Click here for the English language version of this article.
Cite as: ချယ်ရီ၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3549

ကျွန်မကို ချယ်ရီလို့ ခေါ်လို့ရပါတယ်။ ကျွန်မက တောင်ကြီးဇာတိ ဖြစ်ပြီးတော့ အသက် ၂၈ နှစ်ရှိပါပြီ။ ရေတပ်ကနေ CDM လုပ်ခဲ့တဲ့ တပ်ကြပ်တစ်ဦးနဲ့ အိမ်ထောင်ပြုထားပါတယ်။ ကျွန်မတို့ ၂၀၀၈ ခုနှစ်က ပျဉ်းမနားမှာ ပထမဆုံး စတွေ့ခဲ့တာပါ။ ကျွန်မအမျိုးသားဖြစ်လာမယ့်သူက ကျွန်မအပေါ် တော်တော်လေး စိတ်ဝင်စားခဲ့ပြီးတော့ ကျွန်မကို အလေးပေး အာရုံစိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်မအသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မတို့ စတွဲပြီး တစ်ပတ်လောက်အကြာမှာပဲ အိမ်ကမိဘတွေ သိသွားပြီးတော့ အရိုက်ခံခဲ့ရတာနဲ့ ကျွန်မ ခိုးရာလိုက်ပြေးပြီး လက်ထပ်ခဲ့ပါတယ်။ ကျွန်မတို့ အခု ကလေး ၄ ယောက်ရှိပြီး ကလေးတွေက ၁၃ နှစ်၊ ၈ နှစ်၊ ၅ နှစ်နဲ့ ၃ နှစ်အရွယ်တွေပါ။
ကျွန်မရဲ့အဖေကလည်း တပ်ထဲကပါ။ သူ့အတွက်တော့ စစ်တပ်ထဲကအတွေ့အကြုံက မကောင်းခဲ့ပါဘူး။ သူကိုယ်တိုင်လည်း တပ်ပြေးဖြစ်ခဲ့ပါတယ်။ ကျွန်မက ကျွန်မအမျိုးသားကို “စစ်တပ်အကြောင်း နင်မသိဘူး။ ငါသိတယ်၊ တပ်ထဲမဝင်နဲ့” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအမျိုးသားက သဘောမတူခဲ့ဘဲ ကျွန်မတို့လက်ထပ်ပြီးနောက်ပိုင်း စုဆောင်းရေးအဖွဲ့တစ်ဖွဲ့နဲ့တွေ့ပြီး စကားပြောဖြစ်တဲ့အချိန်မှာ သူ့ကိုကြည့်ရတာ တပ်ထဲဝင်ပြီး စစ်သားတစ်ယောက်လုပ်တော့မယ့်ပုံ ပေါ်နေခဲ့ပါတယ်။ ကျွန်မယောက္ခမရော၊ ကျွန်မရော လန့်သွားပြီး စုဆောင်းရေးကလူတွေကို သူ့ကို တပ်ထဲမထည့်ဖို့ပြောခဲ့ပါတယ်။ စုဆောင်းရေးထဲကလူတစ်ယောက်က ကျွန်မကို ရေတပ်က စာရေးတစ်ယောက်နဲ့ ချိတ်ပေးခဲ့ပြီး ကျွန်မအမျိုးသားကို ကြည်းတပ်အစား ရေတပ်ထဲရောက်တာသေချာအောင် အဲ့ဒီစာရေးကို ပိုက်ဆံအများကြီး ပေးခဲ့ရပါတယ်။
သူ တပ်ထဲမှာ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ပေမယ့် CDM မဝင်ခင်မှာတော့ သူ့တာဝန်က ကွန်ပျူတာတွေနဲ့ ပတ်သက်တာ လုပ်ခဲ့ရတာပါ။ ပထမဆုံး သူ ရခိုင်မှာ တာဝန်ကျပြီး ကျွန်မတို့ရဲ့ ပထမကလေး ၃ ယောက်ကို အဲ့ဒီမှာ မွေးခဲ့ပါတယ်။ ပြီးတော့ မော်လမြိုင်ကို ပြောင်းခဲ့ရပြီး အဲ့ဒီမှာ ကျွန်မနောက်ဆုံးကလေးကို မွေးခဲ့ပါတယ်။ အားလုံးပေါင်းရင် ကျွန်မ စစ်တပ်ထဲမှာနေခဲ့ရတာ ၁၃ နှစ် ကြာပါတယ်။ ကျွန်မရဲ့ အိမ်ထောင်သက်တစ်ခုလုံးနီးပါးနဲ့ ကျွန်မဘဝသက်တမ်းတစ်ဝက်နီးပါးပါ။ တပ်ထဲမှာ ကျွန်မလို မှီခိုတွေရဲ့ ဘဝက ခက်ခဲပါတယ်။ ကိုယ်လုပ်ချင်တဲ့အိမ်မက်ကို အကောင်ထည်ဖော်လို့မရဘဲ စက်ချုပ်တာလိုမျိုး ကိုယ်ပိုင်လုပ်ငန်းတချို့တလေပဲ လုပ်လို့ရပါတယ်။ တပ်ထဲမှာ တောင်းဆိုတာတွေလည်း များလွန်းပါတယ်။ စေတနာ့ဝန်ထမ်း အလုပ်လိုမျိုးတွေပေါ့။ သေနတ်ပစ်သင်တန်းတွေ၊ ကိုယ်ကာယနဲ့ လုံခြုံရေးသင်တန်းတွေ တက်ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒါမျိုးတွေ ပိုတိုးလာပြီးတော့ အသက် ၁၃ အရွယ် ကလေးတွေကအစ သင်တန်းတက်ဖို့ ဖိအားပေးခံရပါတယ်။ ကျွန်မဆို တစ်ခါပြောဖူးတယ်။ “ငါ စစ်သင်တန်းတက်ချင်လို့ရှိရင် ငါ့ဟာငါ တပ်ထဲဝင်လာမှာပေါ့” ဆိုပြီးတော့။ အဲ့ဒီလိုပြောခဲ့လို့လည်း ကျွန်မ အရေးယူခံခဲ့ရပါတယ်။
စစ်တပ်က အကုန်လုံးနီးစပ်ကြတယ်ဆိုပေမယ့် လူတွေက အမြဲမကူညီပါဘူး။ ကျွန်မ သားဦးမွေးတုန်းကဆိုရင် ခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်။ အဲ့ဒီခွဲခက စျေးကြီးတယ်၊ ၃ သိန်းကျခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအမျိုးသားလစာက အဲ့ဒီထက်နည်းတော့ ကျွန်မတို့ မတတ်နိုင်ခဲ့ဘူး။ ကျွန်မတို့ ခွဲစိတ်ခမပေးနိုင်လို့ ကလေးမွေးပြီးတော့ ဆေးရုံမှာ ၁ ပတ် ဆက်နေခဲ့ရတယ်။ ကျွန်မကလေးနဲ့ ဆေးရုံဆင်းသွားဖို့ ဝန်ထမ်းတွေက ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီအချိန်က တပ်ရင်းမှူးက ကျွန်မတို့ပြဿနာကို သိခဲ့ပေမယ့် ကျွန်မနဲ့ ကျွန်မအမျိုးသား ပိုက်ဆံပိုစုထားခဲ့သင့်ကြောင်း သြဝါဒခြွေတာပဲ လုပ်ခဲ့ပါတယ်။ ၁ နှစ်ကျော်စာ လစာကို ဘယ်လိုစုရမှာလဲ။
နောက်ဆုံးမှာတော့ ဆေးရုံက တခြားလူနာတစ်ယောက်က ကိုယ်ဝန်ပျက်ကျခဲ့ပြီး ကျွန်မတို့ရဲ့ ခွဲစိတ်ခကို သူတို့ကပေးသွားခဲ့လို့ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။
တပ်ထဲမှာ တော်တော်လေး အလုပ်များတတ်ပါတယ်။ အထူးသဖြင့် အရေးကြီးပုဂ္ဂိုလ်တွေလာတဲ့အခါမျိုးမှာပေါ့။ ကျွန်မ ပိုက်ဆံမရဘဲ အလကားလုပ်ပေးခဲ့ရတဲ့ အလုပ်တွေထဲမှာ မြေကျင်းတူးတာတွေ၊ ချက်ပြုတ်တာတွေကအစ ပါပါတယ်။ ကျွန်မအမျိုးသား ၂၀၁၅ မှာ ပြဿနာတက်တော့ ကျွန်မ အဲ့ဒီလိုအလုပ်တွေ ပိုလုပ်ခဲ့ရတယ်။ ရေတပ်ထဲမှာ သူ ရုန်းကန်နေခဲ့ရပြီး တပ်ပြေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ပုဂ္ဂလိကပိုင် လှေတစ်စီးပေါ်မှာ ၁ နှစ်လုံး အလုပ်သွားလုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ ကျွန်မ သူ့ဆီ ဆက်သွယ်ခဲ့ပြီး ပြန်လာဖို့ နားချခဲ့ပါတယ်။ ကျွန်မတို့က သူ အဲ့ဒီလိုလုပ်လိုက်တာက ကျွန်မတို့အတွက်ရော၊ ကလေးတွေအတွက်ပါ မကောင်းကြောင်းနဲ့ ကျွန်မတို့ အထင်သေးခံရမယ်လို့ ပြောတာနဲ့ နောက်ဆုံးမှာ သူပြန်လာခဲ့ပါတယ်။ တရားဝင် ဘာပြစ်ဒဏ်မှ မကျခံခဲ့ရပေမယ့် တရားမဝင်ပြစ်ဒဏ်အနေနဲ့ ကျွန်မတို့နှစ်ယောက်စလုံး အလုပ်ပိုခိုင်းခံခဲ့ရပါတယ်။ တစ်ခါတလေ အလုပ်များလွန်းလို့ ကိုယ့်ကလေးကိုယ်တောင် ဂရုမစိုက်နိုင်ခဲ့ဘူး။
၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်မ National League for Democracy (NDL) ကို မဲပေးချင်ခဲ့ပေမယ့်ကျွန်မအမျိုးသားက Union Solidarity and Development Party (USDP) ကိုပဲ မဲပေးဖို့ ပြောပါတယ်။ သူက “USDP က ဘယ်လိုနေနေ ရှုံးမှာပဲ” လို့ ပြောခဲ့ပါတယ်။ မဲရုံထဲမှာ ကျွန်မတို့ သီတင်းပတ်နဲ့ချီပြီး အစမ်းလေ့ကျင့်ခဲ့ရပါတယ်။ ကျွန်မတို့ကို အထက်အရာရှိတွေက NLD ဒါမှမဟုတ် တခြားပါတီတွေကို လုံးဝမဲမပေးဘဲ USDP ကို မဲပေးဖို့ ပြောခဲ့ပြီးတော့ အဲ့ဒီပါတီတွေအကုန်လုံးကို အသီးတွေနဲ့ ကိုယ်စားပြုပြောခဲ့ပါတယ်။ ဥပမာ – NLD က ဖရဲသီး၊ USDP က လိမ္မော်သီး၊ ကရင်ပါတီက ငှက်ပျောသီး စသဖြင့်ပေါ့။
“ဖရဲသီးကို မဲမပေးနဲ့ ပေးရင် ငါတို့ မင်းတို့ကို အပြစ်ပေးမယ်” လို့ သူတို့က ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နိုင်သွားတော့ ကျွန်မအရမ်းပျော်ခဲ့ပါတယ်။ နောက်ကျတော့ အာဏာသိမ်းတာ ဖြစ်သွားပါတယ်။ ကျွန်မ မယုံနိုင်ခဲ့ဘူး။ “NLD က ဒီလောက်အပြတ်အသတ်နိုင်ခဲ့တာကို ဒီလိုမျိုး ဘယ်လိုဖြစ်ရတာလဲ” ဆိုပြီး ဖြစ်ခဲ့ရပါတယ်။ ကျွန်မအမျိုးသားကတော့ “သူတို့လုပ်နိုင်တယ်လေ” လို့ပဲ ပြောခဲ့ပါတယ်။ ကျွန်မထင်လိုက်တာ အားလုံးပြီးပြီပေါ့။ ၁၉၈၈ ကလိုမျိုး ပြန်ဖြစ်တော့မယ်လို့ ထင်လိုက်ပေမယ့် “သူတို့ဒီလိုထပ်လုပ်လို့မရဘူး” လို့ ကျွန်မပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အခု ၁ နှစ်ကျော်ကြာတာတောင် စစ်တပ်က ပြည်သူကို အာဏာပြန်မလွှဲပေးသေးပါဘူး။ ကျွန်မတို့တပ်ရင်းထဲက လူတချို့ကတော့ အာဏာသိမ်းတာကို ပျော်ခဲ့ကြပါတယ်။ သူတို့က စစ်တပ်က နှစ် ၁၀၀၀ လောက် အာဏာယူထားသင့်တယ်ဆိုပြီးပြောလို့ ကျွန်မနဲ့ အငြင်းအခုံတွေ ဖြစ်ခဲ့ပါသေးတယ်။
