မြန်မာနိုင်ငံနှင့် ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာပြဿနာ

သရဖီသန်း | Click here for the English language version of this article.

Cite as: 
သရဖီသန်း၊ (၂၀၂၁)၊ မြန်မာနိုင်ငံနှင့် ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာပြဿနာ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၁။ https://ijbs.online/?page_id=5104

အကျဉ်းချုပ်

ဤဆောင်းပါးသည် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာလူမျိုးများအား လူမျိုးကို ဦးတည်၍ ဖိနှိပ်ကြခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် သည် ဤရိုဟင်ဂျာအရေးအခင်းပြဿနာ၏ အဓိကမျက်နှာစာ အဖြစ်သို့ ရောက်ရှိခဲ့ပုံနှင့် နိုင်ငံတကာမီဒီယာများမှ သူမ၏ နှုတ်ဆိတ်နေမှုအား ဇောင်း ပေးဖော်ပြခဲ့ခြင်းကြောင့် ဤပြဿနာနှင့် စပ်လျဉ်း၍ အဓိကအခန်းကဏ္ဍဝင် များ ဖြစ်သည့်အပြင် အမှန်တကယ် အာရုံစိုက်ခြင်းခံရသင့်သည့် ရိုဟင်ဂျာ လူမျိုးများ၏ အသံများအား မှေးမှိန်စေသကဲ့သို့ ဖြစ်စေခဲ့ခြင်းအား သုံးသပ် ထားခြင်းဖြစ်ပါသည်။ နိုင်ငံတကာမီဒီယာများ၊ ကုလသမဂ္ဂ၊ ပြည်တွင်းနှင့် ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် မြန်မာဖေ့စ်ဘွတ်ခ် အသုံးပြု သူများမှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ၄င်းတို့အသီးသီး၏ ထင်မြင်ချက်များ ဖြင့် ဇာတ်ကြောင်းများ ပုံဖော်ရန် ကြိုးပမ်းခဲ့မှုနှင့် ထိုကြိုးပမ်းခဲ့မှုကြောင့် ကွဲပြားသွားသော လူထုများအကြောင်း ဆွေးနွေးထားပါသည်။

၂၀၁၇ လူအများ တစ်စုတစ်ဝေးတည်း စွန့်ခွာသွားခြင်း၏ နောက်ကွယ်

ရိုဟင်ဂျာများကို နှင်ထုတ်ရန် အကောင်းဆုံးအချိန်

၁၉၇၈ ခုနှစ် နဂါးမင်းစစ်ဆင်ရေးအတွင်း သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ရိုဟင်ဂျာအများအပြား နေရပ်သို့ ပြန်ပို့ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် အာရကန်မြောက်ပိုင်းနှင့် အခြားဒေသများတွင် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားပြီးနောက် နောက်ထပ် လူအများ တစ်စုတစ်ဝေးတည်း ထွက်ခွာသွားသည့်ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များသည် အမျိုးသားရေးဝါဒီများအကြား “အနောက်တံခါး ကျိုး ပျက်နေပြီ” ဆိုသည့် ဆောင်ပုဒ်အား လူသိများလာစေခဲ့သည်။ ထိုဆောင်ပုဒ်၏ ဆိုလိုရင်းမှာ (ပုံ (၁) တွင်ဖော်ပြထားသည့်အတိုင်း အကြမ်းဖက်သမားများ) ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ရောက်ရှိလာခြင်းကို တိုင်းပြည်က ဟန့်တားနိုင်မည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။

အမှန်မှာ ၎င်းအချက်နှင့် ဆန့်ကျင်ဘက်သာ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ အရေးအခင်းအပြီးတွင် ရိုဟင်ဂျာ တစ်သန်းနီးပါး (ဟိန္ဒူအချို့အပါ အဝင်) သည် အနောက်ဘက်နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာခဲ့ရသည်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင် မရှိစေရေးနှင့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီးနောက် သူမ၏ အစိုးရ မတည်မငြိမ် ဖြစ်စေရေး တမင်ရည်ရွယ်ကာ1 အစိုးရသည် ရိုဟင်ဂျာ (မွတ်စလင်မ်) ဆန့်ကျင်ရေးနှင့် အဓိကရုဏ်းများတွင် ပါဝင်ငြိစွန်းခြင်းနှင့် ၎င်းကိစ္စများနှင့် စပ်လျဉ်း၍ ပြင်းပြင်း ထန်ထန်စွဲချက်တင်ခံရခြင်းမှ ရှောင်ရှားရန်ရည်ရွယ်၍ မိတ္ထီလာကဲ့သို့သော မြို့ များတွင် ရိုဟင်ဂျာများနှင့် မွတ်စလင်မ်များ သတ်ဖြတ်ခြင်းခံရမှုကို အကြီး အကျယ်လျစ်လျူရှုထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် မီဒီယာများအား ရှောင်ရှားပြီး အဖွဲ့အစည်းကို ဆန့်ကျင်ကာ ပြင်းထန်သော နည်းဗျူဟာများအား မတတ်သာသည့်အဆုံး ကျင့်သုံးခဲ့ရသည်။ NLD နှင့် NLD ထောက်ခံသူများသည် အမျိုးသားရေးဝါဒီများအား ဝေဖန်ခဲ့သည့် ဂျာနယ်လစ် များ၊ ရိုဟင်ဂျာနှင့် မွတ်စလင်မ်များအပေါ် အမုန်းပွားအောင်လှုံ့ဆော်ခဲ့ပြီး တိုင်းမ်မဂ္ဂဇင်းမှ “The Face of Buddhist Terror” (ဗုဒ္ဓဘာသာ အကြမ်းဖက် မှုရဲ့ မျက်နှာ)2 ဟု အမည်တပ်ထားခြင်းခံရသည့် ဘုန်းကြီးဝီရသူသည် NLD နှင့် NLD ထောက်ခံသူများမှ အကာအကွယ်ပေးမှုမရခဲ့သလို ထောက်ခံပံ့ပိုးမှုလည်း မရခဲ့ပေ။3

ပုံ (၁)4

၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရရှိပြီး အစောပိုင်းကာလများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်သော မေးခွန်းများ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့် အဓိကရုဏ်းများ တစ်စတစ်စ ပြန်လည်ဖြစ် ပေါ်မြင့်တက်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ တပ်မတော်နှင့် NLD ကြား စေ့စပ်ရေး5 ဟု သမိုင်းတစ်လျှောက် ပုံဖော်ခဲ့သည့် အမျိုးသား ရင်ကြား စေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် NLD ပါတီ၏ အခြေခံ မဏ္ဍိုင်သုံးရပ်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရပ်တည်ချက်မှာ ပါတီ၏ ဦးစားပေး မဟုတ်တော့ ဟုမြင်လာရသည်။6 ရိုဟင်ဂျာအရေးအခင်းများသည် ၂၀၁၁ ခုနှစ် နှောင်းပိုင်း ကာလမှစ၍ ပိုပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်း သိထားဖို့လိုအပ်ပါသည်။ ဆိုလို သည်မှာ အရပ်သားအစိုးရလက်ထပ်အတွင်း ဒေသအလိုက် အထူးသဖြင့် ပြည်တွင်းပြည်ပတွင် ဖြစ်ပေါ်ခဲ့သော ကွဲလွဲနေသော အရေးအခင်းဆိုင်ရာ ဇာတ်ကြောင်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့များမှ အကြံပြုခဲ့သော မတူ ညီသော ဖြေရှင်းချက်များနှင့် ပတ်သက်၍ စဉ်းစားသုံးသပ်ရာတွင် သတိထား ရန် အရေးကြီးပါသည်။

NLD သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရကာ အစိုးရဖွဲ့ပြီးနောက် အမျိုးသား ရင်ကြားစေ့ရေးကို အလေးပေးခဲ့သည်။ ဆိုလိုသည်မှာ စစ်တပ်၏ ထောက်ခံ ချက် ရရှိရန်အတွက် NLD ၏ ပြောဆိုချက်များ အပေါ်တွင်သာ များစွာ အာရုံ စိုက်ထားခဲ့ပြီး ၎င်းအချက်ကို ဦးစားပေးမှုလောက် အခြားသော ကိစ္စရပ်များ အပေါ် ဦးစားမပေးခဲ့ပါ။ ၎င်းအခြေအနေအတွင်းတွင် ရိုဟင်ဂျာများ သတ်ဖြတ် ခံရမှု၊ အစုလိုက်အပြုံလိုက် ထွက်ခွာမှုနှင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာများ နှစ်ရှည် လများ ထိန်းသိမ်းခံထားရမှုသည်လည်း NLD ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရသည်။ NLD အနေဖြင့် ရိုဟင်ဂျာအရေးနှင့် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးအပါအဝင် အခွင့်အရေးများကို ကာကွယ်ပြောဆိုမိပါက တပ်မတော်နှင့် ထိပ်တိုက်တွေ့ စေမည်ဖြစ်သည်။ ထို့အပြင် ရိုဟင်ဂျာများအား တရားမဝင် နေထိုင်သူများ အဖြစ် မြင်သည့် NLD ထောက်ခံသည့်သူများကိုလည်း NLD အနေဖြင့် ဆုံးရှုံးရ မည်ဖြစ်သည်။7 တပ်မတော်သည် အမျိုးသားရင်ကြားစေ့ရေးကို မြှင့်တင်ရန်ဟု အမည်တပ်၍ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြည့်အဝ အကာ အကွယ်ယူကာ ရိုဟင်ဂျာလူမျိုးများအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်နိုင်ခဲ့ သည်။8 နိုင်ငံတကာမီဒီယာများနှင့် အဖွဲ့အစည်းများသည် ၂၀၁၇ ခုနှစ် ဩဂုတ် လ နှောင်းပိုင်းတွင် NLD အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည် ချက်ကို နားလည်စပြုလာကြသည်။

