‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကိုပယ်ဖျက်ခြင်း – ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ကိုယ်ပိုင်သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း

Michael W. Charney | Click here for the English language version of this article.

Cite as: 
Charney, M.W. (2021). ‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကိုပယ်ဖျက်ခြင်း - ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ကိုယ်ပိုင်သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း။ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=3347

စာတမ်းအကျဉ်း

ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်းမှမြစ်ဖြားခံလာခဲ့သော အရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီများ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထားခြင်းဖြစ်သည်။ ဒုတိယအချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီး ယင်းဖျောက်ဖျက်ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ်အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်းအဝိုင်းမှ ဦးဆောင်သောအရှေ့တောင်အာရှဒေသလေ့လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာအဆောက်အအုံကိုကိုစနစ်တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ် အုပ်ချုပ်ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကိုဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ်မြောက်နိုင်မည်ဖြစ်သည်။

Bringing Rohingya Back

မိတ်ဆက်

ဤဆောင်းပါးသည် အကြံပြုချက်နှစ်ချက်ဖြင့် စတင်ပါသည်။ ပထမဦးစွာ ဤဆောင်းပါးကိုဖတ်ရှု့သူတိုင်းသည် ဆောင်းပါး၏ အဆုံးသတ်များနှင့် သဘောတူပါက သို့မဟုတ် သဘောမတူခြင်းမရှိပါက ဤဆောင်းပါး၏ရည်ရွယ်ချက်သည် အောင်မြင်မည်မဟုတ်ပေ။ ဤဆောင်းပါးသည် ယနေ့ခေတ်ကမ္ဘာကြီးတွင် ကြီးပြင်းလာပြီး ပညာတတ်မြောက်လာခဲ့သော မည်သူအတွက်မဆို ချက်ချင်း သို့မဟုတ် ဘယ်တော့အခါမှ အပြည့်အဝ လက်ခံရန်လွယ်ကူမည်မဟုတ်သည့် အကြောင်းအရာများအား ဖတ်ရှု့သူ၏စိတ်ထဲတွင် မေးခွန်းထုတ်မိစေရန်သာ အဓိကရည်ရွယ်ပါသည်။ သမိုင်းအကြောင်းအရာများကိုဖန်တီးပြုလုပ်သည့် အသိပညာများနှင့်စနစ်များသည် ကျွန်ုပ်တို့အားလုံး ပါဝင်နေထိုင်ရှင်သန်နေသော စနစ်များဖြစ်ပြီး ထို့ကြောင့်၎င်းစနစ်များသည် ကျွန်ုပ်တို့သွားသောနေရာတိုင်းတွင် သဘောတရားများ နှင့် ရုပ်ပုံများကို အသုံးချခြင်းဖြင့် နေ့စဥ်နှင့်အမျှပိုမိုခိုင်မာတောင့်တင်းလာနေပါသည်။  

ဒုတိယအနေဖြင့် စာ‌ရေးသူမှ ရိုဟင်ဂျာလူမျိုးများမှာ မည်သူတို့ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပါသည်ဟု အဆိုသွင်းခြင်း သို့မဟုတ် ဝန်ခံခြင်းဖြင့် စတင်လိုပါသည်။ မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာများသည် မည်သူတို့ဖြစ်သည်နှင့် ၎င်းတို့မှာ မည်သူတို့ဖြစ်ကြောင်းဆိုခဲ့သည်ကို သံသယရှိသည်ဟုဆိုသော လူ‌‌ပေါင်းများစွာ မြန်မာနိုင်ငံ (နှင့် အနောက်တိုင်း) တွင်ရှိပါသည်။ ထိုကဲ့သို့ရှု့မြင်မှုများကို တရားဝင်သတ်မှတ်ချက်အဖြစ် လူအများအပြားကလက်ခံထားကြပါသည်။ သို့သော် စာရေးသူအနေဖြင့် ‘မြန်မာ’၊ ‘ရခိုင်’၊ ‘ဗမာဗုဒ္ဓဘာသာ’ စသည့်အခေါ်အဝေါ်တို့အပေါ် သံသယရှိသည်ဟုဆိုပါက ထိုရှု့မြင်မှုသည် တရားဝင်ဖြစ်သည် ဟုထင်ရပါမည်လား။ ဤအခေါ်အဝေါ်များသည် အဖြေများထက် မေးခွန်းများပိုမိုထွက်ပေါ်လာစေပြီး ၎င်းတို့၏စစ်မှန်မှုကိုသက်သေပြရန်အတွက် အမျိုးမျိုးသောကြီးမားသည့်အတားအဆီးများကိုဖန်တီးနေသော မထင်မရှား၊ ဆိုးဆိုးဝါးဝါး အဓိပ္ပါယ်ဖွင့်ဆိုချက်များဟု တင်ပြခဲ့ပါကအဘယ်သို့ဖြစ်မည်နည်း။ ထိုအဆိုသွင်းချက်များမှာ တုန်လှုပ်ဖွယ်ဖြစ်ပြီး ဆန့်ကျင်မှုများပေါ်ပေါက်လာမည်ဖြစ်ကြောင်း ‘မြန်မာအကြောင်းလေ့လာရေး (Myanmar Studies)’ သို့မဟုတ် ‘ဗမာအကြောင်းလေ့လာရေး (Burma Studies)’ နယ်ပယ်ထဲရှိ လူတိုင်းသိရှိနားလည်ကြပါသည်။ ရိုဟင်ဂျာလူမျိုးများကို ‘ရိုဟင်ဂျာ’ ဖြစ်စေသော အရာများ၏သက်သေထူထားမှုသည် ရခိုင်လူမျိုးများကို ‘ရခိုင်’ဖြစ်စေသောအရာများ (ကျွန်ုပ်တို့အနေဖြင့် ရခိုင်ပြည်ထဲတွင် နေထိုင်နေရုံသာနေထိုင်နေသော လူများအကြောင်း ပြောနေခြင်းမဟုတ်ပါက) ကိုသက်သေထူထားမှုထက် လျော့နည်းနေခြင်းမရှိသောကြောင့် ဤအချက်သည် စိတ်ဝင်စားဖွယ်ကောင်းပါသည်။

အင်္ဂလိပ်ဘာသာ ဝေါဟာရအဘိဌာန်ထဲတွင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ခန့်မှသာ စတင်ဖြစ်တည်လာခဲ့သော မြန်မာဆိုသော စကားလုံးသည် အမှန်တကယ်‌ရော ရှိပါရဲ့လား – အတိတ်ကသမိုင်းမှတ်တမ်းများထဲတွင် လက်ရှိမြန်မာနိုင်ငံဟု အမည်တပ်ထားသောနိုင်ငံနှင့် မြန်မာလူမျိုးရှိခဲ့သည်ဟူသော သက်သေရှိပါသလား။  အတိတ်တွင် ၎င်းအမည်ကိုအသုံးပြုခဲ့သော နိုင်ငံရေးအဖွဲ့အစည်းများရှိခဲ့သော်လည်း ၁၉၉၀ ခုနှစ်များမှ စစ်အစိုးရနှင့် ၎င်းတို့ကြားမှဆက်ဆံရေးမှာ (အကယ်၍ဆက်ဆံရေးတစ်ခုခုရှိခဲ့ပါက) မည်ကဲ့သို့သောဆက်ဆံရေးပုံစံမျိုးဖြစ်ကြောင်း ရှင်းလင်းမှုမရှိပေ။ ‘မြန်မာ’ဆိုသောအမည်မှာ မြန်မာစစ်တပ်မှ ၎င်းတို့အနေဖြင့် ၁၉၉၀ ဆယ်စုနှစ်လယ်ပိုင်းကတည်းက အုပ်စိုးခဲ့သည့် (ယနေ့ထိတိုင် တစ်စိတ်တစ်ပိုင်းအုပ်စိုးထားသည့်) တိုင်းပြည်ကို ရည်ညွှန်းရန်သာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး အတိတ်သမိုင်းတွင် ရှိခဲ့သော မြန်မာ (တိုင်းပြည် သို့မဟုတ် နိုင်ငံ) နှင့် မည်ကဲ့သို့သော ချိတ်ဆက်မှုမျိုးရှိသည်ဆိုသည်မှာ ထင်ရှားမှုမရှိပေ။ ထို့အပြင် ၎င်းအရပ်ဒေသ၏အမည်အဖြစ်နှင့် လက်ရှိနိုင်ငံတော်မှ ၎င်းပြည်နယ်အတွင်းရှိ ဒေသခံလူမျိုးစုတစ်စုကို ခေါ်ဝေါ်သည့် ‘ရခိုင်’ဟူ‌သော အမည်သည် ရှေးယခင်ကတည်းကရှိခဲ့သော လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်မျိုးတစ်ဖုံဆက်စပ်နေသည်ဟူသော သက်သေမရှိပေ။ ကျွန်ုပ်တို့အနေဖြင့် ချိတ်ဆက်မှုတစ်ခုခုရှိမည်ဟုခန့်မှန်း သို့မဟုတ် ချိတ်ဆက်မှုတစ်ခုခုရှိကြောင်း ကြားသိခဲ့ရသော်လည်း ၎င်းချိတ်ဆက်မှုမှာ အပြောသက်သက်ချိတ်ဆက်မှုတစ်ရပ်အဖြစ်သာ အဆိုပြုထားခြင်းဖြစ်ပြီး ၎င်းအဆိုပြုချက်သည်လက်ရှိ နိုင်ငံရေးပြယုဂ်တစ်ခုကို ထောက်ခံခြင်းမှ အကျိုးအမြတ်ရလိုသော သမိုင်းသုတေသီများနှင့် နိုင်ငံရေးသမားများ၏ ဆောင်ရွက်ချက်များဖြစ်ပါသည်။

လက်ရှိကိစ္စရပ်အား ဤဆောင်းပါးမှချဥ်းကပ်ပုံသည် တစ်ချိန်ကစာ‌ရေးသူကိုယ်တိုင်မျှဝေမိခဲ့သော အမှားအယွင်းများနှင့် နားလည်မှုလွဲမှားခြင်းများမှာ ဤနယ်ပယ်နှင့် ဤနယ်ပယ်အတွင်းရှိပညာရှင်များတွင် တာဝန်ရှိကြောင်းထုတ်ဖော်မည့် ဝန်ခံမှုတစ်ခု သို့မဟုတ် ဖွင့်ဟဝန်ခံချက်တစ်ခုပုံသဏ္ဍာန်အသွင်မှ ချဥ်ကပ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အနောက်တိုင်းပညာ‌ရေးစနစ် (Western Academy) နှင့် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပေါ်ပေါက်လာခဲ့သော နယ်ပယ်ဒေသလေ့လာ‌ရေး (Area Studies) တို့၏ တည်ဆောက်ပုံသည် ကျောင်းသားများအား မျက်မှောက်ခေတ်ကမ္ဘာကြီးအပေါ်ရှု့မြင်ပုံကို သင်ကြားပေးပြီး ၎င်းပုံစံတူရှုထောင့်ပုံစံခွက်ကိုပင် နောက်ကြောင်းပြန်လှည့်အသုံးပြုကာ အတိတ်ခေတ်ကမ္ဘာကြီးအား အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာကြီးကိုရှု့မြင်သော ရုပ်ပိုင်းဆိုင်ရာ၊ လူမျိုးစုဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာနှင့် ယဥ်ကျေးမှုဆိုင်ရာကောက်ကြောင်းများမှ ရှု့မြင်ကြကာ ထိုကျောင်းသားများအနေဖြင့် ကျွမ်းကျင်သူပညာရှင်များဖြစ်လာပါက ထိုရှု့မြင်ပုံများသည် အတည်ပြုပြဌာန်းသတ်မှတ်ခံရခြင်းကြောင့် ဖြစ်ပါသည်။

