မြန်မာတပ်မတော်၏ တိုးတက်အောင်မြင်လာမှုနောက် ဘာဆက်ဖြစ်မည်လဲ—ဤစစ်ယန္တယားကြီး၏ ကျဆုံးခန်းဆီသို့ ဦးတည်နေပြီလား

Michael W. Charney | Click here for the English language version of this article.

Cite as: 
Charney, M. W. ၊ (၂၀၂၂)၊ မြန်မာတပ်မတော်၏ တိုးတက်အောင်မြင်လာမှုနောက် ဘာဆက်ဖြစ်မည်လဲ—ဤစစ်ယန္တယားကြီး၏ ကျဆုံးခန်းဆီသို့ ဦးတည်နေပြီလား၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3650

ကိုလိုနီခေတ်နောက်ပိုင်း လူ့‌ဘောင်အဖွဲ့အစည်းအများအပြားကဲ့သို့ပင် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အနောက်တိုင်း သို့မဟုတ် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အရှေ့အာရှဒေသအများစု တွင်ရှိသော သာမန်စစ်တပ်တစ်တပ်ထက် များစွာ ပိုမိုကျော်လွန်‌သော ကာကွယ်ရေးအခန်းကဏ္ဍကို ရယူကိုင်စွဲထားသည့် စစ်တပ် တစ်တပ်ရပ် (တပ်မတော်) ရှိနေခဲ့ပါသည်။ ပြည်ပမှ သမိုင်းပညာရှင်များနှင့် နိုင်ငံရေး သိပ္ပံပညာရှင်များအနေဖြင့် မြန်မာနိုင်ငံရှိတပ်မတော်၏ တိုးတက်လာမှု နှင့် ဆက်လက်တိုးပွား လာနေခဲ့သော အင်အားကို ၎င်းတို့၏ ခေတ်ကာလများနှင့် နိုင်ငံတကာမှအမြင်များ၏ နားလည် သဘောပေါက်မှုအပေါ် ထင်ဟင်စေသည့်နည်းလမ်းများဖြင့် ကာလ ကြာရှည်စွာ ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏တပ်မတော်သည် ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခါနီးတွင် ဂျပန်များကိုဆန့်ကျင်သည့် အမျိုးသားရေးအင်အားစုတစ်ရပ်အဖြစ်၊ စစ်အေးတိုက်ပွဲကာလ အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခဲ့သည့် တော်လှန်‌ရေးအင်အားစုတစ်ရပ်အဖြစ် ၁၉၅၀ ခုနှစ်များ၊ ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များတွင် ကမ္ဘာကြီး၏ တောင်ဖက် (the ‘Global South’) တစ်လျှောက် အရပ်သားအစိုးရ များကို ဘေးဖယ်လစ်လျူရှု့ကာ မိမိအကျိုးစီးပွားကိုသာ အာရုံစိုက် ဆောင်ရွက်ခဲ့သည့် စစ်အာဏာရှင်စနစ်အဖြစ်၊ ကိုလိုနီစနစ် အကြွင်း အကျန်များအား တိုက်ထုတ်နေသည့် အမျိုးသားရေးအင်အားစုတစ်ရပ် အဖြစ်၊ ၁၉၈၀ ပြည့်နှစ်များတွင် လူထု၏ ယေဘုယျအားဖြင့် ကြီးမား သော လက်ခံမှုကိုရရှိခဲ့သော အဖွဲ့အစည်းတစ်ရပ်အဖြစ်၊ ထို့နောက် နှောင်းပိုင်း ၁၉၈၀ ပြည့်နှစ်များ၊ ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ် များတွင် စစ်အေးတိုက်ပွဲကာလအလွန် အရှေ့တောင်အာရှအပေါ် ခဏတာ လွှမ်းမိုးသွားခဲ့သောဒီမိုကရေစီလှိုင်းကိုကာဆီးထားရန်နည်း လမ်းရှာနေခဲ့သော လူကြိုက်မများတော့သည့် စစ်အာဏာရှင်အဖြစ် တည်ရှိခဲ့ပါ သည်။ စာရေးသူမှ ၂၀၀၈ တွင် ရေးသားခဲ့ပြီး ၂၀၀၉ တွင် ထုတ်‌ဝေခဲ့ သည့် မြန်မာနိုင်ငံအကြောင်းသမိုင်းထဲတွင် တပ်မတော်၏ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ကြိုးပမ်းမှုများအား “ရာသက်ပန်နှောင့်နှေးစေသော” ကာလတစ်ရပ် အဖြစ်ဖော်ပြခဲ့ပါသည်။1

မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်အား ပြဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပ ခဲ့ကာ ယေဘုယျအားဖြင့် တိုင်းပြည်အပေါ် တပ်မတော်၏ ထိန်းချုပ်နိုင် မှုကို ဆက်လက်ထိန်းသိမ်းထားပေးခဲ့သော များပြားလှသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်များ ရှိနေခဲ့သော်ငြားလည်း ၂၀၁၁ ခုနှစ်တွင် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်အား အုပ်ချုပ်ရေး အခန်း ကဏ္ဍသို့ ပို့ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ပညာရှင် အများအပြားသည် မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ ရှုမြင်မှုများကို ထပ်မံပြောင်းလဲခဲ့ကြပြန်ပြီး တချို့သည် တပ်မတော်အား ကန့်သတ်ချက်များရှိသော်လည်း ပြုပြင်ပြောင်းလဲနေသော အင်အား စုတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြပါသည်။2 ဒေါ်‌အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်လည်း ၂၀၁၂ ကြားဖြတ်ရွေး‌ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန် ဆုံးဖြတ်ခဲ့ကြပြီး တပ်မတော်မှအတည်ပြုထားသည့် စနစ်သစ်ထဲသို့ ဝင်ရောက်လာ ခဲ့ကြပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် NLD (၎င်းတို့၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) မှ အပြတ် အသတ် အနိုင်ရပြီးနောက် တပ်မတော်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုတစ်ရပ် ဆောင်ရွက်ခဲ့ပြီး ၎င်းမှတစ်ဆင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတစ်ရပ် စတင်ခဲ့ပါသည်။ တပ်မတော်မှ နိုင်ငံကိုအုပ်ချုပ်ရန် နိုင်ငံတော် စီမံ အုပ်ချုပ်‌ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး တစ်ချိန်တည်းမှာပင် စစ်သားများ အား မြို့ရွာများအတွင်း စေလွှတ်ခဲ့သောကြောင့် ခုခံမှုတိုက်ခိုက်မှုများ နှင့် တန်ပြန်ခုခံတိုက်ခိုက်မှုများသည် ပြည်တွင်းစစ်တစ်ရပ်အသွင် ကူးပြောင်းသွားခဲ့ပါသည်။ ပညာရှင်များ၊ သတင်းထောက်များနှင့် တခြားသူများသည် ဤဖြစ်ရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် လက်ရှိ ရှိနေသော သတ်မှတ်ချက်များအား အရပ်သားအာဏာအဖြစ် အပြည့်အဝပြောင်းလဲရန် NLD အနေဖြင့် အရှိန်ရလာသည့်အပေါ် တပ်မတော်မှ စိုးရိမ်လာခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ အကျပ်အတည်း များ၏ရလဒ်အဖြစ် ရှုမြင်ကာ ၎င်းတို့သည် အခြေအနေကို အဆက်မပြတ် စောင့်ကြည့်ခဲ့ပြီး တပ်မတော်အား တခြားနည်းလမ်း အသစ်တစ်ရပ်ဖြင့် ပုံဖော်ရန် ကြိုးပမ်းခဲ့ကြပြန်ပါသည်။3 ထိုကဲ့သို့ တိုးတက်ပြောင်းလဲ လာမှုသည် တပ်မတော်၏ အဓိကအဖွဲ့ဝင်များအား ၎င်းတို့အတိတ်တွင် ကျူးလွန်ခဲ့သည့် များစွာသော ရာဇဝတ်မှုများ အတွက် အပြစ်ပေးခံရနိုင်စေရန် လမ်းကြောင်းပွင့်သွားစေနိုင်ပါသည်။

ကျွန်ုပ်တို့ အထက်တွင် ဆွေးနွေးခဲ့သော ရှုထောင့်များသည် ပြည်ပ သို့မဟုတ် တိုင်းတစ်ပါးသုတေသနများမှ လာခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ရ ခြင်းမှာ ပြည်တွင်းတွင် အခြေစိုက်သော ပညာရှင်အများစုအနေဖြင့် တပ်မတော်အပေါ်တွင် ပွင့်လင်းစွာ သုတေသနပြုလုပ်ရန် အခွင့် အလမ်းများ လွန်စွာ ရှားပါးခဲ့သောကြောင့်ဖြစ်ကာ တပ်မတော်၏ ထိန်းချုပ်မှု ‘လျော့နည်း’ သွားရမည့် ဆယ်နှစ်တာကာလသည်လျှင်ပင် ၂၀၁၀ ပြည့်နှစ်များနှောင်းပိုင်း NLD နှင့် ၎င်းတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရပ်သားအစိုးရကို‌ရော၊ တပ်မတော် ကိုပါ ဝေဖန်သည့် မီဒီယာများ၊ သတင်းထောက်များနှင့် တခြား မည်သူ့ကိုမဆို ထိန်းချုပ်လိုသော ရည်ရွယ်ချက်ဖြင့် အစားထိုးခံခဲ့ရ ပါသည်။ ခေတ်နောက်ကျနေပြီး ဘက်လိုက်မှုများ မကြာခဏပါဝင် နေသော မြန်မာစစ်တပ်အပေါ် ရှုမြင်မှုများနှင့် အဖွဲ့အစည်းအတွင်း ထဲသို့ လက်လှမ်းမီခြင်းမရှိမှု အပါအဝင် တပ်မတော်ကိုယ်တိုင်မှ ၎င်းတို့ သည် ကိုလိုနီခေတ်မတိုင်မီ ဘုရင်စနစ်နှင့် စစ်ဘက်ဆိုင်ရာရိုးရာဓလေ့ များကို ကျင့်သုံး‌‌သော အဖွဲ့အစည်း တစ်ရပ်အဖြစ် လက်တွေ့မကျစွာ ပုံဖမ်းတင်ပြရန် အဆက်မပြတ် ကြိုးစားမှုတို့ကြောင့် မြန်မာတပ်မတော် သည် ပြည်တွင်းနှင့် ပြည်ပရှိ ပညာရှင်များအတွက်သာမက သာမန် လူထုထဲတွင်ပါ ဆိုးဝါးစွာ နားလည်မှုလွဲခံနေရသော အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။ တပ်မတော်သည် အများအားဖြင့် ၎င်းပင်ကိုယ် အင်အားထက် သာလွန်သည် သို့မဟုတ် လျော့နည်းသည်ဟု ပုံဖော်ခံ ရလေ့ ရှိပါသည်။ ထိုကဲ့သို့ မှားယွင်းသောယူဆချက်များသည် ယနေ့ ဖြစ်ပျက်နေသော မြန်မာနိုင်ငံအတွင်း စစ်အုပ်ချုပ်မှုကို အဆုံးသတ်ရန် ကျရှုံးမှုများစွာကို ဦးတည်လာစေခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာစစ်တပ်အား ၎င်းတို့၏နည်းစနစ်များကို ပြောင်းလဲဖို့ တွန်းအားပေးရာတွင် မအောင်မြင်မှုများကိုလည်း ဦးတည်လာစေခဲ့ပါ သည်။

လွှမ်းမိုးမှုကြီးမားသော်လည်း ခေတ်နောက်ကျနေသည့် မြန်မာ တပ်မတော် အပေါ် သရုပ်ဖော်ယူဆချက်များကို ကျော်လွှားရန် ကျန်ရှိနေသေးသည့် အတားအဆီးတစ်ရပ်မှာ တပ်မတော်အကြောင်း

