက်ထားခဲ့ပြီး နောက်ပိုင်းမှာ စစ်တပ်ထဲကနေ လူတွေထွက်လာနိုင်အောင် ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကို ပေးခဲ့ပါတယ်။ အဲ့ဒီအမှုတွဲကပဲ ကျွန်တော့်ကို ထုတ်ပြောရဲဖို့သတ္တိရအောင် ကူညီပေးခဲ့တာပါ။ စစ်သားတွေက နေ့ခင်းဖက်ဆို မကွေးကလမ်းမတွေပေါ်မှာ ဆန္ဒပြသမားတွေကို ပစ်သတ်ပြီး ညဆိုရင် စခန်းမှာ အချင်းချင်း ပြန်သတ်ကြတယ်။ ဒါက မတရားမှုပဲ၊ ရက်စက်ယုတ်မာတဲ့အပြုအမူတွေပဲ။ တစ်ရက်ပြီးတစ်ရက် လူတွေ ပိုပိုသေလာကြတယ်။ အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ထပ်ပြီး မသည်းခံနိုင်တော့ဘူး။ လေတပ်ထဲမှာနေရတာကြောင့် ရလာတဲ့ အရှက်တရားက ကျွန်တော့်စိတ်ထဲမှာ မခံနိုင်လောက်အောင်ကို လေးလံလာပါတယ်။

အခုစစ်တပ်က အရင်ကနဲ့ မတူတော့ဘူး။ ကျွန်တော့်အဖေတို့ စစ်သားခေတ်တုန်းကဆိုရင် သူတို့ယူနီဖောင်းဝတ်ရတာကို ဂုဏ်ယူနိုင်ကြတယ်ဗျ။ ကျွန်တော်တို့ရဲ့ လူ့အသိုက်အဝန်းကို ကာကွယ်တဲ့အတွက်ပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း တိုင်းပြည်တာဝန်ထမ်းဆောင်ရတဲ့အတွက် ဂုဏ်ယူခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်အရေးပါတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ၂၀၂၁ ရောက်တဲ့အခါမှာ အဲ့ဒါတွေအကုန် ရေစုန်မျောသွား‌တော့တာပဲ။ စစ်တပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်သင့်တာ။ စစ်သားတွေပြည်သူတွေကို ခေါင်းချိန်ပစ်နေတဲ့ ဗီဒီယိုတွေ ကျွန်တော်ကြည့်မိတော့ တော်တော်လေး တုန်လှုပ်သွားခဲ့ရပါတယ်။ ကျွန်တော့်အဖေကို ကျွန်တော် ဘယ်လိုခံစားနေရလဲဆိုတာကို ပြောပြဖြစ်ခဲ့တယ်။ သူကတော့ အာဏာသိမ်းတာကို သဘောတူတယ်တဲ့ဗျာ၊ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်သလဲ။

စစ်တပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံဖန်တီးပြီး စွပ်စွဲထားတဲ့ လာဘ်စားမှုတွေက အခြေအမြစ်လုံးဝမရှိဘူးဗျ။ ဒီအမျိုးသမီးက သူ့ရဲ့တိုင်းပြည်အတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ စတေးခဲ့တာ။ သူက အသက်ကြီးလှနေပြီ၊ ဘာလို့များ ငွေကြေးဥစ္စာနောက်ကို လိုက်မှာလဲ။ ဒါပေမဲ့ ကျွန်တော့်အဖေက သဘောမတူဘူးဗျ။ ကျွန်တော် သူ့ကို တည့်တည့်ပဲပြောခဲ့လိုက်တယ်။ “ကျွန်တော် ဒီလို တိရစ္ဆာန်တွေအတွက် ကျွန်တော့်အသက်ကို မပေးနိုင်ဘူး။ စစ်သားတွေက ပြည်သူကျွေးတဲ့ထမင်းကို စားနေရတာကြောင့် ပြည်သူတွေနဲ့အတူ ရပ်တည်သင့်တယ်” ဆိုပြီး။ အဲ့ဒါကြောင့် အဖေ့ရဲ့ထောက်ခံမှုမပါဘဲ ကျွန်တော် လေတပ်ကနေထွက်ခွာဖို့ အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။

ပြီးတော့ ကျွန်တော် သူ့ကို တပ်ထဲကထွက်ဖို့ အကြောင်းပြချက်အနေနဲ့ အသုံးချခဲ့တာ သူ မသိခဲ့ဘူး။ ကျွန်တော့်ရဲ့အထက်အရာရှိကို အဖေ အရမ်း‌ဖျားနေပြီး သူ့ကိုလည်း အိပ်မက်မက်လို့ ကျွန်တော် အရမ်းစိုးရိမ်နေတယ်လို့ပြောတော့ သူက အဖေ့ကိုသွားပြီး ကြည့်ရှုစောင့်ရှောက်ဖို့ခွင့်၁၀ ရက်ပေးခဲ့ပါတယ်။ ကျွန်တော် အဖေ့ဆီပြန်မသွားခဲ့ဘဲ တန်းထွက်လာခဲ့လိုက်တယ်။ ပုံမှန် အများသုံး ခရီးသွားလမ်းကြောင်းတွေက အရင်လိုမျိုး အလုပ်မလုပ်တော့ ခက်ခဲခဲ့ပေမယ့် ကျွန်တော့်ကို ကူညီတဲ့လူတွေရှိခဲ့ပြီး ပြည်သူ့စစ်သားအဖွဲ့ကလည်း ကျွန်တော့်ကို ငွေကြေးအထောက် အပံ့တွေ ပေးခဲ့ပါတယ်။ ကျွန်တော့်တပ်ရင်းကနေ လွတ်မြောက်နယ် မြေအထိရောက်ဖို့ လက်လှမ်းမီသမျှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို သုံးပြုခဲ့ပါတယ်။ ဘတ်စ်ကားတွေ၊ ဆိုင်ကယ်တွေ၊ စင်းလုံးငှားကားတွေ အကုန်လှည့်စီးခဲ့ရပြီး အားလုံးပေါင်း ၂၄ နာရီကျော် ကြာခဲ့ပါတယ်။