I

1၁၉၉၉ ခုနှစ်တွင် စာရေးသူမှ အမေရိကန်ပြည်ထောင်စု မီချီဂန်တက္ကသိုလ် (University of Michigan) တွင် ရခိုင်အကြောင်း စာတမ်းရေးခဲ့စဥ်၌ ၎င်းအတွက်‌ဆောင်ရွက်ခဲ့သော သုတေသနနှင့် နောက်ဆုံးရရှိလာခဲ့သော အချောသတ်စာတမ်းသည် အစောပိုင်းမျက်မှောက်‌ခေတ် (early modern) ရခိုင်များကာလမှ ၁၉ရာစုကာလအတွင်း ပေါ်ပေါက်လာသော ဘာသာရေးဆိုင်ရာဆည်းကပ်သစ္စာရှိမှုအပေါ် အဓိကအလေးထားအာရုံစိုက်ခဲ့ပါသည်။ ရခိုင်ပြည်တွင် ထေရဝါဒဗုဒ္ဓဘာသာပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းစွာအလေးပေး ဖော်ပြနေစဥ်မှာပင် တစ်ဖက်မှာလည်း ထိုကဲ့သို့ လူမျိုးစုတစ်စု၏ ဝိသေသလက္ခဏာနှင့် သမိုင်းဝင်အချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ရခိုင်ပြည်၌ အစ္စလာမ်ဘာသာပြန့်နှံ့လာပုံကိုပါ လေ့လာရန်လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းစာတမ်း၏ သိသာသောတစ်စိတ်တစ်ဒေသအား မျက်မှောက်ခေတ်ကိုးကားချက်များတွင် အသုံးပြုကြရာ၌ ရခိုင်ပြည်နယ်ရှိ မူဆလင်များ၏သမိုင်းကြောင်းမှာ မည်သို့ရှိသည်ကိုပြောကြားထားသော အချက်များကို ထေရဝါဒဗုဒ္ဓဘာသာများ၏ သမိုင်းကြောင်းအချက်များအ‌ပေါ် ကိုးကားကြသည့် နည်းတူ သို့မဟုတ် ပို၍ ကိုးကားအသုံးပြုကြပါသည်။ ၎င်းပြဿနာအပေါ် မြန်မာနိုင်ငံ၏ရှု့ထောင့်မှ ချဥ်းကပ်မှုသည် ဤလေ့လာသုတေသနပြုမှုအတွက် မည်သို့သောကန့်သတ်ချက်များရှိသည်ကို ပုံဖော်ခဲ့ပါသည် – ဤလေ့လာသုတေသနပြုမှုသည် တစ်စုံတစ်ယောက်မှ မြန်မာနိုင်ငံ၏တစ်စိတ်တစ်ပိုင်း အကြောင်းစူးစမ်း‌လေ့လာမှုပြုလုပ်ရန် ဆောင်ရွက်ရန်လိုအပ်သည်များနှင့် တစ်သားတည်းဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံအကြောင်း သုတေသနလေ့လာပြုမှုများပေါ်တွင်သာ အဓိကအလေးပေးထားသော စာပေပြန်လည်သုံးသပ်ဆန်းစစ်မှုတစ်ရပ်အပြီးတွင် စာရေးသူသည် ရခိုင်ကို ရည်ညွှန်းသော အရာအားလုံးကို ရှာဖွေအသုံးပြုရန်ကြိုပမ်းသည့်အနေဖြင့် လက်လှမ်းမီနိုင်သမျှ ပေစာ (ထန်းရွက်များတွင်ရေးသားထားသော ဗမာလက်ရေးစာမူများ) များအားလုံးကို ဖတ်ရှု့ခြင်း၊ မြန်မာ၏ တော်ဝင်အုပ်ချုပ်ရေးညွှန်ကြားချက်များကို လှန်လှောရှာဖွေခဲ့ခြင်း၊ ခရီးသွားများ၏ တင်ပြပြောဆိုချက်များနှင့် မှတ်တမ်းများအား လေ့လာဆန်းစစ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းစဥ်အတွင်းတွင် ၁၉၁၀ခုနှစ်များကတည်းက မည်သူမှ အသုံးပြုခဲ့ပုံမရသည့် သမိုင်းဖြစ်ရပ်မှတ်တမ်းများကို (ပြန်လည်)ရှာဖွေတွေ့ရှိခဲ့ပါသည်။2 ထို့နောက် စာရေးသူမှ ရခိုင်သမိုင်း၊ ရခိုင်ပြည်နယ်ရှိ ပေါ်တူဂီလူမျိုးများနှင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမှလူမျိုးများအကြောင်း ဆောင်းပါးများ ထုတ်ဝေခဲ့သော်လည်း ထိုဆောင်းပါးများအားလုံးမှာ အခြားတိုင်းပြည်တစ်ပြည်နှင့်နယ်နိမိတ်ထိစပ်နေသော နယ်မြေတစ်ခုအဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံ၏အစွန်အဖျားဒေသတစ်ခုအဖြစ် မြန်မာနိုင်ငံ၏သမိုင်းထဲတွင် ဤအကြောင်းအရာများသည် မည်ကဲ့သို့ ဝင်ဆန့်နိုင်မည်ဟူသော ရှု့ထောင့်မှသာဖော်ပြခဲ့ပါသည်။ စာရေးသူအနေဖြင့် ရခိုင်ကို မြန်မာနိုင်ငံ၏တစ်စိတ်တစ်ပိုင်းအဖြစ်သာရှု့မြင်ခဲ့၊ သတ်မှတ်ဆက်ဆံခဲ့ပြီး ရခိုင်အကြောင်း ရေးသားပြုစုရာတွင် မြန်မာနိုင်ငံ၏တစ်စိတ်တစ်ပိုင်းအဖြစ်သာ ရှု့မြင်ရေးသားခဲ့ပါသည်။3 ယခင်ကအကြောင်းများအား ပြန်လည်စဥ်းစားကြည့်ပါက ထိုအချိန်က အရှေ့တောင်အာရှဒေသလေ့လာရေး (Southeast Asian Studies) တွင်ရှိခဲ့သော သမိုင်းကြောင်းမှတ်တမ်းများဖြင့် ပုံဖော်ထားသည့် ရှု့မြင်မှုများကြောင့် ထိုကဲ့သို့ရှု့မြင်မှုမျိုးမှလွဲ၍ အခြားသောရှု့မြင်မှုများသည် ခက်ခဲမည် (ဟန့်တားခံရမည် သို့မဟုတ် အနည်းဆုံးတော့ အားပေးအားမြှောက်ပြုခံရမည်မဟုတ်)ဟု စာရေးသူအနေဖြင့် ခိုင်ခိုင်မာမာဆိုနိုင်ပါသည်။ ဆယ်စုနှစ်များစွာကြာမှ ‌ပေါ်ပေါက်လာသော နယ်စပ်ဒေသများကို သုတေသနပြု‌လေ့လာခြင်းသည်ပင်လျှင် မြန်မာနိုင်ငံအတွင်းရှိလူနေမှုဘဝနှင့် သမိုင်းကြောင်းကို ပုံဖော်ရာ၌ အချို့ပြည်နယ်များ၏အ‌ရေးပါမှုအပေါ် အလေးထားမှုတစ်ရပ်ကို သွယ်ဝိုက်သောနည်းလမ်းဖြင့် အားပေးမှုသာရှိခဲ့ပါသည်။4 ထိုသို့ ဖြစ်နေခဲ့သော်ငြားလည်း နယ်ပယ်ဒေသလေ့လာ‌ရေး (Area Studies) ၏ကျိုးကြောင်းညီညွတ်မှုကို မကြာသေးမီအချိန်အထိ မေးခွန်းထုတ်ခဲ့ခြင်းမရှိပါ။

စာရေးသူလေ့လာနေခဲ့သော ဘာသာရေးအကြောင်းအရာနှင့်ကိုက်ညီမှုရှိနေစေရန် စာရေးသူအနေဖြင့် လူမျိုးစု၏ပေါ်ပေါက်လာမှုကို အလေးမပေးရန် ရွေးချယ်ခဲ့ပြီး ၎င်းအစား ကိုးကွယ်မှုဘာသာအနေဖြင့် မည်သို့မည်ပုံပြန့်နှံ့လာကာ နောက်ပိုင်းတွင် ကျွန်ုပ်တို့တွေ့ရှိလာရသည့် ရခိုင်ဗုဒ္ဓဘာသာဆည်းကပ်သစ္စာရှိမှုမှာ မည်ကဲ့သို့ဖြစ်လာခဲ့သည်ဟူသောမေးခွန်းပေါ်တွင် အဓိကအာရုံစိုက်ခဲ့ပါသည်။ လေ့လာဆန်းစစ်ခဲ့သော ဖြစ်ရပ်များအကြား ရှုပ်ထွေးမှုကိုရှောင်ရှားရန် စာတမ်း၏မိတ်ဆက်တွင်ပါဝင်သော အချို့ကိုးကားချက်များမှလွဲ၍ စာတမ်းတစ်စောင်လုံးတွင် ရခိုင်ပြည်နယ်တွင် လူမျိုးစု၏အမည်ဖြစ်သည့်ရိုဟင်ဂျာအစား အစ္စလာမ်ဘာသာ၏ပြန့်နှံ့လာမှုကိုသာ ထိတွေ့ဆောင်ရွက်ခဲ့ပြီး ထို့ကြောင့် အစောပိုင်းမျက်မှောက်‌ခေတ် (early modern) ရခိုင်ပြည်နယ်ရှိ မူဆလင်များမှာ မူဆလင်များဟူ၍သာ ညွှန်းဆိုခံခဲ့ရပါသည်။ သို့သော် ယနေ့ခေတ် ၎င်းစာတမ်းကိုဖတ်ရှု့သူများအနေဖြင့် နိုင်ငံရေးရှု့ထောင့်မှနေ၍ဖတ်ရှု့ကောင်းဖတ်ရှု့နိုင်ပါသည်။ သတိမမူမိဘဲ ဤစာတမ်းသည် မြန်မာနှင့် ရခိုင်ပြည်ရှိ ကိုလိုနီခေတ်ယန္တယားများမှ လွှမ်းမိုးဖြစ်တည်လာခဲ့သော သဘောတရားများ၏ ဘောင်ခတ်ခြင်းကို ခံခဲ့ရပါသည်။ မရည်ရွယ်ဘဲ ဤစာတမ်းသည် ၎င်းကာလအတွင်း၌ထုတ်ဝေခဲ့သည့် ရခိုင်အကြောင်းစာပေအများစုကဲ့သို့ပင် မြန်မာပြည်နှင့် လူမျိုးစုတစ်ခုအပေါ်မှာသာသစ္စာရှိသောလူများမှ ရိုဟင်ဂျာလူမျိုးများအား ဆန့်ကျင်ရန်အသုံးပြုခဲ့သည့် ရိုဟင်ဂျာလူမျိုးတို့အကြောင်း အသိပညာသဘောတရားများကို တောင့်တင်းခိုင်မာစေခဲ့ပါသည်။