ကျွန်မတို့ တစ်မျိုးတော့ ကံကောင်းခဲ့ပါတယ်။ အာဏာသိမ်းတဲ့အချိန်မှာ မော်လမြိုင်ကတပ်ရင်းမှာရှိတဲ့ တပ်ရင်းမှူးနဲ့ တခြားအရာရှိတွေက ကျွန်မတို့ကို သဘောကျခဲ့ကြပါတယ်။ အာဏာသိမ်းပြီး မကြာခင် ဖေဖော်ဝါရီလထဲမှာပဲ ကျွန်မအမျိုးသားကို ရန်ကုန်ကို ပို့လိုက်ကြတယ်။ ကျွန်မကတော့ “ဟုတ်ပြီ။ ရန်ကုန်ကိုတော့သွား၊ ဘာမှအမှားမလုပ်မိစေနဲ့” လို့ ပြောခဲ့ပါတယ်။ အဲ့ဒီမှာ သူတာဝန်ကျတုန်းက ကျည်ကာအင်္ကျီ ဝတ်ခဲ့ရတယ်။ သူ ကျွန်မကိုဖုန်းဆက်တော့ “မိန်းမရေ၊ ငါ စိတ်ထဲနေလို့မကောင်းဘူး။ ငါတို့ယူနီဖောင်းကို လူတွေမြင်တိုင်း တံတွေး ထွေးနေကြတယ်။ ငါတို့က အပယ်ခံတွေဖြစ်နေပြီ။ စစ်တပ်က ဆိုင်းဘုတ်ပဲကိုင်ထားတဲ့ ဆန္ဒပြသူတွေကို မပစ်သင့်ပေမယ့် ပစ်နေပြီ။ ငါ ဒီကနေထွက်ဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်မအမျိုးသား အဲ့ဒီမှာရှိနေတုန်း တစ်ရက် စစ်တပ်က ဗုံးတစ်လုံးခွဲလိုက်တဲ့အချိန် အဲ့ဒီနားမှာ သူရှိနေခဲ့ပါတယ်။ အခြေအနေတွေကဆိုးပြီး ကျွန်မလည်း ကြောက်လန့်နေခဲ့ပါတယ်။ ကျွန်မ ဘာမှအလောတကြီးမလုပ်ဘဲ အရင်က ကျွန်မအမျိုးသား တပ်ထဲကထွက်သွားတာကို အမှတ်ရလိုက်ပါတယ်။
“ကျွန်မတို့မှာ ကလေး ၄ ယောက်ရှိတာ မှတ်ထားပါ။ ဘာမှပေါက်ကရလျှောက်မလုပ်နဲ့” လို့ ကျွန်မ သူ့ကို ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စစ်သားတော်တော်များများ တပ်ထဲက ထွက်ပြေးနေကြပြီး အဲ့ဒီသတင်းက တော်တော်ကြီးခဲ့ပါတယ်။ “ငါလည်း ထွက်မယ်” လို့ ကျွန်မအမျိုးသားက ပြောခဲ့ပါတယ်။ ကျွန်မက သူ့ကိုစောင့်ဖို့နဲ့ “ကျွန်မတို့မှာ ဘာအချိတ်အဆက်မှ မရှိဘူး” ဆိုပြီး သူ့ကို နားချခဲ့ပါတယ်။ သူ တပ်ထဲမှာ ဆက်နေခဲ့တယ်။ မြိတ်ကို ခဏလွှတ်ခံခဲ့ရပြီး အဲ့ဒီမှာ ဆန္ဒပြသူ ၃ ယောက် အသတ်ခံခဲ့ရတာကို မြင်ခဲ့ပါတယ်။ သူငိုခဲ့ရပြီး ပြန်လာတဲ့အချိန် ကျွန်မကိုပြောပြတဲ့အခါမှာ ကျွန်မလည်း ငိုခဲ့ပါတယ်။
အဲ့ဒီတုန်းက ဘဝက အရမ်းစိတ်ဆင်းရဲစရာကောင်းပါတယ်။ ကျွန်မနဲ့ သူနဲ့ မကြာခဏရန်ဖြစ်ခဲ့ပြီး သူ့ကိုလည်း စောင့်ကြည့်နေခဲ့ကြပါတယ်။ သူ အစားလည်း သိပ်မစားတော့ဘဲ ဒီအစားအသောက်တွေက ပြည်သူတွေရဲ့ မျက်ရည်တွေလို့ ပြောခဲ့ပါတယ်။ တစ်ရက်တော့ ကင်းလှည့်ထွက်ရင်း သူပျောက်သွားပါတယ်။ ၁ ပတ်ကြာတော့ သူ ကျွန်မဆီကို ဖုန်းဆက်ပြီး “သူ တစ်ခုခုသွားလုပ်ဖို့လိုတယ်” လို့ ပြောပါတယ်။ ကျွန်မက သူဘာလုပ်မယ်ဆိုတာ မသိခဲ့ပေမယ့် “ဟုတ်ပြီ” လို့ပဲ ပြောခဲ့တယ်။ တပ်ထဲက ဝန်ထမ်းတွေက မေးခွန်းတွေ ပိုပိုမေးလာခဲ့ပေမယ့် ကျွန်မအမျိုးသားက ကျွန်မကို ဘာမှမပြောပြထားခဲ့တော့ ကျွန်မလည်း