ပြဿနာအား လူတစ်ယောက်အဖြစ် မြင်ယောင်ကြည့်ခြင်း

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်မှုကာလအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ပံ့ပိုးခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီကို ငြိမ်းချမ်းစွာပြောင်းလဲယူနိုင်ခြင်းသည် ပြောစမှတ် တွင်စရာ အောင်မြင်မှုအမှတ်အသားတစ်ခုအဖြစ် ရှိခဲ့သည်။ သို့သော်လည်း ထိုကာလသည် ဒီမိုကရေစီအဖြစ်သို့ အသွင်ကူးပြောင်းပြီး ခြောက်နှစ်မျှအကြာ ၂၀၁၇ ခုနှစ်တွင် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်သွားမည်ကို ကမ္ဘာက မသိခဲ့ကြ ပေ။ မြန်မာ့ဒီမိုကရေစီရေးပန်းတိုင်၏ ပြယုဂ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သည်လည်း သူမ၏ ဘဝတစ်လျှောက် ဆောင်ရွက်ခဲ့သည့် လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးများအား မသိကျိုးကျွန်ပြုထားခဲ့မှုဖြင့် စွပ်စွဲခြင်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တစ်ခါက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေးဝါဒ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးများနှင့် မကောင်းမှု အားလုံး၏ ဆန့်ကျင်ဖက်တွင် ရပ်တည်သော ဩဇာရှိသည့် အမျိုးသမီး တစ်ယောက်အဖြစ်မှ ရိုဟင်ဂျာ အရေးအခင်းများအပြီးတွင် သူမသည် သူမအား ထောက်ခံသူများကို ဆုံးရှုံးခဲ့ ရပြီး ကျောင်းသားများနှင့် ပြည်သူများသည် အစိုးရ အသီးသီးမှ သူမထံ ပေး အပ်ထားသော ဆုများနှင့် ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ရပိုင်ခွင့် (Honorary Citizenships)9 များကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ကုလသမဂ္ဂမှ သူမအား အရေးအခင်းများ ဖြစ်မလာရန် တားဆီးခြင်း မရှိရုံမျှ မက တချို့ကိစ္စများတွင် တင်းမာမှုများ (လူနည်းစုများအပေါ် အကြမ်းဖက်မှု အပါဝင်) ပိုမိုပြင်းထန်လာရန် သတင်းအမှားများ ဖြန့်ဝေခြင်းဖြင့် တမင်တကာ လုပ်ဆောင်နေသည်ဟု ဝေဖန်ခဲ့ကြသည်။10

မြန်မာနိုင်ငံမှလွဲ၍ ပြင်ပနိုင်ငံများသည် သူမအား ဖြစ်ပွားနေခဲ့သော ရိုဟင်ဂျာကိစ္စများ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သာမက လူအခွင့်အရေးနှင့် ဒီမိုကရေစီအတွက် သိက္ခာကျစေသည့်ပုဂ္ဂိုလ်အဖြစ် ရှုမြင်နေကြချိန်တွင် နိုင်ငံ တွင်းရှိ သူမ၏ ဂုဏ်သတင်းမှာကား အကောင်းပကတိအတိုင်းရှိနေသည်ကို အောက်ဖော်ပြပါ ကာတွန်းပုံက သက်သေခံနေသည်။ ပုံထဲတွင် သူမသည် ဒဏ်ရာပြင်းထန်စွာရရှိနေသည့် (မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ စစ် ပွဲနှင့် အနောက်ဘက်မှ ရိုဟင်ဂျာအရေးအခင်းကို မီးမောင်းထိုးပြထားသော) မြန်မာနိုင်ငံအား ကြိုးတန်းပေါ်မှ သယ်ပိုးကာလျှောက်လှမ်းလျက် ဆုတံဆိပ် များ ပြုတ်ကျနေသည့် အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ထားသည်။ ဤ ကာတွန်းသည် မြန်မာပြည်သူလူထု၏ သူမအပေါ် စာနာထောက်ထားသော သဘောအမြင်နှင့် ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြောင်းလဲခြင်းမရှိဘဲ ရပ်တည်လျက်ရှိကြောင်းကိုလည်း အသားပေးဖော်ပြ ထားသည်။ ဤကာတွန်းသည် မြန်မာပြည်သူလူထုအကြား မတရားဖိနှိပ်ခံရမှု ကဲ့သို့သော အရာများအပေါ် မျက်စိပွင့်နားပွင့်ဖြစ်ကာ ပို၍သိမြင်လာခြင်းကို လည်း ထင်ဟပ်စေသည်။ လူအများစုက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ တစ်ခုလုံးသည် နိုင်ငံတကာမီဒီယာများ၏ အဆိုးမြင်ခြင်းကို ခံနေရသည်ဟု ထင်မြင်ခဲ့ကြသည်။ ကာတွန်းဆရာများ၊ စာရေးဆရာများနှင့် မီဒီယာများကို လက်လှမ်းမီသူများသာမက လူမှုကွန်ရက် ပလက်ဖောင်းများကို အသုံးပြုနိုင် သည့် သာမန်ပြည်သူလူထုသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ ကိုယ်တိုင်အား နိုင်ငံတကာမီဒီယာများမှ ကာကွယ်ရန် ဆန္ဒအလျောက် ပါဝင် လှုပ်ရှားခဲ့ကြသည်။ အနောက်တိုင်းမီဒီယာများအတွက်သာမက မြန်မာပြည်သူ လူထုအတွက်ပါဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာကိစ္စရပ်တစ်ခုလုံး၏ ဗဟိုချက် ဖြစ်လာခဲ့ကာ အမှန်တကယ်ဒုက္ခခံစားနေရသည့်ရိုဟင်ဂျာလူမျိုး များသည်ပင် သူမနှင့်ယှဉ်လျှင် မီဒီယာအာရုံစူးစိုက်မှု သိပ်မခံခဲ့ရပေ။

ပုံ (၂)11

၂၀၁၁ ခုနှစ် မတ်လ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အရပ်သားအစိုးရ အာဏာလွှဲပြောင်းမှုပြီးဆုံးသည့်အခါ နိုင်ငံတကာမှ အာရုံစူးစိုက်မှုများသည် မြန်မာနိုင်ငံရွေးကောက်ပွဲများသည် မည်ရွေ့မည်မျှ တရားမျှတကာ လွတ်လပ်၍ ဖြောင့်မတ်စွာကျင်းပနိုင်ပြီး နိုင်ငံရေးအာဏာ လွှဲပြောင်းမှုများသည် မည်မျှချောမွေ့မှုရှိသည်တို့အပေါ် ကျရောက်လာခဲ့ သည်။ထိုစဉ်တွင် လူအများကြား ရေပန်းစားနေခဲ့သည့် ဇာတ်ကြောင်းသည် မြန်မာ့နိုင်ငံရေးတွင် ကွဲထွက်ပြောင်းလဲမှုပေါ်ပေါက်လာကာ ကာလကြာရှည် ဖိနှိပ်ခံထားရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူမျိုးစုများကြား ဖြစ်ပွား နေဆဲဖြစ်သည့် ပြည်တွင်းစစ်များမှ ရုန်းထွက်နိုင်ခဲ့ပြီဟု အများက ယုံကြည်ခဲ့ ကြသည်။ ကမ္ဘာ့အမှောင်ဘက်ခြမ်းတွင်ရှိခဲ့သော မြန်မာနိုင်ငံသည် နောက်ဆုံး တွင် ကမ္ဘာ့ဒီမိုကရေစီအခင်းအကျင်းပေါ်သို့ ရောက်ရှိလာနိုင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာမှ အားပေးထောက်ပံ့မှုများစွာကို လည်း လိုအပ်နေခဲ့သည်။12 ဆယ်စုနှစ် နှစ်ခုကျော်ခန့် မြန်မာနိုင်ငံအတွင်း သီးသန့်ပိတ်လှောင်ထားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ခေါင်းဆောင် အသီးသီးထံမှ ဖိတ်ကြားမှုများကို လက်ခံရရှိခဲ့သည်။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် အခြားသော ကမ္ဘာ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပြီး သူမနှင့် တွေ့ဆုံခဲ့ကာ ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအား တရားဝင်ဖြစ်စေခဲ့သလို ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသော ဒီမိုကရေစီအောင်ပွဲကိုလည်း ချီးမြှောက်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးတွင် မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ ကျင့်စဉ်အဟောင်းများဖြင့် သာ ရှေ့ဆက်နေကြောင်း ထောက်ပြခဲ့ကြသည့် ဝေဖန်သူများ၏ အသံသည် အာရုံစိုက်ခြင်းမခံခဲ့ရဘဲ13 အများစုအား ပါလီမန် ဒီမိုကရေစီစနစ်ကို ထောက်ခံ မည့်အစား လမ်းပေါ်ထွက်ဆန္ဒပြမှုများကဲ့သို့သော လွှတ်တော်ပြင်ပကျင့်ထုံး များအား ထောက်ခံသည့် အစီအစဉ်ကို ရှေ့တန်းတင်လုပ်ဆောင်ကြသည့် အဆိုးမြင်ဝါဒီများအဖြစ် သတ်မှတ်ခံခဲ့ကြရသည်။