အခြေခံသုတေသနတစ်ရပ်‌ ဆောင်ရွက်နိုင်ရေး ဖြစ်ပါသည်။ လက်ရှိဆောင်ရွက်ထားပြီးသော သုတေသနများသည် ထိပ်ပိုင်း ခေါင်းဆောင်များကိုသာ ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ထိပ်ပိုင်းစစ်တပ် အရာရှိများ၏ ရှုမြင်မှုများနှင့် ပြန်လည်ပြောဆိုမှုများ ပေါ်တွင် အလေး‌ပေးထားကာ ထိုသုတေသနများသည် တစ်ခါတစ်ရံ တွင် ၎င်းအရာရှိများ မိမိတို့၏တပ်မှ ထွက်ခွာလာပြီးနောက်ပိုင်းမှ ထုတ်ဖော်ပြောဆိုခဲ့မှုများမှတစ်ဆင့် လေ့လာထားခြင်းဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်များသည် နေ့စဉ် ၎င်းတို့၏အရာရှိများ၏ အနီးကပ်ထိန်းချုပ် မှုနှင့် စောင့်ကြည့်မှုကိုခံနေရသော သာမန်စစ်သားများ၏ လူမှု‌ရေး အခြေအနေနှင့် မတူညီသော လူမှုရေးအခြေအနေတစ်ရပ်ကို ကိုယ်စား ပြုပါသည်။ ၎င်းစစ်သားများ၏ သာမန်လူထုမှ လုံးဝခွဲခြားထားခံရ ခြင်းသည် သာမန်လူထုခံစားရသည့် အကြောင်းအရာများနှင့် ၎င်းစစ်သားများ ခံစားရသည့် သို့မဟုတ် ဆောင်ရွက်သည့် အရာများ အကြား မည်ကဲ့သို့သော နှိုင်းယှဉ်မှုမျိုးမှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ဖော်ပြနေပါသည်။ ဤအထူးထုတ်စာစောင်၏ ထူးခြားသော အခွင့်အရေးများထဲမှ တစ်ခုမှာ စစ်တပ်မှစွန့်ခွာလာ‌သော စစ်သည်များနှင့် မေးမြန်းခန်းများမှတစ်ဆင့် တချို့စစ်သားများ အနေဖြင့် မိမိတို့၏ ရာထူးတာဝန်ကို မည်ကဲ့သို့ရှုမြင်သည်နှင့် မြန်မာ့ လူအဖွဲ့အစည်းအတွင်းနှင့် တိုင်းပြည်အုပ်ချုပ်ရေးအတွင်းရှိ စစ်တပ်၏ အခန်းကဏ္ဍအပေါ် မည်သို့မည်ပုံတွေးခေါ်ကြသည့်အကြောင်း အသိအမြင်တချို့ကို ကျွန်ုပ်တို့ထံ ဝေမျှနိုင်ခြင်းဖြစ်ပါသည်။ ၎င်းအသိ အမြင်များသည် တာဝန်ဆက်မထမ်းဆောင်တော့ရန် ရွေးချယ်ခဲ့သည့် တပ်မတော်အတွင်းရှိ လူဦးရေအနည်းငယ်ကိုသာ ကိုယ်စားပြု‌သော ကြောင့် ပိုမိုကြီးမားသော အခြေအနေတစ်ရပ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤသို့ ဆောင်ရွက်နိုင်ခြင်း သည်ပင်လျှင် စတင်မှုတစ်ရပ် ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထား သော အတိုချုပ် သုံးသပ်ချက်ထဲတွင် စာရေးသူသည် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်၏ အခန်းကဏ္ဍအား ပိုမိုကျယ်ပြန့် သော အခြေအနေတစ်ရပ်ထဲတွင် ထည့်သွင်းရန် ကြိုးစားသည့် အနေဖြင့် တပ်မတော်သမိုင်းကြောင်း၏ အ‌ရေးပါသော ကဏ္ဍတချို့ကို ဆွေးနွေးထားပါသည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံအပေါ် ထိန်းချုပ်မှုကို မည်ကဲ့သို့ ရယူနိုင်ခဲ့သနည်း

သမိုင်းတွင် ကျော်ကြားခဲ့သော အောင်နိုင်သူ ဗမာရှင်ဘုရင်များ၏ ရုပ်ထုများပတ်ပတ်လည်တွင် ကျင်းပလေ့ရှိသော စစ်ရေးပြ အခန်းအနားများကဲ့သို့ တပ်မတော်၏ သရုပ်ပြပွဲများနှင့် တပ်မတော်၏ ကိုယ်ပိုင်တရားဝင်သမိုင်းကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ချီးမြှောက် ကြော်ငြာမှုသည် မြန်မာတစ်နိုင်ငံလုံးအား ၎င်းတို့သည် ကိုလိုနီခေတ်မတိုင်မီက စစ်တပ်များနှင့် အုပ်ချုပ်သူများ၏ အမွေဆက်ခံသူမျိုးဆက်များအဖြစ် ယုံကြည်စေခဲ့ပါသည်။ သို့သော် မြန်မာတပ်မတော်သည် ကိုလိုနီခေတ်မတိုင်မီက ထိုစစ်တပ်များနှင့် လုံးလုံးလျားလျားမှ သက်ဆိုင်မှုမရှိပါ။ ၁၉၆၂ ခုနှစ် ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအာဏာနှင့်နှိုင်းစာလျှင် တပ်မတော်၏အခန်းကဏ္ဍနှင့် ဥပဒေများမှ‌ ကျောထောက်နောက်ခံ ပြုထားပေးခဲ့သော ၎င်းတို့၏ ကာကွယ်ရေးတာဝန်ဆိုင်ရာ သာလွန် ပိုကဲမှုများသည် ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် ဖွဲ့စည်းခဲ့သော ကိုလိုနီ စစ်တပ်ကို နမူနာယူ ဖွဲ့စည်းထားခြင်းသာ ဖြစ်ပါသည်။ တိုင်းရင်းသား လူနည်းစုများ (‘စစ်တပ်လူမျိုးစုများ’၊ ‘martial races’) ကို အခွင့်အ‌ရေး ပိုပေးရန် ဗြိတိသျှတို့သည် ၁၉၂၈ တွင် ဗမာလူမျိုးများအား စစ်တပ်ထဲ တွင် တာဝန်ထမ်း‌ဆောင်ခြင်းမှ တားမြစ်ရန်ဆုံးဖြတ်ခဲ့ခြင်းသည် လွတ်လပ်ရေးရပြီးခေတ်ရှိ စစ်တပ်သည် ဘက်လိုက်မှုများနှင့် ပြည့်နှက် နေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ၎င်းအား တုန့်ပြန်သည့်အနေဖြင့် ၁၉၃၀ ပြည့်နှစ်များတွင် ဗမာအမျိုးသားရေးပါတီများသည် ၎င်းတို့ကိုယ်ပိုင် စင်ပြိုင်တပ်များ (စစ်တပ်များ) တည်ထောင်ခဲ့ ကြသော်လည်း ၎င်းတို့တွင် လက်နက်များ တပ်ဆင်ထားခြင်း မရှိခဲ့ပါ။4 ဂျပန်တို့၏ လေ့ကျင့်သင်ကြားမှုအောက်တွင် လွတ်လပ်ရေး ခေါင်းဆောင် ကိုအောင်ဆန်းသည် ဗမာလွတ်လပ်ရေး တပ်မတော်သစ်၏ အ‌ချက် အချာအနေဖြင့် သခင်တချို့ဖြစ်သည့် ရဲဘော်သုံးကျိပ်ကို စုစည်းခဲ့ကာ ၎င်းစစ်တပ်သည် ၁၉၄၂ ခုနှစ်ဂျပန်များမှ ဗြိတိသျှတို့အား တိုက်ထုတ်ခဲ့ ချိန်တွင် အင်အားကြီးမားလာခဲ့ပြီး ဂျပန်တို့အနေဖြင့် စိုးရိမ်ပူပန်လာ သည်အထိ အင်အား အဆမတန်ကြီးမားလာခဲ့ပါသည်။ ထို့ကြောင့် ဂျပန်တို့သည် ထိုတပ်အားဖျက်သိမ်းပြီး ပိုမိုသေးငယ်သောစစ်တပ်ဖြစ်သည့် ဗမာပြည်ကာကွယ်ရေးတပ်မတော် (Burma Defense Army – BDA) ကို ပြန်လည် ဖွဲ့စည်းပေးခဲ့ပါသည်။ ဂျပန်များအနေဖြင့် BDA အား ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချရန် ကြိုးပမ်းခဲ့သည့်အခါတွင် BDA မှ ပြန်လည်ပုန်ကန်ခဲ့ပြီး ကျူးကျော်ဝင်ရောက်နေသည့် မဟာမိတ်များနှင့် ပူးပေါင်းခဲ့ပါသည်။ သမိုင်းပညာရှင် ဒေါ်သရဖီသန်း၏ လေ့လာတွေ့ရှိချက်အရ ၎င်းတပ်မတော်သည် လွန်စွာ ရေပန်းစားလူကြိုက်များခဲ့ပြီး ၎င်းတို့၏ ရာထူးအဆင့်များ ထဲတွင် အမျိုးသမီးများပါ ပါဝင်ခဲ့ပါသည်။5

ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ကြံခံရမှု၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့မှုနှင့် သိပ်မကြာမီအချိန်တွင် ပြည်တွင်းစစ် ပေါ်ပေါက်လာမှုတို့သည် မျက်မှောက်ခေတ်မြန်မာတပ်မတော်အတွက် ပုံစံခွက်တစ်ခုကို ချမှတ်ပေးခဲ့ပါသည်။ တပ်မတော်၏ ခေါင်းဆောင် ရာထူးအား ကရင်လူမျိုး အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ စမစ်သ်ဒွန်း ကို ပေးအပ်ထားခဲ့ပြီး ၁၉၄၉ ခုနှစ် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည့်အချိန်တွင် စမစ်သ်ဒွန်း၏ ကရင်လူမျိုး ဖြစ်နေမှုသည် နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်လာခဲ့ကာ ၎င်းတာဝန်မှ ရပ်စဲခံလိုက်ရချိန်တွင် တပ်မတော်၏ အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းမှ နေရာယူခဲ့ပါသည်။6 ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်းသည် တပ်မတော်ကို ဆယ်စုနှစ်ချီ စိုးမိုးချုပ်ကိုင် သွားကြမည့် ၎င်းနှင့်နီးစပ်သော အရာရှိတချို့ကို စုစည်းခဲ့ပါသည်။ ထိုအရာရှိများအား မိသားစုအချိတ်အဆက်များနှင့် တိုင်းပြည်အတွင်း တွင် သန်မာပြီး အာဏာရှင်ဆန်သော အစိုးရပုံစံတစ်ရပ်ကို လိုလားခဲ့ သည့် အတတ်ပညာရှင် ကွန်ယက်များမှတစ်ဆင့် ချိတ်ဆက် တာဝန် ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လွတ်လပ်သော သတင်းမီဒီယာများနှင့် အတတ်ပညာရှင်များ အပေါ် နိုင်ငံရေးနှင့် မီဒီယာမှတစ်ဆင့် ဆန့်ကျင် တိုက်ခိုက်ခဲ့ကြကြောင်း သမိုင်းပညာရှင်တစ်ဦးဖြစ်သူ မောင်ဘိုဘိုမှ ဖော်ပြခဲ့ပါသည်။7 တစ်ချိန်တည်းမှာပင် တပ်မတော်အနေဖြင့် တချို့သော ရင်းမြစ်များကို ထိန်းချုပ်မှုရယူကာ ဘဏ္ဏာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်မှုတစ်ရပ်ကို ဖန်တီးနေခဲ့ပြီး တစ်ဖက်မှာလည်း တိုင်းပြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ခြိမ်းခြောက်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ခိုင်မာတောင့်တင်းသည့် အဆင့်ဆင့် ဦးစီးကွပ်ကဲမှုတစ်ရပ်ကိုလည်း တည်ဆောက်နေခဲ့ပါသည်။8

