မိုးဇက်

Click here for the English language version of this article.

Cite as: 
မိုးဇက်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3574

ကျွန်တော့်နာမည် မိုးဇက်ပါ။ ငယ်ငယ်တုန်းက ကျွန်တော်တို့မိသားစုပိုင် လယ်ယာအလုပ်မှာ အဖေနဲ့ ပြဿနာတချို့ ဖြစ်ခဲ့ဖူးပါတယ်။ ကောက်ရိတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ကို ကူညီဖို့ကြိုးစားတဲ့အခါမျိုးမှာ သူက စိတ်မရှည်ဘူး။ ကျွန်တော် သူ့ကို တော်တော်လေး စိတ်နာခဲ့တယ်။ ကျွန်တော့်အားလပ်ချိန်မှာ အက်ရှင်ကားတွေ၊ စစ်ကားတွေ အကြည့်များခဲ့ပါတယ်။ အဲ့ဒီလိုဇာတ်ကားတွေကို ကြိုက်တာကြောင့်ရော၊ အဖေ့ကို စိတ်နာတာကြောင့်ရော စစ်တပ်ထဲဝင်ဖို့ဖြစ်လာခဲ့ပြီး လေတပ်မှာ တပ်ကြပ်ရာထူးနဲ့ စာရေးဖြစ်လာခဲ့ပါတယ်။ ကျွန်‌တော် ဇန်နဝါရီ ၂၀၁၄ မှာ ဝင်ခဲ့တာဆိုတော့ ထွက်တဲ့အချိန်အထိဆိုရင် လေတပ်ထဲမှာ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် တပ်ထဲဝင်ကာစတုန်းက စစ်တပ်ဆိုတာဘာလဲ သေချာနားမလည်ခဲ့ ပေမယ့် အခုတော့ သိသွားပါပြီ။

စစ်သားတွေရဲ့အခွင့်အရေးတွေနဲ့ အပြုအမူတွေအကြောင်းကို အဓိကထား ပြောခွင့်ပြုပါ။ ကျွန်တော် တပ်ထဲမှာ အချိန်ကာလတစ်ခုထိ အနေပျော်ခဲ့ပေမယ့် စစ်တပ်မှာ ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အဲ့ဒီလိုပြဿနာတွေကို ကျွန်တော်ကိုယ်တိုင်လည်း ခံစားခဲ့ရသလို စာ‌ရေးတစ်ယောက်အနေနဲ့လည်း အလုပ်မှာ တွေ့ခဲ့ရပါတယ်။ ဖြစ်နေတဲ့ပြဿနာတွေက ဘာမှသိပ်မဟုတ်တာလေးတွေ။ ဂျူနီယာတွေရဲ့ လေ့ကျင့်ရေးအတွက် ထောက်ပံ့ပေးရမယ့် ပိုက်ဆံတွေကို စီနီယာတွေက ယူလိုက်တာမျိုးပေါ့။ ကျွန်တော် တခြားဥပမာတွေ ထပ်ပေးပါရစေ။

ကျွန်‌တော့်ရဲ့တာဝန်တွေထဲက တစ်ခုက စစ်သားတွေရဲ့ ပင်စင်စာရွက်စာတမ်းတွေကို စိစစ်ပြီး အတည်ပြုပေးဖို့ ဗိုလ်ချုပ်ဆီ တင်ပေးရတာပါ။ တစ်ခါတလေ နှစ်ပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်လာတဲ့ စစ်သားကောင်းတွေတောင် သူတို့ရဲ့ပင်စင် အတွက် အငြင်းခံရတတ်ပါတယ်။ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ စစ်သားတွေ တပ်ကထွက်တဲ့အပေါ် ပြောဆိုတာတွေက သိမ်ဖျဉ်းလွန်းတယ်။ ဥပမာ-ခြေလက်တွေမရှိတော့တဲ့ ဒဏ်ရာရဒုက္ခိတဖြစ်ကုန်တဲ့ စစ်ပြန်တွေကို စော်ကားဆက်ဆံခဲ့တယ်။ အဲ့ဒီလူတွေက တစ်ခါတလေ စစ်တပ်ကထွက်ပြီးရင် သတင်းစာလိုမျိုးပစ္စည်းတွေရောင်းပြီး ပိုက်ဆံရှာကြရတယ်။ ဗိုလ်ချုပ်က စစ်ပြန်တွေဟာ အဲ့ဒီလိုတွေလုပ်နေတာက စစ်တပ်ကို သိက္ခာကျအောင်လုပ်နေတာလို့ ပြောခဲ့တယ်။ သူက ကျက်သရေကို မရှိပါဘူး။ သူ အဲ့ဒီလိုတွေပြောနေတဲ့လူတွေက ဒဏ်ရာရခဲ့တဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေပါ။

ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံအရဆိုရင် ကျွန်တော့်မှာ ကျန်းမာရေးပြဿနာ အသေးလေးတစ်ခုရှိပေမယ့် ကျွန်တော်က ရာထူးနိမ့်တဲ့ အရာရှိတစ်ယောက်ဖြစ်နေတဲ့အတွက် တော်တော်လေး ခံစားခဲ့ရပါတယ်။ ကျွန်တော့်အံသွားတွေက ချော်ထွက်နေပြီး အဲ့ဒီသွားတွေကြောင့် တော်တော်လေးခံစားခဲ့ရတယ်။ တပ်ထဲကလိုင်းခန်းမှာ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ချက်စားရတော့ တစ်ယောက်ယောက်က ညှော်ပါတဲ့ဟာ ဒါမှမဟုတ် အစားကောင်း အသောက်ကောင်း တစ်ခုခုချက်လိုက်တဲ့နေ့တိုင်း ကျွန်တော့်ပါးစပ်က ယောင်ကိုင်းပြီး နာလာတော့တာပါပဲ။ ပဲနို့နဲ့ ပေါင်မုန့်အပျော့အကြေလေးတွေပဲ ကျွန်တော်စားလို့ရပါတယ်။

အဲ့ဒီအချိန်မှာ ကိုဗစ်-၁၉ က စနေပြီမို့ ကျွန်တော်တို့က အရပ်သားဆေးရုံသွားတက်ခွင့်မရှိဘဲ စစ်ဆေးရုံပဲ တက်ခွင့်ရှိပါတယ်။ ကျွန်တော် နေပြည်တော်က စစ်ဆေးရုံတစ်ခုကိုသွားတဲ့အခါ နွေးနွေးထွေးထွေး ဆက်ဆံခံရမယ်လို့ထင်ခဲ့ပေမယ့် အဲ့ဒီကဝန်ထမ်းရဲ့ လျစ်လျှူရှုမှုတွေကြောင့် အံ့သြခဲ့ရတယ်။ သူတို့က ကျွန်တော့်ကို ရက်တော်တော်ခွာပြီး ပြန်ချိန်းတော့ စခန်းကနေ ထွက်ပြီး ပြန်လာဖို့မလွယ်တာကြောင့် နောက်တစ်ခေါက်အခွင့်အရေးရတဲ့အချိန် မှာ ရန်ကုန်က နောက်ဆေးရုံတစ်ခုကို သွားခဲ့ပါတယ်။ သူတို့လည်း နေပြည်တော်ကလိုပဲ နောက်တစ်လထဲမှာ ရက်ချိန်းပေးရုံပဲ တတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီသွားတွေလည်း ဘယ်တော့မှ မနုတ်ခဲ့ရပါဘူး။

ကျွန်တော်တို့အတွက် သူတို့ ဘာမှကိုဂရုမစိုက်တာ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က မြို့ထဲ တင့်ကားတွေ ပတ်မောင်းနေတဲ့အကြောင်း ဖေ့စ်ဘွတ်ပေါ်မှာ ပို့စ်တချို့ ကျွန်တော်တင်ခဲ့ပါတယ်။ တကယ်ကြီးလား။ အဲ့ဒီလောက်ထိလိုအပ်လို့လားဗျာ။ အဲ့ဒီနောက်ပိုင်း သူတို့ ဆန္ဒပြသူတွေကို စပြီး ပစ်ကြတော့တာပဲ။ ကျွန်တော့်အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်က တပ်ရင်းတစ်ခုကနေ တစ်ခုကြား စာစောင်တွေ၊ သတင်းအချက်အလက်တွေ ပို့ပေးရတော့ အရေးကြီး စာရွက်စာတမ်းတွေနဲ့ အပြင်ကို ထွက်ရပါတယ်။ ကျွန်တော် စစ်တပ်ယူနီဖောင်းဝတ်ပြီး စစ်တပ်ကားစီးရတာကို ရှက်သလို ခံစားခဲ့ရတယ်။ စစ်သားတစ်ယောက်အနေနဲ့ အပြင်ထွက်ရတာကို ကျွန်တော်ဂုဏ်ယူခဲ့ဖူးပေမယ့် အခုတော့ မလုံမခြုံခံစားရပြီး ဒွိဟဖြစ်ခဲ့ရတယ်။ အရပ်သားတွေကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲခဲ့ဘူး။

