မြန်မာနိုင်ငံ၏ အားလုံးခြုံငုံပါဝင်သောလူ့ဘောင်အဖွဲ့အစည်းဆီသို့ အလှည့်အပြောင်း

ထွန်းမြင့် & James C. Scott | Click here for the English language version of this article.

Cite as: 
ထွန်းမြင့် & Scott, J.C. (2021). မြန်မာနိုင်ငံ၏ အားလုံးခြုံငုံပါဝင်သောလူ့ဘောင်အဖွဲ့အစည်းဆီသို့ အလှည့်အပြောင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်, လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=3333
New Society


ဤစာစောင်ထဲတွင် တိုင်းပြည်တစ်ပြည်သည် အားလုံးပါဝင်သောလူ့အဖွဲ့အစည်းတစ်ခုအဖြစ် မည်ကဲ့သို့ တည်ဆောက်လို့ရသည်ကို စူးစမ်းလေ့လာသွားရန် မြန်မာနိုင်ငံရှိ အရေးပါသော ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် စာရေးဆရာများအား ကျွန်ုပ်တို့မှစုစည်းခဲ့ပါသည်။ ဤကြိုးပမ်းအားထုတ်မှုကို ချင်းမိုင်တက္ကသိုလ်မှ လူမှုရေးသိပ္ပံနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဒေသဆိုင်ရာစင်တာ (Regional Center for Social Science and Sustainable Development) မှလက်ခံကျင်းပသည့် စာပေရေးသားခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၌ စတင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ဖြစ်ပွားခဲ့သော စစ်တပ်မှအာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ – ၂၀၁၀ ရွေးကောက်ပွဲဖြင့် စတင်ခဲ့သည့် – ဒီမိုကရေစီအသွင်ကူးပြောင်းနေမှုပုံမှန်လုပ်ငန်းစဥ်ကို အဆုံးသတ်စေခဲ့သည်နှင့်အတူ သြဇာအာဏာကိုစုစည်းရန်နှင့် လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသောတိုင်းပြည်ပုံစံ (Westphalian-style) သက်ဦးဆံပိုင်သြဇာဖြင့် ဗဟိုအုပ်ချုပ်ရေးစနစ်အသုံးပြုသော “Leviathan” ပြည်ထောင်စုတစ်ခုကိုထူထောင်ရန် အရှေ့တောင်အာရှတွင်အရှည်ကြာဆုံးဖြစ်ကောင်းဖြစ်နိုင်သည့် ရုန်းကန်လှုပ်ရှားမှုကို ဗမာပြည်အနေဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံအတွင်းရှိသော စုံလင်ကွဲပြားသည့် ယဥ်ကျေးမှုများအားလုံးကို ခြုံငုံပါဝင်စေပြီး ထည့်သွင်းစဥ်းစားခဲ့သည့် ဗမာပြည်ဆိုသည်မှာ မြန်မာနိုင်ငံ၏သမိုင်းတွင် မည်အချိန်တွင်မှာမှ အကောင်အထည်မပေါ်ခဲ့ပါ။ ၎င်းအချက်ကြောင့်ပင် လေ့လာဆန်းစစ်သူများအနေဖြင့် မည်သို့ပင် ထင်မြင်ယူဆစေကာမူ မြန်မာပြည်၌ ကျရှုံးစရာ တိုင်းပြည်မရှိနေကြောင်း လက်ရှိဖြစ်ပျက်နေသော နိုင်ငံ‌ရေး အကြပ်အတည်းများသည် အရှင်းလင်းဆုံး မီးမောင်းထိုးပြနေပါသည် – ဤအကြပ်အတည်းသည် မြန်မာနိုင်ငံ‌၏ အားလုံးခြုံငုံပါဝင်သော တိုင်းပြည်တစ်ပြည်နှင့် ပွင့်လင်းသောလူ့ဘောင်အဖွဲ့အစည်းသစ်တစ်ရပ် တည်ဆောက်ရေးအတွက် တစ်သားတည်းမဖြစ်‌နေသောဗမာလူထုအပါအဝင် စုံလင်ကွဲပြားသော တိုင်းရင်းသားအုပ်စုများအကြား ရုန်းကန်လှုပ်ရှားမှုများ၏ ဝမ်းနည်းဖွယ်အကောင်းဆုံး သရုပ်ဖော်ပြချက်ဖြစ်ပါသည်။ ၂၀၂၁ အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသော  နိုင်ငံရေးအကြပ်အတည်းများနှင့် ၎င်းအကြပ်အတည်းများမှ မြန်မာနိုင်ငံ၏ပွင့်လင်းသောလူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် ဒီမိုကရေစီလုပ်ငန်းစဥ်အပေါ် သက်‌ရောက်မှုများအကြောင်းကို စိတ်ဖြာလေ့လာချက်များမှာ သီးသန့် စာ‌စောင်တစ်တွဲအဖြစ်တင်ပြရန် ထိုက်သင့်ပါသည်။ ဤစာစောင်အတွဲတွင်ပါဝင်သော ဆောင်းပါးများမှာ ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီတွင်ရေးသားပြုစုခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှိအာဏာသိမ်းမှုနှင့် ၎င်း၏အကျိုးဆက်များဖြစ်သော နိုင်ငံရေး အကြပ်အတည်းများအကြောင်းကို ရှင်းရှင်းလင်းလင်း တင်ပြဆွေး‌နွေးထားခြင်းမရှိပါ။

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကုလသမဂ္ဂနိုင်ငံ ၁၉၃ နိုင်ငံအနက် အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံအဖြစ် ယနေ့ကမ္ဘာ‌‌ပေါ်တွင်ရပ်တည်နေပါသည်။ တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစုပေါင်း ၁၃၅ စု နှင့် တိုင်းပြည်မှ အသိအမှတ်ပြုထားခြင်းမရှိသည့် အခြားသောလူမျိုးစုများပါ နေထိုင်ကြသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယမြောက် စုံလင်ကွဲပြားမှုအများဆုံးနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မပြီးဆုံးနိုင်သော တိုင်းရင်းသားပဋိပက္ခများနှင့် စစ်ပွဲများ၊ ရခိုင်ပြည်နယ်နှင့် တိုင်းပြည်၏အခြားသောမြို့များရှိ ဗုဒ္ဓဘာသာများ နှင့် မူဆလင်လူ့အဖွဲ့အစည်းများအကြား လူမျိုးရေးဘာသာရေးဆိုင်ရာ ပဋိပက္ခများ၊ ‌မြေယာသိမ်းဆည်းခံရမှု ပဋိပက္ခများ နှင့် ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းများအကြား ဖြစ်ပွားနေသောပဋိပက္ခများကို ရင်ဆိုင်ခံစားနေရပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုသည် အားလုံးပါဝင်သော လူ့ဘောင်အဖွဲ့အစည်းသစ်တစ်ခုကို တည်ဆောက်ရန်ဆောင်ရွက်နေသည့် နိုင်ငံရေးလုပ်ငန်းစဥ်ကို ပိုမိုအားနည်းသွားစေပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၀ တွင် ဒီမိုကရေစီအသွင်အမည်ခံပြောင်းလဲမှုသည် တိုင်းပြည်အနေဖြင့် များစွာလိုအပ်နေသည့် ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်ဆိုင်ရာအာရုံစိုက်မှု ကိုရရှိနိုင်ရန် လမ်းဖွင့်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးအပေါ် အရေးပါပြီး လွတ်လပ်မှုရှိသာ သုတေသနပြုလေ့လာမှုများ၏ ကြွယ်ဝသော အစဥ်အလာကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် ပညာရှင်များ၏ကြိုးပမ်းမှုမှာ လတ်တလောတွင်မှ စတင်ခဲ့ရုံသာရှိပါသေးသည်။ ကျွန်ုပ်တို့သည် ဤကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤစာစောင်အတွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို မည်သို့မည်ပုံ အောင်မြင်စွာဖွဲ့စည်းတည်ဆောက်နိုင်မည့်အရေးအပေါ် ကျွန်ုပ်တို့အနေဖြင့် အလေးပေးအာရုံစိုက်ထားပါသည်။

မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အားလုံးပါဝင်သည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အတွက် ရုန်းကန်လှုပ်ရှားမှုအား အောက်ပါအခြေအနေများနှင့်ဆက်စပ်၍ နားလည်သဘောပေါက်ထားရန် အရေးကြီးပါသည် – (၁) တိုင်းရင်းသားစုံလင်ကွဲပြားမှုနှင့် ပဋိပက္ခများ၊ (၂) ဘာသာရေးနှင့် လူ့အဖွဲ့အစည်း၊ (၃) လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွင် စစ်တပ်၏ နိုင်ငံ‌ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတို့အပေါ် သြဇာလွှမ်းမိုးနိုင်မှု၊ နှင့် (၄) ဒေသတွင်း-နိုင်ငံတကာ စီးပွားရေး အင်အားစုများ။ အထက်ပါအခြေအနေအားလုံးသည် အမည်ခံဒီမိုက‌ရေစီအသွင်ပြောင်းလဲမှုအား ဆက်လက် ပုံဖော်နေလျက်ရှိပါသည်။ ဤအခြေအနေအကြောင်းခံလေးရပ်တွင် ပါဝင်သည့် ရှုပ်ထွေးသောအင်အားစုများသည် အားလုံးပါဝင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အောင်မြင်စွာ တည်ဆောက်နိုင်ရေးအပေါ် မည်ကဲ့သို့ ပုံဖော်သက်ရောက်မှုရှိသည်ကို ဗမာပြည်၏သမိုင်းကို ဂရုတစိုက်လေ့လာဖတ်ရှုခြင်းမှ မီးမောင်းထိုးပြပါလိမ့်မည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အခြားသော သမိုင်းဝင်အဖြစ်အပျက်များနှင့်ယှဥ်လျှင် ရှစ်လေးလုံး (၈.၈.၈၈) ဆန္ဒပြမှုများသည် ပိုမိုပွင့်လင်းပြီး အားလုံးခြုံငုံပါဝင်သည့် ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းဆီသို့ ချီတက်ရေးလှုပ်ရှားမှုတစ်ခုအတွက် အနက်အဓိပ္ပါယ်သတ်မှတ်ချက်တစ်ခုဖွင့်ဆိုကာ လမ်းခင်းပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွားခဲ့သည့် တစ်ပါတီအာဏာရှင်အုပ်ချုပ်သည့်တိုင်းပြည်ကို ဆန့်ကျင်သည့် ထိုဆန္ဒပြမှုများနှင့် ၎င်းမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာခဲ့သော စစ်အစိုးရကို ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားမှုများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖယ်ဒရယ်ပြည်‌ထောင်စုကို ‌အောင်မြင်စွာတည်ထောင်နိုင်ရေးရည်မှန်းချက်တစ်ခုတည်းအတွက်သာ ပေးအပ်မြှပ်နှံထားခဲ့ပါသည်။ ၁၉၈၈ ဒီမိုက‌ရေစီလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်အများအပြားသည် ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်တွင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနယ်စပ်ဧရိယာများသို့ ထွက်ခွာသွားခဲ့ကြပြီး မြန်မာစစ်အစိုးရကိုဆန့်ကျင်သည့် လက်နက်ကိုင်လှုပ်ရှားမှုများ အရှိန်မြှင့်တင်ရေးအတွက် နယ်စပ်တစ်လျှောက်တွင်ရှိသော တိုင်းရင်းသားလူနည်းစုများနှင့်အတူတကွ လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၈၈ ဆန္ဒပြမှုများမှ ပေါက်ဖွားလာခဲ့သော နိုင်ငံရေးစီမံကိန်းသည် အလွန်တရာ နှေးကွေးစွာစတင်ခဲ့သော်လည်း – ပယ်ဖျက်ခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲကာလမှသည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှအနိုင်ရခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲကာလတို့အထိ – ၎င်းစီမံကိန်းသည် ရှေးရိုးစွဲဗမာအမျိုးသားရေးမူဘောင်မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေးဆိုင်ရာ လူ့အသိုင်းအဝိုင်းများ၏ဆန္ဒနှင့် စုံလင်ကွဲပြားမှုအပေါ် မည်သည့်အချိန်တုန်းကမှ ထင်ဟပ်မှုမရှိခဲ့ကြောင်း စစ်အာဏာရှင်တိုင်းပြည်တည်ဆောက်သူများထံ ရှင်းလင်းသည့်သတင်းစကားကို ပို့ဆောင်နိုင်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် မြန်မာသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့်အချိန်တုန်းကမှ အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို အလေးအနက်ထား ရယူအကောင်အထည်ဖော်ရန် သံန္နိဌာန်ချထားခဲ့ခြင်း မရှိပေ – ၎င်းလူ့ဘောင်အဖွဲ့အစည်းအား အာဏာကိုထိန်းချုပ်ထားသည့် ဗမာလူမျိုးရေးဝါဒီများဖြစ်သော မြန်မာစစ်တပ်၏ ပိုမိုကျဥ်းမြောင်းပြီး အားလုံးခြုံငုံပါဝင်မှုမရှိသော သတ်မှတ်ချက်များဖြင့်သာလက်တွေ့တွင် အမြဲတစေ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ဗမာယဥ်ကျေးမှုကိုဗဟိုပြုခြင်း နှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒများသည် ဗမာလူမျိုးမဟုတ်သော၊ ဗုဒ္ဓဘာသာမဟုတ်သော လူ့အသိုင်းအဝိုင်းများနှင့် ခေါင်းဆောင်များအား သိသာထင်ရှားသော နိုင်ငံရေး ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဥ်များထဲတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမှ ဆက်လက်ဖယ်ကျဥ်ထားလျက်ရှိကြောင်း ဤအထူးထုတ်စာစောင်အတွဲတွင်ပါဝင်သော အချို့ဆောင်းပါးများထဲမှ ကျွန်ုပ်တို့‌လေ့လာသိရှိနိုင်ပါသည်။ လက်ရှိတွင်ဖြစ်ပွားနေသော မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကြပ်အတည်းများသည် ထိုဖယ်ကျဥ်ထားမှုအား ပိုမိုတိုးမြှင့်ပေးနေပါသည်။ တစ်ချိန်တည်းမှာပင် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီအ‌ရေးအတွက်လှုပ်ရှားမှုများ၏ စိတ်ဓာတ်ကြံခိုင်မှုနှင့် ကွဲပြားစုံလင်မှုတို့သည် အားလုံးခြုံငုံပါဝင်သည့်အင်အားစုများ၏ အသံကို ပိုမိုကျယ်လောင်လာစေပါသည်။ ဤအထူးထုတ်စာစောင်အတွဲတွင် ပါဝင်‌သော ဆောင်းပါးများသည် ယနေ့ခေတ်မြန်မာ့နိုင်ငံရေးတွင် ဗမာလူမျိုးရေးဝါဒသည် သိသာစွာပါဝင်တည်ရှိနေသေးကြောင်းနှင့် ၎င်းသည် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီးအားလုံးခြုံငုံပါဝင်သောလူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရာတွင် အတားအဆီးတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်နေကြောင်း တစ်စုတစ်စည်းတည်းထောက်ပြကြပါသည်။ ရှင်ဘုရင်အုပ်ချုပ်သောတိုင်းပြည်တစ်ပြည်တည်ဆောက်သည်ဖြစ်စေ သို့မဟုတ် ‌ခေတ်မီနိုင်ငံတော်တစ်ရပ် တည်ဆောက်သည်ဖြစ်စေ လူများစုဖြစ်သော ဗမာလူမျိုးများသည် မြန်မာ၏ပြည်ထောင်စုမှာ မည်သို့မည်ပုံဖြစ်သင့်သည်ကို ဆုံးဖြတ်သတ်မှတ်ထားပြီးဖြစ်ကာ ၎င်းတို့၏ နိုင်ငံရေး အယူအဆနှင့် မကိုက်ညီသောသူများအား “ဖယ်ထုတ်ရှင်းလင်း” နိုင်ရန် လုံလောက်သော သြဇာအာဏာကို ရယူထားပြီးသားဖြစ်ကြောင်း သမိုင်းတစ်လျှောက်သက်သေရှိပြီးသားဖြစ်ပါသည်။ မြန်မာနိုင်ငံရေး တဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ ယင်းသမိုင်းအစဥ်အလာသည် နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပွားမည် သို့မဟုတ် ထာဝရအဆုံးသတ်သွားမည်မှာ အားလုံးခြုံငုံပါဝင်မှုရှိသော အင်အားစုများအနေဖြင့်ပွင့်လင်းသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုတည်ထောင်ရန် တီထွင်ဖန်တီးမှုရှိသော ဖြေရှင်းချက်များကို မည်ကဲ့သို့ ရှာဖွေနိုင်မည်ဆိုသည့်အပေါ်တွင် မူတည်သွားမည်ဖြစ်ပါသည်။