သူတို့ကို ဘာမှမပြောပြနိုင်ခဲ့ဘူး။ သူ့အနေနဲ့ ရေတပ်ကနေ တကယ်ထွက်သွားပြီလားဆိုတာလည်း မသိခဲ့ပါဘူး။ နောက်ဆုံး ၁ လလောက် ကြာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ နေပြည်တော်ကကြားတဲ့သတင်းတွေအရ သူ CDM လုပ်သွားပြီလို့ အတည်ပြုပေးခဲ့ပါတယ်။ ကျွန်မ စိတ်သက်သာသွားပေမယ့် အဲ့ဒီနောက်ပိုင်းတောင်မှ ကျွန်မကို သူဆက်သွယ်ဖို့ အချိန်တော်တော်ကြာခဲ့ပါတယ်။ သူဆက်သွယ်လာမှပဲ အလုံးကြီး ကျသွားတော့တယ်။
ကျွန်မအမျိုးသား တပ်ထဲကပျောက်သွားတဲ့အချိန်မှာ တခြားသူတွေတော်တော်များများလည်း ပျောက်သွားခဲ့ပါတယ်။ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၁ ယောက် ထွက်သွားခဲ့တော့ တပ်ထဲကလူတွေက ကျွန်မအမျိုးသားနဲ့ အဲ့ဒီအမျိုးသမီး ၅ ယောက်ထဲက တစ်ယောက်နဲ့ ခိုးရာလိုက်ပြေးတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အဲ့ဒီအခြေအနေက ကျွန်မအတွက်တော့ ကွက်တိဖြစ်ခဲ့လို့ ထွက်ပြေးဖို့အတွက် အခွင့်ကောင်းပဲလို့ ယူဆပြီး ကျွန်မက သူတို့ကို “သူ ကျွန်မကို ထားသွားပြီ။ ကျွန်မ အိမ်ပဲပြန်ချင်တော့တယ်” လို့ ပြောခဲ့ပါတယ်။ သူ CDM ဝင်သွားတာကို နေပြည်တော်ဘက်နဲ့ ကျွန်မပဲသိတဲ့ အချိန်ကာလတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တပ်ထဲကလူတွေ မသိခဲ့ပေမယ့် အကြာကြီးတော့ မခံခဲ့ပါဘူး။ သူတို့သိသွားတော့ ကျွန်မနဲ့ခင်မင်တဲ့ ဒုတပ်ကြပ်တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
“သူ တကယ် CDM ဝင်သွားတာဆိုရင် နင်လည်း သူ့နောက် လိုက်သွားသင့်တယ်။ မြန်မာမှာ ငြိမ်းချမ်းရေး မရမချင်း လုံးဝပြန်မလာနဲ့” လို့ သူက ကျွန်မကို အကြံပေးခဲ့ပြီး တပ်ထဲကနေ ကျွန်မထွက်ဖို့အတွက် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရာရှိတစ်ယောက်က သဘောမကျခဲ့လို့ ကျွန်မထွက်လို့မရအောင် ကြိုးစားတာနဲ့ အဲ့ဒီဒုတပ်ကြပ်ကိုယ်တိုင် ကြားဝင်ဖြေရှင်းခဲ့ရပါတယ်။ အဲ့ဒီအရာရှိကို သူက “ဒီအမျိုးသမီးနဲ့ သူ့ကလေး ၄ ယောက်ရဲ့ စားဝတ်နေရေးနဲ့ ပညာရေးကို ခင်ဗျားတာဝန်ယူမှာလား” လို့ မေးခဲ့ပါတယ်။ အဲ့ဒါကို အဲ့ဒီအရာရှိက ဒီလိုအသုံးမဝင်တဲ့လူတွေ အတွက် ခေါင်းကိုက်ခံမနေဘူး” လို့ ပြန်ပြောခဲ့ပါတယ်။ ဒုတပ်ကြပ်က “ခင်ဗျား သူတို့ကို ပေးသွားရမယ်။ သူတို့ဒုက္ခရောက်နေတာ၊ သူတို့ကိုပေးသွားရင်သွား၊ မသွားရင် ကျွန်တော့်ကို ရာထူးချလိုက်” လို့ ပြောခဲ့ပါတယ်။
