ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ

ဝေမိုး | Click here for the English language version of this article.

Cite as: 
ဝေမိုး၊ (၂၀၂၁)၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ, ()။ https://ijbs.online/?page_id=3228

စာတမ်းအကျဉ်း

ယခု စာတမ်းတွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘောင်သွပ်သွင်းမှုများနှင့် တပ်မတော်၏ အသားကျနေပြီဖြစ်သည့် စစ်ရေးဆိုင်ရာ အလေ့အကျင့်များကို အနှစ်ချုပ်ဖော်ပြခြင်း အားဖြင့် ရည်ရွယ်ချက်ရှိ ရှိကြံရွယ်ထားသည့် စစ်ဆင်ရေး အခြေအနေများကို ပုံပေါ်လာစေကာ အဆိုပါဒေသတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထားပါသည်။ ဤစာတမ်းတွင် စစ်ဆင်ရေးပြု လုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် အမိန့်ပေးသူ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦးအား မီးမောင်းထိုးပြသကာ တပ်မတော် အင်စတီကျူးရှင်းများရှိ စစ်သားများ၏ ပညာရေး အခန်းကဏ္ဍသည် သာမန်စစ်သားများ၏တွေးတောစဉ်းဆင်ခြင်နိုင်မှု နှင့် ဓလေ့တို့ကို ပုံသွင်းရာတွင် အရေးပါကြောင်းကိုလည်း ရှင်းလင်းပြသထားပါသည်။ စစ်သားများသည် ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို အဓမ္မရိုက်သွင်းထားခံရရုံသာမက အထူးရွေးချယ်ခြင်းခံရသည့် စစ်သားအချို့မှာ စစ်ရေးနည်းပညာများ ဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို နိုင်ငံခြားတိုင်းပြည်များ မှသင်ယူလာကြသည်ကိုလည်းတွေ့ရပါသည်။ တပ်မတော်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနသည် နှစ်ခုနစ်ဆယ်ကျော်ကြာတည်ရှိခဲ့ပြီး တပ်မတော်၏ အမုန်းစကားနှင့် သတင်းအမှားများဖြန့်ချီမှုမှာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့သည့် နောက်ပိုင်း တိုးမြင့်လာခဲ့ကာ ၂၀၁၇ ခုနှစ်အတွင်း လူသားများမှ ကျူးလွန်သည့် မျိုးနွယ်စုရှင်းလင်းရေး စစ်ရာဇဝတ်မှုကြီးအား ကျူးလွန်စေရန် ဖြစ်ပေါ်လာစေသည့် နိုင်ငံတော်အဆင့်နောက်ကွယ် အခြေအနေကို များစွာအထောက်အပံ့ဖြစ်စေခဲ့ပါသည်။

နိဒါန်း

ယခုဆောင်းပါးတွင် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများမည်သို့ဖြစ်ပွားခဲ့ပုံ၊ အဘယ်ကြောင့်ဖြစ်ပွားခဲ့ပုံနှင့် မည်သူတို့တွင် အဓိကတာဝန်ကြောင်းတို့ကို ဆွေးနွေးထားပါသည်။၂၀၁၇ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ ရဲတပ်သား အယောက်၃၀နှင့် တပ်ရင်းများအတိုက်ခိုက်ခံရပြီးချိန်တွင်1 မြန်မာ့တပ်မတော်ဘက်မှ အရပ်သားများနေထိုင်သည့် နေရာများတွင် “နယ်မြေရှင်းလင်းရေး”ဟု အမည်ပေးထားသော ပြင်းထန်သည့် စစ်ဆင်ရေးများကိုလုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရနှင့် တပ်မတော်တို့မှ အဆိုပါတိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် (ARSA) တွင်တာဝန်ရှိသည်ဟု စွပ်စွဲခဲ့ကာ ၎င်းးအား “အကြမ်းဖက်အဖွဲ့အစည်း” တစ်ရပ်အဖြစ် ကြေညာခဲ့သည်။2 ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ပြုလုပ်ခဲ့သော တပ်မတော်၏ “နယ်မြေရှင်းလင်းရေး”များအတွင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ကာ ၇၀၀,၀၀၀ကျော်မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေရှ့်အာဏာပိုင်များထံမှ သိရသည်။3 ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်သော အကြမ်းဖက်မှုများအား ကုလသမဂ္ဂမှ ကျောင်းသင်ရိုးစာအုပ်များတွင်ပင်ဖော်ပြရလောက်သည့် လူမျိုးစု သုတ်သင်ရှင်းလင်းရေး ဥပမာ တစ်ခုဟုခေါ်ဆိုခဲ့ကာ နိုင်ငံတကာလူ့အခွင့်အရေးအင်အားစုများမှ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ကြသည်။

တပ်မတော်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးလှုပ်ရှားမှုများ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာစေရန် အဓိက နောက်ခံအခြေအနေ ၄ ရပ်ရှိပါသည်။ ပထမ တစ်ရပ်မှာ မြန်မာပြည်၏ အနောက်ဘက်တွင် ၁၉၉၀နှောင်းပိုင်း ကာလများအတွင်း စစ်ဘောင်ချဲ့မှု၊ ဒုတိယအချက်မှာ တပ်မတော်၏ စစ်ရေးဆိုင်ရာအဓိကရုန်းများအပေါ် တန်ပြန်နှိမ်နှင်းရာတွင် အသုံးပြုသည်ဟု လူသိများသည် “ဖြတ်လေးဖြတ်”စနစ်အားအသုံးချမှု၊ တတိယတစ်ရပ်မှာ ရိုဟင်ဂျာများအပေါ်စစ်ဆင်ရေးများ၏နောက်ကွယ်ရှိ စစ်ရေးအရ ခေါင်းဆောင်မှုနှင့် အမိန့်ပေးမှု၊ နှင့် စတုတ္ထတစ်ရပ်မှာ တပ်မတော်မှ ၎င်းတို့အား နိုင်ငံရေးအရဆန့်ကျင်သူများနှင့် ရိုဟင်ဂျာလူနည်းစုများ အပေါ် ဆိုရှယ်မီဒီယာမှတဆင့် အမုန်းစကားများနှင့် သတင်းအမှားများဖြန့်ချီမှု တို့ကြောင့်ဖြစ်သည်။ ယခုဆောင်းပါးတွင် ဦးစွာ ၁၉၉၀ နှောင်းပိုင်းကာလများတွင် ရခိုင်ပြည်နယ်အတွင်းစစ်ဘောင်ချဲ့မှု၊ ဒေသတွင်း တပ်ချသည့် တပ်ဖွဲ့အမျိုးအစားများနှင့် တပ်ဖွဲ့နံပါတ်များနှင့် ၂၀၁၇ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ကျူးလွန်မှုများသို့ ခေါ်ဆောင်သွားသည့် ဖြစ်စဉ်များအား ဆွေးနွေးတင်ပြကာ ယင်းအနောက်ခံအခြေအနေများကို အစဉ်လိုက်အတိုင်းဖော်ပြသွားမည်ဖြစ်သည်။ ထို့နောက်တွင် ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး မလုပ်ဆောင်မီ ရက်သတ္တပတ်များအတွင်း နောက်ကွယ်တွင် တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် စနစ်တကျ စစ်ရေးပြင်ဆင်ခဲ့သည် ဟူသည့်အချက်အား ဦးစားပေး ဖော်ပြမည်ဖြစ်သည်။ ၎င်းနောက်တွင်မူ တပ်မတော်၏ ထင်ရှားသည့် “ဖြတ်၄ဖြတ်” နည်းစနစ် ဗျူဟာ များအကြောင်းကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍ ၂၀၁၇ခုနှစ်အတွင်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရာတွင် နောက်ကွယ်မှ အမိန့်ပေးခဲ့သော တပ်မတော်အဆင့်မြင့်အရာရှိ ၅ဦးအကြောင်းအား အသေးစိတ်ဖော်ပြကာ နိဂုံးချုပ်အနေဖြင့် တပ်မတော်၏ စစ်ရေးအလေ့အကျင့်များဆိုင်ရာ အချက်အလက်များအား ဆွေးနွေးဆွေးနွေးဖော်ပြသွားပါမည်။

၁၉၉၀နှစ်များတွင် ရခိုင်ပြည်နယ်အတွင်း အရေးပါသော ဖြစ်ရပ်များနှင့် စစ်ဘောင်သွပ်သွင်းမှုများ

ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ကပ်လျှက်တည်ရှိပြီး စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံအတွက် အရေးပါလေရာ စစ်ရေးအရ အလွန်ဗျူဟာမြောက်သော နေရာတစ်ခုဖြစ်လေသည်။ ၁၉၉၀နှစ်များမတိုင်ခင်က တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်း တပ်ဖွဲ့များ မကြာခဏ ပြောင်းရွှေ့စေလွှတ်ခဲ့ခြင်း မရှိခဲ့ချေ။ ထိုစဉ်အခါက ယင်းဒေသတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးနှင့် ဓညဝတီလေတပ်ကွပ်ကဲရေးတို့ရုံးတို့သာ အခြေစိုက်ခဲ့လေသည်။ သို့သော် မြန်မာစစ်အစိုးရ4၏ ၁၉၉၀ နှစ်များတစ်လျှောက် စစ်တပ်အဆင့်မြှင့်တင်ရေး အစီအစဉ်တစ်ခုအတွင်း ရခိုင်ပြည်နယ် အတွင်း တပ်ဖွဲ့အရေအတွက် ၂ ဆတိုးလာခဲ့သည်။

တပ်မတော်သည် ၁၉၉၀ နှစ်များတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို စတင်တည်ထောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုသည် ခြေမြန်တပ်မနှင့် အဆင့်တူကာ တပ်ရင်း ၅ရင်းဖြင့် ဖွဲ့စည်းထားသည်။ ယင်းဌာနချုပ်တစ်ခုကို ဗိုလ်မှူးချုပ် သို့မဟုတ် ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိများမှကွပ်ကဲသည်။ တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်းဘူးသီးတောင်မြို့နယ်တွင် စကခ5 (၅)၊ ကျောက်တော်မြို့နယ်တွင် စကခ (၉)နှင့် တောင်ကုတ်မြို့နယ်တွင် စကခ (၅) ဟူ၍6 စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၃ခုအခြေစိုက်ထားရှိပါသည်။ တပ်မတော်သည် ၁၉၉၀ အလယ်ပိုင်းနှစ်များတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အမ်းမြို့နယ်သို့ ပြောင်းရွှေ့ပြီးနောက်တွင် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသခွဲစစ်ဌာနချုပ်များဖြစ်သည်။ ၎င်းတို့သည် ခြေမြန်တပ်ရင်း ၄ခုကိုထိန်းချုပ်ကာ ဗိုလ်မှူးချုပ်တစ်ဦးမှကွပ်ကဲသည်။

၁၉၉၂/၉၃ ခုနှစ်များအတွင်းက ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ စစ်ဘေးကပ်ဆိုက်မှုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့များချဲ့ထွင်မှုနှင့် စပ်လျဉ်းခဲ့သည်။ ထိုအချိန်က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ အရေအတွက် ၂၁၀,၀၀၀ မှ ၂၅၀,၀၀၀ ကြားရှိ ရိုဟင်ဂျာများသည်7 ဒေသအတွင်း စစ်ဌာနချုပ်များကို နေရာချထားလာသောအခါ8 ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုစစ်ဆင်ရေးအတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ မုဒိန်းကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ တရားမဲ့သတ်ဖြတ်မှုခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား မတရားလုယူခြင်း၊ လူနေအိမ်များ ပစ္စည်းများနှင့် ဝတ်ပြုရာ ဗလီအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးအရ နှိပ်ကွပ်ခြင်းနှင့် အလုပ်များကို မတရားစေခိုင်းခြင်းများပြုလုပ်ခဲ့သည်ဟူသည့် စွတ်စွဲချက်များစွာရှိခဲ့သည်။9

စစ်အစိုးရ၏ တတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးနှင့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သည့်  ဗိုလ်ချုပ်ကြီးခင်ညွန့်10သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအမည်ဖြင့် ရခိုင်ပြည်မြောက်ပိုင်းတွင် မွတ်ဆလင်မဟုတ်သူများနေထိုင်သည့် ကျေးရွာများကို တည်ထောင်ရန် စီမံကိန်းတစ်ရပ်ကို ရေးဆွဲခဲ့သည်။ ရာဇဝတ်မှုကျူးလွန်ထားကြသူများအပါအဝင် ထောင်ပေါင်းများစွားသော အကျဉ်းသားများကို ရခိုင်ပြည်မြောက်ပိုင်းတွင် အခြေချနေထိုင်မည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများအား ယင်းဒေသတွင် အခြေချနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်မှ မိသားစုတစ်စုလျှင် နွား၂ကောင်၊ စက်ဘီးတစ်စီး အပါအဝင် အခြားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ရခိုင်ပြည်မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့ထိုင်ကြသူများထဲမှ အချို့သည် ယင်းဒေသတွင် ၎င်းတို့အခြေချနေထိုင်ရန် အဆင်မပြေသောကြောင့် မိမိတို့၏ မူလနေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြသည်။

၁၉၉၀ကာလများအတွင်းဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာ စစ်ဘေးကပ်ဆိုက်မှုများအတွင်း အခြားအငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုမှာ ရိုဟင်ဂျာအသိုက်အဝန်းရှိ အမျိုးသမီးများအား သန္ဓေတားဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်၏ ကွပ်ကဲမှုအောက်တွင် စစ်ဘက်ဆိုင်ရာဆေးတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာအမျိုးသမီးများအား အသိပေးခြင်းမရှိဘဲ သို့မဟုတ် ၎င်းတို့၏ ဆန္ဒမပါပဲ သန္ဓေတားဆေးများကို ထိုးနှံခဲ့ကြသည်။ အဆိုပါ မွေးဖွားမှုထိန်းချုပ်ရေး ဆောင်ရွက်ချက်ကြောင့် ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်သည် စစ်အစိုးရ၏ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးအလေးပေးဆက်ဆံခြင်းကို ခံခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ တပ်မတော်အစိုးရ၏ အတွင်းရေးမှူး- ၃ နေရာနှင့်  စစ်တပ်၏ အားကောင်းသော အစုအဖွဲ့ တစ်ခုဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်၏ ဥက္ကဌနေရာအဖြစ်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာခဲ့သည်။ သို့သော် ၎င်းသည်မကြာမီတွင် လာဘ်စားမှုဖြင့် ရာထူးမှုရပ်ဆဲခြင်းကိုခံခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်းရှိတပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်အရေအတွက်များ

တပ်မတော်သည် ၁၉၉၀ နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် စစ်ဌာနချုပ်များတည်ထောင်ပြီးနောက်တွင် ရေတပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမပါဝင်ပင်လျှင် ခန့်မှန်းချေ ခြေမြန်တပ်ရင်းပေါင်း ၄၆ ရင်းခန့်အထိ တဖြေးဖြေးချဲ့ထွင်ခဲ့သည်။ ခြေမြန်တပ်ရင်း ၁၆ခုအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် လည်းကောင်း၊ တပ်ရင်း၄ခုအား စစ်တွေမြို့နယ်တွင်အခြေစိုက်သည့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အောက်တွင်လည်းကောင်း၊ တပ်ရင်း၃၀ခုအား အခြားစစ်ရေးကွပ်ကဲမှုဌာနချုပ်၃ခုအောက်တွင်လည်းကောင်း ထားရှိကာ ကြီးကြပ် ကွပ်ကဲလျက်ရှိသည်။

စံချိန်စံနှုန်းအရ တပ်မတော်တစ်ခု၏ ခြေမြန်တပ်ရင်းတစ်ခုတွင် တပ်ဖွဲ့ဝင်ဦးရေ အနည်းဆုံး ၇၇၈ ဦးရှိရမည်ဖြစ်သော်လည်း တပ်ရင်းများသည် တပ်ဖွဲ့ဝင်ဦးရေ ၇၇၈ဦးထပ်နည်းပါးကာ ယခုအခါတွင် တပ်ရင်းတစ်ခုတွင် တပ်ဖွဲ့ဝင်ဦးရေ ၂၅၀ ဦးဝန်းကျင်သာရှိခဲ့သည်ဟု  မြန်မာစစ်တပ်အား စောင့်ကြည့်လေ့လာသူများမှ ဟုစာရေးသူအားပြောကြားခဲ့သည်။11 အဆိုပါအယူအဆအရ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် လက်နက်အပြည့်အစုံကိုင်ဆောင်သော စစ်သားအရေအတွက်မှာ ၁၁,၀၀၀ ဦးအထက်ဖြစ်ပြီး အနည်းဆုံး ၈၁ ဦးမှာ ဒုဗိုလ်မှူးကြီးရာထူး အဆင့်အထက် ရာထူးရှိကြသူများဖြစ်ကြသည်။ ကြဉ်းတပ်တပ်ဖွဲ့ဝင်များအပြင် ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ရေးရဲတပ်ရင်းပေါင်း အနည်းဆုံး ၃ရင်းအား မြန်မာအစိုးရဘက်မှ နေရာချထားသည်။ စစ်တပ်၏ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် အောက်တွင် တာဝန်ထမ်းဆောင်ရသည်။ ရဲတပ်ရင်း အမှတ်-၁၂ သည် စစ်တွေမြို့နယ်တွင် အခြေစိုက်ပြီး အမှတ်-၂ နှင့် အမှတ်- ၁၃ တို့မှာမူ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အခြေစိုက်သည်။ ရဲတပ်ရင်းတစ်ခုကို ရဲတပ်သားအရေအတွက် အနည်းဆုံး ၄၀၀ ဦးဖြင့်ဖွဲ့စည်းထားရာ ယင်းဒေသတွင် ရဲတပ်ဖွဲ့ဝင်ဦးရေပေါင်း အနည်းဆုံး ၁,၂၀၀ ခန့်တာဝန်ထမ်းဆောင်လျက်ရှိသည်။ စစ်တွေမြို့နယ်အတွင်းရှိ တိုက်ခိုက်ရေးရဲတပ်ရင်း ၃ ခုရှိ12 စစ်ဆင်ရေးကွပ်ကဲမှုများကို ရဲမှူးကြီးတစ်ဦးမှ ဦးစီးကာ ရဲမှူးချုပ်အဆင့်အရာရှိတစ်ဦးမှာ ရခိုင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့များအားလုံး၏ တပ်မှုးဖြစ်သည်။ တိုက်ခိုက်ရေးရပ်တပ်ဖွဲ့များအား သာမန်ရဲတပ်သားများပုံစံထက် စစ်သားများကဲ့သို့ စုဖွဲ့လေ့ကျင့်ထားသည်။ ၁၉၉၀ နှစ်များမှ စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ စစ်ဆင်ရေးများတွင် တပ်မတော်မှ စစ်သားများနှင့်အတူ တိုက်ခိုက်ရေးရဲတပ်ရင်းများအား နေရာချထားခဲ့သည်။13

