မြန်မာ့နိုင်ငံရေးယဥ်ကျေးမှုအရွေ့

မိုးထက်နေ

Cite as: 
မိုးထက်နေ၊ (၂၀၂၁)၊ မြန်မာ့နိုင်ငံရေးယဥ်ကျေးမှုအရွေ့။ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်, ()။ https://ijbs.online/?page_id=3097

စာတမ်းအကျဉ်း

ဤစာတမ်းတွင် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အရွေ့သည်အမျိုးသား ရေးအခြေခံစိတ်အပေါ် နိုင်ငံရေးအကျိုးအမြတ်အလို့ငှာ အသုံးချရန် ကြိုးစားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဖြစ်စဉ်တခုဖြစ်သည်ကို မြန်မာဘုရင် အုပ်ချုပ်ရေးကာလ၊ ကိုလိုနီခေတ်အုပ်ချုပ်ရေးနှင့် ကိုလိုနီခေတ်လွတ်မြောက်ရေးလှုပ်ရှားမှုများ၊ ဂျပန်ခေတ် စစ်ပြီးခေတ် ပါလီမန်ဒီမိုကရေစီ‌ခေတ် (၁၉၄၈ – ၁၉၆၂)၊ အိမ်စောင့်အစိုးရ လက်ထက် (၁၉၅၈-၁၉၆၀)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် (၁၉၆၂-၁၉၈၈)၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ ခေတ် (၁၉၈၈-၂၀၁၀)၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ ၂၀၁၀ ရွေးကောက်ပွဲကာလ၊ နှင့် အမျိုးသားရေး အစွန်းရောက်များ ပေါ်ပေါက်လာသည့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲလွန်ကာလများ နောက်ပိုင်းအထိဖြစ်စဉ်များကိုလေ့လာသုံးသပ်တင်ပြထားပါသည်။ အတူယှဉ်တွဲနေထိုင်ကြရာတွင်လူမျိုးရေးဘာသာရေးပြဿနာများကို လူမှု စီးပွားရေးဆိုင်ရာ အကျိုးအမြတ်အပေါ်အခြေခံဖြစ်ပေါ်သည့် ဖြစ်လေ့ဖြစ်ထ ပြဿနာများအဖြစ်ယူဆခြင်းမပြုပဲနှစ်ပေါင်း ရှည်ကြာစွာ လူမျိုးရေး၊ ဘာသာရေးနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဆိုင်ရာ တရားမမျှတမှုတို့အား ဆန့်ကျင်ရုန်းကန်သည့် လှုပ်ရှားမှုများမှပေါက်ခဲ့ ရသည့် ပြဿနာများအဖြစ်ရှုမြင်ကာ မြန်မာ့နိုင်ငံရေးဇာတ်ဆောင်များ ကိုယ်တိုင်ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်းတွေ့ရှိရ ပါသည်။

Abstract

This paper discusses the shifts in Burmese political culture that were predominantly caused by political spirits of nationalism. The study covers the political developments from the Myanmar dynastic era up to the growth of fundamental religious nationalism after the 2012 by-election. The paper concludes that the political elites in Myanmar should not regard ethnic and religious conflicts as a result of clashing economic interests among the different communities, but that they are caused by struggles against structural injustice deeply rooted in Myanmar society.

မိတ်ဆက်

ကမ္ဘာ့သမိုင်းတွင် အမျိုးသားရေးအမှတ်သညှာများ၊ ယဥ်ကျေးမှု အမှတ်သညှာများအပေါ် အခြေခံသည့် အတွေးအခေါ်များ၊ တန်ဖိုးထားမှုများအပေါ် အခြေခံသည့် စီးပွားရေးနိုင်ငံရေး လှုပ်ရှားမှု များ အားကောင်း မောင်း သန်ပေါ် ပေါက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များစွာ ကိုတွေ့ရှိနိုင်ပါသည်။ ကိုလိုနီပြုခြင်း၏ အခြေခံပြသနာ အဖြစ် လုပ်အားစျေးကွက်၊ ကုန်စည်စျေးကွက်များပါဝင်သည့် စီးပွားရေးဆိုင်ရာ ရည်မှန်ချက်ကိုထင်ရှား စွာတွေ့မြင်ရသော်လည်း၊ ခွဲခြားမှုများတွဲဆက်ပါဝင်နေသည်ကို  လူမျိုးရေး၊ ဘာသာရေးကဲ့သို့ ယဥ်ကျေးမှုကဏ္ဍ များတွင်လည်း တွေ့ရှိရသည်။ လက်အောက်ခံ နိုင်ငံများသို့ ယဥ်ကျေးမှုတင်သွင်းခြင်းကို ကိုလိုနီအစိုးရများမှ ရည်ရွယ်ပြုလုပ်ခြင်းများ ရှိသကဲ့သို့ ကိုလိုနီနိုင်ငံများအကြား အစိုးရ၏ အစီအစဥ်ဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိကအစီအစဥ်ဖြင့် လည်းကောင်း ရွေ့ပြောင်းနေထိုင်အခြေချမှုများပေါ်ပေါက်ခဲ့ပြီး ယဥ်ကျေးမှုပေါင်းစည်း ဖြစ်တည်မှုများလည်း ရှိခဲ့သည်။ ဥပမာ။ မြန်မာနိုင်ငံသို့ အိန္ဒိယနွယ်ဖွားများ ဝင်ရောက်၍ လယ်ယာစီးပွားရေး တွင် ပါဝင်ဆောင် ရွက်ခြင်း။

ကိုလိုနီလက်အောက်ခံနိုင်ငံများ၏

လွတ်မြောက်‌ရေးလှုပ်ရှားမှုများသည်လည်း အမျိုးသားရေးဆောင်ပုဒ် များ၊ အမျိုးသားရေးရည်ရွယ်ချက်များ အပေါ်အခြေခံသည့် လှုံဆော်စည်းရုံးမှုများဖြင့် အတူပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။ ထိုလွတ်မြောက်ရေးလှုပ်ရှားမှုများသည် တိုင်ပြည်တခုချင်းစီ၏ စာပေ၊ ယဥ်ကျေးမှုအပါအဝင် နိုင်ငံ သားတို့၏ တွေးခေါ်မှုခံယူချက်နှင့် နိုင်ငံရေးအမြင်တို့ ကိုပပါ သက်ရောက်စေခဲ့သည်။ တရုတ်နိုင်ငံ၌ ဖြစ်ပွားခဲ့  သည့်  လက်သီးသူပုန် ( ၁၈၉၉ – ၁၉၀၁) ကြောင့် ပေါ်ပေါက်ခဲ့သည့် တရုတ်ရိုးရာ ဆေးပညာ၊ သိုင်းပညာ၊ စစ်ပညာ စသည်တို့ အားကိုယ်စားပြုသည့် ဇာတ်လမ်းဇာတ်ကွက်များ ပါဝင်သည့် ဝတ္ထု၊ ပြဇာတ်၊ ကဗျာတို့သည် ယနေ့တိုင် ပင်ဆက်လက် လွမ်းမိုးလျက်ရှိသေးသည်ကို တွေ့ရသည်။ ကိုလိုနီခေတ် လက်အောက်ခံနိုင်ငံများနှင့် အုပ်စိုးသူ နိုင်ငံတို့အကြား လက်နက်၊ နည်းပညာ၊ ဘဏ္ဍာ‌ရေးဆိုင်ရာ ကွာခြားမှုများကို အမျိုးသားရေး စိတ်အားအသုံးပြု တန်းညှိခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်သည် အမျိုးသားရေးလှိုင်း အားအကောင်းဆုံးအချိန်၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်ဆိုင်ရာ အကောက်အယူမှန်သမျှကို လူမျိုးရေး၊ ဘာသာရေး၊ ယဥ်ကျေးမှု များအပေါ် မှ သာချဥ်ကပ် ဆောင်ရွက်ခဲ့သည့် အခိုက်အတန့်အဖြစ် တွေ့မြင်နိုင်သည်။ အခြေခံအားဖြင့် တည်ရှိပြီးဖြစ်သည့် သာမာန်လူထု၏ အမျိုးသားရေး တန်ဖိုးထားမှုကို နိုင်ငံရေးရည်မှန်းချက်အတွက် လွှဲပြောင်းသုံးစွဲမှု၏ အောင်မြင် မှု သက်သေပင်ဖြစ်သည်။ တပြိုင်နက်ပင် အမျိုးသားရေးအစွန်ရောက်အတွေးအခေါ်၏  ကြီးမားသည့်အန္တရာယ် ရှိမှုကို လည်း ညွှန်းဆိုသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် အမျိုးသားရေးအစွန်းရောက်မှုနှင့် ခွဲခြားဆက်ဆံမှုအတွေး အခေါ်၏ ကြီးမားသည့် သက်ရောက်မှုအပေါ် သတိထားတုံ့ပြန်ရန် ကြိုးစားခဲ့ကြပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အ ရေး ကြေငြာစာတမ်းသည် လူမျိုးကြီးဝါဒနှင့် ခွဲခြားဆက်ဆံမှုကို တာမြစ်တုံ့ပြန်ရန် ကြိုးစားခဲ့ကြခြင်း သက်သေ ပင်ဖြစ်သည်။

စစ်အေးခေတ်၌ ဘာသာရေး၊ အသားအရောင်၊ လူမျိုးအပေါ် အခြေခံသည့် ပြဿနာများ ကမ္ဘာ့နိုင်ငံ အများစုတွင် ဖြစ်ပွားခဲ့သော် လည်း စစ်အေးကာလ လက်ဝဲလက်ယာ ပြိုင်ဆိုင်မှု လှိုင်းအောက်တွင် အမျိုးသားရေး တက်ကြွမှုလှုပ်ရှားမှုများသည် ကမ္ဘာနေရာအများစု၌ ယာယီသဘောဆောင်ပြီး နိုင်ငံရေးထွက်ပေါက် အလို့ငှာ ဖန်တီး အသုံးချသည့် လှုပ်ရှားမှုများအဖြစ်သာ တွေ့ရပါသည်။ စစ်အေးခေတ် အပြီးတွင် ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု ပိုမိုအားကောင်းစေရန် လှုပ်ရှားမှုများ ပြုလုပ်ခြင်း အတွေးအခေါ်များ ဖြန့်ဝေခြင်းကို ပိုမိုပြုလုပ်လာ ကြသည်။ အမျိုးသားရေးအတွေးအခေါ်အား အသုံးပြု၍ စီးပွားရေး၊ နိုင်ငံရေး အားသာချက်များ ရယူနိုင်ရန် အား ထုတ်သည့် အင်အားစုနှင့် ကွဲပြားစုံလင်မှုအတွေးအခေါ်အား ရပ်ခံ၍ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သည့် အင် အားစုများ အကြားအား ပြိုင်မှုသည် ယနေ့ခေတ်၌ လက်ဝဲလက်ယာ နိုင်ငံရေးအတွေးအခေါ် အားပြိုင်မှုထက် ပိုမိုရှေ့တန်းရောက်ရှိနေသည်ကို တွေ့မြင်ရသည်။

ယခုဆောင်းပါးသည်  အမျိုးသားရေးအခြေခံစိတ်အပေါ် နိုင်ငံရေး အကျိုးအမြတ်အလို့ငှာ အသုံးချရန် ကြိုးစားလာခြင်းကြောင့် ဖြစ်ပေါ် လာသည့် မြန်မာ့နိုင်ငံရေးယဥ်ကျေးမှုအရွေ့ နှင့် ပါတ်သက်သည့် ကနဦးလေ့လာ ချက်ဆောင်းပါးဖြစ်သည်။

