Joshua1 | Click here for the English language version of this article.
Cite as: Joshua၊ (၂၀၂၁)၊ ကချင်လူမျိုးများ၏ ပဋိပက္ခများအတွင်းမှ ဘာသာရေးနှင့် နိုင်ငံရေး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3312
စာတမ်းအကျဉ်
ကချင်လူမျိုးစု၏ လူမျိုးစုဖြစ်မှုသွင်ပြင်လက္ခဏာရပ်များကိုနားလည်ရန်မှာ ဘာသာရေး (ခရစ်ယာန်ဘာသာ) ၏အခြေခံကျမှုသာမက ဘာသာရေးနှင့်နိုင်ငံရေးရောထွေးမှုမှဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ်အတည်းကိုပါနားလည်ထားရမည်ဖြစ်သည်။ ကချင်ခရစ်ယာန်ဓမ္မပညာရှင်များသည်သူတို့လူမျိုး၏ ပဋိပက္ခကို သမ္မာကျမ်းစာအပေါ်အခြေခံသောအမြင်ဖြင့်ချဉ်းကပ်လေ့ရှိကြပြီး၊ ကချင်လူမျိုးများသည် သမ္မာကျမ်းစာအလိုအရသူတို့ကို ဘုရားသခင်ကတိကဝတ်ပြုထားသောတရားမျှတမှုနှင့် စစ်မှန်သောငြိမ်းချမ်းရေးတည်ရှိရာမြေကိုမရရှိမခြင်းဆက်လက်၍ လက်နက်ကိုင် တိုက်ပွဲဝင်သွားဖွယ်ရှိသည်ဟုသုံးသပ်လေ့ရှိသည်ကိုတွေ့ရပါသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သည် ၁၉၉၄ ခုနှစ် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်မတိုင်မီကာလမတိုင်မီကရှိခဲ့သော နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသောအခြေအနေမျိုးသို့ပြန်လှည့်သွားရန်မှာဖြစ်နိုင်ချေလွန်စွာနည်းပါသည်။ ကချင်နှင့် အခြားတိုင်းရင်းသားလူနည်းစုများ၏ သမိုင်းကြောင်းအရတရားဝင်ရသင့်ရထိုက်သည့် အကျိုးစီးပွားများကို လေးစားကာကွယ်မှု မပြုလုပ်ပါက မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးမတိုးတက်မှု၊ နှင့်လူမျိုးစု လက်နက်ကိုင်ပဋိပက္ခများ အောက်တွင်ချည့်နဲ့ကျဆင်းသွားမည်ဖြစ်ပါသည်။

ကချင်လူမျိုးစု၏ သမိုင်း
ကချင်လူမျိုးစုသည် ဗမာပြည်ရှိ အခြားသော အထက်ပိုင်းဒေသမှလူမျိုးများနည်းတူ စာပေအရေးသားနှင့် ဖတ်ရှု့မှုမရှိခဲ့ဘဲ တစ်ဆယ့်ကိုးရာစုနှောင်းပိုင်း ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးများရောက်ရှိလာမှသာလျှင် အရေးအသားစနစ်တစ်ခု ၎င်းတို့အတွက် ဖန်တီးပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့ယခု ကချင်မြေဟုခေါ်ဆိုသော လက်ရှိဗမာပြည်မြောက်ဖက်စွန်းဒေသသို့ မည်ကဲ့သို့ရောက်ရှိအခြေချခဲ့သည်ကို ရေးသားဖော်ပြထားသော သမိုင်းမှတ်တမ်းမရှိခြင်းဖြစ်ပါသည်။ ကချင်ပါးစပ်ရာဇဝင်တွင်မူ ချင်းလူမျိုးများနှင့် ကချင်လူမျိုးများသည် သွေးတော်သားစပ်သော ညီအစ်ကိုများဖြစ်ပြီး ထိုအချက်အရ ၎င်းတို့သည် ၎င်းတို့အခေါ်အရ (Major Singra Bum) ဟုခေါ်သော တိဘက်ကုန်းမြင့်ဒေသမှ လာရောက်ခဲ့သည်ဟု ထောက်ပြနေပါသည်။ ကချင်ပြည်တွင်ဆယ်စုနှစ်ချီနေထိုင်ခဲ့သော Herman G. Tegenfeldt ၏ ကချင်လူမျိုးစုအပေါ် အသေးစိတ်ကိုးကားထားသော လေ့လာလုပ်ဆောင်ချက်များအရ ‘ကချင်’ ဟူသောအခေါ်အဝေါ်သည် ဂျိန်းဖော၊ ရဝမ်၊ မရူ၊ လရှီ နှင့် လီဆူးတို့ပါဝင်သော ဘာသာစကားကွဲပြားသောလူမျိုးစု ခြောက်စုကို ခြုံငုံရည်ညွှန်းပါသည်။2 ကချင်သုတေသီတစ်ဦးဖြစ်သူ Maran La Raw သည် ကချင်လူမှုရေးဖွဲ့စည်းပုံများကို တိကျစွာပုံဖော်ခြင်းနှင့်တကွ တစ်ဖက်တွင်လည်း ၎င်းတို့၏ဘာသာစကားကွဲပြားမှုမှလွဲ၍ ကချင်လူမျိုးများသည် “တူညီသောဘုံဘိုးဘွားမျိုးရိုးမှဆင်းသက်လာပြီး တူညီသောလက်ထပ်မှုစနစ်ကိုလည်းကျင့်သုံးကြကာ ထပ်တူနီးပါးတူညီသော ဓလေ့ထုံးတမ်းဥပဒေများနှင့် လူမှုရေးထိန်းချုပ်မှုစနစ်ရှိခြင်း၊ ရိုးရာဓလေ့ ရည်ရွယ်ချက်များအတွက် ဂျိန်းဖောဘာသာစကားကိုသာ အသုံးပြုပြီး အများအားဖြင့် ဘာသာစကားများစွာကို ကောင်းမွန်စွာပြောတတ်ကြသူများဖြစ်ကြောင်း” ဖော်ပြထားပြန်ပါသည်။3
သမိုင်းကြောင်းအရ ကချင်လူမျိုးအားလုံး၏ ကံတရားနှင့် ကံကြမ္မာကို အစီစဥ်ချပြီး ဆုံးဖြတ်ပေးခဲ့သော နိုင်ငံရေးခေါင်းဆောင်များမှာ – ဗြိတိသျှတို့ မှ ၎င်းတို့၏မူလဇာတိမြေအား သိမ်းပိုက်ခြင်းမပြုမီ -ရှင်ဘုရင်များမဟုတ်ကြဘဲ မိမိတို့၏နိုင်ငံနှင့် အချုပ်အခြာအာဏာကို ပြင်ပရန်စွယ်များမှ ကာကွယ်ခဲ့ကြသည့် ခေါင်းဆောင် (ဒူဝါ) များ ဖြစ်ကြပါသည်။ ယင်းအချက်သည်ပင် ကချင်လူမျိုးများသည် ၎င်းတို့၏လွတ်လပ်ရေးကို အခြားသော မည်သည့်အိမ်နီးချင်းနိုင်ငံထံသို့မှ မဆုံးရှုံးခဲ့ဖူးကြောင်း သက်သေပင်ဖြစ်ပါသည်။4 ကချင်လူမျိုးများသည် ၎င်းတို့၏ ပိုမိုအင်အားတောင့်တင်းသော အိမ်နီးချင်းနိုင်ငံများနှင့် လူမှုရေးနှင့်နိုင်ငံရေးအရ အတိုင်းအတာတစ်ခုအထိ ပတ်သက်ခဲ့သော သမိုင်းမှတ်တမ်းများမှအပ ၎င်းတို့သည် မိမိတို့၏ ဘိုးဘွားစဥ်ဆက်ပိုင်နက် နှင့် အခြားပြင်ပသြဇာအာဏာများမှ မိမိတို့၏လွတ်လပ်မှုအပေါ် လွှမ်းမိုးမှုကို ထိရောက်စွာကာကွယ်ခဲ့ကြပြီး ထိုအချက်မှာ အောက်ပြည်ရှိ ဗမာလူမျိုးများသည် ကချင်နိုင်ငံအပေါ် မည်ကဲ့သို့သော နိုင်ငံရေးသြဇာအာဏာကိုမှ အသုံးပြုနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သွယ်ဝိုက်ဖော်ပြနေပါသည်။5 Tegenfeldt သည် ထိုသမိုင်းကြောင်းအား သင့်တင့်လျောက်ပတ်စွာဖော်ပြခဲ့သလို ကချင်လူမျိုးများမှာ “ဗမာ၊တရုတ် သို့မဟုတ် ရှမ်းလူမျိုး များကိုပါဦးမညွတ်ခဲ့ကြောင်း အခိုင်အမာဆိုပါသည်။6
ကချင်နှင့် ဗမာလူမျိုးများအကြားရှိ ခါးသီးသော လူမျိုးရေးကွဲထွက်မှုအတွက် အင်္ဂလိပ်နယ်ချဲ့များနှင့် အမေရိကန်သာသနာပြုများသည် သမိုင်းကြောင်းအရတာဝန်ရှိသည်ဟု ရှုံ့ချ စွပ်စွဲရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းမှာ မှားယွင်းနေပါသည်။ ကချင်နိုင်ငံသည် ၁၉၄၈ မတိုင်မီအထိ မည်သည့်အချိန်တွင်မှ ‘ဗမာပြည်’ ၏အစိတ်အပိုင်းတစ်ခုမဟုတ်ခဲ့သလို ၁၉၄၈ မတိုင်မီအထိ ဗမာပြည်အား ၎င်းတို့၏အိမ်ဟုခေါ်ဆိုခဲ့ခြင်းမရှိခဲ့ဘဲ ၁၉၄၇ ပင်လုံစာချုပ်၏ သမိုင်းအကျိုးဆက်များကြောင့်သာ ချင်းလူမျိုးများနှင့် ရှမ်းလူမျိုးများနည်းတူ ဗမာပြည်ထောင်စု၏ နိုင်ငံသားသစ်များ လိုလားစွာဖြစ်လာခဲ့ကြပါသည်။ Maran La Raw ၏ စာပေများတွင် တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သော ပြဿနာတိုင်းအား ဗြိတိသျှကိုလိုနီစနစ်ကိုအပြစ်ပုံချခြင်းအစား ဗမာ့နိုင်ငံရေးသမိုင်းကြောင်း၏ အစိတ်အပိုင်းအမျိုးမျိုးကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရှုရန်လိုအပ်ပုံကို အလေးအနက်ထား ပြောကြားဖော်ပြခဲ့သလို – ၎င်းသည် လက်ရှိ ဗမာပြည်တွင် ဖြစ်ပျက်နေသော လူမျိုးရေးပဋိပက္ခများ၏ ရှုပ်ထွေးပုံကိုလည်း အနီးကပ်လေ့လာခဲ့ပါသည်။ ၎င်းသည် ဗမာလူမျိုးများနှင့် အခြားသော တိုင်းရင်းသားလူနည်းစုများ၏ လူမျိုးရေးခွဲထွက်မှုအတွက် ဗြိတိသျှတို့ပေါ်တွင်သာ တာဝန်ရှိကြောင်း ယုံကြည်သည့် ဗမာပညာရှင်အချို့ကို ပြင်းထန်စွာဝေဖန်ထားပါသည်။ ဥပမာ – ဗြိတိသျှများသည် နဂိုရှိနေခဲ့သောအခြေအနေကိုသာ ထိန်းသိမ်းခဲ့ပြီး ကချင်အား လက်ရှိ ပင်မဗမာလူမှုအသိုင်းအဝိုင်းထဲသို့ နိုင်ငံရေးအရနှင့် ယဥ်ကျေးမှုအရ သွတ်သွင်းရန် စနစ်တကျအဆင့်ဆင့် မဆောင်ရွက်ခဲ့ခြင်းအပေါ် ကျော်သက်မှ ရှုံ့ချခြင်းအတွက် Maran La Raw မှ ၎င်းအား ဝေဖန်ခဲ့ပါသည် –
အထက်ဗမာပြည်ကို အင်္ဂလိပ်တို့က သိမ်းယူထိန်းချုပ်နေသောအချိန်တွင် ကချင်များသည် ဗမာဘုရင်ကို တိုက်ခိုက်ရန် အလုံးအရင်းဖြင့် အုံကြွနေပြီးဖြစ်ပါသည်။ ဗြိတိသျှများအတွက် တိုင်းရင်းသားလူမျိုးစုများကို နှိမ်နှင်းရန် မန္တလေးပြည်ကိုသိမ်းပြီးနောက်ထပ် ဆယ်နှစ်ကျော်ကြာခဲ့ကာ ကချင်လူမျိုးများသည် အင်္ဂလိပ်တို့အပေါ်ခုခံတိုက်ခိုက်မှုကို ၁၉၃၅ ထိတိုင်လက်မလျှော့ခဲ့ပါ။ ထို့ကြောင့် အင်္ဂလိပ်အစိုးရမှ ၎င်းအခြေအနေများအောက်တွင် ကချင်လူမျိုးစုများအားသွတ်သွင်းရန် အဆင့်ဆင့်လုပ်ဆောင်ခဲ့သင့်သည်ဟူသော တိုက်တွန်းချက်မှာ အဓိပ္ပါယ်မရှိဖြစ်လာပါသည်။7
ကချင်လူမျိုးများသည် တရုတ်၊ ဗမာနှင့် ရှမ်းလူမျိုးများကဲ့သို့အခြားသော လူမျိုးစုများနှင့် တိုက်ရိုက် လူမှုဆက်ဆံရေးများရှိခဲ့သလို တစ်ချိန်တည်းမှာပင်ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနှင့် မိမိတို့ကိုယ်တိုင်ထိတွေ့စူးစမ်းလေ့လာနေခဲ့ကြခြင်းသည် ၎င်းအုပ်စုများမှ ကချင်လူ့အဖွဲ့အစည်းအပေါ် ရှိနိုင်သော ထင်ရှားသည့်လွှမ်းမိုးမှုတစ်ရပ်ကို မျှော်လင့်မိစေရန် လမ်းကြောင်းပေးနိုင်ပါသည်။ သို့သော် ကချင်လူမျိုးစုများနှင့် အခြားသောအိမ်နီးချင်းလူမျိုးစုများ အထူးသဖြင့် အောက်ပြည်မှ ဗမာလူမျိုးများ၏ ရန်လိုသော ဆက်ဆံရေးများကို သမိုင်းသက်သေများမှ ဖော်ပြနေပါသည်။ ဤအုပ်စုနှစ်စုကြားမှ အဆင်မပြေလှသော ဆက်ဆံရေးသမိုင်းကြောင်းကို နားလည်သဘောပေါက်ရန် အရေးပါကြောင်း အလေးပေးထားဖော်ပြနေစဥ်မှာပင် Tegenfeldt မှ ၎င်း၏စာတမ်းထဲတွင် ၎င်းတို့အကြား ဆက်ဆံမှုများမှာ သမိုင်းကြောင်းသတ်မှတ်ချက်အရ ရန်လိုမှုများသာ ဖြစ်ကြောင်း ၎င်းတို့အကြား ၁၈၇၇ တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့်တိုက်ပွဲ နှင့် ၁၈၈၄ တွင်ဖြစ်ပွားခဲ့သည့် ဗန်းမော်ကို ကချင်နှင့် တရုတ်မှ သိမ်းယူခြင်းတို့ကို ကိုးကား၍ဖော်ပြခဲ့ပါသည်။8 ဤသမိုင်းအချက်အလက်များသည် ဗမာဘုရင်မှ William H. Roberts အား “ကချင်တွေကို သင်ကြားပေးမယ်ပေါ့။ ငါမွေးထားတဲ့ခွေးတွေဟိုမှာ မြင်လား။ ငါပြောမယ် – မင်းသူတို့ကို ပြောင်းလဲပေးပြီး သင်ကြားပေးတာကမှပိုလွယ်ဦးမယ်၊ မင်းကကိုယ့်ဘဝကိုယ်ဖြုန်းတီးနေတာပဲ” လို့အဘယ်ကြောင့် ဆိုခဲ့ကြောင်း ရှင်းပြနေပါသည်။9
ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပွားခဲ့သော ဗမာများနှင့် ကချင်များ၏သမိုင်းကြောင်း အလှည့်အပြောင်း အဖြစ်အပျက်များသည် ၎င်းတို့နှစ်အုပ်စုအကြား ပိုမိုကွဲကွာခြားနားသွားစေသည့်ပုံစံမြင်ရပါသည်။ ဥပမာ – ကချင်တိုက်ခိုက်ရေးသမားများသည် အင်္ဂလိပ်များနှင့် အမေရိကန်များအား အလွန်အရေးကြီးသော သတင်းအချက်အလက်များနှင့် စစ်ရေးဆိုင်ရာ အထောက်အကူများပေးနေခဲ့စဥ် – ဗိုလ်ချုပ်အောင်ဆန်း၏ ဆွဲဆောင်မှုရှိသောခေါင်းဆောင်မှုအောက်တွင် ဗမာတိုက်ခိုက်ရေးသမားများမှာ ဗမာပြည်မှ အင်္ဂလိပ်တို့ကို တိုက်ထုတ်ပြီး သိမ်းပိုက်ရာတွင် ဂျပန်များကို စွမ်းစွမ်းတမံ ကျောထောက်နောက်ခံပြုပေးခဲ့ပေးခြင်းသည် ၁၉၄၀ ခုနှစ်များတွင် လွတ်လပ်ရေးအတွက် တိုက်ခိုက်ခဲ့မှုများအတွင်း ၎င်းလူမျိုးစုနှစ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ဇာတ်ကြောင်း၏မှားယွင်းနေသော သဘောသဘာဝကို သိသာစွာမီးမောင်းထိုးပြနေပါသည်။ ကချင်ပြောက်ကျားတိုက်ခိုက်ရေးသမားများသည် ဗြိတိသျှအိန္ဒိယကို သိမ်းပိုက်ရန် ကြိုးပမ်းနေသော ဂျပန်များကို တားဆီးနှိမ်နင်းရာတွင် စစ်ရေးအရ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ဤနေရာတွင် မှတ်သားထားရပါမည်။ Donovan Webster ကဲ့သို့သော ဗမာ့အရေးသုတေသီများသည် ကချင်စစ်သားများက ဂျပန်များကို အံ့သြတုန်လှုပ်သွားစေချိန်တွင် “ဒုတိယကမ္ဘာစစ်၏ ပထမဆုံးပြောက်ကျားစစ် ပေါ်ထွက်လာခဲ့ပြီ” ဟု ဆီလျော်မှန်ကန်စွာဖော်ပြခဲ့ပါသည်။10 အောင်ဆန်းမှ ၎င်း၏လူများအား ယင်းတို့၏ မဟာမိတ်ဟောင်းကို ဆန့်ကျင်ပြီးစတင်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့နောက်ပိုင်းမှသာလျှင် ကချင်များသည် ၎င်းတို့၏ ဗမာတိုက်ခိုက်ရေးသမားများနှင့် ဂျပန်များကို တိုက်ထုတ်ရန် စိတ်ပါလိုလားမှုမရှိဘဲ အတူတကွ တိုက်ပွဲဝင်ခဲ့ပါသည်။11
ခက်ခဲသောအမှန်တရားဖြစ်သည့် စစ်ပြီးခေတ် လျှင်မြန်စွာပြောင်းလဲနေသော ဗမာပြည်၏နိုင်ငံရေးအခြေအနေသည် ကချင်တို့အားလွတ်လပ်သော လူမျိုးစုတစ်စုအနေဖြင့် မိမိတို့၏ ကံကြမ္မာနှင့် အနာဂတ်ကို မည်သို့မည်ပုံစီစဥ်ပုံဖော်ရမည်ကို စတင်စဥ်းစားရန် လိုအပ်လာစေခဲ့ပြီး ၁၉၄၇ တွင်ချုပ်ဆိုခဲ့သည့် သမိုင်းဝင် ပင်လုံစာချုပ်၏ အခြေခံမူများအပေါ် အကျယ်တဝင့် စဥ်းစားဆွေးနွေးခဲ့ကြကာ တညီတညွတ်တည်း သဘောတူခဲ့ကြသည့်နောက်ပိုင်း ၁၉၄၈ တွင် ၎င်းတို့၏ခေါင်းဆောင်များသည် ဗမာလူမျိုးများ၏ ခေတ်သစ် ဗမာပြည်နှင့်လိုလိုလားလား ပူပေါင်းခဲ့ပါသည်။12 ဤသဘောတူညီချက်၏ သွင်ပြင်လက္ခဏာနှင့် နိုင်ငံရေးအရ တာသွားမှုကို တိုင်းပြည်၏လွတ်လပ်ရေးရသော ပထမနှစ်များအတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံရေးအရ ရှုပ်ထွေးနေသောအချိန်တွင် ထည့်သွင်းစဥ်းစားကာ နားလည်သဘောပေါက်ခဲ့သင့်ပါသည်။ ပြည်ထောင်စုအသစ်၏ ပူးတွဲတည်ထောင်သူအချို့အနေဖြင့် ကချင်လူမျိုးတို့သည် ဗမာပြည်အပေါ် မိမိတို့၏နိုင်ငံရေးသစ္စာစောင့်သိမှုကို ခိုင်မြဲစွာထိန်းသိမ်းခဲ့ပြီး မိမိတို့မျှဝေတည်ထောင်ထားသော တိုင်းပြည်အသစ်ကို ကာကွယ်ရန် သိသာထင်ရှားသောစစ်ရေးပံ့ပိုးမှုများကို မဆိုင်းမတွပြုလုပ်ခဲ့ပါသည်။ နိုင်ငံရေးအကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပုန်ကန်မှုများသည် ရန်ကုန်ရှိ ဗဟိုအစိုးရကို ထိထိရောက်ရောက် တုံ့ဆိုင်းပိတ်မိသွားစေခဲ့သောအခါ တစ်ခုခုကိုမဖြစ်မနေ ဆောင်ရွက်ရတော့မည့် အခြေအနေသို့ရောက်ရှိလာခဲ့ပြီး အကျိုးဆက်အနေဖြင့် ပြည်ထောင်စုအသစ်မှာ ပြိုကွဲတော့မည့် အန္တရာယ်အစစ်အမှန်ရှိနေကြောင်း သက်သေပြခဲ့ပြီး ကချင်လူမျိုးများသည် ထိုဖြစ်စဥ်ကိုရပ်တန့်နိုင်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။13
ကချင်လူမျိုးများ၏ဗမာပြည်ကို နိုင်ငံရေးအရသစ္စာရှိမှုအပေါ် ပိုမိုတိုးတက်လာစေရန်ဆောင်ရွက်ပေးပြီး အားပေးချီးမြှောက်ရမည့်အစား ဦးနုသည် ၎င်းနောက်ပိုင်းနှစ်များတွင် ကချင်လူမျိုးများအား ဖယ်ကျဥ်ထားခဲ့ပြီး အားလျော့စေခဲ့သောကြောင့် ၎င်းအချက်များ၏ရလဒ်အနေဖြင့် ကချင်လူမျိုးများအနေဖြင့် ပြင်းထန်စွာသစ္စာဖောက်မှုကို မလွဲမသွေခံစားခဲ့ရပါသည်။ ဦးနုသည် ကချင်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြားတွင်ရှိခဲ့သော သမိုင်းဝင်သဘောတူညီချက်ရှိ စည်းမျဥ်းများနှင့် သတ်မှတ်ချက်များကို အသိအမှတ်ပြုလေးစားမှုပြရန် ပျက်ကွက်ခဲ့သလို တိုင်းပြည်၏ မြောက်ဖျားပိုင်းကိုလည်း လျစ်လျူရှုထားခဲ့ပါသည်။ ထို့အပြင် ဦးနုသည် နိုင်ငံရေး အခင်းအကျင်းထဲသို့ ဘာသာရေးကို ထည့်သွင်းလာခြင်းဖြင့် ထိုအခြေအနေများအား ပိုမိုဆိုးဝါးသွားစေရန် လုပ်ဆောင်ခဲ့ပါသည်။ ဦးနု၏ အထက်ပါလုပ်ဆောင်ချက်များသည် ကချင်လူမျိုးများ၏ ပြည်ထောင်စုအပေါ် နိုင်ငံရေးထောက်ခံမှုအား သိသာစွာအားနည်းစေရုံတင်မကဘဲ ကချင်လူငယ်အမျိုးသားရေးလှုပ်ရှားသူများအား ဖယ်ကျဥ်ထားခဲ့ပြီး အစွန်းရောက်လာကာ ပြည်ထောင်စုကိုဆန့်ကျင်သည့် လက်နက်ကိုင်ပုန်ကန်မှုအတွက် စီစဥ်လာစေရန် တွန်းပို့ခဲ့ပါသည်။ ၁၉၆၁ တွင် ဦးနု၏ လူမျိုးရေးမောက်မာမှု၊ အခြားသောယဥ်ကျေးမှုများအပေါ် စာနာစိတ်မရှိခဲ့ခြင်း၊ ဘာသာရေးဆိုင်ရာ တယူသန်မှု နှင့် နိုင်ငံရေးဆိုင်ရာ အဓိပ္ပါယ်မဲ့ ဖိနှိပ်ချုပ်ချယ်မှုတို့သည် နောက်ဆုံးတွင် ဗမာပြည်မြောက်ပိုင်းတွင် ဗမာဆန့်ကျင်ရေး နိုင်ငံရေးဆူနာမီလှိုင်းကို အစပျိုးပေးခဲ့ပါသည်။ Zaw Aung သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပေါ်ထွက်လာမှုကို ကိုးကားပြီး ၎င်းတို့၏အငြင်းပွားဖွယ်မရှိသော ဗမာပြည်အပေါ် နိုင်ငံရေးအရသစ္စာရှိမှုမှာ ဆိုးဆိုးဝါးဝါး စမ်းသပ်ခံခဲ့ရပြီး နောက်ဆုံးတွင် ဦးနုမှ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်း၍ စည်းကျော်လိုက်ချိန်တွင် အဆုံးသတ်ခဲ့သည် ဟု ကျွန်ုပ်ကို ပြောပြပါသည်။ မည်သို့ပင်ဆိုစေကာမူ ဦးနုနှင့် ၎င်း၏အစိုးရသည် ဗုဒ္ဓဘာသာအား ၁၉၅၀ မှစတင်ပြီး သိသာစွာချီးမြှောက်မှုများပြုလုပ်ခဲ့သော်လည်း14 ကချင်ခေါင်းဆောင်များမှာ ၁၉၆၀ အထိတိုင်အောင် ကန့်ကွက်ခဲ့ခြင်းမရှိသည်မှာ အံ့သြဖွယ်ကောင်းပါသည် – ပြည်ထောင်စု၏ ဘာသာရေးလွှမ်းမိုးမှုမရှိသော သဘောသဘာဝနှင့် ကချင်လူမှုအသိုင်းအဝိုင်းအတွင်းရှိ ခရစ်ယာန်ဘာသာ၏ သမိုင်းဝင်ဆွဲအားကို ထည့်သွင်းစဥ်းစားကြည့်ပါက ပို၍ပင်အံ့သြဖွယ်ကောင်းပါသည်။
ဦးနုအစိုးရ၏ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်များကို မြစ်ကြီးနားသို့ ကချင်လူထု၏အမြင်ကိုရှာဖွေဖော်ထုတ်ရန် လွှတ်လိုက်ချိန်တွင် “ခရစ်ယာန်ကချင်လူမျိုးများ၏ ကြမ်းတမ်းသောကြိုဆိုမှု” ဟု ဦးနုကိုယ်တိုင်အမည်တပ်ခဲ့သည့် ကြိုဆိုမှုမျိုးကို ဖြစ်သင့်စွာပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။15 ကချင်လူမျိုးတို့၏ ဤကဲ့သို့ ခါးသီးသော အဖြစ်အပျက်များကို ဖော်ပြနေရင်း Zaw Aung သည် “အဲ့ဒီတုန်းက ကျွန်တော် အသက်ငယ်သေးပေမဲ့ အဲ့ဒီနေ့ကိုတော့ မှတ်မိလောက်တဲ့အရွယ်တော့ ရောက်နေခဲ့ပါပြီ၊ ကျောင်းသားတွေအပါအဝင် ထောင်နဲ့ချီတဲ့ကျွန်တော်တို့လူထုကြီးထဲမှာ ကျွန်တော့်အဖေလည်းပါခဲ့ပြီးတော့ လူတွေအားလုံးဒေါသတကြီးဆန္ဒပြနေခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်တွေပါလာတဲ့ ရထားကို တားဆီးထားခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်အပျက်ကအားလုံးအတွက် တော်တော်လေးနက်နက်ရှိုင်းရှိုင်း၊ ပြင်းပြင်းထန်ထန်နှင့် စိတ်ခံစားမှုတွေခံစားခဲ့ရပါတယ်။”16 ၁၉၆၁ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ကေအိုင်အေကိုတည်ထောင်ဖြစ်ခဲ့သော သမိုင်းဝင်အချက်နှစ်ချက်ဖြစ်တဲ့ ကချင်ရွာ သုံးရွာကို တရုတ်နိုင်ငံထံသို့ လွှဲလိုက်ခြင်းနှင့် ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခြင်းတို့ကို ပြန်လည်အမှတ်ရဖို့ လိုအပ်ပါသည်။17 နှစ်ခြင်းဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Balawng Du သည် ကေအိုင်အေကိုတည်ထောင်ခြင်းအတွက် အသိအမှတ်ပြုခံရသူတွေဖြစ်သည့် ကချင်အမျိုးသားရေးလှုပ်ရှားသူ Lahtaw Zau Seng၊ Zau Tu နှင့် Zau Dan တို့၏ ဖခင်ဖြစ်ပြီး ပြည်ထောင်စုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးကိုစတင်ခဲ့ချိန်တွင် ၎င်းတို့ဖခင်သည် ၎င်းတို့အပေါ်ကြီးမားသော သြဇာလွှမ်းမိုးမှုရှိခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြပါသည် – ၎င်းအချက်သည် ဘာသာရေးနှင့် နိုင်ငံအကြား ဆက်နွယ်မှုကို အနည်းဆုံးတစ်စိတ်တစ်ပိုင်းအဖြစ် ထင်ဟပ်စေနိုင်ပါသည်။ ကချင်အားလုံးပါဝင်သောလူမျိုးရေးဝါဒကို မွေးမြူပျိုးထောင်သည့် ကာလရှည်တစ်လျှောက် ၁၉၄၀ နှောင်းပိုင်းတွင် ခရစ်ယာန်ဘာသာသည် နိုင်ငံရေးအရ အရေးပါလာကြောင်း မှတ်သားသင့်ပါသည်။
ရှောင်လွှဲမရသောထင်မြင်ယူဆချက်မှာ ဦးနုလုပ်ဆောင်ခဲ့သည့် ကချင်လူမျိုးများ၏အကျိုးစီးပွားကို လျစ်လျူရှု့ပြီး လူမျိုးရေးအရအလွန်အကျွံဘက်လိုက်သော ဗမာလူမျိုးရေးဝါဒကို ပြတ်သားစွာထောက်ခံခဲ့သည့် အစွန်းရောက်ပြီး အန္တရာယ်ရှိသောခြေလှမ်းသည် ဗမာပြည်၏ရပ်တည်ချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမဏ္ဍိုင်များ ပြိုကွဲမှုသို့ ဦးတည်သွားစေခဲ့ပါသည်။ ထို့ကြောင့် ဦးနုသည် ကချင်လူမျိုးများအား ၎င်းတို့၏ ဗမာပြည်အပေါ်နိုင်ငံရေးမဟာမိတ်အဖြစ်မှ အဆုံးသတ်ရုံမှတပါး အခြားလက်တွေ့ကျသောရွေးချယ်စရာမရှိတော့စေရန် လုပ်ဆောင်ခဲ့သည်ဟုဆိုနိုင်ပါသည် – သို့သော် KIA သည် ဘာသာရေးကိုသာအမည်ခံပြီး တိုက်ပွဲဝင်နေခဲ့သည်ဟု ဆို၍မရပေ။ ၁၉၆၀ ခုနှစ်ထိတိုင် ခရစ်ယာန်ဘာသာဝင်များသည် ကချင်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းထက်ပိုပြီး မရှိခဲ့သော်လည်း အထူးသဖြင့် ၁၉၄၈ နောက်ပိုင်းတွင် ကချင်လူမျိုးတို့၏သမိုင်းနှင့် လူ့အဖွဲ့အစည်းကို ပုံဖော်ခဲ့ပြီး သက်ရောက်မှုများရှိစေခဲ့သည့် လူငယ်အမျိုးသားရေးလှုပ်ရှားသူများနှင့် ပညာတတ် အများစုမှာ သို့မဟုတ် အားလုံးမှာ ခရစ်ယာန်များဖြစ်ခဲ့ကြသောကြောင့် ၎င်းတို့သည် ၎င်းတို့လူမျိုးတစ်စုလုံးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြသည်ဟု ထင်ရပါသည်။18 ခြုံပြောရလျှင် ဤဘာသာရေးနှင့် နိုင်ငံရေးတို့၏ ရှုပ်ထွေးသောပတ်သက်ဆက်နွယ်မှုမှ ပေါ်ထွက်လာသော နိုင်ငံရေးအကြပ်အတည်းများ၏ သမိုင်းကြောင်းဆိုင်ရာအခြေအနေများတွင်းရှိ ခေတ်သစ်ကချင်လူမျိုးစု၏ အမှတ်လက္ခဏာကိုဖော်ဆောင်ရာတွင် ဘာသာရေး၏ ဗဟိုကျမှုကိုနားလည်ထားရမည်ဖြစ်ပါသည်။ အောက်တွင်ဖော်ပြပါရှိသော ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွင် ကချင်လူမျိုးတို့၏ဘဝကို ပျိုးထောင်ပြီး မြှင့်တင်ပေးရာ၌ ဘာသာရေး၏ သိသာထင်ရှားသော အခန်းကဏ္ဍကို ကျွန်ုပ်တို့အနေဖြင့် လေ့လာဖော်ထုတ်သွားပါမည်။
ကချင်လူမျိုးများ၏ ခရစ်ယာန်ဘာသာ