စစ်ဘောင်သွပ်သွင်းခြင်းနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ဖြစ်ရပ်ဆိုးများဆီသို့ခေါ်ဆောင်သွားသည့်ဖြစ်ရပ်များ

၁၉၉၂ ခုနှစ်တွင် ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၂ ခုနှစ် မေ/ဇွန်လ မတိုင်ခင်အထိ မတူညီသည့် လူမျိုးစုများအကြား ပဋိပက္ခများမှာ အတော်အတန်ပင် ငြိမ်သက်လျှက်ရှိခဲ့သည်။ ခြုံငုံ၍သုံးသပ်ရလျှင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာမွတ်ဆလင်တို့မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲလျက် နေထိုင်၊ ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။ သို့သော် ယင်းအခြေအနေသည် ၂၀၁၂ ခုနှစ် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်အမျိုးသား ၃ ဦးမှ မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် အမှုအပြီးတွင် ရခိုင်ပြည်မြောက်ပိုင်းတွင် မတူညီသည့် လူမျိုးစုများအကြား ကြမ်းတမ်းခက်ထန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်မှုများအစတွင် အနည်းဆုံး လူဦးရေ ၃၀၀ ခန့်အသတ်ဖြတ်ခံခဲ့ရပြီး လူဦးရေသိန်းပေါင်းများစွာတို့မှာ မူလနေရာမှ ရွှေ့ပြောင်းထွက်ပြေးခဲ့ကြရသည်။ ထိုစဉ်က ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ဖွဲ့စည်းခဲ့သည့် အကူးအပြောင်းအစိုးရအဖွဲ့မှာ ပြည်တွင်း၊ပြည်ပတွင် တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရသည်ဖြစ်လေရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်14 ဦးဆောင်သည့် အစိုးရအဖွဲ့မှာ အခြေအနေကို ထိန်းချုပ်ရန်အတွက် စစ်တပ်က နောက်ကွယ်မှ ပံ့ပိုးထားသည့် တိုက်ခိုက်ရေးရဲတပ်ရင်းများအား အများအားဖြင့် အသုံးချခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို လုပ်ဆောင်ရန်အတွက် ဒေသတွင်း အခြေစိုက် ရဲတပ်ရင်းများနှင့် ကြည်းတပ်ရင်း ၄၆ ရင်းကိုသာ အသုံးချခဲ့ခြင်းဖြစ်သည်။ အစိုးရသည် ရခိုင်ပြည်နယ်ပြင်ပမှ အခြားသောတပ်ဖွဲ့များအား အသုံးပြုခြင်းမရှိခဲ့ချေ။

 ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ နယ်ခြားစောင့် ရဲ ၃ ဦးအား တိုက်ခိုက်ခဲ့သည့် အမည်မသိ တိုက်ခိုက်သူများကို မြန်မာလုံခြုံရေးတပ်များမှ ပြန်လည်တုံ့ပြန်ရာမှ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုနေ့တွင် တပ်မတော်မှ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်ခဲ့ရာ ရိုဟင်ဂျာ ၈၀,၀၀၀ခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးတိန်းရှောင်ခဲ့ရသည်။ ထို့အပြင် တရားမဲ့သတ်ဖြတ်မှူများ၊ အရပ်သားထိခိုက်မှုများ၊ ရွာများအားမီးရှို့မှုများလည်းရှိခဲ့ကြောင်းသိရသည်။15

နိုင်ငံတော်အစိုးရနှင့် တပ်မတော်ဘက်မှ ရဲစခန်းများအား တိုက်ခိုက်မှုများမှာ ရိုဟင်ဂျာစစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့သော်လည်း ရိုဟင်ဂျာ ခေါင်းဆောင်များမှာမူ  ၂၀၁၇ တစ်နှစ်တည်းအတွင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဘက်မှ မက်သာအမ်ဖက်တမင်းဆေးပြား သန်း၄၀ ဖမ်းဆီးမှု16အား  မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ မူးယစ်ဆေးဝါးဂိုဏ်းများ၏ လက်စားချေမှုဖြစ်မည်ဟုဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ဒုက္ခသည်စခန်းတစ်ခုအတွင်း၌ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရိုဟင်ဂျာခေါင်းဆောင် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သော ဦးကျော်လှအောင် (ယခုကွယ်လွန်)မှ ရဲစခန်းများအားတိုက်ခိုက်မှုများသည် ရိုဟင်ဂျာ ခုခံရေးလှုပ်ရှားမှုနှင့် သက်ဆိုင်မှုမရှိဟု မိမိနားလည်ထားကြောင်း ပြောကြားခဲ့သည်။17 အခြားသော ရိုဟင်ဂျာခေါင်းဆောင်များ၏ ပြောကြားချက်များမှာလည်း ထိုကဲ့သို့ပင် တွေ့ရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှလည်း ၂၀၁၇ခုနှစ်အတွင်းထုတ်ပြန်သည့် ၎င်းတို့၏ အစီရင်ခံစာတွင် မြင့်တက်လာသည့် မူးယစ်ဆေးဝါးပြဿနာနှင့်စပ်လျဉ်း၍ “မြန်မာပြည် အရှေ့ပိုင်းမှနေ၍ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ် တို့မှတဆင့် ဘင်္ဂလားဒေ့ရှ် ရှိ ကော့ဘဇားသို့  ရခိုင်ပြည်နယ်ကို ဖြတ်သန်းကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သိသိသာသာမြင့်တက်ခဲ့သည်”18 ဟုမှတ်ချက်ပေးခဲ့သည်။ ကော်မရှင်မှထုတ်ပြန်သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည်  ရက္ခိုင့်တပ်တော် (AA) နှင့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးအဖွဲ့ (ARSA) ကဲ့သို့ “နိုင်ငံတော်အားကိုယ်စားမပြုသည့်” လက်နက်ကိုင်တပ်ဖွဲ့များအတွက် ဝင်ငွေအထောက်အပံ့ရရှိစေကာ မြန်မာအစိုးရ အာဏာပိုင်များလည်းပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရကြောင်း ဖော်ပြခဲ့သည်။ AA ထိပ်တန်းခေါင်းဆောင်များဘက်မှ သတင်းစာများနှင့် အင်တာဗျူးများတွင် ၎င်းတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများနှင့် ပတ်သက်ခြင်းမရှိကြောင်းကို  ကော်မရှင်ဘက်မှ အစီရင်ခံစာမထုတ်ပြန်မီ ငြင်းဆိုခဲ့သည်။ 19

၂၀၁၆ ခုနှစ်အတွင်းတွင်ပြုလုပ်ခဲ့သော စစ်ဆင်ရေးများသည် ၂၀၁၇ စစ်ဆင်ရေးများကဲ့သို့ ကြီးမားခြင်းမရှိခဲ့ပဲ ၂၀၁၂ စစ်ဆင်ရေးများကဲ့သို့ပင် စစ်ဘောင်သွပ်သွင်းမှုနည်းပါးကား အခြားသော ခြေမြန်တပ်ရင်းများအား ရခိုင်ပြည်အတွင်းသို့ ခေါ်သွင်းခဲ့ခြင်းမရှိခဲ့ချေ။

၂၀၁၇ ခုနှစ် ဩဂုတ်လ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း စစ်ရေးအရ နေရာချထားမှုများ

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းတွင် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေးသည် ၂၀၁၇ ခုနှစ် ဩဂုတ်လအစတွင် မေယုတောင်တန်းဒေသရှိ  မြိုတိုင်းရင်းသားများ20 အသတ်ဖြတ်ခံရပြီးနောက်တွင်စတင်ခဲ့သည်။ အစိုးရပိုင် မီဒီယာများတွင် မြန်မာတပ်ဖွဲ့များမှ အလောင်း၆လောင်းအားရှာဖွေတွေ့ရှိခဲ့ကြောင်းကို “ရခိုင်ပြည်နယ်အတွင်းရှိ မြို လူမျိုးနွယ်စုဝင် ရွာသား၆ယောက်အား ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်သူများမှ ဓါး၊ သေနတ် တို့ဖြင့်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည်”21ဟု ဖော်ပြခဲ့သည်။ မကြာမီတွင် အဆိုပါဖြစ်ရပ်အား ပြည်တွင်း ပုဂ္ဂလိကပိုင် မီဒီယာများ တွင် ဓါတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြသည်။ အဆိုပါ သတင်းများကို လူမှုကွန်ယက်ရက်စာမျက်နှာများ အထူးသဖြင့် ဖေ့စ်ဘုတ်တွင် မြန်မာနိုင်ငံသားအများအပြားမှ မျှဝေခဲ့ကြရာ ရက်အနည်းငယ်အတွင်း အင်တာနက်အသုံးပြုသူများထံသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်တွင် မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးစဉ်တစ်ခုဖြင့် ရောက်ရှိနေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်မှ ပြန်ရောက်လျှင်ရောက်ချင်း ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် ဒေါက်တာအေးမောင်22အပါအဝင် ရခိုင်အမျိုးသားပါတီ (ANP)23 မှ ခေါင်းဆောင်များနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး” အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။24 အဆိုပါ အစည်းအဝေးပွဲအပြီးတွင် ဒေါက်တာအေးမောင်မှ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေများနှင့်စပ်လျဉ်းသည့် အဆိုတစ်ခုကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် တင်သွင်းခဲ့သော်လည်း အောက်လွှတ်တော်မှ အဆိုကို ကန့်ကွက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ မိမိတို့မှာ တပ်မတော်ကို ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တပ်မတော်၏ လုံခြုံရေးစီမံခန့်ခွဲမှုများကို လက်ခံမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်အဆိုအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါအစည်းအဝေးအတွင်းတွင် ရခိုင် နိုင်ငံရေးသမားများအား ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။25 တပ်မတော်၏ အကြီးအကဲဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင် နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း ပြုလုပ်မည့် စစ်ရေးလှုပ်ရှားမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် အစိုးရအဖွဲ့၏ ဦးဆောင်သူနေရာကို ရယူထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ချေ။ သို့သော် ၎င်းသည် စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သတ်၍ ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်သွယ်ပြောဆိုရန်အတွက် အရေးပါသောအရာရှိ ၂ ဦးဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း26တို့အား ကြားခံအဖြစ် အသုံးချခဲ့သည်။27

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကြားခံ အရာရှိစစ်ဗိုလ်ချုပ်နှစ်ဦးအကြား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သတ်၍ မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးမှ အဆိုပါတွေ့ဆုံဆွေးနွေးမှုမှာ ARSA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် ကြေညာရန် ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ကြောင်း မြန်မာမီဒီယာတစ်ခုသို့ ဖြေကြားခဲ့သည်။28 အဆိုပါ အရာရှိစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ အတွင်း ကျေးရွာ အာဏာပိုင် များနှင့် ၎င်းတို့နှင့် တွဲဖက်အလုပ်လုပ်ကိုင်နေသူ စုစုပေါင်း ၅၉ ဦးအသတ်ခံရကာ ၃၃ ဦးမှာ ပျောက်ဆုံးလျှက်ရှိကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ဝေခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ဝေသည့် ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အပြစ်မဲ့အရပ်သားများအား ကာကွယ်ရန်အလို့ငှာ လုံခြုံရေးဆောင်ရွက်ချက်များကို ဒေသအတွင်း၌ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းရန်အလို့ငှာ အစိုးရအဖွဲ့သည် လိုအပ်သည့်နေရာများတွင် အရေးပေါ် ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာခြင်းအပါအဝင် အဆိုပါ အရှိန်မြင့်လာသည့် အကြမ်းဖက်လုပ်ရပ်များအား နှိမ်နင်းရန် အစိုးရအဖွဲ့သည် တပ်မတော်လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ အတူတကွလုပ်ဆောင်လျက်ရှိသည်။29

မြန်မာဘာသာဖြင့်ထုတ်ဝေသော မီဒီယာများတွင်ဖော်ပြထားသည့် သတင်း၊ဓါတ်ပုံများနှင့် ဖေ့စ်ဘုတ်ပေါ်ရှိ စစ်တပ်ထောက်ခံသည့် အကောင့်များနှင့် စာမျက်နှာများအရ တပ်မတော်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့၏ ဆွေးနွေးတွေ့ဆုံမှုအပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မြန်မာပြည် အနောက်ပိုင်းသို့ ခြေမြန်တပ်ရင်း ၂ခုမှ တပ်သားများအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် ပုံမှန်အခြေအနေတွင် တပ်သားအပြောင်းအရွှေ့အတွက် ကုန်းလမ်းခရီးကိုသာ အသုံးပြုခဲ့ရာမှ  ယခုအခါတွင်မူ လေကြောင်းမှတဆင့် တာဝန်ထမ်းဆောင်ရမည့်နေရာများသို့ နေရာချထားခြင်းမှာ ထူးခြားဖြစ်စဉ်တစ်ရပ်ဖြစ်ခဲ့ကြောင်း စစ်ရေးလေ့လာသူများမှ မှတ်ချက်ပေးခဲ့ကြသည်။ စစ်တွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် စစ်တပ်နှင့်နှီးနွယ်သော ပုဂ္ဂိုလ်များမှ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အမှတ် (၃၃) ခြေမြန်တပ်မ30မှ တပ်သားများ စစ်တွေလေဆိပ်သို့ဆင်းသက်လာသည့် ဓါတ်ပုံများအား ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်သို့ တင်ခဲ့ကြသည်။ ထို့နောက် တပ်မ ၃၃ အား အနောက်ဘက်သို့ ထပ်မံ၍ နေရာချထားပြီးသောအခါ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ခုအောက်ရှိ ခြေမြန်တပ်မ ၉၉31 မှ တပ်ရင်း ၆ခုကို စစ်ရဟတ်ယဉ်များဖြင့် ခေါ်ဆောင်လာခဲ့သည်။32 နိုင်ငံတကာရုပ်သံလိုင်းများနှင့် သတင်းအေဂျင်စီများမှ ၂၀၁၇ခုနှစ် ဩဂုတ်လအစောပိုင်းအတွင်း စစ်သားများ အများအပြားအသုံးချမှုအား ထုတ်လွှင့်ရေးသား ဖော်ပြကြသည်။33

ခြေမြန်တပ်မများမှ တပ်သားများအား ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်ကျောက်တော်မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်များတွင် နေရာချထားခဲ့သည်။ ဩဂုတ်လ ၁၁ရက်နေ့အတွင်း အမ်းမြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်း ၁၆ ရင်း၊ တောင်ကုတ်မြို့နယ်ရှိ အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ တပ်ရင်း ၁၀ရင်း၊ ကျောက်တော်မြို့နယ်ရှိ အမှတ်-၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ တပ်ရင်း ၁၀ရင်း၊  ဘူးသီးတောင်မြို့နယ်ရှိ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ တပ်ရင်း ၁၀ရင်း၊ ပြည်မြို့နယ်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ တပ်ရင်း၄ရင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်း ၄ရင်း၊ အမှတ် ၂၇၄ အမြှောက်တပ်ရင်း၊ အမှတ်-၉ ဆက်သွယ်ရေးတပ်ရင်းနှင့် ၈၁၈ ဆက်သွယ်ရေးတပ်ရင်း စသည်ဖြင့် ရခိုင်ပြည်နယ်အတွင်း တပ်ရင်း ၇၀ ကျော်အား နေရာချထားခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာချထားမှုများအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကမ်းရိုးတမ်းတစ်လျှောက်တွင် အနည်းဆုံး တပ်မတော်စစ်ရေယာဉ် ၃စီးကို ထိုအချိန်က နေရာချထားခဲ့သည်။ မြေပြင်တပ်ဖွဲ့များအပြင် စစ်ရေယဉ်များအားနေရာချထားခြင်းမှာ တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပူးပေါင်းစစ်ဆင်ရေးဗျူဟာအား အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ကာ ၂၀၁၇ခုနှစ် ဩဂုတ်လအစပိုင်းအတွင်း တပ်သားဦးရေ မြောက်များစွာသုံးစွဲခြင်းများက တပ်မတော်သည် ဩဂုတ်လ ၂၅ ရက်နေ့မတိုင်မီ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်များပြုလုပ်ရန်အတွက် ပြင်ဆင်နေကြောင်းကို ပြသနေသည်။

ဖြတ်၄ဖြတ် ဗျူဟာ

တပ်မတော်၏ ဖြတ်၄ဖြတ်ဗျူဟာ အသုံးချမှုသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့သော ရှည်လျားထွေပြားသည့် တိုက်ပွဲသမိုင်းများမှ စတင်ခဲ့သည်။ ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးမကြာမီ ၁၉၇၀ နှင့် ၈၀ နှစ်များ တစ်လျှောက်တွင် တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် အင်အားကောင်းသည့် လက်နက်ကိုင်ပုန်ကန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ လက်နက်ကိုင်ပုန်ကန်မှုများကြောင့် “ရန်ကုန်အစိုးရ” ဟူ၍ ခေါ်ရလောက်သည်အထိ ဖြစ်ခဲ့သော်လည်း တပ်မတော်၏ ဝါဒဖြန့်မှုများတွင် ဖြတ်၄ဖြတ်ဗျူဟာဖြင့် တိုင်းပြည်အား အောင်မြင်စွာ ကယ်တင်နိုင်နိုင်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားစွာဖော်ပြထားခဲ့သည်။34  ယခုအခါ ဖြတ်၄ဖြတ်ဗျူဟာမှာ မြန်မာပြည်အတွင်း အသုံးပြုကြောင်း ထင်ရှားသော်လည်း တပ်မတော်သည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အဆိုပါနည်းလမ်းအား မလေးရှားတွင် ၁၉၄၉ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း ပုန်ကန်သောင်းကျန်းသူများအား တန်ပြန်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် အောင်မြင်ခဲ့သည့် ဗြိတိသျှတို့ ထံမှမွေးစားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဗြိတိသျှစစ်တပ်သည် မလေးကွန်မြူနစ် ပြောက်ကြားတပ်ဖွဲ့များအား တိုက်ခိုက်နေရချိန်ဖြစ်သည်။35 ဖြတ်၄ဖြတ်ဗျူဟာဆိုသည်မှာ ပုန်ကန်သောင်းကျန်းသူများ၏ အရင်းအမြစ်များဖြစ်သည့် စားနပ်ရိက္ခာ၊ ငွေကြေး၊ လူအင်အား/စည်းရုံးမှုနှင့် သတင်းအချက်အလက် တို့အား ဖြတ်တောက်ထိန်းချုပ်ခြင်း စသည်တို့ကို ဆိုလိုသည်။ နေရာအတင်းအကြပ်ရွှေ့ပြောင်းစေခြင်းနှင့် လွတ်လပ်စွာသွားလာနိုင်မှုအား ကန့်သတ်ခြင်းသည်လည်း ဖြတ်၄ဖြတ်ဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