ဗိုလ်ချုပ်ကြီးနေဝင်းချန်ရစ်ခဲ့သော အမွေအနှစ်သည် ရာစုနှစ် တစ်ဝက် ကြာ တိုင်းပြည်အပေါ် သိသာထင်ရှားသော စစ်တပ်၏ချုပ်ကိုင်မှုကို စတင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းစစ်နှင့် ရွေးကောက်ပွဲ အကြပ် အတည်းအခြေအနေများကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ် ဦးနုထံမှ ပထမဆုံးအကြိမ် အာဏာရယူခဲ့ပြီး အိမ်စောင့်အစိုးရတစ်ရပ် ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ကာ ၎င်းအစိုးရသည် မြန်မာနိုင်ငံကို ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့ပါသည်။ ထိုကာလအတွင်းတွင် တပ်မတော်၏ စွမ်းဆောင်ရည်အား မိတ်ဆက်ရန်ဟုဆိုကာ ဌာနဆိုင်ရာများအားလုံး၌ ဝန်ကြီးများနှင့် အပြိုင် စစ်ဖက်အရာရှိများကို ခန့်အပ်ထားရှိခဲ့ပါသည်။ သို့သော် နိုင်ငံရေးအကြပ်အတည်းများ လျော့နည်းသွားပြီး စီးပွား‌ရေး ပြန်လည်ဦးမော့လာသောကြောင့် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပခဲ့ကာ ဦးနု၏ တစ်ကျော့ပြန် အနိုင်ရရှိမှုကို ဦးတည်စေခဲ့ပါသည်။ သို့သော် ၎င်းအနိုင်ရရှိခဲ့မှုသည် ကြာကြာမခံလိုက်ပါ။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းနှင့် တပ်မတော်မှ အပြည်အဝ ထိန်းချုပ်မှုရယူခဲ့ကာ ထိုအချိန်က သင့်မြတ်စွာ ရွေးကောက် ခံပြီး ရာထူးရယူထားခဲ့သော အရပ်သားခေါင်းဆောင်များကို ဖမ်းဆီး ခဲ့ပါသည်။ ဦးနေဝင်းသည် တော်လှန်ရေးအစိုးရတစ်ရပ် ကြေညာခဲ့ပြီး အထူးပါတီတစ်ရပ်ထူထောင်ကာ လူထုလွတ်လပ်ခွင့်ကို တားမြစ်ခဲ့ပြီး ‘ဗမာ့ ဆိုရှယ်လစ်လမ်းစဉ်’ အမည်ဖြင့် နိုင်ငံ၏စီးပွားရေးကို လက်ဝဲဖက် သို့ ယူဆောင်သွားခဲ့ပါသည်။ ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ကို ရေးဆွဲပြီး တပ်မတော်မှထွက်ခွာကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမည်ရှိ ပါတီကို ၎င်းဦးဆောင်ထူထောင်၍ တစ်ပါတီစနစ်ဖြင့် အရပ်သားအစိုးရသစ်ကို ဖန်တီးခဲ့ပြီး တပ်မတော် အတွင်းရှိ အ‌ရေးပါသောနေရာများတွင် ၎င်းအားထားရသော အရာရှိ အချို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။9 စီးပွားရေးချွတ်ခြုံကျခဲ့ပြီး ၁၉၈၈ တွင် ဆန္ဒပြမှုများ ပေါ်ထွက်လာခဲ့ကာ ဦးနုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများသည် နိုင်ငံရေးရှေ့မျက်နှာစာ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ‌ဦးနေဝင်း နုတ်ထွက်ခဲ့ကာ အစိုးရ ပြိုလဲမှု ဖြစ်ပွားခဲ့ပါသည်။ ဦးနေဝင်းနှင့် ၎င်းမိသားစုဝင်များသည် နိုင်ငံအား နောက်ကွယ်မှ ဆက်လက်ထိန်းချုပ်လည်ပတ်နေခဲ့သည်ဟု ကောလဟာလများ ကြားရသော်လည်း ဆယ်စုနှစ်တစ်စုအကြာတွင် ၎င်းတို့သည် ဘေးသို့ တွန်းပို့ခံလိုက်ရပါသည်။10

တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက်ရန်နှင့် နိုင်ငံတော်၏ အနာဂတ်အစိုးရကို အဆုံးအဖြတ်ပေးနိုင်မည့် ရွေးကောက်ပွဲ ကျင်းပနိုင် ရေးအတွက် ပြင်ဆင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ ကြားဝင်စွက်ဖက်ခဲ့ပါသည်။ ယခင်အစိုးရအား ဆန့်ကျင်ခဲ့သည့် ဆန္ဒပြသူများမှ NLD ကဲ့သို့ နိုင်ငံရေးပါတီအသစ်များ ဖွဲ့စည်းနေ ခဲ့ချိန်တွင် တပ်မတော်မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီများ (နဝတ) ဟု အမည်ရှိ သည့် စစ်ခုံအဖွဲ့များကို အုပ်ချုပ်ရေးအဆင့်ဆင့်တွင် ဖွဲ့စည်းထားရှိခဲ့ပြီး ၎င်းတို့အားလုံးကို အုပ်ချုပ်ရန် ဗဟိုနဝတအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ တပ်မတော်အနေဖြင့် ရှေ့ဆောင်ပါတီတစ်ခုကိုလည်း ဖွဲ့စည်းခဲ့ပြီး များမကြာမီအချိန်အတွင်း ပြိုင်ဖက်များကို စတင်ဖမ်းဆီးမှုများ ပြုလုပ် လာခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်နှစ်ကြာသောအခါ NLD မှ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ တပ်မတော်မှ လျှင်မြန်စွာပင် ထိုရလဒ်ကို ပယ်ဖျက်ခဲ့ပြီး ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ ကာ နိုင်ငံတစ်နိုင်ငံလုံးအား ကစဥ့်ကလျားအခြေအနေသို့ တွန်းပို့ခဲ့ပြီး ထိုအချိန်ကဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်မီးကို လောင်စာဖြည့်ပေးခဲ့ ပါသည်။ ၁၉၉၇ တွင် ပိုမိုပျော့ပြောင်းသော အမည်ဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟူသော အမည်ကို မယူခင်အထိ တပ်မတော်သည် နိုင်ငံတော်အား နဝတအမည်အောက် တွင် ဆက်လက်အုပ်ချုပ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်မှစတင်ပြီး တပ်မတော်အနေဖြင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ် များနှင့် ၎င်းတို့၏ တပ်မိသားစုဝင်များစွာကို ချမ်းသာစေနိုင်မည့် စည်းမျဥ်းသတ်မှတ်ချက်များဖြင့် တိုင်းပြည် စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုများထံသို့ ဖွင့်ပေးခဲ့ပါသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတကာမှ ပိတ်ဆို့မှုများကြောင့် တိုင်းပြည်၏ စီးပွား‌‌ရေးပုံရိပ်ကို ထိခိုက်စေခဲ့ကာ စစ်ဗိုလ်ချုပ်များ အနေဖြင့်လည်း ပြဿနာအသစ်များဖြစ်သည့် ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သော ပြည်တွင်းစစ်ကို အနိုင်ရရန် နည်းလမ်းရှာဖွေဖို့ လိုအပ်လာခြင်း၊ အနာဂတ်တွင် စစ်တပ်မဟုတ် သော အစိုးရတစ်ရပ်မှ ၎င်းတို့ကျူးလွန်ထားသော ရက်စက် ကြမ်းကြုတ်မှုများအတွက် ပြစ်ဒဏ်ခံပေးနိုင်ခြင်းမရှိမှု သေချာစေရန်နှင့် ၎င်းတို့၏ ကြွယ်ဝမှုများအား စိစစ်ခံရခြင်းများမှ အပြည့်အဝ ကာကွယ်ရန်တို့ကို ကိုင်တွယ်ဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေရန် လိုအပ်လာခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေး ညှိနှိုင်းမှုများသည် ပြည်တွင်းစစ်ကို ယေဘုယျအားဖြင့် အဆုံးသတ်ပေး ခဲ့ပါသည်။11 ဖွဲ့စည်းပုံအခြေခံဥပဒေ‌ရေးဆွဲသည့် လုပ်ငန်းစဉ်တစ်ခုမှ တပ်မတော် အနေဖြင့် အတိတ်ကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အတွက် တရားစွဲဆိုမှုခံရခြင်းမှ ကင်းလွတ်စေရန် သေချာစေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ဖန်တီး‌ပေးခဲ့ပါသည်။ တပ်မတော် အတွက် ဗီတိုအာဏာသုံးခွင့်နှင့် တချို့သော အာဏာများကို တပ်မ‌တော်မှ ကိုင်စွဲထားနိုင်စေရန် သေချာစေခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်များသည် အနာဂတ်တွင် တက်လာမည့် မည်သည့်အစိုးရမဆို မြန်မာနိုင်ငံစီးပွားရေးထဲတွင်ရှိနေသော တပ်မတော်မှ ဦးဆောင်သည့် လျှို့ဝှက်ကြိုးကိုင်မှုများကို စိန်ခေါ်ရန် ကြိုးပမ်းပါက ဖြုတ်ချခံမည်ဖြစ်ကြောင်း ရည်ညွှန်းနေခဲ့ပါသည်။ စနစ်သစ်အတွင်း ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အောက်တွင်သာမက နှစ်အနည်းငယ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်မှ တရားဝင် မဟုတ်သော ခေါင်‌‌ဆောင်ဖြစ်လာခဲ့သည့်အချိန်ထိတိုင်အောင် အရာအားလုံး အဆင်ပြေနေသယောင်ရှိခဲ့ပြီး သူမအနေဖြင့် တပ်မတော်အား သူမသည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ကြောင်း သက်သေပြရန် ကြိုးစားခဲ့ပါသည်။

၂၀၁၅-၂၀၂၀ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရအနေဖြင့် တပ်မတော်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ရိုဟင်ဂျာလူထုအား တိုက်ခိုက်မှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်နှင့် တခြားသော အကြောင်းရင်းများစွာကြောင့် နိုင်ငံတကာမှ ဝေဖန်မှုများနှင့် ရှုံ့ချမှုများခံခဲ့ရပါသည်။ သို့သော် ပြည်တွင်းတွင် သူမ၏ ထင်ပေါ်ကျော်ကြားမှုသည် NLD ပါတီအား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရစေခဲ့ပြီး ထိုရလဒ်ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အကာအကွယ်များ ဖယ်ရှားခြင်းခံရကာ အတိတ်ကရော လက်ရှိတွင်ပါ တာဝန်ထမ်း‌ဆောင်နေသည့် ဗိုလ်ချုပ်များအနေဖြင့် ရွေးကောက်ခံ အရပ်သားခေါင်းဆောင်များ၏ သြဇာအာဏာသိမ်းယူမှုဒဏ်ကို ခံလာရနိုင်ပြီး နောက်ဆုံးတွင် အကျင့်ပျက်ခြစားမှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုခံရမည်ကို စိုးရိမ်လာခဲ့ပါသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲရလဒ်များအား မဟုတ်မှန်‌ကြောင်း ခုခံပြောဆိုခဲ့သော်လည်း တပ်မတော်နှင့် NLD အကြား ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ခဲ့ဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းမှုကို စတင်ခဲ့ပါသည်။ NLD အရပ်သားခေါင်းဆောင်များအား ဖမ်းဆီးခဲ့ကာ အကျင့်ပျက်ခြစားမှု အပါအဝင် တခြားသောအမှုများဖြင့် တရားစွဲဆိုခဲ့ပြီး အနာဂတ်တွင် ‘ရွေးကောက်ပွဲ’ အသစ် ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ လူထု၏ မကျေနပ်မှုအား အာဏာဖီဆန်ရေး လှုပ်ရှားမှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်လာရသောအခါ တပ်မတော်အနေဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုကို ကျင့်သုံးခဲ့သောကြောင့် နိုင်ငံအတွင်းဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ပိုမိုကြီးမားလာစေခဲ့ပါသည်။ ဤအထူးစာစောင်ထဲ တွင် ပါဝင်သော မေးမြန်းမှုများသည် ၎င်းပြည်တွင်းစစ်အတွင်း တပ်မတော်မှ စွန့်ခွာလာခဲ့သူများနှင့် တွေ့ဆုံမေးမြန်းထားချက်များ ဖြစ်ပါသည်။