စစ်တပ်ထဲကသူငယ်ချင်းတစ်ယောက်က သူက CDM လုပ်မယ်ပြောပြီး ကျွန်တော့်ကိုရော ပါချင်လားလို့ မေးခဲ့ပါတယ်။ ကျွန်တော့်ကို အဲ့ဒီလိုမေးတာ အရမ်းအန္တရာယ်များတယ်။ ကျွန်တော်ထင်တာကတော့ သူ ကျွန်တော့်ရဲ့ဖေ့စ်ဘွတ်ပို့စ်တွေ မြင်သွားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်မိဘတွေကို ပြောပြခဲ့တော့ သူတို့က စိုးရိမ်ပြီး ခဏစောင့်ကြည့်သင့်တယ်လို့ ပြောကြတယ်။ ကျွန်တော့်သူငယ်ချင်းက ထွက်ဖို့ ဧပြီလကတည်းက မေးခဲ့ပေမယ့် ကျွန်တော်တို့ ၃ လ အကြာ ဇူလိုင်လထဲမှာမှ ထွက်လာနိုင်ခဲ့ကြပါတယ်။ ခရီး စဉ် တစ်ခုလုံးက တော်တော်လေး ရှည်ပြီး အန္တရာယ်များပေမယ့် ကြင်နာတတ်တဲ့၊ သဘောကောင်းတဲ့ အရပ်သားပြည်သူတွေက ကျွန်တော်တို့ကို တောက်လျှောက် ကူညီခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ နောက်ဆုံး ကျွန်တော်တို့ စစ်တပ်ထိန်းချုပ်မှုအပြင်ဘက်က လွတ်မြောက်နယ်မြေကို ‌ရောက်လာခဲ့ပါတယ်။

အခုတော့ ကျွန်တော် လွတ်လပ်ပြီမို့ ထပ်ရောက်လာမယ့်လူတွေအတွက် အသင့်ဖြစ်ဖို့ အမိုးအကာတို့ဘာတို့ ဆောက်တာတွေ လုပ်ပေးနေပါတယ်။ CDM လုပ်ချင်တဲ့လူတွေကို ကူညီပေးနိုင်ဖို့ ကျွန်တော် ဆိုရှယ်မီဒီယာပေါ်မှာလည်း ရှိပါတယ်။ အထဲမှာရှိနေသေးတဲ့ စစ်သားတွေအတွက် အခုချိန်ထိ ခက်ခဲနေတုန်းပါ။ ကျွန်တော်ပြောခဲ့သလိုပဲ သူတို့မှာ သူတို့ရဲ့အခွင့်အရေး အပြည့်အဝမရကြဘူး။ တစ်ဖက်မှာလည်း ကျောရိုးမဲ့အလိုတော်ရိတွေ လည်း အများကြီးရှိနေပါတယ်။ ပိုက်ဆံလွယ်လွယ်ရဖို့ အတွက်တစ်ခုတည်းနဲ့ စစ်တပ်ထဲမှာနေနေတဲ့ စစ်သားတွေ အများကြီးပါ။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် မှားနေမှန်းသိနိုင်ပေမယ့်လည်း စစ်တပ်အတွက်ဆိုရင် ပြည်သူတွေကို ပျော်ပျော်ကြီးသတ်ပေးမယ့်လူတွေလည်း ရှိနေပြန်ပါတယ်။ အဲ့ဒီလိုသတ်ဖြတ်ရတာက သူတို့ကို စိတ်ကျေနပ်မှုပေးနိုင်တာလား။ ပြည်သူတွေက စစ်သားတွေကိုကြောက်တာမျိုး သူတို့က လိုချင်တာလား။

အဲ့ဒီလိုမျိုး လူအများကြီးကို ကျွန်တော်သိခဲ့ရပါတယ်။ စစ်တပ်ထဲမှာ အဲ့ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့လူတွေ မရှိသင့်ပါဘူး။ နောက်မျိုးဆက်ကတော့ အဲ့ဒီလိုမျိုး မဖြစ်သင့်ပါဘူး။