မြန်မာဘုရင် အုပ်ချုပ်ရေးကာလ

လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံစုပေါင်းနေထိုင်လျက်ရှိပြီး အင်္ဂလိပ်၊ ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံခဲ့ရ သည့် မြန်မာနိုင်ငံသည် အမျိုးသားရေး ဝါဒ အပေါ်အခြေခံသည့် နိုင်ငံရေးဖြစ်စဥ်များနှင့် အသားကျပြီးဖြစ် သည်။ ကိုလိုနီနိုင်ငံတခုအဖြစ် ဗြိတိသျှတို့၏ အန္ဒိယအင်ပါယာ အတွင်းသို့သွပ်သွင်းခြင်းမခံရမီ လက်ရှိမြန်မာနိုင်ငံဟု သက်မှတ် ချက်ခံထားရသည့် နယ်နမိတ်များသည် မြန်မာမင်းအုပ်ချုပ်မှု အောက်သို့ အလုံးဆုံကျရောက်နေကြ သည် မဟုတ်ပေ။ ကိုယ် ပိုင်ယဥ်ကျေးမှု အမှတ်အသားများ၊ အုပ်ချုပ်ရေးစနစ်များ၊ ကိုးကွယ်မှုဓလေ့များ၊ လူမှု ရေး ထုံးတမ်းစဥ်လာများ သီးခြားစီ အခိုင်အမာရှိခဲ့ကြသည်။ လက်ရှိမြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင်သာ ထိရောက်သည့် မြန်မာ့ဘုရင့် အုပ်ချုပ်ရေး စနစ်သက်ရောက်၍ ထိုခေတ်က ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကန့် သက်ချက်များအရ ပုံမှန်အုပ်ချုပ်ရေး ထူထောင်နိုင်ခြင်းမရှိပဲ ပဏ္ဍာဆက်နယ်များ၊ သစ္စာခံနယ်များ အဖြစ်သာရှိ ခဲ့သည်။ ကုန်ဘောင်မင်းဆက်သည် လက်ရှိ မြန်မာ့နယ်နမိတ်တွင် နေထိုင်ကြသည့် လူမျိုးများထက် ပိုမိုအင်အား သာလွန်သည့် အတွက် လက်အောက်ခံများသဖွယ် နေထိုင်ခဲ့ကြရသည်သာဖြစ်၍ နိုင်ငံရေး အရ စနစ်တကျပေါင်း စည်းရန် သဘောတူညီထားမှုမရှိ ခဲ့ပေ။ ထို့ကြောင့် ကာလတချို့တွင်မူ ပုံကန်ခြားနားခြင်း၊ အမိန့်မနာခံခြင်း၊ အခွန် ငြင်းပါယ်ခြင်းစသည့် ပြဿနာများ အပေါ် တွင် စစ်မက်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ကိုလိုနီခေတ်ယဥ်ကျေးမှု

အင်္ဂလိပ်အုပ်ချုပ်ရေး မစတင်မီက ရှိခဲ့သည့် ရိုးရာကိုးကွယ်မှုများအား ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ စသည့် ကိုးကွယ်မှုအသစ်များ ဖြင့်အစား ထိုးခြင်းမှ ယဥ်ကျေးမှုပုံစံအသစ်များ ပေါ်ပေါက်ခဲ့သည်။ ဘာသာကူး ပြောင်းများကြောင့် ပေါ်ပေါက်ခဲ့ သည့် ဘာသာရေး ဆိုင်ရာယဥ်ကျေးမှု ထုံးတမ်းစဥ်လာအသစ်များနှင့်အတူ ရှိရင်း ယဥ်ကျေးမှုဓလေ့အချို့အား ဆက်လက်ကျင့်သုံးမှုများ၊ ဒေသတခုနှင့် တခုအကြား ကူးလူးဆက်ဆံမှုများ ပိုမို ပေါ်ပေါက်လာသည်နှင့်အမျှ ယဥ်ကျေးမှုများရောစပ်ကျင့်သုံးခဲ့မှုများ ပေါ်‌ပေါက်ခဲ့သည်။

ကိုလိုနီခေတ်အုပ်ချုပ်ရေး

ကိုလိုနီခေတ်အုပ်ချုပ်ရေးသည် မြန်မာမင်းများ အုပ်ချုပ်ရေးပုံစံနှင့် ကွဲပြားခြားနားစွာရှိပြီး တောင်းတန်း ဒေသအုပ်ချုပ်ရေး၊ ပြည်မ ဒေသအုပ်ချုပ်ရေး အဖြစ်ခွဲခြားထားသော်လည်း ပိုမိုထိရောက်သည့် အုပ်ချုပ်ရေး ယန္တရားဖြင့် ချိန်ညှိလုပ်ဆောင်ခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာကိစ္စများတွင် ယဥ်ကျေးမှုသွပ်သွင်းခြင်း နှင့် ခွဲခြားဆက်ဆံမှုကို တပြိုင်နက်ကျင့်သုံးခဲ့သည်။ ဘာသာရေး ပဋိပက္ခများ ဖန်တီခဲ့ပြီး နိုင်ငံရေးအရွေ့တချို့အား ဖန်တီးခဲ့သည်။

ကိုလိုနီခေတ်လွတ်မြောက်ရေးလှုပ်ရှားမှုများ

ကိုလိုနီခေတ်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများသည်လည်း အမျိုးသားရေးစိတ်အားအခြေခံ၍ စတင်ခဲ့သည်ကိုတွေ့သည်။ လွတ်လပ်ရေးလှုပ်ရှားမှုတွင် ကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည့်  တို့ဗမာအ စည်းအရုံ၏ ဗမာပြည်သည်တို့ ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ သခင်မျိုးဟေ့ တို့ဗမာ စသည့် ကြွေးကြော်သံများသည် လွတ်လပ်ရေးလှုပ်ရှားမှုတွင် ထင်ရှားသည်။ တို့ဗမာအစည်းအရုံး၏ ကျယ်ပြန့် မှု မှာ ပြည်မဒေသအုပ်ချုပ်ရေး နယ်မြေများတွင်သား ဖြစ်၍ တောင်တန်းဒေသအုပ်ချုပ်ရေး အပိုင်းတွင်မှုမတွေ့ရှိရ ပေ။ အဖွဲ့ဝင်များ၏ အမည်ရှေ့တွင် သခင်ဟူသည့် စကားလုံးထည့်သွင်း သုံးစွဲခဲ့ပြီး အင်္ဂလိပ်များထက် ပိုမိုမြင့် မြတ်သူများ ဟူသည့် အတွေးအခေါ်ကို ဗမာလူထုထံ ဖြန့်ဝေခဲ့သည်။ တို့ဗမာအစည်းအရုံးခေတ် သီချင်းများတွင် ဗမာလူမျိုး ၏ မြင့်မြတ်ပုံများ၊ ဗုဒ္ဓဘာသာအား ချီးမြှောက်ဖွဲ့ နွဲ့ခြင်းများ၊ ရှေးစစ်ပွဲများတွင် ဗမာတို့အနိုင်ယူခဲ့ဖူး သည့် စစ်ပွဲများအကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ယိုးဒယား၊ ကုလား စသည့် လူမျိုး အမည်များကိုပါ ထည့် သွင်းသုံးစွဲခဲ့ရသည်။ တို့ဗမာ အစည်းအရုံး အမည်၏ ဗမာ ဟူသောစကားရပ်၏ ရည်ညွှန်းချက်အဖြစ် ယနေ့ မြန်မာ နိုင်ငံတွင် နေထိုင်သည့် လူမျိုးစုံ၊ ဘာသာစုံအား ရည်ရွယ်သည်ဟု နောက်ပိုင်းရှင်းလင်းချက်များ ရှိသော်လည်း တို့ ဗမာ အစည်းအရုံး မှတ်တမ်းများအရ ၎င်းခေတ်တွင်မှု သခင်နာမည် ခံသူများတွင်  ယနေ့ခေတ်တိုင်းရင်းသားအ မည်များ ထင်ရှားစွာမတွေ့ ရှိရခြင်း၊ (လွတ်လပ်ရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများတွင် ယနေ့ခေတ် တိုင်းရင်း သားတို့နှင့် ချိတ်ဆက်လုပ်ဆောင်သည်ကို တွေ့ရခြင်းမရှိပေ။ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အဖွဲ့ဝင်များပါဝင်ခဲ့ သော်လည်း အရေအတွက်နည်းပါးစွာ ပါဝင်ခဲ့သည်ကိုတွေ့ရသည်။

ဂျပန်ခေတ်

အာရှတိုက်သာတူညီမျှရေး ခေါင်းစဥ်အောက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဥရောပနိုင်ငံများဆန့် ကျင်ရေးမှာ ဘုံသဘောတူညီချက်အဖြစ် စွဲကိုင်ခဲ့ကြသည်။ ဂျပန်ခေတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ကရင်-ဗမာ အထိကရုဏ်ဖြစ်ပွားခဲ့ပြီး ကရင်လူမျိုးများသည် အင်္ဂလပ်တပ်တွင် ဝင်ရောက်အမှု ထမ်းဆောင်သူများ ဖြစ်၍ အလိုတော်ရိများ ဖြစ်ကြသည်ဟူ သည့် ကောက်ချက်အပေါ်အခြေခံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရက်အနည်းငယ် အတွင်း ထိန်းသိမ်းနိုင်ခဲ့ပြီး အခြားကြီးမား သည့် လူမျိုးရေးဘာသာရေး ပဋိပက္ခများ ထပ်များဖြစ်ပွားခြင်းမရှိပဲ ဂျပန်တို့၏ အစွန်းရောက်အမျိုးသားရေးအတွေး အခေါ်၏ ဖိစီးနှိပ်စက်မှုအောက်မှ လွတ်လပ်ရေးတိုက်ပွဲအတွက် လှုပ်ရှားခဲ့ ကြသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ဖတပလ အမည်ဖြင့်စတင်ခဲ့ပြီး နောင်အနာဂတ်တွင်လည်း နာဇီဝါဒ၊ ဖက်ဆစ်ဝါဒတို့ကဲ့သို့ အမျိုးသားရေးအစွန်းရောက်အတွေးအခေါ်များ ပြန်လည်ပေါ်ပေါက်လာမှုအား ဟန့်တားရမည်ဟူသည့်အမြင်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ဖဆပလ ဟူသည့်အမြင်အား ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။  မြန်မာ့သမိုင်းတွင် အမျိုးသားရေးဝါဒအစွန်း ရောက်မှုအား ဆန့် ကျင်ရမည်ဟူသည့် အတွေးအခေါ်အား ထင်ရှားစွာတွေ့မြင်ရသည့် အခိုက်အတန့်ဖြစ် သည်။

စစ်ပြီးခေတ်

အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရယူရာတွင် တောင်တန်းနှင့် ပြည်မဒေသ အတူတကွရယူရန်နှင့် ဖက်ဒ ရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုစနစ်အား တည်ဆောက်ရန် သဘောတူစာချုပ်အား တောင်တန်းဒေသ အုပ်ချုပ်ရေး အောက်ရှိနယ်မြေများတွင် နေထိုင်သည့်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပြည်မဒေသကိုယ် စားလှယ်များအကြားချုပ်ဆိုနိုင်ခဲ့သည်။ ထိုစဥ်က တိုင်းပြည်ပြု လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အစိုးရနှင့် ကချင်ကော်မတီ၊ ချင်းကော်မတီ၊ ရှမ်းကော်မတီ တို့အကြား၌ ရေးထိုးခဲ့ခြင်းဖြစ်သည်။

လူမျိုးစုငယ်ကိုယ်စားလှယ်များအပါအဝင် ကရင်၊ ကယား၊ ကရင် နှင့် မွန် တို့ပါဝင်ခဲ့ခြင်းမရှိပေ။ ထိုနယ်မြေများ သည် အင်္ဂလိပ်ထံသို့ လွတ်လပ်ရေးမဆုံးရှုံးမီက ဗမာ့ဘုရင့် သြဇာသက်ရောက်ခြင်း အပြည့်အဝနီးပါးမရှိသည့် နေရာများဖြစ်ခဲ့သော်လည်း ပင်လုံစာချုပ်နှင့် ခေတ်သစ်အုပ်ချုပ်ရေး စနစ်အရ ပြည်ထောင်စု ခေါင်းစဥ်အောက်သို့ ဥပဒေအရ အပြည့်အဝ သွပ်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းပြည်ထောင်စု အတွက်လိုအပ်သည့် စနစ်များကို မူ ပြည်ထောင်စုအတွင်း ပါဝင်နေထိုင်မည့် ဒေသများမှ ခေါင်းဆောင်များ၊  လူမျိုးတခုချင်း ခေါင်းဆောင်များ အ ကြား ကျေလည်စွာဆွေးနွေးထွက်ပေါ် ထားသည့် သဘောတူညီချက်မျိုး မရှိပေ။

ပါလီမန်ဒီမိုကရေစီ‌ခေတ် (၁၉၄၈ – ၁၉၆၂)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိမှုနှင့် အတူပြည်တွင်းစစ်ပါတပြိုင်ထဲ စတင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလတွင်လက်နက် ဖြင့်လွတ်လပ်ရေးကြိုးပမ်းမှုမှ တွင်ပါဝင်ခဲ့သည့် မျိုးဆက်များ၏ ခေတ်ဖြစ်သည်။ အာဏာ ရ ဖဆပလ အစိုးရအဖွဲ့တွင်သာမက အသီးသီးသော လက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်နေသူများမှာ ဂျပန်ခေတ် လွတ်လပ်ရေးကြိုးပမ်းစဥ် က လက်တွဲတိုက်ပွဲ ဝင်ခဲ့သူများဖြစ်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ပါ တီ ( ဗမာပြည် ) ကဲ့သို့ အယူဝါဒတခုထဲ အား ဆွဲကိုင်ထားသော်လည်း မတူညီသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲများပါဝင်သကဲ့သို့၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကဲ့သို့ လူမျိုးဆိုင်ရာ အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် အဖွဲ့အစည်းများလည်း ပါဝင်ခဲ့သည်။