တပ်မတော်မှလူ့အဖွဲ့အစည်းထဲတွင်ရှိသော၎င်းတို့၏အခန်းကဏ္ဍကိုသတ်မှတ်ရှုမြင်ပုံ12

ဗိုလ်ချုပ်ကြီးများသည် ပြည်သူအများစုအနေဖြင့် မိမိကိုယ်ပိုင် ပုဂ္ဂလိက အမြင်တွင် လက်မခံသည့်တိုင်‌အောင် နှုတ်အားဖြင့် အများအကြားတွင် လက်ခံပြရန်တာဝန်ရှိသည့် တိုင်းပြည်၏ ဝိသေသလက္ခဏာအပေါ် အခြေခံပြီး ပြုမူဆောင်ရွက်လေ့ ရှိကြပါသည်။ ၎င်းအချက်သည် စည်းစနစ်တကျ ဖွဲ့စည်းထားသော လူ့ဘောင်အဖွဲ့အစည်းတိုင်းတွင် ဖြစ်လေ့ရှိသော အရာတစ်ခု ဖြစ်ပါသည်။ သြဇာအာဏာရှိသောသူများ သည် ကမ္ဘာကြီးနှင့် ထိုကမ္ဘာကြီးထဲတွင်ရှိသော ၎င်းတို့၏ အခန်းကဏ္ဍအား ကြည့်ရှုရာတွင် တခြားသူများနှင့် မတူညီသော သတ်မှတ်ချက်မူ‌ဘောင်များဖြင့် ပုံဖော်လေ့ရှိကြပါသည်။ အနောက်တိုင်းပုံစံအသိပညာများ ဖွဲ့စည်းတည်ဆောက်ပုံ၏ အဆိုအရ ကျွန်ုပ်တို့မြင်တွေ့နေရသော ကမ္ဘာကြီးတစ်ခုသာလျှင် စစ်မှန်သော ကမ္ဘာကြီးဖြစ်ကာ ကျန်သည့်တခြားအရာတိုင်းသည် စိတ်ကူးယဉ်မှုများသာ ဖြစ်သည်ဟုဆိုသော်လည်း လူတိုင်းသည် ကမ္ဘာကြီးအား နည်းလမ်းနှစ်မျိုးဖြင့် တစ်ပြိုင်နက်တည်း ကြည့်ရှုလေ့ရှိပြီး ၎င်းအချက် သည် ကျွန်ုပ်တို့ တခြားသူများနှင့် နိစ္စ ဆက်ဆံရာတွင် လွှမ်းမိုးမှု ရှိပါသည်။

ပထမဦးစွာ လူပုဂ္ဂိုလ်များအနေဖြင့် သူလိုငါလို သာမန်နည်းလမ်းဖြင့် ရှုမြင်သည့် ၎င်းတို့၏ နေ့စဉ်ဘဝ၊ ၎င်းတို့၏ ဇီဝ‌ဗေဒဆိုင်ရာ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ၎င်းတို့၏ တစ်ဦးချင်းဆိုင်ရာ အသက်ရှင်ရပ်တည်မှုများရှိပြီး ၎င်းတို့ကို ကျွန်ုပ်တို့အနေဖြင့် “သူလိုငါလို သာမန်ဖြစ်သောဖြစ်တည်မှုဘဝ” ဟု ခေါ်ဆိုနိုင်ပြီး တစ်ဖက်တွင်မူ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံကို ပုံဖော်ပေးသည့် ပိုမိုကြီးမားသည့် လူမှု‌ရေးဇာတ်ကြောင်း တစ်ရပ် ရှိပါသည်။ ဥပမာ သင့်အနေဖြင့် ဘန်ကောက် သို့မဟုတ် ‌အောက်စ်ဖို့ဒ်မှ လမ်းတစ်လမ်းကိုကြည့်ပါက အစားအစများရောင်းသော စားသောက်ဆိုင်များ၊ အဝတ်အထည်များ ရောင်းသော အထည်ဆိုင်များ၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၊ လူငယ်များ၊ လူကြီးများ ပါဝင်သည့်ရာ ချီသောလူများ အစရှိသည်တို့ကို မြင်နိုင်ပါသည်။ ကျွန်ုပ်တို့ရရှိသော လုပ်ခလစာများအကြောင်း၊ ဆရာဝန်မှ ညွှန်ကြားထားသောဆေးများကို မည်သည့်အချိန်တွင် သောက်ရမည့်အကြောင်း၊ အခွန်ဆောင်ရန်အကြွေးကျန်နေခြင်း ရှိမရှိအကြောင်း၊ ကျွန်ုပ်တို့ မည်သူနှင့်ချိန်းတွေ့သည် လက်ထပ်မည် ဆိုသည့်အကြောင်း၊ ကျွန်ုပ်တို့ မည်သည့်အသက်အရွယ်တွင် အနားယူမည့်အကြောင်းတို့ကို စဉ်းစားကြပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ကမ္ဘာ၊ ကိုယ်‌ရေးကိုယ်တာကဏ္ဍ၊ ရင်းနှီးသော လူသားအချင်းချင်းအကြား အပြန်အလှန်ဆက်ဆံမှုများဖြစ်ပြီး ထို့ကြောင့် ၎င်းတို့သည် ကျွန်ုပ်တို့၏ “သူလိုငါလိုသာမန်ဖြစ်သော ဖြစ်တည်မှုဘဝ” ဖြစ်ပါသည်။

ဒုတိယအနေဖြင့် Charles Taylor မှ “လူ့အဖွဲ့အစည်းထဲတွင် ရှိသော ကျွန်ုပ်တို့၏အခန်းကဏ္ဍကို သတ်မှတ် ရှုမြင်ပုံ (social imaginary)” ဟုခေါ်သော အပိုင်းလည်း ရှိပါသည်။ ဤအပိုင်းသည် ကမ္ဘာကြီးနှင့် တခြားသူများအကြား ကျွန်ုပ်တို့အနေဖြင့် မည်သို့မည်ပုံ ဝင်ဆံ့မှုရှိသည့်အမြင်အပေါ် ကျွန်ုပ်တို့၏ လူ့ဘောင်အဖွဲ့အစည်းနှင့် စည်းစနစ်များမှ လွှမ်းမိုးထားသည့် ရှုမြင်ချက် ဖြစ်ပါသည် – “လူများအနေဖြင့်မိမိတို့၏ လူမှုရေးဆိုင်ရာဖြစ်တည်မှုအပေါ် စိတ်ကူးပုံဖော်သည့်နည်းလမ်းများ၊ ၎င်းတို့အနေဖြင့် တခြားသူများ အကြား မည်သို့မည်ပုံဝင်ဆံ့မှုရှိခြင်း၊ ၎င်းတို့နှင့် ၎င်းတို့၏ အပေါင်းအသင်းများအကြား မည်သို့မည်ပုံဖြစ်ပျက်နေခြင်း၊ ပုံမှန် အားဖြင့် ဖြည့်ဆည်းမှုခံရသော မျှော်လင့်ချက်များနှင့် ၎င်းမျှော်လင့်ချက်များကိုအခြေခံသည့် ပိုမိုလေးနက်မှုရှိသော စံသတ်မှတ်ချက်များနှင့် ပုံဖော်မှုများ။” 13 ဤအပိုင်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြစ်တည်မှုဘဝအပိုင်းနှင့် တန်းတူညီမျှ အရေးပါပြီး ကျွန်ုပ်တို့သည် သူလိုငါလိုသာမန်ဖြစ်သော ဖြစ်တည်မှုဘဝနှင့် လူ့အဖွဲ့အစည်းထဲတွင်ရှိသော ကျွန်ုပ်တို့၏ အခန်းကဏ္ဍကို သတ်မှတ်ရှုမြင်ပုံ နှစ်ခုစလုံးထဲတွင် တစ်ပြိုင်နက်တည်း တည်ရှိနေကြပါသည်။ ၎င်းတို့နှစ်ခု၏ တစ်ခုအပေါ်တစ်ခု ရောယှက်နေမှုကြောင့် ကျွန်ုပ်တို့နေ့စဉ်ဘဝတွင် ရှင်သန်ရန် ၎င်းတို့နှစ်ခုအကြား အချိန်ပြည့်ညှိနှိုင်းနေဖို့ လိုအပ်စေပါသည်။14 လူသားတစ်ယောက်နှင့် ဆရာဝန်တစ်ယောက်၊ လူသားတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်၊ လူသားတစ်ယောက်နှင့် စစ်ဗိုလ်ချုပ်တစ်ယောက်တို့သည် လူတစ်ဦး တည်းသာလျှင်ဖြစ်‌သော်လည်း ၎င်းတို့အနေဖြင့် မိမိ၏ မည်သည့်ကိုယ်ပိုင်လက္ခဏာ ‘ပုဂ္ဂိုလ်ရေးအတ္တ’ သို့မဟုတ် ‘လူမှုရေးအတ္တ’ ကို အသုံးပြုမည်ဖြစ်ကြောင်း ဆုံးဖြတ်ရမည်ဖြစ်ကာ ထိုဆုံးဖြတ်ချက်သည် သတ်မှတ်ထားသည့်အချိန်ကာလတွင် ၎င်းတို့အနေဖြင့် မည်သို့မည်ပုံပြုမူဆောင်ရွက်မည်ဆိုသည့်အပေါ် သက်ရောက်မှုရှိပါမည်။

ထိုရွေးချယ်မှုများမှဖြစ်ပေါ်လာသည့် ထူးခြားဆန်းသစ်သော အပြန်အလှန်ဆက်ဆံမှုများသည် ၎င်း၏ကိုယ်ပိုင်ယုတ္တိဗေဒအရ လည်ပတ်နေသော ကမ္ဘာကြီး၏ ရှုထောင့်တစ်ခုအသွင် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာစေပါသည်။ လူပုဂ္ဂိုလ်တစ်ဦးမှ ကမ္ဘာကြီးကို မည်သို့မည်ပုံရှု့မြင်ခြင်းအား ထိုပုဂ္ဂိုလ်၏မသိစိတ်မှ သန်းနှင့်ချီသော သေးငယ်သည့် ညှိနှိုင်းဆွေးနွေးမှုများ‌ ဆောင်ရွက်ခြင်းဖြင့် ပုံဖော်ပေးပါသည်။ စာ‌ရေးသူမှ ၎င်းရလဒ်အား “စိတ်မြင်ကွင်းတစ်ခု – mindscape” အဖြစ် ရည်ညွှန်းပါသည်။ လူတချို့အား တူညီသောအခန်းကဏ္ဍများတွင် နေရာယူစေပြီး တူညီသောအတွေ့အကြုံများ ခံစားတွေ့ကြုံစေပါက ၎င်းတို့၏ စိတ်မြင်ကွင်းများတွင် တူညီမှုများရှိသည်ကို တွေ့ရမည်ဖြစ်သော်လည်း အချို့သောအဆင့်များတွင်မူ တစ်ယောက်ချင်းစီသည် ကွဲပြားမှုရှိသည်ကို တွေ့မြင်ရပါမည်။ ထိုသို့ ဖြစ်ရခြင်း၏ အဓိကသော့ ချက်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်တစ်သီးပုဂ္ဂလ လိုအပ်ချက်များနှင့် လူမှုရေးအခန်းကဏ္ဍများကို ပူးပေါင်းကာ ၎င်းပုဂ္ဂိုလ်၏အမြင်တွင် မှန်ကန်ပြီး အဓိပ္ပာယ်ရှိသည်ဟုထင်ရသည့် ကမ္ဘာကြီးအပေါ် ရှုထောင့်တစ်ခု ဖန်တီးပေးသောကြောင့်ဖြစ်ပါသည်။ ထိုနည်းဖြင့် စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ရင်းမြစ်များကို‌ အသုံးချကာ ရလာသောကြွယ်ဝမှုများကို ၎င်းတို့၏အိတ်ကပ်ထဲသို့ ထည့်နေကြသော်လည်း ၎င်းတို့သည်သာလျှင် တိုင်းပြည်အတွက် စစ်မှန်သောကာကွယ်သူများဟု အထင်ရောက်နေကြခြင်း ဖြစ်ပါသည်။ လူပေါင်းများစွာကို ချနင်းပြီး ၎င်းတို့အတွက် ကြွယ်ဝမှုများ ဖန်တီးတည်ဆောက်ခဲ့ကြသည် ဆိုသည်မှာ မှန်ကန်သော်လည်း ၎င်းတို့ကိုယ်၎င်းတို့မူ တိုင်းပြည်၏ကာကွယ်သူများအဖြစ် ရှုမြင်နေကြပါသည်။