ကျွန်တော်က တစ်ကိုယ်ရည်သမားမို့လို့ ထွက်လာနိုင်ခဲ့တာပါ။ မိန်းမတို့ ကလေးတို့ရှိရင် ဘယ်လိုလုပ်ရမလဲ မတွေးဝံ့ဘူး။ အခု ကျွန်တော်လွတ်လပ်ပြီဆိုတော့ ဆံပင်ရှည်ထား၊ မုတ်ဆိတ်မွေးထားပြီး တက်တူးတွေထိုးချင်တယ်။ Axl Rose နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးချင်တယ်။ CDM တွေ နေတဲ့‌နေရာရောက်တော့ ကျွန်တော် ပထမဆုံးလုပ်ဖြစ်တာက ကျွန်တော့်အကြိုက်ဆုံး Metallica ၊​ Guns ‘n’ Roses ၊ AC/DC တို့ရဲ့ မက်တယ်သီချင်းတွေ အကုန်ဒေါင်းလုတ်ဆွဲတာပါ ပဲ။

တော်လှန်ရေးပြီးသွားတဲ့အခါ ကျွန်တော်ကြိုက်တဲ့သီချင်းတွေကို နားထောင်ရင်း မြန်မာတစ်နိုင်ငံလုံးကို ဘုန်းကြီးတစ်ပါးလို လှည့်ပတ်သွားနေချင်တယ်။ အချိန်တော်တော်ကြီးကြာမှ ပထမဆုံး အကြိမ် ကျွန်တော့်မှာ လွတ်လပ်မှုရှိသလို ခံစားရပါတယ်။ ဒီလွတ်မြောက်နယ်မြေမှာနေရတာ ကျွန်တော် ဘာမှလိမ်စရာမလိုဘူး။

ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော်လိမ်ပြောခဲ့ရတာတွေကို ဘယ်တုန်းကမှ သဘောမကျခဲ့ပါဘူး။

မှတ်ချက်

၂၀၂၂ မတ်လ ၁၂ ရက်နေ့တွင် ကိုမိုးညို၏ ရုပ်အလောင်းကို ၎င်းပုန်းခို နေထိုင်နေရာကျေးရွာအနီးရှိ သောင်ရင်းမြစ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ပါ သည်။ မတ်လ ၁၁ ရက်နေ့တွင် ကိုမိုးညိုမှာ စိတ်လက်မကြည်သာပုံပေါ် နေခဲ့သည်။ တစ်နေကုန် ဘာမှမစားသဖြင့် စိုးရိမ်သောကြောင့် မေးမြန်းသူများကိုလည်း သူနေထိုင် မကောင်းဟုသာ ပြောသည်။ ထိုနေ့နှောင်းပိုင်း၌ သူ့ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများမှာ မြစ်ကမ်းနံဘေးတွင်ရှိနေကြောင်း တစ်စုံတစ်ယောက်က သတိထားမိခဲ့ပါသည်။ ကိုမိုးညိုမှာ မြစ်ထဲတွင် ရေဆင်းချိုးလေ့မရှိသလောက်ပင်ဖြစ်ပြီး တစ်ဦးတည်းဆင်းချိုးဖို့ ဆိုလျှင် ပို၍ပင်မဖြစ်နိုင်ပါ။ မိတ်ဆွေတချို့က သူ့ကို ချက်ချင်းပင် ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ဘဲ နောက်နေ့ မြစ်စောင့်နတ်များထံ ဆုတောင်းပြီးမှသာလျှင် သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး တွေ့ရှိချိန်၌ ပါးစပ်နှင့် နှာခေါင်းထဲတွင် သဲများပြည့်နေခဲ့ပါသည်။ သူ့ကို ရှေးဦးသူနာပြုနည်းဖြင့် ကယ်ဆယ်ရန်ကြိုးစားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ရှိချိန်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း ဆေးရုံမှ အတည်ပြုပေးခဲ့ပါသည်။ ကိုမိုးညိုအား ဖြူစင်သောအပြုံးနှင့် ကြင်နာတတ်သူတစ်ဦးအဖြစ် သူနားခိုပုန်း အောင်းခဲ့ရာ နေရာမှ အမှတ်တရရှိနေကြပါသည်။ သူသည် လူအများလေးစားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါသည်။