ဖဆပလ အစိုးရအနေဖြင့် အမျိုးသားရေးအစွန်းရောက်မှုအား ဆန့်ကျင်မည်ဟူသည့် ခေါက်စဥ်အောက် တွင်ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ခြောက်ကြိမ်မြောက် သင်္ဂါရတနာတင်ခြင်း၊ အစိုးရပိုင် ရေဒီယိုအစီအစဥ် များမှ ဗုဒ္ဓဘာသာတရားများ ဟောပြောဖြန့်ဝေခြင်း များပြုလုပ်ခဲ့ပြီး လူများစုဗုဒ္ဓဘာသာဝင်များ ထံမှ ထောက်ခံမှု ရရှိအောင်ကြိုးစားခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ကွန်မြူနစ်အယူဝါဒရှိသူများအား ဘာသာမဲ့များ၊ ဗုဒ္ဓဘာသာ အား စော်ကားဖျက်ဆီးသူများ အဖြစ်ပုံဖော်ခဲ့ရမှ ဗုဒ္ဓဘာသာသည် အခြားဘာသာတို့ထက် မြင့်မြတ်သည့်ဘာသာ ဖြစ်ကြောင်း တရားထူထောင်ရာ သို့ ရောက်ရှိခဲ့သည်။  ၎င်းဝါဒဖြန့်ချီမှုမှာ ကွန်မြူနစ်အယူဝါဒရှိသူများအပေါ် သာမက ဗုဒ္ဓဘာသာဝင် အနည်းစုဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များ အပေါ်သာမက ပြည်တွင်းနေလူ့အဖွဲ့ အစည်းအသီးသီးထံ သက်ရောက်ခဲ့သည်။ အစိုးရကြီးမှုး၍ ဗုဒ္ဓဘာသာဘာသာရေးအခမ်းအနားများ ၊ ဘုရားတည် ကျောင်းဆောက် လုပ်ငန်းမျာသည်လည်း ဗုဒ္ဓဘာသာဝင် အသိုင်း အဝိုင်း၌ နိုင်ငံ၏ အထူးအခွင့်အရေးရသူများ အစုအဖြစ် လွဲမှားသည့် ခံစားချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ 

အိမ်စောင့်အစိုးရလက်ထက် ( ၁၉၅၈-၁၉၆၀)

တွင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ဗုဒ္ဓဘာသာအား နိုင် ငံတော် ဘာသာအဖြစ် ပြဌာန်းမည်ဟူသည့် ဆွဲဆောင်မှုသည် နိုင်ငံရေး အာဏာကို ဘာသာရေးမက်လုံးဖြင့် ထိန်း ကြောင်းရယူရန် အဆိုးဆုံးကြိုးစားမှုဖြစ်ခဲ့သည်။ သို့ရာတွင် ၁၉၆၀ ရွေးကောက်ပွဲတွင် အများစုဗုဒ္ဓဘာသာများ အား “ဗုဒ္ဓဘာသာနိုင်ငံတော်” ဟူသည့် မက်လုံးဖြင့် သိမ်းသွင်းနိုင်ခဲ့ခြင်းမှာ ပြည်တွင်းစစ် ကနဦးကာလမှ စတင်၍ ဘာသာရေးအသုံးပြု နိုင်ငံရေးဆိုင်ရာ ဝါဒဖြန့်ချီမှုများ၏ အကျိုးဆက်သာဖြစ်သည်။ လွတ်လပ်ရေးရအပြီး ၁၂ တာ ကာလအတွင်းမှာပင်  မြန်မာပြည်သူလူထုအား နိုင်ငံရေးဖြစ် စဥ်များအပေါ် ဘာသာရေးမှချဥ်းကပ်ရှုမြင်သည့် အလေ့အထအား နိုင်ငံတော်အဆင့် အရင်းအမြစ်သြဇာအား သုံးစွဲ၍ အောင်မြင်စွာ သွပ်သွင်းခဲ့ပြီဖြစ်သည်။ ဗုဒ္ဓ သာသာဝင်တို့၏ ဘာသာရေးအပေါ် အားသာချက်တခုအဖြစ် တွေးခေါ်ဆောင်ရွက်မှုများ တစတစ ထွန်းကားလာ ခဲ့ပြီး အိမ်ရှင်ဧည့်သည်၊ လူများစု လူနည်းစု စသည့် ခံယူချက်များ အားကောင်းလာခဲ့သည်။ ဗုဒ္ဓဘာသာအားအခြား ဘာသာတရားများထက် မြင့်မြတ်သည့် ဘာသာအဖြစ်ခံယူသည့် ထုံးစံသည် ဗုဒ္ဓဘာသာလူများစုအသိုင်းအဝိုင်း တွင်ကျယ်ပြန့်စွာတည် ရှိလာခဲ့သည်။ လူနည်းစုအခြားဘာသာဝင်တို့တွင်လည်း ဘာသာရေး အပေါ် အခြေခံကာ ဒုတိယနိုင်ငံသားများသဖွယ် တွေးခေါ်နေထိုင် လာသည့် အစုနှင့်  ဘာသာရေး တန်းတူညီမျှမှု အပေါ် ရပ်ခံတိုက်ပွဲ ဝင်သည့်အစု အဖြစ်ကွဲပြားမှုမျာ တစတစ ပေါ်ပေါက်လာခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် ( ၁၉၆၂ – ၁၉၈၈ )  

မြန်မာ့နိုင်ငံရေးတွင် စစ်ဘောင်အကျယ်ဆုံးကာလဖြစ်ပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခများ မကြာခန ဖြစ်ပွားသည့် ကာလဖြစ်သည်။ နိုင်ငံရေးလမ်းစဥ် အမှားအယွင်းများကို အထိန်းအထေအဖြစ် ဗုဒ္ဓဘာသာအတွေး အခေါ်များအား ပိုမိုသွပ်သွင်းလာခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့အား ဗုဒ္ဓဘာသာ‌နှင့် ပါတ်သက်သည့် ကိစ္စရပ်များပြုလုပ်ရန်အတွက် အစိုးရ၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းခဲ့သည်ကိုတွေ့ရသည်။ နိုင်ငံ ရေးရည် ရွယ်ချက်များ အတွက် ဘာသာရေးအသုံးချမှုကို ပိုမိုပြုလုပ် လာခဲ့သည်။ ဥပမာအားဖြင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ မကျေလည်မှုများ အတွက် တရုတ်- မြန်မာ အထိကရုဏ်ကို လည်းကောင်း၊ မဆလပါတီအား ပြည်သူလူထု၏ မကျေနပ်မှုမြင့်တက်နေချိန်တွင် ပြည်၊ တောင်ကြီးတို့၌ အစ္စ လာမ် ဘာသာဝင်များအား ဦးတည်တိုက် ခိုက်သည့် ပဋိပက္ခများကို ဖန်တီးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင်လည်း နဂါး မင်း စစ်ဆင်ရေးအမည်ဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား ရည်ရွယ်သည့် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး တရပ် ဆင်နွှဲခဲ့သည်။ ထို့အပြင် လူတံတိုင်းကာရံရန် အစီအမံများကိုလည်း ပြစ်ဒဏ်ကျ အကျဥ်းသားများအား နေ ရာချထားရန် ကြိုးစားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)/ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ ခေတ် (နအဖ) (၁၉၈၈ – ၂၀၁၀)

၁၉၈၈လူထုတော်လှန်ရေးအပြီးတွင် ပြည်တွင်းစစ်စတင်စဥ်က စတင်တောင်းဆိုခဲ့သည့် တန်းတူညီမျှ ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတောင်းဆိုချက်များသာမက လူ့အခွင့်အရေး၊ ကွဲပြားစုံလင် မှုလက်ခံရေး၊ ဖက်ဒရယ်ပြည်ထောင်စု အရေး စသည့် တောင်းဆိုချက်များ ပိုမိုများပြားစွာပေါ်ထွက်လာခဲ့ သည်။ တပ်မတော်အစိုးရမှလည်း လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်မှုများကို ပိုမိုပြုလုပ်လာသည်။ ထိုစဥ်က အတိုက်အခံခေါင်း ဆောင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အားထိုးနှက်တိုက်ခိုက်မှုတွင် ပင် ၎င်း၏အိမ်ထောင်ဖက် မှာ နိုင်ငံခြားသားဖြစ်နေသည်ကို ရည်ညွှန်း၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို၊ ပြည်ပနိုင်ငံသားနှင့် လက်ထပ်ခြင်း အား နိုင်ငံတော်သစ္စာဖောက်၊ အမျိုးသားသစ္စာဖောက် အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။

နဝတ/နအဖ လက်ထက်တွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများ ကိုဦးတည်ဖိနှိပ်မှုများပိုမို ပြုလုပ်လာခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် နိုင်ငံ တကာ အစိုးရများနှင့် ပြည်တွင်းလှုပ်ရှားတက် ကြွသူများအကြား ပူးတွဲဆောင်ရွက်မှုများ အားကောင်းခဲ့သည်။ နအဖ/နဝတ အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုများကို နှိပ်ကွပ်တာမြစ် ရန်အတွက် ပြည် တွင်းအတိုက်အခံများကို ဖမ်းဆီးထိန်းသိမ်းသည်မျှမက၊ အတိုက်အခံ တို့၏ လှုပ်ရှားမှုများသည် ပြည်ပနိုင်ငံများ၏ ပံ့ပိုးမှုကြောင့်ပေါ်ပေါက် လာခဲ့ခြင်းဆိုသည် ယုတ္တိကိုထူထောင်ခဲ့သည်။ ပြည်ပနိုင်ငံများကို လည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ နယ်ချဲ့ရန် ရည်ရွယ်ကြသူများအဖြစ် ပုံဖော်ဝါဒဖြန့်ခဲ့သည်။ ပြည်တွင်း ဒီမိုကရေစီအရေးလူ့အခွင့်အရေးလှုပ်ရှားမှုများ အား အမျိုးသားသစ္စာဖောက်လုပ်ငန်းများအဖြစ် နိုင်ငံ ပိုင်မီဒီယာများကို အသုံးချပုံဖော်ခဲ့သည်။

နဝတ/နအဖ ခေတ်တွင် ကရင်ပြည်နယ်ထိုးစစ်ကြောင့် ထိုင်းနိုင်ငံဖက်သို့ နေရပ်စွန့်ခွါထွက်ပြေးသူနှုန်း မြင့်တက်လာသကဲ့သို့၊ ရခိုင်ပြည်နယ်မောင်တောဒေသတွင်လည်း ရိုဟင်ဂျာတို့ နေရပ်စွန့်ခွါမှု များဖြစ်ပွားခဲ့သည်။ ဘာသာရေးကိစ္စများအား နိုင်ငံရေးရည်ရွယ်ချက် ဖြင့် အသုံးပြုမှုမြှင့်တက်ခဲ့ပြီး အမျိုးသားရေးစိတ်ဓါတ်ကို ပုံဖျက် နှိုးဆွကာ တိုင်းပြည်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများအား လွှမ်း မိုးနိုင်ရန်ကြိုးစား ခဲ့သည်။ နိုင်ငံသားမှတ်ပုံတင်များအစား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပြောင်းလဲထုတ်ဝေခဲ့ပြီး မှတ်ပုံတင်ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအတွက် မှတ်ပုံတင်ရရှိနိုင်မှုကို ပိုမိုတင်းကြပ်ခဲ့သည်။ တ ရားဝင် စာဖြင့်ထုတ်ပြန်ထား ခြင်းမရှိသော်လည်း နိုင်ငံသားစိစစ်ရေးကဒ်တွင် ဖော်ပြရန်လို အပ်သည့် လူမျိုး၊ ဘာ သာနေရာတို့တွင် ဗမာ/ဗုဒ္ဓဟု ဖြည့်စွက်ရန်အတွက် တွန်းအားပေးမှုများ ပြုလုပ်ခဲ့သည်။ အင်ဂျင်နီယာပညာ၊ ဆေး ပညာသင်ကြားရန် စစ်တက္ကသိုလ်များ၊ ကောလိပ်သိပ္ပံများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်အဆင့် စစ်ကြောင်းအား လုံးတွင် အစ္စလာမ်၊ ခရစ်ရှန် နှင့် ဟိန္ဒူဘာသာ ဝင်များအား ဝင်ရောက်ခွင့်ကိုကန့်သတ်ခဲ့သည်။ ဗုဒ္ဓဘာသာသာ ဝင်များကြီးစိုးသည့် တပ်မတော်အဖြစ် ပုံဖော်လာခဲ့သည်။

ဘာသာရေး၊ လူမျိုးရေးပြဿနာများ အကြိမ်ပေါင်းများစွာဖြစ်ပွား သကဲ့သို့၊ အစိုးရမှကြီးမှုးကျင်းပသည့်  အနောက်နိုင်ငံဆန်ကျင်ရေး လူထုထောက်ခံပွဲများ အကြိမ်များစွာကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံတကာအဝန်းအဝိုင်း ၏ မြန်မာ့ဒီမိုကရေးစီအရေးအပေါ် တပ်မတော်အစိုးရ၏ လုပ်ဆောင်ချက်များအတွက် ဖိအားများ၊ အရေးယူမှု များမြင့်တက်လာချိန်၊ ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အရေးယူရန်ဆုံးဖြတ်ချက်များချမှတ်ချိန်၊ အစီရင်ခံစာများထွက်ပေါ်ချိန်တွင် အစိုးရဦးဆောင်သည့် ပြည်ပနိုင်ငံ ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲများကို မြို့တိုင်နီးပါးကျင်း ပခဲ့သည်။ ပြည်တွင်းနိုင်ငံရေး ရေချိန်မြှင့်တက်ချိန်မျိုးတွင် နိုင်ငံရေးထွက်ပေါက်အဖြစ် ဘာသာ ရေး၊ လူမျိုးရေးအဓိကရုဏ်း များကို ကောလဟာလများ ထုတ်လွှင့်ဖြန့်ချိကာ ဖော်ထုတ်ခဲ့သည်။ ထိုသို့ကျင်းပ သည့် လူထုထောက်ခံပွဲများသို့ တက်ရောက်ရန် နိုင်ငံဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ထမ်းအကြီးအကဲများမှ တဆင့်သော်လည်းကောင်း၊ အရပ်သူအရပ်သားများအား သက်ဆိုက်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ လည်း ကောင်း အတင်းအကြပ်တက်ရောက်ရန် အမိန့်ပေးခေါ်ယူခဲ့ပြီး ထိုပွဲကျင်း ပသည့် သတင်းအား နိုင်ငံပိုင်မီဒီယာများ တွင် ခေါင်းကြီးသတင်းများ အဖြစ် တခန်းတနားအကျယ်တဝင့်ဖော်ပြခဲ့ကြသည်။ ထိုကဲ့သို့ အစိုးရကိုယ်တိုင် ဖန် တီးပြုလုပ်သည့် လူထုအစည်းအဝေးပွဲများမှ ကြိုတင်စီစဥ်ပြီးဖြစ်သည့် ဆုံးဖြတ်ချက်များ၊ ကြွေးကြော်သံဆောင် ပုဒ်များကို ချမှတ်လေ့ရှိသည်။ နအဖ ခေတ်တွင် ထင်ရှားလှသည့် “ပြည်သူ့သဘောထား” အချက်များ၊ ပြည်ပဆန့် ကျင်ရေး ကြွေးကြော်သံများ၊ ပြည်ပမီဒီယာများနှင့် သက်ဆိုင်သည့် ကြွေးကြော်သံများသည် ထိုသို့လူထုအစည်း အဝေးအတု အယောင်များဖြင့် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နဝတ/နအဖ ခေတ်တွင် ပဋိက္ခများကို ဦးတည်သည့် ကောလဟာလဖြန့်ချိမှုများကို သက်ဆိုင်ရာနယ်မြေ ထောက်လှမ်းရေး တို့၏ ကွပ်ကဲမှုအောက်မှ သတင်းပေးအဖွဲ့အစည်းများ၊ အစိုးရမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း များမှ အောက်ခြေ အဖွဲ့ဝင်များ၊ အရံမီးသတ်၊ တက်ကြွလှုပ်ရှားသူများ လူထုလှုပ်ရှားမှုများတွင် ပထမအဆင့်ဖြို ခွင်းရန် လက်ရုံးတပ်သဖွယ် ကြိုတင်ဖွဲ့စည်းထားသည့် ပြည်သူ့စွမ်းအားရှင် အဖွဲ့များမှ တဆင့်ဖန်တီးဖြန့်ချိခြင်း များပြုလုပ်ခဲ့သည်။ ထို့အပြင် ပဋိပက္ခစတင်သူများအဖြစ်လဲ လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် သံဃာအတုများ အဖြစ် အသွင်ယူဆောင်ရွက်မှုများကို လည်းပြုလုပ်ခဲ့သည်။ 

ကောလဟလ ဖြန့်ချိမှု နောက်ထပ်ပုံစံတမျိုးမှာ အမျိုးသားရေး၊ ဘာသာရေးနှင့် ပတ်သက်သည့် ဆောင်း ပါများ၊ စာတမ်းများကို တရားမဝင် ထုတ်ဝေသည့်ပုံစံဖြစ်သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန် နိုင်ငံတိုက်ခိုက်ခံရမှု အပြီးတွင် အစ္စလာမ်ဘာသာ အပေါ် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခဲ့သည်ကိုတွေ့ရသည်။ အစ္စလာမ်ပြုမှု၊ ဂျီဟတ် စသည်တို့ နှင့် ပြည်တွင်းနေ အစ္စလာမ်ဘာသာ ဝင်များနှင့် ချိတ်ဆက်ကာ ဝါဒဖြန့်မှုများ ပြု လုပ်ခဲ့သည်။ အစ္စလာမ် များသည် ဘာသာခြားများနှင့် အိမ်ရာထူထောင်ခြင်းမှ တဆင့် အစ္စလာမ်ဘာသာသို့ သွပ် သွင်းခြင်း လုပ်ဆောင်နေကြောင်း သဘောတရာများ ဖြန့်ချိခဲ့ကြသည်။  အစ္စလာမ်ဘာသာဝင်တို့ အနေဖြင့်  ဘာသာခြား အမျိုးသမီးများအား အိမ်ထောင်ဘက်အဖြစ် ရယူနိုင်ပါက အစ္စလာမ်နိုင်ငံများမှ ဘွဲ့အလိုက် ဆုငွေ (သို့) ထောက်ပံ့ကြေး များပေးကြောင်းဝါဒဖြန့်ချိမှုများပြုလုပ်ခဲ့သည်။

သတိထားဖွယ်အချက်မှာ တပ်မတော် အနေဖြင့် အိမ်ထောင် ဖက်များ အပေါ်အခြေခံတွက်ချက်မှု စနစ်အပြောင်းအလဲအဖြစ် တဆင့်မြင့်ရာထူးများ၊ ရာထူးတိုးမြှင့်ရန်အတွက် တက်ရောက်ရန် လိုအပ်သည့် သင်တန်းများ ရွေးချယ်ရာတွင် အိမ်ထောင်ဘက်၏ ဘွဲ့အ မျိုးအစား၊ ဘွဲ့ရရှိချင်းရှိမရှိ ထည့်သွင်းတွက်ချက်မှုများ ပြုလုပ်လာခဲ့ သည်။ ထို့အပြင် တပ်မတော်အရာရှိများ အနေဖြင့် ဘာသာြခားနှင့် ဘွဲ့မရရှိသူ ( တက္ကသိုလ်ဝင်တန်း မအောင်မြင်သူ) များနှင့် လက်ထပ် ခွင့်တင်ခြင်းအား ခွင့် မပြုခြင်းများ၊ ဘာသာခြား (သို့) ဘွဲမရရှိသူများ နှင့် အိမ် ထောင်ပြုခဲ့သည့် တပ်မတော်အရာရှိများအား အရပ်ဖက်ဌာန များ zသို့ လွှဲပြောင်းခြင်း၊ တပ်မတော်အတွင်း ကာလ ကြာ ရာထူးဆိုင်း ငံ့ခြင်းများကို လည်းပြုလုပ်ခဲ့သည်။

နအဖ ခေတ်တွင် လူမျိုးရေး/ဘာသာရေးခွဲခြားမှုများကို တပ်မတော်အပါအဝင်အစိုးရ အဖွဲ့အစည်းများတွင် စနစ်တကျကျင့် သုံးခဲ့သည် ကိုတွေ့ရသည်။ နိုင်ငံတော်ပိုင် မီဒီယာမျာ၊ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ သတင်း ပေးများ၊ တရားမဝင် စာအုပ် စာတမ်းဖြန့်ဝေခြင်းများ စသည့်တို့မှ တဆင့် ပြုလုပ်ခဲ့သည်။ နိုင်ငံပိုင်မီဒီယာများတွင် နိုင်ငံခြားဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့် ဘာသာရေးအဆိုအမိန့်များကို ပုံမှန်ဖော်ပြခဲ့ပြီး၊ ကျန်ဝါဒဖြန့်ချိရေးပုံစံ များကို ပဋိပက္ခများဖြစ်ပေါ်စေလိုသည့် အချိန်တွင်လည်းကောင်း၊ လူထုအားအကြောက်တရားဖြင့် မလုံခြုံသည့် ခံစားချက် လွှမ်းမိုးစေ လိုသည့် အချိန်တွင်လည်းကောင်း စနစ်တကျမောင်းနှင် အသုံးပြုခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ ၂၀၁၀ ရွေးကောက်ပွဲကာလ

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုကို ၂၀၀၁ ခုနှစ်ခန့်မှ စတင်၍ ရရှိခဲ့သော်လည်း တပ်မတော်စစ် ကြောင်းများ၊ စစ်ဌာနချုပ်များနှင့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာ အကန့်အသတ် ဖြင့်စတင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေး ကာလတွင်မူ မြန်မာနိုင်ငံမြို့အများစုတွင် အင်တာနက်အသုံး ပြုနိုင်နေပြီး ဖြစ်၍ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အင်တာနက်မှတဆင့် ဆက်သွယ်ဆောင်ရွက်မှုများကို အသုံးပြု လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ပြည်ပမီဒီယာများ၊ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများအနေဖြင့် အင်တာ နက်သတင်းစာမျက်နှာများ၊ ဘလော့များမှာတဆင့် ရွှေဝါရောင်လှုပ်ရှားမှုများ၊ တပ်မတော်၏ ရက်စက်စွာတုံ့ပြန် ဖြေရှင်းမှုများကို အချိန်နှင့် တပြေညီကမ္ဘာသို့ တင်ပြနိုင်ခဲ့သည်။ ယခင်အချိန်ကာလများထက် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည်။

ထိုအချိန်က ရုရှနိုင်ငံသို့သွားရောက် ပညာနေသည့် တပ်မတော် အရာရှိငယ်များတွင်လည်း အင်တာနက် ဘလော့ရေးသားခြင်း ပြုလုပ်သူများရှိသည်။ ၎င်းတို့အနက် Opposite Eye အမည်ရှိတပ်မတော်အရာရှိငယ်အချို့ ပူးပေါင်းရေးသားသည့် ဘလော့တခုမှာ ရွှေဝါရောင်နှင့် ပါတ်သက်သည့် တပ်မတော်၏ လုပ်ဆောင်ချက်များဘက် မှ ရပ်တည်ရေးသားမှုများ၊ Chat Box မှတဆင့် တုံ့ပြန်မှုများ၊ g-talk၊ skype ကဲ့သို့ ဆက်သွယ်ရေးကွန်ယက် များ မှ တဆင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနှင့် စကားစစ်ထိုးမှုများ ပြုလုပ်လာခဲ့သည်။ အစောပိုင်းတွင် တပ်မတော်မှ ၎င်းတို့ ဘလော့ရေးသားခြင်းအား တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ သော်လည်း နောက်ပိုင်းတွင် အင်တာနက်၏ လူမှုကွန်ယက်များ၏ ဝါဒဖြန့်ချိရေး၏ ထိရောက်မှုကို သဘောပေါက်နားလည်လာပြီး ၂၀၀၈ ခုနှစ် အစောပိုင်းတွင် အစိုးရအထောက်အပံ့ဖြင့် ဘလော့စာမျက် နှာများ၊ ဆိုရှယ်မီဒီယာစာမျက်နှာများ၊ FM ရေဒီယို လှိုင်များထူ ထောင်၍ ဝါဒဖြန့်ရာတွင်အသုံးပြုခဲ့သည်။ (ဥပမာ။ ပိတောက်မြေ) ထို့အချိန်မှစ၍ အင်တာ နက်နှင့် လူမှုကွန်ယက်များ၏ အသုံးဝင်ပြန့်နှုံပုံ ကို စနစ်တကျအသုံးချခဲ့သည်။ ပြင်ဦးလွင်မြို့အနီး ရတနာပုံဆိုဒ် ဘာစီတီးတွင် တပ်မတော်ကွန်ပြူတာကောလိပ်ဆင်း တပ်ကြပ် ကြီးများ၊ ဆက်သွယ်ရေးတပ်မှ အင်ဂျင်နီယာများ၊ ရုရှားပြန် ပါရဂူများနှင့် အင်တာနက်အသုံးပြုမှု စောင့်ကြည့်ခြင်း၊ အင်တာနက်စာမျက်နှာများအား တားဆီးခြင်းတို့ကို စတင်ပြုလုပ်ခဲ့ သည်။ ၎င်းမှာ တပ်မတော်၏ အင်တာနက်အသုံးချ ဝါဒဖြန့်ချိရေးနှင့် စောင့်ကြည့်ထိန်းချုပ် ရေး အစီအမံ၏ အစဖြစ်၍ ယခုအခါ လူဦးရေ ရာဂဏန်းဖြင့် နေပြည်တော်တွင် အခြေစိုက်၍ လုပ်ဆောင်လျက် ရှိပါသည်။

