Click here for the English language version of this article.
Cite as: ဇွဲမာန်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂) ၊လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3487

ကျွန်တော်က တပ်ကြပ် သူရဇွဲမာန်ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင် ခဲ့တဲ့တပ်ကတော့ တပ်မ ၆၆ လက်အောက်ခံ ခမင ခြေမြန် တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် တာဝန် ထမ်းဆောင်ချင်ခဲ့တာ တပ်မ ၇၇ မှာပါ။ ကျွန်တော့်ဆန္ဒမပါဘဲ တပ်တွင်း ကုန်ကူးတာ ခံခဲ့ရတာပါ။ ကျွန်တော့်အကြောင်းပြောရမယ် ဆိုရင် အသက် ၂၃ နှစ်အထိ တခြားနိုင်ငံမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်တော် က တိုက်ပွဲတွေ၊ သေနတ်တွေ ကိုသဘောကျတယ်။ သိပ်ဖြစ်ချင်ခဲ့တော့ တပ်ထဲကို တအားကို သေမတတ်ဝင်ချင် ခဲ့တာပေါ့။ ငယ်ငယ်လေးကတည်းက အဲ့ဒီလိုမျိုးလူတွေက လေးစား ချစ်ခင်တဲ့ စစ်သားဖြစ်ချင်ခဲ့တာ။
ကျွန်တော်က အသက် ၂၃ နှစ်အထိ ပြည်ပမှာနေခဲ့တာပါ။ ၂၀၁၆ ခုနှစ်ကျမှ ဘုရားဖူးလာရင်းနဲ့ မြန်မာပြည်ကို ရောက်ခဲ့တာ။ အဲ့ဒီခရီးမှာ ပဲခူးရောက်တော့ တပ်က စစ်ရေးပြ ချီတက်လမ်းလျှောက် လာတာနဲ့ ဆုံခဲ့တယ်။ လူတွေက ဝမ်းသာအားရ ကြိုဆိုကြပြီး ပန်းကုံးတွေ စွပ်ကြတာပေါ့။ သိပ်သဘောကျစရာ ကောင်းတာပဲ။ အဲ့ဒီမှာပဲ ကျွန်တော် မြန်မာပြည်မှာပဲ နေတော့မယ်၊ တပ်ထဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါနဲ့ပဲ တပ်မ ၇၇ မှာ ဝင်မယ်လို့ စာရင်းသွားပေး ခဲ့တယ်။ ကြားခံတစ်ယောက် လုပ်ပေးတာပေါ့။ အဲ့ဒီ ကိုယ်စားလှယ်ကို ဖုန်း၊ ဆိုင်ကယ်နဲ့ ဆွဲကြိုးတွေ ပေးခဲ့ရတယ်။ သူက အခြေခံ စစ်သင်တန်းပြီးရင် ပြန်ပေးမယ်ဆိုပြီး သိမ်းသွားခဲ့တာ။ ဒါပေမဲ့ တပ်မ ၇၇ က ကျွန်တော့်ကို တောင်ငူမှာရှိတဲ့ တပ်မ ၆၆ ဆီ ရောင်းစား လိုက်တယ်။ ကျွန်တော့်မျက်စိနဲ့ကို မြင်တာပါ။ (၁၃)သိန်းနဲ့ ရောင်းလိုက်တာ။ ကျွန်တော့်ပစ္စည်းတွေလည်း ပြန်မရတော့ပါဘူး။ အဲ့ဒီသိမ်းပေးထားတယ်ဆိုတဲ့ ကိုယ်စားလှယ်ကလည်း ပျောက်သွား ရော။