တပ်အပြင်ကို ထွက်တာက တော်တော်လေးခက်ခဲခဲ့ပြီး သူတို့က ကျွန်မနဲ့ ကလေးတွေကို ကားနဲ့ ပေးမသွားခဲ့ပါဘူး။ အရာရှိတစ်ယောက်က ကျွန်မတို့ကို အပြင်ပို့ခဲ့ပြီး စစ်သားနဲ့ ရေတပ်သား ၅ ယောက်ရဲ့ စောင့်ကြည့်မှုအောက်မှာရှိတဲ့ လှေတစ်စင်းပေါ် တင်ပေးခဲ့ပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ယောက်လည်း လှေပေါ် ရောက်လာခဲ့ပါတယ်။ သူ့အမျိုးသားလည်း ရေတပ်ကနေ ထွက်ပြေးသွားခဲ့တာပါ။ သူက ကျွန်မကို “ကျွန်မ အခု အပြင်ရောက်ပြီဆိုပေမယ့် ကျွန်မ လက်သုံးချောင်းထောင်ရင် သူတို့ ကျွန်မကို သတ်ချင်သတ်နိုင်တယ်” လို့ ပြောတယ်။ ကျွန်မတို့ ပင်လယ်ထဲရောက်နေတုန်း မုန်တိုင်းနဲ့ ကြုံရသေးတယ်။ ကျွန်မက စစ်သားတစ်ယောက်ကို ကျွန်မတို့အနေနဲ့ အခုနေ လှေမှောက်လို့ရှိရင် ဘယ်ပြည်သူမှ လာကူမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး စစ်တပ်က ဘယ်လောက်တောင် နာမည်ပျက်နေပြီဆိုတာကို ပြောခဲ့ပါတယ်။ အခုပြန်တွေးကြည့်တော့ အဲ့ဒီတုန်းက အဲ့ဒီလိုပြောလိုက်တာ အခန့်မသင့်ရင် ပစ်သတ်ခံခဲ့ရနိုင်ပါတယ်။
ကျွန်မတို့ ရန်ကုန်ရောက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက် အိမ်ကိုသွားပြီး အဲ့ဒီကနေတစ်ဆင့် ပြည်က ကျွန်မအမျိုးသားရဲ့ အစ်မအိမ်ကို သွားခဲ့ပါတယ်။ အချိတ်အဆက်တွေရဖို့ လိုင်းပေါ်ကနေ အလုပ်လုပ်ခဲ့ပြီးတော့ ကလေးတွေကိုခေါ် ပြီး စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ လွတ်မြောက်နယ်မြေတွေဆီကို ထွက်လာခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိပေမယ့် ကျွန်မ တောက်လျှောက် လိမ်ပြောခဲ့ပြီး ပန်းတိုင်ကို ချောချောမွေ့မွေ့ ရောက်ခဲ့ပါတယ်။ ကျွန်မကလေးတွေကို သူတို့အဖေဆီရောက်ရင် ထမင်းစားလို့ရပြီဖြစ်ကြောင်း ချော့မော့ပြောခဲ့ရပြီး သူတို့ဂျီကျတိုင်း မုန့်တွေကျွေးခဲ့ရပါတယ်။
အခု ကျွန်မတို့ စစ်တပ်ထဲကနေ လွတ်လာပြီမို့ အများကြီး ပိုစိတ်ချမ်းသာပါတယ်။ ကျွန်မတို့သာ အဲ့ဒီမှာ ဆက်နေနေခဲ့ဦးမယ် ဆိုရင် ကျွန်မကလေးတွေလည်း လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံရ၊ အထင်အမြင်သေးခံရပြီး ခွဲခြားဆက်ဆံခံရမှာပါပဲ။ ကျွန်မ အခု အကောင်းဖက်က ပြုမူနေထိုင်ပြီးတော့ ပိုကောင်းတဲ့အနာဂတ်ကို စောင့်မျှော်နေပါတယ်။