ပုံ (၃)14

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပြီးတွင်တော့ ကမ္ဘာတစ်ဝန်းမှ ပုဂ္ဂိုလ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အ‌ပေါ် စိတ်အား ထက်သန်စွာ ထောက်ခံခဲ့ကြမှုသည် မည်သို့သော အကြောင်းအရင်းကြောင့် ရုတ်ချည်းဆိုသလို စိတ်ပျက်သွားရသနည်းဆိုသည့် အကြောင်းအရာများကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ၂၀၁၂ ခုနှစ်တွင် သူမအား နစ်နာသူတစ်ယောက်အနေဖြင့် မမြင်သင့်သော်လည်း မီဒီယာများသည် သူမအား ထိုကဲ့သို့ ပုံသွင်းခဲ့ကြသည်။ ၂၀၁၂ တွင် တဖန်ပြန်၍ ဖြစ်ပေါ်လာသော ရိုဟင်ဂျာအရေးအခင်းများတွင် သူမ၏ နှုတ်ဆိတ်နေမှု၊ တပ်မတော်နှင့် နိုင်ငံတကာသတ္တုတူးဖော်ရေးကုမ္ပဏီများနှင့် ပူးပေါင်းကာ အခွင့်အရေးများ ဆုံးရှုံးခံခဲ့ရသော လယ်သမားများအား လျော်ကြေးငွေလက်ခံရန်နှင့် သတ္တုတူး ဖော်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် ဖျောင်းဖျအယုံသွင်းမှုများ အား ထောက်ပြသည့်အခါတွင်လည်း ဝေဖန်သုံးသပ်သူအနည်းစု၏ ထောက်ပြ ချက်များကိုသာ အာရုံစိုက်ခြင်းခံခဲ့ရသည်။15 ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က သူမ၏ ဆောင်ရွက်ချက်များကြောင့် မြန်မာပြည်တွင်းတွင်မက ပြည်ပကပါ ယုံကြည်ခြင်းကို ရထားခဲ့သူဖြစ်သည့်အလျောက် တပ်မတော်၏ ရိုဟင်ဂျာများအပေါ်လုပ်ရပ်၊ စစ်တပ်နှင့်ဆက်နွှယ်သော မဖြေရှင်းရသေးသည့် အခြားသောကိစ္စများအတွက် သူမသည် တပ်မတော်ကို တစ်နည်းနည်းနှင့် ကန့်ကွက်ပြောဆိုလာလိမ့်မည်ဟု အများစုက မျှော်လင့်ထားခဲ့ကြသည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် သူမ၏ ပြောရေးဆိုခွင့်ရှိသူမှ သူမသည် ရိုဟင်ဂျာများအပေါ် စာနာထောက်ထားမှုမရှိကြောင်း ပြောကြားခဲ့၍ နိုင်ငံတကာအသိုင်းအဝိုင်းမှ သူမအပေါ်တွင် ရှိနေသေးသည့် လက်ကျန် မျှော်လင့်ချက်များသည်လည်း ပျက်သုဉ်းသွားခဲ့ရသည်။16

‌မတူညီသော နယ်ပယ်များမှ မတူကွဲပြားသော သုံးသပ်ချက်များ

နိုင်ငံတကာ မီဒီယာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး အစောပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာအင်အားလျော့နည်းသွားခြင်းသည် မြန်မာ နိုင်ငံ၏ အင်အားလျော့နည်းသွားခြင်းနှင့် တူညီကြောင်း သုံးသပ်ပြောကြား ချက်ထွက်ပေါ်လာခဲ့သည်။ လူအများစုသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများသည် စစ်တပ်အင်အား မလွဲဧကန် ပို၍ ကောင်းလာရန် ဦးတည်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။17 နိုင်ငံတကာမီဒီယာ များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများသည် မြန်မာနိုင်ငံအား ဒေါ်အောင်ဆန်းစုကြည်၏ ရှုထောင့်မှတစ်ဆင့် ဆက်လက်ကြည့်မြင်ကြသည်။ ထိုသို့ ရှုမြင်မှုသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ ကာလများအထိရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်များအလိုတွင် ဝန်ကြီးချုပ်တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု မရှိပါက တိုင်းပြည်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်သောအခါမှ ရရှိနိုင်မည် မဟုတ်ကြောင်း သူ၏ မဲဆန္ဒနယ်အတွင်း ပြောကြားခဲ့သည်။18 ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ လေးစားထောက်ခံမှု လျော့နည်း လာသော်လည်း NLD သည် မဲဆွယ်စည်းရုံရေးများတွင် သူမ၏ ပုံများကို ဆက်လက်အသုံးပြုခဲ့ကြသည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် တွေ့မြင်ခဲ့ရ သည့် အကြောင်းအရာများနှင့် သတင်းခေါင်းကြီးပိုင်းများ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ အကြောင်းများကို အထက်ပါ ဖော်ပြခဲ့သည့် အခြေအနေနှင့် တွဲဖက်နားလည်သဘောပေါက်သင့်ပါသည်။​

နိုင်ငံရေးအောင်မြင်မှုများနှင့် အာဏာလွှဲပြောင်းမှုများအပေါ် ရှိခဲ့သည့် မှင်သက်မှုသည် လွန်စွာကြီးမားခဲ့သောကြောင့် ထင်ထားခဲ့သည့်အတိုင်း ဖြစ်မလာခဲ့သောအခါ စိတ်ပျက်အားလျော့မှုများသည်လည်း မှင်သက်အံ့ဩ ဖွယ်ရာကြီးမားခဲ့ပါသည်။ ၎င်းအတိုင်းပင် လူ့အခွင့်အရေးဆိုင်ရာ ဆုများပင် ပြန်လည်ရုတ်သိမ်းခံရသည့် အခြေအနေဖြစ်လာသည့် စွမ်းဆောင်နိုင်စွမ်း မရှိတော့သော ခေါင်းဆောင်တစ်ဦးကို မြင်တွေ့လိုက်ရသည့်အချိန်တွင်လည်း ကမ္ဘာနှင့်ချီ၍ အံ့ဩမှင်သက်မှုများကို မြင်တွေ့ခဲ့ရသည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ဖော်ပြရေးသားသည့် အနောက်တိုင်းမီဒီယာများသည်လည်း ရိုဟင်ဂျာများ၏ အရေးထက် ထိုကိစ္စနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦး၏ နှုတ်ဆိတ်နေမှုကိုသာ အလေးပေးရေးသား ဖော်ပြလာ ခဲ့ကြသည်။ ထို့အပြင် ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းများတွင်မဟုတ်ဘဲ သူတို့၏ မူလနေရပ်များတွင် ပြန်လည်နေရာချထားပေးရေးအတွက် မည်သို့ မည်ပုံ ကူညီလုပ်ဆောင်နိုင်မည်ဆိုသည့် နည်းလမ်းရှာဖွေရေးထက် ယင်းကိစ္စ နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှုအပေါ်ကိုသာ အာရုံ ရောက်ခဲ့ကြသည်။ ထိုဖြစ်စဉ်သည် စစ်တပ်နှင့် စစ်တပ်၏ လုပ်ရပ်အား မထောက်ခံသည့်တိုင်အောင် သူမအား များစွာထောက်ခံနေသည့် ပြည်တွင်း ဂျာနယ်လစ်များနှင့် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများကိုပါ ဖယ်ကျဉ် ခြင်း ခံရစေသည်။ ပြည်တွင်းဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် NLD ထောက်ခံသူများသည် ကုလသမဂ္ဂအပါအဝင် မီဒီယာနှင့် ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်အား ခွဲ၍မမြင်ဘဲ ရာဇဝတ်မှုများကို အတူပူးပေါင်း ကျူးလွန်နေသူများအဖြစ် မြင်ကြသည့်အပေါ် စိတ်ပျက်ကြ သည်။ သို့သော်လည်း ထိုကဲ့သို့ ပူးပေါင်းကျူးလွန်နေသည်ဆိုသော အရာနှင့် ပတ်သက်၍ မေးခွန်းထုတ်နေရန်အချိန်မှာ (၆) နှစ်၊ (၇) နှစ်လောက် နောက်ကျ ကျန်နေခဲ့ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မီဒီယာ၏ အာရုံစူးစိုက် မှု များလေလေ ပြည်သူများသည်ပို၍ ခုခံကာကွယ်လာလေလေ ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းသည် နိုင်ငံတွင်းဖြစ်ပွားနေသော အခြေအနေများ နှင့် ပတ်သက်၍ ပိုဆိုးမလာနိုင်အောင်သာ ထိန်းထားနိုင်ခဲ့ပြီး မီဒီယာနှင့် လူထု ဆက်ဆံရေးများကို အသုံးချကာ နိုင်ငံတကာမီဒီယာများနှင့် ကမ်ပိန်းများကို မည်သို့မည်ပုံတုန့်ပြန်ရမည်ကိုလည်း ပြသခဲ့သည်။19