ဤနေရာတွင် စာရေးသူ၏ပထမအချက်ကိုဆွေးနွေးလိုပါသည်  – မျက်မှောက်ခေတ်နိုင်ငံများသည် နယ်ပယ်ဒေသလေ့လာ‌ရေး (Area Studies)၏ အစောပိုင်းမူဘောင်များမှပုံဖော်ခြင်းခံခဲ့ရသည့် အစောပိုင်းမျိုးဆက်သုတေသနများရော လက်ရှိခေတ်သုတေသနများနှင့်ပါ မိတ်ဖက်များဖြစ်ကြပါသည်။ အသိပညာဗဟုသုတများနှင့် ၎င်းတို့ကိုအသုံးချမှုသည် ပြီးခဲ့သောနှစ်ပေါင်း သုံးဆယ်ခန့်အတွင်းရှိ စာပေပညာရှင်များ၏လက်ထဲတွင် များစွာပြောင်းလဲသွားခဲ့သော်လည်း စာပေပညာရှင်အများစု၏လက်ထဲတွင်မူပြောင်းလဲသွားခဲ့ခြင်းမရှိသလို နိုင်ငံများ၏ အချို့သော အသိပညာဗဟုသုတများအားအသုံးချရာတွင်လည်း ပြောင်းလဲသွားခဲ့ခြင်းမရှိပါ။ ကိုလိုနီပြုမှုအတွင်းအခြေခံထားသည့် နယ်ပယ်ဒေသလေ့လာ‌ရေး (Area Studies) ကြောင့် အထက်ပါမိတ်ဖက်သည်အလွန်ခိုင်မာပါသည်။ ဗြိတိန်သည် ‘the Global South’ ဟုခေါ်သော ကမ္ဘာကြီး၏တောင်ဖက်ပိုင်းပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည့် တိုင်းပြည်များစွာအတွက် ပုံစံခွက်တစ်ခုဖန်တီးပေးခဲ့ပါသည်။ မိမိတို့၏လက်အောက်ခံနိုင်ငံများဆီသို့ သွားရောက်ခဲ့သော ကိုလိုနီခေတ်အုပ်ချုပ်သူများသည် ဖြစ်နေခဲ့သောနှင့် ဖြစ်လာနိုင်ချေရှိသော ဖွံ့ဖြိုးတိုးတက်မှုတစ်မျိုးမျိုးကို စောင့်ကြည့်‌ရန်နှင့် ၎င်းဖွံ့ဖြိုးတိုးတက်မှုတစ်မျိုးမျိုးအား ထောက်ပံ့အားပေးရန် သို့မဟုတ် တားဆီးရန်  တာဝန်ပေးအပ်ထားခြင်း ခံခဲ့ရပါသည်။ သြဇာအာဏာတူညီသော အခြားကိုလိုနီလက်အောက်ခံနိုင်ငံများနှင့် တစ်တန်းထဲမဟုတ်ပါက ကိုလိုနီလက်အောက်ခံနိုင်ငံများအနေဖြင့် ၎င်းတို့ကိုအုပ်ချုပ်သူနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားရန်ဖြစ်ပြီး ပြင်ပမှအင်အားစုများနှင့် နိုင်ငံရေးအမြင်များအား သက်ဆိုင်သောအခြေနေဒေသများအတွင်းရွှေ့ပြောင်းသယ်ယူနိုင်သောအခြေအနေမျိုးတွင် အခြားသော မိတ်ဖက်နိုင်ငံများအပေါ်ကိုပါ မကြာခဏဆိုသလို သံသယမျက်လုံးများဖြင့် စောင့်ကြည့်ရန်ဖြစ်ပါသည်။ ဥပမာ အိန္ဒိယအလုပ်သမားများကို ဗြိတိသျှအုပ်ချုပ်သောဗမာပြည်မှကြိုဆိုခဲ့သော်လည်း အိန္ဒိယတို့၏ဆူပူထကြွမှုများကိုမူ ကြိုဆိုမှုမရှိခဲ့ပါ။

သမိုင်းကြောင်းများကို အားပေးအားမြှောက်ပြုခြင်း၊ ထောက်ပံ့ကူညီခြင်းနှင့် ရေးသားခြင်းတို့ဆောင်ရွက်ရာတွင် တိုင်းပြည်တစ်ပြည်၏ပါဝင်မှုအခန်းကဏ္ဍမှာ ၎င်းတိုင်းပြည်၏တစ်စိတ်တစ်ပိုင်းမဟုတ်သော နေရာတစ်မျိုးမျိုးအား တိုင်းပြည်၏တစ်စိတ်တစ်ပိုင်းဖြစ်သောနေရာတစ်မျိုးမျိုးအဖြစ် ပြောင်းလဲရန်နည်းလမ်းတစ်ရပ်အဖြစ် အသုံးချရန်အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့ရှု့မြင်ကောင်းရှု့မြင်နိုင်ပါသည်။5 ဗြိတိသျှတော်ဝင်မှတ်တမ်း သို့မဟုတ် ကိုလိုနီသမိုင်းကြောင်း (သို့မဟုတ် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလ မြန်မာအမျိုးသား‌ရေးသမိုင်း) တို့ကို အလေးပေးရန် အတိတ်တွင်ရှိခဲ့သော ဒေသခံယဥ်ကျေးမှုများအား အမြစ်ဖြတ်ဖယ်ရှားခြင်းသည် ဗဟိုအစိုးရအတွက် ဒေသတွင်းရှိအတားအဆီးများအားလျှော့ချရာတွင် အထောက်အကူ‌ပေးခဲ့သော ကိရိယာတစ်ခုဖြစ်ခဲ့ပြီး ဗဟိုသို့ချဥ်းကပ်သောသဘောတရားများမဟုတ်ဘဲ ဗဟိုအစိုးရမှခွာထွက်ခြင်းကိုထောက်ခံသည့် အရာတိုင်းသည် ဗြိတိသျှတော်ဝင်နန်းတော် သို့မဟုတ် ကိုလိုနီအုပ်ချုပ်‌ရေးအတွက် အဆိုးဝါးဆုံး အတားအဆီးမျိုးပင်ဖြစ်ပါသည်။ တိုင်းပြည်အဆက်ဆက်သည် ၎င်းတို့၏တိုင်းသူပြည်သားများအား မိမိတို့၏နိုင်ငံရေးနယ်နိမိတ်များအတွင်း မြှပ်နှံထားသောသမိုင်းဇာတ်ကြောင်းများကိုသာ သင်ကြားပေးခဲ့ပါသည် – အကျိုးဆက်အနေဖြင့် Sujit Sivasundaram မှ သီရိလင်္ကာနိုင်ငံ၏ကိစ္စရပ်တွင် ‘မိမိကိုယ်ကိုယ်သီးခြားခွဲထုတ်ခြင်း (being islanded)’ ခေါ်ဆိုခဲ့သောလုပ်ငန်းစဥ်ကြောင့် လူသားများထိတွေ့ဆက်ဆံမှုသဘာဝအရ သမိုင်းကြောင်းစီးဆင်းမှုကိုတည်ဆောက်ထားသည့် လူပုဂ္ဂိုလ်များ၊ အတွေးအခေါ်များနှင့် ယဥ်ကျေးမှုသဘာဝစီးကြောင်းများသည် ဤသမိုင်းဇာတ်ကြောင်းများထဲတွင် ကျိုးပျက်သွားကာ ချိတ်ဆက်မှုမရှိတော့ပါ။6 တချို့လူများသည် ဒေသခံများ သို့မဟုတ် ၎င်းမြေတွင်မွေးဖွားကြီးပြင်းလာကြသူများဖြစ်ပြီး တချို့မှာ ထိုသို့မဟုတ်ကြပါ။ ဗြိတိသျှတို့အတွက် စကော့လူမျိုးများနှင့် ဝေလလူမျိုးများကဲ့သို့ တချို့သောလူနည်းစုများမှာ အစဥ်အလာအရ လူများစုများနှင့် ဆွေမျိုးသားချင်းများဖြစ်ကြပြီး တချို့မှာ အခြားသောနယ်မြေများ၏ ဒေသခံလူမျိုးများဖြစ်ကြကာ ထိုကဲ့သို့အတွေးအ‌ခေါ်များသည် လူများ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေပါသည်။ သမိုင်းပညာရှင်များ၊ လူမျိုးနှင့်ယဥ်ကျေးမှုများကိုသရုပ်ခွဲသော ပညာရှင်များ၊ ကျောက်စာလေ့လာသူများ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ ဘာသာဗေဒပညာရှင်များနှင့် အခြားသော ကြီးကျယ်တတ်ကျွမ်းသည့် ပညာရှင်များမှာ အကြောင်းပြချက်အမျိုးမျိုးဖြင့် မတူညီသော အလုပ်ရှင်များမှ အလုပ်များစေခိုင်းခံခဲ့‌ရသော်လည်း ယေဘုယျအားဖြင့် ၎င်းတို့၏သုတေသနများမှာ ကိုလိုနီခေတ်အုပ်ချုပ်မှု၏ နိုင်ငံရေးတွေးခေါ်မှုများမှလွှမ်းမိုးခြင်းခံခဲ့ရပြီး ပညာရှင်များမှမြန်မာနိုင်ငံအကြောင်းတွေးခေါ်ရာတွင်လည်း ထိုကဲ့သို့သောတွေးခေါ်မှုများသည် ပြန်လည်ပုံတူကူးယူခံခဲ့ရပါသည်။

ကိုလိုနီအုပ်ချုပ်ရေးမူဘောင်များသည် မျက်မှောက်ခေတ်ဥရောပ၏အကျိုးစီးပွားကို ထင်ဟပ်စေခဲ့သကဲ့သို့ စစ်အေးကာလနှင့် နောက်ပိုင်းကာလများအတွင်း အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများကို ဗျူဟာကျကျလိုက်စားဆောင်ရွက်ရန် ကိုလိုနီခေတ်နောက်ပိုင်း နယ်ပယ်ဒေသလေ့လာရေး (Postcolonial Area Studies) ပေါ်ပေါက်လာပြီး ၎င်းကို ၁၉၅၈ခုနှစ် နိုင်ငံတော်ကာကွယ်ရေး ပညာရေးအက်ဥပဒေ (National Defense Education Act) အောက်မှတဆင့် ငွေကြေးထောက်ပံ့ခဲ့ (နောက်ပိုင်းတွင် US Code ၏ခေါင်းစဥ် VI အောက်မှတဆင့်ဆက်လက်ဆောင်ရွက်ခဲ့သော) ပါသည်။7 ကမ္ဘာကြီးကို အမျိုးအစားခွဲခြားမှုတစ်ရပ်အား ၎င်းမှဖန်တီးပေးခဲ့ပြီး နယ်မြေဒေသများကိုရှာဖွေဖော်ထုတ်ကာ ထိုနယ်မြေများ၏ဧရိယာများထဲတွင် တစ်သီးပုဂ္ဂလနိုင်ငံများကိုသွတ်သွင်းခဲ့ပါသည်။ ၎င်းသွတ်သွင်းမှုအား သိပ္ပနည်းကျ (ဆိုလိုသည်မှာ Linnean နည်းဖြင့်) ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာကြီး၏ ဒေသဆိုင်ရာနှင့် တိုင်းပြည်ဆိုင်ရာ အသိပညာဗဟုသုတများအား ၎င်းကဲ့သို့စီစဥ်ဆောင်ရွက်ထားမှုသည် ပညာရှင်များနှင့် အခြားသူများအား နိုင်ငံတစ်နိုင်ငံအနေဖြင့် အလားအလာရှိသော မိတ်ဖက် သို့မဟုတ် အလားအလာရှိသော မိတ်ဆွေနိုင်ငံတစ်နိုင်ငံ ဟုတ်မဟုတ်လျှင်မြန်စွာသိရှိနိုင်စေရန် ကူညီ‌ပေးခဲ့ပါသည်။8 ၎င်းစီမံချက်သည် အနောက်တိုင်းမဟုတ်သော နယ်မြေများ၏ ကိုလိုနီခေတ်နောက်ပိုင်းသမိုင်းကိုလေ့လာသူ ကနဦးပညာရှင်များနှင့် ‌မနုဿဗေဒပညာများ (နှင့် နိုင်ငံရေး အစရှိသည်)တို့အတွက် ၎င်းတို့၏အကြောင်းအရာဖြစ်ရပ်လေ့လာမှုများအား ရှာဖွေဖော်ထုတ်ခြင်း၊ လေ့လာဆန်းစစ်မှုဧရိယာများအား ကန့်သတ်ခြင်း သို့မဟုတ် ဘောင်ခတ်ခြင်း၊ ‌သုတေသနဆောင်ရွက်ရန် ထောက်ပံ့ကြေးများရှာဖွေ/ရရှိခြင်းနှင့် ၎င်းတို့၏သင်ခန်းစာများအတွင်း အစီစဥ်ချသင်ကြားရေးတို့အတွက် သိသာထင်ရှားသော သက်ရောက်မှုများရှိခဲ့သောကြောင့် ၎င်းနည်းလမ်းဖြင့် ကမ္ဘာကြီးအားချဥ်းကပ်ခြင်းသည် ကိုယ်တိုင်ပြန်လည်ထုတ်လည်ပတ်နိုင်သော နည်းလမ်းတစ်ခုဖြစ်လာခဲ့ပါသည်။

