ဦးစီးကွပ်ကဲနေသော သူတော်စင်တစ်ဦး—ကရင်ပြည်နယ်ရှိ ယုံကြည်မှုဆိုင်ရာအကာအကွယ်၊ တရားမျှတမှုနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများ

Mikael Gravers | Click here for the English language PDF of this article.

Cite as: 
Gravers, M.၊ (၂၀၂၀)၊ ဦးစီးကွပ်ကဲနေသော သူတော်စင်တစ်ဦး—ကရင်ပြည်နယ်ရှိ ယုံကြည်မှုဆိုင်ရာအကာအကွယ်၊ တရားမျှတမှုနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3722

စာတမ်းအကျဥ်း

၁၉၉၅ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့ပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ၎င်းကို မြန်မာတပ်မတော်၏ လက်ကိုင်တုတ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ သို့သော် ဦးသုဇနသည် ကရင်လူမျိုးဗုဒ္ဓဘာသာဝင်တို့၏ နယ်မြေများကို ပြန်လည်အသက်သွင်းခြင်း၊ ၎င်း၏နောက်လိုက်များကို အကာအကွယ်ပေးခြင်းနှင့် ကရင်တစ်မျိုးသားလုံးကို‌ပေါင်းစည်းစေခြင်းတို့ဆောင်ရွက်ရန် ၎င်းကိုယ်ပိုင်အမြင်နှင့် ရှေ့ဖြစ်ဟောနိမိတ်တစ်ရပ်ရှိခဲ့ပါသည်။ ဤဆောင်းပါးသည် ၁၉၉၅ မှစတင်၍ ဦးသုဇန၏နည်းဗျူဟာများနှင့် အဖြစ်အပျက်များကို ခွဲခြမ်းစိတ်ဖြာပြထားပါသည်။ ဤဆောင်းပါးထဲတွင် ဦးသုဇနသည် ဘာသာရေးဆိုင်ရာယုံကြည်မှုကွန်ယက်တစ်ခု တည်ဆောက်ကာ ပဋိပက္ခများအတွင်း အကာအကွယ်နှင့် တရားမျှတမှုကို ဆောင်ကြဥ်းပေးခဲ့ပါသည်။ ပြီးခဲ့သောနှစ်များအတွင်းတွင် ၎င်း၏ဆောင်ရွက်ချက်များသည် ဘာသာ‌ရေးဆိုင်ရာ တင်းမာမှုများနှင့် ပဋိပက္ခများဖန်တီးခဲ့ပါသည်။ ဤအခြေအနေသည် ကိုးကွယ်ယုံကြည်မှုဝိသေသလက္ခဏာများနှင့် အမျိုးသားရေးဝါဒတို့က နိုင်ငံရေးတွင်စိုးမိုးထားသော မြန်မာနိုင်ငံ၏ယေဘုယျအခြေအနေနှင့် ပတ်သက်ဆက်နွယ်မှုရှိပါသည်။ ဘာသာရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက်သာမက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဘုံဖြတ်ထုံးတရားဥပဒေစနစ်အတွက် ပြဿနာများဖန်တီးပေးလာနိုင်ကြောင်း ဤဆောင်းပါးထဲတွင် ဆိုထားပါသည်။

ပုံ ၁

မြိုင်ကြီးငူအပြင်ဖက်ရှိ စေတီပုထိုးများအတွက် ပန်းခြံ။

မိတ်ဆက်

၂၀၁၂ ခုနှစ်ကတည်းကစပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ရဟန်းများသည် သိသိသာသာ အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြပါသည်။ ၂၀၀၇ ခုနှစ်တွင် ရဟန်းများဆန္ဒထုတ်ဖော်မှုဖြစ်ပြီး နောက်ပိုင်းကတည်းက အမျိုးသားရေးဝါဒီရဟန်းမျိုးဆက်သစ်တစ်ရပ်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာနေခဲ့ပါသည်။ ၎င်းတို့၏ရည်ရွယ်ချက်သည် ‌ဗုဒ္ဓဘာသာကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ဆောင်ရွက်မှုများသည် ၂၀၁၇ ခုနှစ်မေလ တွင် သံဃာ့နာယကကောင်စီမှ ပိတ်ပင်တားမြစ်ခြင်းခံခဲ့ရသည့် မဘသလှုပ်ရှားမှုကဲ့သို့ လူမျိုးစုနှင့် ဘာသာရေးကွဲပြားမှုများပေါ်တွင်လည်း အလေးပေးထားခဲ့ပါသည်။ မဘသအနေဖြင့် ၎င်းတို့၏ဆိုင်းဘုတ်များနှင့် အထိမ်းအမှတ်လက္ခဏာများကိုလည်း ၂၀၁၇ ခုနှစ် ဇူလိုင်လမတိုင်မီတွင် ဖယ်ရှားခဲ့ရပါသည်။1 ၂၀၁၂ ခုနှစ်မှစတင်ပြီး ဘာသာရေးဆိုင်ရာ ကိုယ်စားပြုသတ်မှတ်ချက်များသည် နိုင်ငံရေးအသွင်ပြောင်းအသုံးချမှုများပိုမိုခံလာခဲ့ရကာ အကြမ်းဖက်ပြုမူဆောင်ရွက်မှုများနှင့်လည်း ဆက်စပ်မှုများရှိလာခဲ့ပါသည်။ ထိုဘာသာ‌ရေးဆိုင်ရာ ကိုယ်စားပြုသတ်မှတ်ချက်များအား တိုင်းရင်းသားလူမျိုးစုနှင့် အမျိုးသားရေးလက္ခဏာ အတားအဆီးများကို ပိုင်းခြားသတ်မှတ်ရန်အသုံးချခဲ့ပါသည်။

ဤဆောင်းပါး၏အဓိကအကြောင်းအရာမှာ ဝါတော်ရကရင်လူမျိုးရဟန်းတစ်ပါး ဖြစ်သလိုတိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ကို ကာကွယ်ထောက်ခံအားပေးသူတစ်ဦးလည်းဖြစ်သည့် မြိုင်ကြီးငူဆရာတော်ခေါ်  ဦးသုဇနအကြောင်းဖြစ်ပါသည်။ ၎င်းသည် ကရင်လူမျိုးတို့၏ဗုဒ္ဓဘာသာကို မြှင့်တင်ရန်၊ ခရစ်ယာန်နှင့် မူဆလင်လွှမ်းမိုးမှုကိုလျှော့ချရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးပါက ကရင်များလူမျိုးများအားလုံးကိုပေါင်းစည်းရန် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုအလေးပေးသော နည်းလမ်းကိုအသုံးပြုခဲ့ပါသည်။ ခရစ်ယာန်များကြီးစိုးသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စင်ပြိုင်အနေဖြင့် ဦးသုဇနမှ မျက်မှောက်ခေတ်ဘာသာရေးအုပ်ချုပ်မှုတစ်ရပ်ကို ဖန်တီးခဲ့ပါသည်။ ဦးသုဇနက ၎င်း၏နည်းဗျူဟာသည် ၎င်း၏ သာမန်လက်လုပ်လက်စားနောက်လိုက်များအတွက် လုံခြုံ‌ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်း‌‌ရေးကို ဆောင်ကြဥ်းပေးနိုင်ကာ အဆုံးတွင် ကရင်များအားလုံးကို ပေါင်းစည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ပါသည်။ ၎င်း၏လှုပ်ရှားမှုအား ပုဂ္ဂိုလ်‌ရေးပတ်သက်မှုများ၊ ယုံကြည်မှုဆိုင်ရာ သြဇာအာဏာနှင့် ဘာသာ‌ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများပေါ်တွင်အခြေခံသည့် ဘာသာ‌ရေးဆိုင်ရာယုံကြည်မှုကွန်ယက် တစ်ခုဖြစ်သည်ဟု အမျိုးအစားခွဲခြားသတ်မှတ်နိုင်ပါသည် (Tilly, 2005)။ ဦးသုဇနက ပြည်နယ်အတွင်းရှိ ကျရှုံးနေသော ဩဇာအာဏာကို ၎င်း၏လက်နက်ကိုင် ယုံကြည်မှုဆိုင်ရာသြဇာအာဏာနှင့် အစားထိုးရန် ကြိုးစားခဲ့ကြောင်းကို ဤဆောင်းပါးထဲတွင် ဖော်ပြထားပါသည်။ ၎င်း၏အယူအဆအရ ဘာသာရေးဆိုင်ရာ အုပ်ချုပ်မှုသည် လောကီရေးဆိုင်ရာအုပ်ချုပ်မှုထက် အချိန်နှင့် နေရာအရ သာလွန်မှုရှိပြီး ကိုးကွယ်ယုံကြည်မှုဖြင့် တည်ဆောက်ထားသော နိုင်ငံရေးဆိုင်ရာတရားမျှတမှုတစ်ရပ်ကို ဖန်တီးပေးပါသည်။ ၎င်းအချက်သည် (Weber, 1963, p. 113) မှ ဆိုထားသည့် “အခွင့်ထူးခံမဟုတ်သူများ၏ ကိုးကွယ်ယုံကြည်မှု” (Theodicy of Deprivilege) နှင့် ဆင်တူနေပါသည်။ ကရင်လူမျိုးများအားလုံး တရားမမျှတမှုများခံစားခဲ့ရသော်လည်း ဦးသုဇန၏အဆိုအရ ဗုဒ္ဓဘာသာကရင်လူမျိုးများသည် အခြားကရင်လူမျိုးများထက်ပိုမိုခံစားခဲ့ရသောကြောင့် ၄င်းက ထိုမကောင်းသောကံကြမ္မာကို ပြောင်းလဲရန်ကတိကဝတ်ပြုခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိအခြားသော ဝိသေသလက္ခဏာများသည် အမျိုးသားရေးထဲတွင်မြှုပ်နှံထားခဲ့သော ဘာသာရေးဆိုင်ရာဝိသေသလက္ခဏာနှင့် အစားထိုးခံလိုက်ရပုံပေါ်သည်။ မေးစရာရှိလာသည်မှာ ‌လောကီရေးရာ တရားစီရင်မှုစနစ်အား ဘာသာရေးဆိုင်ရာစည်းမျဥ်းစည်းကမ်းများဖြင့် အစားထိုးလာနိုင်ကာ ဒီမိုကရေစီရေးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးအပေါ် အလေးပေးမှုတို့အား ၎င်းဘာသာရေးဆိုင်ရာစည်းမျဥ်းစည်းကမ်းများမှ စိန်ခေါ်လာနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်ပါသည်။ ၎င်းတို့မှ တရားမျှတမှုနှင့် လုံခြုံရေးအပေါ် ဒေသတွင်းရှုမြင်မှုများအား ခွဲခြားလိုက်သောအခါတွင် ဘာသာရေးဆိုင်ရာစည်းမျဥ်းစည်းကမ်းများနှင့် လောကီရေးရာအများသုံးဖြတ်ထုံးဥပဒေများသည်  ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ တစ်ခုမကသော တရားစီရင်ရေးစနစ်များအသွင် အတူတကွယှဥ်တွဲတည်ရှိနိုင်ပါမည်လား။

၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဦးသုဇနမှ ဗလီများနှင့် ခရစ်ယာန်ဘုရားကျောင်းများရှေ့တွင် စေတီပုထိုးများတည်ခြင်းမပြုလုပ်ခင်အထိ ကရင်ပြည်နယ်သည် အတော်အသင့် ငြိမ်သက်မှုရှိသောကာလတစ်ရပ်ကို ခံစားခဲ့ရပါသည်။ ၂၀၁၅ ခုနှစ်တွင် စံစီမြိုင်၌ ၎င်း၏နောက်လိုက်များသည် Myanmar Peace Support Initiative ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသည်မှာမကြာသေးသော မူကြိုကျောင်းတစ်ကျောင်းအား မီးရှို့ခဲ့ပါသည်။2 ထိုကျောင်းသည် DKBA နယ်မြေထဲတွင်ရှိသော်လည်း ဦးသုဇနမှ ထိုကျောင်းအား KNU ၏ကျောင်းဟု ထင်မှတ်ခဲ့ပုံပေါ်သည်။ ၎င်းမှ ကျောင်းအသစ်ကို ၎င်း၏ နည်းလမ်းအတိုင်းဆောင်ရွက်နိုင်ရန် လိုလားခဲ့ပါသည်။

DKBA ၏ ကြီးမားသော အစိတ်အပိုင်းတစ်ရပ်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်အဖြစ် အမည်ပြောင်းလဲခြင်းခံခဲ့ရပါသည်။ ကွယ်လွန်သွားပြီဖြစ်သော ဗိုလ်ချုပ်စောလားပွယ်မှ ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုထဲ၌ စစ်တပ်တစ်တပ်အတွက် ဘာသာရေးနှင့်သက်ဆိုင်သောအမည်တစ်ခုအားပေးအပ်ထားခြင်းသည် မှားယွင်းကြောင်းရှင်းပြခဲ့ပါသည်။ ၎င်းကိုယ်တိုင်သည်လည်း ခရစ်ယာန်တစ်ဦးဖြစ်ကာ DKBA သည်လည်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ DKBA ၏ကျန်ရှိသော အစိတ်အပိုင်းအနည်းငယ်သည် ၎င်းတို့၏အမည်အတွင်းတွင် ‘ဗုဒ္ဓဘာသာ’ ကိုဆက်လက်ထားရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ဦးသုဇနကိုသစ္စာခံသော တပ်မှုး ဗိုလ်ပိ ဦးဆောင်သော ထို DKBA အစိတ်အပိုင်းနှင့် မဲသဝေါ ဧရိယာအတွင်းရှိ နယ်ခြား‌စောင့်တပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲများနှင့် မြေမြှုပ်မိုင်းများသည် ကရင်ပြည်သူ ၅,၀၀၀ အားမိမိတို့၏နေရပ်မှစွန့်ခွာစေခဲ့ပြီး ထိုလူများကို ဦးသုဇနမှ မြိုင်ကြီးငူသို့ ရွှေ့ပြောင်းပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မေလတွင် ထိုနယ်မြေအား တပ်မတော်မှ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သောကြောင့် နောက်ထပ်လူပေါင်း ၅၀၀ မှာ တိုင်းပြည်အတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ (IDPs) ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့် အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားပြီးတိုက်ပွဲများဖြစ်လာခဲ့ရသနည်းဆိုသည်မှာမူ ရှင်းလင်းမှုမရှိခဲ့ပါ။ သို့သော် DKBA နှင့် ဦးသုဇနသည် သံလွင်မြစ်ကြောင်းတွင် ဟတ်ကြီးဆည်တည်ဆောက်မှု၊ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့မှ ၎င်း၏နယ်မြေထဲတွင် စိုးမိုးမှုတိုးပွားလာနေသည့်အပေါ် ကျေနပ်မှုမရှိခဲ့ပါ။ ၎င်းတိုက်ပွဲသည် ‌ဒေသခံခရစ်ယာန်ဘာသာဝင်ကရင်လူမျိုးရွာသားများအပေါ်တွင်လည်း သက်‌ရောက်မှုများရှိခဲ့ပြီး ၎င်းတို့မှ ဘားအံရှိ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA) တပ်မဟာ- ၅ ကို အကူအညီ‌တောင်းခဲ့ပါသည်။ KNLA မှ ထိုပဋိပက္ခထဲတွင် ပါဝင်ရန်တွန့်ဆုတ်နေခဲ့သော်လည်း နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား အကူအညီများပေးခဲ့ပါသည်။ သို့သော် ၂၀၁၇ ခုနှစ် ဧပြီလမှစတင်ပြီး KNLA သည် ဗိုလ်ပိ ၏ DKBA ကို စတင်လိုက်လံတိုက်ခိုက်ခဲ့ပါသည်။ ဤဆောင်းပါးနောက်ပိုင်းတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း ကရင်ပြည်နယ်ရှိဒေသအများအပြားတွင် ဘာသာရေးဆိုင်ရာတင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။

ဦးသုဇန၏ဆောင်ရွက်ချက်များနှင့် တစ်ခါတစ်ရံတွင် အပြောင်းအလဲမြန်သောအပြုအမူများသည် ကရင်ပြည်နယ်၏အချို့သော ဒေသများတွင် အကြောက်တရားနှင့် မလုံခြုံမှုများဖန်တီးပေးခဲ့ပါသည်။ မဘသလှုပ်ရှားမှုသည် ဦးသုဇန၏ဘုရားတည်သော ဆောက်ရွက်ချက်များအား ထောက်ခံခဲ့ပြီး ၎င်းတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိကရင်လူမျိုး သာမန်လက်လုပ်လက်စားနောက်လိုက်များရှိခဲ့ပါသည်။3 ထိုင်းနိုင်ငံတွင် ဦးသုဇနသည် ချမ်းသာကြွယ်ဝပြီး လွှမ်းမိုးမှုရှိသော ထိုင်းစီးပွားရေးသမားများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ ဦးသုဇနသည် ၁၉၉၄ ခုနှစ်တွင် KNLA အတွင်းရှိ ဗုဒ္ဓဘာသာဝင်စစ်သည်များအား တပ်မှစွန့်ခွာရန်တိုက်တွန်းမှုများပြုလုပ်ခြင်းကြောင့် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး ထိုဆောင်ရွက်ချက်သည် KNU အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပါသည်။

ဤဆောင်းပါးထဲတွင် အစဥ်အလာကိုဆန့်ကျင်သည့်ထိုရဟန်း၏အမြင်များနှင့် အတွေးအခေါ်များကို ဆန်းစစ်ကြည့်ရှုကာ ဤအငြင်းပွားဖွယ်ရဟန်း၏ဆောင်ရွက်ချက်များသည် ၎င်း၏နောက်လိုက်များအတွက် တရားမျှတမှု၊ လုံခြုံမှုနှင့် အကာအကွယ်ကိုဖန်တီးပေးခဲ့ပြီး ၎င်း၏နောက်လိုက်မဟုတ်သော အထူးသဖြင့် ခရစ်ယာန်များနှင့် မူဆလင်များအတွက် မလုံခြုံမှုနှင့် မတရားမှုတို့ကို စဥ်ဆက်မပြတ်ဖန်တီးနေခဲ့ကြောင်း ဖော်ပြထားပါသည်။4 ဦးသုဇနမှ ၎င်း၏စည်းမျဥ်းများနှင့် ဗုဒ္ဓဘာသာဆိုင်ရာကျင့်ဝတ်များအုပ်စိုးပြီး DKBA နှင့် BGF မှ တရားဥပဒေစိုးမိုး‌‌ရေးကို ထိန်းသိမ်းထားသော ကိုယ်ကျင့်တရားအပေါ်အခြေခံတည်ဆောက်ထားသည့် လူ့အသိုင်းအဝိုင်းတစ်ရပ် တည်ထောင်ခဲ့ပါသည်။ ၎င်း၏ သြဇာတိက္ကမနှင့် ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးတို့၏ ကာကွယ်သူဟူသော အချက်သည် ၎င်းအား သာမန်လက်လုပ်လက်စားနောက်လိုက်အများအပြား ရရှိစေခဲ့ပါသည်။ ထိုအချက်များသည် ၎င်း၏ ဩဇာအာဏာကိုတရားဝင်အတည်ဖြစ်လာစေရန် ဖန်တီးပေးခဲ့ပါသည်။5 ၎င်းမှ ၁၉၉၄ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများအား ယုံကြည်မှုဆိုင်ရာနိုင်ငံ‌ရေးကိုအသုံးချပြီး စတင်စုရုံးလာနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ဆောင်ရွက်ချက်များသည် ငြိမ်းချမ်း‌‌ရေးလုပ်ငန်းစဥ်ကို အန္တရာယ်ဖြစ်ကောင်းဖြစ်လာနိုင်စေခဲ့ပါသည်။ ဦးသုဇန၏လတ်တလောဆောင်ရွက်ချက်များအား ဆက်လက်ဆွေးနွေးခြင်းမပြုမီ ကျွန်ုပ်အနေဖြင့် ၎င်း၏ဘာသာ‌ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ၎င်း၏ရှေ့ဖြစ်နိမိတ်အမြင်နှင့် DKBA ဖြစ်တည်လာပုံတို့၏ ဇစ်မြစ်အား အကျဥ်းချုပ်ဆွေးနွေးလိုပါသည်။ တရားမျှတမှုနှင့် လုံခြုံရေးဆိုင်ရာရှုထောင့်များအပေါ် ဘာသာရေး၏လွှမ်းမိုးမှုမည်သို့ရှိသည်ကို နားလည်နိုင်ရန် ၁၉၉၄ ခုနှစ်တွင် KNU မှခွဲထွက်မှုဖြစ်ရခြင်း၏ အကြောင်းအရင်းများသည် အရေးကြီးပါသည်။6

ပုံ ၂

မမြိုင်ကြီးငူတွင် နန်းတော်အသွင်တည်ထားသော ဂန္ဓကုတိကျောင်းတိုက်။ ဂန္ဓကုတိကျောင်းတိုက်သည် တော်ဝင်အခန်းအနားကျင်းပရာခန်းမပုံသဏ္ဍာန်တည်ဆောက်ထားသည့် အမိုးကိုးဆင့်ပါ ပြဿဒ်တစ်ဆောင်ဖြစ်ပါသည်။ (စာရေးသူရိုက်ယူခဲ့သောပုံ)

‘ဦးစီးကွပ်ကဲနေသော သူတော်စင်တစ်ဦး’

အခြားသော ကရင်လူငယ်အမျိုးသားများကဲ့သို့ပင် ဦးသုဇန (၁၉၄၈ ဖွား) သည် ငယ်စဥ်က KNLA တွင် ဆက်သားအနေဖြင့် နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသွားခဲ့သောခရီးလမ်းများတစ်လျှောက်တွင် စေတီဟောင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ပြီး ထိုနယ်မြေ၏ ဗုဒ္ဓဘာသာသမိုင်းကြောင်းအား သတိထားမိလာခဲ့ပါသည်။ မြိုင်ကြီးငူသည် မွန်ဘုရင်ဒွတ္တ‌ဘောင်လက်ထက်က ကိမာလာဟူသော မြို့တော်ဖြစ်ခဲ့ပြီး ၎င်း၏မိဖုရားနှစ်ပါးသည် ထိုနယ်မြေတွင် စေတီများတည်ထားခဲ့ကာ ၎င်းစေတီများထဲမှနှစ်ဆူမှာ နန်းဦးစေတီနှင့် မြိုင်ကြီးငူစေတီတို့ဖြစ်ကြကြောင်းဆိုပါသည်။ ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကရင်လူမျိုးများသည် မွန်အုပ်ချုပ်မှုကို အသိအမှတ်ပြုထားကြပြီး တစ်ခါတစ်ရံတွင် မွန်ဘုရင်များကို ရည်ညွှန်းပြောဆိုလေ့ရှိပါသည်။ အချို့သော ကရင်လူမျိုးများသည် ပိုးကရင်ဘာသာစကားတွင် ‘ရှေးဟောင်းစာ’ ဟုအဓိပ္ပါယ်ရသည့် Lai’ Hsu Li ဟု ခေါ်သော မွန်စာအား အသုံးပြုနေဆဲဖြစ်ပါသည်။

KNLA တွင် တာဝန်ထမ်းဆောင်ပြီးနောက် ဦးသုဇနသည် ရဟန်းတစ်ပါးဖြစ်လာခဲ့ပြီး ၎င်း၏အချိန်အား ‌တောထဲတွင် တရားအားထုတ်ခြင်းဖြင့် ကုန်ဆုံးရန် ဆုံးဖြတ်ခဲ့ကာ၎င်း၏ (အဆစ်အမြစ်ရောင်လေးဖက်နာရောဂါ arthritis) ကို တရားထိုင်ခြင်းဖြင့် ကုသနိုင်ရန်မျှော်လင့်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ၎င်းသည် သံလွင်မြစ်ကိုဖြတ်ကာ အရှေ့ဖက်ကမ်းရှိ မြိုင်ကြီးငူ‌ (စကောကရင်ဘာသာစကားတွင် Khaw Taw အမည်ရှိ) တောထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။ ၎င်းသည် ထိုတောထဲတွင် ဆယ်နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်သော ရသေ့တစ်ပါးနှင့်တွေ့ဆုံခဲ့ပြီး ထိုရသေ့မှ ၎င်း၏တရားအားထုတ်မှုအပေါ် ကူညီပေးခဲ့သည်။7

