ကောင်းထက်အောင်

Click here for the English language version of this article.

Cite as: 
ကောင်းထက်အောင်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3568

ကျွန်တော့်နာမည်က ကောင်းထက်အောင်ဖြစ်ပြီးတော့ အသက်က ၂၉ နှစ်ပါ။ ဗမာလူမျိုး အိမ်‌ထောင်ကွဲထားပါတယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို ၂၀၁၈ မှာ ထားသွားတာပါ။

ကျွန်တော်က မျိုးရိုးစဉ်ဆက် နိုင်ငံ့ဝန်ထမ်းလုပ်လာတဲ့ မိသားစုကပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော်တို့အသိုင်းအဝိုင်းက တပ်နားမှာပဲ ရှိခဲ့တာပါ။ တပ်ထဲကိုဝင်ခဲ့တာက နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော့်မိသားစုနဲ့ ပြည်သူတွေအတွက် ဂုဏ်ရှိတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့လို့ပါ။ တပ်သားအဆင့်နဲ့ သင်တန်းဆင်းခဲ့ပြီးတော့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံမှာ လက်နက်ထုတ်လုပ်ရေး ပညာသည်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဗုံးသီးတွေ အများကြီး ထုတ်လုပ်ခဲ့တယ်။ ကျွန်တော်သာ နိုင်ငံ့ဝန်ထမ်းနယ်ပယ်ဘက်မရောက်ဘဲနဲ့ တပ်ထဲမဝင်ဖြစ်ခဲ့ရင် တွင်ခုံပိုင်းဖက်ကို လုပ်ဖြစ်ခဲ့မယ်ထင်ပါတယ်။ ကျွန်တော်က အဲ့ဒီအပိုင်းကို စိတ်ဝင်စားတယ်လေ။