တပ်မတော်သည် ဖြတ်၄ဖြတ်ဗျူဟာအား ၁၉၇၀နှင့် ၈၀နှစ်များအတွင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်စဉ်က ပဲခူးရိုးမတောင်တန်းများအတွင်းရှိ ဗမာပြည်ကွန်မြူနစ် ပြောက်ကြားတပ်ဖွဲ့များနှင့် ကရင်တိုင်းရင်းသာသူပုန်များအား တိုက်ခိုက်ခြေမှုန်းသည့် စစ်ဆင်ရေးများတွင် ဖိဖိစီးစီး စတင်အသုံးပြုခဲ့သည်။ ကျော်ကြားသည့် အထူးစစ်ဆင်ရေးကွပ်ကဲရေးမှူးများဖြစ်သည့် ဗိုလ်ချုပ်ကြီးထွန်းရီနှင့် ဗိုလ်ချုပ်ကြီးသန်းတင်တို့မှာ မြန်မာ့ဖြတ်၄ဖြတ်ဗျူဟာအား ကနဦးစတင်အသုံးပြုခဲ့ကြသည့် ပဲ့ကိုင်ရှင်များ ဖြစ်ခဲ့ကြသည်။

ပုန်ကန်သောင်းကျန်းသူများလှုပ်ရှားရာဒေသများအား အဖြူရောင်၊ အညိုရောင်၊ အမည်းရောင် စသည့်ဖြင့် နယ်မြေအမျိုးအစားသတ်မှတ်ကာ တပ်မတော်သည် ပဲခူးရိုးမအတွင်း အဆိုပါဗျူဟာကို အသုံးချခဲ့သည်။ အဆိုပါ လက်နက်ကိုင်သောင်းကျန်းသူများအား တန်ပြန်တိုက်ခိုက်သည့် စစ်ဆင်ရေးအား “အလင်းရောင် စစ်ဆင်ရေး”ဟု အမည်ပေးခဲ့သည်။ ထိုးစစ်ဆင်ရာဒေသများအတွင်းရှိ သန်းပေါင်းများစွာသော ပြည်သူတို့မှာ အလင်းရောင် စစ်ဆင်ရေးလှုပ်ရှားမှုအတွင်း ထိခိုက်ပျက်စီးမှုများအား ခံစားခဲ့ရသည်။

ဖြတ်၄ဖြတ်ဗျူဟာနှင့် အလင်းရောင် စစ်ဆင်ရေးတို့အား မြန်မာစစ်သင်တန်းကျောင်းများရှိ သင်ရိုးညွှန်းတမ်းစာအုပ်များတွင် အသုံးပြု သင်ကြားပေးလျှက်ရှိသည်။ စစ်ဦးစီးတက္ကသိုလ်36 တွင် သင်ရိုးညွှန်းတမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သင်ကြားလျက်ရှိသော “အကြမ်းဖက်သောင်းကျန်းသူများအား မြေလှန်တိုက်ခိုက်ခြင်းဘာသာရပ်” အမည်ရှိကျောင်းသုံးဖတ်စာအုပ်အရ အလင်းရောင် စစ်ဆင်ရေးအတွင်း ဖြတ်၄ဖြတ်ဗျူဟာအား အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဖြတ်၄ဖြတ်ဗျူဟာတွင်ပါဝင်သည့် ပုန်ကန်သောင်းကျန်းသူများအား စားနပ်ရိက္ခာ၊ ငွေကြေး၊ လူအင်အား/စည်းရုံးမှုနှင့် သတင်းအချက်အလက် တို့အား ဖြတ်တောက်ထိန်းချုပ်ခြင်းတို့အား “ပုန်ကန်သောင်းကျန်းသူတို့အား သတ်ဖြတ်ချေမှုန်းခြင်း”37ဟူသောစာကြောင်းဖြင့် အတိအလင်းဖော်ပြထားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ယနေ့ခေတ် စစ်ခေါင်းဆောင်များသည် ဖြတ်၄ဖြတ် ဗျူဟာနှင့် သတ်ဖြတ်ချေမှုန်းခြင်း နည်းနာများကို ဗိုလ်မှူးကြီးရာထူးသို့ မရောက်မီပင်လျှင် လေ့လာသင်ယူခဲ့ကြရသည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရက်စ် တီလာဆင်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ၆၀၀,၀၀၀ ဦးထက်မကသော သောရိုဟင်ဂျာဒုက္ခသည်များမှာ အပြစ်မရှိသော အရပ်သားများဖြစ်ကြောင်းကို ငြင်းဆန်ကာ  အဆိုပါ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုမှာ အကြမ်းဖက်သမားများ၏ မိသားစုဝင်များ ထွက်ပြေးမှုကြောင့်အလွန်တရာများပြားလာရခြင်းဖြစ်သည်ဟု ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြောဆိုခဲ့သည်။

“အာဆာ ဘင်္ဂလီအကြမ်းဖက်သောင်းကျန်းသူများသည် ကင်းစခန်းများကိုတိုက်ခိုက်ရာတွင် မအောင်မမြင်ဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့များ၏ တုံ့ပြန်တိုက်ခိုက်ခြင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အကြမ်းဖက်သမားများသည် ၎င်းတို့နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များအား ခေါ်ဆောင်ကာ ထွက်ပြေးခဲ့ခြင်းကြောင့် ထွက်ပြေးသူ ဒုက္ခသည်အရေအတွက်မှာ များပြားလာခဲ့သည်။”38

တပ်မတော်သည် ရိုဟင်ဂျာတို့အား အကြမ်းဖက်သမားများ သို့မဟုတ် အကြမ်းဖက်သမားများနှင့်စပ်ဆက်သူများအဖြစ် ဝါဒဖြန့်ချီကာ ၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာမျိုးနွယ်တစ်ခုလုံးအား ပြစ်မှတ်ထား၍ ဖြတ်၄ဖြတ်ဗျူဟာကျင့်သုံးခဲ့ခြင်း ဟုယူဆရပေမည်။ အဆိုပါနည်းဗျူဟာသည် ပုန်ကန်သောင်းကျန်းမှုများမှကာကွယ်ရန်နှင့် ပြန်လည်ဖြစ်ပွားခြင်းမရှိစေရန်အတွက် စစ်ဆင်ရေးပြုလုပ်ရာ ဒေသအတွင်းခိုလှုံနေထိုင်သူအားလုံးအား မောင်းထုတ်ပြီး ကျန်ရှိနေသည့် လူထုနှင့် ကျေးရွာများအား ချေမှုန်းဖျက်စီးခြင်းဖြစ်သည်။ ၂၀၁၇ခုနှစ် ဩဂုတ်လမှ စတင်၍ ရိုဟင်ဂျာ ဦးရေ ၆၀၀,၀၀၀ ခန့် (၂၀၁၆ ခုနှစ် အောက်တိုဘာလ မှစတင်၍ ဦးရေ ၈၀၀,၀၀၀ခန့်) အား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့ခြင်းမှာ ဒေသအတွင်း ရိုဟင်ဂျာ ဦးရေ ၄၀/၅၀ ရာခိုင်နှုန်းလျော့ချမည့် ပေါ်လစီ၏ အစိတ်အပိုင်းတစ်ခုပင်လော ဟုမေးခွန်းထုတ်စရာပင်ဖြစ်လေသည်။

စာရေးသူပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမည်မဖော်လိုသည့် စစ်ရေးလေ့လာသူတစ်ဦးမှ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများသည် (၁) ဖြတ်၄ဖြတ်ဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခြင်းအားဖြင့် လူသူကင်းမဲ့အောင်လုပ်ဆောင်ရန် (၂) ဒေသအတွင်း လုံခြုံရေးအကြောင်းပြချက်များအတွက် တပ်သားများအားပိုမိုနေရာချထားရန်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ လူများအစုလိုက်အပြုံလိုက် ဝင်လာခြင်းအားကာကွယ်ရန် အတွက် နယ်မြေများတွင် ခြံစည်းရိုးခတ်ရန် (၃) ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအကြောင်းပြချက်များပြ၍ ဌာနေရခိုင်တိုင်းရင်းသားများအား ပြန်လည်နေရာချထားနိုင်ရန်အတွက် (အထူးသဖြင့် ရခိုင်လူဦးရေ အနည်းဆုံး ၄၀ ရာခိုင်နှုန်းနှင့် ရိုဟင်ဂျာ ဦးရေ ၆၀ ရာခိုင်နှုန်း အချိုးကျစေရန်အတွက်)  မြေနေရာများဖန်တီးရန် (၄) ထွက်ပြေးတိမ်းရှောင်သွားသော ဒုက္ခသည်များအား  တင်းကြပ်သည့် ၁၉၈၂ နိုင်ငံသား ဥပဒေဖြင့် စီစစ်၍ ပြန်လည် လက်ခံရန်နှင့် (၅) နိုင်ငံတကာအသိုက်အဝန်းအား ၎င်းတို့ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို ပြသရန် ရန်ရွယ်ကြောင်းပြောကြားခဲ့သည်။39 နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်များကြောင့် အဆိုပါရည်ရွယ်များထဲမှ အထူးသဖြင့် ပထမ၊ဒုတိယနှင့် တတိယအချက်များမှာ အောင်မြင်မှုရရှိခဲ့သည်။

၂၀၁၇ခုနှစ်အတွင်း ဝါရင့် အစိုးရ အာဏာပိုင်တစ်ဦးမှလည်း အဆိုပါဒေသတွင် ရုတ်ခြည်းလူဦးရေ ကျဆင်းသွားကြောင်း ထုတ်ဖော်ပြောဆိုခြင်းလည်း ရှိခဲ့သည်။ အစိုးရအဖွဲ့၏ ပြန်ကြားရေးကော်မတီမှ ကုလသမ္မဂမှ စွပ်ဆွဲခဲ့သည့် ဒေသအတွင်းရှိ ရိုဟင်ဂျာရွာများ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ မီးရှို့ခံခဲ့ရသည်ဟူသည့် စွပ်ဆွဲချက်အား ငြင်းဆန်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးမှ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့သည့် ကျေးရွာ ၄၇၁ ရွာအနက် ၁၇၆ ရွာမှာ ယခုအခါ လုံးဝရှင်းလင်းသွားပြီဖြစ်ကြောင်းနှင့် အခြား ၃၆ ရွာမှာ လူသူကင်းမဲ့လျက်ရှိကြောင်း ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ 40

စင်စစ်တွင်မူ ရိုဟင်ဂျာလူမျိုးများအား မောင်းထုတ်ခြင်း သို့မဟုတ် ပါဝင်စေခြင်းမှာ နှစ်ပေါင်းများစွာအတွင်း အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ အစီအမံတစ်ရပ်ဖြစ်ခဲ့သည်။ ဒေါက်တာအေးမောင်သည် ဂျူလိုင်လ ၂၀၁၂ အတွင်းက လူမျိုးရေး အကြမ်းဖက်မှုများအတွင်း အောက်ပါအတိုင်းပြောဆိုခဲ့သည်။

“၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ နိုင်ငံသားဟုတ်မဟုတ် အသေအချာစီစစ်ပြီး တရားမဝင် ကျူးကျော်ဝင်ရောက်လာသူတွေကို ဒုက္ခသည်စခန်းတွေမှာ ထားဖို့ပြောထားတာတွေရှိတယ်။ တခြားနိုင်ငံတွေက ဒုက္ခသည်တွေလိုပဲ UNHCR ရဲ့အထောက်အပံ့တွေနဲ့ ကျွေးထားမယ်။ သူတို့ကို ကိုယ်ချင်းစာပြီး နိုင်ငံသားအဖြစ်လက်ခံချင်တဲ့တတိယနိုင်ငံတွေရှိလာလိမ့်မယ်။41

အထက်ပါပြောဆိုချက်များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၇ခုနှစ် စက်တင်ဘာလ အတွင်း မောင်တောမြို့နယ်သို့ ရောက်ရှိစဉ်က ပြောဆိုခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မွတ်ဆလင်မဟုတ်သည့် ဌာနတိုင်းရင်းသားလူမျိုးများ ပြန်လည်အခြေချနေထိုင်ရေးဟူသည့် အတွေးအမြင်များမှာ ပဲ့တင်ထပ်လျက်ရှိသည်။

”ဒေသခံတိုင်းရင်းသားတွေအနေနဲ့ နေရပ်၊ ကျေးရွာတွေကို စွန့်ခွာမသွားဘဲ မပျက်မကွက် ပြန်လည် ရောက်ရှိလာဖို့လိုပါတယ်။ တပ်မတော်အနေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရ ကလည်း ကျေးရွာများပြန်လည်နေရာချထားရေးနဲ့ စပ်လျဉ်းပြီး အကြံပေးညွှန်ကြားသွားမှာဖြစ်တယ်။ ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေရဲ့ လက်ရှိလူဦးရေအချိုးအစားဟာ အရင်တုန်းကနဲ့ယှဉ်လိုက်ရင် ပြောင်းပြန်ဖြစ်နေတယ်။ စီးပွားရေးပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီးတော့ပြောရမယ်ဆိုရင် အရင်တုန်းက ဘင်္ဂလီတွေက တိုင်းရင်းသားလူမျိုးတွေပိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ရာ ငှားထားတဲ့ အလုပ်သမားတွေပဲဖြစ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတို့က အခုဆို ပိုင်ရှင်တွေဖြစ်လာကြပြီ။ ဒါကြောင့် အဲ့ဒီကနေ သင်ခန်းစာယူပြီး ရေရှည် အတွက်တွေးသင့်ပါတယ်။”42

ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများကဲ့သို့ ပုန်ကန်သောင်းကျန်းသူများအား တန်ပြန်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင်အသုံးပြုသည့် အခြား ဖြတ်၄ဖြတ်ဗျူဟာ တစ်ရပ်မှာ “ပြည်သူ့စစ်”43ဗျူဟာ ဖြစ်သည်။ တပ်မတော်စစ်သင်တန်းကျောင်းများ၏ ကျောင်းသုံးစာအုပ်များတွင် “ပြည်သူ့စစ်”ဆိုသည်မှာ “ပြည်သူများကိုယ်တိုင် ပုန်ကန်သောင်းကျန်းသူများအား ခုခံ၊တိုက်ခိုက်၊ ချေမှုန်းရမည်” ဟု အတိအလင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။44 ပြည်သူ့စစ်ဟူသည်မှာ ပုန်ကန်သောင်းကျန်းသူများနှင့် ၎င်းတို့အားထောက်ခံအားပေးသည့်သူများအား ပုံမှန်တပ်သားများနှင့်ပူးပေါင်းကာ ချေမှုန်းရန်အတွက် အရံအင်အားစုများကို အသုံးချခြင်းဖြစ်သည်။ သို့သော် စစ်ဆင်ရေးလုပ်ဆောင်သည့်ဒေသများတွင် အရံအင်အားစုများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ချမှတ်ထားခြင်းမရှိချေ။ ပြည်သူ့စစ်ဗျူဟာသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အခြားစစ်ဆင်ရေးဆောင်ရွက်သည့် ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေနိုင်ကာ တပ်မတော်အားအကာအကွယ်တစ်ရပ် သို့မဟုတ် နည်းဗျူဟာအရ ဆင်ခြေတစ်ခု ရစေသည်။ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ကျေးရွာများအားမီးရှို့မှု အများအပြားအား ရိုဟင်ဂျာရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါခဲ့သော ရခိုင်လူမျိုးရွာသားများမှ ကျူးလွန်ခဲ့သည်ဟု စာရေးသူအား တပ်တွင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ အဆိုပါအရင်းအမြစ် ပုဂ္ဂိုလ်မှ စစ်ဆင်ရေးများအတွင်း အရံအင်အားစုများကို ထိန်းချုပ်ရန်ခက်ခဲကြောင်းကိုလည်း အထူးအလေးပေးပြောဆိုခဲ့သည်။45

၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူချက် ၆ခုကို အခြေခံ၍ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အတွင်း ရိုဟင်ဂျာဦးရေ ၉,၀၀၀အနည်းဆုံး သေဆုံးခဲ့ရကြောင်း  နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။ သေဆုံးခဲ့သည့်အနက် ရိုဟင်ဂျာ ဦးရေ ၆,၇၀၀ ခန့်မှာ အကြမ်းဖက်မှုများအတွင်း အသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ၇၃၀ ဦးရေခန့်မှာ ကလေးသူငယ်များဖြစ်သည်။46 ယခုဆောင်းပါးကို ရေးနေချိန် (၂၀၁၈)အထိ မြန်မာအစိုးရနှင့် တပ်မတော်တို့မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အား တစ်စုံတစ်ရာ တုန့်ပြန်ခဲ့ခြင်းမရှိချေ။ သို့သော် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်စစ်ဦးစီးချုပ်ရုံးမှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် တွေ့ရသည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားမှုများနှင့် ပတ်သတ်၍ “လုံခြုံရေးတပ်ဖွဲ့များအား ထိတွေ့ဆက်ဆံမှုစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ညွှန်ကြားထားပြီး မည်သူမဆို ထိတွေ့ဆက်ဆံမှုစည်းမျဉ်းများအား ဖောက်ဖျက်ခဲ့ပါက တရားဥပဒေစိုးမိုးရေးအရ အရေးယူခံရမည်ဖြစ်ပြီး အဆိုပါဖောက်ဖျက်သည့် ဖြစ်ရပ်များအတွင်း လုံခြုံရေးတပ်ဖွဲ့များပါဝင်နေပါကလည်း ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူခံရမည်ဖြစ်သည်။.”47  ဟုသတင်းကြေညာ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ၂၀၁၇ နှစ်ကုန်ပိုင်းအထိ မြန်မာအစိုးရသည် လွတ်လပ်၍ အမှီအခိုကင်းသော ရှာဖွေစုံစမ်းမှုများအား ခွင့်ပြုခြင်းမရှိခဲ့ကာ အပြည်ပြည်ဆိုင်ရာ ရှာဖွေစုံစမ်းသူများအားလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ချေ။ ဤအချက်သည် တပ်မတော်၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အတွင်း အထူးအလေးပေးပြောဆိုထားသည့် လုံခြုံရေးတပ်ဖွဲ့များသည် ထိတွေ့ဆက်ဆံမှုစည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့ခြင်းရှိမရှိကို တိုင်းတာရန်အတွက် ခက်ခဲလျက်ရှိသည်။