အရှေ့တောင်အာရှကျွမ်းကျင်သူတစ်ဦးအဖြစ် စာရေးသူသည် နယ်ပယ်ဒေသလေ့လာရေး (Area Studies) ပေါ်ပေါက်လာသော သမိုင်းဇာတ်ကြောင်းကိုရှင်းပြရာတွင် ‘အရှေ့‌တောင်အာရှ’ နယ်ပယ်အနေဖြင့် မည်သို့တိုးတက်ပြောင်းလဲလာကြောင်းသာရှင်းပြသည့် ရှု့ထောင့်တစ်ခုတည်းကိုသာ ပေးအပ်ကမ်းလှမ်းနေခြင်းဖြစ်ကောင်းဖြစ်နိုင်ကြောင်း စာရေးသူအနေဖြင့် သိရှိနားလည်ပါသည်။ နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်အတွင်းရှိ မတူညီသောနယ်ပယ်များတွင် မတူညီသော အတွေ့အကြုံဖြစ်ရပ်များရှိပြီး ၎င်းတို့တစ်ခုချင်းစီသည် နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်၏ တိုးတက်ပြောင်းလဲလာမှုဖြစ်စဥ်ကို ကွဲပြားစွာရှု့မြင်ကြကြောင်း သက်သေများရှိပါသည်။9 ‘အရှေ့တောင်အာရှ’သည် ဒုတိယကမ္ဘာစစ်အတွင်းမှသာပေါ်ပေါက်လာခဲ့သည့် သ‌ဘောတရားတစ်ခုဖြစ်သောကြောင့် နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်၏ အပေါ်ယံအတုအယောင်ဖြစ်မှုသည် အခြားနေရာများနှင့်ယှဥ်လျှင် အရှေ့‌တောင်အာရှတွင် ပိုမိုသိသာရှင်းလင်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် Cynthia Chou မှဆိုခဲ့သလို နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်၏ အခြားသောနယ်ပယ်များမှ ဝေဖန်ချက်များနှင့်မတူဘဲ အရှေ့‌တောင်အာရှဒေသလေ့လာရေးတွင် နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်၏ဝေဖန်ချက်သည် ၎င်းဒေသ၏အပေါ်ယံအတုအယောင်ဖြစ်မှုအပေါ် အလေးပေးထားပါသည်။10 အရှေ့တောင်အာရှကိုလိုနီလက်‌အောက်ခံများ သို့မဟုတ် ကိုလိုနီခေတ်နိုင်ငံများနှင့် ယနေ့ခေတ် တိုင်းပြည်-နိုင်ငံများ အဖြစ်ခေါ်ဆိုကြသော နယ်ပယ်များ၏ နောက်ဆုံးနိုင်ငံရေးနယ်နိမိတ်များမှာ ကြုံရာကျပန်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လွန်စွာနောက်ကျခဲ့သောကြောင့်11 ၎င်းတို့၏တိုင်းပြည်ဆိုင်ရာ ဝိသေသနလက္ခဏာများအား အဓိပ္ပါယ်ပြည့်ဝသောအရာများအဖြစ် အလေးပေးဆိုနေခြင်းသည် အထူးပင် နားလည်မှုလွဲစေပါသည်။

အမေရိကန်ပြည်ထောင်စု၏ နယ်ပယ်ဒေသလေ့လာရေး (Area Studies) ဘာသာရပ်အပေါ်ချဥ်းကပ်မှုနည်းလမ်းအား အရှေ့တောင်အာရှဒေသအပေါ်အသုံးချခဲ့ခြင်းသည် လွတ်လပ်သောကမ္ဘာကြီး ‘Free World’ ဟု ခေါ်သော အချိန်တွင် လူသုံးများလာခဲ့ပါသည်။ စစ်ပြီးခေတ်အစောပိုင်းဆယ်စုနှစ်များအတွင်းတွင် ဥရောပသည် ပြန်လည်တည်‌‌ဆောက်နေဆဲဖြစ်ခဲ့ပြီး၊ စစ်ပြီးခေတ်အာရှတွင် ခေတ်မီတက္ကသိုလ်ပညာရေးစနစ်များမှာ ပြန်လည်ထူထောင်နေဆဲဖြစ်ကာ ထောက်ပံ့မှုများမလုံလောက်ခြင်းတို့သည် ကွန်မြူနစ်အုပ်စု၏ပြင်ပတွင် အမေရိကန်ပြည်ထောင်စု၏ ကြွယ်ဝမှုဖြင့် ကမ္ဘာကြီးမှာကိုလိုနီခေတ်မှသည်ကိုလိုနီခေတ်နောက်ပိုင်းကာလသို့ တဖြည်းဖြည်းရွှေ့ပြောင်းနေသော အရေးကြီးသည့်ထိုကာလ၌ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် ရည်ရွယ်တည်ဆောက်ထားသော လေ့လာဆန်းစစ်ခြင်းဆိုင်ရာ ပုံစံခွက်တစ်ခုဖန်တီးနိုင်စေခဲ့ပြီး ၎င်းပုံစံခွက်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ တစ်ကမ္ဘာလုံးဆိုင်ရာ စာပေသုတေသနများအပေါ် လွှမ်းမိုးခဲ့ပါသည်။ သုတေသနရှု့ထောင့်မှကြည့်မည်ဆိုပါက ကမ္ဘာကြီးအပေါ်ရှု့မြင်မှုများသည် အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာကြီးအပေါ်ရှု့မြင်သည့်ပုံစံအတိုင်းဖြစ်လာခဲ့ပြီး ၎င်းရှု့ထောင့်သည် ထို့စဥ်က အမေရိကန်တို့၏ ရောသမမွှေထားသော ‘melting pot’ သဘောတရား – လူနည်းစုလူမျိုးများ၏ထည့်ဝင်မှုများကို လျစ်လျှူရှု့ထားမှု  (နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုနောက်တွင် နောက်ကျကျန်ခဲ့သည့်)၊ ‘နိုင်ငံ’သုံးဘာသာစကားတစ်ခုအပေါ် အလေးပေးမှု (လက်တွေ့တွင် အင်္ဂလိပ်ဘာသာစကားအား အသုံးပြုခြင်း)၊ တစ်ခုတည်းသောလူမျိုးရေးဝိသေသလက္ခဏာရှိမှု (အမေရိကန်လူမျိုး)၊ မျက်မှောက်ခေတ်တိုင်းပြည် ပေါ်ပေါက်လာသည့်အကြောင်း တစ်ခုတည်းသောသမိုင်းဇာတ်ကြောင်းရှိမှုနှင့် ယေဘုယျအားဖြင့် နိုင်ငံကိုယ်စားပြုကိုးကွယ်သည့်ဘာသာတစ်ဘာသာတည်းရှိသည်ဟုသောအချက်ကို စွဲကိုင်ထားမှု (မည်မျှများပြားသော ကွဲပြားမှုများရှိသည်ဖြစ်စေ၊ အမေရိကန်နိုင်ငံသည် ခရစ်ယာန်နိုင်ငံဖြစ်ပြီး အခြားမည်သူမဆိုသည် ၎င်းတို့မှသဘာထားကြီးမားစွာလက်ခံထားပေးသော လူနည်းစုပင်ဖြစ်ပါသည်) တို့မှပုံဖော်ခဲ့ပါသည်။

II

ဤနေရာတွင် စာရေးသူ၏ဒုတိယအချက်ကိုဆွေးနွေးလိုပါသည်  – ဗြိတိသျှကိုလိုနီအုပ်ချုပ်သူတို့၏ နိုင်ငံရေးအကြောင်းပြချက်များကြောင့် ရိုဟင်ဂျာလူမျိုးများသည် ရခိုင်မှ သမိုင်းကြောင်းတစ်လျှောက် ဖျောက်ဖျက်ထားခြင်း ခံခဲ့ရပါသည်။ အနောက်တိုင်းမဟုတ်သော ‌နယ်မြေဒေသများတွင် ဗြိတိသျှပညာရှင်များရှိနေခဲ့သမျှကာလပတ်လုံး အနောက်တိုင်းမဟုတ်သောနယ်မြေဒေသများအပေါ် လေ့လာမှုပြုထားသည့် ဗြိတိသျှသုတေသနများသည် ဗြိတိသျှသြဇာအာဏာအတွက် နိုင်ငံရေးအရတန်ဖိုးရှိအသုံးဝင်ခဲ့ပါသည်။ သို့သော် ၎င်းတို့သည် မတူညီသော အချိန်ကာလများတွင် မတူညီသောစီမံကိန်းတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၇၅၇ နှင့် ၁၈၅၇ အကြား ဗြိတိသျှခရီးသွားများမှထုတ်ဝေခဲ့သည့် မြန်မာအကြောင်း သိသာထင်ရှားသည့် မှတ်တမ်းများမှာ အရှေ့အိန္ဒိယကုမ္ပဏီမှ ကုမ္ပဏီ၏ကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက်အသုံးဝင်နိုင်မည့် လုပ်ပိုင်ခွင့်များကို ရယူထိန်းချုပ်ရန်နှင့် သတင်းအချက်အလက်စုဆောင်းရန် ပို့ဆောင်ခဲ့သော သံအဖွဲ့များ၏မှတ်တမ်းများသာ ဖြစ်ပါသည်။

သမိုင်းတစ်လျှောက်အချိန်ကာလတစ်ခုခုတွင် ရခိုင်သည် ဘင်္ဂလား၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး ထိုအတိုင်းဆက်လက်ရှိနေခဲ့နိုင်ပါသည်။ ၁၈၂၆တွင် ရန္တပိုစာချုပ်၏ရလဒ်အနေဖြင့် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီသည် ရခိုင်အားရယူခဲ့ပါသော်လည်း ၎င်းတို့သည် ၎င်းတို့၏သုတေသနများအား မြန်မာနိုင်ငံပေါ်တွင်သာ အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ Francis Buchanan မှ ၁၇၉၆ ၌ မြန်မာသို့လာရောက်ခဲ့စဥ် (နှစ်အနည်းငယ်အကြာတွင် အရှေ့တောင် ဘင်္ဂလားသို့သွားရောက်ခဲ့) တွင် ရခိုင်သည် ၁၀နှစ်ဝန်းကျင်ခန့်သာအုပ်ချုပ်ခံခဲ့ရသေးပြီး ၎င်းမှ ရခိုင်နှင့် အခြားသော မြန်မာပတ်ဝန်းကျင်ရှိ အစွန်အဖျားဒေသများအား ၎င်းတို့အမြင်တွင် စစ်လိုလားသောမြန်မာကို ဆန့်ကျင်တိုက်ခိုက်ရန် ဖြစ်နိုင်ချေရှိသော မဟာမိတ်အနေဖြင့် သို့မဟုတ် ခွဲထုတ်ကာ ၎င်းတို့သွယ်ဝိုက်အုပ်ချုပ်သော ကြားခံနယ်များအသွင် မှီခိုနိုင်သော အရှေ့အိန္ဒိယကုမ္ပဏီမှဝင်ရောက်ခေါင်းပုံဖြတ်နိုင်သည့် နယ်မြေများအဖြစ် စတင်စဥ်းစားလာခဲ့ပါသည်။12 ထို့နောက် Buchanan သည် ရိုဟင်ဂျာများကိုတွေ့ရှိခဲ့ကာ ၎င်းတို့၏လူမျိုးစုအမည်နှင့် ၎င်းတို့ဘာသာစကားအချို့ကိုမှတ်တမ်းယူခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ထုတ်ဝေခဲ့ပါသည်။ ၎င်းသည် ထိုကာလမှနောက်ပိုင်းဆယ်စုနှစ်အနည်းငယ်အတွင်း ယင်းဒေသသို့ရောက်ရှိလာခဲ့မှုမှတ်တမ်းများအား အသေးစိတ်သေချာစွာရေးသားခဲ့သည့် တစ်ဦးတည်းသော သတင်းအချက်အလက်စုဆောင်းသူဖြစ်သောကြောင့် သဘာဝအလျောက်13 အခြားသောစာပေများသည် ၎င်း၏မှတ်တမ်းများပေါ်တွင်မှီခိုခဲ့ပြီး ထိုအချက်အလက်များအား အဖန်ဖန်အသုံးပြုခဲ့ပါသည်။ ထိုအချိန်တွင် ဗြိတိသျှတို့သိထားခဲ့သောအရာမှာ ၎င်းတို့အနေဖြင့် အနာဂတ်တွင် မြန်မာနှင့်ဖြစ်ပွားလာနိုင်သည့်စစ်ပွဲအတွက် ရိုဟင်ဂျာများအပါအဝင်အခြားသော လူမျိုးစုများနှင့် မိတ်ဖွဲ့ရန်လိုအပ်ကောင်းလိုအပ်လာလိမ့်မည်ဟူသော အချက်ဖြစ်ပါသည်။ Thomas Campbell Robertson ၏ ၁၈၂၀ ခုနှစ်များနှင့် Sir Arthur Phayre ၏ ၁၈၄၀ ခုနှစ်များတွင်ဆောင်ရွက်ခဲ့သော ကိစ္စရပ်များကြောင့် ထိုနယ်မြေအပေါ် ဗြိတိသျှတို့၏ အမြင်သည် ထပ်မံပြောင်းလဲသွားပါသည်။