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သူမ၏ နှုတ်ဆိတ်နေမှုသည် ဤအရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ စဉ်းစားနားလည်သုံးသပ်ကြပုံအပေါ် များစွာသက်ရောက်မှုရှိသည်။ သို့ရာတွင် နိုင်ငံတစ်ဝန်းမှ မီဒီယာများသည် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ သတင်း ခေါင်းကြီးပိုင်းအနေဖြင့် အကျယ်တဝင့်ရေးသားနေကြသော်လည်း ယင်းကိစ္စ သည် မြန်မာနိုင်ငံအတွင်းတွင်မူ ထိတ်လန့်အံ့ဩဖွယ် ကောင်းလောက်အောင် ပင် တိတ်ဆိတ်လျက်ရှိသည်။ နိုင်ငံတကာမီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရ၏ ရိုဟင်ဂျာအရေးအခင်းကိစ္စ နှင့်ပတ်သက်၍ ကိုင်တွယ်ပုံကို ဖော်ပြထားသည့် သတင်းများအား ပြန်လည် တုံ့ပြန်သည့်သဘောဖြင့် ရေးဆွဲထားသော ကာတွန်းများနှင့် သတင်းများ ရှိသော်လည်း နိုင်ငံတွင်းတွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ လူထုစည်းဝေးပွဲ များ အနည်းငယ်သာ ကျင်းပခဲ့သည်။ ပြည်တွင်းတွင်သာမက နိုင်ငံတကာကပါ ဤသို့မျက်မှောက်ခေတ်တွင် ဖြစ်ပျက်နေသည့် အဆိုးဆုံး လူလုပ်ဖြစ်ရပ်ဆိုး ကြီးတစ်ခုကို နားလည်ပုံနှင့် ဘောင်ခတ်ကြည့်မြင်ကြပုံများသည် ထူးခြားစွာ ပင် ဒေါ်အောင်ဆန်းစုကြည်ဟူသည့် ပုဂ္ဂိုလ်အပေါ် ဗဟိုပြုကာရှုမြင်ကြသည်။နိုင်ငံတကာမီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် သူမနှင့် သူမကို အကာအကွယ်ပေးနေသည့် ပြည်တွင်းမှ (ရိုဟင်ဂျာမဟုတ်သည့်) လူထုအား ဝေဖန်တိုက်ခိုက်ကြသည်။ သို့သော်လည်း ဤအရေးအခင်းနှင့်ပတ်သက်၍ ပြုလုပ်သော ဆွေးနွေးပွဲများ၌ ဤကိစ္စရပ်ကြီးတွင် အဓိကပါဝင်ကြသည့် ဇာတ်ဆောင်များနှင့် အရေးအခင်းနှင့် ပတ်သက်သော အဓိကအချက် ပြောသည့်အခါ အဓိကကျသည့် ရိုဟင်ဂျာလူမျိုးများသည် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သို့မည်ပုံ ပြစ်တင်ဝေဖန်ခြင်း ခံသင့်သည်ကို အငြင်းပွားနေစဉ် ရိုဟင်ဂျာများသည် သူတို့ ကိုယ်သူတို့ ကာကွယ်နေခဲ့ရသည်။ မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာများနှင့် ရိုဟင်ဂျာမဟုတ်သူများသည် အချေအတင်ပြောဆိုနေကြပြီး ကုလသမဂ္ဂ၊ မီဒီယာအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသည် ၎င်းတို့နှစ်ဖွဲ့အကြား မလွဲသာ၍ (များသောအားဖြင့် အထောက်အကူမပြုသော်လည်း) ကြားဝင် ဖြန်ဖြေပေးသူများအဖြစ် ဆောင်ရွက်ကြသည်။ ထိုဖြစ်စဉ်များကို ထုတ်ဖော် ပြောဆိုထားပြီး အဆိုပြုထားသော ဖြေရှင်းနည်းများသည် များသောအားဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် တစ်စထက်တစ်စကျယ်ပြန့်လာခဲ့ကာ20 ဒေသခံများသည် ယင်းပြဿနာအား မိမိအဝန်းအဝိုင်းထဲတွင် ကိုယ်တိုင် ကိုယ်ကျ သီးသန့်ကိုင်တွယ်ဖြေရှင်းခြင်း မရှိတော့သလို ၎င်းတို့၏ ပြဿနာ များအား ၎င်းတို့၏ ရှုမြင်မှုများမှ အဆိုပြုတင်သွင်းကာ ၎င်းတို့ကိုယ်တိုင် အဖြေရှာနိုင်သည့် အဖွဲ့အစည်းဆိုသည်မှာလည်း မရှိခဲ့ပေ။

ကုလသမဂ္ဂ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း အသိုင်းအဝန်းနှင့် ပညာရှင်များ

ကုလသမဂ္ဂ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာများ၏ မတူကွဲပြားသော လေ့လာသုံးသပ်ချက်များအကြားတွင် ဤအရေးအခင်းနှင့် ပတ်သက်၍ ရေရှည်တွင် မည်သို့ဖြေရှင်းရမည်ဆိုသည့် အချက်သည် ပျောက်ဆုံးနေခဲ့သည်။ ဖြေရှင်းချက်ဆိုသည်မှာ အာရကန် (ခေါ်) ရခိုင် ပြည်နယ်တွင် နေထိုင်ကြသည့် ကျန်ရှိနေသော ရိုဟင်ဂျာ မဟုတ်သည့် ရခိုင် တိုင်းရင်းသားလူမျိုးများနှင့် မြန်မာတစ်ပြည်လုံးမှ ဗမာလူမျိုးများကို မည်သို့ မည်ပုံ စုစည်းလာစေပြီး ပဋိပက္ခဖြစ်ပွားနေသည့် လူမျိုးစုနှစ်စု ပြန်လည် သင့်မြတ်စေကာ အရေးအခင်း မဖြစ်ပွားခင်အချိန်က အတူစုပေါင်းနေထိုင်ခဲ့ ကြသည့် အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ရန် နည်းလမ်းရှာခြင်းကို ဆိုလို ပါသည်။ မီဒီယာများနှင့် များစွာသောအဖွဲ့အစည်းများသည် ယင်းပြဿနာအား သေချာလေ့လာစိစစ်သုံးသပ်နေခဲ့ကြခြင်း၏ အောက်တွင် ပြည်တွင်းမှ ထို ပြဿနာအား ဖြေရှင်းရန် အားထုတ်ခဲ့ကြခြင်းမှာတော့ မသိကျိုးကျွန် ပြုခံခဲ့ရ သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရခိုင်လူမျိုးများနှင့် ဗုဒ္ဓဘာသာဝင် ဗမာ လူမျိုးများအား လူမျိုးရေးခွဲခြားသူများအဖြစ် မြင်နေသည့်အလျောက် ဤ လူမျိုးစုများ၏ ပြန်လည်ပူးပေါင်းနေထိုင်ရေးသည် အကောင်အထည်ပေါ်လာ ရန် ဖြစ်နိုင်ချေ မရှိဟု ယူဆထားကြသည်။ ထိုသို့သော အမြင်များသည် ဒေသခံအသိုင်းအဝိုင်းများ တကွဲတပြား ဖြစ်သွားနိုင်စေရုံမျှမက ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းသည့်အခါတွင်လည်း ပိုမိုခက်ခဲသွားနိုင်စေမည့် အန္တရာယ် ရှိသော အတွေးအမြင်များဖြစ်သည်။ အဖွဲ့အစည်းငယ်လေးများနှင့် ရဲစွမ်းသတ္တိ ရှိသူများသည် ၎င်းတို့ထံတွင်ရှိသော အင်အားရင်းမြစ်များဖြင့် မှားယွင်းနေ သည့်အရာအား အမှန်ပြင်ရန်အလို့ငှာ အရဲစွန့်၍ ကြိုးပမ်းခဲ့ကြပြီး ဝလုံးနှင့် စိုးဝင်းကျော်ကဲ့သို့သော ရခိုင်နှင့် ဗမာ သတင်းထောက်များသည် အင်းဒင်၌ ရိုဟင်ဂျာများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖော်ထုတ်ပြောဆိုမှုကြောင့် အကျဉ်းချခြင်း ခံခဲ့ရသည်။21