၁၉၄၈ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်‌ရေးရပြီးစဥ်ကတည်းက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူ့အဖွဲ့အစည်း အမျိုးမျိုးတို့သည် အားလုံးခြုံငုံပါဝင်မှုအတွက် ရုန်းကန်လှုပ်ရှားနေခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော်စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားဝင်တိုင်းရင်းသားစာရင်းတွင်ပါဝင်သော တိုင်းရင်းသားလူ့အသိုင်းအဝိုင်းအများအပြားသည် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဥ်အတွင်းမှ နိုင်ငံရေးအရ ဖယ်ကျဥ်ထားခြင်းခံနေရဆဲဖြစ်ပါသည်။ ၎င်းအုပ်စုများထဲမှ အများအပြားသည် အားလုံးခြုံငုံပါဝင်ရေး သို့မဟုတ် ခွဲထွက်ရေးအတွက် မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး တိုက်ခိုက်နေခဲ့သည်မှာ ရာစုနှစ်တစ်ဝက်ကျော် ရှိလာခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အတိုင်းအတာနှင့် စနစ်တကျအကြမ်းဖက် ဖယ်ကျဥ်ထားမှုများထဲမှ အကြီးမားဆုံးအမှုမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ဆက်ဆံမှုဖြစ်ပါသည်။ မြေပုံ (မြေပုံ ၁) ထဲတွင် ကျွန်ုပ်တို့မြင်ရသည့်အတိုင်း အချို့လူများ၏အမြင်တွင် ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံမဲ့လူမျိုးများ ဖြစ်ကြသော်လည်း ၎င်းအချက်သည် မြန်မာစစ်တပ်နှင့် အာရခန်အမျိုးသားရေးဝါဒီများ သို့မဟုတ် ရခိုင်အင်အားစုများမှ ၎င်းတို့အပေါ် လူမဆန်စွာကျူးလွန်မှုများမှာ မျှတမှုရှိသည်ဟုဆို၍မရပေ။ ဤစာစောင်ထဲတွင်ပါဝင်သော ဆောင်းပါးအချို့သည် ၂၀၁၇ခုနှစ် ရိုဟင်ဂျာ ‌အရေးကိစ္စမည်ကဲ့သို့ စတင်ဖြစ်ပေါ်လာခဲ့သည်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဥ်များတွင် ရိုဟင်ဂျာလူမျိုးများအား လူမျိုးရေး၊ ဘာသာရေး၊ ယဥ်ကျေးမှုနှင့် နိုင်ငံရေးအရ  ဖယ်ကျဥ်ထားမှုကို စနစ်တကျဆောင်ရွက်လျက်ရှိမရှိ ခွဲခြမ်းစိတ်ဖြာပြထားပါသည်။

မြေပုံ ၁1

Map 1

ဗမာပြည်ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် လူမျိုးရေးခွဲခြားမှု