အထက်ပါဖြစ်စဥ် မြန်မာနိုင်ငံအုပ်စိုးသူအဆက်ဆက်၏ ဘာသာရေးအသုံးချ နိုင်ငံရေးဆောင်ရွက်ချက် များ၊ အသုံးပြုပုံများကို တင်ပြထားခြင်းဖြစ်ပါသည်။ ဖဆပလခေတ်၊ မဆလခေတ်တို့တွင် လူမျိုးရေး၊ ဘာသာ‌ ရေး အသုံးချမှုများအပေါ်  တိုက်ရိုက်ဆန့်ကျင်သည့် လှုပ်ရှားမှုမျိုး အားကောင်းစွာမတွေ့ခဲ့ရပေ။ လက်ဝဲရပ်ခံသူ တို့၏ ဘာသာရေးအသုံးချမှု၊ လူမျိုးရေးခွဲခြားမှုများ အပေါ်ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း သီးခြားစီတည်ရှိ သည့် အမှတ်လက္ခဏာများထက် လူတန်းစားအမြင်ဖြင့် ချဥ်းကပ်မှုများကိုသာတွေ့ရှိခဲ့ရပါသည်။

နအဖ/နဝတခေတ်တွင်မှု စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပင်မ ရည်ရယ်ချက်ကို လူ့အခွင့်အရေး၊ ကွဲပြားစုံလင်မှုလက်ခံနိုင်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး စသည့်သီးခြားတန်ဖိုးတို့ ဖြင့်ချဥ်းကပ်လာခဲ့ သည်။ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခများ ကင်းစင်ရန် ကြိုးပမ်းလှုပ်ရှားကြသည့် လူ့အခွင့်အရေးကာ ကွယ်သူများ၊ အဖွဲ့အစည်းများ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်လာခဲ့သည်။ စစ်အာဏာတို့ဘက်မှ အာဏာတည်မြဲရေးအတွက် ဗမာလူမျိုးကြီးဝါဒ နှင့် ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုများ ကျင့်သုံး ခဲ့ပြီး ဒီမိုကရေစီ အရေးတက်ကြွလှုပ် ရှားသူများဘက်မှ လူမျိုးကြီး ဝါဒနှင့် အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဘာသာရေး၊ လူမျိုး ရေး လွတ်လပ်ခွင့်နှင့် ကွဲပြားစုံလင်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး တို့အတွက်ရပ်ခံတိုက်ပွဲဝင်ခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲကာလ

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မ ပါဝင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး စသည့်စကားလုံးများကို လှိုင်လှိုင်သုံးစွဲခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ မြန်မာ့နိုင်ငံရေးတွင် ပဋိပက္ခခလုပ်အဖြစ် ကာလာရှည်ကြာစွာ တည်ရှိခဲ့သည့် ရခိုင်ပြည်နယ်တွင်နေထိုင်သည့် ရိုဟင်ဂျာများအား White Card များ ထုတ် ဝေပေးခဲ့ပြီး နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပေးခဲ့သည်။ ထိုမျှမက အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ် လောင်းများရွေးချယ်၍ ရွေးကောက်ပွဲဝင်ရောက်စေခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ် ကာ လတွင်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုခွင့်အတွက် ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးခြင်းများ ပြုလုပ်ခဲ့သည် ကို တွေ့ရှိရသည်။ တဘက်တွင်လည်း ၂၀၁၁ ခုနှစ်မှစတင်၍ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုများ တွေ့ရှိခဲ့သည်။

တပ်မတော်အရာရှိဟောင်းများ ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်အုပ်ချုပ် သည့်ကာလအတွင်း ၎င်းတို့ကိုတိုင် ချိုးဖောက်ဖိနှိပ်ခဲ့သည့် ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ကွဲပြားစုံလင်မှု လက်ခံ နိုင်ရေးအပေါ် အလေးထားသည့်ပါတီတရပ်အဖြစ် ပုံဖော်ဆောင်ရွက် မှုပြုလုပ်ခဲ့သည်။

၂၀၀၃ ခုနှစ် ကျောက်ဆည်လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီ သူတဦးအဖြစ် ထောင်ဒဏ်ကျခံခဲ့ရ သည့် နာမည်ကျော်သံဃာတပါး ဖြစ်သည့် မစိုးရိမ်ရှင်ဝီရသူ ကိုယ်တိုင်ပင်လျှင် ၂၀၁၂ အစောပိုင်း ပြန်လည်လွတ် မြောက်ပြီးခဲ့ပြီးနောက်တွင် ကျောက်ဆည်ပဋိပက္ခ ကြောင့် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည့် အစ္စလာမ်ဘာသာ ဝင်များ လွှတ်မြောက်ရေးအတွက် ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ခြင်း၊ ဆန္ဒပြပွဲများပြုလုပ်ခြင်းစသည့် ကွဲပြားစုံ လင်မှုဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ထိုအချိန်ကာလအတွင်း နှစ်ပေါင်းများစွာ ပုံသွင်းခံခဲ့ရသည့် နိုင်ငံခြားသားကြောက်ရောဂါ၏ သက်ရောက် မှုကိုလည်း မြစ်ဆုံဆည်တည်ဆောက်ရေး၊ လက်ပံတောင်းကြေးနီစီမံကိန်း၊ ကျောက်ဖြူ-ကူမင်မီးရထားလမ်း နှင့် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းသွယ် တန်းခြင်းတို့အား အကြောင်းပြု၍ တရုတ်နိုင်ငံဆန့်ကျင်ရေး လှိုင်းများကို တွေ့ရှိ ရသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သံဃာတော်များ ပါဝင်သည့်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး အခြေခံပညာ ကျောင်းများတွင် အခြေပြုသည့် တရုတ်နိုင်ငံထုတ်မုန့်များ ဆန့်ကျင်ရေးနှင့် မြန်မာ့ရိုးရာ သရေစာဖော်ထုတ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ တရုတ်ကုန်စည်များအား သပိတ်မှောက်ရန် လှုံ့ဆော်ခြင်း တို့ ပြုလုပ်ခဲ့သည်။ အမျိုး သားရေးလက္ခဏာ ဆောင်သည့်လှုပ်ရှားမှုများ လုံးဝပျောက်ကွယ်သွားခြင်း မျိုးမဟုတ်ခဲ့ပေ။ လက်ရှိ အမျိုးဘာ သာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ)၏ အစောပိုင်းကာလများသည် အစ္စလာမ်မစ် ဆန့်ကျင်ရေးထက် တရုတ်နိုင်ငံ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပိုမိုတွဲဆက်ပါဝင်ခဲ့သည်။ အရှင်ဝီရသူကိုယ်တိုင် လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ပိုက်လိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပူးပေါင်းပါဝင် ခဲ့သည်။ တရုတ်ဆန့် ကျင်ရေးလှုပ်ရှားမှုများသည့် ထိုအချိန်က အာဏာရပြည်ခိုင်ဖြိုးအစိုးရ နှင့် တက်ကြွလှုပ်ရှား သူများအကြား အကြီးမားဆုံး ပြဿနာ တရပ်ဖြစ်ခဲ့ပြီး တပ်မတော်အစိုးရကာလ ဒီမိုကရေစီအရေး၊ လူ့အခွင့်အ ရေး တက်ကြွလှုပ်ရှားသူများ အပေါ်ပြုမူခဲ့သည့် ဖိနှိပ်မတရားပြုမှုများကို ပြည်တွင်းရှိတရုတ်နိုင်ငံစီမံကိန်း များ အပေါ် ဆန့်ကျင်သူများအား အစားထိုးပြုမူခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရေးကောက်ပွဲ အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်းသို့ရောက်ရှိခဲ့သည်။ ထို့ကာလသည် တရုတ်နိုင်ငံ၏ မြန်မာ ပြည်တွင်းစီမံ ကိန်းများအပေါ် ပြည်သူလူထု၏ ဆန့်ကျင်မှု အမြင့်ဆုံးအချိန်လည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဂျွန်လတွင် ရခိုင်ပြည် နယ်၌ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အတွဲလိုက်ပေါ် ပေါက်ခဲ့ပြီး နိုင်ငံရေးအခြေအနေ အရွေ့အပြောင်း ကို ရည်ရွယ်သည့် ဘာသာရေးပဋိပက္ခများ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။  အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ (ထိုစဥ်က ၉၆၉) အဖွဲ့၏ လှုပ်ရှားမှုများ နိုင်ငံအနှံ့အပြားတွင် အားကောင်းလာခဲ့သည်။ ၉၆၉ ဟူသည့်နာမည် သည်ပင်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ အထိမ်းအမှတ်ဖြစ်သည့် ၇၈၆ အခေါ်အဝေါ်အား ရည်ရွယ်တိုက်ခိုက် သည့် သတင်းစကားဖြစ်ခဲ့သည်။ ၂၀၁၂ မတိုင်မီကတည်းက ရှိခဲ့ပြီးဖြစ်သည့် တရုတ်ဆန့်ကျင်ရေးလှိုင်းမှ လှုပ်ရှား မှုအချို့၏ အရှိန်ကို ပြောင်းလဲအသုံးချခဲ့သည်။ ဥပမာအားဖြင့် တရုတ်ကုန်ပစ္စည်း ဆန့်ကျင်ရေးလှုပ်ရှားမှုအား ဘာ သာတူဆိုင်များတွင်သာ စျေးဝယ်ယူရေး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အလံ၊ ဆောင်ပုဒ်၊ အမှတ်တံဆိပ်၊ သီချင်း၊ ဂျာနယ်၊ စာဆောင်စသည့် သင်္ကတပြုခြင်းနှင့် ဝါဒဖြန့်ချိရေး ယန္တရားကို စနစ် တကျမောင်းနှင်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ကြီးမာကျယ်ပြန့် စနစ်ကျစွာ လှုပ်ရှားသည့် လူမျိုးရေး၊ ဘာ သာရေး ခွဲခြားမှု အခြေခံသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၁၂ ရခိုင်ပြဿနာအပြီး OIC ဆန့်ကျင်ရေးနှင့် သမ္မတ ဦးသိန်းစိန်ထောက်ခံပွဲ အပြီးတွင် တရုတ်စီမံကိန်းများနှင့် ပတ်သက်သည့် ပြောဆိုလှုပ်ရှားမှုများတွင် လုံးဝပါဝင် ပတ်သက်ခြင်း မရှိတော့ပဲ အစ္စလာမ်ဆန့်ကျင်ရေး အင်အားစုအဖြစ်သာ စတင်၍ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် မိတ္ထီလာ ပဋိပက္ခသည် အမျိုးသားရေးသမားတို့၏ အခန်းကဏ္ဍအား အမြင့်ဆုံးတွန်းပို့ပေး သည့် အချိုးအကွေ့ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ နိုင်ငံအနှံ့အပြားအကျယ် ပြန့်ဆုံးပေါ်ပေါက်ခဲ့သည်။ မဘသ အဖွဲ့များ နိုင်ငံအနှံ့ဖွဲ့ စည်းခြင်း၊ ၉၆၉ အထိမ်းအမှတ်တံဆိပ်များအား အိမ်များ၊ စျေးဆိုင်များ၊ စက်သုံးယာဥ်များ တွင်တပ်ဆင်ခြင်း စသည့် လှုပ်ရှားမှုများကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်များအား ဦးတည်သည့် တိုက်ခိုက်မှုများ၊ ပဋိပက္ခဖန်တီး ခြင်းများကို နိုင်ငံအနှံ့ပြုလုပ်ခဲ့သည်။  ရိုဟင် ဂျာဟူသည့် အခေါ်အဝေါ်မှ အစ နိုင်ငံတော်သီချင်းသီဆိုနိုင်မှုမရှိခြင်းအထိ ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ပြီး ဘာသာ စကား၊ ယဥ်ကျေးမှု၊ လူမှုစီးပွားအခြေအနေ တို့အရဖြစ်ပေါ်လာသည့် မတူညီမှုများကို ချဲ့ထွင်ပြောဆိုကာ ပဋိပက္ခ များကို ပိုမိုကြီးထွားစေရန် ဖန်တီးခဲ့ကြသည်။ ထိုသို့ဝါဒဖြန့်ချိမှုများ အား အင်တာနက်လူမှုကွန်ယက်များမှတဆင့် စနစ်တကျဖြန့်ဝေခဲ့ ကြခြင်းဖြစ်၍ လှုပ်ရှားမှုများအတွက် ချိန်းဆိုခြင်း၊ ကောလဟာလဖြန့် ချိခြင်းများကို မတူညီ သည့် အကောင့်အတုပေါင်း များစွာမှ တဆင့်ပြုလုပ်ခဲ့သည်။ ယနေ့ Facebook ကိုယ်တိုင်မှ အမုန်းစကားဖြန့်ချိ သူများအဖြစ် သုံးစွဲသူအချို့အား အရေးယူဖယ်ရှားပြီးနောက်တွင်ပင် ၎င်းအမျိုးသားရေး အစွန်းရောက်သမားများ သည့် Secret Group/Closed Group များအဖြစ် ဆက်လက်လှုပ်ရှားလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုကာလများအတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးဘာသာရေး ပဋိက္ခများတွင် လူ့အခွင့်အရေးကာကွယ်သူ များအနေဖြင့် အစုအဖွဲ့လိုက်လည်းကောင်း၊ ချိတ်ဆက်မှုကွန်ယက်များ ဖြင့်သော်လည်းကောင်း ဘာသာ‌ရေး ပဋိ ပက္ခများကို ဆန့်ကျင်ခဲ့ကြပြီး လူနည်းစု အစ္စလာမ်ဘာသာဝင်တို့အပေါ်  ကာကွယ်စောင့်ရှောက်ခဲ့ ကြသည်။ ၂၀၁၄ သန်ခေါင်းစာရင်းကောက်ယူရာတွင်မူ ၂၀၁၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအဖြစ် အသိမှတ်ပြုကာ နိုင်ငံသား အခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပြုခဲ့သည့် ရိုဟင်ဂျာများထံမှ အသိမှတ်ပြုကဒ်များ ပြန်လည်သိမ်းယူသည်သာ မက ဘင်္ဂလားဒေ့ရှ်မှလူများဟု အဓိပ္ပါယ်ဆောင်သည့်  “ဘင်္ဂါလီ” ဟူသည့်အမည်ကို ပြောင်းလဲခေါ်ဆိုခံရန် ဖိအား ပေးခဲ့သည်။ ရိုဟင်ဂျာများမှ လက်မခံသည့်အတွက် သန်းခေါင်စာရင်းတွင်ထည့် သွင်းကောက်ယူမှုမပြုပဲ ချန်လှပ် ထားခဲ့သည်။ White Card များကိုလည်း ပြန်လည်သိမ်းယူခဲ့ပြီး အကျိုးဆက်အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် စစ် တွေ မြို့နယ်များတွင် မဲပေးခွင့်ရှိသူအရေအတွက်မှာ ထင်ရှားစွာ လျော့ကျခဲ့သည်။ ထို့အပြင်  ပြည်ထောင်စုကြံခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည်လည်း အစ္စလာမ်အမတ်လောင်းများ တင်သွင်းခြင်းမရှိတော့သကဲ့သို့ ပါတီကြီးအများ စုတွင်လည်း အစ္စလာမ်ဘာသာဝင်လွှတ်တော် ကိုယ်စားလှယ်‌ လောင်းများ ပါဝင်ခဲ့ခြင်းမရှိတော့ပါ။ ဗုဒ္ဓဘာသာဝင် လူများ စုထောက်ခံမှုအတွက် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့အာဏာရပြီးချိန်တွင် ပေါ်ပေါက်ခဲ့သည့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်များ တွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် လူမျိုးရေးဘာသာရေး ပြဿနာများအပြီးတွင်မူ ရိုဟင်ဂျာဟူသော လူမျိုးအ မည် အစား ဘင်္ဂါလီအမည်ကို တွင်ကျယ်စွာသုံးစွဲလာကြယုံမျှမက “ရိုဟင်ဂျာ” ဟူသောစကားလုံးသည်ပင်လျှင် အမျိုးသားသစ္စာဖောက်၊ OIC အထောက်ပံ့ခံစသည့် အဓိပ္ပါယ်ကို ကိုယ်စားပြုသည့်သဖွယ် ဖြစ်ပေါ်လာခဲ့သည်။ ပြည်တွင်းမီဒီယာများအနေဖြင့်လည်း ဘင်္ဂါလီအသုံးကိုသာ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။ ၂၀၁၇ တွင် လူပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက် ပြေးပြီးသည့်နောက်တွင် လူ့အခွင့်တက်ကြွလှုပ်ရှားသူ များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များ အကြားတွင် သဘောထားကွဲလွဲမှုအများအပြားပေါ်ပေါက်ခဲ့၍ သမိုင်းတွင် အစ္စလာမ်ဆန့်ကျင့်မှုလှိုင်း အမြင့်ဆုံးနှင့် အမျိုးသားရေး ဝါလှိုင်းအမြင့်ဆုံးအချိန်သို့ရောက်ရှိခဲ့သည်။