ဦးသုဇနမှ ဘုန်းကြီးကျောင်းငယ်တစ်ကျောင်း ဆောက်လုပ်ကာ တရားအားထုတ်ခဲ့ပြီး စေတီများတည်ခဲ့ပါသည်။ တရားအားထုတ်ခဲ့သည့် ရက်ပေါင်း ၄၉ ရက် (ဂေါတမဘုရားအနေဖြင့် ဉာဏ်အလင်းမရခင် ဆောင်ရွက်ခဲ့သည့်အတိုင်း ) အတွင်းတွင် ဦးသုဇနသည် ငြိမ်းချမ်း‌ရေးပြန်လည်ရယူရန်နှင့် စေတီပုထိုးများအား ပြန်လည်ပြုပြင်ရန် ရည်စူးခဲ့ပါသည်။ ၎င်း၏နောက်လိုက်များနှင့် လှူဒါန်းမှုများ တဖြည်းဖြည်းတိုးပွားလာခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အမည်မသိအမျိုးသားတစ်ဦးသည် ပိုက်ဆံအမြောက်အများထည့်ထားသော လေးဂါလံဆံ့ပုံးတစ်ပုံးဖြင့် ၎င်းထံရောက်ရှိလာခဲ့ပါသည်။ ဦးသုဇနမှ KNU ဌာနချုပ်တွင် စေတီတစ်ဆူတည်ရန်တောင်းဆိုခဲ့သော်လည်း KNU ခေါင်းဆောင်များမှ ထိုတောင်းဆိုမှုကိုပယ်ချခဲ့ပါသည်။ ၎င်းနှင့် အခြားသော ရဟန်းများသံလွင်မြစ်ထဲတွင် ဖောင်တစ်စင်းဖြင့်လှည့်လည်သွားလာခဲ့စဥ် ရေစီးကြောင်းတစ်ခုကြောင့် အန္တရာယ်ကျရောက်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်းမှဒေသတွင်းရှိ တောစောင့်တောင်စောင့်နတ်များအား သံလွင်မြစ်နှင့် မိုးအိမြစ် (သောင်ရင်းမြစ်) ဆုံရာ ထိုင်းနိုင်ငံနယ်စပ်အနီး သီးမူထတောင်ပေါ်တွင် စေတီတည်ရန် ကတိပြုခဲ့ပါသည်။

၁၉၉၀ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းစတင်ခဲ့ပြီး မာနယ်ပလောရှိ ၎င်းတို့၏ဌာနချုပ်အပေါ်တွင်ရှိသော တောင်ပေါ်မှစေတီဖြူဖြူသည် ၎င်းတို့အားစစ်တပ်မှတိုက်ရိုက်ပစ်ခတ်နိုင်လာရန် ကူညီပေးနိုင်မည်ကို KNU ခေါင်း‌ဆောင်များမှစိုးရိမ်ခဲ့ကာ ထိုစေတီတည်ထားမှုသည် ၎င်းတို့ကို ရန်စသည့်သဖွယ်ဖြစ်စေခဲ့ပါသည်။ ထိုအချိန်က တပ်မတော်သည် မာနယ်ပလောအား တိုက်ခိုက်ရန်နီးကပ်နေသည့်အချိန်ဖြစ်သည်။ အစောပိုင်းတွင် KNU သည် ဦးသုဇန၏ဝမ်းကွဲညီအစ်ကိုဖြစ်သလို ၁၉၉၇ ခုနှစ်တွင် KNU မှစွန့်ခွာခဲ့သူ ဖဒိုအောင်ဆန်းမှတဆင့် စေတီတည်ထားရန်ခွင့်ပြုချက်ပေးခဲ့ပါသည်။ သို့သော် စေတီအား အဖြူရောင်ဆေးသုတ်ရန်ကိုမူခွင့်မပြုခဲ့ပေ။ သို့သော် ဦးဇဝနမှ ဝတ်ပြုခန်းမများတည်ဆောက်လာသောအခါ KNU ခေါင်းဆောင်များသည် စိုးရိမ်လာခဲ့ကြပါသည်။ KNLA အတွင်းမှ ဗုဒ္ဓဘာသာစစ်သည်များသည် ဆောက်လုပ်ရေးအတွင်း ကူညီခဲ့ကြကာ ဘူရားဖူးဦးရေ ၁၀၀၀ ခန့်သည်လည်း ဆောက်လုပ်ရေးအတွက် ကူညီရန်လာ‌ရောက်ခဲ့ကြပါသည်။ ရဟန်းများမှ သုတ္တန်များရွတ်ဖတ်နေသည်တို့ကို လော်စပီကာများနှင့် ကျယ်လောင်စွာဖွင့်ခဲ့ကြပါသည်။

သတ္တမနေ့ မျှော်လင့်ခြင်းအသင်းတော်ဝင်တစ်ဦးဖြစ်သူ KNU မှဗိုလ်ချုပ်ဘိုမြသည် ညှိနှိုင်းမှုများစွာဆောင်ရွက်ပြီးနောက်ပိုင်းတွင် ဦးသုဇနအား ဆောက်လုပ်ရေးကို ရပ်တန့်ရန် အမိန့်‌ပေးခဲ့ပါသည်။ KNLA မှ ခရစ်ယာန်စစ်သည်များသည် ဘုရားဖူးများအား ရိုက်နှက်ကာ ၎င်းတို့အား ရိုင်းစိုင်းစွာဆက်ဆံခဲ့ကြပါသည်။8 Karen National Historical Group, 1995 မှ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ခဲ့ပါသည်။ KNU မှလည်း KNLA အရာရှိများမှ ဘုရားဖူးများအား ရိုက်နှက်ကြောင်းဝန်ခံခဲ့ပါသည်။ ထိုကာလတွင် ဗမာစစ်သားများသည်လည်း ဆောက်လုပ်ရေးနှင့်ပတ်သက်ပြီးကူညီပေးခဲ့ပုံပေါ်ပါသည် (Myaing Nan Swe, 1999, pp. 30-33)။ KNU မှ ‌ကြီးမားသောခန်းမဆောင်အတွက်ဆောက်လုပ်ရေးပစ္စည်းများနှင့် အလုပ်သမားပေါင်း ၁၀၀၀ အတွက် အစားအသောက်များကိုမည်သည့်နေရာမှရရှိသည်ကို သိလိုခဲ့ပါသည်။ KNU ခေါင်းဆောင်များမှ ‌ဦးသုဇန၏တပည့်တပန်းများသည် တပ်မတော်အတွက် အထမ်းသမား (ပေါ်တာ) များအဖြစ်အဘယ်ကြောင့် စုဆောင်းခြင်းမခံရခဲ့သည်ကိုလည်း သိရှိလိုခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ဦးသုဇနထံမှထောက်ခံစာတစ်စောင်ဖြင့် အနက်ရောင်နယ်မြေများ (တိုက်ပွဲဖြစ်ပွားနေသောနယ်မြေများ) အတွင်းတွင် လွတ်လပ်စွာသွားလာနိုင်ခဲ့ပါသည်။9

လှိုင်းဘွဲ့နှင့် အခြားဒေသမှလူများသည် သီးမူထပတ်ဝန်းကျင်သို့ရွှေ့ပြောင်းလာခဲ့ကြကာ သားသတ်လွတ်သမားများဖြစ်လာခဲ့ကြပါသည်။ တောစောင့်နတ်‌တောင်စောင့်နတ်များကို ယုံကြည်ကိုးကွယ်သောကရင်လူမျိုးများသည်လည်း ဗုဒ္ဓဘာသာအဖြစ်သွတ်သွင်းခံခဲ့ရကာ ထိုနေရာသို့ရောက်သောအခါ မကောင်းသောနတ်ဆိုးများထံ ရှပ်ထွေးသောပူဇော်ပသခြင်းများ ဆောင်ရွက်ခြင်းမရှိတော့ပါ။ ၎င်းတို့သည် တပ်မတော်ရော KNLA မှပါ တပ်သားသစ်စုဆောင်းခြင်းမှ ကာကွယ်ပေးနိုင်သည့် ဦးသုဇန၏အကာအကွယ်တွင် မွေ့လျော်နေခဲ့ကြပါသည်။ စေတီများတည်ခြင်းနှင့် သားသတ်လွတ်အဖြစ်နေထိုင်ကျင့်သုံးမှုများ (da bae’) တို့သည် ကရင်လူမျိုးတို့၏ လုံခြုံရေးအပေါ်ရှုမြင်ချက်ကို နားလည်သဘောပေါက်ရန် အ‌ရေးကြီးသောအချက်များဖြစ်ပါသည်။ ကရင်ဘာသာစကားတွင် ပြောင်းလဲခြင်းအတွက် အခေါ်အဝေါ်မှာ ‘ရိုးရာဓလေ့အသစ်ကိုယူကာ ကိုးကွယ်မှုဘာသာကို ပြောင်းလဲခြင်း’ ဟူအဓိပ္ပါယ်ရပြီး ကရင်လူမျိုးများသည် ထိုသို့ဖြင့် နတ်ဆိုးများကို ထိန်းချုပ်နိုင်ရန်မျှော်လင့်ကြပါသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးဆိုသည်မှာ ရဟန်းတွင် ခိုင်မာသော ကိုယ်ကျင့်တရားနှင့် သဘာဝလွန်စွမ်းအားများရှိပါက ၎င်းတို့အနေဖြင့် နတ်များ၊ ဖျားနာမှုများနှင့် ကံဆိုးမှုများကို ကြောက်ရွံ့ရန်မလိုခြင်းကို ဆိုလိုပါသည်။ ၎င်း၏နောက်လိုက်များသည် သာမန်လူများမမြင်နိုင်မကြားနိုင်သည်များကို ဦးသုဇနမှကြားနိုင်မြင်နိုင်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် ဦးသုဇနသည် ၎င်း၏နောက်လိုက်များထီထိုးရန်အတွက် ကံကောင်းသည့်ဂဏန်းများလည်း ပေးလေ့ရှိပါသည် (Gravers, 2015; Rozenberg, 2010)။

ဦးသုဇနသည် အခြားသောစေတီတည်ခြင်းလုပ်ငန်းများဖြင့် မအားလပ်သောကြောင့် KNU ခေါင်းဆောင်များ၊​ အခြားရဟန်းများနှင့် တွေ့ဆုံရန် ဖိတ်ခေါ်သည့် အစည်းအဝေးများအား အကြိမ်များစွာ ငြင်းပယ်ခဲ့ပါသည်။ ထို့နောက် KNU မှ ဦးသုဇန၏တပည့် ၄ ဦးကိုဖမ်းဆီးခဲ့ပြီးချိန်မှသာလျှင်ဦးသုဇနသည် မာနယ်ပလောသို့ရောက်ရှိလာကာ ဘိုမြမှ ‘သားသတ်လွတ်သမားများ’ သည် KNUအားဖျက်ဆီးနေပြီး  KNLA စစ်သားများအား ရဟန်းများအဖြစ်သွတ်သွင်းခဲ့ကြောင်း စွပ်စွဲခဲ့ပါသည်။ ဦးသုဇနမှ ၎င်းသည် ငြိမ်းချမ်းရေးနှင့် ဉာဏ်အလင်းပွင့်ရေးအတွက် တည်ဆောက်နေခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ KNLA အဖွဲ့ဝင်ဟောင်းများဖြစ်ကြသည့် ရဟန်းအချို့သည်လည်း ဦးသုဇနကိုထောက်ခံသည့်အတွက် KNLA စစ်သည်များမှ အတင်းအဓ္ဓမလူဝတ်လဲပေးခြင်းကို ခံခဲ့ရပါသည် (Myaing Nan Swe, 1999, p. 162)။ ညှိနှိုင်းမှုများမအောင်မြင်သည့်နောက်ပိုင်းတွင် ဘိုမြက ဦးသုဇနအား သီးမူထမှ ထွက်ခွာရန် အမိန့်ပေးခဲ့သောကြောင့် ဦးသုဇနသည် ဆောက်လုပ်ရေးအားရပ်နားကာ ၄၉ လကြာ အနားယူ တရားအားထုတ်ရန် ထွက်ခွာသွားခဲ့ပါသည်။ KNU သည် မြိုင်ကြီးငူမှ ကူညီရန်ရောက်လာခဲ့သော ရသေ့ကိုလည်း ၎င်းသည် ဗမာလူမျိုးဖြစ်နေသောကြောင့် မယုံကြည်ရဟုဆိုကာ နယ်နှင်ဒဏ်ပေးခဲ့ပါသည် (Myaing Nan Swe, 1999)။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ပဋိပက္ခတစ်ခုပေါ်ပေါက်လာခဲ့ပါသည်။ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ အရာရှိတစ်ဦးအဖြစ်မှနောင်တွင် DKBA ၏တပ်မှုးဖြစ်လာသူ စောကျော်သန်းအပါအဝင် KNLA အတွင်းရှိ ဗုဒ္ဓဘာသာဝင်စစ်သားများသည် သီးမူထမှ ရဟန်းအားနယ်နှင်ဒဏ်ပေးခြင်းအကြောင်းအား ကြားသိသွားကြပြီး ၎င်းတို့သည် ဆောက်လက်စ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာဝင်စစ်သားများအား လာရောက်စုဝေးစေခဲ့ပါသည်။10 ဗုဒ္ဓဘာသာစစ်သားနှစ်ဦးအသတ်ခံရပြီးနောက်ပိုင်းတွင် ၎င်းတို့သည် KNU မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသည်။ ထို့နောက် ဘိုမြမှ ထိုပဋိပက္ခတွင်ပါဝင်သော ရဟန်းများအားလုံးအား KNLA အတွက် အထမ်းသမားများ (ပေါ်တာ) အဖြစ်တာဝန်ထမ်းဆောင်ရန် အမိန့်‌ပေးခဲ့ပါသည်။ ရည်ရွယ်ချက်များကိုမယုံကြည်မှုနှင့် ဒေါသလွှမ်းသော အခြေအနေတစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ ဘိုမြသည် အငြင်းပွားဖွယ်အရာရှိတစ်ဦးဖြစ်သူ စောချားလ်စ်ကို သီးမူထသို့ စေလွှတ်ခဲ့ပါသည်။ ယခင်က စောချားလ်စ်သည် လှိုင်းဘွဲ့ရှိ ကရင်လူမျိုးများအား ကြီးမားသော အခွန်အတုတ်များကောက်ခံအနိုင်ကျင့်ခဲ့ဖူးသော သမိုင်းရှိခဲ့ပါသည်။ ၎င်းသည် ဦးသုဇန၏ဘုန်းတော်ကြီးကျောင်းများကိုလည်း ကျူးကျော်ခဲ့ကာ အရပ်သားများစွာကို နေရပ်စွန့်ခွာစေခဲ့ပါသည် (Karen National Historical Group, 1995, pp. 11-12)။ ၎င်းသည် သီးမူထဘုန်းကြီးကျောင်းမှ အရပ်သားများအား ၁၉၉၃ ခုနှစ်တွင်နှင်ထုတ်ခဲ့ပါသည်။ အခြားအရာရှိတစ်ဦးမှလည်း စောချားလ်စ်သည် ဘုရားထီးတော်ကို သေနတ်ဖြင့်ပစ်ချမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ဘုရားထီးတော်များသည် ဗုဒ္ဓနှင့် ဓမ္မအပါအဝင် တရားဓမ္မကိုကျင့်သုံးသော သူများ၏အုပ်စိုးမှုကိုဖော်ပြသည့် သင်္ကေတဖြစ်သော မြင့်မြတ်သည့်ပစ္စည်းများဖြစ်ပါသည်။ ထိုကဲ့သို့သော ရိုင်းစိုင်းသည့်အပြုအမူများသည် ဗုဒ္ဓဘာသာ KNLA စစ်မှုထမ်းများအား ဒေါသထွက်သွားစေပြီး KNU မှ၎င်းတို့အပေါ် ခွဲခြားဆက်ဆံနေသည်ဟူသော စိတ်ခံစားချက်ကို အတည်ပြု‌ပေးခဲ့ပါသည်။ ၎င်းတို့မှ KNU သည် ၎င်းတို့အပေါ် မည်ကဲ့သို့သော တရားမျှတမှု သို့မဟုတ် အကာအကွယ်မှမပေးဟု ခံစားခဲ့ရပါသည်။ KNLA မှ သီးမူထဘုန်းကြီးကျောင်းကိုလက်နက်ကြီးဖြင့်ပစ်ခြင်းကြောင့် အရပ်သားများ‌နှင့် ရဟန်းများ အပါအဝင် အများအပြားသေဆုံးခဲ့ရခြင်းဖြင့် ထိုပဋိပက္ခအဆုံးသတ်ခဲ့ပါသည်။11 ရက်အနည်းငယ် အကြာတွင် KNU ၏ကိုယ်စားလှယ်အဖွဲ့အားပြန်လည်လွှတ်ပေးခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် ကရင်စစ်သည်များ၏လမ်းပြမှုဖြင့် မြန်မာတပ်မ‌တော်မှ မာနယ်ပလောရှိ KNU ဌာနချုပ်ကို သိမ်းယူပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် KNLA သည် ဦးသုဇနကို လုပ်ကြံပြီး မြိုင်ကြီးငူကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ပါသည်။

ဦးသုဇနသည် KNU ခေါင်း‌ဆောင်များကိုနာခံခြင်းမရှိသလို မြန်မာတပ်မတော်နှင့် မဟာမိတ်ဖွဲ့ခြင်းမျိုးလည်းမရှိဘဲ ဗုဒ္ဓဘာသာနှင့် ငြိမ်းချမ်းရေးပြန့်ပွား‌တိုးတက်ရေး အတွက်သာ‌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါသည်။ ဦးသုဇနသည် ၎င်းအနေဖြင့် အဖွဲ့အစည်းများနှင့် အလုပ်လုပ်လေ့မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်သာ အလုပ်တွဲလုပ်လေ့ရှိကြောင်း အမြဲဆိုခဲ့ပါသည် (Myaing Nan Swe, p. 136 နှင့် အခြားသော သတင်းပေးများ)။ ဦးသုဇနမှ KNU ၏ စစ်သားစုဆောင်းသည့်နယ်မြေများတွင် တောစောင့်နတ်တောင်စောင့်နတ်များကို ကိုးကွယ်သော ကရင်လူမျိုးများအား ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲပြီး များပြားသော နောက်လိုက်များရလာနေခဲ့သည်ကို မကျေမချမ်းဖြစ်နေခဲ့ပါသည်။ KNU မှ ဦးသုဇနသည် KNU ၏ဩဇာအာဏာကို ချိုးဖျက်နှောင့်ယှက် နေသည်ဟု ထင်မြင်ခဲ့ပါသည်။ KNU ဌာနချုပ်၏အမြင်အရ ၎င်းတို့၏ဌာနချုပ်နှင့်အလွန်နီးသောနေရာတွင် ကြီးမားသော ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဆောက်လုပ်မှု၊ KNLA စစ်သည်များမှ ဦးသုဇနအားထောက်ခံအားပေးမှုတို့သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်‌ရေးအဖွဲ့၏ စနက်မကင်းဟု အဓိပ္ပါယ်သက်ရောက်နေခဲ့ပါသည်။ နောက်ကြောင်းပြန်ကြည့်ပါက ၎င်းအဖြစ်အပျက်များသည် ဆယ်စုနှစ်ချီကြာသော လက်နက်ကိုင်ပဋိပက္ခများနှင့် ကရင်လူမျိုးတို့၏အတွင်းပိုင်းတွင် အဆက်မပြတ် အစိတ်စိတ်အမွှာမွှာကွဲခြင်းအပါအဝင် တိုင်းရင်းသားလူမျိုးစုအတွင်း ယုံကြည်မှုပျက်ပြားခြင်းတို့၏ ရလဒ်များသာဖြစ်ပါသည်။12

KNLA မှ စွန့်ခွာလာခဲ့သော ဗုဒ္ဓဘာသာဝင်များသည် ဦးသုဇနရှိရာ မြိုင်ကြီးငူသို့လာရောက်ခိုလှုံကြပါသည်။ ၎င်းတို့အနေဖြင့် ဦးသုဇနထံသစ္စာခံ (saw thea) သည့်အချိန် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှသာ တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားမှုအကြောင်းကို သိရှိခဲ့ကြပါသည်။13 ၎င်းတို့သည် တပ်မတော် (မြန်မာစစ်တပ်) အား ၎င်းတို့၏ရဲဘော်ရဲဘက်ဟောင်းများကိုတိုက်ခိုက်ဖို့ မာနယ်ပ‌လောသို့ ခေါ်သွားပေးရန် မလိုလားခဲ့ကြကြောင်း ‘ဗမာစစ်သားတွေကိုလမ်းပြဖို့ ကျွန်တော်တို့ဖိအားပေးခံခဲ့ရပေမဲ့ ကျွန်တော်တို့ သေနတ်တော့မပစ်ခဲ့ဘူး’14 DKBA စစ်သည်ဟောင်းတစ်ဦးမှဟုဆိုခဲ့ပါသည်။ မြိုင်ကြီးငူသို့လာရောက်ပြီး သစ္စာမဆိုခဲ့ချိန်အထိ ဦးသုဇနကို မသိရှိခဲ့ကြောင်း ၎င်းမှဆက်လက်ပြောကြားခဲ့ပါသည်။ ၎င်းမှ KNU သည် ၎င်းတို့ကို ပြန်လည်လက်ခံခဲ့သင့်ကြောင်း၎င်း၏ထင်မြင်ချက်ကိုပြောဆိုခဲ့ပါသည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမတိုင်ခင်အထိ တပ်မ‌တော်နှင့် မြင်သာထင်သာရှိသော ဆက်ဆံရေးများကို မတွေ့ရှိခဲ့ရသောကြောင့် အရာရှိငယ်များအနေဖြင့် အခြေအနေကို အပြည့်အဝနားလည်ခဲ့ခြင်းမရှိကြောင်း ၂၀၁၇ ခုနှစ်တွင် တွေ့ဆုံမေးမြန်းခဲ့စဥ်က DKBA စစ်သားဟောင်းနှစ်ဦးမှပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ၎င်းတို့၏တပ်မှူးများနှင့် ဦးသုဇနကို ယုံကြည်ပြီး ၎င်းတို့ဦးဆောင်မှုနောက်ကို လိုက်ခဲ့ကြပါသည်။ စစ်သည်တစ်ဦးမှ ခင်ညွန့် DKBA ကိုတည်ထောင်ရာတွင်ပါဝင်ခဲ့သော တပ်မတော်စစ်ထောက်လှမ်းရေး၏ အာဏာရှိခေါင်းဆောင်) လာရောက်ချိန်တွင် ၎င်း၏တပ်မှူး စောသာထူးကျော် ဦးဆောင်မှုနောက်သို့လိုက်ခဲ့ပါသည်။ “ကျွန်တော်တို့ သူရဲ့ လှည့်စားမှုတွေကိုသိထားပေမဲ့ ကျွန်တော်တို့ရဲ့ အရာရှိတွေကို မဆန့်ကျင်ရဲခဲ့ဘူး” ဟုဆိုခဲ့ပါသည်။ KNLA မှ စစ်သည်မည်မျှ DKBA သို့ဝင်ရောက်လာခဲ့သည်ကိုပြောဆိုရန် ခက်သော်လည်း အကြမ်းအားဖြင့် ၄၀၀-၅၀၀ ခန့်သာရှိနိုင်ပါသည်။

ထိုသို့ခွဲထွက်မှုဖြစ်ချိန်တွင် တပ်မတော်နှင့် KNU သည် အပစ်အခတ်ရပ်စဲ‌ရေးတစ်ရပ်အတွက် ဆွေး‌နွေးနေခဲ့ချိန်ဖြစ်ပြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် တပ်မတော်မှ နယ်စပ်တစ်လျှောက်ရှိ KNU စခန်းများကို တိုက်ခိုက်ကာ ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ပါသည်။ ဒေါင်းဂွင်တွင် တပ်မ‌တော်မှ KNU နှင့် မဟာမိတ်ဖွဲ့ထားသည့်   မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီတပ်ဦး (ABSDF) စခန်းအား သိမ်းပိုက်ရမိခဲ့ပါသည် (Bangkok Post, 1994; The Nation, 1994)။ ထို့ကြောင့် ထိုခွဲထွက်မှုသည် တပ်မ‌တော်၏အကြံအစည်တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့နိုင်ပါသည်။

တပ်မတော်မှ စစ်ထောက်လှမ်းရေး (MI) နှင့် KNU ခေါင်း‌ဆောင်များသည် အတွင်းပိုင်းဘာသာရေး ခွာပြဲမှုကို နိုင်ငံ‌ရေးအသွင်အသုံးချခဲ့ပါသည်။ ထိုဘာသာရေးခွာပြဲမှုသည် ဦးသုဇန၏ မင်းမဲ့ဝါဒနှင့် ယုံကြည်မှုဆိုင်ရာနိုင်ငံရေးဝါဒများကြောင့် ပိုမိုနက်ရှိုင်းသွားခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘာသာကရင်များအား ငြိမ်းချမ်း‌‌ရေးနှင့် အကာအကွယ်ပေးမည်ဟု ကတိကဝတ်ပြုပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ်တွင် ဦးသုဇနသည် သိသာထင်ရှားသောဘာသာရေးဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဩဇာအာဏာနှင့် များပြားသောနောက်လိုက်များရရှိခဲ့ပါသည်။ ၎င်းသည် ဩဇာတိက္ကမနှင့် ရှေ့ဖြစ်နိမိတ်တို့ပေါ်တွင် အခြေခံပြီး ကိုယ်ကျင့်တရားအပေါ်အခြေခံသည့် လူ့အသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ခဲ့ကာ ဒေသတွင်းတိုင်းရင်းသားဆက်ဆံရေးအသွားအလာကို ပြန်လည်စီစဥ်ဖွဲ့စည်းခဲ့ပါသည်။

ပုံ ၃

ခင်ညွန့် (ထိုင်နေသူ) အား ကရင် BGF စစ်သည်များမှ အဓိကထောက်ခံအားပေးသူတစ်ဦးအဖြစ် အရိုအသေပြုနေစဥ်။ (စာရေးသူမိတ်ဆွေရိုက်ယူခဲ့သောပုံ)