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၊ တိုင်းရင်းသားလူမျိုးစုများ၏နိုင်ငံရေး နှင့် တိုင်းရင်းသားလူမျိုးစုများ၏ ပဋိပက္ခများအကြောင်း သုတေသနများမှာကောင်းမွန်စွာ ပြုစုထားပြီးဖြစ်သော်လည်း လူမျိုးရေးနှင့် လူမျိုးရေးခွဲခြားမှုအပေါ်သုတေသနများမှာမူ နည်းပါးနေပါသေးသည်။ ရိုဟင်ဂျာအမှုသည် လူမျိုးရေးခွဲခြားမှုခေါင်းစဥ်အောက်တွင်ရှိကြောင်း ဗမာအမျိုးသားရေးဝါဒီများနှင့် စစ်တပ်၏ ရိုဟင်ဂျာလူမျိုးများအပေါ် ရှု့မြင်မှုကို လေ့လာဆန်းစစ်ကြည့်ခြင်းမှ ညွှန်ပြနေပါသည်။ ရိုဟင်ဂျာလူမျိုးများအနေဖြင့်မူ ဤအမှုအား တိုင်းရင်းသားလူမျိုးရေးပဋိပက္ခနှင့် ၎င်းတို့၏နိုင်ငံသားဖြစ်ခွင့်အပေါ် ခွဲခြားဆက်ဆံမှုအဖြစ် အဖြစ်သတ်မှတ်လိုသောကြောင့် သတင်း‌ထောက်များနှင့် နိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများအနေဖြင့် “တိုင်းရင်းသား လူမျိုးတုံးသတ်ဖြတ်မှု” သို့မဟုတ် “လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော အခေါ်အဝေါ်အသုံးအနှုန်းများ အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ဤအထူးစာစောင်တွင်ပါဝင်သော Michael Charney နှင့် သရဖီသန်းတို့၏ ဆောင်းပါးများတွင် အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို ပုံဖော်ကြည့်နိုင်ရန် မြန်မာ့နိုင်ငံရေးအတွင်းရှိ တိုင်းရင်းသားများနှင့် လူမျိုးခြားများ၏ သမိုင်းကြောင်းအရရှုပ်ထွေးမှုများနှင့် ယနေ့ခေတ် ရှုပ်ထွေးမှုများအကြောင်းကို ခွဲခြမ်းစိတ်ဖြာပြထားပါသည်။ ပညာရှင်များအတွက် စိန်ခေါ်မှုမှာ ရိုဟင်ဂျာအမှုအား လက်ရှိဖြစ်ပျက်နေသော တိုင်းရင်းသားပဋိပက္ခများနှင့် ပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်သင့်သည် သို့မဟုတ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ဖြစ်ပွားနေသော စစ်ပွဲများနှင့်မတူဘဲ အမျိုးအစားခွဲခြားသတ်မှတ်၍ ထိတွေ့ဆောင်ရွက်သင့်သည်ဆိုသည့် အချက်ဖြစ်ပါသည်။ ဤပြဿနာ၏ဇစ်မြစ်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ “ဒေသခံတိုင်းရင်းသားဖြစ်မှု” အဓိပ္ပါယ်ကိုဖွင့်ဆိုမှု ဖြစ်ပါသည်။ အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား မြန်မာစစ်တပ်၏ ရိုဟင်ဂျာလူမျိုးများအပေါ် လူမဆန်စွာဆက်ဆံနေမှုအပေါ် ကျေနပ်နှုတ်ဆိတ်နေခြင်း သို့မဟုတ် ဝေဖန်မှုမရှိခြင်းသည် ရိုဟင်ဂျာလူမျိုးများသည် ဘင်္ဂလားဒေ့ရှ် နှင့် အန္ဒိယနိုင်ငံတောင်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ၎င်း‌ဒေသများမှ လူမျိုးစုများဟူသော မြန်မာစစ်တပ်၏ သဘောထားအမြင်အပေါ် အနည်းနှင့်အများ သဘောတူနေခြင်း သို့မဟုတ် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာလူမျိုးများအ‌ပေါ် သိသာထင်ရှားသော စာနာမှုပြသခြင်းဖြင့် ၎င်းတို့လိုလားသည့် အလုံးစုံပါဝင်မှုရည်မှန်းချက်ကို ထိခိုက်မည်ကိုစိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ကြောင်းညွှန်ပြနေပါသည်။ ၎င်းအချက်နှစ်ချက်အကြား ကွဲပြားခြားနားမှုမှာ ၁၉၈၂ နိုင်ငံသားဥပဒေ၏ အနှစ်သာရနှင့် အချို့သောတိုင်းရင်းသားလူမျိုးစုများကို တရားဝင်တိုင်းရင်းသား ၁၃၅ မျိုး စာရင်းမှဖယ်ထုတ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားဝင်သတ်မှတ်ရာရောက်နိုင်သောကြောင့် အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။  

၁၉၈၂ နိုင်ငံသားဥပဒေနှင့် ၂၀၀၈ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ဂရုတစိုက်ဖတ်ရှုကြည့်ပါက စစ်တပ်နှင့် ဗမာအမျိုးသားရေးဝါဒီများသည် ၎င်းတို့မြန်မာ့နိုင်ငံ‌ရေးတွင် ဖန်တီးထည့်သွင်းခဲ့သော တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး၏ တရားဝင်ဖြစ်မှုနှင့် သဘောတရားအရပါဝင်မှုကို အသိအမှတ်ပြုသည်ဟူသော လေ့လာတွေ့ရှိချက်အား ‌ထောက်ခံနေသည်ကို တွေ့ရပါမည်။ သို့သော် ၁၈၂၄ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံ၏သမိုင်းမှတ်တမ်းများထဲတွင် ရိုဟင်ဂျာလူမျိုးများသည် တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် တည်ရှိခဲ့မှုကိုမူ မြန်မာနိုင်ငံမှငြင်းဆိုထားပါသည်။ ၎င်းအချက်သည် ၂၀၁၆-၂၁ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တာဝန်ယူခဲ့ပြီး ယခုစာတမ်းအားပြုစုနေချိန်တွင် နိုင်ငံရေးအကျဥ်းသားဘဝပြန်လည်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးစု ၁၃၅ စုအဖြစ် အမျိုးအစားခွဲခြားထားခြင်းအပေါ် အဘယ်ကြောင့်‌မေးခွန်းထုတ်ရန်တွန့်ဆုတ်ခဲ့သည်ကို ပိုမိုရှင်းလင်းစွာသိရှိနိုင်ရန် နားလည်သဘောပေါက်ရမည့် ပထမဆုံးကွဲပြားခြားနားချက်ဖြစ်ပါသည်။2 သူမအနေဖြင့် ရိုဟင်ဂျာလူမျိုးများအား ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်းများအတွင်း ပါဝင်သောသူများဖြစ်ကြောင်း လက်ခံပုံရခဲ့ပြီး ၎င်းတို့အနေဖြင့် နိုင်ငံသားဆိုင်ရာစာရွက်စာတမ်းများတွင် ၎င်းတို့၏လူမျိုးကိုဖော်ပြရာ၌ ရိုဟင်ဂျာဟုမသုံးနှုန်းခဲ့ပါက မြန်မာနိုင်ငံသားများဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါသည်။ ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက် တွင် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး တရားရုံး (ICJ) ၌ပြောကြားခဲ့သော သူမ၏မိန့်ခွန်းတွင် ရိုဟင်ဂျာလူမျိုးများအား တိုင်းရင်းသားလူနည်းစုများအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ပါသည်။