တပ်ထဲမှာ ကြာလာတာနဲ့အမျှ စစ်တပ်ထဲမှာရှိနေတဲ့ပြဿနာတွေ ကို ကျွန်တော် သတိထားမိလာတယ်။ ကျွန်တော်ထုတ်လုပ်လိုက်တဲ့ လက်နက်တွေကို တိုင်းရင်းသားလူနည်းစုတွေကိုသတ်ဖို့ သုံးနေတဲ့အပေါ် ကျွန်တော် တဖြည်းဖြည်း ရှက်လာပါတယ်။ ကျွန်တော့်လက်နဲ့ ကိုယ်တိုင် ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးပေမယ့် ကျွန်တော့်အပြစ် မကင်းခဲ့ဘူး။ ကျွန်တော် အဲ့ဒီလူတွေအပေါ် တာဝန်မကျေခဲ့ဘူး။ စစ်တပ်က နိုင်ထက်စီးနင်းပြုမူနေတဲ့ လူတွေကိုသတ်ဖို့ ဗုံးတွေထုတ်လုပ်မယ့်အစား သူတို့ရှိတဲ့ အစွန်အဖျားဒေသတွေကိုသွားပြီး ငွေကြေးနဲ့ မကူညီနိုင်ရင်တောင်မှ လုပ်အားနဲ့ ကူညီပေးချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စစ်တပ်ရဲ့ ကာချုပ်နေရာကို ရောက်လာတော့ စစချင်း ကျွန်‌တော် ‌တော်တော်ပျော်ခဲ့ပါတယ်။ သူက စည်းကမ်းပြည့်ဝတဲ့ ဗိုလ်ချုပ်တစ်ဦးလို့ ကျွန်တော်ထင်ခဲ့ပြီးတော့မှ သူ့ရဲ့မိန့်ခွန်းတွေကို သဘောကျခဲ့ပါတယ်။ တပ်မတော်ကြီးကို ပိုကောင်းလာအောင် ပြုပြင်ပြောင်းလဲမယ်လို့ ထင်ခဲ့ပါတယ်။ သူ့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပြင်ပြီး အရင်လိုမျိုး စစ်သားတွေက အိမ်တွေကို မီးရှို့နေတာမျိုးတွေ မဖြစ်တော့ဘူးလို့ ထင်ခဲ့ပါတယ်။ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သူကျူးလွန်နေတဲ့ ရက်စက်မှုတွေကိုကြည့်ပြီး ကျွန်တော် သူ့ကို ဘယ်စကားလုံးနဲ့ နှိုင်းပြောရမလဲတောင် မသိတော့ပါဘူး။ သူ့ရဲ့မျက်နှာဖုံး မကွာကျသွားခင် ၂၀၂၀ ရွေးကောက်ပွဲပြီးတော့ အာဏာသိမ်းမှု မဖြစ်ခင်စပ်ကြားမှာ National League for Democracy (NLD) က မဲလိမ်တယ်ဆိုတဲ့ကိစ္စကို အပြောများလာကြပါတယ်။ ကျွန်တော်ကတော့ လုံးဝမယုံခဲ့ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကဆိုရင် ကျွန်တော်ရော၊ တခြားတပ်သားတွေပါ တပ်ရင်းမှူးရှေ့ကို ခေါ်ခံရပြီး Union Solidarity and Development Party (USDP) ကို မဲပေးဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ အဲ့ဒီမဲတွေကိုကျွန်တော်တို့က “လက်ထောက်မဲ” လို့ ခေါ် ပါတယ်။ ၂၀၁၅ မှာ အဲ့ဒီလိုတွေ ဖြစ်ပျက်ခဲ့တာပါ။ အဲ့ဒါကမှ တကယ့်မဲလိမ်တာပါ။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ကို မဲ၃-၄ ကြိမ် ပေးခိုင်းတာတောင်မှ သူတို့ ရွေးကောက်ပွဲမှာ မနိုင်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူတို့ အဲ့ဒီလိုမျိုး လုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ ကျွန်တော်က တပ်ရင်းအပြင်ရောက်နေလို့ လက်ထောက်မဲကိုတော့ ရှောင်နိုင်ခဲ့ပါတယ်။ ကျွန်တော် NLD ကို မဲပေးခဲ့ပြီးတော့ NLD သာ အာဏာရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေ တဖြည်းဖြည်း ပိုကောင်းလာမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ၂၀၂၀ မှာ ပြည်သူတွေရဲ့စိတ်ဆန္ဒကို အပြင်မှာ တကယ်တွေ့ခဲ့ပါတယ်။ ကျွန်တော်က ကျွမ်းကျင်သူမဟုတ်ပေမယ့် ဒီရွေးကောက်ပွဲက သန့်သန့်ရှင်းရှင်း မျှမျှတတဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ စစ်တပ်က သူတို့ရဲ့လက်ဝေခံပါတီ USDP က ရွေးကောက်ပွဲမှာ “လက်ထောက်မဲ” တွေနဲ့ ညစ်ခဲ့တာတောင်မှ အနိုင်မရခဲ့တာကို လက်မခံနိုင်ခဲ့ပါဘူး။

အရင်ကတော့ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ပြောခဲ့ပေမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာကျ…။ ကျွန်တော်တို့စစ်သားတွေကိုကျတော့ တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင် နိုင်ငံရေးမလုပ်ရဘူးလို့ ပြောထားတယ်။ အဲ့ဒါဆို ဒီဗိုလ်ချုပ်တွေကကျတော့ ဘာလို့လုပ်နေတာလဲ။ အမြဲတမ်း ဝင်ရှုပ်နေတယ်။ သူတို့ကို ဘယ်လိုယုံကြည်ရမှာလဲ။

အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ အရပ်သားပြည်သူတွေကို သတ်ခဲ့တယ်။ ကျွန်တော် ဆက်ပြီး မနေနိုင်တော့ဘူး။ စစ်မြေပြင်မှာလိုမျိုးကို ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူတွေကို ပစ်သတ်ခဲ့တာ။ မသိရင် ဆန္ဒပြသူတွေက ရန်သူကျနေတာပဲ။ အရာရှိတွေက သူတို့ရဲ့စစ်သားတွေကို ဆန္ဒပြသူတွေခေါင်းကိုပစ်ဖို့ ပြောခဲ့တယ်။ ကျွန်တော့်ကိုသာ အဲ့ဒီလိုသွားလုပ်ခိုင်းရင် လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ သတ်ဖြတ်တာတွေ စလာတော့ ကျွန်တော် အရမ်းနာကျည်းခဲ့တယ်။ အဲ့ဒီလုပ်ရပ်တွေအတွက် ဘယ်တော့မှ တရားမျှတတယ်ဆိုတာ မရှိဘူး။ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ။ အဲ့ဒီလို အပြစ်မရှိတဲ့သူတွေကိုသတ်တဲ့ စစ်သားတွေက ကိုယ်ဆိုခဲ့တဲ့သစ္စာ ပြန်စူးမှာ။

