မြန်မာ အက္ခရာစဉ်နည်း

ကလိုစေးထူး

မြန်မာစာ အက္ခရာစဉ်ရာမှာ
နည်းလမ်းလေးမျိုးကို အသုံးချပြီး
အစဉ်လိုက်စီပါတယ်။
အဲဒီနည်းလမ်း လေးမျိုးကတော့-
(၁) ဗျည်းစဉ်
(၂) သရစဉ်
(၃) အသတ်စဉ်
(၄) ဗျည်းတွဲစဉ်ပါ။
အဲဒီလေးမျိုးကို
တစ်ခုခြင်း ဆက်လေ့လာကြမယ်။
(၁) #ဗျည်းစဉ်
မြန်မာဗျည်း (၃၃)လုံးရှိတာကို
အားလုံး သိပြီးဖြစ်မှာပါခင်ဗျာ။
အဲဒါကြောင့် မြန်မာအက္ခရာတွေကို
အစဉ်လိုက် စီစဉ်မယ်ဆိုရင်
အရင်ဆုံး စစဉ်းစားတာက
ဘယ်ဗျည်းက အရင်စသလဲဆိုတာကို
အရင်ဦးဆုံး စဉ်းစားပြီး စီပါတယ်။
ဥပမာအနေနဲ့ စဉ်ပြရရင်
ခရေပန်း၊ ကချွတ်ကချော်၊ စခန်းသာ၊
ဂမုန်းပင် ဆိုတဲ့ မြန်မာအက္ခရာ လေးလုံးကို
အစီစဉ်တကျ အစဉ်လိုက်ရေးမယ်ဆိုရင်
ကချွတ်ကချော်၊ ခရေပန်း၊ ဂမုန်းပင်၊
စခန်းသာ လို့ ရေးရပါတယ်။
(၂) #သရစဉ်
ဟုတ်ပြီ။
တကယ်လို့များ ရှေ့ဆုံးစာလုံးတွေက
ဗျည်းတူနေတဲ့ အက္ခရာတွေကို ဆိုရင်ရော၊
ဘယ်လို ဆက်စီကြမှာပါလိမ့်။
ဟုတ်ကဲ့..။
ရှေ့ဆုံးစာလုံးတွေမှာ ဗျည်းတူနေခဲ့ရင်
အ၊ အိ၊ အု၊ အေ အဲ၊ အော၊ အံ၊ အို ဆိုတဲ့
မြန်မာသရ(၈)မျိုးနဲ့ ဆက်စဉ်းစားပါတယ်။
ဥပမာအနေနဲ့ကတော့
ခရမ်းသီး၊ ခဲတံ၊ ခိုဖြူ၊ ခုတုံးလုပ် ဆိုတဲ့
အစဗျည်းတူ အက္ခရာလေးလုံးကို
အစီအစဉ်တကျ ပြန်ရေးမယ်ဆိုရင်
ခရမ်းသီး၊ခုတုံးလုပ်၊ ခဲတံ၊ခိုဖြူ လို့
ပြန်စဉ်ရပါတယ်။
(၃) #အသတ်စဉ်
အစဗျည်းလဲ တူနေတယ်။
သရနဲ့လည်း စဉ်လို့မရဖြစ်နေတဲ့
အက္ခရာကိုရော ဘယ်လိုစဉ်ကြမှာပါလိမ့်။
အဲဒီလို အက္ခရာတွေကိုတော့
အသတ် ( _် ) နဲ့ စဉ်းစားရပါတယ်။ ဘယ်လိုစဉ်းစားရမှာလဲဆိုရင်တော့
ဘယ်ဗျည်းနဲ့ သတ်လဲဆိုတာကို ကြည့်ပြီး
အစီအစဉ်တကျ စဉ်ရပါတယ်။
ဥပမာကြည့်ကြပါစို့။
စမ်းရေ၊ စပ်မိစပ်ရာ၊ စောင်ဖြူ၊
စစ်စခန်း၊ စက်ရှင် ဆိုတဲ့ အက္ခရာတွေကို
အစီအစဉ်တကျ ပြန်ရေးရရင်
စက်ရှင်၊ စောင်ဖြူ၊ စစ်စခန်း၊
စပ်မိစပ်ရာ၊ စမ်းရေ လို့ အသတ်တွေအလိုက်
အစီအစဉ်တကျ ပြန်ရေးပါတယ်။
(၄) #ဗျည်းတွဲစဉ်
အထက်ဖော်ပြပါ သုံးမျိုးကို အသုံးချပြီး
စဉ်လို့မရတဲ့ မြန်မာအက္ခရာတွေက
ရှိနေပြန်ပါသေးတယ်။
အဲဒီ အက္ခရာတွေကိုတော့