DKBA၊ တပ်မတော်စစ်‌ထောက်လှမ်းရေး နှင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

၁၉၈၈ ခုနှစ်မှစတင်ပြီး ဗိုလ်ချုပ်ခင်ညွန့်သည် ကရင်ပြည်နယ်တွင် ၎င်း၏သူလျှိုများအား နေရာချထားခဲ့ပါသည်။ ခင်ညွန့်၏ထောက်လှမ်း‌ရေးအဖွဲ့သည် KNLA ဗုဒ္ဓဘာသာဝင်အရာရှိများမှ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့အစည်း (DKBO) တည်ထောင်လိုက်သည့်အခါ အကူအညီပေးမည်ဟု ကတိပေးခဲ့ပါသည်။ တပ်မတော်မှ ဆန်၊ အစားအသောက်နှင့် လက်နက်များပို့ဆောင်ခဲ့သည့်အပြင် – တပ်မတော်မှဗိုလ်ချုပ်များလည်း အလည်အပတ်လာရောက်ခဲ့ကြပါသည်။15 ဦးသုဇနသည် သူလျှိုတစ်ဦးဖြစ်ကြောင်း KNU မှ ပဋိပက္ခမစတင်ခင်ကတည်းကစသတ်မှတ်ထားခဲ့ပါသည်။ သို့သော် ကျွန်ုပ်၏သတင်းပေးများ၏အဆိုအရ စစ်ထောက်လှမ်းရေးနှင့် တပ်မ‌တော်သည် အမှန်တကယ်ခွဲထွက်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ။ မည်သို့ပင်ဆိုစေကာမူ ဦးသုဇနသည် မြိုင်နန်းဆွေ၏စာအုပ် (1999, p. 93) ထဲတွင် ၎င်းရှင်းပြခဲ့သည့်အတိုင်း ‘နှစ်ဖက်စလုံး’နှင့် အဆက်အသွယ်ရှိခဲ့ပါသည်။ ရန်ကုန်မှ ၎င်း၏ဗမာလူမျိုးနောက်လိုက်တစ်ဦးမှာမူ တပ်မတော်နှင့် ပတ်သက်ဆက်နွယ်မှုများရှိကြောင်း သံသယရှိခံခဲ့ရသည်ဟု ဖော်ပြထားပါသည် (Myaing Nan Swe, 1999, p. 98)။ သေချာသည်မှာနောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးသည် ဦးသုဇနနှင့် ဆက်သွယ်ပြီး ဖြစ်ပွားနေသော ပြဿနာမှတဆင့် အမြတ်ထုတ်ခဲ့ပါသည်။ တချို့မှလည်း စစ်ထောက်လှမ်းရေးသည် ဦးသုဇနအပေါ် အစောပိုင်းနှစ်များကတည်းကလွှမ်းမိုးမှုရှိခဲ့သည်ဟု ယူဆကြပါသည်။ ဦးသုဇနအနေဖြင့် အဘယ်ကြောင့် တပ်မတော်၏အထောက်အပံ့ကိုရယူခဲ့ကြောင်းကို နားလည်သဘောပေါက်ရန် သုတေသနများ ပိုမိုဆောင်ရွက်ရန်လိုအပ်ပါသည်။

DKBA အား ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင်တည်ထောက်ပြီးနောက်ပိုင်း ဦးသုဇနနှင့် အခြားသော ရဟန်းငါးပါးသည် DKBA ၏ကာကွယ်ထောက်ခံအားပေးသူများဖြစ်လာခဲ့ပါသည်။ တရားဝင်ဦးစီးကွပ်ကဲသူမဟုတ်ပါ။ သို့သော် စစ်သည်များသည် ၎င်း၏စည်းမျဥ်းစည်းကမ်းများနှင့် ဆုံးဖြတ်ချက်များကို လိုက်နာရသည်ဖြစ်သောကြောင့် ၎င်းသည် ဦးစီးကွပ်ကဲသောနေရာတွင် ရှိနေခဲ့ပါသည်။16 ဦးသုဇနနှင့် KNU မှစွန့်ခွာလာသော အရာရှိများသည် KNU ကဲ့သို့ နိုင်ငံရေးဆိုင်ရာ ကိုယ်ထည်တစ်ခုအဖြစ် တည်ရှိနိုင်ရန် စစ်ထောက်လှမ်းရေးနှင့် ခင်ညွန့်၏အကြံပေးချက်ဖြင့် DKBO ကိုတည်ထောင်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ၎င်းတို့အနေဖြင့် နိုင်ငံရေးနှင့် အုပ်ချုပ်‌ရေးဆိုင်ရာ ကိုယ်ထည်တစ်ခုအနေဖြင့် မည်သို့မည်ပုံ ပြုမူဆောင်ရွက်ခဲ့သည်မှာမူ ရှင်းလင်းခြင်းမရှိပါ။ မန္တလေးနန်းတော်ထဲရှိအဆောက်အဦးများပုံစံအတိုင်း ကရင်လူမျိုးများမှတည်ဆောက်ခဲ့သည့် ၁၁ ဆင့် ဂန္ဓကုတိကျောင်းတိုက်ဖြင့် သင်္ကေတပြုလျှက် မြိုင်ကြီးငူသည် ဦးသုဇန ဩဇာအာဏာ၏ ဗဟိုချက်ဖြစ်လာခဲ့ပါသည်။ ထိုမြို့တွင် ရပ်ကွက် ၂၂ ခု၊ ဆေးရုံတစ်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် အခြားသောအဆောက်အဦးများပါဝင်ခဲ့ပါသည်။

ဦးသုဇနမှ KNU အတွင်းရှိ ဗုဒ္ဓဘာသာဝင်များခံစားခဲ့ရသည့် မတရားမှုများနှင့် ခွဲခြားဆက်ဆံခံခဲ့ရမှုများကို ဖော်ပြပြောဆိုခဲ့ပါသည်။ KNLA စစ်သည်များ၏ ခန့်မှန်းချေ ၇၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ စာတမ်းများနှင့် တွေ့ဆုံမေးမြန်းချက်များမှ ရှင်းလင်းစွာဖော်ပြထားချက်များအရ ဗုဒ္ဓဘာသာကရင်လူမျိုးများ အထူးသဖြင့် ပိုးကရင်လူမျိုးများသည် ၎င်းတို့အနေဖြင့် တိုက်ပွဲဒဏ်ကို အပြင်းထန်ဆုံးခံရသည်ဟု ခံစားခဲ့ကြရကြောင်းဆိုခဲ့ကြပါသည်။ ဒဏ်ရာရစစ်သည်များကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးခဲ့ခြင်းမရှိဘဲ ထိုအချိန်တွင် KNU ခေါင်းဆောင်ပိုင်းများဖြစ်ကြသည့် စကောကရင်ခရစ်ယာန်များမှ ဘန်ကောက်သို့သွားရောက်ကာ ဆေးရုံများနှင့် ကျောင်းများကို အသုံးပြုနိုင်ခဲ့ကြသောကြောင့်နယ်စပ်တစ်ဖက်ခြမ်းတွင် ပိုမိုသက်တောင့်သက်သာရှိသော ဘဝမျိုးဖြင့် နေထိုင်နိုင်ခဲ့ကြပါသည် (Myaing Nan Swe, 1999, p. 194)။ KNLA ဗိုလ်ချုပ်မောင်မောင်မှ KNU နယ်မြေအတွင်းရှိကရင်လူမျိုးပေါင်း ၁၀၀,၀၀၀ ကျော်သည် စစ်ပန်းမှုကိုခံစားခဲ့ကြရပြီး ‘၎င်းတို့ထပ်မခံနိုင်တော့ဘူး’ ဟု ဆိုခဲ့ပါသည် (Reuters, 1994)။ ဗုဒ္ဓဘာသာကရင်လူမျိုးများက KNU သည် ဗုဒ္ဓဘာသာအရေးဆောင်ရွက်ချက်များနှင့် စေတီတည်ထားခြင်းများကို ပံ့ပိုး‌ထောက်ခံခဲ့ခြင်းမရှိဘဲ ခရစ်ယာန်အရေးလှုပ်ရှားမှုများကိုသာ ပံ့ပိုးထောက်ခံခဲ့သည်ဟု မြင်ကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တဖြည်းဖြည်းပိုမိုကြီးထွားလာနေသော တရားမမျှတမှုနှင့် ခွဲခြားဆက်ဆံခံနေရမှုခံစားချက်များအပေါ် ဦးသုဇန၏ပြောဆိုချက်များသည် ဆွဲဆောင်မှုရှိခဲ့ပါသည်။ KNU နှင့် ၎င်းတို့၏ခေါင်းဆောင် ဗိုလ်ချုပ်ဘိုမြကမူ KNU အတွင်း မည်ကဲ့သို့သော ဘာသာရေးဆိုင်ရာခွဲခြားဆက်ဆံမှုနှင့် ပဋိပက္ခမှမရှိကြောင်း ဆက်လက်ငြင်းဆိုခဲ့ပါသည်။

ဦးသုဇန၏ အတ္ထုပ္ပတ္တိရေးသားသူမှ KNU ကိုစွပ်စွဲထားချက်များအား သွယ်ဝိုက်သောနည်းလမ်းဖြင့် ဖော်ပြဖြေရှင်းထားသည့် ဦးသုဇန၏ရည်ရွယ်ချက်များကိုရေးသားခဲ့ပါသည်17

သူတို့ဖက်ကဘာပဲပြောလာပါစေ မြိုင်ကြီးငူဆရာတော်က သူ့ကိုယ်သူသိပါတယ်။ သူကလွတ်မြောက်ပြီးသားဖြစ်ပြီး နိုင်ငံရေးနဲ့ ဝေးရာမှာနေပါတယ်။ ဆရာတော်ရဲ့ ဘဝမှာ အဓိကအရာက ဗုဒ္ဓသာသနာ ကိုပြန့်ပွားစေပြီး တည်တံ့စေဖို့ပဲဖြစ်ပါတယ်။ အမှန်အတိုင်းဆိုရလျှင် ဆရာတော်ဟာ အမျိုးသားရေးနှင့် ပြည့်ဝနေသည့်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသားရေးဟာ သူများတွေပြောကြသလို မဟုတ်ပါဘူး။ သူ့ရဲ့အမျိုးသားရေးဝါဒဟာ ကရင်လူမျိုးများသည် တစ်ချိန်က ယဥ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့သူများဖြစ်ခဲ့ကြပါတယ်။ သူတို့က ပြည်နယ်တစ်ခွင်တောတောင်များတွင် စေတီများ၊ ပုထိုးများ၊ ဗိမာန်များနှင့် ဘုရားများတည်ထားခဲ့ကြပါတယ်။ ထိုဘာသာ‌ရေးဆိုင်ရာ အဆောက်အဦးများသည် ယခုတောတောင်များထဲတွင် ပျက်စီးသွားခဲ့ပါပြီ။ အတိတ်တွင်မှေးမှိန်သွားခဲ့သော သို့မဟုတ် ငြှိမ်းသတ်ခံခဲ့ရသော အလင်းကို ဆရာတော်အနေဖြင့် ပြန်လည်ထွန်းလင်းရန်လိုအပ်ပါတယ် (Myaing Nan Swe, 1999, pp. 133-134)။ 18

ဦးသုဇနသည် ဤနေရာတွင် ပါတီနိုင်ငံရေးနှင့်အစိုးရဆိုင်ရာကိစ္စရပ်များအဖြစ် သတ်မှတ်ထားသော နိုင်ငံရေးရာတွင်ပါဝင်ဆောင်ရွက်နေမှုကို ငြင်းဆန်ခဲ့ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာကရင်လူမျိုးတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည်အသက်သွင်းလိုသောကြောင့် ဗုဒ္ဓသာသနာကို မြှင့်တင်နေသူဖြစ်ကြောင်း ဆိုခဲ့ပါသည်။ ၎င်းသည် ယုံကြည်မှုဆိုင်ရာနိုင်ငံရေးနှင့် တရားမျှတမှုတို့ကိုကျင့်သုံးခဲ့ပြီး ဤနေရာတွင်ဆိုလိုသည့် ဥပဒေဆိုသည်မှာ ဓမ္မဥပဒေကိုဆိုလိုခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ကာကွယ်သူတစ်ဦးအနေဖြင့် အကြမ်းဖက်မှုများဖြစ်တတ်သည်ဟုသော သဘောသဘာဝကို လက်ခံရန်လိုအပ်ပါသည်။

DKBA/DKBO အားတည်ထောင်ခဲ့စဥ်က မြိုင်ကြီးငူသို့ ဗုဒ္ဓဘာသာကရင်လူမျိုးများစွာ ခိုလှုံရန် လာရောက်ခဲ့ကြပါသည်။ ဦးသုဇနမှ ကရင်လူမျိုး ၅၀,၀၀၀ ခန့်လာရောက်ခဲ့ကြသည်ဟုခန့်မှန်းခဲ့ပါသည်။ သတင်းပေးသူများမှ ၅,၀၀၀-၁၀,၀၀၀ ဦးရေဟုဆိုခဲ့ပါသည်။ ဦးသုဇနမှ ထိုနေရာတွင် နေထိုင်ရန် စည်းမျဥ်းများကို ကြေညာခဲ့ပါသည်။ ဦးသုဇန၏နယ်မြေတွင် ဗုဒ္ဓဘာသာတစ်ဘာသာတည်းကိုသာ ကိုးကွယ်ခွင့်ပြုထားပါသည်။ ဘုန်းကြီးကျောင်း ပရဝဏ်ထဲတွင် လက်နက်များကို ခွင့်မပြုထားပါ။ မြိုင်ကြီးငူတွင်နေထိုင်သူများအားလုံးသည် သားသတ်လွတ်သမားများ ဖြစ်လာရန်လိုအပ်ပြီး တစ်သက်လုံး သားသတ်လွတ်သမားအဖြစ် နေထိုင်သွားရမည်ဖြစ်ကာ မြိုင်ကြီးငူထဲသို့ မည်သည့် တိရစ္ဆာန်မှ ယူဆောင်လာခွင့်မရှိပါ။ မြိုင်ကြီးငူထဲတွင် မူးယစ်ဆေးဝါးများနှင့် အရက်သေစာများခွင့်ပြုထားခြင်းမရှိပါ။

ကျွန်ုပ်သွားရောက်လည်ပတ်စဥ် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် လာရောက်လည်ပတ်သူများအား ဂိတ်ဝတွင် စစ်ဆေးနေဆဲဖြစ်ပါသည်။ အခြားသော စည်းမျဥ်းများမှာ19

၁) ပရဝဏ်အတွင်း အနှောက်အယှက်ဖြစ်စေမည့် နိုင်ငံ‌ရေးဆွေးနွေးမှုများ သို့မဟုတ် ငြင်းခုံမှုများကို ခွင့်ပြုထားခြင်းမရှိပါ။
၂) ငါးပါးသီလကို ခိုင်မြဲစွာလေ့လာလိုက်နာပါ။
၃) မြင့်မြတ်သောပရဝဏ်ထဲတွင် ဒေါသထွက်ခြင်း နှင့် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
၄) ဘာသာရေးဆိုင်ရာကွဲပြားမှုများကို ဆွေးနွေးခြင်းမပြုရ။
၅) အတင်းအဖျင်းပြောဆိုခြင်းမပြုရ။

ထိုနည်းလမ်းဖြင့် ဦးသုဇနသည် လုံခြုံရေးနှင့် တရားမျှတမှုအတွက် ယုံကြည်မှုဆိုင်ရာအုပ်ချုပ်မှုတစ်ရပ်ကို ဆောင်ကြဥ်းပေးနိုင်သူအဖြစ် ရှုမြင်ခံခဲ့ရပါသည်။ ထိုစည်းမျဥ်းများကိုဖောက်ဖျက်သူများသည် ထိပ်တုံး – ( အပေါက် ၆ ပေါက်ပါသော ကိရိယာ ) ခတ်ခြင်းခံခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးမှ ထိပ်တုံးများကို အရိပ်ထဲတွင်ထားရှိခဲ့သည်ဟုဆိုခဲ့ပါသည်။ သို့သော် မြိုင်နန်းဆွေ (2004, p. 34) မှ “၆ ပေါက်ပါထိပ်တုံးများအား နေပူထဲတွင် တစ်နေကုန်ထားရှိခဲ့သည်” ဟု‌ရေးသားထားပါသည်။ သားသတ်လွတ်စည်းမျဥ်းများသည် မြိုင်ကြီးငူပြင်ပတွင် လိုက်နာရန်ခက်ခဲသောကြောင့် ဦးသုဇနမှ ၎င်း၏နောက်လိုက်များအား တစ်ပတ်လျှင်တစ်ရက် သားသတ်လွတ်စားကြရန် တိုက်တွန်းခဲ့ပါသည်။

တပ်မတော်မှ အစားအ‌သောက်အထောက်အပံ့များသည် ဦးသုဇနအား ၎င်း၏နောက်လိုက်များ ဖြစ်လာကြသော နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ကြသည့် ဗုဒ္ဓဘာသာကရင်လူမျိုးအများအပြားနှင့် တောစောင့်နတ်တောင်စောင့်နတ်ကိုးကွယ်သူများကို ကူညီရန် အထောက်အကူပေးခဲ့ပါသည်။ ဤသို့ဖြင့် ဦးသုဇနသည် ၎င်း၏နောက်လိုက်များကို ကာကွယ်ပေးသည်ဟူသော သတင်းဖြင့်ကျော်စောလာပြီး ၎င်းသည် ကျောင်းများ၊ ဆေးခန်းများနှင့် လမ်းများစတင်ဆောက်လုပ်လာခဲ့ပါသည်။ ဦးသုဇနသည် လေကွယ်ကော် (Lai Gwae Gau) အမည်ရှိ ကရင်စာတစ်မျိုးကို ဆိုင်းဘုတ်များနှင့် ‌ကျောင်းများတွင် အသုံးပြုခဲ့ပါသည်။20 ဦးသုဇနမှ ထိုစာသည် သက်တမ်းနှစ်ပေါင်း ၅၀၀ ရှိ ရှေးဟောင်းကရင်စာတစ်မျိုး ဖြစ်ပြီး ထိုင်းနိုင်ငံတွင် Pha Ba Kho ဘုရားတည်စဥ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါသည်21 (Gravers, 2017)။ တစ်ချိန်တည်းမှာပင် ဦးသုဇနသည် ၁၈၄၀ ခုနှစ်များတွင် ခရစ်ယာန်သာသနာပြုများမှတီထွင်ခဲ့သော စကောနှင့် ပိုးကရင်စာများကို အသုံးပြုခြင်းအား တားမြစ်ခဲ့ပါသည်။

Myaing Nan Swe, 1999, p. 196 မှ ဦးသုဇန၏စီမံကိန်းများမှာ ‘စစ်မှန်သောကရင်မျိုးနွယ်’ အားပြန်လည်အသက်သွင်းခြင်းဖြစ်ကြောင်း နှင့် ‘လူမျိုး၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုအား တည်တံ့ခိုင်မြဲစေခြင်း’ အဖြစ် အကျဥ်းချုပ်ဖော်ပြခဲ့ပါသည် (ကျွန်ုပ်၏အလေးပေးဖော်ပြချက် – ပိုးကရင်တွင် ‘စစ်မှန်သော’ မှာ tjei hri ဖြစ်ပါသည်)။ နောက်ပိုင်းကြေညာချက်သည် လတ်တလောမှပေါ်ထွက်လာသည့် မဘသ၏ပြောဆိုချက်များနှင့် ဆင်တူနေပြီး ၎င်းအချက်သည် ဦးသုဇန၏ နည်းဗျူဟာကိုနားလည်သဘောပေါက်ရန်အတွက် အ‌ရေးကြီးပါသည်။

ကျွန်ုပ်အနေဖြင့် ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အရ မှန်ကန်ဖြောင့်မတ်သော ခေါင်းဆောင်ကို စောင့်နေခြင်းအား အခြားတစ်နေရာ (၂၀၁၂) တွင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ထိုကရင်ရိုးရာဓလေ့ အစိတ်အပိုင်းသည် ဦးသုဇန၏ ယုံကြည်မှုဆိုင်ရာဩဇာအာဏာကို နားလည်သ‌ဘောပေါက်ရန်အတွက် အရေးကြီးပါသည်။ သြဇာတိက္ကမနှင့်ပြည့်စုံခိုင်မာသော ခေါင်းဆောင်တစ်ဦးပေါ်ထွက်လာသောအခါ ကရင်လူမျိုးအများစုသည် ၎င်းတို့၏ယခင်ဘဝနှင့် သစ္စာရှိမှုများအား စွန့်လွှတ်ကာ ထိုခေါင်းဆောင်နောက်သို့လိုက်ကြပါသည်။22

ပုံ ၄

စောချစ်သူ (အင်္ကျီအဝါ) နှင့် ခင်ညွန့် (ကရင်အင်္ကျီ)။ (စာရေးသူမိတ်ဆွေရိုက်ယူခဲ့သောပုံ)

ဦးသုဇန၏ ဗုဒ္ဓဘာသာတစ်ခုတည်းသာရှိရမည်ဟူသော မူဝါဒ

ဦးသုဇန၊ ၎င်းဦးဆောင်မှုနောက်လိုက်ခဲ့သော အခြားရဟန်းများနှင့် ရပ်ရွာခေါင်းဆောင်များသည် ကရင်ပြည်နယ်ရှိ DKBA နယ်မြေများတွင် တရားမျှတမှုနှင့် လုံခြုံမှုပုံစံတစ်မျိုးအား ဖန်တီးပေးခဲ့ပါသည်။ ကျွန်ုပ်တို့ကွင်းဆင်းဆောင်ရွက်ခဲ့စဥ်တွင် ဗုဒ္ဓဘာသာပိုးကရင်လူမျိုးအများအပြားသည် ၁၉၉၅ ခုနှစ် DKBA ရောက်လာကတည်းက မြန်မာတပ်မတော်မှ ၎င်းတို့အား အထမ်းသမားများအဖြစ်အသုံးပြုခြင်းနှင့် ပိုက်ဆံတောင်းခြင်းများမပြုလုပ်တော့ကြောင်းပြောပြခဲ့ကြပါသည်။ ယခင်က ဘားအံမြို့တောင်ဖက်တွင် လက်နက်ကိုင်ကရင်ဓားပြဂိုဏ်းများစိုးမိုးခဲ့သောကြောင့် မကြာခဏဆိုသလို ခရီးသွား ကရင်လူမျိုးများသည် မဖြစ်မနေတောထဲတွင်ညအိပ်ရသည်များရှိခဲ့ပါသည်။ ထိုဓားပြဂိုဏ်းများသည် အကာအကွယ်အတွက်ပိုက်ဆံပေးရန် တောင်းဆိုလေ့ရှိပြီး သို့မဟုတ်ပါက ညပိုင်းတွင် လူများအား ဓားပြတိုက်လေ့ရှိပါသည်။ DKBA ရောက်လာသောအခါထိုသူများပျောက်ကွယ်သွားခဲ့ပါသည်။ ရွာသားများသည် ၎င်းတို့၏စခန်းများအတွက် မြေနေရာများသိမ်းယူသွားခဲ့သော DKBA ကို ပံ့ပိုးထောက်ခံခဲ့ကြရပါသည်။ ဤအသွင်ဖြင့် အတော်အသင့်ငြိမ်းချမ်းမှု၊ နေရာတကျရှိမှုနှင့် အကာအကွယ်သည် အံ့ဩဖွယ်ဖြစ်နိုင်ပါသည်။ သို့သော် ယခင်ကာလများတွင် ရွာသားများသည် အသာစီးရနေမှုအပေါ်မူတည်ပြီး KNU သို့မဟုတ် တပ်မတော်အား ပိုက်ဆံပေးခဲ့ရပါသည်။ ကျွန်ုပ်၏သတင်းပေးသူအားလုံးသ‌ဘောတူခဲ့သည့်အချက်မှာ ထိုကာလများသည် ဥပ‌ဒေမဲ့ မလုံခြုံခဲ့သော ကာလများဖြစ်ခဲ့သည်ဆိုသောအချက်ဖြစ်ပါသည်။

သို့သော် ဗုဒ္ဓဘာသာကရင်လူမျိုးများသည် မြိုင်ကြီးငူသို့ ဆန်နှင့် တခါတရံတွင် ဆောက်လုပ်ရေး ပစ္စည်းများထောက်ပံ့ပေးခဲ့ရပါသည်။ ၎င်းတို့အနေဖြင့် ဗုဒ္ဓဘာသာပွဲတော်များတွင် လှူဒါန်းခြင်းများနှင့် ဦးသုဇနအား ပူဇော်ခြင်းများပြုလုပ်ရန်လည်း လိုအပ်ခဲ့ပါသည်။ ဦးသုဇနမှ ရွာသားများအား သားသတ်လွတ်သမားများဖြစ်လာကြရန်နှင့် တိရစ္ဆာန်များကို စားသုံးနေခြင်းအား ရပ်တန့်ကြရန် တိုက်တွန်းခဲ့ပါသည်။