၁၇၉၀ ခုနှစ်များမှစပြီး ဗုဒ္ဓဘာသာဝင်အများစုပါဝင်သော ရခိုင်လူမျိုးအများအပြားသည် ဗမာအုပ်ချုပ်သောနေရာများမှထွက်ပြေးခဲ့ကြပြီး Cox’s Bazaar အပါအဝင် အခြားနေရာများ၌ ဒုက္ခသည်အဖြစ်ခိုလှုံနေခဲ့ကြပါသည်။ Robertson သည် ၎င်းဒုက္ခသည်များမှာ မြန်မာတိုင်းပြည်နှင့် ဖြစ်ပွားလာမည့်စစ်မက်အတွက်အသုံးဝင်နိုင်သော လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်နားလည်ခဲ့ပြီး ၎င်းတို့အား Mug တပ်ရင်းအဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။14 ဤနေရာတွင်အသေးစိတ်ဖော်ပြရန်မလိုအပ်သော်လည်း အကြမ်းအားဖြင့်ဆိုရလျှင် ဗြိတိသျှတို့အနေဖြင့် စစ်ပွဲအား ၁၈၂၆ ခုနှစ်တွင်အနိုင်ရခဲ့ပြီး (၁၈၂၆) ရန္တပိုစာချုပ်ပါစည်းမျဥ်းများအရ ရခိုင်ကိုခွဲထုတ်သိမ်းယူခဲ့ကာ ဘင်္ဂလားဒေသအခြားနေရာများတွင် ဆယ်စုနှစ်များစွာနေထိုင်လာခဲ့သော Mug တပ်ရင်းမှစစ်ပြန်များနှင့် ၎င်းတို့၏မိသားစုဝင်များသည် ထိုနေရာသို့ရောက်ရှိလာခဲ့ကြပြီး အနည်းငယ်သာရှိသော ဗြိတိသျှအရာရှိများ၏လက်အောက်တွင် ထိပ်ပိုင်းဒေသခံလူမျိုးစုအသစ်တစ်ရပ်ဖြစ်လာခဲ့ပါသည်။ ထို့အပြင် ရခိုင်လူမျိုးများအနေဖြင့် ဗြိတိသျှပိုင်ဘင်္ဂလားတွင်ရှိခဲ့စဥ်က Robertson မှ၎င်းတို့အကြောင်း သတင်းအချက်အလက်စုဆောင်းရာတွင် ရခိုင်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးမှပေးအပ်ခဲ့သည့် ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့၏ သမိုင်းကြောင်းလက်ရေးစာမူတစ်စောင်အား ဘင်္ဂါလီဘာသာပြန်တစ်ဦး၏အကူအညီဖြင့် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားခဲ့သည့် အနှစ်ချုပ်တစ်ခုလည်းပါလာခဲ့ပါသည်။15 ထို့နောက် ၁၈၂၈ ခုနှစ်၌ Charles Paton မှ ၎င်းအနှစ်ချုပ်ကိုအကျယ်ဖြန့်ကာ ပြန်လည်ထုတ်ဝေခဲ့ပါသည်။ ၎င်းထဲတွင် မြောက်ဦးမင်းဆက်ထဲရှိဘုရင်များအတွက် အစ္စလာမ်ဘွဲ့အမည်များ များစွာပါဝင်ခဲ့ပါသည်။16 Robertson နှင့် Paton နှစ်ဦးစလုံးမသိရှိခဲ့သည်မှာ ပထအချက်အနေဖြင့် ရခိုင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးသည် ၎င်း၏ရခိုင်သမိုင်းကြောင်းပေါ်တွင်ရှိသောအမြင်ကို အဘယ်ကြောင့် ဗြိတိသျှတို့နှင့်မျှဝေခဲ့သနည်း (ထို့သို့မျှဝေခဲ့ခြင်းကြောင့် ၎င်းဘုန်းတော်ကြီးအနေဖြင့် အခြားမည်သူ့၏သမိုင်းဇာတ်ကြောင်းနှင့် ယှဥ်ပြိုင်နေခဲ့သနည်း)၊ ဒုတိယအချက်အနေဖြင့် ထိုအချိန်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ရခိုင်သမိုင်းကြောင်းတစ်ရပ်ထဲတွင် အစ္စလာမ်တော်ဝင်ဘွဲ့အမည်များအား ပယ်ဖျက်ရန် အဘယ်ကြောင့် ဆန္ဒမရှိခဲ့သနည်းဟူသော အချက်များဖြစ်ပါသည်။ နောက်ပိုင်းကာလများတွင် Paton ၏ရခိုင်ဗုဒ္ဓဘာသာဝင်ဆွေးနွေးသူမှပြုလုပ်ခဲ့သည့် အနှစ်ချုပ်ထဲတွင်လည်း ထိုကိုးကားချက်များသည်ထင်ရှားစွာပါဝင်နေသေးသည်ကို အောက်တွင်ဆွေးနွေးထားသည့်အတိုင်း တွေ့မည်ဖြစ်သော်လည်း ပိုမိုကြီး‌မားသော ဗြိတိသျှတို့၏လုပ်ငန်းစဥ်ဖြစ်သည့် ၎င်းတို့တဖြည်းဖြည်းတစ်ပိုင်းချင်းသိမ်းယူခွဲထုတ်မည့်မြန်မာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရခိုင်အတွက် သမိုင်းဇာတ်ကြောင်းတစ်ခုတည်ဆောက်ရာတွင် ၎င်းအချက်များသည် ဆီလျော်အသုံးဝင်မှုမရှိခဲ့ပါ။

မြန်မာနိုင်ငံနှင့် ဖြစ်လာနိုင်ချေရှိသော အနာဂတ်စစ်ပွဲများအားစဥ်းစားကြည့်ရင်း ရခိုင်လူမျိုးများသည် ဗမာလူမျိုးများ၏ ဘိုးဘေးဘီဘင်များဖြစ်ပြီး ၎င်းတို့ထက်လူမှု့အဖွဲ့အစည်းအရ ပိုမိုသာလွန်သည်ဟူသော ဒေသခံရခိုင်လူမျိုးများထံမှအဆိုပြုချက်သည် ရခိုင်အုပ်ချုပ်သူတစ်ဦးဖြစ်သည့် Phayre ကို ရခိုင်နှင့် နောက်ပိုင်းတွင်မြန်မာအကြောင်း လူမျိုးစုဆိုင်ရာသမိုင်းကြောင်းတစ်ခု ရေးသားရန်အတွက် အခြေပြုနိုင်မည့် သမိုင်းဇာတ်ကြောင်းတစ်ခုရှာဖွေပေးရန် ဒေသခံဗုဒ္ဓဘာသာတစ်ဦးဖြစ်သူ Nga Mi ကိုတောင်းဆိုဖို့ စိတ်ကူးမိလာစေခဲ့ပါသည်။17 ထိုကဲ့သို့ ဗုဒ္ဓဘာသာရခိုင်စာပေပညာရှင်များနှင့် ဗြိတိသျှစာပေပညာရှင်များအကြား ရခိုင်သမိုင်းအကြောင်းရေးသားရာတွင် ပူးပေါင်းဆောင်ရွက်မှုများသည် သာမန်ကိစ္စကဲ့သို့ဖြစ်လာခဲ့ပါသည်။ Maurice Collis နှင့် G.E. Harvey တို့သည်လည်း ထိုနည်းလည်းကောင်းဆောင်ရွက်ခဲ့ကြပြီး Harvey သည် ရခိုင်မှ ဗုဒ္ဓဘာသာနောက်တစ်ဦးဖြစ်သော San Shwe Bu ထံ ရခိုင်သမိုင်းကြောင်းရင်းမြစ်များအကြောင်း အနှစ်ချုပ်တစ်ခုဖန်တီးပေးရန်တောင်းဆိုခဲ့သလို18 တစ်ဖက်တွင် Collis အနေဖြင့်လည်း San Shwe Buကို စာပေရင်းမြစ်များ၏ အင်္ဂလိပ်ဘာသာအကျဥ်းချုပ်များဖန်တီးပေးခြင်းဖြင့် စီမံချက်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။19 ထိုကဲ့သို့ဆောင်ရွက်မှုများမှ ရလဒ်အနေဖြင့် ဗြိတိသျှတို့သည် ၎င်းတို့လိုအပ်သည့်အရာကိုရရှိခဲ့ပါသည် – ရခိုင်တို့၏သမိုင်းကြောင်း “တစ်ခု” သို့သော် ထိုရခိုင်သမိုင်းကြောင်းသည် အမြဲတစေ ရခိုင်ဗုဒ္ဓဘာသာစာပေပညာရှင်တစ်ဦး၏ ကြားခံစစ်ဆေးမှုမှတဆင့်ရရှိလာခဲ့သော သမိုင်းကြောင်းသာဖြစ်ပါသည်။ မူဆလင်များအနေဖြင့် ရခိုင်လူထု၏ လူများစုဖြစ်နိုင်ခဲ့ကြောင်း ဗြိတိသျှများမတိုင်မီ သမိုင်းကြောင်းတစ်လျှောက်၌မှတ်တမ်းများတွင် ကျွန်ုပ်တို့ တွေ့ခဲ့ရသော်လည်း ဗြိတိသျှတို့၏လက်အောက်‌ရောက်ရှိချိန်တွင် ၎င်းတို့သည် သမိုင်းမှတ်တမ်းများမှ စတင်ဖျောက်ဖျက်ခြင်းခံခဲ့ရကာ ထိုဒေသထဲသို့ရွှေ့ ပြောင်းနေထိုင်သူများသက်သက်အဖြစ်သာ ဖော်ပြခြင်းခံခဲ့ရပါသည်။