မကြာသေးမီကဖြစ်ပွားခဲ့သော ၂၀၂၁ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရေးအတွင်း မြန်မာစစ်တပ်၏သြဇာလွမ်းမိုးနိုင်မှုအား ပိုမိုထင်ရှားစေခဲ့ပြီး ၎င်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရိုဟင်ဂျာလူမျိုးများအပေါ် သိသာထင်ရှားသော ကာကွယ်မှုပေးရန်ပျက်ကွက်ခဲ့သည့်အပေါ် အားပါးတရ တင်ပြခဲ့ကြသည့် အနောက်တိုင်းသတင်းထောက်များနှင့် သတင်းမီဒီယာများအား သူမအနေဖြင့်ပဲ့ကိုင်လှုပ်ရှားခဲ့ရသည့် ဒေသတွင်းသမိုင်းအခြေအနေနှင့် နိုင်ငံရေးသဘောသဘာဝတို့၏ ရှုပ်ထွေးမှုကို သတိပြုမိစေသင့်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဦးဆောင်ဦးရွက်ပြုခဲ့သူဦးကိုနီ၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ လုပ်ကြံခံခဲ့ရမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်ပိုင်းများအတွက် ရှင်းလင်းသော သတင်းစကားတစ်ရပ်ဖြစ်ခဲ့ပါသည်။ ပွဲကစားသူများကို ပွဲကြည့်သူ၏ရှုထောင့်နေရာမှနေပြီး ‌ဝေဖန်နေခြင်းသည် ကစားပွဲထဲတွင် ကစားသမားတစ်ဦးအနေဖြင့် ကိုယ်တိုင်ဝင်ရောက်ကစားခြင်းနှင့် လုံးလုံးလျားလျားမှ တူညီခြင်းမရှိပါ။ နိုင်ငံ၏သမိုင်းနှင့် မတူညီသောအုပ်စုများအကြားရှိ သြဇာအာဏာအသွားအလာဆက်ဆံရေးတို့အတွင်း အခြေတည်ထားသည့် မြန်မာ့နိုင်ငံ‌ရေး၏ရှုပ်ထွေးမှုသည် မြန်မာနိုင်ငံတွင် အားလုံးခြုံငုံပါဝင်ပြီး ပွင့်လင်းသောလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အား အောင်မြင်စွာ တည်ဆောက်ရာတွင် လျှောက်လှမ်းရမည့် လမ်းမှာ မည်မျှစိန်ခေါ်မှုများမည်ဖြစ်ကြောင်း ကြိုတင်မှန်းဆပြနေပါသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အခြားသော စုံလင်ကွဲပြားသည့်တိုင်းရင်းသားများနှင့် နိုင်ငံရေးအုပ်စုများ၏ အဓိပ္ပါယ်ပြည့်ဝသော ထဲထဲဝင်ဝင်ပါဝင်မှုမရှိဘဲ စစ်တပ်ရော NLD ပါ ထာဝရငြိမ်းချမ်းရေးနှင့် အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို ဆောင်ကျဥ်းပေးနိုင်မည်မဟုတ်ပါ။

ဗုဒ္ဓဘာသာနှင့် အားလုံးခြုံငုံပါဝင်မှု/ဖယ်ကျဥ်ထားခံရမှု

မြန်မာနိုင်ငံ၌ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတည်ဆောက်ဖန်တီးရာတွင် အားလုံးခြုံငုံပါဝင်မှုနှင့် ဖယ်ကျဥ်ထားခံရမှုပြဿနာသည် မြန်မာနိုင်ငံ၏သမိုင်းနှင့် နိုင်ငံရေးတွင်ပါဝင်သော ဘာသာရေး၏အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာပြရန် မဖြစ်မနေလိုအပ်လာစေပါသည်။ ထို့အပြင် မြန်မာစစ်အစိုးရအဆက်ဆက်၏ ဆောင်ရွက်ချက်များဖြစ်သည့် ၁၉၈၈ ခုနှစ် ပြည်သူများ၏ ဆန္ဒပြမှုများနှင့် ၂၀၀၇ ခုနှစ် ဗုဒ္ဓဘာသာဝင်ရဟန်းများ၏ ဆန္ဒပြမှုများအားအကြမ်းဖက်ဖြိုခွင်းခဲ့မှု၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် ရာဇဝတ်မှုများကျူးလွန်ခဲ့မှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းကစပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် အရပ်သားများအားအလုံးအရင်းဖြင့် ပြောင်ပြောင်တင်းတင်း မတရားဖမ်းဆီးမှုများ၊ နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများမှာ လျော်ကန်သင့်မြတ်ကြောင်း ဗမာဗုဒ္ဓဘာသာ၏သဘောတရားများကို မည်သို့မည်ပုံအသုံးချပြီး သက်သေပြမည်နည်းဟူသော မေးခွန်းကိုလည်း ပေါ်ပေါက်လာစေပါသည်။ ကြမ်းတမ်းစွာ ထုတ်ပယ်ခြင်းမဆိုထားနှင့် လူ့အဖွဲ့အစည်းအတွင်းမှ မည်သူ့ကိုမဆိုဖယ်ကျဥ်ထားခြင်းအတွက်ကိုပင်  ဗုဒ္ဓဘာသာ၏အယူဝါဒများအရ လျော်ကန်သင့်မြတ်မှုရှိကြောင်း အကြောင်းပြချက်ကိုရှာဖွေရာ၌ ဘာသာရေးအားနိုင်ငံ‌ရေးအတွက်အသုံးချမှုအဖြစ် လုံးလုံးလျားလျားပြောင်းလဲပစ်ရန်လိုအပ်ပါသည်။ ထက်မင်းလွင်၊ Shae Frydenlund နှင့် ရွှန်းလဲ့တို့၏ ဤစာစောင်ထဲတွင်ပါဝင်သော ဆောင်းပါးများထဲတွင် ဘာသာ‌ရေး၊ အားလုံးခြုံငုံပါဝင်ခြင်း / ဖယ်ကျဥ်ထားခြင်းတို့နှင့် သက်ဆိုင်သောကိစ္စရပ်များနှင့် ဆက်စပ်ဆွေးနွေးထားကြပါသည်။

မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင်အများအပြားသည် ဗမာပြည်နိုင်ငံရေးနှင့် နိုင်ငံရေးအတွေးအ‌ခေါ်တို့တွင် ထေရဝါဒဗုဒ္ဓဘာသာ၏ အရေးပါပြီး အငြင်းပွားဖွယ်ရှိသော အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီးဖြစ်ပါသည်။3 “လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး အသွားအလာဆက်ဆံရေးကိုနားလည်သဘောပေါက်ရန် လက်ရှိခေတ် ဗမာ့နိုင်ငံရေးအတွေး‌အခေါ်အများအပြားမှ အခြေခံအုတ်မြစ်အဖြစ်သတ်မှတ်ထားသည့် ဗုဒ္ဓဘာသာသဘောတရားများ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုများကို နားလည်သ‌ဘောပေါက်ရန်လိုအပ်ပါသည်” ဟူ၍ပင် ဆိုထားကြပါသည်။4 လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူများစုကိုးကွယ်သော ဘာသာတရားနှင့် တန်ဖိုးထားမှုများမှတဆင့် ၎င်းလူ့ဘောင်အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို အကဲဖြတ်ဝေဖန်ပြီး ပုံဖော်ပြသခြင်းသည် မှန်ကန်သည်ဟုထင်ရသော်လည်း ထိုကဲ့သို့ပြုမူခြင်းသည် ၎င်းလူ့‌‌ဘောင်အဖွဲ့အစည်းအတွင်းရှိ လူနည်းစုများ၏အခန်းကဏ္ဍအား မရည်ရွယ်ဘဲ တန်ဖိုးချဖျက်ဆီးသကဲ့သို့ဖြစ်နေပါသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးအပေါ် ရှုမြင်ချက်ကို လူများစုရှု့မြင်သည့်အတိုင်း ကျဥ်းမြောင်းပြီး ပြီးပြည့်စုံသော ပုံစံအဖြစ် ရှု့မြင်ပါက မိမိ၏ သုတေသနအကြောင်းအရာမှာ သီးခြားဖြစ်နေပြီး မိမိတင်ပြသော မေးခွန်းသည်သာလျှင် အဖြေရှာရန် ထိုက်တန်သည်ဟူသော အတွေးဝင်စေသည့် အသိပညာဆိုင်ရာ ဝမ်းနည်းဖွယ် ပြဿနာကို ဖြစ်ပေါ်စေပါသည်။ ဤသဘောတရားအရ ဘာသာ‌ရေးနှင့် လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာ အားလုံးခြုံငုံပါဝင်မှုနှင့် ဖယ်ကျဥ်ထားမှုပြဿနာသည် လူများစုကိုစိတ်ကူးယဥ်ဆန်ဆန်ရှု့မြင်ကာ လူနည်းစု၏ ဖြစ်တည်မှုနှင့် တန်ဖိုးတို့အား ဖယ်ကျဥ်ထားခြင်းဖြင့် စတင်ပါသည်။ ၎င်းအချက်နှင့်စပ်လျဥ်း၍ ထက်မင်းလွင်၏ မဟာဂန္ဓာရုံဆရာတော် ဆောင်းပါး၊ မိုးထက်နေ၏ မြန်မာ့ယဥ်ကျေးမှုအရွေ့ ဆောင်းပါးနှင့် Joshua ၏ ကချင်လူမျိုးများ၏ ပဋိပက္ခအတွင်းမှ ဘာသာရေးနှင့် နိုင်ငံရေး ဆောင်းပါးတို့သည် မြန်မာနိုင်ငံရှိ ဘာသာရေးနှင့်နိုင်ငံ‌ရေးတို့အပေါ်ရှု့ထောင့်များအား ဗုဒ္ဓဘာသာ၏သဘောတရားများကိုကျော်လွန်ကာ အခြားသောရှုထောင့်များမှ မြင်တွေ့နိုင်စေရန် တင်ပြရေးသားထားကြပါသည်။