ခရစ်ယာန်အများအပြားအတွက်မူ အခြေအနေသည် မတူညီခဲ့ပါ။ ၁၉၉၅ ခုနှစ်တွင် DKBA သည် နယ်စပ်တစ်လျှောက်နှင့် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများကို တိုက်ခိုက်ခဲ့ပါသည်။ DKBA စစ်သားများသည် DKBA စာတန်းနှင့် ဓမ္မစကြာပုံပါသည့် ခေါင်းစည်းကိုစည်းထားခဲ့ကြပါသည်။ ၎င်းတို့အား dahaung kho pheoeng baung ‘အဝါရောင်ခေါင်းစည်းနှင့် စစ်သားများ’ ဟုခေါ်ခဲ့ကြပါသည်။ ဒုက္ခသည်စခန်းများကို ညပိုင်းတွင်ကျူးကျော်ခဲ့ကြကာ တချို့အချိန်တွင် ပစ္စည်းများဖောက်ထွင်းလုယူပြီး ဒေသခံများအား ကိုးကွယ်သည့်ဘာသာကိုမေးကာ ခရစ်ယာန်အိမ်များကို မီးရှို့ခဲ့ကြပါသည်။ ၎င်းတို့သည် အရပ်သားများကိုသတ်ဖြတ်ခဲ့ပြီး အနည်းဆုံးခရစ်ယာန်တရားဟောဆရာတစ်ဦးကို ပြန်ပေးဆွဲခဲ့ပါသည်။ DKBA စစ်သားဟောင်းတစ်ဦးသည် KNU မှ ပဒိုဖူးသရာ နှင့် ပဒိုမတင်စိန် တို့ အသတ်ခံခဲ့ရကြောင်း ပြောပြခဲ့ပါသည်။ DKBA သည် သတ္တမနေ့မျှော်လင့်ခြင်းအသင်းတော်မှ တရားဟောဆရာများကိုပစ်မှတ်ထားခဲ့ပုံပေါ်ပြီး ထိုသို့ပြုလုပ်ရသည့်အကြောင်းအရင်းမှာ ဗိုလ်ချုပ် ဘိုမြသည် သတ္တမနေ့မျှော်လင့်ခြင်း အသင်းတော်ဝင်တစ်ဦးဖြစ်နေခဲ့သောကြောင့် ဖြစ်နိုင်ပါသည်။ ‌၎င်းတို့သည် KNU မှ အရာရှိများကိုရှာဖွေခဲ့ပြီး KNU နှင့်ဆက်စပ်မှုရှိသော ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG) ၏အဆိုအရ အငြိမ်းစားဗိုလ်ချုပ်တစ်ဦးအားသတ်ဖြတ်ခဲ့သည်ဟု သိရပါသည်။23 ၎င်းတို့သည် စခန်းများအတွင်းတွင် အလုပ်လုပ်နေသည့် နိုင်ငံခြားသား အကူအညီပေးသူဝန်ထမ်းများကိုလည်း ရှာဖွေခဲ့ပါသည်။ နယ်စပ်တစ်လျှောက်ထိုင်းနိုင်ငံဖက်တွင် ဗုဒ္ဓဘာသာကရင်နောက်လိုက်များသည် DKBA စစ်သားများအားလမ်းညွှန်ပေးခဲ့ပုံပေါ်ပါသည်။ Huai Kalok သည် ဝင်ရောက်စီးနင်းခံခဲ့ရသော စခန်များထဲမှတစ်ခုဖြစ်ပြီး ၁၀၂၀ သောအိမ်များထဲမှ ၆၉၀ မှာ မီးရှို့ခံခဲ့ရပါသည်။24

၎င်းတို့ပါဝင်ခဲ့ကြောင်းဝန်ခံထားခြင်းမရှိသည့် ဗာစစ်သားများနှင့်အတူ DKBA စစ်သားများသည် ခန့်မှန်းခြေ လူ ၁၀၀ ဝန်းကျင် အုပ်စုများအဖြစ် နယ်စပ်ကိုညအချိန်တွင်ဖြတ်သန်းပြီး စခန်းများအတွင်းသို့ ဝင်ရောက်မှုများရှိခဲ့ပါသည်။ ထိုင်းစစ်တပ်မှဝင်ရောက်ပတ်သက်ခဲ့ခြင်းမရှိပါ။ အချို့သော အခြေအနေများတွင် DKBA စစ်သားများသည် ဒုက္ခသည်များအား ၎င်းတို့နှင့်အတူ မြိုင်ကြီးငူသို့ လိုက်ပါရန်အတင်းအကျပ်ဖိအားပေးမှုများရှိခဲ့ပါသည်။ ဦးသုဇနမှ ဗုဒ္ဓဘာသာကရင်လူမျိုးများအား ကရင်ပြည်နယ်သို့ပြန်လာစေပြီး ဒုက္ခသည်စခန်းတွင်ရှိသော ခရစ်ယာန်ကရင်လူမျိုးများထံမှ လက်နက်များသိမ်းဆည်းရန် DKBA ကို အမိန့်ပေးခဲ့သယောင်ထင်ရပါသည်။ ဗုဒ္ဓဘာသာ ကရင်လူမျိုးများအတွက်သာလျှင် ပြန်လာရန် လုံခြုံသောလမ်းကြောင်းတစ်ခု ပေးထားခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ရက်စွဲဖြင့် ဦးသုဇနမှရေးသားထားသော စာထဲ၌ မည်သည့်ခရစ်ယာန်များကိုမှ ပေးမဖြတ်ကြောင်း တွေ့ရှိရပါသည်။25 ၎င်း၏အကြံမှာ ဗုဒ္ဓဘာသာကရင်လူမျိုးများအား ၎င်း၏ ဘာသာရေးအုပ်ချုပ်မှုအောက်တွင် ပေါင်းစည်းစေရန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ပြန်လာခဲ့သော ကရင်လူမျိုးများကို ထုတ်ပေးထားသည့် ဖြတ်သန်းခွင့်စာရွက်ထဲတွင် မြိုင်ကြီးငူရှိ စည်းမျဥ်းစည်းကမ်းများအား ထည့်သွင်းဖော်ပြထားပါသည်။ လူဦးရေမည်မျှလာခဲ့သည် သို့မဟုတ် လာရောက်ရန်ဖိအားပေးခံခဲ့ရသည်မှာမူရှင်းလင်းမှုမရှိပေ။ သတင်းပေးသူများမှ ဦးသုဇနသည် ဒုက္ခသည်များထံမှ လုယက်ခြင်းများနှင့် ဒုက္ခသည်များကို သတ်ဖြတ်ခြင်းများ‌ဆောင်ရွက်ရန် အမိန့်ပေးခဲ့ခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထိုကိစ္စများအတွက် DKBA စစ်သားဟောင်းတစ်ဦးမှ DKBA အတွင်းရှိ အရာရှိနှစ်ဦးအပေါ် အပြစ်တင်ခဲ့ပါသည်။ အချို့သော သတင်းပေးများမှ ထိုကဲ့သို့အမိန့်မျိုးသည် ဦးသုဇနထံမှလာခြင်းမဟုတ်ဟုဆိုကြသလို အချို့မှလည်း ဦးသုဇနသည် စစ်ထောက်လှမ်းရေး၏လွှမ်းမိုးမှုခံနေခဲ့ရသည်ဟုထင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ဦးသုဇန၏အဓိကရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးဒုက္ခသည်များအား ကရင်ပြည်နယ်နှင့် ၎င်း၏နယ်မြေသို့ ပြန်လည်ခေါ်ဆောင်လာရန်ဖြစ်ပါသည်။

DKBA စစ်သားများသည် အရက်မူးနေခြင်း သို့မဟုတ် ရာမမြင်းဆေး (amphetamine) အသုံးပြုထားကြသည့်အသွင် စည်းကမ်းမရှိထင်ရာစိုင်းကြကြောင်း ဒုက္ခသည်များမှ KHRG နှင့် အင်တာဗျူးများ (၁၉၉၅) တွင် ပြောကြားခဲ့ကြပါသည်။ ထိုတိုက်ခိုက်မှုများအကြောင်းကို ကျွန်ုပ်တို့မှ DKBA စစ်သားဟောင်းနှစ်ဦးအားမေးမြန်းခဲ့ပါသည်။ ၎င်းတို့မှ ၁၉၉၅ ခုနှစ်တွင် လူရမ်းကားများစွာ DKBA ထဲသို့စုဆောင်းခံခဲ့ရကြောင်း ပြောပြခဲ့ပါသည်။ ထိုစုဆောင်းခံရသူများသည် လူငယ်များဖြစ်ကြပြီး လေ့ကျင့်မှုမရှိ စည်းစနစ်မရှိဘဲ ၎င်းတို့၏လက်နက်များကြောင့် ရုတ်တရက်အာဏာရလာခဲ့သူများ ဖြစ်ကြပါသည်။ ထိုစစ်သားများသည် ရွာသားများကို သားသတ်လွတ်သမားများဖြစ်လာရန် ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ကြက်များနှင့် ဝက်များကို သိမ်းယူသွားကြပါသည် (Karen Human Rights Group, 1998, p. 3)။ စစ်သားများသည် မြိုင်ကြီးငူဧရိယာအပြင်တွင် အသားစားကြပြီး ဘီယာသောက်လေ့ရှိကြကြောင်း ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သော စစ်သားဟောင်းနှစ်ဦးမှအတည်ပြုပေးထားပါသည်။

ဦးသုဇနမှ ၎င်းနယ်မြေထဲတွင်ရှိ‌သော ခရစ်ယာန်ကရင်လူမျိုးများအနေဖြင့် ၎င်းနှင့် ဗုဒ္ဓဘာသာကို လေးစားကြည်ညိုရန် မှာကြားခဲ့ပါသည်။ မြိုင်ကြီးငူနယ်မြေအတွင်းရှိ သတ္တမနေ့မျှော်လင့်ခြင်း အသင်းတော် (SDA) ရွာတစ်ရွာသည် ဦးသုဇနကိုကိုးကွယ်လျှင်ကိုးကွယ် ၊ မကိုးကွယ်ပါက ရွာရွှေ့ရန် ပြောဆိုခံခဲ့ရပါသည်။ SDA ရွာသားအများစုသည် ၎င်းတို့၏အိမ်များနှင့် ဘုရားရှိခိုးကျောင်း တစ်ကျောင်းအားသိမ်းဆည်းကာ ရွှေ့ပြောင်းသွားခဲ့ကြပြီး ၎င်းတို့၏စာသင်ကျောင်းအား ဗုဒ္ဓဘာသာများထံလှူထားခဲ့ပါသည်။ ဦးသုဇနသည် ၎င်း၏နယ်မြေအတွင်းမှ မူဆလင်များကိုလည်း ထွက်ခွာရန်ဖိအားပေးခဲ့ပါသည်။26 ထိုသို့ဖြင့် ဦးသုဇနသည် အခြားသော ကိုးကွယ်ယုံကြည်မှုများအပေါ် သည်းခံမှုအနည်းငယ်သာရှိခဲ့ပါသည်။ SDA ကရင်များသည် မြိုင်ကြီးငူဧရိယာရှိ၎င်းတို့၏မြေကို ဆုံးရှုံးခဲ့ရပါသည်။ ၎င်းတို့သည် မြိုင်ကြီးငူ၏မျက်နှာချင်းဆိုင် သံလွင်မြစ်တစ်ဖက်ကမ်းတွင်ရှိသော ကမမောင်းမြို့မှလည်း နှင်ထုတ်ခံခဲ့ရပါသည်။ မြိုင်ကြီးငူတွင်နေထိုင်ခဲ့သော SDA အသင်းတော်ဝင်များမှ ဘာသာ‌ရေးအ‌ဆောက်အဦးများတည်ဆောက်ထားသော နေရာများမှလွဲ၍ အခြားနေရာများကို နှုတ်အားဖြင့်ပြန်လည်လွှဲပြောင်းပြီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြောပြခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုမြေအားလုံးသည် ယခုအခါတွင် အခြားသော ကရင်လူမျိုးများ၏သိမ်းယူမှုကိုခံထားရပြီး ပြန်လည်ရယူရန် ခဲယဥ်းပါလိမ့်မည်။

ဦးသုဇန၏ နက္ခတ်ဗေဒအမြင်အရ လက်ရှိကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၏အချို့အစိတ်အပိုင်းတို့သည် ၎င်းမှရှေးဘဝတစ်ခု၌ ကရင်လူမျိုးများ၏ဘုရင်အဖြစ်အုပ်ချုပ်ခဲ့ဖူးသည့် ရှေးဟောင်းကရင်ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့ဖူးပါသည်။ ဗမာဘုရင်များသည် ၁၈ ရာစုတွင်ကျူးကျော်တိုက်ခိုက်မှုများ၌ ဆိုင်ယမ် (လက်ရှိထိုင်းနိုင်ငံ) ရှိစေတီပုထိုးများစွာကို ဖျက်ဆီးခဲ့ကြပါသည်။27 KNU မှခွဲထွက်ခြင်းမပြုမီ ဦးသုဇနသည် ဘုရားအဆူ ၅၀ တည်ပြီးချိန်တွင် ကရင်များအကြား ငြိမ်းချမ်းမှုရလိမ့်မည်ဖြစ်ကြောင်း ဟောခဲ့ပါသည်။ ပြီးခဲ့သောနှစ်များအတွင်းတွင် ၎င်းသည် ထိုင်းနိုင်ငံတစ်ဝှမ်းတွင်လည်း ဘုရားများတည်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် KNU နှင့် ဦးသိန်းစိန်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု ပထမဆုံးအကြိမ်ဆောင်ရွက်ခဲ့စဥ်တွင် ဦးသုဇနမှ ၂ နှစ်အတွင်း ငြိမ်းချမ်း‌ရေးရမည်ဖြစ်ကြောင်းဟောခဲ့ကာ KNU နှင့် DKBA တို့သည် ၂၀၁၅ ခုနှစ်အောက်တိုဘာလတွင် NCA တွင်လက်မှတ်‌ရေးထိုးခဲ့ကြသောကြောင့် ၎င်းအချက်သည် မှန်လုနီးပါးဖြစ်ခဲ့ပါသည်။

ဘုရားများတည်ခြင်းသည် အရှိန်တက်လာနေခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ဘုရားအဆူပေါင်း ၁၀၀ ကျော်ရှိခဲ့ပါသည်။ အချို့သူများမှ ၁၄၀ ဟုဆိုကြပါသည်။ တောင်ကုန်းများအားလုံးပေါ်တွင် စေတီဖြူဖြူများကိုမြင်ရနိုင်ပြီး ၎င်းစေတီများသည် ရှုခင်းအားစိုးမိုးထားပါသည်။ ၎င်းစေတီများသည် ဦးသုဇန၏ယုံကြည်မှုဆိုင်ရာဘုန်းတန်ခိုးအာဏာကို သင်္ကေတပြုဖော်ပြနေပါသည်။ သို့သော်လည်း ထိုစေတီများသည် ဦးသုဇနမှ ခွင့်ပြုချက်မရှိဘဲသိမ်းဆည်းထားသော မြေများပေါ်တွင် တည်ထားခြင်းဖြစ်ပါသည်။ လူအနည်းငယ်သာလျှင် ဦးသုဇန၏ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်း‌မေးခွန်းထုတ်ရဲပါသည်။

၁၉၉၆ နောက်ပိုင်းတွင် တပ်မတော်မှ ထောက်ပံ့မှုများနှင့် လစာများ လျော့နည်းသွားသောအခါ DKBA စစ်သားများသည် ၎င်းတို့၏မြေပေါ်တွင်မှီခိုပြီး နေထိုင်ခဲ့ကြရပါသည်။ ထိုအချိန်တွင် အစားအသောက်ထောက်ပံ့မှုများလျော့နည်းလာသောကြောင့် IDP အများအပြားသည်လည်း မြိုင်ကြီးငူမှစွန့်ခွာခဲ့ကြပါသည်။ DKBA စစ်သားများသည် စစ်ဆေးရေးဂိတ်များ၌ ‘အခွန်များ’ ကောက်ခံလာခဲ့ကြပါသည်။ ၎င်းတို့သည် သစ်ထုတ်လုပ်‌ရေးနှင့် နွားကုန်သွယ်ရေးများတွင် ဝင်ရောက်လုပ်ကိုင်လာခဲ့ကြပြီး တချို့သည် စိတ်ကြွရူးသွပ်ဆေး၊ ထိုင်းနိုင်ငံမှခိုးခံရသော ကားများ၊ ဆိုင်ကယ်များကုန်သွယ်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့ကြပါသည်။ အချို့စစ်သားများသည် ကရင်များကို မကြာခဏ အထင်အမြင်သေးစွာဆက်ဆံသော ဗမာတပ်မတော်အရာရှိများမှ အမိန့်ပေးမှုများကို မကြိုက်ခဲ့ကြဘဲ စိတ်ပျက်ခဲ့ကြပါသည်။ အချို့သည် တပ်မှထွက်ပြေးခဲ့ကြပြီး KNLA သို့မဟုတ် ၎င်းတို့၏ကျေးရွာများသို့ ပြန်သွားခဲ့ကြပါသည်။ DKBA စစ်သားအင်အားသည် မည်သည့်အချိန်တွင်ကမှ ၃၀၀၀ ထက် ကျော်လွန်ခဲ့ဖူးခြင်းမရှိပါ။ တပ်မတော်မှ DKBA အား ၎င်းအုပ်ချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ် BGF အဖြစ်ပြောင်းလဲဖွဲ့စည်းရန် တောင်းဆိုခဲ့ပါသည်။ ဦးသုဇန၏ဆန့်ကျင်မှုကြားကပင် ခန့်မှန်းချေ စစ်သားတစ်ဝက်သည် နယ်ခြားစောင့်တပ်ထဲသို့ ဝင်ရောက်သွားခဲ့ကြပါသည်။ ဗိုလ်ချုပ်စောလားပွယ်အောက်တွင်ကျန်ရှိသော DKBA သည် နောက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (သို့မဟုတ် ကလို့ထူးဘော) ဖြစ်လာပြီး ၎င်းတို့သည် မြဝတီမြို့‌တောင်ဖက်တွင် အခြေစိုက်ပါသည်။ ထိုအဖွဲ့သည် KNU နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိပြီး NCA ကိုလည်း လေးစားလိုက်နာမှုရှိပါသည်။ ကွယ်လွန်သွားပြီဖြစ်သော ဗိုလ်ချုပ်စောလားပွယ်မှ စစ်တပ်တစ်တပ်၏အမည်တွင် ကိုးကွယ်သည့်ဘာသာအား အသုံးပြုထားခြင်းမှာ သင့်တော်မှုမရှိကြောင်း ထောက်ပြခဲ့ပါသည်။ ၎င်းသည်လည်း ခရစ်ယာန်တစ်ဦးဖြစ်ပါသည်။ DKBA မှ အဖွဲ့ငယ်နှစ်ဖွဲ့သည် ဦးသုဇန‌အောက်တွင် ဆက်လက်တည်ရှိခဲ့ပါသည်။ ထိုကျန်ရှိသော DKBA စစ်သားများနှင့် BGF စစ်သားများသည် ၂၀၁၃ တွင် တိုက်ခိုက်ခဲ့ကြပြီး DKBA စစ်သားများသည် မြိုင်ကြီးငူမှ ဆုတ်ခွာ ခဲ့ရပါသည်။ ၎င်း၏ BGF ဖွဲ့စည်းမှုနှင့် တိုက်ပွဲကိုကန့်ကွက်ခြင်းများနောက်ပိုင်းတွင် ဦးသုဇနသည် ရန်ကုန်သို့ မလာရဲတော့ပေ။ ထိုခွဲထွက်ခြင်းမှ တပ်မတော်အနေဖြင့် အကျိုးများစွာရရှိခဲ့ပြီး KNU နှင့် DKBA မှ ယခင်ကစိုးမိုးခဲ့သော နယ်မြေများထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာနိုင်ခဲ့ပါသည်။28

ဦးသုဇန၏ ဘုန်းတန်ခိုးနှင့် မှော်အစွမ်း

ဦးသုဇန၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ မူဝါဒသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို အလေးပေးသောရှုမြင်ချက်ပေါ်တွင် အခြေခံဖွဲ့စည်းထားခြင်းဖြစ်ပြီး ဆိုလိုသည်မှာ ၎င်း၏နယ်မြေ အတွင်းတွင် ဗုဒ္ဓဘာသာကရင်လူမျိုးများအတွက် ငြိမ်းချမ်းရေးနှင့် အကာအကွယ်ပေးနိုင်မှုသည် ၎င်း၏ကိုယ်ကျင့်တရားဆိုင်ရာစည်းမျဥ်းစည်းကမ်းများနှင့် ၎င်း၏ဆုံးဖြတ်ချက်များပေါ်တွင် မူတည်နေပါသည်။ ဦးသုဇနသည် ၎င်း၏နောက်လိုက်များအား ၎င်း၏စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် ကိုယ်ကျင့်တရားဆိုင်ရာဖိအားပေးခြင်းများရှိပြီး ၎င်းထံမှ ယုံကြည်မှုဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်များရရှိရန် လှူဒါန်းမှုများ ဆောင်ရွက်ပေးရပါသည်။ အဖြူရောင်စေတီများနှင့် ၎င်း၏စည်းမျဥ်းစည်းကမ်းများသည် ၎င်း၏နယ်မြေအား သင်္ကေတတစ်ရပ်အနေဖြင့် ဖော်ဆောင်ပေးခဲ့ပါသည်။ ထိုစေတီများသည် ဦးသုဇနမှာ ဗုဒ္ဓဘာသာတစ်ဦး ‘ကုသိုလ်ကြောင်းဆိုင်ရာ’ ဖြစ်ကြောင်း သင်္ကေတတစ်ရပ်ကိုဖော်ဆောင်ခဲ့ပြီး ဆိုလိုသည်မှာ ၎င်း၏နောက်လိုက်များသည် ၎င်း၏ဆောင်ရွက်ချက်များအပေါ် ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့် ကုသိုလ်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ဦးသုဇန၏ ရှေးဘဝတစ်ခုတွင် ကရင်လူမျိုးတို့၏ဘုရင်တစ်ပါးဖြစ်ခဲ့သည်ဟူသော အမြင်သည် ကမ္ဘာဦးနက္ခတ်‌ဗေဒသီအိုရီတစ်ခုဖြစ်ပြီး ထိုအချက်သည် ၎င်းအား အထူးဘုန်းတန်ခိုးအာဏာကို ပေးအပ်ထားပါသည်။ ၎င်း၏နောက်လိုက်များစွာသည် ထိုအချက်အား ယုံကြည်ခဲ့ကြပြီး ထို့ကြောင့်ကရင်ဗုဒ္ဓဘာသာတိုင်းပြည်ကို ပြန်လည်အသက်သွင်းရန်နှင့် ၎င်း၏ ပိုင်နက်အား ခေတ်မီနည်းစနစ်တစ်ရပ်ဖြင့်တိုးတက်စေရန် ဆောင်ရွက်မည့်နည်းဗျူဟာကိုအတည်ပြုပေးခဲ့ပါသည်။ ထို့ကြောင့် ဦးသုဇနသည် စေတီပုထိုးများကို ပြုပြင်မွမ်းမံခြင်းနှင့် လမ်းများတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် ၎င်းသည် စစ်မှန်ဖြောင့်မတ်သော အုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကိုရှာဖွေသည့် ရှေးဟောင်းကရင်နည်းစနစ်တစ်ခုအတိုင်း‌ပြုမူဆောင်ရွက်ခဲ့ပါသည် (ပိုမိုသိရှိလိုပါက Gravers, 2011 တွင် ရှုပါ)။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ဦးသုဇနသည် ကရင်အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခံခဲ့ရပါသည်။

ဦးသုဇန၏အုပ်ချုပ်မှုသည် ၎င်း၏ နှစ်လိုဖွယ်သြဇာတိက္ကမပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ လူအများသည် ဦးသုဇနတွင် သဘာဝလွန်နှင့် အံ့ဩဖွယ်ရာ စွမ်းအားများရှိသည်ဟုယုံကြည်ခဲ့ကြပါသည်။ ၎င်းတရားထိုင်နေစဥ်တွင် ကျားများတိုက်ခိုက်ခြင်းမရှိခဲ့သလို သီးမူထတွင်လည်း သံလွင်မြစ်ထဲရှိဖောင်ကို ကယ်ဆယ်နိုင်ခဲ့ပါသည်။ ပိုးကရင်နောက်လိုက်တစ်ဦးဖြစ်သူ ဖူးချိုင် ၏အဆိုအရ “အဖိုးဗုဒ္ဓ’ (ဦးသုဇနကိုဆိုလိုသည်) သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဘန်ကောက်မြို့အား ကြီးမားသော ရေဘေးမှကယ်ဆယ်ခဲ့ဖူးပါသည်။29 ဦးသုဇနသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ကာ ကမ္ဘာကြီးကိုလှုပ်ခါစေသည့် နဂါးမင်းနေထိုင်ရာကျွန်းတွင် ထမင်း ၉၉၉၉ ပန်းကန်ကို ပူဇော်ခဲ့ပါသည်။ ထိုသို့လုပ်ရခြင်းမှာ နာဂစ်ကဲ့သို့သော မုန်တိုင်းများထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန်ဟုဆိုကြပါသည်။ သစ္စာဆိုချိန်တွင် ဦးသုဇနထံမှ ‌ဆေးကို သောက်သုံးကြသော စစ်သားများသည်လည်း ကျည်ပြီးသော ‌အကာအကွယ်စွမ်းအင်များရကြသည်ဟု ဆိုပါသည်။ တချို့စစ်သားများ၏အဆိုအရ ထိုဆေးသည် ခါးသက်သော အရသာရှိပြီး ထူးဆန်းသောစိတ်ခံစားမှုတစ်မျိုးပေးသည်ဟု ဆိုပါသည် ‘စိတ်ကိုပျော့ပြောင်းစေသည်’။ ၎င်းတို့အမြင်အရ ထိုဆေးထဲတွင် စိတ်ကြွရူးသွပ်ဆေး amphetamine ပါဝင်သည်ဟုယူဆကြပါသည်။

