Click here for the English language version of this article.
Cite as: နွေဦး၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3471

ကျွန်မနာမည် နွေဦးပါ။ ကျွန်မရဲ့ ခင်ပွန်းလောင်းက CDM မဝင်ခင် တပ်မ ၆၆၊ ခြေမြန်တပ်ရင်း ၅ မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်မဆို သူ CDM မလုပ်ရင် သူ့ကို လက်မထပ်နိုင်ဘူးလို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်။ အဲ့ဒီအကြောင်း နောက်ပိုင်းမှပြောပါမယ်။ ကျွန်မအကြောင်းပြောရရင် ကျွန်မက တခြားစစ်သားတွေရဲ့ ဇနီးတွေလိုမျိုး စစ်တပ်ထဲမှာ လုံးဝလိုက်မနေဖူးဘူး။ ကျွန်မက ဖုန်းကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူး အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်တဲ့အချိန်မှာ ကျွန်မက အပြင်က ပြည်သူတွေကြားမှာနေနေပြီး ကျွန်မအမျိုးသားဖြစ်လာမယ့်သူက စစ်တပ်စခန်းထဲမှာ ပိတ်မိနေခဲ့တော့ ကျွန်မတို့အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်မတို့ရတဲ့ သတင်းအချက်အလက်တွေကလည်း မတူခဲ့ဘူး။
ကျွန်မက ဆန္ဒပြသူတွေကို ပစ်သတ်တာတွေနဲ့ ဖိနှိပ်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေအကုန်လုံးက စိတ်မကောင်းစရာချည်းပါပဲ။ ကျွန်မတို့ ဒီမိုကရေစီရခဲ့တာ ဘာမှတောင်မကြာသေးဘူး။ အဲ့ဒီ ဒီမိုကရေစီတောင်မှ စစ်တပ်ကပါဝင်ပတ်သက်နေသေးတဲ့ အရပ်သားတစ်ပိုင်း ဒီမိုကရေစီပါ။ ကျွန်မတို့ ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရခဲ့တယ်။ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်က တောက်ပပြီး စီးပွားရေးတိုးတက် လာမယ်လို့ ထင်ထားခဲ့တာပါ။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အများကြီးနဲ့ပေါ့။ ဒီစစ်တပ်ရဲ့အုပ်ချုပ်မှု အောက်မှာဆိုရင် ဘယ်လိုနည်းနဲ့မှ ကောင်းတဲ့အနာဂတ်ရှိမလာနိုင်ဘူး။ အခုပဲကြည့်လေ ဘာတွေဖြစ်နေပြီလဲ ဆိုတာ။ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာတာတောင်မှ ကလေးတွေ ကျောင်းပြန် မတက်နိုင်ကြသေးဘူး။ အကုန်အလကားဖြစ်ကုန်တာ။
အာဏာသိမ်းမှုအောက်မှာဆိုလည်း စစ်တပ်က ထိပ်ပိုင်းလူတွေပဲ အကျိုးရှိတာ။ သာမန်လူတန်းစားတွေနဲ့ ရာထူးနိမ့်တဲ့စစ်သားတွေ အတွက် ဘာကောင်းကျိုးမှမရှိဘူး။ စစ်သားတစ်ယောက် တိုက်ပွဲမှာကျရင် စစ်တပ်က သူ့မိသားစုကို စောင့်ရှောက်မယ် ပြောပေမယ့် တကယ်လုပ်တာက ခပ်ရှားရှား။ ဒဏ်ရာရ ဒုက္ခိတစစ်ပြန်တွေမှ အများကြီး။ စာအုပ်ရောင်းလိုက်၊ တခြားလက်လုပ်လက်စားအလုပ်လေးတွေ လုပ်လိုက်နဲ့ ဝမ်းစာရှာ နေရတာတွေ များလွန်းလို့ ရေတောင်ရေနိုင်မယ်မထင်ဘူး။ အောက်ခြေစစ်သားတွေကသာ စစ်မြေပြင်မှာသေဖို့ အပို့ခံရပြီး အထက်ပိုင်းကလူတွေက အလောင်းပြန်ကောက်ဖို့တောင်မှ မစဉ်းစားပေးကြဘူး။ သူတို့တွေ ခေါင်းကိချိန်ပြီး ပစ်သတ်ထားတဲ့ ပြည်သူတွေရဲ့အလောင်းကိုလည်း လိုအပ်မှသာ ရွှေ့ကြတာ။