အချို့သော ဗမာလူမျိုးများအတွက် ၎င်းတို့သည်မြန်မာနိုင်ငံတွင်နေထိုင်ပြီး ဗုဒ္ဓဘာသာသည် လူများစု၏ဘာသာဖြစ်နေသောကြောင့် မူဆလင်များကိုဆန့်ကျင်သော နှင့် အစ္စလာမ်များကို ဆန့်ကျင်သော ထင်မြင်ယူဆချက်တို့မှာ ၎င်းတို့အနေဖြင့် ကျင့်သုံးသင့်သည့်အခွင့်အရေးများသဖွယ် ခံယူထားကြပါသည်။ ၎င်းအချက်သည် စစ်တပ်မှ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်နေသည့် လူမဆန်သော လုပ်ရပ်များအပေါ်  အဘယ်ကြောင့် မြန်မာနိုင်ငံသား အများစုအနေဖြင့် မေးခွန်းထုတ်ရန် သို့မဟုတ် မိမိတို့၏ကိုယ်ကျင့်တရားဆိုင်ရာ ခံယူချက်များအပေါ်ထိခိုက်မှုတစ်ရပ်အဖြစ် ရှု့မြင်ရန် ပျက်ကွက်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မြန်မာစစ်တပ်၏ ၂၀၂၁ ဒီမိုကရေစီဆန္ဒပြမှုများအား ဖြိုခွင်းစဥ်က မြို့ပေါ်ဒေသများတွင် ဆန္ဒပြသူများနှင့် အရပ်သားများအား ထင်ရာစိုင်းပြီး အကြမ်းဖက်ဖမ်းဆီးမှုများ၊ နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများကြောင့် ထိုကဲ့သို့သော ထင်မြင်ယူဆချက်များမှာ ပြောင်းလဲနေပြီဟု သိရပါသည်။ မြန်မာနိုင်ငံမြို့ပေါ်ဒေသများရှိ လူများစုသည် ရိုဟင်ဂျာလူမျိုးများနှင့် အခြားသော တိုင်းရင်းသားလူနည်းစုများအနေအနေဖြင့်နှစ်ပေါင်းများစွာ ကျူးလွန်ခံခဲ့ရသောအကြမ်းဖက်မှုမျိုးနှင့် အလားတူအကြမ်းဖက်မှုများအား လက်တွေ့ခံစားနေကြရပါသည်။ နိုင်ငံသားအများစုအနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ်စစ်တပ်မှကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအပေါ် မေးခွန်းမထုတ်ကြသော်လည်း အများစုမှာ နေပြည်တော်၏ Facebook နှင့် မြန်မာနိုင်ငံအတွင်းရှိ ဆိုရှယ်မီဒီယာပေါ်မှတဆင့် ဝါဒဖြန့်စည်းရုံးလှုံ့ဆော်မှုများကို ယုံကြည်ခဲ့ကြသည့်ပုံစံမရှိပေ။ ၂၀၂၁ နိုင်ငံရေး အကြပ်အတည်းသည် မြန်မာပြည်သူအများစု၏ ရိုဟင်ဂျာနှင့် မြန်မာစစ်တပ်အပေါ်အမြင်များ သိသာစွာပြောင်းလဲသွားစေခဲ့သလား – ဤအကြပ်အတည်းအပေါ် တုန့်ပြန်မှုများသည် အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းအသစ်အား အကောင်အထည်ဖော်ရာတွင် မည်ကဲ့သို့ အထောက်အကူပြုမည်လဲ – ဆိုသည်မှာ အ‌ရေးကြီးသော မေးခွန်းတစ်ရပ်ဖြစ်လာပါသည်။ မြန်မာပြည်သားအများစုသည် စစ်အာဏာရှင်အား အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရာတွင် ဘုံခြိမ်း‌ခြောက်မှုတစ်ခု – ထို့ကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဟု တညီတညွတ်တည်း ရှုမြင်ကြပါသလား။ ပေါ်ထွက်လာနေသော သက်သေများနှင့်တကွ မတူညီသောအုပ်စုများနှင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒီမိုကရေစီအရေး ဆန္ဒပြသူများအကြား ညီညွတ်သော သန္နိဋ္ဌာန်တို့သည် ထိုမေးခွန်းအတွက် အပြုသဘောဆောင်သောအဖြေကို ညွှန်ပြနေပါသည်။

