ခိုင်မာသော ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ် ရေးသားခြင်း

No Author | Click here for the English language version of this article.

Cite as: 
မြန်မာနိုင်ငံ၏ အားလုံးခြုံငုံပါဝင်သောလူ့ဘောင်အဖွဲ့အစည်းဆီသို့ အလှည့်အပြောင်း၊ (၂၀၁၆)၊  လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်| ၁။ https://ijbs.online/?page_id=5087

စာရေးသူများသည် ဆောင်းပါးများရေးသားသည့်အခါ ယခင်က မည်သူမျှ မရေးထားခဲ့ဘူးသော အချက်အလက် အသစ် သို့မဟုတ် သိပြီးသား အချက်အလက်များကို အမြင်သစ်ဖြင့် အဓိပ္ပာယ်ဖော်ဆောင်မှုပြုခြင်း ကဲ့သို့သော ပညာရပ်ဆိုင်ရာ သုတေသနအသစ်များအပေါ် အခြေခံ၍ ရေးသားကြ‌လေ့ရှိသည်။ စာရေးသူများသည် ၎င်းတို့၏ သုတေသနတွေ့ရှိချက်များအကြောင်းကို အခြားသူများအား အသိပေးတင်ပြလိုခြင်း ဖြစ်သော်လည်း ထိုတွေ့ရှိချက်သစ် များစွာကို စုပြုံတင်ပြလိုက်ရုံမျှသာ မဟုတ်ပေ။ ပညာရပ်ဆိုင်ရာ ဆောင်းပါးများသည် စာဖတ်သူတစ်ဦးအား အကြောင်းအရာတစ်ခုကို ကွဲပြားစွာရှုမြင်နိုင်ရန် သို့မဟုတ် ပြဿနာတစ်ခု/မေးခွန်းတစ်ခုကို နည်းလမ်းအသစ်ဖြင့် ဖြေရှင်းသည့်အခါ အဆိုပါအချက်အလက်အသစ်များအား မည်သို့အသုံးပြုရမည်ကို သိရှိနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

ထို့ကြောင့် ပညာရပ်ဆိုင်ရာ ဆောင်းပါးများသည် အာဘော်တစ်ခုတည်းအပေါ် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဘဲ အဓိကဆိုလိုချက် (Thesis) ဖြစ်သော တိကျပြတ်သားသည့် ကျိုးကြောင့်သင့် ဆွေးနွေးမှု သို့မဟုတ် တစ်ပါးသူ လက်ခံလာအောင်  ပြုလုပ်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စာရေးသူများသည် ၎င်းတို့တင်ပြသော အချက်အလက်အသစ်များကို စာဖတ်သူများ သဘောပေါက်နားလည်နိုင်စေရန် မတူညီသော နည်းလမ်းများကို အသုံးပြုနိုင်သည်။ အချက်အလက်အသစ်များကို ယခင်က ရေးသားခဲ့သည်များနှင့် ချိတ်ဆက်ပြခြင်း သို့မဟုတ် သက်ဆိုင်ရာ သဘောတရား သီအိုရီတစ်ခုနှင့် နှီးနွှယ်ပြခြင်း သို့မဟုတ် မတူညီသောနေရာ သို့မဟုတ် မတူညီသော အချိန်ကာလတစ်ခုတွင် ပုံစံတူအခြေအနေတစ်ခုနှင့် နှိုင်းယှဉ်ပြခြင်း စသည့် နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ အဆိုပါ နည်းလမ်းတစ်ခုစီတွင် ကျိုးကြောင်းသင့်ဆွေးနွေးမှုပါရှိပြီး ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ အခြားသူများ၏ အမှားအား ထောက်ပြရန် သို့မဟုတ် မှားနေကြောင်း သက်သေပြရန် မဟုတ်ဘဲ စာဖတ်သူအကြား အသိပညာအသစ်နှင့် မတူညီသော တွေးခေါ်မှုပုံစံများ ဖန်တီးနိုင်ပေးရန်အတွက် ယခင်ရေးသားမှုများနှင့် စာရေးသူ၏ သုတေသနအသစ်တို့ အကြား ပေါင်းကူးပေးရန်ဖြစ်သည်။

