မာစတာဘလက်ခ်

Click here for the English language version of this article.

Cite as: 
မာစတာဘလက်ခ်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3581

ကျွန်တော့်နာမည်က မာစတာဘလက်ခ်လို့ ခေါ်ပါတယ်။ အသက် ကတော့ ၃၀ ပါ။ ကျွန်တော်က စစ်တပ်ထဲမှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲ့ဒီမတိုင်ခင်ကတော့ ကားမောင်းပါတယ်။ ပြည်သူ အားလုံးကို အထူးသဖြင့် တပ်မတော်ထဲကလူအားလုံးကို စိတ်အားမငယ်ကြဖို့ ပြောချင်ပါတယ်။ အချိန်မှန်မရောက်သေးခင် အထိ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။ ကျွန်တော်တို့လို လူပေါင်းများစွာက စစ်တပ်နဲ့ဝေးရာမှာ ခင်ဗျားတို့ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းဖို့ကို စောင့်နေကြပါတယ်။

ခင်ဗျားတို့အနေနဲ့ စစ်တပ်တန်းလျားတွေကနေ ထွက်ခွာလိုက်ရင် မိသားစုတွေ၊ က‌လေးတွေအတွက် မကောင်းနိုင်ဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ထောင်ချခံရနိုင်တယ်၊ တရားစွဲခံရနိုင်တယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ တကယ်ကြိုးစားမယ်ဆိုရင် အပြင်ကိုရောက်အောင် ထွက်လာလို့ရပါတယ်။ အမြဲတမ်း မှတ်ထားဖို့က စစ်တပ်က ခင်ဗျားတို့ကို အမှန်တိုင်းပြောနေတာ မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာကို ကိုယ်တိုင်ရှာဖွေလေ့လာပြီး တွေးကြည့်ပါ။ သူတို့ ကျွန်ပြုထားတာကို မခံပါနဲ့။

ကျွန်‌တော်ကိုယ်တိုင်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ ဂရုတစိုက် အစီအစဉ်ဆွဲခဲ့ကြပြီး ထွက်လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်မိသားစုဝင်တွေဖြစ်တဲ့ အဖေနဲ့ အစ်ကိုနဲ့က တပ်ထဲမှာရှိတုန်းပါပဲ။ သူတို့ကိုမတိုင်ပင်ဘဲ ကျွန်တော် ထွက်လာခဲ့တာပါ။ အဲ့ဒီလိုလုပ်လိုက်တော့ စစ်တပ်က သူတို့ကို အပြစ်ပေးနိုင်ချေနည်းသွားတာကြောင့် သူတို့အတွက် ပိုကောင်းပါတယ်။ သူတို့မသိရင် သူတို့ ဒုက္ခရောက်မှာ မဟုတ်တော့ဘူးပေါ့။ တစ်ခါတလေ ဖေ့စ်ဘွတ်ပေါ်မှာ ကျွန်တော့်အစ်ကိုနဲ့ စကားပြောဖြစ်တဲ့အခါ သူပြောတာက ကျွန်တော့် ဆုံးဖြတ်ချက်ကြောင့် ဘယ်မိသားစုဝင်မှ ဆိုးကျိုးခံစားခဲ့ရတာမျိုး မရှိပါဘူးတဲ့။

ကျွန်တော် အခုဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ်ဆိုတာ သိပါပြီ။ ရုံးပိုင်းဆိုင်ရာ အလုပ်သာအများစုလုပ်ရတဲ့ အမှတ် ၄၅ ရေတပ်စက်မှုတပ်ရင်းကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့နဲ့ ဖမ်းဆီးဖို့ဖွဲ့ထားတဲ့ ထားဝယ်က တိုက်ခိုက်ရေးတပ်ဖွဲ့ဆီ ကျွန်တော့်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေကိုတိုက်ခိုက်ဖို့ ကျွန်တော့်ကို ၂ လကြာအောင် စေလွှတ်ထားခြင်းခံခဲ့ရပါတယ်။ တစ်ခါတလေ ဆန္ဒပြတာတွေ အရှိန်မြှင့်လာတာကို ကြားရတဲ့အချိန်မျိုးမှာ စေလွှတ်ခြင်းခံရသလို၊ သတင်းပေးဆီကနေရတဲ့ ဖြစ်လာမယ့် သို့မဟုတ် လက်ရှိဖြစ်နေတဲ့ ဆန္ဒပြပွဲတွေဆီသွားရတာမျိုးလည်း ရှိပါတယ်။

ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တုတ်တွေ၊ လေးခွတွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ရှော့ဂန်းသေနတ်တွေနဲ့ ကျည်အစစ်တွေကို ယူသွားကြပါတယ်။ ကျွန်တော့်ရဲ့ စစ်တပ်ဖက်နဲ့ ရဲဖက်က လုပ်ဖော်ကိုင်ဖက်တွေက ပြည်သူတွေကို ရိုက်နှက်နေတာမျိုးတွေ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပါတယ်။ ပြည်သူတွေကို သံတုတ်တွေ၊ ဝါးရင်းတုတ်တွေနဲ့ ရိုက်တာတွေအပြင် တခြားရာဇဝတ်မှုအများကြီးကိုလည်း မျက်မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ကိုလည်း ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးထားခဲ့ပေမယ့် ကျွန်တော်မလုပ်ခဲ့ပါဘူး။ အကြမ်းဖက်မှုတွေနဲ့ဝေးရာ ကျွန်တော်တို့ရဲ့ကားတွေနားပဲနေပြီး ကားလုံခြုံ‌ရေးယူပေးမယ်လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမိန့်မနာခံမှုနဲ့ အပြစ်တင်ခံခဲ့ရပြီး ကျွန်တော့်အရင်အလုပ်ဟောင်းကို ပြန်ပို့ခံခဲ့ရတယ်။ ဆန္ဒပြသူတွေကို တိုက်ခိုက်ရင်း အလုပ်များနေခဲ့တဲ့ အဲ့ဒီအချိန်အတောအတွင်းမှာ စစ်တပ်နဲ့ ရဲတပ်သားတော်တော်များများ ဟာ အိပ်ရေးပျက်တာတွေနဲ့ အစားအသောက်မမှန်တာတွေကြောင့် အားအင်ချိ့နဲ့လာပြီး တော်တော်များများ ဆေးရုံတက်ခဲ့ကြရပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်တော် ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော့်မိသားစုဟာ မျိုးရိုးစဉ်ဆက် စစ်တပ်မိသားစုဖြစ်သလို ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက စစ်သားတွေကို သဘောကျခဲ့ပါတယ်။ ကျွန်တော်က စစ်တပ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ လူမျိုးကို ကာကွယ်တယ်လို့ ထင်ခဲ့တာပါ။ ကျွန်တော်တပ်ထဲဝင်တော့ ကျွန်တော့်အဖေကို တပ်ကနေ ပိုက်ဆံအများကြီး ပေးခဲ့ပေမယ့် အဖေက မယူခဲ့ပါဘူး။ အသက်ပေါ်မူတည်ပြီး စုဆောင်းခံရသူရဲ့ မိသားစုကို ပိုက်ဆံပေးတာသိတယ်မဟုတ်လား။ စစ်တပ်ကို ၈ တန်းအောင်နဲ့ဝင်ရင် မိသားစုက ၈ သိန်းရပြီး ၉ တန်းအောင်နဲ့ဝင်ရင် ၉ သိန်း ရတယ်။ ဒါပေမဲ့ ကျွန်တော် တပ်ထဲကိုဝင်ချင်ခဲ့တာက တခြားအကြောင်းပြချက်တွေကြောင့်ပါ။ ကျွန်တော့်အဖေက ကျွန်တော် တပ်ထဲဝင်လို့ အဖေ့ကို ပိုက်ဆံလာပေးတဲ့ အရာရှိကို “လုပ်ချင်တာသာ လုပ်လိုက်ပါဆရာ” လို့ ပြောပြီး ထွက်သွားပါတယ်။ ဆန္ဒပြမှုတွေကိုချေမှုန်းပြီး အပြစ်တင်ခံရပြီးနောက်ပိုင်းမှာတော့ ဘယ်ဟာကမှန်ပြီး ဘယ်ဟာကမှားတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်။

တပ်ရင်းအခြေစိုက်စခန်းကနေ သူငယ်ချင်းတစ်ယောက်နဲ့ အောက်တိုဘာမှာ ထွက်လာခဲ့ပြီး ကျွန်တော်တို့ အဲ့ဒီည တစ်ညလုံး လမ်းလျှောက်ခဲ့ကြတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေရှိပေမယ့် ကျွန်တော်တို့အလုပ်သမားတွေ ပုံစံရုပ်ဖျက်ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။ တောတောင်ထဲ လမ်းလျှောက်ရတာတွေကြောင့် ကျွန်တော့်မျက်လုံးတစ်လုံးမှာ ဒဏ်ရာတစ်ခုရခဲ့ပြီး ဖိနပ်တွေလည်း ပျက်စီးကုန်တယ်။ ကျွန်တော်တို့ လမ်းမတစ်ခုပေါ်ကို ပြန်ရောက်လာပြီး ကုန်တင်ကားတစ်စီးပေါ်ကို တက်လိုက်နိုင်တဲ့အခါမှာတော့ ကားဆရာက ကျွန်တော်တို့ကို ကူညီပေးခဲ့တယ်။ အဲ့ဒီကားဆရာက “ငါ့ကို ဆရာလို့ခေါ်၊ မင်းတို့ ငါ့ရဲ့ လမ်းဆောက်လုပ်ရေးအလုပ်သမားအဖွဲ့ထဲကလူတွေလို့ ဟန်ဆောင် ထားလို့ရတယ်” လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်တို့ ကရင်ပြည်နယ်အထိ ရောက်လာခဲ့ပါတယ်။ ကျွန်တော်ဆို စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့လို့ မှတ်ပုံတင်တောင် ပါမလာခဲ့ဘူး။