၁၈၅၀ ခုနှစ်များ၏ အစောပိုင်းကာလတွင် ဗြိတိသျှတို့သည် မြန်မာပြည်အောက်ပိုင်းကို သိမ်းယူခဲ့ပြီး (‌ဗြိတိသျှတို့မှ ပဲခူးဟုခေါ်ဆိုခဲ့ကာ) ၎င်းတို့အနေဖြင့် ရခိုင်ကို နတ်မြစ်၏တောင်ဖက်တွင်နေရာချကာ တနင်္သာရီ၊ အောက်ပိုင်းမြန်မာတို့နှင့်အတူတကွပူးပေါင်းတည်ထောင်ရန် ပိုမိုသင့်တော်မည်ဖြစ်ကြောင်း တဖြည်းဖြည်းယုံကြည်လာခဲ့ပြီး ဗြိတိသျှဘားမားဟုခေါ်သော နယ်မြေဒေသအသစ်တစ်ရပ်ကို ၁၈၆၂ တွင်စတင်တည်ထောင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့် ဗမာစကားအသုံးပြုမှုကြီးစိုးခြင်းအပေါ် အခြေခံကာ၎င်းတို့အနေဖြင့် ထိုသို့‌ပိုင်းခြားခဲ့ကြခြင်းဖြစ်ပြီး တစ်ဖက်တွင် ရခိုင်မြောက်ပိုင်းဖြစ်သည့် နတ်မြစ်၏မြောက်ပိုင်းသည် မူဆလင်များနှင့် ဘင်္ဂလီဘာသာစကားအသုံးပြုမှုကြီးစိုးသောကြောင့် ၎င်းအပိုင်းအား ဘင်္ဂလားအရှေ့ပိုင်းထဲသို့ သွတ်သွင်းခဲ့ပါသည်။ ထိုနယ်နိမိတ်၏မြောက်ပိုင်းတွင်ရှိသော ‌ဗုဒ္ဓဘာသာဗမာစကားပြောသူများသည် ၎င်းတို့ဇာတိမြေဖြစ်သည့် တောင်ပိုင်းကိုကျော်လွန်ကာနေထိုင်ခဲ့ကြသည့် သမိုင်းကြောင်းအရ ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ရှု့မြင်ခံခဲ့ရပါသည်။ ထိုနယ်နိမိတ်တောင်ဖက်တွင်ရှိသော မူဆလင်များသည်လည်းထိုနည်းတူစွာ ၎င်းတို့၏ဇာတိဖြစ်သည့် နတ်မြစ်၏မြောက်ပိုင်းကို ကျော်လွန်ပြီးနေထိုင်ကြသည့် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ရှု့မြင်ခံခဲ့ရပါသည်။ ရခိုင်ရှိအချို့သောနေရာများတွင်နေထိုင်ကြသော မူဆလင်များသည် ထိုနေရာများ၌ တစ်ဆယ့်ခြောက်ရာစုကတည်းကနေထိုင်ခဲ့ကြသူများဖြစ်ကြပြီး ၎င်းတို့၏ဒေသအ‌ခေါ်အမည်မှာ ရိုဟင်ဂျာဖြစ်ကြောင်း ဗြိတိသျှတို့နှင့် နောက်ပိုင်းတွင် ဗမာအချက်အလက်စုဆောင်းသူများအနေဖြင့် မကြာခဏမှတ်တမ်းတင်ခဲ့ကြပါသည်။  

မည်သို့ပင်ဆိုစေကာမူ ကိုလိုနီလက်အောက်ခံ အချက်အလက်ကောက်ယူသူများမှာ ‌ဒေသဆိုင်ရာ အသေးစိတ်အချက်အလက်များကို လစ်လျူရှု့ထားရန်နှင့် ဒေသခံမဟုတ်ဟု သတ်မှတ်ကိုယ်စားပြုသူများအတွက် အိန္ဒိယမှသတ်မှတ်ထားသည့် လူမျိုးစုအမည်မှတ်တမ်းအတိုင်းသာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားခံခဲ့ရပါသည်။ အိန္ဒိယလူမျိုးများသည် (အိန္ဒိယ)တိုက်ငယ်မှ လူများဖြစ်ကြောင်းသတ်မှတ်ခံထားရပြီးသားဖြစ်သောကြောင့် ၎င်းတို့ကိုယ်တိုင်လည်း မြန်မာနိုင်ငံ၏ ဒေသခံများမဖြစ်နိုင်တော့ပါ။ ကိုလိုနီခေတ် လူဦးရေစာရင်းကောက်ခြင်းမှတဆင့် မူဆလင်အဖြစ် ကိုယ်စားပြုသူများသည် ဗြိတိသျှများ၏လူမျိုးများအပေါ်အမြင်ဖြစ်သည့် “အိန္ဒိယလူမျိုးများ” ၏ ဘာသာစကားအကွဲအုပ်စုတစ်ခုဖြစ်ကာ ထို့ကြောင့် (အိန္ဒိယ)တိုက်ငယ်မှလူများဖြစ်သည် ဟူ၍စွဲမြဲစွာသတ်မှတ်ထားခြင်း ခံခဲ့ရပါသည်။ ရိုဟင်ဂျာလူမျိုးများသည် ဘင်္ဂါလီလူမျိုးများဖြစ်လာပြီး ၎င်းတို့၏ဘာသာစကားသည် ဘင်္ဂါလီဘာသာစကား၏အခွဲတစ်ခုဖြစ်လာခဲ့ပါသည်။ ထို့နောက်၎င်းတို့သည် ‌ဗြိတိသျှအရာရှိများ၏အကြမ်းဖက်ဖိနှိပ်မှုများနှင့် တရားဝင်စာရွက်စာတမ်းများမှတဆင့် ဒေသခံများအဖြစ်မှဖယ်ထုတ်ငြင်းပယ်ခံခဲ့ရပြီး ၎င်းတို့ထဲမှ သိသာသောဖြစ်ရပ်မှာ ကိုလိုနီခေတ် လူဦးရေစာရင်းကောက်ခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးများအတွက်ရလဒ်မှာ ကံမကောင်းမှုမှသည် အဆင်မပြေမှု ထိုမှတဆင့် ၁၉၄၈ခုနှစ်မှစတင်ခဲ့သည့်ဗမာအုပ်အုပ်ချုပ်မှုအောက်တွင် အထူးသဖြင့် ၁၉၆၂ နောက်ပိုင်းတွင် (မိမိတို့၏ဖြစ်တည်မှုအပေါ်သိသာစွာသက်ရောက်နိုင်သော အတိုင်းအတာအထိ) ကြီးမားသောကပ်ဘေးတစ်ရပ်အသွင် ပြောင်းလဲသွားခဲ့ပါသည်။

III

ဤနေရာတွင် စာရေးသူ၏တတိယအချက်ကို ဆွေးနွေးလိုပါသည် – နိုင်ငံတွင်းမှ ရိုဟင်ဂျာလူမျိုးများအား ဒေသခံလူမျိုးများအဖြစ်မှ ဆက်လက်ဖယ်ထုတ်ငြင်းပယ်ထားခြင်းဖြင့် ၁၉၆၂ ခုနှစ်မှစတင်ကာ တပ်မတော်ဦးဆောင်သော အစိုးရများသည် ကိုလိုနီခေတ်အုပ်ချုပ်ရေးနည်းစနစ်တွင်ရှိခဲ့သော အချက်အလက်အသိပညာများကို မြန်မာနိုင်ငံအနေဖြင့်ဆက်လက်အသုံးပြုမှုရှိစေရန် သေချာစွာလုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်မှစတင်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးကာလ အစိုးရအနေဖြင့် ပြည်တွင်းစစ်ကြားထဲရောက်နေခဲ့ပြီး မဟာမိတ်များလိုအပ်နေခဲ့ချိန်ခဏတွင်မူ ဗြိတိသျှတို့တရားဝင်သတ်မှတ်ခဲ့သည့် လူမျိုးစုဆိုင်ရာမူများအပေါ် ၎င်းတို့၏ရပ်တည်ချက်သည် ပျော့ပြောင်းလာခဲ့ပြီး ဒေသခံလူထုများအား ၎င်းတို့ကိုယ်၎င်းတို့ ကိုယ်စားပြုအဓိပ္ပါယ်ဖော်သည့်အတိုင်း စတင်အသိအမှတ်ပြုလာခဲ့ပါသည်။ ရိုဟင်ဂျာလူမျိုးများမှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြောင်း အစိုးရစာရွက်စာတမ်းများနှင့် မိန့်ခွန်းများတွင် အသိအမှတ်ပြုခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရတည်ထောင်ပြီးနောက်ပိုင်းနှင့် အခြားသော အမည်အမျိုးမျိုးနှင့် လုပ်ငန်းစဥ်အမျိုးမျိုးအောက်တွင် ဖွဲ့စည်းထားသော စစ်အစိုးရအဆက်ဆက်များဖြစ်ကြသည့် ဆိုရှယ်လစ်လမ်းစဥ်ပါတီအစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၊ ဦးသိန်းစိန်အစိုးရ သို့မဟုတ် NLD နှင့် ၎င်းတို့၏ တရားဝင်မဟုတ်သောခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်ခံအရပ်သားအစိုးရတို့၏ ကာလများတွင် အခြေအနေများသည် အဆိုးဖက်သို့သိသိသာသာပြောင်းလဲသွားခဲ့ပါသည်။

ရိုဟင်ဂျာလူမျိုးများသည် ဒေသခံများမဟုတ်တော့ဘဲ တိုင်းတပါးသားများအဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရပြီး ၎င်းတို့အပေါ်အသိအမှတ်ပြုထားမှုနှင့် ၎င်းတို့၏နိုင်ငံသားဖြစ်မှုတို့ဆုံးရှုံးသွားခဲ့ပါသည်။ ၁၉၇၈ ခုနှစ်တွင် စစ်တပ်မှနယ်စပ်ဒေသများကိုဝင်ရောက်စီးနင်းမှုများကြောင့် ရိုဟင်ဂျာအများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရပြီး အခြားလူမျိုးစုများကဲ့သို့ပင် အိန္ဒိယလူမျိုးများသည် မြန်မာနိုင်ငံအတွက်တိုင်းတပါးသားများ ဖြစ်ကြသည်ဟူသော ဗြိတိသျှတို့၏ ၁၈၂၄ ခုနှစ်မှသတ်မှတ်ချက်အတိုင်း မြန်မာစစ်တပ်လက်အောက်ရှိ မြန်မာနိုင်ငံ၁၉၈၂ နိုင်ငံသားဥပဒေမှအတည်ပြုကြေညာခဲ့ပါသည်။ လူမျိုးစုတစ်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒေသခံတိုင်းရင်းသားလူမျိုးစုအဖြစ်သတ်မှတ်ခံထည့်သွင်းစဥ်းစားခံရရန် မြန်မာနိုင်ငံတွင် ၁၈၂၃ ခုနှစ်ကတည်းကတည်ရှိနေထိုင်ခဲ့ရန်လိုအပ်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားသူများအတွက် ၁၈၂၃ ခုနှစ်မတိုင်မီက ရခိုင်ပြည်တွင် ရိုဟင်ဂျာများ သို့မဟုတ် သာမန်မူဆလင်များကိုပင် ရည်ညွှန်းထားချက်များအပေါ် အချို့သောအဓိပ္ပါယ်ကောက်ယူမှုများကို ငြင်းဆန်ရန် အလွန်အရေးကြီးနေခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးများအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု၏ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး ပြီးခဲ့သောဆောင်းဦးကာလမှ စစ်တပ်၏တိုက်ခိုက်မှုများအပြီးတွင် အများစုမှာ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် စာရွက်စာတမ်းအထောက်အထားမရှိဘဲ နေထိုင်နေကြရပါသည်။20