၎င်း၏စည်းမျဥ်းများအရ ဦးသုဇနသည် ၎င်းမှာ Weber ၏အဆိုအရ ‘ကျင့်ဝတ်နှင့်ညီသော ရှေ့ဖြစ်ဟောသူ (ethical prophet)’ တစ်ဦးဖြစ်ကြောင်း သရုပ်ဖော်လေ့ရှိပါသည်။ ၎င်း၏စည်းမျဥ်းစည်းကမ်းများနှင့် ဗုဒ္ဓဘာသာကျင့်ဝတ်များကို လိုက်နာခြင်းသည် ၎င်းအတွက် ‘ဘုရားသာသနာပြန့်ပွား‌ရေး’ ၏ ကိုယ်ကျင့်တရားဆိုင်ရာတာဝန်တစ်ရပ်ဖြစ်ပါသည် (Weber, 1963, p.55)။ ၎င်း၏ရှေ့ဖြစ်ဟောချက်များနှင့် သဘာဝလွန်စွမ်းအားများသည် ၎င်း၏ ဩဇာတိက္ကမအားစစ်မှန်စေကာ ၎င်း၏ဆောင်ရွက်ချက်များကို တရားဝင်ဖြစ်စေပါသည်။

ဗုဒ္ဓဘာသာနက္ခတ်ဗေဒ၊ ကရင်လူမျိုးတို့၏ရိုးရာထုံးတမ်းဓလေ့များနှင့် ခေတ်မီမှုအပေါ်‌ ၎င်း၏ ကိုယ်ပိုင်ရှုမြင်ချက်တို့အား ပေါင်းစည်းထားမှုသည် ဗုဒ္ဓဘာသာကရင်လူမျိုးတို့၏ နေ့စဥ်ဘဝနှင့် သက်ဆိုင်သော ၎င်း၏အယူဝါဒကို သင့်တော်မှုရှိစေပါသည်။ ၎င်း၏နောက်လိုက်များသည် ၎င်း၏နက္ခတ်ဗေဒအမြင်များနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာစိတ်ဝင်စားမှုတို့အား မျှဝေလေ့ရှိကြပါသည်။ အထူးသဖြင့် ကာလရှည်ကြာ လက်နက်ကိုင်ပဋိပက္ခကိုခံစားနေခဲ့ရသော ကရင်လူမျိုးများအကြား ၎င်း၏ရှေ့ဖြစ်ဟောပြောချက်သည် ၎င်း၏တရားဝင်မှုအာဏာအပေါ် (Bourdieu, 1987, p. 129-131) ပံ့ပိုးပေးမှုရှိခဲ့ပါသည်။ သို့သော် ထိုအချက်သည် ထိုင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သောသူများနှင့် ဘားအံတွင် ကျွန်ုပ်တွေ့ဆုံမေးမြန်းခဲ့သော ရဟန်းများကဲ့သို့ ကမ္ဘာကြီးအပေါ်  ပိုမိုကျယ်ပြန့်ပြီး လောကီရေးရအမြင်အရရှုမြင်နိုင်သူများပေါ်တွင်မူ သက်ရောက်မှုနည်းပါးပါသည်။

ဦးသုဇန – တရားမျှတမှုယူဆောင်လာပေးသူလား သို့မဟုတ် စကြဝတေးမင်းတစ်ပါးလား

ဦးသုဇနသည် ၎င်း၏နောက်လိုက်များအား ပဋိပက္ခဖြစ်ပွားနေခဲ့သောကာလများအတွင်း အကာအကွယ်နှင့် ယုံကြည်မှုဆိုင်ရာလုံခြုံမှုပေးနိုင်ခဲ့သောကြောင့် နာမည်ကျော်ကြားလာခဲ့ပါသည်။ ကျွန်ုပ်တွေ့ခဲ့ဖူးသော ဦးသုဇနနောက်လိုက်များသည် ၎င်း၏အပြုသဘောဆောင်သော ဆောင်ရွက်ချက်များအကြောင်းကိုသာ ပြောဆိုခဲ့ကြပြီး ဦးသုဇနသည် ၎င်း၏မြေကို ကာကွယ်နေခြင်းသာဖြစ်သည် ဟုဆိုခဲ့ကြပါသည် (ပိုးကရင်ဘာသာစကားတွင် ba daung a thi khaung)။

ဦးသုဇနသည် ထိုင်းနိုင်ငံတွင်ဗုဒ္ဓဘာသာကရင်ရွှေ့ပြောင်းအလုပ်သမားများအတွက် Phaung Shu Khaling အမည်ရှိ လူမှုဖူလုံရေးအသင်းတစ်သင်းဖွဲ့စည်းခဲ့ပါသည်။ ထိုကရင်လူမျိုးအများစုသည် ထိုင်းစီးပွား‌ရေးသမားများထံတွင် ပြောင်းခင်း သို့မဟုတ် ပီလောပီနံခင်း အလုပ်သမားများအဖြစ် အလုပ်လုပ်ကြပါသည်။ ၎င်းတို့သည် ဦးသုဇနအား လှူဖွယ်ပစ္စည်းများလှူဒါန်းကြလေ့ရှိပြီး ၎င်း၏တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လုပ်ကိုင်ကြလေ့ရှိပါသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်စဥ် ဘတ်ငွေ ၆၀၀ လေးကြိမ်ပေးရလေ့ရှိပြီး ထိုသို့ပေးခြင်းဖြင့် ၎င်းတို့ နာမကျန်းဖြစ်ပါက သို့မဟုတ် သေဆုံးပါက အာမခံတစ်မျိုးမျိုးရရှိနိုင်ရန် ရည်ရွယ်ပါသည်။ အဖွဲ့အစည်းမှ အသုံးဝင်သော အထောက်အထားကတ်များထုတ်ပေးခြင်းဖြင့် ကူညီပေးပါသည်။

ဦးသုဇနသည် ချင်းမိုင်မြို့အပြင်တွင် ကြွယ်ဝသောထိုင်းနိုင်ငံသားတစ်ဦးပိုင်သည့် ပုဂ္ဂလိကပိုင်မြေပေါ်၌ ကျိုက်ထီးရိုးဘုရားပုံတူစေတီတစ်ဆူ တည်ထားခဲ့ပြီး ကရင်ရဟန်းများသည် ထိုနေရာတွင် သီတင်းသုံး ကြပါသည်။ ဦးသုဇနသည် ထိုင်းသံဃာ့အသင်းဝင်တစ်ဦးမဟုတ်သောကြောင့် ထိုင်းနိုင်ငံမြေပေါ်တွင် ဘုရားစေတီများတည်ခွင့်မရှိပါ။ သို့သော် ၎င်းသည် Pha Ba Kho နယ်မြေရှိ Ma Tao နှင့် Doi Tao တို့တွင် စေတီတစ်ဆူတည်ခဲ့ပါသည် (Kwanchewan Buadaeng, 2017)။ ထိုနယ်မြေသည် ထိန်းသိမ်းထားသော သစ်တောနယ်မြေဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရသည် ဦးသုဇန၏ရဟန်းအချို့အား နေထိုင်ခွင့်မရှိသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ ကရင်ပြည်နယ် တာတာဦး (‘Ta Ta Oo’)ရှိ ဦးသုဇန၏နောက်လိုက်တစ်ဦးမှ ထိုစေတီတည်သော အကြောင်းအရာကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ဒဏ္ဍာရီအရ ထိုတောင်သည် ၎င်း၏မူလပုံစံတည့်တည့်ကိုပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးနိုင်သည့်စွမ်းရည်ရှိသော  ဩဇာတိက္ကမနှင့်ပြည့်စုံသောသူတစ်ဦး၊ ပါရမီရှိသော (ကိုယ်ကျင့်တရားပြည်စုံသော) လူတစ်ဦး ကိုစောင့်နေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကရင်လူမျိုးသတင်းပေးသူ၏အဆိုအရ ဦးသုဇနသည် ၎င်း၏စေတီဖြင့် ‌အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ၎င်းမှ တောင်သည်ပုံစံပြောင်းသွားကြောင်း ယုံကြည်ခဲ့ပါသည်။ ကရင်ဘုန်းတော်ကြီးကျောင်းများအခြေစိုက်ရာ Wat Phra Bat Huai Tom တွင် ဦးသုဇနအား ထောက်ခံသူများရှိပါသည်။ သို့သော် လွန်ခဲ့သော ၄ နှစ်က ညတစ်ညတွင် ဦးသုဇနနှင့် ၎င်း၏ဆောက်လုပ်ရေးအဖွဲ့သည် ညအချိန်တွင်ရောက်ရှိလာကာ ရှိနေပြီး‌သော စေတီ (ဉာဏ်တော်မှာ ၇၁ မီတာရှိပါသည်) ထက်ဉာဏ်တော်ပိုမြင့်သည့် စေတီတည်လိုကြောင်းပြောခဲ့ပါသည်။ ဒေသခံ ရဟန်းများသည် ထိုအဆိုပြုချက်အား ငြင်းပယ်ခဲ့ပြီး ရန်ပွဲဖြစ်ခဲ့ကြပါသည်။ ရဲများနှင့် ဒေသခံအာဏာပိုင် များကို‌ခေါ်ဆိုခဲ့ကြပြီး ၎င်းတို့မှ ဦးသုဇနအား ထွက်ခွာရန် ပြောဆိုခဲ့ပါသည် “ကျွန်ုပ်တို့ ကိုယ့်စေတီ ကိုယ်တည်နိုင်တယ်” ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုအဖြစ်အပျက်နောက်ပိုင်းတွင် Huai Tom ရှိ ကရင်လူမျိုးအများအပြားသည် ဦးသုဇန၏အပြုအမူများအား မနှစ်သက်ကြတော့ပေ။ ထိုင်းကရင် လူငယ်တစ်ဦးမှ ဦးသုဇနအား ၎င်းတို့၏ ဘုန်းတော်ကြီးကျောင်းနယ်မြေအား ကျူးကျော်ကာ သိမ်းပိုက် လိုသည့် မြန်မာရဟန်းတစ်ပါးအဖြစ်သာ ရှုမြင်ကြောင်းပြောပြခဲ့ပါသည်။

ဦးသုဇန၏ဆောင်ရွက်ချက်များမှာ တောင်ထိပ်များနှင့် စေတီဟောင်းများနေရာတွင် စေတီများ တည်ခြင်းသာမကဘဲ ရှေးဟောင်းဗုဒ္ဓဘာသာမြေကို ပြန်လည်ရယူသည့် ၎င်းအကြံအစည်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြားဘာ‌သာရေးအဆောက်အဦးများအနီးနားတွင်လည်း စေတီဖြူများ တည်‌လေ့ရှိပါသည်။ ထိုနည်းလမ်းဖြင့် ၎င်းသည် စကြဝတေးမင်း  ဗုဒ္ဓဘာသာ နက္ခတ်ဗေဒအရ ဗုဒ္ဓဘာသာနေရာကိုချဲ့ထွင်ခြင်းဖြင့် ‘ကမ္ဘာကြီးကိုသိမ်းပိုက်အုပ်ချုပ်သူ’ (Tambiah, 1976, p. 39) တစ်ပါးကဲ့သို့ ပြုမူလေ့ရှိပါသည်။ တစ်ချိန်တည်းမှာပင် တင်းမာမှုများကြားမှ ၎င်းသည် ၎င်း၏နောက်လိုက်များအား ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ဦးသုဇနသည် ကမမောင်းမြို့အနီး မီဇိုင် ရွာရှိ အင်္ဂလိဂန်ဘုရားကျောင်းဝန်းထဲတွင် ၁၃.၅ ပေ (လေးမီတာကျော်) မြင့်‌သော စေတီတစ်ဆူတည်ရန် အမိန့်ပေးခဲ့ပါသည်။ ထိုအင်္ဂလိဂန် ဘုရားကျောင်းသည် သက်တမ်း ၉၅ နှစ်ကျော်ရှိပြီဖြစ်ကာ မှတ်ပုံလည်းတင်ထားပါသည်။ KNU နှင့် ရွာသားများမှအစိုးရကို ကိုင်တွယ်ဖြေရှင်းစေလိုခဲ့ပါသည်။ သို့သော် သာသနာရေးဝန်ကြီး ဦးအောင်ကိုမှ လက်နက်ကိုင်များပါဝင်နေသောကြောင့် ထိုပြဿနာအား အလျင်စလိုမဖြေရှင်းချင်ခဲ့ပါ။ ထို့နောက် ဘာသာရေးခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့မှ ကြားဝင်ညှိနှိုင်းရန် ကြိုးစားခဲ့ကာ စေတီကိုထီးတော်တင်ရန် နောက်ဆုတ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင်ထိုညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးနှင့်ပေါင်းစည်း‌ရေးကော်မတီမှ ရိုသေလေးစားခံရသော ရဟန်းတစ်ပါးကို ကျွန်ုပ်တို့တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့သည် ဦးသုဇနအား ၎င်းအဆုတ်ဝေဒနာကို ကုသနေသည့် ထိုင်းနိုင်ငံဆေးရုံတစ်ရုံတွင် သွား‌ရောက်တွေ့ဆုံခဲ့ပါသည်။ ဦးသုဇနနှင့် ပြောဆိုဆက်ဆံရန် ခက်ခဲခဲ့သော်လည်း ၎င်း၏ကျန်းမာရေးနှင့် ငြိမ်းချမ်းရေးအတွက် စေတီပုထိုးများတည်လိုခြင်းဖြစ်ကြောင်း ဦးသုဇနမှ အကြမ်းဖျဥ်းရှင်းပြခဲ့ပါသည်။

၂၀၁၆ ခုနှစ်ဧပြီလတွင် ဦးသုဇနနှင့် ၎င်း၏နောက်လိုက်များသည် လှိုင်းဘွဲ့မြို့နယ် ကွမ်တာ (တာဘလူးခါး [‘Gun Taw, Tha Blu Kla’]) ရွာရှိ အင်္ဂလိဂန်ဘုရားကျောင်းအနားတွင် စေတီတစ်ဆူတည်ခဲ့ပါသည်။ ထိုရွာတွင် ခရစ်ယာန်အိမ်ခြေပေါင်း ၂၀ ခန့်နှင့် ဗုဒ္ဓဘာသာအိမ်ခြေပေါင်း ၄၀ ခန့်ရှိခဲ့ပါသည်။ ပွဲများတွင် ဘာသာနှစ်ဘာသာအကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ ဦးသုဇန၏နောက်လိုက်များ တချို့၏အဆိုအရ လူ ၃၀၀ ခန့်သည် နေ့လည်ခင်းတွင်ရောက်ရှိလာခဲ့ပြီး နောက်ရက်မနက်ခင်း စေတီတည်ပြီးသည့်အချိန်အထိ မရပ်မနား အလုပ်လုပ်ခဲ့ကြပါသည်။30 ထိုနေရာသည် BGF ၏နေရာဖြစ်ပြီး DKBA နှင့် BGF စစ်သားများသည် ဦးသုဇနအား ခြံရံစောင့်ရှောက်ပေးခဲ့ပါသည်။ ဘုရားကျောင်းဝန်းအတွင်းရှိမြေသည် အလွန်မာသောကြောင့် ၎င်းတို့သည် စေတီအား အိမ်နှစ်လုံးကြားထဲတွင် တည်ခဲ့ပါသည်။ ထိုအိမ်နှစ်လုံးထဲမှ တစ်အိမ်သည် ခရစ်ယာန်မိသားစုတစ်စုပိုင်သော အိမ်ဖြစ်ပြီး နောက်တစ်အိမ်မှာ လတ်တလောမှ ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသောအမျိုးသားတစ်ဦး၏နေအိမ်ဖြစ်ပါသည်။ ရွာသားအများစုသည် လက်နက်ကိုင်အစောင့်အရှောက်များဖြင့်လာရောက်ပြီး ၎င်း၏ကားပေါ်မှစောင့်ကြည့်နေသောဦးသုဇနကို မဆွမိစေရန် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှပြောဆိုခြင်းမရှိကြပေ။ ‌ကျွန်ုပ်တို့ ထိုရွာသို့ရောက်ရှိသောအခါ သက်တမ်းနှစ် ၆၀ ရှိပြီဖြစ်သည့် ထိုခြံသည် ခြံစည်းရိုးခတ်ထားပါသည်။ ဦးသုဇနသည် ထိုရွာထဲတွင် နောက်လိုက်များရှိခဲ့သော်လည်း ၎င်း၏ ဇရပ်ဆောက်မည့်အစီအစဥ်မှာမူ ခွင့်ပြုချက်မရခဲ့ပေ။

ဦးသုဇနသည် ဗုဒ္ဓဘာသာပြန်လည်ရှင်သန်ရေးအတွက် ၎င်း၏အစီအစဥ်များအား အကောင်အထည် ဖော်နေခဲ့ပါသည်။ အင်္ဂလိဂန် သင်းအုပ်ဆရာတစ်ဦးမှ ‘မေတ္တာထားရန်’ အကြံပြုခဲ့ပါသည် (Lawi Weng, 2016)။ ထို့နောက်ဦးသုဇနသည် မူဆလင်လူ့အသိုင်းအဝိုင်းတစ်ရပ်ရှိသည့် ရွှေဂွန်းရွာ၏ ဗလီဝင်ပေါက်အလယ်တည့်တည့်တွင် စေတီတစ်ဆူတည်ခဲ့ပါသည်။ မူဆလင်ခေါင်းဆောင်တစ်ဦးမှ ‘ဒါကဘာသာရေးအကြမ်းဖက်မှုဖြစ်ပေမဲ့ ကျွန်ုပ်တို့ သူ့ကို ခွင့်လွှတ်ပါတယ်’ (Myanmar Times, 2016a) ဟု ဆိုခဲ့ပါသည်။ Myanmar Times, 2016b) အရ ဗုဒ္ဓဘာသာဝင်များသည် စေတီတည်ထားခြင်းကို ရပ်တန့်လိုခဲ့သော်လည်း ရဲများနှင့် ကရင်ပြည်နယ်ဝန်ကြီးများသည် ဦးသုဇနအား ဆက်လက်တည်ဆောက်ခွင့်ပြုခဲ့ပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်ုပ်၏သတင်းပေးများအဆိုအရ ဦးသုဇနအားနောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့ကြောင့် ၄င်းအား မည်သူမှမရပ်တန့်ရဲ ခဲ့ကြဟု သိရသည်။ ကျွန်ုပ်တို့ ရွှေဂွန်းရွာသို့သွားရောက်ခဲ့စဥ်တွင် ကျေးရွာအုပ်ချုပ်‌ရေးမှုးနှင့် ရဲများမှ ကျွန်ုပ်တို့အား ထိုစေတီအကြောင်းနှင့် ဘာသာရေးအကြောင်း မည်ကဲ့သို့သော ဆွေးနွေးမှုမျိုးမဆို လက်ရှိဖြစ်နေသော တင်းမာမှုအခြေအနေကို ပိုမိုဆိုးဝါးစေနိုင်ကြောင်း သတိပေးခဲ့ပါသည်။ အများနှင့်ဆိုင်သော သို့မဟုတ် ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ချိန်တွင် ခရစ်ယာန်များ၊ မူဆလင်များနှင့် ဟိန္ဒူလူမျိုးများ၏ မိမိကိုယ်ကို လက်အောက်ခံအဖြစ်သတ်မှတ်ခြင်းများလည်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ ၎င်းတို့အနေဖြင့် မည်သည်မှပြောဆိုခြင်းမရှိကြသလို တစ်ခါတစ်ရံတွင် တဖြည်းဖြည်းကြီးထွားလာ‌နေသော ပဋိပက္ခအတွင်းမှလွတ်မြောက်ရန် ပိုက်ဆံပေးရသည်များလည်းရှိပါသည်။ နေရာအများစုတွင် အကြောက်တရားမှ ကြီးစိုးခဲ့ပါသည် (ဤစာစောင်ထဲရှိ Pohl Harrisson ၏ရေးသားဖော်ပြမှုတွင်ရှုပါ)။ မဘသ သည် ဦးသုဇန၏ ဗုဒ္ဓဘာသာအမွေအနှစ်အား ပြန်လည်ရယူခြင်းကို ထောက်ခံခဲ့သလို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမှလည်း ဝတ်ပြုပရိသတ်များအား ဦးသုဇနအပေါ်မေတ္တာထားပြီး ၎င်း၏အလုပ်ကိုဆန့်ကျင်ခြင်းမပြုရန် တိုက်တွန်းခဲ့ပါသည်။ ထို့ကြောင့် ဦးသုဇနသည် ဥပဒေ၏အထက်တွင် ရှိခဲ့သည့်ပုံပေါ်ပါသည်။ ကျွန်ုပ်တို့၏ကွင်းဆင်းဆောင်ရွက်မှုအတွင်းတွင် ဦးသုဇနသည် ပိုးကရင်ဗုဒ္ဓဘာသာဝင်များ၏ အလွန်လေးစားကြည်ညိုမှုကို ကျယ်ပြန့်စွာခံရပြီး ၎င်း၏ဆောင်ရွက်ချက်များကိုလည်း လက်ခံကြကြောင်း သိသာပါသည်။ တချို့မှာမူ ၎င်းနှင့် ပဋိပက္ခဖြစ်ခြင်းမှရှောင်ရှားရန် ပွင့်ပွင့်လင်းလင်းဝေဖန်မှုမျိုးပြုလုပ်ခြင်းကို ချုပ်တည်းထားခဲ့ခြင်း မျိုးလည်းဖြစ်နိုင်ပါသည်။ ကွမ်တာ ရွာတွင် ဦးသုဇနမှ ခရစ်ယာန်ဘုရားကျောင်းအနီး စေတီတစ်ဆူလာတည်သောအခါ၌ လူများသည် လက်နက်ကိုင်များခြံရံ၍လာသော ဦးသုဇနရောက်နေတိုင်း အိမ်ထဲတွင်သာနေခဲ့ကြပြီး မည်သည်မှပြောဆိုခြင်းမရှိဘဲ ၎င်းတို့၏ရေနှင့် လျှပ်စစ်မီးကို အသုံးပြုခွင့် ပေးခဲ့ပါသည်။ သူတို့ရှင်းပြချက်အရ ၎င်းတို့သည်ဦးသုဇနကိုကြောက်‌သောကြောင့် ထိုသို့ပြုမူခဲ့ခြင်း ဖြစ်ပါသည်။

ဦးသုဇနနှင့် DKBA သည် စေတီဖြူများတည်ရန် မြိုင်ကြီးငူမှ မြေများကိုအတင်းအဓ္ဓမ သိမ်းယူခဲ့သည်သာမက မဲ့လောင် ထိန်းသိမ်း‌ရေး စခန်းမှ မြေအမြောက်အများကိုလည်း သိမ်းယူခဲ့ပါသည်။ DKBA နှင့် ဆက်စပ်နေသော ကုမ္ပဏီတစ်ခုသည် လှိုင်းဘွဲ့မြို့နယ်ရှိ BGF ထိန်းချုပ်သောနယ်မြေဖြစ်သည့် ‘Pa’o Gau Kyite’ ရွာအနီးတွင် မြေဧက ၆၆ ဧကသိမ်းယူခဲ့ပါသည်။31 မြဝတီမြို့အပြင်ဖက် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားသောနေရာအနီးတွင် ၁၉၉၅ နောက်ပိုင်း၌ ဦးသုဇနနှင့် DKBA သည် မြေနေရာများကို သိမ်းယူခဲ့ခြင်းများရှိပါသည်။ ထိုဧရိယာအား မေတ္တာလင်းမြိုင်ဟုခေါ်ကာ လက်ရှိတွင်ခြံဝန်းခတ်ထားပြီး BGF စစ်သားများမှ စောင့်ကြပ်နေကြကာ ၎င်းတို့သည်ထိုနေရာတွင်နေထိုင်သူများကိုသာ ဝင်ခွင့်ပြုပါသည်။ ထိုနေရာသည် လူမျိုးပေါင်းစုံနေထိုင်ကြပြီး မူးယစ်ဆေး‌ရောင်းဝယ်ဖောက်ကားသူများ အခြေချကြသည်ဟုလည်း ဆိုကြပါသည်။ ဒေသခံများ၏အဆိုအရထိုနေရာတွင် လူသတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရပါသည်။ မြိုင်ကြီးငူမှာကဲ့သို့ပင် ဦးသုဇနသည် ဗုဒ္ဓဘာသာကရင်လူမျိုးများအား ထိုနေရာတွင် လာရောက်အခြေချရန်ဖိတ်ခေါ်ခဲ့ပြီး အပြန်အလှန်အနေဖြင့် ဦးသုဇနအား ကြည်ညိုလေးစားရန်နှင့် ၎င်းအတွက် စေတနာ့ဝန်ထမ်းအဖြစ်အလုပ်လုပ်ပေးရန် လိုအပ်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ဦးသုဇနအတွက် အလုပ်မလုပ်ပေးပါက နှင်ထုတ်ခံရပြီး ၎င်းတို့၏မြေများဆုံးရှုံးရလေ့ရှိပါသည်။ ထိုနယ်မြေနှစ်ခုတွင် ဦးသုဇနမှ မည်မျှလွှမ်းမိုးမှုရှိခဲ့သည်မှာမူ ရှင်းလင်းမှုမရှိပါ။ ထိုနေရာများကို BGF များက ထိန်းချုပ်ထားကာ ဦးသုဇနအနေဖြင့် ဗမာစစ်သားများနှင့် အရာရှိများစိုးမိုးထားသော ထိုအင်အားစုကို မလွှဲမရှောင်သာ လိုက်နာနေရသည်လည်းဖြစ်နိုင်ပါသည်။ ဦးသုဇနအနေဖြင့် ခင်ညွန့်ပြုတ်သွားခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက တပ်မတော်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်သွယ်မှုမရှိတော့ကြောင်း ဆိုကြပါသည်။ သို့သော် အချို့သော BGF တပ်မှူးများသည် ဦးသုဇနထံ ပုဂ္ဂိုလ်ရေးအရ လှူဖွယ်ပစ္စည်းများ ပို့လေ့ရှိကြပါသည်။32