ကိုလိုနီခေတ်မတိုင်မီ တော်ဝင်မင်းမျိုးမင်းနွယ်များခေတ်က ၎င်းတို့၏အခန်းကဏ္ဍကို သတ်မှတ်ရှုမြင်ပုံများသည်လည်း ယခုနှင့် များစွာဆင်တူသည့်ပုံစံများဖြင့် လည်ပတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ တော်ဝင်ဓလေ့ထုံးတမ်းများနှင့် ရဟန်းများ၏ သိဒ္ဓိတင်အတည်ပြုပေးမှု၊ တော်ဝင်သမိုင်းကြောင်းများအတွင်းနှင့် ဘုန်းတော်ကြီးကျောင်းများရှိ သရုပ်ဖော်ပုံများတွင်သာမက တော်ဝင်အသုံးအဆောင်များနောက်ကွယ်ရှိ ဒဏ္ဍာရီများတွင်ပါ နက်ရှိုင်းစွာ မှတ်တမ်းတင်ထားသည့် တော်ဝင်မျိုးနွယ်များ၏ အခန်းကဏ္ဍကို သတ်မှတ်ရှုမြင်ပုံများကြောင့် သိကြားမင်းသည် နတ်ပြည်တွင် သာသနာ (ဗုဒ္ဓဘာသာ) ကို ကာကွယ်သူဖြစ်သကဲ့သို့ ရှင်ဘုရင်သည်လည်း လူ့ပြည်တွင် သာသနာကိုကာကွယ်သူအဖြစ် သတ်မှတ်ထားခံခဲ့ရပါသည်။ တစ်စုံတစ်ယောက်သည် ထီးနန်းဆက်ခံသူအဖြစ် မွေးဖွားလာသည့်တိုင်အောင်၊ မည်သူမှ ဘုရင်အဖြစ်မွေးဖွားလာသည်မဟုတ်ဘဲ တော်ဝင်မျိုးနွယ်များအကြား ယှဉ်ပြိုင်မှု၊ ပရိယာယ်ဆင်ခြင်းများ၊ မတရားသိမ်းပိုက်ခြင်းနှင့် ပြည်တွင်းစစ်များဖြစ်ပွားရသည်အထိဖြစ်ခြင်းတို့သည် ဘုရင်ဖြစ်လာသောသူများမှာ တစ်ချိန်က လူသာမန်အမျိုးသားများ (တစ်ခါတစ်ရံတွင် အမျိုးသမီးများ)သာဖြစ်ကြောင်း ဖော်ပြနေပါသည်။ ရှင်ဘုရင်မှ တရားဓမ္မနှင့်အညီအုပ်ချုပ်ပြီး၊ နယ်မြေအတွင်းနှင့် ရဟန်းရှင်လူအပေါင်းအား ငြိမ်းချမ်းစေ၊ သာယာဝပြောစေကာ၊ စစ်ပွဲများတွင် အောင်ပွဲခံနေသမျှကာလပတ်လုံး တော်ဝင်မျိုးနွယ်များမှ သတ်မှတ်ထားသည့် ၎င်းတို့၏အခန်းကဏ္ဍအပေါ် ကြီးကြီးမားမား စိန်ခေါ်မှု တစ်စုံတစ်ရာမရှိပါက ရှင်ဘုရင်/ဘုရင်မအနေဖြင့် လုံခြုံမှုကို ခံစားရမည်ဖြစ်ပါသည်။15 ကံမကောင်းအကြောင်းမလှစွာပင် ဒေါ်အောင်ဆန်းစုကြည်၏ စစ်ဗိုလ်ချုပ်ကြီးများနှင့် တပ်မတော်အား ချီးမြှင့်မြှောက်စားထားသည့် လက်တွေ့ဆန်သော နိုင်ငံရေး ချဉ်းကပ်မှုသည် တပ်မတော်နှင့် စစ်ဗိုလ်ချုပ်ကြီးများမှ သတ်မှတ်ရှုမြင်ထားသည့် ၎င်းတို့၏အခန်းကဏ္ဍအား အားပေးချီးမြှောက်နေသကဲ့သို့ဖြစ်ခဲ့ကာ ၎င်းသတ်မှတ်ရှုမြင်မှုကို ပိုမိုအတည်အဖြစ် မှတ်ယူသတ်မှတ်နိုင်စေရန် ပံ့ပိုးပေးခဲ့ပါသည်။16 အကျိုးဆက်အနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ပထအဆုံးအကြိမ်အဖြစ် တပ်မတော်မှ သတ်မှတ်ရှုမြင်ထားသည့် အခန်းကဏ္ဍအတွင်းရှိ တချို့သောအရေး ပါသည့် ယူဆချက်များအနည်းဆုံးအနေဖြင့် ဗုဒ္ဓဘာသာကို ပြင်းထန်စွာဆန့်ကျင်နေသော (မူဆလင်များ)ဟု တိုင်းပြည်အတွင်းတွင် ပုံဖော်ခံခဲ့ရသောသူများ၏ ခြိမ်းခြောက်မှုမှ ‘ဗုဒ္ဓဘာသာအမိမြေ’ ကို ကာကွယ်‌ရေးနှင့် စပ်လျဉ်းသောအချက်များကို မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ကျယ်ပြန့်စွာ လက်ခံလာခဲ့ကြခြင်းဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တပ်မတော်မှ အရပ်သားရိုဟင်ဂျာများကို ဆန့်ကျင်လှုပ်ရှားခဲ့သည့်လူပေါင်းသောင်းချီသတ်ဖြတ်မုဒိန်းကျင့်ခံရပြီး လူဦးရေ ၈၀၀,၀၀၀ အား ဒုက္ခသည်များအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည့်ကာလတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစု ကြည်နှင့် သူမအစိုးရ၏ အကာအကွယ်ပေးမှုကို ခံခဲ့ရပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော်၏ လုပ်ဆောင်ချက်များ ကိုအကာအကွယ်ပေးရန်အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက်သို့ပင် သွားရောက်ခဲ့ပါသည်။17

ကိုလိုနီခေတ်မတိုင်မီ တော်ဝင်မျိုးနွယ်များ၏ မိမိတို့အခန်းကဏ္ဍအား ရှုမြင်သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အစွန်အဖျားအရပ်ဒေသများတို့ ပို့ဆောင်ခံခဲ့ရသော အုပ်ချုပ်သူများ သည် ထိုအရပ်မှဒေသခံများအနေဖြင့် ထိုရှုမြင်သတ်မှတ်ချက်အပေါ် အလေးထားမှု လွန်စွာနည်းပါးခဲ့သည်ကို နားလည်သ‌ဘောပေါက်ခဲ့ပါ သည်။ ထိုကဲ့သို့သောနေရာများတွင် ဒေသတွင်းရင်းမြစ်များ ထုတ်ယူခြင်းအပါအဝင် တော်ဝင်နန်းတော်၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေရန် မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် နှိပ်စက်ခြင်း စသည့်ကြီးမားသော အကြမ်းဖက်မှုများကို ပုံမှန်ဆောင်ရွက်ခဲ့ကြပါသည်။18 ထိုကဲ့သို့ ရှင်ဘုရင်များခေတ်တွင် အုပ်ချုပ်သူများမှ ဒေသခံများအပေါ် ကျူးလွန်ခဲ့ကြသည့် (မမြင်ရသော) အကြမ်းဖက်မှုများသည် လက်ရှိလွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများ၏ ဒေသများ၌ တပ်မတော်အရာရှိများမှ ကျူးလွန်နေသည့် ဆောင်ရွက်ချက်များနှင့် တူညီနေပါသည်။ ၎င်းအချက်သည် ၂၀၁၇ ခုနှစ် သြဂုတ်လမတိုင်မီကတည်းက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အခြေအနေများအတွင်း ဆယ်စုနှစ်များစွာ နေထိုင်ရှင်သန်ခဲ့ရပြီးဖြစ်ကြောင်း ရှင်းပြနေပါ သည်။19

ကိုလိုနီခေတ်မတိုင်မီ တော်ဝင်မျိုးနွယ်များ၏ မိမိတို့အခန်းကဏ္ဍ ကို ရှုမြင်သတ်မှတ်မှုအား ဗဟိုချက်မှနေ၍ ကွဲအက်စေရန်မှာလည်း ဖြစ်နိုင်သောအရာတစ်ခု ဖြစ်ခဲ့ပါသည်။ ကြီးမားသော စစ်မက်ဆိုင်ရာရှုံးနိမ့်မှုတစ်ရပ်၊ ကောက်ပဲသီးနှံများ မဖြစ်ထွန်းခြင်း၊ ကပ်ရောဂါများ စသည်တို့သည် ရှင်ဘုရင်များအား ၎င်းတို့သည် အားလုံး၏အထက်တွင် နေထိုင်အုပ်စိုးနေခြင်းမဟုတ်ကြောင်း သတိပေးနေသည့်အချက်များ ဖြစ်ခဲ့ပါသည်။ ထို့နည်းတူစွာပင် ယနေ့ခေတ် စစ်ဗိုလ်ချုပ်များအတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲဖြစ်လာမည့်အချိန်တွင် ၎င်းတို့၏ လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိသော အခန်းကဏ္ဍအား ရှုမြင်သတ်မှတ်မှုသည် အကြီးအကျယ် ခြိမ်း‌ခြောက်ခံလာခဲ့ရပါသည်။ ၎င်းတို့အနေဖြင့် ရှောင်လွှဲမရဘဲ ဖြစ်လာမည့်ဖြစ်ရပ်များကို ဟန့်တားနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှုမှသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုများ၊ ၎င်းလှုပ်ရှားမှုများအား ကြမ်းတမ်းစွာ ဖြိုခွင်းခြင်းနှင့် စစ်မျက်နှာသစ်များတွင် ပြည်တွင်းစစ်ဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်လာခဲ့ပါသည်။ ၎င်းဖြစ်ရပ်များသည် တပ်မတော်၏ ရှုမြင်သတ်မှတ်မှုအတွင်း အက်ကြောင်းများရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ ဝေဖန်ရေးသမားများအနေဖြင့် ၎င်းတို့သည် စစ်ဗိုလ်ချုပ်များဆောင်ရွက်သည့် မည်သည့်အရာကိုမဆို လက်ခံမည်မဟုတ်ကြောင်း၊ လက်ခံနိုင်မည်မဟုတ်ကြောင်းနှင့် လက်ခံလာလိမ့်မည်မဟုတ်ကြောင်း ဆက်လက်ခံယူထားခဲ့ကြပါသည်။ တပ်မတော်၏အမြင်တွင် ၎င်းတို့၏ သတ်မှတ်ရှုမြင်မှုအား ခြိမ်းခြောက်နေသော ဤဝေဖန်ရေးသမားများမှာ ၎င်းတို့၏ တိုင်းပြည်ကို ကာကွယ်ရာတွင် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေပြီး ထို့ကြောင့် တပ်မတော်၏အမြင်တွင် ‘အကြမ်းဖက်သမားများ’ ဖြစ်လာခဲ့ကြပါသည်။ ၎င်းအချက်ကြောင့် အာဏာဖီဆန်ပုန်ကန်မှုများ ဆက်လက်ပေါ်ပေါက်လာခြင်းအား ဟန့်တားရန်ရည်ရွယ်ချက်ဖြင့် ထင်ရှားသော ဝေဖန်ရေးသမားနှစ်ဦးဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြိုးပေးကွပ်မျက်ခြင်းအပါအဝင် များပြားလှသော ကြီးမားသည့် အကြမ်းဖက်မှုများကို တပ်မတော်မှ ကျူးလွန်ပြခဲ့ပါသည်။20