မျက်မှောက်ခေတ်သုတေသနများသည် တိုင်းရင်းသားမူကို ဗမာလူမျိုးများမှ လှုံ့‌ဆော်ဖန်တီးခဲ့သောမူများအဖြစ် တခါတရံတွင်မှားယွင်းစွာ ထင်မြင်နေကြပါသည်။21 သေချာသည်မှာ ဗမာစာပေပညာရှင်အသိုင်းအဝိုင်းအနေဖြင့် နယ်နိမိတ်၊ နိုင်ငံရေးသစ္စာရှိမှု၊ ဘာသာရေး၊ ဆွေမျိုးနီးစပ်အမျိုးတော်စပ်မှု နှင့် အခြားသော အုပ်စုဖွဲ့နိုင်မည့်သဘောတရားများအပေါ်အခြေခံပြီး ဖွဲ့စည်းထားသည့် လူထုအဖွဲ့အစည်းများအပေါ် အမည်ခံအတွေးအခေါ်များရှိပါသည်။22 မည်သို့ပင်ဆိုစေကာမူ သုတေသနများအနေဖြင့် လွဲချော်သွားသည့်အချက်မှာ တိုင်းရင်းသားလူမျိုးစုမူ၏ ကိုလိုနီခေတ်အမြစ်တွယ်မှုများနှင့် ၎င်း၏ပေါ်ပေါက်လာမှုသည် ကိုလိုနီလက်အောက်မရောက်မီ အစောပိုင်းမျက်မှောက်‌ခေတ် (early modern) တွင်ရှိခဲ့သည့် ပျော့ပြောင်းမှုရှိပြီး လိုက်လျောညီထွေရှိသော ဝိသေသလက္ခဏာများမှ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ post-Enlightenment (ဉာဏ်အလင်းပွင့်ပြီးနောက်) ဗြိတိသျှကိုလိုနီတိုင်းပြည်၏ လူမျိုးရေးအမျိုးအစားခွဲခြားမှုနှင့် လိုအပ်မှု‌မှပေါ်ပေါက်လာခြင်းဖြစ်သည်ဟူသော အချက်ဖြစ်ပါသည်။ ဗိုလ်ချုပ်နေဝင်း၏ “ဗမာ” သို့မဟုတ် “မြန်မာ” သည် ထိုအချိန်ကအခြားသော “ဗမာများ” သို့မဟုတ် “မြန်မာများ” နည်းတူ ကိုလိုနီဆန့်ကျင်သော အစိုးရတစ်ရပ်အဖြစ် ကိုယ်စားပြုဖော်ပြသော်လည်း အမှန်တကယ်မှာမူ ၎င်းတို့သည် ကြားခံဦးနုအစိုးရ၏ ကိုလိုနီအစိုးရစနစ်ကိုမှီခိုမှုပုံစံမှ အနည်းငယ်သာကွဲပြားပါသည်။

ဦးနုနောက်ပိုင်းမြန်မာခေါင်းဆောင်များ အထူးသဖြင့် ဗိုလ်ချုပ်နေဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဗြိတိသျှတို့၏ဘဝနေထိုင်မှုနှင့် ဗြိတိသျှမိတ်ဆွေများအပေါ် နှီးနွယ်စွဲလမ်းမှုသည် စကားအရထောက်ပြရန် စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ချက်ဖြစ်သော်ငြားလည်း နှစ်ဆယ့်တစ်ရာစုတိုင်သည်အထိအောင်ပင် မြန်မာနိုင်ငံ၏နေ့စဥ်အစိုးရအုပ်ချုပ်ရေးတွင် ကိုလိုနီအုပ်ချုပ်မှုပုံစံ ထုတ်ဝေမှုများ၊ ဥပဒေများနှင့် စာစောင်များကို ဆက်လက်အသုံးပြုမှုကို ထောက်ပြပြောဆိုခြင်းသည် ဤအခြေအနေနှင့် ပိုမိုအပြုသဘောဆောင်သော သက်ဆိုင်မှုရှိပါသည်။ ၁၉၆၂ ခုနှစ်ကတည်းကစတင်ခဲ့သော ဗမာတို့၏အုပ်ချုပ်ရေး၊ ၎င်းတို့၏အုပ်ချုပ်မှုပုံစံ၊ ၎င်းတို့၏သဘောထားအမြင်များ၊ တိုင်းရင်းသားလူမျိုးစုမူများနှင့် သမိုင်းအပေါ်ရှု့မြင်ပုံများသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးပုံစံအား အဆုံးသတ်မည့်အစား ဆက်လက်အသုံးပြုနေခဲ့ခြင်းကို ရည်ညွှန်းပြသနေခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၎င်းပုံစံမှကွဲထွက်ရန် အနီးစပ်ဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်မှာဦးနု၏အုပ်ချုပ်မှုအောက်တွင် ၎င်းအနေဖြင့် ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန်ကြိုးစားခဲ့သော ကာလတွင်ဖြစ်ပါသည်။

ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်တစ်ခုမှာ “ကိုလိုနီခေတ်လွှမ်းမိုးမှုအားပယ်ဖျက်ထားသော” လုပ်ငန်းစဥ်ကို ပြန်လည်စဥ်းစားကြည့်ကာ ပြောင်းလဲရန်ဖြစ်ပြီး ၎င်းလုပ်ငန်းစဥ်များအား ကိုလိုနီခေတ်မူဘောင်များကို မိမိတို့၏နယ်နိမိတ်အတွင်းရှိလူများကိုဆန့်ကျင်ရန်အသုံးပြုနေသည့် မြန်မာကဲ့သို့သော နိုင်ငံများသို့ ဦးတည်ပစ်မှတ်ထားရန်ဖြစ်ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးလွှမ်းမိုးမှုကိုပယ်ဖျက်ခြင်းလုပ်ငန်းစဥ်မှ ရရှိလာမည့် ကောင်းကျိုးများသည် ပြော၍ကုန်နိုင်မည်မဟုတ်ပါ – ၎င်းလုပ်ငန်းစဥ်သည် အလုပ်အကိုင်နှင့် ကျောင်းသားများဖတ်ရှု့သောစာပေများတွင်တင်မကဘဲ တက္ကသိုလ်အဆင့်တွင်ကျွန်ုပ်တို့၏တွေးခေါ်မှုကို ဖွဲ့စည်းတည်ဆောက်ပေးသည့် စနစ်မူဘောင်များတွင်ရှိနေသည့် လူမည်းများနှင့် အရှေ့အလယ်ပိုင်းဒေသရှိလူထုများအပေါ် ဆန့်ကျင်သည့် ကိုလိုနီဆိုင်ရာဘက်လိုက်မှုများကို ပျက်ပြယ်စေရည်ရွယ်ပါသည်။ သို့သော် ၎င်းချဥ်းကပ်မှုမှပေါ်ပေါက်လာနိုင်သော ပြဿနာမှာ ကိုလိုနီအုပ်ချုပ်ရေးဆိုင်ရာ သဘောတရားများအားဆက်လက်အသုံးပြုခြင်းနှင့်သက်ဆိုင်သော ရှု့ထောင့်အပေါ် ကန့်သတ်မှုများရှိခြင်းဖြစ်ပါသည်။ မူရင်းဥရောပကိုလိုနီအုပ်ချုပ်သူနိုင်ငံများ၏ လက်ချက်ကြောင့်နှင့်ယှဥ်လျှင် အနောက်တိုင်းမဟုတ်သော နိုင်ငံများ၏ ကိုလိုနီအုပ်ချုပ်မှုအတိတ်ကာလမှ နည်းစနစ်များအား အမွေဆက်ခံကာ ၎င်းအနောက်တိုင်းနည်းစနစ်များကို အသုံးပြုပြီး လူများအားစုစည်းခြင်း၊ ဒေသခံဖြစ်မှုနှင့် ဒေသတစ်ခုနှင့်သက်ဆိုင်ပတ်သက်မှုကို ရှာဖွေဖော်ထုတ်ခြင်းတို့ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ပိုမိုများပြားသော လူများသေဆုံးနာကျင်ခံစားခဲ့ရသည် ဟူသောအချက်မှာမှန်ကန်နေနိုင်ပါသည်။ ထို့အပြင် အခြေခံကျသောပြောင်းလဲမှုကို အ‌ရေးတကြီးလိုအပ်နေသော ဤဒုတိယမျိုးဆက် “ကိုလိုနီ” နိုင်ငံများ၏ ကိုလိုနီခေတ်တွေးခေါ်ပုံအား အခြေပြုဖွဲ့စည်းထားသော သဘောတရားများကိုအသုံးပြုခြင်းကြောင့်လည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အရေးကြီးသော မေးခွန်းများမေးရန်လိုအပ်ပါသည် – ဥပမာ – ကမ္ဘာကြီး၏တောင်ဖက်ပိုင်းတွင်ရှိသော လူ့ဘောင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကိုယ်၎င်းတို့ မည်သို့မည်ပုံ ကိုလိုနီခေတ်လွှမ်းမိုးမှုကိုပယ်ဖျက်မည်၊ ၎င်းတို့အနေဖြင့် အသိပညာဗဟုသုတများကို မည်သို့မည်ပုံ ဖွဲ့စည်းတည်ဆောက်မည်နှင့် ၎င်းတို့အစိုးရများအနေဖြင့် ထိုအသိပညာဗဟုသုတများကို မူဝါဒပိုင်းဆိုင်ရာအရ မည်ကဲ့သို့ပြုမူဆောင်ရွက်မည်နည်းဆိုသော မေးခွန်းများဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုမေးခွန်းများအတွက်အဖြေကို မရှာတွေ့မချင်း၊ ဗမာလူမျိုးများအနေဖြင့် ၎င်းတို့၏လူ့အဖွဲ့အစည်းထဲရှိ အခြားသူများအပေါ်ရှု့မြင်ပုံကိုမပြောင်းလဲမချင်း၊ ဤကဲ့သို့ပြဿနာများသည် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ပါသည်။ လက်ရှိဖြစ်ပွားနေသော အကြပ်အတည်းအတွက် မည်သည့်အဖြေကို ရှာဖွေတွေ့ရှိသည်ဖြစ်စေ ရခိုင်ပြည်သည် လူမျိုးတုန်းသတ်ဖြတ်မှုအခြေအနေများအတွက် ပစ်မှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပြီး သတ်ဖြတ်မှုနှင့် နေရပ်စွန့်ခွာထွက်ပြေးမှုဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့်သာမကဘဲ တိုင်းရင်းသားလူနည်းစုများအားလုံးနှင့် လက်ရှိအချိန်အထိဖြစ်ပွားနေခဲ့သော ပြဿနာများကိုအဆုံးသတ်ရန် ရည်ရွယ်သည်ဆိုပါက နိုင်ငံသားဥပဒေနှင့် တိုင်းရင်းသားမူကို လုံးဝစွန့်လွှတ်ရန်လိုအပ်သည်သာမက မြန်မာနိုင်ငံသည် ၎င်းကိုယ်၎င်း အခြေခံမူအသစ်ဖြင့် အပြည့်အဝပြန်လည်တည်‌ဆောက်ရန် လိုအပ်ပါသည်။