ကျွန်တော်ပြောခဲ့သလိုပဲ ၂၀၁၆ မှာ တပ်ထဲဝင်ပြီး ၂၀၁၇ ခုနှစ်မှာ သင်တန်းဆင်းခဲ့တယ်။ သင်တန်းဆင်းပြီး ၁ ပတ်လည်း ကြာရော ရှမ်းပြည်နယ်က လောက်ကိုင်ကို ပို့လိုက်တာပဲ။ အဲဒီမှာ ၂ နှစ်ကျော် ကြာခဲ့တယ်။ ဌာနချုပ်ကိုပြန်ရောက်တော့ အလုပ်ကြိုးစားတဲ့ သူစာရင်းထဲမှာ ကျွန်တော့်နာမည်ပါလာတယ်။ ကျွန်တော့်ဘာသာ ကြိုးစားနိုင်ခဲ့တာပေါ့။ နောက် ဒုတပ်ကြပ်ရာထူးလည်း ရလာတယ်။ နောက်တော့ စနိုက်ပါသင်တန်း ၄ လသွားရပြန်တယ်။ ဥပဒေဆိုင်ရာ သင်တန်းတွေ၊ စိတ်ဓါတ်စစ်ဆင်ရေး သင်တန်းတွေပါတက်ရတယ်။ တပ်ကိုပြန်ရောက်ပြီးတော့ ပြင်ဦးလွင်ကို DSA ကျောင်းဆင်းပွဲ လုံခြုံရေးတာဝန်ကျတယ်။ ၂ လလောက်ကြာတယ်။ အဲ့ဒီအချိန်က ၂၀၁၉-၂၀၂၀ ပေါ့။
ပြီးတော့ ရခိုင်ကို ဆင်းတယ်။ ၄ လတိတိ တိုက်ပွဲတွေ လိုက်တိုက်ရတယ်။ နောက်ဆုံးကုန်းတစ်ခုမှာ ကျွန်တော့်အဖွဲ့က တက်သိမ်းတဲ့အချိန် လူတစ်ယောက်လဲနေတာကို တွေ့လိုက်ရတယ်။ ရန်သူက အရှင်မိရင်တော့ သတ်မှာပဲဆိုပြီး ကျွန်တော် သေနတ်ထားခဲ့ပြီး သွားတက်ဆွဲတယ်။ အဲ့ဒီလူက တပ်ရင်းရဲ့ ရာထူးအကြီးဆုံးလူ ဖြစ်နေတယ်။ အဲ့ဒီလို ဆွဲလာတဲ့အချိန်မှာ သူ့ပေါင်ရော ကျွန်တော့်ပေါင်ကိုပါ ကျည်မှန်တယ်။ အသက်ဘေးကတော့ နှစ်ယောက်စလုံး လွတ်ခဲ့ပါတယ်။ ကျွန်တော်ကယ်ခဲ့တဲ့သူက ကျွန်တော်ဟာ ရဲစွမ်းသတ္တိရှိတယ်လို့ အထက်ကို ကြေးနန်းပို့ခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော့်ကို တပ်နယ်ခန်းမမှာ ဘွဲ့ပေးတယ်၊ ဆုတွေပေးတယ်။ ရာထူးလည်း တစ်ဆင့်တက်ပေးတယ်။ တပ်ကြပ်ဖြစ်သွားတယ်ပေါ့။
ကျွန်တော်က နောက်တော့ ဗိုလ်ချုပ်ရဲ့လုံခြုံရေးအတွက် ဌာနချုပ်ကို ပြန်ခေါ်ခံလိုက်ရတယ်။ အဲ့ဒီကတည်းက လူကြီးရဲ့ လုံခြုံရေးပဲလုပ်ခဲ့ရတာ အာဏာသိမ်းတဲ့အချိန်အထိပဲ။ ကျွန်တော့် နောက်ဆုံးအလုပ်ပေါ့။ အာဏာသိမ်းပြီးတော့ ကျွန်တော်တို့က ဘာမှမလုပ်ခဲ့ ရပါဘူး။ ကျွန်တော်တို့တပ်ကိုက ဘာမှမလုပ်ခဲ့ဘူး။ အပြင်ကိုထွက်လည်း ပုံမှန်အတိုင်းလုပ်ရတာပဲ ရှိတယ်။ စစ်သားတွေက ဆိုးဆိုးရွားရွားတွေ လုပ်နေခဲ့တယ်ဆိုတာ ကျွန်တော်က မသိခဲ့ရဘူး။ ကျွန်တော်တို့က ဘာမှမသိရတဲ့နေရာမှာ ရောက်နေခဲ့တာပေါ့။ လူထုကို ရိုက်နှက်တာတွေ၊ သတ်ဖြတ်တာတွေ၊ အဲ့ဒါတွေ ဘာမှမသိခဲ့ဘူး။ ကျွန်တော့်ကောင်မလေးနဲ့ ဖုန်းပြောတော့မှ အဲ့ဒီလိုအကြောင်းတွေကို စပြီး ကြားခဲ့ရတာ။ သူက လမ်းပေါ်မှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော့်ဆီ ပို့ပေးတယ်၊ ပြောပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူထုကို ဖမ်းဆီးရိုက်နှက်တာတွေ၊ ကားနဲ့ တိုက်ပစ်လိုက်လို့ ဆန္ဒပြသူတချို့ သေတာတွေကို သိလာရတယ်။ ကျွန်တော်လည်း အံ့ဩနေတယ်။ တကယ်တော့ လောက်ကိုင်မှာ၊ ရခိုင်မှာ နောက်ဆုံး ပြင်ဦးလွင်မှာတောင် ကျွန်တော်က ဆိုးဆိုး ရွားရွားတွေကို ကြုံခဲ့ဖူးတယ်။ တပ်က ဖိနှိပ်တယ်၊ ခွဲခြား ဆက်ဆံ တယ်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို လုပ်တယ်။ ဒါပေမဲ့ တကယ့်အဆိုးဆုံးတွေကိုတော့ အာဏာသိမ်းပြီးမှ မြင်တွေ့ရတာပါ။