တပ်မ‌တော်၏ ကျိုးပျက်ပြိုလဲလွယ်မှု

မြန်မာနိုင်ငံတွင် တပ်မတော်မှအုပ်ချုပ်ခဲ့သောကာလအတွင်းတွင် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုကို အသုံးပြုခဲ့ခြင်းသည် တခြားသော ခိုင်မာမှုမရှိသည့်နိုင်ငံများမှ ဆောင်ရွက်လေ့ရှိသာ အကြမ်းဖက်မှုများကို အကြီးအကျယ်အသုံးချသည့် ပုံစံခွက်နှင့် ဆင်တူနေပါသည်။ ပွင့်လင်းမြင်သာသော စိန်ခေါ်မှုများသည် တပ်မတော်၏ ရှုမြင်သတ်မှတ်မှုကို ခြိမ်းခြောက်လာသည်နှင့်အမျှ ၎င်းတို့သည် တပ်မတော်၏ မိမိကိုယ်ကိုယ်ယုံကြည်မှု အခြေခံအုတ်မြစ်များကို တုန်လှုပ်စေပြီး တပ်မတော်မှာ အမှန်တကယ်ပင် ဖြုတ်ချခံရနိုင်သည့် အလားအလာရှိမှုကို ရင်ဆိုင်ရစေရန် ဖိအားပေးနေပါသည်။ ဤရှုမြင်သတ်မှတ်ချက်ကို လက်တွေ့ကျကျ လှုပ်ခတ်စေခဲ့သောဖြစ်ရပ် အနည်းငယ်သာ ရှိခဲ့ဖူးပါသည် – ၁၉၇၄ ခုနှစ် ဦးသန့်အသုဘတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၊ ၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ပြိုလဲမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါ‌ရောင်တော်လှန်‌ရေးနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှသည် ယနေ့အထိဖြစ်ပွားနေသော အကြမ်းဖက်မှုများ ဖြစ်ပါသည်။ ထိုကဲ့သို့သော အခြေအနေများတွင် တပ်မတော်သည် အကြမ်းဖက်မှုများကို အကြီးအကျယ်အသုံးချကာ ပြည်သူလူထုအား အညံ့ခံအရှုံးပေးစေရန် လုပ်ဆောင်ခဲ့လေ့ရှိပါသည်။ ၎င်းသည် တပ်မတော်၏အားသာချက်မဟုတ်ဘဲ အားနည်းချက်သာ လျှင်ဖြစ်ကြောင်းပြသနေသည့် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။

သို့သော် တပ်မတော်အနေဖြင့် အဘယ်ကြောင့် အားနည်းသည်ဟုခံစားသင့်ပြီး ရေပန်းစားလာသော အတိုက်အခံများ အား စစ်မှန်သောခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အဘယ်ကြောင့် သတ်မှတ်သင့်သနည်း။ ပြောရလျှင် တပ်မတော်သည်သာလျှင် စစ်ဖက်သုံး လက်နက်ပစ္စည်းကိရိယာများ၊ လူသူအင်အား၊ ဖွဲ့စည်းမှုနှင့် တင်းကြပ်သော အဆင့်ဆင့်အမိန့်နာခံမှုရှိသည့်အပြင် စစ်မက်ဆင်နွှဲ ခြင်းအတွက် လိုအပ်သောအတွေ့အကြုံနှင့် လေ့ကျင့်မှုရှိထားသည် မဟုတ်ပါလား။ တပ်မတော်၏ ယုံကြည်မှုနည်းခြင်း အကြောင်း ရင်းအများစုမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအကြား ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အရှိန် လျော့နည်းသွားသည့်အချိန်မှစပြီး အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်ကာလ စတင်ခဲ့သည့်အချိန်တွင် တပ်မတော်၏ အင်အားသည် စစ်ဗိုလ်ချုပ်များ၏ ‌နှောက်ယှက်ဟန့်တားခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်ပါသည်။ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သောကာလတွင် တပ်မတော်၏တရားဝင်အင်အားမှာ ၁၈၆,၀၀၀ ဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်နှစ်ခုအကြာတွင် ၎င်းအင်အားသည် ၂၀၀,၀၀၀ အထိ တိုးလာခဲ့ပါသည်။ ယနေ့ခေတ် တပ်မတော်၏အင်အားမှာမူ အနီးကပ်ထိန်းသိမ်းထားသော လျှို့ဝှက်ချက်တစ်ခုဖြစ်ပါသည်။ အင်အား ၃၀၀,၀၀ မှ ၃၅၀,၀၀၀ ကြား ရှိသည်ဟု တချို့အနေဖြင့် ခန့်မှန်းခဲ့ကြပြီး တပ်မတော်အနေဖြင့် အင်အား ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ အထိ တိုးပွားလာရန် တစ်ချိန်က မျှော်လင့်ခဲ့ကောင်း မျှော်လင့်ခဲ့နိုင်ပါသည်။ သို့သော် လက်ရှိ တိုက်ပွဲဝင်စစ်သည်များ၏ အရေအတွက်မှာမူ လွန်စွာလျော့နည်းနေပြီး ခန့်မှန်းချေ ၁၀၀,၀၀၀ ဝန်းကျင် အမျိုးသားနှင့် အမျိုးသမီးစစ်သည်များ ရှိနိုင်သော်လည်း နိုင်ငံတော်ရဲတပ်ဖွဲ့မှ အရံတပ်များထည့်ပေါင်းပါက အင်အား သောင်းချီပိုများလာနိုင်ပါသည်။21

နိုင်ငံများတွက် စစ်ရေးလျှို့ဝှက်ချက်များအား လုံခြုံ‌‌ရေး အကြောင်းပြချက်များဖြင့် ထိန်းသိမ်းထားလေ့ရှိပါသည်။ တကယ်လက်တွေ့ရှိသည်ထက် ကြီးမားသည်ဟုထင်ရသော စစ်တပ်သည် ပြည်တွင်းပြည်ပရန်စွယ်များအားလုံးအတွက် ကြောက်လန့်စိုးရိမ်ဖွယ် ဖြစ်ပါသည်။ မည်သည့်နေရာကိုမဆို အချိန်မရွေး တိုက်ခိုက်နိုင်ပြီး၊ စစ်မျက်နှာပြင်အများအပြားကို အလွယ်တကူ ထိန်းထားနိုင်သောစွမ်းရည်ရှိသည်ဟု ထင်ရမှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်စုတစ်စည်းတည်း မရှိစေဘဲ ငြိမ်သက်နေစေပါသည်။ ဖြစ်လာနိုင်ချေရှိသော ပြည်ပမှဝင်ရောက်စွက်ဖက်မှုများကိုလည်း မဆောင်ရွက်လာစေရန် ဖျောင်းဖျထိန်းသိမ်းထားနိုင်ပါသည်။ ပြည်ပမှ ရင်းနှီးမြှပ်နှံသူများနှင့် မြန်မာနိုင်ငံတွင် တခြားနည်းလမ်းများဖြင့် ရင်းနှီးမြှပ်နှံသူများအတွက် တပ်မတော်၏အင်အားသည် တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်မှုနှင့် စိန်ခေါ်မှုများရှိလာခဲ့လျှင်လည်း ရေရှည်တွင် အနိုင်ရနိုင်သည်ဟူသော ယူဆချက်ကို သွယ်ဝိုက်ညွှန်းဆိုနေပါသည်။

တခြားဖြစ်နိုင်ချေရှိသော အကြောင်းပြချက်တစ်ခုမှာ စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုများအား နည်းလမ်းပေါင်းစုံဖြင့် လိုက်စားသောကြောင့်ဖြစ်နိုင်ပါသည်။ တပ်မတော်အတွင်း အဆင့်မြင့် စစ်ဖက်အသုံးစရိတ်များအား ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် ကြားဖြတ်ထုတ်ယူထားနိုင် ချေရှိပါသည်။ ဦးနေဝင်းကဲ့သို့ အချို့သော စစ်ဗိုလ်ချုပ်ကြီးများသည် လက်အောက်ငယ်သားများ၏ အကျင့်ပျက်ခြစားမှုအပေါ် လူသိရှင်ကြား ရှုံ့ချခဲ့သော်လည်း ၎င်းကိုယ်တိုင်မှာမူ ဂျပန်နိုင်ငံမှ အကူအညီများနှင့် တခြားသော ပြည်သူပိုင်ရင်းမြစ်များကို တစ်ကိုယ်ရေအကျိုးအတွက် အသုံးပြုခဲ့ပါသည်။ ကြီးမားသော တပ်မတော်တစ်ရပ်အတွက် ကုန်ကျစရိတ်သည် မြင့်မားပါသည်။ စစ်တပ်အတွင်း လစာရ စစ်မှုထမ်းများ၏အရေအတွက်၊ ၎င်းတို့အား တပ်ဆင်ပေးရမည့်လက်နက်များအတွက် ကုန်ကျစရိတ် သို့မဟုတ် ရိက္ခာအတွက် ထောက်ပံ့ရေးပစ္စည်းများအား ရှိသည်ထက် ပိုမိုတင်ပြခြင်းသည် သမိုင်းတစ်လျှောက်ရော ယနေ့ခေတ်တွင်ပါ နိုင်ငံအများအပြားရှိ တပ်မတော်အရာရှိများ၏ လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်များပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူတပ်မတော်မှ ဝယ်ယူသည့် ပစ္စည်းများအတွက် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် မြန်မာနိုင်ငံအား တပ်မတော်မှ အစဉ်အဆက် ထိန်းချုပ်ထားမှု တို့ကြောင့် တပ်မတော်အတွင်း မိသားစုများသည် တပ်မတော်အတွက် စစ်ဖက်ဆိုင်ရာပစ္စည်းများ တင်သွင်းပေးသူများ ဖြစ်နေကြောင်း ၂၀၂၁ အာဏာသိမ်းမှုပြီးနောက်တွင် ပေါ်ထွက်လာသော မြန်မာတပ်မတော်၏ ဘဏ္ဍာရေးနှင့် စာရင်းဇယားများမှ ဖော်ထုတ်လိုက်သည့်အချိန်အထိ တပ်မတော်၏ အသုံးစရိတ်များအား မှန်းဆရုံမှလွဲပြီး တခြားဘာမျှ မဆောင်ရွက်နိုင်ခဲ့ပါ။22 တပ်မတော်မှ ပူပေါင်းလိမ်လည်ဆောင်ရွက်နေသော တခြားအစိတ်အပိုင်းများဖြစ်သည့် စီးပွားရေးနယ်ပယ်တချို့နှင့် ပဋိပက္ခဖြစ်နေသော နယ်မြေများရှိ ကျောက်စိမ်းနှင့် ပတ္တမြားတူးဖော်ခြင်းအပါအဝင် တခြားသော ကျောက်မျက်ရတနာ ကုန်သွယ်ရေးလုပ်ငန်းများ၌ ဗဟိုထိန်းချုပ်မှုကို ထိန်းသိမ်းထားရန် စစ်တပ်အား စေလွှတ်ထားရပါသည်။23

နိုင်ငံကိုအုပ်စိုးသူအနေဖြင့် ၎င်းတို့၏ သာလွန်သော ဘုန်းတန်ခိုးကုသိုလ်ကံအား ယုံကြည်မှုနှင့် သရုပ်ဖော်ပြသခြင်းမှ တစ်ဆင့် ၎င်း၏ အုပ်စိုးပိုင်ခွင့်အား သတ်မှတ်ပြဌာန်းခြင်း ဖြစ်သောကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ကြီးစိုးနေထိုင်သော လူ့အဖွဲ့အစည်းအတွင်းရှိ ဘုရင်ဖြစ်မှုနောက်ကွယ်မှ နိုင်ငံရေး သီအိုရီသည် ဤနေရာတွင် သက်ဆိုင်မှုရှိပါသည်။24 ထိုသာလွန်သော ဘုန်းတန်ခိုးကုသိုလ်ကံရှိမှုအား နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ဖော်ပြသခဲ့လေ့ရှိပါသည်။ ကိုလိုနီခေတ်မတိုင်မီ ဗမာပြည်သမိုင်း တွင် တိုင်းပြည်သည် မကြာခဏဆိုသလို တိုက်ခိုက်သိမ်းပိုက်မှုများ ဆောင်ရွက်ရန်အားသန်သည့် သိမ်းပိုက်စိုးမိုးလိုသော တိုင်းပြည် တစ်ရပ်ဖြစ်ခဲ့ပြီး ထို့ကြောင့် ဘုန်းတန်ခိုးကြီးမားသော အုပ်စိုးသူတစ်ဦးတွင် ကြီးမား‌‌တောင့်တင်းသော တပ်မတော်တစ်ရပ် ရှိခဲ့ပြီး – ဘုန်းတန်ခိုးကြီးလေလေ ပိုင်ဆိုင်သောစစ်တပ်သည် ပိုမိုကြီးမားလေလေ ဖြစ်ပါသည်။ အားနည်းသော သို့မဟုတ် အကျဖက်သို့ ဦးတည်နေသော စစ်တပ်မှာ ဆန့်ကျင်ဖက်ဖြစ်သော အုပ်စိုးသူ၏ ဘုန်းတန်ခိုးနိမ့်ပါးမှုကို ရည်ညွှန်းကာ ထို့ကြောင့် ၎င်းအုပ်စိုးသူ၏ အုပ်စိုးပိုင်ခွင့်မှာ ဆုတ်ယုတ်လျော့ပါးလာပါသည်။25 တပ်မတော်၏အရွယ်အစား အင်အားအစစ်အမှန်ကို တခြားသူများ သိရှိမှုမှ ကာကွယ်ခြင်းသည် ယခင်အချိန်ကရော ယနေ့ခေတ်တွင်ပါ အုပ်စိုးသူ/များ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ပါသည်။