တပ်မတော်စစ်ဦးစီးချုပ်နှင့် စစ်ဦးစီးအရာရှိကြီးများ၏ ဘဝနောက်ခံအခြေအနေများ

ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများအတွင်း ဗိုလ်မှူးကြီးရာထူးနှင့်အထက်ရှိ စစ်ခေါင်းဆောင်များ ၁၂ဦးမက ပါဝင်ပတ်သတ်ခဲ့ကြသော်လည်း48 တပ်တွင်းအရင်းအမြစ်များမှ စာရေးသူအား အဆိုပါစစ်ဆင်ရေးများအား ဗိုလ်ချုပ်မှုးကြီးမင်းအောင်အောင်လှိုင် အဓိကကြိုးကိုင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်များပြုလုပ်ရန် အမိန့်ပေးသူမှာလည်း ၎င်းပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။49 အဆိုပါလုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များကို သိရှိနိုင်ပြီး ၎င်းမှာ အခြားသော စစ်ခေါင်းဆောင်များကဲ့သို့ ဗေဒင်ကိန်းခန်းများအပေါ်အယုံအကြည်လွန်ကဲကာ အကြားအမြင်ဆရာများထံသို့ ပုံမှန်သွားရောက်လေ့ရှိကြောင်းသိရသည်။50

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မွေးဖွားခဲ့သော်လည်း ရန်ကုန်မြို့တွင်ကြီးပြင်းခဲ့ကာ မြို့ပေါ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ပညာသင်ယူခဲ့သည်။ အထက်တန်းအောင်သောအခါ ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘာသာရပ်အား ခေတ္တသင်ယူခဲ့သည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ ၁၉၇၇ ခုနှစ်တွင် အပတ်စဉ် (၁၉)မှ ကျောင်းဆင်းခဲ့သည်။ ရာထူးနိမ့် စစ်အရာရှိဘဝတွင် ရှေးဦးစွာ မွန်ပြည်နယ်၌ စတင်အမှူထမ်းခဲ့သည်။ ၂၀၀၁ခုနှစ်တွင် သထုံမြို့နယ်၊ မွန်ပြည်နယ် အတွင်းရှိ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးဖြစ်လာခဲ့သည်။51

သို့သော် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်နှင့် စိမ်းသူမဟုတ်ချေ။ ခမရ (၄၄) ၌တာဝန်ထမ်းဆောင်ပြီးသောအခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ၂၀၀၄ ခုနှစ်တွင် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းကို ခံခဲ့ရသည်။52 ၂နှစ်ကြာသောအခါ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရှိ တြိဂံတိုင်းစစ်ဌာနချုပ်သို့ ၂၀၀၆ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။53 ထို့နောက် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ်ရာထူးတိုးမြှင့်ခြင်းကိုခံခဲ့ရပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဌာနချုပ်တို့၏ စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲရသည်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် ရာထူးခန့်အပ်ခြင်းကို မခံရမီအထိ မထင်မရှားဘဝဖြင့်သာနေခဲ့ရသည်။ ၎င်းသည် ၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်း တရုတ်-မြန်မာ နယ်စပ် လောက်ကိုင်မြို့တွင်ရှိသော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အား လျှက်တပြက် ထိုးစစ်ဆင်ပြီးချိန်မှစ၍ မီဒီယာတွင် ထင်ရှားသူတစ်ဦးဖြစ်လာသည်။ တပ်မတော်သားများသည် လောက်ကိုင်မြို့အား ၃ ရက်အတွင်း လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။ ကိုးကန့်တရုတ် စစ်ဘေးဒုက္ခသည် ၃၇၀၀၀နီးပါး တရုတ်ပြည်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သွားရသောအခါ ပိုင်ဆိုင်သော ပစ္စည်းများအား အတင်းအဓမ္မယူဆောင်သွားမှုများရှိခဲ့သည်။54 အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဘဝတွင် မင်းအောင်လှိုင်သည် အထူးအောင်မြင်မှုရရှိခဲ့ကာ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများဖြစ်သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှုးကြီးမောင်အေးတို့၏ ဦးစားပေးခြင်းကိုခံခဲ့ရသည်။ တစ်နှစ်ကြာသောအခါ တပ်မတော်၏ တတိယအမြင့်ဆုံးရာထူးဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှုး (ကြည်း၊ရေ၊လေ) အဖြစ်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် မတ်လအကုန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ တရားဝင် ရာထူးမှဆင်းကာ တပ်မတော်အစိုးရမှ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရသို့ အာဏာလွှဲပြောင်းသောအခါ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။55

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ56 ရာထူးမှ ရပ်နားပြီးသည်နှင့်တစ်ပြိုင်နက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် တပ်မတော်အား တင်းကြပ်စွာထိန်းချုပ်ထားနိုင်သည့် ယန္တယားတစ်ခုအဖြစ် ဖန်တီးခဲ့သည်။ ၎င်းသည် စစ်တက္ကသိုလ်အမှတ်စဉ် ၂၂ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဖြိုး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ၊ ဗိုလ်ချုပ် သန်းထွန်းနှင့် ဗိုလ်ချုပ် လှမြင့်ဆွေ စသည့် ၎င်း၏ရပ်တည်မှုအတွက် အထူးတလည် စိန်ခေါ်ခဲ့သည့် အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး အနည်းဆုံး ၄ဦးအား ရာထူးမှ အတင်းအကြပ် အနားယူစေခဲ့သည်။57 ၂၀၁၇ ခုနှစ်အလည်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဖြိုးသည် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ၎င်းကို ၂၀၁၁ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခြင်းအတွက် တရားစွဲရန် ပြင်ဆင်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် တပ်မတော်အတွင်း စစ်ထောက်လှမ်းရေးဒုတိယအကြီးအကဲ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် ၏ အထွေထွေအတွင်းရေးမှူးကဲ့သို့ အရေးပါသည့် ရာထူးနေရာများတွင် ၎င်း၏ လူယုံများကို ပြောင်းရွှေ့ခန့်ထားခဲ့သည်။ ထိုစဉ်က အစိုးရဝန်ထမ်းများ ရာထူးမှပင်စင်ယူရမည့် အသက်အရွယ်သည် ၆၀နှစ်ဖြစ်သောကြောင့် ၎င်းနှင့်သက်တူရွယ်တူ စစ်ဗိုလ်ချုပ်ကြီးများမှာ တာဝန်မှရပ်နားပြီးဖြစ်လေရာ တပ်မတော်ရှိ တပ်မှူးအရာရှိ အများစုမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထက် အနည်းဆုံး အသက်၁၀နှစ်ခန့် ငယ်ရွယ်ကြသူများ ဖြစ်ကြသည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် တပ်မတော်၏ ပုံရိပ်အား ပြည်တွင်းတွင် အမျိုးဂုဏ် ဇာတိဂုဏ်အား ထိန်းသိမ်းစောင့်ရှောက်နေသည့် အဖွဲ့အစည်းအဖြစ်လည်းကောင်း အာရှနှင့် ဥရောပရှိ မြို့ကြီးများသို့ သွားရောက်ကာ ပြည်ပတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေသည့် အဖွဲ့အစည်းအဖြစ်လည်းကောင်း ထင်မြင်စေရန် ကြိုးပမ်းခဲ့သည်။58 ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် အနောက်တိုင်းဒီမိုကရေစီဝါဒ၏ ပြယုဂ်သဖွယ်နေရာ ဖြစ်သည့် ဘရပ်ဆဲလ်မြို့ ၌ ဥရောပသမ္မဂနိုင်ငံများမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များအား ပြောဆိုသည့်မိန့်ခွန်းတွင် မြန်မာ့နိုင်ငံရေး၌ တပ်မတော်၏ အခန်းကဏ္ဌနှင့် ပတ်သတ်၍ ကာကွယ်ပြောဆိုခဲ့သည်။ ၎င်းသည် အရှင်ဝီရသူ59အပါအဝင် အစွန်းရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား သွားရောက်ဖူးမြှော်ကာ လှူဒါန်းမှုများကိုပြုခြင်းအားဖြင့် ဗမာဗုဒ္ဓဘာသာ အမျိုးသားရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးကြောင်း ပေါ်ပေါ်ထင်ထင်ပြသခဲ့သည်။ ၂၀၁၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ ၌ သီပေါမင်း60 နတ်ရွာစံသည့် နှစ် ၁၀၀ ပြည့်အထိန်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ နောက်ဆုံးမြန်မာမင်းဆက်၏ အနွယ်တော်များ ပြုလုပ်သည့်အခမ်းအနားသို့ စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ခြင်းမှာ ထူးခြားသည့်ဖြစ်စဉ်တစ်ရပ် ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးသည် ထိုအခမ်းအနားသို့ နိုင်ငံတော် သံဃနာယက ဥက္ကဌ ဗန်းမော်ဆရာတော်အရှင် ကုမာရ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေတို့နှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။61 အိန္ဒိယနိုင်ငံမှ ပြန်ရောက်၍ မကြာမီ ထင်ရှားသည့် အမျိုးသားရေး ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် သီတဂူဆရာတော် အရှင် ဉာဏိဿရအား သွားရောက်ဖူးမြှော်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှမှာ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သည်။ သားဖြစ်သူမှာ Yangon Art Gallery နှင့် အောင်မြင်မိုရ်အာမခံ ကုမ္ပဏီတို့၏ ပိုင်ရှင်ဖြစ်သည်။ မြန်မာစစ်တပ်ရှိ ပုဂ္ဂိုလ်များသည် အောင်မြင်မိုရ်ကုမ္ပဏီမှ အာမခံများကို မဖြစ်မနေ ဝယ်ယူရသည်ဟူသည့်အချက်မှာ အငြင်းပွားဖွယ်ရာဖြစ်သည်။ အဆိုပါကုမ္ပဏီသည် တပ်မတော်အတွက် က်နက်များဝယ်ယူရာတွင် ကြားခံပွဲစားလုပ်ပေးခြင်းနှင့် ပါကစ္စတန်မှ စစ်လေယာဉ်များနှင့်  အခြားသော ယခင်က ဆိုဗီယက်နယ်မြေအတွင်းပါဝင်ခဲ့သော နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့မှ ဗျူဟာမြောက်လက်နက်များကို ဝယ်ယူရာတွင် ငွေချေပေးခြင်းတို့ကို လုပ်ဆောင်ရာတွင်ပါဝင်ခဲ့သည်ဟု စွပ်စွဲခြင်းကိုခံထားရသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မိသားစု၏ ၂၀၁၇ခုနှစ်အတွင်း ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ရှိသည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းမှ ခန့်မှန်းကြသည်။62

၂၀၁၇ခုနှစ် ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုများသို့ ဦးတည်သွားစေသည့် ကိစ္စရပ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့၏ ဆက်ဆံရေးမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရသည့် ပထမ တစ်နှစ်ခွဲအတွင်း ၎င်းတို့ နှစ်ဦးအကြား၌ ပုံမှန်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ချေ။ တပ်မတော်မှရေးဆွဲထားသည့် လက်ရှိ အခြေခံဥပဒေတွင် စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များပုံမှန်တွေ့ဆုံရသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ဟူသည့် အစည်းအဝေးတစ်ရပ်ရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ အာဏာရစဉ်လက်ထက်က ၅နှစ်အတွင်း ကာလုံအစည်းအဝေး အကြိမ် ၂၀၀ထက်မနည်းခေါ်ယူခဲ့သော်လည်း NLD အစိုးရသည် ၂၀၁၇ ခုနှစ်အထိ ကာလုံအစည်းအဝေးတစ်ကြိမ်မျှမခေါ်ယူခဲ့ချေ။63 NLD အစိုးရ ကာလုံအစည်းအဝေးများအား မခေါ်ယူရသည့် အကြောင်းရင်းမှာ စစ်ဘက်ခေါင်းဆောင်မှာ ကောင်စီဝင် ၁၁ ဦးအနက်မှ ၆ ဦးကို ရွေးချယ်ပိုင်ခွင့်ရှိပြီး အရပ်ဘက်ခေါင်းဆောင်မှာ ကောင်စီဝင် ၅ဦးသာရွေးချယ်ပိုင်ခွင့်ရှိသောကြောင့်ဖြစ်သည်။ သို့သော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် လူများစုမဲပေးမှုထက် ယေဘုယျသဘောတူညီချက်များအပေါ်မူတည်၍ ဆုံးဖြတ်ချက်ချသည်ဟု တပ်တွင်းအရင်းမြစ်တစ်ခုမှ စာရေးသူအား ပြောကြားခဲ့သည်။64

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စစ်ဘက်ခေါင်းဆောင်နှင့် အစည်းအဝေးခေါ်နိုင်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာပြဿနာ တစ်ရပ်ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ရွေးကောက်တင်မြှောက်ထားသည့် သမ္မတ65သည် ကာလုံအစည်းအဝေးသို့ မတက်ရောက်ခြင်းကြောင့် စစ်ခေါင်းဆောင်သည် သူမအား အခြားကိစ္စရပ်များတွင် ငြင်းဆိုမှုများလည်းရှိခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ၎င်းရှင်းလင်းပြောကြားလိုသည့် သို့မဟုတ် အကြောင်းကြားလိုသည့် ကိစ္စရပ်များရှိသောအခါ ၎င်း၏ လက်ထောက်အရာရှိကြီးများအား စေလွှတ်ပြောကြားစေခဲ့သည်။66 ၂၀၁၇ခုနှစ် ဩဂုတ်လအတွင်းကျူးလွန်ခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သတ်၍ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ရန်အတွက် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို တောင်းခံရမည့်အစား ၎င်း၏ လက်ထောက်အရာရှိကြီးများအား စေလွတ်ကာ ၎င်းတို့ဆောင်ရွက်တော့မည်ဖြစ်ကြောင်း တိုက်ရိုက်အသိပေးခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ သို့သော် စေ့စပ်ညှိနှိုင်းမှု မအောင်မမြင်ဖြစ်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်သည် တပ်ဖွဲ့များအသုံးပြုမှုနှင့်ပတ်သတ်သည့် အထူးအခွင့်အာဏာတစ်ရပ်နှင့် ရာဇသတ်ကြီးပုဒ်မ ၁၄၄နှင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းကိုသာ သဘောတူညီခဲ့သည်။ တပ်မတော်သည် အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း အထူးလုပ်ပိုင်ခွင့်အာဏာကို နှစ်ပတ်မျှသာခွင့်ပြုထားသောကြောင့် (နောက်ပိုင်းတွင် အစိုးရအဖွဲ့မှ တပ်မတော်၏ အထူးလုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးရမည့်အချိန်ကို တိုးမြှင့်ခဲ့သော်လည်း) ပြည်နယ်အတွင်းပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် တပ်အင်အားကို အစွမ်းကုန်အသုံးချခဲ့ရသည်ဟု တပ်တွင်းအရင်းမြစ်အချို့မှပြောကြားခဲ့သည်။67

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်ပိုင်းအတွင်း အခြားတင်းမာမှုတစ်ခုမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနှင့် ၎င်းတို့အကြား ရင်းနှီးသောဆက်ဆံရေးကြောင့်ဖြစ်သည်။ စစ်ခေါင်းဆောင်ပိုင်းမှ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းအား သစ္စာဖောက်အဖြစ်သတ်မှတ်ခဲ့သော်လည်း68 ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းအား ယုံကြည်ရသူအဖြစ်သတ်မှတ်ခဲ့သည်။69 ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သူရ ဦးရွှေမန်းသည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ဖြူးမြို့နယ်တွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်ခဲ့သည်။ သို့သော် NLD ပါတီအာဏာရရှိပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ သူရ ဦးရွှေမန်းအား ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သမ္မတ ဦးထင်ကျော် ရာထူးမှ နှုတ်ထွက်သည့်အခါ သူရ ဦးရွှေမန်းသည် သမ္မတရာထူးနေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် အလားအလာရှိသူတစ်ဦးအဖြစ် နေပြည်တော် အသိုင်းအဝိုင်းအတွင်း ကောလဟာလများပေါ်ထွက်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြီးနောက် တပ်မတော်၏ အင်္ဂါစဉ်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း ပြုလုပ်ခဲ့သော နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်များအတွက် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့သည် နေပြည်တော်ရှိ စစ်ရုံးမှ အမိန့်ပေးရာတွင် တာဝန်ရှိသည့် အရာရှိကြီးများဖြစ်ကြသည်။ ၂၀၁၇ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ အတွက် စစ်ခုံရုံးမှအမိန့်ပေးရာတွင် အခြားအရေးပါသည့် အရာရှိတစ်ဦးမှာ တပ်မတော် စစ်ဦးစီးချုပ်ရုံးတွင် အထွေထွေဝန်ထမ်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး (ယခင် ဗိုလ်မှူးချုပ်) ကျော်စွာလင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်လောင်းဘဝတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စစ်တက္ကသိုလ် နောက်ဆုံးနှစ်ကိုတက်ရောက်စဉ်က ပထမနှစ်ကျောင်းသားဖြစ်ခဲ့သည်။ တပ်မတော်၌ ဒုဗိုလ်မှူးကြီးဘဝတွင် ၁၉၈၀ အစောပိုင်းနှစ်များအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကွပ်ကဲခဲ့သည့် တပ်မ ၈၈၏ ဗျူဟာမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။70 ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ တပ်မ ၉၉၏ တပ်မမှူးအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွင်အခြေစိုက်သည့် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်71တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈/၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရမှ အပြစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအား တပ်မတော်၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် နယ်ခြားစောင့်တပ် (BGF) များအဖြစ်သို့ ပြောင်းလဲရန်ဖိအားပေးခဲ့ရာမှ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ပြည်တွင်းစစ်များ အသစ်တစ်ဖန်ဖြစ်ပွားခဲ့သည်။72 ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အစရှိသည့် အင်အားကြီးလက်နက်ကိုင်အဖွဲ့များအားလုံးမှ ၎င်းဖိအားပေးမှုသည် နိုင်ငံအတွင်း နိုင်ငံရေးအရ သဘောတူညီမှုများမရရှိမီ လက်နက်ဖြုတ်သိမ်းရန်အတွက် အကြံအစည်တစ်ရပ်ဖြစ်ကြောင်း ပြောကြားကာ စစ်အစိုးရ၏ ဖိအားပေးမှုများအား ငြင်းပယ်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော စိုးဝင်းအား အင်အားကောင်းသော လက်နက်ကိုင်အုပ်စုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အားရင်ဆိုင်တိုက်ခိုက်ရသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးအပ်ခြင်းခံခဲ့သည်။

