ထင်းရှား

Click here for the English language version of this article.

Cite as: 
ထင်းရှား၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3588

ကျွန်တော့်နာမည်က ထင်ရှားပါ။ အသက်က ၂၆ နှစ် ပြည့်ပြီးသွားပြီဗျ။ အခုတော့ ကျွန်တော် တပ်ထဲကထွက်လာနိုင်ပြီ။ တကယ်တော့ ကျွန်တော့်ရည်မှန်းချက်က မိသားစုနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်၊ အသေးစား စီးပွားရေးလေးလုပ်မယ်ပေါ့။ ကျွန်တော် ၁၀ တန်းတက်တုန်းက အီကိုတွဲယူတော့ အီကိုဆရာမကို အရမ်းအားကျခဲ့တယ်။ သူက အီကိုဘွဲ့ကိုရရင် စီးပွားရေးလုပ်ငန်းကို ဇောက်ချလုပ်နိုင်မယ်လို့ ပြောတယ်။ အဲ့ဒီလိုလုပ်မယ်လို့ တွေးခဲ့ပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကံမကောင်းမကြောင်း မလှတာတွေကြောင့် တပ်မတော်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ကျွန်တော် ၁၀ တန်းအောင်ပြီးတော့ ကျွန်တော့်ဇာတိ ဧရာဝတီတိုင်းကမြို့လေးမှာ လုပ်အားပေးကျောင်းဆရာ ဝင်လုပ်တယ်ဗျ။ အဲ့ဒီတုန်းက အသက်က ၁၈ နှစ်တော့ မပြည့်သေးဘူး။ ကျွန်တော်က ကရင်တိုင်းရင်းသား၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် ဘာသာရေးကို အရမ်းတော့ အစွဲမရှိဘူး။ ဗုဒ္ဓဘာသာဘုရားတို့၊ ဘုန်းကြီးကျောင်းတို့လည်း သွားတာပဲ။ အဲ့ဒီအချိန်မှာ အဖေ့ရဲ့ အသိမိတ်ဆွေတစ်ယောက်က သူ့ရဲ့ အဆက်အသွယ်နဲ့ ကျွန်တော်တို့နယ်ဘက်ကို ဆင်းလာခဲ့တယ်။ ကျွန်တော် ၁၀ တန်းအောင်တဲ့အကြောင်းကိုလည်း သိသွားတော့ ကျွန်တော်နဲ့ အဖေ့ကိုခေါ်ပြီး စည်းရုံးတယ်။ သူက လေယာဉ်ပြင်ရမယ်၊ လေယာဉ်ကွင်းမှာ အလုပ်လုပ်ရမယ်လို့ပြောတယ်။ တပ်ထဲကအလုပ်မှန်း သေချာမသိဘဲ ပါသွားခဲ့တာ။ ပါသွားပြီးမှ ကျွန်တော်ဘာလုပ်ရမှာလဲလို့မေးတော့ သူက လက်ညှိုးလေးကို ကွေးပြတယ်။ အဲ့ဒီထိလည်း နားမလည်သေးဘူး။ သူက အဲဒါ သေနတ်ပစ်ရမှာလို့ ပြောတယ်။ အဲ့ဒီအထိ ကျွန်တော် မယုံကြည်သေးဘူး။

ဒါပေမဲ့ ကျွန်တော်က တပ်မတော်(ရေ) စုဆောင်းရေးကို ရောက်သွားပြီ။ အဲ့ဒီဦးလေးက အဖေ့မိတ်ဆွေပါ။