ပညာရှင်အသိုင်းအဝန်းတွင်မူ အစိုးရသည် ရိုဟင်ဂျာအရေးအခင်းအား အခြားသော ကိစ္စများနှင့်မတူဘဲ စာပေပညာရှင်များ၊ အထူးသဖြင့် ရိုဟင်ဂျာ များသည် အာရကန်ဒေသခံများ မဟုတ်ဆိုသော အစိုးရ၏ ဇာတ်ထုပ်အား ထောက်ခံသည့်သူများကို ကြိုဆိုခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသား လေ့လာသုံးသပ်သူတစ်ဦးအနေဖြင့် ကျွန်မ၏ အမြင်ကို ပြောရလျှင် အချို့သော နိုင်ငံရေးပညာရှင်များသည် ကောင်းသည့်ရည်ရွယ်ချက်ဖြင့် နှုတ်ဆိတ်နေသော် လည်း ထိုသို့နေခြင်းသည် အမျိုးသားဝါဒီများအား ပို၍ရဲတင်းလာနိုင်စေပြီး ရိုဟင်ဂျာအရေးအတွက် ပြောဆိုတိုက်ပွဲဝင်နေသည့် နိုင်ငံရေးပညာရှင်အချို့ အတွက်ကိုမူ ဖယ်ကျဉ်ခြင်းခံထားရသည့် စိတ်ခံစားချက်မျိုး ခံစားစေရနိုင် သည်။ ခြုံငုံ၍ပြောရလျှင် ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုယ်စီပါဝင်သော အခန်းကဏ္ဍများနှင့် ပတ်သက်ဆက်နွယ်မှုများ အပေါ် ပြန်လည်ဆန်းစစ်ကြည့်နိုင်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ကျောင်းသားများအား များများသိလေလေ၊ လေ့လာလိုက်စားနိုင်လေလေ ဘဝတိုးတက်ပြောင်းလဲရေးအတွက် ပိုအထောက်အကူပြုလေလေ ဟူသည့် သဘောတရားအား သင်ပြကြသော်လည်း ပညာရှင်များ အမှန်တကယ် လုပ်ဆောင်နေသည့် သုတေသနအသိုင်းအဝန်းမှာမူ ထိုသဘောတရားနှင့် ဆက်စပ်မှုမရှိဘဲ ဖြစ်၍နေသည်။ ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် သို့မဟုတ် တစ်ခုခု စတင်အကောင်အထည်ဖော်ရန် မိမိတိုင်က ပို၍သိထားမှရမည်ဆိုသည့်အချက်ကို လက်ကိုင်ထားခဲ့ကြသည်။

ပြည်တွင်းနေ လူထုနှင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ

၂၀၁၇ ခုနှစ် ထိုပြဿနာများ စတင်ဖြစ်ပွားပြီး နောက်ပိုင်းကာလများတွင် လူမှုကွန်ရက်များပေါ်နှင့် လက်ဖက်ရည်ဆိုင် စကားဝိုင်းများတွင် အပြောများ ကြသော ပြည်တွင်းသတင်းအကြောင်းအရာများအား အပိုင်း သုံးပိုင်းခွဲ၍ ပြော ရမည်။ ၎င်းတို့မှာ (၁) အနောက်နိုင်ငံများနှင့် မီဒီယာများမှ မိမိတို့ နိုင်ငံအပေါ် ခြိမ်းခြောက်မှု/အနိုင်ကျင့်ဗိုလ်ကျမှုများ နှင့်ပတ်သက်၍ မိမိတို့ တိုင်းပြည်ပုံရိပ် ကျ မသွားစေရန် ကာကွယ်မှု၊(၂) အာတူးပီ (R2P) ကာကွယ်မှုပေးရန် တာဝန်နှင့် အာရကန်မြောက်ပိုင်းတွင်ရှိသော တရုတ်စီမံကိန်းများအပါအဝင် လူ့အခွင့်အရေးရရှိရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကြား ငြင်းခုံဆွေးနွေးနေကြသည့် ကိစ္စများ၊ (၃) ၂၀၂၀ ရွေးကောက်ပွဲအပေါ် ထားရှိ သော မျှော်လင့်ချက်များဟူ၍ ဖြစ်ပါသည်။ ပြည်တွင်းနှင့် ပြည်ပတွင် ပြောဆို ဖော်ပြကြသည့် အကြောင်းအရာများသည် အတိုင်းအတာတစ်ခုအထိ တစ်ခု နှင့် တစ်ခုချိတ်ဆက်နေပြီး လွှမ်းမိုးမှုရှိနေသည်။ ပြည်တွင်းမှ သူများက နိုင်ငံတကာမီဒီယာများနှင့် အနောက်တိုင်းနိုင်ငံများမှ ဖော်ပြထားသော အကြောင်းအရာများသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကို ခြိမ်းခြောက်လာနိုင်သည့် အကြောင်းအရာများအဖြစ်မြင်ကြပြီး၊ ပြည်သူ အများစုသည် နိုင်ငံတကာစည်းရုံးဆော်ဩသူ (လော်ဘီ) များက ရိုဟင်ဂျာ ကိစ္စအား ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက်အောင်ပါ လုပ်ဆောင်နေ ကြသည်ဟု တွေးမြင်ကြသည်။ အများစုသည် စစ်တပ်အား ထောက်ခံ အားပေး နေသည့်သူများ မဟုတ်သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအား ထိပါးလာပါက စစ်တပ်နှင့်အတူ ရပ်တည်မည်ဟူ၍ ပြောခဲ့ကြသည်။ ထို့အပြင် ရိုဟင်ဂျာနှင့်ပတ်သက်သော ကိစ္စအား တိုင်းပြည်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုပါ ခြိမ်းခြောက်နိုင်လောက်သည့် အရေးအကြီးဆုံးကိစ္စရပ်တစ်ခုအဖြစ် လူအများက မြင်ကြသည်။ ယခင်က ဆန့်ကျင်ဖက် အစုအဖွဲ့နှစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံသည့်သူများနှင့် စစ်တပ်အားထောက်ခံသည့်သူများသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လနှောင်းပိုင်းတွင် တိုင်းပြည်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးအတွက် ထိုနိုင်ငံရေးပြိုင်ဘက်ပါတီနှစ်ခု၏ နောက်မှ စုပေါင်းရပ်တည်လာ ကြသည်။