ကချင်လူမျိုးတို့၏ဘာသာရေးဆိုင်ရာ သမိုင်းကြောင်းကို တူးဖော်ပြီး စိစစ်လေ့လာနေသော ကချင်သုတေသီများအားလုံးအတူတကွ သဘောတူကြသည့်အချက်မှာ ၎င်းတို့၏ဘိုးဘေးများသည် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာကဲ့သို့ အခြားကိုးကွယ်သည့်ဘာသာများကို လက်ခံကျင့်သုံးခဲ့ကြသည်ဟူသော သမိုင်းအထောက်အထားများမရှိခဲ့ဘဲ ၁၈၇၇ ခုနှစ်ထိတိုင် ကချင်ရိုးရာနတ်ကိုးကွယ်မှုကိုသာ ကျင့်သုံးခဲ့ကြသည် ဟူသောအချက်ဖြစ်ပါသည်။ ၁၈၇၇ နောက်ပိုင်းတွင် အမေရိကန်သာသနာပြုများသည် ဧဝံဂေလိတရားဆိုင်ရာ ဟောပြောလှုပ်ရှားမှုများကို ကချင်နိုင်ငံအတွင်း၌ စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းမတိုင်မီ ကချင်လူမျိုးများသည် ဗုဒ္ဓဘာသာသို့ပြောင်းလဲမှုသိပ်မရှိခဲ့ကြသလို ကချင်လူမှုအသိုင်းအဝိုင်းအပေါ် ဗမာပြည်အောက်ပိုင်းမှ ဗမာလူမျိုးများ၏ ဘာသာရေးဆိုင်ရာ သြဇာလွှမ်းမိုးမှုမှာ အရေးမပါလှခဲ့ပေ။19 ၁၈၇၇ တွင် ကချင်နိုင်ငံသို့ ပထမဆုံး အမေရိကန်သာသနာပြုများနှင့် ကရင်သာသနာပြုများရောက်လာခဲ့ပြီး American Baptist Missionary Union (ABMU) ၏ ဗမာပြည်မှသာသနာပြုတစ်ဦးဖြစ်သည့် Josiah N. Cushing ထံမှ အထူးတောင်းဆိုချက်များ၏ရလဒ်အနေဖြင့် ကချင်လူမျိုးများအပေါ် ဧဝံကေလိတရားဟောပြောခြင်း လုပ်ငန်းများ စတင်ခဲ့ပါသည်။ ၎င်း၏စိတ်အားထက်သန်သော တောင်းဆိုချက်ကို တုန့်ပြန်သည့်အနေဖြင့် ၁၈၈၇တွင် ABMU မှ Minnesota နယ်ခံတစ်ဦးဖြစ်သူ Albert J. Lyon ကိုဗမာပြည်သို့ ပို့ဆောင်ခဲ့သော်လည်း ၎င်း၏ဘဝတိုတောင်းမှုကြောင့် ဗန်းမော်တွင် ကချင်လူမျိုးများနှင့် အတူတကွအလုပ်လုပ်ခဲ့ပြီး နှစ်လမပြည့်ခင်မှာပင် ကွယ်လွန်သွားခဲ့ပါသည်။20
ထို့နောက်တွင် ABMU သည် Virginia နယ်ခံတစ်ဦးဖြစ်သူ William H. Roberts ကို အစားထိုးပို့ဆောင်ခဲ့ပြီး ၎င်းသည် ဗန်းမော်သို့ ၁၈၇၉ တွင်ရောက်ရှိလာခဲ့ကာ မတ်လ ၁၉ ရက် ၁၈၈၂ တွင် ကချင်လူမျိုး ခုနှစ်ဦးကို နှစ်ခြင်းခံပေးခြင်းဖြင့် ကချင်လူမျိုးတို့၏ ခရစ်ယာန်ဘာသာကို အစပြုခဲ့ပါသည်။ ကချင်ခရစ်ယာန်များသည် ကချင်လူဦးရေ၏ သေးငယ်သောလူနည်းစုအဖြစ်သာ ကိုယ်စားပြုခဲ့သော်လည်း Roberts သည် ၎င်းတို့အားလုံးအပေါ် ဘာသာရေးအရဦးဆောင်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး လူမှုရေးတိုးတက်ကြီးပွားမှု၊ အမျိုးသားရေးဆိုင်ရာနိုးကြားမှုနှင့် ကချင်လူမျိုးတို့၏စည်းလုံးညီညွတ်မှုတို့ကို မြှင့်တင်ရန်ရည်ရွယ်ချက်အတွက် ကချင်ခရစ်ယာန်အားလုံးတွင် ကိုးကွယ်ရာဘာသာရေးမဏ္ဍိုင်တစ်ခုတည်းသာ ရှိခြင်း၏ အရေးပါမှုကို သဘောပေါက်ခဲ့နိုင်ချေရှိပါသည်။ ထိုသို့ဖြင့် Roberts သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့အစည်းကို စောနိုင်သမျှစောပြီး ၁၈၈၄ တွင်ဖွဲ့စည်းရန် စိတ်ကူးခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ညီနောင်များအဖြစ် အသိအမှတ်ပြုကာ ကြိုဆိုလာကြသည်နှင့်တကွ ဘုရားကျောင်း အစည်းအဝေးများနှင့် ညီလာခံများမှ တစ်သားတည်းဖြစ်မှုအယူအဆနှင့် ကချင်ခရစ်ယာန်များအကြား စည်းလုံးညီညွတ်မှုကို ပျိုးထောင်ရန်လိုအပ်သည့်အခွင့်အလမ်းများကို သိသိသာသာပံ့ပိုးပေးခဲ့ပြီး ဘာသာစကားမတူသော ကချင်လူမျိုးအုပ်စုများအကြား နိုင်ငံရေးနှင့် အမျိုးသားရေးဆိုင်ရာ အသိတရားကို မြှင့်တင်ခဲ့ကာ နောက်ဆုံးတွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (Kachin Baptist Association – KBA) ကို ၁၉၁၀ တွင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။21
KBA ပေါ်ပေါက်လာခြင်းသည် သမိုင်းကြောင်းအရ မှတ်သားဖွယ်ရာ ကောင်းပါသည်။ ကချင်လူမျိုးတို့၏သမိုင်းတွင် ပထမဆုံးအနေဖြင့် ကချင်ခရစ်ယာန်များအားလုံးကို ကိုယ်စားပြုသည့် ဘာသာရေးအဖွဲ့အစည်းတစ်ခု ၎င်းတို့အတွက် တည်ရှိခဲ့ခြင်း ဖြစ်ပြီး နှစ်ဆယ်ရာစုသို့အပြောင်း ခေတ်သစ်ကမ္ဘာကြီးထဲသို့အဝင်တွင် ၎င်းတို့၏ တိုင်းရင်းသားသွင်ပြင်လက္ခဏာကို ဖြည်းဖြည်းမှန်မှန် ထည့်ဝင်တည်ဆောက်ခဲ့ကာ ကချင်အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုအသက်ဝင်လာစေခဲ့ပြီး မိမိတို့၏ဘိုးဘေးပိုင်နယ်မြေအတွင်းရော ပြင်ပတွင်ပါရှိနေသော ကချင်လူမျိုးများကို သိသိသာသာစည်းလုံးစေခဲ့ပါသည်။ ကချင်လူမျိုးတို့၏သမိုင်းကို ထာဝရပြောင်းလဲသွားစေသည့်သူမှာ ဆွီဒင် -အမေရိကန်သာသနာပြု Ola Hanson ဖြစ်ကြောင်း ဤနေရာတွင် အလေးထားပြောကြားသင့်ပါသည်။ ၎င်း၏ ဆွီဒင်၊ အင်္ဂလိပ်၊ ဂျာမန်၊ ဂရိ နှင့် ဟီးဘရူး ဘာသာရပ်အသိပညာများသည် ၎င်းအား ဗန်းမော်သို့ ၁၈၉၀ တွင်ရောက်ရှိလာစေခဲ့ပြီး ကချင်လူမျိုးများအတွက် ဘာသာစကားဆိုင်ဆိုင်ရာနှင့် စာပေဆိုင်ရာအလုပ်များ ဆောင်ရွက်ခဲ့ပါသည်။ ကချင်လူမျိုးများနှင့် အတူတကွ ဆယ်စုနှစ်လေးစု နီးပါးနေထိုင်နေခဲ့စဥ်အတွင်း အငြင်းပွားစရာမရှိသည့် အလွန်တရာအံ့သြဖွယ်ကောင်းသော ထည့်ဝင်မှုများဆောင်ရွက်ခဲ့ပါသည် – ဗမာစာနေရာတွင် ရောမအက္ခရာများကို အစားထိုးကာ ကချင်စာလုံးပေါင်းပုံသေနည်းစနစ်ကို တီထွင်ခဲ့ပြီး ကချင်ဘာသာစကား၏ သဒ္ဒါကို ဖန်တီးခဲ့ကာ၊ ကချင် – အင်္ဂလိပ် အဘိဌာန်တစ်အုပ်ရေးသားခဲ့ခြင်း၊ သမ္မာကျမ်းစာတစ်အုပ်လုံးအား ကချင်ဘာသာသို့ပြန်ဆိုခဲ့ခြင်း (အခြားသော ဘာသာရေးဆိုင်ရာစာအုပ်အများအပြား အပါအဝင်) တို့ကို ဆောင်ရွက်ခဲ့ခြင်းအတွက် တစ်ဦးတည်းဂုဏ်ပြုခြင်းခံခဲ့ရပါသည်။22 ၎င်းနှင့် လာရောက်ပူးပေါင်းပြီး ကချင်လူမျိုးများအတွက် အလုပ်လုပ်ခဲ့သည့် နောက်ထပ် အသိအမှတ်ပြုရန်လိုအပ်သည့် သာသနာပြုတစ်ဦးမှာ ဂျာမန် – အမေရိကန်လူမျိုး George J. Geis ဖြစ်ပါသည်။
Roberts၊ Hanson နှင့် Geis တို့ကချင်လူမျိုးများ၏ဘဝအတွက် မျှဝေပါဝင်ဆောင်ရွက်ခဲ့သည့် ကချင်နိုင်ငံအတွင်း အစောပိုင်းကာလ ဧဝံဂေလိတရားဟောကြားခြင်းလုပ်ငန်းများမှာ အံ့သြဖွယ်ကောင်းလှသော်လည်း ကချင်လူမျိုးများနှင့် တိုက်ရိုက်ထိတွေ့ခဲ့သော ပထမဆုံးခရစ်ယာန်သာသနာပြုမှာ ဗန်းမော်ကို ၁၈၃၀ တွင် ရောက်ရှိခဲ့သည့် Eugenio Kincaid ဖြစ်ပါသည်။ Kincaid သည် အင်းဝတွင် ၁၈၃၃ မှ ၁၈၃၇ အထိ သာသနာပြုတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၈၃၇ တွင် ဗန်းမော်အထိသွားရောက်ခဲ့ကာ မြေမြင့်ပိုင်းကချင်လူမျိုးများကို တွေ့ရှိခဲ့ပါသည်။ Kincaid အနေဖြင့် ၎င်းမြင်တွေ့ခဲ့ရသောအရာများအပေါ် အထင်ကြီးလေးစားခဲ့ကာ ကချင်လူမျိုးများအား ၎င်းအနေဖြင့် ဧဝံဂေလိတရားများဟောကြားပါက အခက်အခဲကြီးကြီးမားမားတစ်စုံတစ်ရာမရှိဘဲ ခရစ်ယာန်ဘာသာသို့ သွတ်သွင်းနိုင်လိမ့်မည်ဟု ၎င်း၏ ဂျာနယ်ထဲတွင် အပြုသဘောဆန်ဆန် ရေးသားမှတ်တမ်းတင်ခဲ့ပြီး အကြောင်းရင်းမှာ အဓိကအားဖြင့် ၎င်းတို့ ကိုးကွယ်သောဘာသာနှင့် ခရစ်ယာန်ဘာသာကြားရှိ မရှိမဖြစ်လိုအပ်သော ဘာသာရေးဆိုင်ရာသဘောတရားများ၏ တူညီချက်အချို့ကြောင့်ဖြစ်သည်။ ထို့နောက် ၎င်းသည် အထက်ဗမာပြည်တွင်ပေါ်ပေါက်လာသော နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အောက်ဗမာပြည်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ကချင်လူမျိုးများအားခရစ်ယာန်ဘာသာသို့ သွတ်သွင်းဖို့နေနေသာသာ ကချင်နိုင်ငံသို့ပင် ဘယ်တော့အခါမှ ပြန်လည်မရောက်ရှိလာတော့ပေ။23 သို့သော် ၎င်း၏သာသနာပြုလုပ်ဖော်ကိုင်ဖက်များသည် ၁၈၇၇ ခုနှစ်နောက်ပိုင်းတွင် သာသနာပြုလုပ်ငန်းများကို စတင်ခဲ့သည့်အတွက် ၎င်း၏အိပ်မက် အကောင်အထည်ပေါ်သွားခြင်းအား ၎င်း၏ဘဝသက်တမ်းအတွင်း မြင်တွေ့ခဲ့ရပါသည်။
ထိုနောက်ပိုင်းနှစ်များအတွင်း အခြားသောသာသနာပြုများ ရောက်ရှိလာခဲ့ကြပြီး ကချင်လူမျိုးများအကြားတွင် အလုပ်လုပ်လာခဲ့ကြသည်နှင့်အတူ ရာစုနှစ်တစ်ခုအတွင်းတွင် ကချင်လူမျိုးအားလုံးနီးပါး ခရစ်ယာန်ဘာသာသို့ ပြောင်းလဲကိုးကွယ်ခဲ့ကြပါသည်။ Kincaid မှ ရာစုနှစ်တစ်စုကျော်ကကြိုတင်မှန်းဆခဲ့သောအရာသည် သမိုင်းဖြစ်ရပ်မှန်ဖြစ်လာခဲ့ပါသည်။ ခရစ်ယာန်ဘာသာသည် ကချင်လူမျိုးများ၏စိတ်ဝိဌာဥ်ကို ပိုမိုအသက်ဝင်လာစေခဲ့ပြီး ပြုစုပျိုးထောင်ပေးနိုင်ခဲ့ရုံတင်မကဘဲ ၎င်းတို့၏တိုင်းရင်းသားသွင်ပြင်လက္ခဏာနှင့်ပါ တွဲဆက်ရောယှက်မှုဖြစ်ပေါ်လာခဲ့ပါသည် – အကျိုးဆက်အနေဖြင့် လူမျိုးစု၊ ဘာသာရေး၊ စာပေနှင့် သမိုင်းကြောင်းများ သိသိသာသာကွဲထွက်နေသော အားလုံးပါဝင်သည့် ကချင်လူမျိုးစုတစ်ရပ်အတွင်းတွင် ခရစ်ယာန်ဘာသာ၏မရှိမဖြစ်အရေးပါမှုကို ပြသခဲ့ပါသည်။
၎င်းတို့အနေဖြင့် ခရစ်ယာန်ဘာသာသို့ အလုံးအရင်းဖြင့် မည်သည်ကြောင့်ပြောင်းလဲကိုးကွယ်ခဲ့သည်မှာ ခေတ်သစ်ဗမာပြည်ရှိ ဘာသာရေးနှင့် နိုင်ငံရေးကြားရှိ ရှုပ်ထွေးသော ဆက်စပ်မှုကို လေ့လာလိုက်စားနေသည့် သုတေသီများအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရပါသည်။ ၎င်းတို့၏ဘိုးဘေးများလက်ထက်တွင် ဘာသာရေးဆိုင်ရာပြောင်းလဲခြင်း ရွေးချယ်မှုများအတွက် ဖြစ်နိုင်ချေရှိသော အကြောင်းပြချက်များကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် – ပညာရေး၊ စာပေနှင့် စီးပွားရေးဆိုင်ရာ ဘဝများ၏ ပေါင်းစည်းမှုမှတဆင့် ကချင်လူမျိုးတို့၏ဘာသာရေးသည် အမှန်တကယ်ပင် အရေးပါသောကဏ္ဍတစ်ခုမှပါဝင်ခဲ့ပြီး နိုင်ငံရေးအခြေအနေနှင့် လူမှုရေးအပြောင်းအလဲများသည်လည်း ခရစ်ယာန်ဘာသာသို့ ပြောင်းလဲကိုးကွယ်ရန်အတွက် သိသာကျယ်ပြန့်သော အခြေအနေတစ်ခုကို ဖန်တီးပေးခဲ့ကြောင်း ကချင်သုတေသီများသည် ယေဘုယျအားဖြင့် လေ့လာတွေ့ရှိခဲ့ကြပါသည်။24
၁၉၀၁ ခုနှစ်တွင် ပထမဆုံးကချင်ဓမ္မဆရာများကို တရားဝင်ခန့်အပ်နိုင်ခဲ့သောအချိန်အထိ ကရင်နှင့် အမေရိကန်သာသနာပြုများသည် ကချင်ဘုရားကျောင်းများတွင် ဘာသာရေးဓမ္မဆရာနေရာများမှ ဆက်လက်ပါဝင်ခဲ့ကြသော်လည်း ခရစ်ယာန်ဘာသာဝင်များ တဖြည်းဖြည်းတိုးပွားလာသည်နှင့်အမျှ ကချင်ခရစ်ယာန်များ၏အနာဂတ်အတွက် ဘုရားကျောင်းခေါင်းဆောင်များသည် ဘုန်းတော်ကြီးသင်ကြားရေးကျောင်းတည်ထောင်ရန် စိတ်အားထက်သန်ခဲ့ကြပါသည်။ အဖွဲ့ဝင်ဘုရားကျောင်းများ၏ ခိုင်မာသော ထောက်ပံ့မှုဖြင့် KBA သည် Lahpai Zau Tu နှင့် အခြားနှစ်ဦးအား ၁၉၃၀ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ဗမာပြည်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Burma Baptist Convention – BBC) ၏အထွေထွေညီလာခံကို တက်ရောက်ရန် ပို့ဆောင်ခဲ့ပါသည်။ ကချင်လူမျိုးကိုယ်စားလှယ်များသည် BBC ခေါင်းဆောင်များအား ၎င်းတို့လိုအပ်သည်များအတွက် စည်းရုံးပြောဆိုရာတွင် အစောပိုင်း၌ အခက်အခဲများကြုံတွေ့ခဲ့သော်လည်း ကချင်နိုင်ငံတွင် ဘုန်းတော်ကြီးသင်ကြားရေးကျောင်းတည်ထောင်နိုင်ဖို့ တရားဝင်သဘောတူခွင့်ပြုချက်ပေးရန် ဆက်လက်တောင်းဆိုခဲ့ပါသည်။ Zau Tu ၏အလွန်တရာဆန္ဒပြင်းပြမှုကြောင့် နောက်ဆုံးတွင် BBC သည် အစောပိုင်းတွင် ငြင်းဆိုထားသည်များကို ပြန်လည်ရုတ်သိမ်းပြီး KBA အား ကချင်ကျောင်းသားများအတွက် သီးသန့်ဘုန်းတော်ကြီးသင်ကြားရေးကျောင်း တည်ထောင်ဖွင့်လှစ်ရန် သဘောတူညီခဲ့ပြီး ရလဒ်အနေဖြင့် KBA သည် ကချင်ဓမ္မတက္ကသိုလ် (Kachin Theological College and Seminary – KTCS)ကို ၁၉၃၂ တွင် မြစ်ကြီးနား၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။25
ဘုရားကျောင်း အသင်းဝင်များတစ်နှစ်ထက်တစ်နှစ်တိုးလာသည်နှင့်အမျှ ဘုရားကျောင်းခေါင်းဆောင်များသည် ကချင်ခရစ်ယာန်ဘာသာတည်တံ့ခိုင်မြဲရေးအတွက် အတူတကွပူပေါင်းဆောင်ရွက်ခြင်း၏ အရေးတကြီးလိုအပ်မှုကို ရှင်းရှင်းလင်းလင်းသတိထားမိခဲ့ပြီး KBA အောက်ရှိ နှစ်ခြင်းခရစ်ယာန်အဖွဲ့အစည်းများသည် ၁၉၅၄ တွင် စုစည်းကာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention – KBC) ကို တည်ထောင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသာသနာပြုများသည် ၎င်းတို့အနေဖြင့် ဗမာပြည်မှ အချိန်မရွေးပြည်နှင်ဒဏ်ခံရနိုင်သည်ကို အပြည့်အဝနားလည် သဘောပေါက်ထားသောကြောင့် KBC ၏အနာဂတ်အတွက် ခေါင်းဆောင်အသစ် ခုနှစ်ဦးကို အထူးဓမ္မပညာသင်တန်းတက်ရောက်ရန်အတွက် ရွေးချယ်ခဲ့ပါသည်။ KBC သည် ထိုအချိန်မှစပြီး ကချင်လူမှုအသိုင်းအဝိုင်း၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်လာခဲ့ပါသည်။26 ၎င်းကာလနောက်ပိုင်းတွင် ကျွန်ုပ်တို့တွေ့ရသည့် ဗမာနိုင်ငံရေးသမားများသည် KIA နှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသောအချိန်တိုင်း KBC မှခေါင်းဆောင်များနှင့်တွေ့ဆုံကာ အကူအညီတောင်းရသည်အထိ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများသည် ကချင်လူမျိုးများအားလုံး၏ ဘဝကံကြမ္မာအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ခဲ့ပါသည်။ ကချင်ကျောင်းသားတစ်ဦးဖြစ်သူ Brang Shawng သည် ကျွန်ုပ်တို့ လားရှိုးတွင်တွေ့ဆုံစဥ်ကစကားဝိုင်း၌ KBC က ထောက်ခံမှုမပြုပါက KIA အနေဖြင့် တပ်မတော် (မြန်မာနိုင်ငံ၏ စစ်တပ်) နှင့် မည်ကဲ့သို့သော သဘောတူညီချက်ကိုမှ လက်မှတ်ထိုးမည်မဟုတ်ကြောင်း ပြောကြားရင်း KBC နှင့် KIA သည် အကြွေပြားစေ့တစ်ခုတည်း၏ မျက်နှာပြင်တစ်ဖက်တစ်ချက်စီဖြစ်ကြောင်း ကျွန်ုပ်ကိုရှင်းပြခဲ့ပါသည်။ သူ၏ ခွဲခြမ်းစိတ်ဖြာမှုသည် ခေါင်းဆောင်ဟောင်းဖြစ်သူ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သိက္ခာတော်ရ ဆရာတော် Hkhalam Samson နှင့် အဘယ်ကြောင့် နှစ်ကြိမ်တွေ့ဆုံခဲ့သည့်ကို ရှင်းပြပုံပေါ်ပါသည်။
၁၉၄၀ နှောင်းပိုင်းဗမာပြည်လွတ်လပ်ရေးရခါစအချိန်တွင် ကချင်လူမျိုးတို့၏ခရစ်ယာန်ဘာသာသည် ကချင်လူမျိုးများ၏နိုင်ငံရေးသမိုင်း၌ ပါဝင်ခဲ့သော အခန်းကဏ္ဍကို စူးစမ်းလေ့လာရာတွင် Maran La Raw သည် အထူးအဆန်းဖြစ်ပုံရသော လေ့လာတွေ့ရှိချက်တစ်ခုပြုလုပ်ခဲ့ပါသည်။ သမိုင်းကြောင်းအရလွတ်လပ်သော ကချင်လူမျိုးများသည် ဖြစ်ပေါ်လာမည့် ဗမာပြည်ထောင်စုနှင့် ပူးပေါင်းသင့်သလားဟူသည့် မေးခွန်းနှင့် ရင်ဆိုင်ရသည့်အခါတွင် ဗန်းမော်ရှိ သာသနာပြုကျောင်းများတွင် တစ်ချိန်ကလေ့လာသင်ယူမှုပြုခဲ့သော ကချင်ခရစ်ယာန်များသည် ဤ အဆိုပြုချက်ကို ထောက်ခံခဲ့ကြပါသည် – “၁၉၄၇ မှ ကချင်လူမျိုးကိုယ်စားလှယ်များသည် လွတ်လပ်သော ဗမာပြည်ထောင်စုအတွင်းတွင် ပြည်နယ်ပုံစံတစ်မျိုးမျိုးအဖြစ်တည်ရှိရန်အတွက် ခွင့်ပြုချက်ပေးခဲ့ပြီး ၎င်းကိုယ်စားလှယ်များထဲမှ တစ်ယောက်မှလွဲလျှင်အားလုံးမှာ ဗန်းမော်သာသနာပြုကျောင်းထွက်များဖြစ်ခဲ့ကြပါသည်။ ၎င်းတို့သည် ကချင်လူမျိုးတို့၏ကံကြမ္မာမှာ ကျန်ရှိသာဗမာပြည်နှင့် အတူတကွဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သူများဖြစ်ပါသည်။”27
တရုတ်အာဏာပိုင်များ၏ ဖုံးကွယ်ထားသော အားပေးထောက်ခံမှုဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ခေါင်းဆောင်များသည် KIA ခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို လက်ခံပါက ၎င်းတို့လိုအပ်သည့် လက်နက်များတပ်ဆင်ပေးမည်ဖြစ်ကြောင်း ဗမာခေါင်းဆောင်များမှ အပြင်ပန်းတွင်ကတိပြုခဲ့ပြီး ၎င်းသည် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်းနှင့် ဘာသာရေးဆက်ဆံမှုများကို ဖြတ်တောက်ရန် ကွန်မြူနစ်များမှဖိအားပေးခဲ့သည်ဟု ရည်ညွှန်းဆိုလိုပါသည်။ ၎င်းတို့ဖက်မှမောက်မာသော အစည်းအဝေးကိုလက်ခံကျင်းပသူတို့မှာလည်း ထိုကမ်းလှမ်းချက်အား မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ ငြင်းပယ်ခဲ့ပါက ကချင်တို့အနေဖြင့် မည်သည့်အရာမှလက်ခံရရှိမည်မဟုတ်ဘဲ “အမေရိကန် အရင်းရှင်များနှင့် လူလတ်တန်းစားများ၏ နောက်လိုက်ခွေးများ” အဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်ကြောင်း ပြောကြားခံခဲ့ရပါသည်။28 KIA ခေါင်းဆောင်များသည် CPB အား ၎င်းတို့အနေဖြင့် မည်သူမှ ၎င်းတို့၏အနာဂတ်အတွက် စီစဥ်ဆုံးဖြတ်မည်ကို လက်ခံမည်မဟုတ်ဘဲ မည်သူ့ကိုမှလည်း ဦးညွတ်မည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သောကြောင့် ကွန်မြူနစ်များသည် ကချင်လူမျိုးများနှင့် အမေရိကန်ပြည်ထောင်စုအကြား ချိတ်ဆက်မှုများကို ဖြတ်တောက်ဖို့ ကချင်လူမျိုးတို့၏စိတ်ဝိဌာဥ်ကို ဆွဲဆောင်ရာတွင် လုံးဝကျရှုံးခဲ့ပါသည်။ CPB ၏ခေါင်းဆောင်မှုကို အဘယ်ကြောင်း ငြင်းဆန်ရကြောင်းမေးမြန်းခံရသောအခါ Zaw Aung မှ KIA ခေါင်းဆောင်များငြင်းဆန်ခဲ့သည် အဓိကအကြောင်းအရင်းမှာ ၎င်းတို့သည် ခရစ်ယာန်ဘာသာဝင်များဖြစ်နေသောကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ကချင်လူမျိုးတစ်ဦးဖြစ်သူ Naw Seng ဿည် CPB နှင့်အတူတကွဗမာပြည်သို့ပြန်လာခဲ့ပြီး ထိုအကြောင်းပြချက်ကြောင့်ပင် ကချင်ပြည်သူများမှ ၎င်းအားဝိုင်းပယ်ထားခဲ့ကြပါသည်။29
ဗမာပြည် ကျွမ်းကျင်ပညာရှင်အဖြစ်လူသိများသူ Bertil Linter ၏အဆိုအရ ၁၉၇၆ နောက်ပိုင်းတွင် KIA ခေါင်းဆောင်များမှ CPB နှင့် ဗျူဟာကျမဟာမိတ်ဖွဲ့ခဲ့သည့်အချိန်တွင်ပင် KIA တစ်ခုလုံးအတွက် ခရစ်ယာန်ဘာသာသည် အရေးကြီးသော အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေခဲ့ပါသည်။30 ဤသမိုင်းဝင်ဖြစ်ရပ်သည် ကျွန်ုပ်မန္တလေးတွင်တွေ့ဆုံခဲ့သော ကျောင်းသားတစ်ဦး၏ လေ့လာတွေ့ရှိချက်များနှင့် ဆင်တူနေသည်ကို တွေ့ရပါသည်။ ၎င်းတို့၏လောလောလတ်လတ်မှ ဘာသာအသစ်အဖြစ် လက်ခံကိုးကွယ်မှုပြုနေသော ဘာသာတရားသည် ၎င်းတို့၏ လူမျိုးစုတစ်စုအဖြစ် စုပေါင်းတည်ရှိမှုကိုမည်သို့မည်ပုံ ပြောင်းလဲသွားစေခဲ့သည်ကို ပုံဖော်ရာပြောဆိုရာတွင် အမည်မဖော်လိုသူထိုကျောင်းသားမှ “ခရစ်ယာန်ဘာသာသည် ကချင်လူမျိုးတို့၏တိုးတက်ကြီးပွားမှုအတွက် သမိုင်းဝင်ရင်းမြစ်တစ်ခုဖြစ်ပြီး ခရစ်ယာန်ဘာသာတရားမရှိခဲ့ပါက ကချင်လူမျိုးလည်းရှိလာမည်မဟုတ်”ဟု ဆိုခဲ့ပါသည်။31
ကချင်လူမျိုးတို့၏ စစ်မက်အသစ်
အငြင်းပွားဖွယ်ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်သောအခါ ‘အပြစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်တပ်ဖွဲ့များ’ – ဆိုလိုသည်မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးထားသော အစိုးရမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ – အားလုံး နယ်ခြားစောင့်တပ် (BGFs) များဖြစ်လာရမည်ဟု သတ်မှတ်ခဲ့ပါသည်။ ကချင်ခေါင်းဆောင်များသည် ချက်ချင်းဆိုသလို ပြည်သူလူထုနှင့် တခါးဖွင့်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်လာခဲ့ပြီး စေ့စပ်သေချာစွာဆွေးနွေးမှုများအပြီးတွင် ၉၉ ရာခိုင်နှုန်းသော ကချင်လူထုသည် KIA မှ အစိုးရမှ ချမှတ်လိုက်သော မူဝါဒတစ်ရပ်ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) ဖြစ်လာရမည်ဟူသောအချက်ကို လက်မခံဖို့ သဘောတူခဲ့ကြပါသည်။ ထို့ကြောင့် KIA အနေဖြင့် BGF ဖြစ်လာရေးကိုသာမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ငြင်းဆန်ခဲ့ပြီး တပ်မတော်မှထိုငြင်းပယ်မှုအား တု့န်ပြန်သည့်အနေဖြင့် ကချင်နယ်မြေများတွင် ပဋိပက္ခများတဖန်ပြန်လည်စတင်ရန် အရှိန်အဟုန်ဖြင့် ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါသည်။ KIA မှလည်း ၎င်း၏စစ်မှုထမ်းဟောင်းများအား တပ်မတော်နှင့် ဖြစ်လာမည့်တိုက်ပွဲများအတွက် နေရာချခြင်းများအပြင် လူသစ်စုဆောင်းခြင်း၊ သင်တန်းပို့ချခြင်းနှင့် မျိုးဆက်သစ်ပျောက်ကြားတိုက်ခိုက်ရေးသမားများအား လက်နက်တပ်ဆင်ခြင်းတို့ကို စတင်လုပ်ဆောင်လာခဲ့ပါသည်။ ဗမာပြည်၏ မြောက်ဖျားပိုင်းကို ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားစေခဲ့သော ကြမ်းတမ်းသည့်စစ်ပွဲများသည် တပ်မတော်မှ KIA စစ်သားများအား စတင်တိုက်ခိုက်ခဲ့သည့် ၂၀၁၁ခုနှစ်တွင် စတင်ခဲ့ပါသည်။32
နေပြည်တော်အစိုးရမှ နိုင်ငံအတွင်းရှိအခြားသော လက်နက်ကိုင်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်ဖိတ်ခေါ်နေချိန်တွင် တပ်မတော်မှ ညှာတာမှုကင်းမဲ့သော စစ်ကို ကချင်လူမျိုးများအပေါ်သို့ အဘယ်ကြောင့်ဆင်နွှဲခဲ့သနည်း။ အကြောင်းရင်းမှာ ၁၉၉၄ နှင့် ၂၀၁၁ အကြား၌ KIA ကို စစ်ရေးအရရော နိုင်ငံရေးအရပါ ချိုးနှိမ်ရာတွင်ယခင်စစ်အစိုးရ၏ အောင်မြင်မှုအဆက်ဆက်ကြောင့် ကချင်မြေ၌တပ်မတော်မှ မိမိတို့စိတ်တိုင်းကျလုပ်နိုင်သည်ဟူသော အတွေးအမြင်ကို ဦးသိန်းစိန်မှ ခံစားမိသွားသောကြောင့် ဖြစ်နိုင်ချေအပြည့်အဝရှိပါသည်။ KIA အပေါ် စစ်ပွဲအသစ်တစ်ခု ကြေငြာခြင်းမပြုမီ အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် ဖြစ်ပေါ်လာသော ကချင်လူမျိုးတို့၏ သဘောထားအပြောင်းအလဲကို တပ်မတော်မှ အပြည့်အဝနားလည်သဘောပေါက်ခဲ့ဟန်မရှိပေ။ KIA အား BGF မူဝါဒကိုငြင်းဆန်ရန် အဘယ်ကြောင့် ကချင်လူမျိုးများအားလုံး အတူတကွတိုက်တွန်းခဲ့ကြခြင်း နှင့် တစ်ချိန်ထဲမှာပင်အပစ်အခတ်ရပ်စဲရေး၏ အံ့သြဖွယ်ကုန်ကျစရိတ်များကို ကချင်လူမျိုးများအနေဖြင့် မည်ကဲ့သို့ရှု့မြင်သည်တို့၏ ကြားထဲတွင် သိသာထင်ရှားသောချိတ်ဆက်မှုများ ရှိနေခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးပြဿနာ၏ ဖြစ်ပွားရသော အကြောင်းရင်းခံများကိုပင် ရှာဖွေဖော်ထုတ်ထားခြင်းမရှိပါ။ လေးစားမှုခံရပြီး လူသိများသည့် ကချင်ပညာရှင်နှင့် စာရေးဆရာတစ်ဦးဖြစ်သူ K. Zau Nan မှ ဗမာစစ်တပ်သည် တရုတ်ကုမ္ပဏီများနှင့် အချို့သော KIA ထိပ်ပိုင်းမှလူများနှင့်အတူ ကချင်ပြည်နယ်မှချမ်းသာကြွယ်ဝမှုတို့ကို ထုတ်ယူရန် အပစ်အခတ်ရပ်စဲရေးအား အရှက်တရားကင်းမဲ့စွာ အတုအယောင်ဖွံ့ဖြိုးရေးအသွင် အသုံးပြုခဲ့ကြောင်း Theologies and Cultures ဂျာနယ်ထဲတွင်ပါရှိသော ဆောင်းပါးတစ်ပုဒ်ထဲ၌ ရှင်းလင်းခိုင်လုံစွာဆွေးနွေးပြောဆိုခဲ့ပါသည်။ “ဒေသခံများအတွက် တစ်ခုတည်းသောရလဒ်မှာ ၎င်းတို့၏ အခွင့်ထူးများနှင့် သဘာဝပတ်ဝန်းကျင် ကိုဆုံးရှုံးရခြင်းအပြင် အမျိုးမျိုးသော လူမှုရေးဆိုင်ရာပြဿနာများပေါ်ပေါက်လာခြင်းဖြစ်ပါသည်” ဟု ၎င်းကနိဂုံးချုပ်ပြောဆိုခဲ့ပါသည်။33
ဤစာတမ်းအတွက် မေးမြန်းခြင်းခံခဲ့ရသော ကချင်လူမျိုးများအားလုံးသည် ကျွန်းသစ်မှစပြီး ကျောက်စိမ်းနှင့် ရွှေအထိ သဘာဝရင်းမြစ်များဆုံးရှုံးခဲ့ရပြီး ၎င်းတို့၏ ဘိုးဘေးအစဥ်ဆက်နေလာသောမြေပေါ်တွင်ပင် တိုင်းတပါးသားများကဲ့သို့ ဆက်ဆံခံရကြောင်း ပြောဆိုခဲ့ကြပါသည်။ ၎င်းတို့၏အမြင်တွင် ဤကိစ္စရပ်များသည် ၎င်းတို့ဝမ်းနည်းစွာ အမည်တပ်ထားသည့် “အပစ်အခတ်ရပ်စဲရေး၏ ကျိန်စာ” ၏ တိုက်ရိုက်အကျိုးဆက်များ ဖြစ်ပါသည်။ ကချင်လူမျိုးအများစုသည် တပ်မတော်အား ကချင်လူမျိုးများအပေါ် လူမျိုးရေးအရ ပစ်မှတ်ထားသော မူးယစ်ဆေးစစ်ပွဲကို တမင်တကာ စတင်ခဲ့ပြီး အထက်ဗမာပြည်တွင် လူမျိုးတုံး ရှင်းလင်းရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကချင်လူငယ်အမျိုးသားများ၏ စုပေါင်းဘဝကိုဖျက်ဆီးခဲ့သည်ဟု စွပ်စွဲထားပါသည်။ အစိုးရအနေဖြင့် မူးယစ်ဆေးများကို ကချင်လူ့အဖွဲ့အစည်းများအတွင်း မည်သည့် ဥပဒေအတားအဆီးမှမရှိဘဲ ယူဆောင်လာခဲ့ပြီး ဖြန့်ဝေမှုများပြုလုပ်ခဲ့သည်ဟု ၎င်းတို့မှ ဆိုပါသည်။ အမှန်တကယ်ပင် ၂၀၀၀ ခုနှစ်နောက်ပိုင်း ကချင်လူမျိုးတို့၏နယ်မြေသို့ လာရောက်လည်ပတ်ဖူးသောသူတိုင်း ကချင်လူ့အဖွဲ့အစည်းအတွင်းရှိ မူးယစ်ဆေးဝါးအသုံးပြုမှုအခြေအနေ၏ အန္တရာယ်ကြီးမားမှု နှင့် ၎င်းအခြေအနေကြောင့်ဖြစ်ပေါ်လာသော လူမှုရေးနှင့် နိုင်ငံရေးအကျိုးဆက်ကို သတိမပြုမိသောသူဆိုသည်မှာ မရှိသလောက်ရှားပါးပါသည်။ မြစ်ကြီးနားမှ အမည်မဖော်လိုသူ ကချင်ကျောင်းသားတစ်ဦးပြောကြားချက်အရ မူးယစ်ဆေးဝါးများသည် ကချင်နယ်မြေများတွင် ရရှိနိုင်ရုံသာမကဘဲ လက်တွေ့တွင် တရားဝင်သဘောမျိုးပါ ဖြစ်နေပါသည်။ တစ်ဖက်တွင် အစိုးရအေးဂျင့်များသည် ဗမာလူငယ်အမျိုးသားများအား မူးယစ်ဆေးဝါးများကို လက်လှမ်းမီရရှိနိုင်ခြင်း မရှိစေရန် တားဆီးထားပြီး မူးယစ်ဆေးကြောင့်သေဆုံးခဲ့သော ကချင်လူငယ်အမျိုးသားများ၏ အရေအတွက်မှာ တိုက်ပွဲများတွင် သတ်ဖြတ်ခံခဲ့ရသော KIA တိုက်ခိုက်ရေးသမားများ၏ အရေအတွက်နှင့်ယှဥ်လျှင်များစွာ သာလွန်နေကြောင်းလည်း ပြောဆိုခဲ့ပါသည်။ မူးယစ်ဆေးဝါးများသည် ကချင်လူ့အသိုင်းအဝိုင်းများအား မည်ကဲ့သို့ ဖျက်ဆီးခဲ့ပြီး ကချင်လူမျိုးတို့၏ လူမျိုးတစ်မျိုးအနေဖြင့်တည်ရှိနေမှုကိုပါ ခြိမ်းခြောက်လာနေကြောင်း အလေးပေးပြောကြားရင်း Brang Shawng မှ ၂၀၁၁ မတိုင်မီတွင် အကြမ်းအားဖြင့် ၈၀ ရာခိုင်နှုန်းသော ကချင်လူငယ်အမျိုးသားများသည် မူးယစ်ဆေးအမျိုးမျိုးအား စွဲလမ်းလာကြကြောင်း ထပ်လောင်းပြောကြားထားပါသည်။34 ထို့နည်းတူစွာပင် Hkalam Samson မှ ကချင်လူမျိုးတို့၏ စုပေါင်းဘဝအပေါ် အပစ်အခတ်ရပ်စဲရေးမှ ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်မှုများ အကြောင်း ပြန်လည်ဆန်းစစ်လေ့လာရာတွင် ဗမာလူမျိုး စစ်တပ်အုပ်ချုပ်သူများနှင့် KIA မှ ထိပ်ပိုင်းခေါင်းဆောင်အချို့အား လာဘ်စားမှုဖြင့် ပွင့်ပွင့်လင်းလင်းစွပ်စွဲထားပါသည်။ ၎င်းမှ ထိုကာလအား “ကချင်လူထုတစ်ရပ်လုံး၏ လူမှုရေး၊ စီးပွားရေးနှင့် လူမျိုးရေးအရ ယိုယွင်းပျက်စီးသွားသည့် ဝမ်းနည်းဖွယ်ကာလ” ဟုဆိုပါသည်။35
ကချင်ဓမ္မပညာရှင်များမှလည်း ကချင်နယ်မြေတဝှမ်းရှိ များပြားလှသော စေတီပုထိုးများကို အကိုးအကားပြုပြီး စစ်အစိုးရသည် ၎င်းတို့၏ အမိမြေအား ဗမာတို့အောက်သိမ်းသွင်းရန် ဆောင်ရွက်ခဲ့ပြီး စနစ်တကျအဆင့်များဖြင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း လက်ညှိုးထိုးစွပ်စွဲကြပါသည်။ဗမာလူမျိုးများမှ ထိန်းချုပ်သော အစိုးရသည် ဗမာလူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် စာပေကို အဆက်မပြတ်ကာကွယ်ချီးမြှောက်မှုများ ပြုလုပ်နေပြီး တစ်ဖက်တွင်မူ ကချင်သမိုင်း၊ ယဥ်ကျေးမှုနှင့် စာပေအား စနစ်တကျဖယ်ထုတ်ကာ ဖျောက်ဖျက်နေသည်ဟု ယုံကြည်ကြပါသည်။36 ဒေသခံများဆန့်ကျင်နေသည့် ကြားကပင် ကချင်နယ်မြေရှိ တောင်ထိပ်တိုင်းနီးပါးတွင် ဘုရားများတည်ခြင်းဖြင့် အစိုးရသည် ကချင်လူမျိုးတို့၏အကျိုးစီးပွားကို မလေးမစားပြုရာရောက်ရုံမကဘဲ တပ်မတော်၏ကချင်နယ်မြေအတွင်း တည်ရှိနေမှုကိုပါ အားကောင်းစေပါသည်။ ကချင်ပြည်ကဲ့သို့သော တိုင်းရင်းသားဒေသများတွင် ရှေးယခင်ကတည်းကရှိသော ဗမာများအဖြစ်သိမ်းသွင်းရေးမူဝါဒအား အကောင်အထည်ဖော်ရန်အတွက် အစိုးရသည် အစဥ်ဆက်မပြတ်လုပ်ဆောင်လာနေခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့်အတူတကွ ရောက်ရှိလာခဲ့သည့် အခြားသောသက်ရောက်မှုတစ်ခုမှာ ၁၉၉၅ နောက်ပိုင်းတွင် သိန်းနှင့်ချီသော အောက်ပြည်မှဗမာလူမျိုးများ ကချင်ပြည်တွင် အခြေချလာခဲ့ခြင်းမှ ဖြစ်ပေါ်လာခဲ့သော လူထုအရွှေ့အပြောင်းဖြစ်ပါသည် – ၎င်းတို့ထဲမှ အချို့မှာ ၂၀၁၁ တိုက်ပွဲများပြန်လည်စတင်ချိန်တွင် တပ်မတော်အတွက် သူလျှိုများဖြစ်လာခဲ့သည်ဟု ဆိုကြပါသည်။
တပ်မတော်မှ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကွတ်ခိုင်ကဲ့သို့ မြို့ပေါ်ဒေသများအား ထိရောက်စွာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ၁၉၉၄ မတိုင်မီတွင် KIA သည် ကချင်နယ်မြေများ၌ မည်သူမှစိန်မခေါ်နိုင်သော စစ်အင်အားကို ပိုင်ဆိုင်ခဲ့သည်ဟု ယူဆရပါသည်။ ဤအခြေအနေသည် နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့များအမည်ရှိ တပ်ဖွဲ့များတွင်ရှိသော အငြင်းပွားဖွယ်ရာမရှိသည့် အကန့်အသတ်များ နှင့် ကချင်ပုန်ကန်မှု၏ စစ်အင်အားတို့ကို ဖော်ပြထားသည့် ရှင်းလင်းသော ဥပမာတစ်ခုဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဗမာစစ်ဗိုလ်ချုပ်များမှ ယခင်က မည်သူမှမသိခဲ့သော နယ်မြေများအား ထိုးဖောက်ဝင်ရောက်ကာ ကချင်မြေကို စစ်ရေးအရလွှမ်းမိုးနိုင်သော နယ်မြေအဖြစ်ဖန်တီးခဲ့ခြင်းအားဖြင့် KIA ကို နိုင်ငံရေးအရရော စစ်ရေးအင်အားကိုပါ ချိုးနှိမ်ရန် ယုတ်ညံ့သော်လည်း အောင်မြင်ခဲ့သည့် မူဝါဒကို အကောင်အထည်ဖော်နိုင်လာခဲ့သည်နှင့်အမျှ KIA အနေဖြင့် မိမိတို့အတွက် စစ်ရေးအရနှင့် ဗျူဟာအရအရေးပါသော နေရာများအား ၁၉၉၅ နောက်ပိုင်းတွင် တဖြည်းဖြည်း စွန့်လွှတ်ရန် ဖိအားများရှိလာသည့်အခြေအနေဖြင့် ကြုံတွေ့ခဲ့ရပါသည်။ Benedict Rogers မှ အပစ်အခတ်ရပ်စဲရေးကာလ ကချင်နယ်မြေများအတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ၏ ပြင်းထန်ပုံနှင့် အန္တရာယ်ကြီးမားပုံကို “စစ်အုပ်စုမှ အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်လိုက်သည့် အချိန်မှစပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ တပ်မတော်တပ်ရင်းများ၏အရေအတွက်မှာ အနည်းဆုံး ၁၅၀ အထိ တိုးလာခဲ့ပြီး ၎င်းမှာ မူလကတည်းက စစ်ရေးအရလှုပ်ရှားမှု အလွန်တရာမြင့်မားနေခဲ့ပြီးဖြစ်သည့် နယ်မြေအတွင်း၌ ကြီးမားသော တိုးပွားလာမှုဖြစ်သည်” ဟု အလေးပေးပြောကြားခဲ့ပါသည်။37
ကချင်လူမျိုးအများစုမှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ထိုးခဲ့ချိန်တွင် KIA သည် ကချင်လူထုအပေါ် ဖြစ်နိုင်လာနိုင်ချေရှိသော အကျိုးဆက်များ -လူမှုရေးအရ၊ စီးပွားရေးအရ နှင့် နိုင်ငံရေးအရ – အတွက် ပြင်ဆင်ထားခဲ့ပုံမပေါ်ခဲ့ဟု သဘောတူလက်ခံခဲ့ကြပြီး – ဤအကျိုးဆက်များအားလုံးကို ကချင်လူထုအများစုအနေဖြင့် “အပစ်အခတ်ရပ်စဲရေး၏ ကျိန်စာများ” ဟုခေါ်ကြောင်း စာဖတ်သူအနေဖြင့် မှတ်မိနေပါမည်။ ကချင်အမျိုးသားအဖွဲ့အစည်း (KNO) ကို ၁၉၉၉ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကချင်နိုင်ငံရေးသမားအချို့သည် ဦးသန်းရွှေနှင့် ၎င်း၏ဗိုလ်ချုပ်များ၏ ရိုးသားမှုအပေါ်သံသယဝင်ခဲ့ကြကြောင်း ထောက်ပြရပါမည်။ ဤအပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်၏ ဆင်ခြင်ဥာဏ်ရှိမှုအပေါ် ဝါရင့်ကချင်နိုင်ငံရေးသမား အများအပြားသည် အဘယ်ကြောင့် မေးခွန်းများထုတ်ခဲ့ပြီးနောက်ဆုံးတွင် KNO ကိုတည်ထောင်ခဲ့ကြသည်ကို ပြန်လည်စဥ်းစားကြည့်ရာတွင် Duwa Mahkaw Hkun Sa သည် “ကချင်လူမျိုးတို့၏လှုပ်ရှားမှုများမှာ တရားမျှတမှုနှင့် တန်းတူညီမျှမှု ကတိကဝတ်တို့ကိုတည်ရန် ရည်ရွယ်ချက်မရှိသည့် ဗမာစစ်အစိုးရ၏လှည့်စားမှုကိုခံနေရကြောင်း ရှင်းရှင်းလင်းလင်းသိထားခဲ့သော ကချင်နိုင်ငံရေးလောကထဲတွင် အတွေ့အကြုံများစွာရှိပြီး လူထု၏ကြီးမားသော ရိုသေလေးစားမှုခံရသည့် လူပုဂ္ဂိုလ်များမှ KNO ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်” ဟုရေးသားခဲ့ပါသည်။38
နေပြည်တော်နှင့် လိုင်ဇာကြားတွင် အစည်းအဝေးများနှင့် ညီလာခံပေါင်းများစွာကျင်းပနေကြသော်လည်း ဗမာပြည်၏ မြောက်ဖျားပိုင်းတွင် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် ငြိမ်းချမ်းရေးအကောင်အထည်ပေါ်ရန် အလားအလာမှာ အလှမ်းဝေးနေဆဲဖြစ်ပါသည်။ ဥပမာအနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ၏ဥက္ကဌဟောင်းဖြစ်သူ Lanyaw Zawng Hra ၏ ကချင်လူထုထံအိတ်ဖွင့်ပေးစာတွင် ကချင်တိုက်ခိုက်ရေးသမားများနှင့် ကချင်လူထုကို ၎င်းတို့၏ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာတွင် စည်းလုံးမှုခိုင်ခိုင်မာမာရှိကြရန် တိုက်တွန်းထားသည်ကို တွေ့ရပါသည်။ ကချင်လူမျိုးတို့အား ဗမာပြည်မြေပေါ်မှရှင်းထုတ်ပစ်ချင်သည့် နိုင်ငံတော်၏ လူမျိုးတုံးသတ်ဖြတ်ရေးမူဝါဒဟု သူအမည်တပ်ခဲ့သည့် မူဝါဒကိုဆန့်ကျင်ပြီး မွေးရာပါအခွင့်အရေးဖြစ်သည့် မတူကွဲပြားသော လူမျိုးစုတစ်စုအနေဖြင့် တည်ရှိပိုင်ခွင့် အခွင့်ရေးကို အလေးပေးပြောကြားခဲ့ပါသည်။ ကချင်လူထု၏ KIA အပေါ်အံ့သြဖွယ်ရာထောက်ခံမှုကို ချီးမြှောက်ရင်း ၎င်းတို့လက်နက်ကိုင်တော်လှန်ရေး၏ သမိုင်းဝင်လိုအပ်မှုကို အလေးပေးပြောကြားခဲ့ခြင်းဖြင့် မျိုးဆက်သစ်ကချင်လူငယ်အမျိုးသားရေးဝါဒီများကို ၎င်းတို့၏တော်လှန်ရေးအား ဆက်လက်စွဲကိုင်တိုက်ပွဲဝင်သွားဖို့ ဆွဲဆောင်နိုင်ခဲ့ပါသည်။ တိုင်းရင်းသား အမျိုးသားရေးလှုပ်ရှားသူများအနေဖြင့် အတိတ်ကိုတွယ်ဖက်နေခြင်းမှ ရပ်တန့်ရန် ဒေါ်အောင်ဆန်းစုကြည်မှ အစဥ်အမြဲတိုက်တွန်းနေမှုအပေါ် သွယ်ဝိုက်သောတုန့်ပြန်မှုတစ်ခုထဲတွင် “နိုင်ငံရေးမှာ ခြေလှမ်းမှားခဲ့ခြင်းက ကျွန်ုပ်တို့ကို နှစ်ပေါင်း ၇၀ လောက် ခက်ခဲကြမ်းတမ်းမှုတွေခံရစေခဲ့ပြီးပြီ – ဒါကြောင့်မို့လို့ လက်ရှိနိုင်ငံရေး စီးကြောင်းတွေထဲမှာ ကျွန်ုပ်တို့အနေဖြင့် ဂရုတစိုက်လျှောက်လှမ်းကြဖို့လိုအပ်ပါမယ်။ လူတွေကို အတိတ်မှာ ဖက်တွယ်မနေဘဲ အနာဂတ်ကိုလျှောက်လှမ်းကြဖို့ တိုက်တွန်းလေ့ရှိကြတယ်ဆိုပေမဲ့ ဤအရာက ကျွန်ုပ်တို့အနေနဲ့ လွယ်လွယ်မေ့ပစ်ရမယ့် အရာမျိုးမဟုတ်ပါဘူး” ဟုဆက်လက်ဆိုခဲ့ပါသည်။39
KIA နှင့်တပ်မတော်အကြား ကြမ်းတမ်းစွာတိုက်ခိုက်မှုများ အဆုံးသတ်သွားပြီးနောက်တွင်ပင် ဤစစ်ပွဲ၏ အကျိုးဆက်များ၊ ကုန်ကျမှုများနှင့် ရိုက်ခတ်မှုများသည် ဗမာပြည်မြောက်ပိုင်းရှိ ကချင်လူမျိုးတို့၏ မျိုးဆက်ပေါင်းများစွာအထိ တည်ရှိနေဦးမည်ဖြစ်ပါသည်။ ဤရက်စက်ကြမ်းတမ်းသောပဋိပက္ခ၏ အကျိုးဆက်များအားလုံးကို ဆန်းစစ်လေ့လာကာ K. Zau Nan မှ ကချင်လူမျိုးတို့သည် “သွေးထွက်သံယိုမှုများ၊ အကြမ်းဖက်မှုများ၊ နှိပ်စက်မှုများ၊ မုဒိန်းကျင့်မှုများ၊ လူသတ်မှုများ၊ ကျေးရွာများကို မီးရှို့ခံရခြင်းများနှင့် မိမိတို့၏အိမ်များမှ စစ်ဘေးဒုက္ခသည်စခန်းများဆီသို့ စွန့်ခွာထွက်ပြေးရခြင်းများ ကြုံတွေ့ခံစားရပြီးပြီ” ဟု ဆိုပါသည်။40 လေးစားမှုခံရသော ကချင်ပညာတတ်တစ်ဦးလည်းဖြစ်သလို မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (Myanmar Institute of Theology – MIT) မှ ပညာရှင်တစ်ဦးလည်းဖြစ်သည့် M. La Rip သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် MIT ၏ တတိယအကြိမ်မြောက် အခြေနေဖြစ်ရပ်ဆိုင်ရာဓမ္မညီလာခံ (conference of contextual theology) တွင် စာတမ်းတစ်ခု တင်ပြခဲ့ပါသည်။ ဓမ္မကျမ်းစာဟောင်း (Old Testament Studies) ကို အတွင်းကျကျသိရှိလေ့လာထားသော ပညာရှင်တစ်ဦးလည်းဖြစ်သလို ကချင်နိုင်ငံရေးသမိုင်းအကြောင်း အသေးစိတ်ဗဟုသုတရှိပြီး နာကျင်ခံစားနေရသော မိမိတို့၏လူမျိုးများနှင့်လည်း ကျယ်ပြန့်သော ချိတ်ဆက်မှုရှိသည့် ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်း၏စကားလုံးများမှ လေးနက်မှုနှင့် ခံစားချက်များသည် ကချင်လူမျိုးကျောင်းသားများအတွက်သာမကဘဲ အခြားသော တိုင်းရင်းသား MIT ကျောင်းသားများထံအထိပါ သက်ရောက်ခဲ့ပါသည်။ ၎င်းမှ တပ်မတော်အား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် မိမိ၏အမိမြေတွင် စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေသည်ဟုစွပ်စွဲလိုက်ချိန်တွင် သက်ရောက်မှုသည် သိသာထင်ရှားခဲ့ပါသည်။ မုဒိန်းကျင့်မှုမှအသက်ရှင်ကျန်ခဲ့သောသူများအနေဖြင့် ၎င်းတို့၏ဖျက်ဆီးခံလိုက်ရသောဘဝများအား မည်ကဲ့သို့ ရင်ဆိုင်ခဲ့ကြရသည်ကို အလေးပေးပြောကြားရာတွင် အများအပြားသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြပြီး အခြားသူများမှာ လုံခြုံမှုမရှိသော ကိုယ်ဝန်ဖျက်ချခြင်းနည်းစနစ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။41
ကချင်လူမှုအသိုင်းအဝိုင်းအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခ၏နက်ရှိုင်းမှုကို စူးစမ်းလေ့လာပြီး နားလည်သဘောပေါက်စေရန် ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် ကျွန်ုပ်သည် လားရှိုးမြို့၌ ကချင်လူမျိုးအများအပြား – ဓမ္မဆရာများရော သာမန်အရပ်ဝတ်များပါ – ကချင်ပြည်နယ်ရော ရှမ်းပြည်နယ်မြောက်ပိုင်းမှရော – နှင့် ရက်အတန်ကြာ အတူနေခဲ့ပါသည်။ မြစ်ကြီးနားမှ သက်တော်ရှည်ဓမ္မဆရာတစ်ဦးမှ မျက်ရည်များမကျအောင်ထိန်းရင်း “ကျွန်တော်လိုင်ဇာကို လတ်တလောပြန်သွားတုန်းက လမ်းတစ်လျှောက် ဘုရားကျောင်းအပျက်အစီးတွေအများကြီးပဲ တွေ့ခဲ့တယ်။ KBC လက်အောက်မှာ ဘုရားကျောင်းပေါင်း လေးရာကျော်ရှိပေမဲ့ အဲ့ဒီထဲက ခြောက်ဆယ်ကျော်က ပျက်စီးသွားပြီ” လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။42 KIA အပေါ်လူထုထောက်ခံမှုအဆင့်သည် သမိုင်းကြောင်းအရ နှိုင်းယှဥ်လို့ပင်မရတော့ဘဲ တခါတရံတွင် KIA တိုက်ခိုက်ရေးသမားများနှင့် ကချင်ပြည်သူလူထုကြားက ကွာခြားမှုမှာ ဝေဝါးသွားသည်အထိ ဤအကြမ်းဖက်မှု၏ ကြီးမားကျယ်ပြန့်မှုသည် ကချင်လူမျိုးတို့၏နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုကို သန္နိဌာန်ကို ပိုမိုပြင်းထန်လာစေခဲ့ပါသည်။ ကချင်လူမျိုးအများအပြားအတွက် KIA နှင့် တပ်မတော်ကြားမှ လက်ရှိဆက်လက်ဖြစ်ပွားနေသောစစ်ပွဲသည် အခြေခံအားဖြင့် အသက်ရှင်ရပ်တည်ရေးအတွက် လူထု၏တိုက်ပွဲတစ်ပွဲသာဖြစ်ပါသည်။ ကချင်လူ့အဖွဲ့အစည်းအတွင်းတွင် လူထုအကြားဆွေးနွေးငြင်းခုံခြင်းနှင့် အများဆန္ဒကိုယ်စားပြုသည့် ယဥ်ကျေးမှုတို့သည် ၎င်းတို့၏နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုကို မည်သို့ ပိုမိုအားကောင်းစေခဲ့ကြောင်း အသေးစိတ် သရုပ်ဖော်ရာတွင် Hkun Sa မှ –
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းထဲတွင် အားလုံးပါဝင်သည့် ငြင်းခုံဆွေးနွေးမှုပုံစံတစ်မျိုး ကို ရှေးယခင်ကတည်းကပင် ကျင့်သုံးလေ့ရှိပါသည်။ အရေးကြီးသောဆုံးဖြတ်ချက်များသည် ပုံမှန်အားဖြင့် လူထုကိုတိုင်ပင်ဆွေးနွေးမှု အများအပြားဆောင်ရွက်ပြီးမှသာချမှတ်လေ့ရှိပြီး – သဘောထားကွဲလွဲမှုများကြားမှပင် အခြားသော လူ့အဖွဲ့အစည်းများနှင့်ယှဥ်လျှင် ပိုမိုတစ်စုတစ်စည်းထဲ သဘောတူညီမှုများရှိခြင်းကြောင့် ကျွန်ုပ်တို့အား တစ်ပေါင်းတစ်စည်းတည်း ရှေ့သို့တက်လှမ်းနိုင်စေသည်မှာ သံသယဝင်စရာမရှိသလို ဤအချက်သည် ကျွန်ုပ်တို့ ရုန်းကန်လှုပ်ရှားမှု ခွန်အား၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါသည်။43
ကချင်လူမျိုးအများအပြားနှင့် အကျယ်တဝင့်ဆွေးနွေးပြောဆိုမှုများအပြီးတွင် ကျွန်ုပ်အမြင်အရ KIA အား ထောက်ခံအားပေးနေသော ကချင်လူထုသည် ၎င်းတို့၏ မျိုးရိုးစဥ်ဆက်ပိုင် အမိမြေကိုကာကွယ်ရန်နှင့် ဗမာပြည်တွင်းသို့ သိမ်းသွင်းမည်ဟူသော ခေါင်းစဥ်အောက်မှ မကောင်းသောဆောင်ရွက်မှုများအားလုံးကို ဆန့်ကျင်ပြီး မိမိတို့မွေးရာပါအခွင့်အရေးတစ်ခုဖြစ်သည့် လူမျိုးစုတစ်စုအနေဖြင့် ဖြစ်တည်ပိုင်ခွင့် အခွင့်အရေးတွက် ၎င်းတို့၏မပြီးဆုံးသေးသော တော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဟု ထင်ရပါသည်။ Hkhalam Samson မှ ကျွန်ုပ်တို့စကားဝိုင်းတစ်ခုထဲတွင် တပ်မတော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နေသည့် ကာလပတ်လုံး တိုင်းရင်းသားပဋိပက္ခများနှင့် လက်နက်ကိုင်ပုန်ကန်မှုပြဿနာများသည် တိုင်းပြည်ကို ဆက်လက်နှောင့်နှေးစေဦးမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ကာ ကချင်လူမျိုးတို့သည် ၎င်းတို့၏အကျိုးစီးပွားကို အသိအမှတ်ပြု လေးစားမှုပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်မရမချင်း ၎င်းတို့၏လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တော့အခါမှ လက်နက်ချအရှုံးပေးလိမ့်မည်မဟုတ်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့ပါသည်။
ဤအချင်းအရာနှင့်စပ်လျဥ်း၍ Martin Smith မှ “အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပြိုကွဲသွားမှုသည် ကချင်လူမျိုးတို့၏ခေတ်သစ်သမိုင်းကို အဆုံးအဖြတ်ပေးသော အချိုးအကွေ့တစ်ခုဖြစ်လာကာ မှန်ကန်သော နိုင်ငံရေးအဖြေကိုမရောက်ရှိမချင်း မည်မျှပင်ခက်ခဲပါစေ လာမည့်မျိုးဆက်သစ်ခေါင်းဆောင်များမှ ၎င်းတို့၏ရုန်းကန်လှုပ်ရှားမှုအတွက် ဆက်လက်တိုက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေခဲ့သည်” ဟု မှန်ကန်စွာကောက်ချက်ချခဲ့ပါသည်။44
ကချင်လူထုဓမ္မပညာ
ကချင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် ကချင်လူ့အသိုင်းအဝိုင်းကို ပြိုကွဲစေသော နိုင်ငံရေးအကြမ်းဖက်မှုများကို မည်ကဲ့သို့ရှု့မြင်သည်နှင့် ၎င်းတို့၏ ထင်မြင်ချက်များနှင့် ဆောင်ရွက်ချက်များသည် ကာလကြာရှည်နေပြီဖြစ်သော ဤအကြမ်းဖက်မှု၏ သဘောသဘာဝအပေါ် မည်ကဲ့သို့ ထိရောက်ရောက် သက်ရောက်မှုရှိသည်ကို ကျွန်ုပ်စူးစမ်းလေ့လာခဲ့ပါသည်။ ဘာသာရေးခေါင်းဆောင်များ၏ အဓိကကျသော အခန်းကဏ္ဍများနှင့် ကချင်လူ့အဖွဲ့အစည်းအတွင်းရှိ ၎င်းတို့၏ ကြီးမားသော ကိုယ်ကျင့်တရားဆိုင်ရာသြဇာအာဏာကို နားလည်သဘောပေါက်ခြင်းမရှိဘဲ ဤနိုင်ငံရေးပဋိပက္ခ၏နက်ရှိုင်းမှုကို ကျွန်ုပ်တို့အနေဖြင့် အပြည့်အဝနားလည်သဘောပေါက်နိုင်မည်မဟုတ်ပါ။ ကချင်လူမျိုးတို့နှင့် ၎င်းတို့၏မွေးရပ်မြေကို ဗမာပြည်အောက်သိမ်းသွင်းခြင်းဖြင့် လက်ရှိရှိနေသော ယဥ်ကျေးမှုနှင့် တိုင်းရင်းသားစုံလင်ကွဲပြားမှုကို နှောက်ယှက် (အဆုံးတွင်ဖျက်ဆီးခြင်း) ရန် ဗမာစစ်အာဏာရှင်အားလုံးသည် ကချင်စာပေ၊ယဥ်ကျေးမှုနှင့် ဘာသာစကားအား ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျ တားမြစ်မှုများ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ သင်းအုပ်ဆရာများမှ မိမိတို့ဖြစ်တည်မှုကို ခြိမ်းခြောက်နေသောအန္တရာယ်ဟု ရည်ညွှန်းလေ့ရှိသည့် မိမိတို့ကချင်လူမျိုးတို့၏ သီးခြားလူမျိုးစုဖြစ်ပြီး သီးခြားယဥ်ကျေးမှုရှိသည့် သမိုင်းဝင်ဖြစ်တည်မှုကို ခြိမ်းခြောက်နေသော ဗမာလူမျိုးများထံမှအန္တရာယ်ကို တိုက်ရိုက်တုန့်ပြန်သောအနေဖြင့် KBC မှ myu shalat jawng (ကချင်အမျိုးသားကျောင်းများ) ဟု ကချင်လူမျိုးတို့မှနှစ်လိုဖွယ်ခေါ်သော ကျောင်းများအား ၎င်းတို့၏ တိုင်းရင်းသား ဝိသေသလက္ခဏာကို ဗမာပြည်အောက်သိမ်းသွင်းခံရခြင်းမှ ကာကွယ်ရန်နှင့် ပိုမိုမြှင့်တင်ရန် တည်ထောင် လည်ပတ်လျက်ရှိပါသည်။ အမည်မဖော်လိုသော ကချင်ဓမ္မဆရာတစ်ပါးမှ myu shalat jawng တွင်ပါဝင်သောဘာသာရပ်များမှာ သမ္မာကျမ်းစာ၊ အင်္ဂလိပ်စာ၊ ကချင်သမိုင်း၊ ဘာသာစကားနှင့် စာပေဖြစ်ကြောင်းနှင့် ထိုဘာသာများကိုသင်ကြားရခြင်းမှာ အစိုးရအဆက်ဆက်သည် ကချင်ကျောင်းသားများအား မိမိတို့၏ဘာသာစကားနှင့် သမိုင်းကို မိမိတို့မျိုးရိုးစဥ်ဆက်ပိုင် မွေးရပ်မြေရှိ အစိုးရကျောင်းများတွင် လေ့လာသင်ယူနိုင်ခွင့်အား အစဥ်အဆက်ဆုံးရှုံးစေခဲ့သောကြောင့်ဖြစ်ကြောင်း လတ်တလောတွင် ကျွန်ုပ်ကိုပြောပြခဲ့ပါသည်။45
ရှေ့တွင်ဖော်ပြခဲ့သော KTCS သည် ဗမာပြည်တဝှမ်းရှိ ကချင်လူ့အဖွဲ့အစည်းများမှ အရည်အချင်းအရှိဆုံး လူငယ်အမျိုးသားများနှင့် အမျိုးသမီးများအကြား လူကြိုက်များသောနေရာများထဲမှတစ်ခုဖြစ်ပြီး ၎င်းသည် ကချင်လူမျိုးတို့၏သမိုင်းနှင့် နိုင်ငံရေးအပေါ် သက်ရောက်မှုများရှိပြီး ပိုမိုအားကောင်းစေပါသည်။ ကျောင်းသားများစုဆောင်းချိန်၊ သင်ခန်းစာများသင်ကြားပေးချိန်နှင့် မိမိတို့ လူမျိုးစုမျိုးဆက်သစ် လူငယ်များအတွက် ခေါင်းဆောင်များကိုပြင်ဆင်ပေးရာတွင် ပုံမှန်မြင်တွေ့နေကျ ဓမ္မသင်ခန်းစာများအပြင် ကချင်သမိုင်း၊ ကချင်နိုင်ငံရေး၊ ကချင်စာပေ၊ အင်္ဂလိပ်စာနှင့် အနောက်တိုင်းစာပေ သင်ခန်းစာများကိုပါ သင်ကြားပေးခြင်းဖြင့် KTCS မှပညာရှင်များသည် ဗမာပြည်မြောက်ဖျားပိုင်းတစ်လျှောက်ရှိ ဗမာပြည်အောက်သို့သိမ်းသွင်းခြင်းလုပ်ငန်းစဥ်၏ဆောင်ရွက်ချက်များကို ဆန့်ကျင်ခြင်းဖြင့် ကချင်လူမျိုးရေးဝါဒ၏ နက်နဲသော သဘောသဘာဝကို ပျိုးထောင်ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ကချင်လူမျိုးတို့၏ခေတ်သစ်သမိုင်းတွင် KTCS ၏ သင်္ကေတလက္ခဏာအရရော နိုင်ငံရေးအရပါ အရေးပါမှုကို အလေးပေးဖော်ပြရာ၌ Zaw Aung မှ ကျွန်ုပ်အား “KTCS သည် ရှေးယခင်ကတည်းကပင် ကချင်လူမျိုးများ၊ ဘာသာရေး၊ စာပေနှင့် ဘာသာစကားတို့ကို ကာကွယ်ရာတွင်နှင့် မြှင့်တင်ပေးရာတွင် မရှိမဖြစ်လိုအပ်သော နေရာမှပါဝင်ခဲ့ပါသည်။ KTCS သည် ကချင်လူမျိုးတို့အားလုံး၏ နှလုံးသားနှင့် ဝိဌာဥ်ဗဟိုချက်ဖြစ်ပါသည်” ဟုပြောပြခဲ့ပါသည်။46 KTCS သည် ကချင်အမျိုးသားရေးအတွက် ရေခံမြေခံနေရာဖြစ်ပြီး ကချင်တော်လှန်ရေးအတွက် လူပုဂ္ဂိုလ်များကို မွေးထုတ်ပေးရာနေရာဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါ။ ထို့အပြင် ကချင်လူငယ်အမျိုးသားများကို စိတ်ဓာတ်ပျက်ပြားစေပြီး သေဆုံးစေရန်ရည်ရွယ်သော လျှို့ဝှက်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကချင်မြေထဲသို့ မူးယစ်ဆေးဝါးများကို မည်သည့်တားမြစ်ချက်မှမရှိဘဲ ဝင်ရောက်ခွင့်ပြုနေကာ “ဖြည်းညှင်းစွာ လူမျိုးတုံးသတ်ဖြတ်မှု” ဟု Sang Raw နှင့် ကချင်အများစုမှအမည်တပ်ထားသည့် အဆုံးသတ်ရည်ရွယ်ချက်ကို ရောက်ရှိနိုင်ရန် စစ်အစိုးရမှ လုပ်ဆောင်နေကြောင်း ကချင်ဘုရားကျောင်းသင်းအုပ်ဆရာများစွာက သံသယရှိနေပါသည်။ ကျွန်ုပ် လားရှိုးတွင်ရှိစဥ်က မူးယစ်ဆေးသုံးစွဲမှုသည် ဗမာပြည်၏ထိုအပိုင်းမှလူငယ်များ၏ ဘဝတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ တပ်မတော်မှ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များအား မူးယစ်ဆေးများကို လွတ်လပ်စွာစိုက်ပျိုးဖြန့်ချိခွင့် ပြုထားသောကြောင့်ဖြစ်ကြောင်း ပြောပြခဲ့ကြပါသည်။47 Samson မှ ဤကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်ကို ပြောပြရာတွင် ကြီးထွားလာနေသော မူးယစ်ဆေးပြဿနာ၏ခြိမ်းခြောက်မှုအဆင့်သည် ကချင်လူမျိုးအားလုံး၏ တည်ရှိမှုအတွက် လွန်စွာပြင်းထန်နိုင်သောကြောင့် ၎င်းဦးဆောင်မှုအောက်ရှိ ဘုရားကျောင်းများအားလုံးသည် နောက်ဆုံးတွင် ကချင်လူမျိုးများအကြားတွင် Pat Ja San (PJS) ဟု ခေါ်ဆိုကြသည့် အစီအစဥ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါသည်။ PJS အဖွဲ့ဝင်များသည် ၎င်းတို့အနေဖြင့် “မိမိတို့၏တည်ရှိမှုကို ခြိမ်းခြောက်မှု” ဟုခေါ်လေ့ရှိသည့် မူးယစ်ဆေးများ၏ ပြဿနာအပေါ်တိုက်ရိုက်တု့န်ပြန်ဆောင်ရွက်မှုအနေဖြင့် ဘိန်းခင်းများဖျက်ဆီးခြင်း နှင့် မူးယစ်ဆေးပြဿနာကို လျှော့ချခြင်းတို့တွင် အင်တိုက်အားတိုက် ပါဝင်နေကြပါသည်။48 မူးယစ်ဆေးပပျောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် PJS အဖွဲ့ဝင်များအနေဖြင့် ဗမာစစ်တပ်မှကျောထောက်နောက်ခံပေးထားသော ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များမှ ဆန့်ကျင်ခြင်းများနှင့် ထိပ်တိုက်တွေ့ခြင်းများကို ကြုံတွေ့ရကြောင်းတွေ့ရှိရကာ ၎င်းအချက်သည် ယေဘုယျအားဖြင့် ကချင်ခေါင်းဆောင်များနှင့် ကချင်ဓမ္မဆရာများသည် တပ်မတော်အား ကချင်အမျိုးသားလူငယ်များအပေါ် မူးယစ်ဆေးဝါးစစ်ဆင်နွှဲနေကြောင်း အဘယ်ကြောင့်စွပ်စွဲခဲ့ကြသည်ကို ရှင်းပြနိုင်ကောင်းရှင်းပြနိုင်ပါလိမ့်မည်။
ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှအခွင့်အရေးများ နှင့် ကချင်လူမျိုးများအတွက် လွတ်လပ်ရေး တို့အပြည့်အဝရရှိရေးအတွက် ကချင်လူမျိုးတို့၏နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုသမိုင်းကို ဂျူးလူမျိုးတို့၏ အီဂျစ်တွင် ကာလကြာရှည်စွာ လူမှုရေးနိုင်ငံရေး ကျွန်ပြုခံရခြင်းမှလွတ်မြောက်ခြင်းဆိုင်ရာ သမ္မာကျမ်းစာပါဇာတ်လမ်းနှင့် နှိုင်းယှဥ်ကြည့်ပြီး ကချင်လူမျိုး ဓမ္မဆရာများသည် ၎င်းတို့၏နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးအား ကျိုးကြောင်းဆင်ခြင်ပြီး လျော်ကန်သင့်မြတ်သည်ဟု သတ်မှတ်ခဲ့ကြပါသည်။ Layang Seng Ja၊ K. Zau Nan၊ Lahpai Fanang Lum နှင့် Hting Nan Zau ကဲ့သို့သောကချင်ပညာရှင်များသည် ကချင်ဘုရားကျောင်းများအား လူမှုရေးဆိုင်ရာ တရားမမျှတမှု၊ ဘာသာရေးဆိုင်ရာ နှိမ့်ချမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကျူးလွန်ခံနေရသည်ကို ကြံ့ကြံ့ခံတွန်းလှန်ကြရန် ဆော်သြထားပြီး ၎င်းတို့သည် ကချင်လူထုအပေါ် တပ်မတော်မှ ကျူးလွန်နေသည့် ကိစ္စရပ်များဖြစ်ပြီး နိုင်ငံရေးအရဖိနှိပ်မှုနှင့် လူမှုရေးဆိုင်ရာ တရားမမျှတမှုတို့ကို ကြံ့ကြံ့ခံတော်လှန်ရန်မှာ ခရစ်ယာန်အားလုံးအတွက် သမ္မာကျမ်းစာအရ၊ ကိုယ်ကျင့်တရားအရ နှင့် သမိုင်းအရ မြင့်မြတ်သော တာဝန်ဖြစ်ကြောင်းလည်းဆော်သြခဲ့ကြပါသည်။49 ဤဓမ္မဆရာများ၏ရပ်တည်ချက်ကို ပြန်လည်ထင်ဟပ်စေသည့်အနေဖြင့် Zaw Aung သည် ကျွန်ုပ်အား “ကျွန်ုပ်တို့ကချင်လူမျိုးများသည် ပင်ကိုယ်သဘာဝအရ လွတ်လပ်မှုကိုမြတ်နိုးပြီး လွတ်မြောက်ခြင်း၏ လေးနက်သော သဘောတရားနှင့် သမ္မာကျမ်းစာအတွင်းရှိ သာတူညီမျှမှုတို့ကို စိတ်နှလုံးထဲတွင် ထည့်သွင်းထားခြင်းမှာ လွန်စွာနက်ရှိုင်းသောကြောင့် ကျွန်ုပ်တို့သည် အမြဲတမ်းကြံ့ကြံ့ခံတော်လှန်ခဲ့ပြီး မည်ကဲ့သို့သော ကျူးကျော်မှုမျိုးကိုမဆို ထိုကဲ့သို့ပင်ဆက်လက်ရင်ဆိုင်သွားပါမည်” ဟု ပြောခဲ့ပါသည်။
ကချင်လူထုဘဝအတွင်း ခရစ်ယာန်ဘာသာ၏ အဓိကကျမှုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်မှ ဗိုလ်ချုပ်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအား KIA နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဆောင်ရွက်ရာတွင် KBC သည် မရှိမဖြစ်ဟူသော ယူဆမှုဆီသို့ ဦးတည်သွားစေခြင်း ဖြစ်နိုင်ပါသည်။ မကြာသေးမီက မြစ်ကြီးနားသို့ ဖုန်းခေါ်ဆိုမှုတွင် Hkalam Samson မှ ကျွန်ုပ်ကို ပြန်လည်ပြောပြသည်မှာ “KIA ကတိုက်ခိုက်ရေးသမားအများစုဟာ KBC အဖွဲ့ဝင်များလည်းဖြစ်တာကြောင့် KBC က KIA အပေါ်မှာ ထင်ရှားပြတ်သားသောကိုယ်ကျင့်တရားဆိုင်ရာ သြဇာအာဏာရှိသည် ဟူသော အကြောင်းပြချက်ဖြင့် နှစ်ပါတီအကြား ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခုခုကို ရရှိဖို့အတွက် သူတို့က ကျွန်ုပ်ကို KIA နဲ့ညှိနှိုင်းရာမှာ ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ သို့သော်လည်း ကျွန်ုပ်က KBC တွင် မည်သည့်အရေးကြီးသော ဆုံးဖြတ်ချက်အတွက်မဆို လူထုနှင့်တွေ့ဆုံဆွေးနွေးသော မူဝါဒသည် ရှေးယခင်ကတည်းကရှိခဲ့ပြီး ကချင်လူထုသည် အတိတ်ကကဲ့သို့ တည်ငြိမ်မှုမရှိသော ငြိမ်းချမ်းရေးဆီသို့ ပြန်လည်မသွားလိုဟု ငြင်းဆန်ခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့ပြီးနောက် ကျွန်ုပ်ကို သဘောထားတင်းမာသူလို့ သူတို့က နာမည်တပ်ခဲ့ကြပါတယ်။”50 ဗမာပြည်က ထိပ်ပိုင်းခေါင်းဆောင်များ အထူးသဖြင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော အတိတ်က စည်းဝေးပွဲပေါင်းများစွာကျင်းပခဲ့ခြင်း၏ အကြောင်းပြချက်မှာမူ ဗဟိုအစိုးရရော တပ်မတော်ကပါ KBC နှင့် KIA သည် ပိုမိုပူးတွဲရောယှက်လာသည်ဟုသော အမြင်ကိုကိုင်စွဲထားခဲ့ကြသောကြောင့်ဖြစ်ပါသည်ဟု ၎င်းကဆက်လက်ပြောပြခဲ့ပါသည်။
ဤစာတမ်း၏ အဓိက ရည်ရွယ်ချက်မှာ ကချင်ပြည်ရှိပဋိပက္ခများတွင်ပါဝင်ပတ်သက်နေသည့် အစဥ်အလာအရရှုပ်ထွေးနေပြီးဖြစ်သောတရုတ်နိုင်ငံ၏အခန်းကဏ္ဍအကြောင်း မဟုတ်သော်လည်း ဤအကြောင်းအရာမှာ ခရစ်ယာန်ကချင်လူမျိုးများနှင့် ခရစ်ယာန်လူမျိုးအများစုနေထိုင်သော အမေရိကန်ပြည်ထောင်စုတို့အကြား ခိုင်မာသော ဘာသာရေးဆိုင်ရာဆက်ဆံရေးများနှင့် နီးကပ်စွာဆက်စပ်လျက်ရှိသောကြောင့် အနည်းငယ်ဆွေးနွေးလိုပါသည်။ တရုတ်နိုင်ငံနှင့် ကချင်မြေတို့မှာ ပထဝီအနေအထားအရ ဆက်စပ်လျက်ရှိပြီး ထာဝရအိမ်နီးချင်းများဖြစ်ရန် ကံပါလာသောအကြောင်းပြချက်အား ဖော်ပြပြောဆိုကာ တရုတ်အာဏာပိုင်များမှ KIA ခေါင်းဆောင်များကို လက်နက်များရရှိရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးများဖြတ်တောက်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်မှာ လူတိုင်းသိပြီးနေသော လျှို့ဝှက်ချက်တစ်ခုဖြစ်ပါသည်။ ကချင်ခေါင်းဆောင်များ အထူးသဖြင့် KBC ခေါင်းဆောင်များသည် ထိုဖိအားအပေါ် အလျှော့ပေးလိုက်လျောရန်ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့၏အမေရိကန် မိတ်ဖက်များနှင့် ဘာသာရေးဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစွာဆက်လက်ဆောင်ရွက်ခဲ့ကြခြင်းသည် အများသူငှာယူဆချက်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံမှ KIA ကို ထိန်းချုပ်ထားသည်ဟူသောအချက်ကို ဆန့်ကျင်နေနိုင်ပါသည်။ ဥပမာ – Hkalam Samson သည် ၎င်း၏လတ်တလော အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် အရေးပါသော အမေရိကန်အမတ်များနှင့် ခိုင်မာသော ဆက်ဆံရေးများရှိသည့် ဘုရားကျောင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထို့ကြောင့် Yun Sun၏ ကချင်လူမျိုးတို့၏ အမေရိကန်တို့နှင့် နက်နဲသော သမိုင်းဝင်ဆက်ဆံရေးများကြောင့် တရုတ်နိုင်ငံသည် ကချင်လူမျိုးတို့အား ဘယ်တုန်းကမှ အပြည့်အဝယုံကြည်မှုမရှိခဲ့ဟူသော အဆိုမှာ မှန်ကန်နေပါသည်။51 Hkalam Samson ၏အဆိုအရ တရုတ်နိုင်ငံသည် KBC မှ တရုတ်နိုင်ငံ၏မြစ်ဆုံစီမံကိန်းအပေါ် ဆန့်ကျင်သည့် လူထုကိုထုတ်ပြန်ချက်အပေါ် မနှစ်သက်ခဲ့ပေ။
အချုပ်ဆိုရလျှင် ကချင်လူမျိုးတို့သည် တရားမျှတမှုနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတို့ နှစ်ခုလုံးရောပြွန်းတည်ရှိသည့် ၎င်းတို့ဆန္ဒရှိလိုလားသောနယ်မြေကို မရမချင်း ၎င်းတို့၏လက်နက်ကိုင် ရုန်းကန်လှုပ်ရှားမှုကို အခက်အခဲများအကြားမှ ဆက်လက်တိုက်ပွဲဝင်သွားနိုင်ချေရှိပါသည်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကဲ့သို့ နိုင်ငံရေးအရတည်ငြိမ်မှုမရှိသော ငြိမ်းချမ်းရေးမျိုးကိုလည်း KIA မှ ဘယ်တော့အခါမှ နောက်တစ်ကြိမ်ပြန်လာတော့မည်မဟုတ်ပါ။ ကချင်လူမျိုးများနှင့် အခြားသောတိုင်းရင်းသားများ၏ သမိုင်းကြောင်းအရ တရားဝင်အကျိုးစီးပွားများကို လေးစားအသိအမှတ်ပြုပြီး ကာကွယ်ပေးနိုင်သောအချိန်ရောက်သည်အထိ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး တုံ့ဆိုင်းမှု၊ တိုင်းရင်းသားများ ပုန်ကန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများသည် ဗမာပြည်အား ဆက်လက် ရပ်တန့်တုန့်ဆိုင်းနေစေဦးမည်ဖြစ်ကြောင်း ဤနေရာတွင် အလေးပေးပြောကြားလိုပါသည်။
အဆုံးမှတ်စုများ
1 Pseudonym.
2 Tegenfeldt, 1974, pp. 17-28.
3 Maran La Raw, 1967, p. 133.
4 Woodman (1962, p. 277) and Tucker (2001, p. 20).
5 Maran La Raw, 1967, p. 140.
6 Tegenfeldt, 1974, p. 432.
7 Maran La Raw, 1967, p. 129.
8 Tegenfeldt, 1974, p.98, 107.
9 Reverend Zaw Aung, personal communication, September, 2018.
10 Webster, 2004, p. 50.
11 Lintner, 2011, p. 29.
12 Kachin Research Group, n.d., p. 3.
13 Htin Aung (1967, p. 317) and U Nu (1975, p. 194).
14 Steinberg, 2006, p. 62
15 U Nu, 1974, p. 204.
16 Reverend Zaw Aung, personal communication, September, 2018.
17 Linter, 1994, p. 164.
18 Sadan, 2014, p. 286.
19 La Seng Dingrin, 2013, p. 113; N’ngai Gam, 2004, p. 77.
20 Tegenfeldt, 1974, p. 97.
21 Tegenfeldt, 1974, p. 128.
22 Tegenfeldt, 1974, p. 118.
23 Ibid., p. 82-83.
24 K. Zau Nan, 2009, p. 172; La Seng Dingrin, 1972, p. 112; N-Gan Tang Gun, 2009, p. 45.
25 N-Gan Tang Gun, 2009, p. 48.
26 Reverend Zaw Aung, personal communication, September, 2018.
27 Maran La Raw, 1967, p. 141.
28 Tucker, 2001, p. 90.
29 Reverend Zaw Aung, personal communication, September, 2018.
30 Lintner, 1994, p. 234.
31 Kachin student from Myitkyina, personal communication, September, 2018.
32 Reverend Hkalam Samson, personal communication, October, 2018.
33 K. Zau Nan, 2013, p. 91.
34 Brang Shawng, personal communication, November, 2018.
35 Reverend Hkalam Samson, personal communication, October, 2018.
36 Layang Seng Ja, 2017, p. 205.
37 Rogers, 2012, p. 94.
38 Mahkaw Hkun Sa, 2016, p. 334.
39 Tsa Doi La, 2017.
40 K. Zau Nan, 2016, p. 98.
41 M. La Rip, 2018.
42 Kachin Baptist pastor in Lashio, personal communication, October, 2018.
43 Mahkaw Khun Sa, 2016, p. 332.
44 Smith, 2016, p. 90.
45 The military regime, indeed, placed many restrictions on all ethnic and religious minority groups in Burma.
46 Reverend Zaw Aung, personal communication, September, 2018.
47 Kachin church leaders from Lashio, Kutkai, and Myitkyina, personal communications, October, 2018.
48 Reverend Hkalam Samson, personal communication, October, 2018.
49 Hting Nan Zau, 2018, p. 119; K. Zau Nan, 2016, p. 137; Lahpai Fanang Lum, 2018, pp. 51-52; Layang Seng Ja, 2017, p. 205.
50 Reverend Hkalam Samson, personal communication, October, 2018.
51 Sun, 2012, pp. 76-78.
ကိုးကားချက်များ
Htin Aung. (1967). A History of Burma. Columbia University Press.
Hting Nan Zau. (2018). A Theological Study of Apocalyptic Vision of Daniel 7:1-14 in Myanmar Context. Our Theological Journey, 5, 99-120.
K. Zau Nan. (2009). Kachin Concept of God: An Aspect of Doing Myanmar Indigenous Theology in the Age of Globalization. In Our Theological Journey: Writings in Honor of Prof. Rev. Dr. Sang Awr. Myanmar Institute of Theology.
K. Zau Nan. (2013). Understanding Ecological Crisis in Myanmar: A Kachin Christian Perspective. Theologies and Cultures, 10(1), 76-101.
K. Zau Nan. (2016). Awmdawm Theology. Theology under the Bo Tree: Contextual Theologies in Myanmar, 1, 90-102.
Kachin Research Group. (n.d.). The Kachins Before and After the Panglong Conference of 1947. https://www.yumpu.com/en/document/view/44589943/the-kachins-before-and-after-the-panglong-conference-of-1947
La Seng Dingrin. (2013). Conversion to Mission Christianity among the Kachin of Upper Myanmar (1877-1972). In R.F. Young and J.A. Seitz (Eds.), Asia in the Making of Christianity: Conversion, Agency, and Indigeneity, 1600s to the Present (pp. 109-34). Brill.
Lahpai Fanang Lum. (2018). Human Agents: A Mission of God for the Poor in Myanmar: Reading Isaiah 61: 1-3 from a Liberation Theology Perspective. Our Theological Journey, 5, 37-52.
Layang Seng Ya. (2017). The Role of Jesus for the Kachins: Understanding Jesus from the Present Kachin Context. Theology under the Bo Tree: Contextual Theologies in Myanmar, 2, 202-222.
Lintner, B. (1994). Burma in Revolt: Opium and Insurgency since 1948. Westview Press.
Lintner, B. (2011). Aung San Suu Kyi and Burma’s Struggle for Democracy. Silkworm Books.
M. La Rip. (2018, January 26). Raping, Dying, and Surviving of Myanmar Ethnic Women in Myanmar Context: A Contextual Reading of 2 Samuel 11-12 through the Eyes of a Kachin [Paper presentation]. Myanmar Institute of Theology.
Mahkaw Hkun Sa. (2016). The Founding of the KNO and the Development of a Diaspora Activist Network. In M. Sadan (Ed.), War and Peace in the Borderlands of Myanmar: The Kachin Ceasefire, 1994-2011 (pp. 330-358).
Maran La Raw. (1967). Toward a Basis for Understanding the Minorities in Burma. The Kachin Example. In P. Kunstadter (Ed.). Southeast Asian Tribes, Minorities, and Nations (pp. 125-146). Princeton University Press.
N-Gan Tang Gun. (2009). Kachin Culture and Tradition in Myanmar. Kachin Theological College.
N’ngai Gam. Theology from a Kachin Story of the Lost Book. Myanmar Journal of Theology, 3, 70-77.
Rogers, B. (2012). Burma: A Nation at the Crossroads. Rider Books.
Sadan, M. (2014). Religion, Identity, and Separatism: The Case of the Kachin. In M. Gravers and F. Ytzen (Eds.), Burma/Myanmar: Where Now? (pp. 262-278). NIAS Press.
Smith, M. (2016). Reflections on the Kachin Ceasefire and a Cycle of Hope and Disappointment. In M. Sadan (Ed.), War and Peace in the Borderlands of Myanmar: The Kachin Ceasefire, 1994-2011 (pp. 57-91). NIAS Press.
Steinberg, D. (2006). Turmoil in Burma: Contested Legitimacies in Myanmar. EastBridge.
Sun, Yun. (2012). China’s Strategic Misjudgment on Myanmar. Journal of Current Southeast Asian Affairs, 31(1), 73-96.
Tegenfeldt, H.G. (1974). A Century of Growth: The Kachin Baptist Church of Burma. William Carey Library.
Tsa Doi La. (2017, February 7). We Shall Never Surrender to the Difficulties That Come With Revolution: KIO’s Chairman. Kachinland News. https://www.kachinlandnews.com/?p=27511
Tucker, S. (2000). Among Insurgents: Walking through Burma. Flamingo.
Tucker, S. (2001). Burma: The Curse of Independence. Pluto Press.
U Nu. (1975). Saturday’s Son: Memoirs of the Former Prime Minister of Burma. Yale University Press.
Webster, D. (2004). The Burma Road: The Epic Story of the China-Burma-India Theater in World War II. Perennial.
Woodman, D. (1962). The Making of Burma. The Cresset Press.