ယခင်မျိုးဆက်ဟောင်း ဗိုလ်ချုပ်ကြီးများယူနီဖောင်းချွတ်၍ တပ်မတော်ရာထူးများမှ အနားယူကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲသို့ဝင်ရောက်ရန်ပြင်စဉ်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အခြား မျိူးဆက်သစ် ဗိုလ်ချုပ်ကြီးများကဲ့သို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းကိုခံခဲ့ရသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြို့တော်နေပြည်တော်နှင့် အနီးနားဝန်းကျင်တစ်ဝိုက်အား ကြီးကြပ်ရသည့် အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် မတ်လတွင် ၎င်းသည် ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနေရာသို့ အစားထိုးခန့်အပ်ခြင်းကို ခံခဲ့ရသည်။ ၂၀၁၆ခုနှစ် မတ်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရလာပြီးသောအခါ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ဦးစီးချုပ်တို့အကြား အဓိကဆက်ဆံရေးအရာရှိတစ်ဦးအဖြစ် ၂၀၁၇ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး

၂၀၁၈ခုနှစ်အတွင်း တပ်မတော်၏ တတိယမြောက်ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ထက် အနည်းဆုံး၆နှစ်ခန့် ငယ်ရွယ်သူဖြစ်သည်။ ၎င်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ်အောက်တိုဘာတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏ ထောက်လှမ်းရေးအရာရှိများအား ရာထူးမှုထုတ်ပယ်ပြီးနောက် တပ်မတော်ထောက်လှမ်းရေး အား စစ်ဘက်ရေးရာလုံခြုံရေး ဟုအမည်ပြောင်းလဲအပြီးတွင် စစ်ဦးစီးမှူး (ပထမတန်း) ရာထူးကိုထမ်းဆောင်ရသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အဓိက စေ့စပ်ညှိနှိုင်းဆွေးနွေးသူ ဖြစ်ခဲ့သည်။73 ၎င်းသည် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်က KNU ၏ အထွထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည့် ဖဒိုမန်းရှားလာဖန်း လုပ်ကြံသတ်ဖြတ်ခံရမှုတွင် နောက်ကွယ်မှကြိုးကိုင်သူအဖြစ် စွပ်ဆွဲခြင်းခံရသူဖြစ်သည်။74 အဆိုပါဖြစ်ရပ်ပြီးနောက်တွင် မြန်မာနိုင်ငံအလည်ပိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ခမရ ၁၀၁၏ တပ်မမှူးအဖြစ်လည်းကောင်း ထို့နောက် ၂၀၁၀ပြည့်နှစ် ဩဂုတ်လတွင် စစ်တက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း အဆင့်ဆင့်ရာထူးတိုးမြှင့်ခြင်းကိုခံရသည်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ၎င်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့တွင် အသစ်ဖွဲ့စည်းလိုက်သော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်တိုင်းမှူးဖြစ်လာသည်။ စစ်အစိုးရအုပ်ချုပ်စဉ်အချိန်က ၎င်းထက်ရာထူးကြီးသော ဗိုလ်ချုပ်ကြီးများမှ ၎င်းအား ထိပ်သီးတပ်မတော်အရာရှိတစ်ဦးဖြစ်ရန် အလားအလာရှိသူတစ်ဦးအဖြစ် သမုတ်ခဲ့ကြသည်။ ၂၀၁၂ခုနှစ်တွင် ၎င်းအား စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ်နှင့် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် တပ်မတော်၏ ရာထူး ၃နေရာတွင် တာဝန်ပေးခန့်အပ်ခြင်းကိုခံရသည်။၂၀၁၆ခုနှစ်ဩဂုတ်လတွင် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ၂၀၁၇ခုနှစ် နွေရာသီတွင် မြန်မာပြည်အနောက်ပိုင်း၌ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများလုပ်ဆောင်ချိန်က စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် စစ်ရေးညွှန်ကြားချက်များကိုပြုလုပ်ရာ စစ်ခုံရုံးအတွင်း အရေးပါသည့် ဝါရင့် တပ်မတော်အရာရှိတစ်ဦးဖြစ်ကာ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ်တို့၏ အမိန့်ပေးညွှန်ကြားချက်များအား အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။75 ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများ76 မလုပ်ဆောင်ခင် ၃လအလို ၂၀၁၇ ခုနှစ်မေလတွင် အသက်အငယ်ဆုံး တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်လာခဲ့သည်။ ၎င်းမတိုင်မီ ၂၀၁၅ခုနှစ်၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် စစ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းကိုခံခဲ့ရသည်။77 ၎င်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၀) ကျောင်းဆင်းဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးလေးပေးခံရသူဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသောအခါ စစ်ရေးလေ့လာသူများမှ ဗိုလ်ချုပ်မှူးကြီးရာထူးနေရာသို့ ဆက်ခံသူဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးကြသည်။

၁၉၈၈မှ ၂၀၁၁ခုနှစ် စစ်အစိုးရအုပ်ချုပ်စဉ်ကာလအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် တိုက်ပွဲများတွင်အမိန့်ပေးခြင်းထက် ရုံးထိုင်အရာရှိတစ်ဦးအဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဤနည်းအားဖြင့် ၎င်းသည် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) နှင့် ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) တို့အပါအဝင် စစ်ခေါင်းဆောင်အကြီးအကဲများနှင့် စစ်ရုံး၌ ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဲ့သို့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်ခဲ့သည်။78 ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးများအပြီး ၎င်းသည် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်သို့ ရာထူးတိုးမြှင့်ပေးခြင်းကိုခံခဲ့ရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးသောအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မြန်မာ့ကုန်သွယ်မှုကောင်စီ အား အမည်ပြောင်းလဲထားသော “ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေး လုပ်ငန်းကော်မတီ”၏ ဥက္ကဌ အဖြစ်ခန့်အပ်ခဲ့သည်။79

ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော

စစ်တပ်၏ဖွဲ့စည်းပုံအရ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာတဝီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်၏ နယ်မြေအချို့ကိုကွပ်ကဲရသော အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည်  ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းတွင် ပြုလုပ်ခဲ့သော နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုများလုပ်ဆောင်ရာတွင် တိုက်ရိုက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်တိုင်းအတွင်း သံဃာတော်များ သပိတ်မှောက်ဆန္ဒပြမှုများကို ဖြိုခွင်းရာတွင် ဒါဇင်ပေါင်းများစွာသော ဆန္ဒပြသူများအား လုံခြုံရေးတပ်များမှ သတ်ဖြတ်ခဲ့စဉ်က ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် ဒုဗိုလ်မှူးကြီးရာထူးနှင့် တပ်မ ၇၇80 ၏ စစ်ဦးစီးအရာရှိ (ပထမတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါလုပ်ရပ်သည် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အပါအဝင် အခြားမျိုးဆက်သစ် ရာထူးကြီးစစ်တပ်အရာရှိငယ်များအား ဝါရင့် ဗိုလ်ချုပ်ကြီးများမှ သတိထားမိလာကာ ရာထူးတိုးမြှင့်ပေးရန်အတွက် အလှည့်အပြောင်းဖြစ်ခဲ့သည်။

တပ်မ ၇၇ ၌တာဝန်ထမ်းဆောင်၍ အပြီးတွင် ခလရ ၃၃၏ တပ်မမှူးရာထူးသို့ ၂၀၀၉ခုနှစ်တွင် တိုးမြှင့်ခြင်းခံရသည်။ တပ်မ ၃၃ တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထူးသဖြင့် အထက်တွင်ဖော်ပြခဲ့သည့် MNDAA အား ၂၀၀၉ခုနှစ် ဩဂုတ်လအတွင်း ထိုးစစ်ဆင်ရာတွင် အဆိုပါတပ်မ ပါဝင်ခဲ့မှုကြောင့်   ၎င်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနှီးမှုရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုဝင်ဘာတွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်သို့ စစ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့တိုးမြှင့်ခြင်းကိုခံရသည်။ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်အား ကြီးကြပ်ကွပ်ကဲရစဉ်အတွင်း မြန်မာပြည် အရှေ့မြောက်ပိုင်းတွင် အပြစ်အခတ်ရပ်စဲမှုပျက်ပြယ်ကာ တရုတ်-မြန်မာ နယ်စပ်တွင် တပ်မတော်နှင့် ကချင်၊ ကိုးကန့်၊ တအာန်း/ပလောင်နှင့် ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ပွဲများဖြစ်ပွားခဲ့သည်။    အဆိုပါဒေသတွင် အရေးပေါ်လုံခြုံရေး ဥပဒေ ပြဌာန်းခဲ့ကာ81 တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်း လူ့အခွင့်ရေးများချိုးဖောက်မှု82 မှတ်တမ်းများလည်းရှိခဲ့သည်။ ထိုဒေသသည် ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော ထိပ်သီးတပ်မတော်အရာရှိတစ်ဦးအဖြစ်သို့ ရာထူးတိုးမြှင့်မခံရမီ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သော ဒေသဖြစ်ခဲ့သည်။ အခြားသော စစ်တိုင်းမှူးများနည်းတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် ထိုစဉ်က ရခိုင်ပြည်နယ်အပါအဝင် ဒေသများကို ကြီးကြပ်ကွပ်ကဲရသည့် အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်းကိုခံခဲ့ရသည်။83

ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း

၂၀၀၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးများလုပ်ဆောင်စဉ်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ စစ်ဦးစီးအရာရှိ (ဗိုလ်မှူးချုပ်)84ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ဦးစီးအရာရှိအနေဖြင့် စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်နှင့် မြေပြင်တိုက်ပွဲများကိုအမိန့်ပေးရသည့် စစ်ဦးစီးများအကြား ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ရသည်။85 နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ပြီး၍ မကြာမီ ၂၀၁၈ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် မန္တလေးမြို့တွင်ရုံးစိုက်သည့် အရေးပါသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းကို ခံခဲ့ရသည်။ ၎င်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၅ ဆင်းတစ်ဦးဖြစ်သည်ကာ အသက် ၄၀ကျော်၊ ၅၀ အောက် မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအကြား ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့သည်။ စစ်တိုင်းမှူးရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး ၂နှစ်အကြာတွင်86 ရာထူးပိုမြင့်မားသော တပ်ထောက်ချုပ်ရာထူးနေရာသို့ တိုးမြှင့်ခြင်းခံရပြီး စစ်ဘက်ဆိုင်ရာ လုပ်ငန်းစုဖြစ်သည့် မြန်မာနိုင်ငံကုန်သွယ်ရေးကောင်စီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။87 ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အတူ ဆယ်စုနှစ်တစ်စုတည်းအတွင်း ရာထူးတိုးမြှင့်ခံရမှု အများဆုံး စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာခဲ့သည်။

ရိုဟင်ဂျာအကြမ်းဖက်မှုများအတွင်း ဆိုရှယ်မီဒီယာနှင့် အမုန်းစကားဖြန့်ဝေမှုများ

၂၀၁၈ခုနှစ် ဧပြီလတွင် တပ်မတော်၏ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ပွားစေရန်ရည်ရွယ်၍ အမုန်းစကားများနှင့် သတင်းမှားဖြန့်ချီမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ပတ်သတ်၍ ဖေ့စ်ဘွတ်ခ်၏ CEO ဖြစ်သည့် မာ့ခ်ဇူကာဘတ်အား အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်တွင် သက်သေအဖြစ်ထွက်ဆိုရန် ဆင့်ခေါ်ခံရသည်။ တပ်မတော်သည် ၁၉၅၀ ဝန်းကျင်တွင် မြန်မာနိုင်ငံအတွင်းရှိ သောင်းကျန်းသူအုပ်စုများ အထူးသဖြင့် တန်ပြန်စိတ်ဓါတ်စစ်ဆင်ရေးအရာ၌ ကျွမ်းကျင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီအား ချေမှုန်းတိုက်ခိုက်ရန်အတွက် စိတ်ဓါတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်မှုများကိုပြုလုပ်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သည်။88 တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ၏ အကူအညီဖြင့် ၁၉၅၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။89 ၎င်း၏အဓိကရည်ရွယ်ချက်မှာ ကျေးလက်နှင့် မြို့ပြလူထုအကြား အားကောင်းသည့် ကွန်မြူနစ်လှုပ်ရှားမှုအား တန်ပြန်တိုက်ခိုက်ရန်နှင့် စစ်တပ်နှင့်လူထုအကြား ပိုမိုကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ရန်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စိတ်ဓါတ်စစ်ဆင်ရေးအရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တပ်မတော်အရာရှိအားလုံးသည် ၎င်းထံမှ စိတ်ဓါတ်စစ်ဆင်ရေးဆိုင်ရာ နည်းနာများကို သင်ယူကြရသည်။ စိတ်ဓါတ်စစ်ဆင်ရေးဆိုင်ရာ နည်းနာတစ်ရပ်မှာ မှန်ကန်သည့် သတင်းအချက်အလက် ၂၅ %နှင့် သတင်းမှား ၇၅% အားရောနှောကာ ကောလဟာလများလွှင့်ခြင်းဖြစ်သည်။90

အင်တာနက်သည် စိတ်ဓါတ်စစ်ဆင်ရေးဆိုင်ရာဝါဒဖြန့်ခြင်းများ လုပ်ဆောင်ရန်အတွက် အသုံးချခံနေရာ တစ်ခုဖြစ်လာခဲ့သည်။ အင်တာနက်ခေတ်ဦးပိုင်းတွင် မြန်မာ့အွန်လိုင်းမီဒီယာများမှာ လွတ်လပ်မှုမရှိပဲ နိုင်ငံသားများ၏ အင်တာနက်အသုံးပြုသူမှုအား အစိုးရ အေဂျင်စီများမှ စောင့်ကြည့်ခြင်းကိုခံရသည်။ နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများလုပ်ကာ နိုင်ငံသားများ၏ လွပ်လပ်စွာ အင်တာနက် အသုံးပြုခွင့်ပေးခဲ့သည့်  ၂၀၁၁ ခုနှစ် မတ်လမတိုင်မီအထိ အင်တာနက်အသုံးပြုမှုမှာ အထက်တန်းစား လူ့မလိုင်အလွှာများသာ ရရှိခဲ့သည့် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။ အလားတူစွာပင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် မီဒီယာအား တင်းကြပ်စွာထိန်းချုပ်ထားခဲ့သည့် ဆင်ဆာစနစ်အား ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဖြတ်သိမ်းခဲ့သည်။ အစိုးရသည် အပြည်ပြည်ဆိုင်ရာ တယ်လီကွန်းကော်ပရေးရှင်းများဖြစ်သည့် ကွေတာနိုင်ငံအခြေစိုက် အော်ရီဒူးနှင့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောတို့ကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် အွန်လိုင်းပေါ်ရှိ ၎င်းတို့အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအား  နှိမ်နှင်းရန် အာဏာရှင်နိုင်ငံများအသုံးချသည့်နည်းနာများဖြစ်သည့် တရုတ်နည်းနှင့်ရုရှာနည်း ဟူ၍စံနမူနာထားရန် နှိမ်နင်းနည်း ၂မျိုးရှိခဲ့သည်။  တရုတ်အာဏာပိုင်များသည် အနောက်ဒီမိုကရေစီနိုင်ငံများမှ ဖေ့စ်ဘုတ် အစရှိသည့် လူမှုကွန်ယက် မီဒီယာများနှင့် ဝဘ်ဆိုဒ်များအား ပိတ်ပင်ကာ ၎င်းတို့၏ ကိုယ်ပိုင် လူမှုကွန်ယက် မီဒီယာများဖြစ်သည့် Weibo နှင့် WeChat တို့ကို အသုံးပြုခဲ့ကြသည်။ ရုရှားအာဏာပိုင်များမှာမူ အင်တာနက်ပိတ်ဆို့မှုများကိုပြုလုပ်မည့်အစား ကရင်မလင်နန်းတော် ငှားရမ်းထားသည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာရှင်များနှင့် စိတ်ဓါတ်စစ်ဆင်ရေးဆိုင်ရာ ပညာရှင်များမှတဆင့် ဝါဒဖြန့်ချီနိုင်ရန်အတွက် အင်တာနက်အား လွပ်လပ်စွာအသုံးပြုခွင့်ပေးခဲ့သည်။ တပ်မတော်နောက်ခံအစိုးရသည် ပထမအဆင့် နိုင်ငံရေးဖြေလျော့မှုများပြုလုပ်ရာတွင် ရုရှားနည်းကို အသုံးပြုရန်ရွေးချယ်ခဲ့သည်။91

ဖေ့စ်ဘွတ်ခ်ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇- ၂၀၀၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံများသို့ ရောက်ရှိနေသည့် အဝေးရောက် မြန်မာနိုင်ငံသားများအကြား သုံးစွဲမှု စတင်များပြားလာသည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် ဖေ့စ်ဘွတ်ခ် သည် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း ရေပန်းအစားဆုံးမီဒီယာတစ်ခုအဖြစ် လျှင်မြန်စွာရောက်ရှိခဲ့သည်။92 တပ်မတော်ခေါင်းဆောင်များသည် ၂၀၀၇ခုနှစ်မှစတင်ကာ ဖေ့စ်ဘွတ်ခ် တွင် အကောင့်တုများနှင့် အကောင့်စစ်များကို ဖွင့်ခဲ့ကြသော်လည်း အထက်ပါအချက်ကိုထောက်ရှု၍ ၂၀၁၁ခုနှစ်တွင်Facebookအား ပိုမိုတွင်ကျယ်စွာ အသုံးပြုရန်အလျင်အမြန်ဆုံးဖြတ်ချက်ချခဲ့ကြကာ ၂၀၁၂ ခုနှစ်တွင် troll အကောင့်များ၊ စာမျက်နှာများနှင့် အဖွဲ့ (Group) များစွာကိုပြုလုပ်ဖန်တီးခဲ့ကြသည်။93 ၂၀၁၃-၂၀၁၄ အတွင်း မိုဘိုင်းဆင်းကတ်များ ပိုမိုလွယ်ကူစွာ ရရှိလာနိုင်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ် မှာ လူထုအကြားပိုမို ရေပန်းစားလာခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၁၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နှင့် အခြား စစ်ဘက်ဆိုင်ရာနှင့်ပတ်သက်သည့် စာမျက်နှာများကို ဗိုလ်ချုပ်မှူးကြီးအား လူထုအကြားပုံရိပ်ကောင်းရစေရန်နှင့် လူထုနှင့်ပိုမို နီးကပ်သည့် ဆက်ဆံရေးတည်ဆောက်ရန်အတွက် ဖွင့်လှစ်ခဲ့သည်။94