ကျွန်တော် ၂၀၂၁ မေလ ၁၀ ရက်မှာထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို ကူညီပေးမယ့် ဘယ်အဖွဲ့အစည်းနဲ့မှ အချိတ်အဆက်မရှိခဲ့ပါဘူး။ ကျွန်တော့်ဆိုင်ကယ်ကိုယူပြီး တခြားမြို့ကို စီးထွက်ခဲ့ပါတယ်။ ပြဿနာက ကျွန်တော့်မှာ ပိုက်ဆံမပါလာခဲ့တာနဲ့ မိသားစုအိမ်ကိုပြန်ပြီး သွားယူဖို့လုပ်တဲ့အချိန် အပြန်လမ်းမှာ ဆိုင်ကယ်ဆီ ပြတ်သွားခဲ့တယ်။ ကံဆိုးချင်တော့ ကျွန်တော်ဆီဝယ်ဖို့သွားလိုက်တဲ့နေရာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ် ဖြစ်နေပါတယ်။ သူက ကျွန်တော့်ကို မှတ်မိသွားပြီးတော့ ကျွန်တော်က PDF နဲ့ ပေါင်းပြီး သူ့ကို လာသတ်ပါတယ်ဆိုပြီး ကျွန်တော့်ရဲ့တပ်ရင်းကို လှမ်းတိုင်ခဲ့ပါတယ်။

ကျွန်တော့်ကိုလာဖမ်းတဲ့စစ်သားတွေကလည်း ကျွန်တော့်တပ်ရင်းက ဖြစ်နေပြီး ကျွန်တော့်ကို မှတ်မိနေကြတယ်။ တပ်ထဲပြန်လိုက်ခဲ့ရင် ဘာမှမဖြစ်ဘူးလို့ သူတို့ ကချော့ခေါ်ခဲ့ပါတယ်။ အင်အား အယောက် ၂၀ လောက်နဲ့ လာတာဆိုတော့ ကျွန်တော့်မှာ ရွေးစရာမရှိခဲ့ဘူး။ တပ်ထဲပြန်ရောက်သွားတော့ တပ်ရင်းက အချုပ်ထဲမှာ ကျွန်တော့်ကို ၆ ပတ်လောက် ထည့်ထားခဲ့ပါတယ်။ ပြန်ထွက်လာတော့ ကျွန်တော့်အရာရှိက ကျွန်တော့်ကိစ္စကို အထက်ကိုမတင်ပြခဲ့ဘူးဆိုတာ သိလိုက်ရတယ်။ သူက ကျွန်တော့်ကို အခွင့်အရေး နောက်တစ်ကြိမ်ပေးခဲ့ပြီး ကျွန်တော့်မူလတာဝန်တွေ ပြန်ထမ်းဆောင်ခဲ့ရပါတယ်။