ယခင်က လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ရပ်ခံခဲ့သူများအနေဖြင့် လူ့အခွင့်အရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်မှ ချဥ်းကပ်မှုများမှ စွန့်ခွာကာ အမျိုးသားရေး၊ ပြည်တွင်းရေး၊ တရားဥပဒေစသည့် တို့အပေါ်တွင်ရပ်ခံ ပြောဆိုမှုများ ပြုလုပ်လာခဲ့သည်။ လက်တွေ၌ မြန်မာနိုင်ငံတွင်ကျင့်သုံးလျက်ရှိသည့် တရားဥပဒေများ၊ ဒေသန္တရ ဥပဒေများမှာ ကိုလိုနီအစိုးရလက်ထက်မှ စတင်ခဲ့သည့် ဥပဒေများကို အဆက်ဆက်အုပ်စိုးသူတို့ အလိုကျ ပြင်ဆင် ဖြည့်စွက်ထားသည့် ဥပဒေများသာဖြစ်၍ လူ့အခွင့်အရေးစံနှုန်း၊ ကျင့်ဝတ်စံနှုန်းများနှင့် သွေဖီလျက်ရှိသည်။ မျှတ ၍ လူ့အခွင့်အရေးစံနှုန်း၊ လူ့ကျင့်ဝတ်စံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေများဖြင့်သာ တရာဥပဒေစိုးမိုးမှုအား အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။

အမျိုးသားရေးဝါဒ (၂၀၁၈)  

လက်ရှိကာလ မြန်မာ့နိုင်ငံရေးတွင် အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုများ ထင်ရှားစွာတွေ့မြင်နိုင် သကဲ့သို့ ၎င်းအမျိုးသားအစွန်းရောက်လှုပ်ရှားမှုကို ဖန်တီးနေသည့် အစုအဖွဲ့၊ လူပုဂ္ဂိုလ်များကို ထောက်ခံအားပေး နေသူများ၊ ၎င်းတို့၏ လှုပ်ရှားမှုများအား မသိကျိုးကျွံပြုနေသည့် သူများမှာ အများစုဖြစ်၍ အမျိုးသားရေးအစွန်း ရောက်မှုအား ခုခံဆန့်ကျင်ရန်ကြိုးစားနေသူမှာမူ လူနည်းစုအဖြစ်သာ တွေ့မြင်ရသည်။

အမျိုးသားရေးအစွန်းရောက်များ

အမျိုးသားရေးအစွန်းရောက်အဖွဲ့များသည် ဘာသာရေးလူမျိုးရေး အစွန်းရောက်လှုပ်ရှားမှုများ ပိုမိုပြု လုပ်လာခဲ့သည်ကို တွေ့ရှိရသည်။ ရိုဟင်ဂျာတို့အပေါ်ဆန့်ကျင်ရေးလှုပ်ရှားမှုများသာမက တိုင်းရင်း သားလက် နက်ကိုင်များအား အပြုတ်တိုက်ရန် တောင်းဆိုမှုများပြုလုပ်ခြင်း၊ တပ်မတော်၏ ရခိုင်ပြည်နယ်နှင့် ပြည်တွင်းစစ် ပွဲများတွင် ပါဝင်ဆောင်ရွက်မှုများကို ထောက်ခံခြင်း၊ “ဝက်သားစားပွဲတော်” ကဲ့သို့ ဘာသာအယူဝါဒတရပ်အား လှောင်ပြောင်နှိမ့်ချသည့် အခမ်းအနားများ ကျင်းပခြင်း အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုဆုတောင်းခြင်း၊ ဘာသာရေး ဆိုင်ရာအခမ်းအနားကျင်းပခြင်း တို့အားတားမြစ် နှောက်ယှက်ခြင်းကဲ့ တို့ ပြုလုပ်ခဲ့သည်။ ဤကဲ့သို့ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများကို ထိရောက်စွာတားရန် တာဝန်ရှိသူတို့ဘက်မှ ပျက်ကွက်ခဲ့ သည်ကို လည်းတွေ့ ရသည်။ အစိုးရ၏ တားမြစ်မှုများကို လူများစုဗုဒ္ဓဘာသာများ၏ အမြင်တွင် ဘာသာသာသနာအား စော်ကားသည့် အမိန့်အဖြစ် ပုံဖော်ဝါဒဖြန့်ချိကာ တုံ့ပြန်ခဲ့သည်ကိုတွေ့ ရသည်။ တပ်မတော်အစိုးရလက်ထက်  ကရင်အမျိုးသားအစည်းအရုံး (KNU) အား ဖြိုချရန်အတွက် ဘာသာရေးအရသွေးခွဲ အသုံးပြုခဲ့သည့် ဗုဒ္ဓဘာသာ ကရင်အစည်းအရုံး (DKBA) နှင့် ၂၀၁၀ တွင် DKBA မှနယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည့် တပ်မ တော်လက်အောက်ခံ တပ်ရင်းများသည်သည် အမျိုးသားရေး အစွန်းရောက်အဖွဲ့များ၏ လက်နက်ကိုင်အင်အားစု အဖြစ်ထင်ရှားမြင်သာသည့် ဥပမာတရပ် ဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်ကဲ့သို့ တိုင်းရင်းသားလူမျိုးစုံနေထိုင်သည့် ဒေသတွင် လည်း လက်နက်အပ်ဖျက်သိမ်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဟောင်း တခုအား အမျိုးဘာသာသာသနာ ဆိုင်ရာကိစ္စများဆောင်ရွက်ရန် လက်နက်ပြန်လည်တပ်ဆင်ပေးခြင်း၊ ဗုဒ္ဓဘာသာဝင် ဓနု တိုင်းရင်းသားများအား ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားခြင်း တို့ကိုတွေ့ရှိရသည်။ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်တိုင်း ရင်းသားကျေးရွာများထူထောင်ကာ လူတံတိုင်းကာရန်ကြိုးပမ်းခြင်း၊ လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့ ရန် ကြိုးပမ်းခြင်းတို့ကို တွေ့ရသည်။ ထိုကဲ့သို့ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့သည့် သင်္ဘောကွေ့ကျေးရွာအား ဖြိုဖျက် ရာတွင် လက်ပစ်ဗုံး၊ လက်ကိုင် စကားပြောစက်၊ ကျည်ကာအင်္ကျီနှင့် ကျည်ဆံများ ဖမ်းစီးရရှိခဲ့ သော်လည်း ခေါင်း ဆောင်များအား တရားစွဲဆိုရာတွင် တည်ဆဲဥပဒေအရ နှစ်ရှည်ပစ်ဒဏ်ကျခံရနိုင်သည့် လက်နက်ပုဒ်မ၊  ဆက် သွယ်ရေးပုဒ်မ တို့ဖြင့် တရားစွဲဆိုခြင်းမပြုလုပ်ပဲ အမြင့်ဆုံးပစ် ဒဏ် ၂ နှစ်အထိသာကျခံနိုင်သည့် ၅၀၅(ခ) ကိုသာ ကျင့်သုံးခဲ့သည်။

တပ်မတော်

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများအပေါ် ပိုမိုခွဲခြား ဆက်ဆံမှုများ ပြုလုပ်လာသကဲ့သို့ ၊ လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ထိုးစစ်များဆင်နွှဲခြင်းကို ပိုမိုလုပ်ဆောင်လာ ခဲ့သည်။ ရခိုင်ဒေသ တွင်လည်း မျှတမှုမရှိသည့် တည်ဆဲဥပဒေများကိုကိုပင် ပိုမိုဆိုးရွားစွာ ကိုင်တွယ်ကျင့် သုံးခဲ့သည်။ ပြည်ပမီဒီယာများ၏ ဖော်ထုတ်မှုများ ကြောင့် ပေါ်ပေါက်ခဲ့သော ရခိုင်ဒေသ၌ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ သည့်အမှုများ အတွက် အရေးယူခဲ့ခြင်းများ ပြုလုပ်ခဲ့သော်လည်း တဖက်တွင် တပ်မတော်သည့် ဥပဒေနှင့်အညီ နိုင်ငံကိုကာ ကွယ်နေ ခြင်းဖြစ်ကြောင်း၊ အရေးယူခံရသည့်သူများမှာလည်း အမျိုးသားရေး၊ အချုပ်အခြာတည်တံ့ ခိုင်မြဲရေးတို့အတွက် စွန့်လွှတ်ကာလုပ်‌ ဆောင်ခဲ့ကြသူများဖြစ်ကြောင်း ဝါဒဖြန့်ချီမှုများပြုလုပ်ခဲ့သည်။