ရောက်သွားတဲ့အချိန်မှာ တပ်သားသစ် ၄-၅ ယောက်နဲ့ တွေ့တယ်။ အဲ့ဒီမှာ အိပ်လိုက်၊ စားလိုက် လုပ်နေခဲ့သေးတယ်။ စကားစပ်မိပြီး ပြောကြတော့ တပ်သားတွေရဲ့မိသားစုတွေကို ငွေကြေးပေး စုဆောင်းကြောင်း သိလိုက်ရတယ်။ အခြေခံစစ်ပညာသင်ရမယ်လို့ ပြောကြတယ်။ ကျွန်တော့်အဖေက ကျွန်တော့်အတွက် ငွေမရခဲ့ဘူး။ ကျွန်တော် တကယ့်စစ်သားဖြစ်လာခဲ့မယ်လို့ မထင်ခဲ့ဘူး။ သေနတ်ပစ်ရမယ်လို့ပြောတော့လည်း မယုံခဲ့ဘူး။ စာတွေ့ပဲသင်ရမှာလို့ ထင်ခဲ့တယ်။ လေယာဉ်ကိုပြင်ဖို့လာတာလို့ပဲ တွေးခဲ့တာ။ နောက်တော့ ပုသိမ်စစ်အခြေခံလေ့ကျင့်ရေးတပ်ကို တက်လိုက်ရတယ်။ ကျွန်တော် မှားသွားတာ။

အခြေခံသင်တန်းတွေဘာတွေ ပြီးသွားတော့ ကျွန်တော်က လေတပ်စခန်းဌာနချုပ်တစ်ခုမှာ တပ်တွင်းစည်းရုံးရေးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးမှာ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။ တပ်အခေါ်အရ စည်း/ကော်ပေါ့။ တိုက်ခိုက်ရေးမဟုတ်တဲ့အဆင့်ပေါ့။ တပ်တွင်းမှာရှိတဲ့ တပ်သား၊ ရဲမေ၊ စစ်သည်တွေရဲ့ အမျိုးသမီး၊ သားသမီးတွေနဲ့ တပ်အပြင်က အရပ်သားတွေကို စည်းရုံးရေးလုပ်ပေးရတယ်။ ရွေးကောက်ပွဲစည်းရုံးရေးကာလတုန်းက ဆိုရင် ဆေးရုံရှေ့မှာ တန်ဖိုးသင့် ထမင်းဟင်းရောင်းတာမျိုး လုပ်ခဲ့ရတာပေါ့။ ပြောရရင် အပြင်ကလူတွေကိုလည်း တပ်ကို သဘောကျလာအောင် စည်းရုံးရသလို၊ တပ်တွင်းကလူတွေကိုလည်း တပ်မတော်ပေါ်မှာ ပိုပြီး ယုံကြည်သက်ဝင်လာအောင် စည်းရုံးပေးရတာပေါ့။ တစ်ခါတလေလည်း ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတုန်းက ကျွန်တော်တို့ရဲ့စည်းရုံးရေးနယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ဖို့ တိုင်းစစ်ဌာနချုပ်က စီမံချက်နဲ့ ခိုင်းလာတာပေါ့။ သွားကပ်တဲ့အခါမှာလည်း ဆွမ်းကပ်ပုံကို ဗွီဒီယိုသေချာရိုက်ပြီး အထက်ဌာနကို ပြန်တင်ပြဖို့ ညွှန်ကြားခဲ့ပါတယ်။ ၁၅ မိနစ်စာ ရုပ်သံရိုက်ခိုင်းတော့ သေချာရိုက်ရတာပေါ့။ ဓာတ်ပုံရိုက်တုန်းက အဆင်ပြေပေမယ့် ဗီဒီယိုလည်းရိုက်ရော ဘုန်းကြီးတစ်ပါးက ဆွမ်းဘုန်းနေရင်းနဲ့ ကျွန်တော့်ကို သေချာကြည့်နေတယ်ဗျ။ ဆွမ်းဘုန်းနေတုန်းမို့ အဆင်မပြေသလို ကျွန်တော့်ကိုလှမ်းကြည့်နေတော့ အကြည့်ချင်း ဆုံသွားကြတယ်။ အစကတော့ အမိန့်အတိုင်း ခိုင်းတာသေချာလုပ်နေတာပဲ။ ဒါပေမဲ့ အဲ့ဒီလိုကြည့်နေတာကိုတွေ့လိုက်တော့ ခံစားရတယ်ဗျာ။ ဘုန်းကြီးက ဆွမ်းလည်း ဆက်မဘုန်းတော့ နေရခက်တယ်ထင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။