နိဂုံး

ရခိုင်ပြည်သမိုင်း၏နောက်တစ်ခန်းသည် လက်ရှိကာလတွင်‌ဖြစ်ပျက်လျက်ရှိပါသည်။ ရခိုင်ပြည်အတွက် သမိုင်းသစ်တစ်ရပ်‌ပေါ်ထွန်းလာလိမ့်မည်ဟု ယတိပြတ်မဆိုနိုင်သော်လည်း မြန်မာနိုင်ငံနှင့် ၎င်း၏လေ့လာဆန်းစစ်မှုများသည် ကိုလိုနီခေတ်လွှမ်းမိုးမှုကိုပယ်ဖျက်နိုင်သည့်အချိန်တွင်မှသာ ဇာတ်ကြောင်းနှင့် ရန်ဖက်ကိုပြောင်းလဲနိုင်မည့်သမိုင်းတစ်ရပ် ပေါ်ထွက်လာပါမည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များအား ထုတ်ဖော်ပြောဆိုခွင့်ပေးသကဲ့သို့ ရိုဟင်ဂျာလူမျိုးများကိုလည်း တန်းတူညီမျှထုတ်ဖော်ပြောဆိုခွင့်ပေးကာ ရခိုင်ပြည်၏သမိုင်းအား အစမှ လက်ရှိအထိ အခြေခံကနေပြီးပြန်လည်ရေးသားရန်လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကြုံရာကျပန်းပုံစံလူမျိုးစုဇာတ်ကြောင်းများကဲ့သို့မဟုတ်ဘဲ အစောပိုင်းမျက်မှောက်‌ခေတ် (early modern) မြောက်ဦးမင်းဆက်တွင်ရှိခဲ့သော မူဆလင်လူမျိုးတို့၏ရှု့‌‌‌ထောင့်ကို အပေါ်ယံသက်သက်သာရှု့မြင်ခြင်းမျိုးမရှိသည့် ကိုးကွယ်မှုဘာသာအရရော လူမျိုးအရပါစုံလင်ကွဲပြားမှုရှိသည့် တိုင်းပြည်တစ်ပြည်အနေဖြင့် တင်ပြမှတ်တမ်းတင်ထားသည့် သမိုင်းမှတ်တမ်းတစ်ရပ်ဖြစ်ရပါမည်။ ၎င်းသည် ဗမာသမိုင်းမှတ်တမ်းများမှ လျစ်လျှူရှု့ခဲ့သည့် တစ်ဆယ့်ခြောက်ရာစုနှင့် တစ်ဆယ့်ရှစ်ရာစုကြားတွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် မူဆလင်အခြေချနေထိုင်သူများအနေဖြင့် မည်သည်တို့ဆောင်ရွက်နေခဲ့သည်ဆိုသည့်အကြောင်းအရာအပေါ်  ပိုမိုအလေး‌ပေးသည့် သမိုင်းကြောင်းတစ်ရပ်လည်းဖြစ်သင့်ပါသည်။ ထို့အပြင် ဤရခိုင်သမိုင်းအသစ်အားစတင်ရာတွင် ရခိုင်ပြည်အပေါ် သုံးခေါက်ချိုးကိုလိုနီပြုခဲ့မှုဖြစ်သည့် ဗမာများ၊ ဗြိတိသျှများနှင့် ၁၉၆၂ ခုနှစ်မှစတင်ခဲ့သော တပ်မတော်ဦးဆောင်သည့်အစိုးရများအကြောင်းကိုလည်း လက်ခံလာရန်လိုအပ်ပါသည်။ ဤသမိုင်းသစ်၏ ပိုမိုအရေးကြီးသော အခန်းများသည် လက်ရှိကာလ၏ ဆိုးဝါးလှသောအဆုံးသတ်ကိုအာရုံစိုက်ဖော်ပြရန် လိုအပ်ပြီး သွေးကွဲစေသောအစိုးရအုပ်ချုပ်မှုမူဘောင်များကို ရခိုင်သမိုင်း၊ လူမှုအဖွဲ့အစည်းနှင့် ဝိသေသလက္ခဏာတို့အပေါ် မည်သို့မည်ပုံကျင့်သုံးခဲ့ပြီး နောက်ဆုံးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးများအချင်းချင်း ရန်စောင်လာစေခဲ့သည်ကို လက်ရှိမျိုးဆက်များအား   ရှင်းပြရန်လိုအပ်ပါသည်။ ထိုကျင့်သုံးမှုများသည် ရိုဟင်ဂျာလူမျိုးများအား တိုင်းပြည်မှတ်တမ်းများအတွင်းတွင် မမြင်တွေ့နိုင်စေ‌တော့စေရန် မည်သို့မည်ပုံပြုလုပ်ခဲ့ကြောင်း ၎င်းသမိုင်းသစ်အနေဖြင့်ရှင်းပြနိုင်သင့်ပါသည်။  ထို့အပြင် – ထိုသို့‌ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံအတွင်းရှိ အချို့သော ယေဘုယျသမိုင်းကြောင်းများကို ပြန်လည်ပြင်ဆင်ရေးသားရန်လိုအပ်ပါမည် – လွတ်လပ်‌ရေးရပြီး ပထမဆုံး ဆယ်စုနှစ်ကာလတွင် ကိုလိုနီအစိုးရအုပ်ချုပ်မှုစနစ်မှ လက်ဆင့်ကမ်း‌ပေးခဲ့သည့် အခြေအနေအကြောင်းအရာများသည် စစ်တပ်အုပ်ချုပ်မှု‌အောက်တွင် ပြန်လည်အရှိန်မြှင့်ခံခဲ့ရကာ ၎င်းသည်ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးများအပေါ် ဦးတည်ခဲ့ပြီး ရခိုင်လူမျိုးများအား ခွဲခြားဆက်ဆံမှုနှင့် ရိုဟင်ဂျာလူမျိုးများအား ဖယ်ကျဥ်ထားမှုတို့ဆောင်ရွက်ခဲ့သည်ဟူသောအချက်ကို ကျွန်ုပ်တို့အနေဖြင့် ပိုမိုနားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ၎င်းအချက်သည် မြန်မာသမိုင်းပညာရှင် မိုက်ကယ်အောင်သွင်၏ ကိုလိုနီ‌ခေတ်၏အဆုံးသတ်ကာလမှာ ၁၉၄၈ခုနှစ်မဟုတ်ဘဲ ၁၉၆၂ ခုနှစ်ဖြစ်ကြောင်းပြောဆိုချက်အား သေချာပေါက်တန်ပြန်ချေပနိုင်ပါလိမ့်မည်။23 တစ်နည်းအားဖြင့် ကိုလိုနီခေတ်ပုံစံအုပ်ချုပ်ရေးသည် အဆုံးမသတ်သေးဘဲ ၁၉၄၈-၁၉၆၂ ကြားကာလအပြီးတွင် ပြန်လည်အားကောင်းလာခဲ့သည်ဟုဆိုနိုင်ပါသည်။

Endnotes

1 Charney, 1999.
2 A good example is the Rakhine Mìn-ra-za-grì Areì-daw sa-dàn (1775 1784) palm-leaf manuscript. This had been used first under the assumed title of Old Yakhaing Chronicle by Pe Maung Tin for his translation with G. H. Luce of the Pagan-era parts of The Glass Palace Chronicles of the Kings of Burma (1923), known in Bamar as the Hmannan Yazawindawgyi, and then not used again in major historiography until the present author’s dissertation (Charney, 1999).
3 Charney, 1998; Charney, 2002.
4 Baud & van Schendel, 1997.
5 On state space, see Scott, 2009.
6 Sivasundaram, 2013.
7 Morton, 1963.
8 Ben-Ari, 2001.
9 Mielke & Hornidge, 2017.
10 Chou, 2006.
11 Winichakul, 1994.
12 Buchanan makes this clear (n.d.).
13 Buchanan, 1799.
14 Collis, 1923c.
15 Robertson, 1853.
16 Paton, 1828.
17 Phayre, 1841; 1844. See also his extension of such views to Myanmar’s history generally in: Phayre, 1869; 1882; 1883.
18 Harvey, 1925.
19 Collis, 1923a; Collis, 1923b; Collis & San Shwe Bu, 1925.
20 The author visited the largest of these camps at Cox’s Bazaar in July 2018.
21 Cheesman, 2017.
22 Charney, 2006.
23 Aung-Thwin, 1989.

References

Aung-Thwin, M. (1989). 1948 and Burma’s Myth of Independence. In J. Silverstein (Eds.), Independent Burma at 40 Years: Six Assessments (pp. 19-34). Cornell University Press.

Baud, M. & van Schendel, W. (1997). Towards a Comparative History of Borderlands. Journal of World History, 8(2), 211-242. http://www.jstor.org/stable/20068594

Ben-Ari, E. (2001). Remaking Area Studies. IIAS Newsletter, 57(35).

Buchanan, F. (n.d.). Account of Burma and Pegu and the Steps Necessary in Case of a Rupture. HM 388, no. 21, ff. 599-613. India Office Records, British Library.

Buchanan, F. (1799). A Comparative Vocabulary of Some of the Languages Spoken in the Burma Empire. Asiatic Researches, 5, 219-240.

Charney, M.W. (1998). Rise of a Mainland Trading State: Rahkaing Under the Early Mrauk-U Kings, c. 1430-1603. Journal of Burma Studies, 3, 1-33. https://www.burmalibrary.org/en/rise-of-a-mainland-trading-state-rahkaing-under-the-early-mrauk-u-kings-c-1430-1603

Charney, M.W. (1999). Where Jambudipa and Islamdom Converged: the Emergence of Buddhist Communalism in Early Modern Arakan (Fifteenth to Nineteenth Centuries) [Unpublished doctoral dissertation]. University of Michigan.

Charney, M.W. (2002). Beyond State-centered Histories in Western Burma, Missionizing Monks and intraregional Migrants in the Arakan Littoral, c. 1784-1860. In J. Gommans & J. Leider (Eds.), The Maritime Frontier of Burma: Exploring Political, Cultural and Commercial Interaction in the Indian Ocean World, 1200-1800 (pp. 213-224). KITLV Press. https://doi.org/10.1163/9789004502079

Charney, M.W. (2006). Powerful Learning: Literati and the Throne in Burma’s Last Dynasty. University of Michigan Press. https://doi.org/10.3998/mpub.225773

Cheesman, N. (2017). How Myanmar ‘National Races’ Came to Surpass Citizenship and Exclude Rohingya. Journal of Contemporary Asia, 47(3), 461-483. https://doi.org /10.1080/00472336.2017.1297476

Chou, C. (2006). Reconceptualising Southeast Asian Studies. In C. Chou & V. Houben (Eds.), Southeast Asian Studies: Debates and New Directions (pp. 123-139). Brill. https://bookshop.iseas.edu.sg/publication/1171

Collis, M. (1923a). The Strange Murder of King Thirithudhamma. Journal of the Burma Research Society, 13(3), 236-243.

Collis, M. (1923b). The City of Golden Mrauk-U. Journal of the Burma Research Society, 13(3), 244-256.

Collis, M. (1923c). Campbell Robertson in Arakan, 1825 A.D. Journal of the Burma Research Society, 13(3), 257-260.

Collis, M. & San Shwe Bu. (1925). Arakan’s Place in the Civilization of the Bay. Journal of the Burma Research Society, 15, pt. 1, 34-52.

Harvey, G. E. (1925 [1967]). History of Burma: From the Earliest Times to 10 March 1824, The Beginning of the English Conquest. Octagon Books. https://doi.org/10.4324/9780429028069

Mielke, K. & Hornidge, A. K. (2017). Area Studies at the Crossroads: Knowledge Production after the Mobility Turn (pp. 9-10). Palgrave MacMillan. https://doi.org/10.1057/978-1-137-59834-9

Morton, L. (1963). National Security and Area Studies: The Intellectual Response to the Cold War. The Journal of Higher Education, 34(3). https://doi.org/10.1080/00221546.1963.11778567

National Research Council. (2005). Frameworks for Higher Education in Homeland Security. The National Academies Press. https://doi.org/10.17226/11141

Paton, C. (1828). Historical and Statistical Sketch of Arakan. Asiatic Researches, 16, 353-381.

Pe Maung Tin. (1923). Introduction. In Pe Maung Tin and G.H. Luce [trans]. The Glass Palace Chronicles of the Kings of Burma (pp. ix-xxiii). Oxford University Press.

Phayre, A. (1841). Account of Arakan. Journal of the Asiatic Society of Bengal, 117, 679-712.

Phayre, A. (1844). On the History of Arakan. Journal of the Asiatic Society of Bengal, 13, 23- 52.

Phayre, A. (1869). On the History of the Burma Race. Journal of the Asiatic Society of Bengal, 2, 29-82.

Phayre, A. (1882). Coins of Arakan, of Pegu, and of Burma. Trübner & Co. https://archive.org/download/internationalnu01marsgoog/internationalnu01marsgoog.pdf

Phayre, A. (1883). History of Burma. Trübner & Co. https://www.burmalibrary.org/docs09/Phayre-History_of_Burma.pdf

Rakhine Mìn-ra-za-grì Areì-daw sa-dàn. (1775 [1784]). Palm-leaf manuscript number 1632. AMs, National Library, Ministry of Culture, Union of Myanmar.

Robertson, T. C. (1853). Political Incidents of the First Burmese War. R. Clay. https://archive.org/details/politicalinciden00robeuoft

Scott, J.C. (2009). The Art of Not Being Governed: An Anarchist History of Upland Southeast Asia. Yale University Press.

Sivasundaram, S. (2013). Islanded: Britain, Sri Lanka, and the Bounds of an Indian Ocean Colony. University of Chicago Press. https://press.uchicago.edu/ucp/books/book/chicago/I/bo15506861.html

Winichakul, T. (1994). Siam Mapped: A History of the Geo-Body of a Nation. Silkworm Books. https://silkwormbooks.com/products/siam-mapped