ကျွန်တော့်ကောင်မလေးက တပ်ကထွက်တော့ဖို့ ပြောလာခဲ့တယ်။ ကျွန်တော်လည်း ပြင်ဆင်ရတာပေါ့။ ပြည်သူ့စစ်သားအဖွဲ့က ဆွေးနွေးတာတွေကို နားထောင်တယ်၊ ဆက်သွယ်တယ်။ သူတို့က ဘယ်လို ထွက်ခွာလာရမယ်ဆိုတာ၊ ခရီးသွားရမယ်ဆိုတာတွေကို လမ်းညွှန်ချက်တွေပေးတယ်။ စားစရိတ်၊နေစားရိတ် ထောက်ပံ့ပေး တယ်။ သာမန် စစ်သားတစ်ယောက်အဖို့ တပ်ကနေထွက်လာဖို့က ခက်ခဲပါတယ်။ ကျွန်တော့်လို လူကြီးနားမှာ အနီးကပ်နေရသူအတွက် တော့ ပိုတောင်ခက်သေးတယ်။ ကျွန်တော်ဆို အိပ်တဲ့နေရာကနေ လှမ်းမြင်နေရတဲ့ ဆိုင်လေးဆီသွားဖို့ကိုတောင် ခွင့်ပြုမခံခဲ့ရဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှာ ထွက်လာနိုင်ခဲ့ပါတယ်။
ကျွန်တော်က လူကြီးကို ဆေးခန်းပြန်ပြရမယ့်ရက်ရောက်ပြီလို့ ပြောခဲ့တယ်။ ခဏလေးပဲရမယ်၊ မနက်တစ်ပိုင်းပဲသွား၊ ဆေးခန်းက ပြီးတာနဲ့ သူ့ဆီပြန်လာခဲ့ဆိုပြီး သွားခွင့်ပေးလိုက်တာ။ ကျွန်တော် လည်း အခွင့်အရေးကို လက်လွတ်မခံတော့ဘူး။ ဆိုင်ကယ်တွေ၊ သေနတ်တွေ အားလုံးကို ထားခဲ့လိုက်တယ်။ ကျွန်တော့်ကောင်မလေးကို သွားခေါ်ပြီး အတူထွက်လာခဲ့လိုက်တာ ပေါ့။ တော်လှန်ရေးမှာ တက်ကြွနေတဲ့ ကျွန်တော့်ညီတစ်ယောက် ဆီသွားပြီး အဲ့ဒီမှာ ၁ လလောက် တိတ်တိတ်လေး ခိုနေလိုက်တယ်။ ပြည်သူ့စစ်သားအဖွဲ့နဲ့ ချိတ်ဆက်တယ်။ သူတို့က ဘာတွေလုပ်ဆိုပြီး ပြောပြပေးတယ်။ ကျွန်တော်က ကိုယ့်ဆိုင်ကယ်ကိုယ်ပဲမောင်းလာ ခဲ့တာ။ ၄ ရက်လောက်ကြာတော့မှ လွတ်မြောက်နယ်မြေကို ရောက်တယ်။ လမ်းက စစ်ဆေးရေးဂိတ်တွေမှာတော့ အလိမ်အညာတွေချည်း ပြောခဲ့ရတာပေါ့။ အဲ့ဒီတုန်းက မိုးကလည်း မနက် ၇ နာရီကနေ ည ၆ နာရီလောက်ထိကို ရွာနေခဲ့တာ။ တစ်ခါတလေကျတော့လည်း နေက အရမ်းပူတယ်။ ကျွန်တော်တို့က ဘယ်နားမှာမှ မနားဘဲ တောက်လျှောက်သွားခဲ့ကြတယ်။ နောက်ဆုံးရောက်ရမယ့် နေရာလည်းရောက်ရော အံ့ဩစရာချည်းပဲ။