၂၀၁၁/၂၀၁၂ မတိုင်ခင်က အွန်လိုင်းပေါ်ရှိ ဆိုက်ဘာစစ်ပွဲများမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသည့် အထူးသဖြင့် အဝေးရောက်မြန်မာနိုင်ငံသားများနှင့် ရုရှားရှိ တပ်မတော်မှ ပညာတော်သင်စေလွှတ်ခဲ့သော ကျောင်းသားများအကြား စကားစစ်ထိုးခြင်းများသာ အများအားဖြင့် ဖြစ်ခဲ့သည်။  ၂၀၁၂ ဧပြီလအတွင်း ကျင်းပပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း NLD ပါတီမှ မဲနိုင်ပြီးသောအခါ အဆိုပါအနေအထားမှာ ပြောင်းလဲခဲ့သည်။ ပုံနှိပ်မီဒီယာများနှင့် အွန်လိုင်းပေါ်တွင် မွတ်ဆလင်/ရိုဟင်ဂျာများအပေါ် အမုန်းစကားပြောဆိုမှုများမှာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။ စာရေးသူ တပ်တွင်း အရင်းအမြစ်အချို့နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ အဆိုပါအမုန်းစကားများသည် စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ95တို့၏ အဓိကရေရှည် မဟာဗျူဟာဖြစ်ကြောင်း သိရသည်။ ၂၀၀၈တွင် စစ်တပ်မှရေးဆွဲအတည်ပြုခဲ့သော အခြေခံဖွဲ့စည်းပုံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား တိုက်ရိုက်ခန့်ထားနိုင်သည်ဖြစ်ရာ စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီများမှာ အစိုးရဖွဲ့ရန်အတွက် လွှတ်တော်အတွင်း ထိုင်ခုံနေရာ ၂၆ % သာအနိုင်ရရှိရန်လိုအပ်သည်။ သို့သော် တပ်မတော်နှင့် စစ်တပ်လိုလားသောပါတီများမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကျယ်ပြန့်စွာ အတိုက်အခံပြုမှုနှင့် လူထုအကြားချစ်ခင်နှစ်သက်အားပေးခံရမှုတို့နှင့် ရင်ဆိုင်ရလေတော့သည်။ ယင်းသို့ အတိုက်အခံဖြစ်လာသည့် အခြေအနေကို တန်ပြန်ရင်ဆိုင်ဖြေရှင်ရန်အတွက် တပ်မတော်နှင့် စစ်တပ်လိုလားသောပါတီများသည် တပ်မတော် သင်တန်းကျောင်းများ၊ ဝါဒဖြန့် စာအုပ်များနှင့် အခြားသောမီဒီယာများတွင် ဆယ်စုနှစ်ပေါင်းများစွာ အစဉ်တစိုက် ဖြန့်ဖြူးလာခဲ့သည့် ဗမာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒအား အသုံးချရန် နည်းလမ်းရခဲ့သည်။96

သာဓကများ

စာရေးသူနှင့်အင်တာဗျူးတစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီ၏ အကြီးတန်းအရာရှိဟောင်းတစ်ဦးမှ အောက်ပါအတိုင်းပြောကြားခဲ့သည်။

“ (၂၀၁၂ ဧပြီလမှာလုပ်ခဲ့တဲ့) ရွေးကောက်ပွဲအပြီးမှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီး(သန်းရွှေ)နဲ့သွားတွေ့ခဲ့ကြတယ်။ ကျွန်တော်တို့အားလုံး ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလာဒ်ကြောင့် အတော်ကို တုန်လှုပ်သွားခဲ့ကြတယ်။ ဒီရလာဒ်နဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးက ကျွန်တော်တို့ကို ဆူတယ်။ သူကနေပြီး နောက်ရွေးကောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားဖို့ပြောခဲ့တယ်။ မေလထဲမှာပဲ ပြည်ခိုင်ဖြိုးပါတီက ဗုဒ္ဓဘာသာ ကော်မတီကို ဖွဲ့စည်းခဲ့တယ်။ တပ်မတော်ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဆိုက်ဝါးလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က အမျိုး၊ဘာသာ၊ သာသနာ ဆိုတာကို လူတွေကြားရောက်ဖို့ပဲ။ ရှေးရိုးစွဲ ဗုဒ္ဓဘာသာနိုင်ငံမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် အမုန်းတရားဖြန့်ချိတာလဲဖြစ်နိုင်တယ်။”97

ရိုဟင်ဂျာ/မွတ်စလင်များအား ဘင်္ဂါလီများဟု ခေါ်ဝေါ်ကာ တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်လာသော လူမျိုးခြား/ဘာသာခြားများအဖြစ်လည်းကောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီအား မွတ်ဆလင်အားပေးပါတီအဖြစ်လည်းကောင်း ပုံဖော်ရန်ကြိုးပမ်းမှုများ ဖေ့စ်ဘွတ်ခ်ပေါ်၌ ပြန့်နှံ့လာခဲ့သည်။ မွတ်ဆလင်များအား “မုဒိန်းကောင်များ”အဖြစ်ထင်မြင်စေကာ “အသက်ကြီးသော မွတ်ဆလင်အမျိုးသားများအား ဗုဒ္ဓဘာသာအမျိုးသမီးငယ်များအား လက်ထပ်ယူရန် အစ္စလာမ် ဘာသာရေးကျောင်းများမှ စေခိုင်းညွှန်ကြားလျှက်ရှိကြောင်း ဝါဒဖြန့်ချီမှုများရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း သူရ ဦးရွှေမန်းကဲ့သို့ တပ်မတော်အရာရှိဟောင်းများအား “တပ်မတော် သစ္စာဖောက်”98အဖြစ်သမုတ်ကာ အမျိုးသားရေး သစ္စာဖောက် အဖြစ်ဝါဒဖြန့်ခဲ့ကြသည်။

ဖေ့စ်ဘုတ်ပေါ်၌ ရိုဟင်ဂျာများအပေါ်အမုန်းစကားများဖြန့်ချီရာတွင် ရွှေအိမ်စည်၊ နေတိုး စသည့် မွတ်ဆလင်များဆန့်ကျင်သည့် နာမည်ကြီးအနုပညာရှင်များပါဝင်ခဲ့ပြီး အခြား နာမည်ကြီးမြန်မာ အနုပညာရှင်များ၏ Troll အကောင့် များကိုလည်းဖန်တီးခဲ့ကြသည်99။ အများအားဖြင့် Troll အကောင့်များနှင့် အခြားသော နာမည်ကြီး အနုပညာရှင်များ၏ အကောင့်တုများသည် ပုံမှန်အချိန်တွင် ပုံမှန်အကြောင်းအရာများ၊ သတင်းများကိုသာ တင်လေ့ရှိသော်လည်း ရံဖန်ရံခါတွင်မူ အမုန်းစကားများဖြန့်ပွားခြင်း သို့မဟုတ် အတိုက်အခံအုပ်စုများအား တိုက်ခိုက်ပြောဆိုခြင်းများအား ပြုလုပ်လေ့ရှိသည်။ တပ်မတော် အေးဂျင့်များမှ အဆိုပါ နာမည်ကြီး အနုပညာရှင်များနာမည်ဖြင့် အကောင့်များ၊ စာမျက်နှာများနှင့် Group များဖွင့်ကာ အနည်းဆုံး စောင့်ကြည့်သူ ငါးထောင်ခန့်အထိရောက်အောင် ကြိုးပမ်းခဲ့သည်။ အဆိုပါ အကောင့်များ၊ စာမျက်နှာများနှင့် Group များနာမည်ကြီးလာသောအခါ လှောင်ပြောင်သရော်သည့် Troll လုပ်ရပ်များကို စတင်ခဲ့သည်။ အဆိုပါ Troll အကောင့်များနှင့် Page များသည် နာမည်ကြီး အနုပညာရှင်များ၏ အမည်များဖြင့်သာ ဖွင့်ထားခြင်းမဟုတ်ပေ။ ဥပမာအားဖြင့် ဝီရသူ၊ ရဲမိုး၊ မောင်မောင်အောင်၊ လှရွှေ၊ နေဇင်လတ်၊ ရဲထွဋ်၊ ဇော်ဌေး စသည့် စစ်သား၊ ဘုန်းကြီး၊ အစိုးရအရာရှိ၊ ပန်းချီဆရာနှင့် သာမန်ပြည်သူများ၏ အမည်များနှင့်ပါ ရှိတတ်ကြသည်။ ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ဆိုက်ဘာစစ်ဆင်ရေးများတွင် ပါဝင်လျက်ရှိသည့် ယခင်ကတာဝန်ထမ်းဆောင်ခဲ့ပြီးသည့် အငြိမ်းစားတပ်မတော် အရာရှိများနှင့် လက်တလော တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်အရာရှိများမှာ စစ်သင်တန်းကျောင်းများတွင် သင်ကြားလျက်ရှိသည့် တူညီသည့် ဝါဒဖြန့်အာဘော်များကို သင်ယူခဲ့ရသည်။ မွတ်ဆလင်ဆန့်ကျင်ရေး အမျိုးသားရေး ကျောင်းသင်ခန်းစာအုပ်များကိုသာလေ့လာခွင့်ပြုကာ ဦးနှောက်ဆေးခံခဲ့ရသည်။

အမုန်းတရားနှင့် သတင်းမှားဖြန့်ချီရေးများအား စနစ်တကျနှင့် အဖွဲ့အစည်းအလိုက် လုပ်ဆောင်ခဲ့ကြသည်။ ဘာသာဝင် လူနည်းစုတစ်စုအပေါ် နိုင်ငံတော်မှ ပြုလုပ်သည့် အမုန်းစကားပြောဆိုမှုဟူ၍ ပင်အမည်တပ်နိုင်သည်။ ဖေ့စ်ဘွတ်ခ်ပေါ်ရှိ တပ်မတော်၏ စိတ်ဓါတ်စစ်ဆင်ရေးများအား စစ်ဦးစီးချုပ်၏ ညွှန်ကြားမှုအောက်ရှိ စစ်ခေါင်းဆောင်များအကြား “ဆိုက်ဘာစစ်ဆင်ရေး” ဟုအမည်ရသည့် တပ်မတော်၏ ရုံးဌာန ၄ခုမှ အဓိက လုပ်ဆောင်လျှက်ရှိသည်။ ၎င်းတို့မှာ စိတ်ဓါတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှုးရုံး၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိရုံးနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတို့ပါဝင်သည်။ တပ်မတော်၏ အမိန့်ပေးမှုပုံစံအရ အဆိုပါကြိုးပမ်းမှု၏ ဗဟိုတွင်ရှိသော ထိပ်သီးပုဂ္ဂိုလ် ၃ဦးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ဖြစ်သည်။ (၂၀၁၈ ခုနှစ် ဇန်နဝါရီလအရ) ၎င်းတို့၏ အောက်ရှိ အခြားအရေးပါသော ပုဂ္ဂိုလ်များမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းညီ၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဗိုလ်မှူးကြီး အောင်ခိုင်စိုးတို့ဖြစ်ကြသည်100

အဆိုပါလှုပ်ရှားမှုအတွင်း တပ်မတော်လေ့ကျင့်ရေးဌာန ပါဝင်နေမှုမှာ မှတ်သားဖွယ်ဖြစ်သည်။ တပ်မတော်လေ့ကျင့်ရေးအကြီးအကဲအရာရှိ လက်အောက်တွင် စစ်မဟာဗျူဟာလေ့လာရေးရုံးဟူသည့် စစ်ဘက်ဆိုင်ရာ ပညာရှင်အဖွဲ့တစ်ခုရှိသည်။ အဆိုပါပညာရှင်အဖွဲ့သည် တပ်မတော်၏ ဖေ့စ်ဘုတ်ပေါ်၌ စိတ်ဓါတ်စစ်ဆင်ရေးနှင့် ဆိုက်ဘာစစ်ပွဲများပြုလုပ်ရာတွင် အရေးပါသော ဆုံးဖြတ်ချက်ချသူများဖြစ်သည်။ တပ်မတော် စစ်မဟာဗျူဟာလေ့လာရေးရုံးကို ၁၉၉၀ ဝန်းကျင်တွင် ဦးစွာ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှုးရုံး၏ လက်အောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဖြတ်သိမ်းခံခဲ့ရသည်။ ၂၀၀၀ပြည့်နှစ်များနှောင်းပိုင်းတွင် တပ်မတော်လေ့ကျင့်ရေးအကြီးအကဲအရာရှိ လက်အောက်တွင် တပ်မတော်ထောက်လှမ်းရေးအား ရှင်းလင်းခဲ့ပြီးနောက် အရံအင်အားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် စစ်ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းခဲ့သည်101။ တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အရာရှိတစ်ဦးမှ အောက်ပါအတိုင်းပြောကြားခဲ့သည်။

“ဆိုက်ဘာစစ်ဆင်ရေးတွေကို လုပ်ဆောင်တဲ့နေရာမှာ ညှိညှိနှိုင်းနှိုင်းနဲ့ အဖွဲ့လိုက်လုပ်ဆောင်တတ်ဖို့က အဓိကကျပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆို မယူတောင်တန်းဒေမှာ မြိုတိုင်းရင်းသား ရွာသားတွေရဲ့ ရုပ်အလောင်းတွေကို တွေ့တဲ့အခါ သတင်းတွေရေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ဒီအရေးကိစ္စကို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ အမျိုးဘာသာနဲ့ လုံခြုံရေးအတွက် ချိန်းခြောက်မှုတစ်ရပ်အနေနဲ့သတ်မှတ်တာတွေ နောက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ‘Save Myanmar, Save Rakhine’ ဆိုပြီး ကန်ပိန်းတွေလုပ်ခဲ့ကြတယ်။”102

ရာပေါင်းများစွာသော တပ်မတော်သားများသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ တပ်ဖွဲ့များတွင် အချိန် ၃ ချိန်ခွဲကာ ဆိုက်ဘာစစ်ဆင်ရေးများ အလှည့်ကျ တာဝန်ယူလုပ်ဆောင်ခဲ့ရသည်။ အဆိုပါ ဆိုက်ဘာစစ်ဆင်ရေးများအား စစ်ဦးစီးအရာရှိများမှ ကြီးကြပ်သည်။ ၂၀၀၀ပြည့်နှစ်များအစောပိုင်းမှစကာ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းခံရသည့် တပ်မတော်သားအရေအတွက် ၃,၀၀၀ခန့်ရှိသည်။သတင်းမှားများဖန်တီးခြင်း၊ အမုန်းစကားများဖြန့်ချီခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများသည် ဆိုက်ဘာစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်သားများအချင်းချင်းညှိနှိုင်းကာ ကွဲပြားသည့်တာဝန်များကိုထမ်းဆောင်ခဲ့ကြသည်။ စစ်ထောက်လှမ်းရေးသည် သတင်းအချက်အလက်များအား စုဆောင်းကာ ရရှိလာသောသတင်းအချက်အလက်များအပေါ် အခြေခံ၍ ဆိုရှယ်မီဒီယာတွင် အမုန်းစကားများနှင် သတင်းမှားများ ဖန်တီးဖြန့်ချီရန်အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ စာရေးသူနှင့် အင်တာဗျူးတစ်ခုတွင် အဆိုပါ အကြောင်းအရာနှင့် စပ်ဆက်၍ ကောင်းမွန်စွာသိရှိသော အငြိမ်းစား အရှာရှိတစ်ဦးမှ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“နေပြည်တော်၊ ရန်ကုန် နဲ့ပြင်ဦးလွင် မှာရှိတဲ့ ဝန်ထမ်းအရေအတွက် ၇၀၀ ကျော်လောက်က Facebook ပေါ်မှာ စစ်တပ်က ဝါဒဖြန့်ဖို့အတွက်လုပ်ပေးနေကြတယ်။…….. သူတို့ကို G1 (စစ်ဦးစီးအရာရှိ) ဗိုလ်မှူးကြီး တစ်ယောက်က ကြီးကြပ်ရတယ်။ တပ်မတော်ရဲ့ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့ဌာနတစ်ခုမှာ G1 သုံးယောက်ရှိတယ်။ အဲ့တော့ကျ ဒီဆိုက်ဘာစစ်ဆင်ရေးထဲမှာ G1 ၁၂ ယောက်လောက်က ပါဝင်ကြီးကြပ်နေရတယ်။”103

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် စာရေးသူသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ ခရီးသွားခဲ့ပြီး ကျေးရွာတစ်ရွာ၏ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးမောင်ကျော်ညွန့်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းမှ မိမိ၏ကျေးရွာမှ မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများအကြားပဋိပက္ခဖြစ်ပွားခဲ့သည့်ဓါတ်ပုံများအား မောင်တောမြို့နယ်အတွင်း ရိုဟင်ဂျာများမှ ရခိုင်တိုင်းရင်းသားများအား ကြမ်းဖက် တိုက်ခိုက်ခဲ့သည်ဟူ၍ ဖေ့စ်ဘွတ်ခ်လူမှူကွန်ယက်ပေါ်တွင် တွေ့ရှိခဲ့ရကြောင်းပြောကြားခဲ့သည်။ “ဒီပုံထဲမှာဖြစ်တဲ့ကိစ္စက ကျွန်တော့်ရွာမှာဖြစ်သွားခဲ့တဲ့ကိစ္စဆိုတော့သိတာပေါ့။ ဒါ့ကြောင့် အခုဒီပို့စ်က ကိစ္စက သတင်းမှားကြီးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် တခြားရခိုင်တွေကတော့ တကယ်ဖြစ်ခဲ့တယ် လို့ပဲထင်ကြလိမ့်မယ်”104ဟု ပြောကြားခဲ့သည်။