အခု ကျွန်တော်လုံခြုံသွားပါပြီ။ အာဏာမသိမ်းခင်ကနဲ့ သိမ်းပြီး နောက်ပိုင်းအကြောင်းတွေကို ပြန်စဉ်းစားဖြစ်ပါတယ်။ အာဏာ သိမ်းပြီးကတည်းက သတင်းအမှန်တွေက တပ်မတော်ထဲမှာ လုံးဝ အမှောင်ချထားခံခဲ့ရပါတယ်။ အဲ့ဒီအစား စစ်တပ်က ညတိုင်းလွှင့်တဲ့ သတင်းတွေကို ကြည့်ခဲ့ရပြီး စကိုင်းနက်(Skynet) ပဲ ကြည့်ခွင့်ရှိခဲ့တယ်။ ကျွန်တော်တို့ဖုန်းတွေတင်မကဘဲ မိသားစုဝင်တွေရဲ့ ဖုန်းတွေပါ စောင့်ကြည့်ခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အရာရှိတွေက စစ်သားတွေရဲ့ မှတ်ပုံတင်ကတ်တွေကို ယူပြီး သိမ်းထားကြတယ်။ အာဏာမသိမ်းခင်က စစ်တပ်ထဲကဗိုလ်ချုပ်တွေကို ကျွန်တော် လေးစားခဲ့ပေမယ့် အခုတော့ သူတို့က လူလိမ်တွေပဲဆိုတာ ကျွန်တော်သိသွားပါပြီ။ လူမှုကွန်ယက်ပေါ်မှာ အကောင့်တုတွေဖွင့်ပြီး ဝါဒဖြန့်တာကိုလည်း အဲ့ဒီလိုပဲ လိမ်ညာလုပ်နေကြပါတယ်။

သူတို့ အဲ့ဒီလိုလုပ်ရတာက ဒီအာဏာကို သူတို့ မတရားယူထားတယ်ဆိုတာ သိနေလို့ပါပဲ။ သူတို့က မဲတွေနဲ့ အနိုင်မရနိုင်တဲ့အခါ လူတွေရဲ့စိတ်ကို လှည့်စားကြတော့တာပါပဲ။ ၂၀၂၀ ​ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ပါတီက မဲခိုးခဲ့ပေမယ့် ခွက်ခွက်လန် ရှုံးခဲ့တယ်။ လူတွေ မဲ ၂ ခါ ထည့်နေတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့မဲကိုပြောင်းဖို့လည်း ဖိအားပေးခံခဲ့ရပြီး တခြားလူ တော်တော်များများလည်း ကျွန်တော့်လိုပဲ ခံခဲ့ရပါတယ်။ ကျွန်တော်သာ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့မှာပါ။ သူတို့မှာ အုပ်ချုပ်‌ရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိခဲ့ပါတယ်။ သူတို့မှာ အာဏာရှိစဉ်က အာဏာကို ဦးစားမပေးခဲ့ဘူး။ အဲ့ဒါကို ကျွန်တော်က သဘောကျတာ။

အာဏာသိမ်းမှုမတိုင်ခင်က လူတွေ အခုလိုမျိုး အရိုက်ခံကြရတာမျိုး မရှိခဲ့ပါဘူး။ ပြည်သူတွေရော၊ တပ်သားတွေရောပေါ့။ စစ်တပ်အနေနဲ့ ကျွန်တော်တို့က တခြားအရပ်သားအုပ်ချုပ်ရေးကို ထောက်ခံမှာစိုးတဲ့အတွက် အလျှော့ပေးခဲ့ရပါတယ်။ အရင်ကဆို တာဝန်ခံမှုတချို့ ရှိခဲ့တယ်။ အားလုံးကို အွန်လိုင်းပေါ်တင်နိုင်ပြီး အစိုးရကနေ လူတွေကို တရားစွဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက လုံးဝ ကြမ်းတမ်းလာခဲ့တယ်။ လူတိုင်း အရိုက်ခံနေရပြီး အဲ့ဒီထက် ဆိုးတာတွေလည်း ခံစားနေကြရပါတယ်။

အဲ့ဒီလုပ်ရပ်တွေက တော်တော်မှားတယ်။