ဗုံးသီးတွေ ဆက်ထုတ်နေခဲ့ရပေမယ့် စစ်တပ်ကနေထွက်ဖို့တော့ ကျွန်တော် ဆုံးဖြတ်ပြီးသွားပါပြီ။ နောက်တစ်ခေါက်ထွက်တော့ ကျွန်တော် သေချာလုပ်ခဲ့ပါတယ်။ ပြည်သူ့စစ်သားအဖွဲ့နဲ့ ချိတ်ဆက်ခဲ့ပြီး ကျွန်တော့်ထွက်လမ်းကို သေချာ စီစဉ်ခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့အထိ ၃ လကြာ ကျွန်တော်စောင့်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီနေ့က တော်သလင်းလကွယ်နေ့ ဖြစ် ပြီးတော့ ကျွန်တော်စခန်းကနေ မနက် ၂ နာရီမှာ ထွက်ခဲ့ပါတယ်။ အနီးနားက မြို့တစ်မြို့ကိုရောက်တဲ့အထိ ဆိုင်ကယ်ကို တောထဲက ဖြတ်တွန်းခဲ့ပြီးတော့ အဲ့ဒီမြို့မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ ထားခဲ့ပါတယ်။ ကံကဆိုးချင်တော့ နောက်နေ့မှာ NUG ကနေ “D-Day” ကြေညာပါလေရော။ ကျွန်တော်စစ်ဆေးရေးဂိတ်တွေအတွက် ပြင်ဆင်ထားပေမယ့် မျှော်လင့်ထားတာထက်ပိုပြီး အစစ်အဆေး များခဲ့ပါတယ်။ ခရီးလမ်းမှာ စစ်သားတွေနဲ့အတူ ကားစီးခဲ့ရတာလည်းရှိပြီးတော့ ပိုက်ဆံအိတ်လည်း ဘတ်စ်ကားပေါ်မှာ အခိုးခံခဲ့ရပါတယ်။ ဒါပေမဲ့ သဘောကောင်းတဲ့လူတချို့ရဲ့အကူအညီနဲ့ လွတ်မြောက်နယ်မြေကို ရောက်လာခဲ့ပါတယ်။

ကျွန်တော် ဒုတိယအကြိမ်ထပ် အဖမ်းခံခဲ့ရရင် ကျွန်တော့်ကို ဘာလုပ်ကြမလဲတောင် မသိဘူး။ မိသားစုအတွက်‌ရော ကျွန်တော့်ကိုယ်တိုင်အတွက်ပါ တော်တော်လေး စိုးရိမ်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် ရှေ့လျှောက်ဘယ်လိုဖြစ်လာမလဲဆိုတာလည်း မသိခဲ့ပါဘူး။ ကျွန်တော့်မိသားစုက ကျွန်တော့်ဆုံးဖြတ်ချက်ကို ထောက်ခံကြပေမယ့်လည်း သူတို့က စစ်တပ်နားမှာနေနေကြရတုန်း ဆိုတော့ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံလို့တော့ မရဘူးပေါ့။ ကျွန်တော့်ကို ဒီခရီးစဥ်တစ်လျှောက် အထောက်အကူဖြစ်စေခဲ့တာကတော့ ပြည်သူက ကိုယ့်ဖက်မှာရှိနေတယ်ဆိုတဲ့အသိပါ။ ကျွန်တော် လမ်းတစ်လျှောက်မှာ ကျွန်တော့်အခြေအနေကို လူတချို့ကို ပြောပြခဲ့တော့ သူတို့က ကျွန်တော့်ကို ထမင်းတွေဝယ်ကျွေးပြီး ကျွန်တော့်အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ကြပါတယ်။

အခုတော့ ကျွန်တော် ပြည်သူ့စစ်သားအဖွဲ့နဲ့ အလုပ်ကြိုးစားလုပ်နေပါတယ်။ စစ်သားတွေ ပြည်သူဖက်မှာ ရပ်တည်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ထွက်လာချင်ပေမယ့် ကြောက်ကြတဲ့လူတွေအတွက် ကျွန်တော်ပြောလိုတာကတော့ ပြည်သူ့စစ်သားအဖွဲ့ကို ယုံကြည်ပေးပါ။ အခက်အခဲတွေအကုန်လုံးကို ကျွန်တော်တို့ ဖြေရှင်းပေးပါ့မယ်။ အကုန်လုံး အဆင်ပြေသွားမှာပါ။ တော်လှန်ရေးအောင်မြင်သွားပြီဆိုရင် ကျွန်တော့်ဘဝကို အရပ်သားတစ်ယောက်အနေနဲ့ပဲ ဆက်သွားချင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မတိုင်ခင်အထိ ကျွန်တော် ပြည်သူ့စစ်သားအဖွဲ့ကို ကူညီပေးပြီး သူတို့ရဲ့မစ်ရှင်တွေမှာ ပါဝင်ဆောင်ရွက်သွားမှာပါ။ ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့ နေ့စဉ် ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်နေပြီလေ။