အာဏာမသိမ်းခင်ကတည်းက ကျွန်တော့်ဘဝဟာ အဓိပ္ပာယ်မရှိတော့သလို ခံစားရတယ်။ တပ်မတော်အတွက် ဝါဒဖြန့်ချိရေးလုပ်ဖို့ ကျွန်တော့်အင်အားတွေအားလုံး သုံးခဲ့ရတာ။ ဒီလိုဆွမ်းကပ်တာတွေဆိုတာလည်း ဝါဒဖြန့်ချိရေးအတွက် ပုံတွေလိုချင်လို့ လုပ်ရတာလေ။ ကိုဗစ်ကာလမှာဆိုလည်း ပြည်သူတွေ သက်သာချောင်ချိဖို့ တန်ဖိုးသင့် ထမင်း၊ ဟင်း သွားရောင်းခိုင်းတယ်ဆိုပေမယ့် သူတို့လိုချင်တာက ဓာတ်ပုံပဲ။ တစ်ခါတလေဆို လာဝယ်စားတဲ့သူတွေရဲ့ပုံတွေကို သေချာပြင်ပြီး ရိုက်ခိုင်းတယ်။ နောက် ပါဝါပွိုင့်တွေပြင်ဆင်ပြီး တပ်က ဘယ်လောက်ကောင်းတယ်ဆိုတဲ့ ဝါဒဖြန့်ချိရေးအတွက် လုပ်ပေးရတယ်။ ကျွန်တော့်ဘဝအတွက် ကျွန်တော် စိတ်ပျက်လာတာပေါ့။ နောက် ကိုယ့်ကိုယ်ကိုယ်ရော၊ တပ်ကိုရော ဒေါသထွက်လာတယ်။

အဲ့ဒီလိုနဲ့ အာဏာသိမ်းသွားတယ်။

အာဏာသိမ်းတဲ့နေ့မှာ ကျွန်တော်တို့စာရေးတွေအဖို့ ရုံးပိုင်းဆိုင်ရာတွေပဲ လုပ်နေရတော့ ဘာမှမသိခဲ့ရဘူး။ တခြားရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီးတော့ပဲ တစ်ခုခုထူးခြားတယ်လို့ သိခဲ့တယ်။ အဲ့ဒီအချိန်မှာ ဖုန်းလိုင်းတွေလည်း ပြတ်သွားခဲ့တယ်။ မနက် ၈ နာရီလောက်ကျတော့မှ အာဏာသိမ်းသွား ပြီလို့ သိလိုက်ရတာ။ ဆိုးဆိုးဝါးဝါးပါပဲ။ အဲ့ဒီအချိန်မှာ တိုင်းပြည်ဟာ နယ်ချဲ့လက်အောက်ကို ကျရောက်သွားသလိုမျိုး ခံစားရတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာတုန်းကတော့ (စစ်သည်အများစုက မဲတောင် ကိုယ့်ဘာသာရွေးပြီး မပေးခဲ့ရပါဘူး) တပ်မတော်က အာဏာကိုယူမှာပဲလို့ ကြားခဲ့ဖူးပေမယ့် ကောလာဟလပဲဖြစ်မှာပါလို့ ထင်ခဲ့တယ်။ အာဏာသိမ်းပြီးတော့လည်း တပ်မတော်ဟာ အာဏာထိန်းတာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရပါလို့ မှိုင်းသွင်းပြန် တယ်။ အမှားကိုပြောရင်းနဲ့ အဲ့ဒီအမှားက အမှန်လိုဖြစ်သွားခဲ့တာ။

အဲ့ဒါကြောင့် ကျွန်တော့်မှာ တပ်ကထွက်ပြီး ပြည်သူလူထုဘက် ရပ်တည်ချင်တဲ့စိတ်တွေ ပိုဖြစ်ခဲ့တယ်။