နေရာမျိုးစုံ၌ သတင်းမှားများနှင့် အမုန်းစကားများဖြန့်ချီခြင်းသည် တပ်မတော်၏ နည်းဗျူဟာတစ်ခုဖြစ်သည်။ မြန်မာပြည်မြောက်ပိုင်းရှိ အင်အားကြီးထွားလျက်ရှိသော လက်နက်ကိုင်တက်ဖွဲ့တစ်ခုဖြစ်သည့် ရခိုင့်တပ်တော် AA အား တရားဝင် အစိုးရ စာမျက်နှာများ၊ သတင်းမီဒီယာ စာမျက်နှာများနှင့် Troll အကောင့်များမှ ARSA အဖွဲ့၏ မဟာမိတ်အဖြစ်ပုံဖော်စွပ်စွဲကာ အဖော်ပြခံရခဲ့ခြင်းမှာ သာဓက တစ်ခုဖြစ်သည်။ အစောပိုင်းကာလတွင် အဆိုပါသတင်းမှားအား Troll အကောင့်များ၊ စာမျက်နှာများနှင့် အုပ်စုများမှ ဖြန့်ချီခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနအား ကျောထောက်နောက်ခံပြုထားသည့် ရုပ်သံနှင့် သတင်းမီဒီယာကွန်ယက်များမှ ရခိုင့်တပ်တော် AA မှာ ARSA ၏ မဟာမိတ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းများနှင့် စားပွဲဝိုင်းဆွေးနွေးပွဲများအား ဆက်တိုက်ပြုလုပ်ခဲ့သည်။105 ထို့နောက် Eleven ကဲ့သို့ သတင်းမီဒီယာဌာနများမှ ထိုသို့သောသတင်းများအား ပုံနှိပ်ထုတ်ဝေဖြန့်ချီခဲ့သည်။106 သီးခြားလွပ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် ဧရာဝတီ သတင်းဌာနမှလည်း အဆိုပါသတင်းအား ရေးသားဖော်ပြခဲ့သည်။ ထို့နောက် အထက်ပါ မီဒီယာများတွင် ဖော်ပြအပြီးတွင်  နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲ107နှင့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲများတွင် အဆိုပါသတင်းမှား အားဆက်လက် ထုတ်ပြန်ပြောဆို ဖော်ပြခဲ့ကြသည်။ အဆိုပါ သတင်းမှားများနှင့် ပုံဖျက်ထားသော အချက်အလက်များအား တင်ဆက်ရေးသားပြောဆိုခြင်းများနှင့် ထပ်တလဲလဲကိုးကားပြောဆိုခြင်းများသည် ထောက်ခံအားပေးသူများနှင့် ကြားနေသူများအား အယုံသွင်းရာတွင် အောင်မြင်ခဲ့ရခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။

တပ်မတော်သည် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုရီးယား နိုင်ငံများသို့ သတင်းအချက်အလက် နည်းပညာများနှင့် ပတ်သတ်၍ လေ့သာသင်ယူရန် တပ်မတော်သားများအား စေလွှတ်ခဲ့သော်လည်း  ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်ရှိ ရိုဟင်ဂျာဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှု ဆန့်ကျင်ရေးနှင့် စစ်တပ်အားပေး ထရိုးအကောင့်များနှင့် စာမျက်နှာများမှာ ရုရှားနိုင်ငံတွင် အသုံးပြုသည့် နည်းနာများနှင့် အလွန်ဆင်တူလျက်ရှိကြောင်း သိရသည်။ တပ်မတော်မှ ပညာတော်သင်ကျောင်းသားများမှာ ရုရှားနည်းပညာ ကုမ္ပဏီအများအပြား အခြေစိုက်ရာ စိန့်ပီတာဘက် မြို့တွင် ပညာသင်ယူခဲ့ကြောင်း သိရသည်။ ထင်ပေါ်ကျော်ကြားသော ကုမ္ပဏီတစ်ခုမှာ အမေရိကန်ပြည်ထောင်စုမှ သတင်းမှားဖြန့်ချီမှုအတွက် အမည်မည်းစာရင်းသွင်းခံရသည့် Advanced Internet Agency ဖြစ်သည်။ တပ်မတော်သည် တရုတ်နိုင်ငံမှ အထူးသဖြင့် ZTE နှင့် ဟွာဝေး ကုမ္ပဏီတို့မှ နည်းပညာများအား ဝယ်ယူအသုံးပြုလျက်ရှိသည်။ ဤ အကြောင်းအရာများနှင့် စပ်လျဉ်း၍ တပ်မတော်နှင့် မြန်မာအာဏာပိုင်များအား အစ္စရေးနိုင်ငံမှ တိုက်ပွဲသုံးဆက်သွယ်ရေး ပစ္စည်းကိရိယာများ အပါအဝင် နည်းပညာပိုင်းဆိုင်ရာများတွင် အကူအညီပေးလျှက်ရှိကြောင်း သတင်းတစ်ခုအရ သိရသည်။108

ဖေ့စ်ဘွတ်ခ်မှ မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် အကောင့်ပေါင်းများစွာကို ဖျက်သိမ်းလိုက်သောအခါ တပ်မတော်သည့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဘက်မှ ပြုလုပ်ခဲ့ကြောင်းကိုမသိပဲ ဆိုက်ဘာကြောင်းမှတိုက်ခိုက်ခိုက်ခံရသည်ဟု ဦးစွာတွေးထင်ခဲ့သည်။ အဆိုပါနေ့တွင် ထိပ်သီးပိုင်း ဗိုလ်ချုပ်ကြီးများ၏ ခရီးစဉ်များအား ရပ်ဆိုင်းခဲ့ကာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ စစ်တပ်အားပေး Troll အကောင့်များမှ အဆိုပါလုပ်ရပ်၏ နောက်ကွယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရမှ ကြိုးကိုင်ခဲ့သည်ဟု စွပ်ဆွဲခဲ့သည်။ တပ်မတော်ဘက်မှ ရုရှား ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် VK ဟုခေါ်သည့် Vkontakte တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စာမျက်နှာအားဖွင့်လှစ်ခဲ့သော်လည်း အဆိုပါ ဆိုရှယ်မီဒီယာဘက်မှပါ မကြာခင် အသုံးပြုခွင့်ရပ်ဆိုင်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်ဖန်တီးခဲ့သည့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာမှာမူ ယနေ့တိုင် အသုံးပြုဆဲဖြစ်သည်။109 ၂၀၁၈ခုနှစ် အစောပိုင်းတွင် စစ်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်အရာရှိတစ်ဦးအား Viber Group တစ်ခုတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ ရာထူး အရွှေ့အပြောင်းနှင့် ပတ်သတ်ကိစ္စကိစ္စများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ယခုအခါ စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်တို့မှ အပ စစ်ခုံရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအားလုံးအား တာဝန်ထမ်းဆောင်ချိန်တွင် စမတ်ဖုန်းသုံးခွင့် မပေးတော့ချေ။110

နိဂုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် “အကြမ်းဖက် ဆန့်ကျင်တိုက်ခိုက်ရေး” အမည်တပ်ကာ စစ်ဘောင်သွပ်သွင်းခြင်း နှင့် ရိုဟင်ဂျာများအား အင်အားသုံးအကြမ်းဖက်နှိမ်နှင်းခြင်းများမှာ လူသားများမှပြုလုပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးအန္တရာယ် တစ်ခုအဖြစ်ထင်ကျန်လျက်ရှိသည်။ ၂၀၁၈ခုနှစ်အစောပိုင်းတွင် မြန်မာအစိုးရနှင့် စစ်တပ်တို့မှာ ကုလသမ္မဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာမှ ဖိအားများမြင့်တက်လျက်ရှိသည်။ ထိုဖိအားများအား တုန့်ပြန်ဖြေရှင်းရန်အတွက် မြန်မာအစိုးရသည် အောင်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ကော်မရှင် ၂ရပ်ကို ဖွဲ့စည်းခဲ့သည်။111 ရခိုင်ပြည်နယ်    နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစောလွင် နေရာတွင် မန္တလေးတိုင်းမှ ရဲမှူးချုပ်မြင့်တိုးနှင့် ၎င်းတစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးအကြာ အောက်တိုဘာလတွင် အစားထိုး လဲလှယ်ခဲ့သည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးနေရာတွင် အရွှေ့အပြောင်းပြုလုပ်ခဲ့ခြင်းမှာ အကြမ်းဖက်မှုများနှင့် ဆက်နွယ်၍ မဟုတ်ဘဲ တပ်မတော်ဘက်မှ ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနအစား အရပ်သား ပြည်နယ်ဝန်ကြီးချုပ်အား သတင်းအချက်အလက်များ တိုက်ရိုက်မတင်ပြလိုသောကြောင့်ဖြစ်သည်။112 အဆိုပါနှစ်၏ နိုဝင်ဘာလကုန်တွင် ၂၀၁၇ခုနှစ် ဩဂုတ်လမှ စတင်၍ တပ်စွဲထားသည့် ခြေမြန်တပ်မ ၉၉ သည်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ခွာသွားခဲ့သည်။113 အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တိုင်းမှူးဗိုလ်ချုပ် မောင်မောင်စိုးသည်လည်း ရာထူးမှထုတ်ပယ်ခြင်းခံရသည်။ သို့သော် ၎င်းအား တပ်ရင်းမှူးရာထူးမှ ထုတ်ပယ်ခံရခြင်းမှာ  တပ်တွင်း အကြပ်အတည်းကြောင့်မဟုတ်ပဲ ယခင်လများအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ ရခိုင့်တပ်တော် AA အား တိုက်ခိုက်နှိမ်နင်းရာတွင် မအောင်မြင်ခဲ့သောကြောင့်သာ ဖြစ်သည်။114 ထိုစဉ်က လူမှုကွန်ယက်ရှိ အစိုးရစာမျက်နှာများတွင် ဓါတ်ပုံအမှားများကို တင်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်းကိုခံခဲ့ရသည်။ သို့သော် ဤဆောင်းပါးရေးနေချိန်အထိ အဆိုပါ အကြမ်းဖက်ရက်စက်မှုများနှင့် စပ်လျဉ်း၍ ထိရောက်စွာတုန့်ပြန်ခဲ့ခြင်းမရှိသကဲ့သို့ ကျူးလွန်ခဲ့သူများအားလည်း အမှန်တကယ်အရေးယူခဲ့ခြင်း မရှိချေ။

Endnotes

1 မြန်မာအစိုးရနှင့် စစ်တပ်ပိုင် မီဒီယာတို့၏ ထုတ်ပြန်ကြေညာချက်များအရ  (Myanmar News Agency)။
2 Myanmar Anti-Terrorism Central Committee, 2017.
3 Safi, 2007.
4 စစ်အုပ်ချုပ်ရေးနှင့် တစ်ပါတီစနစ်ဆယ်စုနှစ်အချို့ကြာပြီးနောက် မြန်မာနိုင်ငံအား စစ်အစိုးရအသစ်တစ်ရပ်မှ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ (၁၉၈၈မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဟူသည့်အမည်ဖြင့်လည်းကောင်း ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟူသည့်အမည်ဖြင့် လည်းကောင်း) အုပ်ချုပ်ခဲ့သည်။
5 စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်။
6 Maung Aung Myoe, 2009, p. 80.
7 UNHCR, 1992.
8 ယခင်အစိုးရ အဖွဲ့ဝင်ဟောင်းများနှင့်  ၂၀၁၇ ခုနှစ်အတွင်း ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
9 ထိုစဉ်က Amnesty International မှထုတ်ပြန်သော အစီရင်ခံစာများကို အောက်ပါ Link မှတဆင့် ဖတ်ရှုနိုင်သည်။ https://www.amnesty.org/en/latest/research/page/2/?qlocation=1821&sort=date-asc
10 ဗိုလ်ချုပ်ခင်ညွန့်သည် ၎င်းနှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအရာရှိများအား စစ်အစိုးရမှ မဖယ်ရှားမီအထိ ၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ပါဝါရှိသူတစ်ဦးဖြစ်ခဲ့သည်။
11 ၂၀၁၇ ခုနှစ်အတွင်း စစ်ရေးလေ့လာသူများနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
12 ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းမှုပုံစံများဆိုင်ရာ တရားဝင် စာရွက်စာတမ်းများမှ ရရှိသော သတင်းအချက်အလက်။
13 ၂၀၁၇ ခုနှစ်အတွင်း ထိပ်သီးပိုင်း တပ်မတော်အရာရှိတစ်ဦးနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
14 စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် ၂၀၁၁-၂၀၁၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်ခဲ့သည်။ ၎င်းသည် စစ်တပ်၏ အစွယ်အပွားပါတီ တစ်ခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ တစ်ဦးလည်းဖြစ်သည်။
15 Wai Moe, 2016.
16 Ahmed & Liton, 2018.
17 ၂၀၁၆ နိုဝင်ဘာလတွင် ဦးကျော်လှအောင်နှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
18 Advisory Commission on Rakhine State, 2017.
19 Ye Mon, 2016.
20 မြိုလူမျိုးစုမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေထိုင်သည့် ဌာနေတိုင်းရင်းသားအနွယ်ဝင်များထဲမှ တစ်မျိုးအဖြစ် အစိုးရမှသတ်မှတ်ထားသော လူမျိုးစုတစ်စုဖြစ်သည်။
21 Six villagers killed, 2017.
22 ဦးအေးမောင်မှာ ရိုဟင်ဂျာ မွတ်ဆလင်များအား ဘင်္ဂလားပင်လယ်အော်ထဲသို့ ပြစ်ချပြစ်မည်ဟု ပြောဆိုခဲ့သည့်။ အငြင်းပွားဖွယ်ရာ ရခိုင်အမျိုးသားရေးသမားတစ်ဦးနှင့် လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။
23 ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတို့ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် ပါတီတစ်ခုဖြစ်သည်။ ရခိုင်အမျိုးသားရေးသမားများနှင့် ဖွဲ့စည်းထားသော RNDP သည် ၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ်မြေများစွာတွင် အနိုင်ရရှိခဲ့ပြီး ALD မှာ ၁၉၉၀ ရွေးကောက်ပွဲအတွင်း ၌ ရခိုင်ပြည်နယ်အတွင်း အကြီးမားဆုံး နိုင်ငံရေးပါတီတစ်ခုဖြစ်ခဲ့သည်။ ANP ပါတီမှာ ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှုအရရှိဆုံး နိုင်ငံရေးပါတီဖြစ်သည်။
24 ၂၀၁၈ခုနှစ် ဧပြီလအတွင်း မာ့ခ်ဇူကာဘတ်အား ဖေ့စ်ဘွတ်ခ်ပေါ် ၌ ရိုဟင်ဂျာပြည်သူများအပေါ်  အမုန်းစကားများနှင့်ပတ်သတ်၍ အမေရိကန် ဆီးနိတ်လွှတ်တော်တွင် ကြားနားစစ်ဆေးခဲ့ပြီးနောက် ဩဂုတ်လတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ တရားဝင်စာမျက်နှာအား အဆိုပါလူမှုကွန်ယက်ပေါ်မှ ဖယ်ရှားခြင်းခံခဲ့ရသည်။
25 Ye Mon, 2017.
26 ဗိုလ်ချုပ်ကြီးစိန်ဝင်းမှာ ၂၀၁၅ခုနှစ် ဩဂုတ်လ တွင် ကာကွယ်ရေးဝန်ကြီးနေရာသို့ရောက်ရှိလာသူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရာထူးမှ အနားယူရမည်ဟု သိရှိထားသော်လည်း တရားဝင်ကြေညာချက်ထုတ်ပြန်ချင်းမျိုးမရှိသေးချေ။
27 ၂၀၁၇ ခုနှစ်တွင် သံတမန်များ၊ အခြားသော အရာရှိသူများနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ
28 ဦးဇော်ဌေးမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့သော စစ်အရာရှိဟောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးရာထူးကိုလည်း ရယူထားသူဖြစ်သည်။
29 Myanmar State Counselor’s Office, 2017.
30 ခြေမြန်တပ်မ ၃၃သည် မန္တလေး အနီးတစ်ဝိုက်တွင်အခြေစိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်များရှိ စစ်ဆင်ရေးများပြုလုပ်ရင်တွင် ပါဝင်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများရှိခဲ့သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။
31 ခြေမြန်တပ်မ ၉၉မှာ မိတ္ထီလာမြို့တွင်အခြေစိုက်ပြီး ယမန်နှစ်များအတွင်း  ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်များရှိ စစ်ဆင်ရေးများပြုလုပ်ရင်တွင် ပါဝင်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများရှိခဲ့သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။
32 ၂၀၁၉ ခုနှစ်တွင် စစ်ရေးလေ့လာသူများနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
33 Agence France-Presse, 2017.
34 ၁၉၅၀ ဝန်းကျင်အတွင်း မြန်မာအစိုးရမှာ နိုင်ငံနှင့် အဝှမ်း ရောင်စုံပုန်ကန်ထကြွမှုများနှင့် ကြုံတွေ့ရကာ အစိုးရနှင့် တပ်မတော်မှာ ရန်ကုန်ဝန်းကျင်တစ်ဝိုက်သာ အုပ်စိုးနိုင်ခဲ့သောကြောင့် ရန်ကုန်အစိုးရဟု သမုတ်ခဲ့ကြသည်။
35 Komer, 1972.
36 စစ်ဦးစီးတက္ကသိုလ်မှာ  ဗိုလ်မှူးကြီးရာထူးရှိ နည်းဗျူဟာမှူးများကို မွေးထုတ်ပေးရာ တပ်မတော်ဘွဲ့လွန်သင်တန်းကျောင်းဖြစ်သည်။
37 တပ်မတော်အရာရှိတစ်ဦးမှ စာရေးသူအား ပြသသော သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်အရ။
38 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဖော်ပြခဲ့ပြီး မကြာမီတွင် ဖေ့စ်ဘွတ်ခ်မှ ဖြုတ်ချခဲ့သည်။
39 ၂၀၁၇ ခုနှစ်အတွင်း စစ်ရေးလေ့လာသူတစ်ဦးနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။
40 Holmes et al., 2017.
41 Nang Mya Nadi & Aye Nai, 2012.
42 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခဲ့ပြီး မကြာမီတွင် ဖေ့စ်ဘွတ်ခ်မှ ဖြုတ်ချခဲ့သည်။
43 တပ်မတော်မှထုတ်ဝေသော ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း မြန်မာ့ အသမိုင်းအကျဉ်းချုပ်နှင့် တပ်မတော်၏ အခန်း ကဏ္ဍတွင်ဖော်ပြထားသည်။
44 စာရေးသူကြည့်ရှူခွင့်ရခဲ့သော တပ်တော်သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်မှ။ မြန်မာနိုင်ငံတွင် တပ်တော်သင်ရိုးညွှန်းတမ်းစာအုပ်များမှာ အထူးတင်းကြပ်စွာ ကန့်သတ်ထားပြီး လူထုမှ လေ့လာဖတ်ရှခွင့်မရချေ။
45 တပ်မတော် သတင်းအရင်းအမြစ်တစ်ခုနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
46 Medecins Sans Frontieres, 2017.
47 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဖော်ပြခဲ့သော ထုတ်ပြန်ကြေညာချက်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဖေ့စ်ဘွတ်ခ်မှ ဖြုတ်ချခဲ့သည်။
48 တေဇတပ်ခွဲသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းသားများအတွက် လေ့ကျင့်ရေးကျောင်းဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၇ ဆင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မတော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်း အပတ်စဉ် ၇၃ ဆင်း အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် ၊ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်  ဗိုလ်မှူးချုပ် လှမြင့်စိုး၊ တေဇ အပတ်စဉ် ၁၁ ဆင်း ဗိုလ်မှူးချုပ် မြင့်အောင်၊ ခြေမြန်တပ်မ ၃၃ တပ်ရင်း ဗိုလ်မှူးချုပ် အောင်အောင်၊  တေဇ အပတ်စဉ် ၁၇ ဆင်း တပ်မ ၉၉ တပ်ရင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်၊ တေဇ အပတ်စဉ် ၁၉ ဆင်း အမှတ် ၁၅ စစ်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး ခင်မောင်စိုး နှင့် တေဇအပတ်စဉ် ၂၂ ဆင်း  အမှတ် ၅ စစ်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇေယျာတို့မှာ  အဆိုပါတပ်ခွဲ၏ တပ်မှူးများဖြစ်ကြသည်။
49 တပ်မတော် သတင်းအရင်းအမြစ် ပုဂ္ဂိုလ်များနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
50 Wai Moe, 2014.
51 ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော မင်းအောင်လှိုင်နှင့် ဒေးလီးအလဲဗင်းတို့၏ အင်တာဗျူးမှ။ Link ရှာဖွေ၍ မရပါ။
52 There will be three gateways, 2004.
53 Funds for treatment, 2006.
54 Over 30 gov’t soldiers killed, 2009
55 Wai Moe, 2011.
56 ၂၀၁၇ ခုနှစ်အတွင်း တပ်တွင်းအရင်းအမြစ်များမှ ပြောကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ထံသို့ ပုံမှန်သွားရောက်ကာ အကြံဉာဏ်များတောင်းခံလျှက်ရှိကြောင်းသိရသည်။ (၂၀၁၇ ခုနှစ်အတွင်း ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုများမှ)။
57 အခြားစစ်ဗိုလ်ချုပ်တစ်ဦး, ၂၀၁၁။
58 ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် the Global New Light of Myanmar သတင်းစာပါ ဆောင်းပါးတစ်ပုဒ်မှ
59 Wira ဝီရသူသည် မန္တလေးမြို့မှ မွတ်ဆလင် ဆန့်ကျင်ရေး တရားများမှ ဟောကြားလေ့ရှိသည့် ဗုဒ္ဓဘာသာအစွန်းရောက် ဘုန်းတော်ကြီးတစ်ဦးဖြစ်သည်။
60 သီပေါမင်း (၁၈၅၉-၁၉၁၆) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သည်။ ၎င်းသည် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ နန်းချခြင်းကိုခံခဲ့ရကာ အိန္ဒိယသို့ ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပြီး ထိုနေရာ၌ပင် နတ်ရွာစံ ကံကုန်တော်မူခဲ့သည်။
61 ရာပြည့်ပွဲတော်, ၂၀၁၆။
62 ၂၀၁၇ ခုနှစ်အတွင်း တပ်တွင်း၊ စစ်ပွားရေး အရင်းအမြစ်ပုဂ္ဂိုလ်များနှင့် ပြောဆို ဆက်သွယ်မှုများမှ။
63 အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝါရင့် အစိုးရဝန်ထမ်းများ၏ ပြောကြားချက်များအရ။
64 တပ်မတော် သတင်းအရင်းအမြစ်တစ်ခုနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
65 ၂၀၀၈ ခြေ/ဥ အရ သမ္မတတွင် လုပ်ပိုင်ခွင့် အာဏာရှိသည်။
66 အရပ်ဘက်စစ်ဘက် သတင်းအရင်းအမြစ်များနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
67 တပ်မတော် သတင်းအရင်းအမြစ်တစ်ခုနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
68 တပ်မတော် သတင်းအရင်းအမြစ်တစ်ခုနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
69 ဒေါ်အောင်ဆန်းစုကြည်၏ ဝန်ထမ်းဟောင်းတစ်ဦးနှင့်၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
70 စာရေးသူမြင်တွေ့ခွင့်ရခဲ့သော စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များပါဝင်သော စာရွက်စာတမ်းများအရ။
71 Maung Aung Myoe, 2009, p. 213.
72 Wai Moe, 2009.
73 Shah Paung, 2006.
74 Intelligence (April 2008), 2008.
75 Maung Aung Myoe, 2009, p. 77.
76 Moe Myint Tun, 2018.
77 အငယ်ဆုံးတိုင်းမှူး စစ်ဦးစီးအရာရှိချုပ်ဖြစ်လာ၊ ၂၀၁၇။
78 ၂၀၁၇ ခုနှစ်အတွင်းတပ်တွင်းသတင်းအရင်းအမြစ်တစ်ခုနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေးမှုများမှ။ မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ကြီး မောင်အေး၏ PSO တစ်ဦးအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ မိုးမြင့်ထွန်းသည် ၂၀၀၅ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း တွဲဖက်စစ်ဦးစီးအရာရှိ ဗိုလ်ချုပ်ကြီးမောင်အေး၏ PSO အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
79 Myanmar News Agency, 2021.
80 Acts Adopted, 2017.
81 မြန်မာနိုင်သည်၂၀၁၇ ခုနှစ်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။
82 One year on, no justice, 2016.
83 ၂၀၁၅ ခုနှစ်အတွင်း တပ်တွင်း ရာထူးနေရာ အပြောင်းအရွှေ့။
84 ၁၉၈၈ ခုနှစ်တွင် စစ်ခုံရုံး၌ စစ်ဦးစီးအရာရှိ ရာထူးနေရာအား ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်သို့ ပြောင်းလဲတိုးမြှင့်ခဲ့သည် (Maung Aung Myoe, 2009, p. 73)။
85 Maung Aung Myoe, 2009.
86 Htet Naing Zaw, 2020.
87 မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် စစ်တပ်မှစီမံခန့်ခွဲသည့် အခြားစီးပွားရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၎င်းမှာ တပ်မတော်၏ အလျို့ဝှက်ဆုံး စီးပွားရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည် (Maung Aung Myoe, 2009)။
88 Maung Aung Myo, 2009; Mozur, 2018.
89 တပ်မတော် အရာရှိဟောင်းများနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
90 ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိဟောင်းများ၊ ယခုလက်ရှိ တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်မတော်အရာရှိများနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
91 တပ်မတော် အရာရှိ ဟောင်းများနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
92 Poetranto, 2012.
93 ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှ တပ်မတော်အရာရှိတစ်ဦးနှင့်  ၂၀၁၈ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
94 သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
95 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ။
96 အမည်ဖော်ပြ၍ မရသော ပြောဆိုဆွေးနွေးမှုများမှ။
97 ပြည်ခိုင်ဖြိုးပါတီဝင်တစ်ခုနှင့်၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
98 စိတ်ဓါတ်စစ်ဆင်ရေးလေ့ကျင့်မှုသင်တန်းကို တက်ရောက်ခဲ့သော တပ်မတော်အရာရှိတစ်ဦးနှင့်၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
99 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။
100 အဆင့်မြင့်တပ်မတော်အရာရှိဟောင်းတစ်ဦးနှင့်  ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ပြောဆိုဆွေးနွေးမှုများမှ။
101 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။
102 ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှ တပ်မတော်အရာရှိတစ်ဦးနှင့်  ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
103 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။
104 မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်၂၀၁၈ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
105 MCN TV News Channel, 2019.
106 MCN TV News Channel, 2019.
107 Gov’t Accuses AA, 2019.
108 McLaughlin, et al., 2019.
109 Senior General Min Aung Hlaing, 2021.
110 တပ်မတော်ကွန်ပျူတာဌာနမှ စစ်ဘက် အရာရှိတစ်ဦးနှင့် ၂၀၁၈ ခုနှစ်အတွင်း ပြောဆိုဆွေးနွေးမှုများမှ။
111 ထိုစဉ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥက္ကဌ အဖြစ်ဦးဆောင်သည့် အစိုးရ အရာရှိများနှင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း  Dr Surakiart Sathirathai ဥက္ကဌ အဖြစ်ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အသစ်။
112 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။
113 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။
114 အမည်ဖော်ပြ၍မရသော ပြောဆိုဆွေးနွေးမှုများမှ။

References

Acts Adopted Under Title V of the EU Treaty. (2017, November 24). COUNCIL COMMON POSITION 2007/750/CFSP of 19 November 2007 amending Common Position 2006/318/CFSP renewing restrictive measures against Burma/Myanmar. Official Journal of the European Union, L 308/1. https://eur-lex.europa.eu/legal-content/EN/TXT/PDF/?uri=CELEX:32007E0750&from=EN

Advisory Commission on Rakhine State. (2017). Towards a peaceful, fair and prosperous future for the people of Rakhine: Final Report of the Advisory Commission on Rakhine State (Final Report). https://www.rakhinecommission.org/app/uploads/2017/08/FinalReport_Eng.pdf

Agence France-Presse. (2017, August 12). Myanmar deploys more troops to restive Rohingya area. Al Jazeera. https://www.aljazeera.com/news/2017/8/12/myanmar-deploys-more-troops-to-restive-rohingya-area

Ahmed, I., & Liton, S. (2018, May 12). Yaba invasion -1: Hostage to Myanmar. The Daily Star. https://www.thedailystar.net/frontpage/hostage-myanmar-1575205

Another Military General Gets the Sack. (2011, August 9). The Irrawaddy. https://www2.irrawaddy.com/article.php?art_id=21861

Ceremony marking 100th anniversary of death of King Thibaw held. (2016, December 17). The Global New Light of Myanmar. https://gnlm.com.mm/ceremony-marking-100th-anniversary-of-death-of-king-thibaw-held/

Funds for treatment of cancer for children established, (2006, August 27). The New Light of Myanmar, p. 1. http://www.ibiblio.org/obl/docs2/NLM2006-08-27.pdf

Gov’t Accuses AA of Having Ties with ARSA. (2019, January 7). The Irrawaddy. https://www.irrawaddy.com/news/govt-accuses-aa-ties-arsa.html

Holmes, O., Murphy, K., & Gayle, D. (2017, September 13). Myanmar says 40% of Rohingya villages targeted by army are now empty. The Guardian. https://www.theguardian.com/world/2017/sep/13/julie-bishop-says-myanmar-mines-in-rohingya-path-would-breach-international-law

Htet Naing Zaw. (2020, May 11). Younger Myanmar Military Officers Promoted to Key Roles in Reshuffle. The Irrawaddy. https://www.irrawaddy.com/news/burma/younger-myanmar-military-officers-promoted-key-roles-reshuffle.html

Intelligence (April 2008). (2008). The Irrawaddy, 16(4). https://www2.irrawaddy.com/article.php?art_id=11203

Komer, R. W. (1972). The Malayan Emergency in Retrospect: Organization of a Successful Counterinsurgency Effort. RAND Corporation. https://www.rand.org/pubs/reports/R957.html

Maung Aung Myoe. (2009). Building the Tatmadaw: Myanmar Armed Forces since 1948. ISEAS. https://doi.org/10.1355/9789812308498

McLaughlin, T., Aung Naing Soe, & Mahtani, S. (2019, May 4). Myanmar: Foreign security technology aided police. Washington Post. https://www.washingtonpost.com/world/asia_pacific/security-tech-companies-once-flocked-to-myanmar-one-firms-tools-were-used-against-two-journalists-/2019/05/04/d4e9f7f0-5b5d-11e9-b8e3-b03311fbbbfe_story.html

MCN TV News Channel. (2019, January 14). AA နဲ့ ARSA တို့ရဲ့ ပတ်သက်မှုတွေကို သက်သေနဲ့တကွ အစိုးရအနေနဲ့ ထပ်မံထုတ်ဖော်ပြောကြားဖို့လို. https://www.youtube.com/watch?v=zOatPQkp8d4

Medecins Sans Frontieres. (2017). Myanmar/Bangladesh: MSF surveys estimate that at least 6,700 Rohingya were killed during the attacks in Myanmar [Press Release]. https://www.msf.org/myanmarbangladesh-msf-surveys-estimate-least-6700-rohingya-were-killed-during-attacks-myanmar

Military reshuffle ahead of Nov election: BBC. (2015, August 11). Democratic Voice of Burma. http://english.dvb.no/military-reshuffle-ahead-of-nov-election-bbc-burma-myanmar/

Moe Myint Tun. (2018, August 12). WhoWasInCommand. https://whowasincommand.com/en/person/view/0e33ac40-bfb7-488c-b17c-0c97003e705b/

Mozur, P. (2018, October 15). A Genocide Incited on Facebook, with Posts from Myanmar’s Military. The New York Times. https://www.nytimes.com/2018/10/15/technology/myanmar-facebook-genocide.html

Myanmar Anti-Terrorism Central Committee (2017, August 25). Order 1/2007.

Myanmar declares martial law in troubled Kokang region. (2015, February 17). BBC News. https://www.bbc.com/news/world-asia-31511331

Myanmar News Agency. (2017, August 26). Extremist terrorists attack on police outposts in N-Rakhine. The Global New Light of Myanmar. https://www.burmalibrary.org/sites/burmalibrary.org/files/obl/docs23/GNLM2017-08-26.pdf

Myanmar News Agency. (2021, April 10). Lt-Gen Moe Myint Tun Discusses Trade Flows of Country. The Global New Light Of Myanmar. https://www.gnlm.com.mm/lt-gen-moe-myint-tun-discusses-trade-flows-of-country/

Myanmar State Counselor’s Office (2017, August 11). Press Release on the Situation in Maungdaw.

Nang Mya Nadi & Aye Nai. (2012, July 13). UN rejects Thein Sein’s potential Rohingya plan. Democratic Voice of Burma. https://reliefweb.int/report/myanmar/un-rejects-thein-sein%E2%80%99s-potential-rohingya-plan

One year on, no justice for Kachin teachers murdered in Myanmar. (2016, January 19). The Nation. https://www.nationthailand.com/in-focus/30277230

Over 30 gov’t soldiers killed; civil war possible in Myanmar. (2009, August 29). Global Times. https://web.archive.org/web/20090902213234/http://world.globaltimes.cn/asia-pacific/2009-08/462324.html

Phyo Wai. (2019, January 8). AA, ARSA, Kaladan Multi-Modal Transit Transport Project and India-Myanmar strategic relations. Eleven Media Group. https://elevenmyanmar.com/news/aa-arsa-kaladan-multi-modal-transit-transport-project-and-india-myanmar-strategic-relations

Poetranto, I. (2012, October 23). Update on information controls in Burma. OpenNet Initiative. https://opennet.net/blog/2012/10/update-information-controls-burma

Safi, M. (2017, September 11). Myanmar treatment of Rohingya looks like ‘textbook ethnic cleansing’, says UN. The Guardian. https://www.theguardian.com/world/2017/sep/11/un-myanmars-treatment-of-rohingya-textbook-example-of-ethnic-cleansing

Senior General Min Aung Hlaing. (2021). ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်. http://www.seniorgeneralminaunghlaing.com.mm

Shah Paung. (2006, July 17). KNU Leader Meets Burmese Intel Official. The Irrawaddy. https://www2.irrawaddy.com/article.php?art_id=5977

Six villagers killed, two missing in Maungtaw. (2017, August 4). The Global New Light of Myanmar. https://www.burmalibrary.org/sites/burmalibrary.org/files/obl/docs23/GNLM2017-08-04.pdf

There will be three gateways to Rakhine State soon: Thanthamagyi Bridge in Rakhine State opens. (2004, December 13). The New Light of Myanmar, p. 1. http://www.ibiblio.org/obl/docs/NLM2004-12-13.pdf

UNHCR. (1992). Yearbook of the United Nations 1992: Part 3 Chapter 15 – Refugees and Displaced Persons. https://www.unhcr.org/en-us/excom/yearbook/4e1ee7830/yearbook-united-nations-1992-part-3-chapter-15-refugees-displaced-persons.html?query=1992%20Rohingya%20refugees

Wai Moe. (2009, August 31). Myanmar: Border Guard Force plan leads to end of ceasefire. The Irrawaddy. http://www.irrawaddy.org/article.php?art_id=16691

Wai Moe. (2011, March 30). Than Shwe Officially Dissolves Junta. The Irrawaddy. https://www2.irrawaddy.com/article.php?art_id=21040

Wai Moe. (2014, October 13). Myanmar generals look to the stars. The Nation. https://www.nationthailand.com/international/30245365

Wai Moe. (2016, October 10). Dozens Believed Killed as Violence Erupts in Myanmar. The New York Times. https://www.nytimes.com/2016/10/11/world/asia/myanmar-attack-rakhine.html

Ye Mon. (2016, March 1). Arakan Army denies drug trade accusations. The Myanmar Times. https://www.mmtimes.com/national-news/19231-arakan-army-denies-drug-trade-accusations.html

Ye Mon. (2017, August 10). Army chief, major Arakanese political party meet as tensions in west simmer. Democratic Voice of Burma. https://www.genocidewatch.com/single-post/2017/08/09/army-chief-major-arakanese-political-party-meet-as-tensions-in-west-simmer

အငယ်ဆုံးတိုင်းမှူး စစ်ဦးစီးအရာရှိချုပ်ဖြစ်လာ. (2017, January 5). BBC News မြန်မာ. https://www.bbc.com/burmese/burma-38562418