မြန်မာပုံစံ စည်းမျဉ်းများ

၁။ စာပိုဒ်ခွဲရှိ ယင်းတို့မှာ၊ ၎င်းတို့မှာ စသည်တို့၏ နောက်တွင်လည်းကောင်း၊ စာပိုဒ်ခွဲကို ညွှန်းသော စာပိုဒ်ကြီး၏ နောက်တွင်လည်းကောင်း မျဥ်းရှည် (—) (Alt + 0151) ကို အသုံးပြုရမည်။
ဥပမာ —
ဤအဖွဲ့အစည်း၌ အစုအဖွဲ့ (၃) ရှိသည်။ ယင်းတို့မှာ —
၁။ စီမံခန့်ခွဲရေးအစုအဖွဲ့
၂။ ဘဏ္ဍာရေးအစုအဖွဲ့
၃။ ဝယ်ယူရေးအစုအဖွဲ့ တို့ဖြစ်ကြသည်။
ကျောက်အမျိုးအစားများကို အဓိကအားဖြင့် အောက်ပါအတိုင်း (၃) မျိုး ခွဲခြားနိုင်သည် —
(က) မီးသင့်ကျောက်
(ခ) အနည်ကျကျောက်
(ဂ) အသွင်ပြောင်းကျောက်

၂။ တူသယောင်ရှိသည့် အက္ခရာများကို ကွန်ပျူတာစာရိုက်သည့်အခါ မှန်ကန်သော အက္ခရာကိုသာ ရိုက်ထည့်ရမည်။
ဥပမာ —
ဈ (Shift + Q) ကို ရိုက်သည့်အခါ စလုံး ယပင့် (စ + ျ) မရိုက်ရ။
အက္ခရာ ဩ ( ] key ) ကို ရိုက်သည့်အခါ သ ယရစ် (သ + ြ) မရိုက်ရ။
အက္ခရာ ဪ (Shift + ] ) ကို ရိုက်သည့်အခါ သဝေထိုး သ ရရစ် ရေးချ အသတ် (‌ေ + သ + ြ + ာ + ်) မရိုက်ရ။
၀ (သုည) နှင့် ဝ (ဝလုံး) (Shift + W)

၃။ ကိန်းဂဏန်း၏ နောက်တွင် စာဖြင့်ထပ်မံဖော်ပြသော ငွေကြေးအရေအတွက်ဖော်ပြချက်၊ လူအမည်၊ စာအုပ်အမည် စသည်တို့၏ နောက်တွင် အထူးပြုရန်ညွှန်းသော ဖော်ပြချက်၊ အဓိပ္ပာယ်တူ ဖော်ပြချက်များ၊ စာပိုဒ်ခွဲ အမှတ်စဉ်များ၊ ကွဲပြားအောင် ခွဲခြားဖော်ပြချက်များကို ဝိုက်ကွင်းဖြင့် ဖော်ပြသည်။
၃၂၅ ကျပ် (စာဖြင့် – သုံးရာနှစ်ဆယ့်ငါးကျပ်တိတိ) – ဂဏန်းနှင့် စာ
စန်းစန်းအေး(ဦးတင်ခ) – ဖခင်အမည်
မွှေး (ခင်နှင်းယု) – ကလောင်အမည်
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (မြန်မာစာအဖွဲ့) – ထုတ်ဝေသည့်နေရာ
အဆုတ်ရောဂါ (တီဘီ) – အဓိပ္ပာယ်တူ
ဒေါ်ပြုံးပြုံး (ကွယ်လွန်) – ယခုအခြေအနေ
ပုသိမ်ဒီဂရီကောလိပ် (ယခု တက္ကသိုလ်) – ယခုအခြေအနေ
ပညာဝန် (ယခု ပညာရေးမှူးဟု သုံးပါသည်) – ယခင်အသုံးမှတ်ချက်

၃.၁။ ခုနှစ်များမှလွဲ၍ ကိန်းဂဏန်းများကို (ဝိုက်ကွင်း) အတွင်း ထည့်ပေးရမည်။
ဥပမာ —
၁၉၈၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ဖွားမြင်သည်။
အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း
စုစုပေါင်း (၁၁) ခု ပါရှိသည်။
အောင်ချက် (၂၁ ဒသမ ၁) ရာခိုင်နှုန်း ရှိသည်။
ဖွဲ့စည်းပုံမှာ (၃ + ၁၂ = ၁၅) ဦး ဖြစ်သည်။
(၁၂၊ ၇၊ ၁၉၉၀) ရက်တွင် ဆောက်လုပ်ပြီးစီးသည်။
ဘီစီ (၆) ရာစုမှ အဖြစ်အပျက် ဖြစ်သည်။
ပုဒ်မ (၆) အပိုဒ်ခွဲ (၈) အရ အရေးယူခြင်း ခံရမည်။

ခြွင်းချက်အနေဖြင့် —
(က) စာလုံးနှင့် ရောနေသည့် ကိန်းဂဏန်းများ ရှိလာပါက အားလုံးကို (ဝိုက်ကွင်း) အတွင်း ထည့်ပေးရမည်။
ဥပမာ —
စစ်ဆေးရေးအရာရှိမှ ရှောင်တခင်စစ်ဆေးရာ (အမ်-၄၈) အမျိုးအစားလက်နက်အား ရှာဖွေတွေ့ရှိခဲ့သည်။
ဤကိစ္စသည် (၂၆-ဘီ) လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

(ခ) ခေါင်းစဥ်တွင် ကိန်းဂဏန်းပါရှိပါက ဝိုက်ကွင်းအတွင်း မထည့်၍ ရသည်။
ဥပမာ —
၈၈၈၈ အရေးတော်ပုံကာလ ဖြတ်သန်းမှုများ

၄။ ရုံးစာရေးရာ၌ အကြောင်းအရာ၊ ရည်ညွှန်းချက်၊ မှတ်ချက်တို့၏ နောက်နှင့် စာပိုဒ်ဘေး ခေါင်းစဥ်နောက်တွင် ပုဒ်မကြီး (။ ။) ကို အသုံးပြုရမည်။
ဥပမာ —
အကြောင်းအရာ ။ ။ လချုပ်စာရင်း ပေးပို့ခြင်း။
နှမ်း ။ ။ နှမ်းသည် ပူ၍ခြောက်သွေ့သော ရာသီဥတုကို ကြိုက်သည်။ သဲဆန်သော မြေတွင်လည်းကောင်း၊ နုန်းတင်မြေတွင်လည်းကောင်း၊ နုန်းစနယ်မြေတွင်လည်းကောင်း ရှင်သန်သည်။
ကိုးကား ။ ။ အဋ္ဌမတန်း မြန်မာသဒ္ဒါ (သင်ရိုးဟောင်း)

၅။ သတ်ပုံသတ်ညွှန်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့မှ ထုတ်ပြန်ထားသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့် ခွဲထား (၂၀၂၀)နှင့် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဝက်ဘ်ဆိုဒ် (http://dmnl.moe.edu.mm/) တို့အား ကိုးကားမည်ဖြစ်သည်။

၆။ ကောက်နှုတ်ချက်၊ ကိုးကားချက်၊ ဆိုရိုးစကားစသည်တို့ကို ဖော်ပြရာ၌လည်းကောင်း၊ ပြောသူ၏ စကားကို ပြောသည့်အတိုင်း တိုက်ရိုက် ဖော်ပြရာ၌လည်းကောင်း မျက်တောင်အဖွင့်အပိတ် (အစုံလိုက်) ကို သုံးရမည်။ အဆိုပါ မျက်တောင်အဖွင့်အပိတ်အတွင်းရှိ ဝါကျအဆုံးတွင် ပုဒ်မ (။) ချရန်မလိုပါ။
ဥပမာ —
“ကမ္ဘာကြီးတွင် နေ့စဥ်လိုလို တစ်နေရာရာ၌ ငလျင်လှုပ်သည်” ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာယုံကြည်သည်။
“ယုန် တောင်ပြေး ခွေး မြောက်လိုက်” ဆိုသည့်နှယ် ဖြစ်နေတော့သည်။
ဘသန်းဟိုက်က “ခင်ဗျား မန္တလေးမှာနေတာ (၁၇) နှစ်သာဆိုတာ ခုထိ အပြောအဆို မိုက်ရိုင်းတုန်းပဲ” လို့ ပြောပါတယ်။
“ဒီစာအုပ် ဖတ်ကောင်းရမယ်လို့ အာမ မခံ” လို့ စာအုပ်ဖုံးမှာ ရေးပေးခဲ့ဖူးပါတယ်။