ထွက်ခဲ့ရတာတော့ မလွယ်ဘူးဗျ။ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ ထွက်ခဲ့တာ။ အဲ့ဒီအချိန်က ကိုဗစ်စည်းမျဉ်းစည်းကမ်းအရ လေတပ်အခြေစိုက်စခန်း ကနေ ဘယ်သူမှ မထွက်ခွာရလို့ ပြောထားတာ။ ဘယ်အပေါက်ကထွက်ရင် အဆင်ပြေမလဲဆိုတာကို လိုက်ကြည့်ထားတယ်။ နောက် ကိုယ့်အခန်းဖော်သူငယ်ချင်းတွေနဲ့ တခြားတပ်မိသားစုတွေ မရိပ်မိအောင် လုပ်ရတယ်။ နှုတ်လုံရတယ်။ မိုးတွင်းဘက်လည်းဖြစ်တော့ အစစအရာရာ သေချာပြင်ဆင်ခဲ့ရတယ်။ တပ်ပြင်ထွက်လို့မရခဲ့ပေမယ့် တာဝန်အရ လိုတာသွားဝယ်ရတုန်း ကျောပိုးအိတ်၊ မိုးကာအင်္ကျီ၊ ဖိနပ်တို့ကို တိတ်တိတ်လေး ကြိုဝယ်ထားခဲ့ရတယ်။ အခန်းဖော်တွေ ရိပ်မိမှာစိုးတာပေါ့။ နေရတဲ့ဘားတိုက်အခန်းလေးကသေးတော့ ပြင်ဆင်ရတာ ခက်ခဲပါတယ်။

ထွက်မယ်ဆို စနေ၊ တနင်္ဂနွေက ပိုပြီး အချိန်ရတယ်။ အကောင်းဆုံးပေါ့။ တနင်္လာနေ့ဆို တန်းစီရက်ဆိုတော့ ပျောက်သွားရင် တန်းသိမယ်။ စနေနေ့မနက်အစောကြီးမှာ အစောပိုင်းက ကြည့်ထားတဲ့ မလွယ်ပေါက်ကနေ ထွက်ခဲ့တာပဲ။ စုဆောင်းထားတဲ့ဟာတွေ အားလုံးပါတဲ့ ကျောပိုးအိတ်အကြီးကြီးနဲ့ ထွက်ခဲ့တာ။ ထွက်လာတဲ့ အချိန် အပေါက်စောင့်တစ်ယောက်နဲ့ သွားတွေ့တော့ သူက “ဘယ်တုန်း” တဲ့။ ကျွန်တော်တို့လည်း ဘာပြောရမှန်းမသိတော့ အရှေ့ကို မေးငေါ့ပြလိုက်တယ်။ သူက ကြောင်တောင်တောင် ကြည့်နေတာနဲ့ ကျွန်တော်တို့လည်း ခပ်တည်တည်ပဲ ထွက်ခဲ့တယ်။

နောက်တော့ ဆိုင်ကယ်ကယ်ရီနဲ့ အဝေးပြေးလမ်းဘက် ထွက်ခဲ့တာပေါ့။ တပ်က လုံခြုံရေးဂိတ်ကိုဖြတ်ရတုန်းကတော့ သူတို့ကလည်း သေချာကြည့်နေတာပဲ။ ကျွန်တော်တို့ကလည်း ခပ်တည်တည်နဲ့ပဲ ဆက်သွားလိုက်တယ်။ သူတို့က မရပ်ခိုင်းလိုက်ဘူး။ နောက်တော့ ဘတ်စ်ကားဂိတ်ကိုရောက်ပြီး ကရင်ပြည်နယ်ကို ထွက်လာခဲ့တယ်။ ကားလမ်းခရီးတစ်လျှောက်မှာတွေ့ရတဲ့ ဂိတ်တွေ၊ အခက်အခဲတွေကို ကားပေါ်မှာတွေ့တဲ့ အန်တီကြီးတစ်ယောက်က ဒိုင်ခံဖြေရှင်းပေးတယ်။ သူနဲ့က နှလုံးသားချင်း ရင်းနှီးတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့ ဘာလုပ်ခဲ့လဲ၊ ဘယ်သွားမှာလဲဆိုတာ မမေးပေမယ့် သူသိနေတဲ့ပုံပဲ။ ဂိတ်တွေမှာ စစ်သားတွေက မေးတဲ့အခါ သူက ဒိုင်ခံဖြေရှင်းတယ်။ ကျွန်မတို့မိသားစုတွေပါလို့ ပြောပေးတယ်။ အံ့ဩစရာကောင်းတယ်။ ကျွန်တော်တို့ ကားပေါ်က ဆင်းတဲ့အခါလည်း သူက စိတ်မချတဲ့ပုံနဲ့ ကြည့်နေခဲ့သေးတာ။