ဗျည်းတွဲစဉ်လို့ ခေါ်တဲ့ စဉ်နည်းနဲ့ စဉ်ပါတယ်။
အဲဒီဗျည်းတွဲတွေကို အစဉ်လိုက် ဖော်ပြရရင်
ယပင့် ( -ျ ) ၊ ရရစ် ( ြ- ) ၊
ဝဆွဲ ( – ွ) ၊ ဟထိုး ( – ှ) ၊
ယပင့်ဝဆွဲ ( -ျွ ) ၊ ရရစ်ဝဆွဲ ( ြ- ွ) ၊
ယပင့်ဟထိုး ( -ျှ ) ၊ ရရစ်ဟထိုး ( ြ-ှ ) ၊
ဝဆွဲဟထိုး ( – ွှ) ၊ ယပင့်ဝဆွဲဟထိုး ( -ျွှ ) ၊
ရရစ်ဝဆွဲဟထိုး ( ြ-ွှ ) ၊ တို့ဖြစ်ပါတယ်။
နားရှုပ်နေပြီလား ခင်ဗျာ။
ရပါတယ်။
ခပ်လွယ်လွယ် မှတ်ကြပါစို့၊
ပင့်၊ ရစ်၊ ဆွဲ၊ ထိုး
ပင့်ဆွဲ၊ ရစ်ဆွဲ
ပင့်ထိုး၊ ရစ်ထိုး၊ ဆွဲထိုး၊
ပင့်ဆွဲထိုး၊ ရစ်ဆွဲထိုး၊ လို့ မှတ်ရင်
ပိုလွယ်မယ်ထင်ပါတယ်။
ဥပမာ ပြောရရင်တော့
မြွေဟောက်၊ မြေကြီး၊ များပြား၊
မွစာကြဲ၊ မှာတမ်း၊ မြှားနတ်မောင်
(တကယ်တော့
မြားနတ်မောင်က စာလုံးပေါင်းအမှန်ပါ၊
ဥပမာအနေနဲ့ သုံးတာပါ)၊
မျှော့ကောင်၊ မွှေးပျံ့ဆိုတဲ့ အက္ခရာတွေကို
အစီအစဉ်တကျ စဉ်ရရင်
များပြား၊ မြေကြီး၊ မွစာကြဲ၊ မှာတမ်း၊
မြွေဟောက်၊ မျှော့ကောင်၊ မြှားနတ်မောင်၊
မွှေးပျံ့လို့ စဉ်ရပါတယ်။
မြန်မာ အက္ခရာစဉ်နည်းတွေကို
မှတ်မိသလောက်လေးတော့ ရှင်းပြပြီးပါပြီ။
ဒီလိုစဉ်နည်းတွေကို
မြန်မာ-အင်္ဂလိပ် အဘိဓာန်၊
မြန်မာ-မြန်မာ အဘိဓာန်နဲ့
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းစာအုပ်တွေမှာ
လေ့လာရင် တွေ့နိုင်ပါတယ်။
ဆယ်တန်းစာမေးပွဲအတွက်
ခုံနံပါတ်တွေ ပေးတော့မယ်ဆိုရင်တော့
နာမည်တွေရဲ့ နောက်ဆုံးစာလုံးကို
အက္ခရာစဉ်ပြီး ပေးလေ့ရှိတယ်လို့ သိရပါတယ်။
မြန်မာစာကို ချစ်မြတ်နိုးစိတ်သက်သက်နဲ့
သင်ယူခဲ့ဖူးတာလေးကို တင်ပြပေမယ့်
လိုအပ်ချက်၊ မှားယွင်းချက် တစုံတရာ
ရှိကောင်း ရှိနေဦးမှာသေချာပါတယ်။
ကျနော့်ထက် ပိုမိုနားလည်သူ မိတ်ဆွေများက
ဝင်ရောက်ဆွေးနွေးပေးရင်တော့
ပြီးပြည့်စုံတဲ့ မြန်မာအက္ခရာစဉ်နည်း
စာတစ်ပုဒ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
အားလုံး ကျေးဇူးပါ။

https://www.facebook.com/171075663244669/posts/729729214045975/

Leave a Reply

Your email address will not be published. Required fields are marked *