၂၀၁၇ နှောင်းပိုင်းနှင့် ၂၀၁၈ အစောပိုင်းကာလ၌ အာတူးပီ (R2P) အကြောင်းအပြောများလာကြသည့်အပေါ် ပြည်သူအများစုသည် အနောက် နိုင်ငံများ၌ ရိုဟင်ဂျာများနှင့်ပတ်သက်၍ ပြုလုပ်သောလှုပ်ရှားမှုများနှင့် အာတူးပီ (R2P) ၏ နောက်ကွယ်တွင်တခြားသော လျှို့ဝှက်ထားသည့် ရည်ရွယ်ချက်များ ရှိမည်ဟု ထင်ကြေးပေးလာကြသည်။ တချို့ကမူ ထိုသို့ ကြိုးပမ်းလုပ်ဆောင်နေမှုသည် ကျောက်ဖြူစီးပွားရေးဇုန်အပါအဝင် အာရကန် ဒေသရှိ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများအား အဟန့်အတားဖြစ်စေရန် ရည်ရွယ် သည်ဟု ထင်ကြေးပေးကြသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ညွှန်ကြားရေးမှူးတစ်ဦးသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစုတစ်စုထဲအား ဦးတည်၍ ရှင်းလင်းသုတ်သင်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရမှုအပေါ် ဖြေရှင်းသက်သေပြရန်တာဝန်သည် စွပ်စွဲသည့် သူများ၏ အပေါ်၌သာ တာဝန်ရှိပြီး အစိုးရအပေါ်တွင် တာဝန်မရှိဟု ပြောကြားခဲ့သည်။22 ထိုသို့ပြောကြားချက်သည် ပြည်တွင်းသတင်း အကြောင်းအရာများအပေါ် လွှမ်းမိုးမှုရှိပြီး အစိုးရသည် ထိုသို့ပြောကြားချက် အား တစ်စထပ်တစ်စပျံ့နှံ့လာစေရန် လူမှုကွန်ရက်မှတစ်ဆင့် လုပ်ဆောင်ခဲ့ပုံ ရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာ ငါးသန်းဝန်းကျင် ကုန်ကျခံကာ လူမှုကွန်ရက် စောင့်ကြည့်ရေးအဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ ပြီး23ဖေ့စ်ဘွတ်ခ် အသုံးပြုကာ လူမျိုးတုံးသတ်ဖြတ်မှုအား လုပ်ဆောင်ရန် လှုံ့ဆော်နေသူအများစုမှာ မြန်မာနိုင်ငံ၏ မြို့တော်အနီးမှ စစ်တပ်အရာရှိများ ဖြစ်သည်ဟု နယူးယောက်တိုင်းမ်သတင်းဌာနက ဆိုသည်။24 ဖေ့စ်ဘွတ်ခ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်နှင့် စစ်တပ်အားပေးသူ များ၏ အကောင့်များအား ဖယ်ရှားခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှု မဟုတ် ကြောင်းငြင်းဆိုသည့် အကြောင်းများနှင့် ရိုဟင်ဂျာဆန့်ကျင်မုန်းတီးရေး ဝါဒဖြန့်သည့် ပိုစ့်များသည် ပျံ့နှံ့နေဆဲဖြစ်ကာ ရိုဟင်ဂျာများအား စာနာ ထောက်ထားသော ပို့စ်များကိုလည်း များစွာတွေ့ရသည်။25 ရိုဟင်ဂျာ အရေးအခင်းသည် အမျိုးသားရေးဝါဒီများ၏ အမျိုး ဘာသာ သာသနာအား ကာကွယ်ရန်ဆိုသည့် ဝါဒအား ပိုမိုခိုင်မာလာစေရန် အကျိုးပြုသကဲ့သို့ ဖြစ်နေပြီး အထူးသဖြင့် နိုင်ငံရေးပြိုင်ဘက်ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရည်ရွယ်ချက်ဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေးအတွက်လည်း အထူးသဖြင့်အရေးပါနေသည်။ ၂၀၁၈ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌသည် နိုင်ငံသားတိုင်းသည် မိမိ အမျိုး ဘာသာ သာသနာအား ကာကွယ် ရမည်ဖြစ်ကြောင်း သူ၏ ပါတီအား နှိုးဆော်ခဲ့သည်။ ဤသို့သော အရှုပ်အထွေး သည် ရွေးကောက်ပွဲကာလအား အကြမ်းဖက်မှုဖြစ်ပွားသည့် အချိန်နှင့် ကိုက်ညီလာစေရန် တွန်းအားပေးနေသည်။

နိဂုံး

သမိုင်းနှင့် သမိုင်းပညာရှင်များသည် မြန်မာနိုင်ငံအား အတိတ်မှာသာ ပိတ်၍ ထားကြသည်။ သို့သော်လည်း လွတ်လပ်မှုနှင့် ဒီမိုကရေစီလှုပ်ရှားမှုတို့သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပတ်သက်သည့် စီမံကိန်းများ၏ အလှူရှင်များအပါအဝင် ကမ္ဘာလုံးဆိုင်ရာအင်အားစုများက ပုံဖော်ထားသော အနာဂတ်ဆီသို့ မြန်ဆန်စွာလျှောက်လှမ်းဖို့ရာအတွက် တွန်းအားပေးနေလျက်ရှိသည်။ မြန်မာနိုင်ငံသားများသည် အနာဂတ်နှင့် ပတ်သက်၍ လွတ်လပ်စွာစိတ်ကူးပုံဖော်ခွင့်နှင့် အတိတ်မှ အကြမ်းဖက်မှုများ အား ပြန်အဖက်ဆယ်မှုအပြင် ပိုကောင်းသည့် အနာဂတ်ကို ရောက်ရှိရန်၊ အကြမ်းဖက်မှု ကင်းဝေးသော အနာဂတ်အား အတူတကွ အကောင်အထည် ဖော်ကြရန် အခွင့်အရေး မရရှိသေးပါ။ အကြမ်းဖက်မှုပြဿနာ အနာဟောင်း သည် ပိုမိုပြင်းထန်၍ ကိုင်တွယ်ရန်ခက်ခဲသည့် ပြဿနာများအဖြစ် ပြန်ပေါ် လာသည့်အခါတွင် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများကို ထိခိုက်နိုင်ရုံ သာမက အထူးသဖြင့် ဗမာလူမျိုးများမှ သမိုင်းနောက်ခံယဉ်ကျေးမှု မတူဟု သတ်မှတ်ထားသည့် လူစုများအား ပို၍အထိနာစေနိုင်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအား ကြမ်းတမ်းသော ကိုလိုနီစနစ်နှင့် စစ်အစိုးရစနစ်တို့ လွှမ်းမိုး ထားသည့် စိတ်နှလုံးထိခိုက်ဖွယ်ရာ အတိတ်သမိုင်းကြောင်းအပါအဝင် နိုင်ငံတကာမှ ပံ့ပိုးသူများ၏ သဘောထားကွဲလွဲမှုများအား ကျော်လွန်ပြီးမှသာ ရယူတည်ဆောက်နိုင်မည်ဖြစ်သည်။

၂၀၂၀ ခုနှစ်သည် ရိုဟင်ဂျာအရေးအတွက် မျှော်လင့်ချက်အသစ်များ ဆောင်ယူပေးလာခဲ့သည့်နှစ်ဖြစ်သည်။ အစိုးရအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် အမှုစစ်ဆေးခံရရန်အတွက်သာမကတော့ဘဲ ရခိုင် ပြည်မှ ရခိုင်လူငယ်များနှင့် ရိုဟင်ဂျာများအကြား ပြန်လည်သင့်မြတ်ရေး အတွက်ကိုပါ ရှေးရှုလာကြသည်။ ရခိုင်လူမျိုးများကိုယ်၌ကပင် စစ်တပ်၏ လူ မဆန်သောလုပ်ရပ်များ၏ ထိခိုက်နစ်နာသူများဖြစ်လာခဲ့ကြရပြီး ၎င်းတို့သည် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော ရိုဟင်ဂျာများနှင့် ပူးပေါင်းလာကြ သည်။ ယခင်က နှိပ်ကွပ်ခံခဲ့ရသော ပြည်သူလူထု၏ အသံများသည် ယခုအခါ တွင် ရခိုင်လူမျိုးများအပေါ် စစ်မက်ခင်းနေမှုအား ရပ်တန့်ရန် ပြောဆိုလာ ကြကာ များစွာသော နိုင်ငံရေးလှုပ်ရှားသူတို့သည် NLD ဦးဆောင်သည့် ၂၀၂၀ ရွေးကောက်ပွဲအား (လွန်ခဲ့သော ငါးနှစ်တာကာလများအတွင်း တစ်ခါမှ မကြားဖူး မဖြစ်ဖူးသည့်) သပိတ်မှောက်ခြင်း ပြုလုပ်ခဲ့ကြသည်။ ကိုဗစ် ကပ်ရောဂါကာလအတွင်းတွင် ဒီမိုကရေစီ စီမံကိန်းများနှင့် အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းများ မရှိနေမှုကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ သတင်းခေါင်းကြီးပိုင်းများတွင် ပါဝင်ခြင်းမှလွတ်နေကာ မြန်မာနိုင်ငံသားများ သည် ၎င်းတို့၏ လုပ်ငန်းစဉ်များအား တဖြည်းဖြည်းနှင့် ရှေးရှုလာနိုင်ကြသည်။ ဒေသတွင်းရှိ အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်သော နိုင်ငံရေးနှင့် လူမှုရေး တက်ကြွလှုပ်ရှားမှုများအား NLD အနေဖြင့် ပါတီ၏ ပြန်လည်ရွေးကောက်ခြင်း ခံရန်အခွင့်အရေးနှင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ် သွားရာ လမ်းကြောင်းအပေါ်တွင် အဟန့်အတားဖြစ်နိုင်သည်ဟုမြင်သည်။ ကျွန်မ ကိုယ်ပိုင်အတွေးအရဆိုရသော် နိုင်ငံ၏ အမှန်တကယ် မျှော်လင့်ချက်ဖြစ်သည့် လူငယ်များ၏ ဦးဆောင်မှုနှင့် လှုပ်ရှားမှုများသည် ရိုဟင်ဂျာများနှင့် ရခိုင် လူမျိုးများအား လွတ်မြောက်အောင် လုပ်ပေးနိုင်မည်လား ဆိုသည်မှာတော့ အချိန်ကသာ စကားပြောသွားမည်ဟု ထင်မိပါသည်။ ကိုးကား