ကျွန်တော့်ဆိုင်ကယ်ကလွဲပြီး ကျန်တာ ဘာမှမယူခဲ့ရဘူး။ ဘဏ်ထဲမှာ ၁၈ သိန်း ရှိတယ်။ နောက်ထပ် ဆိုင်ကယ် ၂ စီးနဲ့ လက်ဝတ်လက်စားတချို့ရော ရှိသေးတယ်။ တပ်ရဲ့ အသက်အာမခံကလည်း ခုဆို ၅ သိန်းလောက် ရှိနေပြီ။ အားလုံးသွားပြီပေါ့။ ကျွန်တော် တပ်မတော်ထဲဝင်တာက လူတွေကို အကာအကွယ် ပေးချင်တယ်။ လူထုရဲ့ ချစ်ခင်လေးစားတာကို ခံချင်တယ်။ ကျွန်တော် တပ်ထဲကထွက်လာရတာလည်း အဲ့ဒီစိတ်၊ အဲ့ဒီရည်ရွယ်ချက် ကြောင့်ပါပဲ။ ငွေက နောက်တော့ ရှာရင်ရမှာပါ။ ခုဆို ကျွန်တော် အာဏာရှင်ကို အလုပ်အကျွေးပြုစရာ မလိုတော့ဘူး။ လွတ်လပ်သွားပြီ။ ပြည်သူလူထုကိုပဲ အလုပ်အကျွေးပြုနိုင်တော့မယ်။
တပ်ထဲက အတော်များများကတော့ မျက်ကန်းထောက်ခံနေကြ တာပဲ။ တပ်အနေနဲ့ ဘယ်လောက် နာမည်ပျက်နေနေ သူတို့က ထွက်လာမယ့်သူတွေ မဟုတ်ကြဘူး။ စစ်တပ်ကို အမှီပြုပြီး စီးပွားရှာနေကြတဲ့သူတွေအတွက် ငွေရဖို့က အရေးအကြီးဆုံး ဖြစ်နေတာ။ အများစုက တပ်ထဲမဝင်ခင်က ဘာမှမပိုင်ဆိုင်ခဲ့ဘဲ ခုကျတော့ ဘာမဆို ပိုင်နေကြပြီလေ။ အဂတိလိုက်စားမှုတွေက များလွန်းတာကိုး။ ဥပမာ – သစ်ကားတွေကနေ စီးပွားရှာတာ။ သစ်ကားတွေ သူတို့လမ်းကြောင်းကဖြတ်ရင် တစ်စီးကို ၂ သိန်းလောက်ထိ ရနေတာဆိုတော့ တစ်နေ့ ၇ စီး ၈ စီးလောက်ဖြတ်ရင် သူတို့မိသားစုအတွက် အလျှံအပယ်သုံးလို့ရနေတာမို့ ဘယ်တော့မှ တပ်ပြင်ပ အရပ်သားဘဝကို ခံယူမှာမဟုတ်ဘူး။ တပ်ထဲမှာ မိသားစုရှိတဲ့သူတွေကျတော့ သူတို့ထွက်လာရင် မိသားစုတွေကို အကြပ်ကိုင်မှာ၊ နှိပ်စက်မှာ စိုးရိမ်ကြတယ်။ တချို့ကလည်း တပ်ထဲကနေပဲ အပြောင်းအလဲလုပ်မယ်လို့ တွေးကြတယ်။
ဒါပေမဲ့ တပ်က ဘယ်လိုမှ ပြုပြင်ပြောင်းလဲမှာ မဟုတ်ပါဘူး။ အာဏာရှင် မင်းအောင်လှိုင်ဟာ သူ့အကျိုးစီးပွားအတွက်ပဲ အလုပ်လုပ်နေတာလေ။ နိုင်ငံတိုးတက်ဖို့ကို ဂရုမှမစိုက်ဘဲ။ သူ့လက်ထက်မှာ တပ်မတော်ဟာ လူထုကို လျစ်လျူရှုတယ်။ လူထုက သေသေရှင်ရှင် သူ့အကျိုးစီးပွားပဲ ကြည့်တော့တာ။ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေက နိုင်ငံရပ်ခြားမှာသွားလည်နေချိန်၊ သူတို့ဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်နေချိန်မှာ စစ်သားတွေကတော့ သေပေးနေရတယ်။ ကိုယ်လက်အင်္ဂါ စွန့်ပေးနေရတယ်။ လူထုကလည်း ခံစားနေရတယ်။ အာဏာရှင်က ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ သူ ဆက်အုပ်ချုပ်နိုင်အောင်လို့ သူ့နေရာဆက်ခံရမယ့် လက်အောက်ကလူကိုတောင် ငွေပေးပြီး အနားယူခိုင်းနေတာ။ အာဏာရှင်တွေဟာ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး ဆိုတော့ ပြည်သူလူထုကလည်း အလျှော့မပေးရဘူး။ ဆက်ပြီး တိုက်ပွဲဝင်ကြရမယ်။ ကျွန်တော်တို့က စိတ်ရှည်ရမှာပေါ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ။