Click here for the English language version of this article.
Cite as: ရဲရင့်သွေး၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3601

ကျွန်တော့်နာမည် ရဲရင့်သွေးပါ။ အသက်က ၃၀ ပါ။ အိမ်ထောင်မရှိပါဘူး။ တကယ်ဆို ကျွန်တော် စစ်တပ်ကနေထွက်တာ ၂ ခါ ရှိပါပြီ။ ပထမတစ်ခါကတော့ သူတို့ ကျွန်တော့်ကိုဖမ်းမိခဲ့ပြီး ပြန်ချော့ခေါ်ခဲ့ပါတယ်။ ဒုတိယတစ်ခေါက်ထွက်တဲ့အခါမှာတော့ အောင်မြင်ခဲ့ပြီး အခု လွတ်မြောက်နယ်မြေကိုရောက်တဲ့အချိန်မှာ အိမ်တွေဆောက်၊ ကြင်ဖက်ရှာပြီး၊ ကျွန်တော့်နားမှာ စစ်အာဏာရှင်ကို စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်နေကြတဲ့လူတွေနဲ့ သက်တောင့်သက်သာ ဝန်းရံနေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ညတုန်းက ရာသီဥတုအေးတော့ လူတချို့ ကျွန်တော်တို့ဆီလာပြီး အားလုံးအတွက် အနွေးထည်တွေ လာလှူသွားပါတယ်။ အဲ့ဒီလိုမျိုးလေးတွေက ကျွန်တော့်ကို တော်တော်ပျော်စေပါတယ်။ အခု ကျွန်တော့်ရဲ့ဇာတ်လမ်းနဲ့ ဒီအခြေအနေကို ဘယ်လိုရောက်လာခဲ့သလဲဆိုတာကို ပြောပြပါရစေ။
ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်က သူသူငါငါလိုပါပဲ။ စစ်သားတွေနဲ့ သူတို့ရဲ့ဂုဏ်ကို လေးစားခဲ့ပါတယ်။ အထူးသဖြင့် တပ်မတော်စစ်ရေးပြချီတက်ပွဲတွေမှာ မြင်တဲ့အချိန်ပေါ့။ ကျွန်တော်က ဓညင်းကုန်းမှာနေခဲ့ပြီး ဘောလုံးအရမ်းကစားပါတယ်။ အဲ့ဒီက စစ်တန်းလျားမှာ ကွင်းကောင်းကောင်းရှိတော့ တစ်ခါတလေ ကျွန်တော် စစ်သားတွေနဲ့ ကစားဖြစ်ပါတယ်။ ဘောလုံးကစားရင်း ကျွန်တော့်ကို သူတို့က သေနတ်ဘယ်လိုကိုင်ရလဲဆိုတာ သင်ပေးခဲ့ပါတယ်။ အိမ်ပြန်ရောက်လို့ ကျွန်တော့်ညီမတွေနဲ့ စနောက်ကစားကြတဲ့အခါမျိုးဆိုရင် ကျွန်တော်က စစ်သားလုပ်လေ့ရှိပါတယ်။
ကျွန်တော့် ရည်ရွယ်ချက်ကတော့ ကြီးလာရင် ဂုဏ်သရေရှိစစ်သားတစ်ယောက် ဖြစ်ဖို့ပါပဲ။ ကျွန်တော် ဆယ်တန်း ၂ ခါကျခဲ့ပြီးနောက် အသက် ၁၇ နှစ်မှာ စစ်တပ်ထဲ ဝင်ခဲ့ပါတယ်။ တပ်ထဲမှာ ၁၃ နှစ် ကြာခဲ့တယ်။ အခြေအနေတွေက ခက်ခဲခဲ့ပါတယ်။ အပြင်လောကမှာ အလုပ်လုပ်ရင် လုပ်သလောက်ပိုက်ဆံရပေမယ့် တပ်ထဲမှာတော့ အလုပ်ဘယ်လောက်ပဲကြိုးစားကြိုးစား လစာက ၁၅၀,၀၀၀ ကျပ်ပဲ ရပြီး တစ်နှစ်ကို ၁၀,၀၀၀ တိုးပေးတာပဲ ရှိတယ်။ သင်တန်းတက်ဖို့လိုရင် ကိုယ့်စရိတ်နဲ့ကိုယ် သုံးရတယ်။ ကိုယ့်လစာထဲက အနည်းဆုံး ၂၀,၀၀၀ ကျပ်ကလည်း မထည့်မနေရ “ကျန်းမာရေးအာမခံ” အနေနဲ့ ထည့်ရပြီး အဲ့ဒီပိုက်ဆံ ပြန်ထုတ်ချင်တဲ့ အခါမျိုးကျတော့ ထုတ်လို့မရပါဘူး။
ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ကာလအများစု ကခြေမြန်တပ်မ ၁၁ မှာပါ။ တခြားတပ်ရင်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဘုရားသွားတာတို့ဘာတို့ အချိန်ကောင်းတွေတော့ ရှိခဲ့ဖူးပါတယ်။(ကျွန်တော်တို့ ဘာအားလပ်ရက်မှ မရခဲ့ဖူးပါဘူး။ သင်္ကြန်တောင်မှ စစ်သားတွေအတွက် စစ်တန်းလျားကထွက်ဖို့ ခက်ခဲပါတယ်။) တခြား စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့်လည်း စစ်တပ်ကလုပ်ခဲ့သမျှ အရာအားလုံး မှန်တယ်လို့ ကျွန်တော်ထင်ခဲ့တာပါ။ ကျွန်တော် လောက်ကိုင်က စစ်ဆင်ရေးမှာပါတော့ အဲ့ဒီအတွေးတွေ အကုန်လုံး ပြောင်းလဲသွားပါတယ်။ အဲ့ဒီမှာ တိုက်ပွဲဝင်နေတုန်းက ကျွန်တော်တို့ တစ်ခုခု အောင်အောင်မြင်မြင် ရယူနိုင်ရင် အကျိုးခံစားခွင့်တွေရှိမယ်လို့ ပြောခဲ့ပါတယ်။ ရန်သူတစ်ယောက် သတ်နိုင်ပြီး အလောင်းတစ်လောင်းကို ယူနိုင်ရင်၊ လက်နက်တစ်လက် ယူနိုင်ရင် ဆုချခံရမှာပါ။ ဒါပေမဲ့ အသက်တွေရင်းခဲ့ရတဲ့ ခြေလျင်တပ်သားတွေကို ဘာမှမပေးခဲ့ပါဘူး။ စီနီယာအရာရှိတွေက အမြဲတမ်း ဆင်ခြေနဲ့ ဆင်လက်ချည်းပါပဲ။
တပ်ထဲမှာဆိုရင် အရပ်သားတွေနဲ့ ဆက်ဆံရာမှာ ကျွန်တော်တို့လိုက်နာဖို့ ကျင့်ဝတ်စည်းကမ်းချက် ၆၀ ရှိပါတယ်။ လောက်ကိုင်က ကျွန်တော့်တပ်ခွဲမှာ အဲ့ဒီစည်းကမ်းတွေ တစ်ခုမှ မလိုက်နာခဲ့ပါဘူး။ ကျွန်တော်ဖြစ်နေတဲ့စစ်သားနဲ့ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့စစ်သားက လုံးဝ ကွာခြားနေတာ ကျွန်တော် သိခဲ့ရပါတယ်။ ကျွန်တော် ဘာလုပ်ခဲ့မိပြီလဲ။ ကျွန်တော် အမှန်တရားဖက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။
အဲ့ဒါတွေကိုသိပြီးနောက်မှာတောင်မှပဲ အာဏာသိမ်းမှုမတိုင်မီ စစ်တပ်ကနေ အလွယ်တကူ ထွက်မသွားနိုင်ခဲ့ပါဘူး။ အဲ့ဒီအစား ကျွန်တော် တပ်ရင်းတွေ ပြောင်းခဲ့ပါတယ်။ ကျွန်တော့်ကို ဘာတာဝန်မှ မပေးဘဲ စစ်တပ်ထဲမှာ ပိုပြီး ရိုးရိုးရှင်းရှင်းနေလို့ရအောင် တပ်ရင်းအသစ်ကို ကျွန်တော့်မှာ ဘာစွမ်းဆောင်ရည်မှမရှိကြောင်း ပြောခဲ့ပေမယ့်လည်း ရှေ့တန်းတော့ ထွက်ရတုန်းပါပဲ။ အာဏာသိမ်းပြီးနည်းနည်းကြာတော့ ၂၀၂၁ သြဂုတ်လမှာ ကျွန်တော် ရှေ့တန်းကနေ ခွင့် ၃ ရက် ရပါတယ်။ ကျွန်တော် ရှေ့တန်းတိုက်ပွဲတွေမှာ ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီမို့လို့ ခွင့်ရက်ပိုရသင့်လို့ ပိုတောင်းခဲ့ပေမယ့် အငြင်းခံခဲ့ရပါတယ်။ အဲ့ဒါနဲ့ ကျွန်တော် တပ်ကပြေးခဲ့ပါတယ်။ ကျွန်တော်မိသားစုအိမ်ကို ပိုက်ဆံယူဖို့ ခဏသွားတဲ့အချိန်မှာ တပ်က လာစောင့်ဖမ်းသွားခဲ့ပြီး တပ်ရင်းကို ပြန်ခေါ်သွားပါတယ်။ ကျွန်တော့်ကိုလည်း စကားပြောခဲ့ပြီး နောက်တစ်ခေါက် ထွက်မသွားဖို့ ဆွဲဆောင်ခဲ့ပေမဲ့ ကျွန်တော်က စိတ်မပါတော့ဘူး။ ကျွန်တော်၁ လလောက် အလိုက်သင့်နေခဲ့ပြီးတော့ တောင်ဒဂုံမှာအိပ်ရတဲ့ ညတစ်ည သန်းခေါင်မှာ ထပ်ထွက်လာခဲ့ပါတယ်။
ကျွန်တော့်မှာ ပိုက်ဆံလည်းမရှိသလို ဘာမှမရှိခဲ့ပါဘူး။ တောင်ဒဂုံကနေ အင်းစိန်ကို လမ်းလျှောက်လာခဲ့တာ တစ်ညလုံးကြာခဲ့ပြီး လမ်းမှာ လူတို့၊ မီးတို့မြင်တိုင်း ပုန်းခဲ့ရပါတယ်။ ခဏကြာတဲ့အခါ ကျွန်တော် အမေ့ဆီဖုန်းဆက်တော့ အမေက ပိုက်ဆံပို့ပေးခဲ့ပြီး အိမ်ပြန်လာဖို့ပြောခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ သူက ပိုက်ဆံထပ်ပေးခဲ့ပြီး ကျွန်တော့်ကို တခြားတစ်နေရာမှာနေဖို့ ပြောခဲ့ပါတယ်။ ကျွန်တော် လွတ်မြောက်နယ်မြေတစ်ခုက အဖွဲ့တစ်ဖွဲ့နဲ့ ချိတ်ဆက်မိခဲ့ပြီး ကျွန်တော့်လွတ်လပ်မှုအတွက် အဲ့ဒီကို ထွက်လာခဲ့ပါတယ်။
စစ်တပ်က ကျွန်တော့်အိမ်ကိုလာခဲ့ပြီး ကျွန်တော့်မိသားစုကို အနှောင့်အယှက်ပေးခဲ့ပေမယ့် ကျွန်တော့်အမေက လည်တယ်။ သူက ကျွန်တော် CDM လုပ်လိုက်လို့ ကျွန်တော့်ကို အမွေပြတ်စွန့်လွှတ်လိုက်ပြီဆိုပြီး စစ်သားတွေကို ပြောခဲ့ပါတယ်။ “သူစစ်တပ်ထဲဝင်တုန်းကလည်း ကျွန်မကို ဘာမှမပြောခဲ့ဘူး။ အခု တပ်ထဲကထွက်သွားတော့လည်း ဘာမှမပြောလာဘူး။ ကျွန်မ သူ့ကို အမွေပြတ်စွန့်လွှတ်လိုက်ပြီ။ ကျွန်မသေရင် သူ ဘာမှရမှာမဟုတ်ဘူး” လို့ အမေက စစ်သားတွေကို ပြောခဲ့ပါတယ်။
ကျွန်တော် CDM လုပ်မယ်ဆိုတာကို စစ်တပ်ကို ဘယ်တုန်းကမှ သဲလွန်စမပေးခဲ့ဖူးသလို ကျွန်တော့်မိသားစုကလည်း နိုင်ငံရေးနဲ့ သိပ်မဆက်နွယ်တာကြောင့် စစ်တပ်က ကျွန်တော့်အမေကို ယုံသွားပုံရပြီး အဲ့ဒီကတည်းက ကျွန်တော်တို့ကို ပြဿနာမရှာတော့ပါဘူး။
အခု ကျွန်တော် အပြင်ကိုရောက်တော့ စစ်တပ်ထဲကိုပြန်ကြည့်တဲ့အခါ စစ်တပ်ကဗိုလ်ချုပ်တွေရဲ့ စကားလုံးတွေက လှည့်စားမှုတွေနဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်နေတာကို တွေ့နိုင်ပါပြီ။ အပြင်လောကနဲ့ လုံးဝကွာခြားတဲ့ဘဝတွေကို စစ်သားတွေက နေထိုင်နေကြရတာပါ။ ဝါးလုံးခေါင်းထဲ လသာနေကြရတာ။ ယေဘုယျအားဖြင့် အသိပညာ ချို့တဲ့မှုက ရှိနေပါတယ်။
တစ်ခါတလေ ကျွန်တော်တို့ဖုန်းတွေရှိတဲ့အခါမျိုးမှာ ဆိုရှယ်မီဒီယာကို အကန့်အသတ်နဲ့သုံးလို့ရတာမျိုးတွေ ရှိပေမယ့် အရိုးသားဆုံးပြောရရင် အခွင့်အရေးရရဲ့သားနဲ့တောင်မှ စစ်သားအများစုက ကြောက်လို့ မသုံးရဲခဲ့ကြပါဘူး။ စစ်တပ်ကအရာရှိတွေက ဆိုရှယ်မီဒီယာပေါ်ကလူတွေက ကျွန်တော်တို့မိသားစုတွေကို စိတ်ဝမ်းကွဲအောင်လုပ်နေပြီး စစ်တပ်ထဲမှာ ပြဿနာတွေပေါ်လာအောင် လုပ်နေကြတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ စစ်သားတွေက ဘာမှမသိကြတော့ ဒီအတိုင်းပဲ နားထောင်ကြတာပေါ့။
စစ်သားအများစုက အဲ့ဒီလိုပါပဲ။ ကျွန်တော်လည်း အဲ့ဒီလိုမျိုး ဖြစ်ခဲ့တာပါပဲ။ သူတို့က အရာရှိတွေကပညာတတ်ပြီး ဗဟုသုတရှိတယ်လို့ ထင်ကြပါတယ်။ အရာရှိတွေနောက်ကို မျက်ကန်းလိုမျိုးလိုက်ကြတာက စစ်တပ်ကိုဝင်ရင် ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှု ဆုံးရှုံးတယ်ဆိုတဲ့ အချက်ကို ပြနေတာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဘာတစ်ခုမှ မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာပဲရှိပြီး နောက်ဆုံးမှာလည်း ဘာမှမျှော်လင့်စရာမရှိပါဘူး။ ပင်စင်တွေတောင် တဖြည်းဖြည်း နည်းလာနေပါပြီ။ အခု လူတွေက စစ်သားတွေကို မုန်းကြပါတယ်။ အခုနေ အိမ်ပြန်သွားလို့ စစ်သားမှန်းသိသွားရင် ဝိုင်းရိုက်ခံရမှာ။ တကယ်အမှန်တိုင်းဆိုရင် ၈၀ ရာခိုင်နှုန်း လောက်သော ခြေလျင်တပ်သားတွေက တပ်ထဲမှာမနေချင်ကြတော့ဘူး။ သူတို့ စိတ်ကုန်နေကြပြီ။ သူတို့သာ ဒါကိုဖတ်နေမယ်ဆိုရင် ကျွန်တော် ရိုးရိုးလေး တစ်ခုပဲပြောချင်ပါတယ်။ ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ ရတဲ့လစာ တန်သလား၊ မတန်ဘူးလားဆိုတာကိုပဲ စဉ်းစားပါ။