အဆုံးမှတ်စုများ

1 ဤသို့သော ယူဆချက်သည် အခြေအမြစ်မရှိသည့် ယူဆချက်တော့ မဟုတ်ပါ။ ၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်းတွင် စာရေးသူကိုယ်တိုင် နိုင်ငံရေးသမားအချို့နှင့် အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များနှင့်အတူ ဆွေးနွေးပွဲများ လုပ်ခွင့်ရခဲ့ချိန်၌ အများစုသည် NLD အနေဖြင့် ရိုဟင်ဂျာအရေးအခင်းနှင့်ပတ်သက်၍ တုံ့ပြန်မှုပြုလုပ်ရာတွင် သတိ ထားသင့်ကြောင်း၊ ၎င်းသည် NLD ၏ လုပ်ငန်းစဉ်များနှင့် စီမံကိန်းများအား အဟန့် အတားဖြစ်စေရန် စစ်တပ်ဖက်မှ တမင်ကြံစည်ရည်ရွယ်၍ လုပ်ခြင်းဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။ ဖေ့စ်ဘွတ်ခ်မှ ၂၀၁၈ခုနှစ် ဩဂုတ်နှင့် အောက်တိုဘာ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် လူပေါင်းများစွာ၏ ဖေ့စ်ဘွတ်ခ် အကောင့်များအား ဖယ်ရှားခြင်းသည် NLD နှင့် NLD ထောက်ခံသူများ၏ စစ်တပ်သည် လူမှုကွန်ရက်အား အသုံးချကာ မတရားမှုများကိုကြိုးကိုင်နေခြင်း (သို့မဟုတ်) ဖေ့စ်ဘွတ်ခ်မှ သတ်မှတ်ထားသည့် “မမှန်ကန်သော အပြုအမူ” ဟူသည့်ကိစ္စရပ်၏ နောက်ကွယ်တွင် စစ်တပ်ရှိနေမည်ကို စိုးရိမ်နေကြခြင်းကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်နေသည် (Meta Newsroom, 2018)။
2 Beech, 2013.
3 ဆွေဝင်းသည် ထိုဂျာနယ်လစ်ထဲက တစ်ဦးဖြစ်ပြီး ၂၀၁၃ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ (သက်စုအောင်၊ ၂၀၁၈) ၎င်းသည် အော်ဝဲလ်ယန် ပြည်နယ်၏ လုပ်ထုံးဥပဒေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရမှ အစိုးရအား ဝေဖန်မှုများမှ ကာကွယ်ရန် ဥပဒေကြမ်းများထဲ၌ တမင်တကာ ချန်ခဲ့ခြင်း ဟု ယူဆရသည်။ ဂျာနယ်လစ်ဆွေဝင်းသည် နောက်ပိုင်းတွင် လုပ်ကြံရန် ကြံစည်ခံရမှု ကြောင့် ဩစတေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည် (ABC Foreign Correspondent, 2021)။
4 ATH, 2018.
5 ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတကာမှ မတူညီသော ကြားဝင်ပံ့ပိုးမှုများ ရှိခဲ့သည် (မောင်အောင်မျိုး၊ ၂၀၀၂)။
6 စည်သူအောင်မြင့်၊ ၂၀၁၇။
7 Cheesman, 2017.
8 ဒေါ်အောင်ဆန်းစုကြည်အား ပြစ်တင်ဝေဖန်ခြင်း မလုပ်ရန်ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ၏ အကြောင်းပြချက်တစ်ခုမှာ ထိုသို့ ပြုလုပ် ခြင်းသည် စစ်တပ်မှ ဆင်ထားသည့် နိုင်ငံရေးဆူပူအုံကြွမှု ‘လက်မည်းကြီးများ’ ဆိုသည့် ထောင်ချောက်အတွင်းသို့ ကျရောက်စေနိုင်လိမ့်မည် ဖြစ်သောကြောင့်ဟု ပြောကြားခဲ့သည်။
9 Jett, 2018.
10 ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တွင် အစိုးရခေါင်းကြီးပိုင်းအနေနှင့် ဒီဖက်တိုအာဏာရှိသော်လည်း ယင်းအာဏာနှင့် သူမ၏ ဩဇာအာဏာတို့အား အသုံးချကာ အရေးအခင်းများ ဖြစ်မလာစေရန် တားဆီးမှု မလုပ်ခဲ့သလို အစိုးရတစ်ရပ်အနေနှင့် အရပ်သားပြည်သူများအားလုံးကို ကာကွယ်ရန် နည်းလမ်းရှာဖွေမှုနှင့် ဖြစ်သွားခဲ့သည့် အဓိကရုဏ်းများနှင့်စပ်လျဉ်း၍ ဖော်ထုတ်ခြင်း ပြစ်တင်ရှုတ်ချခြင်းတို့အား မပြုလုပ်ခဲ့ပါ။ အရပ်သားအာဏာပိုင်များသည် ၎င်းတို့ ဆောင်ရွက်ရမည်၏ ဆန့်ကျင်ဖက်ဖြစ်သည့် မှားယွင်းနေသော မုန်းတီးရေးဝါဒဖြန့်မှု များအား ပြုလုပ်ခဲ့ပြီး တပ်မတော်၏ လုပ်ရပ်သည် မှားယွင်းနေခြင်းမဟုတ်ဟုငြင်းဆိုမှု၊ အချက်အလက်ရှာဖွေသည့် လုပ်ငန်းများအပါအဝင် အမှီအခိုကင်းသော စုံစမ်းစစ်ဆေး မှုများကို တားဆီးပိတ်ပင်မှု၊ အမှန်တရားကို ရှာဖွေ၍ မရရန် တားဆီးမှုများကိုသာမက မီးရှို့ဖျက်ဆီးခြင်းခံထားရသော ရိုဟင်ဂျာရွာများအား ဘူဒိုဇာနှင့်ထပ်မံဖျက်ဆီးကာ ရာဇဝတ်မှုကျူးလွန်ထားသည့်နေရာများအား သက်သေမကျန်စေရန် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အရပ်သားအာဏာပိုင်များသည် ထိုအရေးအခင်းပြဿနာများအား မသိ ရှိဘဲ နေခဲ့ခြင်း လုံးဝမဖြစ်နိုင်ပါ” ဟူ၍ ဖော်ပြထားသည်။ (ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ၊ UNHCR၊ 2018၊ p. 389)
11 ဒေါ်အောင်ဆန်းစုကြည် ထမ်းထားသော ဝန်ထုပ်ဝန်ပိုး၊ ၂၀၁၈။
12 နေအိမ်အကျယ်ချုပ်ကျထားမှုအပြီး သူမ၏ ပထမဆုံးဥရောပခရီးစဉ်အား “အောင်ပွဲ” တစ်ခုအဖြစ် မှတ်ယူခဲ့ကြသည် (Cumming-Bruce, 2018)။
13 ဤဖုံးကွယ်ထားမှုအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရ၏ နောက်ကွယ်တွင် စစ်တပ်သည် ၎င်း၏ ထိန်းချုပ်နေမှုကို ကွယ်ဝှက်ထားခြင်းဖြစ် သည်ဟု ယူဆနိုင်သည်။ ဤအချက်သည် အနည်းဆုံးတော့ မြန်မာနိုင်ငံတွင်းတွင် ပြန့်ပွားနေဆဲဖြစ်သည့် အချက်ဖြစ်ပါသည်။
14 မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူအများစုသည် ပြည်တွင်း၌ပင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများ မြင့်တက်နေသည့်တိုင်အောင် သူတို့၏ ပရိုဖိုင်များအား ဖော်ပြပါပုံများကဲ့သို့သော ပုံများအဖြစ် ပြောင်းလဲခဲ့ကြသည်။
15 လက်ပံတောင်းသတ္တုတွင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည် ချက်အပေါ် ဝေဖန်မှုများသည် များသောအားဖြင့် ပြည်တွင်းနှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများထံမှလာခြင်း ဖြစ်သည်။ (ဤကိစ္စနှင့်ပတ်သက်၍ အောင်ဇော် ရေးသားထားသော ၂၀၁၈ အစီရင်ခံစာအား ဖတ်ရှုနိုင်သည်)
16 McPherson, 2017.
17 ယူကေမီဒီယာတစ်ခုသည် ၂၀၁၂ ဇွန်လတွင် ဖြစ်ပွါးခဲ့သော အရေးအခင်း အဓိကရုဏ်း များပြီးနောက် ဤကဲ့သို့ ထင်မြင်ချက်များထုတ်ပြန်ခဲ့သည် (Taylor, 2012)။
18 ထက်နိုင်ဇော် (၂၀၁၈ အောက်တိုဘာလ ၁၀ရက်) ဒေါ်အောင်ဆန်းစုကြည်အား မယုံကြည်ပါက တိုင်းပြည်ဒုက္ခတွေ့မည်ဟု မကွေးဝန်ကြီးချုပ်ပြော၊ ဧရာဝတီ။ https://burma.irrawaddy.com/news/2018/10/10/172200.html
19 “ရိုဟင်ဂျာအရေးအခင်းရဲ့နောက်ကွယ်မှာ မဟာအင်အားကြီးနိုင်ငံတွေရဲ့ ကစား ကွက်တွေ အများကြီးပါတယ်။ ကျွန်တော်တို့ မအ ကြဖို့လိုတယ်” ရုပ်/သံ (၂၀၁၈၊ အောက်တိုဘာ၊ ၁၀ရက်)။ https://www.facebook.com/theirrawaddyburmese/videos/1967809533263189 ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် အစိုးရမှ မီဒီယာကို သေချာ ကိုင်တွယ်ခြင်းမပြု၍ ၂၀၁၈ အရေးအခင်းကာလအတွင်း နစ်နာသူများဖြစ်သည့် ဗုဒ္ဓ ဘာသာဝင်များ၏ ဘက်ခြမ်း (ဟိန္ဒူများ၏ ဘက်ခြမ်းအပါအဝင်) နှင့် ရိုဟင်ဂျာများ၏ ဘက်ခြမ်းအား ကမ္ဘာမှ သေချာနားလည်သိရှိခွင့် မရခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့သည်။ Amnesty International (၂၀၁၈) ၏ တင်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေးတွင် အပြစ်တင်ခံရမှုအား စစ်တပ်၏ လူမဆန်သောလုပ်ရပ်များနှင့် ညှင်းပန်းနှိပ်စက်မှုများအား အစိုးရဖက်မှ အများပြည်သူ သိရှိစေရန် မပြုလုပ်နိုင်ခြင်းကြောင့်ဟု ဆိုထားပါသည်။
20 ၂၀၁၇ ဩဂုတ်လ အဓိကရုဏ်းများအပြီးတွင် ရခိုင်ပြည်နယ်မှဆိုလျှင် ရေကြောင်း မှတစ်ဆင့် ဝင်လို့ရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တစ်ဝိုက်တွင် ရိုဟင်ဂျာများ (ဒေသအခေါ် ဘင်္ဂါလီများ) ထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းနှင့် ပတ်သက်၍ သတိထားကြရန်ဆိုထားသည့် ဒေသခံရဲတစ်ဦး၏ အမိန့်သည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။
21 ဝလုံး၊ ကျော်စိုးဦး (၂၀၁၈)။
22 ကမာရွတ်မီဒီယာ၏ သတင်းရုပ်သံဖိုင်တစ်ခုထဲတွင် ပြောထားခြင်းဖြစ်ပြီး ထိုအချိန် ကတည်းက ဖေ့စ်ဘုတ်မှ ဖယ်ရှားခြင်း ခံလိုက်ရပါသည်။ https://www.facebook.com/kamayutmedia/videos/2079480092069176/
23 Facebook ကို စောင့်ကြည့်မယ်. (2018, March 20). BBC News မြန်မာ. https://www.bbc.com/burmese/burma-43477522
24 Mozur, 2018.
25 စာရေးသူဖြစ်သည့် ကျွန်မ၏ အတွေ့အကြုံအရ ပြောရလျှင် ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အကြမ်းဖက်မှုများနှင့်ဆိုင်သည့် ပိုစ့်များအား ဖယ်ရှားပေးရန် တိုင်ကြားခြင်းပြုလျှင် ထိုပိုစ့်များ ဖယ်ရှားခံရရေးသည် အချိန်ကြာတတ်ပြီး တစ်ခါတလေ တစ်ပတ်လောက် အထိ ကြာမြင့်တတ်သည်။