ရိုဟင်ဂျာလူမျိုးများအားဆန့်ကျင်သည့် Facebook လှုပ်ရှားမှု

ယနေ့ခေတ် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်၌ဆောင်ရွက်သော လူထုဆက်သွယ်ရေးလှုပ်ရှားမှုများတွင် နည်းပညာနှင့် အတွေးအမြင်ကို ကျွမ်းကျွမ်းကျင်ကျင် ထုတ်ဖော်အသုံးပြုနိုင်နေကာ အကျိုဆက်များအနေဖြင့် အစစ်အမှန်ဖြစ်သော နှင့်/သို့မဟုတ် မှားယွင်းသော သတင်းအချက်အလက်များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ဒီမိုကရေစီစနစ်တစ်ခုသည် တိုးတက်ကောင်းစားလာနိုင်သလို ဆုတ်ယုတ်ထိခိုက်လာနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဒီမိုကရေစီစနစ်သို့ အမည်ခံပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးနည်းပညာ တိုးတက်ပြောင်းလဲမှုမြင့်မားသောကာလအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အင်ဂျင်နီယာအတတ်ပညာများနှင့် နည်းပညာဆိုင်ရာ အတတ်ပညာများကို ရုရှားနိုင်ငံမှသင်ယူလေ့လာခဲ့သည့် မြန်မာတပ်မတော်အနေဖြင့် ဆိုင်ဘာစစ်ပွဲတစ်ခုဆင်နွှဲရန် ပွင့်လင်းမီဒီယာများနှင့်ဆက်ဆံရာတွင် ရုရှားတို့၏ ပုံစံကိုစံယူအသုံးပြုခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သည့် Facebook ကိုအသုံးပြုပြီး တပ်မတော်နှင့် ၎င်းတို့ကို ထောက်ခံသူများသည် ကျယ်ပြန့်စွာစည်းရုံးရေး လှုပ်ရှားမှုတစ်ခုအတွက် သတင်းအချက်အလက်အတုများ ကိုအသုံးပြုခဲ့ပါသည်။ ဝေမိုးနှင့် Aiden Moe တို့၏ဆောင်းပါးများသည် ရိုဟင်ဂျာအရေးကိစ္စများနှင့် ပတ်သက်သော သတင်းအချက်အလက်အတုများ ဖြန့်‌ဝေအသုံးချမှုအပေါ် ကျွမ်းကျင်စွာစုံစမ်းစစ်ဆေးထားပြီး ရှားဖွေတွေ့ရှိမှုများကို မှတ်တမ်းတင်ထားပါသည်။ ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သော အရာများထဲတွင် ဆိုရှယ်မီဒီယာအားလုံးကို စောင့်ကြည့်လေ့လာရန် စစ်ဖက်ဝန်ထမ်း ၇၀၀ ကို Cyberwarfare Department တွင် ရင်းနှီးမြှပ်နှံထားကြောင်းတွေ့ရှိချက်လည်း ပါဝင်ခဲ့ပြီး – ၎င်းရှာဖွေတွေ့ရှိမှုများမှ တပ်မတော်အနေဖြင့် မြန်မာ Facebook လောကတွင် ထောက်ခံသူများရရှိစေရန် ရိုဟင်ဂျာလူမျိုးများကိုဆန့်ကျင်သော သတင်းအချက်အလက်အမှားများကို မည်သို့မည်ပုံ လုပ်ကြံပြောဆိုခဲ့သည်ကို ဖော်ထုတ်ပြသခဲ့ပါသည်။ ၎င်းတို့၏ဆောင်းပါးများသည် မြန်မာတပ်မတော်မှ ၎င်း၏ဆောင်ရွက်ချက်များအတွက် မျှတမှုနှင့် ထောက်ခံမှုကိုရှာဖွေရန် ဆိုရှယ်မီဒီယာကို မည်သို့မည်ပုံအသုံးချနေသည်ကို ဖော်ထုတ်သော ရိုဟင်ဂျာအကြပ်အတည်းအကြောင်း ရေးသားထားသည့် လွတ်လပ်သောသုတေသနစာ‌စောင်များလည်း ဖြစ်သောကြောင့် ဤပြဿနာကို အဓိကအလေးပေးထားသော ဆောင်းပါးများဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် အရည်အချင်းပြည့်ဝသော မြန်မာနိုင်ငံမှ Facebook အသုံးပြုသူများ၊ အရပ်သား သတင်းထောက်များနှင့် ပြည်တွင်းသမားရိုးကျသတင်းထောက်များသည် မြန်မာနိုင်ငံ၏ ၂၀၂၁ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြမှုကာလများအတွင်း ဒီမိုကရေစီစနစ်တစ်ခုအတွင်းရှိ ဆိုရှယ်မီဒီယာ၏ စွမ်းအားကို ထုတ်ဖော်ပြသနေပါသည်။ ထိုလှုပ်ရှားမှုကို အစောပိုင်းတွင် Generation Z  များမှဦးဆောင်ခဲ့ပြီး “ဒစ်ဂျစ်တယ် ဒီမိုကရေစီလှုပ်ရှားမှု” ဟုအမည်တပ်နိုင်သည့် ကမ္ဘာ့သမိုင်းတွင် မကြုံဖူးသော တက်ကြွလှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းဒီမိုကရေစီလှုပ်ရှားမှု၏ တီထွင်ဖန်တီးမှု၊ စုံလင်ကွဲပြားမှု၊ အတိုင်းအတာနှင့် လက်လှမ်းမီရောက်ရှိမှုတို့သည် စိတ်အားတက်ကြွဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်းဆန္ဒပြမှုများ၊ ဖြိုခွင်းမှုများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းဆန္ဒပြမှုများ၊ ရန်ပုံငွေရှာပွဲများ၊နှင့် Zoom မှတဆင့်ကျင်းပသော နိုင်ငံရေးအကြပ်အတည်းများအကြောင်း တွေ့ဆုံဟောပြောပွဲများအား ရောယှက်မျှဝေခွင့်ပြုထားသည့် Facebook၊ Twitter၊ TikTok တို့ပေါ်မှ နေ့စဥ်တိုက်ရိုက်ထုတ်လွှင့်မှုများသည် ပွင့်လင်းပြီး အားလုံးခြုံငုံပါဝင်သည့် လူ့ဘောင်အဖွဲ့အစည်းအသစ်တစ်ခု ထူထောင်ရာတွင် ဆိုရှယ်မီဒီယာ၏ စွမ်းအားကို သရုပ်ဖော်ပြသနေပါသည်။

လူမျိုးစုတစ်ခုတည်းကိုသာဗဟိုပြုသည့်သမိုင်းမှ အားလုံးခြုံငုံပါဝင်သော လူ့ဘောင်အဖွဲ့အစည်းအသစ်ဆီသို့ အကူးအပြောင်း

၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုသည် ‌ဒေါ်‌အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးလမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုမတိုင်မီအထိ သူမသည် လေးစားဖွယ် စံပြသဖွယ် မဆုတ်မနစ်သောသန္နိဌာန်ဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရန် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါသည်။ သူမသည် လူ့အခွင့်အ‌ရေးနှင့် လွတ်လပ်မှုတို့၏ ရပ်တည်ကာကွယ်သူအဖြစ် နိုင်ငံတကာတွင် နာမည်ဂုဏ်သတင်းရလာခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များတစ်လျှောက် အနောက်တိုင်း ပင်မမီဒီယာများမှ ထောက်ခံအား‌ပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သူတော်စင်သဖွယ်ပုံရိပ်သည် ရိုဟင်ဂျာအရေးတွင် သူမ၏နှုတ်ဆိတ်နေမှုနှင့်အတူ အဆုံးသတ်သွားခဲ့ပါသည်။ မြန်မာနိုင်ငံ၏သမိုင်းကို သူမလျှောက်လမ်းလာသည်နှင့်အမျှ တစ်ဖက်တွင် ဒီမိုကရေစီကို ရပ်တည်ကာကွယ်သူ ဖြစ်ပြီး တစ်ဖက်တွင်မူ တိုင်းပြည်၏ ခေါင်းဆောင်ဖြစ်နေပြီး (သည်ဟေ့ဂ် တွင်ပြောကြားခဲ့သော မိန့်ခွန်း၌ မိမိကိုယ်ကိုနှင့် မိမိ၏အခန်းကဏ္ဍကို သူမကိုယ်တိုင်အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည့်အတိုင်း) ၎င်းအချက်သည် မြန်မာနိုင်ငံ၏ အတိတ်နှင့် ပစ္စုပ္ပန်ကြား ကွဲလွဲခြားနားချက်များကို ဂရုတစိုက်အဓိပ္ပါယ်ပြန်ဆိုရန် လိုအပ်ကြောင်း သတိပေးချက်ပင်ဖြစ်ပါသည်။