ထိုသို့ဝါဒဖြန့်ချိမှုများပြုလုပ်ရာတွင် တပ်မတော်ပိုင်မီဒီယာများ မှသာမက ဆိုရှယ်မီဒီယာများကိုအသုံးပြု ဖြန့်ဝေခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာအား အသုံးချရာတွင် လူပုဂ္ဂိုလ်အမည် အစစ်အမှန်များ၊ ဌာနဆိုင် ရာနာမည် အမှန်များသုံးစွဲခဲ့ယုံမျှမက အကောင့်အတုများကိုလည်း အသုံးချခဲ့သည်ကိုတွေ့ရသည်။ Facebook မှ အမုန်းစကားဖြန့်ချိသည့် သုံးစွဲမှုများအား အရေးယူချိန်တွင် ကိုယ်ပိုင်အင်တာနက် Platform များထူထောင်သုံးစွဲ ရန်ကြိုး စားခြင်းကို တဖက်တွင်ပြုလုပ်လျက်ရှိသကဲ့သို့ အခြား အမုန်းစကားဖြန့်ချိခြင်းနှင့်ပတ်သက်၍ မူဝါဒချ မှတ်လုပ်ဆောင်ခြင်း မရှိသေးသည့် လူမှုကွန်ယက်များ (ဥပမာ – YouTube) များအားဆက်လက်သုံးစွဲလျက်ရှိ သည်။ တပ်မတော်အနေဖြင့် လူထုအစည်းအဝေးပွဲများ ကျင်းပ၍ ပြည်ပဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နိုင် ခြင်းမရှိတော့သည့် လက်ရှိအခြေအနေ အတွင် မီဒီယာအင်တာဗျူများမှတဆင့် နိုင်ငံတကာသည် မြန်မာနိုင်ငံ အ ရေးအပေါ် ကောင်းစွာနားလည်ခြင်းမရှိပဲ  မမှန်သတင်းများ အသုံးပြု၍ ဝင်ရောက်စွက်ဖက်ရန်ကြိုးစားနေပြီး တပ် မတော်သည်  အစိုးရ၏ဦးဆောင်မှုအောက်တွင် ဥပဒေနှင့်အညီလုပ်ဆောင် လျက်ရှိကြောင်း မိန့်ခွန်းများ၊ မီဒီယာ များ၊ နိုင်ငံတကာကိုယ်စား လှယ်များနှင့်တွေ့ဆုံမှုများမှ တဆင့် ပြောကြားလျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်း အား ဆန့်ကျင်သည့် လှုပ်ရှားမှုကို စစ်မှုထမ်းဟောင်းအဖွဲ့အစည်းမှ တဆင့်လုပ်ဆောင်နေဆဲဖြစ်သည်။

နိုင်ငံရေးပါတီများ

ပြည်တောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီအချို့သည် အမျိုးသားရေးလှိုင်းအား အသုံး ချ၍ ၎င်းတို့၏ နိုင်ငံရေးသြဇာထူ ထောင်နိုင်ရန်အတွက် စုဖွဲ့လှုပ်ရှားလျက်ရှိသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအချို့မှလွဲ၍ ပါတီအများစုတွင် ခေါင်းဆေင်ကြသူများမှာ တချိန်က စစ်အာဏာရှင်စနစ် အား ဆန့်ကျင်ခဲ့ကြပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီလှုပ်ရှားမှုများအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ ခဲ့ရသူ၊ ဖမ်းစီးနှိပ်စက်ခံခဲ့ရ သူများဖြစ်သည်။ ၎င်းတို့သည် အမျိုးသားရေးအစွန်းရောက် အင်အားစုများမှတဆင့် လူများစု ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှု ရရှိစေရန် ရည်ရွယ်ချက်အသီးသီးအားအခြေ ခံသည့်စုဖွဲ့မှုဖြစ်သည်။ နိုင်ငံတ ကာအရေးယူမှုများအပေါ် တုံပြန်သည့်ကြေငြာချက်များ ပူးပေါင်းထုတ်ပြန်ခဲ့ကြသကဲ့သို့ အမျိုးသားရေးအစွန်း ရောက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို လူအများမြင်ကွင်းတွင် လည်းကောင်း၊ မျက်ကွယ်တွင်လည်း ကောင်း သီးခြားစီ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားအစွန်း ရောက်အဖွဲ့တခုဖြစ်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ – မဘသ အား အရေးယူတားမြစ်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ကန့်ကွက်ခြင်းအား ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့်လည်း အမျိုးသားရေးအစွန်းရောက်များနှင့် ရင်ဆိုင်ရန်ခိုင်မာသည့် မူဝါဒအသင့်မဖြစ်မှုကို ထင်ရှာစွာတွေ့ရသည်။

လက်ရှိအချိန်တွင် အမျိုးသားရေးဝါဒအား စျေးပေါသည့် လက်နက်တခုသဖွယ်အသုံးချ၍ နိုင်ငံရေး အာ  ဏာတည်ဆောက်မှုကို မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းကြား၌ ထင်ရှားစွာတွေ့မြင်နေရပြီး ၂၀၁၈ အောက်တိုဘာလ အတွင်းကျင်းပခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်၍ အစိုးရမီဒီယာများမှတဆင့် မဲဆွယ်စည်းရုံး မှုပြုလုပ်ခဲ့သည့် ပါတီ ၂၂ ခုအနက် ကွဲပြားဆုံလင်မှု အပေါ်ရပ်ခံ၍ စည်းရုံးသည့်နိုင်ငံရေးပါတီ ၆ ခုသာပါဝင်ခဲ့ပြီး လူနည်းစုတိုင်းရင်းသား အခြေပြုဖွဲ့စည်းသည့် ပါတီ ၅ ခုနှင့် ပြည်မအခြေစိုက်ပါတီ ၁ ခုသာပါဝင်သည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားရေးစကား လုံးများအားအသုံးပြု မဲဆွယ်ခဲ့ခြင်းမရှိသော်လည်း ၂၀၁၈ ခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိပျက်စီးလျက်ရှိသော ဘုန်းတော် ကြီးကျောင်းများပြု ပြင် ရန်အတွက် အစိုးရအဖွဲ့မှ လှူဒါန်းမှုကို ပါတီ၏မြို့နယ်ဥက္ကဌ္ၒအား ကိုယ်စား သွားရောက်လှူဒါန်းစေခဲ့ပြီး နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းမှာလည်း သွယ်ဝိုက်သည့်နည်းဖြင့် ဘာသာ ရေးအား ရွေးကောက်ပွဲအတွက် အသုံးပြုခြင်းပင်ဖြစ်သည်။

အစိုးရအဖွဲ့

အစိုးရအဖွဲ့အနေဖြင့် တပ်မတော်၏နိုင်ငံရေးတွင်ပါဝင်နေမှုအား ဖယ်ရှားရန်အတွက် ပိုမိုအရေးကြီးသည့် နိုင်ငံရေးရည်ရွယ်ချက်အဖြစ် လုပ်ဆောင်လျက်ရှိရသည်ကို တွေ့ရသည်။ ထိုသို့ရည်ရွယ် ဆောင်ရွက်ရာတွင် ဆွေး‌ ‌နွေးညှိနှိုင်းမှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အခြေခံတို့ အပေါ်မှာဆောင်ရွက် သည့် နည်းလမ်းကို အကောင်အထည်ဖော်လျက် ရှိသည်။ ထို့ကြောင့် တပ်မတော်ဘက်မှ သံသယဖြစ်ဖွယ်  လက်တွေ့ပူး ပေါင်းဆောင်ရွက်လိုမှုအခြေအနေ၊ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုသည့်စေတနာအား ထင်ရှားစွာမမြင်ရချိန် တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဥ်သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် များပြားစုံလင် သည့် အခြေအနေအားလက်ခံနိုင်မှုမှာ အတားအဆီးအကန့်အသတ်များစွာဖြင့် ပိတ်ဆို့လျက်ရှိသည်။ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရာတွင်လည်း အခြေခံလိုအပ်ချက် ဖြစ်သည့် တရားမျှတမှုကင်းမဲ့သည့် တည်ဆဲဥပဒေများ အား ပြင်ဆင်လျှင် လက်ရှိတပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ အပါအဝင် ခေတ်အဆက်ဆက်အုပ်စိုး သူများ၏ အကျိုးစီးပွားအပေါ် ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် ပြုလုပ်နိုင်ခြင်းမရှိပဲ တပ်မတော်၏ နိုင်ငံရေး အသာရယူထားမှုအား တုံ့ပြန်နိုင်ခြင်းမရှိပဲ နိုင်ငံရေးထောင့်ကျဥ်းတွင် ပိတ်မိလျက်ရှိသည်။ အထက်ပါ အချက် များကြောင့် တရားမျှတမှုမဲ့သည့် တည်ဆဲဥပဒေများ ကိုသာဆက်လျက်ကျင့်သုံးနေရပြီး လူနည်းစုတိုင်းရင်းသား များ၊ လူနည်းစုဘာသာဝင်များ၊ မီဒီယာများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အပေါ် လွှဲမှားသည့်တရား စီရင်ရေးဖြင့်သာ ကျင့်သုံးလျက်ရှိပြီး ထိုသို့တရားစီရင်ရေးအလွဲအမှားကိုလည်း တရားဥပဒေစိုးမိုးမှုအဖြစ် ရပ်ခံ အကောင်အထည်ဖော်နေရသည့် အခြေအနေဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးစားပေးလုပ်ဆောင် မှု အောက်တွင် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် ရိုဟင်ဂျာများ ၊ လူ့အခွင့် အရေးကာကွယ် စောင့်ရှောက်သူများအပေါ်  အတွေးအခေါ် အရပင် ကာကွယ်ရပ်ခံပေးနိုင်ခြင်း အားနည်းခဲ့ခြင်း မှာ လက်ရှိမြန်မာ နိုင်ငံရေးအား ဆိုးဝါးသည့် အခြေအနေသို့ တွန်းပို့ပေးသည့် အကြောင်းတစ်ရပ်ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့်အမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်သည့်မဘသအား တားမြစ်ရန်ကြိုးစားမှု အဖြစ် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့၏အားဖြင့် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖျက်သိမ်းရန်ကြိုးစားခဲ့ သော်လည်း လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မှုတိကျသည့် အမိန့်မူဝါဒတို့ဖြင့် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။ အခြားသတိပြုရန် အချက်မှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ တပ်မ တော်အရာရှိဟောင် သူရဦးအောင်ကို၏ ရိုဟင်ဂျာများကိုသာမက မြန်မာမွတ်စလင်များအပေါ် ရည်ရွယ်သည့် ခြိမ်းခြောက် စကားများသည် အစိုးရအဖွဲ့၏ လူမျိုးရေး၊ ဘာသာရေး သဘောထားကို စောင့်ကြည့်သရုပ်ခွဲမှု လုပ် ဆောင်ရန် လိုအပ်နေပြီးဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံပင်ဖြစ်သည်။ နိုင်ငံတကာပညာရှင်များပါဝင် သည့် အကြံပေးအဖွဲ့များ၊ စုံစမ်းရေးအဖွဲ့များကို အစိုးရမှဦးဆောင်ဖွဲ့စည်းခဲ့သော်လည်း တပ်မတော်၏ သဘော တူညီမှုမရှိသည့်အတွက် ၎င်းအဖွဲ့များ၏ အကြံပြုချက်များ၊ တွေ့ရှိချက်များကို ထိရောက်စွာအသုံးချနိုင်ခြင်းမရှိ ဘဲ နိုင်ငံတကာဖိအားလျော့ကျရန်သာ ဆောင်ရွက်နေသကဲ့သို့  သာရှိသည်။

မီဒီယာများ

ပြည်တွင်းမီဒီယာများအနေဖြင့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍သော် လည်းကောင်း ပြည်တွင်းစစ်နှင့် ပတ်သက်၍သော်လည်းကောင်း သတင်းများဖော်ပြရာတွင် တပ်မတော်မှသုံးစွဲစေလိုသည့် စည်းမျည်းများကို လိုက်နာ၍ သုံးစွဲခြင်းများ ပြုလုပ်လျက်ရှိသည်။ ရိုဟင်ဂျာ ဟူသည့်စကားလုံးမှာ “ရခိုင်သား” ဟူသည့် အဓိပ္ပါယ်ရှိ ပြီး တိုင်းရင်းသားဖြစ်လိုသည့် အတွက်သုံးစွဲခြင်းဖြစ်ပြီး “ဘင်္ဂလားသား” ဟူသည့်အဓိပ္ပါယ်ရသည့် အမျိုးသားရေး အစွန်းရောက်တို့၏ ဝါဒဖြန့်ချိမှုရှိခဲ့သည်။ အစိုးရနှင့် တပ်မတော်မီဒီယာများတွင်လည်း ဘင်္ဂါလီ ဟူသည့်စကား လုံးကိုသုံးစွဲခဲ့သည့် နည်းတူ ပြည်တွင်မီဒီယာ အများစုသည်လည် ဘင်္ဂါလီ ဟုသာသုံးစွဲဖော်ပြလျက်ရှိသည်။ ထို့ အပြင် ဘာသာမတူသူများအကြားဖြစ်ပွားသည့် မှုခင်းများကို ဖော်ပြရာတွင်လည်း လိုအပ်ချက်မရှိပဲ ၎င်တို့၏ ဘာသာများကို ပူးတွဲဖော်ပြခဲ့သည်ကိုတွေ့ရပါသည်။ ထို့အပြင် လူနည်းစုဆန့်ကျင်ရေး ဆောင်းပါးများ၊ ကာတွန်း များ၊ သတင်းဆောင်းပါများကိုလည်း ဖော်ပြလာခဲ့ကြသည်ကို တွေ့ရသည်။ ယခင်က လူ့အခွင့်အရေး၊ ဒီမိုကရေ စီအရေး နှင့် ပတ်သက်၍ ထူထောင်ခဲ့ကြသည့် မီဒီယာများသည်ပင်လျှင် လူမျိုးရေးဘာသာရေးခွဲခြားမှုများအား ကာကွယ်ရန် ပျက်ကွက်မှုအား ကျူးလွန်လျက်ရှိကြသည်။

လူနည်းစုတိုင်းရင်းသားများ

အမျိုးသားရေးဝါဒ အားကောင်းလာမှုနှင့်အတူ မြန်မာလူမျိုးကြီး ဝါဒသာမက သက်ဆိုင်ရာတိုင်းရင်းသား အသီးသီးတို့တွင်လည်း အမျိုးသားရေးဝါဒကြီးစိုးလာမှုများကို တွေ့ရသည်။ ကိုယ်ပိုင်အမှတ်လက္ခဏာများ ဖော် ထုတ်မှုတို့ ကို ပြုလုပ်လာကြသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်လွတ်လပ်ရေးဆုံး ရှုံးမှုအခမ်းအနားကို ကျင်းခဲ့ပြီး ၎င်း မှာ မြန်မာဘုရင်၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုတွင် ထိုအခန်းအနားအား ကျင်းပခွင့်အား တာမြစ်ခဲ့ပြီး အစိုးရနှင့် ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခများပေါ်ပေါက်ခဲ့သည်။ ထိုပဋိပက္ခ များတွင် ပစ်ခတ်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ လူပေါင်းများစွာ ဖမ်းစီးခံခဲ့ရသည်။ ၎င်းတို့အပေါ် တရားစွဲဆိုမှုများ ယခုအချိန်ထိ ပြုလုပ်လျက်ရှိပြီး တရားစွဲဖြစ်စဥ်တွင်လည်း တရားမဲ့မှုများ ပါဝင်လျက်ရှိသည်။

သုံးသပ်ချက်

အစိုးရအဆက်ဆက်၏ နိုင်ငံရေးအာဏာအတွက် လူမျိုးရေး ဘာသာရေးအပေါ် အသုံးချမှုမှာ မြန်မာနိုင်ငံ ရေးတွင် ယနေ့တိုင် အသက်ဝင်ဆဲဖြစ်သည်။ ယခုအခါတွင် ရိုဟင်ဂျာဆန့်ကျင်ရေးအား မြန်မာ့အမျိုးသားရေးဝါဒ ပင်မ အတွေးအခေါ်အဖြင့် ကျယ်ပြန့်စွာခွင့် ပြုထားပါသည်။ ထို့အပြင်လည်း  ကချင်ပြည်နယ်၌ ကချင်လူမျိုးစု တစုနှင့်တစုအကြား၊ ကချင်နှင့် ရှမ်းနီ တိုင်းရင်းသားများအကြား၊ ရှမ်းပြည်နယ်တွင် လူများစု ရှမ်းတိုင်းရင်းသား များနှင့် ပအိုဝ့်၊ ပလောင် စသည့်တိုင်းရင်း သားများအကြား လူဦးရေပျံ့နှံ့နေ ထိုင်မှုအချိုး အရ ပေါ်ပေါက်လျက်ရှိ သည့် လူမျိုးရေးပြသနာများ လည်းရှိသည်။ ထိုကဲ့သို့ အမျိုးသားရေးဆိုင်ရာ တက်ကြွမှုပြဿ နာများကို လူများစု ဖြစ်၍ အုပ်ချုပ်သူလူတန်းစားတွင်လည်း အများဆုံးပါဝင်သည့် မြန်မာနှင့် ဗုဒ္ဓဘာသာ ဆန့်ကျင်ရေးအသွင်မဖြစ် သမျှခွင့်ပြုထားသည်ကိုတွေ့ရသည်။

Facebook ၌ပင် Closed Group/Secret Group များတည် ဆောက်၍ ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ ကောလဟလဖြန့်ချိခြင်း၊ အမုန်းစကားဖြန့်ချိခြင်းနှင့် လှုပ်ရှားမှုများ ဆွေးနွေးအကောင် အထည်ဖော်ခြင်းကို ထို Group များမှတဆင့် လုပ်ဆောင်ဆဲဖြစ်သည်။ အမျိုးသားရေး၊ ဘာသာရေးအား နိုင်ငံရေးသြဇာအတွက်အသုံးချမှုကို အမြဲတစေကျင့်သုံးခဲ့သူမှာ တပ်မ တော်ဖြစ်သော်လည်း ယခုအခါ မြန်မာနိုင်ငံရေး ဇာတ်ကောင်အများစုမှာလည်း ရည်ရွယ်ချက်ကိုယ်စီဖြင့်ဝင် ရောက် အသုံးချလာခဲ့သည်ကို တွေ့မြင်နေရပါသည်။ အာဏာရှင်စနစ်အား ကာကွယ်သူလူတစုနှင့် လူ့အခွင့်အ ရေးနှင့် ဒီမိုကရေစီအရေးအား ရပ်ခံကာကွယ်သူများ အကြားပေါ်ပေါက်လာသည့် မြန်မာနိုင်ငံရေးဖြစ်စဥ်များမှ အမျိုးသားရေးဝါဒအား အသုံးချလုပ်ဆောင်သည့် နိုင်ငံရေးယဥ်ကျေးမှုသို့ ရွေ့လျားပြောင်းရွေ့ခဲ့ပြီဖြစ်သည်။ 

အကြံပြုချက် 

မြန်မာနိုင်ငံရေး ဇာတ်ကောင်များ၏ ဘာသာရေးအမျိုးသားရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး ဆိုင်ရာ ရှုမြင်ချက်အား ၎င်းတို့ ရေးသားသည့်စာရွက်စာတမ်းများ၊ အင်တာဗျူများ၊ မိန့်ခွန်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ မှ တဆင့် သုတေသနပြုလုပ်ရန်လိုအပ်သည်။

အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒတို့ အားအသုံးချ၍ လူနည်းစုဘာသာခြားများအား ဓါးစာခံသဖွယ်ပြုမူ နေမှုများအား ဖြစ်စဥ်တခုချင်းစီအရ အသေးစိတ်လေ့လာပြီး အမျိုးသားရေး ဝါဒအခြေခံ အတွေးအခေါ်ပုံသွင်း ဖန်တီးမှု တခုလုံအား ဆက်စပ်ပုံဖော်ရန် လုပ်ဆောင်ရမည်။အမျိုးသားရေး၊ ဘာသာရေး ဆိုင်ရာလုံ့ဆော်မှုများ ပြုလုပ်နေသော်လည်း လက်တွေ့တွင် လူမျိုးကြီးဝါဒ နှင့် တပ်မတော်၏ အာဏာဝေစုခိုင်မြဲရေးအတွက် သာရည်ရွယ်ပြုလုပ်နေကြောင်း သက်သေပြနိုင်မည့် သုတေသ နစာတမ်းများ ထွက်ပေါ်လာရန်လုပ်ဆောင်ရမည်။

တိုင်းပြည်၌ဖြစ်ပေါ်လျက်ရှိသည့် လူမျိုးရေးဘာသာရေးပြဿနာများကို အတူယှဥ်တွဲနေထိုင်ကြရမှ လူမှု စီးပွားရေးဆိုင်ရာ အကျိုးအမြတ်အပေါ်အခြေခံဖြစ်ပေါ်သည့် ဖြစ်လေ့ဖြစ်ထ ပြဿနာများအဖြစ်ယူဆခြင်း မပြုပဲ စနစ်တကျဖန်တီး တည်းဆောက်ထားသည့် ပြဿနာများအဖြစ်ရှုမြင်ကာ ကိုယ်တိုင်ထိ ရောက်စွာ ကိုင်တွယ် ဖြေရှင်းလာရေးအတွက် မြန်မာ့နိုင်ငံရေးဇာတ် ဆောင်များအား  နိုင်ငံတကာပညာရှင် အဝန်းအဝိုင်းမှ တွန်းအား ပေးဆွေး‌နွေးရန် လုပ်ဆောင်ရမည်။

နိဂုံးချုပ်         

လက်ရှိဖြစ်ပေါ်နေသည့် ရိုဟင်ဂျာပြဿနာနှင့် လူနည်းစုတိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်တွင်း စစ်မှာ မြန်မာအစိုးရအဖွဲ့မှ ယူဆထားသကဲ့သို့ အကျိုးစီးပွားဆိုင်ရာပြဿနာ မဟုတ်ဘဲ နှစ်ပေါင်းရှည်ကြာစွာ လူမျိုးရေး၊ ဘာသာရေးနှင့် ကိုယ်ပိုင်ယဥ်ကျေးမှုဆိုင်ရာ တရာမမျှတမှုတို့အား ဆန့်ကျင်ရုန်းကန် သည့် လှုပ်ရှားမှု များမှပေါက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကျင့်သုံးလျက် ရှိသည့် အစိုးရ၏ ပြန်လည်လက်ခံရေးဆိုင်ရာမူဝါဒများ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ အပေါ်သဘောထားများအရ ပြန်လည် လက်ခံရေးနှင့် ငြိမ်းချမ်းရေးရည်မှန်း ချက်များ ပြည့်ဝနိုင်ဖွယ်မရှိပေ။ ၂၀၁၂ ခုနှစ်အတွင်း နေရပ်စွန့်ခွာမှုများ စတင်ခဲ့ပြီး ယခုတိုင်မိမိတို့ ဒေသသို့ ပြန် လည် အခြေချနိုင်ခြင်းမရှိသေးသည့် ဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်အတွင်း သိန်းပေါင်း များစွာ ရှိနေဆဲဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် နေထိုင်ရသူများအနေဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုစသည့် အခြေခံ အခွင့်အရေးများ ဆုံးရှုံရသည့်ကာလာ ကြာမြင့်သည်နှင့်အမျှ စိတ်ရှည်သည်းခံမှုများ လျော့ကျခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း စသည့် အခြေအနေများအပေါ်အခြေခံသည့် တုံ့ပြန်လှုပ်ရှားမှုများ အချိန်မရွေးပေါ်ပေါက်နိုင်သည့် အခြေအနေဖြစ်သည်။ ပညာသင်ကြားရန်အခွင့်အရေးနှင့် ဝေးကွာနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်လူငယ်ထောင်ပေါင်းများစွာသည် အကြမ်းဖက်ဝါဒ၏ စည်းရုံးရေးပစ်မှတ်ဖြစ်နေနိုင် သ ကဲ့သို့ ၎င်းတို့လူ့အသိုင်းအဝိုင်းတ ခုလုံး တန်းတူညီမျှမှုရရှိရေးနှင့်လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် လည်း ကြီး မားသည့် အခြေခံအင်အားစုအဖြစ် ရှိနေပါသည်။ လူ့အခွင့်အရေးအခြေခံအချက်များ အရပင်လူသားမျိုးနွယ်တခု အနေဖြင့်ရသင့်ရထိုက်သည်များကို ကျော်လွန်၍ အရေးတကြီး လက်တွေ့လုပ်ဆောင်သင့်သည်များကို မပြုလုပ်ပဲ သမိုင်းရေးငြင်း ခုန်မှုများ၊ အယူဝါဒကွဲပြားမှုများ၊ လူမျိုးရေးအခြေခံမုန်းတီးမှု များစသည့် သတ်မှတ်ချက်ဆိုင်ရာ သ ဘောမတူညီ မှုများနှင့် ချဥ်းကပ်ဆောင်ရွက်နေသမျှ ရိုဟင်ဂျာပြဿနာသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် ပြ ဿနာ တရပ်အဖြစ်ရှိနေဦးမည်ဖြစ်သည်။