ကိုးကားချက်များ

ABC Foreign Correspondent. (2021). #WhatsHappeningInMyanmar: Six Months after the Coup. YouTube. https://youtu.be/81u9LoGD-QM

ATH. (2018). Danger from the West Gate. The Irrawaddy. https://burma.irrawaddy.com/cartoon/2017/08/05/139962.html

Amnesty International. (2018). Myanmar: “We will destroy everything”: Military responsibility for crimes against humanity in Rakhine State. https://www.amnesty.org/en/documents/asa16/8630/2018/en/

Aung San Suu Kyi’s Burden. (2018, October 8). The Standard Time Daily News.  http://sdtimedaily.com/category/years-record/2018-photo-review/

Aung Zaw. (2013, March 14). The Letpadaung Saga and the End of an Era. The Irrawaddy. https://www.irrawaddy.com/opinion/the-letpadaung-saga-and-the-end-of-an-era.html

Beech, H. (2013, July 1). The Face of Buddhist Terror: How Militant Monks are Fueling Anti-Muslim Violence in Asia. TIME. http://content.time.com/time/magazine/article/0,9171,2146000,00.html

Cheesman, N. (2017). How in Myanmar “National Races” Came to Surpass Citizenship and Exclude Rohingya. Journal of Contemporary Asia, 47(3), 461–483. https://doi.org/10.1080/00472336.2017.1297476

Cumming-Bruce, N. (2012, June 14). A Burmese Leader’s Triumphant Return to Europe. The New York Times. https://www.nytimes.com/2012/06/15/world/europe/aung-san-suu-kyi-begins-triumphant-visit-to-europe.html

Jett, J. (2018, October 3). Canada Revokes Honorary Citizenship of Aung San Suu Kyi. The New York Times. https://www.nytimes.com/2018/10/03/world/asia/aung-san-suu-kyi-canada-citizenship.html

Maung Aung Myoe. (2002). The National Reconciliation Process in Myanmar. Contemporary Southeast Asia, 24(2), 371–384. https://www.jstor.org/stable/25798601

McPherson, P. (2017, March 31). Aung San Suu Kyi: Myanmar’s great hope fails to live up to expectations. The Guardian. https://www.theguardian.com/world/2017/mar/31/aung-san-suu-kyi-myanmars-great-hope-fails-to-live-up-to-expectations

Meta Newsroom. (2018, August 28). Removing Myanmar Military Officials from Facebook. https://about.fb.com/news/2018/08/removing-myanmar-officials/

Mozur, P. (2018, October 15). A Genocide Incited on Facebook, With Posts From Myanmar’s Military. The New York Times. https://www.nytimes.com/2018/10/15/technology/myanmar-facebook-genocide.html

Sithu Aung Myint. (2017, May 28). Aung San Suu Kyi amends her stand on constitutional reform. Frontier Myanmar. https://www.frontiermyanmar.net/en/aung-san-suu-kyi-amends-her-stand-on-constitutional-reform/

Taylor, J. (2012, June 21). Row over Aung San Suu Kyi threatens to split Burmese pro-democracy. The Independent. https://www.independent.co.uk/news/world/asia/row-over-aung-san-suu-kyi-threatens-to-split-burmese-prodemocracy-movement-in-britain-7873238.html

Thet Su Aung. (2018, February 13). Myanmar Journalist Charged with Defamation Refuses to Apologize to Firebrand Monk. Radio Free Asia. https://www.rfa.org/english/news/myanmar/myanmar-journalist-charged-with-defamation-refuses-to-apologize-to-firebrand-monk-02132018161716.html

UNHCR. (2018, August 27). Report of the Independent International Fact-Finding Mission on Myanmar. https://www.ohchr.org/Documents/HRBodies/HRCouncil/FFM-Myanmar/A_HRC_39_64_Myanmar.pdf

Wa Lone & Kyaw Soe Oo. (2018, February 8). Massacre in Myanmar: One grave for 10 Rohingya men. Reuters. https://www.reuters.com/investigates/special-report/myanmar-rakhine-events/

Ye Htut. (2018, October 22). ပြီးခဲ့တဲ့ စနေနေ့ က စင်္ကာပူအမျိုးသားပြတိုက်မှာပြုလုပ်တဲ့ နာမည်ကြီး ဓာတ်ပုံသတင်းထောက် ပက်ထရစ် ဘရောင်း( Patrick Brown) ရဲ့ The Rohingya Crisis: Documenting the recent mass exodus ဟောပြောပွဲ ကို သွားနားထောင်ခဲ့ပါတယ်၊ Facebook. https://www.facebook.com/ye.htut.988/posts/1888731527907107

ထက်နိုင်ဇော်၊ (၂၀၁၈, အောက်တိုဘာလ ၁၀)၊ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ပါက တိုင်းပြည် ဒုက္ခတွေ့မည်ဟု မကွေး ဝန်ကြီးချုပ် ပြော၊ ဧရာဝတီ ။ https://burma.irrawaddy.com/news/2018/10/10/172200.html

ရိုဟင်ဂျာ Crisis နောက်ကွယ်မှာ မဟာအင်အားကြီး နိုင်ငံတွေရဲ့ ကစားကွက်တွေ အများကြီးပါတယ်။ ကျနော်တို့ မအကြဖို့လိုတယ် (ရုပ်/သံ)၊ (၂၀၁၈, အောက်တိုဘာလ ၁၀)၊ဧရာဝတီ။ https://www.facebook.com/theirrawaddyburmese/videos/1967809533263189

Facebook ကို စောင့်ကြည့်မယ်. (2018, March 20). BBC News မြန်မာ. https://www.bbc.com/burmese/burma-43477522