တပ်မတော်ကို ဆန့်ကျင်ရန် ရုတ်တရက် ထကြွလာခဲ့ပြီး ၂၀၂၁ မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖယ်ဒရယ်တပ်မတော်အနေဖြင့် တစ်စိတ်တစ်ပိုင်း စုစည်းပေးခဲ့သော ပြည်သူ့ကာကွယ်‌ရေးတပ်များ (PDF များ) အနေဖြင့် အင်အားကြီးမား လာပါက အထက်တွင်ဖော်ပြခဲ့သောအချက်သည် ယနေ့အချိန်တွင် ပိုမိုမှန်ကန်နေမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် PDF များသည် စစ်သည်ဦးရေ ၆၀,၀၀၀ နီးပါး ရှိနေပါသည်။ အကယ်၍ ထိုအင်အားသည် လျှင်မြန်စွာ ပိုမိုကြီးမားလာပါက ထိုအင်အားကြီးမားလာမှုလမ်းကြောင်းသည် PDF များအနေဖြင့် တပ်မတော်အား လူဦးရေအားဖြင့် အသာစီးရနိုင်ကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်။ ၎င်းအချက်သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ ကြီးစိုးနေထိုင်သော လူ့အဖွဲ့အစည်းအတွင်းတွင် NUG သည် ၎င်းတို့၏သာလွန်သော ဘုန်းတန်ခိုးကို အဆက်မပြတ်ပြသနေပြီး ထို့ကြောင့် ၎င်းတို့သည် တရားဝင်အုပ်စိုးခွင့်ရှိကြောင်း ဖော်ပြနေသည့် သက်သေတစ်ရပ် ဖြစ်လာပါလိမ့်မည်။ သို့သော် တပ်မတော်မှ ပြည်သူလူထုအား ၎င်းတို့၏အင်အားမှာ တကယ်ရှိသည်ထက် ပိုမိုကြီးမားကြောင်း ယုံကြည်လာစေရန် သိမ်းသွင်းနိုင်ပါက ထိုကဲ့သို့ သက်သေပြနိုင်ရန် နှောင့်နှေးသွားမည် ဖြစ်ပါသည်။ ထိုသို့ သိမ်းသွင်းနေမှုကို လုပ်ဆောင်နေကြောင်း ထင်ရှားစွာညွှန်ပြနေသည့် အချက်မှာ နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်များနှင့် အရံရဲတပ်ဖွဲ့များကို စုရုံးလှုပ်ရှားစေခြင်းအပေါ် တပ်မတော်၏မှီခိုနေမှု ဖြစ်ပါသည်။ တပ်မတော်မှမှီခိုနေသော တခြားနည်းလမ်းတစ်ရပ်မှာ အတွေ့အကြုံများသော တပ်မများအား နိုင်ငံ၏ တစ်နေရာမှ တခြားတစ်နေရာသို့ အထူးစစ်ဆင်ရေးများ ဆောင်ရွက်စေရန် ရွှေ့ပြောင်းခြင်းဖြစ်ပါသည်။ သို့သော် တခြားသော ညွှန်ပြချက်တစ်ခုမှာ တပ်ပြေးမှုအရေအတွက်သည် တပ်မတော်မှ စစ်သည်များအား တပ်ဖြန့်နိုင်သည့်အရှိန်အတိုင်း တစ်ဖက်တွင်လည်း စစ်သည်များကို ဆုံးရှုံးနေကြောင်း ထုတ်ဖော်ပြသနေပါသည်။ ထိုကဲ့သို့ တပ်မှ စွန့်ခွာထွက်ပြေးမှုများသည် တပ်မတော်မှာ အမှန်တကယ်ပင် ကျိုးပျက်ပြိုလဲလွယ်ကြောင်း ညွှန်ပြနေပါသည်။

လက်ရှိရေပန်းစားနေသော အတွေးအခေါ်များသည် တပ်မတော်၏ ရှုမြင်သတ်မှတ်ချက်ကို ဖောက်ထွင်းမြင်ပြီးဖြစ်ကြောင်း နိုင်ငံ‌ရေးသိပ္ပံပညာရှင် ဦးထွန်းမြင့်က ဆိုပါသည်။ ဗမာပြည်သူလူထု စိတ်မ‌ပျော်ရွှင်ရမှု၏ ဗဟိုချက်အဖြစ် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် သို့မဟုတ် ခွင့်လွှတ်ပေးခံရနိုင်ချေရှိသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ခံရခြင်းအစား ဗမာပြည်သူလူထုအများစုသည် တပ်မတော်အား လက်ရှိတိုင်းပြည်နှင့်ရော တိုင်းပြည်၏အနာဂတ်နှင့်ပါ လုံးလုံး လျားလျား သက်ဆိုင်မှုမရှိတော့သောအရာအဖြစ် ပုဂ္ဂိုလ်ရေးမပါသော ဖော်ပြချက်များဖြင့် ရှုမြင်လာကြပါသည်။ ပြည်သူလူထုမှ တပ်မတော်အား ကြောက်စရာဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ခြင်း မရှိတော့ပါ။ ဦးထွန်းမြင့် ရှင်းပြသကဲ့သို့ – “လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အရာတစ်ခုသည် (ရွံစရာ) အမျိုးအစားထဲသို့ ထည့်သွင်း သတ်မှတ်ခံရပါက ဗမာလူမျိုးများ အနေဖြင့် ထိုလူပုဂ္ဂိုလ် သို့မဟုတ် အရာအား ကြိုက်နှစ်သက်သည် သို့မဟုတ် မုန်းသည်ဟူ၍ သတ်မှတ်ဆက်ဆံခြင်းမရှိတော့ဘဲ ရွံစရာဆိုသည်မှာ တန်ဖိုးမရှိတော့ဘဲ ဥပေက္ခာပြုခံရကာ အပယ်ခံသဘောမျိုး ဖြစ်သွားပါသည်။ လူများအနေဖြင့် ထိုအရာအား ၎င်းတို့၏မှတ်ဉာဏ်မှ ဖျောက်ဖျက်ရန် ကြိုးစားကြပါသည်။ ရွံစရာကောင်းသောအရာတစ်ခုသည် လေးစားဖွယ်ကောင်းသော မည်သည့်အရည်အချင်းမှ ပိုင်ဆိုင်ခြင်းမရှိ – မည်ကဲ့သို့သော လူ့ကျင့်ဝတ်ဆိုင်ရာ သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုးများ မရှိသလို သဘာဝလောက သို့မဟုတ် လူ့လောကအတွက်လည်း မည်ကဲ့သို့သောတန်ဖိုးမှ မရှိပါ။”26 ဤကဲ့သို့ ရှုမြင်ချက်သည် ပြီးခဲ့သော ဆယ်စုနှစ်များတွင်ရှိခဲ့သည့် တပ်မတော်ကို မနှစ်သက်ရုံသာဖြစ်ခဲ့သော ရှုမြင်ချက်နှင့် များစွာကွဲပြားသော ရှုမြင်ချက်တစ်ခုဖြစ်ပါသည်။ ဗမာလူထုအနေဖြင့် အကြောက်တရားကို အမှန်တကယ်ပင် ကျော်လွန်သွားပြီဆိုပါက တပ်မတော်အနေဖြင့် လူထုအား ကြီးမားသောအကြမ်းဖက်မှုများမှတစ်ဆင့် ကြောက်လန့်စေရန် ကြိုးစားရာတွင် များစွာ ပိုမိုခက်ခဲမည်ဖြစ်ကြောင်း သိသာပါသည်။

နိဂုံး

ကျွန်ုပ် အထက်တွင်ဆွေး‌နွေးခဲ့သောကိစ္စရပ်များ သို့မဟုတ် အနည်းဆုံး ထိုကိစ္စရပ်များဖြစ်ရခြင်း၏ အကြောင်းရင်းခံများအပေါ် အသားပေး မီးမောင်းထိုးပြ‌ပေးထားသည့် ပညာရေးလောကထဲတွင် ‌ရေပန်းစားနေ သော အကြောင်းအရာများထဲမှတစ်ခုမှာ အသိပညာများအပေါ် ကိုလိုနီခေတ်လွှမ်းမိုးမှုကို ဖယ်ရှားရန်ဖြစ်ပြီး ဆိုလိုသည်မှာ အနောက်တိုင်းမဟုတ်သောရင်းမြစ်များ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လျစ်လျူရှု သို့မဟုတ် ဖိနှိပ်ထားသည့် အနောက်တိုင်းမှတည်ထောင်ထားသော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် အသိပညာများထံမှ ရွှေ့ပြောင်းရန်ဖြစ်ပါသည်။27 မြန်မာတပ်မတော်နှင့် ၎င်းတို့၏အပြုအမူများအား အဓိပ္ပာယ်ဖွင့်ဆိုချက်များထဲမှ အများစုမှာ တပ်မတော်အား နည်းလမ်းများစွာဖြင့် (မှားယွင်းစွာ) ပုံဖော်ခဲ့ပြီး မကြာခဏဆိုသလို မှားယွင်းသောခန့်မှန်းချက်များ ပြုလုပ်ခဲ့သည့် တိုင်းတစ်ပါးသား၊ လူဖြူများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသာ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် မိမိကိုယ်ကို လူဖြူအမျိုးသားတစ်ဦးအဖြစ် သတ်မှတ်ကိုယ်စားပြုသည့် စာရေးသူသည် ၎င်းအနေဖြင့် အနောက်တိုင်းမှလူတစ်ဦးဖြစ်နေမှုနှင့် အနောက်တိုင်းတွင် ပညာသင်ကြားခဲ့ရမှုတို့မှာ ၎င်း၏ရှုထောင့်များပေါ်တွင် လွှမ်းမိုးမှု ရှိကြောင်း သတိပြုမိပါသည်။ သို့ရာတွင် အသိပညာများအပေါ် ကိုလိုနီခေတ်လွှမ်းမိုးမှုအား ဖယ်ရှားရန်လိုအပ်မှု၏နောက်ကွယ်မှ တွေးခေါ်မှုတချို့သည် အနောက်တိုင်းကိုဆန့်ကျင်သည့် ပညာရှင်ရပ်ဝန်းတွင်သာမက အနောက်တိုင်းပညာရှင်ရပ်ဝန်းတွင်မှာပါ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးအတွက် အသုံးပြုထားသော စာ‌‌ရေးသူ၏ ကိုယ်ပိုင်ဆောင်ရွက်ချက် အများစုသည် ဒေသခံလူထုများ၊ နယ်ခံစာရေးဆရာများနှင့် ဒေသတွင်းလှုပ်ရှားဆောင်ရွက်သူများ၏ ရှုထောင့်များ၊ ၎င်းတို့အနေဖြင့် ကမ္ဘာကြီးအား မည်သို့မည်ပုံ ရှုမြင်သည်နှင့် ထိုကမ္ဘာကြီးထဲတွင်ရှိသော ၎င်းတို့၏အခန်းကဏ္ဍကို မည်ကဲ့သို့ ရှုမြင်သည်ကို ‌စူးစမ်းလေ့လာမှုများမှ အခြေခံထားခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် ဤဆောင်းပါးထဲတွင် တပ်မတော်အကြောင်း အသိပညာဗဟုသုတ တချို့အပေါ် ကိုလိုနီခေတ်လွှမ်းမိုးမှုအား ဖယ်ဖျက်ရန် ကြိုးစားထားပါသည်။