အထက်ပါသာဓကများတွင် တွေ့မြင်ခဲ့ရသည့်အတိုင်း ဦးသုဇနသည် ၎င်းအားပံ့ပိုးထောက်ခံသူများကို အကာအကွယ်ပေးခဲ့ပါသည်။ သို့သော် ၎င်းသည် အခြားဘာသာများကို ယုံကြည်ကိုးကွယ်သူ သို့မဟုတ် ၎င်း၏စည်းမျဥ်းစည်းကမ်းများအား လိုက်နာခြင်းမရှိသူတို့ကို နှင်ထုတ်ခဲ့ပါသည်။ ၎င်းသည် ၎င်းကိုထောက်ခံပံ့ပိုးသူများအတွက် လုံခြုံရေးနှင့် တရားမျှတမှုယူဆောင်လာခဲ့ပေးသော်လည်း ၎င်း၏နောက်လိုက်မဟုတ်သူများအကြားတွင်မူ အကြောက်တရားနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ဖန်တီးပေးခဲ့ပါသည်။ ဦးသုဇန၏ဆောင်ရွက်ချက်များသည် ၎င်း၏နယ်မြေမှ အခြားဘာသာဝင်များကို ဖယ်ထုတ်သည့်အချိန်မှစပြီး ‘ဘာသာရေးဆိုင်ရာ သန့်စင်ခြင်း’ နှင့် ဆင်တူနေခဲ့ပါသည်။ ဆရာတော်၏ ဗုဒ္ဓဘာသာဝင်ထောက်ခံသူတစ်ယောက်ဖြစ်ခြင်းသည် ဦးသုဇန၏နောက်လိုက်များအကြားတွင် အဓိကကျသော ဘာသာ‌ရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုသက်သေခံချက်တစ်ရပ်ဖြစ်ပါသည်။ ၎င်းအချက်သည် ပထမဆုံး NLD အစိုးရမှ မကြာခဏညွှန်းဆိုလေ့ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ဦးသုဇန၏ ယုံကြည်မှုဆိုင်ရာ ဩဇာအာဏာကိုအသုံးချမှုသည် ကာလကြာရှည်စွာဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်အတွင်းတွင် စတင်ခဲ့ခြင်းဖြစ်ကာ ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများပေါ် ၌ တရားမမျှတမှုများအပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် NCA နိုင်ငံရေးဆွေးနွေးသူများမှ သဘောတူညီချက်များရရှိရန် ခက်ခဲနေချိန်၌ ဦးသုဇန၏ဆောင်ရွက်ချက်များမှာ ကရင်ပြည်နယ်အတွင်း ပဋိပက္ခကြားခံအသစ်များဖန်တီးသကဲ့သို့ ဖြစ်နေပါသည်။

ပဋိပက္ခများ၊ တင်းမာမှုများနှင့် အကြောက်တရားများ ကြားကပင် ဦးသုဇနသည် တရားမျှတမှုနှင့် လုံခြုံရေးအတွက် ထိရောက်မှုရှိသော ဩဇာတိက္ကမနှင့်ပြည့်စုံသည့် ယုံကြည်မှုကွန်ယက် တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါသည်။ သို့သော် ထိုသို့ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာမဟုတ်သော ကရင်လူမျိုးများနှင့် အခြားသော တိုင်းရင်းသားအဖြစ်ကိုယ်စားပြုဖော်ပြသူများကို ချန်လှပ်ထားခဲ့ပါသည် (Tilly 2005,59) တွင်ရှုပါ)။ တဖြည်းဖြည်းပိုမိုဆိုးဝါးလာသော ဂိုဏ်းဂဏကွဲမှုနှင့် တခါတရံတွင် အပြောင်းအလဲမြန်သော ၎င်း၏အပြုအမူများကြောင့် ဦးသုဇနသည် နောက်လိုက်များနည်းပါးလာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၎င်း၏နေရာဟောင်းရှိ BGF  နှင့် တပ်မတော်အပေါ် ထိန်းချုပ်နိုင်မှုကိုလက်လွှတ်ခဲ့ရပါသည်။

ဦးသုဇန၏ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုအလေးပေးသော နည်းဗျူဟာဖြင့် သက်ဦးဆံပိုင် စည်းမျဥ်းများအား ၎င်း၏နောက်လိုက်များအပေါ် ပြဌာန်းခဲ့သဖြင့် ၎င်းနောက်လိုက်များ၏ တစ်သီးပုဂ္ဂလလွတ်လပ်မှုများမှာ ကန့်သတ်ခံခဲ့ရပြီး ဒီမိုကရေစီ‌ရေး နိုင်ငံသားဖြစ်မှုအတွက် အတားအဆီးတစ်ရပ်ကို ဖန်တီးပေးခဲ့ပါသည်။ ပြည်နယ်တွင်း အဖွဲ့အစည်းများနှင့် KNU အကြား အကွက်ဆင်နေသူမှာ ယုံကြည်မှုအခြေပြုအုပ်ချုပ်ရေး တစ်ရပ် ဖြစ်ပါသည်။ ၎င်းအုပ်ချုပ်ရေးကို ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် ထိန်းချုပ်မှု အ‌ပေါ်တွင် အခြေခံထားသလို နောက်လိုက်များအကြားတွင် ၎င်းတို့အနေဖြင့် မနာခံပါက ကံဆိုးမည်ဟူသောအချက်ကြောင့် ဖြစ်တည်လာသော ကိုယ်ပိုင်ထိန်းချုပ်မှုပေါ်တွင်လည်း အခြေခံထားခဲ့ပါသည်။

ပုံ ၅

ခင်ညွန့် (လက်နက်ကိုင်ထား) သည်ဦးသုဇနအား အရိုအသေပေးနေပုံကို ဘုရားအတွင်းရှိ နံရံပေါ်တွင် ပုံဖော်ထားပုံ။ ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် အဖမ်းခံရချိန်ထိ လှူဖွယ်ပစ္စည်းများနှင့် ဦးသုဇနထံ မကြာခဏလာရောက်ခဲ့ပါသည်။ (စာရေးသူရိုက်ယူခဲ့သောပုံ)

တစ်ခုမကသော အာဏာပိုင်များနှင့် များပြားသော တရားစီရင်မှုဥပဒေများ

ဦးသုဇန၏နယ်မြေသည် ဗဟိုချုပ်ရေးမှ ထိန်းချုပ်မှုမရှိတော့သောအခါ အုပ်ချုပ်ရာတွင် အမျိုးမျိုးသော အာဏာပိုင်များနှင့် ဥပဒေများအား အသုံးပြုကြပုံကို ပြသထားသည့် သာဓကတစ်ခုဖြစ်ပါသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ အခြားသော ပြည်နယ်အများစုကဲ့သို့ပင် တိုင်းပြည်အာဏာပိုင်များနှင့် ယှဥ်ပြိုင်နေသော လက်နက်ကိုင်တပ်အများအပြားနှင့် အဖွဲ့အစည်းအများအပြားရှိ‌သည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဦးသုဇန၏ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဥ်းစည်းကမ်းများအား စင်ပြိုင်တရားစီရင်မှု ဥပဒေများ နှင့် ဓ‌လေ့ထုံးတမ်းဥပဒေများအဖြစ်သတ်မှတ်ပါက ဦးသုဇနအား ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဩဇာအာဏာနှင့် ဘာသာရေးဆိုင်ရာသဘောတရားများတွင်အခြေခံပြီး အတည်ပြုထားသော တရားမျှတမှုတစ်မျိုးကိုပေးအပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှုမြင်နိုင်ပါသည်။ ထိုမျှသာမကဘဲ ၎င်း၏အုပ်ချုပ်မှုနှင့် အာဏာသည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှထောက်ခံပံ့ပိုးထားခြင်းကို ခံရသလို မြန်မာတပ်မတော်နှင့်လည်း မိတ်ဖွဲ့ထားခဲ့ပါသည်။ ကျွန်ုပ်တို့ကွင်းဆင်းလုပ်ငန်းအတွင်း အတွေ့အကြုံအရ ဦးသုဇန၏လုပ်ဆောင်ချက်များသည် ပဋိပက္ခအသစ်များဖန်တီးရုံသာမကဘဲ နိုင်ငံသားအားလုံးကို တန်းတူညီမျှအကာအကွယ်ပေးရမည့် ဖြတ်ထုံးဥပဒေ၊ တရားမျှတမှုနှင့်လည်း ဆီလျော်မှုရှိရန် ခက်ခဲပါသည်။ ဦးသုဇန၏ယုံကြည်ရသော ကွန်ယက်နှင့် အကာအကွယ်သည် ပဋိပက္ခဖြစ်နေသော အခြေအနေတွင် အဓိပ္ပါယ်တစ်ရပ်ဖော်ဆောင်ပေးနိုင်သော်လည်း အထက်တွင်ဖော်ပြထားသည့်အတိုင်း အနာဂတ် ဒီမိုကရေစီ‌အသွင်ပြောင်းလဲရေးအတွက်မူ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါသည်။33 တရားမျှတမှုသည် ဘာသာရေးကိုယ်စားပြုမှုတစ်ခုတည်းပေါ်တွင် မူတည်နေသောအခါ ၎င်းတရားမျှတမှုသည်အရည်အသွေးနှင့် ဘုံတရားစီရင်မှုဆိုင်ရာလုံခြုံရေးကို ပေးအပ်နိုင်စွမ်းမရှိပါ။ ဤအခြေအနေ၏မူလအစသည် ‌ဗမာလူမျိုးများအများစုထိန်းချုပ်သည့် တရားမျှတမှုမရှိသော တိုင်းပြည်အာဏာပိုင်များနှင့် တရားဝင်တိုင်းပြည်အဖွဲ့အစည်းများအပေါ် ကရင်လူမျိုးတို့၏ ယုံကြည်မှုနည်းပါးခြင်းတို့မှစတင်လာခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့တွေ့ဆုံခဲ့သည့် ပိုးကရင် သတင်းပေးများအားလုံးသည် တိုင်းပြည်အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုများကို ရှင်းပြခဲ့ကြပါသည်။ ၎င်းတို့အနေဖြင့် ပဋိပက္ခများနှင့် ရာဇဝတ်မှုများကြုံတွေ့သောအခါ ကျေးရွာခေါင်းဆောင်များနှင့် ရပ်ရွာလူကြီးများအား တရားဝင်မဟုတ်သောနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းပေးရန်သာ တောင်းဆိုကြပါသည်။ ရဟန်းများ၊ ကျေးရွာခေါင်းဆောင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ရှုပ်ထွေးသော မြေယာသိမ်းယူမှုကိစ္စရပ်များအား ဖြေရှင်းပေးရာတွင် ပါဝင်ကြသော်လည်း အမြဲတမ်းအောင်မြင်စွာဖြေရှင်းနိုင်ကြသည်တော့ မဟုတ်ပေ (ဤစာစောင်ထဲတွင်ပါဝင်သော Lue Htar တွင်ရှုပါ)။ တရားရုံးများနှင့် ရဲများကို မျှတမှုမရှိဟု ထင်မြင်သတ်မှတ်ထားကြပါသည်။ အမှုပေါင်းများစွာတွင် တစ်စုံတစ်ယောက်မှ အဖွဲ့အစည်းများနှင့် တွေ့ဆုံလိုသည့်အခါ (ဥပမာ အိမ်ထောင်စုမှတ်ပုံတင်ရန်) တွင် ပွဲစားများမှ တဆင့်လုပ်ဆောင်ရန် လိုအပ်သလို အရာရှိများအားငွေအမြောက်အများပေးအပ်ရန်လည်း လိုအပ်ပါသည်။ ထိုအခြေအနေသည် ဘာသာရေးဆိုင်ရာဩဇာအာဏာအား အရေးပါစေခဲ့သောကြောင့် လူအများစုသည် လွှမ်းမိုးမှုရှိသော ရဟန်းများနှင့် ဆွေးနွေးခြင်း သို့မဟုတ် ကြားဝင်ညှိနှိုင်းပေးခြင်း‌တို့ကို ဆောင်ရွက်ပေးရန်အတွက် တိုင်ပင်ကြခြင်းဖြစ်ပါသည်။ KNU ထိန်းချုပ်နယ်မြေများတွင် အရပ်သားများသည် KNU အာဏာပိုင်များကို ဆက်သွယ်ကြပါသည်။ အာဏာပိုင်များ‌‌ရောထွေးနေသော ရွာမျိုးတွင် မသေချာမှုများစွာပေါ်ပေါက် လာခဲ့ပါသည် (ဤစာစောင်ထဲတွင်ပါဝင်သော Kyed နှင့် Thitsar တွင်ရှုပါ။ သို့သော် စင်ပြိုင်တရားစီရင်မှုဥပဒေအများအပြားရှိခြင်းသည် အတိုက်အခံများနှင့် မသေချာမှုများ ပေါ်ပေါက်လာနိုင်ကြောင်း Tamanaha, 2008 ၏ဖော်ပြချက်အရသိရပြီး ၎င်းသည် အနာဂတ်နိုင်ငံ‌ရေးအခြေအနေပေါ်တွင်လည်းမူတည်ပါသည်။

ရာဇဝတ်မှုများနှင့် ဦးသုဇန၏စည်းမျဥ်းများကိုဖောက်ဖျက်ခြင်းအတွက်မည်သို့စီရင်ကြောင်းအပါအဝင် ဒေသခံအရပ်သားများအနေဖြင့် တရားမျှတမှုနှင့် လုံခြုံရေးအား မည်ကဲ့သို့ရှုမြင်ကြသည့်အပေါ် ပိုမိုလက်တွေ့ကျသည့် အချက်အလက်များကိုအခြေခံသည့် သုတေသနကို မြိုင်ကြီးငူတွင် ဆောင်ရွက်ရန် လိုအပ်ပါသေးသည်။ သို့သော် စင်ပြိုင်တရားစီရင်မှုဥပဒေအများအပြားရှိခြင်းသဘောတရားသည် မြိုင်ကြီးငူအပါအဝင် ဦးသုဇန၏နယ်မြေအများစုနှင့် ဆီလျော်ဆက်စပ်မှုမရှိပေ။ ၂၀၁၄ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့စဥ်တွင် ၎င်းမှ ရာဇဝတ်မှုအမျိုးအစားများကို စာရင်းပြုစုထားကြောင်း ကျွန်ုပ်တို့ကိုပြောပြခဲ့ပါသည်။ ကရင်လူ့အသိုင်းအဝိုင်းထဲတွင် စော်ကားမှုအဖြစ် သတ်မှတ်ရှုမြင်ခံရသော အိမ်ထောင်ပြင်ပတွင် ကာမဆိုင်ရာဖောက်ပြန်ခြင်းပြစ်မှုများကဲ့သို့ အချို့ပြစ်မှုများအတွက် ပြစ်ဒဏ်မှာ KNU ၏ဥပဒေများနှင့် ဆင်တူကောင်းဆင်တူနိုင်ပါသည်။ ရပ်ကွက်အုပ်ချုပ်‌ရေးမှုးမှ ၎င်းအနေဖြင့် တာဝန်ရှိသော ရဟန်းများထံသို့ ရာဇဝတ်မှုများအား တင်ပြရလေ့ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအတွက်လူ‌ရွေးရာတွင်လည်း ထိုရဟန်းများမှ ဆောင်ရွက်လေ့ရှိပါသည်။ အဆုံးတွင် ဦးသုဇန၏ဆုံးဖြတ်ချက်ဖြင့်သာပြီးပြတ်ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ခိုးမှုသည် အကုသိုလ်မြောက်သောကြောင့် မြိုင်ကြီးငူတွင်ဖြစ်လေ့ဖြစ်ထ သိပ်မရှိကြောင်း ပြောပြခဲ့ပါသည်။

ကရင်ပြည်နယ်တွင် ကျွန်ုပ်တို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်နေစဥ် ၂၀၁၇ ခုနှစ်၌ မူးယစ်ဆေးကူးသန်း ရောင်းဝယ်မှုသည် မြင့်တက်နေခဲ့ပါသည်။ ထို့ကြောင့်ရဲများမှ မူးယစ်ဆေးဝါးကုန်သည်များကို ဖမ်းဆီးမှုအစီအစဥ်တစ်ရပ်စတင်ခဲ့ပါသည်။ ရဲအရာရှိတစ်ဦးအပါအဝင် ကျွန်ုပ်တို့၏ ကရင်လူမျိုးပါဝင်ဆွေးနွေးသူများမှ မကြာခဏဆိုသလို ဤကိစ္စအား အဓိကလုံခြုံရေးနှင့် တရားမျှတမှုဆိုင်ရာပြဿနာတစ်ရပ်အဖြစ် ဆွေးနွေးခဲ့ကြပါသည်။ မူးယစ်ဆေးကုန်သွယ်မှုသည် လျော့နည်းသွားကြောင်း သို့မဟုတ် ယခင်လောက်မြင်သာထင်သာမရှိတော့ကြောင်း ၎င်းတို့ သဘောတူခဲ့ကြပါသည်။ သို့သော် ၎င်းတို့ဆက်လက်ပြောဆိုခဲ့ကြသည့်အချက်များအရ DKBA နှင့် BGF စစ်သားဟောင်းများသည်လည်း ထိုမူးယစ်ဆေးကုန်သွယ်မှုများတွင်ပါဝင်ခဲ့ကြသည်ဟု ယုံကြည်ရပါသည်။ ဦးသုဇနသည် မြိုင်ကြီးငူတွင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ‌ရောင်းဝယ်ဖောက်ကားမှုအား တင်းကြပ်စွာကိုင်တွယ်ထိန်းချုပ်ခဲ့ပါသည်။ အဓိကရောင်းဝယ်ဖောက်ကားသူများသည် ဦးသုဇနကိုလေးစားပြီး ၎င်းတို့၏မူးယစ်ဆေးများအား မြိုင်ကြီးငူအတွင်းသို့ ဖြန့်ဝေမှုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မူးယစ်ဆေးများသည် ပြည်နယ်တစ်ခုလုံးတွင် ပြန့်နှံ့လျက်ရှိပါသည်။ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအစီအစဥ်သည် ဆေးပြား ၂-၃ ပြားသာရှိသော လက်လီအရောင်းသမားများနှင့် အစုလိုက်အပြုံလိုက်အသုံးပြုသူများကိုသာ ဖမ်းဆီးလေ့ရှိခဲ့ပါသည်။ ၎င်းတို့သည် ကရင်ပြည်နယ်၏ရှည်လျားပြီး သေချာမှုမရှိသော တရားစီရင်ရေးစနစ်ဖြင့် ရင်ဆိုင်ရကာ တရားခွင် တစ်လျှောက်လုံး ငွေကျပ်သိန်းပေါင်းများစွာ ပေးရလေ့ရှိပါသည်။ အဓိကရောင်းဝယ်ဖောက်ကားသူများမှာ ဖမ်းဆီး၍မရနိုင်သော လက်နက်ကိုင်အဖွဲ့များဖြစ်ကြပါသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU ခေါင်းဆောင်ပိုင်းတစ်ဦး၏သားဖြစ်သူသည် ပမာဏများပြား‌သော မူးယစ်ဆေးများကုန်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း ထိုအမှုအား လူသိများသော ရဲဌာနဝက်ဘ်ဆိုဒ်မှ လျှင်မြန်စွာပြန်လည် ဖျက်သွားခဲ့ပါသည်။ယင်းလုံခြုံရေးနှင့် တရားမျှတမှုဆိုင်ရာပြဿနာအား ဖြေရှင်းရာတွင် ဘာသာရေးဆိုင်ရာဩဇာအာဏာသည် အကန့်အသတ်ရှိနေပုံရပါသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဦးသုဇနသည် ၎င်း၏နောက်လိုက်များနှင့် ကျောင်းများအတွက် ကိုယ်ပိုင်အထောက်အထားစာရွက်စာတမ်းများနှင့် လူမှုဖူလုံရေးတို့ဖန်တီးပေးခဲ့ပါသည်။ ထိုနည်းဖြင့် ၎င်းသည် ပြည်နယ်စနစ်နှင့် မတူညီသော စနစ်သစ်တစ်ခုဖန်တီးခဲ့သော်လည်း ထိုစနစ်သည် ၎င်း၏ ဩဇာတိက္ကမအာဏာပေါ်တွင်မှီခိုနေကာ ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများအတွက်သာဖြစ်နေပြီး အားလုံးပါဝင်မှုမရှိသော ဥပဒေနှင့် အမိန့်ပေးမှုစနစ်တစ်ရပ်ဖြစ်နေပါသည်။ ၎င်းဖန်တီးခဲ့သော ပညာရေးစနစ်သည် KNU ၏စနစ်ကိုသာမက တိုင်းပြည်၏စနစ်ကိုပါဆန့်ကျင်နေပါသည်။ ထိုမတူညီသော ဖွဲ့စည်းပုံများအား ချိန်ညှိရန် ဒီမိုကရေစီအစိုးရအဆက်ဆက်အနေဖြင့် ဆယ်စုနှစ်ချီဆောင်ရွက်ရမည် ဖြစ်ပါသည်။

နိဂုံး

ဗမာ/မွန် ဗုဒ္ဓဘာသာရိုးရာဓလေ့များအရ ဦးသုဇနသည် Rozenberg, 2010 မှဖော်ပြသကဲ့သို့ ဗုဒ္ဓဘာသာသူတော်စင် (အရဟံ) တစ်ပါးအဖြစ်ပြုမူဆောင်ရွက်လေ့ရှိခဲ့ပါသည်။ ဦးသုဇနသည် ၎င်း၏ဗုဒ္ဓဘာသာဝင်နောက်လိုက်များအား ကာကွယ်ပေးပြီး KNU မှလျစ်လျှူရှုခဲ့ပုံပေါ်သည့် ၎င်းတို့၏ဘာသာရေးဆိုင်ရာအယူဝါဒကို အသိအမှတ်ပြုမှုအား ဆောင်ကြဥ်းပေးခဲ့ကာ ဗုဒ္ဓဘာသာကိုပြန့်ပွားစေရန် လုပ်ဆောင်ခဲ့ပါသည် (သာသနာပြု)။ ဦးသုဇန၏ပြောဆိုချက်များနှင့် ဆောင်ရွက်မှုများမှာ မဘသလှုပ်ရှားမှုနှင့် ဆင်တူသော်လည်း ကရင်အမျိုးသား‌‌ရေးဝါဒီတစ်ဦး ဖြစ်သည်နှင့်အညီ ၎င်းသည်တပ်မတော်နှင့် မိတ်ဖွဲ့ထားခြင်းများရှိသော်လည်း ဗမာလွှမ်းမိုးမှု ဝင်ရောက်လာခြင်းမရှိစေရန် ရည်ရွယ်ခဲ့ပါသည်။

ဦးသုဇနသည် ၎င်း၏ယုံကြည်မှုဆိုင်ရာဩဇာအာဏာကို ဗုဒ္ဓဘာသာကရင်လူမျိုးများ၏ ယုံကြည်မှုများနှင့် ဗုဒ္ဓဘာသာကရင်လူမျိုးများခံစားရသည့် မတရားမှုများအပါအဝင် ၎င်းတို့နစ်နာခဲ့မှုများကို ကိုင်တွယ်ဆောင်ရွက်ပေးခြင်းဖြင့် ဆွဲဆောင်မှုရှိစေရန် အသုံးချခဲ့ပါသည်။ ဦးသုဇနသည် KNU ပြုလုပ်ထားသော မကောင်းမှုများကိုဖော်ပြကာ၊ ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများ နာကျင်ခံစားနေရခြင်း၏ အကြောင်းအရင်းများကို ရှင်းပြခဲ့ပြီး ဗုဒ္ဓဘာသာ၏ခေတ်သစ်အပါအဝင် ငြိမ်းချမ်းရေးနှင့် ဖြစ်တည်မှုဆိုင်ရာ လုံခြုံရေးကိုပါပေးအပ်နိုင်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ ဦးသုဇန၏ ယုံကြည်ရသောကွန်ယက်သည် ၎င်း၏နောက်လိုက်များအား ပဋိပက္ခများဖြစ်ပွားနေသော အချိန်ကာလများတွင် အကာအကွယ်ပေးခဲ့ပါသည်။