Michael Charney၏ ဆောင်းပါးထဲတွင် မြန်မာနိုင်ငံ၏ကိုလိုနီခေတ်အလွန်သမိုင်းကြောင်းကို ထဲထဲဝင်ဝင် အဓိပ္ပါယ်ဖွင့်ဆိုမှုတစ်ရပ်အားဖော်ပြထားပြီး ပညာရှင်များအား မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်သမိုင်းကို ဖယ်ထုတ်ပြီး သမိုင်းကြောင်းဆိုင်ရာလေ့လာဆန်းစစ်မှုအတွက် ပိုမိုခြုံငုံပါဝင်သော စနစ်တစ်ရပ်ကို ကျင့်သုံးရန်တိုက်တွန်းထားပါသည်။ Charney သည် ရိုဟင်ဂျာအကြပ်အတည်းနှင့်သက်ဆိုင်သော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အခြေအနေများကို စုံစမ်းမှုပြုလုပ်ပြီး တိုက်ရိုက်ထောက်ပြဝေဖန်ချက်တစ်ခု ထုတ်ပြန်ပါသည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် သမိုင်းကြောင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို ကိုလိုနီခေတ်၏ အတားအဆီးများမှ လွတ်လပ်ခွင့်ပေးရန်ပြောဆိုပါသည်။ ထိုသို့ပြုလုပ်မှသာလျှင်မြန်မာနိုင်ငံသည် ၎င်းကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်များဖြင့် အားလုံးခြုံငုံပါဝင်သောစနစ်တစ်ခုကို ပြန်လည်စဥ်းစားနိုင်မည် ဖြစ်ပါသည်။ Charney မှ “လက်ရှိဖြစ်ပွားနေသော အကြပ်အတည်းအတွက် မည်သည့်အဖြေကို ရှာဖွေတွေ့ရှိသည်ဖြစ်စေ ရခိုင်ပြည်သည် လူမျိုးတုန်းသတ်ဖြတ်မှုအခြေအနေများအတွက် ပစ်မှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပြီး သတ်ဖြတ်မှုနှင့် နေရပ်စွန့်ခွာထွက်ပြေးမှုဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့်သာမကဘဲ တိုင်းရင်းသားလူနည်းစုများအားလုံးနှင့် လက်ရှိအချိန်အထိဖြစ်ပွားနေခဲ့သော ပြဿနာများကိုအဆုံးသတ်ရန် ရည်ရွယ်သည်ဆိုပါက နိုင်ငံသားဥပဒေနှင့် တိုင်းရင်းသားမူကို လုံးဝစွန့်လွှတ်ရန်လိုအပ်သည်သာမက မြန်မာနိုင်ငံသည် ၎င်းကိုယ်၎င်း အခြေခံမူအသစ်ဖြင့် အပြည့်အဝပြန်လည်တည်‌ဆောက်ရန် လိုအပ်ပါသည်။” ဟုရေးသားထားပါသည်။ Charney မှ ဤမူအသစ်သည် အစီစဥ်တကျရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွန်ပြုထားခဲ့သော သို့မဟုတ် ရှိနေပြီးဖြစ်သည့်သုတေသနများတွင် ပြည့်စုံစွာ လေ့လာဆန်းစစ်မှုမပြုရသေးသော မြန်မာနိုင်ငံ၏ စစ်မှန်သော်လည်း လျစ်လျှူရှု့ခံထားရသည့် တိုင်းရင်းသားသမိုင်းများအပေါ် နားလည်သဘောပေါက်မှုအသစ်ဖြစ်သည်ဟု ဆိုပါသည်။ ဤအထူးစာစောင်ထဲရှိ ဆောင်းပါးများမှတဆင့် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးတိုးတက်ပြောင်းလဲလာမှုအပေါ် ခွဲခြမ်းစိတ်ဖြာမှုများအတွက် ကိုလိုနီခေတ်၏လွှမ်းမိုးမှုကိုဖယ်ထုတ်ရန် လိုအပ်ကြောင်း သက်သေအပိုင်းအစများ စုပေါင်းဖော်ပြထားပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကိုလိုနီခေတ်တွင်အင်္ဂလိပ်တို့မှချမှတ်ခဲ့သည့် မြန်မာနိုင်ငံ၏သမိုင်းကိုဖယ်ထုတ်ရန်လိုအပ်သည်သာမက လူများစု၏ရပ်တည်ချက်နှင့် ပြည်တွင်း‌ရော ပြည်ပတွင်ပါရှိနေသည့် အနိုင်ရရှိထားသူ၏ ဇာတ်ကြောင်းများကို အတည်ပြုပေးနေသည့် မြန်မာနိုင်ငံအပေါ် ဥရောပဗဟိုပြုစိတ်ကူးယဥ်ပုံဖော်မှုများကိုပါ ဖြိုဖျက်ရန်လိုအပ်ပါသည်။

အဆုံးမှတ်စုများ

1 Asrar, 2017.
2 Advisory Commission on Rakhine State, 2017.
3 See Mya Maung (1964), Rozenberg (2010), Sarkisyanz (1965), Scott (1882), Spiro (1970) and Tun Myint (2014).
4 Walton, 2017, p. 3.

ကိုးကားချက်များ

Advisory Commission on Rakhine State. (2017). Towards a peaceful, fair and prosperous future for the people of Rakhine: Final Report of the Advisory Commission on Rakhine State. https://www.rakhinecommission.org/the-final-report/

Asrar, S. (2017, October 28). Rohingya crisis explained in maps. Al Jazeera. https://www.aljazeera.com/news/2017/10/28/rohingya-crisis-explained-in-maps

Mya Maung. (1964). Cultural Value and Economic Change in Burma. Asian Survey, 4(3), 757-764. https://doi.org/10.2307/3023563

Rozenberg, G. (2010). Renunciation and Power: The Quest for Sainthood in Contemporary Burma (translated J.L. Hackett). Yale University Press. https://cseas.yale.edu/monograph-59

Sarkisyanz, E. (1965). Buddhist Backgrounds of the Burmese Revolution. Martinus Nijhoff. https://doi.org/10.1007/978-94-017-6283-0

Shway Yoe. (1882). The Burman: His Life and Notions. Macmillan and Co. https://www.burmalibrary.org/en/the-burman-his-life-and-notions

Spiro, M. E. (1970). Buddhism and Society: A Great Tradition and Its Burmese Vicissitudes. University of California Press. https://www.ucpress.edu/book/9780520046726/buddhism-and-society

Tun Myint. (2014). Buddhist Political Thought. In M. T. Gibbons, D. Coole, E. Ellis, & K. Ferguson (Eds.), The Encyclopedia of Political Thought. Wiley-Blackwell. https://www.wiley.com/en-us/The+Encyclopedia+of+Political+Thought-p-9781405191296

Walton, M. J. (2017). Buddhism, Politics and Political Thought in Myanmar. Cambridge University Press. https://doi.org/10.1017/9781316659144