သို့သော်လည်း တပ်မ‌တော်၏သမိုင်းကြောင်း အပြည်အဝကို ပြန်လည်မှတ်တမ်းတင်ခြင်း၊ ၎င်း၏ အားလျော့ဆုတ်ယုတ်လာခြင်းနှင့် တပ်မတော်မှသြဇာအာဏာကို လက်လွှတ်ဆုံးရှုံးရခြင်းသည် နောက်ဆုံးအဆင့်ကို မဆောင်ရွက်နိုင်မချင်း ဖြစ်နိုင်မည်မဟုတ်ပါ။ ထိုအချိန်မှသာလျှင် စစ်ဗိုလ်ချုပ်ကြီးများအား အကျဉ်းချ၊ စစ်ဆေးမေးမြန်းနိုင်ပြီး (၎င်းတို့လည်း ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့လို ကွပ်မျက်ခြင်းမခံရမီ)၊ တပ်မတော်အတွင်းရှိ မည်သည့်အဆင့်မဆို တပ်မတော်အတွင်း ဖြစ်ပျက်နေသော နေ့စဉ်လုပ်ငန်းဆောင်တာများအကြောင်း လွတ်လပ်စွာ မျှဝေနိုင်ကာ တပ်မတော်၏ အရွယ်အစားအစစ်အမှန်မှသည် စစ်ဗိုလ်ချုပ်ကြီးများ၏ ကြွယ်ဝမှုပမာဏအစစ်အမှန်အထိ ရေးသားဖော်ပြထားသော စာရွက်စာတမ်းများအား ထုတ်ဝေနိုင်မည်ဖြစ်ပါသည်။ ထိုအချိန်မှ သာလျှင် တပ်မတော်၏ ရှုမြင်သတ်မှတ်မှုသည် အမှန်တကယ်ပင် အစိတ်စိတ်အမွှာမွှာကွဲသွားမည်ဖြစ်ကာ စစ်မှန်မျှတသော သြဇာအာဏာကို သိမ်းယူခံလိုက်ရသည်ဟူသော အတွေးကို တစ်နည်းတစ်ဖုံ တွယ်ကပ်နေဦးမည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ ထောက်ခံသူများအတွက်ပင်လျှင် ၎င်းစိတ်ကူးပုံဖော်မှုသည် အတုအယောင်ဖြစ်ကြောင်း ပေါ်ပေါက်လာပါလိမ့်မည်။

ဤနေရာတွင် အဓိကအလေးပေးရမည့်အချက်မှာ တပ်မတော်နှင့် ၎င်း၏ဆောင်ရွက်ချက်များ၊ တန်ပြန်ဆောင်ရွက်ချက်များနှင့် ၎င်းတို့ အဘယ်ကြောင့် တစ်စုံတစ်ခုအား ဆောင်ရွက်သည်ကို ပိုမိုနားလည်မှသာလျှင် တိုင်းသူပြည်သားအများအပြားမှ အတိအလင်း ကြေညာထားသော ရည်မှန်းချက်ဖြစ်သည့် တပ်မတော်၏ထိန်းချုပ်မှုအား ပျက်ပြားစေမည်ဟူသော ရည်မှန်းချက်ဆီသို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ အများသောအားဖြင့် ထိုအပိုင်းနှင့်ပတ်သက်ပြီး အားထုတ်မှု မပြုလုပ်ကြသောကြောင့် အကြောင်းမလှသောရလဒ်များအား ဆက်လက်ဖြစ်ပွားစေပါသည်။ အမေရိကန်ပြည်ထောင်စုမှ အာဏာရှင် အဒေါ့ဖ်ဟစ်တလာအနေဖြင့် ရှောင်လွှဲမရသော အရှုံးနှင့် ရင်ဆိုင်ရချိန်တွင် မည်ကဲ့သို့ပြုမူမည်ကို ခန့်မှန်းရန် စိတ်ပညာရှင်တစ်ဦးအပေါ်တွင် မှီခိုအားထားခဲ့သကဲ့သို့ မြန်မာတပ်မ‌တော်နှင့် တပ်မတော်အား ဦးဆောင်နေသော စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကမ္ဘာကြီးကို မည်သို့မည်ပုံ ရှုမြင်သည်နှင့် ထိုကမ္ဘာထဲရှိ ၎င်းတို့၏အခန်းကဏ္ဍကို မည်သို့မည်ပုံ ရှုမြင်သည်တို့ကို နားလည်သဘောပေါက်ခြင်းသည် ၎င်းတို့အနေဖြင့် ဘာလုပ်မည်နှင့် အဲ့ဒီနောက်တွင် ဘာဆက်လုပ်မည်ကို သိရှိနားလည်ရန်အတွက် အ‌‌ရေးအကြီးဆုံးဖြစ်ပါသည်။ ဤထင်မြင်ယူဆချက်သည် မည်မျှဘက်လိုက်မှုရှိသည်ဟု ထင်ရသည် ဖြစ်ပါစေ တပ်မတော်အပေါ် သုတေသနပြုလုပ်ချက်များအားလုံးသည် ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ အမြဲတမ်းအတိုင်းအတာတစ်ခု အထိ ဘက်လိုက်မှုရှိပါသည်။

Endnotes

1 Charney, 2009.
2 ဥပမာ Maung Aung Myoe, 2014 ကိုရှုပါ။
3 ဥပမာ Thant Myint-U, 2021 ကို ရှုပါ။
4 ဤတိုးတက်မှုအား Callahan (2003) မှစူးစမ်းလေ့လာမှုပြုခဲ့ပါသည်။
5 Tharaphi Than, 2021a.
6 Topich & Leitich, 2013, စာမျက်နှာ ၇၉။
7 Maung Bo Bo, 2019.
8 Callahan, 2003.
9 Topich & Leitch, 2013, စာမျက်နှာ ၈၆။
10 Charney, 2009.
11 Ibid.
12 ဤကဏ္ဍ၏ အချို့အစိတ်အပိုင်းများအား ညီလာခံတင်ပြချက်တစ်ခုတွင် ပထမဆုံး ဖော်ပြခဲ့ပါသည် (Charney, 2021)။
13 Taylor, 2004, စာမျက်နှာ၂၃။
14 ဤနေရာတွင် စာရေးသူပြောဆိုလိုသော အကြောင်းအရာအား Benedict Anderson ၏ လူသိများသောအတွေးအ‌ခေါ်များဖြစ်သည့် စိတ်ကူးပုံဖော်ထားသော လူ့အသိုင်းအဝိုင်းများ (၂၀၀၆) နှင့် လွဲမှားနိုင်ပါသည်။ ရှင်းလင်းစေရန်မှာ စာရေးသူသည် စိတ်ကူးပုံဖော်ထားသော အစုအဖွဲ့၊ ပုဂ္ဂိုလ်စွဲကင်းသောအစုအဖွဲ့၊ အုပ်စုများကိုဖွဲ့စည်းထားသော အစုအဖွဲ့ သို့မဟုတ် နိုင်ငံတော်အဆင့်အစုအဖွဲ့ကို ဆိုလိုခြင်း မဟုတ်ပါ။
15 ဤအကြောင်းအရာအား Charney, 2022 ထဲတွင် ဆွေးနွေးထားပါသည်။
16 Eimer, 2013.
17 “Aung San Suu Kyi”, 2019.
18 Charney, 2020.
19 Maung Zarni & Cowley, 2014.
20 “မြန်မာစစ်အစိုးရ”, 2022.
21 Selth, 2022.
22 McPherson, et al., 2021.
23 Agence France-Presse, 2021.
24 Walton, 2017, စာမျက်နှာ ၆၈။ Grabowsky, 2007 တွင်လည်း ရှုနိုင်ပါသည်။
25 Charney, 2003.
26 Tun Myint, 2022.
27 ဗမာပြည်၏အကြောင်းအရာအတွက် Tharaphi Than, 2021b နှင့် Chu May Paing & Than Toe Aung, 2021 ကို ရှုပါ။

ကိုးကား

Agence France-Presse. (2021, February 12). Jade and Rubies: How Myanmar’s Military Amassed its Fortune. The Economic Times. https://economictimes.indiatimes.com/news/defence/jade-and-rubies-how-myanmars-military-amassed-its-fortune/articleshow/80876439.cms

Anderson, B. (2006). Imagined Communities: Reflections on the Origin and Spread of Nationalism. Verso.

Aung San Suu Kyi defends Myanmar from accusations of genocide, at top UN court. (2019, December 11). UN News. https://news.un.org/en/story/2019/12/1053221

Callahan, M. (2003). Making Enemies: War and State Building in Burma. Cornell University Press.

Charney, M. W. (2003). A Reassessment of Hyperbolic Military Statistics in Some Early Modern Burmese Texts. Journal of the Economic and Social History of the Orient, 46(2), 193–214.

Charney, M. W. (2009). A History of Modern Burma. Cambridge University Press.

Charney, M. W. (2020). Both Benevolent and Brutal: The Two Sides of Provincial Violence in Early Modern Burma. In E. Charters, M. Houllemare, & P. H. Wilson (Eds.), A Global History of Early Modern Violence (pp. 37–51). Manchester University Press. https://library.oapen.org/handle/20.500.12657/46528

Charney, M. W. (2021, February 11). A Historian Considers the Current Military Takeover in Myanmar [Paper presentation]. Myanmar Dialogues Conference, Naresuan University, Thailand. https://eprints.soas.ac.uk/34760/

Charney, M. W. (2022). Buddhism, the Royal Imaginary and Limits in Warfare: The Moderating Influence of Precolonial Myanmar Royal Campaigns on Everyday Warriors. Contemporary Buddhism. https://doi.org/10.1080/14639947.2022.2038029

Chu May Paing & Than Toe Aung. (2021, February 12). Talking Back to White* Researchers in Burma Studies [Paper presentation]. 20th International Graduate Students Conference, University of Hawai’i at Manoa, USA.

Eimer, D. (2013, January 27). Aung San Suu Kyi Praises Burmese Army. The Telegraph. https://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9829990/Aung-San-Suu-Kyi-praises-Burmese-army.html

Freeman, J. (2018). Who is the Real Aung San Suu Kyi. Tricycle. https://tricycle.org/magazine/who-is-the-real-aung-san-suu-kyi/ 

Grabowsky, V. (2007). Buddhism, Power and Political Order in Pre-Twentieth Century Laos. In I. Harris (Ed.), Buddhism, Power and Political Order (pp. 121–142). Routledge.

Maung Aung Myoe. (2014). The Soldier and the State: The Tatmadaw and Political Liberalization in Myanmar Since 2011. Southeast Asia Research, 22(2), 233-249.     

Maung Bo Bo. (2019). The Burmese Military and the Press in U Nu’s Burma [Unpublished doctoral dissertation]. SOAS, University of London.

Maung Zarni & Cowley, A. (2014). The Slow-Burning Genocide of Myanmar’s Rohingya. Washington Law Journal, 23(3), 683-753.

McPherson, P., Levinson, R., Geddie, J., Wa Lone, Lewis, S. & Grey, S. (2021, September 8). Revealed: The Craven Corruption Behind the Myanmar Coup. Bangkok Post. https://www.bangkokpost.com/world/2178499/revealed-the-craven-corruption-behind-the-myanmar-coup

Myanmar Junta Hangs Two Leading Democracy Activists. (2022, July 25). The Irrawaddy. https://www.irrawaddy.com/news/burma/myanmar-junta-hangs-two-leading-democracy-activists.html

Selth, A. (2022, February 17). Myanmar’s Military Numbers. The Interpreter. https://www.lowyinstitute.org/the-interpreter/myanmar-s-military-numbers

Taylor, C. (2004). Modern Social Imaginaries. Duke University Press.

Thant Myint-U. (2021, February 5). Myanmar Needs a New Kind of Democracy. New York Times. https://www.nytimes.com/2021/02/05/opinion/myanmar-coup.html

Tharaphi Than. (2021a, April 5). Myanmar’s Brutal Military Was Once a Force for Freedom – But it’s Been Waging Civil War for decades. The Conversation. https://theconversation.com /myanmars-brutal-military-was-once-a-force-for-freedom-but-its-been-waging-civil-war-for-decades-158270

Tharaphi Than. (2021b, November 20). Impossible Feat? Decolonizing a Burmese Academy. Critical Asian Studies. https://criticalasianstudies.org/commentary/2021/11/20/commentary-tharaphi-than-why-does-area-studies-need-decolonization

Topich, W. J. & Leitich, K. A. (2013). The History of Myanmar. Greenwood.

Tun Myint. (2022, April 21). How the Coup Shattered the Image of Myanmar’s Military. The Diplomat. https://thediplomat.com/2022/04/how-the-coup-shattered-the-image-of-myanmars-military/

Walton, M. J. (2017). Buddhism, Politics and Political Thought in Myanmar. Cambridge University Press.