ဦးသုဇန၏ ကိုယ်ကျင့်တရားဆိုင်ရာလူ့အသိုင်းအဝိုင်းတစ်ခုအပေါ်   ရပ်ရွာလူမှုအသိုက်အဝန်းဆိုင်ရာ အမြင်သည် အမျိုးသားရေးဝါဒီများနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများမှ အရှိန်ရလာနေသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်ရပ်ဖြစ်ပါသည်။ အမျိုးသားရေးလှုပ်ရှားသူများအနေဖြင့် တိုင်းပြည်ကိုပိုမိုထိန်းချုပ်နိုင်ရေးအပေါ် ဆောင်ရွက်လှုပ်ရှားကြသော်လည်း မြန်မာနိုင်ငံရှိ မဘသနှင့် ထိုင်းနိုင်ငံရှိ Dhammakaya လှုပ်ရှားမှုတို့မှာ တိုင်းပြည်ထိန်းချုပ်မှုကို စိန်ခေါ်သည့် လှုပ်ရှားမှုများ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ထိုလှုပ်ရှားမှုများသည် အခြားကိုးကွယ်ယုံကြည်မှုများအား ဖယ်ကြဥ်ထားရန်အတွက်တိုင်းပြည်နှင့် တရားဥပဒေစိုးမိုး‌ရေးကို အသုံးပြုကြပါသည်။ ဦးသုဇန၏လှုပ်ရှားမှုမှ ရရှိသည့် သင်ခန်းစာမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအကာအကွယ်အရ ဘာသာရေးဆိုင်ရာကိုယ်စားပြုမှုအပါအဝင် တရားမျှတမှုနှင့် လုံခြုံရေးအပေါ် ရှုမြင်ချက်သည် နာကျည်းမှုနှင့် ခံစားရမှုများကို ပြန်လည်ပြုပြင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြမ်းတမ်းမှုနှင့် သက်ဦးဆံပိုင်စနစ်အသွင်လွယ်ကူစွာ ပြောင်းလဲသွားနိုင်သည်ဟူသော အချက်ဖြစ်ပါသည်။

ဦးသုဇန၏ ကိုယ်ကျင့်တရားဆိုင်ရာလူ့အသိုင်းအဝိုင်းသည် ဗုဒ္ဓဘာသာစည်းမျဥ်းစည်းကမ်းများ၊ ယုံကြည်မှုဆိုင်ရာ နိုင်ငံရေးနှင့် တိုင်းပြည်ပြုရေးအတွက် အခြားနည်းလမ်းတစ်ရပ်အပေါ်တွင် (KNU ၏ အဖွဲ့အစည်းများအပါအဝင်) အခြေခံသော်လည်း ၎င်းတွင် လောကီရေးရာဖွဲ့စည်းပုံနှင့် ၎င်းတွင်ရှိသော ဥပဒေသများကို လျစ်လျှူရှုထားသည့် မင်းမဲ့ဝါဒတစ်ရပ်လည်းပါဝင်နေပါသည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်း၏ဆောင်ရွက်ချက်များအား တိုင်းပြည်၏ရှုထောင့်မှနေ၍လေ့လာကြည့်သောအခါ ဦးသုဇနသည် ‘တိုင်းပြည်၏အုပ်ချုပ်ခြင်းမခံရမှု’ အချင်းအရာ နှင့် တရားဥပဒေစိုးမိုးရေးတွင်ကျွမ်းကျင်သည်မှာ သိသာပါသည် (Scott, 2009) ။ ဦးသုဇနသည် ၎င်း၏ သာမန်လက်လုပ်လက်စားနောက်လိုက်များ အတွက်သာ တရားမျှတမှုနှင့် အကာအကွယ်ပေးသည့် ကိုယ်ကျင့်တရားဆိုင်ရာ လူ့အသိုင်းအဝိုင်း တစ်ရပ်ကို အုပ်ချုပ်ပါသည်။ အထက်တွင်ဖော်ပြထားခဲ့သလို ယုံကြည်မှုဆိုင်ရာနိုင်ငံရေးနှင့် ဩဇာအာဏာတို့သည် ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများကို တစ်ဦးချင်းထိန်းချုပ်ရာတွင်သာမက အခြားဘာသာဝင်များကိုဖယ်ထုတ်ရာတွင်လည်း အသုံးပြုခြင်းခံရပါသည်။ ထိုအချက်သည် ဘာသာ‌ရေးဆိုင်ရာအတားအဆီးများနှင့် တင်းမာမှုများဖြစ်ပေါ်စေပါသည်။ ဦးသုဇန၏ တိုင်းပြည်ဖွဲ့စည်းပုံအတွက် အခြားနည်းလမ်းတစ်ရပ်မှာ မျက်မှောက်ခေတ် ဘာသာရေးဆိုင်ရာ အုပ်ချုပ်မှုတစ်ရပ်ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်တစ်ဦးမှ အုပ်ချုပ်သည့်ပုံစံမျိုးနှင့် ထပ်တူနီးပါးဆင်တူပါသည်။ တရားဝင်ဖြစ်မှုနှင့် ဩဇာအာဏာသည် ရဟန်းကိုယုံကြည်မှု၊ ၎င်း၏ဩဇာတိက္ကမနှင့် ၎င်း၏ဆုံးဖြတ်ချက်များပေါ်တွင်သာလုံးဝမှီခိုနေသလို ၎င်းအပေါ် တစ်ဦးချင်းမိတ်ဖွဲ့ထားမှုအပေါ်တွင်လည်းမူတည်ပါသည်။ ထိုကဲ့သို့သော ဒေသတွင်းအစိုးရတစ်ရပ်သည် အထက်တွင်ဖော်ပြထားသည့်အတိုင်း ဂိုဏ်းဂဏစွဲဝါဒအဖြစ် ဦးတည်သွားနိုင်ပါသည်။

၂၀၁၇ခုနှစ်တွင် ဦးသုဇန၌ လက်နက်ကိုင်ကျောထောက်နောက်ခံအကန့်အသတ်ဖြင့်သာရှိခဲ့သလို အုပ်ချုပ်မှုဆိုင်ရာထိန်းချုပ်နိုင်မှုမှာလျော့ကျလာခဲ့သော်လည်း ၎င်းအနေဖြင့် ယုံကြည်မှုဆိုင်ရာလွှမ်းမိုးမှုနှင့် အာဏာပိုင်များနှင့် အခြားရဟန်းများအကြား လေးစားမှုကို အတိုင်းအတာတစ်ခုအထိ ဆက်လက် ရရှိနေခဲ့ပါသည်။ အစိုးရမှ ဦးသုဇန၏အခြားသောဘာသာရေးဆိုင်ရာ နယ်မြေများတွင် ကျုးကျော်ကာစေတီများတည်ထားနေမှုကို ရပ်တန့်စေရန် မဆောင်ရွက်ရဲခဲ့ပေ။ ဦးသုဇနသည် ဘာသာရေးဆိုင်ရာမြေများနှင့် ဘာသာရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်နေသော်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အစိုးရ၏ခွင့်ပြုချက်ရမှသာလျှင် အရေးယူဆောင်ရွက်မှု ပြုပါသည်။ ဦးသုဇန၏မိတ်ဖက်ဟောင်းဖြစ်သူ တပ်မတော်သည် BGF ထဲတွင်မြန်မာစစ်သား အများအပြားကို ထည့်သွင်းနိုင်ခဲ့ကာ ဦးသုဇန၏လွှမ်းမိုးနိုင်မှုကို အသုံးချခဲ့သည့်တိုင်အောင် ၎င်းတို့သည်လည်း ဦးသုဇနကိုရပ်တန့်ခဲ့ခြင်းမရှိပါ။

ဦးသုဇနနှင့် ဘာသာရေးကိုအသုံးချပြီး နိုင်ငံရေးရည်မှန်းချက်များကိုရယူရန်ကြိုးပမ်းနေသည့် အခြားရဟန်းများသည် ဒေသတွင်းနှင့် တစ်နိုင်ငံလုံးဆိုင်ရာ ပဋိပက္ခများနှင့် အကြမ်းဖက်မှုအသစ်များ ဖန်တီးခြင်းဖြင့် ဒီမိုကရေစီအသွင်ပြောင်းလဲရေးကို တားဆီးပိတ်ပင်မှုတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အကယ်၍ရဟန်းများသည် မြေယာသိမ်းယူနိုင်၊ ငွေကြေးတောင်းခံနိုင်ပြီး တစ်ဦးချင်း၏ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်နိုင်လျှင် ထိုအပြုအမူများသည် ရဟန်းများနှင့် ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို အနာဂတ်တွင် ထိခိုက်လာစေနိုင်ပါသည်။

ပုံ ၆

မြိုင်ကြီးငူရှိ ၎င်း၏စျာပနပွဲ၌ လဲလျောင်းနေသည်ကိုတွေ့ရသော ဦးသုဇန။ (ပုံနှစ်ပုံ) (စာရေးသူရိုက်ယူခဲ့သောပုံ)

စာကြွင်း – အဓိကကာကွယ်ထောက်ခံအားပေးသူတစ်ဦး၏နောက်ဆုံးခရီး

၂၀၁၈ ခုနှစ်တွင် ဦးသုဇနသည် ဘန်ကောက်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။ ၎င်းမပျံလွန်တော်မူခင်ကာလအနည်းငယ်တွင် ကျွန်ုပ်သည် ဦးသုဇနနှင့် တွေ့ခွင့်ရနိုင်လိုရနိုင်ငြား မေးမြန်းခဲ့ကြည့်ဖူးပါသည်။ သို့သော် ဦးသုဇနသည် ၎င်းအကြောင်းကိုရေးသားခဲ့သော ပုဂ္ဂိုလ်တစ်ဦးအား လက်ခံစကားပြောလိုခြင်းမရှိဟု ကျွန်ုပ်ပြန်လည်ကြားသိခဲ့ရပါသည်။ ဦးသုဇနပျံလွန်တော်မူသွားသောအခါ ၎င်း၏ရုပ်ကလာပ်အား မြိုင်ကြီးငူသို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး စျာပနပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မကျင်းပခင်အထိ ၎င်းသီတင်းသုံးခဲ့သော ဘုန်းကြီးကျောင်းတွင် ပူဇော်ရန်ပြသထားခဲ့ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏သုတေသနအဖွဲ့ဖြင့် ထိုပွဲသို့သွားရောက်ကာ အရိုအသေပြုခွင့်ရခဲ့ပါသည် – ထိုသို့ပြုလုပ်ခွင့်ရခဲ့သော နိုင်ငံခြားသားမှာ ကျွန်ုပ်တစ်ဦးထဲဖြစ်နိုင်ပါသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များသာလျှင် ထိုပွဲသို့တက်ရောက်ခွင့်ရရှိခဲ့ကြောင်း ကျွန်ုပ်လေ့လာသိရှိခဲ့ရပါသည်။ အသားငါးစားသောက်ခြင်းအား တင်းကြပ်စွာတားမြစ်ခဲ့ပြီး စျာပနပရဝဏ်အား လက်နက်ကိုင်စစ်သားများမှ စောင့်ကြပ်ခဲ့ကြပါသည်။

မြိုင်ကြီးငူကို စီမံခန့်ခွဲနေသော ကော်မတီမှ ကျွန်ုပ်လာရောက်နိုင်ရန်ခွင့်ပြုချက်ပေးခဲ့ပါသည်။ အစည်းအဝေးတစ်ခုတွင် ၎င်းတို့မှ ကျွန်ုပ်အား ဦးသုဇနသည် မြန်မာတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့တိုက်ပွဲများအကြား ထွက်ပြေးခဲ့ရသော ကရင်လူမျိုး ၅၀၀၀ – ၆၀၀၀ ၏နေရပ်စွန့်ခွာမှုအတွက်မည်သို့မည်ပုံ စီစဥ်ဆောင်ရွက်ခဲ့ပေးကြောင်း ပြောပြခဲ့ပါသည်။ မြန်မာတပ်မတော်မှ ဟတ်ကြီးဆည်နှင့် ဆက်စပ်ထားသော လမ်းများဖောက်လုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပါသည်။ ဦးသုဇနမှ ထိုလမ်းဖောက်ခြင်းကို ဆန့်ကျင်ခဲ့ပါသည်။ ၎င်းမှ မယ်သဝေါဧရိယာနားအထိ လမ်းလျှောက်လာခဲ့ကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် အကားအစီးရေ ၂၀၀ ဝန်းကျင်ပါရှိသော ယာဥ်တန်းတစ်ခု စီစဥ်ပေးခဲ့ကာ ထိုသူများအား ထိုင်းနိုင်ငံနယ်စပ်နှင့် နီးသော နေရာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဦးသုဇနသည် တပ်မတော်ထံမှ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများအတွက် အစားအသောက်များအလှူခံခြင်းလည်းရှိခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ တိုက်ပွဲများပိုမိုဖြစ်ပွားလာခဲ့ပြီး ဒုက္ခသည်များပိုမိုရောက်ရှိလာခဲ့ကြပါသည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုကရင်ဒုက္ခသည်အားလုံးကို ကျွေးမွေးရန်အခက်အခဲများ ဖြစ်လာခဲ့ပါလိမ့်မည်။

နယ်ခြားစောင့်တပ်တပ် ဗိုလ်မှူးကြီးစောချစ်သူမှ ဦးသုဇန၏စျာပနကို စစ်တပ်ယူနီဖောင်းဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုအချက်သည် ၎င်းတို့၏အသိုင်းအဝိုင်းအား စော်ကားသည့်သဖွယ်ဖြစ်ခဲ့ပါသည်။ DKBA အား နယ်ခြားစောင့်တပ် အဖြစ်ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်တပ်မှ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့်အမိန့်ကို ဦးသုဇနမှမပြုလုပ်ရန် အကြံပေးခဲ့သော်လည်း စောချစ်သူမှ လိုက်နာခဲ့ခြင်းမရှိပါ။ (DKBA ၏အဓိကအစိတ်အပိုင်းမှ BGF အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ချိန်တွင် ကျန်ရှိနေခဲ့သော တပ်ဟာ ၅ ကို ၎င်း၏ကွယ်လွန်သွားပြီဖြစ်သော တပ်မှူးဗိုလ်မှူးစောလားပွယ်မှ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်ဟု ပြန်လည်အမည်ပြောင်းလဲမှည့်ခေါ်ခဲ့ပါသည်။ ၎င်းမှ ကျွန်ုပ်အား ထိုသို့ပြုလုပ်ရခြင်းမှာ ဗုဒ္ဓဘာသာနှင့် လက်နက်ကိုင်တပ်ကို ရောနှောမှုဖြစ်ခြင်းမှရှောင်ကျဥ်ရန်ဟုပြောကြားခဲ့ပါသည်။ ဦးသုဇနအပေါ်သစ္စာခံသော အနည်းငယ်မှာမူ တိုးတက်သော ဗုဒ္ဓဘာသာရင်အမျိုးသားတပ်ဖွဲ့ အမည်အောက်တွင် ဆက်လက်တည်ရှိခဲ့ပါသည်။) စောချစ်သူမှ နောက်ပိုင်းတွင် စျာပနကို အရပ်ဝတ်ဖြင့် တက်ရောက်ခဲ့ပါသည် ပုံ ၄ တွင်ရှုပါ)။ အခြားသောစစ်ဗိုလ်ချုပ်များလည်း စျာပနသို့ လာရောက်ခဲ့ကြပါသည်။ ၎င်းတို့ထဲမှအထင်ရှားဆုံးမှာ ပုံတွင်မြင်ရသည့် BGF စစ်သည်များနှင့်အတူ ဦးသုဇနကို အရိုအသေပေးနေသည့် ခင်ညွန့်ဖြစ်ပါသည် (ပုံ ၂ တွင်ရှုပါ)။ ဒေသတွင်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ၎င်း၏ညာလက်ရုံးဖြစ်သူ မြစ်ဝကျွန်းပေါ်ဒေသခံ စကောကရင်လူမျိုးပုဂ္ဂိုလ်လည်း ထိုစျာပနသို့လာရောက်ခဲ့ပါသည်။ ၎င်းသည် ၁၉၉၄ ခုနှစ်တွင် KNU မှခွဲထွက်မှုမဖြစ်ခင်ကာလကတည်းက ဦးသုဇနှင့်အဆက်အသွယ်ရှိခဲ့သူဖြစ်ပါသည်။အခြားသော အရေးပါသည့် တက်ရောက်လာသူတစ်ဦးမှာ စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ်၌သြဇာအာဏာကြီးမားပြီး ကြွယ်ဝသော ခရိုနီတစ်ဦးဖြစ်သည့် ဦးခင်ရွှေဖြစ်ပါသည်။

စျာပနတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းသည် အထင်ကြီးဖွယ်ကောင်းလှပါသည်။ မီးသဂြိုလ်စင်အား မြင်းမိုရ်တောင်ပုံသဏ္ဍာန် စေတီနှင့်တူသော အဆောက်အဦထဲတွင် ထည့်သွင်းတည်ဆောက်ထားပါသည်။ ထောင်နှင့်ချီသော နောက်လိုက်များ စုဝေးခဲ့ကြပြီး မီးသဂြိုလ်စင်အား တက်ရောက်လာသူများထဲမှ အရေးပါသောသူများမှ မီးညှိခဲ့ကြပါသည်။ ထိုသူများထဲတွင် သာသနာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကိုနှင့် အခြားသော ဗိုလ်ချုပ်များပါဝင်ကြပါသည်။ အဆောက်အဦများ၊ အကပဒေသာများနှင့် အစားအသောက်များအပါအဝင် အရာအားလုံးအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၆၇,၀၀၀ ထက်ပိုမိုများသောပမာဏနှင့် တူညီပါသည်။

ဦးသုဇန၏ထိုင်းလူမျိုး ဆရာတစ်ဦးဖြစ်သူ Saha ကုမ္ပဏီ၏ပိုင်ရှင်သည် ထိုင်းဘတ်ငွေပမာဏတစ်ခုကို လှူခဲ့ပါသည်။ ၎င်းသည် ၎င်း၏သားကို ထိုင်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ စျာပနသို့ စေလွှတ်ခဲ့ပါသည်။ Saha ကုမ္ပဏီသည် ဦးသုဇနအတွက် ထိုင်းနိုင်ငံ ချွန်ဘူရီတွင် ဗုဒ္ဓဘာသာတရားစခန်းတစ်ခုကို တည်ဆောက်ပေးခဲ့ပြီး ထိုနေရာတွင်ကျင်းပလေ့ရှိသောပွဲများကို ဦးသုဇန၏ကရင်လူမျိုးနောက်လိုက်အများစုမှ တက်ရောက်ရန် လာရောက်လေ့ရှိပါသည်။

ဦးသုဇနသည် ငြိမ်းချမ်းရေးတည်ဆောက်သူတစ်ဦးအဖြစ်အပြင် ၎င်း၏စေတီပုထိုးပေါင်း ၉၃၀ အားတည်ထားမှုအတွက် ချီးကျူးထောပဏာပြုခံခဲ့ရပါသည်။ ၎င်းတို့ထဲမှအချို့သောစေတီပုထိုးများမှာ မြိုင်ကြီးငူအပြင်တွင်ရှိသော ပန်းခြံကြီးထဲတွင်တည်ထားခြင်းဖြစ်ပြီး ၎င်းစေတီအတွင်းရှိ ကျောက်ပြားများပေါ်တွင် ဦးသုဇန၏စာအက္ခရာများဖြင့် ဗုဒ္ဓဒေသနာတော်များကို ထွင်းထုထားပါသည်။ စျာပန၏ထုံးတမ်းအရ နောက်ဆုံးရေစက်ချပြီးသောအခါ စုဝေးလျက်ရှိသော နောက်လိုက်လူအုပ်အတွင်းသို့ ပေါက်ပေါက်ဆုပ်နှင့် ပိုက်ဆံများကြဲချခဲ့ပါသည်။ ဦးသုဇန၏အရိုးပြာများအား စေတီများအထဲတွင်ဌာပနာရန် အရိုးအိုးကြီးတစ်အိုး အိုးသေးနှစ်အိုးထဲသို့တည့်သွင်းခဲ့ပါသည်။

BGF အရာရှိများသည် ၎င်းတို့၏စစ်သားများထံမှ ပိုက်ဆံကောက်ရန်အမိန့်ပေးခံခဲ့ရကြောင်း ကျွန်ုပ်သိရှိခဲ့ရပါသည်။ ထိုသို့ကောက်ယူခြင်းမှာ ဦးသုဇန၏စေတီပုထိုးများတည်ထားရာမှ တဖြည်းဖြည်းကြီးမားလာသော ကြွေးမြီများကို ပေးဆပ်ရန်ဖြစ်ကာ ရာထူးအဆင့်အလိုက် ထည့်ဝင်ခဲ့ကြရပြီး စုစုပေါင်းရရှိငွေမှာ ကျပ်သိန်းပေါင်း ၅၀၀ မှ ၁၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၃၆,၀၀၀ မှ ၇၃,၀၀၀ ကြား) ရှိပါသည်။

ထိုပွဲသည် စစ်ဗိုလ်ချုပ်များမှ KNU နှင့် NLD နှစ်ဖွဲ့စလုံး၏လွှမ်းမိုးမှုကို ဟန့်တားနှောက်ယှက်ရန် အသုံးပြုခဲ့သည့် စစ်တပ်အား ကာကွယ်ထောက်ခံအားပေးသူကွန်ယက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုကို လူအများအကြား ဖော်ပြခြင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ထိုကွန်ယက်တွင် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့်၊ မူဆလင်ဘာသာဝင်များ ကိုယ်စားပြုပါဝင်ကြသော်လည်း ဗုဒ္ဓဘာသာဝင်များမှ ကြီးစိုးထားသည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (Interfaith Dialogue Group) လည်းပါဝင်ခဲ့ပါသည်။ ထိုအဖွဲ့၏ဦးဆောင်သူမှာ ပိုးကရင်လူမျိုးတစ်ဦးဖြစ်ကာ ဗမာပြည်ဆိုရှယ်လစ်လမ်းစဥ်ပါတီ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သူ ဦးဖိုးညီဖြစ်ပါသည်။ ၎င်းသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee) ၏ အရပ်သားအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ မဘသ၏ကရင်ပြည်နယ်ဆိုင်ရာအဖွဲ့သည်လည်း ဤကွန်ယက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့သည်လည်း ဦးသုဇနကိုထောက်ခံခဲ့ပါသည်။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဦးသုဇန၏ ခရစ်ယာန်များနှင့် မူဆလင်များ၏ ဘာသာရေးပရဝဏ်များထဲတွင် စေတီပုထိုးများတည်ထားခြင်းကို တားမြစ်ခဲ့ခြင်းမရှိသလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည်လည်း KNU နယ်မြေများအတွင်းသို့ မြန်မာစစ်တပ်၏ကျူးကျော်မှုများကို ရပ်တန့်စေခဲ့ခြင်းမရှိပါ။

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး BGF သည် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုဆန့်ကျင်တိုက်ခိုက်နေသောတပ်မတော်၏လုပ်ဆောင်ချက်များကို ထောက်ခံပံ့ပိုးခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူသည်လည်း တရုတ်လူမျိုးများဆောင်ရွက်နေသော လိမ်လည်မှုများနှင့် ကာစီနိုလောင်းကစားဝိုင်းမြို့ဖြစ်သည့် ရွှေကုက္ကိုလ်မြို့နှင့် ပိုမိုပါဝင်ပက်သတ်လာပုံကို မြင်ရပါသည်။ BGF သည် မြဝတီမှ ဘားအံမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီးစီမံကိန်းတွင်နက်ရှိုင်းစွာပါဝင်ပက်သတ်နေခဲ့ပြီးဖြစ်ကာ ပဋိပက္ခများနှင့် အကျင့်ပျက်ခြစားမှုများကို ပေါ်ပေါက်လာစေခဲ့ပါသည်။ ဒီမိုကရက်တစ်ကရင်အကျိုးပြု တပ်မတော်၏ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောစတီးမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နေပြည်တော်သို့လာရောက်ကာ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုနေ့မှာပင် မြန်မာစစ်တပ်သည် စံစီမြိုင်ရှိ ၎င်းတို့၏ဗဟိုဌာနချုပ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဇွန်လတွင် မြဝတီမြို့တောင်ဖက်ရှိ ပလူးကျေးရွာ၌ DKBA နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် DKBA မှ တပ်မှူးသုံးဦး ထုတ်ပယ်ခံခဲ့ရပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် DKBA စစ်သည် ၃၀၀ နှင့် ထုတ်ပယ်ခံခဲ့ရသော တပ်မှူးများသည် မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် KNU ၏ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) နှင့် ပူးပေါင်းခဲ့ကြောင်း သိရှိရပါသည်။