Wayne Booth ‌၏ The Craft of Research စာအုပ်ထဲတွင် စာရေးသူများအနေဖြင့်  ၎င်းတို့၏ အဓိကတင်ပြချက် (Thesis) သည် အကြောင်းအရာအချို့အပေါ် နားမလည်သဖြင့် လေ့လာစူးစမ်းလိုခြင်း (conceptual problem) နှင့် ပညာရှင်များအကြား လက်ရှိဆွေးနွေးနေသည့် အကြောင်းအရာဖြစ်ခြင်းတို့နှင့် ချိတ်ဆက်နေသင့်သည်။ သို့မှသာ စာဖတ်သူအနေဖြင့် ထိုအကြောင်းအရာအား အမြင်သစ်တစ်ခုဖြင့် သိမြင်သွားကာ ပိုမိုနားလည်သွားမည်ဖြစ်သည်။  စာရေးသူများအနေဖြင့် ၎င်းတို့၏ အဓိကတင်ပြချက် (Thesis) သည် မည်သည့် ပြဿနာ သို့မဟုတ် အရေးကိစ္စအား ကိုင်တွယ်ဖြေရှင်းမည်ကို ဦးစွာစဉ်းစားသင့်သည်။ သို့မှသာ စာဖတ်သူများအနေဖြင့် ဆောင်းပါးအား နားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် ထိုအကြောင်းအရာ၏ အရေးပါမှုနှင့် စာဖတ်သူများအနေဖြင့် စာရေးသူ၏ တင်ပြချက်များကို နားလည်သ‌ဘောမ‌ပေါက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုပါ တစ်ပါတည်း တွေးထားသင့်ကြောင်း Wayne Booth က အကြံပြုထားသည်။ ရှာဖွေတွေ့ရှိချက်အထောက်အထားများကို နေရာတကျ တင်ပြနိုင်ရန်မှာလည်း အရေးကြီးအကြောင်းအချက်တစ်ခုဖြစ်ပေသည်။ “သုတေသနဆိုင်ရာ ကျိုးကြောင့်သင့် ဆွေးနွေးမှုတစ်ခုတွင် မိမိအနေဖြင့် ထိုအကြောင်းအရာသည် မှန်ကန်သည်ဟု ယုံကြည်သောကြောင့်သာမက ထိုအကြောင်းအရာသည် အသစ်ဖြစ်နေပြီး စာဖတ်သူများ၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲပေးနိုင်လောက်သည်ထိ အရေးကြီးသည်ဟု ထင်ကြောင်း အခိုင်အမာအဆိုတင်ရန်လိုအပ်ပါသည်။ ထို့နောက် ထိုအဆိုတင်ပြမှုများအား သင့်လျော်သည့် အကြောင်းပြချက်များ၊ ကောင်းမွန်သည့် အထောက်အထားများနှင့် ထောက်ကူပေးရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စာဖတ်သူများဘက်မှ ထိုဖော်ပြချက်များအား ဘာကြောင့်ယုံကြည်ရမည်နည်းဟု မေးခွန်းထုတ်လာနိုင် သောကြောင့်ဖြစ်သည်”1 ဆောင်းပါးသည် စာဖတ်သူအား ဆွဲဆောင်နိုင်ပါက သူတို့၏ အတွေးအခေါ်နှင့် သိရှိနားလည်မှု ကို ပုံသွင်းပေးနိုင်ပြီး ရှေ့ဆက်ဆွေးနွေးစရာများလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။

စာရေးသူများသည်  ၎င်းတို့၏ တွေ့ရှိချက်များကို ဘက်လိုက်မှုကင်းကင်း မျှမျှတတ တင်ပြသင့်သည်။ သို့မှသာ အခြားသူများအနေဖြင့် စာရေးသူ၏ ကိုးကားချက်များ၊ စာရေးသူ အသုံးပြုခဲ့သည့် သုတေသနနည်းနာများနှင့် ရင်းမြစ်များမှတစ်ဆင့် အဆိုပါတင်ပြချက်အား တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ်သည်။ စာရေးသူများအနေဖြင့် အချက်အလက်များကို ရိုးရိုးရှင်းရှင်းတင်ပြခြင်းထက် စာဖတ်သူများအား ထိုအချက်အလက်များသည် မည်သည့် အတွက်ကြောင့် ခိုင်လုံနေပြီး သက်ဆိုင်ရာတင်ပြချက်နှင့် မည်သို့ဆက်စပ်နေကြောင်း လက်ခံယုံကြည်လာအောင် ပြုလုပ်ရန်လိုအပ်သည်။ စာကိုးစကားကိုးများကို အသုံးပြုသည့်အခါတွင်လည်း ထိုစာကိုးစကားကိုးများ၏ သက်ဆိုင်ရာ ရင်းမြစ်များကို ဖော်ပြရန်လိုအပ်ပြီး ထိုစာကိုးစကားကိုးများ၏ ဆက်စပ်မှုများနှင့် အဓိပ္ပာယ်ကိုလည်း ပုံဖော်ပေးရန် လိုအပ်သည်။ သုတေသီများအနေဖြင့် မိမိတွေ့ဆုံမေးမြန်းခဲ့သည့် ဖြေဆိုသူ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် တာဝန်ရှိသည်။ ထို့ကြောင့် ဖြေဆိုသူ၏ အမည်နာမများကို ထည့်သွင်းဖော်ပြခြင်းမျိုး မပြုလုပ်ရန် လိုအပ်သလို ဖြေဆိုသူများအား ဤဆွေးနွေးမှုများကို မည်သည့်နေရာတွင် အသုံးပြုမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုရန် လိုအပ်ပါသည်။

Endnotes

1 Booth et al., 2016.

References

References

Booth, W. C., Colomb, G. G., Williams, J. M., Bizup, J., & FitzGerald, W. T. (2016). The Craft of Research (Fourth Edition). University of Chicago Press. https://press.uchicago.edu/ucp/books/book/chicago/C/bo23521678.