ရောက်တဲ့နေ့က ကျွန်တော်တို့ကို လာကြိုတဲ့ Karen National Union က စစ်သားတစ်ယောက်ရယ်၊ CDM တပ်ကြပ်ကြီးစာရေး တစ်ယောက်ရယ်နဲ့ တောထဲမှာပဲ ညအိပ်လိုက်ကြတယ်။ နောက်တော့ လွတ်မြောက်နယ်မြေကို ရောက်သွားခဲ့တယ်။ တပ်မတော်ရဲ့လက်က လွတ်မြောက်ခဲ့ပြီ။ ကျွန်တော်တို့လိုလူမျိုးတွေချည်းပဲ။ ရောက်သွားတော့ ကျွန်တောတို့ရှေ့က အစ်ကိုတစ်ယောက် လေတပ်ကနေ အစောကတည်းက ထွက်သွားခဲ့တာ သိလိုက်ရတယ်။ ကျွန်တော်တို့က ပထမဆုံးထွက်လာသူတွေ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ထွက်လာတုန်းကတော့ အဲ့ဒီလို အရင်ထွက်သွားတဲ့ စီနီယာရှိနေခဲ့မှန်း မသိခဲ့ပါဘူး။

ခုတော့ ရိုးရိုးရှင်းရှင်းလေးပဲနေပြီး စစ်သည်တွေကို လူထုနဲ့ပူးပေါင်းဖို့ ကူလုပ်ပေးနေပါတယ်။ သူတို့အတွက် ခက်တယ်လေ။ စစ်သည်အများစုက အခြေခံပညာပဲရှိတာ။ သူတို့ရဲ့ အထက်အရာရှိတွေက ဆိုးတယ်ဆိုတာကို သိနေပေမယ့် လူထုတွေကိုလည်း စာနာပေမယ့် တပ်အပြင်ဘက်မှာ ဘာပညာမှမရှိဘဲ ဘာအလုပ်လုပ်ရမလဲဆိုတာ မတွေးတတ်ကြဘူး။ နောက်ပြီး တပ်မတော်ကြီးကပဲ သူတို့ကိုစောင့်ရှောက်နေတာ၊ လစာတွေပေးနေတာမို့ တပ်ကို အကြွေးတင်နေတယ်လို့ တွေးနေတာ။

ပြီးတော့ လေတပ်ထဲက အများစုမှာ ရိုက်စားလုပ်တာလည်း ရှိနေကြတယ်လေ။ လေယာဉ်ဆီအသုံးတွေကိုပြပြီး ရောင်းစားကြတယ်။ အဲ့ဒီလို ဆီခိုးထုတ်နိုင်တာက ဝင်ငွေအများကြီးကောင်းတယ်လေ။ ရာထူးအကြီးကြီးမဟုတ်ဘဲနဲ့ ပုံမှန်ရာထူးလောက်နဲ့ကို အဲ့ဒီလောက် ဝင်နေတာကိုး။ သူတို့က ပျံသန်းချိန်ခိုးပြီး ဆီရောင်းစားပြီးတောင် ၁ ပတ်ကို ၄ သိန်းကနေ သိန်း ၂၀ လောက်ထိ ဝင်ငွေရှိကြတယ်။ တချို့က စာတောင်မတတ်ကြဘူးလေ။ တပ်အပြင်ဘက်ရောက်ရင် အဲ့ဒီလောက်ဝင်ငွေမျိုး ဘယ်လိုရမှာလဲ။ ဒါပေမဲ့ တကယ့်တကယ် တိုက်ပွဲတွေဖြစ်ရင်တော့ တပ်မတော်ကြီးအတွက် လက်နက်ကိုင်ပြီး တိုက်ပေးမှာမဟုတ်ဘူး။ သူတို့က လုပ်စားတွေဆိုတော့ ထွက်ပြေးကြမှာပဲ။ ကျွန်တော်ကတော့ လေတပ်နဲ့ တပ်မတော်ထဲက စစ်သည်တွေကို ကျွန်တော့်လိုမျိုးပဲ လုပ်စေချင်တယ်။ ပြည်သူလူထုရဲ့အမုန်းထက် မေတ္တာကို ခံစားစေချင်တယ်။