ကျွန်မက စစ်တပ်ထဲ တစ်ခါမှလိုက်မနေဖူးပေမယ့် အဲ့ဒီထဲမှာဘာတွေ ဖြစ်လေ့ရှိလဲဆိုတာကိုတော့ အနည်းအကျဉ်းသိ ပါတယ်။ ကိုယ်က ရာထူးနိမ့်စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်နေရင် ရာထူးကြီးအရာရှိဇနီးခိုင်းသမျှ အကုန်လုပ်ရပါတယ်။ အဲ့ဒီ အမျိုးသမီးတွေထက် ပိုသာတဲ့အဝတ်အစားတွေဝတ်လို့မရသလို သူတို့ထက် ပိုသာတဲ့ပုံစံလည်း နေလို့မရပါဘူး။ စစ်သားတစ်ယောက်ရဲ့ ဇနီးအနေနဲ့ စစ်တပ်ထဲက အာဏာရှိတဲ့လူတွေခိုင်းတာအကုန် ဘာလစာမှမရဘဲ လုပ်ပေးရတယ်။ ရှင်က သူတို့အတွက်တော့ မမျှော်လင့်ထားဘဲရလိုက်တဲ့ လက်ဆောင်လိုပဲ၊ ကျွန်ဝယ်ရာ အဆစ်ပါသလိုမျိုးပေါ့။
တစ်ယောက်စာပေးပြီး နှစ်ယောက်ရတာ။ အာဏာမသိမ်းခင်က ကျွန်မတို့စစ်တပ်က သာမန်စစ်သားတွေအတွက် အကျိုးခံစားခွင့် ပိုရှိလာပြီး ပြည်သူတွေအပေါ်လည်း ဂရုစိုက်တဲ့ အဆင့်အတန်းရှိတဲ့ စစ်တပ်တစ်ခုဖြစ်လာမယ်လို့ ထင်ခဲ့ဖူးတယ်။ အခုတော့ အဲ့ဒီမျှော်လင့်ချက်တွေလည်း တခြားဟာတွေလိုမျိုးပဲ တစ်စစီ ကြေမွသွားပြီ။ ကျွန်မခင်ပွန်းလောင်းက လူကောင်းတစ်ယောက်ဖြစ်လို့ သူ့အတွက် ဂုဏ်ယူတယ်။ သူက လူတွေကို မဖမ်းဖို့၊ မနှိပ်စက်ဖို့ ရွေးချယ်ခဲ့တယ်။ အဲ့ဒါတောင်မှ အာဏာသိမ်းစတုန်းက တစ်နိုင်ငံလုံးက လမ်းတွေပေါ်မှာ ဘာတွေဖြစ်နေခဲ့လဲဆိုတာ သူ မသိခဲ့ဘူး။ အခြေအနေတွေ ဘယ်လောက်ဆိုးနေလဲဆိုတာသိရဖို့ သူ့အတွက် အချိန်နည်းနည်း ကြာခဲ့တယ်။ သူ့အပေါ် ကျွန်မ တော်တော်လေး စိတ်ရှည်ခဲ့ရပါတယ်။ ကျွန်မတို့ စကားတွေ အများကြီးပြောဖြစ်ခဲ့ပြီး သူစစ်တပ်ထဲကထွက်ဖို့ နားချနိုင်ခဲ့ပါတယ်။
ကျွန်မက သူ့ကို ဘယ်အရာမှ မသေချာတော့ကြောင်း၊ ကျွန်မတို့ရဲ့ ဘဝတွေ၊ ပိုင်ဆိုင်မှုတွေက မလုံခြုံတော့ကြောင်းနဲ့ စစ်ကောင်စီက သူတို့လုပ်ချင်တာမှန်သမျှ လုပ်နေတယ်ဆိုတာတွေကို ပြောပြခဲ့ ရပါတယ်။ စစ်တပ်ရဲ့ မတည်ငြိမ်တဲ့ ထိန်းချုပ်မှုကြောင့် ကိုယ်က အလုပ်လုပ် ပိုက်ဆံစုပြီး ဒီနေ့ဝယ်ထားတဲ့ဟာလေးတောင် နောက်နေ့မှာ ကိုယ့်ဥစ္စာ ဖြစ်ချင်မှ ဖြစ်တော့မှာလေ။
လွတ်မြောက်နယ်မြေတွေဆီမသွားခင် ကျွန်မ ၁ လကြိုပြီး အလုပ်ထွက်ခဲ့ပါတယ်။ ကျွန်မတို့ ခဏခဏ စကားများခဲ့ကြတယ်။