၇။ စကားလုံးအဓိပ္ပာယ်ဖော်ပြချက်၊ သိသာထင်ရှားစေလိုသောစကားလုံး၊ သုံးရိုးသုံးစဉ်အတိုင်းမဟုတ်ဘဲ အဓိပ္ပာယ်တစ်မျိုး သက်ရောက်စေလိုသော စကားလုံး စသည်တို့ကို မျက်တောင်အဖွင့်အပိတ် (တစ်ခုချင်း) ဖြင့် ဖော်ပြရမည်။
ဥပမာ —
‘ကချော်ကချွတ်’ ၏ အဓိပ္ပာယ်မှာ ‘အလွဲလွဲ အမှားမှား၊ ပေါ့ပေါ့တန်တန်’ ဟူ၍ ဖြစ်သည်။
တစ်နည်းအားဖြင့် ‘အညို’ မှသည် ‘ကြက်သွေးနီ’ သို့ ကူးပြောင်းရမည့် နိဒါန်း၏ အဦးအစ အဖြစ်အပျက်လည်း ဖြစ်ပါတော့သည်။
‘အချစ်’ ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ကြည့်နေမိတယ်။
ဒီလို မကောင်းတဲ့ အကျိုးဟာ ‘ကုသလဝိပါက်’ လား၊ ‘အကုသလဝိပါက်’ လားလို့ တွေးတယ်။
ဦးတုတ်ကြီးမှာ အလွန်‘စား’သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း အများသိကြပါသည်။

၈။ ပြည်ထောင်စုဖောင့်ကို အသုံးပြုရမည်။

၉။ အမိန့်ကြော်ငြာစာ၊ ကြော်ငြာစာ၊ စာအမှတ် အမှတ်စဥ်တို့ ဖော်ပြသည့်အခါနှင့် တစ်ခုမဟုတ် တစ်ခုအနက်သဘောရှိသည့်အခါ မျဥ်းစောင်းကို အသုံးပြုရမည်။
ဥပမာ —
အမိန့်ကြော်ငြာစာအမှတ် ၁/၈၂
စာအမှတ် – ၅၇၉/မစဖ(ဝန်ထမ်း)/၂/၉၅
ဖွား/သေ စာရင်း
လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ (မူရင်း) တင်ပြရမည်။

တစ်ခုမဟုတ်တစ်ခု အနက်သ‌ဘော ပြသရန်မဟုတ်ဘဲ အတိုကောက်ရေးရာတွင် မျဥ်းစောင်းကို အသုံးမပြုရ။
ဥပမာ —
‘ကျောင်းသူ/သား’ ဟု မရေးဘဲ ‘ကျောင်းသူကျောင်းသား’ ဟုသာရေးရန်။

၁၀။ ကောက်နုတ်ချက်၊ ကိုးကားချက်များကို အပြည့်အစုံမဖော်ပြဘဲ ချန်ထားလျှင် စာချန်အမှတ်အသား (အစက်ငါးစက်) ဖြင့် ဖော်ပြရမည်။
ဥပမာ —
ထို့ကြောင့်ပင် “လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျှံလက်လျှပ်လျှပ်၊ သားမြီးယက်နှင့်…..” စသည်ဖြင့် စပ်ဆိုခဲ့ကြပေသည်။
မောင်က လိုက်ခဲ့ဟု ခေါ်တုန်းကလည်း မောင့်ဘေးမှာ ကျွန်မ ပါသည်။…..အဲသည်အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည် ‌မောင်။

အသံအနေအထားကို ရေးသားဖော်ပြလိုလျှင်လည်း အစက်ချဖော်ပြနိုင်သည်။
“ဟုတ်ကဲ့….ပြောပါ”
“ဆရာစိုးလား….သန်းလှိုင်ပါ ဆရာ”
“အင်း….ပြော”
“အော်…. တကယ်ပါဆိုနေမှ။ နင် မယုံဘူးလား။ ကဲ…. ငါ တကယ် မသောက်ဘဲ နေပြနိုင်ရင် နင် ငါ့ကို အမူးတိုက်ကြေး လောင်းမလား….” တဲ့။ နင်က အဲဒီလို ကိုသော်ရေ….။