ဦးသုဇနအား ၎င်း၏နောက်လိုက်များမှ ဗုဒ္ဓဘုရားတစ်ဆူ၏ သဘာဝလွန်တန်ခိုးများပိုင်ဆိုင်သူ (dagò Gyai’ မွန်လူမျိုးဗုဒ္ဓဘာသာဝင်များအသုံးပြုသော ဘုရားကိုရည်ညွှန်းသည့် စကားလုံး) အရဟံ (သူတော်စင်) တစ်ပါးအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာကို မြှင့်တင်ပေးခဲ့သည့် အဓိကသာသနာပြုတစ်ဦးဖြစ်ပါသည်။ သြဇာတိက္ကမပြည့်စုံသော ဦးသုဇနမရှိတော့သည့် နောက်ပိုင်းတွင် မြိုင်ကြီးငူသည် ၎င်း၏နောက်လိုက်များလျော့နည်းလာနိုင်ကောင်း လျော့နည်းလာနိုင်သလို သို့မဟုတ်ပါက ကရင်လူမျိုးရှေ့ဖြစ်ဟောသူနောက်တစ်ဦးအား ဤပြည်တွင်းစစ်ကာလအတွင်းတွင် တွေ့မြင်လာရပါမည်လား။

ပုံ ၇

ခင်ညွန့်အား စျာပနပွဲ၌ ၎င်း၏ကရင်ပြည်နယ်စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များ၏ ရှေ့တွင် မြင်ရပုံ။ (စာရေးသူမိတ်ဆွေရိုက်ယူခဲ့သောပုံ)

Endnotes

1 ကရင်ပြည်နယ်ရှိ မဘသအဖွဲ့ဝင်များမှ ၎င်းတို့သည် အဖွဲ့အစည်း၏အမည်ကို ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်းကြေညာခဲ့သောကြောင့် တရားစွဲဆိုခံရနိုင်ပါသည်။ ၎င်းတို့သည် ကရင်ပြည်နယ်မြို့တော်ဖြစ်သည့် ဘားအံမြို့‌တောင်ဘက်ရှိ ရွာများထဲသို့မူဆလင်များဝင်ရောက်ခြင်းမှတားမြစ်ရန် ဆိုင်းဘုတ်များထောင်ထားခဲ့ကြပါသည်။
2 Saw Thein Myint, 2015။ သတင်းပေးသူများ၏အဆိုအရ ဦးသုဇနသည် ကရင်ရပ်ရွာအခြေပြုကွန်ယက်၏စီမံကိန်းအကြောင်း သိရှိထားခဲ့သော်လည်း ထိုကျောင်းအသစ်အားမီးရှို့ရန် DKBA ကို အမိန့်ပေးခဲ့ပါသည်။
3 ဦးဝိမလဗုဒ္ဓိ၊ မဘသအတွင်းရေးမှုး ‘ခရစ်ယာန် KNU ၏လွှမ်းမိုးမှုများမှ ဗုဒ္ဓဘာသာ၏အမွေအနှစ်ကို ပြန်လည်ရယူရန် ဦးသုဇန၏ကြိုးပမ်းမှုကို အားပေးထောက်ခံခဲ့ပါသည်’။ Myanmar Times, ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်။
4 ကျွန်ုပ်အနေဖြင့် တရားမျှတမှု၊ လုံခြုံရေးနှင့် ကာကွယ်ရေးဟူ‌သော ဝေါဟာရများအား ယေဘုယျအားဖြင့် တရားဥပဒေနှင့်နိုင်ငံရေးသဘောတရားအရအသုံးပြုထားခြင်းဖြစ်ပါသည်။ ပိုးကရင်ဘာသာစကားတွင် လုံခြုံ‌‌‌ရေးအား au tjoe bi bo နှင့် တရားမျှတမှုအား ba ghau ba thau ဟုခေါ်ဆိုပါသည်။ba ghau ba thau သည် ‘အဆင့်’ ဟုလည်းအဓိပ္ပါယ်ရပါသည်။ နိုင်ငံတွင်းအာဏာပိုင်များအတွက် ဗမာဝေါဟာရများကို အသုံးပြုလေ့ရှိပါသည်။ ပိုးကရင်စကားလုံးများသည် ၁၈၄၀ ခုနှစ်များတွင် လာရောက်ခဲ့သော သာသနာပြုများ၏ စာတမ်းများထဲတွင် ကူးယူမှတ်သားထားပါသည်။
5 Bourdieu 1987, p. 119-136 တွင်ရှုပါ။ ဦးသုဇနသည် ပဋိပက္ခတစ်ခုအတွင်းကုသိုလ်ဘုန်းတန်ခိုးအလွန်ကြွယ်ဝမှုရှိသော ရှေ့ဖြစ်ဟောသူတစ်ဦးအနေဖြင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုန်းတန်ခိုးဩဇာအာဏာနှင့် ဗုဒ္ဓဘာသာအမွေအနှစ်တို့အား ပိုမိုခိုင်မာစေခဲ့ပါသည်။
6 Gravers, 2010.
7 ဦးသုဇန၏အတွေ့အကြုံများအား မြိုင်နန်းဆွေ (ကလောင်အမည်) နှင့် ဦးသုဇနတို့၏ စာအုပ်ငယ် (၁၉၉၉) နှင့် Myaing Nan Swe, 2004 ထဲတွင်ထည့်သွင်းရေးသားထားပါသည်။ Rozenberg, 2010 တွင်လည်းရှု့နိုင်ပါသည်။ ၁၉၉၄-၉၅ တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွက် အခြားသောရင်းမြစ်တစ်ခုမှာ ကရင်အမျိုးသားသမိုင်းသုတေသနအဖွဲ့မှ ဗမာလိုထုတ်ဝေသည့် New Nation ဂျာနယ် ဖြစ်ပါသည် (Karen National Historical Research Group, 1995)။ ဦးသုဇနဟူသော အမည်မှာ ‘သီလသမာဓိနှင့်ပြည့်စုံသူ’ ဟု အဓိပ္ပါယ်ရပါသည် (Rozenberg, 2010, p. 31)။
8 ဦးသုဇန၏ရှုထောင့်မှတွေ့ရှိမှုများအသေးစိတ်ကို Myaing Nan Swe, 1999 တွင်ရှုပါ။ ထိုစာထဲတွင် ရဟန်း၏ရှုမြင်ချက်များနှင့် KNU ခေါင်းဆောင်များမှ တုန့်ပြန်မှုများကို ဖော်ပြထားပါသည်။
9 ထိုထောက်ခံစာထဲတွင် ကောင်းကင်ပေါ်ရှိမြိုင်ကြီးငူနန်းဦးစေတီနှင့် ‘မြိုင်ကြီးငူမြို့ဟောင်း’ ပုံတံဆိပ်ခေါင်းပါရှိပါသည် – ထိုနေရာတွင် ဦးသုဇနရှာဖွေတွေ့ရှိခဲ့သော မွန်ဘုရင်ခေတ်မှ မြို့ရိုးဟောင်းနှင့် နန်းဦးဘုရားတို့၏အကြွင်းအကျန်များကို ရည်ညွှန်းကိုးကားထားခြင်းဖြစ်ပါသည်။
10 စောကျော်သန်းသည် KNLA ၏ အဆင့်မြင့် တပ်မှူးနှင့် တရားရေးအရာရှိဖြစ်သူ ဗိုလ်မှုးကြီးထူးထူးလေးထံသို့ ဗုဒ္ဓဘာသာများအား ခွဲခြားဆက်ဆံခြင်းကိုရပ်တန့်ရန် စာ‌‌ရေးတောင်းဆိုခဲ့ကာ ထူးထူးလေးမှ ကောင်းမွန်စွာအကြောင်းပြန်ခဲ့ပါသည် (Karen National Historical Group, 1995)။
11 KNU ဥက္ကဌ စောဘိုမြမှ ဦးသုဇနအား ရပ်တန့်ရန် နာမည်ကျော်သော ကော်သူးလေရဟန်းတစ်ပါးဖြစ်သူ ဦးဝိဇန (ခ) ရမ်ဘိုကိုယ်တော်ကို အသုံးချခဲ့ပါသည်။ ရမ်ဘိုကိုယ်တော်သည် ဦးသုဇနကို ရပ်တန့်ရန်ရည်ရွယ်ချက်ဖြင့် အသစ်ဖွဲ့စည်းခဲ့သော ကော်သူးလေသံဃာ့အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပါသည်။
12 ကရင်လူမျိုးစုအတွင်းပိုင်း အစိတ်စိတ်အမွှာမွှာကွဲခြင်း အဆင့်ဆင့်ကို Gravers (2015b) တွင်ရှုပါ။
13 Saw Thea သည် မွန်စကားလုံးတစ်လုံးဖြစ်ပြီး မှန်ကန်ပြီး သစ္စာရှိပါမည်ဟု အဓိပ္ပါယ်ရပါသည်။
14 ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလတွင် DKBA စစ်သားဟောင်းနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ ၎င်းတို့ထဲမှတစ်ဦးသည် စစ်သားတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ၎င်း၏စိတ်ထဲတွင် ငြိမ်းချမ်းစေရန် ရဟန်းဘဝသို့ဝင်ရောက်လာခဲ့ပါသည်။
15 သတင်းပေးတစ်ဦးမှ စစ်ထောက်လှမ်း‌ရေး၏ဆောင်ရွက်ချက်များကို လေ့လာစောင့်ကြည့်ခဲ့ပြီး ဦးသုဇနကိုလည်းသိရှိခဲ့ပါသည်။ မြိုင်ကြီးငူတွင် နံရံဆေးရေးပန်းချီများမှ ခင်ညွန့်နှင့် အခြားသော ဗိုလ်ချုပ်များအပါအဝင် ချီတက်နေသော စစ်သည်များမှ ဦးသုဇနအား ဂါရဝပြုနေကြသည်ကို ပုံဖော်ရေးဆွဲထားပါသည်။ ခင်ညွန့်သည် လှူဖွယ်ပစ္စည်းများဖြင့် ဦးသုဇနထံသို့ မကြာခဏ လာရောက်လေ့ရှိပါသည် (New Light of Myanmar, 1999)။
16 DKBO မှ ၎င်းတို့၏ရည်ရွယ်ချက်သည် လူသားတို့၏နာကျင်ခံစားရမှုများမှလွတ်မြောက်စေကာ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုဖန်တီးပေးလိုခြင်းဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည် (“Whither KNU”, 1995).
17 စာအုပ်၏အမည်မှာ Shines the Light of Dhamma ဖြစ်ပါသည် (Myaing Nan Swe, 1999)။
18 ဦးသုဇနသည် စောဘဦးကြီး၏ ၁၉၅၀ ခုနှစ်မှ စည်းမျဥ်းလေးခုကို အဆက်မပြတ်ပြန်လည်ညွှန်းဆိုခဲ့ပါသည် – လက်နက်ချခြင်းမရှိရ၊ ကရင်ပြည်နယ်အားအသိအမှတ်ပြုမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရမည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်လက်နက်များကို ဆက်လက်ထားရှိမည်၊ ကျွန်ုပ်တို့၏နိုင်ငံရေးကံကြမ္မာကို ကျွန်ုပ်တို့ကိုယ်တိုင်ဆုံးဖြတ်မည်။
19 စည်းမျဥ်းများ “Translated Letter”, 1995.
20 လေကွယ်ကော် (Lai Gwae Gau)၊ ကွယ်ကော်စာ သည်လူသိများသော ဗုဒ္ဓဘာသာကရင်တော်လှန်ရေးသမားနှင့် ၁၉ ရာစုမှ mìn laùng ကို ရည်ညွှန်းပါသည် (Gravers, 2012)။
21 Pha Ba Kho သည် Wat Phra Bat Huai Tom အတွက်ကရင်အမည်ဖြစ်ပြီး ဗုဒ္ဓဘာသာကရင်လူမျိုးများ၏ ဗုဒ္ဓဘာသာကရင်ဘုန်းတော်ကြီးကျောင်းများအခြေရာရာနေရာ- ဗုဒ္ဓမှ ထိုနေရာသို့လာရောက်ခဲ့ပြီး ၎င်း၏ခြေရာတော် (phra bat) ကို ချန်ထားခဲ့သည့်နေရာဖြစ်သည်။
22 သြဇာတိက္ကမနှင့်ပြည့်စုံသောရဟန်းများအကြောင်းဆွေး‌နွေးထားချက်အား Cohen, 2017 တွင်ရှု့ပါ။ ကရင်သမိုင်းတွင် သြဇာတိက္ကမနှင့်ပြည့်စုံသောခေါင်းဆောင်များစွာကို သာဓကအနေဖြင့် တွေ့နိုင်ပါသည်။
23 ကရင်လူ့အခွင့်အ‌ရေးအဖွဲ့မှတင်ပြချက် – ၁၉၉၅၊ ၉၅-၁၆; မတ်လ ၁၉၉၆၊ ၉၆-၁၄; သြဂုတ်လ ၁၉၉၈၊ ၉၈-၀၈။ “Armed Incursions”, 1995။ ထိခိုက်ခဲ့သော ဒုက္ခသည် စခန်းများမှ ကရင်လူမျိုးအများအပြားအား KHRG မှ တွေ့ဆုံမေးမြန်းခဲ့ပြီး ခရစ်ယာန် KNU ၏အမြင်အရ သတင်းအချက်အလက်များသည် မှန်ကန်မှုရှိပါသည်။ အချို့သော DKBA စစ်သားများသည် ဒုက္ခသည်စခန်းများထဲတွင် ချန်ရစ်နေခဲ့ကြပါသည်။ ခင်ညွန့်မှ ဗမာပြည်သည် ထိုတိုက်ခိုက်မှုများနောက်ကွယ်တွင်ရှိနေသည်ဟူသောအချက်ကို ငြင်းဆိုခဲ့ပါသည်။ သို့သော် ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ‌ဗမာရုပ်မြင်သံကြားထုတ်လွှင့်မှုမှ မြိုင်ကြီးငူတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များက ဦးသုဇနနှင့်တွေ့ဆုံနေသည်ကို ထုတ်လွှင့်ခဲ့ပါသည် (ကွင်းဆင်းမှတ်တမ်းများ ၁၉၉၆)။
24 Asia Human Rights, 1997.
25 ထိုစာဘာသာပြန်အား (“Whither KNU”, 1995) တွင်တွေ့နိုင်ပါသည်။
26 Gravers, 2015a တွင် SDA အများအပြားသည် ဦးသုဇနအပေါ်သစ္စာရှိခဲ့ကြသည်ဟု ကျွန်ုပ်ရေးသားခဲ့ပါသည်။ ၎င်းအချက်သည် အပြည့်အဝမှန်ကန်သည်တော့မဟုတ်ပါ။ ၎င်းတို့သည် ဘာသာပြောင်းရန် သို့မဟုတ် ထွက်ခွာရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်ပါသည်။ Karen National Historical Group, 1995 မှ ဆရာတော်အပေါ်မှီခိုပြီး သားသတ်လွတ်သမားများဖြစ်လာသော ခရစ်ယာန်ဘာသာဝင်များရှိခဲ့ကြောင်း ရေးသားခဲ့ပါသည်။ ကျွန်ုပ်သည် SDA-ဗုဒ္ဓဘာသာဝင်မိသားစုတစ်စုအား တွေ့ခဲ့ဖူးပါသည်။ ဦးသုဇနမှ စာသင်ကျောင်းအား မီးရှို့ပြီးနောက်တွင် SDA ကရင်အမျိုးသမီးမှ ၎င်း၏ဗုဒ္ဓဘာသာအမျိုးသားအား ကွာရှင်းခဲ့ပါသည်။
27 ဦးသုဇန၏ ယခင်ဘဝတွင် ဘုရင်ဖြစ်ခဲ့ဖူးသည်ဟူ‌သော သတ်မှတ်ရှုမြင်ချက်သည် ဗုဒ္ဓဘာသာနက္ခတ်ဗေဒအပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ ၎င်းသဘောတရားများကိုအသေးစိတ်ဆွေးနွေးထားချက်များအား Gravers, 2011 တွင်ရှုပါ။
28 BGF နှင့် KNU ခွဲထွက်အဖွဲ့များ၏ တည်ထောင်ပုံကို South, 2011 တွင်ရှုပါ။
29 ဦးသုဇနအား၎င်း၏နောက်လိုက်များမှ Phu Ga Cha – ဖိုးဖိုးကြီး ဟုလည်းခေါ်ဆိုကြပါသည်။
30 တွေ့ဆုံမေးမြန်းမှုသည် ဖေဖော်ဝါရီလ ၂၀၁၇ တွင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဥ်တိုင်းလိုလိုတွင် ပုံစံသည် အတူတူပဲဖြစ်ပါသည်။ ဦးသုဇနသည် ညအချိန်တွင် ဆောက်လုပ်‌ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးအဖွဲ့ အပါအဝင် လက်နက်ကိုင်အစောင့်အရှောက်များပါ တင်ဆောင်ထားသည့် ကားများဖြင့်ရောက်လာလေ့ရှိပါသည်။ ၎င်းသည် ပြောက်ကျား တပ်မှူးတစ်ယောက်ကဲ့သို့ ၎င်းသွားရောက်မည့်နေရာကို ကြိုတင်ကြေညာခြင်းမရှိပါ။
31 တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဘားအံမြို့ရှိ ၁၉၈၈ မျိုးဆက်ကျောင်းသားတစ်ဦးမှ မြို့သစ်တစ်မြို့အတွက် ဧက ၁၀၀၀ ကျော်သိမ်းယူသွားခဲ့ကြောင်း ပြောပြပါသည်။ သို့သော် ထိုနယ်မြေများ၏တည်နေရာအတိအကျနှင့် ပိုင်ဆိုင်မှုကိုစစ်ဆေးအကဲဖြတ်နိုင်ရန်ခက်ခဲပါသည်။
32 ကွင်းဆင်းဆောင်ရွက်မှုပြုခဲ့ချိန်တွင် ပုဂ္ဂိုလ်ရေးအရဆက်သွယ်ပြောဆိုချက်၊ ဇွန်လ ၂၀၁၇။
33 တပ်မတော်၏နိုင်ငံတော်ငြိမ်ဝပ်ပိပြား‌ရေးအစိုးရမှအကျင့်ပျက်ခြစားမှုဖြစ်တည်လာစေရန် ဆောင်ရွက်ခဲ့သည်ဟုဆိုထားသော Chessman, 2016, p. 162) တွင် တရားဥပဒေစိုးမိုး‌ရေးအကြောင်းဆွေးနွေးချက်များကို ရှုပါ။

ကိုးကား

Armed Incursions by Karens Expose Diplomatic Shortfalls. (1995, May 5). Bangkok Post. https://www.burmalibrary.org/reg.burma/archives/199505/msg00023.html

Asia Human Rights. (1997, February 8). Burning Down of Karen Camps. https://www.burmalibrary.org/reg.burma/archives/199702/msg00094.html

Aung Kyaw Min. (2015, June 10). Ma Ba Tha Supports Stupa-building Monk in Kayin State. Myanmar Times. https://www.mmtimes.com/national-news.html?page=938

Bangkok Post. (1994, December 17). [Editor’s note: Incomplete reference. Article unknown.]

Birsley, R. (1994). Mutiny by Karen Guerillas Threatens 45-Year Campaign. Reuters.

Bourdieu, P. (1987). Legitimation and Structured Interests in Weber’s Sociology. In S. Whimster & S. Lash (Eds.), Max Weber, Rationality and Modernity (pp. 119-136). Allen & Unwin. https://doi.org/10.4324/9781315823935

Cheeseman, N. (2016). Opposing the Rule of Law: How Myanmar’s Courts Make Law and Order. Cambridge University Press. https://doi.org/10.1017/CBO9781316014936

Cohen, P.T. (Ed.). (2017). Charismatic Monks of Lanna Buddhism. NIAS Press. https://www.niaspress.dk/book/charismatic-monks-of-lanna-buddhism/

Gravers, M. (2010, May). The Monk in Command. The Irrawaddy, 18(5). https://www2.irrawaddy.com/article.php?art_id=18407

Gravers, M. (2012). Waiting for a righteous ruler: The Karen royal imaginary in Thailand and Burma. Journal of Southeast Asian Studies, 43(2), 340–63. https://doi.org/10.1017/S0022463412000094

Gravers, M. (2015a). Religious imaginary as an alternative social and moral order—Karen Buddhism across the Burma-Thai border. In A. Horstmann & J. Jung (Eds.), Building Noah’s Ark for Migrants, Refugees, and Religious Communities (pp. 45-76). Palgrave MacMillan. https://doi.org/10.1057/9781137496300_3

Gravers, M. (2015b). Disorder as Order: The Ethno-Nationalist Struggle of the Karen in Burma/Myanmar—A Discussion of the Dynamics of an Ethicized Civil War and Its Historical Roots. The Journal of Burma Studies, 19(1),27-78. https://doi.org/10.1353/jbs.2015.0005

Gravers, M. (2017). Building Moral Communities in and Uncertain World: A Karen Lay Buddhist Community in Northern Thailand. In P. T. Cohen (Ed.), Charismatic Monks of Lanna Buddhism (pp. 115-146). NIAS Press. https://www.niaspress.dk/book/charismatic-monks-of-lanna-buddhism/

Karen Human Rights Group. (1996). Inside the DKBA. KHRG#96-14. https://khrg.org/1996/03/khrg96b23/inside-dkba

Karen Human Rights Group. (1998). Uncertainty, Fear and Flight. KHRG#98-08. https://khrg.org/sites/khrg.org/files/khrg9808.pdf

Karen Human Rights Group. (2001). Abuse Under Orders: The SPDC and DKBA Armies through the Eyes of Their Soldiers. KHRG#2001-01. http://khrg.org/sites/default/files/khrg0101.pdf

Karen National Historical Research Group. (1995). New Nation Journal, 3. (In Burmese.)

Kwanchewan Buadaeng. (2017). A Karen Charismatic Monk and Connectivity Across the Thai-Myanmar Borderland. In P. T. Cohen (Ed.), Charismatic Monks of Lanna Buddhism (pp. 147-170). NIAS Press. https://www.niaspress.dk/book/charismatic-monks-of-lanna-buddhism/

Lawi Weng. (2016, April 25). Pagoda near Church Inflames Religious Tensions in Karen State. The Irrawaddy. https://www.irrawaddy.com/news/burma/pagoda-near-church-inflames-religious-tensions-in-karen-state.html

Myaing Nan Swe. (1999). Myaing Gyi Ngu Sayadaw. A Jahan who Shines the Light of Dhamma. Myaing Gyi Ngu.

Myaing Nan Swe & Myaing Gyi Ngu Sayadaw. (2004). Today Myaing Gyi Ngu of the Decade: Spring on Region with Breeze. Myaing Gyi Ngu.

New Light of Myanmar. (1999, July 11). [Editor’s note: Incomplete reference. Article unknown.]

Rozenberg, G. (2010). Renunciation and Power. The Quest for Sainthood in Contemporary Burma. Yale University Southeast Asian Studies. https://books.google.com/books/about/Renunciation_and_Power.html?id=pPqpcQAACAAJ  

Saw Thein Myint. (2015, January 26). Karen Community Group Build School for Remote Villagers. Karen News. https://data.unhcr.org/en/news/14152

Scott, J. C. (2009). The Art of Not Being Governed: An Anarchist History of Upland Southeast Asia. Yale University Press. https://yalebooks.yale.edu/book/9780300169171/the-art-of-not-being-governed/

South, A. (2011). Burma’s Longest War: Anatomy of the Karen Conflict. Transnational Institute & Burma Center Netherlands. https://www.tni.org/en/briefing/burmas-longest-war-anatomy-karen-conflict

S’Phan Shaung. (2016, April 27). Buddhist Abbot Fuels Religious Tension in Karen State by Building Pagodas in Church and Mosque Grounds. Kwe Ka Lu.

Tamanaha, B. Z. (2008). Understanding Legal Pluralism: Past to Present, Local to Global. Sydney Law Review, 30, 375-411. https://www.austlii.edu.au/au/journals/SydLRev/2008/20.pdf

Tambiah, S. J. (1976). World Conqueror and World Renouncer: A Study of Buddhism and Polity in Thailand against a Historical Background. Cambridge University Press. https://doi.org/10.1017/CBO9780511558184

The Nation. (1994, December 17). [Editor’s note: Incomplete reference. Article unknown.]

Tilly, C. (2005). Trust and Rule. Cambridge University Press. https://doi.org/10.1017/CBO9780511618185

Translated Letter From Burma (DKBA): From Sayadaw U Thu Za Na & Myae Kyi Ngu 2 January 1995. (1995, February 9). http://hartford-hwp.com/archives/54/149.html

Weber, M. (1963). The Sociology of Religion. Beacon Press.

Whither KNU? From the Democratic Kayin Buddhist Organization (DKBO). (1995, January 29). The New Light of Myanmar. http://hartford-hwp.com/archives/54/148.html

Ye Mon. (2016a, April 29). Religious Affairs Minister to Halt Monk’s Stupa Streak. Myanmar Times. https://www.mmtimes.com/national-news/20034-religious-affairs-minister-to-halt-monk-s-stupa-streak.html

Ye Mon. (2016b, May 5). Provocations Mount in Stupa Saga. Myanmar Times. https://www.mmtimes.com/national-news/20127-provocations-mount-in-stupa-saga.html

Ye Mon & Aung Kyaw Min. (2016, April 27). Buddhist Monk Continues Stupa-Building Spree. Myanmar Times. https://www.mmtimes.com/national-news/19978-buddhist-monk-continues-stupa-building-spree.html