စစ်တပ်က လူသတ်သမျှသတင်းတွေအကုန်လုံး ကျွန်မ သူ့ဆီ တောက်လျှောက်ပို့ခဲ့ပါတယ်။ အော်ဟစ်ဆဲဆိုနေတာတွေ၊ အကြမ်းပတမ်း ဖမ်းဆီးတာတွေ၊ ရိုက်နှက်တာတွေ၊ ပစ်ခတ်တာတွေ အဲ့ဒီလို ဗီဒီယိုတွေအကုန် သူ့ဆီပို့ခဲ့ပါတယ်။ “အဲ့ဒီလောက်ကြီးတော့ မဆိုးနိုင် ပါဘူး” ဆိုပြီး သူပြောလေ့ရှိတယ်။ အခုတော့ အဲ့လိုအဓိပ္ပာယ် မရှိတာတွေမပြောတော့ဘူး။ ကျွန်မတို့လမ်းခရီးအတွက် ကျွန်မ ၁ လလောက် အချိန်ယူ ပြင်ဆင်ခဲ့ပြီးတော့ စစ်တပ်ထဲကလူတွေ ထွက်လို့ရအောင် ကူညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မဝေးရာနေရာကိုရောက်ပြီး လုံခြုံမှုရှိတဲ့အချိန်အထိ ကျွန်မမိသားစုကို မပြောပြခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းကစပြီး သူတို့ လုံခြုံရေးအတွက်ပဲ သူတို့နဲ့ လုံးဝအဆက်အသွယ် ဖြတ်ခဲ့တယ်။ အခုအချိန်အထိတော့ စစ်ကောင်စီက ကျွန်မရဲ့မိသားစုဆီ မလာသေးပါဘူး။
ကျွန်မတို့ ခရီးစဉ်အတွက် လိုတာအကုန်လုံး စီစဉ်ထားပြီးတော့ ကျွန်မ ခင်ပွန်းလောင်းလုပ်ဖို့လိုအပ်တာက တပ်ထဲကနေ ထွက်လာဖို့ပါပဲ။ ကျွန်မက သူ့ကို ကျွန်မလက်ထပ်မှာဖြစ်ကြောင်းနဲ့ သူ့အတွက် အပြင်မှာ လမ်းကြောင်းတစ်ခုလုံး စီစဉ်ပြီးပြီဆိုတာ ပြောခဲ့ပါတယ်။ ကျွန်မ အဲ့ဒီတစ်ချိန်လုံး စိုးရိမ်နေခဲ့ပေမယ့် သူထွက်လာခဲ့ပါတယ်။ ကျွန်မတို့ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ရှောင်ခဲ့ပေမယ့် လွတ်မြောက်နယ်မြေရောက်ဖို့ လမ်းခရီးကတော့ ကြမ်းတမ်းခဲ့ပြီး ရဲ ဒါမှမဟုတ် စစ်သားမြင်တိုင်းကို ကြောက်လန့်နေခဲ့ ရပါတယ်။ လုံခြုံတဲ့နေရာရောက်တော့ ကျွန်မတို့ကျောပေါ်မှာ အဝတ်အစားကလွဲရင် ဘာမှမပါလာတော့ဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အခက်အခဲတွေက ဆန္ဒပြလို့ အနှိပ်စက်ခံ၊ အသတ်ခံရတဲ့ အပြစ်မဲ့သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။
ကျွန်မအမျိုးသားက သူလှည့်စားခံထားရကြောင်း (brainwashed) လုပ်ခံထားရကြောင်း သဘောပေါက်သွားခဲ့ပါတယ်။ စစ်တပ်ထဲမှာ ဝါဒဖြန့်တာတွေ အများကြီးပဲ။ လူတွေကို လူတွေလို့မထင်ပါဘူး။ “နှောင့်ယှက်ဖျက်ဆီးသူတွေ”၊ “အကြမ်းဖက်သမားတွေ” လို့ပဲ မြင်ကြတာ။ စစ်တပ်ထဲကလူတွေက PDF တွေဟာ အာဏာလုထားတဲ့ စစ်တပ်က တိုက်ခိုက်တာခံခဲ့ရတဲ့လူတွေဆီကနေ ပေါ်ပေါက်လာတယ် လို့ မသိထားကြဘဲ ကျောင်းတွေ၊ စျေးတွေကို ဗုံးခွဲပြီး တိုင်းပြည် သာယာဝပြောရေးကို အဟန့်အတားဖြစ်စေတဲ့ အကြမ်းဖက်သမား တွေလို့ပဲ သိထားကြတာပါ။ လူတိုင်းမှာ လူသားချင်းစာနာစိတ်ဆိုတာ ရှိပါတယ်။ စစ်သားတွေမှာတောင်မှ ဒါမျိုးစိတ်ရှိတယ်။ အကြောင်းပြချက်မရှိဘဲ အန္တရာယ်ပြုတာမျိုး၊ သတ်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက လူတွေ မဟုတ်ဘူးလို့ သူတို့ခေါင်းထဲ ရိုက်သွင်းခံထားရတာကြောင့် ဘာညှာတာမှုမှမရှိဘဲ ပစ်သတ်ကြတာ။ ကျွန်မအမျိုးသားအနေနဲ့ သူ တပ်မ ၆၆ ထဲမှာရှိနေတုန်းကလမ်းအတိုင်း သူ့ဘဝကို မလျှောက်ခဲ့တာ ကျွန်မ အရမ်းဝမ်းသာမိတယ်။ သူသာ စစ်တပ်ထဲမှာ နေပြီး အခုပြောခဲ့သလိုမျိုးတွေ လုပ်နေခဲ့မယ်ဆိုရင် ကျွန်မ ကိုယ့်ဘဝကိုယ် အရမ်းအရှက်ရမိနေတော့မှာ။ ကျွန်မ သူ့ကို လက်ခံခဲ့မိမှာမဟုတ်သလို ကျွန်မအိမ်က လက်ခံဖို့ဆို ပြောစရာတောင်မလိုဘူး။ ကျွန်မ သူ့ကို ဘယ်တော့မှ လက်ထပ်ခဲ့မိမှာ မဟုတ်ပါဘူး။
စစ်တပ်ထဲမှာရှိနေတဲ့ ကိုယ်ချစ်ရတဲ့သူတွေကို သူတို့ရဲ့ ချစ်သူရည်းစားတွေ၊ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေက စကားပြောရပါမယ်။ စစ်တပ်က ကျုးလွန်နေသေးတဲ့ အကြမ်းဖက်မှုတွေရဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေကို ရှင်းပြရပါမယ်။ အပြစ်မဲ့တဲ့လူတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ဘယ်လိုမျိုး အန္တရာယ်ပြုခံနေရတယ် ဆိုတာကို ရှင်းပြဖို့လိုပါတယ်။ စစ်တပ်မှာနေလို့ရမယ့် အကျိုးအမြတ်က ပြည်သူဖက်ကို ရပ်တည်လိုက်လို့ရလာမယ့် အကျိုးအမြတ်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။ ကိုယ့်ကလေးတွေက စစ်တပ်မိသားစုကလာတာဆိုရင် အမြဲတမ်း အပယ်ခံဖြစ်နေတော့မှာ။ ကိုယ့်မိသားစုအတွက်တွေးပြီး သတ္တိရှိကြပါ။
စစ်သားတွေရဲ့ ဇနီးတွေအားလုံး၊ အထူးသဖြင့် ကလေးငယ်ရှိတဲ့ မိသားစုတွေကိုပြောချင်ပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်းစစ်သားကို ကိုယ့်ကလေးတွေကို ကာကွယ်ပေးနိုင်မယ့်သူဖြစ်အောင် နားချကြပါ။ လူတိုင်းက ကိုယ့်မိသားစုနဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေကို ကာကွယ်ချင်ကြတာချည်းပါပဲ။ အများစုက စစ်တပ်ကနေ မထွက်ကြဘူးဆိုတာ သူတို့ချစ်ရတဲ့သူတွေရဲ့ အနာဂတ်အတွက် စိုးရိမ်လို့ပါ။ သူတို့အနေနဲ့ အပြင်မှာ အလုပ်လုပ်လို့မရဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအတွေးကပဲ သူတို့ကို စစ်တပ်လက်ထဲကနေ လွတ်မြောက်ချင်အောင် တွန်းအားပေးနေသင့် ပါတယ်။ သူတို့ရဲ့ကလေးတွေဘဝက အကန့်အသတ်တွေနဲ့ ကြီးပြင်းရပြီးတော့ စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ သူတို့ဟာ အပယ်ခံတွေအနေနဲ့ ကြီးပြင်းလာရပြီး အပြင်ကလူတွေကလည်း သနားစရာဘဝနဲ့ ရှင်သန်ကြရပါလိမ့်မယ်။
စစ်သားတွေရဲ့ဇနီးတွေက မိသားစုအနာဂတ် ပိုပြီးကောင်းမွန်လာဖို့ အတွက် ကိုယ့်ရဲ့ခင်ပွန်းကို စစ်တပ်ထဲကနေထွက်ဖို့ နားချသင့်ပါတယ်။ ဒါတွေအားလုံးပြီးသွားရင် ကျွန်မ နိုင်ငံခြားဘာသာစကားတစ်ခု လေ့လာချင်တယ်။ ခရီးတွေသွားပြီး NGO တစ်ခုမှာ ဝင်ပြီးတော့ နေရပ်စွန့်ခွာလာရတဲ့ ပြည်သူတွေကို အကူအညီပေးချင်ပါတယ်။ နာကျင်ခံစားနေရတဲ့လူတွေကို ကူညီပေးပြီး ကိုယ့်ရဲ့လူမှုအသိုင်း အဝိုင်းကို အကျိုးဖြစ်စေမယ့်အလုပ်မျိုး ကျွန်မလုပ်ချင်ပါတယ်။